Translate

Showing posts with label လူငယ်မင်းထက်. Show all posts
Showing posts with label လူငယ်မင်းထက်. Show all posts

လူငယ်မင်းထက် (၃)

နန်းတော်ရောက်၍ သတိုးမင်းဖျားကို မြင်လျင် ငတက်ပြားက ရယ်သွမ်းသွေးလျက်
"ငါ့တပည့်ကြီးက ရှင်ဘုရင် ဖြစ်နေတာကိုး"
ဟု ပြောချလိုက်သည်။ စိတ်ထက်သော သတိုးမင်းဖျားက အမျက်မထွက်၊ သူ့စကားကို အရေးတယူ ပြုမနေဘဲ
"နင့်စကားနဲ့အညီ နင့်ကို ငါ ရပြီ။ ပြစ်မှု အားလျော်စွာ ကွပ်ရမည်။ ရဲတင်း၊ ပုဆိန်၊ တုတ်၊ ဓား၊ လှံ၊ တံကျင် မည်သည်ကို ကြိုက်သနည်း"
ငတက်ပြားက စပ်ဖြဲဖြဲဖြင့်
"ကြိုက်တာကို ပြောရရင်တော့ မိဖုရား စောဥမ္မာပဲ ကြိုက်တယ်"
နန်းတော်တစ်ခုလုံး အုန်းအုန်းကြွက်ကြွက် ဆူညံသွားသည်။ သတိုးမင်းဖျား ဟူသည်မှာ ဖမ်းမိသည့် သူခိုးတစ်ဦးကို ညီလာခံတွင်ပင် ကိုယ်တော်တိုင် ဆင်း၍ သန်လျက်ဖြင့် ကွပ်မျက်ခဲ့ဖူးသည့် အလွန်စိတ်မြန်လက်မြန်ရှိသော ဘုရင်ဖြစ်ရာ သူ့အချစ်ဆုံးမိဖုရား စောဥမ္မာကို ထိပါးပြောဆိုသည့် ရာဇဝတ်သားမှာ ရုပ်ပျက်ဆင်းပျက် အကွပ်ခံရတော့မည်ဟု မှတ်ထင်နေကြခိုက်
"သေခါနီးတောင် အကြောက်အရွံ့စိုးစဉ်းမျှ မရှိ။ ငါလို ဘုရင်ကို ပြန်ပြောရဲသည့် သတ္တိကောင်း လူစွမ်းတစ်ဦးမှာ အချည်းနှီး မသေထိုက်။ ကျေးဇူးရှင်ကို မပြစ်မှားတတ်သည့် စိတ်နှင့် ဘုရင့်ဘဏ္ဍာကို မထိပါးလိုသော သဘောရှိသည့် ငတက်ပြားအား ရွှေတိုက်ဝန် ခန့်ထားစေ"
မင်းပျိုမင်းလွင်တစ်ဦး၏ အမြင်မှာ ရာဇဝင်အောင် ကြီးကျယ်ပါပေသည်။ ငတက်ပြား၏ စကားထက် ပို၍ အံ့အားသင့်ဖွယ်ကောင်းသော အမိန့်တော်ပေတည်း။ သူခိုးကို ရွှေတိုက်စိုး ခန့်သည်မှာ မည်သည့်ခေတ်အခါကမှ မကြားဖူးသည့် လုပ်ရပ်လည်း ဖြစ်သည်။
သို့သော် သတိုးမင်းဖျား၏ လုပ်ရပ် မှန်ခဲ့သည်။ ထိုအခါမှစ၍ ရတနာပူရတွင် ခိုးမှုများ မဖြစ်ပွားတော့သလို ရွှေဘုံသာနန်းတော်တွင်လည်း ဘုရင်နှင့် ထပ်တူစွမ်းသည့် သစ္စာရှိလူစွမ်းကောင်းတစ်ဦး တိုးလာခဲ့ပြီ။ နောင်အခါ တောင်တွင်းမြို့စား ပုန်ကန်သောကြောင့် သွားရောက်နှိမ်နင်းကြရသောအခါ တောင်တွင်းစား၏ လေးသည်တော်ကြီးသည် အစွမ်းထက်လှသဖြင့် မြို့ကို မကပ်နိုင် ရှိနေကြ၍ ငတက်ပြားကို စေလွှတ် လုပ်ကြံစေမှ တောင်တွင်းမြို့ ကျလေသည်။
သတိုးမင်းဖျား မင်းမဖြစ်မီ မိုးကောင်းစော်ဘွား လာရောက်လုပ်ကြံ၍ စစ်ကိုင်း ပင်းယတို့ ပျက်ရာ အမှုထမ်းဟောင်း လူကောင်းများနှင့် စစ်ကိုင်း ပင်းယ အထက်တလွှားမှ လူများစွာ တောင်ငူသို့ ခိုဝင်ကြ၏ ။ ထိုအခါမှ စ၍ တောင်ငူသည် အင်အားကြီးလာသည်။ သတိုးမင်းဖျားက စစ်ကိုင်းနှင့် ပင်းယကို သိမ်းယူပြီးနောက် အင်းဝကို တည်ချိန်၌ ငနွယ်ကုန်း (လယ်ဝေး)၊ တောင်တွင်း နှင့် စကုစားတို့က ပုန်ကန် ခြားနားကြလေသည်။
ငနွယ်ကုန်းစားသည် သတိုးမင်းဖျားပိုင်နက် ရေလွှဲငါးခရိုင်ကို ထိပါး ဖျက်ဆီးလာသဖြင့် သတိုးမင်းဖျားကိုယ်တိုင် ချီ၍ တိုက်သည်။ ငနွယ်ကုန်းစားကို သတ်ပြီးလျင် ကိုယ်ပေါ်တွင် ထိုင်ကာ စားတော်ခေါ်သော ဟူ၏ ။ ယင်း အမူအကျင့်များကြောင့် တောင်တွင်းစား သီဟပတေ့လည်း အားထားရသော လေးသည်တော်ကြီး မရှိသည်နှင့် ဆက်လက် မခုခံဝံ့ဘဲ အညံ့ခံလာရသည်။
ထို့နောက် ကျန်ရှိနေသည့် စကုကို ဆက်လက် တိုက်ခိုက်ပြန်သည်။ သို့သော် မရ။ စကုစား၏ အစီအမံ အကွပ်အကဲ ကောင်းမှုကြောင့် မည်သို့မှ ကပ်မရသဖြင့် ပြန်လည်ခဲ့ကြရသည်။ အပြန်တွင် ပုဂံမြို့ကို မင်းပြုနေသည့် စောမွန်နစ်ကို တိုက်ပြန်သည်။ ရ၏ ။ ပုဂံထီးနန်းကို ရပြီး အပြန်တွင် သတိုးမင်းဖျား ကျောက်ပေါက် ဖျားနာလေသည်။
သို့သော် ဖျားနာနေလျက်နှင့် အင်းဝသို့ ပြန်၏ ။ လမ်းတွင် အနာသည်းလာပြီး ထိုရောဂါဖြင့်ပင် တိမ်းပါးတော့မည်ဟု သိရှိလာသောအခါ သူ၏ ချစ်လှစွာသော မိဖုရား စောဥမ္မာအား နှမြောလှသဖြင့် လူယုံဖြစ်သည့် တွင်းသင်းမှူး ငနုကို ခေါ်ပြီးလျင်
"ငါ သည်အနာမှ လွန်မြောက်နိုင်မည်မထင်။ ငါမရှိလျင် စောဥမ္မာကို အခြားမင်းတို့ သိမ်းယူလိမ့်မည်။ မင်း အလျင် ပြန်၍ ရှင်မိဖုရားအား သတ်ချေ"
ဟု စေခိုင်းလေ၏ ။ စောဥမ္မာသည် ပုဂံမင်း ကျော်စွာ၏ မြေး၊ ရှင်သရက်၏ သမီးတော် ဖြစ်ပြီး ပင်းယ ကျော်စွာ၊ နရသူ၊ ဥဇနာပြောင် ညီနောင် သုံးပါး၏ မိဖုရား ဖြစ်ခဲ့ရသူ ဖြစ်သည်။ ဥဇနာပြောင်ကို နန်းချပြီး သတိုးမင်းဖျား နန်းတက်သောအခါ အစဉ်အတိုင်း စောဥမ္မာကိုပင် မိဖုရား မြှောက်ခဲ့၏ ။ သူမရှိလျင် နောင် နန်းတက်သည့် မင်းက မိဖုရားမြှောက်ဦးမည်မှာ အလွန်သေချာနေသည့် ထုံးတမ်းစဉ်လာ ရိုးရာပင်။
သို့သော် ကျွန်တော် ငနုမှာ စောဥမ္မာနှင့် တွေ့သောအခါ သူ့ကိုသတ်မည် လာသည်ဟု သိသည်နှင့် စောဥမ္မာက "ဟဲ့ ငနု၊ နင်ရော ယောက်ျားမဟုတ်ဘူးလား" ဟု ဆိုသဖြင့် မသတ်တော့ဘဲ စစ်ကိုင်းဘက်သို့ ခိုးယူ ထွက်ပြေးသွားလေတော့သည်။ မကြာမီ ငနုကို ဖမ်းမိ၍ အကွပ်ခံရရာ စောဥမ္မာမှာ ငနုအစ်ကို ရာဇသင်္ကြ ံနှင့် ဆက်လက် ပေါင်းဖက်ပြန်လေသည်။ ရတနာပူရ ရွှေဝ၏ ကနဦးကာလများကား မင်းရေး ရှုပ်ထွေးလှပါဘိ။
တွင်းသင်းမှူး ငနု ထွက်သွားလျင် စိတ်အေးသွားသည့် သတိုးမင်းဖျားမှာ အေးချမ်းစွာပင် ကံကုန်ခဲ့၏ ။ ဘေးတော် သီဟသူမှာ ပင်းယမြို့ကို တည်၍၊ ဘိုးတော် စောယွန်းသည် စစ်ကိုင်းကို တည်ပြီး သတိုးမင်းဖျားက အင်းဝကို တည်ခဲ့ရာ မြို့တည်မြေးအဘိုး မင်းသုံးဆက် ဖြစ်ခဲ့၏ ။ ၁၉ နှစ်သားတွင် အင်းဝကို တည်ခဲ့သည့် သတိုးမင်းဖျားကမူ အသက်အငယ်ဆုံး မြို့တည်နန်းတည်မင်း ဖြစ်လာသည်။

သတိုးမင်းဖျား လွန်လျင် အိမ်ရှေ့စံ မထားခဲ့သဖြင့် ရမည်းသင်းစား သီလဝကို နန်းအပ်ကြ၏ ။ သို့သော် သီလဝက ဣနြေ္ဒတည်လွန်းသောကြောင့် ထီးနန်းနှင့်မတန်ဟု ငြင်းပယ်လိုက်ပြီး လူအများ နှစ်လိုသည့် အမြင့်မြို့စား စွာစော်ကဲကို နန်းတင်စေ၏ ။ ထို့ကြောင့် သတိုးမင်းဖျား၏ ထီးနန်းကို မရွယ်ဘဲ စော်ကဲ မင်းဖြစ်လာခဲ့လေသည်။

Written by သင်္ခရာဇာ


End date: November 24, 2021

လူငယ်မင်းထက် (၂)

ရတနာပူရ အင်းဝနေပြည်တော် တည်လုပ်ပြီးနောက် စစ်ကိုင်းမှ သူ ပြောင်းရွှေ့လာပြီး နန်းတော်ကို လှည့်လည် စစ်ဆေး ကြည့်ရှုသောအခါ အချို့ နေရာများတွင် လုပ်ဆောင်မှု ညံ့ဖျင်း၍ နံရံသုံးခု ဆုံသည့်နေရာ၌ ဟနေသည်ကို တွေ့ရှိရသည်။ သူက ရုတ်တရက် ဒေါသဖြင့် နှုတ်မှ စကားတစ်ခွန်း ထွက်သွား၏ ။
"တရိန်းမစပ်"
နန်းတော်သစ် မတက်မီ ပထမဆုံး မိန့်သည့် စကားမို့ ပညာရှိ ဟူးရား အမတ်တို့က နိမိတ်ကောက်ကြပြီးလျင် ခေါင်းခါယမ်းကြကုန်၏ ။ တြိ မှာ ၃ ဂဏန်း ဖြစ်ရာ တရိန်းမစပ် ဟူသည့် စကားအရ နန်းသက် သုံးနှစ်သာ စိုးစံရမည်ဟု အနက်ရလေသည်။
သူ နန်းတက်သောအခါ စစ်ကိုင်း ကျစွာ၏ မြေး၊ သရက် မင်းရှင်စော၏ သမီးတော် စောဥမ္မာကို ပင်းယမှ ရခဲ့၍ မိဖုရား မြှောက်သည်။ သူ၏ ညီမတော်အငယ် စောဥမ္မာကိုလည်း သူ့မိဖုရား စောဥမ္မာ၏ မောင်ကြီး (အစ်ကိုတော်) စွာစော်ကဲ က မိဖုရား မြှောက်ပြန်သည်။ အမည်တူ စောဥမ္မာ နှစ်ဦးအား မိဖုရား မြှောက်ကြသည့် အပြန်အလှန် ယောက်ဖတော် ဖြစ်ကြသော အင်းဝမင်းနှစ်ပါးတည်း။
သတိုးမင်းဖျားက ရခိုင်ပြန် ယောက်ဖတော် သရက်မြို့သား စော်ကဲအား အမြင့်မြို့ကို စားစေသည်။ ထိုအချိန်တွင် အင်းဝ တစ်ဖက်ကမ်း စစ်ကိုင်း ရေဝန်းရပ်မှ ငတက်ပြားဟူသည့် ခိုးသူတစ်ဦးသည် အလွန်စွမ်း၍ မင်းမှုထမ်းများ စောင့်ဖမ်းသော်လည်း မရနိုင်ဟု ဆိုကြသည်။ ရေဝန်းရပ်တွင် စောင့်ကြည့်စေသော်လည်း မည်သူမှန်း မသိ၊ စစ်ကိုင်း အင်းဝဆိပ်များ၌ အစောင့်အနေ ထူထပ်စွာ ချထားသည့် ကြားမှပင် အင်းဝဘက်၌ ပျောက်မြဲ ပျောက်နေ၏ ။
မှူးမတ်များလည်း ထိုသူခိုးကို မည်သို့ နှိမ်နင်းရမည်မသိ ဖြစ်နေရာ တစ်ရက်တွင် ငတက်ပြားက 'ငါ့အား သတိုးမင်းဖျား ဖမ်းရင်သာ ရချင်ရမယ်။ အခြား ဘယ်သူ ဖမ်းဝံ့မတုန်း' ဟု မူးယစ်လျက် ကြိမ်းဝါးသည် ဟူသော စကား သူ့ထံ ရောက်လာတော့သည်။ သူလည်း ထိုမျှစွမ်းသော သူခိုးအား ကိုယ်တိုင် စောင့်ကြည့်မည်ဟု အင်းဝဆိပ်တွင် ၃ ညတိတိ သွားစောင့်နေ၏ ။
၃ရက်မြောက်၌ လှေတစ်စင်းသည် အမှောင်ထဲတွင် အသက်အသံ တိုးညင်းလွန်းစွာ လှော်ခတ်လာသည်ကို ကြားရလေသည်။ သူသည် အားစိုက်၍ နားစွင့်နေစဉ် လှေထက်မှ အသံကို ကြားရ၏ ။
"ကမ်းပေါ်က ဘယ်သူလဲဟေ့"
သူ အံ့သြသွားသည်။ ဘာမှ မမြင်ရသည့် လမိုက်ညတွင် မြစ်ပြင်ထဲကိုပင် အားစိုက်ကာ ကြည့်ပါသော်လည်း မမြင်ရ ရှိချေသေးသည်၊ ရေထဲမှသူက ကုန်းပေါ် မှောင်ရိပ်တွင် ထိုင်နေသည့် မိမိအား မည်သို့ မြင်တွေ့ သိရှိသွားပါသနည်း။ သူ မဖြေလျင် လှေဦးလှည့်ပြန်သွားနိုင်သည်မို့ အလျင်အမြန် ဖြေလိုက်ရသည်။
"ငါ ညဉ့်လူ"
လှေထဲမှသူ တစ်ဒင်္ဂ ငြိမ်သက်နေသည်။ သူ့အား စောင့်ကြည့်နေပုံရ၏ ။ နောက်မှ တဖြည်းဖြည်း လှော်ခတ်လာသည်။ ရေစပ်တွင် လှေကပ်၍ တိုင်စိုက် ကြိုးချည်နေသည်ကို ရိုးရိုးရိပ်ရိပ်သာ မြင်ရသည်။ ငြင်သာလွန်းသဖြင့် မည်သည့်အသံမှ မကြားရ။
ထိုလူက အနားကပ်လာပြီး စူးစမ်း၏ ။
"ဒီမှာ ဘာလုပ်နေတာလဲ"
"ဆရာ့သတင်း ကြားဖူးလို့ တပည့်ခံချင်လို့ လာစောင့်နေတာပါ"
သဘောကျသွားပုံရ၏ ။ ပြုံးပြီး နှုတ်ခမ်းမွေးကို သပ်လိုက်ရင်း
"ကျုပ် ဘယ်သူဆိုတာ သိလို့လား"
"သည်အချိန် စစ်ကိုင်းက ကူးလာတာ ဆရာကြီး ငတက်ပြားပဲ ရှိမှာ"
"မင်း မဆိုးဘူး။ ဒါပေမယ့် ငါ့တပည့် ခံချင်ရင် ငါ့နောက် မီအောင်လိုက်နိုင်မှ ရမယ်။ ခုထိတော့ ငါ့မှာ တပည့် တစ်ယောက်မှ မရသေးဘူးပဲ"
"ကောင်းပါပြီ၊ ဆရာ ရှေ့က ကြွပါ"
မိမိအား အထူးတလည် လေးလေးစားစား ပြောဆို ဆက်ဆံခံနေရသဖြင့် ထိုသူ သဘောကျနေပုံရ၏ ။ ရင်ကို ကော့လျက် လှည့်ထွက်သွားရာ သတိုးမင်းဖျား ပြုံးလိုက်ပြီး သူ့နောက် လိုက်သွားသည်။
ငတက်ပြားမှာ အမှန်ပင် သန်စွမ်းပေ၏ ။ လူတစ်ရပ်ကျော် ရှိသော တံတိုင်းကို ပေါ့ပါးဖျတ်လတ်စွာ ခုန်ကျော်နိုင်စွမ်း ရှိ၏ ။ သတိုးမင်းဖျားလည်း သူ့နည်းတူ သူခုန်သည့်အတိုင်း လိုက်ခုန်ဝင်၏ ။ ငတက်ပြား လှည့်ကြည့်သော် အသံမကြားရဘဲ သူမြေနင်းရာသို့ တစ်ထပ်တည်း ကျသည်ကို တွေ့ရ၍ ခေါင်းညိတ်ပြီး ရှေ့မှ သွားပြန်သည်။
အိမ်အမိုးတစ်ခုကို တက်၍ ချောင်းနေစဉ် နောက်မှ တပည့်ဖြစ်သူ ရောက်လာပြီး မေးငေါ့ပြ၏ ။ ငတက်ပြားက ခေါင်းယမ်းလိုက်ပြီး အမိုးအတိုင်း လျှောက်သွားကာ ခုန်ချပြီး အမှောင်ရိပ်အောက် ရောက်သွားပြန်သည်။ ချက်ချင်း သတိုးမင်းဖျား သူ့နောက်မှ ကပ်ပါလာ၏ ။ ငတက်ပြားသည် ဤ လူရွယ်ကို သဘောကျနေပြီ။
၅ အိမ်မြောက်၌ ငတက်ပြားက ဤအိမ်သို့ ဝင်တော့မည်ဟု အချက်ပြသည်။ သူတို့သည် အမိုးပေါ်မှ တွယ်ဆင်း၍ နံရံအထက် လက်တစ်ဝါးသာသာ ဟနေသည့် နေရာမှ ခက်ခဲစွာ ဝင်ခဲ့ကြပြီး ခြေဖော့နင်းကြလျက် တစ်လှမ်းချင်း လျှောက်ကြရ၏ ။ အဖိုးတန် ရွှေငွေ လက်ဝတ်ရတနာတို့ သိမ်းဆည်းထားနိုင်သည့် နေရာတို့ကို ဖြည်းညင်းစွာ ဖွင့်ရှာကြရင်း သတိုးမင်းဖျားက သေတ္တာအတွင်းမှ အမတ်ကြီးတစ်ဦး၏ အဆောင်အယောင်များကို ဦးစွာ တွေ့၏ ။
အမတ်ကြီး၏ လက်ဝတ်အချို့ကို ယူနေစဉ် လက်တစ်ဖက်က သူ့လက်ကို ဖိ၍ တားလိုက်သည်။ ငတက်ပြားပင်တည်း။ တန်တော့ ဟူသော အကြည့်ဖြင့် ကြည့်၍ သူယူလာသော ဆွဲကြိုး နားဋောင်းအချို့ကို ပြ၏ ။ ထို့နောက် အဝတ်ဖြင့် တင်းကြပ်စွာ သိုင်းချီလိုက်ပြီး အပေါက်မှ ပြန်ထွက်လာခဲ့ကြသည်။
အပြင် လမ်းမပေါ် ရောက်မှ
"ငါ့တပည့်က တော်သားပဲ"
သတိုးမင်းဖျား ပြုံးနေလိုက်သည်။
"ငါ့ခြေရာ နင်းနိုင်တာ မင်းတစ်ယောက်ပဲ ရှိသေးတယ်"
"ဒါနဲ့ ယူတာ နည်းလှချည်လား၊ တွေ့နေတာတောင်.."
"ဟ.. သူတို့ စီးပွားပျက်တဲ့ထိ ယူမလို့လား။ တော်ပြီပေါ့၊ စားသောက် လှူတန်းလောက်ရင်"
သူခိုးက ပြန်လှူဦးမယ် ဆိုပါ့လား ဟု သတိုးမင်းဖျား ရယ်ချင်သွားသည်။
"ဆရာ နောက်တစ်အိမ် သွားဦးမှာလား"
"အေး၊ သွားတာပေါ့။ စောသေးတာပဲ။ ငါ ဒီည ပျော်တယ်။ တပည့်ကောင်းတစ်ယောက် ရတယ်။ မင်းကို ငါ့အစွမ်းတွေ ပြမယ်။ သေသေချာချာသာ ကြည့်ရှု သင်ယူထားပေတော့"
သို့နှင့် သူတို့သည် တစ်အိမ်တက်ဆင်း လျှောက်ခိုးကြ၏ ။ သို့သော် အနည်းငယ်စီသာ ယူခဲ့ကြသည် များ၏ ။ သတိုးမင်းဖျားက မှူးမတ်တို့နေအိမ် ရောက်လျင် လက်စွပ်၊ လည်ဆွဲ စသည့် အမှတ်တရ ရတနာများကို ယူခဲ့သည်။ ငတက်ပြားကမူ အဖိုးတန်သည့် သေးသေးမွှားမွှား အရာများကို နှစ်ခြိုက်၏ ။
သတိုးမင်းဖျားက ငတက်ပြားကို
"ဆရာကြီး သည်လောက် စွမ်းနေတာ နန်းတော်ကို တက်ခိုးရအောင်လား"
ဟု ဆိုလိုက်ရာ ငတက်ပြားက
"မလုပ်နဲ့ကွ။ ဘုရင်ဆိုတာ ငါတို့ ကျေးဇူးရှင်၊ ငါတို့ ငြိမ်းချမ်းစွာ နေထိုင်ရအောင် စီမံခန့်ခွဲပေးနေသူ မဟုတ်လား။ ကျေးဇူးရှင်ကိုတော့ ကျေးမစွပ်ရဘူး။ အမှန်က ငါတို့ ပြည်သူ့ပစ္စည်းတွေကို သူက စောင့်ရှောက်ပေးနေရတာပဲ မဟုတ်လား။ ကိုယ့်ဥစ္စာကိုယ် ပြန်ခိုးမလို့လား။ နောက်ပြီးတော့လည်း.."
"ပြောပါ ဆရာ"
"ဘုရင်ဆိုတာ ဘုန်းရှိလို့ ဖြစ်လာတာကွ။ သူ့ဘာသာ အသက်ငယ်ငယ်၊ ဒီအရွယ်နဲ့ ဘုရင်ဖြစ်တယ် ဆိုကတည်းက ဘုန်းနည်းမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ငါပြောတာပေါ့။ ငါ့ကို သတိုးမင်းဖျားကိုယ်တိုင် ဖမ်းရင်သာ ရနိုင်မယ် ဆိုတာ.."
"သတိုးမင်းဖျားလည်း ဆရာဝင်ခိုးရင် တတ်နိုင်ပါ့မလား"
"မပြောတတ်ဘူး။ ဒါပေမယ့် မင်းနဲ့ ဝေးဝေးနေတာ ကောင်းပါတယ်ကွာ။ မင်းပြစ်ဒဏ် သင့်မှ ပြေးစရာ မြေမရှိ ဖြစ်နေပါ့မယ်။ အေးအေးဆေးဆေး တစ်ဝမ်းတစ်ခါးလှရုံလေး လုပ်ကိုင်စားကြတာပေါ့"
သည်သူခိုး ငတက်ပြားက အလာကြီးပဲ ဟု သတိုးမင်းဖျား တွေးမိသည်။ အစွမ်းရှိသည်၊ သတ္တိရှိသည်၊ ဆင်ခြင်ဉာဏ်ပညာ အမြော်အမြင်လည်း ရှိ၏ ။ လူစွမ်းကောင်းတစ်ယောက် ဖြစ်နိုင်သူတည်း။
ညဉ့် နှစ်ယံ ကုန်သောအခါ ငတက်ပြားက ပျော်သည် ဟူ၍ သေသောက်ရန် ခေါ်သည်။ သေရည်ရောင်းသည့် ဆိုင်တစ်ဆိုင်အား နှိုးလျက် ကျည်တောက်အပြည့် ဝယ်ခဲ့ကြပြီး မြို့တံခါးအနီး မီးသွေးတိုက်တွင်း အမှောင်ထဲတွင် သောက်စားကြလေသည်။ သတိုးမင်းဖျားက သိပ်မသောက်။ ငတက်ပြား ပြောသည်တို့ကိုသာ နားထောင်မှတ်သား၍ သူ့အား တစ်ခွက်ပြီးတစ်ခွက် အိပ်ပျော်သွားသည်အထိ တိုက်ပြီးမှ တံခါးမှူးထံ သွား၍ သံခြေကျင်း တောင်းယူပြီး ငတက်ပြားကို မီးသွေးတိုက်အတွင်း ခြေကျင်းခတ် သော့ပိတ်ထားခဲ့သည်။
နံနက်လင်းသော် ညက ခိုးယူလာသည့် မှူးမတ်တို့၏ လက်ဝတ်ရတနာများကို ဆင်ယင်ပြီးလျင် ညီလာခံ တက်လေသည်။ မှူးမတ်တို့လည်း ညက အခိုးခံရသည့်အကြောင်း လျှောက်တင်မည် ပြုကြစဉ် မင်းတရားက မိမိတို့ အသုံးအဆောင် လက်စွပ် ဆွဲကြိုးများ ဆင်ယင်ထားသည်ကို တွေ့လျင် မိမိတို့ ဥစ္စာဟူ၍ မလျှောက်တင်ဝံ့။
"မှန်လှပါဘုရား၊ ကျွန်တော်မျိုးတို့အိမ်ကို ညက သူခိုး အခိုးခံရပါသည်"
"ဘာတွေ ပါသွားကြတုန်း မင်းကြီးများ"
"လက်ဝတ်ရတနာအချို့ ပါသွားပါသည်။ ယခု အရှင်မင်းကြီး ဝတ်ဆင်ထားသည့် လက်စွပ်တော်နှင့် တစ်ပုံစံတည်း လက်စွပ်တစ်ကွင်းလည်း ခိုးယူခံလိုက်ရပါသည်"
"ကျွန်တော်မျိုး ပျောက်သည့် လည်ဆွဲမှာလည်း အရှင့် လည်ဆွဲတော်နှင့် အလွန်တူပါသည်ဘုရား"
ထိုအခါ သတိုးမင်းဖျားက
"နင်တို့ ငတက်ပြားကို ဖမ်းပါ ဆိုတာ မိအောင် မဖမ်း။ ယခု ငါ ဖမ်းခဲ့ပြီ"

           ဟု ဆိုလျက် ဝတ်ဆင်ထားသည်များကို ချွတ်၍ ပေးလေသည်။ ငတက်ပြားကိုလည်း မီးသွေးတိုက်မှ ခေါ်ဆောင်ခဲ့ရ၏ ။

 (ဆက်ရန်...)  လူငယ်မင်းထက် (၃)

Written by သင်္ခရာဇာ


End date: November 24, 2021

လူငယ်မင်းထက် (၁)

ပုဂံခေတ် ပျက်သုဉ်းပြီးစ။

ရှမ်းစော်ဘွား၏ ညီတော်တစ်ဦးသည် မြင်စိုင်းမြို့အား သိမ်းရုံးအုပ်ချုပ် မင်းလုပ်နေ၏ ။ သူ၏ သားတော် ၃ ပါးတွင် နောင်တော်ကြီးကို မြင်စိုင်း၊ သားတော်လတ်ကို မက္ခရာမြို့နှင့် သားတော်ငယ်ကိုမူ ပင်လယ်မြို့ကို မင်းပြုစေသည်။
ပင်လယ်စား သားတော်ငယ် သီဟသူသည် ပင်းယ မြို့ကို တည်ထောင်၍ ပြောင်းရွှေ့အုပ်စိုးပြန်သည်။ ပင်းယ သီဟသူတွင် သားတော် ၄ ပါး ဖွားမြင်ရာ အသည်သူမသား သားထွေး အသင်္ခယာစောယွန်းအား ပင်းယ၊ ပင်လယ် စသည့် မြို့များကို မပေးသာ။ ထို့ကြောင့် မြစ်တစ်ဖက်ကမ်းတွင် မြို့တည်၍ မင်းပြုချေဟု လွှတ်လိုက်သည်။
စောယွန်းလည်း နောက်လိုက်ဗိုလ်ပါအချို့နှင့် ထွက်ခဲ့၍ စစ်ကိုင်းမြို့ကို တည်ထောင်၏ ။ အစီအမံ အသိမ်းအအုပ် ကောင်းမှုကြောင့် မြို့တော် စည်ပင်ဝပြော၍ အင်အားခိုင်မာ တောင့်တင်းလာသည်။ သူ၏ သမီးတော် စိုးမင်းကိုယ်တော်ကြီးကို တကောင်းမင်းမျိုးမှ ဆင်းသက်လာ၍ ဆင်ထိန်းအမှုတော် ထမ်းနေသည့် သတိုးနှင့် စုံဖက်စေသည်။ ဆင်ထိန်းသတိုးနှင့် စိုးမင်းတို့မှ သားတော်တစ်ပါး မွေးဖွားရာ ရာဟုလာ ဟု တွင်၏ ။
ရာဟုလာ၏ ငယ်ဘဝကား မလှပခဲ့။ သူနှင့် နှမတော် ရှင်စောကြီး၊ စောဥမ္မာတို့ ၃ ဦးအား မွေးဖွားပြီးချိန်တွင် ဖခင်ဖြစ်သူ သတိုးဆင်ထိန်း ကွယ်လွန်သွား၏ ။ ထိုအခါ မိခင်၏ မြောက်သားတော်သော မင်းပြောက်က စိုးမင်းကိုယ်တော်ကြီးနှင့် လက်ဆက်ကာ ရာဟုလာ၏ ပထွေးတော် ဖြစ်လာသည်။ စစ်ကိုင်းမြို့တော်သည်လည်း အဘိုးဖြစ်သူ အသင်္ခယာစောယွန်း မရှိသည့်နောက် မင်းပြောင်းမင်းလွဲ များလှချေ၏ ။
စောယွန်းနောက် သီဟသူ၏သားတော် တရဖျားကြီး ၁၄ နှစ်ခန့် မင်းပြုသွား၏ ။ ထို့နောက် သူ့သားတော် ရွှေတောင်တက်က နန်းချ၍ ၃ နှစ် နန်းတက်ပြန်သည်။ တရဖျားကြီး ကျွန်တို့ လုပ်ကြံသဖြင့် ရွှေတောင်တက် လွန်သောအခါ စောယွန်းသားတော် တစ်ပါးဖြစ်သည့် ကျစွာမင်း ၁၀ နှစ်ခန့် မင်းဖြစ်လာသည်။ ကျစွာ လွန်သော် ညီတော်နှစ်ဦးဖြစ်သည့် နော်ရထာမင်းရဲ နှင့် ဆင်ဖြူရှင် တရဖျားတို့ ၃ နှစ်ကျော် မင်းပြုကြပြီးနောက် ဘထွေးတော် မင်းပြောက် စစ်ကိုင်းထီးနန်းကို ရ၏ ။
ထိုအခါ မယားပါသားဖြစ်သည့် ရာဟုလာအား တကောင်း သတိုးမင်းမျိုး ဖြစ်သည့်အတွက် သတိုးမင်းဖျား ဟူသော ဘွဲ့အမည်နှင့် တကောင်းကိုပင် ပေး၏ ။ ရာဟုလာလည်း သူစားရသည့် တကောင်းကို ပြင်ဆင် စောင့်ကြပ် နေရသည်။ သူသည် ၁၇ နှစ်သာ ရှိသေးသော်လည်း ဘုန်းလက်ရုံး ထက်၍ မြို့ကို ကောင်းစွာ အုပ်ချုပ်နိုင်ခဲ့၏ ။
တကောင်းရောက်၍ နှစ်နှစ်မျှ မကြာမီ ပင်းယမှ နရသူက ရှမ်းမင်း မိုးကောင်းစော်ဘွား သိုချီဘွားအား စစ်ကိုင်းကို စစ်ကူတိုက်ပေးပါရန် ပင့်ခေါ်သောကြောင့် ဘထွေးတော် မင်းပြောက်က သတိုးမင်းဖျားထံ လူလွှတ်၍ တကောင်းမှ ခံနိုင်အောင် ခံရမည်ဟု အမိန့်တော် ထုတ်လိုက်သည်။
သတိုးမင်းဖျားလည်း မြို့ပြကျုံးမြောင်း စီရင်၍ မိုးကောင်းစော်ဘွားကို တက်ကြွစွာ ကြိုကာ ရွပ်ရွပ်ချွံချွံ တိုက်လေ၏ ။ သို့သော် လူအင်အားအပြင် အတွေ့အကြုံ ပရိယာယ်ပါ များပြားသည့် သိုချီဘွားအား ရေရှည် တောင့်မခံနိုင်ဘဲ တကောင်းမြို့ကို လက်လွှတ် ဆုံးရှုံးလိုက်ရသည်။
ရာဟုလာလည်း မြင်းလျင်စီးလျက် ဘထွေးတော်ရှိရာ စစ်ကိုင်းသို့ ခိုဝင်လာ၏ ။ စစ်ကိုင်းရောက်သောအခါ "ခံနိုင်အောင်ခံ ဆိုသည်ကို မခံဘဲ ကိုယ်လွတ်ပြေးလာရသလော" ဟု ဘထွေးတော် မင်းပြောက်က အမျက်ပြင်းစွာ ထွက်၍ "လူဖျင်းလူသွမ်းအား ခြေကျင်းလက်ကျင်း ခတ်လျက် ကြခတ်ဝါးရုံသို့ပို့" ဟု စီရင်ခံလိုက်ရသည်။
မိမိသည် အမှုတော်ကို အတတ်နိုင်ဆုံးထမ်းရွက်ကာ ကြိုးကြိုးကုတ်ကုတ် ခုခံခဲ့ပါလျက် မစာနာ မထောက်ထားသည့်အပြင် ကြီးလေးသော ပြစ်ဒဏ်နှင့် အရှက်ရဖွယ် သံခြေကျင်းခတ်ကာ ပို့ခံရသည် ဟူ၍ ရာဟုလာ အလွန်နာကျည်းခဲ့ရသည်။ ကြခတ်ဝါးရုံ သွားရာလမ်းသည် နုနယ်ငယ်ရွယ်သေးသော မင်းသားတစ်ပါးအတွက် ပင်ပန်းဆင်းရဲလှချေ၏ ။
လမ်းတစ်လျှောက်ရှိ တောတွင်းမှ ရွာသူရွာသားများက မင်းပျိုမင်းလွင်ဖြစ်သည့် သူ့အား သနားလေ၊ သူ့အတွက် အရှက်ရလေ ဖြစ်သည်။ ရွာသားတို့ ပေးသည့် သစ်သီးများကို မျက်ရည်ကျမတတ်သော စိတ်ဖြင့် စားခဲ့ရ၏ ။ ကြခတ်ဝါးရုံ ရောက်တော့မှ သံခြေကျင်း ဖြုတ်၍ နေခွင့်ရသည်။ ရာဟုလာလည်း ချက်ချင်း လူသူစုရုံးကာ ကြခတ်ဝါးရုံကို တပ်တည်၍ နေ၏ ။
မကြာ၊ မိုးကောင်းမှ ချီလာသော သိုချီဘွား၏ တပ်များ စစ်ကိုင်းရောက်၍ တိုက်ခိုက်ကြသည်၌ ဘထွေးတော် မင်းပြောက်လည်း မခံနိုင်သဖြင့် သူရှိရာ ကြခတ်ဝါးရုံတပ်သို့ ပြေးလာသည်။ ပင်းယမင်း နရသူကိုလည်း 'ပင့်ခေါ်သည့်သူက မကူမထောက် နေစိမ့်ဘိသည်' ဟု မိုးကောင်းစော်ဘွားက တိုက်ခိုက် ဖမ်းဆီး ခေါ်ဆောင်သွားသည် ကြား၏ ။
ရာဟုလာသည် မိမိတပ်တွင်း ဝင်လာသည့် ဘထွေးတော်အား အငြိုးကြီးစွာဖြင့် ဖမ်းဆီး လုပ်ကြံလိုက်သည်။ ထို့နောက် စုရုံးထားသော လူသူလက်နက်တို့ဖြင့် စစ်ကိုင်းသို့ ချီသွားလျက် မင်းမရှိသည့် ထီးနန်းကို သိမ်းလိုက်ပြီးလျင် သတိုးမင်းဖျား အမည်ဖြင့်ပင် မင်းပြုလေသည်။ ပင်းယတွင် နရသူ မရှိသောအခါ နန်းတက်လာသည့် ဥဇနာပြောင်ကိုလည်း တိုက်ခိုက် လုပ်ကြံပြီးနောက် စစ်ကိုင်းနှင့် ပင်းယ နှစ်မြို့ကို ရရှိခဲ့သည်။
သို့သော် ထို မြို့နှစ်မြို့လုံးကို သူ မကြိုက်။ အရပ်အနေ ကောင်းမည့်နေရာကို ရှာရာ ဘေးတော် သီဟသူ လေးကြိမ်တိုင်တိုင် မြို့တည်ရန် ကြိုးစားခဲ့သည့် အင်းလေးခုအလယ် ဟင်္သာဝပ်ရာအရပ်ကို တွေ့ရှိ နှစ်ခြိုက်ခဲ့သည်။ ယင်းနေရာကား ငကျည်းအင်း၊ ကျောက်မော်အင်း၊ အင်းတူးအင်း၊ ဥန္နဲအင်း ဟူသည့် အင်းလေးအင်း အလယ်တွင် ရှိသလို မြစ်ငါးစင်းတို့၏ အဝ၌လည်း ရှိသည်။ စစ်ရေး၊ စီးပွားရေးတို့တွင် အချက်အချာ ဗဟိုလည်း ကျ၏ ။
ခက်နေသည်မှာ မြေနေရာ ကြမ်းလွန်းခြင်း ဖြစ်သည်။ ရှေးက ဤအရပ်၏ အကွက်အကွင်း ကောင်းခြင်းကို မြင်၍ မြို့တည်လုပ်ရန် အားထုတ်ခဲ့ကြသော်လည်း ရေကြီး၍ ဖျက်သဖြင့် ပျက်ရသည်လည်း ရှိ၏ ။ ဘီလူး အုတ်ခဲဖြင့် ပစ်သဖြင့်လည်း မြို့ပျက် ပြေးကြရသေးသည် ဟူ၏ ။ ရောဂန္တရကပ် ကျရောက်သဖြင့်လည်း ပျက်ရ၏ ။ မည်သို့ တည်မည်နည်း။
ဦးစွာ အင်းလေးခုကို ရေလမ်းကြောင်း ပေးလျက် မြေဖို့စေ၏ ။ မြေကို ခိုင်မာစေပြီးမှ ရေကို စီးဆင်းစေလျက် တည်သောအခါ ရေဖျက်သဖြင့် ပျက်ရခြင်း ကင်းဝေးသွား၏ ။ သံဃာတော်များ ပင့်ဖိတ်၍ မြို့ကွက်မြေနေရာ အားလုံးတွင် ပရိတ် ပဋ္ဌာန်း ကမ္မဝါ အန္တရာယ်ကင်းဂါထာမန္တာန်များ ရွတ်ဖတ်လျက် အထူးသန့်စင်စေ၏ ။ အလှူအတန်းပြုလျက် မေတ္တာပို့ အမျှဝေသည်။ ထိုအခါ အချက်အချာကျသော မြို့သစ်သို့ လူအများ ပြောင်းရွှေ့လာကြလေသည်။
သူက မြို့တော်အမည်ကို ရတနာပူရ ဟု သမုတ်သော်လည်း အများကမူ မြစ်များ၏ အဝ၌ တည်ရှိ၍ 'အဝ'၊ အင်းလေးခု၏ အဝတွင် တည်ထားသဖြင့် 'အင်းဝ' ဟုသာ ခေါ်တွင်ကြလေသည်။ ထိုရောအခါ သူ၏ အသက်မှာ ၁၉ နှစ်သာ ရှိသေးသတည်း။

(ဆက်ရန်...)  လူငယ်မင်းထက် (၂)

Written by သင်္ခရာဇာ


End date: November 17, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...