Translate

Showing posts with label ကူလိုသော်လည်း. Show all posts
Showing posts with label ကူလိုသော်လည်း. Show all posts

ကူလိုသော်လည်း

ကျောင်းထဲ မဝင်မီကတည်းက ဆူညံဆူညံ အသံများ ကြားနေရသည်။ ကျယ်ဝန်း၍ အရိပ်အာဝါသ ကောင်းလှသော ကျောင်းဝိုင်းကြီး အလယ်မှ အုတ်ကျောင်းဖြူဖြူထက် အဘယ်ကြောင့် ဆူပူနေသနည်း။ ကြားနေရသည့် အသံမှာ မိန်းမသံဖြစ်သည်။ တစ်စုံတစ်ခု အော်ဟစ်နေ၏ ။

သူသည် အုတ်လှေကားကြီးအတိုင်း တက်မသွားသေးဘဲ လှေကားထိပ်မှ ဘီလူးရုပ် နှစ်ရုပ်ကို ကြည့်ရင်း တက်သင့် မတက်သင့် တွေဝေနေသေးသည်။ ခေတ္တ စောင့်ဆိုင်းနေပြီးမှ ကျောင်းပေါ်ရှိ ပြဿနာမှာ ကြာလိမ့်ဦးမည်ဟု ယူဆလျက် အုတ်ကျောင်းတော်ပေါ်သို့ တက်လာခဲ့သည်။
သာသနာပိုင် မင်းဆရာတော် မထေရ်ကြီးသည် သံဃာစင်၌ သီတင်းသုံးတော်မူကာ သူ့ရှေ့မှ ရပ်၍ လက်ညှိုးငေါက်ငေါက်ထိုး အော်ဟစ်နေသော မိန်းမကြီးတစ်ဦးကို ဣနြ္ဒရေရ ကြည့်နေလေသည်။ ထမီရင်လျားနှင့် ဦးဆံဖြည်ထားသည့် မိန်းမကြီးကမူ မည်မျှ ဒေါသကြီးနေသည် မသိ၊ သာသနာပိုင် ခင်ကြီးကိုပင် ခုန်ပေါက် ပြောဆိုနေ၏ ။
သူက ထိုမြင်ကွင်းကို အံ့သြစွာ ကြည့်ရင်း လက်အုပ်ချီ ထိုင်နေကြသည့် လူပရိသတ်၏ အနောက်ဘက် ထောင့်တစ်ခု၌ ဝင်ထိုင်လိုက်လေသည်။ မိန်းမကြီး၏ ကျယ်လောင်လှသော အသံသည် ရုတ်တရက် ရပ်သွားပြီး သူ့ဘေးနှစ်ဘက်သို့ ပြူးပြူးပြာပြာ ကြည့်နေသည်။ ထို့နောက် ဆရာတော်၏ အနောက်၊ ကျောင်းတော် ခေါင်းရင်းဘက်ရှိ ထောင့်နှစ်ထောင့်အား လက်ညှိုးညွှန်ကာ စူးစူးဝါးဝါး အော်ပြန်သည်။
သူသည် စကားနားမလည်သည့်အတွက် မည်သည့်အရေး ဖြစ်နေမှန်း မသိ၊ ဆရာတော်ကြီးသည်လည်း သူ့ကို တစ်ချက်ကြည့်ပြီး မသိမသာ ခေါင်းညိတ်ပြလိုက်သည် ထင်ရ၏ ။ လူပရိတ်သတ် ဆယ့်ငါးဦးခန့်မှာမူ သူတို့အနောက်တွင် လူရောက်နေသည်ကို သတိမထားမိကြဘဲ ရှေ့မှ အဖြစ်ကို အာရုံစိုက်နေကြလေသည်။
မိန်းမကြီးမှာ မတ်မတ်ပင် မရပ်နိုင်တော့လောက်အောင် တုန်လှုပ်လာပြီးလျင် တုန်တုန်ယင်ယင် ကုန်းကုန်းချိချိ ဖြစ်နေလေပြီ။ ဆရာတော်နှင့်တကွ ကျောင်းပေါ်ရှိ လူအားလုံးက မိန်းမကြီးပြရာ ကြည့်ကြသော်လည်း မည်သည့်အရာမျှ မတွေ့ကြ။ မိန်းမကြီးကတော့ သူ့ခေါင်းပေါ် တစ်ချက်သာ မော့ကြည့်နိုင်ပြီးနောက် ခေါင်းမဖော်တော့ဘဲ ငိုကြွေးနေပြန်သည်။
ဆရာတော်ကြီးက တစ်စုံတစ်ရာ အမိန့်ရှိ၏ ။ ရှမ်းဘာသာ ဖြစ်သောကြောင့် သူနားမလည်၊ သူနှင့် ဆိုင်သည့် ကိစ္စလည်း မဟုတ်သဖြင့် တိတ်ဆိတ်စွာ သုံးသပ်နေမိသည်။ အသက် ၅၀ ကျော် မိန်းမကြီး၏ ပုံသဏ္ဍာန်က ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားရပြီး လူအားလုံးလည်း ကြောက်နေပုံရသည်ဟု ယူဆမိ၏ ။
အမှန်တော့ ကျောင်းပေါ်သို့ သူတက်လာစက လှေကားစောင့် အရုပ်နှစ်ခုကို ထိတွေ့ ပွတ်သပ်လာခဲ့မိသည်။ ထို့ကြောင့် လှေကားထိပ်သို့ သူရောက်သောအခါ ဘမရ နှင့် ဝေလုက တို့ နှစ်ဦး တစ်ဖက်တစ်ချက်မှ ပါလာကြပြီး သူနှင့်အတူ အတွင်းထဲသို့ လိုက်ဝင်လာခဲ့ကြ၏ ။ သူက လူအများနောက်ဝယ် ထိုင်နေခဲ့သော်လည်း အခြေအနေကို သိသော ဝေလုကတို့ နှစ်ဦးက ဘုရားခန်းဆောင်၏ ထိပ်တစ်ဖက်စီတွင် နေရာယူလိုက်ကြခြင်း ဖြစ်သည်။
ထို့နောက် နတ်ဘီလူးကြီး နှစ်ဦးသည် မည်သူ့ကိုမှ မကြည့်ဘဲ ရှေ့တူရူသို့ မျှော်ကြည့်လျက် မားမားမတ်မတ် ရပ်နေလိုက်ကြသည်။ ပညာသည်အမျိုးသမီးကြီး၏ အစောင့်အရှောက်မှာ သူတို့နှင့် နှိုင်းစာသော် နိမ့်ပါးလှ၍ မဆွကပင် ခေါင်မှ တက်ပြေးသွားခဲ့ပြီ။ အမျိုးသမီးကြီးသည်လည်း သူတို့ကို မြင်သွားပြီး လန့်အော်၏ ။ ဒူးတဆတ်ဆတ်တုန်ကာ ပျော့ခွေသွားသည်အထိ သူတို့ကတော့ ကြည့်လည်းမကြည့်၊ လှုပ်လည်း မလှုပ်၊ ကျောက်ရုပ်များအလား တည်နေကြသည်။
ဗြန်းခနဲ ဗြန်းခနဲ လှေကားကို တစ်ချက်ချင်း နင်းတက်လာသည့် အသံကြောင့် မထေရ်ကြီးနှင့် အချင်းများနေခဲ့သော ပညာသည်မိန်းမကြီး လှည့်ကြည့်လိုက်မိသည်။ လှေကားဦး၌ နောက်တစ်ကောင် ပေါ်လာပြန်ချေပြီ။ ပို၍ ရက်စက် ကြမ်းကြုတ်မည့် လက္ခဏာနှင့် စူးရဲခက်ထန်လှသည့် ဘီလူးကြီးတစ်ဦး။
အစက ဘမရတို့ကို လှေကားစောင့် ဘီလူးရုပ် နှစ်ရုပ်ဟု ထင်နေသော မိန်းမကြီးသည် ယခုတော့ မင်းဆရာတော်၏ အစေအစောင့်များ မဟုတ်နိုင်ကြောင်း သဘောပေါက်သွားခဲ့၏ ။ ထို့နောက် သူတို့နှင့် ပတ်သက်နေမည့်သူတစ်ဦးကို လာရောက်ကြည့်ရှုနေကြသည့် လူများ၏ အနောက်၌ တွေ့လိုက်ရပြန်သည်။ အသားနီနီနှင့် ခပ်တည်တည် ထိုင်ကြည့်နေသည့် လူရွယ်တစ်ဦး။
သူ၏ ရင်မှ အရောင်စုံ ဘီလူးရုပ်တစ်ခုကို တစ်စွန်းတစ်စ တွေ့မြင်နေရ၏ ။ လက်ရာရှင်မှာ ကျောင်းထိုင်အရည်း ခင်ကြီး ဖြစ်သည်ကိုလည်း သိလိုက်ပြန်သည်။ ထိုသူငယ်မှာ မင်းဆရာနှင့် တစ်နည်းနည်း ပတ်သက်နေသူ ဖြစ်ပေလိမ့်မည်။ မိန်းမကြီးသည် အလိုလို အားငယ်လာသည့်အထဲ နောက်ဆုံး ဝင်ရောက်လာသူက သူ့ရှေ့တည့်တည့်၌ ရပ်လာရာ မော်၍မျှ မကြည့်ဝံ့ဘဲ မှောက်ဝပ်နေလေ၏ ။
"အဘွားကြီး၊ ဘဇာကြောင့် သောင်းကျန်းနေသလဲ"
အက်အက်ရှရှ အသံကြီးကို နားလည်သော်လည်း မဖြေရဲ၊ တုန်လှုပ်နေသဖြင့်
"သီလ သမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတစ်ပါးကို ခင်ဗျားကြီးက အော်ဟစ်ရဲသပေါ့၊ ဟုတ်စ"
"ဟို.. ကျွန်တော်မျိုးမ လုပ်ထားတဲ့ ကိစ္စတစ်ခုကို မဆိုင်ဘဲ ဝင်ဖျက်ဆီးသွားတဲ့အပြင် အကာအကွယ်တွေပါ လုပ်သွားလို့ပါ"
"ဗြောင်း"
နတ်ဘီလူးကြီးက ခပ်ဆတ်ဆတ်လေး ရိုက်ချလိုက်ရာ မိန်းမကြီး ကျောကော့သွားပြီး
"အောင်မယ်လေး.. သေပါပြီ"
"မကောင်းတဲ့ အစီအရင်တွေ ထပ်လုပ်ရင် နင် သေမယ်။ အခု နင့်ပညာတွေ လှူထားခဲ့စမ်း"
မိန်းမကြီး ကြောက်လန့်စွာနှင့် လှူပါ့မည်ဟု ကတိပေးနေသည်ကို အခြားသူများက နားမလည်ကြ၊ တစ်ယောက်တည်း စိတ်ဖောက်နေသည်ဟု ထင်နေကြသည်။ ပရိသတ် နောက်ဆုံးမှ လူရွယ်က ညာဘက်ဘေးမှ ဝိုက်တက်လာကာ ဆရာတော်ကို ဦးချလိုက်၏ ။ ဘေးနားမှ ကပ္ပိယကြီးအား ကြည့်လျက်
"တပည့်တော် ပြန်တော့မှာမို့ လာရောက် နှုတ်ဆက်တာပါဘုရား"
ဟု ဆိုသည်။ ကပ္ပိယ အဘိုးအိုက ဘာသာပြန်ပေးရာ ဆရာတော်ကြီးသည် ခေါင်းညိတ်လျက် ပြန်မိန့်လေသည်။
"ဒကာ့ဓားနဲ့ မြင်းရော ပြန်ရခဲ့သလား တဲ့"
"ရပါတယ်ဘုရား၊ ရွှေနန်းရှင်က သိမ်းထားတဲ့ ပစ္စည်းအားလုံး ပြန်ပေးတော်မူပါတယ်လို့ လျှောက်ထားပေးပါ"
"အိမ်း၊ ခရီးလမ်း သာပါစေ.. ဘေးကင်းပါစေ တဲ့"
"တပည့်တော်ရဲ့ ကျောက်စီဓားမြှောင်လေး ပေးအပ်ခဲ့ချင်ပါတယ်"
အထုပ်ထဲမှ နန်းဆန်လှသော ရွှေသားကနုတ်များထဲ ပတ္တမြား ကျောက်စိမ်း နီလာ စသည့် ကျောက်များ ပါရှိသော ဓားမြှောင်တစ်ချောင်းအား ကပ္ပိယကြီးထံ ကမ်းပေးလိုက်သည်။ ဆရာတော်က လက်နှင့် မထိဘဲ ကြည့်ရုံသာ ကြည့်ပြီး
"ဒကာ လာတော့ ညီအစ်ကိုတော်တွေကိုများ ခေါ်လာခဲ့သေးသလား"
"ညီအစ်ကိုတော်..? တပည့်တော် တစ်ယောက်တည်းပါဘုရား၊ ဘယ်သူ့ကိုမှ မခေါ်မိပါဘူး"
"သြော်"
စကားအဆုံး၌ မိန်းမကြီးရှေ့မှ ဒီပနှင့် ထောင့်များတွင် ရပ်နေကြသော ဘမရ၊ ဝေလုကတို့ တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်သွားကြသည်။ မိန်းမကြီးကလည်း ဘာတွေ ရွတ်ဆို ပြောနေသည်မသိ။ သူ ကိုယ်ကို ယို့လျက် နောက်သို့ ဆုတ်သွားပြီး ကျောင်းပေါ်မှ ဆင်းရန် ပြင်သည်ကိုမူ လည်ပြန်လိုက်ကြည့်နေသည်။
သူက လှေကားအဆင်းမှ ဘီလူးရုပ် နှစ်ခုကို ကိုင်လိုက်ကာ
"ကျွန်တော် ဘယ်သူ့အကူအညီမှ မလိုပါဘူး အစ်ကိုတို့၊ ကိုယ့်ဘာသာ ရင်ဆိုင် ဖြေရှင်းချင်ပါတယ်။ အန္တရာယ် တစ်စုံတစ်ခု ဖြစ်ခဲ့ရင်တောင် ကျွန်တော့်ကံပဲ ရှိပါစေ၊ လူမစွမ်းလို့ နတ်မခံရသူတော့ မဖြစ်ပါရစေနဲ့ဗျာ"
ဟု တီးတိုး ရေရွတ်လိုက်သည်။ ဘီလူးတောင်အနီး ရောက်နေပြီဖြစ်သော ဒီပက နောက်လှည့်ကြည့်ပြီး
"ယောက်ျားကောင်းဆိုတာ ဒီလိုမှပေါ့"
ဟု တွေးရင်း ပြုံးသွားလေသည်။

 Written by သင်္ခရာဇာ

End date: December 1, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...