Translate

Showing posts with label ဗိုလ်မှူးလေးယောက်. Show all posts
Showing posts with label ဗိုလ်မှူးလေးယောက်. Show all posts

ဗိုလ်မှူးလေးယောက် (၄)

*
- I choose to live by choice, not by chance.
*
သူသည် သာမန်သူရဲကောင်းတစ်ယောက်၊ သို့မဟုတ် တပ်မှူးငယ်တစ်ဦး၊ သို့မဟုတ် မထင်မရှား ဗိုလ်မှူးတစ်ဦးအဖြစ်သာ အမှတ်မထင် သိတွေ့ ကျော်လွှားသွားခြင်း ခံရသူ။
သို့ရာတွင် သူ့စွမ်းဆောင်ရည်များကို အကဲခတ်ရပါမူ မင်းခေါင်နော်ရထာ၊ မဟာသေနာပတိ သေနတ်ဝန်တို့နှင့် မတိမ်းမယိမ်း အဆင့်ရှိသော၊ တိုက်ပွဲတိုင်း အနိုင်ယူနိုင်စွမ်း ရှိသော၊ ရဲဝံ့ခက်ထန်လွန်းသော ထိပ်တန်းဗိုလ်မှူးကြီးတစ်ဦးဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
နာမည်ကျော် အင်းဝအမှုထမ်းဟောင်း စည်သာမင်းကြီး၊ မင်းတရား၏ ငယ်ကျွန်ရင်း ဦးကောင်းတို့ပြီးလျင် သားတော် စစ်ဘုရင် မင်းသားနှစ်ပါးနှင့်အပြိုင်၊ ထို့နောက် သူ့ကိုသာ ဗိုလ်ချုပ်ခန့်အပ်လျက် ဟံသာဝတီ တိုက်ပွဲများကို ဦးဆောင်အုပ်ချုပ်ရသူအဖြစ် ယုံကြည်ကိုးစားခဲ့ရသူ။
"အကြီးကျယ်ဆုံး စစ်ပွဲကြီးတွေရဲ့ အဆုံးစွန်သော အန္တိမရည်ရွယ်ချက်ဟာ အဲဒီနေရာမှာ နောက်ထပ် စစ်ပွဲတွေ ဘယ်တော့မှ မရှိတော့ဖို့ပဲ"
ဟု ဆိုကာ ပုဂံခေတ်မှစ၍ ထကြွပုန်ကန်လာခဲ့သော ဟံသာဝတီနေပြည်တော်နှင့်တကွ၊ ခေတ်အဆက်ဆက် တိုင်းတစ်ပါးသားတို့ စိုးမိုးအုပ်ချုပ်လျက် ဒုက္ခပေးလှသည့် သန်လျင်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ကာ နောင်၌တစ်ဖန် ပြန်လည်ထူထောင်၍ ဆူပူခြင်း မပြုနိုင်လောက်အောင် ဖျက်ဆီးပစ်ခဲ့သူလည်း ဖြစ်သည်။
သူသည် အောက်ပြည်အောက်ရွာ ကြည်းကြောင်း ရေကြောင်း ရိက္ခာဖြတ် တပ်သိမ်း မြို့စောင့်တိုက်ပွဲများတွင် မင်းခေါင်နော်ရထာနှင့် အဖက် ဖြစ်လာ၏ ။ မင်းဆွေမင်းမျိုးများ၊ ယုံကြည်ကိုးစားရသည့် စစ်သူကြီး ဗိုလ်မှူးများကိုသာ ပေးသနားလေ့ရှိသော နော်ရထာဘွဲ့ထူးကို မုဆိုးခြုံဗိုလ်မှူး မင်းခေါင်နော်ရထာထက် ဦးစွာ ရရှိထားခဲ့သူ။ တစ်နည်း မင်းတရားကြီး၏ အထူးယုံကြည် ကိုးစားမှုကို ထိုက်ထိုက်တန်တန် ခံရသူ။
မုဆိုးဘို ကုန်းဘောင်စစ်သည်တော်များတွင် ရဲရင့်သူ လူစွမ်းကောင်း များလှ၏ ။ လက်ရုံးကောင်းသူကား စစ်ထုတ်ရေတွက်ကြည့်လျင် မများလှ။ ထို့ထက် သတ္တိ ဗျတ္တိနှင့် ပြည့်စုံသူကို ပြပါဆိုလျင် လက်ချိုးရေတွက်၍ ရသည်။ သတ္တိဗျတ္တိ ပြည့်စုံ၍ အကွပ်အကဲကောင်းသူ၊ လက်ရုံးရော နှလုံးပါ ထက်မြက်သူ ဆိုလျင်တော့ လက်ငါးချောင်းစာမျှ မရှိ။
ထိုအထဲက တိုးထွက်လာသူမှာ မင်းထင်နော်ရထာ ဖြစ်သည်။ ရိုးရိုးကုပ်ကုပ် နေတတ်သဖြင့် နာမည်မထင်ရှားသလောက် ဦးဆောင်တိုက်ခိုက်ရလျင်မူ အံ့အားသင့်စရာချည်း လုပ်ပြနိုင်ခဲ့သူ။ ဗိုလ်တွန်လောက် နာမည်မကျော်သော်လည်း ငတွန်နှင့်မခြား စွမ်းဆောင်ပြနိုင်သူ။
သူသည် တိုက်စစ်ရော ခံစစ်ပါ စိတ်ချရသူ ဖြစ်၏ ။ အမြော်အမြင် ကောင်းသလောက် ဖိဖိစီးစီးလည်း စီမံအုပ်စည်းနိုင်သည်။ မင်းထင်နော်ရထာ ဟူသော အမည် မထင်ရှားမီကပင် လက်ျာဘီလူး ဟူ၍ ကြောက်စရာတပ်မှူး ဗိုလ်မှူးတစ်ဦးဟု နာမည်ကျော်ခဲ့၏ ။ ယှဉ်ပြိုင်ဘက် ရန်သူများ မတွေ့ချင်ဆုံးမှာ သူနှင့် ငတွန်၏ တပ်များ ဖြစ်ကြသည်။
သူတို့နှင့် ဆုံရလျင် မိမိက အင်အားကြီး၍ သူက လူသူအနည်းငယ်နှင့်သာ ဖြစ်သော်လည်း မရှုမလှ ရှုံးနိမ့်ကြရမြဲ။ တစ်ယောက်ချင်းတွင်လည်း မနိုင်၊ ဆယ်ယောက် အယောက်တစ်ရာလည်း အရေးမလှ။ သူတို့တစ်ယောက်စီသည် လူမည်မျှကို ရင်ဆိုင်ရသည်ဖြစ်စေ ထိုးဖောက်ခြောက်လှန့်နိုင်စွမ်း ရှိကြ၏ ။
အလွန် အန္တရာယ်ကြီးသဖြင့် သတိထား ပိတ်ဆို့ ဝိုင်းဝန်းတိုက်ခိုက်ကြသည့် ကြားမှပင် တပ်ပျက်အောင် ဖြိုဖျက်ပစ်တတ်သည်။ အမည်ကြားရုံမျြှဖင့် ရန်သူတို့ စိတ်အားငယ်ရသည်အထိ အရှိန်အဝါ ကြီးမားခဲ့ကြသည်။ လက်ျာဘီလူး ဝင်လာပြီ ဆိုလျင် ရွှေဘိုတပ်များ ရဲမာန်တက်ကြွ အားတက်လာကြသလောက် ရန်သူတို့အဖို့ကား ကပ်ဆိုးဝင်လျက် ဘီလူးသဘက်ကျသကဲ့သို့တည်း။
"ကျွန်တော်တို့ ဘယ်လိုသေကြရမယ် ဆိုတာ နဖူးမှာ မင်ထိုးထားသလို အထင်အရှားကြီးပဲ မဟုတ်လား"
ဟု သူဆိုခဲ့၏ ။ မှန်ပေစွ၊ သူကား စကားနှင့် ညီအောင် သေမည့်လမ်းကို ရွေးချယ်နိုင်ခဲ့၏ ။ စစ်သည်သူရဲ ပီသစွာ စစ်မြေပြင်တွင် ကျဆုံးခဲ့သည်။ ရန်သူနှင့် တိုက်ခိုက်ရင်း၊ မိမိနိုင်ငံသားများကို ကာကွယ်ရင်း သူရဲကောင်းတစ်ယောက်အဖြစ် အသက်စွန့်လွှတ်သွားခဲ့သည်။
စည်သာမင်းကြီး မင်းလှစည်သူ ကဲ့သို့ပင် သူ၏ ဇာတ်သိမ်းမှာ ခမ်းနားကြီးကျယ်ခြင်း မရှိ။ လူအများကြား တိုက်ရင်း ဆုံးပါးရခြင်း ဖြစ်သော်လည်း စည်ကားသိုက်မြိုက်သော ဂုဏ်ပြုအခမ်းအနားမျိုး မရှိခဲ့။ ကျော်ကြားထင်ရှားသော မှတ်တမ်းကြီး မရေးထိုးခဲ့။ အာဇာနည်အဖြစ် သမိုင်းမတွင်ခဲ့။
အမှောင်ထဲမှ သူရဲကောင်းများသည် နှလုံးသားတွင် တင်ထိုက်သော ကမ္ပည်းဖြင့်သာ ဂုဏ်ယူလောက်စရာ သူရဲကောင်းဆန်ခဲ့ကြသည်။ သေမည်ကို သိလျက်နှင့် နောက်ဆုံးအချိန်များအထိ တုန်လှုပ်မှုကင်းစွာ ပြောင်မြောက်လှသော သတ္တိကို ပြခဲ့သည်။
သမိုင်းတွင် ကြီးကျယ်စွာ မှတ်တမ်းတင်ခြင်း မခံရသော်လည်း အညတြ အာဇာနည် သူရဲကောင်းစစ်စစ်တစ်ယောက် အဖြစ် သူရေးထိုးခဲ့သော သမိုင်းသည်ကား ရဲရဲတောက်စစ်သည် လက်ျာဘီလူး၏ အလှပဆုံး ရွေးချယ်မှု ဖြစ်ခဲ့လေသတည်း။

 *
Written by သင်္ခရာဇာ

End date: June 1, 2022

ဗိုလ်မှူးလေးယောက် (3)

*
- Loyalty and devotion lead to bravery. Bravery leads to the spirit of self-sacrifice. The spirit of self-sacrifice creates trust in the power of love.
#Morihei Ueshiba.
*
'မင်းခေါင်နော်ရထာ'
အမည်က ကြီးကျယ်ခမ်းနားသလောက် ယင်းအမည်ကြားလိုက်သည်နှင့် ကုန်းဘောင်ရွှေဘိုတပ်များသာမက မွန်၊ ယိုးဒယားတပ်များအတွင်း၌ပါ ကြောက်ရွံ့ခန့်ညားကြရသည့် အမည်။
မင်းခေါင်နော်ရထာသည် ရဲရောင်သန်မာသူများ၏ အခေါင်အချုပ် ဖြစ်သည်။ နှလုံးဝမ်းကြီးမားသူတို့၏ ပြယုဂ်ဥဒါဟရုဏ် ဖြစ်သလို စစ်သည်ရဲမက်တော်တို့၏ စံပြသဖွယ် သူရဲကောင်းကြီးလည်း ဖြစ်၏ ။
သူ၏ ကြိုးပမ်းအားထုတ်မှု၊ ရဲဝံ့စွန့်စားမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ စိတ်နှလုံး ပြည့်ဝမှုတို့က အထူးကျော်ကြားလှသည်။ သူ့အား အလောင်းဘုရား၏ ပြည်ထောင်ဘက်ညီနောင် သွေးသောက်ကြီးဟု အားလုံးက အသိအမှတ်ပြု လက်ခံထားကြ၏ ။
ထိုသို့ ဆိုရလောက်အောင်လည်း သူ၏ အစွမ်းနှင့် ပါဝင်ပက်သတ်မှုက အလွန်ကြီးမားခဲ့သည်။ ဟံသာဝတီ တပ်များကို အကြိမ်ကြိမ် ဦးချိုးနိုင်ခဲ့သည်က တတိယမြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာစေရန် အကြီးမားဆုံး အထောက်အကူ ဖြစ်စေခဲ့သည် မဟုတ်ပါလား။
မုဆိုးခြုံဗိုလ်မှူးသည် ထန်းလုံးတပ်မှ အစပြုကာ ပြည်ထောင်စု မြန်မာနိုင်ငံကြီး ဖြစ်လာသည်အထိ စွမ်းစွမ်းတမံ ဆောင်ရွက် ထောက်ပံ့နိုင်ခဲ့၏ ။ သူ၏ ဘုန်းလက်ရုံးကြောင့် ရန်အပေါင်းကို အလွယ်တကူ အောင်မြင်ခဲ့သည်ဟု ထင်မြင်ရစေ၏ ။ တကယ်တမ်းတွင် ငတွန်နှင့် အပေါင်းအပါတို့ ပေးဆပ်ခဲ့ရသော သွေးချွေးများက မနည်းလှချေ။
သူတို့သည် မိမိအသက်ကို ဖက်သစ်ရွက်မျှပင် တန်ဖိုးမရှိသည့်အလား ရန်သူကို ရဲရင့်စွာ ထိုးဖောက်တိုက်ခိုက်ခဲ့ကြသည်။ မင်းခေါင်နော်ရထာ အသံကြားသည်နှင့် စိတ်နှလုံး အားငယ်ထိတ်လန့်နေစေရန် ပြုဖွယ်အမှုတို့ကို ကြိုးကြိုးကုတ်ကုတ် ထမ်းရွက်ခဲ့ရ၏ ။ လူအင်အား မမျှတသည်ကို ပမာမထား၊ လုပ်ရေးကြံရေးသည်သာ အရေးဖြစ်သည်ဟု ယူဆကြသူများပင်။
မင်းခေါင်နော်ရထာသည် ကွေ့၊ မွန်၊ ကသည်း စသော ရန်သူများနှင့် အကြိမ်များစွာ တိုက်ခိုက်ခဲ့ရသလို စစ်အင်ကြီးမားသော ယိုးဒယားတို့ကိုလည်း ရွပ်ရွပ်ချွံချွံ အနိုင်ယူခဲ့သည်ချည်း။ အယုဒ္ဓယတွင် ရာသီဥတု ပြင်းထန်ခက်ခဲလွန်း၍ ဖျားနာကြပြီး တပ်ဆုတ်ကြသည့်တိုင် သူက အနောက်၌ ချန်ရစ်ကာ ထွက်လိုက်လာသည့် ရန်သူတို့ကို ဆီးဆို့ဟန့်တားထားနိုင်ခဲ့လေသည်။
သူ၏အရှင် အလောင်းဘုရား ခရီးလမ်းချောမွေ့စွာ ဆုတ်ခွာနိုင်ရေးအတွက်က သူက ရန်သူအထပ်ထပ် အဝိုင်းခံ၍ တမင် နေ၏ ။ မြန်မာတပ်များ ဘေးကင်းလောက်ပြီ ထင်မှ ထိုးဖောက်ထွက်ကာ ပြန်ခဲ့ရသည်။ သို့ရာတွင် ဤအတွက် မျက်နှာပန်းမလှဘဲ ရိက္ခာဖြတ်တောက်ခြင်းကိုပင် ခံရသေးသည်။
သူကလည်း အလောင်းဘုရား မရှိတော့ပြီ ကြားလျင် သားတော် မြေဒူးမင်းကို မယုံကြည်သဖြင့် ရှေ့တပ်များနောက် မလိုက်ဘဲ တောင်ငူကြောင်းမှ နေပြည်တော်သို့ ချီလေသည်။ တောင်ငူတွင် အလောင်းမင်းတရား၏ ညီတော် တောင်ငူဘုရင် သတိုးသိင်္ခသူက ဖမ်းရန် ကြံသေး၏ ။
မြင်းရည်တက် ၆ ကျိပ် ၈ ယောက်ဝင် ဗလမင်းထင် ဦးဆောင်သော အာမခံလူကောင်း ၆ ဦးတို့က မင်းခေါင်နော်ရထာကို အမိဖမ်းပေးပါမည်ဟု ဆိုခဲ့ကြသော်လည်း တကယ်တမ်း ဖမ်းရမည်ဆိုသောအခါ ဒူးတုန်၍ တင်းတိမ်နောက်မှ မထွက်ရဲခဲ့ကြပေ။
တရားနာပင့်ဖိတ်ထားသဖြင့် ရောက်နေရသည့် မင်းခေါင်နော်ရထာ ရိပ်မိပြီး ရုတ်တရက် ထထွက်ကာ အိမ်တော်ဆင်ကပ်သို့ သူ၏ဆင် ကြိုးကြာကန်အား ခေါ်လိုက်ပြီး တောင်ငူမင်းအိမ်မှ ထွက်မသွားသေးဘဲ ဝင်းအတွင်းရှိ စက်တိုင်ကို လှံဖြင့် ထိုးသွားသေးသည်။
စက်စွဲနေသော လှံမှာ အားပါလှသောကြောင့် ကြိုးနှင့်ရိုက်ဖြုတ်ချသော်လည်း မကျဟု ဆိုကြ၏ ။ ဗလမင်းထင်တို့လည်း သူထွက်သွားသည်ကို ငေးမျှော်၍သာ နေလိုက်ကြရသည်။ မည်သူမျှ မလိုက်ဝံ့ချေ။
ထိုအခါ နေပြည်တော်သို့ ပြန်လျင် ဖမ်းဆီးကွပ်မျက် ခံရနိုင်ကြောင်း သိရှိ ရိပ်မိခဲ့သည့်အလျောက် မင်းခေါင်နော်ရထာသည် အင်းဝကို တိုက်ခိုက်သိမ်းပိုက်လျက် ဝင်နေလေသည်။ နောင်တော်ကြီးမင်းက ခေါ်သော်လည်း မလာတော့ဘဲ 'အင်းဝကို တလားပြုတော့မည်' ဟု ပြန်ကြားစေလိုက်၏ ။
ရွှေဘိုမှ နောင်တော်ကြီးမင်းကိုယ်တိုင် ချီလာပြီး စစ်ကိုင်းတွင် တပ်ချကာ အင်းဝကို အကြိမ်ကြိမ်တိုက်သော်လည်း ရွှေဘိုစစ်သည်များမှာ မင်းခေါင်နော်ရထာ အမည်ကြားလျင်ပင် ကြောက်ရင်းစွဲ ရှိကြသဖြင့် အလိုလို အရေးနိမ့်နေရ၏ ။ ထို့ကြောင့် ရံတပ်များ ချ၍ ဝိုင်းပိတ်ထားမှ မြို့တွင်းသားတို့ ငတ်မွတ်ချေသောကြောင့် မင်းခေါင်နော်ရထာသည် လူထုအကျိုးကို ငဲ့ကာ သားမယားခေါ်လျက် အင်းဝမှ ထွက်သွားလေသည်။
သူ့နောက်သို့ ရွှေဘိုတပ်များ လိုက်လံဖမ်းဆီးကြရာ သူက လှံထောင်ပြလျင် ပြေးကြသည်။ လှည့်တိုက်လျင် ပျက်ရသည်။ သို့ရာတွင် နောက်မှ အစဉ်တစိုက် လိုက်နေကြလေသည်။ မင်းခေါင်နော်ရထာတို့ တပ်များ ကျောက်ဆည်နားအရောက်၌ လမ်းပျောက်ကာ နောက်သို့ ပြန်လည် ဖောက်ထွက်ရလေတော့သည်။
သူက ကိုယ်လွတ်ရုန်းလျင် ရသော်လည်း သူ့လူများကို ငဲ့ကာ နောက်ဆုံးမှသာ လိုက်လေ့ရှိသဖြင့် ထိုတိုက်ပွဲတွင် သေနတ်ထိခဲ့လေသည်။ ချောင်းတစ်ခုအနီး ကမ်းပါးစောက်တွင် အနာကို လှန်လှောကြည့်ရှု စုတ်သပ်နေခိုက် ရဲမက်တစ်ဦးက နောက်မှ အလစ်ချောင်းကာ ဝင်ဖမ်းသည်။
ဒဏ်ရာပြင်းထန်လှသော်လည်း သတိမလွတ်သော မင်းခေါင်နော်ရထာက ထိုရဲမက်အား ပြန်ဖမ်းထားသောကြောင့် ကြောက်လန့်တကြား အော်ဟစ်အကူအညီတောင်းရာတွင်မှ သေနတ်သားအများ ရောက်ရှိလာကြပြီး ဝိုင်းဝန်းပစ်ခတ်ကြသဖြင့် အရဲရင့်ဆုံး သူရဲကောင်းကြီးတစ်ယောက် ဆုံးပါးရချေတော့သည်။
သူပြောခဲ့သည့်အတိုင်း အမှန်ပင် သေမည်ကို ဂရုမစိုက်၊ မသေမချင်း တိုက်သွားခဲ့သူ မင်းခေါင်နော်ရထာသည် ကုန်းဘောင်ခေတ်တစ်ခုလုံးတွင် စံထားလောက်စရာအဖြစ် အလောင်းမင်းတရား၏ အကြီးကျယ်ဆုံး ရဲဘော်သွေးသောက်ကြီး ဟု ထင်ရှားခဲ့လေ၏ ။

Written by သင်္ခရာဇာ

End date: May 29, 2022


ဗိုလ်မှူးလေးယောက် (၂)

*
- Nothing is given to man on earth - struggle is built into the nature of life, and conflict is possible - the hero is the man who lets no obstacle prevent him from pursuing the values he has chosen.
*
ရွှေတောင်စားအား ဖမ်းရန် ဦးကောင်းကို ကျိုင်းတောင်းသို့ စေလွှတ်တော်မူသည် ဟူသော သတင်းကို ကြားသဖြင့် လက်ျာဘီလူး ဦးကောင်းနှင့် တွေ့ရန် လာခဲ့သည်။ လမ်းတွင် ဗိုလ်တွန်ကလည်း သူ့ထံလာခေါ်သည်နှင့် ကြုံကြိုက်နေ၍ အတူသွားကြ၏ ။ ခရီးထွက်ရန် တပ်များကို ပြင်ဆင်နေသော ဦးကောင်း ဆီးကြိုနှုတ်ဆက်သည်။
"ဟေ့.. ငတွန်တို့ ရှင်ညိုသူတို့၊ နှုတ်ဆက်ရအောင် လာကြသလား။ ငတွန်ကတော့ လာနှုတ်ဆက်သာပါပဲ၊ ရှင်ညိုက ကျိုင်းတောင်းကို အမှားပါးချင်လို့များလား"
လက်ျာဘီလူး ပြုံးလိုက်ကာ
"ကျိုင်းတောင်းကို မဟုတ်ပါဘူး၊ ကျိုင်းတုံပါ"
ဟု ပြန်စ လိုက်သည်။
"ဟိုရှမ်းမလေးလား ဟိတ်"
သိထားနှင့်ပြီးသော ဗိုလ်တွန်ကလည်း စ လိုက်ပြန်သည်။
"မင်းသမီးဗျ.. မင်းသမီး"
"မင်းပြောတော့ အဲဒီမင်းသမီးက စော်ဘွားသားနဲ့ လက်ဆက်မှာဆို"
"မဆက်ဖြစ်သေးဘူး ဆိုလားပဲ"
"နင် မပြတ် စုံစမ်းနေတာပေါ့လေ"
"မဟုတ်ပါဘူး ဦးတွန်ရာ၊ ဒီလိုပါပဲ.. ဟဲ ဟဲ"
သူတို့ စနောက်ပြီးကြသောအခါ လက်ရှိစစ်ရေးအကြောင်း အနည်းငယ် ဆွေးနွေးဖြစ်ကြ၏ ။ ဦးကောင်းက
"ငါမရှိရင် စည်သာမင်းကြီးနဲ့ မင့်ကိုပဲ ဦးဆောင်ဦးရွက် ပြုခိုင်းမှာပ ငတွန်။ မင်းက အရေးတော်မှားချင်လို့ ငါ ပူမိသယ်။ ကိုစည်းစိမ်ကတော့ ဘယ်တော့မှ အရေးမှားမယ့်သူ မဟုတ်ဘူး။ ပြီးတော့ ရှင်ညိုသူ..."
"ဟုတ်ကဲ့"
"မင်းလည်း အရမ်းလုပ်တတ်သာကို ပြင်မှ ဖြစ်တော့မယ်ကွဲ့။ ဘုန်းတော်ကြီးဘုရား အနားမှာ နေရသယ် ဆိုတိုင်း အပြစ်လွတ်သာ မဟုတ်ဘူး။ ဉာဏ်ကလေး ပြေးချင်ပေမယ့် မဆင်မခြင် လုပ်လိုက်ရင် အသက်ဘေးသင့်လိမ့်မယ်.. မှတ်ထား"
"ဟုတ်ကဲ့ပါ ဦးကောင်း၊ ကျွန်တော် ဆင်ခြင်ပါ့မယ်"
"မင်းတို့နှစ်ယောက်ကို ငါ ပူမိသယ်။ တကယ့်သူရဲကောင်း ဆိုသူတွေရဲ့ ဇာတ်သိမ်းမှန်သမျှလည်း မင်းတို့သိကြတဲ့အတိုင်းပဲ မဟုတ်လား"
"ကျွန်တော်တော့ သမိန်ဖြတ်စ (ဗြတ်ဇ) လိုပဲ စစ်တိုက်ရင်း သေချင်တာ။ မင်းမိန့်နဲ့လည်း အကွပ်မခံချင်၊ ရန်သူ့လက်ချက်နဲ့လည်း မသေချင်ဘူး"
"သေရေးကို မင်း ရွေးချယ်လို့ မရပါဘူး။ မသေချင်လည်း ကံပါလာရင် သေရမှာပဲ။ ဒါ့ကြောင့် ကြိုတင်ပြင်ဆင်ထားကြ၊ မတိမ်းမချွတ်စေလင့်။ မိမိကိုယ်ကို သတိထား မွေးမြူကြ"
"မှန်ပါ့၊ ဗိုလ်မင်းပြောတဲ့အတိုင်း ဉာဏ်မြေကတုတ် သတိချွန်းအုပ်ပြီး ရန်သူကို ရင်ဆိုင်ပါ့မယ်။ ဗိုလ်မင်းလို ဆိုခဲစေ မြဲစေ၊ ပြေးခဲစေ ရဲစေ ဖြစ်ဖို့လည်း ကျွန်တော် ငစံ ကြိုးစားနေပါကြောင်း"
"အိမ်း.. ကောင်းသယ်။ ငတွန်လည်း အရဲမကိုးလွန်းနဲ့ကွဲ့။ မင်းတို့နှစ်ယောက်က အလိုက်ရဲလွန်း လွန်လွန်းသယ်။ တစ်ကြိမ်မှားရင် ပြင်လို့ရသာ မဟုတ်ဘူး"
"မှတ်သားထားပါ့မယ် ကိုကြီးကောင်းရေ"
သေနတ်ဝန် မဟာသေနာပတိကား အလောင်းမင်းတရားကြီး၏ အိမ်နိမ့်စံ ငယ်ကျွန်တော်ရင်းဖြစ်သည်။ တိုက်ပွဲတိုင်းကို သတ္တိပြောင်စွာ ရဲဝံ့စွန့်စားလျက် ဖိဖိစီးစီး ကွပ်ညှပ်တိုက်တတ်၏ ။ မည်သည့်ရန်သူမျိုးကိုမှ ကြောက်ရွံ့ နောက်တွန့်တတ်သူမျိုး မဟုတ်။
ရာဇဝင်တွင်သည့် သူရဲကောင်များစွာ ပေါ်ထွန်းခဲ့ကြသော်လည်း သူလို သူရဲမျိုးကား ရှားလှ၏ ။ ကနောင်မင်း၊ မင်းကြီးသတိုးမဟာဗန္ဓုလတို့ကဲ့သို့ ပြေးခြင်းကို အလျဥ်းစိတ်မဝင်စားသူ ဖြစ်သည်။ ဆုတ်ခွာရမည်ကို စက်ဆုပ်၍ မည်သို့ဖြစ်စေ အနိုင်တိုက်သည့် သူလည်း ဖြစ်၏ ။
လက်ျာပျံချီ ငချစ်ညိုက သူ့ကို ဦးတည်၍ စိန်ခေါ်စီးချင်းထိုးစဥ်ကပင် မကြောက်မရွံ့ တံ့တံ့စားစား မားမားမတ်မတ် ရပ်တည်၍ ငယ်သားများ စိတ်အားမငယ်စေရန် ဦးဆောင်လမ်းပြခဲ့သူ။ အဆများစွာ အင်အားကြီးသည့် ရန်သူတို့ကိုလည်း နောက်မဆုတ်တမ်း ကွပ်ကဲလျက် အနိုင်ယူတတ်သူ။ ထိုသူကား သေနတ်ဝန် မဟာသေနာပတိ ဦးကောင်းတည်း။
တလပန်း စသည့် မွန်စစ်သူကြီးတို့ အကြိမ်ကြိမ် သူ့ကိုဦးတည်ကာ 'သေနတ်ဝန် ထွက်ခဲ့စေ' ဆိုလျင်လည်း 'ငါ ထွက်လာမည်၊ နင် ခံနိုင်အောင်ခံ။ မနိုင်လျင် မပြေးနှင့်' ဟုဆိုကာ မွန်တပ်ကြီးများ ပျက်ပြေးရသည်အထိ တိုက်လံပစ်လေ့ ရှိသည်။
သူသည် ရှမ်းပြည်သို့ ပြေးသော ရွှေတောင်စားအား လိုက်ရင်း မငြိမ်ဝပ်သည့် ဒေသတို့ကို နှိမ်နင်းခဲ့သလို ပုန်ကန်သော မြို့ရွာနယ်ပယ်များကိုလည်း သိမ်းယူခဲ့သည်။ ထောင်ထားခြားနားနိုင်သည့် နိုင်ငံတို့အား သစ္စာပေးကာ အနောက်မှ မီးကို မထကြွအောင် စီရင်နိုင်ခဲ့လေသည်။
ရွှေတောင်စားသည် ဇင်းမယ်အထိ ပြေးလေသောကြောင့် မဟာသေနာပတိ သေနတ်ဝန်ကြီး ဦးကောင်းက
"ရွှေတောင်စားသည် လူပြေးဖြစ်သည်၊ ပြန်လာ၍လည်း ငါတို့ကို မလှန်ဝံ့ပြီ။ မွန်တို့နှင့် တိုက်ရမည်လည်း များသေးသည်ဖြစ်၍ ပြန်မှသင့်မည်"
ဆိုကာ ရာမညမြေသို့ လိုက်လာလေသည်။ ရေမြေ့ရှင်က သူ့အား ဗိုလ်မှူးချုပ်ခန့်ပြီး တိုက်ပွဲကြီးများစွာ ဦးစီးစေရာတွင်လည်း အရေးရအောင် ယူနိုင်ခဲ့၏ ။ သန်လျင်တိုက်ပွဲတွင်မူ ကြေးစား သင်္ဘောကုလားတို့၏ ​အမြောက်သေနတ် ထူထပ်လွန်းသည်နှင့် မြန်မာတို့ မြို့မကပ်နိုင် ရှိနေကြရာ မဟာသေနာပတိက မြို့ရင်းတိုင်အောင် မြင်းနှင့်လိုက်၍ ကွပ်ကဲလေသည်။
ထိုအချိန်တွင် မြို့ရိုးထက်က ပစ်သော သေနတ်ကျည်စေ့ သင့်၏ ။ သို့ရာတွင် သတိမပျက်၊ မတုန်မလှုပ်၊ မည်သူ့ကိုမျှ မသိစေဘဲ စစ်ကဲကြီးကိုသာ ခေါ်လျက်
"စစ်သည်တို့ကို ကွပ်ညှပ်၍ ရံမြဲရံရစ်စေ။ မြောက်ဘက်မှာ ငါ လူသိမ်းချေဦးမည်"
ဟု မှာခဲ့ကာ မြောက်မျက်နှာသို့ ကူးလေသည်။ မြောက်ဘက် စစ်မျက်နှာတွင် လှေသို့ ပြောင်းစီး၍ ရန်ကုန်ဘက်ကမ်း ကူးခဲ့သည်။ သန်လျက်စွန်းမှ စောင့်ကြည့်နေသော အလောင်းမင်းတရားက ညအမှောင်တွင် လှေငယ်တစ်စင်းတည်း ပြန်လာသည်ကို မြင်သဖြင့် 'အသူနည်း' ဟု မေးမြန်းရာ သွားရောက်စုံစမ်းရသူက
"မဟာသေနာပတိ သေနတ်သင့်ခဲ့ပြီ"
ဟု လျှောက်တင်လေ၏ ။ အလောင်းမင်းတရားကြီးလည်း
"ဟာ.. ဆုံးခဲ့ပြီ။ ဟာ ဆုံးခဲ့ပြီ"
ဟူ၍ မြည်တမ်းတော်မူသည်။ 'မဟာသေနာပတိကို ရအောင်ကုကြစေ' ဟု မိန့်တော်မူသော်လည်း ဦးကောင်းက
"အရေးတော် မပြီးပြေမီ အရှင့်ကို ခွဲသွားရပါတော့မည်။ အမှုကို ကုန်စင်အောင် မထမ်းနိုင်တော့သည်ကို ခွင့်လွှတ်တော်မူပါဘုရား"
ဟူ၍ လက်အုပ်ချီ လျှောက်လေသော်
"မောင်ကောင်း၊ စကားမပြောပါနှင့်။ မင့်ကို ငါ ရအောင် ကုမည်"
ဆိုလေသည်။ သူရဲကောင်း ပီသလွန်းသော ဦးကောင်းသည် သေအံ့ဆဲဆဲ၌ပင် မျက်နှာတစ်ချက် မမဲ့ဘဲ "မရတော့ပါဘုရား" ဟု လျှောက်သွားသေး၏ ။ ရန်ကုန်နန်းတော်သို့ အလျင်အမြန် ပို့စေသော်လည်း နန်းတော်သို့ ရောက်လျင် ဆုံးချေ၏ ။

အလောင်းမင်းတရားကြီးလည်း အလွန်နှမြောလှ၍ မျက်ရည်ကျခဲ့ရသည်။ ကိုယ်နှင့်ထပ်တူ ထီးဖြူအုပ်မိုးကာ အဂ္ဂမဟာသေနာပတိ ဘွဲ့နှင့် သင်္ဂြိုဟ်ရ၏ ။ ဦးကောင်း၏ ဘဝနိဂုံးသည် စစ်သည်သူရဲတို့၏ ဂုဏ်အင်္ဂါနှင့် ပြည့်စုံစွာ စစ်မြေပြင်တွင် အဆုံးသတ်ခဲ့လေသည်။ 

ဆက်ရန် ... ဗိုလ်မှူးလေးယောက် (3)

Written by သင်္ခရာဇာ

End date: May 29, 2022


ဗိုလ်မှူးလေးယောက် (၁)


*
- Where life is more terrible than death, it is then the truest valor to dare to live.
*
ဖုန်မှုန့်များသည် သူတို့ရပ်တည်နေရာ ကုန်းမြင့်ထက်သို့ပင် လွင့်ပါးရောက်ရှိနေသည်။ ထိုဖုန်မှုန့် သဲမှုန့်တို့ လာရာအရပ်ဆီသို့ ရပ်ကြည့်နေသူ နှစ်ဦးရှိ၏ ။
တစ်ဦးမှာ မြင်းဖြူကြီး စီးလျက် ရွှေကျင်ခတ်ပုဝါစကို ပတ်ပေါင်း ပေါင်းထားပြီး နောက်တစ်ဦးကတော့ တမာရွက်များစွာ ပါသော မောက်ရူကို ဆောင်းထားသည့် ဗိုလ်မှူးတစ်ဦးဖြစ်သည်။ သူ၏ မန်ကျည်းစေ့ရောင် တောက်ပြောင်နေသော မြင်းမှာ ကြွားရွားလှပလှ၏ ။
သူတို့နှစ်ဦးသည် စစ်ပွဲတစ်ခုအား အမြင့်မှ ကြည့်ရှုသုံးသပ်နေကြခြင်း ဖြစ်သည်။ ဟံသာဝတီသားတို့ဘက်မှ ဆင်များဖြင့် ထိုးဖောက်၍ အရေးသာနေဟန် ရှိသော တိုက်ပွဲသည် ဘေးတစ်ဘက်တစ်ချက်မှ ဝင်လာကြသော ရွှေဘိုမြင်းတပ်နှစ်တပ်ကြောင့် ဆက်လက် ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ဘဲ တဖြည်းဖြည်း ဖရိုဖရဲနှင့် ပြန့်ကြဲ ပြိုကွဲလာနေကြောင်း တွေ့ရသည်။
"ဒါ မင်းအစီအရင်ပေါ့လေ"
ဟု မြင်းဖြူစီးသူက မေးရာ ကျန်တစ်ဦးက ပြုံးရုံ ပြုံးလိုက်၏ ။ သူတို့ကုန်းထက်သို့ မြင်းညိုတစ်စီး လှမ်းတက်လာနေသည်။ ဗိုလ်မှူးများ၏ မြင်းတို့ကဲ့သို့ မလှပသော်လည်း ကြံ့ခိုင်သန်မာလွန်းသော မြင်းညိုကြီး၊ အပေါ်၌ မြင်းနှင့် အရောင်တူ အကဲတူ လူညိုထွားထွားတစ်ဦး။
ထိုသူက လှံကိုမြှောက်၍ 'ကျုပ်တို့နိုင်နေပါပြီ' ဟူသော အမူအရာ ပြသည်။ လှံကို အလယ်မှ ကိုင်ကာ အပေါ်သို့ ဆတ်၍ ဆတ်၍ ပြပုံက အားမာန်ပါလှသဖြင့် ဗိုလ်မင်းနှစ်ဦး ပြုံးမိကြပြန်သည်။ တိုက်ပွဲအလယ်တွင် ပေါ်လွင်ထင်ရှားစွာ တရုန်းရုန်း လိုက်ကွပ်နေသည့် မြင်းနီတစ်စီးကလည်း သူတို့သုံးဦးရှိရာ ကုန်းမြင့်ကို မြင်သွားဟန်ဖြင့် မြင်းလှည့်လျက် တိုက်ပွဲထဲမှ အေးဆေးစွာ ထွက်လာလေသည်။
သေနတ်သံ စိန်သံ တဖောင်းဖောင်း၊ ယမ်းငွေ့တအူအူ၊ ကျည်စေ့ မြားတံ တရွှီရွှီကြား၌ မြင်းရောလူပါ စိတ်အေးလက်ချ မြောက်စွစွနှင့် လေးဘက်ကျစွာ လှမ်းထွက်လာသည်မို့ 'အာဂအကောင်တွေ' ဟု ကြည့်နေသူထဲမှ တစ်ဦးက တီးတိုးရေရွတ်လိုက်မိသည်။
မြင်းနီရှင်ကလည်း မည်သည့်စကားမျှ မဆိုဘဲ သူတို့ဘေး အနောက်ဘက်ခပ်ကျကျတွင် ဝင်ရပ်ကာ တိုက်ပွဲကို ကြည့်ရှုနေပြန်သည်။ ကျွမ်းကျင်သော စစ်သည်တော်တို့သည် အသက်နှင့်ရင်း၍ တိုက်ခိုက်သတ်ပုတ်ကြလျက်၊ ဗိုလ်များက လူးလားခေါက်ပြန် ကွပ်ကဲကြပ်မတ်လျက်၊ အချို့က သူတို့ရပ်နေရာ ကုန်းနှင့် စစ်ပွဲအကြား ဆက်သွယ်လျက်။
ထိုအထဲတွင် ယခုမှ စည်းကြပ်ထားသည့် လူငယ်လူသစ်များ ပါသကဲ့သို့ အတွေ့အကြုံရင့် စစ်သားကြီးများစွာလည်း မနည်း။ သူတို့သည် တစည်းတလုံး တစ်စိတ်တစ်ဝမ်းတည်း ညီညာဖျဖျ တိုက်ပွဲဝင်နေကြသည်။ အချို့ ကြွေးကြော်ချီတက်နေပြီး အချို့ ကျဆုံးကုန်ကြပြီ။
"စစ်ပွဲဟာ လူတစ်ယောက်ကို ဘယ်လောက် ပြောင်းလဲသွားစေနိုင်သလဲ"
ဟု မြင်းနီပေါ်မှ မိန်ညိုအင်္ကျီအနက်ရောင်သာ ဝတ်ထားသူက မေးခွန်းထုတ်လိုက်သည်။ သူ့ဆံစများ လွင့်ဝဲနေသကဲ့သို့ သူ့အတွေးများကလည်း တဖျတ်ဖျတ် တလှပ်လှပ်။ အခြားသုံးဦးတို့ကမူ သူတို့ကို မေးသည်ဟု မထင်သည့်အလား လှည့်ပင်မကြည့်ပေ။
အမှန်တော့ မေးသူကလည်း သူတို့ကို မေးလိုက်ခြင်း မဟုတ်ပါ။ သူ၏ သန်မာကျစ်လျစ်နေပြီဖြစ်သော လက်ချောင်းများနှင့် မာကြောသော လက်ဖဝါးပြင်ကို ဖြန့်ကြည့်နေသည်။ လက်အုပ်ချီမိုး ရှိခိုးခဲ့ဖူးသော လက်နှင့် ဓားလှံဆွဲကာ အသက်များစွာကို ခြွေပစ်ခဲ့သောလက် မတူတော့​တာ သူသာ အသိဆုံး ဖြစ်၏ ။
လက်မှ မဟုတ်၊ သူ့တစ်ကိုယ်လုံးသည်လည်းစိတ်ထားမှ အစ မျက်လုံးများအထိ ပြောင်းလဲခဲ့ပြီကော။ ရက်စက်မှုတို့ကို အေးစက်စွာ ပြုကျင့်တတ်သော၊ ပရိယာယ်မာယာများလှသော၊ ယခုသူအဖြစ်ကို စိတ်ကူးကြည့်ရုံမျှပင် မတွေးမိဖူးသော အဖြစ်သို့ ရောက်နေလေပြီ။ တစ်ချိန်က သူနှင့် ဘဝချင်း ခြားခဲ့လေပြီတည်း။
"မင်း ဘယ်လိုသေချင်သလဲ ငစံ"
မည်သူက မေးလိုက်သည်မသိ၊ သူကလည်း မော့မကြည့်ဖြစ်။ အခြားသူများ လှည့်ကြည့်လိုက်ကြသည်ကို သိသော်လည်း သူ့လက်များကိုသာ စိုက်ကြည့်လျက်
"ဘယ်လိုမှ မသေချင်ပါဘူး"
ခေတ္တ တုံ့ဆိုင်းနေကြပြီးနောက်
"ထင်သားပဲ၊ သင်းကိုမေးရင် မထင်တာ ဖြေမယ် ဆိုတာ"
ဟု တစ်ဦးက ပြောပြန်သည်။
"ငါကတော့ သာမန် အသည်သားလိုပဲ ဘဝဆုံးလိုက်ချင်သဟိတ်၊ မင်းပြစ်ဒဏ်နဲ့ ရှက်ဖွယ်အဆုံးမသတ်ချင်သလို ရန်သူ့လက်ချက်ကြောင့် သေရရင်လည်း ဂုဏ်ငယ်တယ် ထင်မိလိမ့်မယ်"
မြင်းဖြူရှင် ဆိုစကားကို အခြားတစ်ဦးက
"ကျုပ်ကတော့ စစ်သည်သူရဲလိုပဲ သေချင်သယ်၊ စစ်သည်ဟာ စစ်မြေပြင်မှာပဲ သေရမှ အဓိပ္ပါယ်ပြည့်ဝတော့မပေါ့"
မြင်းညိုကြီးရှင်ကလည်း
"မသေချင်လည်း တစ်နည်းနည်း သေရမှာပဲ။ ငါကတော့ သေမှာကို ဂရုမထား၊ မသေမချင်း တိုက်သွားရမှာပဲ ငစံ"
ထိုအခါကျမှ မြင်းနီရှင် ခေါင်းမော့ကာ
"ဘယ်လိုမှ မသေချင်ဘူး ဆိုတာ သေမှာကြောက်လို့ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်လိုသေကြရမယ် ဆိုတာ နဖူးမှာ မင်ထိုးထားသလို အထင်အရှားကြီးပဲ မဟုတ်လား"
သူ့စကားကြောင့် အခြားဗိုလ်သုံးဦး ပြုံးလိုက်ကြသည်။
"ဟုတ်ပေ့ကွာ၊ သူရဲဟာ သူရဲလို သေကြရမပေါ့။ သည်နေ့ တို့မသေသေးတာဟာ မနက်ဖြန် တို့ဘာလုပ်နိုင်တယ် ဆိုတာ ပြဖို့ပဲလေ။ စစ်သည်တစ်ဦး အသက်ရှင်နေတာက တိုက်ခိုက်ဖို့ပဲ။ စစ်သည်တော်တွေ တိုက်ခိုက်နေကြတာကလည်း အနိုင်ရဖို့အတွက်ပဲ။ ဒါ့ကြောင့် မသေမချင်း အနိုင်ရဖို့ပဲ ဦးတည်ချက် ထားကြပါ မောင်တို့"
"မှန်လှပါ မင်းကြီး"
"ဒါပေါ့.. ဒါပေါ့"
"ဟုတ်ပါပြီဗျာ..."
* * *
- Engage in combat fully determined to die and you will be alive; wish to survive in the battle and you will surely meet death.
* * *
ထိုလေးယောက်အနက် မိန်ညိုအနက်ဝတ်ထားသောသူမှာ စစ်အင်္ဂါ ၇ ပါးတွင် အဦးဆုံးဖြစ်သည့် စစ်ဖျား စစ်လျင် ဝင်ရသသူ မင်းထင်နော်ရထာ ဖြစ်သည်။ အရှေ့ဝင်းမှူး ဖြစ်သော်လည်း အသက်အရွယ် ရာထူးဂုဏ်ဝါ အငယ်ဆုံးတစ်ယောက် ဖြစ်၏ ။
သူ၏ ဘေးမှ မြင်းညိုကြီးနှင့် လူညိုထွားမှာ မုဆိုးချုံဗိုလ် မင်းလှမင်းခေါင် (ခေါ်) မင်းခေါင်နော်ရထာတည်း။ သူသည် စစ်ပခုံး စစ်နံပါးတို့မှ အစဥ်လိုက်လံ တိုက်ခိုက်ရသူ ဖြစ်သည်။
မောက်ရူနှင့် လူသည် သေနတ်ဝန် မဟာသေနာပတိ မင်းလှမင်းခေါင်ကျော် ဖြစ်လေသည်။ အကြီးဆုံးဗိုလ်မှူးကြီး ဖြစ်သည့်အလျောက် စစ်၏ ဝမ်း၊ စစ်၏ ကျောကုန်း စသည်တို့ကို အလောင်းမင်းတရားအပါအဝင် သားတော်နှစ်ပါးနှင့်အတူ အလျဥ်းသင့်သလို လိုက်ပါရလေ့ရှိသည်။
(မင်းထင်နော်ရထာသည်လည်း စစ်ဝမ်း၊ စစ်ရင်ဝတို့မှ အခါအားလျော်စွာ ပါလေ့ရှိပါသည်)
မြင်းဖြူရှင်မှာမူ အလောင်းမင်းတရားကြီး၏ ဦးရီးတော်သမက်၊ မရီးတော်၏ ခင်ပွန်းတော်စပ်သော စည်သာမင်းကြီး မင်းလှစည်သူ ဖြစ်သည်။ အမြဲလိုလို စစ်ရင်ဝမှ ဦးဆောင်ကာ ဝင်ရလေ့ရှိသည်။
သူသည် သတ္တိပြောင်၏ ။ ကွပ်ကဲအုပ်ချုပ်မှုနှင့် ဇွဲလုံ့လ ကောင်းသလို လက်ရုံးရည်လည်း ထက်၏ ။ အလောင်းမင်းတရားကြီး၏ အားအထားရဆုံး ဗိုလ်မှူးတစ်ဦးဖြစ်သည်။ သူရဲကောင်းဟူသည် တိုက်ပွဲ၌ အရှင်မရနိုင် ဟု နှုတ်ဖြင့်မပြော၊ လက်တွေ့ပြသွားသူ ဖြစ်သည်။
သန်လျင် ဖော့ချောင်းတိုက်ပွဲတွင် မွန်တို့ဗိုလ်ပုံကို အလယ်ကြောင်းလိုက်၍ တိုက်ရာ အထပ်ထပ် ဝန်းရံဆီးဆို့ တိုက်ခိုက်ခံရသဖြင့် တပ်အလုံးပြုတ်ပြီး တစ်ဦးတည်း ကျန်စဥ် ဝိုင်းဖမ်းကြသည်ကို မခံဘဲ နောက်ဆုံးထွက်သက်အထိ ခုခံသွားခဲ့လေသည်။
စည်သာမင်းကြီး မင်းလှစည်သူကား ရန်သူ့လက်ချက်ဖြင့် သေရသော်လည်း ဂုဏ်မငယ်ခဲ့ဘဲ သူရဲကောင်းစစ်စစ်ဖြစ်ကြောင်း လုပ်ရပ်ဖြင့် သက်သေပြသွားခဲ့သော ဗိုလ်မှူးကြီးတစ်ယောက်ပင်တည်း။
* * *
[A hero is a man who is afraid to run away.]

Written by သင်္ခရာဇာ

End date: May 25, 2022


ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...