Translate

Showing posts with label ရှမ်းမင်းသား. Show all posts
Showing posts with label ရှမ်းမင်းသား. Show all posts

ရှမ်းမင်းသား (ဇာတ်သိမ်း)

"တတ်လည်းတတ်နိုင်သည့် သူပါလား"
မျက်လုံးကြီးပြူးကာ မင်သက်နေမိသော ရှမ်းမင်းသား ညည်းညူမိပြီ။ သူ့ထက် လက်ရုံးညံ့ချင် ညံ့မည်ဖြစ်သော်လည်း ပရိယာယ် မာယာတွင် မယှဥ်သာမှန်း သဘောပေါက်သွားခဲ့သည်။ လက်ျာဘီလူးကို စိမ်းစိမ်းဝါးဝါး ကြည့်ကာ
"ငါ့လူတွေ ဘယ်ရောက်သွားသလဲ"
"စုဆောင်းထားသူထဲက အချို့ကို ပြန်လွှတ်လိုက်တယ်၊ အချို့ကို စစ်မှုထမ်းဖို့ နေပြည်တော် ပို့လိုက်တယ်"
"မင်း ငါ့ကို ဖြိုခွဲလိုက်တာပေါ့လေ"
"ကမ္ဘောဇတိုင်းက ဆူပူလှုပ်ရှား ပုန်ကန်ကြမယ့် အရေးကို ကြိုတင် ဖြေရှင်းလိုက်တာပါ"
"မင်း ငါ့ကို သတ်မှာလား"
လက်ျာဘီလူး ခေတ္တ စဥ်းစားနေခိုက်
"အေးလေ.. မင်း မသတ်လည်း မင့်အရှင် မုဆိုးဘိုမင်းက သတ်မှာပဲ။ အမြောက်တွေ ရတော့မယ့်ဆဲဆဲ ကျမှကွာ"
လက်ျာဘီလူးက ခွန်လောင်ကို အတော်ကြာကြာ စိုက်ကြည့်နေပြီး အပြင်ထွက်သွားသည်။ ရှမ်းမင်းသားမှာ မခံချိမခံသာဖြင့် မြန်မာရဲမက်တို့၏ ဓားလှံများကြား၌ စိတ်လျှော့ကာ ကျန်ရစ်ခဲ့ရသည်။
ရှမ်းပြည်မှ အောင်မြင်စွာ ဆုတ်ခွာလာသော တပ်များ လက်ဗလာဖြင့် နေပြည်တော်သို့ ပြန်လာကြသည် ဆိုသော သတင်းမှာ ရွှေဘုံရတနာနန်းတော်ကြီးအတွင်းသို့ ရောက်ရှိလျက် မှူးမတ်ဒေါဗညားတို့ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြပေပြီ။
လက်ျာဘီလူးကို မည်သို့သော အရေးကိစ္စမှ မခိုင်းသင့်ဟု ဆိုသူက ဆိုသည်။ သည်ကောင်လုပ်သမျှ မချေမရာ တလွဲချည်း လုပ်တတ်သည်ဟု ပြောသူလည်း ရှိ၏ ။ အကြောင်းရှိပါလိမ့်မည်ဟု မျှော်သူလည်း မရှားချေ။ ရွှေနားတော် ပေါက်ကြားစက မင်းတရားကြီးပင် မျက်မှောင်တော်ရှုံ့လျက် စိတ်ပျက်သွားဟန်ကို မြင်ကြရပြီးပြီ။
အဘယ့်ကြောင့် သူတို့ လက်ချည်းဗလာ ပြန်လာရသနည်း။ လူပေါင်းများစွာ၊ နေ့ရက်များစွာတို့၏ စရိတ်စကများကို ဖြုန်းတီးခဲ့ကြသလို ပုန်စားသူကို နိုင်ပြီးမှ ပါမလာ ဟု ကြားရသောအခါ သင်း လုပ်ပြန်ပြီ ဟုသာ ဝန်ကြီးအမတ်များ ရေရွတ်နေကြရတော့သည်။
နေပြည်တော်သို့ ရောက်ရန် နောက်ဆုံးညက သူတို့အလယ်မှ မီးပုံသည် ရင်တွင်းသို့ တဖျစ်ဖျစ်မြည်လျက် တောက်လောင်နေခဲ့၏ ။ အားလုံး တိတ်ဆိတ်နေကြခြင်းကြောင့် လက်ျာဘီလူးက စကားတစ်ခွန်း စလိုက်သည်။
"အရှေ့ဝင်းမှူးအသစ် ဘယ်သူဖြစ်လာမယ် ထင်သလဲကွ ငသူရိန်"
ငသူရိန်က အသက်မပါသည့် အပြုံးတစ်ခုကို ကြိုးစားပြုံးလိုက်ပြီး
"မင်းကျော်အာကာ၊ ဒါမှမဟုတ် မင်းလှနော်ရထာ တစ်ဦးဦးပေါ့ တပ်မှူး"
"ဟုတ်လိမ့်မယ်။ ဒါနဲ့.. ဟေ့ ငကံ၊ ငါ မရှိတော့ရင် မင်း ဘယ်သူ့တပ် သွားပြီး အမှုထမ်းချင်လဲ"
"ဘယ်သူ့တပ်ဖြစ်ဖြစ်ပါ တပ်မှူး၊ ကျုပ်ကတော့ တိုက်ပွဲတိုင်းမှာ ရှေ့ဆုံးက ရင်ကော့ဝင်ပြီး အသေခံတက်ဖို့ ကြံရွယ်ထားပြီပါပြီ"
"အို.. အဲလောက်တော့ မလုပ်နဲ့လေ ငကံ။ အသက်ကို ရှာကြံမွေးမှပေါ့ကွဲ့"
ထိုသို့ဆိုမှ လူကြမ်းကြီး ငကံ မျက်ရည်များ ကျလာသည်။ အခြားသူများလည်း မျက်ရည်ဝဲသူဝဲ၊ မျက်တောင် ပုတ်ခတ်လျက် သိမ်းသူ သိမ်း၊ မျက်နှာလွှဲသူလွှဲ ဖြစ်သွားကြရ၏ ။
"ကွပ်တာတော့ မကွပ်လောက်ဘူး ထင်ပါတယ်"
သူရိန်က ဖြည်းဖြည်းလေးလေး ဆိုလျင်
"ပုန်ကန်ထကြွသူကို လွှတ်ပေးလိုက်တာမို့ ပြောလို့တော့ မရဘူးပေါ့ကွာ။ ဖြစ်နိုင်ချေ အရှိဆုံးက ဒါပဲရှိတာ။ ရာထူးချမယ်၊ ထောင်သွင်း အကျဥ်းထားမယ်၊ ဘယ်လောက်ကြာမယ် မသိဘူး ဆိုတာ အနိမ့်ဆုံးပဲ။ ဦးတွန်တုန်းက တပ်ပျက်နေလို့ အမိန့်မနာခံတာတောင် ကွပ်မယ် ပြင်ခဲ့သေးတာပဲ၊ ကိုယ်တော်နဲ့ထပိတူ ယုံမှတ်လို့ အရေးကုန် လွှဲအပ်လိုက်တဲ့သူက ရန်သူကို လွှတ်ပေးလိုက်ပြီး ဘာမှ မပါဘဲ ပြန်လာခဲ့တယ် ဆိုတော့ အပြစ်ဒဏ်က လွတ်နိုင်ချေ မရှိတော့ဘူး"
အားလုံး စိတ်မသက်မသာ ဖြစ်သွားကြသော်လည်း အပြစ်ပေး အကွပ်ညှပ်ခံရမည့်သူ ကိုယ်တိုင်က စိုးစဥ်းမျှ ကြောက်ရွံထိတ်လန့်နေဟန် မရှိ၊ ခပ်အေးအေး အမူအရာနှင့် အစားအသောက်ပင် မပျက်သမို့ အနည်းငယ်တော့ ပူလောင်ခြင်း လျော့ပါးရလေသည်။
"ရှမ်းမင်းသားကို ရွှေဘိုခေါ်လာလိုက်ရမှာ"
အပ်ကြောင်းထပ်နေပြီဖြစ်သော စကားကို တစ်ဦးက ထပ်ဆိုပြန်သည်။ လက်ျာဘီလူးကတော့ မကြားယောင် ပြုနေချေပြီ။ သူ့အစား မနေနိုင်သူ ငသူရိန်ကပဲ ဝင်၍ ရှင်းပြရပြန်၏ ။
"အဲဒီ ရှမ်းမင်းသားက တို့တပ်မှူးနဲ့ အတော်များများ တူသကွ။ ငါလည်း သတိထားမိတယ်၊ ကြံရည်ဖန်ရည်ချင်း၊ တွေးခေါ်မြော်မြင်ပုံချင်း၊ စိတ်နေစိတ်ထားပါ အံ့သြလောက်အောင် တူတာ။ သူ ပုန်ကန်တယ် ဆိုတာလည်း တကယ်တော့ သူ့နယ်သူ ထူထောင်ရုံပဲ။ တို့နယ်တွေ ထိပါးဖို့ မဟုတ်ဘူး"
"ဘာဖြစ်ဖြစ် ပုန်ကန်သူ မပါရင် တပ်မှူး အကွပ်ခံရမှာလေဗျာ"
"ပါလာရင်လည်း ရှမ်းမင်းသား သေချာပေါက် အကွပ်ခံရလိမ့်မယ်လို့ တပ်မှူးက ပြောတယ်"
"တပ်မှူးထက်တော့.."
"ငါ နားလည်ပါတယ်။ တပ်မှူးက ပိုပြီး နားလည်မှာပါ။ ဒါပေမယ့် သူလိုလူတစ်ယောက်ကို အလဟဿ မသေစေချင်တာ တို့တပ်မှူးရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒီဆုံးဖြတ်ချက်ကို ငါတို့ လေးစားရမယ်။ ရှမ်းမင်းသားကို ပြန်လွှတ်ပေးလိုက်တယ် ဆိုပေမယ့် မကြာခင် ရလာမယ့် အကျိုးအမြတ်တွေက မနည်းဘူးကွ"
"အို ဗျာ၊ ကျုပ်တော့ သူဝယ်ထားတဲ့ အမြောက်တွေ သူပိုင်တဲ့ ရတနာတွင်းတွေကို ဘာတန်ဖိုးမှ ရှိတယ် မထင်ဘူး။ ကျုပ်တို့ဘဝရှင်မှာလည်း အများကြီး ရှိနေပြီပဲ။ တပ်မှူး မရှိတော့ရင် ပိုနေတဲ့ အမြောက်တွေ ကြွယ်ဝချမ်းသာမှုတွေဆိုတာ တုတ်တိုတစ်ချောင်း ကျောက်ခဲတစ်လုံးလောက်မှ တန်ဖိုးမရှိတော့ဘူးဗျ"
"ငါတို့အတွက်လည်း မင်းလိုပါပဲ၊ အတူတူပါပဲ။ ဒါပေမယ့် တိုင်းပြည်အတွက်တော့ အကျိုးရှိပါတယ်။ သူ့ဆီက ရမှာတွေကို ငါတို့ မလိုချင်သလို တပ်မှူးကလည်း သူ့အသက်ကို မသေစေလိုဘူးလေကွာ"
"အဲဒီခွန်လောင်က အမြောက်တွေ ရောက်လာရင် ပို့လိုက်မယ်လို့ ကတိပေးခဲ့လို့လား"
ငသူရိန် ခေါင်းခါပြသည်။
"ဒါနဲ့များဗျာ.. သူ့ရွှေငွေစည်းစိမ်ကိုလည်း မသိမ်းယူခဲ့ရပါဘူး။ ဘယ်မှာနေမှန်းတောင် မသိခဲ့ကြရဘဲနဲ့"
"တပ်မှူးကတော့ သူ့ကို ပြန်မလွှတ်ခင်မှာ စကားတစ်ခွန်း သေချာ ပြောလိုက်တာပဲ။ မထိုက်တာတွေကို တတ်နိုင်နေရင်တောင် မလိုချင်ပါနဲ့ တဲ့။ ကိုယ်နဲ့မထိုက်တဲ့ အရာတွေကြောင့် ပျက်စီးရတာ မျက်မြင်ပဲ တဲ့။ ထိုက်တန်သူသာ သုံးပါစေ တဲ့"
"အဲဒီတော့ ဟိုက ဘာပြန်ပြောလဲ"
"မပြောဘူး၊ အကြာကြီး ကြည့်နေတာပဲ။ သူ့စိတ်ထဲမှာ ပြန်လွှတ်တာကိုတောင် မယုံနိုင်သေးပုံပဲ"
"အဲဒီမှာ ဆုံးပါလေရောဗျား"
တစ်ယောက်က နာနာကြည်းကြည်း ဆို၍ ဓားကို လွှင့်ပစ်ကာ ထထွက်သွားသည်။ လက်ျာဘီလူး ကြားသော်လည်း ယခင်အခါများကကဲ့သို့ အပြစ်မပေး၊ အရေးတယူ မလုပ်ဘဲ ခပ်အေးအေးသာ ရှိနေလေသည်။
လက်ဆောင်တော်မပါ၊ လက်ဗလာတပ်များ နန်းမြို့ရိုးတံခါးအတွင်းသို့ တန်းစီ ဝင်ခဲ့ကြပြီ။ စောင့်မျှော်နေကြသူများ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ဟပ်နေကြသလို အောင်ပွဲရသူများ၌လည်း အရယ်အပြုံးတို့ ပျောက်ကွယ်လျက် အသက်ကင်းမဲ့နေကြ၏ ။ နန်းတော်ရှေ့၌ တပ်များ ချပြီးလျင် လက်ျာဘီလူးနှင့် ဗိုလ်များ ညီလာခံသဘင်သို့ ဝင်သွားကြသည်။
မြေနန်းဆောင်တော်ကြီးအတွင်း၌ တိတ်ဆိတ်နေပြီး တစ်ချက်တစ်ချက်မှသာ လျှောက်တင်သံ မိန့်ကြားသံဝါးဝါး ကြားကြရသည်။ သူတို့နေရာမှ ဝေးသည်ဖြစ်၍ စကားလုံးမကွဲဘဲ ကြားသည်ဆိုရုံမျှသာ သူရိန်တို့ ကြားနေရသည်။ အတန်ကြာသည်အထိ ပြောဆိုနေကြပြီး တောင်ထားဝယ်ဆောင်ဘက်မှ မင်းသမီးငယ်တစ်ပါး အခြွေအရံနှစ်ဦးနှင့် အပြေးလှမ်းလာနေခိုက်တွင်မှ လက်ျာဘီလူးတို့ ပြန်ထွက်လာ၏ ။
သို့ရာတွင် ဝင်စဥ်ကကဲ့သို့ လွတ်လွတ်လပ်လပ် မဟုတ်တော့ပြီ။ ရဲမက်နှစ်ဦးက နှောင်ကြိုးတည်း ခြံရံလျက် ထွက်လာခြင်း ဖြစ်သည်။ သူ့နောက်မှ ဗိုလ်များလည်း ပြန်ပါမလာ။ လက်ျာဘီလူးအား သူတို့တပ်ချထားသည့် နေရာနှင့် ဝေးရာ၊ ရတနာသိင်္ဃ အကျဥ်းထောင်ကြီးဘက်သို့ ခေါ်ဆောင်သွားကြခြင်းပင်။
"မောင်ကြီး"
မင်းသမီးငယ်၏ လှမ်းခေါ်လိုက်သံ။ လက်ျာဘီလူး တစ်ချက် လှည့်ကြည့်သည်။ ထို့နောက် လှံကိုင်အစောင့်များကြားမှ ရာဇဝတ်သားတစ်ဦးအဖြစ် လိုက်ပါသွားရရာ မင်းသမီးငယ်လည်း မြေနန်းစမုတ်သို့ အလျင်စလို လှမ်းဝင်သွားသည်ကို တွေ့လိုက်ကြသည်။
သူရိန်တို့သည် မချိသောရင်ဖြင့် ကြည့်နေကြစဥ် အစောင့်တစ်ဦးက လက်ျာဘီလူး၏ သျှောင်ကို ဆွဲလိုက်ရာ ဆံပင်များ ပြေကျသွားသည်ကို မြင်လျင် ငကံ စိတ်မထိန်းနိုင်ဘဲ လှံကို ကောက်ကိုင်ကာ ပြေးသွားမည် ပြု၏ ။ နှစ်လှမ်းမျှ လှမ်းပြီးချိန် သူရိန် ဖမ်းဆွဲထားသောကြောင့် လှံမလွှတ်လိုက်နိုင်။
"စိတ်ကို ထိန်းထားပါ ကိုရင်ငကံ။ အခြေအနေ ကြည့်ရတာ ထင်သလောက်ကြီး မဟုတ်သေးပါဘူး"
"တောက်.. ခွေးမသား အတင့်ရဲတာ၊ နောက်တော့ တွေ့ကြဦးမှာပေါ့ကွာ"
တိုက်မောင်းသည် တဆတ်ဆတ် တုန်နေသော လက်ဖြင့် ထိုအစောင့်အား သေနတ်နှင့် ချိန်ကာ ကျည်မရှိဘဲ မောင်းကို အကြိမ်ကြိမ် ဆွဲ၏ ။ ငခေါင်းဖြူက ရာထူးချခံရမည်ကို သိလျက်နှင့် သေနတ်ကို ခြေကန်ချိုးပစ်လိုက်သည်။ ငသူရိန်ကတော့ တည်ငြိမ်စွာ ရပ်ကြည့်နေဆဲ။
အတွင်းတော်မှ ထွက်လာသည့် ဗိုလ်များထဲတွင် ဆုလာဘ်ပုဆိုး ပိုက်လာသူ ငထွန်းကျော်ကို မြင်သောအခါမှ ငသူရိန် ပြေးသွားပြီး
"ခင်ဗျားတို့ တပ်မှူးအတွက် ဘာမှ မလျှောက်တင်ပေးကြဘူးလားဗျ။ သည်အတိုင်း ငြိမ်ပြီး ကြည့်နေလိုက်ကြသလား"
ဟု အော်လေသည်။ ငထွန်းကျော်က
"သွေးသောက် စိတ်ထိန်းစမ်း၊ အလောင်းမင်းတရားကြီး အမျက်တော်ရှလို့ ဝန်ကြီး ဗိုလ်မှူးတွေတောင် အခုအချိန် ဝင်လျှောက်မပေးဝံ့ကြဘူးကွဲ့"
"သူတို့က သိမှမသိတာဗျ။ ခင်ဗျားက တပ်မှူး ဘယ်လောက် ဉာဏ်ချင်းပြိုင်ပြီး ရန်သူကို နှိမ်နင်းနိုင်ခဲ့တယ်၊ ဘယ်လောက် ခဲခဲကပ်ကပ် ကြိုးကုတ်အားထုတ်ခဲ့ရတယ် ဆိုတာ သိသိကြီးနဲ့ ဝင်ပြောမပေးရဲရင်တော့ တပ်မှူးလူ လုပ်ဖို့ မသင့်တော့ဘူး၊ သိလား"
"တော်ကွာ၊ ငသူရိန်။ တော်။ မင်းအတွက် နန္ဒသူက အဖမ်းခံပြီး အရေးတော်ရအောင် ဆောင်ရွက်ခဲ့ကြောင်း လျှောက်ပေးမတဲ့။ မင်းလည်း ငါ့လို ရာထူးရာခံနဲ့ ဟောဒီလို အဝတ်ပုဆိုး.."
သူရိန်က စိတ်ဆိုးမာန်ဆိုးဖြင့် ငထွန်းကျော်လက်မှ ပုဆိုးကို ပုတ်ချလိုက်သည်။
"တပ်မှူးအတွက် မပြောရဲရင် ကျုပ်အတွက်လည်း ဘာမှ လျှောက်တင်ပေးစရာ မလိုဘူး။ ခင်ဗျားလည်း တပ်ထဲ ပြန်လိုက်မလာသင့်ဘူး။ ခင်ဗျားနေရာမှာ တိုက်မောင်းကို ထည့်လိုက်ရင်တောင် အကြောင်းစုံတော့ တင်ဝံ့မှာပဲ။ သူရဲဘောကြောင်နေသူတွေကြောင့် တပ်မှူး ရာထူးပြုတ် အစော်ကားခံနေရပြီ။ အကွပ်ညှပ်ခံရရင် ခင်ဗျားတို့လည်း အပြစ်မကင်းဘူး မှတ်ထား"
အထက်ဗိုလ်အား ပြန်အော်ကာ ထွက်သွားသည့် သွေးသောက်တစ်ဦးအား ဗိုလ်များက မည်သို့မျှ မပြောနိုင်ဘဲ ငိုင်လျက် ကျန်ရစ်ခဲ့ကြသည်ကို မြင်သော ငတိုက်မောင်းသည် မည်သည့်အဓိပ္ပါယ်မှန်းမသိ၊ 'သျှရီ.. သျှရီ' ဟု မြည်တမ်းလျက် အံကြိတ်ကာ ခြေကို ဆောင့်နေလေ၏ ။
ထိုမှ ဆယ်ရက်မြောက်သော နံနက်တွင် အရှေ့ဝင်းမှူးသစ် မင်းကျော်အာကာ သူတို့တပ်သို့ ရောက်ရှိလာပြီး ရှမ်းပြည်မှ လက်ဆောင်တော်လှည်းများနှင့် မြင်းများစွာ ရောက်လာသဖြင့် မည်သူ အကြောင်းသိသနည်းဟု လာမေးနေလေသည်။ ငသူရိန်တို့လည်း စိတ်ပေါက်ပေါက်နှင့် မထဘဲ အိပ်နေလိုက်ကြသည်။
"ပက္ကလာဆောင်းထားတဲ့ ကိုယ်စားလှယ်တစ်ဦးက 'မိမိအသက်ဖိုး ကျေးဇူးဂုဏ်အင်နှင့်အမျှ' ဆိုတဲ့ စာနဲ့အတူ လက်ဆောင်တော် ပစ္စည်းတွေကို တံခါးအပြင်မှာ ထားခဲ့ပြီး ပြန်သွားတယ်။ လက်နက်အမြောက်အမြားလည်း ပါနေတယ်။ အဲဒီအကြောင်းရင်းကို ဘယ်သူသိသလဲ"
အပြင်မှ အသံကို ကြားနေရဆဲ။ မည်သူက ဖြေလိုက်သည်မသိ။ ဒေါသသံပါသော အဖြေကို ကြားရသည်။
"လက်ျာဘီလူးပဲ သိမယ်"

ဟူ၏ ။

Written by သင်္ခရာဇာ

End date: April 11, 2022 

ရှမ်းမင်းသား (၆)

          ညရောက်သောအခါ ငသူရိန်က ဖောက်ထွက်ကြရန် တင်ပြ၏ ။ လက်ျာဘီလူး လက်မခံ၊ မြင်းများ သူ့လက်၌ ရှိသေးသည် ဟုသာ ဆိုလေသည်။ ကြံစည်နိုင်လျက်နှင့် မကြံဘဲ အဖမ်းခံနေသော တပ်မှူးအား ငသူရိန် နားမလည်သော်လည်း စောဒက မတက်တော့။ သေလိုက သေစေ၊ ဖြစ်သမျှ ရင်ဆိုင်ရုံသာ ရှိတော့သည်ဟု နေလိုက်သည်။
ညစာထမင်းများ လာပို့ပြီး၍ အတန်ငယ်ကြာသော် မီးတုတ်ကိုင် အစောင့်များစွာ ဝင်လာပြီး လက်ျာဘီလူးအား လာခေါ်ကြသည်။ ငသူရိန်က သူလည်းလိုက်မည်ဟု မရမက ဆိုနေသည်။ ရှမ်းတို့က လက်မခံသော်လည်း လက်ျာဘီလူးက
"သူ မသင့်မတင့် မကြံစေရဘူးလို့ ငါ ကတိပေးတယ်။ ဘာလဲ.. မင်းတို့က တပ်မှူးထက် တပ်သားကို ပိုကြောက်နေတာလား"
ဟု မေးသဖြင့် မခံချင်သော ရှမ်းတစ်ယောက်က
"လိုက်ပါစေကွာ၊ ဒီကောင် ဘာမှ မလုပ်နိုင်ပါဘူး။ ငါ သေချာတုပ်နှောင်ပြီး ခေါ်ခဲ့မယ်"
သို့နှင့် နှစ်ယောက်သား ရှမ်းတို့နောက် လိုက်ခဲ့ကြ၏ ။ ထုံးစံအတိုင်း ရှမ်းမင်းသားက မေးမြန်းလို၍ ခေါ်ခြင်းဖြစ်သည်။ စစ်သတင်း ရန်သူ့သတင်း စုံစမ်းရန် ဖြစ်သော်လည်း ရဲရဲရင့်ရင့် ဝံ့ဝံ့စားစား လျှောက်ဝင်လာကြသူနှစ်ဦးကို မြင်သောအခါ စိတ်ပြောင်းသွားသည်။
"မင်းက မြန်မာတပ်မှာ ဘာရာထူးနဲ့ အမှုထမ်းနေတာလဲ"
"တပ်မှူးပါ"
"လူဘယ်နှယောက်ကို အုပ်ချုပ်ရလဲ။ တစ်ရာလား နှစ်ရာ့ငါးဆယ်လား"
လက်ျာဘီလူး မဖြေ။
"နောက်က သူကရော"
"သူက ကျွန်တော့် သွေးသောက်ပါ"
"လူ ဘယ်နှယောက်လဲ"
သူရိန်က မဖြေချင့် ဖြေချင်ဖြင့်
"ငါးကျိပ် ငါးယောက်"
"သြော.. သိပြီ။ ဟိုတစ်ခါ မေးတုန်းက တပ်သားဆို"
(လက်ျာဘီလူးကို လက်ဦးညွှန်ကာ) "သူ့တပ်သားပဲလေ"
"သွေးသောက်ကြီးမို့ အစွမ်းထက်နေတာပေါ့၊ မင်းတို့တပ်မှူးရော မင်းလောက် စွမ်းသလား"
ငသူရိန် အကြပ်တွေ့သွားပြီး မဖြေနိုင်။ အန္တရာယ်ကိုလည်း သိနေသည်။
"သူက ကျွန်တော့်ထက် လက်ရုံးရည် ပိုပါတယ်"
လက်ျာဘီလူးစကားကြောင့် ခွန်လောင် အံ့သြဟန် ပြပြီး ရယ်လေ၏ ။
"တပ်မှူးတစ်ဦးက တပ်သားထက် ညံ့ပါတယ် တဲ့လား.. သြော်၊ နားရှိလို့သာ ကြားလိုက်ရ။ တစ်သက်မှာ မမျှော်လင့်မိဆုံး စကားပဲ မောင်မင်း"
"သူ့ကို ကြိုးဖြေပေးပြီး စမ်းကြည့်လေ"
"မဟုတ်ဘူး၊ သူ့အကြောင်း သိပြီးပြီ။ ကျုပ် မင်းကို မသိသေးဘူး။ မင်းအစွမ်းအစ ပြစမ်း"
လက်ျာဘီလူး ပြုံးသွားသည်။
"ကျွန်တော့်အစွမ်းအစက ဘာဆိုတာတောင် ကျွန်တော် သတိမထားမိပါဘူး။ ဒါ့ကြောင့် မပြနိုင်တာ နားလည်းပေးစေချင်ပါတယ်"
"ရပါတယ်၊ မင်းအစွမ်းကို ငါ ဖော်ထုတ်ကြည့်ပါ့မယ်"
ဆို၍ ခွန်လောင် ထလာသည်။
"မင်းက လက်ရုံးအားကိုးထက် နှလုံးရည်သမား ဖြစ်ပုံရတယ်"
ဟု ဓားကို အိမ်မှချွတ်လျက် လက်ျာဘီလူး၏ ရင်ညွန့်ကို ထောက်ရင်း ပြောသည်။
"ငါ့လူတွေကို လှည့်ဖျားတယ်၊ ငါ့အကြံအစည်တွေကို နှောင့်ယှက်ခဲ့တယ်။ ငါ့အင်အားကို ယုတ်လျော့စေတယ်၊ အဆိုးဆုံးက ငါ့အယောင်ဆောင်တာပဲ"
"အသင်စော်ဘွားရော မြန်မာတပ်မှူးဟန် ပြုပြီး ကိုယ့်ပြည်သူတွေကိုယ် ထိပါးရတာ ဘယ်လို ခံစားရပါသလဲ"
"ဟဟဟ.. မင့်နည်းနဲ့ မင်းကို ပြန်ခြောက်တော့ ဘယ်လိုနေလဲ တပ်မှူး" 😫☹️😣😫☹️☹️😫
"အနည်းငယ်တော့ စိုးထိတ်မိပါတယ်"
ခွန်လောင်က မျက်ခုံးပင့်ကာ အနောက်ဘက်သို့ ပတ်လျှောက်သွား၏ ။ 'အနည်းငယ်တဲ့လား' ဟု ရေရွတ်ရင်း ကျောပြင်ကို ထိတ်လန့်ရုံမျှ ဓားနှင့် ဆတ်လိုက်သည်။ သို့ရာတွင် သူမျှော်လင့်သလို လက်ျာဘီလူး လန့်မသွားရဘဲ သူသာ အံ့အားသင့်သွားရလေသည်။
သူ့ဟမ်းငိုင်းဓားသွားက ကျောပြင်ကိုထိသည်နှင့် ချော်ထွက်လျက် သူ့ဘက် ပြန်လည်လာသောကြောင့်တည်း။ မကြုံဖူး၍ ရှမ်းမင်းသား မျက်လုံးဝိုင်းသွားပြီး နောက်တစ်ချက် ထပ်ခုတ်ရန် ပြင်သည်။ လက်ျာဘီလူးက ရှေ့ကို တစ်လှမ်းတက်လိုက်သဖြင့် မထိဘဲ လွတ်သွားပြန်၏ ။ ရုတ်တရက် အခြေအနေက ပြောင်းလဲသွား၏ ။
ရှမ်းမင်းသားက လွတ်သွားသော လက်ျာဘီလူးအား ဓားသုံးချက်ခန့် အဆက်မပြတ် လျင်မြန်စွာ ခုတ်ရာ လက်ျာဘီလူးက ဘေးရှိ အစောင့်ရဲမက် ကိုင်ထားသော မီးတုတ်ကို ဆွဲလုရင်း သုံးချက်လုံးကို ဆက်တိုက်ကာသွားသည်။
"သြ.. တယ်လည်း လက်သွက်တဲ့သူပါလား"
ပြောပြောဆိုဆို ဓားကို မြှောက်မိုးလိုက်လျင် လက်ျာဘီလူး မီးတုတ်ကို လွှတ်ချ၍ မရှောင်မကာ တံ့တံ့ရပ်နေလေသည်။ နဖူးစပ်ကို ဓားထိသည်အထိ မလှုပ်ရှားဘဲ စိုက်ကြည့်နေမှ ရှမ်းမင်းသား စိတ်လျှော့သွား၏ ။
"ကာဦးလေ၊ သူ့ကို ဓားပေးလိုက်ကြစမ်း"
ရှမ်းတစ်ဦးက ဓားပစ်ပေးရာ ခန္ဓာကိုယ်ကို ဘုတ်ခနဲ မှန်ကာ ကြမ်းပေါ်ကျသည်။
"လက်ရည်စမ်းလိုလျင် တိုက်ပွဲမှာသာ စမ်းပါ မင်းသား"
"အခု သိချင်တာ လက်ျာဘီလူး"
"အကျိုးမရှိသည်ကို မလုပ်လို"
လက်ျာဘီလူး ရပ်မြဲ ရပ်နေ၍ ခွန်လောင် ဓားသိမ်းလိုက်ပြီး
"မင်း ဘာတွေ ကြံစည်နေသလဲ"
"ဘာမှ အကြံအစည်မရှိ၊ စိတ်လက်ပေါ့ပါးစွာ ထားပါတယ်"
"မင့်သခင် လူချင်းလဲမယ်လို့ အကယ်ထင်သလား"
"မကြာခင် မြင်ရပါလိမ့်မယ်"
"သူ့မှာ အင်အား ဘယ်လောက် ပါသလဲ"
"ငါးရာ တစ်ထောင်လောက်ပါပဲ"
"တို့ကို နိုင်မယ် ထင်သလား"
"အသင်မင်းသားရော မြန်မာမင်းကို ခံနိုင်မယ် ထင်ပါသလား"
ခွန်လောင် ပြုံး၍
"ဒါက မင်းထင်နော်ရထာကိစ္စပဲ ​မေးတာ၊ နောင်အရေးတွေ မမေးသေးဘူး"
"သူက ယခုတောင် ရှမ်းရွာအတော်များများ သိမ်းပြီးနေလောက်ပြီ"
"မင်းတို့ သိမ်းနိုင်လည်း ခဏပါ မောင်မင်း။ တို့က ပြန်သိမ်းအုပ်မိမှာပဲ"
"ဘယ်သူ ခေါင်းဆောင်ပြီးတော့လဲ"
ခွန်လောင်က ဖြေမည်ပြုပြီးမှ တစ်မျိုးတစ်မည် ဖြစ်သွားကာ စကားပြောင်းလဲသွားသည်။
"မင်းက အပိုင်တွက်ထားတာပဲ။ အေးလေ.. ကြည့်သေးတာပေါ့။ ဘယ်သူက ပိုပြီး အစွမ်းထက်မလဲ၊ မင်းတို့အရှေ့ဝင်းမှူးလား။ ရှမ်းစော်ဘွားတို့ရဲ့ ဧကရာဇ် စော်ဘွားကြီး ဖြစ်လာမယ့် ငါလားဆိုတာ မင်း မြင်ရမှာပါ တပ်မှူးငယ်"
ထိုညတွင် လက်ျာဘီလူးတို့သည် အစောင့်အကြပ် ထူထပ်စွာဖြင့် စိတ်အေးလက်အေး အိပ်လိုက်ကြပြီး နံနက်အရောက် အော်ဟစ်သံများကြားမှ ထွက်ကြည့်ကြ၏ ။ သစ်ဝါးခုတ်ရန် လူအင်အားများစွာ လျော့နည်းနေသော တပ်ရွာအတွင်းသို့ မြန်မာရဲမက်များ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး သိမ်းလိုက်ကြခြင်း ဖြစ်လေသည်။
မြန်မာတို့ကို လှောင်ပိတ်ထားသည့် အိမ်အတွင်းသို့ ဗိုလ်များ ရောက်ရှိလာကြချိန်အထိ လက်ျာဘီလူး အိပ်ရာထဲမှ မထသေးချေ။ တပ်ရွာကို သိမ်း၍ ဝိုင်းထားပြီးပါကြောင်း လျှောက်တင်ကြမှ အပျင်းဆန့်လျက် ထလာသည်။ ထို့နောက် ရှေ့ဆုံးမှ သူအား လက်ျာဘီလူးက မေးသည်။
"ရှမ်းမင်းသားကို မိပြီလား"
"မမိသေးပါဘူး၊ ရှာတုန်းပါ"
"လူတစ်ရာနဲ့ အနီးဝန်းကျင် တပ်ဖြန့်ပြီး တပ်တည်ဖို့ ပြင်နေတဲ့ ရှမ်းတွေကို လိုက်ကောက်ချေ။ ကြွင်းသူတွေက တပ်ကို သေချာစောင့်၊ ရှမ်းမင်းသား မထွက်စေနဲ့"
"အမိန့်တော်အတိုင်းပါ"
ခွန်လောင်သည် ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသောကြောင့် မပြေးသာဘဲ အိမ်အတွင်းတွင် သေရည်တကောင်းကို ကိုင်ရင်း တည်ငြိမ်စွာ ထိုင်လျက် ရှိနေ၏ ။ သူ့ထံ လက်ျာဘီလူး ရောက်သွားသောအခါမှ
"မင်းတို့မင်းကြီး မင်းထင်နော်ရထာနဲ့ တွေ့ချင်တယ်"
ဟု တောင်းဆိုလေသည်။ လက်ျာဘီလူးလည်း အနောက်မှ ရဲမက်တစ်ဦး ယူဆောင်လာသော ပါလည်ကွေးများကို ပခုံးပေါ် ထပ်တင်ဝတ်ဆင်လိုက်ရင်း
"ကျွန်တော်ပါပဲ"

ဟု ဆိုလိုက်သည်။ 

(ဆက်ရန်..)  ရှမ်းမင်းသား (ဇာတ်သိမ်း) 

Written by သင်္ခရာဇာ

End date: April 12, 2022 

ရှမ်းမင်းသား (၅)

ရှေ့ဆုံးမှ ခြေရာခံလိုက်နေသော မုဆိုးငသင်က ချောင်းတစ်ခုအတက်တွင် ရပ်တန့်သွားသည်။
"သူတို့ ဒီဘက်ကို မတက်ကြဘူး တပ်မှူး"
"ဒါဆို ချောင်းအတိုင်း သွားကြမှာပေါ့"
ငသင် ချောင်းရိုးထဲ ဆင်းသွားပြီး လိုက်စမ်းသည်။
"ဒီချောင်းက ရွှံ့နဲ့ကျောက် ရောနေတော့ အောက်လည်း မမြင်ရ၊ မြေကိုစမ်းလို့လည်း ခြေရာခွက် မစမ်းမိ ဖြစ်နေပါတယ်။ သို့သော် စမ်းမိသလောက် သူတို့ သည်နေရာအရောက်မှာ ချောင်းအထက်ရော အောက်ပါ နှစ်ဖွဲ့ခွဲသွားကြပုံပါပဲ"
"လွယ်တဲ့သူတော့ ဟုတ်ဟန်မတူ၊ ဘယ်ဘက်ကို အများ သွားကြသလဲ"
"ချောင်းညာဘက်ကို ပိုတက်ဟန် တူပါတယ်"
"အင်အားများတဲ့ဘက်ကို လိုက်ရင် ခေါင်းဆောင်သူကို တွေ့ရမှာပဲ။ ဒါပေမယ့် အခြေအနေက ပုံမှန်မဟုတ်တော့ သူတို့ကို လျှော့မတွက်သင့်ဘူး။ သေသေချာချာ သိရမှ ဆုံးဖြတ်လို့ရမယ်။ လူနည်းတဲ့ဘက် လိုက်ပြီး ဖမ်းကြတာပေါ့"
သူတို့လူအုပ်သည် ဘယ်ဘက်သို့ ချိုးကွေ့လိုက်ကြပြီး ချောင်းအတိုင်း ခရီးဆက်ကာ မြေနီလမ်းတစ်ခု တွေ့ရသည့်နောက်သို့ လိုက်သွားကြသည်။ ရှေ့တွင် မြင်းသည်တစ်စုသည် မြင်းများကို အစာရေစာ တိုက်ကျွေး အနားပေးထားကြကြောင်း တွေ့ရ၏ ။ အဝတ်တန်ဆာများမှာ သူတို့ဘီလူးတပ်အတိုင်း ဖြစ်သော်လည်း မြန်မာများ မဟုတ်ကြ။
ထို့ကြောင့် ရှမ်းမင်းသားကဲ့သို့ ဝတ်ဆင်ထားသည့် လက်ျာဘီလူးတို့ ရုတ်တရက် ရောက်ရှိ ဝိုင်းပိတ်ထားလိုက်သောအခါ ထိုသူတို့သည် အံ့သြနေကြ၏ ။ ခုခံရန် ကြံသေးသော်လည်း အင်အားချင်း မမျှသည့်အပြင် အဆင်သင့် မဖြစ်ကြသေး၍ အဖမ်းခံလိုက်ရသည်။
စစ်မေးချက်များအရ ငသူရိန် သူတို့လက်ထဲ ရောက်နေကြောင်း သိရသည်။ ငသူရိန် ပြောသည့်အတိုင်း ပြင်ဆင် ဝတ်စားလျက် မြန်မာတပ်များဟန် ဆောင်နေကြောင်းလည်း ပေါ်ပေါက်၏ ။ လက်ျာဘီလူးက ရှမ်းမင်းသား၏ ဉာဏ်ကို သဘောကျသွားသည်။
"ဒီအတိုင်းဆို အတော် သတိထားရမယ့်ကိန်းပါလား။ ငါနဲ့ ပုံစံတူ အကြံဉာဏ်တူသူ တစ်ဦး ဖြစ်လိမ့်မယ်။ သူ့ဘက်က သာမသွားအောင် အင်မတန် ခက်ခက်ခဲခဲ ကြံစည် လုပ်ကိုင်ရလိမ့်မယ် ထင်ပါရဲ့"
ထိုနေ့က သူတို့ အပူတပြင်း အစီအစဥ်သစ်များ ရေးဆွဲ တိုင်ပင်ကြ၏ ။ ရှိသည့် လူ ၂၀ နှင့် သုံ့ပန်းများကို အသုံးချ၍ ထိခိုက်မှု အနည်းဆုံးဖြင့် ရှမ်းမင်းသားအား ဖမ်းဆီးနိုင်ရန် နည်းလမ်းပေါင်းစုံ ဆွေးနွေးခဲ့ရသည်။
ခွန်လောင်သည် ခိုင်မာတောင့်တင်းသော ခံတပ်ရှိသည့် ရွာကြီး၌ စခန်းချနေခိုက် ကင်းစခန်းဆီမှ အော်သံကြားရသည်။
"မြန်မာတပ်တွေ လာနေပြီ"
ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသော်လည်း အော်သံက ချက်ချင်းပြောင်းသွား၏ ။
"မဟုတ်ဘူး၊ တို့တပ်တွေပဲ။ အယောင်ဆောင် ရှမ်းတွေကို ဖမ်းလာတာဟေ့"
ရွှင်ရွှင်မြူးမြူး အော်သံကြောင့် ခွန်လောင် ပြေးထွက်ကြည့်သည်။ ရွာအဝင်တံခါးကြီး ပွင့်သွားပြီး မြန်မာဝတ်စုံ ဝတ်ဆင်ထားသည့် သူ့လူများက ရှမ်းဝတ်စုံနှင့် လူ ၂၀ ခန့်အား ဝါးလုံးများကို ပခုံးပေါ် တင်ကာ လက်နှင့်တွဲချီလျက် ဝင်လာကြသည်။
"ဟေ့.. ကြိုးတုပ်တဲ့ပုံက အဆန်းပါလား"
ကင်းစင်ပေါ်မှ တစ်ဦးက လှမ်းပြောရာ မြင်းပေါ်မှ မြန်မာစစ်သည် ဝတ်စုံနှင့် ရှမ်းက
"သူတို့က ငါတို့ကို ဖမ်းလာတာကွ၊ ဒီမှာကြည့်"
ဆိုကာ ဇက်ကြိုးနှင့် တွဲချည်ထားသော လက်နှစ်ဖက်ကို မြှောက်ပြလိုက်သည်။
"ဟာ"
ရှေ့မှ တန်းစီဝင်လာကြပြီး တုတ်ရှည်များ ထမ်းထားကြသည့် လက်ျာဘီလူး၏ လူများက အယောင်ပြ ချည်ထားသော ကြိုးများကို ပစ်ချလိုက်ကြပြီး တုတ်ရှည်များ ဆွဲကိုင်လိုက်ကြရာ သူတို့အနောက်မှ မြင်းများလည်း ဟီလိုက်ကြ၏ ။ မြန်မာမြင်းများ၏ နောက်မှ ပါလာသူ ရှမ်းများမှာ လက်နှစ်ဖက်ကို ကြိုးဖြင့် ပူးချည်ခံထားရသလို မြင်းများကိုလည်း နှစ်စီးတွဲ ချည်ထားသောကြောင့် အလွယ်တကူ မပြေးသာ။
ရှမ်းဝတ်စုံဝတ် မြန်မာများနှင့် မြန်မာဝတ်စုံဝတ် ရှမ်းများ ရွာအဝင်ထိပ်၌ ရင်ဆိုင်မိကြစဥ် ရွာအတွင်းမှ လက်နက်ကိုင်များလည်း ပြေးလွှားရောက်ရှိလာကြသည်။ မြန်မာ ၁၈ ဦးအား ရှမ်း ၃၀၀ ခန့် ဝိုင်းပတ်မိသွားသည်တွင် အိမ်အမြင့်ထက်မှ ကြည့်နေသော ခွန်လောင်က ရယ်လိုက်ပြီး
"ကျုပ်အယောင်ဆောင်တဲ့ မြန်မာဗိုလ် ဘယ့်နှယ့်ရှိစ၊ ဒီလူမျှနဲ့ ကျုပ်ကို ဖမ်းဦးမတဲ့လား"
ရှမ်းမင်းသားဟန် ပေါက်နေသူ လက်ျာဘီလူးကလည်း မခိုးမခန့် ပြုံးလိုက်ကာ
"ခင်ဗျားက ရှမ်းမင်းသား လား၊ သည်ရွာက ခေါင်းဆောင်လား"
ဟု ပြန်မေးသည်။
"ကျုပ် စော်ဘွား ခွန်လောင်ပဲ။ အများကတော့ ရှမ်းမင်းသား လို့ ခေါ်ကြတယ်"
"အို.. တွေ့ရတာ ဝမ်းသာလိုက်တာဗျာ။ အဝေးကြီး မရှာရဘဲ ဒီမှာ ဆိုက်ဆိုက်မြိုက်မြိုက် လာဆုံနေတော့ ကျုပ်တို့ လိုက်ရ သက်သာတာပ"
"ဟားဟား၊ လေကြီးသည့် မြန်မာဗိုလ်ငယ်.. သင် ယခု အဝိုင်းခံထားရတာတောင် သည်စကား ပြောဝံ့သေးသလား"
"ခင်ဗျား ကျွန်တော့်ကို ဝိုင်းရုံ ဝိုင်းမိတာပါ၊ လက်ရ မဖမ်းမိသေးပါဘူး။ ခင်ဗျားလူတွေ အများကြီးတော့ ကျုပ်တို့သခင် မင်းထင်နော်ရထာဆီ ရောက်သွားကြပြီလေ။ အဖမ်းခံရတောင် တန်ပါတယ်"
ခွန်လောင် ဒေါသထွက်သွားသကဲ့သို့ အနည်းငယ်လည်း တွေဝေသွားသည်။ သည် လူနှစ်ကျိပ်မျှကို ကွပ်မျက်လည်း အကြောင်းမထူး၊ သူ့လူပေါင်းများစွာ မြန်မာတပ်သို့ ရောက်သွားခြင်းမှာမူ သူ့အကြံအစည်ကို များစွာနှောင့်နှေးစေနိုင်လေသည်။
"မင်းအမည် ဘယ်လိုခေါ်သလဲ၊ ဗိုလ်လား"
"တပ်မှူးပါ၊ လက်ျာဘီလူး လို့ ခေါ်ပါတယ်"
မည်သူမျှ မကြားဖူးကြသည့် အမည်။
"မင်းထင်နော်ရထာ ဆိုတာကရော ဘာလဲ"
"အရှေ့ဝင်းတော်မှူး ဗိုလ်မှူးတစ်ဦး ဖြစ်ပါတယ်"
"ငါ့လူတွေကို သူ့ဆီ မင်းပို့လိုက်တာလား"
"ဟုတ်တယ်"
"ဒါဆို မင်းကို ကျုပ် သတ်ရလိမ့်မယ်"
"မိရင် သတ်လေ၊ ကျွန်တော် မရှိရင် ရှမ်းတွေကိုလည်း ကွပ်လိုက်ဖို့ မှာထားပါတယ်။ ခင်ဗျားကို အားပေးထောက်ခံတဲ့ ရွာတွေကိုရောပေါ့"
"ဘာ"
"သြော်.. စော်ဘွားလေးက ကျွန်တော် ဒီလူအင်အားလောက်နဲ့ ရှမ်းနယ်ထဲ ဝင်လာတယ် ထင်လို့လား၊ နောက်ပြီး ရှမ်းမင်းသားကို သည်လူတွေနဲ့ လိုက်ဖမ်းမယ် ထင်နေတာလား"
"ဒါဆို မင်းတို့ ဘာလုပ်ဖို့ လာတာလဲ"
"ခင်ဗျားဆီမှာ ကျုပ်လူတစ်ယောက် ရှိတယ်ကြားတယ်၊ သူ့ကို လာရှာတာ"
"ငသူရိန် ဆိုတဲ့သူလား"
"ဟုတ်တယ်"
"ညကပဲ သူ့ကို မေးဖို့ အခေါ်လွှတ်တာကို ကွပ်တော့မယ် ထင်ပြီး တိုက်ခိုက် ထွက်ပြေးသွားတယ်။ ဘယ်လို လွတ်သွားသလဲတော့ မသိဘူး။ တပ်ကို ကျော်ပြေးသွားလေရဲ့။ လိုက်တာလည်း ပြန်မရသေးဘူး"
"သူရိန် လွတ်သွားပြီ ဆိုရင်တော့ ခင်ဗျားကို ဖမ်းဖို့ပဲ လုပ်ရတော့မှာပဲပေါ့"
"မင်းအရင် အဖမ်းခံရမယ်၊ မင်းပြောတာတွေကိုလည်း ငါမယုံဘူး။ ဟေ့.. ဝိုင်းဖမ်းကြကွာ"
ရှမ်းမင်းသား အမိန့်ပေးလိုက်လျင် လက်ျာဘီလူးနှင့် တပ်သား ၁၇ ယောက်အား ဝိုင်းထားကြသည့် ရှမ်းများက ညာသံပေးကာ တိုးဝင်လာကြသည်။ သို့ရာတွင် ရှည်လျားသော တင်ကျည်းဝါးတုတ်များ၏ မာကျောမှုကို သူတို့ဓားများ မတိုးနိုင်ကြဘဲ တုတ်ရှည်များကသာ သူတို့ထံ ထိခိုက်မိကြ၏ ။
ဘီလူးတပ်သားများသည် တစ်စုတည်း ညီညီညာညာ ခုခံကာကွယ်နေကြရာ တစ်ဦးတစ်ယောက်မျှ သူတို့အတွင်း မဝင်နိုင်၊ မဖြိုခွဲနိုင်ဘဲ အစုလိုက် လှုပ်ရှားသွားရာနောက်သို့သာ ဝိုင်းလိုက်နေကြလေသည်။ မြန်မာတို့ မြင်းများကို ရရှိကာ ထွက်ပြေးသွားမည် စိုးသဖြင့် ခွန်လောင်က
"သူတို့မြင်းတွေကို သတ်ပစ်ဟေ့.. မပြေးစေနဲ့"
"ရပ်စမ်း"
ခွန်လောင်ထက် ကျယ်လောင်သော အမိန့်ပေးသံနှင့် လက်ျာဘီလူးက အော်ဟစ်ကာ မြင်းများဘက် လှည့်သွားကြသော ရှမ်းများထံ ပြေးဝင်သွားသည်။ သူ့တပ်သားများလည်း အစုကွဲသွားပြီး ပြေးလိုက်ကြ၏ ။ လက်ျာဘီလူးက မြင်းအနားမှ လူ လေးငါးဦးအား အဆက်မပြတ် ရိုက်ချလိုက်ပြီး
"မြင်းတွေကို မထိနဲ့"
ဆိုကာ အစုပျက်လျက် တကွဲတပြားစီ ပြေးလာသည့် တပ်သားများကို ကြည့်ရင်း
"ငါတို့ လက်နက်ချတယ်။ မြင်းတွေကိုလည်း မသတ်ရဘူး၊ လက်နက်ချတဲ့ ငါ့လူတွေကိုလည်း မသတ်ရဘူး"
ရှမ်းမင်းသားက မိန့်မိန့်ပြုံး၍ အထဲဝင်သွားသည်။ လက်ျာဘီလူးက တုတ်ကို မြေပေါ် စိုက်လိုက်စဥ်
"ဟေး"
တပ်ရိုးပေါ်မှ ပေါ်လာသည်က ငသူရိန်နှင့် မုဆိုး ငသင်။ ငသင်အား နောက်ကြောင်းပြန်ရန် လွှတ်လိုက်သော်လည်း ငသူရိန်နှင့် တွေ့ကာ ပြန်လိုက်လာခြင်း ဖြစ်သည်။ သူတို့နှစ်ဦးက ရွာထဲသို့ ခုန်ချလာပြီး နီးရာလူများကို တိုက်ခိုက်ရင်း လက်ျာဘီလူးတို့ထံ လာနေ၏ ။ ရှေ့မှ ငသူရိန်နှင့် ရင်ဆိုင်မိသမျှ လဲပြိုကုန်ပြီး နောက်မှ ငသင်ကလည်း လိုက်လာသူများကို ဓားယမ်းလျက် ကာကွယ်လာသည်။
ဓားလှံများဖြင့် ချိန်ထားခံရသည့် လက်ျာဘီလူးသည် သူ့လူနှစ်ယောက်အား
ရပ်ကြည့်နေ၏ ။ ရှမ်းမင်းသားသည်ပင် ပြန်ထွက်လာပြီး ကြည့်နေပြီ။ သူ့ဘေး၌ လူနှစ်ဦးက သေနတ်များကိုင်ကာ ချိန်ထားကြသည်။ လက်ျာဘီလူးသည် လွတ်သွားပြီးမှ ပြန်ဝင်လာသည့် ငသူရိန်အား မိုက်သည်ဟု မဆို။ အဘယ်ကြောင့် ဝင်လာသည်ကို သိသကဲ့သို့ အပြစ်တင်ခြင်းသည် အချည်းနှီးဖြစ်ကြောင်းလည်း နားလည်၏ ။
"ငသူရိန်ရေ.. မင်း ပြန်လာကယ်ပေမယ့် တို့များ လက်နက်ချပြီးပါကောကွဲ့"
"ချစရာ မလိုဘူး တပ်မှူး၊ ကျွန်တော်တို့ ရအောင် ထွက်နိုင်တယ်"
"သူတို့က လူမထွက်သာအောင် မြင်းတွေကို ပစ်မလို့ ကြံနေတာ၊ ငါတို့လွတ်နိုင်ပေမယ့် မြင်းတွေကိုတော့ အသေမခံနိုင်ဘူး"
"မြင်းတွေ မထိအောင် တပ်မှူး စွမ်းဆောင်နိုင်မှာပါ"
"မရတော့ဘူး သူရိန်၊ သူတို့ အညှာသိသွားကြပြီ။ မြင်းတွေကိုပဲ ချိန်ပစ်ကြတော့မှာ"
လက်ျာဘီလူးက သေနတ်ဖြင့် ချိန်ထားကြသူများကို မေးငေါ့ပြကာ ပြောရာ လူအုပ်ကြားမှ သူရိန်မှာ ဆက်မတိုက်တော့ဘဲ ရပ်နေသည်။ ထိုအခါ ရှမ်းတစ်ဦးက မှိန်းဖြင့် ဝင်ထိုးမည် ကြံရွယ်ရာ ငသူရိန် ဓားကို ချလျက် အသင့်စောင့်နေလိုက်၏ ။ ရှမ်းမင်းသားက
"ဟေ့.. မတိုက်တော့တဲ့သူကို မလုပ်ရဘူး ဆိုတာ နားမလည်ဘူးလား"
ဟု လှမ်းအော်မှ မှိန်းကိုင်လူ တန့်သွားသည်။ ဆက်ဝင်လာလျင် သူသာ အသက်ပျောက်မည်ကို သိဟန်မတူ။ ရှမ်းမင်းသား အောက်သို့ ဆင်းလာပြီး လက်ျာဘီလူးရှေ့ ရပ်၍
"မင်းဟာ အင်မတန် ရဲရင့်ပုံ ပေါ်တယ်။ မင်းကို အခု ငါတို့ ဖမ်းဆီးထားပြီး တို့လူတွေနဲ့ လဲသင့် လဲရလိမ့်မယ်။ မင်းရဲ့ သခင်ဆီ ငါတောင်းဆိုတာတွေ မရဘူးဆိုရင်တော့ သည်လူအားလုံး သေလူချည်း"
"လူချင်း လဲချင်ရင်တော့ ကျွန်တော်တို့ကို အကျဥ်းသားလို မထားဘဲ သံတမန် မိတ်ဆွေများလို ဆက်ဆံပါမှ မင်းကြီး မင်းထင်နော်ရထာက လက်ခံပါလိမ့်မယ်။ ညှင်းပန်းနှိပ်စက် အကျဥ်းထားတယ် ကြားရင် သူ့လက်ထဲ ရောက်မိသမျှကို သတ်ညှစ်မယ့်သူပါ။ ကျွန်တော်တို့ကို ကွပ်လိုက်ပြီ ကြားလျင်လည်း ရှမ်းရွာအတော်များများ မီးလောင်တိုက်သွင်းခံရဖို့ မြင်ပါတယ်"
"မင်းပြောတာကို ငါမယုံဘူး"
"ဒီတပ်မှာ အခြားရွာတွေက မြန်မာတပ်နဲ့ ကြုံဖူးသူတွေ ရှိရင် မေးကြည့်ပါ"
ခွန်လောင်က ချက်ချင်း လူ လေးငါးဦးခန့် ခေါ်မေးသည်။ မြန်မာတပ်များက ခြိမ်းခြောက်ကြပုံ၊ ရွာများကိုတော့ မထိပါးသေးဘဲ လွှတ်ပေးထားပုံ၊ သူပုန်ဟု ယူဆလျင် ရွာပျက်မည်ဟု ယုံရပုံတို့အပြင် မြန်မာတပ်များစွာ ရွာအနှံ့ ရောက်ရှိ ဖြတ်သန်းလာနေကြကြောင်း ခွန်လောင် သိသွား၏ ။
"ဟေ့.. တပ်မှူးငယ်၊ မင်းတို့သခင် ဒီကို လိုက်လာနေသလား။ ဘယ်ရောက်နေပြီလဲ"
"နောက်ဆုံးသိရတာတော့ သည်ကနေ ၅ စခန်းခန့်အကွာမှာ တပ်ချနေတာပါ။ ကျွန်တော့်ဆီက အကြောင်းကြားတာ ရရင် လိုက်လာပါလိမ့်မယ်။ အကြောင်းမကြားနိုင်ဘဲ ပျောက်သွားရင်တော့.."
"တော်ပြီ၊ ငါသိတယ်။ မင်းတို့အားလုံးကို အိမ်ကြီးတစ်လုံးမှာ အစောင့်အကြပ် များစွာနဲ့ ပိတ်ထားရလိမ့်မယ်။ မင်းအရှင် ငါချိန်းတဲ့နေရာကို လာဖို့ ချက်ချင်း အကြောင်းကြားပေးပါ။ သူတို့ကို သေချာ ခေါ်သွားစမ်း၊ လုံးဝ မလွတ်စေနဲ့တော့။ လူတွေနဲ့ မြင်းတွေကို ခွဲထား။ ပေါ့လျော့လျင် သေဒဏ်"
တစ်လက်စတည်း အခြားသူများကိုပါ အမိန့်ပေးလိုက်သည်။
"မြန်မာတပ်တွေရဲ့ အင်အားကို ခံနိုင်အောင် မနက်ဖြန် နံနက်စောစောက စပြီး သစ်ဝါးရှာ တပ်ကြီး တည်ကြရမယ်။ ရှေ့ရံတပ်နှစ်ထပ် ကာပြီး သည်ရွာကို ခံတပ်အဖြစ် ခိုင်ခိုင်မာမာ တည်ရမယ်။ တစ်ရက် နှစ်ရက်အတွင်းမှာ အားလုံး ပြီးစီးကြစေ အိုက်ပုံတို့"

            လက်ျာဘီလူးကတော့ သူ့လူများကို အသာတကြည် အဖမ်းခံရန်နှင့် ငြိမ်ဝပ်စွာ နေကြရန် ဆိုလျက် ရှေ့ဆုံးမှ ခေါ်ရာလိုက်သွားသည်။ ရှမ်းတို့သည် အခြားသူများကို ကြိုးမတုပ်ဘဲ ငသူရိန်တစ်ဦးတည်းကိုသာ ကြိုးတုပ်လျက် အနောက်ဆုံးမှ ဆွဲခေါ်လာသည်။ ထို့နောက် ကျယ်ဝန်းသော အိမ်တစ်လုံးပေါ်မှ အိမ်ရှင်များအား ဆင်းစေပြီး မြန်မာစစ်သည်များကို အလုံပိတ် ထည့်သွင်းထားလိုက်လေတော့သည်။

 (ဆက်ရန်..)  ရှမ်းမင်းသား (၆) 

Written by သင်္ခရာဇာ

End date: April 11, 2022

ရှမ်းမင်းသား (၄)

        တောတွင်းတစ်နေရာရှိ အဖြူရောင် အုတ် ကျောက်တို့ဖြင့် တည်ဆောက်ထားသော ရှမ်းမင်းသား၏ နန်းတော်ကြီး ထီးထီးမားမား တည်နေရာ။ ကြီးမားလှသော ကညင်ဆီမီးတိုင်များစွာ၏ အရောင်ကြောင့် ထိန်ထိန်ညီးလျက် ရှိသည့် ဧည့်ခန်းဆောင်၏ သလွန်ထက်ဝယ် ရှမ်းမင်းသားနှင့် ကြင်ယာတော် မင်းသမီးနှစ်ပါးတို့ စံစားနေခိုက် သူ၏ လူယုံကြီး ဝင်လာပြီး တစ်စုံတစ်ရာ လျှောက်တင်၏ ။
ရှမ်းမင်းသားသည် ကြားလိုက်ရသော သတင်းကြောင့် ဆတ်ခနဲ ထ ထိုင်လိုက်မိသည်။
"ဘာ၊ ဗမာနေပြည်တော်က လာတာ၊ ဟုတ်လား။ ဒါ အန္တရာယ်ရှိနိုင်တဲ့ အ​နေအထားပဲ။ မင်းတို့ကြားတဲ့သတင်း ခိုင်မာရဲ့လား။ သက်သေ ပြစရာ ပါလား"
လူယုံကြီးက လျှောက်၏ ။
"ပါလာပါတယ်။ မြန်မာတပ်သားတစ်ဦးကို ဖမ်းမိလာပါတယ်။ လေးဦးလိုက်ဖမ်းရာမှာ သူတစ်ယောက်သာ ဖမ်းမိလာခဲ့တယ် ဆိုပါတယ်။ သူတို့တွေက ရှမ်းမင်းသားသတင်း လိုက်မေးနေကြတယ် တဲ့"
"သြ.. သြ၊ တယ် အနံ့ခံကောင်းတဲ့ သူတွေပါလား။ ကောင်းပြီလေ၊ အဲဒီ သုံ့ပန်းကို ရွာ (၃) မှာထား။ မနက်ဖြန် နံနက် ငါတို့ ခရီးထွက်မယ်။ သူတို့ကို ဦးအောင် ရှာဖွေ ဖမ်းဆီးရလိမ့်မယ်။ မဖမ်းနိုင်လို့ ဒီထိ ရောက်လာရင် အရေးခက်လိမ့်မယ် အိုက်ပုံ"
လူယုံကြီးက အရိုအသေပေး၍ ထွက်သွားပြီး စော်ဘွားလေး ခွန်လောင်သည် တစ်စုံတစ်ရာကို လေးနက်စွာ တွေးတော ကျန်ရစ်လေသည်။ မိဖုရား နှစ်ပါးလည်း မင်းသား၏ အမူအရာ အပြောင်းအလဲကြောင့် မကပ်ရဲကြတော့ဘဲ မသိမသာ ထသွားကြရ၏ ။
"အိုက်ပုံ.. အိုက်ပုံ၊ လာစမ်း"
အပြင်မှ ရပ်စောင့်နေသူ လူတစ်ဦးကို မှာကြားနေသော လူယုံတော်ကြီး ပြန်လည် ပြေးဝင်လာ၏ ။ မင်းသားက
"ငါတို့ လူတွေ အားလုံးဆီ အကြောင်းကြားထားလိုက်။ လိုအပ်လို့ ငါခေါ်တာနဲ့ ချက်ချင်း လာနိုင်အောင် ပြင်ထားကြစေ။ ရွာတိုင်းက ငါတို့လူတွေ တစ်ရွာကို တစ်ကျိပ်စီ နက်ဖြန် ရွာ (၃) မှာ ဆုံကြရမယ်လို့ အမိန့်တော်ပြန်လိုက်စမ်း"
"မှန်ပါ၊ အရှင့်အလိုတော်အတိုင်း ဖြစ်စေရပါမယ်"
ခွန်လောင် အသေအချာ စဥ်းစားရပြီ။ ဤအရေးသည် သာမန်မဟုတ်၊ သူ့၌ အန္တရာယ်ကျရောက်လာနိုင်သည့် အရေးမျိုး ဖြစ်သည်။ မိမိ၏ အကြံအစည်များ အထမမြောက်သေးမီ မြန်မာတို့ မည်သည့်သတင်း သဲလွန်စမှ ရသွား၍မဖြစ်။ ထို့ကြောင့် လိုအပ်သည်တို့ကို မိမိကိုယ်တိုင် ဆောင်ရွက်တော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။
ထိုအချိန်တွင် လက်ျာဘီလူးသည် ရှမ်းမင်းသား၏ သစ္စာတော်ခံများအား ဖမ်းဆီးထားမိသည့်အလျောက် အမျိုးမျိုး စစ်ဆေးမေးမြန်းလျက် ရှိ၏ ။ သို့သော် သူတို့ကိုယ်တိုင်လည်း ရှမ်းမင်းသားကို တစ်ကြိမ်သာ တွေ့ဖူးကြရုံမက အမည်နာမလောက်သာ သိရှိကြကာ နေရပ် အစီအစဥ်တို့ကိုမူ မည်သူမျှ မသိကြကြောင်း ထွက်ဆိုနေကြလေသည်။
သူတို့ အမြင့်ဆုံး သိထားသည်မှာ အိုက်ပုံ ဆိုသည့် လက်ရုံးတော်ကြီး တစ်ဦးနှင့် ဆက်သွယ်နိုင်မည့် ရွာတစ်ရွာ ဖြစ်၏ ။ ပန်းလောင်ရွာ ဟူသော တောင်များဝိုင်းလျက် ချောင်ကျသည့် ရွာတစ်ရွာတွင် လက်ရုံးတော်ကြီး၏ အထောက်တော်များ ရှိနေကြပြီး ရှမ်းမင်းသားနှင့် ထိုနေရာတွင် အဆက်အသွယ် ပြုလုပ်ရကြောင်း၊ အမိန့် ညွှန်ကြားချက်များကို အိုက်ပုံနှင့် အထောက်တော်များက ယူလာလေ့ရှိကြောင်း တညီတညွတ်တည်း ဆိုသည်။
ထို့ကြောင့် လက်ျာဘီလူးနှင့် လူ ၂၀ သည် ပန်းလောင်ရွာရှိရာအရပ်သို့ ခရီးဆန့်ခဲ့ရပြန်၏ ။ ပန်းလောင်သို့ မရောက်မီ နှစ်စခန်း၌ ရွာကြီးတစ်ရွာသို့ ဝင်ရောက်တည်းခိုနေကြလေသည်။ တစ်ရက်လုံးလုံး စီစဥ်စရာ ရှိသည်တို့ကို စီစဥ်ပြီးသောအခါ နောက်တစ်နေ့နံနက်၌ ပန်းလောင်သို့ ဆက်လက် ထွက်ခွာရန် ပြင်ဆင်ကြရ၏ ။
သို့သော် သူတို့အားလုံး ပြောင်းလဲခဲ့ကြပြီ။ ရှမ်းအဝတ်အစား ဆောင်ဓားတို့မှစ၍ အားလုံး ဆင်ယင်ကြရသည့်အပြင် မြင်းများကိုပင် ရှမ်းမြင်းတို့ က သည့်အတိုင်း ကုန်းနှီးပဝါ တင်ကြရသည်။ တပ်သားများ ပြင်ဆင်ပြီးသောအခါ ရွာလူကြီးအိမ်ထက်မှ လက်ျာဘီလူး ပေါ်လာလေ၏ ။
သူ့လူများသည် ထွက်လာသူမှာ တပ်မှူးမှန်း သိကြသော်လည်း များစွာ အံ့သြကြကုန်သည်။ လက်ျာဘီလူးသည် ရှမ်းစော်ဘွားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားပြီး ဓားကိုပင် ရွှေဇဝါအကွပ်တပ် ရှမ်းဓားနက် ကိုင်စွဲထားသည်။ ခေါင်းပေါင်းဖြူ၊ တိုက်ပုံဖြူလွလွ၊ ရှမ်းဘောင်းဘီအနီတွင် ရွှေကြိုးနှင့် ဖြစ်ရာ အလွန်ခန့်ညားသပ်ရပ် ကြည့်​ကောင်းနေသည်။
လူပုံကလည်း နှုတ်ခမ်းမွေးစစနှင့် ခန့်ခန့်ချောချောဟန် ပေါက်နေ၏ ။ ပြုံးထေ့ထေ့ အမူအရာကိုက တကယ့်စော်ဘွားငယ်တစ်ဦးအတိုင်း ဖြစ်ရာ တပ်သားများက အိမ်အောက်မှ သြဘာပေးလိုက်ကြသည်။ ရွာသူရွာသားများလည်း ငေးမောနေကြလေသည်။
ထိုပုံစံအတိုင်း မြင်းကို လေးဘက်ကျ စီးလျက် တောထဲသို့ လှလှပပ ဝင်သွားကြ၏ ။ တောင်များကို စီတန်းသွားလာ ကျော်ဖြတ်ခဲ့ပြီး ယင်းတစ်ည တောထဲ၌ပင် စတည်းချကြသည်။ နောက်တစ်နေ့ နေမဝင်မီ ပန်းလောင်သို့ ရောက်ကြရာ ရှမ်းမင်းသား ကိုယ်တော်တိုင် ကြွချီလာသည် ဟူသော သတင်းမှာ ရွာထဲ ရုတ်ချည်းပျံ့နှံ့သွားလေသည်။
အကြီးအကဲ တစ်ဦးက ပြေးလာကာ မြင်းရှေ့ လက်အုပ်ချီလျက်
"စော်ဘွားလေး မိန့်မှာတော်မူလိုက်တဲ့အတိုင်း ရွာက လူငယ် ၁၀ ဦးကို အသင့်ပြင်ပြီးပါပြီ။ နံနက်ပဲ အပို့လွှတ်တော့မလို့ပါဘုရား။ အရှင်နဲ့ တစ်ပါတည်း ခေါ်ဆောင်သွားမယ် ဆိုရင်လည်း အဆင်သင့်ပါဘုရား"
"အိမ်း၊ မပို့နဲ့ဦး.. နံနက်မှာ သူတို့ကို တခြားအရပ်ဆီ လွှတ်စရာရှိတယ်။ အသင့်ပြင်ထားလိုက်ပါ သူကြီးမင်း"
"ကောင်းပါပြီဘုရား"
စကားအသွားအလာအရ ထိုရွာမှ လူငယ် ၁၀ ယောက်အား တစ်နေရာသို့ ပို့လွှတ်သည် ဖြစ်လိမ့်မည်။ ထို့ကြောင့် လက်ျာဘီလူးက အခြားအရပ်သို့ နေရာလွှဲကာ သွားရောက်စေပြီး ရှမ်းမင်းသား၏ အကြံအစည်အချို့ နှောင့်နှေးစေရန်နှင့် အင်အား ယုတ်လျော့စေရန် ကြံလိုက်၏ ။
သူတို့အဖို့ ကံကောင်းသည်မှာ ပန်းလောင်သို့ ရှမ်းမင်းသားကိုယ်တိုင် တစ်ကြိမ်မျှ မလာဖူး ဟု သိရသည်။ မနေ့က ရှမ်းမင်းသား၏ လက်ရုံးတော်ကြီး လာသွားကြောင်းလည်း ကြားရ၏ ။ လက်ျာဘီလူးက တပ်သားအချို့နှင့် စုံစမ်းခိုင်းရာ အိုက်ပုံ မည်သည့်အရပ်မှ လာ၍ မည်သည့်ဘက်သို့ ထွက်သွားကြောင်းများ သိခဲ့ရသည်။
ရောင်နီလာသည်နှင့် ရွာမှ လူငယ်များအား သူတို့ လာခဲ့ကြသည့် အရပ်ဆီသို့ စေလွှတ်လိုက်ပြီး လက်ျာဘီလူးတို့လူစုက အိုက်ပုံ လာခဲ့သည်ဆိုသော အရပ်ဘက်သို့ ထွက်ခဲ့ကြသည်။ ရွာတစ်ရွာ တွေ့တိုင်း ဦးစွာ စနည်းနာပြီးမှ ရှမ်းမင်းသား မရောက်ဖူးသေးသော ရွာဖြစ်လျင် ဟန်ဆောင်၍ ဝင်သည်။ ရောက်ခဲ့ဖူးကြောင်း ကြားသိရသော် မဝင်ဘဲ လူရိပ်လူယောင်သာ ပြကာ အမိန့်ထုတ်၍ သူ့အကြံကို အကောင်အထည် ဖော်နေလေ၏ ။
ထိုအချိန်တွင် ရှမ်းမင်းသားသည် သူ၏ ဟော်နန်းတော်မှ ရွာ (၃) ဟု လျှို့ဝှက်သတ်မှတ်ထားသော အရပ်သို့ ထွက်လာသည်။ လမ်းတစ်လျှောက် ၌ ရှမ်းမင်းသားကိုယ်တော် ထွက်ချီလာပြီ၊ စစ်ရေးအစီအစဥ်များ ပြင်ဆင်နေပြီ ဟူသော သတင်းများကို ကြားနေရသောအခါ အံ့သြမိ၏ ။ မိမိက ယခုမှ ကြွလာခြင်း ဖြစ်သော်လည်း တစ်စုံတစ်ယောက်သည် မိမိအယောင် ဆောင်ကာ လှည့်လည်သွားလာနေလေပြီ။
ရွာ (၃) သို့ ရောက်သောအခါ သူ၏ အစီအစဥ်များလည်း ကမောက်ကမ ဖြစ်လျက်ရှိသည်ကို တွေ့ရသည်။ လိုအပ်သည့် အင်အားစု ရှိမနေ၊ လူများ ပြန့်ကျဲနေပြီး တစ်ယောက်တစ်ပေါက် ဖြစ်နေကြသည်။ သတင်းမျိုးစုံလည်း ကြားနေရရာ မည်သည်က အမှန်ဟု မဆုံးဖြတ်နိုင်။ အချို့က ကျိုင်းတုံစော်ဘွားကြီးအား ဦးစွာ တိုက်လိမ့်မည်ဟု ဆိုနေကြသလို အချို့ကလည်း အုန်းဘောင်နယ်သို့ အလျင်သိမ်းမည်ဖြစ်ကြောင်း ငြင်းခုန်နေကြ၏ ။
ယင်းသတင်းများမှာ တစ်ခုမှ သူ၏ အကြံအစည်များ မဟုတ်၊ အချို့သည် ရန်တိုက်ပေးခြင်း ဖြစ်ပြီး အချို့သတင်းတို့မှာ ယုံမှားသင်္ကာ ရှိကြစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သဘောပေါက်မိသည်။ အဘယ့်ကြောင့် လူများစွာကို မိမိအယောင်ဆောင်ကာ ရွာတစ်ရွာသို့ စေလွှတ်နေမှန်းတော့ စဥ်းစားမရ။ အများစု ပြောဆိုနေကြသည်မှာလည်း အမှန်ပင် ထူးဆန်းနေလေသည်။
လက်ျာဘီလူးသည် လျှို့ဝှက်လွန်းသော ရှမ်းမင်းသား၏ နေရပ်ကို မည်သို့မျှ မသိနိုင်သဖြင့် ကျားကို တောမှ ထုတ်သည့်နည်း၊ ဆင်ကို အုပ်မှ သင်းခွဲ၍ ဖမ်းသည့်နည်းများကို သုံးကာ ရှမ်းမင်းသား ထွက်လာစေရန် ကြံစည်နေ၏ ။ ရုတ်တရက် သတင်းထူးတစ်ခုကို သူကြားရသည်။ မြန်မာတပ်မှူးတစ်ဦးသည် ရှမ်းနယ်ထဲသို့ ဝင်ကာ လုယက် ဖျက်ဆီးနေသည် ဆိုသည့် သတင်း။
သူတို့သည် အနက်ရောင် မိန်ညိုများ ဝတ်ဆင်ထားပြီး ဘီလူးပုံပါ မောက်တိုများလည်း ဆောင်းထားကြသည် ဟူ၏ ။ သူ၏ တပ်သားများပင်၊ အမိန့်မရဘဲ မည်သူ ဦးဆောင်၍ ထိုကဲ့သို့ ဝင်ရောက် ပြုကျင့်သည်ကို သိရန် လိုအပ်လာသည်။ သူ အခေါ်လွှတ်လိုက်သည့် တပ်များမှ ဦးစီးတစ်ယောက်ယောက်က သူ့စိတ်ကူးနှင့်သူ လုပ်နေလေသလား။
မြန်မာတပ်များ ဝင်လာ သောင်းကျန်းနေသည် ဆိုသော နေရာမှာ မြေပုံပေါ်တွင် သူတို့နှင့် ငါးစခန်းမျှသာ ကွာသည်။ စုံစမ်းရန် လွှတ်လိုက်သည့် တပ်သား နှစ်ယောက်မှာ ပြန်မလာ၊ နောက်တစ်ဦး ထပ်စေရာမှာလည်း ထိုနည်းအတိုင်း။ ထို့ကြောင့် လက်ျာဘီလူး ခေါင်းပူအောင် တွေးနေရပေပြီ။
တစ်ရက်တွင် မြန်မာတပ်သားများသည် ရွာငယ်လေးတစ်ရွာမှ ရိက္ခာစုဆောင်းရင်း မသယ်နိုင်သည့် စပါးကျီတစ်ခုကို မီးတိုက်လိုက်ကြသည်။ သူတို့၏ အကြောင်းပြချက်မှာ ရှမ်းမင်းသားအတွက် အထောက်အပံ့မရစေရန် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည် ဆို၏ ။ အဆိုပါ လုပ်ရပ်ကြောင့် ရွာသားများမှာ ကျေနပ်မှု မရှိကြဘဲ မြန်မာတပ်သား ၅၀ ကျော်အား ဝိုင်းထားကြလေသည်။
လေး မြား ဓား လှံ ကိုင်စွဲထားကြသော မြန်မာတပ်သားတို့ကလည်း တုတ်ဓားဒူးလေး စသည်တို့ ကိုင်ဆောင်လာကြသည့် ရွာသားများအား ကြိမ်းမောင်းခြိမ်းခြောက်ကာ ထွက်သွားကြသည်။ သူတို့နှင့်အတူ ရှမ်းလူငယ်တစ်ဦးကို ကြိုးတိုပ်လျက် မြင်းနှင့် ဆွဲခေါ်သွားကြ၏ ။ သူတို့ ထွက်သွားပြီး ထမင်းတစ်အိုးချက်ခန့် အကြာ ရှမ်းမင်းသား၏ တပ်များ ရောက်လာကြလေသည်။
ထိုအခါ ရွာသူရွာသားများက ဝမ်းသာအားရ တိုင်တောကြ၏ ။ ရှမ်းမင်းသားကမူ တွေဝေစဥ်းစားနေပုံ ရသည်။ ခဏကြာမှ တပ်သားတစ်ဦးကို သီးသန့်ခေါ်ကာ နှစ်ယောက်တည်း တွေ့ဆုံလေသည်။
"သူတို့ ဘာပြောနေကြသလဲကွ ငစိုင်း"
"မြန်မာတပ်သားတွေ အများကြီး ဝင်ပြီး အနိုင်ကျင့်သွားလို့ လိုက်ပြီး တိုက်ခိုက်ဆုံးမပေးဖို့ တောင်းဆိုနေကြတာပါ။ သူတို့လည်း လိုက်ကြမယ် တဲ့"
"အင်း.. ခက်တော့ ခက်နေပြီ။ ကိုယ့်လူကိုယ် မှားတိုက်မိမှာလည်း စိုးနေရတယ်။ ဒါပေမယ့် ဒီကိစ္စကို အမြန်ဖြေရှင်းမှ သံသယ ကင်းတော့မယ်။ ဒီလိုလုပ်၊ မြန်မာတပ်တွေ သွားတဲ့ဘက်ကို မေးပြီး ငါတို့အလျင် မြင်းနဲ့ လိုက်ကြမယ်။ ရွာသားတွေကို နောက်က လိုက်ခဲ့ဖို့ ပြောခဲ့။ ငါကတော့ တို့လူတွေကို ကွပ်ကဲဟန်ပြုနေမယ်။ မင်းပဲ သူတို့ကို စီစဥ်လိုက်ကွာ"
"ကောင်းပါပြီ တပ်မှူး"

မြန်မာမြင်းသည်တို့နောက်သို့ ရှမ်းမြင်းသည်များ လိုက်သွားကြပြီး သူတို့နောက်မှ ရွာသားများ၏ မြင်းများ လူများစွာလည်း ထပ်လိုက်ကြပြန်သည်။ ရွာသားတို့သည် လမ်းခရီးတွင် သူတို့၏ ကြက်ဝက် ကျွဲနွားများ လွှတ်ပစ်ခဲ့သည်ကို အံ့သြစွာ မြင်ကြရ၏ ။ အချို့က မိမိတို့ တိရစ္ဆာန်များကို ဖမ်းဆီးကာ ရွာသို့ ပြန်ဆွဲခေါ်သွားကြသည်။  

(ဆက်ရန်..)  ရှမ်းမင်းသား (၅) 

Written by သင်္ခရာဇာ

End date: April 11, 2022

ရှမ်းမင်းသား (၃)

ရွာအပြင်လှမ်းလှမ်းမှ စောင့်နေခဲ့ကြသည့် တပ်သားများလည်း လက်ျာဘီလူးထံ ပြေးလာကြပြီး မီးကျည်ပစ်ဖောက်သံ ကြားရကြောင်း ပြောကြ၏ ။ ခဏချင်း လက်ျာဘီလူးနှင့် လူ ၁၀ ဦးခန့် ရွာတွင်းဝင်၍ ရှာဖွေကြပြီး အခြားသူများကမူ ရွာပြင် ပတ်လည်နှင့် တောအုပ်များကို စီးနင်းရှာဖွေရန် တာဝန်များ ခွဲယူလိုက်ကြသည်။
လက်ျာဘီလူးက ငဖျော်တို့ကို ခေါ်၍ မသင်္ကာသူများကို ရှာ၏ ။ ရွာသူရွာသားများကိုလည်း မေးမြန်းစုံစမ်းကြ၏ ။ ရွာသားများက ခရီးသွားနှစ်ဦး လာသည်ဟု ဖြေကြသော်လည်း ယခုရွာတွင်မရှိ၊ ညနေကပင် ဆက်ထွက်သွားကြပြီဖြစ်ကြောင်း အခိုင်အမာ ဆိုနေသည်။
ငဖျော်နှင့် ငနွေးအုံအား လိုက်လံ ဖမ်းဆီးခဲ့သည့် ရွာသားတစ်အုပ်ကိုလည်း ရွာတွင် မတွေ့ကြရ။ ရွာတွင်း၌ ကာလသားများ အတန်ပင် လျော့နည်းနေပြီး မိန်းမသူတို့သာ များစွာ ရှိနေကြောင်း တွေ့ရှိရသည်။ မြန်မာစကား တတ်သူ ရှားပါးလှကာ မေးသမျှ ငြင်းကွယ်နေကြကုန်သည်။ သူတို့တပ်များ တစ်ညလုံး မီးတုတ်များနှင့် လိုက်လံ ရှာဖွေကြသော်လည်း ငသူရိန်တို့နှစ်ဦးကိုမူ မတွေ့ကြရတော့ချေ။
လက်ျာဘီလူးသည် နောက်တစ်နေ့ နံနက်၌ တောင်ယာစိုက်ခင်းများ ရှိရာဘက်သို့ တစ်ဦးတည်း ထွက်သွားရာ ယာထဲတွင် တဲထိုးနေသော တောင်သူရှမ်းကြီးတစ်ဦးနှင့် တွေ့သည်။ သူက လူကြီးအား ရှမ်းမင်းသားတစ်ဦး ဤရွာသို့ လာဖူးပါသလားဟု မေးရာ လူကြီးက 'မနှစ်က ထင်ပါရဲ့.. ခွန်လောင် ဆိုတာ တစ်ယောက်တော့ ရောက်လာတယ်၊ တပည့်တပန်းတွေ အများသားပဲ' ဟု ဆို၏ ။ ရွာတွင် တစ်ညအိပ်သွားကြောင်း ပြောပြပြီး အခြား အကြောင်းချင်းရာ မသိ၊ မိမိမှာ တောင်ယာထဲတွင်သာ အနေများကြောင်း ဆိုလေသည်။
လက်ျာဘီလူးက ထိုရှမ်းမင်းသား လာခဲ့သည့် အရပ်ကို မေးမြန်း၍ သူရိန်တို့ ထွက်သွားသည်ဟု ရွာသားများ ညွှန်ပြသည့် မြောက်အရပ်သို့ နောက်ပါအားလုံးနှင့် လိုက်ခဲ့ကြသည်။ ထိုနေ့ည စခန်းချနေကြစဉ် ငရောင်နီ ပြန်ရောက်လာ၏ ။ အကြောင်းစုံကို မေးမြန်းရာ ငရောင်နီက
"ရွာထဲ ဝင်ပြီး နည်းနည်းလောက် စုံစမ်းမိတာနဲ့ ကျုပ်တို့က မေးရတယ် မရှိပါဘူး၊ သူတို့မေးသမျှကိုသာ ဖြေနေရတာ များတာပဲ။ သူတို့ကလည်း လှည့်ပတ်မေးကြတယ်။ ကာလသား လူလတ်ပိုင်းတွေ စုရုံး ရောက်လာကြတယ်။ အခြေနေ မဟန်တာနဲ့ ကျုပ်တို့ ခရီးဆက်သွားရဦးမယ် ဆိုပြီး ထွက်လာတော့ နောက်က တစ်ဖွဲ့ကြီး လိုက်လာကြတော့တာပဲ"
"မင်းတို့ ဘာလို့ လှည့်ပြန်မလာလဲ"
"ခရီးသွားတွေလို့ ဆိုခဲ့ပြီးမှ လာလမ်း လှည့်ပြန်ဖို့ မဖြစ်တော့ဘူးလေ။ သူတို့ယုံအောင် ထွက်သွားပြီးမှ ပတ်ပြန်လာမလို့ဟာ.. သူတို့က မြင်းတွေနဲ့ တရကြမ်း လိုက်လာတော့ သည်တစ်ကြိမ် အမိဖမ်းမှာ သေချာတယ် ဆိုပြီး ကိုယ်လွတ်ရုန်း ပြေးကြရတာပ"
"ငသူရိန်ရော ဘယ်ရောက်သွားလဲ"
"ကျုပ်ကို သူ့မီးရှူးကျည်ပေးပြီး လွတ်အောင်ပြေးတော့၊ သူ ခုခံထားမယ် ပြောတယ်။ အဲဒီနေရာမှာပဲ ကျုပ်မီးကျည်ကို ဖောက်ပြီး ဆက်ပြေးခဲ့တာ၊ ငသူရိန်တော့ ကျန်ခဲ့ရဲ့။ သူက နည်းနည်းခုခံပြီး သတင်းသိရအောင် တမင် အဖမ်းခံလိုက်မယ် လို့ ဆိုပါတယ်။ ကျုပ် မလွတ်နိုင်တော့မှ ကျန်တဲ့မီးကျည်ကို ဖောက်လိုက် လို့ မှာသွားတယ်"
"ဒါဖြင့် ငသူရိန် သူတို့လက်မှာပေါ့"
"ဟုတ်တယ်၊ သူ လှီးလွှဲပြောပြီး သူတို့ခေါင်းဆောင် နေရာအရပ်ကို သိရအောင် လုပ်မတဲ့။ ပြန်ပြီး သတင်းမပို့နိုင်တော့ရင်လည်း လူတစ်ယောက် အသက်တစ်ချောင်းပါပဲ လို့ တပ်မှူးကို လျှောက်တင်ပေးပါတဲ့"
လက်ျာဘီလူး ထလာသည်။
"သြော်.. ငသူရိန်၊ စွန့်လွှတ် စွန့်စားဝံ့လှချည့်။ ငါတို့ သူ့ကို တစ်ယောက်တည်း မစွန့်ခိုင်းသင့်ဘူး။ သင်းတို့ ဘယ်မှာ ရှိမယ် ဆိုတာ သိအောင် လုပ်ရမယ်။ အမြန်ဆုံး ဆက်လိုက်ကြရမယ် ငါ့လူတို့"
ငရောင်နီကပင်
"ကျွန်တော်မျိုး ကျောက်တောင်တွေကြားမှာ ပုန်းနေတုန်းက လူသံ မြင်းသံတွေ ကျွန်တော်ရှိရာကို လွန်ပြီး ဆက်သွားကြတာ ကြားလိုက်တယ်။ တောင်ကွယ်နေလို့ မမြင်လိုက်ရပေမယ့် လူအုပ်စုကြီးတစ်ခုပဲ"
"ဒါဆို သူတို့ပဲပေါ့။ ရွာမပြန်ဘဲ ဆက်သွားကြပုံ ပေါက်ရင် ရှမ်းမင်းသားရှိရာကို သွားလိမ့်မယ်ထင်တယ်၊ ဘာဖြစ်ဖြစ် ငါတို့ အမြန်ဆုံး လိုက်ကြရမှာပဲ။ မင်းတို့ ခုည မနားဘဲ ဆက်ထွက်နိုင်ကြရဲ့လား"
"ထွက်နိုင်ပါတယ် တပ်မှူး၊ ကျွန်တော်တို့ နားခဲ့ပြီးပါပြီ"
သို့ဖြင့် သူတို့လူစုသည် စခန်းချနေရာကို ဖျက်သိမ်းကြလျက် ချက်ချင်း ခရီးဆက်ခဲ့ကြ၏ ။ အေးချမ်းသော တောင်ပေါ်ရွာလေးတစ်ရွာကို မိုးမသောက်မီ ဖြတ်သန်းခဲ့ပြီး နေထန်းတစ်ဖျား ကျော်ချိန်ဝယ် ရွာကြီးတစ်ရွာသို့ ရောက်ရှိလာကြသည်။
ဘ မြန်မာတပ်များသည် လူ ၅၀ လုံး ဝင်မသွားဘဲ ငနွေးအုံနှင့် ငဖျော်တို့ တပ်သား ၁၀ ဦးခန့်ကိုသာ ရွာတွင်း ဝင်သွားစေလျက် လက်ျာဘီလူးတို့ကမူ ရွာမှ မျက်ကွယ်အရပ်တွင် စောင့်ဆိုင်းနေကြ၏ ။ ရွာနှင့် သူတို့ရှိနေသည့် နေရာ.. နှစ်နေရာလုံးအား မြင်ရသည့် တောင်အမြင့်ထက်သို့ တပ်သားတစ်ဦးကို တက်ကြည့်နေရန် စေလွှတ်ထား၏ ။
ငဖျော်တို့ ဝင်သွားကြသောအခါ ကျေးရွာသားများသည် ဝိုင်းကြည့်နေကြရာမှ အုံလာသည်။ ထိုအထဲတွင် သူတို့အား လိုက်ဖမ်းခဲ့သူအချို့ကို တွေ့သည်နှင့် ငနွေးအုံက မီးရှူးပစ်ဖောက် အချက်ပြလိုက်၏ ။ အသံနှင့်အတူ တောင်စောင်းမှလူက အချက်ပြလိုက်ရာ လက်ျာဘီလူးတို့ တပ်များလည်း တညီတည်း ကြွေးကြော် ဝင်သွားကြသည်။ ငဖျော်တို့အား ဝိုင်းထားသော လူအုပ်ကြီးသည် လက်နက်ကိုင် မြင်းသည်များ၊ လူများ ပြေးဝင်လာကြသည်ကို မြင်သည်နှင့် ရှဲသွားကြလေ၏ ။
လူရွယ်အချို့ လက်ထဲ၌ တုတ်ဓား လက်နက်များ တွေ့ရ၍ သေနတ်သမားများက အသင့်ချိန်ထားလျက် သိမ်းဆည်းလိုက်ကြရသည်။ လက်ျာဘီလူးက သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးသူငယ်များကို ဝေးရာတွင် နေစေလျက် လူငယ်လူရွယ်တို့ကို ဝိုင်းထားလိုက်ကာ စစ်ဆေး မေးမြန်းကြသော်လည်း ရှမ်းမင်းသား၏ သတင်းလည်း မသိရ၊ သူရိန်ပင် အစပျောက်နေတော့၏ ။
ထို့ကြောင့် ရွာ၏ သူကြီးကလန်များကို အခေါ်လွှတ်လိုက်ပြီး မြင်းလျင်အချို့ကို နေပြည်တော် ရတနာသိင်္ဃနှင့် ပြည်ကြောင်းချီ တပ်များထံ စေလွှတ်လိုက်သည်။ ပြည်သို့သွားသော လူ ၃၀ အား မည်သည့်နေရာ ရောက်နေသည်ဖြစ်စေ တောင်ငူကြောင်း၊ ပင်းကြောင်း၊ ငသရောက်ကြောင်းတို့မှ အမြန်ဆုံး လိုက်လာရန်နှင့် နေပြည်တော်မှ အရှေ့ဝင်းတော်မှူးတပ်များကိုလည်း ချီလာစေရန် အမိန့်ထုတ်ပြန်လိုက်သည်။
မြင်းလျင်များ ထွက်သွားပြီး မကြာမီ သူကြီး ရောက်လာ၏ ။ မြန်မာစစ်သည်များနှင့် သူတို့ရွာရှိ ကာလသားများ အချင်းများနေသည့် လက္ခဏာကြောင့် ထိတ်လန့်ကြောက်ရွံ့လျက် ရှိသည်ကို တွေ့၍ နှလုံးမငြိမ်မီ အလိုရှိသည်ကို ခြောက်လှန့်မေးအံ့ဟု သူကြီးကို သီးသန့်ခေါ်ဆောင်ကာ အိမ်တစ်အိမ်၏ အောက် စားပွဲဝိုင်းတွင် စတင်စစ်ဆေးလေသည်။ သူကြီးမှာ မြန်မာစကား ပြောတတ်သဖြင့် စကားပြန် မလိုချေ။
"ကျုပ်တို့ဟာ တော်လှန်ပုန်ကန်ရန် ကြံစည်နေသည့် ရှမ်းစော်ဘွားအနွယ်တစ်ဦးကို နှိမ်နင်းရန် ရောက်လာခြင်း ဖြစ်တယ်။ အနောက်မှာ ထောင်တပ်ကြီး ရှစ်တပ်လည်း ပါလာတယ်။ သည်ရွာဟာ သူပုန်အမာခံလူများ ရှိတယ်လို့ အတိအကျ သတင်းရထားတဲ့အတွက် ဦးဆုံး ဝင်ရောက် ဖမ်းဆီးရခြင်း ဖြစ်ပါတယ်။ ကျုပ်ပြောသည်များကို နားရှင်းရဲ့လား"
"မှန်ပါ.. ရှင်းပါသည်ဘုရား။ ချမ်းသာပေးပါ"
"ကျုပ်လည်း မလုပ်ချင်ပါဘူး။ ဒါ့ကြောင့် ဘယ်သူမှ မနစ်နာအောင် ညှိနှိုင်းဖို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်တယ်။ ဦးကြီးက ကျုပ်မေးတာကို သိသလောက် ဖြေပြီး ရှမ်းမင်းသား သစ္စာခံထားတဲ့ လူအချို့ကို ပြောပြပေးမယ် ဆိုရင် ကျုပ်က သူတို့ကို အပြစ်မယူဘဲ သတင်းပဲ မေးပြီး အသက်ကို လွှတ်ပေးမယ်။ လုံးဝ မပြောကြဘဲ ငြင်းနေကြမယ်ဆိုရင်တော့ သူပုန်ရွာအဖြစ် သတ်မှတ်ပြီး တစ်ရွာလုံးကို သစ်ငုတ်မကျန် မီးရှို့ဖျောက်ဖျက်လိုက်ရလိမ့်မယ်"
သူကြီးသည် လွန်စွာ ထိတ်လန့်တုန်လှုပ်သွား၏ ။ စိုးရိမ်ပူပန်ဟန်ကို မြင်သည်နှင့် သည်သူကြီးမှာ သူပုန်ဘက်သို့ လုံးလုံးလျားလျား စိတ်ရောက်နေသည့်သူ မဟုတ်မှန်း သိလိုက်ပြီး ထိုသို့သော သူများကို ဆွဲထုတ်ရန် ကြံစည်မိပြန်သည်။
"အခု ဦးကြီးတို့ ရွာသားတွေနဲ့ တိုင်ပင်လိုက်ဦး။ သို့ပေမယ့် သူပုန်ရွာလို့ အသေအချာ ညွှန်ကြားထားတာမို့ အိမ်တစ်အိမ်မှာ ရွာသားတွေနဲ့ တံခါးပိတ် ဆွေးနွေးတာလောက်ပဲ ခွင့်ပြုနိုင်မယ်၊ ကျုပ်တို့က ရံပြီး စောင့်ကြပ်နေရလိမ့်မယ်။ ကဲ.. ဆွေးနွေးကြဦးမလား၊ အခု တစ်ခါတည်း အဖြေပေးမလား"
သူကြီးက ဆွေးနွေးမည် ဆိုသဖြင့် ကာလသားများနှင့် သူကြီးကို အိမ်ကြီးတစ်လုံးထဲတွင် ထည့်ပိတ်၍ သူတို့က ဝန်းအပြင်မှ ဝိုင်းထားလိုက်ကြသည်။ မကြာမီ တီးတိုးစကားသံများ ကျယ်လောင်လာပြီး ငြင်းခုန်သံအချို့ စကြားရ၏ ။ အပြင်မှ နားစွင့်နေသော လက်ျာဘီလူးလည်း ပြုံးလိုက်ပြီး တံခါးတွန်းဖွင့် ဝင်သွားကာ ကျယ်လောင်စွာ ပြောနေသူနှင့် အခြားရွာမှ လူများကို ဆွဲထုတ်လာစေ၏ ။
"သူပုန်နဲ့ ဆက်သွယ်တဲ့ သူများကို ကျုပ်တို့ သိထားပြီးသား၊ ရွာတွေ စာရင်းလည်း ရပြီးပြီ။ ဘယ်သူက အမာခံ၊ ဘယ်သူက ဘာအဆင့် ဆိုတာသာ အတိအကျ သိလိုလို့ ခင်ဗျားတို့ကို မေးနေတာ။ အခု သည်လူလို မေးတာ မဖြေ၊ ညှိနှိုင်းမရဘူးဆိုရင်..."
ကျယ်လောင်စွာ ပြောနေခဲ့သူကို ဓားဦးဖြင့် ညွှန်ပြလျက်
"ခင်ဗျားတို့ အားလုံးနဲ့ သားမယားတွေ အကုန် ကွပ်မျက်ခံရလိမ့်မယ်။ ကျုပ်တို့ သိထားတာ မှန် မမှန် ဖြေပေးရင်တော့ ခင်ဗျားတို့ မကျူးလွန်ကြရသေးတဲ့ ပုန်ကန်မှုအတွက် သက်ညှာဖို့ လျှောက်တင်ပေးပြီး သည်ရွာကို လွတ်အောင် လုပ်ပေးနိုင်တယ်။ အခြားရွာများကိုလည်း သည်လိုပဲ လုပ်မှာပါ။ ဒါ့ကြောင့် ပူးပေါင်းပါဝင်မယ်ဆိုရင် မည်သူမျှ မထိခိုက်ဘဲ ပုန်ကန်မှုကိုလည်း ကြိုတင်ကာကွယ်ပြီး ဖြစ်သွားပါလိမ့်မယ်"
"ဟေ့.. တို့က ဘယ်သူ့ကို ပုန်ကန်နေလို့လဲကွ။ တကွဲတပြား ဖြစ်နေတဲ့ ပဉ္စလရာဇ်ပြည်ကြီးကို ပြန်ထူထောင်ချင်တဲ့ ဆန္ဒပဲ ရှိတာ။ ဘယ်သူ့ လက်အောက်ခံမှလည်း မဟုတ်ဘူး။ ပုန်ကန်စရာလည်း မရှိဘူး"
လူတစ်ဦးက ထပြောလာ၍
"ကောင်းပြီ၊ ခင်ဗျားတို့ မဖြေဘူးပေါ့။ ဒါဆိုလည်း ပြုသည့်ကံအလျောက်ပါပဲ။ ကျွန်တော် မတတ်နိုင်တော့ဘူး"
လက်ျာဘီလူးက လှည့်ထွက်သွားမည့်ဟန် ပြုရာ သူကြီးက ထလာပြီး
"ဟေ့.. ဟေ့၊ သူငယ်။ နေပါဦး.. ငါတို့တွေ သဘောတူကြပါတယ်။ ရွာကိုသာ ဒုက္ခမပေးပါနဲ့။ မောင် မေးတာ သိသလောက် ဖြေပါ့မယ်"

              အချို့က သူကြီးကို မကျေမချမ်း ကြည့်ကြသည်။ အချို့ ခေါင်းငုံ့နေကြ၏ ။ လက်ျာဘီလူးကမူ သူကြီးကို မကြည့်၊ ရွာသားများ၏ မျက်နှာကိုသာ လိုက်ကြည့်နေပြီး မကျေနပ်ဟန် ပေါ်သည့်သူ အားလုံးကို ဆွဲထုတ်စေလိုက်သည်။ သေနတ်များဖြင့် ချိန်ထားပြီး ဓားလှံ တင်ကျည်းများ စွဲကိုင်ထားသည့် စစ်သည်များမို့ အားမတန်၍ မာန်ချလိုက်ကြရသော်လည်း ဖမ်းခံရသူ ရွာသားလူငယ်တို့မှာ ဒေါသကြောင့် မျက်နှာများ နီမြန်းနေကြလေသည်။

 (ဆက်ရန်..)  ရှမ်းမင်းသား (၄) 

Written by သင်္ခရာဇာ

End date: April 10, 2022

ရှမ်းမင်းသား (၂)

   ထိုညတွင် လက်ျာဘီလူးက သူ့တပ်သားများကို အဖွဲ့ ၅ ဖွဲ့ ခွဲလိုက်၏ ။ တစ်ဖွဲ့က ခင်ဦး၊ မြေဒူး၊ ရေဦးတို့ကို ဖြတ်၍ ချင်းတွင်းကြောင်း သွားရန်၊ ဒုတိယအဖွဲ့က မုံရွာ၊ တည်တော၊ အမြင့်၊ အနိမ့်များမှ တစ်ဆင့် ပုဂံသို့ ချီရန်၊ နောက်တစ်ဖွဲ့သည် ကျောက်မြောင်း၊ မလည်၊ တကောင်းကို ဖြတ်၍ ကသာ၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်တစ်ဝိုက် စုံစမ်း စနည်းနာရန်၊ စတုတ္ထမြောက် အဖွဲ့သည် တောင်သုံးဆင့် ကန်သုံးဆင့်မှ မိုးမိတ်ကြောင်း တက်၍ ရှမ်းပြည်မြောက်ပိုင်းတစ်ဝိုက် လှည့်လည် သတင်းစုဆောင်းရန်နှင့် သူပါဝင်သော အဖွဲ့မှာ စစ်ကိုင်း၊ အင်းဝတို့မှ တဖြည်းဖြည်း ဆင်းသွားပြီး ပြည်မြို့ကို လွန်ကာ မြန်မာနယ်နိမိတ် အစပ်ထိ သွားရောက်ကြရန် ဖြစ်သည်။
ချင်းတွင်းကြောင်း လူ ၅၀၊ ပုဂံကြောင်း ၅၀၊ ကသာသို့ ၁၅၀၊ မိုးမိတ်ကြောင်း ၁၅၀၊ ပြည်သို့ စုန်ဆင်းမည့် လူ ၁၀၀၊ စုစုပေါင်း လူ ၅၀၀ တွင် မြင်း ၂၀၀ ကို တစ်မြို့ တစ်ရွာစီ၌ အထောက်တော်အဖြစ် နေခဲ့ရန်၊ ထူးခြားသည့် သတင်း၊ စစ်ရေး အကြောင်းချင်းရာ ပေါ်ပါက ချက်ချင်း သူရှိရာသို့ လိုက်၍ အကြောင်းကြားရမည်ဟု မှာကြားလိုက်၏ ။ သူကမူ ရတနာသိင်္ဃမှ စစ်ကိုင်းသို့ သုံးစခန်းကြာအောင် နားနေသွားလာပြီး စုံစမ်း၏ ။ စစ်ကိုင်း၌ သုံးရက် နေ၏ ။ ထို့နောက် အင်းဝသို့ ကူး၍ ငါးရက်ခန့် နေပြန်သည်။
ထိုအတောအတွင်း အခြား လေးဖွဲ့မှ မည်သည့် သတင်းမှ မလာ။ ချင်းတွင်းကြောင်းမှ ခွဲသွားသော မြင်းတစ်စီးက ချင်းနယ်ဘက် ဆင်းသွားပြီး သတင်းတစ်ခု ကြားလာသော်လည်း သူလိုချင်သည့် သတင်းမျိုး မဟုတ်။ လူမျိုးစု ပြဿနာမျှသာ ဖြစ်နေသည်။ သူသည် ချင်းတို့ လူမျိုးရေး ပဋိပက္ခအပေါ် ဝင်ရောက်စွက်ဖက်လိုစိတ် မရှိ၊ တိုင်းရင်းသားတို့၏ အရေးအခင်းအပေါ် အခွင့်ကောင်း ယူလိုခြင်း မရှိသောကြောင့် မြင်းသည်ကို ပြန်လွှတ်လိုက်သည်။
ရတနာပူရ အင်းဝမှ ခွာ၍ စုန်ဆင်းမည်ပြုစဥ် မြင်းလျင်များ အလျှိုလျှို ရောက်လာကြ၏ ။ မိုးကောင်း၊ မိုးညင်းနယ်များ၌ စော်ဘွားကြီးများက ဆန့်ကျင်လိုဟန် မရှိသော်လည်း အချို့ ရှမ်းကချင်တို့က လူစု ပုန်ကန်လိမ့်မည်ဖြစ်ကြောင်း၊ တောင်ငူရာဇာ ဆုံးပါးသွားသဖြင့် ပိုနိမ့်ပိုမြင့်တပ်မှ မင်းကြီးရဲထင်၊ ရာဇာဓိရာဇ်၊ မင်းရဲကျော်စွာတို့ ဆင်မြင်း လူသူများစွာနှင့် ဝင်ရောက်လာကြောင်းများ ကြားသိရသည်။
အချိန်မှာ ၁၇၅၄ နှစ်ဦး၊ အင်းဝကို သိမ်းပြီးစ အချိန်ဖြစ်ရာ အထက်ဒေသများ ကျိုးနွံမှု ရှိထားမှ အောက်ပြည်စုန်ဆင်းချိန်တွင် နောင်ရေးအေးမည်ဟု ကြံစည်မိ၍ ရောက်လာကြသူများအား နေပြည်တော်သို့ ပြန်စေကာ နေ့ဘက်ရောက်သော် မဝင်ကြနှင့်၊ ညချမ်းအချိန်မှ ခြေတော်ရင်းသို့ ဦးခိုက်ကာ မိုးကောင်း မိုးညှင်းနယ်သို့ စစ်ချီစေလျက် စော်ဘွားစော်ခံများကို သစ္စာတော် ပေးသင့်ကြောင်း မင်းထင်နော်ရထာက လျှောက်ကြားလိုက်သည်ဟု ချေငံစွာ ​ပြောဆိုတတ်စေရန် သင်ကြားပေးလိုက်သည်။
ထိုအရေး မနှောင့်နှေးစေရန် သူ၏ တပ်သားတစ်ဦးကို မွေးမြူခိုင်းခဲ့သော သိမ်းငှက်ဖြင့် အမတ်ကြီး လက်ဝဲသုန္ဒရထံသို့လည်း စာပို့လိုက်၏ ။ လက်ဝဲသုန္ဒရမှာ အရေးပါ အရာရောက်သူ ဖြစ်ရာ သူလျှောက်တင်ပါက မင်းတရား လက်ခံလိမ့်မည်ဟု မျှော်လင့်ရပေသည်။
လက်ျာဘီလူး ပြည်သို့ ဆင်းလာ၍ နှစ်စခန်းမျှ အရောက်တွင် ရှမ်းပြည်မှ လာသော ထူးခြားသတင်းတစ်ခု ကြားရသည်။ ပတ္တမြားတွင်း၊ ပယင်းတွင်း၊ ခဲမဖြူ အဖြိုက်နက် မိုင်းတွင်းများကို ပိုင်ဆိုင်သော ရှမ်းစော်ဘွားငယ်တစ်ဦးသည် လူသူလက်နက် စုဆောင်းလျက် သင်္ဘောကုလား၊ ယိုးဒယားတို့ထံမှ အမြောက်စိန်ပြောင်းများ ဝယ်ယူလိမ့်မည် ဟူသော ကောလာဟလတစ်ခုအကြောင်း မြင်းလျင်ဆက်သားက အမှုမဲ့အမှတ်မဲ့ ပြောလာခြင်း ဖြစ်သည်။
လက်ျာဘီလူးက မြင်းသည်ထံမှ လာရင်းအကြောင်းထက် ထို ရှမ်းမင်းသားဟု နာမည်ထွက်နေသော မယုံကြည်လောက်သည့် ကောလာဟလကို ပို၍ စိတ်ဝင်စားသွား၏ ။ ထိုသတင်းသည် အမှန်ပင် ထူးခြားလှသည်ဟု ထင်မြင်မိသည်။ မည်သူကမှ စတင် ကြံစည်ခြင်း မရှိ၊ အစပြုခြင်း မရှိဘဲ ထိုသို့သော အကြောင်းအရာသည် ဖြစ်ပေါ်ပျံ့နှံ့လာစရာမရှိပေ။ မုချမသွေ တစ်ဦးဦးကတော့ အမှန်တကယ် ကြံစည်လျက် ရှိနေပြီဟု ထင်မြင်မိ၏ ။
ကြားရသောသတင်းသာ မှန်ပါက ကမ္ဘောဇတိုင်းသည် ရုတ်တရက် ချက်ချင်း စုစည်းမိကာ အင်အားကြီးလာနိုင်သည်ဟု သုံးသပ်မိသည်။ ရှမ်းတို့တွင် ဆင်ကြီးမြင်းကောင်း များသည်။ လူသူလက်နက်အင်အား ရှိသည်။ ကျောက်သံပတ္တမြား ပေါများ ချမ်းသာ၍ အလိုရှိသည်ကို ရနိုင်သည့် အကြောင်းခိုင်မာ၏ ။ ယခု စော်ဘွားများ မစုစည်းမိသေး၊ စော်ဘွားတို့အပေါ် ရာဇာဓိရာဇာ ပြုမည့်သူ မပေါ်သေးခြင်းက မိမိတို့ ကံကောင်းနေသည့် အချက်ပင်။
သို့သော် ကြွယ်ဝ ထက်မြက်သော ဘုန်းလက်ရုံးရှင် တစ်ဦးဦးကသာ စတင် စုရုံးသိမ်းသွင်းလာပါက မိမိတို့အတွက် စစ်ကြီးနှစ်ခွ ရှိလေတော့မည်။ မွန်တို့ အင်အားကြီးသကဲ့သို့ ရှမ်းတို့ အင်အားကြီးလာလျင် မြန်မာနယ်များကို ထိပါးလာနိုင်သည်။ ထိုအကြောင်းကို အလောင်းမင်းတရားထံ လျှောက်တင်ရန် သတင်းမှန်ကန် ခိုင်မာမှု ရှိသလားဟု မေးရာ အရပ်စကား တီးတိုးစကားသာ ဖြစ်ပြီး မည်သည့် အထောက်အထား အချက်အလက် သက်သေမှ မရှိဟု ဆို၏ ။
သူ စဥ်းစားရပြီ။ ပါလာသော လူ ၈၀ ကျော်အနက် ၃၀ ကျော်အား ပြည်သို့ စေလွှတ်လိုက်ပြီး သူနှင့် လူ ၅၀ က ရှမ်းပြည်ဘက် ဦးလှည့် ဖြန့်ထွက်သွားကြလေသည်။ ထိုသတင်း အစအနကို ရသမျှ ဆွဲထုတ်၍ မိမိထံ အဆက်မပြတ် ပေးပို့နေရန်လည်း အထူးမှာကြားထား၏ ။ မိမိသွားမည့် လမ်းကြောင်းကို အတတ်နိုင်ဆုံး အတိအကျ ဖြစ်စေရန် တွက်ချက်ကာ မိမိလူများကို ပြောပြထားသည်။ ရှေ့မှလည်း မြင်း ၁၀ စီးခန့်ကို ကြိုတင် သွားလာစေကာ သတင်း မပြတ်စေရ။ သို့မှသာ ရှေ့ရှိ ရွာများ၏ ခရီးအကွာအဝေးနှင့် တည်နေရာကို သိနိုင်ပြီး သူ့လူများ အဆက်အသွယ် မပြတ်ရဘဲ အမြန်ဆုံး ရောက်လာနိုင်ကြလိမ့်မည်။
စုံစမ်းကြသောအခါ ရှမ်းမင်းသား၏ သတင်းသည် မြို့ရွာအများစုတွင် ပျောက်နေပြီး မသိပါဟု ဖြေသူသာ များ၏ ။ အချို့ကလည်း ကြားမိပါသည်၊ ဧကန် မသိ ဟူ၏ ။ မဖြစ်နိုင်ပါ၊ မိမိတို့နယ်ကို မရနိုင်ပါ၊ မိမိတို့ စော်ဘွားကြီးက အင်အားသာလွန် ကြီးမားပါသည် ဟု ဆိုသူလည်း မရှား။ မည်သို့ဆိုစေ ဖြစ်နိုင်စရာ ပို၍ များလာသည်ကတော့ အမှန်။
တဖြည်းဖြည်းနှင့် သူတို့သည် လူများစွာ တစ်စုတည်း သွားနေခြင်းဖြင့် လိုချင်သော သတင်းကို မရနိုင်မှန်း သဘောပေါက်လာသည်။ အထူးသဖြင့် မြန်မာတပ်သားများအား မည်သည့်ရှမ်းက တော်လှန်ပုန်ကန်မည့် သတင်း ပေးပါမည်နည်း။ ထို့ကြောင့် နှစ်ယောက်စီ၊ သုံးယောက်စီ လူခွဲ၍ စုံစမ်းကြရန်နှင့် မြန်မာတပ်များမှန်း မသိစေရန် အထူးဂရုပြုရမည်ဟု သူ့လူများကို မှာကြားလိုက်ရပြန်သည်။
သို့ဖြင့် လူ ၅၀ မှာ အဖွဲ့ပေါင်း ၂၀ ကျော် ဖြစ်သွားကာ ကျေးရွာအနှံ့ လှည့်လည် စနည်းနာကြသည်။ လက်ျာဘီလူးသည်လည်း ငကံနှင့် ငမျှင် နှစ်ဦးကို ခေါ်ကာ အခြားသူများနှင့် နောက် ၅ ရက်နေလျင် မည်သည့်နေရာတွင် ဆုံတွေ့ကြမည်ဟု အချိန်းအချက် ပြုလျက် ထွက်လာခဲ့သည်။ သို့သော် သူသွားသည့် လမ်းတစ်လျှောက် မည်သူကမှ သူလိုချင်သည့် အကြောင်းအရာကို မသိကြချေ။
ငဖျော်နှင့် ငနွေးအုံတို့ သွားသည့် ရွာတစ်ရွာ၌မူ သူတို့ သတင်းစုံစမ်း မေးမြန်းပြီး ထွက်လာစဥ် လူအချို့ နောက်မှ လိုက်လာကာ ဝိုင်းဝန်းဖမ်းဆီးကြမည့် လက္ခဏာ ရှိသော​ကြောင့် လျှိုတစ်ခုထဲ ဆင်းပုန်း ရှောင်ရှားခဲ့ကြရကြောင်း သိရသည်။ ထို့ကြောင့် တပ်သားများကို ပြန်လည် စုစည်းရပြီး ထိုရွာ အနီးတစ်ဝိုက်တွင် လှုပ်ရှားကြရန် ဆုံးဖြတ်လိုက်လေ၏ ။

သူ့တပ်၌ လက်ရုံးအကောင်းဆုံး ဖြစ်ကြသော ငသူရိန်နှင့် ငရောင်နီ နှစ်ဦးကို ခရီးသွားများအဟန် ပြုစေလျက် ထိုရွာသို့ စေလွှတ်လိုက်၏ ။ သူတို့နှစ်ဦး မီးရှူးမီးကျည် တစ်ခုစီနှင့် ဓားတစ်လက်စီ ကိုင်စွဲလျက် ထွက်ခွာသွားကြသောအခါ မနီးမဝေးမှ နောက်ထပ် ၂ ယောက်တစ်တွဲစီ စောင့်ကြပ် လိုက်စေ၏ ။ နေကျော်စက ထွက်ခွာသွားသော ငသူရိန်တို့ နှစ်ဦးသည် ညနေစောင်းသော်လည်း ပြန်မရောက်ဘဲ ရွာ၏ တစ်ဘက် အဝေးဆီမှ မီးကျည်ပစ်ဖောက်သံကိုသာ ကြားလိုက်ရသည်။ ငသူရိန်တို့ကား ဘေးတွေ့လေပြီ။ 

(ဆက်ရန်..)  ရှမ်းမင်းသား (၃) 

Written by သင်္ခရာဇာ

End date: April 10, 2022


ရှမ်းမင်းသား (၁)

အခါတစ်ပါး၌ အလောင်းမင်းတရားသည် မင်းညီမင်းသား၊ ဆွေတော်မျိုးတော်၊ စစ်သူကြီး အမတ်၊ ဝင်းမှူး ဗိုလ်မှူးများကို ခေါ်၍ မိန့်တော်မူသည်။
"ငါသည် ဘေးလောင်းတော် နော်ရထာမင်းစော နှင့် ဘုရင့်နောင်တော် မင်းတရားကြီးတို့ကဲ့သို့ တကွဲတပြား ရှိနေသည့် တိုင်းနိုင်ငံ မြို့ပြများကို စုစည်းသိမ်းရုံးလျက် နိုင်ငံတော် ထူထောင်ရန် ဆန္ဒရှိသည့်အားလျော်စွာ လူသူလက်နက် စုဆောင်းခဲ့ကြောင်း မင်းတို့အားလုံး အသိပင် ဖြစ်သည်။
ယခု ငါကိုယ်တော် ရတနာသိင်္ဃ ကုန်းဘောင်ရွှေပြည် တည်ထောင်ပြီး ဖြစ်ရာ ရန်မအေးသည့် ရာမညတိုင်းအရောက် မြို့စဥ်ရွာလျောက် သိမ်းယူချီတက် လုပ်ကြံကြရမည်။ မင်းတို့ အသို့ထင်သနည်း"
အလောင်းဘုရားက လူသူလက်နက် ရှိလာပြီဖြစ်၍ မွန်ပြည်သို့တိုင် ချီတက်ရန် သင့်မည်လော မေးမြန်းလာသဖြင့် ကျွန်တော်ရင်း မင်းလှမင်းခေါင်ဘွဲ့ခံ ဦးကောင်းက ဦးစွာ လျှောက်တင်၏ ။
"ကျွန်တော်မျိုးတို့မှာ လူထောင်ကျော်မျှသာ၊ မွန်မင်း၌ စစ်သည်ရဲမက် သောင်းသိန်းရှိပါသည်။ ရှိပင် ရှိသော်ငြားလည်း အလုပ်အကြံတွင် ကျွန်တော်မျိုးတို့ကို မခံနိုင်၊ အကြိမ်ကြိမ် လာရောက် လုပ်ကြံသည်လည်း မရ။ လုပ်ရေးကြံရေး၌ ကျွန်တော်မျိုးတို့က သာသည် ဖြစ်သောကြောင့် အောက်မြစ်စဥ်တစ်လျှောက် သိမ်းဝိုက်ကာ ချီရလျင် အရေးတော် သာနိုင်ကြောင်းပါ"
အလောင်းဘုရား၏ ဦးရီးတော် သမက် မင်းလှစည်သူ ဘွဲ့ရ စည်သာမင်းကြီး ဦးစည်းစိမ်ကလည်း
"စိုင်းပြင်းရမည့် အရေးအရာ များစွာတို့၌ ကျွန်တော်မျိုးတို့က သာသည်ဖြစ်၍ တပ်ခိုင်တပ်လုံ တည်ထားစောင့်နေရလျင် သူက သာသည် ဖြစ်သောကြောင့် အဆောတလျင် လုပ်ကြံမှ အရေးလှမည့် အကြောင်း ဖြစ်ပါသည်"
ဆိုသည်။ အလောင်းဘုရား ညီတော် သတိုးသိင်္ခသူကမူ..
"ယခုအရေးသည် ရှိသည့်လူနှင့် မွန်ပြည်သို့ ထောင်းလမောင်းကြေအောင် ဝင်ရမည့်အကြောင်း ဟုတ်မည် မထင်။ ဦးစွာ ပြည်၊ တောင်ငူ၊ ကမ္ဘောဇတိုင်းတို့ကို လက်နက်နိုင်ငံ ပြုပြီး အင်အားညီမှ မွန်ပြည်သို့ ချီရသော် သာ၍ သင့်မည် မဟုတ်တုံလော"
သားတော် အိမ်ရှေ့မင်း သီရိဓမ္မရာဇာက သတိုးသိင်္ခသူနှင့် အကြိုက်ညီကြသကဲ့သို့ သားတော် အလတ် သတိုးမင်းစောကမူ ကျွန်တော်ရင်းကြီးများနှင့် သဘောတူ ရှိ၏ ။ သူတို့သည် မည်သည့်ရန်သူကိုမဆို မည်မျှ အင်အားဖြင့် ဖြစ်စေ အနိုင်တိုက်မည်ဟု စွဲမှတ်ယူထားသူများ ဖြစ်သည်။
တစ်ဘက်တွင် မွန်တို့က တပ်မြို့ အခိုင်အမာနှင့် ခံလာပါက ကုန်းဘောင်လူများ အထိအပါး များမည်ကိုလည်း စိုးရိမ်နေကြရသည်။ ထိုသို့ စိတ်နှစ်ခွ ရှိသူများအနက် မင်းထင်နော်ရထာ ဘွဲ့ခံ အရှေ့ဝင်းတော်မှူး လက်ျာဘီလူး၊ မင်းလှနော်ရထာ ဘွဲ့ခံ လက်ဝဲဝင်းတော်မှူး လက်ျာကျော်ထင် တို့လည်း ပါ၏ ။ သူတို့သည် တိုက်ဆိုလျင် တိုက်လိုက်မည်သာ ဖြစ်သော်လည်း တိုက်တိုင်းမရ၊ ကြံတိုင်း မမြောက်မည့် အကြောင်းတရားများ ရှိလာမည်ကို မြော်တွေးနေကြလေသည်။
"မြောက်အရပ်မှ ထွန်းလင်းလာသော မီးတောက်သည် တစ်ပြည်လုံးတိုင် ပျံ့နှံ့၍ အရှိန်အဝါတောက်သည်ဟု မြင်မက်တော်မူခဲ့သည့်အပြင် ဖိုသုံးဖို တစ်ဖိုမီးတောက်မည် ဟူသည့် တဘောင်လည်း ရှိသည်။ ယခုအချိန်အခါသည် မြို့ရွာ တည်ထောင်ပြီးဖြစ်၍ ဘုန်းလက်ရုံးပြရမည့် ကာလ၊ ရာမညတိုင်းအား မနှေး မမြန် ချီ၍ လုပ်ကြံကြရမည်"
ရေမြေရှင် အမိန့်ဖြစ်သောကြောင့် အားလုံး နာခံကြရ၏ ။ ညီလာခံ သိမ်းလျင် အနောက်ဆောင်သို့ ဝင်းတော်မှူး သုံးဦးကို ခေါ်၍
"အရှေ့ဝင်းတော်မှူး၊ လက်ယာဝင်းတော်မှူးနှင့် လက်ဝဲဝင်းမှူးများမှာ လိုအပ်သည့် အချိန်တိုင်းတွင် တပ်ကို ဦးစီးဦးရွက် ပြုရမည်။ အရှေ့ဝင်းမှူးမှာ ရှေ့ဖျားချီရမည်။ လက်ဝဲ လက်ယာ ဝင်းမှူးများက တပ်စဥ်အတိုင်း ရေကြောင်း ကြည်းကြောင်း ခွာလိုက်ရမည်။ အနောက်ဝင်းမှူးမှာ ငါကိုယ်တော်နှင့် မြဲစိမ့်မည်။ မင်းတို့တပ်များကို မင်းတို့အကြိုက် စီရင်၊ ငါ့ကို စနိုးစနောင့် မရှိစေနှင့်။ ဝန်တာလစ်ဟင်း ပျက်ကွက်ခဲ့လျင် ရာထူးစည်းစိမ် ရုတ်သိမ်းမည်"
ဟု မိန့်တော်မူသည်။ ဝင်းတော်မှူး သုံးဦးတို့ အာမခံကြ၍ နောက်ဆုတ် ပြန်လျင် 'ငစံငယ်အား သီးသန့် ခိုင်းရန် ရှိသေးသည်' ဆိုသဖြင့် လက်ျာဘီလူး နေခဲ့ရ၏ ။ အတန်ကြာသည်အထိ မည်သည့် တာဝန်မျှ မ​ပေးအပ်သေးဘဲ မင်းမိဖုရားများ စကားစမြည် ပြောဆိုနေကြ၏ ။ လက်ျာဘီလူး၏ နောက်တွင် အနောက်ဝင်းမှူးသည်လည်း ဖတ်ရန် ရှိသည်တို့ကို အသင့်ပြင်လျက် စောင့်ဆိုင်းနေ၏ ။
"မောင်ကုလားရေ၊ တို့များ ငစံနှင့် စကားဆိုရန် ရှိသေးသောကြောင့် အပြင်က စောင့်ပါ"
ဆိုလျင် အနောက်ဝင်းမှူး ဦးချ ထွက်သွားပြန်သည်။ ထိုအခါ အလောင်းဘုရားက
"ရာမညတိုင်းသုံးရပ်ကို စစ်ချီမည့်အရေးအား မင်း မတင်မလျှောက်၊ တွေဝေနေသည်မှာ သူက ခံမြို့တည်လျင် လူသူပျောက်ရှမည်ကို ကြောင့်ကြနေသည် မဟုတ်လော"
ဟု တိုက်ရိုက် မေးတော်မူ၏ ။ လက်ျာဘီလူးက ဟုတ်မှန်ကြောင်း ဆိုရာ
"အကြံအစည် အတွေးအမြင်တွင် မင်းကို ငါကိုယ်တော်နှင့် ထပ်တူဟု ယုံတော်မူသည်။ ယခုလည်း မင့်အကြံ ငါရိပ်မိသည့် လျော်စွာ မင်းသိအောင် ရှင်းရှင်းပြောမည်။ ငတို့ မိုးစဲလေသာ အခါရမှ စစ်ချီသွားကြမည်ဖြစ်၍ ယခု ကြံသော် အချိန်ရှိသေးသည် မဟုတ်လော"
"မှန်ပါဘုရား"
"မင်းနှင့်ငါ တွေးပုံတူသော်လည်း ငါက ဘုရင်ဖြစ်၍ မင်းထက် မြင်သည်။ အကြံများရသည်။ မင်း အချိန်ရှိသခိုက် ငါ့ပိုက်နက်နယ်တစ်လွှားမက သွား၍ မင်းစွမ်းနိုင်သမျှ ကြံလေ။ လူသူ လက်နက် ရတတ်သရွေ့အပြင် စစ်ရေးသာမည့် မည်သည့် အကြံအစည် အလုပ်အကိုင်မဆို မင်းစိတ်ကြိုက် လုပ်နိုင်သည်။ လိုအပ်ပါက ငါကိုယ်တော်နှင့် ထပ်တူ ပြုကျင့်ခွင့် ရှိသည်။ သို့သော် မလုပ်ခင် အဖန်ဖန်ချင့်ချိန် ဆန်းစစ်ပါ။ ငါက စစ်လက်နက် အမြောက်များကို သင်္ဘောကုလားတို့နှင့် ကုန်သွယ် ဝယ်ယူမည်ဟု အကြံတော် ရှိ၏ ။ ငါ့ကို မင်း စောင့်ရှောက်ရန်မလို၊ ကိုယ်တော်အနီးတွင် ဆွေမျိုးသားချင်းများစွာ ရှိသဖြင့် အပြင်ရန်ကို မကြောက်ရပြီ။ ယခုပင် ပြင်ဆင်၍ အရေးတော်လှအောင်သာ စီမံခဲ့"
အလောင်းဘုရား အခွင့်ပေးသည်မှာ လိုအပ်လျင် လူ့အသက်ကိုပင် စီရင်နိုင်ခွင့် ဖြစ်ပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရေးသာရန် ကြိုးစားခဲ့ပါ ဟူ၍ ဖြစ်လေသည်။ မင်းသား၊ အိမ်ရှေ့မင်းတို့ထက်ပင် လွန်၍ အလောင်းမင်းတရားကိုယ်တော်နှင့် ထပ်တူ စီရင်ဆုံးဖြတ်နိုင်ပြီး လွတ်လပ်စွာ သွားလာ လုပ်ဆောင်ခွင့် ပေးအပ်လိုက်ခြင်း ဖြစ်ရာ မည်သူ့ကိုမျှ မသိစေဘဲ မင်းမိဖုရားများသာ သိကြရန် အနောက်ဆောင်သို့ ခေါ်ခြင်းဖြစ်ကြောင်း သူသိလိုက်၏ ။
မိမိ ကျေးဇူးရှင် အရှင်သခင်၏ ယုံကြည်လေးမြတ်ခြင်း ခံရသည်မို့ လက်ျာဘီလူးသည် စကားပြန်မပြောနိုင်ဘဲ မျက်ရည်မဝဲစေရန် ကြိုးစား ထိန်းသိမ်းနေရသည်။ အမှန်ဆိုလျင် သူကဲ့သို့ သွေးမတော် သားမစပ် ဆွေတော်မျိုးတော် မဟုတ်သည့် အညတြ ကျေးတောသားတစ်ဦးအား ဆွေမျိုးသားချင်း ကျွန်တော်ရင်းအပေါင်းကို ကျော်၍ အရှေ့ဝင်းတော်မှူးရာထူးကြီး ခန့်အပ်ခဲ့သည်ကပင် လွန်လွန်းနေပါပြီ။
ယခု အဆောင်တော်တွင်း ရှိနေသော မိဖုရားကြီး သုံးပါးမှာလည်း ယုံကြည်စိတ်ချရသူများ ဖြစ်ပြီး လက်ျာဘီလူးအား လိုလားကြသူများ ဖြစ်၏ ။ မိဖုရားခေါင်ကြီး ရှင်ယွန်းစံမှာ သူ၏ သားတော်များနှင့် ထပ်တူ ခေါ်ပြောဆက်ဆံလေ့ ရှိပြီး ကျောက်မြောင်းကတော် မိဖုရားသည်လည်း သူ့သားငယ် မင်းရဲဖျားကလေးအား အမြဲချီပိုး ထိန်းကျောင်းနေခဲ့သည့် လက်ျာဘီလူးကို အရေးပေးတတ်၏ ။
ကိုယ်လုပ်တော် မိဖုရား ရှင်မင်းသူမှာမူ လက်ျာဘီလူးနှင့် မျက်နှာကြော မတည့်လှသော်လည်း သမီးတော် ပဒုမ္မဝတီ အရွယ်ရောက်လျင် မင်းထင်နော်ရထာနှင့် လက်ဆက်ပေးမည်ဟု မင်းတရားကြီးကိုယ်တိုင် မိန့်တော်မူဖူးသည်ဖြစ်၍ လက်ျာဘီလူး ပျက်စီးမည်ထက် အကျိုးရှိသည်ကိုသာ မျှော်လင့်နေသူ ဖြစ်သည်။ ယခု ထိုမိဖုရားသုံးပါး ရှေ့မှောက်၌ အလောင်းမင်းတရားက သူ့အား မင်းသားများနှင့်မခြား တာဝန်အပ်နှင်းခဲ့လေပြီ။
နောက်တစ်နေ့ နံနက် ညီလာခံ နားချိန်တွင် လက်ျာဘီလူးသည် မဟာနန္ဒာကံစပ်၌ ထိုင်ရင်း တွေးတောစဥ်းစားနေ၏ ။ သူ၏ နောက်မှ ခြေသံတစ်ချက် တိုးညင်းစွာ ကြားလိုက်ရပြီး စံပယ်ပန်းရနံ့လည်း ရလိုက်သဖြင့် မင်းသမီးငယ်တစ်ဦးဖြစ်သူ ပဒုမ္မဝတီ ကပ်လာသည်ကို သိလိုက်သည်။ သို့သော် မသိဟန်ဆောင်လျက်..
"ဟိတ်.. မောင်ကြီး"
"အောင်မလေးဗျာ.. လန့်လိုက်တာ ငါ့နှမရယ်"
ပဒုမ္မဝတီက လက်ျာဘီလူး လန့်သွားသော ဟန်ကို ကြည့်၍ ရယ်နေသည်။
"ဘာတွေများ အဲဒီလောက် စဥ်းစားနေလို့ လူရောက်လာတာတောင် မသိရတာလဲ သူရဲကောင်းကြီးရဲ့။ ပြောစမ်း.. မလည်ရွာသူလေးကို သတိရနေတာ မဟုတ်လား.. အဟင်းဟင်း"
"ခမည်းတော်ဘုရားက တာဝန်ကြီးတစ်ခု ပေးအပ်လို့ ဘယ်သွားရမှန်းမသိ ဖြစ်နေတာပါ နှမရဲ့"
"ဟုတ်လား၊ ဘာတာဝန်လဲ"
"ထုံးစံအတိုင်း လမ်းကြောင်းကြည့်ဖို့ပဲပေါ့"
"တခြားရော ဘာတွေများ ​မိန့်တော်မူလိုက်သေးလဲ"
"တခြားတော့ မရှိပါဘူး"
"မယ်မယ်ကြီးကရော"
မယ်မယ်ကြီး ဆိုသည်မှာ ပဒုမ္မဝတီက မိဖုရားကြီး ရှင်ယွန်းစံအား ခေါ်ခြင်းဖြစ်၍ သူ၏ မယ်တော် ခင်သူကိုမူ အမိ ဟုသာ သုံးနှုံးတတ်၏ ။
"မယ်မယ်ကြီးလည်း ဘာမှ မမိန့်ဘူး၊ ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ပါဘူး။ တစ်ခုခု ထူးခြားတာများ ပြောသေးလားလို့ပါ"
လက်ျာဘီလူးက သူ၏ နှမငယ်ကဲ့သို့ ဖြစ်နေသော ပဒုမ္မဝတီကို မျက်မှောင်ကျုံ့လျက် ကြည့်လိုက်သည်။ သူနှင့် ပေးစားရန် ပြောဆိုခဲ့ဖူးသည်ကို လက်ျာဘီလူး မသိသေးမှန်း ပဒုမ္မဝတီ သဘောပေါက်လိုက်၏ ။ မိမိကိုသာ အမိရှေ့၌ ခမည်းတော်နှင့် တစ်ကြိမ် ပြောဖူးခဲ့ခြင်း ဖြစ်သည်။ မသိသည်လည်း ကောင်းပါ၏ ။ ပွင့်လင်းစင်ကြယ်စွာ ပြောဆို နေထိုင်၍ ရပြီး မောင်နှမဆက်ဆံရေးမျိုးကြောင့် စိတ်လွတ်လပ် ပေါ့ပါးရသည် မဟုတ်လား။
ထိုစဥ် ပဟိုရ်စည်သံ ကြားရသောကြောင့် လက်ျာဘီလူးသည် ထရပ်လိုက်ပြီး
"ကဲ.. ညီလာခံ ပြန်စတော့မယ်။ ငါ့နှမ ပန်လာတဲ့ စံပယ်ပန်းလေးတွေ မွှေးလွန်းလို့ အဝေးကနေတောင် လန်းဆန်းသွားတာပဲ။ မနက်ဖြန် ပန်းဆက်တဲ့သူ လာရင် မောင်ကြီးဖို့ပါ နည်းနည်း ပိုယူပေးထား.. ခရီးသွားရင် မြင်းမှာ ထိုးသွားရမယ်"
ပြောပြောဆိုဆို ခေါင်းပေါ် လက်တင်၍ ပြုံးပြ နှုတ်ဆက်လိုက်ပြီး ထွက်သွားသည်ကို ပဒုမ္မဝတီ ဇက်ပုလျက် ကျေနပ်နေ၏ ။ သို့သော် မကြာမီ မျက်နှာ တည်လာပြီး
"ဟင်.. ဘာဖြစ်တယ်၊ အဝေးကတောင်.. ဟုတ်စ။ ဒါဆို သူသိနေတာပေါ့။ ပြီးတော့.. ငါ့ခေါင်းမှာ ပန်လာတာကို မြင်းမှာ ထိုးမယ်.. ဟုတ်စ"

တစ်ယောက်တည်း ဒေါပွလျက် ကျန်ရစ်ခဲ့လေသည်။ 

(ဆက်ရန်..)  ရှမ်းမင်းသား (

Written by သင်္ခရာဇာ

End date: April 10, 2022


ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...