အချိန်ကာလများက တစ်နှစ်ပြီး တစ်နှစ်၊ ရာသီစက်ဝန်းက တစ်ပတ်ပြီး တစ်ပတ်။ ငသူရိန်ပင် နောင်တော်မင်းကြီးလက်ထက်က ဗိုလ်အဆင့် ရှိခဲ့ရာမှ ယခုအခါ ဆင်ဖြူရှင်မင်းတရားလက်ထက်တော်၌ တပ်ပေါင်းဗိုလ်အဆင့် ဖြစ်လာပြီး ဘွဲ့အမည်မှာလည်း အလောင်းမင်းတရား လက်ထက်တော်က တုရင်ဒေဝ၊ ထိုမှ သူရိန်စက္က၊ ယခုမူ ဗိုလ်မင်းကြီး သူရိယဒေဝ ဖြစ်လာခဲ့ပြီ။
သူနှင့် တွဲဘက် ဖြစ်ခဲ့သော သွေးသောက်ကြီး ငမျှင်မှာ အလောင်းမင်းတရား လက်ထက်တော်ကပင် အနားယူသွားခဲ့သည်။ သူ့တပ်မှူးဟောင်း လက်ျာဘီလူးသည် အယုဒ္ဓယ၌ ကျန်ရစ်ခဲ့ပြီး သွေးသောက် ငကံမှာမူ တပ်မှူးနှင့် စရိုက်တူသောကြောင့် ယခုအထိ ရာထူးမတိုးသည့်အပြင် အကြပ်အဆင့်သို့ပင် လျောကျသွားကြောင်း ကြားသိခဲ့ရသည်။ မည်သည့်တပ်၌ အမှုထမ်းနေသည်ကိုမူ မသိရှိရ။ နောင်တော်ကြီးမင်း တပ်များတွင် တစ်ကြိမ်သာ တွေ့လိုက်၍ နောင် တပ်မှူးကဲ့သို့ပင် ပျောက်ဆုံးနေခဲ့သည်။
ငသူရိန်ကတော့ အရည်အချင်းအလိုက် အဆင့်ဆင့် မြင့်တက်ခဲ့ရာ တပ်ပေါင်းဗိုလ်ကြီးအဖြစ် ဝန်ကြီးဇေယျကျော်သူ၏ လက်အောက်၌ အမှုတော်ကို ထမ်းရွက်နေရသည်။ ဝန်ကြီး အလွန် အားထားရသည့် ဗိုလ်တစ်ဦးလည်း ဖြစ်သည်။ သူ့အလားအလာမှာ အလွန်ကောင်းနေပြီး မကြာမီ အတွင်းတော်သို့ လျှောက်တင်ပေးနိုင်ခဲ့ပါက ဗိုလ်မှူးအဆင့်ထိ ရောက်မည့်သူဖြစ်ကြောင်း ပြောဆိုယူဆခြင်း ခံနေရ၏ ။
ငသူရိန် လိုချင်သည်မှာလည်း ဤအရာပင် ဖြစ်သည်။ သူသည် မြန်မာ့ရာဇဝင်တွင် ထင်ပေါ် ကျော်ကြားသော သူရဲကောင်းတစ်ဦး ဖြစ်ရမည်။ နာမည်ကျော် ဗိုလ်မှူးကြီးတစ်ဦးလည်း ဖြစ်ရမည်။ သူ့အကြောင်းနှင့် ထူးချွန် ထင်ပေါ်မှုများကို ရွှေပေထက်၌ မှတ်တမ်းတင်စေရမည်။ အမတ်ကြီး လက်ဝဲနော်ရထာ စီရင်သည့် အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်းတွင် မပါဝင်လိုက်ရသော်လည်း နောင် ရေးသားမည့် ကျမ်းများ၌မူ သူ့အမည် တွင်ကျန်နေစေရမည်ဟု အဓိဋ္ဌာန်ပြုကာ အမှုတော်ကို သက်စွန့်ဆံဖျား ရွပ်ရွပ်ချွံချွံ ထမ်းနေခဲ့သည်။
ထို့ကြောင့်လည်း လက်ရုံးချင်းတွင် ဗိုလ်ချင်း၌သာမက မင်းညီမင်းသားများတွင်ပါ သူ့ကို ဖက်ပြိုင်နိုင်သူ ရှားခဲ့ပြီ။ ဆင် မြင်း ဓား လှံ လက်နက်များကို တစ်ဖက်ကမ်းခတ် ကျင်လည်သည်သာမက သေနတ်ပစ်တွင်လည်း လက်ဖြောင့်လွန်းသည်ဟူ၍ နေပြည်တော်ဝယ် ကျော်လှသည်။ အထူးသဖြင့် မြင်းစီးရင်း ပစ်ခတ်ရသည့် ပွဲများတွင် သူသည်သာ အမြဲ အနိုင်ရလေ့ရှိ၏ ။
တစ်နေ့သ၌ ဗိုလ်မင်း သူရိယ ဒေဝသည် စစ်ကိုင်းဘက်သို့ သွားရင်း ထူးခြားသော သတင်းတစ်ခုကို ကြားရ၏ ။ အခွန်တော်ကောက် လာသော ရဲမက်တစ်စုနှင့် တပ်သားသစ် အကြပ်တစ်ဦး ခိုက်ရန်ဖြစ်ပွားကြသည် ဟူသော သတင်း ဖြစ်သည်။ ယခုတလော တောစွန်ဖျားနားနှင့် နေပြည်တော်မှ အလှမ်းဝေးသော အရပ်များတွင် အချို့ရဲမက်များ အနိုင်အထက် ပြုကျင့်တတ်ကြောင်း ကြားမြင်နေရရာ ထိုသတင်းမှာ ထူးခြားသည်ဟု သူ မထင်ခဲ့မိ။
ဆင်ဖြူရှင်မင်းတရားကလည်း နေပြည်တော်ကို ရတနာသိင်္ဃမှ အင်းဝ ရတနာပူရသို့ ပြန်လည်ပြောင်းရွှေ့စဖြစ်ရာ တည်ဆောက်ရေးလုပ်ငန်းများနှင့် မအားလပ်ကြသဖြင့် အချို့စစ်သည်များ စည်းကမ်းပျက်နေကြခြင်း ဖြစ်သည်။ သို့သော် ထူးခြားသည်မှာ ဤတစ်ကြိမ်တွင် ရဲမက်များက အရပ်သားများကို ဒဏ်ရာအနာတရ ပြုလိုက်ကြသည် မဟုတ်ဘဲ အရပ်သား တပ်သားသစ်တစ်ဦးက ရဲမက်အများကို ပြင်းစွာ ဒဏ်ရာရအောင် လုပ်သွားခြင်း ဖြစ်သည်။
ဒုတိယ ထူးခြားချက်မှာ ထိုသူ၏ ပုံပန်းသဏ္ဍာန်ကို ခံလိုက်ရသော ရဲမက်များက မပြောရဲကြခြင်း ဖြစ်ပြီး တတိယသတင်းမှာ ထိုသူသည် စစ်ကိုင်းတွင် အပ်နှံထားခဲ့သော မြင်းတစ်စီးအား လာရောက်ယူဆောင်ရင်းမှ ထိုသူ၏ မြင်းကို သဘောကျသည့် ရဲမက်များနှင့် အချင်းဖြစ်ပွားရသော ဟူ၏ ။
ထိုအထိ ဗိုလ်မင်း သူရိယဒေဝ စိတ်မဝင်စားမိသေး။ လူပြောများလာသဖြင့် ကြားရသော နောက်ထပ် သတင်းဖြစ်သည့် ခံလိုက်ရသူ ရဲမက်များမှာ တပ်စုတစ်စုစာ ရှိသည် ဟူရာ၌ ထိုသူ၏ လက်စွမ်းကို သူ သတိပြုမိလာသည်။ တပ်သားအသစ်တစ်ဦးသည် ထိုမျှ မစွမ်းနိုင်။ တပ်သားဟောင်း လူဟောင်းတစ်ယောက်ဖြစ်နိုင်သည်လည်း တစ်ကြောင်း၊ လက်ရုံးကောင်းသည် ဟူသော အချက်ကြောင့်လည်းကောင်း ငသူရိန် စိတ်ဝင်စားမိခြင်း ဖြစ်သည်။
သို့သော် သူ မေးမြန်းရာမှ ထိုသူ၏ မြင်းမှာ အလွန်လှပြီး အနီရောင်ရင့်ရင့်ရှိ၏ ဆိုသော နေရာတွင်မူ သူ တစ်စုံတစ်ခုကို မြင်ယောင်မိသည်။ ထို့ကြောင့် ထိုတပ်သား အဘယ်မှာ ရှိသနည်းဟု စုံစမ်းခိုင်းလိုက်သည်။ ရေရာသည့်သတင်း မကြားရ။ ထားဝယ်သို့ စေလွှတ်လိုက်သည့် တပ်များတွင် ပါသွားသလိုလိုသာ ပြောကြသည်။ မည်သူမှ သေချာစွာ မသိဘဲ အစန ပျောက်သွားပြန်၏ ။
သို့ဖြင့် အချိန်များစွာ ကြာသွားပြန်သည်။ သူလည်း မအားမလပ် အမြဲ အလုပ်များ ပင်ပန်းလျက် ရှိ၏ ။ တစ်ရက်တွင်မူ ပွဲလမ်းသဘင်တစ်ခု၌ သူ အလွန်အံ့အားသင့်ရသော အဖြစ်အပျက်တစ်ခု ဖြစ်လာသည်။ ရွှေနန်းရှင် ကိုယ်တော်တိုင် လက်ျာဘီလူး ဟူသည့် တပ်မှူးတစ်ဦးကို မြင်လိုသည်ဟု မိန့်ကြားလာသည့်အခါ သူသိဖူးသော လက်ျာဘီလူးများလားဟု မျှော်လင့်မိသွားသည်။
တကယ်လည်း သျှောင်ချောကြီးနှင့် သပ်ရပ်ခန့်ညားသည့် စစ်ဝတ်စုံ ဆင်ယင်ထားသည့် တပ်မှူးကို ပြန်မြင်လိုက်ရသည်။ ငသူရိန် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ ဣနြေ္ဒကို မနည်းဆည်နေရ၏ ။ သူ၏ ဝမ်းသာမှုကို မဖော်ပြနိုင်၊ မည်သူမျှ မသိ။ သူကတော့ တပ်မှူးကို ပြန်မြင်လိုက်ရ၍ ကလေးငယ်တစ်ယောက်ကဲ့သို့ စိတ်နှလုံး ရွှင်မြူးသွားသည်။
တပ်မှူးသည် ပိုမိုကြံ့ခိုင်လာပုံရ၏ ။ ပို၍လည်း တည်ငြိမ် ရင့်ကျက်လာသည်။ ဝင်လာသည့် တစ်လျှောက်လုံး မည်သူ့ကိုမှ မကြည့်၊ မင်းတရားကိုလည်း မော်မဖူးဘဲ ခေါင်းငုံ့ မျက်နှာချလျက်သာ တည်တံ့စွာ နေ၏ ။ သူ့မျက်လုံးများသည် ဘေးဘီကို တစ်ချက်မရွေ့ဘဲ ကျောက်သားကဲ့သို့ တည်ငြိမ်လှသည်။ မင်းတရားက သူ့အား လက်ဝဲဓားမှူးနှင့် လက်ရည်စမ်းရန် အမိန့်တော် မှတ်၏ ။
ရွှေဓားဗိုလ်ဖြစ်သော ရဲစက်တံခွန်မှာ လက်ရေးကောင်း ဗျတ္တိပြည့် လူစွမ်းကောင်းတစ်ဦးဖြစ်ကြောင်း ငသူရိန် သိထား၏ ။ ထို ရဲစက်တံခွန်နှင့် သုံးကြိမ်ယှဉ်ရာ လက်ျာဘီလူးက တစ်ကြိမ်နိုင်၍ ရွှေဓားဗိုလ်က နှစ်ကြိမ်နိုင်၏ ။ သို့သော် တပ်မှူးမှာ တိုက်ချင်ဟန် မတူ၊ လက်ရည်မမှန်ပေ။ မနိုင်လျင် အကြာကြီး တိုက်နေသလောက် သူ စွမ်းပြီဆိုလျင် တစ်ချက်တည်းနှင့် ပွဲသိမ်းတတ်၏ ။ သူရိန်ပင် သူ့တပ်မှူးကို နားလည်သလိုလိုနှင့် တကယ်တမ်း နားမလည်လှသလိုလို ဖြစ်နေပြန်သည်။
တပ်မှူးသည် ဟိုတုန်းကအတိုင်းပင် အချိုးမပြောင်း၊ မင်းတရားက သဘောကျတော်မမူသော်လည်း ယခင်အတိုင်းပင် အရေးယူမခံရဘဲ ရှိပြန်သည်။ အဘယ့်ကြောင့် လက်ျာဘီလူး မင်းအစဉ်အဆက် အရေးယူခြင်း မခံရဘဲ အပြစ်လွတ်လျက် ရှိသည်ကိုလည်း သူရိန်တို့ သူ့တပ်သားဟောင်းများ အပါအဝင် မည်သူမျှ မသိကြပေ။ အထူးသဖြင့် ယခု အဝရွှေနန်းရှင်လို အလွန်စိတ်တော်ထက်၍ ရာဇမာန်ပြင်းလှသည့် မင်းလက်ထက်တွင်ပင် အကွပ်မခံရခြင်းက ထူးဆန်းလျက် ရှိသည်။ သူ၏ ကံဇာတာစန်းလဂ်ပင် ဖြစ်ပေမည်။
ထိုပွဲပြီးနောက် ငသူရိန် တပ်မှူးကို တွေ့ချင်လှသော်လည်း တွေ့ခွင့်မရပြန်။ သူလည်း မအားသလို လက်ျာဘီလူးသည်လည်း ကသည်းနယ် ထွက်ရပြန်သည်ဟု ကြား၏ ။ ဗိုလ်တစ်ဦးဖြစ်သူ ဘယကျော်ခေါင်နှင့် အချင်းများကြသည် ဟုလည်း ဆိုကြသည်။ သို့သော် တပ်မှူးက သူရဲဘောကြောင်စွာ ရှောင်ထွက်သွားသဖြင့် ဘယကျော်ခေါင် သတင်းကြီးနေသည်ဟု ဆိုကြပြန်ရာ ငသူရိန်မှာ မခံချင်ဖြစ်လျက် ဘယကျော်ခေါင် အမည်ကို မှတ်ထားလိုက်သည်။
(ဆက်ရန်...) သူရိယ ဒေဝ (၈)
Written by သင်္ခရာဇာ
End date: October 8, 2021
No comments:
Post a Comment