မိန်းမတစ်ယောက်သည် ဆန်ထုပ်တစ်ထုပ်ကို ခေါင်းပေါ်ရွက်လျက်၊ ကလေးငယ်တစ်ဦးကို လက်မှ ဆွဲလျက်၊ တစ်ဖက်၌ ဆွမ်းအုပ်ကို ပွေ့ပိုက်ထားရင်း မလည် မင်းကျောင်းကြီးပေါ် တက်လာခဲ့ရာ ကျောင်းပေါ်ရှိ ဆရာတော်သည် မှောက်၍ စာလိုက်နေကြသော အရွယ်စုံကလေးများရှေ့ဝယ် ပေရွက် ပုရပိုဒ်အထပ်များကို ကိုင်ထားရာမှ လှမ်းကြည့်လိုက်သည်။
မိန်းမကြီးနှင့် နောက်ပါးမှ ကလေးငယ်တို့ ဦးချဝတ်ပြုပြီးသည်အထိ စာကိုသာ ဆက်ချနေ၏ ။ အားလုံး ပြီးတော့မှ..
"မိငြိမ်း ကလေးကျောင်းလာအပ်သလား"
"တင်ပါ့ဘုရား၊ တပည့်တော် သားဦးလေးကို ကျောင်းအိပ်ကျောင်းစား
ထားလိုသည့်အတွက် ဆန်တစ်ပြည် ငွေတစ်မတ်နဲ့ ကျောင်းအပ်ရအောင် လာပါတယ် ဘုရား"
"မောင်ကျောင်းသားတို့၊ သူငယ်ကို နေရာ ပေးလိုက်ကြပါကွယ်"
ကလေးများက ထောင့်အစွန် နေရာတစ်ခု ပေး၍ ကျောင်းလာအပ်သည့် ကလေးက
မိခင်ကို ကြည့်သည်။ မိခင်ဖြစ်သူက သားငယ်၏ ပခုံးနှစ်ဖက်အား စုံကိုင်ကာ
"ကဲ..
သားမောင် ငစံ၊ အမိတော့ သားကို ပညာတတ် လူကျော် သာသနာ့အာဇာနည်
ရဟန်းတော်ဖြစ်ဖို့ ဘုန်းဘုန်းဆီမှာ အပ်ခဲ့ပြီ။ လူလေးက အမယ်တို့ ရဟန်းဒကာ
ရဟန်းအမအဖြစ် ရွှေထီးအုပ်မိုး သင်္ဂြိုဟ်ခွင့်ရအောင် ကြိုးစားလိုက်စမ်းပါ။
သူများတကာ ပြောကြသလို သားမောင်ဟာ ဘီလူးကြီး မဟုတ်ကြောင်း၊ အကျင့်သီလနဲ့
ပြည့်စုံတဲ့ အရိယာ သံဃာတော်ကြီးအဖြစ် ရပ်ရွာက မှီခိုအားထားရမယ့်
လူတော်ကလေးဖြစ်ကြောင်း လုပ်ပြလိုက်စမ်းပါကွယ်.. နှော"
ကလေးငယ်က အရည်လည်နေသည့် မျက်လုံးလေးများဖြင့် မိခင်ကို
ပြန်ကြည့်နေသည်။ အမိ၏ စကားများကို သူ့အရွယ်နှင့် သေသေချာချာ
နားမလည်လှသေးသော်လည်း ကျောင်းကြီးဝယ် တစ်ယောက်တည်း ကျန်ခဲ့ရမည့် အရေးကို
တွေးကာ အားငယ်နေဟန် ပေါ်၏ ။ သို့သော် ခေါင်းညိတ်ပြလိုက်သဖြင့် အမေဖြစ်သူ
စိတ်အေးချမ်းသာ ပြန်သွားနိုင်လေသည်။
"မင့်နာမည် ငစံ ဟုတ်လား"
"တင်.. တင်ပါ့"
"လူက
သေးညှက်ညှက်၊ ရုပ်ရည်က သန့်သန့်၊ အတိတ်နိမိတ်နဲ့ လာတဲ့သူငယ် အင်္ဂါသား
ရာဇဖွားကို ငစံ တစ်လုံးတည်း မှည့်ခေါ်ထားတာဟာ ထင်ပေါ်သင့်သလောက်
မပေါ်မကျော်၊ ငုပ်၍ ညှော်မယ့်ကိန်းရှိတယ်။ ငါက ငညိုသူ လို့
အမည်ပြောင်းပေးလိုက်မယ်.. သင်းကို ငစံမခေါ်ကြလေနဲ့။ ငညိုသူ အမှတ်သညာ
ထားကြရမယ် တပည့်တို့"
"တင်ပါ့ဘုရား"
"ကဲ.. ကဲ၊ အဲသည်နေရာမှာ ထိုင်။ မောင်ရင် ဇောတိက သူ့ကို သင်ပုန်းတစ်ချပ်နဲ့
ကံ့ကူဆံ မျှလိုက်ချေ။ ငညိုသူ.. သင်ပုန်းကို မလွတ်မကျ မကွဲပဲ့စေရန်
ဂရုပြုပါ။ ကိုရင်ကြီးက စာအံဖို့ ပြပေးတာကို လိုက်ဆို မှတ်သား နားထောင်
ရွတ်ဖတ်"
"ဟုတ်"
သည်လိုနှင့် မောင်စံလေး ဘုန်းကြီးကျောင်းသား ဖြစ်ခဲ့၏ ။
ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း အပြင်အောင်ခြင်း၊ သဒ္ဒါ သင်္ဂြိုဟ်
စသည်တို့ကို သင်ကြား အံရွတ် စာဝါလိုက်သူ၊ မိုးသောက်လျင် ဆွမ်းတော်ဗျိုး
ဟစ်ရသူ၊ ဆိုင်းထမ်းနောက်မှ ကြေးစည်တီး လိုက်ရသူ ဖြစ်လာသည်။
စာတော်သည်ဟုကား မဆိုသာ၊ လိုက်နိုင်ရုံမျှသာ ရှိလေသည်။ သူက
စာထက် အခြားအရာ ဗဟုသုတများကို စိတ်ဝင်စားနေလေ့ ရှိ၏ ။ စူးစမ်းမှု
များသလောက် အမေးအမြန်းလည်း ထူလွန်းသဖြင့် ဆရာတော်မှ အပ ကိုရင်ကြီးများ၊
ရှင်ပဥ္စင်းများက သူ့မြင်လျင် ရှောင်နေကြရသည်။
တစ်နေ့တွင် ကြမ်းပေါ်မှောက်လျက် စာရေးနေခိုက်
တစ်စုံတစ်ယောက်က သူ့ခြေသလုံးအား နင်းလိုက်ရာ 'အား..' ဟု ကျယ်လောင်စွာ
အော်မိလေသည်။ ဆရာတော်မှာ အာရုံပျက်သွားပြီး
"ဟဲ့.. ငညိုသူ၊ ဘာဖြစ်လို့ အော်သလဲ"
"ဖိုးခဲ က ခြေထောက်တက်နင်းလို့ပါဘုရား.. ကျွတ် ကျွတ်"
"ငဖိုးခဲ ဟုတ်သလား"
"တပည့်တော် ခြေချမယ့်နေရာကို သူ့ခြေထောက်က ရောက်လာလို့ နင်းမိသွားတာ ဘုရာ့"
"မဟုတ်ဘူး.. မဟုတ်ဘူး၊ တပည့်တော်ခြေထောက်က အစကတည်းက ဒီနေရာမှာပဲ မလှုပ်ရသေးပါဘူးဘုရား"
ဖိုးခဲ နှင့် အတူ လျှောက်လာသော ငစိုးက
"ငညိုသူ ခြေထိုးလိုက်လို့ နင်းမိသွားတာ အမှန်ပါဘုရာ့"
ငစံသည် ငစိုးနှင့် ငဖိုးခဲတို့အား အံ့သြစွာ ကြည့်သည်။ ဤမျှ
လိမ်နိုင် ညစ်နိုင်၍ ဆရာတော်ဘုရားကိုပင် လိမ်ညာလျှောက်ရဲကြသော
သူနှစ်ဦးအား ငေးမောနေစဥ် ဆရာတော်ကြီးက
"ကဲ..
ငညိုသူ၊ ကိုယ့်စာကိုယ် အာရုံမစိုက်လို့ ပြောရပေါင်းလည်း များပြီ။ ယခု
အခြားသူများကို နှောင့်ယှက်နေသေးတာဟာ မဆုံးမလို့ မဖြစ်တော့ဘူး၊ မောင်ဇောတိက
ကြိမ်လုံးကမ်းလိုက်စမ်း"
ငစံ အရိုက်ခံလိုက်ရသည်။ ထိုအခါ မျက်ရည်ကျ၏ ။
နာသောကြောင့်ဟု အများက ထင်နေကြသည်။ သူကတော့ အသားတဆတ်ဆတ်တုန်ကာ
ကြမ်းပြင်ကိုသာ စိုက်ကြည့်နေလေသည်။
ထိုနေ့က အားလပ်ချိန် အခြားသူများ ဆော့ကစားနေသော်လည်း ငစံက
တစ်ယောက်တည်း ညောင်ပင်အောက် သွားထိုင်နေ၏ ။ ငဖိုးခဲ တို့ အုပ်စု ကစားရင်း
ရောက်လာပြီး
"ဘယ့်နှယ့်လဲဟေ့ ငညိုသူ၊ အတော်မြိန်ရဲ့လား"
ငစံက ရုတ်တရက် ခဲကောက်ကာ ထုမည်ပြုရာ ဖိုးခဲ၏ နောက်လိုက်များက လျင်မြန်စွာ ဆွဲထားလိုက်ကြပြီး
"အောင်မာ၊ နောက်မှ ပေါက်တဲ့ ရွှေကြာက ဒီလိုကြောလို့ ရမလား"
ဟု ဆိုကာ လက်ကို လိမ်ထားလိုက်ကြသည်။ ဖိုးခဲက လည်ကို ညှစ်ထား၏ ။
"ဟေ့ကောင်၊ ဒီမှာနေမယ်ဆို ဒီပုံမချိုးနဲ့။ ငါတို့ ခိုင်းတာ လုပ်ရမယ် ကြားလား"
ငစံက နာသော်လည်း အံကြိတ်ထားသည်။ ကစားနေသူများ အုံလာကြသောကြောင့် ဖိုးခဲက
"ငါတို့က ပြေရာပြေကြောင်း ပြောတာကို ဒီကောင်က ခဲနဲ့ ကောက်ပေါက်မလို့ လုပ်နေတာကွ။ တကယ် ရိုင်းတဲ့ကောင်"
ဟု ဦးအောင် ပြောကာ ငစံလက်ထဲမှ လုယူထားသော ကျောက်ခဲကို
ပြနေသည်။ ငစံငယ်မှာ မတုံ့ပြန်တတ်၊ ဒေါသကြောင့် မျက်ရည်များ ကျလာပြန်သည်။
ထိုညက အားလုံး အိပ်နေကြစဥ် အစွန်၌ အိပ်သော ငစိုးထံမှ
စူးစူးရှရှ အော်ဟစ်လိုက်သံကို ကြားကြရ၏ ။ ကျောင်းသား ကိုရင်များ လူးလဲထကာ
မီးထွန်းကြည့်ကြရာ ငစိုးအနီး ပျဥ်ချောင်းကြီးတစ်ချောင်း တွေ့ကြရပြီး ငစိုးက
"တစ်ယောက်ယောက်က တအား ရိုက်ချလိုက်တာ"
ဟု ပြောရင်း ငိုနေလေသည်။ ကိုရင်တစ်ပါးက
"အပေါ်မှာ တင်ထားတဲ့ ပျဥ်ချောင်း ပြုတ်ကျတာ နေမှာပါကွာ"
ဟု နှစ်သိမ့်သော်လည်း
"မဟုတ်ဘူး၊ ပြုတ်ကျရုံထက် ပိုနာတယ်။ အသေ ရိုက်သွားတာ.. အီးဟီးဟီး"
ငဖိုးခဲတို့က ငစံကို ကြည့်လိုက်ကြ၏ ။ ငစံက သူ့နေရာမှ
စောင်ခြုံထားရင်း ခေါင်းထောင်ကြည့်နေလေသည်။ ကျောင်းသားများ
အလုပ်ရှုပ်သွားကြပြီး ဆေးထုပ်များဖြင့် ကြပ်ပူထိုးပေးကြသော်လည်း ငစိုး၏
ညိုနေသည့် ခြေထောက်မှာ ယောင်လာကာ နောက်တစ်နေ့တွင် လမ်းမလျှောက်နိုင်တော့။
"ငါတော့ ငစံ လုပ်တာ ထင်တယ်"
ဖိုးခဲက ရေတွင်းသို့ မျက်နှာသစ်ရန် လျှောက်လာရင်း
အဖော်ဖြစ်သူ ငရွှေပုံကို ဆိုသည်။ ငရွှေပုံ ထောက်ခံမည်ပြုစဥ် ငဖိုးခဲက
ရေတွင်းပေါ်၌ အသင့်တွေ့ရသော ရေပုံးထဲသို့ လက်နှစ်လိုက်၏ ။
"အား"
အလွန်ပူနေသော ရေနွေးများ မည်သူထည့်ထားသည်မသိ၊ ငဖိုးခဲလက်
အပူလောင်သွား၏ ။ သူ ကံကောင်းသွားသည်မှာ နေ့စဥ် ပြုမူနေကျအတိုင်း ပုံးကို
မကာ ခြေထောက်အား အရင် မဆေးမိလိုက်ခြင်း ဖြစ်သည်။ ထိုသို့ လုပ်လိုက်မိပါက
ခြေထောက်တစ်ခုလုံး ရစရာရှိမည် မဟုတ်။
"တောက်၊ အမှတ်တမဲ့မို့ ရေထဲ လက်နှစ်မိသွားတာ။ ဒါ ဟိုကောင်ပဲ ဖြစ်မယ်။ သေချာတယ်"
ချက်ချင်း ငစံကို သူတို့ ရှာကြရာ ဘုရားခန်း၌
ဘုရားရှိခိုးနေသည်ကို တွေ့ကြရသည်။ အနောက်မှ ပြေး၍ ကန်လိုက်ချင်သော်လည်း
ဆရာတော်ဘုရား ရှိနေသောကြောင့် မလုပ်ဝံ့။ ဖိုးခဲက သူ့လက်ကို ပြကာ ဆရာတော်အား
တိုင်သည်။
"အဲဒါ ဒီကောင် လုပ်တာ ဘုရား"
ငစံငယ်က ခပ်တည်တည် ဘုရားကန်တော့မပျက်။ ဆရာတော်က စောင့်၍ ပြီးသောအခါ မေးသည်။
"ငညိုသူ၊ မင်း သူတို့ ကိုယ်လက်သန့်စင်မယ့် ရေပုံးထဲ ရေနွေးကျိုပြီး သွားထည့်ထားသလား"
"တပည့်တော်က သူတို့ ကိုယ်လက်သန့်စင်မယ်လို့ ဘယ်လိုလုပ် ကြိုသိမှာလဲ ဘုရား"
"ငဖိုးခဲကရော သူထည့်သွားတာ မြင်သလား"
"မြင်တော့ မမြင်လိုက်ပါဘူးဘုရား၊ ဒါပေမယ့် သူ မနေ့က အဖြစ်ကို မကျေနပ်လို့ လုပ်မှန်း သိပါတယ်"
"ဟုတ်သလား ငစံ"
"တပည့်တော် စားဖိုဆောင်ဘက် ရောက်ကို မရောက်ပါ ဘုရား"
"ဒါဆို ရေနွေးတွေက ဘယ်လိုလုပ် ရေတွင်းရောက်နေတာလဲ"
"တစ်ယောက်ယောက် ထည့်ထားလို့ ထင်ပါတယ်ဘုရား"
"နင်ထည့်တာ မဟုတ်ဘူးလား"
"မဟုတ်ပါဘူးဘုရား"
သို့ဖြင့် ငစံက ငြင်းနေသောကြောင့် မကျေမလည်နှင့်
ပြီးသွားရ၏ ။ ဆွမ်းခံထွက်ရာတွင် မေးမည်ဟု ငဖိုးခဲတို့ ကြံသော်လည်း
ကိုရင်ကြီးများ၊ ဦးပဥ္စင်းများ ပါနေသဖြင့် မမေးရပြန်။ အခြားအချိန်များ၌
ငစံက ကျောင်းပေါ်၌သာ နေနေသည်။ မှန်စီရွှေချ သေတ္တာကြီးထဲမှ
ပေပုရပိုဒ်များပင် ယူကာ ပေါင်းဖတ်နေချေသေးသည်။ ငဖိုးခဲတို့မှာ
အံတကြိတ်ကြိတ်။
ညရောက်လျင် သတိနှင့် အိပ်ရမည်၊ ခြေသံကြားလျင် ထ၍
ဝိုင်းဖမ်းရမည်၊ သူတို့အဖွဲ့ တစ်စုတဝေးတည်း အိပ်ကြမည်ဟု တိုင်ပင်ကာ
အိပ်ရာဝင်ခဲ့ကြရာ ငဖိုးခဲ၏ လက်ရုံးဖြစ်သူ ငသော် ကံကောင်းသွားပြန်သည်။
မအိပ်မီ လုံးထွေးနေသော စောင်ကို ခါလိုက်ရာ မြွေတစ်ကောင် ဖုတ်ခနဲ
ပြုတ်ကျလာသောကြောင့် ဖြစ်၏ ။ တစ်ကျောင်းလုံးလည်း ရုတ်ရုတ်သဲသဲ
ဖြစ်သွားကြသည်။
မြွေမှာ အဆိပ်မရှိသော မြက်လျှောဟု ခေါ်သည့် မြွေစင်းကလေး
ဖြစ်သော်လည်း ထိုမျှအထိ တိုက်ဆိုင်မနေနိုင်ဟု ယူဆကာ ငစံ အိပ်ရာနေရာသို့
ကြည့်ကြရာ ငစံမှာ တက်ပင် မလာသေးချေ။ အောက်ထပ်၌ ဦးပဥ္စင်းကြီးအား
နှိပ်ပေးရင်း ပုံပြင် နားထောင်နေလေသည်။
ထိုသို့သော အန္တရာယ်များ တစ်နေ့တစ်မျိုး နှစ်မျိုး
ကြုံလာရသောအခါ ငဖိုးခဲနှင့် အပေါင်းအပါများ လန့်လာသည်။ ငစံကို ခြောက်လှန့်
မေးမြန်းကြရာ မထုံတက်တေးနှင့် သူမဟုတ်သလို နေ၏ ။ ငစံ၏ လက်ချက်မှန်း
သိနေကြသော်လည်း လက်ပူးလက်ကြပ် မမိ၊ သက်သေမရှိ ဖြစ်နေကြရသည်။
ဘုန်းကြီးကျောင်းသား ခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသူ
ငဖိုးခဲအုပ်စုဝင် ငသာနိုးလည်း လေးခွနှင့် နှစ်ကြိမ်ခန့် အပစ်ခံရပြီးနောက်
ထိုကျောင်း၌ မနေလိုတော့ ဆိုကာ ကျောင်းထွက်သွားသည်။ သူ့အဖြစ်မှာလည်း
ကျောင်းထဲ၌ ဆော့ကစားနေခိုက် တစ်ကြိမ်၊ နံနက်စောစော ရောင်နီမလင်းမီ
အမှောင်ထဲ၌ နိဗ္ဗာန်ဆော်ရင်း တစ်ကြိမ် ချောင်းပစ်ခံရရာ ငစံမဟုတ်တော့မှန်း
သိသွားရပြီ။
ငဖိုးခဲကတော့ ငစံအား တောင်းပန်ရန် ကြိုးစားသည်။ ငစံက
အင်းမလှုပ် အဲမလှုပ်၊ လက်ခံသည် ခွင့်လွှတ်သည် ဟုလည်း မဆို။ စာလိုက်နေချိန်
ခြေထောက်ကို ရုတ်ထားသော်လည်း ငဖိုးခဲတို့က တစ်ကြိမ် ရအောင်
နင်းလိုက်မိသေးသည်။ သို့သော် ငစံ မအော်တော့၊ နင်းခံရမည်ကို
ကြိုတင်မျှော်လင့်ထားသည့်အလား ဖျတ်ခနဲသာ လှည့်ကြည့်သည်။ နင်းသူမှာ
ကျောင်းသားခေါင်းဆောင် ငသာနိုး ဖြစ်၏ ။
ငသာနိုးလည်း နင်းပြီး ဆယ်ရက်မပြည့်မီ ကျောင်းမှ
ထွက်သွားရသည်။ ငဖိုးခဲကို ခေါင်းဆောင်တင်ရန် ဆိုသောအခါ အချို့က
ကန့်ကွက်ကြသည်။ ငစံ၊ ငသိန်းဆောင်၊ ငဖိုးတုတ်၊ ငခွေး တို့ ဖြစ်ကြ၏ ။
ထို့ကြောင့် မည်သူ့ကိုမှ မခန့်အပ်ဖြစ်ဘဲ ကိုရင် ဇောတိက ထိန်းရန်သာ
ဆရာတော်ဘုရား မိန့်တော်မူလေသည်။
ဆရာတော်ကြီး ရှေ့၌ စာချနေချိန် အနောက်နားဆီဝယ်
လိုက်အော်နေသော ငစံက ဘေးမှ ငသိန်းဆောင်ဘက်သို့ သူ့သင်ပုန်းကို အနည်းငယ်
တိုးလိုက်သည်။ ကျောက်သင်ပုန်းတွင် ရေးထားသည်မှာ
"ဖေသရာထံမှ တောပင့်ကူ၊ ကင်းမည်း ရမလား"
ဟူ၏ ။ လျှို့ဝှက် လုပ်ရသော ကိစ္စများတွင် ဝါသနာကြီးသော ငသိန်းဆောင်ကလည်း စာပြန်ရေးပြီး ပြသည်။
"မရနိုင်၊ ငခွေးဆီမှာ မှုတ်ပြောင်းရမည်"
ငစံက စာအော်ရင်း စဥ်းစားနေသည်။ ထို့ကြောင့် စာမေးသောအခါ သူ
ဘာမှမရ၊ စာကျက်ခိုင်းလျင်လည်း တော်တော်နှင့်မရ၊ အရိုက်ခံရသည်သာ များ၏ ။
သူအရိုက်ခံရလေ ဖိုးခဲတို့ အန္တရာယ်များလေ ဖြစ်သည်။ ဖိုးခဲတို့ကလည်း လစ်လျင်
လစ်သလို ငစံကို အနိုင်ကျင့်ကြသည်။ ငစံနှင့် တစ်ခါတစ်ရံ စကားပြောနေတတ်သော
ငသိန်းဆောင်ကို အစ်အောက်မေးမြန်းကြသော်လည်း အကြောင်းမထူး။
ထိုအတောအတွင်း ဖိုးခဲ ကျောက်ခဲစူး၏ ။ သူတို့ ကစားနေကျ နေရာ၌
ကျောက်ချွန်တစ်ခု ထူးထူးခြားခြား ရှိနေပြီး သစ်ရွက်ဖြင့်
ဖုံးအုပ်နေသောကြောင့် သတိမထားမိဘဲ နင်းမိခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ဖိုးခဲ
ကံမကောင်းပါ၊ ခြေဖဝါး ဟက်တက်ကွဲသွားပြီး ထော့နင်းထော့နင်း ဖြစ်သွားရသည်။
"ဟိတ်ကောင် ငညိုသူ၊ နေဦး"
ငစံ လှည့်ကြည့်သော် ဖိုးခဲ၏ အပေါင်းအဖော် ငစိုး။ အိမ်သာသွားသည့်အချိန် လိုက်လာခြင်း ဖြစ်သည်။
"ငါတို့ကို ဒုက္ခပေးနေတာ မင်းမဟုတ်လား။ မညာနဲ့"
ငစံက အေးအေးဆေးဆေး ပြုံးလိုက်ပြီး
"မင်းတို့တုန်းက ငါ ခြေထောက်မထုတ်ဘဲ ထုတ်လိုက်တယ် ဆိုပြီး ဆရာတော်ဘုရားကို ညာခဲ့ကြပြီး ငါ့ကိုကျ မညာနဲ့လို့ လာပြောနေတယ်.. ဟုတ်လား"
"အဲဒီတုန်းက မင်း တကယ် ထုတ်လိုက်တာ ငါ မြင်တယ်"
"အခု မင်းတို့ကို ငါလုပ်နေတယ်လို့ရော မြင်လိုက်သေးလား"
"မြင်တယ်ကွ၊ မြင်တယ်"
"မြင်ရင် သွားတိုင်လေ။ ငစံ ဘယ်ကနေ ဘယ်လို လုပ်တာပါ ဆိုပြီး အတိအကျ သက်သေနဲ့ တိုင်ပေါ့။ သိရင် ဘာလို့ ငါ့လာမေးနေသေးလဲ"
ချက်နှင့် လက်နှင့် ပြောလိုက်ရာ ငစိုး အခက်တွေ့သွားသည်။
"တိုင်မှာပါ မပူနဲ့၊ မင်း ကျောင်းထုတ်ခံရအောင် တိုင်ဦးမှာ"
"အေးပါ၊ ငါကတော့ ငြင်းမှာပဲ။ မင်းသာ ဒီမှာ ပျော်ပျော်နေနိုင်အောင် နေပါ"
ပြောပြီး လှည့်ထွက်သွားသဖြင့် ငစိုးက ပခုံးကို
ဆွဲထားလိုက်သည်။ ငစံက ထိုလက်ကို ဆတ်ခနဲ ဖမ်းပြီး လက်ချောင်းများကို
လှန်ချိုးလိုက်၏ ။ အလွန်နာသွား၍ ငစိုး တအားအား အော်နေစဥ် ငစံက
ကျောင်းပေါ်သို့ ပြန်ပြေးတက်သွားပြီး
"ဘုန်းဘုန်းဘုရား၊ ဘုန်းဘုန်းဘုရား.. ငစိုးရယ် တပည့်တော် အိမ်သာအသွားမှာ နောက်က လိုက်လာပြီး ရန်ပြုဖို့ ကြိုးစားပါတယ်"
ငစိုးလည်း နောက်မှ ပြေးလိုက်လာကာ
"ဆရာတော်ဘုရား၊ တပည့်တော်ကို သူ လက်လှန်ချိုးသွားပါတယ်"
"သူက တပည့်တော်ကို နောက်က အတင်းဆွဲထားလို့ လုပ်မိလုပ်ရာ လုပ်ပြီး ရန်မဖြစ်ရအောင် ပြေးလာတာပါဘုရား"
ဆရာတော်မှာ ငစိုး အနောက်မှ လိုက်သွားသည်ကိုလည်း တွေ့၏ ။
ငစံ၏ ပခုံးထက်မှ ကျောက်မှုန့်များ ပေနေသော လက်ရာကိုလည်း မြင်သဖြင့်
ရန်ပြုသူ ငစိုး အရိုက်ခံလိုက်ရသည်။ ထိုမျှမက ညရောက်သောအခါ ငစိုး၏ စောင်မှာ
ရေများရွှဲနစ်နေသောကြောင့် ငစိုးမှာ ပုဆိုးခြုံကာ ဆောင်းဒဏ်ကို အံတု
ကွေးလိုက်ရလေသည်။
ကိုရင်ကြီးများက မည်သူ စောင်ကို ရေစွတ်ထားသနည်းဟု
ငစံတို့အား မေးသော်လည်း ဖြောင့်ကွယ် ကွယ်နေကြ၏ ။ ဒဏ်ပေးလျင်
ကျောင်းသားအားလုံး လုပ်ကြရသည်။ သဲခင်းခြင်း၊ ကျောက်စီခြင်း၊
ရေထမ်းခြင်းတို့ လုပ်ကြရသော်လည်း ငစံတို့မှာ တပြုံးပြုံး။ ခံရသူများမှာ
ရှုံ့မဲ့လျက်။
ငစံက သူလိုချင်သည့်အတိုင်း တိတိကျကျနှင့် ပိပိရိရိ
လုပ်ပေးတတ်သော ငခွေးကို အိမ်မှ ပို့သော မုန့်များ ကျွေးသလို
ငသိန်းဆောင်ကိုလည်း ငခွေးနည်းတူ ပြုစု၏ ။ ရက်များမကြာမီ ငဖိုးခဲ ကြောက်ကာ
အိမ်သို့ပြန်လေတော့ပြီ။ ပြန်မလာတော့၊ ငဖိုးခဲ အစုဝင်များလည်း ငစံ၏
လက်စားချေခံရမည်ကို ထိတ်လန့်နေကြကုန်၏ ။
"မင်းလုပ်တာတွေက ယောက်ျားမဆန်ဘူးနော်"
ငသိန်းဆောင်က ငစံကျွေးသော မုန့်ကို စားရင်း ငစံကို ဝေဖန်ရာ
"ဟုတ်တယ်၊ သူတို့ကမှ မိန်းမလို ကျင့်သေးရင် ယောက်ျားကြီးလိုတော့ ငြိမ်ခံမနေချင်ဘူး။ သူတို့လို ပြန်လုပ်မှ ဒီကောင်တွေ ထိမှာ"
ထိုအခါ ဖိုးခွေးက
"ငါတော့ သဘောကျတယ်၊ ဘယ်သူမှ မသိအောင် တစ်နေ့တစ်မျိုး လုပ်ရတာ ပျော်စရာကြီး"
ငစံ ကျောင်းရောက်၍ နှစ်လမပြည့်မီပင် အနိုင်ကျင့်တတ်၊
ဦးအောင် တိုင်တတ်သော ဖိုးခဲတို့ ကျောင်းနုတ်သွားကြရပြီးလျင်
အခြားသူများလည်း တစ်စ တစ်စနှင့် မညစ်ရဲတော့။ သူတို့ထက် ညစ်သော၊ မိုက်မဲသော
ငစံ၏ ဒဏ်ကို မခံနိုင်တော့ဘဲ သေဝပ် ငြိမ်သက်သွားကြရပြီ။ ငဖိုးခဲကတော့
ရွာထဲမှစောင့်ကာ ငစံကို ရန်ရှာရန် ကြိုးစားသေးသည်။
သို့ရာတွင် ငသိန်းဆောင်တို့ ကျောင်းသားများအပြင် ရွာထဲမှ
ဖေသရာ၊ မဲလုံးတို့ကဲ့သို့ လူဆိုးလေးများနှင့်ပါ ခင်မင်နေသော ငစံတို့က
ထမ်းပိုးများ၊ တုတ်များဖြင့် ပြန်ရိုက်လိုက်ကြသဖြင့် အထိနာသွားကြရပြန်၏ ။
တဖြည်းဖြည်း ငစံမှာ ကျောင်းတွင်းဝင်ဆံ့ကာ မည်သူမျှ မခန့်အပ်ရဘဲ
ကျောင်းသားခေါင်ဆောင်တစ်ဦးကဲ့သို့ ဖြစ်လာလေတော့သည်။
ကျောင်းသားများကလည်း တိုင်ပင်စရာရှိလျင် သူနှင့်
လာတိုင်ပင်တတ်ကြသည်။ စူးစမ်းလေ့လာ မှတ်သားတတ်သော အကျင့်ကြောင့် ငစံမှာ
အကြားအမြင် များလာကာ အခြားသူများကို အကြံဉာဏ် ပေးနိုင်သူ၊ ပြောပြနိုင်သူ
ဖြစ်လာ၏ ။
စာတွင် မထူးချွန်သော်ငြား ထို သေးကွေးကြုံလှီသော
သူငယ်ကလေးသည် ကျောင်းသားများ၏ အလယ်တွင် ထင်ရှားလာလျက် ပြဿနာများကို
ဖြေရှင်းပေးနိုင်သည်သာမက ဦးဆောင်နိုင်စွမ်း ရှိသူလည်း ဖြစ်လာခဲ့ပြီးလျင်
အရွယ်ရောက်လာသောအခါ မလည်မင်းကျောင်းကြီး၏ ကျောင်းသားခေါင်းဆောင်ရာထူးကို
တရားဝင်ခန့်အပ်ခြင်း ခံရလေတော့သတည်း။
*