အဘကတော့ သိပ် မသိပါဘူးကွယ်။ ဒီလိုပဲ ပြောကြတာကို ကြားခဲ့ဖူးတာပါပဲ။ မုဆိုးဖိုတပ်တွေမှာ သားတော် မြေဒူးမင်း တပ်တွေနဲ့ မင်းထင်နော်ရထာရဲ့ တပ်တွေက ထူးခြားပြောင်မြောက်တယ် လို့ ဆိုကြတယ်။ မြေဒူးမင်းတပ်တွေက မင်းသားကိုယ်တိုင် အကွပ်အညှပ်ပြင်းတယ်။ မနိုင် နိုင်အောင် တိုက်တတ်ကြတယ်။ ရန်သူ ဘယ်လောက်များပါစေ မမှုဘူးတဲ့ မောင်။
မင်းထင်နော်ရထာ တပ်တွေကိုလည်း လူမဟုတ်ဘူး၊ နတ်ဘီလူးတွေပါ ရောတိုက်နေတယ်လို့ ဆိုစမှတ် ပြုကြရသတဲ့။ မွန်တွေ မုဆိုးဖိုကို သွားတိုက်တော့ မရခဲ့တဲ့အပြင် ဘီလူးကြီးလေးကောင် မြင်းဖြူလေးစီးနဲ့ စစ်ကိုင်းအထိ လိုက်ခြောက်လို့ မွန်တပ်တွေအားလုံး အင်းဝအထိ ပြန်ပြေးခဲ့ရပါရောလား။ စစ်သားတွေ မဟုတ်ဘူးနော်၊ ညအချိန်တွေမှာ တကယ့်ဘီလူးတွေ မြင်းနဲ့လိုက်တာ။ မွန်တွေခမျာ တပ်ကို မချရဲလောက်အောင်ပဲ တဲ့။
အဲဒီဘီလူးတွေက မင်းထင်နော်ရထာရဲ့ တပ်ထောင့်တွေမှာ ပါပါလာတတ်တာကို မြင်ကြရသတဲ့။ နိုင်ငံတော် တည်ထောင်ဖို့ ဝိုင်းကူကြတဲ့ သဘောပေါ့။ မင်းထင်နော်ရထာ ဆိုတာလည်း အရင်ဘဝက ဘီလူးဝင်စားလာတဲ့ တပ်မှူးကြီးပဲ။ သူ့ကို နတ်မင်းကြီးတွေ ကိုယ်တိုင်က ကူညီ ညွှန်ကြားပေးနေသလို ပြောကြသကွဲ့။
ကောလာဟလ ဆိုတော့ ယုံဖို့ခက်ပေမယ့် တကယ်တမ်း သူနဲ့ တွေ့ရတဲ့ သူတွေမှာ ဘီလူးအလိုက်ခံရတာထက်တောင် ကြောက်ဖို့ကောင်းသေး ဆိုပဲ။ မြင်တာနဲ့ သားကောင်တွေ့သလို အငမ်းမရ လိုက်လို့ သေပြေးရှင်ပြေး ပြေးကြရသတဲ့။ တို့ရွာမှာတောင် ဦးကြီးပေါ်လှ ဆိုတာ သူနဲ့ တွေ့ဖူး၊ တိုက်ဖူးလို့ ပြေးလိုက်ရတာ မွန်တပ်ထဲကနေ ရွာထိ ပြန်ရောက်လာပြီး သုံးရက်သုံးည ဖျားသွားသေးတယ်။ နောက်နောင် စစ်ထဲ မလိုက်ဝံ့ဘဲ လာခေါ်တိုင်း ပုန်းနေတော့တာပဲ။
(ဘကြီးသင်း၊ ဆိပ်ခွန်ရွာ။)
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
အလောင်းဘုရားက အတော် ဉာဏ်သွားခဲ့တာဗျ။ ဘယ်လို သွားသလဲ ဆိုလို့ရှိရင် ရှေးက ပွဲကျောင်းတွေမှာ ဗန်ရှည်တုတ်သိုင်းလို့ သင်ရတယ် မဟုတ်လား။ အဲဒီ လေ့ကျင့်ရေးတုတ်တွေက မြေမှာ ထောက်ထားရင် ကိုင်ဆောင်သူရဲ့ ပခုံးနဲ့ အညီ ရှည်ရမယ်လို့ သတ်မှတ်ထားတယ်လေ။
အလောင်းဘုရားက ဗန်ရှည်မှာ တစ်ဖက်ကမ်းခတ် တတ်မြောက်တယ်။ ဒီတော့ မွန်လက်အောက် မခံလိုလို့ ဝင်လာကြတဲ့ သူတွေကို သူက စစ်ပညာနဲ့ အတိုက်အခိုက် သင်ကြားပေးရာမှာ လွယ်လွယ်ရပြီး ထိရောက်တဲ့ တုတ်သိုင်းကိုလည်း အလေးပေး သင်ကြားစေခဲ့တယ်။ အဲဒီနောက် တကယ်တိုက်ကြဖို့ လိုအပ်တဲ့ လက်နက်နေရာမှာ တင်ကျည်းကို ထွင်ခဲ့တယ်။
အလွန်မာကျောပြီး အခေါင်းမပါတဲ့ ဝါးသဲ ဝါးရင်းတွေ ခုတ်ခိုင်းတယ်။ မာကျော ကျစ်လျစ်ပြီး ဖြောင့်စင်းအောင် နွားကျင်ငယ်ရေစိမ် နေလှန်း မီးကင် ကျပ်တင်တယ်။ ထိပ်နှစ်ဖက်ချွန်ပြီး အမာတင်ထားတော့ လှံရှည်ကြီးတွေ ကိုင်ထားတဲ့ တပ်မကြီးလိုပဲ၊ အမြင်လည်း ဆန်းတယ်။ ကြောက်စရာလည်း ကောင်းတယ်။ သူတို့များ ဝှေ့ယမ်းကစားပြီး ချီတက်လာကြပြီလားဆို ရန်သူက ငေးကြည့်နေရတယ်။ ဝင်တိုးလို့ မရ၊ ကပ်လို့မရနဲ့ ဆင်တပ် မြင်းတပ်တွေတောင် ကြောက်ရတဲ့ တင်ကျည်းတပ်ကြီးတွေ ဖွဲ့ခဲ့တယ်လေ။
သူ့လူ လက်ျာဘီလူး ဆိုတဲ့ တပ်မှူးတစ်ဦး ရှိသေးတယ်။ ဉာဏ်ပညာ ပရိယာယ်မှာတော့ အရှင်နဲ့ ကျွန် တထေရာတည်းပဲ။ အလွန် ဉာဏ်များတဲ့ သူငယ်ပေါ့။ မှတ်မိသေးတယ်၊ တစ်ခါတုန်းက ခင်ဦးရွာကို သွားတိုက်ကြတော့ ငချစ်ညိုနဲ့ ငချစ်ဝ ခံနေတာ ဘယ်လိုမှ ကပ်မရတဲ့အပြင် သူကတောင် တို့ဆီက ကျွဲနွားရိက္ခာတွေ လာဖမ်းသွားသကွ။ ဒါနဲ့ တို့ကလည်း ကျွဲနွားပြန်ဖမ်းချေ ဆိုပြီး မင်းကျော်ပျံချီကို လွှတ်လိုက်တယ်။
အဲဒီတော့ လက်ျာဘီလူးက တို့သေနတ်ဝန်ကို လာတွေ့ပြီး ဘာပြောတယ်မှတ်လဲ။ "မြေအပြင်တွင် သူတို့ဗိုလ်မှူးများကို မည်သို့မျှ လက်ရဖမ်းနိုင်မည်မဟုတ်၊ လက်ကောင်း သေနတ်သားများကို ကျွန်းချောင်းပတ်လည် ပုန်းအောင်းနေပါစေ။ မင်းကျော်ပျံချီ ရောက်လျင် ငချစ်ညို ငချစ်ဝတို့ ထွက်မလိုက်ဘဲ နေမည်မဟုတ်။ ငချစ်ညို လိုက်လျင် မင်းကျော်ပျံချီ ခွာခဲ့ရမည် မချွတ်။ ကျွန်တော်က လမ်းမှ ဖြတ်၍ စစ်ငင်ပြီး ခေါ်ခဲ့လျင် သူတို့ဗိုလ် လိုက်ထပ်ချိမ့်မည်။ သဲချောင်းအဖြတ် မြင်းနှေးသည်တွင်မှ သေနတ်သားများ ထ၍ ပစ်စေသော် မမိလော" လို့ ဆိုသကွ။
ဦးကောင်းလည်း ကြိုက်လို့ သူပြောတဲ့အတိုင်း လက်ဖြောင့်တဲ့ သူရိန်ဒေဝတပ်ကို ကျွန်းချောင်းထဲမှာ သဲဖုံးပြီး စောင့်နေခိုင်းတာ ငချစ်ဝနဲ့ မြင်းသုံးစီး ကျွံလာလို့ သဲနစ်နေတုန်း မြင်းခြေမသွက်ချိန် ထပစ်လိုက်ကြတာ ငချစ်ဝ ကျပါလေရောလား။
အဲလိုမျိုး သူနဲ့ အလောင်းမင်းတရား တစ်လှည့်စီ ပရိယာယ်ပြုသွားလိုက်ကြတာ အောက်ပြည်ကို အတိုင်းသား ပေါက်ကရောဟေ့။ တို့ ဟံသာဝတီကို သိမ်းတော့ လူဘယ်လောက်ပါတယ် ထင်လဲ။ စုစုပေါင်းမှ ရှစ်ထောင်ပဲ ရှိတယ်။ ဒါပေမယ့် စစ်မှာ အင်အားထက် လုပ်ရေးကြံရေးသာ အဓိက ဆိုသမို့လား။ တို့ဆီမှာ ဉာဏ်ရည်တစ်ဖက်ကမ်းခတ်နေသူတွေ ပါတော့ လူ ၂၀ နဲ့ မွန် ၁၀၀၀ ကို နိုင်အောင်တိုက် ဆိုလည်း တိုက်ကြမှာပဲ။ နိုင်လည်း နိုင်ကြတယ်။
(သေနတ်တပ်သားကျော်ဟောင်း ဦးရွှေလူ)
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
လက်ျာဘီလူးရဲ့ အရည်အသွားကို ကျုပ်အမြင်ပေါ့လေ၊ စည်းရုံးဆွဲဆောင်တဲ့ နေရာမှာ တော်တော် ပါးနပ်တယ်လို့ ထင်တယ်။ ကျုပ် သိသလောက် သူက အခြားတပ်တွေနဲ့ စကားပြောရင် 'ညီအစ်ကိုတို့' လို့ သုံးတတ်သလို 'ကိုယ်တို့ အလောင်းမင်းတရား ကျွန်တော်မျိုးတွေ' လို့ ပြောလေ့ရှိတယ်။ ဟော.. အနီးနားက လူတွေနဲ့ ပြောတဲ့အခါကျ တစ်မျိုးဗျ၊ 'အထက်ပိုင်းသားတွေ၊ ငါတို့ အထက်ပိုင်းသားတွေ' လို့ ဆိုပြန်ရော။
ရှမ်းပြည်ဘက် ရောက်ပြန်တော့ 'တိုင်းရင်းသားချင်း' လို့ ဖြစ်သွားပြန်တယ်။ ရန်သူဖြစ်တဲ့ မွန်တွေနဲ့ အရေးဆိုရာမှာတောင် 'ညီနောင်သားချင်း အမျိုးနီးစပ်တွေမို့' လို့ သုံးနှုံးပြောဆိုတော့ အရေးတော် ပြေပြစ်တာပေါ့ဗျာ။ တခြားသူ မပြောပါနဲ့၊ ရန်သူကြီး လက်ျာပျံချီကိုတောင် ဦးကြီး တန်းခေါ်ပစ်လိုက်လို့ ဟိုက သူ့ကို သဘောကျသွားသေးသကွ။
(မုဆိုးခြုံတပ်မှ သွေးသောက်ကြီးတစ်ဦး)
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
တပ်မှူးနဲ့ ကျုပ်တို့တတွေ လူတစ်ရာလောက် ကင်းစမ်းထွက်ခဲ့ဖူးတယ်။ မွန်တွေ ဘယ်ရောက်နေပြီလဲ ဆိုတာ စုံစမ်းဖို့၊ ဖြစ်ချင်တော့ တောင်ကုန်းပေါ် အတက် ခပ်လှမ်းလှမ်းမှာ မွန်တပ်ကြီး ၂ တပ် တည်ထားတာကို တွေ့လိုက်ကြရရော။ သူတို့ကလည်း ကျုပ်တို့ကို မြင်သွားပြီ။ ကျုပ်တို့ကလည်း တောင်ကြောအတိုင်း တက်နေတာ တောအုပ်ထဲက ထွက်ပြီးနေပြီ။
ဒီတော့ တပ်မှူးက ဘာလုပ်သလဲ တဲ့၊ တပ်သားတွေကို ဟန်မပျက် ဆက်ချီခိုင်းတယ်။ မွန်တွေကို မတိုက်တော့ သူတို့ကလည်း မတိုက်ဘဲ အကဲခတ်နေကြတာပေါ့။ တောင်ကုန်းကို လွန်ပြီး ဟိုဘက်တောအုပ်ထဲ ရောက်သွားတဲ့ သူတွေကို တပ်မှူးက တောင်ကြောအောက်ကနေ နောက်ပြန်သွားခိုင်းရော။ တောင်ကြောက မရှည်ပါဘူး၊ ကျုပ်တို့လူတွေ တောင်ကြောပေါ် အပြန်ပြန် အလှန်လှန် ဖြတ်ကြတယ်။
တပ်မှူးကိုယ်တိုင်လည်း မြင်းပြောင်းစီးလိုက်၊ မောက်ရှည် ချွတ်လိုက် ဆောင်းလိုက်နဲ့ သုံးလေးခါ ဖြတ်ပြတာပဲ။ ပြီးတော့မှ မွန်တပ်တွေကို ပတ်ပြီး တခြားဘက်က လှည့်ပြန်လာတယ်။ အလောင်းမင်းတရားကို လျှောက်တော့ မွန်တပ် ၂ တပ် တည်ထားတာ တွေ့တယ်၊ တိုက်စရာမလို။ ဆုတ်သွားကြပြီး နောက်တပ်ကြီးဆီ သွားပေါင်းပါလိမ့်မယ် တဲ့။
တကယ်ပဲ၊ ကျုပ်တို့တပ်တွေ အင်အားအများကြီးနဲ့ သူတို့ကို ကျော်သွားပြီထင်လို့၊ နောက်တပ်မကြီး ပါတာလည်း စုံစမ်းလို့ သိကြမှာပေါ့။ သူတို့ကို ပြန်ဝိုင်းခံရပြီ အထင်နဲ့ မွန်တွေ တပ်ဖျက်ပြီး ခွာသွားကြတယ်။ မကြာခဏ တိုက်နေရရင် စစ်ပမ်းမှာစိုးလို့၊ သူ့လူတွေကိုလည်း မထိခိုက်အောင် တပ်မှူးက တင်္ခနုပ္ပတ္တိဉာဏ်နဲ့ ကြံလိုက်ပုံ ရပါတယ်။
(ဘီလူးတပ်သားတစ်ဦး)
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
သူတို့ (မွန်တွေ) ကို ကူညီနေတာက ဗြိတိသျှတွေ၊ ပေါ်ဂူဂီ ဂေါ်ရခါး ကုလားတပ်တွေပဲဗျ။ အဲသည်အကောင်တွေက စည်းစနစ်ကြီးတယ်၊ တိကျတယ်၊ သေသပ်တယ် မဟုတ်လား။ ဒင်းတို့ အမြောက်တပ်သားတွေဟာ ကြည့်လိုက်ရင် ညီနေအောင် စီတတ်တယ်၊ စံနစ်တကျ လှုပ်ရှားကြတယ်။ ဒါဟာ သူတို့ရဲ့ အားသာချက်ပဲ မဟုတ်လား။
တို့ ဗိုလ်မှူးကတော့ အဲသည် အားသာချက်ကိုပဲ အသုံးချပြီး ပြန်တိုက်လေ့ ရှိတယ်ဗျ။ သူတို့မြို့ကို တက်ရမယ်ဆိုရင် အမြောက် စိန်ပြောင်း မြတံပူ ပြောင်းသေနတ် ထူလွန်းလို့ သေကြေကြတာ များတော့ တပ်မှူးက ဝပ်လိုက် သွားလိုက် စံနစ်နဲ့ တက်ခိုင်းတယ်။ အမြောက်တပ်က ပစ်ရင် တပြိုင်တည်း တစ်ချိန်တည်း ပစ်ကြတာကိုး။ အဲဒီအချိန် လွှားတွေကာပြီး ဝပ်နေ၊ ပြီး သူတို့ အမြောက်ရေလောင်းချိန်၊ ယမ်းထိုးချိန်တွေမှာ ပြေးတက်ကြရပြန်ရော။
သေနတ်ကိုင်တွေကိုလည်း ဒီလိုပဲ၊ သူတို့ ပစ်ခတ်နေကြချိန် ကာထား၊ ကြဲသွားမှ တက်၊ အခြေနေကို ကြည့်ပြီး တက်လိုက် ဆုတ်လိုက်၊ ကာလိုက် ပြေးလိုက် လုပ်တော့ တခြားတပ်တွေထက် အသေအပျောက် နည်းတာပေါ့ဗျာ။ သူများတပ်တွေက ဝတ်ရမယ့်အဝတ်မှာ အင်းရေးနေကြချိန် တို့တပ်တွေက သံချပ်ကာတွေ လုပ်ရတယ်။ ညအချိန် လူတစ်ကိုယ်ဝပ်စာ လမ်းကြောင်းတွေ သူတို့တပ်ဆီ စွေပြီး ဖောက်ကြရတယ်။
တပ်ပေါ်က လောင်းချတဲ့ ပွဲညက်ရည်၊ ရေနွေးပူတွေကို ကာဖို့ သားရေချပ်တွေ ချုပ်ရတယ်။ သူများတပ်တွေ လှေကားလုပ်နေချိန်၊ စင်ဆောက်နေချိန် တို့က အထစ် ထစ်ထားတဲ့ ဝါးလုံးတွေ ထောင်ပြီး ပြေးတက်တာ ကျင့်ကြရတယ်။ သူက ပစ်တာကို တစ်ချက်တည်းကာ.. တစ်ခါတည်း လှည့်ခုတ်၊ ဝပ်ထိုး၊ ခုန်ထိုးတာတွေ ပိုင်နိုင်နေအောင် ကျင့်ကြရသကွ။ ပြီးရင် အမြင့်ကနေ လွှားခနဲ အလျားထိုးခုန်ချ.. အောက်ရောက်တာနဲ့ လူကို လှိမ့်လိုက်ရတာတွေလည်း မကြာခဏ လေ့ကျင့်ရတော့ တို့တပ်တွေဟာ ဘယ်လောက်မြင့်မြင့် မကြောက်ကြဘူး။
တပ်သားတချို့ဆို ခိုးသူတွေလိုပဲ မြို့ရိုးကို ဓားစိုက်တက်တာ မြန်မှမြန်၊ ကြိုးအလုံးကြီးတွေကို ၂ ဖက်ချွန် သံချောင်းချည်ပြီး တပ်ရိုးပေါ် လွှဲပစ်၊ ရန်သူက ခုတ်မချနိုင်ခင် အရောက်တက်ရတာတို့၊ တပ်တိုင်တွေ ဆွဲလှဲပြီးရင်လည်း သူများတွေလို အဝင်မခိုင်းဘဲ လဲတဲ့တိုင်ကို နောက်ယူပြေးရတာတို့ ခိုင်းတတ်သေးတာ။ ရန်သူက ပြိုတဲ့တိုင်ကို ကာပြီး ထူရတာ မြန်တယ်။ မရှိတော့တဲ့ တိုင်ကိုတော့ အစားပြန်ထည့်ရတာ မလွယ်ဘူး မဟုတ်လား။
(အကြပ် ငဖြိုးသူ၊ မင်းထင်နော်ရထာတပ်)
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
"ကျွန်တော် ကြီးလာရင် လက်ျာဘီလူးလို သူရဲကောင်း လုပ်မှာ"
"မင်းခေါင်နော်ရထာလို သူရဲကောင်း မလုပ်ချင်ဘူးလား"
"ဟင့်အင်း၊ လက်ျာဘီလူးပဲ လုပ်ချင်တာ"
"လက်ျာပျံချီလိုရော၊ လက်ျာပျံချီက ပိုစွမ်းတာပေါ့ကွ"
"မဟုတ်ဘူး၊ ကျွန်တော်က မှန်မှန်ကန်ကန် စဉ်းစားတတ်တဲ့ သူရဲကောင်း ဖြစ်ချင်တာ"
(တပယင်း ဘုန်းကြီးကျောင်းသား မောင်ရစ်)
Written by သင်္ခရာဇာ
End date: December 12, 2021