နယ်မြေသစ် များစွာ၊ နယ်ပယ်စိမ်း များစွာ သူ့ရှေ့ တမျှော်တခေါ်ကြီး ရှိနေကြသည်။ သူရောက်ရှိနေရာမှ ကြည့်လျင် ရှေ့မှာ သောင်ပြင်၊ ထိုနောက် မြစ်ကြောင်း၊ နောက်တွင် ကိုင်းပင်များ သစ်ပင်များနှင့် တောင်တန်းငယ်တစ်ခုတို့ သွယ်တန်းလျက်။
သည်မြင်ကွင်းမျိုး ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။ ယခင်က ဤသို့သော ရပ်စိမ်းရွာစိမ်း ဒေသအသစ်များသို့ ရောက်လိမ့်မည်ဟု စိတ်ကူးပင် မရှိဖူးခဲ့။ ယခုတော့ သူ မတွေးမိဖူးသည့် အရပ်များစွာ လှည့်လည်ရောက်ရှိပြီး ဖြစ်သလို မကြာမီ သူတို့ ပိုင်ဆိုင်သော ပြည်ထောင်စု နယ်မြေများလည်း ဖြစ်လာကြတော့မည် ဖြစ်သည်။
ထိုအတွေးကြောင့် သူ့ဘေး ညောင်စောင်းပေါ်တွင် ထိုင်တော်မူနေသော မင်းတရားကြီးကို မသိမသာ စောင်းငဲ့ကြည့်လိုက်မိသည်။ စိတ်အစဥ်က ငေးမောနေရာမှ ယာယီမြေနန်း ညီလာခံသဘင်သို့ ပြန်လည်ရောက်ရှိလာ၏ ။ မြေနန်း ဆိုသော်လည်း တိုင် ၂၀ ခန့်ကို အမိုးမိုးထားသည့် အကာအရံမဲ့ တဲကြီးတစ်လုံးသာ။
အလောင်းမင်းတရားကြီးနှင့် သူ၏ ဗိုလ်မှူး စစ်ဦးစီးများ လုပ်ရေးကြံရေး ဆွေးနွေးတိုင်ပင်နေကြသည်။ အမှန်တော့ သူသည်လည်း အရေးပါသော ဗိုလ်တစ်ဦး ဖြစ်သည်။ သို့ရာတွင် ယခု သူက သက်တော်စောင့်သဖွယ် မင်းတရား၏ အပါးတွင် ရပ်နေပြီး ဗိုလ်မှူးအများက ခစားနေကြလေသည်။
"ရေတပ်မှာလည်း သူက အင်အားကြီး ခန့်ရံလာတယ် ဆိုတော့ ငါ့လူများက ရေကြောင်းကို ပိုမိုအားပြု စစ်ဆင်ကြရမယ်။ ဦးရီးတော် မင်းလှစည်သူလည်း မရှိပြီ။ ငကောင်းလည်း ရွှေတောင်စားနောက် လိုက်ရာ ရှမ်းပြည်ကျိုင်းတောင်း ရောက်နေသည်။ မင်းလှမင်းခေါင်နှင့် မင်းကျော်စည်သူတို့ အလစ်အလပ် မရှိ စီရင်ကွပ်ကဲကြရမည်"
"မှန်လှပါဘုရား"
"ကြည်းက ချီတဲ့ တပ်တွေမှာ အခြားအရပ် လမ်းပေါက်တွေက အရေးရပါလျက်နဲ့ ဒလတပ်ကျမှ တိုးလို့မပေါက် ဖြစ်နေရတယ် ဆိုတာဟာ ကိုယ်တို့ အမှုတော်ကို ရွပ်ရွပ်ချွံချွံ မထမ်းကြဟန် တူသည်"
မကြာသေးမီကမှ ဗိုလ်မှူး မင်းလှစည်သူ ခေါ် စည်သာမင်းကြီးနှင့် မှိုင်းသဲသဲလှေကြီးတို့ ဆုံးထားသဖြင့် တုံးဖိခံထားရသော မင်းလှမင်းခေါင်က အမြန်လျှောက်တင်ရ၏ ။
"ကျွန်ုပ်တို့လူများအားလုံး အမှုတော်ကို ကိုယ်တွင် အသက်မပါသည်သို့ ဖိဖိစီးစီး ထမ်းရွက်ကြပါသည်။ သို့ပါသော်လည်း ယခု ဒလ၌ တပ်စွဲနေသူမှာ ဗညားရက္ခိုက် ခေါ် သူရဲကောင်း ဗိုလ်တစ်ဦး ဖြစ်သည်။ မလွန်အရပ်မှ ဗညားကျန်းတောကြီးကဲ့သို့ အကွပ်နာလှသည်။ ကျွန်တော်မျိုးတို့က တပ်တိုင်ကို တူးဖြို ဆွဲချသော်လည်း မကြာချက်ချင်း အသစ်ထည့်နိုင်စွမ်း၏ ။ ပြောင်းသေနတ် ထူပြောလှ၍ မရောက်မပေါက်၊ ရောက်လျင်လည်း မဝင်သာ ဖြစ်နေရပါသည်ဘုရား"
အလောင်းမင်းတရား ကိုယ်တော်ကြီး ခေါင်းညိတ်ကာ ဗိုလ်မှူးများကို ကြည့်သည်။ ထို့နောက်
"မောင်မင်းကိုယ်တိုင် မဝင်နိုင်ခဲ့ဘူးမဟုတ်လား"
"မှန်လှပါ၊ တိုးမပေါက်အောင် ကွပ်ညှပ်ကောင်းသဖြင့် ခွာစစ်ချီခဲ့ရကြောင်းပါ"
"ငါတို့တွင် ဒေါပုံ၊ သန်လျင်၊ ဖောင်းနင်းမလစ် စစ်မျက်နှာများစွာ ရှိသေးသည်။ တစ်ဘက်ကမ်းရှိ ဒလကို နောင်မှ လုပ်ကြံရသော် သင့်မည်လော"
"မှန်လှပါ.. ကာလရှည်၍ မွန်တို့ အပေါ့အလျော့ ရှိချိန်မှ ချက်တစ်ဖြုတ် ဝင်တိုက်သော် ခံနိုင်မည် မဟုတ်ပါ"
ဗိုလ်မှူး မင်းကျော်တန်ဆောင် လျှောက်ရာ ဘေးရှိ မင်းလှဥဒိန်ကျော်က
"မိုးကာလ နီးပြီဖြစ်သည့်အတွက် ကာလရှည်လျင် အလုပ်အကြံ ခက်ခဲနိုင်စရာ ရှိသည်။ သို့သော် မိုးတွင်း မွန်တို့ပြန်ခိုက် အသာအယာ ဝင်နေနိုင်ရန်လည်း အကြောင်းရှိပါသည်"
လက်ျာဘီလူးကမူ ထိုသို့မထင်၊ သို့ရာတွင် သူလည်း တုံးဖိခံထားခဲ့ရသည်ဖြစ်၍ မပြောမဆိုသာ။ တစ်ချက်တော့ လှုပ်မိသွားသည် ထင်၏ ။
"မင်းထင်နော်ရထာ ဘာလျှောက်လိုသလဲ"
ဟု မင်းတရားက ရုတ်တရက် လှည့်မေးတော်မူလေရာ သူက ရှေ့တော်သို့ ဒူးထောက် ဦးညွှတ် ထိုင်လျက်
"မှန်လှပါ၊ ဗညားရက္ခိုက် အစီအမံ ကောင်းသည် ဆိုလျင် အခြားနည်းဗျူဟာ တစ်မျိုးမျိုးဖြင့်သာ ရင်ဆိုင်သင့်ကြောင်းပါ။ လူသူအင်အားနှင့် တိုက်ရမည်ဆိုလျင် ဒလတပ်သည်လည်း သောင်းတပ်ကြီး ဖြစ်ပါသည်။ လက်နက်အင်အား လူအင်အား ပြည့်စုံသည်မို့ ကျွန်ုပ်တို့က သူ့ထက် အင်အားသာမှသာ အရေးရရန် ရှိပါသည်"
"အင်း.. အဲဒီဘက်ကို မျက်နှာမပေးနိုင်သေး။ ငါတို့ လုပ်ကြံရမည် များသေးသည့်အတွက် မင်းနှင့် လူ ၃၀၀၀ ပေးမည်။ မင်းပြောသလို တစ်နည်းနည်းဖြင့် အမှုတော်ကုန်စင်အောင် ထမ်းရွက်နိုင်ပါ့မလား"
"ကျွန်တော်မျိုး အစွမ်းကုန် ကြိုးပမ်းကြည့်ပါမည်ဘုရား"
ဤသို့ဖြင့် လက်ရွေးစင် စိတ်ကြိုက် လူ ၃၀၀၀ ကို ဦးဆောင်ကာ ဒလဘက်ကမ်းသို့ ကူးရန် ထွက်ခဲ့ကြရသည်။ မြစ်ကိုကူးရန် စောင့်ဆိုင်းနေကြချိန် မင်းလှမင်းခေါင်တပ်လည်း ချီလာကြသောကြောင့် သူနှင့် ဗိုလ်တွန်တို့ ဆုံကြရသည်။
"ဟိတ်.. ကောင်လေး၊ ငါတို့ လူ ၅ ထောင်ကျော် သွားတာတောင် မရတဲ့ ဗညားရက္ခိုက်တပ်ကို မင်းက လူ ၃ ထောင်နဲ့ သွားရန်စမလို့လား။ ဘယ်လို ကြံထားလဲ ပြောစမ်းပါဦးဟ"
ဦးတွန်က ဆီးမေးလိုက်သဖြင့်
"ကျွန်တော်လည်း မသိသေးဘူး၊ ရန်သူ့သတင်းတောင် မသိရသေးတာ။ ဘာကို ဘယ်လို ကြံရမယ် မသိလို့ ခု ဦးတွန်နဲ့ တွေ့တာ အတော်ပဲ.. ဗညားရက္ခိုက်အကြောင်း ပြောပြခဲ့ပါဦး"
"အဲဒီကောင်ကြီးလား၊ တကယ့်သူရဲကောင်းပဲကွ။ ဟိတ်ဟန်အပြည့်နဲ့ တိုက်ရည်ခိုက်ရည်ရော အစီအမံပါ ကောင်းတယ်။ မွန်ထဲမှာ ငါတို့လို စိတ်ဓာတ်ပြင်းထန် ထက်သန်တဲ့ တစ်ယောက်ပဲ။ မင်း နားလည်အောင် ပြောရရင် မလွန်တုန်းက ငါတို့ ကြားခဲ့ရဖူးတဲ့ ဗညားကျန်းတောလိုပ"
"ဒါဆို အင်မတန် ခက်ခဲမှာပေါ့။ ၃ ထောင် မဆိုထားနဲ့ ၃ သောင်းတောင် မရနိုင်လောက်ဘူး မဟုတ်လား"
"အေး.. အသေခံပြီး အတင်းဝင်သိမ်းကြရင်တော့ ၃ သောင်းလောက်ဆို တပ်ပေါက်ပါတယ်ဟ"
"တပ်ပေါက်တာက ပြန်စည်းကြပ်နိုင်ရင် အသိမ်းအရုံးမပျက် ခံနိုင်သေးတာပဲ။ အခု ကျွန်တော့်မှာလည်း ၃ သောင်းမရှိ၊ ၃ ထောင်ပဲ ပါတယ်။ ဒီလူကောင်းတွေကိုလည်း စမ်းရင်း မဆုံးစေချင်ဘူး။ ဘယ်လိုလုပ်သင့်သလဲ"
"ဟိုမှာ ဖောင်တွေ ကပ်နေပြီ။ မင်းဘာသာ ကြည့်လုပ်ပေတော့ ငစံရေ့။ ငါ ပြောလိုတာကတော့ မင်း ဟိုတစ်ခါ ငါ့ကို အကြွေးကျန်နေသေးတယ်နော်.. မှတ်မိလား"
"ဘယ်အကြွေး.. သြော်၊ ညောင်တစ်ပင်တုန်းက ကိစ္စလား"
လက်ျာဘီလူး ရယ်ကျဲကျဲ ဖြစ်သွားသည်။ သူခိုးအထင်နှင့် လိုက်သည့် ဦးတွန်ကြီးအား သူနှင့် ငသူရိန်တို့ ဝင်လုံးကာ ထွက်ပြေးခဲ့ကြသော တစ်ညကို ဆိုလိုခြင်းဖြစ်ကြောင်း သတိရလိုက်၏ ။
"ဒါပေါ့၊ အဲဒီကိစ္စ မင်း ငါ့ကို ရှင်းစရာကျန်နေတယ်။ အခု ဗညားရက္ခိုက်ကို မင်း အနိုင်တိုက်ခဲ့နိုင်ရင် ငါ စာရင်းဖျက်ပေးမယ်။ ဒါပေမယ့် ဒီအတိုင်းတော့ မရဘူး။ တကယ့် သူရဲကောင်း ပီသသူကို မင်းကလည်း သူရဲကောင်းဆန်ဆန်ပဲ တိုက်ရမယ်၊ ပရိယာယ်နဲ့ မလုပ်ရဘူး။ ဘယ်လိုလဲ"
"ဟာဗျာ.. ဒီအတိုင်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဆို ခင်ဗျားကြီးက တစ်မျိုး။ ဒီလောက် အရေးကြီးကျမှ အကြွေးတောင်းရသလားဗျာ"
လက်ျာဘီလူး စိတ်ပျက်လက်ပျက် ရယ်လိုက်မိသည်။
"နင်က မဖြစ်နိုင်တာကိုမှ လုပ်ပြတတ်သူဆို။ မင်းအစွမ်းပြတာလည်း ပုံပြင်တွေလိုပဲ ဖြစ်နေပြီး တကယ်တမ်း ဘယ်သူမှ သေချာသိရတာမျိုးမဟုတ်။ ဒီတစ်ကြိမ်တော့ သူရဲချင်း ဆုံတုန်း ထင်ထင်ပေါ်ပေါ်နဲ့ ပွဲရအောင် ယူခဲ့စမ်းပါ။ ငါ့ကောင် ငစံငယ်ဆိုတာ ဘယ်လိုလူမျိုးလဲ လို့ ပြောပြောပြီး ဝါလိုက်ချင်သဟိတ်"
ထိုနေရာမှ လူချင်းခွဲခဲ့ကြပြီး ဗိုလ်တွန်က စစ်သူကြီးတလပန်းနှင့် ရင်ဆိုင်ရန် ထွက်သွားသည်။ သူက သူရဲကြီး ဗညားရက္ခိုက် ရှိရာ ဒလသို့ ကူးလာခဲ့၏ ။ မြစ်ပြင်ထဲ၌ စိတ်ညစ်ညူးနေခဲ့သမျှ ကမ်းသို့ ကပ်မိချိန်တွင်မူ ရှင်းလင်းကြည်လင် ပြတ်သားစွာ တက်လာနိုင်ခဲ့သည်။
မြန်မာတပ်တစ်တပ် ချီလာပြီ သတင်းကြားသဖြင့် ဗိုလ်မှူး ဗညားရက္ခိုက် အသင့်ပြင်ကာ စောင့်ကြိုနေသော်လည်း တကယ်တမ်း ရောက်လာသည်မှာ မြင်းတစ်စီးတည်း။ မြင်းနီနီပေါ်တွင် ဆံပင်ဖားလျား ချထားသည့် လူရွယ်တစ်ဦးက ဆောင်ဓားလွယ်လျက်၊ လှံရှည်လှံတို သုံးစင်းကို မြင်းအနောက်တွင် ထိုးထားလျက်၊ အဖုံးပါသော ခြင်းတစ်ခြင်းလည်း ချိတ်ဆွဲထားသည်ကို တွေ့ရ၏ ။
"ဟေ့.. မင်း ဘယ်သူလဲ"
မြန်မာစကားတတ်သူတစ်ဦးကို အော်မေးစေရသည်။ တပ်ရှေ့မှ လူက ပြန်ဖြေ၏ ။
"ငါ မင်းထင်နော်ရထာ၊ မြန်မာဗိုလ်မှူးတစ်ဦးပဲ"
"တစ်ယောက်တည်း ဘာလာလုပ်သလဲ မေးစမ်း"
"တစ်ဦးတည်း ဘာအကြောင်းကြောင့် လာသလဲ၊ မင်းတို့တပ်တွေရော"
"တပ်တွေ အနောက်မှာ ပါတယ်။ ဒီတပ်က အကြီးအမှူး သူရဲ ဆိုသူနဲ့ တွေ့ချင်တယ်"
"ငါပဲ"
မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်သော ဗညားရက္ခိုက်က ရင်ကို လက်မနှင့် ထောက်ကာ ဆိုလိုက်သည်။
"ဗညားရန်ခိုက် ဆိုတာလား"
"အေး"
"ကျွန်တော်နဲ့ တစ်ယောက်ချင်း လက်ရုံးပြိုင်ကြမလား"
"ဘာတဲ့လဲ"
မွန်လို ဘာသာပြန်ပြ၍ နားလည်သွားသောအခါ ဗညားရက္ခိုက်မှ စကာ မွန်အများ ရယ်ကြသည်။
"မင်းတို့ အကြီးအကဲတွေ တိုက်လို့ မနိုင်တာကို မင်းက တစ်ယောက်တည်း လာယှဥ်ချင်သေးတယ်.. ဟုတ်လား"
"သူရဲကောင်းတစ်ယောက် အုပ်ချုပ်နေတယ် ကြားလို့ သူရဲချင်း ကြုံဖူးရုံပါ"
"ငါနဲ့ မတိုက်ခင် ငါ့လူတစ်ယောက်နဲ့ တိုက်ကြည့်ပါဦး"
မြန်မာလို ပြောသူကို နားထောင်၍ အပြီး ဗညားရက္ခိုက် ရှေ့သို့ ခေါ်ထုတ် ပြသသည့် ဗိုလ်တစ်ဦးကို လက်ျာဘီလူးက လှံတိုနှင့် ရုတ်ခြည်း ပစ်လိုက်၏ ။ တစ်စင်းကို တိမ်းရှောင်လိုက်နိုင်သော်လည်း နောက်တစ်စင်း ဆက်တိုက် ဝင်လာသည်ကိုမူ မရှောင်နိုင်ဘဲ ထိမှန် လဲကျသွားလေသည်။
"တကယ့်သူရဲချင်းပဲ တိုက်ချင်တယ်လို့ ပြောလိုက်ကွာ"
ဗညားရက္ခိုက် မျက်နှာတင်းမာလျက် ဆင်းလာလေသည်။ တံခါးကို ဖွင့်ကာ နောက်ပါလူအနည်းငယ်နှင့် ထွက်လာ၏ ။
"မင်း အတော်လွန်တယ်လို့ ဗိုလ်မှူးက ပြောနေတယ်"
"ကျွန်တော်လည်း မြန်မာမင်းရဲ့ သူရဲကောင်းတစ်ယောက်ပဲ။ သူရဲကောင်းချင်း ရည်တူမပြု အလေးအမြတ် မထားတာရော မလွန်ဘူးလား"
"မင်း သူရဲမှန်ရင် အစွမ်းကို ထုတ်ပြ တဲ့"
လက်ျာဘီလူးက မြင်းကို ခြေနှင့် ဆတ်လိုက်သည်။ တိမ်ပျံ ရှေ့တိုးမည် ပြင်ကာမှ ဇက်ကြိုးဆောင့်ဆွဲလိုက်ကာ တင်ပါးကို နင်းလိုက်သဖြင့် တိမ်ပျံ မတ်တပ်ရပ်သွားသည်။ သူကလည်း ရပ်နေသော မြင်းတင်ပါးပေါ် ထပ်ရပ်ကာ လှံကိုဆွဲလျက်
"ဘယ်သူ့ကို ထိုးပြရမလဲ မေးလိုက်"
ဘာသာပြန်သူ အမြန်အော်ပြောရ၏ ။ ဗညားရက္ခိုက်က သူ့ကို တိုက်ရိုက် ဆိုသည်။
"မထိုး နဲ့"
မြင်းခြေပြန်ကျသွား၏ ။
"တို့ဗိုလ်မှူးက မင်း မြင်းစီးကောင်းပုံရတယ် လို့ မြင်တယ်။ မြင်းရေးပြပါ တဲ့"
လက်ျာဘီလူးလည်း အစုံအရိုင် အနည်းငယ် စီးပြလိုက်ပြီး မြင်းပေါ်၌ လှံကစားကာ ရပ်ကြည့်နေသူတစ်ဦး၏ ကာချပ်ကို ထိုးပြလိုက်သည်။
"ကောင်းတယ်၊ တကယ့်သူရဲပဲ။ ဆင်းခဲ့ တဲ့"
သူ မြင်းပေါ်မှ ဆင်းလာတော့ ဗညားရက္ခိုက် ရှေ့တိုးလာသည်။ သူ့လူများ နောက်က လိုက်ပါလာသည်ကို လက်ကာပြခဲ့၏ ။
"ဘယ်သူ"
"မင်းထင်နော်ရထာ၊ လက်ျာဘီလူး"
"မသိဘူး"
လက်ျာဘီလူးက ဓားကို ကြည့်လျက် မျက်စပစ်ပြသဖြင့် သူရဲကြီး ဓားကို ဆွဲထုတ်လိုက်သည်။ နှစ်ဖက်သွား ဓားကြီးတစ်လက်၊ ဓားကောင်းမှန်း သိသာလှသည်။ ဖြူဖွေးဝင်းလက်နေ၏ ။ အတော်အတန်လည်း ကြီးမားသည်။
"လုပ်လေ"
လက်ျာဘီလူး သူ့အနက်ရောင်ဓားသွားကို ထုတ်တော့ ဗညားရက္ခိုက် တစ်ချက်မျက်မှောင်ကုပ်သွား၏ ။ သေးငယ်ပါးလွှာသော ဓားလွတ်တစ်ချောင်းနှင့် လာယှဥ်ပြိုင်နေသည့် လူငယ်ကို ကြည့်ကာ
"မင်း သူရဲကောင်းဆိုရင် ဘယ်လို တိုက်ချင်သလဲ လို့ မေးလိုက်"
အနောက်မှလူက လှမ်းအော်ပြော၏ ။
"ရပြီ၊ စတိုက်တော့ လို့"
ဘာသာပြန်သူ၏ စကားဆုံးသည်နှင့် ဗညားရက္ခိုက် ပြုံးသွားပြီး နောက်သို့ မသိမသာ ယိုင်ကာ ရှေ့ခြေတစ်လှမ်း လျင်မြန်စွာ တက်လျက် ခုတ်ပိုင်းလိုက်သည်။ မြန်လွန်းသဖြင့် လူသာမန်ဆိုလျင် ဘာမှန်းပင် သိလိုက်မည်မဟုတ်ဘဲ အသက်ပျောက်သွားပေလိမ့်မည်။
ရန်သူကို အထူးသတိကြီးစွာ ထားတတ်သော လက်ျာဘီလူးကတော့ နောက်သို့ ခါးယို့လျင် ယို့ချင်း မြေပေါ် မှောက်လုမတတ် ဝပ်ချလိုက်သဖြင့် ဓားချက်သည် ခေါင်းပေါ်မှ ဝဲကာ ဆံပင်အဖျား တစ်ထွာခန့် ပြတ်ကျသွားရသည်။
သူက လျှပ်တစ်ပြက် ခုန်ထကာ ချက်ချင်း တုံ့ပြန်လိုက်သည်။ ကြီးမားလေးလံသော ဓားကြီးကို နောက်တစ်ချက် ခုတ်ပိုင်းရန် တစ်ဘက်သို့ အားယူနေဆဲ သူရဲကြီး၏ လည်တိုင်ကို ခပ်စောင်းစောင်း ခုတ်မိ၍ လွန်သွားသည့် ဓားသွားက ပခုံးထက်၌ စိုက်ဝင်နေ၏ ။
ခေါင်းမရှိတော့သော်လည်း လွှဲလိုက်သော လက်က သူ့ကိုယ်ကို ရိုက်မိသည်။ ဓားကြီးသည် ဘေးဘက်သို့ ပြုတ်ကျလွင့်စင်သွားပြီး လျှောကျသွားသည့် ဦးခေါင်းကိုတော့ မြေမကျမီလေး သူဖမ်းဆွဲထားလိုက်နိုင်၏ ။
မွန်များသည် အံ့အားသင့်စွာ ပြူးကြည့်နေကြရာ လက်ျာဘီလူးက ဦးခေါင်းကို မြင်းတင်ပါးတွင် ချိတ်ထားသော ခြင်းထဲသို့ အဖုံးဖွင့်၍ ထည့်လိုက်လေသည်။ ထို့နောက် သူ၏ လှံရှည်ကို လက်ညှိုးထိုးပြသဖြင့် ကာ ကိုင်ထားသူက ဆွဲဖြုတ်လျက် သူ့ရှေ့ ပစ်ချပေး၏ ။
သူက မွန်များအားလုံးကို ဝေ့ကြည့်ရင်း လှံရှည်ကို ကောက်သည်။ ထို့နောက် သူရဲကောင်းပီသစွာ သေဆုံးခဲ့သည့် ဗညားရက္ခိုက်၏ ကိုယ်ကို ဦးညွှတ် အလေးပြုလိုက်သည်။ မွန်အားလုံးကလည်း ကျဆုံးသွားသော သူတို့ဗိုလ်မှူးအား အလေးပြုလိုက်ကြသည်။ လက်ျာဘီလူး ထွက်သွားမှ ရှေ့သို့ တိုးလာကြ၏ ။
စိုးရိမ်ပူပန်စွာ စောင့်မျှော်နေကြသော လက်ရွေးစင် လူ ၃၀၀၀ မှာ လက်ျာဘီလူးနှင့် မြင်းကို မြင်မှ သက်ပြင်းချနိုင်ကြသည်။ လက်ျာဘီလူးက လှံရှည်ကို မြှောက်ပြလိုက်သောအခါ ဦးပေါင်းထုပ် တဘက် ပုဝါများ ပစ်မြှောက် သြဘာပေးလိုက်ကြလေသည်။
နောက် နှစ်ရက်အကြာ...။ ဒလဘက်ကမ်းသို့ ချီသွားသည့် ဗိုလ်မှူးမင်းထင်နော်ရထာ ပြန်ရောက်၍ အရေးပြီးပြေခဲ့ကြောင်း အလောင်းမင်းတရား ကိုယ်တော်ကြီးနှင့်တကွ မိဖုရား မောင်းမမိဿံတို့ ကြားသိကြရသော်လည်း မင်းလှမင်းခေါင် အခစားဝင်လာသောအခါမှ မည်သို့ တိုက်ခဲ့ကြောင်း သေချာသိကြရတော့သည်။
"ငစံကတော့ကွယ်၊ လုပ်လိုက်ရင် အံ့စရာချည်းပဲ"
ဟု စန္ဒာဒေဝီ မိဖုရားခေါင်ကြီးက ဆို၏ ။ သူရဲကောင်းချင်း စီးချင်းတိုက်လာသတဲ့၊ မြင်ချင်လိုက်တာ ဟု နန်းတွင်းသူ အပျိုတော်များအကြား ပြောမဆုံးနိုင် ဖြစ်နေကြသကဲ့သို့ တပ်သားများအကြားတွင်လည်း
"ရှေ့ဝင်းမှူး မင်းထင်နော်ရထာ လုပ်လာပြန်ပြီတဲ့၊ ကြားပြီးပလား"
"ဟေ.. မကြားသေးဘူး။ ဘာလုပ်ပြန်ပတဲ့လဲ"
"တပ်ချင်း တိုက်တာ မရလို့ ဗိုလ်ချင်း စီးချင်းထိုး အနိုင်ယူလာသတဲ့"
"ဟာ.. ဟုတ်လား။ အဲဒါမျိုး ကြည့်ဖူးချင်တာ"
"သူနဲ့ ပါသွားတဲ့ လူတွေကို မေးပြီးပြီ၊ သူတို့လည်း မတွေ့လိုက်ရဘူးတဲ့ကွ။ တစ်ယောက်တည်း သွားဆော်လာသတဲ့"
"အလွန့်လူပါကွာ။ အဲဒီဗိုလ် တကယ်ရဲလွန်းတာပါ"
"ဟေ့.. မဟုတ်ဘူးဟ။ မုဆိုးခြုံဗိုလ်မှူး မင်းလှမင်းခေါင်က တိုက်ပွဲမှာ သူရဲကောင်းဆန်ဆန် လုပ်ခဲ့ဆိုလို့ သူက တစ်ယောက်တည်း သွားလိုက်တာ တဲ့"
"တစ်ယောက်တည်း သွားတာကတော့ မိုက်ပါတယ်ကွာ။ ဖမ်းချုပ်ထားလိုက်ရင် ကိုယ်ကျိုးမနည်းလား"
"ဟိုဘက်ကလည်း တကယ့် သူရဲပဲတဲ့။ တစ်ယောက်ချင်း ထွက်လာပြီး ယှဥ်သတဲ့"
"အဲဒီတော့ ငါတို့ဗိုလ်ကို မနိုင်ဘူးပေါ့.. ဟုတ်စ"
"အို.. ဘယ်သူဖြစ်ဖြစ် မင်းထင်နော်ရထာကို လက်ရေးသာချင် သာမယ်။ အကြံအစည် ပရိယာယ်နဲ့ ကျွမ်းကျင်မှုမှာ ယှဥ်နိုင်ရိုးလား"
"တောက်၊ ပွဲကြီးပွဲကောင်း မကြည့်လိုက်ရတာ နာသကွာ"
"အခု ဒလဘက်က မွန်တွေရော"
"ဗိုလ်မှူးမရှိလို့ ဆုတ်သွားတယ် ကြားတယ်"
"အေးပေါ့၊ အဲဒီဗိုလ် မရှိရင် နောင် တိုက်ရလည်း မခက်ခဲတော့ပါဘူး။ သူတို့ ခံနေလည်း ကျတော့မှာပဲ။ မင်းထင်နော်ရထာလို လူကို ဘယ်ဝံ့လိမ့်မလဲ"
ထိုသို့ နေရာအနှံ့ ဤအကြောင်းများသာ ပြောဆိုနေကြချိန် လူကြီးတစ်ဦးက လူငယ်တစ်ဦးအား
"ငါတို့အရှင်တော့ မင်းကို အကြောင်းစုံ မလျှောက်လို့ စိတ်ခုနေပြီ ထင်ပ။ ဘာဖြစ်ဖြစ် မင်း တိုက်လာပုံကို သဘောကျတော်မူတာ သိပ်သိသာတယ်။ ငါလျှောက်နေတုန်းမှာ နှစ်ထောင်းအားရ ဖြစ်ပြီး လက်သီးဆုပ်ထားတာ မြင်ခဲ့တယ်။ ပြီးတော့ မိန့်သေးတယ်"
"ဘာတဲ့လဲ၊ ထုံးစံအတိုင်း ငစံငယ်ကို ရှေ့ဖျားက.."
"မဟုတ်ဘူးကွ။ နင့်ကို မကြာခင် ဗိုလ်မှူးခန့်ပြီး စည်သာမင်းကြီးနေရာ ထားလို့ရပြီ ဆိုတဲ့အကြောင်း မိန့်တော်မူတာ"
"ဗျာ.. ကျွန်တော်က အဲလောက်ကြီး"
"အေး.. ကိုယ်တော်ကြီးဘုရားတော့ အဲသလောက်အထိ အထင်ကြီးသွားတာပဲ။ မင်း ငါ့ထက် ကျော်သွားပြီ။ ငါလိုချင်တာကလည်း ဒါပဲ။ ငါတို့ကြားက အကြွေး ကျေပြီ။ မင်း အကောင်းဆုံး ဆပ်လိုက်နိုင်တာပေါ့ကွာ"
ဟု ဆိုကာ လူငယ်၏ ကျောကို အုန်းခနဲမြည်အောင် ထုနှက်လိုက်သည်။
Written by သင်္ခရာဇာ
End date: May 19, 2022