မြက်ရိုင်းတောတွေပေါ်မှာ...၊ သောင်ပြင်ကျယ်ကြီးပေါ်မှာ...၊ တောင်ကုန်းတောင်တန်းတွေထက်မှာ...၊ လွင်ပြင်ထက်မှာ...၊ တောအုပ်တွေထဲမှာ..၊ ချောင်းတွေထဲမှာ...၊ လမ်းပေါင်းများစွာ...၊ ခရီးပေါင်းများစွာ... သူတို့ ပြေးလွှားခဲ့ကြသည်။
သူတို့ ရင်းနှီးခဲ့ကြသည်။ သူတို့ တွယ်တာမိခဲ့သည်။ သူတို့ ချစ်ခင်ခဲ့ကြသည်။ သူတို့ ပေါင်းဖက်မိကြပြီ။ ကွဲကွာနေသော ညီအစ်ကိုနှစ်ဦး ပြန်လည်ဆုံတွေ့ရသကဲ့သို့လည်းကောင်း၊ ဓားအိမ်နှင့်ဓား လိုက်ဖက်ညီသကဲ့သို့လည်းကောင်း၊ မိုးကြိုးနှင့် လျှပ်ရောင် ထပ်တူကျသကဲ့သို့လည်းကောင်း သူတို့ တစ်သားတည်း ဖြစ်ခဲ့သည်။
သည်သခင်နှင့် သည်မြင်းသည် စိတ်လွတ်လက်လွတ် ရှိလှသည်။ မြင်းက ပြေးချင်တိုင်း ပြေးခွင့်ရအောင် သခင်ကလည်း လွှတ်၍ လိုက်၏ ။ မြင်းမြူးသလောက် သခင် ပျော်နေ၏ ။ မြင်း ပတပ်ရပ်လျင် သခင်က ပိုကဲ၍ ထရပ်လိုက်၏ ။ မြင်းက ခုန်ပေါက်နေသော်လည်း သခင်က ကုပ်ကပ်လိုက်ပါ၏ ။ မြင်း တလျင်လျင် ပြေးလွှားနေခိုက်ဆိုလျင် သခင်က အထက်မှ ဘေး၊ ထိုမှ အောက်၊ ထို့နောက် အထက်.. မြင်းတစ်ကိုယ်လုံး ရောက်ချင်ရာ ရောက်အောင် ပတ်နေတတ်သည်။
မြင်းကို ကျင့်နေသည်နှင့် မတူ၊ အသားကျစေရန် စီးနင်းနေသည်လည်း မဟုတ်၊ မြင်းနှင့်လူ စိတ်ရှိတိုင်း လုပ်နေကြသည်နှင့်သာ တူတော့သည်။ မြင်းမှာ မြင်းကောင်းဖြစ်၍ အထူးတလည် ကျင့်ရန်မလို။ လက်ဝါးပြရုံနှင့် ကျောက်တိုင်ကဲ့သို့ ရပ်နေ၍ ခေါ်လိုက်သည်နှင့် ချက်ချင်းလာသည့် ကျင့်သားပြည့် စစ်မြင်းကြီး ဖြစ်သည်။ သို့သော် ယခုအထိ အမည်ကို မသိရသေး။ အမည်သစ်လည်း မမှည့်ခေါ်ရသေး။
စီးနင်းသူပေါ် မူတည်၍ အလိုက်အထိုက် တုံ့ပြန်တတ်သော မြင်းဖြစ်သဖြင့် အများက သဘောကျကြ၏ ။ မြင်းထိန်းရသူ ငကံစီးလျင် ဣန္ဒြေအပြည့်နှင့် ကျော့မော့စွာ လှမ်း၏ ။ အခြားသူ စီးပါက လေးဘက်ကျ လှလှပပ ပြေးတတ်၏ ။ သူ့သခင်သစ် လက်ျာဘီလူး စီးလျင်မူ သခင်၏ စိတ်အတိုင်းပင် မြင်းရိုင်းကြီးကဲ့သို့လည်းကောင်း၊ စိတ်မြန်လှသော မြင်းလျင်နှင့်တူစွာ ပြုကျင့်၍လည်းကောင်း၊ တည်ငြိမ်စွာ သတိအပြည့်နှင့်လည်းကောင်း၊ အခြေနေကို အကဲခတ်လျက် လည်းကောင်း ရှိတတ်လေသည်။
ထိုမျှ ကောင်းသော မြင်းကို မမြင်ဖူးခဲ့သဖြင့် မြင်းထိန်းရသူ ငကံပင် အံ့သြရလေ့ ရှိ၏ ။ အလောင်းမင်းတရား၏ နတ်ယဥ်ကျော်ခေါ် မြင်းသင်းခွေ သုံးတောင်မိုက်ကြီး လှပါ၏ ၊ ထွားပါပေ၏ ။ သို့သော် လက်ျာဘီလူး၏ မြင်း ကျစ်လျစ်သန်မာပုံက သာသည် ထင်ရ၏ ။ မြင်းနက်မြင်းကောင်း စိန်သွားရောင်သည် အလွန်ကြံ့ခိုင်သည်ဟု နာမည်ကျော်သော်လည်း ယခု ဤမြင်းနီကြီးကဲ့သို့ သိတတ် လိမ္မာသည် မဟုတ်။ နာမည်ကျော်မြင်း တုလွတ်ပြိုင်ကျော် ခြေသွက်လှပေတည့် ယခုမြင်း ရုန်းသည်ကို မြင်ဖူးလျင် အဘယ်က သာမည် ပြောရခက်ပေလိမ့်မည်။
ထိုမြင်းကြီးကို အမည်ပေးရန် သူတို့တစ်ဖွဲ့လုံး ဝိုင်းဝန်း စဉ်းစားကြ၏ ။ အချို့က စံကောင်း ဟု ဆိုလိုဆို၊ အချို့ကလည်း မုန်တိုင်းအရိုင်း ဟု အမည်ပေးကြသည်။ အချို့က လက်ျာပျံချီထံမှ ရသောကြောင့် ချစ်ခြင်းညို ဟု မှည့်ရမည် ဆို၏ ။ ဇေယျသိဒ္ဓိ၊ ဇေယျကျော်လွန်၊ နှလုံးစိတ်ကောင်း၊ ဆံလက်ဖြူ စသည့် အမည်များလည်း စဉ်းစားကြကုန်၏ ။ လက်ျာဘီလူးကား ခပ်မဆိတ်သာ နေသည်။
တစ်နေ့ ငကံ စီးနေသည်ကို ကြည့်ရင်း "ဇက်ကြိုးဖြုတ်ပြီး လွှတ်ပေးလိုက်စမ်းကွာ" ဟု ဆိုသည်။ မည်သည့် အနှောင်အဖွဲ့မှ မရှိသည်နှင့် မြင်းကြီးက အရိုင်းကဲ့သို့ ပြေးထွက်သွားသည်။ ခေတ္တ ကြည့်နေကြပြီးမှ ပြန်မလာမည်စိုး၍ မြင်းလေးစီးနှင့် လိုက်ကြရသည်။
လွတ်လပ်ပေါ့ပါးစွာ ပြေးသွားသည်ဖြစ်ရာ တောင်ငါးလုံး ကျော်မှ မီတော့သည်။ မြင်းလေးစီးနှင့် ရံသည်ကို မကြောက်မလန့်၊ တစ်ချက်မဆိုင်း ပြေးမြဲသာ ပြေးနေပြီး ပြန်လည်ရန်ပြုခြင်း၊ တိုးတိုက်ခြင်း၊ လှည့်ပြေးခြင်းများ မပြု။ တောင်ကမ်းပါးစွန်းတစ်ခု ရောက်သည်အထိ ဖြစ်သည်။
မြင်းမားမတ်စောက်သော ချောက်ကို တွေ့လျင် လိုက်လာသည့် မြင်းလေးစီးသား ဇက်သတ်လိုက်ကြရ၏ ။ မြင်းနီကြီးကမူ ကမ်းပါးစွန်း၌ တစ်ပတ်လှည့်၍ လိုက်လာသည့် မြင်းများကို စိန်ခေါ်ဟန် ဟီလိုက်ပြီး ခုန်ချသွားတော့သည်။ မတ်စောက်သည့် ဆင်ခြေလျှောအတိုင်း ခုန်ပေါက် ပြေးဆင်းသွားသည်ကို မလိုက်ဝံ့ကြသော မြင်းသည်တို့ ကမ်းပါးထိပ်မှသာ ကြည့်နေကြရသည်။
ခက်ခက်ခဲခဲ လိုက်ရှာ ဖမ်းဆီးရလိမ့်မည်ဟု ထင်ထားသော်လည်း ညနေစောင်း မြင်းဇောင်းသွင်းချိန်အလွန်၌ ပြန်ရောက်လာ၏ ။ ထိုအခါမှ လက်ျာဘီလူးက ပြေးထွက်သွားခဲ့သည့် ဟန်ကို ယူလျက် တိမ်ပျံ ဟု အမည်ပေးလိုက်သည်။ သူ့ တပ်သားများကမူ "လိုက်လည်းလိုက်တဲ့ လူနဲ့မြင်းကွာ၊ တစ်စက်မှ အကဲမရဘူး" ဟု ထောပနာပြုကြလေသည်။
သူ တိမ်ပျံကို တော၌ ကျင့်နေကြောင်း ကြားသည့် ဟန်လင်းဗိုလ် မင်းကျော်တန်ဆောင်က တုလွတ်ပြိုင်ကျော် စီးလျက် ရောက်လာသည်။ မြင်းဖြူ ရန်အောင် ကို စီးသော မင်းကြီးရဲထင်လည်း လာကြည့်၏ ။ မင်းကြီး ရဲထင်က ကြည့်ရုံသာ ဖြစ်သော်လည်း မင်းကျော်တန်ဆောင်က မြင်းချင်း ယှဉ်ပြိုင်ကြရန် ဆိုလာသည်။
လက်ျာဘီလူးက မပြိုင်ချင်၊ တုလွတ်ပြိုင်ကျော် ခြေကို မီမည်မဟုတ်ပါ ဟု ပြော၏ ။ အနိုင်အရှုံး ကွဲပြားရုံသာ ဖြစ်သည်ဟု အတင်းအကြပ် ဆိုနေသောကြောင့် ပြိုင်ကြည့်ရ၏ ။ တိမ်ပျံကို ငကံစီး၍ တုလွတ်ပြိုင်ကျော်နှင့် ယှဉ်ရာ အကယ်လည်း မမီ၊ မြင်းတစ်လျားမျှမက နောက်ကျ ကျန်ရစ်သည်။ မင်းကျော်တန်ဆောင်ကပင် ငကံကို "မင့်မြင်းက သာမန်အတိုင်း ပြေးနေတာပ" ဟု ဆို၏ ။
ဒုတိယအကြိမ်တွင် ငကံက တင်ပါးကို ကြိမ်နှင့်ရိုက်၍ အပြင်းပြေးစေသည်။ ကိုယ်ကို စောင်း၍ စီးသည်။ သို့သော် တုလွတ်ပြိုင်ကျော် ခြေကိုတော့ မနိုင်။ နောက်ဆုံးအခေါက်တွင် မြင်းကုန်းနှီး ဇက်ကြိုး အားလုံး ဖြုတ်စေပြီး လက်ျာဘီလူး အလွတ်တက်စီးသည်ကို မင်းကြီးရဲထင်နှင့် မင်းကျော်တန်ဆောင်တို့ ပြုံးကြည့်ကြသည်။
တာလွှတ်သည်နှင့် တုလွတ်ပြိုင်ကျော်က ချက်ချင်း ထွက်သွားသော်လည်း တိမ်ပျံက နောက်ကျ ကျန်ရစ်သည်။ လက်ျာဘီလူးက တင်ပါးကို လက်နှင့်ပုတ်၍ ပြေး.. ပြေး ဟု အော်သည်ကို တုံ့နေ၏ ။ နောက်မှ အားနှင့် ပြေးထွက်သွားသဖြင့် လက်ျာဘီလူး ကိုယ်ကို ဝပ်စီးလျက် ပါသွားသည်။ သတ်မှတ်နေရာ မရောက်မီ တုလွတ်ပြိုင်ကျော်အား ရုတ်ခြည်း ဖြတ်ကျော် တက်သွားသည်ကို မင်းကျော်တန်ဆောင် အံ့အားသင့်ကာ ကြည့်နေရသည်။
နောက်မှ မြင်းကောင်းပါပေ ဟု ချီးကျူးကြ၏ ။ ထိုမှ စ၍ တိမ်ပျံကို ငကံ မစီးတော့။ စီးလျင်လည်း ရဲမက်များက ရယ်သွမ်းသွေးကြသောကြောင့် ဖြစ်မည်။ မြင်းကျောင်းခိုင်းလျင် လွှတ်ပေးထားလိုက်သည်သာ များ၏ ။ တိမ်ပျံကလည်း စားလိုက် ပြေးလိုက် ခုန်ပေါက်လိုက် နေရသည်ကို သဘောကျ၏ ။ ငကံအပေါ် ဆိုးချင်သည်။ မနာအောင် ကိုက်တတ်သည်။ ပြေးလာရင်း ဝင်တိုက်သွားတတ်သေးသည်။
သူက ကျီစားသော်လည်း ခံရသည့် ငကံမှာမူ မသက်သာ။ တပ်မှူး၏ အရင်းနှီးဆုံးသူ ဖြစ်နေ၍သာ တော်တော့သည်။ အခြားသူဆိုပါက ဇက်ခွံ့၍ တင်းတင်းဆွဲကာ ခပ်ပြင်းပြင်း စီးသည့်ဒဏ်ကို ခံရပေလိမ့်မည်။ ငကံကတော့ သည်းခံသည်။ ညနေတိုင်း ရေနွေးနှင့် တိုက်ပေးသဖြင့် တိမ်ပျံ၏ အမွေးအရောင်မှာ နီရဲ ပြောင်လက်လာ၏ ။ မင်းသားများ မျက်စိကျမည် စိုးသောကြောင့် လက်ျာဘီလူးကပင် တားထားရသေးသည်။
ပွဲလမ်းသဘင် ရှိလျင် တိမ်ပျံကို ချပ်ဝတ်ဆင်လျက် စီးရသည်။ ရွှေကြိုး ရွှေက တင်ပါက အလွန်လိုက်ဖက် လှပသောကြောင့် သိမ်းယူခံရနိုင်သည် မဟုတ်လား။ ထို့ကြောင့် တိမ်ပျံသည် တော်သာ တော်သည်၊ မကျော်။ အလွန်ကျော့ရှင်းခန့်ညားသော်လည်း မင်းပွဲစိုးရောက် မပေါက်မြောက်လေ။
တစ်ကြိမ်တွင် တိမ်ပျံအား နန္ဒသူက စီးကြည့်ချင်သည် ဆို၍ ပေးလိုက်ရာ အလောင်းမင်းတရား၏ သားတော် အမြင့်မြို့စား မင်းသားငယ် မြင်တွေ့သွားသည်။ မည်သူ့မြင်းနည်းဟု မေး၍ ရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာမြင်းဖြစ်ကြောင်း လျှောက်ရ၏ ။ အလောင်းမင်းတရားထံ အဖူးအမြင် ဝင်သောအခါ မြင်းကောင်းတစ်စီး တွေ့ခဲ့သည်၊ မင်းထင်နော်ရထာထံမှ တောင်းပေးပါ ဟု ပူဆာလေတော့သည်။
အလောင်းမင်းတရားက သူ့အား ပေးပြီးဖြစ်၍ ပြန်မယူစကောင်း၊ မြင်းကောင်းတစ်စီးနှင့် လဲလှယ်ယူလိုလျင်မူ ငစံငယ်အား မေးလော့ ဟု မိန့်တော်မူလိုက်သည်။ အမြင့်မင်းသား သတိုးမင်းလှကျော်လည်း မန်ကျည်းစေ့ရောင် မြင်းကောင်းတစ်စီးပေး၍ တိမ်ပျံကို တောင်းလေသည်။ မင်းသားက တောင်းသည်ဖြစ်၍ ပေးလိုက်ရ၏ ။
သို့သော် သတိုးမင်းလှကျော်နှင့် လက်ျာပျံချီ တူညီနေသည်မှာ တိမ်ပျံသည် မည်သူစီးစီး ရသော်လည်း ထိုနှစ်ဦးအား အစီးမခံခြင်း ဖြစ်လေသည်။ ခင်ဦး၌ ရှိစဉ်ကလည်း ခင်ဦးစား၏ အစ်ကိုနှင့် ညီများ စီးလျင် ရသလောက် ခင်ဦးစား ငချစ်ညိုကိုယ်တိုင် စီးလျင် အမိန့်မနာခံ ခါချခြင်း၊ စိတ်ထင်ရာလုပ်ခြင်း၊ ရပ်ခြင်း၊ လှဲချခြင်းများကို မည်မျှရိုက်ရိုက် ပြုလုပ်နေလေ့ ရှိသည်။ အမြင့်မင်းသားအားလည်း လက်မခံ။
မြင်းကောင်းဖြစ်သောကြောင့်သာ မသတ်ရ ရှိသည်။ မြင်းထိန်းများ၏ ပြင်းထန်စွာ ရိုက်နှက်ခြင်း၊ မထနိုင်အောင် သလုံးအား ဝါးဆစ်ပိတ်ဖြင့် ရိုက်ခြင်းများကို ခံရ၏ ။ အစာငတ် ရေငတ် ထား၏ ။ မာန်ကျအောင် မျိုးစုံ ကြိုးစားကြသည်။ ငြိမ်သွားပြီ ထင်လျင် စမ်းကြည့်သည်။ ရ၏ ။ သားတော် အမြင့်စား စီးလျင်မူ ဒုံရင်းအတိုင်းပင် ဖြစ်သည်။ တစ်ကြိမ်တွင် တက်မည် ကြံသည်နှင့် လှဲအိပ်နေသောကြောင့် မင်းသား စိတ်ပျက်သွားသည်။
သတိုးမင်းလှကျော် မည်သို့မျှ စီးမရ။ အမြင့်မင်းသား၏ ကျွန် ငနတ်တော် စီးလျင် ရသော်လည်း ထိုမျှ လှပသော မြင်းအား ငနတ်တော်ထံ မပေးလိုသဖြင့် မြင်းဇောင်းတွင်သာ ထားရလေသည်။ သို့သော် တစ်ညတွင် မြင်းဇောင်းမှ ထွက်ပြေးပြီး အရှေ့ဝင်းမှူး၏ တပ်သို့ ရောက်လာသဖြင့် ငကံက ပြန်ပို့ရ၏ ။
ဆယ်ရက်ခန့် ကြာသော် လက်ျာဘီလူးက အမြင့်မင်းသား၏ အိမ်တော်သို့ ရောက်လာသည်။ သူ့မြင်းကို လာကြည့်ခြင်း ဖြစ်၏ ။ တိမ်ပျံက လက်ျာဘီလူးကို မြင်လျင် ပြင်းစွာဟီ၍ မြင်းဇောင်းမှ ခုန်ထွက်ရန် ကြိုးစားတော့သည်။ အနီးရှိ မြင်းထိန်းများကို တအား ကိုက်လေသည်။ ရန်ပြုမည့်ဟန် ရှိသဖြင့် အခြားသူများ မကပ်ရဲ။ လက်ျာဘီလူးက တိမ်ပျံကို ချော့နေသည်။
အမြင့်မင်းသားက အိမ်တော်ပြတင်းမှ ကြည့်ရင်း လက်ျာဘီလူးအား
"နောင်တော့်မြင်း နောင်တော်ပဲ စီးပြပါဦး"
ဟု လှမ်းပြော၏ ။ လက်ျာဘီလူးက တိမ်ပျံကို မြင်းဇောင်းမှ ထုတ်ခဲ့၍ လမ်းပေါ်အရောက် တက်လိုက်လျင်ပင် တိမ်ပျံက နှစ်ကြိမ် သုံးကြိမ် ခုန်ပေါက်လျက် ပြေးထွက်သွားသည်။ လက်ျာဘီလူး တိမ်ပျံ၏ လက်ပြင်ကို ခြေနှင့် ညှပ်လျက် မကျစေရန် ထိန်းလိုက်သွားရ၏ ။ တိမ်ပျံက ခြံစည်းရိုးများကို ကျော်လျက်၊ သစ်ကိုင်းများအောက် ငုံ့လျှုိးလျက် ပြေး၏ ။ တစ်ကြိမ်တွင် အကိုင်းနှင့် မလွတ်သဖြင့် လက်ျာဘီလူးက မြင်းအောက် မဝင်ဘဲ သစ်ကိုင်းကို ဆွဲခိုလျက် တက်သွားသည်။
တိမ်ပျံက လက်ျာဘီလူး မပါလျင် အပင်အောက်သို့ ပြန်ရောက်လာသည်ကို အမြင့်မင်းသားငယ် ကြည့်၍ "ဤမြင်းကပ်နှင့် သည်သခင်သာ အဖက်ဖြစ်သည်။ ငါ့မြင်း မန်ကျည်းစေ့ကို ပြန်ပို့ချေတော့" ဟု ဆို၍ ဝင်သွားလေသည်။ ဤသို့ဖြင့် ကြမ်းရမ်းလှသော တိမ်ပျံမှာ ရက်စက်လှသော ဘီလူးတပ်ကြီးသို့ ပြန်ရောက်ခဲ့လေပြီ။