ရွာထဲသို့ လူသုံးဦး ဝင်လာကြသည်။ တစ်ဦးက တစ်ရွာလုံးသာမက ရွာနီးချုပ်စပ် ဆယ်ရွာခန့်အထိ လူတိုင်း သိကြသော အရပ် ၆ ပေခန့်ရှိ ထောင်ထောင်မောင်းမောင်း လူကြီးဖြစ်သည်။ နောက်တစ်ဦးက ရွာရှိလူများပင် အနည်းငယ်သာ သိကြသေးသော မစိမ်းမကျက် ခပ်ပျပ်ပျပ် ခန္ဓာကိုယ်နှင့် တောင့်တင်း ကြံ့ခိုင်လှသော လူလတ်ပိုင်းတစ်ယောက်ဖြစ်၍ အခြား တစ်ဦးမှာကား လုံးဝ မျက်နှာစိမ်းဖြစ်သည့် ဆယ်ကျော်သက် လူငယ်လေးတစ်ဦး ဖြစ်သည်။
သူတို့ ၃ ဦး ရွာထဲ ဝင်လာသည်နှင့် တစ်ရွာလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏ ။ စူးစမ်းသည့် အကြည့်များ၊ တီးတိုး ဝေဖန်ဆန်းစစ်သံများ၊ လေ့လာသုံးသပ်နေကြသည့် ဟန်အမူအရာများက သိသာနေသည်။ လူကြီးကတော့ မည်သူ့ကိုမျှ ဂရုမပြုဘဲ အားလုံးကို ခြုံ၍သာ နှုတ်ဆက်ရင်း ရွာလယ်ရှိ အိမ်ကြီးရခိုင်ဆီသို့ ဦးဆောင်သွားရာ ကျန် နှစ်ဦးက ခပ်မဆိတ် လိုက်ပါသွားကြ၏ ။
အိမ်ကြီးပေါ်တွင် ထိုင်မိလျင် ထိုင်မိချင်း ရွာလူကြီးများ စုဝေးရောက်ရှိလာသလို မိန်းမများ၊ ကလေးများလည်း မယောင်မလည်ဖြင့် တပြုံကြီး ပါလာကြလေသည်။ အိမ်ဦးကြမ်းပြင် ဘုရားစင်ရှေ့တွင် ထိုင်နေသော လူကြီးထံ ရပ်ရေးရွာရေးများ၊ လုပ်ငန်းဆောင်တာများ လာရောက် တင်ပြ ဆွေးနွေးကြခြင်း ဖြစ်ပြီး ရွာပရိသတ်ကမူ ထုံးစံအတိုင်း လူစိမ်းများကို လေ့လာအကဲခတ်ရင်း စောကြောနေကြ၏ ။
"သူကြီး ကိုယ်တိုင် သွားခေါ်ရတယ် ဆိုတာ ဟိုအနောက်က သူငယ်လား"
"သူပဲ ရှိမပေါ့အေ..၊ ကြည့်စမ်း.. ငယ်ငယ်လေး ရှိသေးတာပဲ"
"ပြောတော့ ဘီလူးဆို၊ သည်ဘီလူးကျ ချောချောလေးပါလားဟဲ့"
"ညည်းတို့ ပြောသာနဲ့ ခမျာမှာ မနေတတ် ဖြစ်နေရှာပြီ အေရဲ့။ မှန်း.. ငါကြည့်စမ်းမယ်၊ အောင်မယ်.. ဟုတ်သား။ ကောင်လေးက ရှက်နေသာအေ့"
မိန်းမများဆီမှ ဝါးခနဲ ပွဲကျသံကြောင့် တိုင်းရေး ပြည်ရေး ဆွေးနွေးနေကြသည့် စကားဝိုင်းမှာ အရှိန်ပျက်သွားပြီး လူကြီးက မိန်းမသူအုပ်ကို ရှုတင်းတင်း ကြည့်လိုက်မှ ရှဲခနဲ ငြိမ်သွားကြတော့သည်။ လူကြီးက ပြောလိုက်သည်။
"ငတွန်ကိုတော့ မင်းတို့အားလုံး သိပြီးသားပ။ သူကလည်း ငတွန်လိုပဲ အားကိုးရမယ့် သူပဲ။ လက်ျာဘီလူး လို့ ခေါ်ကြရမယ်။ လောလောဆယ် ငါ့အိမ်မှာပဲ နေမယ်။ သူ့ကို စစ်ပညာတွေ သင်ပေးဖို့ မောင်ကောင်းတို့က တာဝန်ယူပါ။ တိုက်ရေးခိုက်ရေးထက် စစ်ပရိယာယ် ဗျူဟာတွေကို ပိုပြီး လေ့ကျက်ခိုင်းလိုက်"
လူကြီးကိုတော့ အားလုံးက ကြောက်ကြသည်။ အလွန်တည်ကြည် ခန့်ညားသလောက် လူချစ်လူခင် ပေါသည့် လူကြီးမှာ ထိုရွာ၏ သူကြီးသာမက ဆယ်ရွာအုပ်လည်း ဖြစ်၏ ။ သူ၏ လက်အောက်တွင် ယခင်က မစည်းလုံးခဲ့သည့် ရွာများ ညီညွတ်လာကြပြီး အားလုံး စုပေါင်းကာ ရွာသစ်ကြီးတစ်ခုကို တပ်မြို့နီးနီး ဖြစ်သည်အထိ ပေါင်းစည်းနိုင်ခဲ့ပြီ။
တိုင်းရေး ပြည်ရေးကလည်း မကောင်း၊ မကြာခင် အောက်အရပ်မှ တလိုင်းတို့က သစ္စာပေးရန် ရောက်လာကြတော့မည် ဟုလည်း သတင်းများ ကြားနေရသည်။ မည်သူမျှ တစ်ပါးကျွန် မခံလို။ စုစည်းညီညွတ်စွာ နေနိုင်လျင် ကျွန်ခံစရာမလိုဟု တွက်ဆကြသည်။ ထို့ကြောင့် အနီးအပါးရွာအားလုံးကို စုစည်းနေသည့် ရွာသူကြီးလက်အောက်သို့ ခိုဝင်လာကြခြင်း ဖြစ်၏ ။
သူကြီးက ဝင်လာသမျှအား သစ္စာရေတိုက်၍ တိုက်ရေးခိုက်ရေး၊ ဓားခုတ်လှံထိုး၊ မြင်းစီးစသည့် စစ်ပညာများ သင်ကြားလေ့ကျင့်ကြစေသည်။ လက်နက်ခဲယမ်း ရှားပါးသောကြောင့် အနီးအပါး ဝါးတောများမှ ဝါးသဲဝါးများ ခုတ်၍ ဖြောင့်စင်းညီညွတ် မာကျောစေရန် နွားကျင်ငယ်ရေ စိမ်၊ နေလှန်း ကျပ်တင်ထားသော တင်ကျည်းခေါ် ဝါးတုတ်ရှည်များကို အဓိကထား၍ လေ့ကျင့်ကြရသည်။
လူကြီးနောက် ပါလာခဲ့သော ငတွန် ဟု ခေါ်သည့် လူလတ်ပိုင်းအရွယ် တစ်ဦးမှာ သန်စွမ်းမောက်မာ ကြံ့ခိုင်လှသဖြင့် အရေးအရာပေးခြင်း ခံရ၏ ။ လက်ျာဘီလူး ဟူသည့် လူငယ်မှာမူ သူကြီး၏ အမိန့်အရ ဓားခုတ်လှံထိုး ပညာများထက် ပေ ပုရပိုဒ်များ၊ မြေပုံများ၊ စစ်ချီစစ်တက် နည်းပရိယာယ် ဗျူဟာများကို ဦးစားပေး သင်ယူလေ့လာနေရရာ ၎င်း၏ လက်ရုံးစွမ်းရည်ကို ရွာသူရွာသားတို့ မမြင်ကြရသေး။
သို့သော် သူသည် မရောက်မီကပင် နာမည်ကျော်နေသူတစ်ဦး ဖြစ်သည်။ ဘီလူးဝင်စားသူ ဟူ၍လည်းကောင်း၊ မွန်ရေတပ်ကြီးကို တစ်ဦးတည်း တက်တိုက်ပြီး အကြီးအမှူး မွန်မင်းဆရာကြီးကိုပင် လုပ်ကြံသတ်ဖြတ်ခဲ့သူ ဟူ၍လည်းကောင်း ကောလာဟလများ ပျံ့လွင့်လျက် ရှိသည်။ တကယ် ဟုတ်မဟုတ်မူ မည်သူမျှ မသိရသေး။ သူကြီးကလည်း မပြော၊ သူကလည်း မဖြေ။ မဟုတ်ပါ ဟုသာ ဆိုလေ့ရှိသည်။
မြင်းရည်တက် ဖွဲ့ကြသောအခါ ထိုနှစ်ဦးလုံး ပါသည်။ မျက်လုံး အဝတ်စည်း၍ လှံဆီ ရင်ဖွင့် ပြေးဝင်ကြရသော သူရဲကောင်းရွေးချယ်ပုံကို ရွာသားအများက မဝံ့မရဲ ရှိကြသော်လည်း သတ္တိကောင်းသူ ၆၈ ယောက် ပေါ်ထွက်လာသည်။ မကြာမီ မွန်စစ်ရောက်ရာ သူတို့ ရွာသားများ ကြံ့ကြံ့ခံနိုင်ခဲ့ကြသဖြင့် မွန်တပ်များ ဆုတ်ခွာသွားရသည်။ သူတို့ကပင် လိုက်လံတိုက်ခိုက်လိုက်ကြသေး၏ ။
တစ်ဆင့်ပြီး တစ်ဆင့်ဖြင့် တိုက်ခိုက်ရင်း သူတို့ ကုန်းဘောင်နယ်ပယ် ကျယ်ဝန်းလာကာ အင်အားလည်း ကြီးမားလာလေသည်။ မွန်တို့ကိုသာမက ရန်စ ရှိခဲ့ဖူးသော ခင်ဦးတပ်ကိုလည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြရပြီ။ အစပိုင်း၌ အရေးနိမ့်ခဲ့ကြသော်လည်း မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ တိုက်တတ်သော သူတို့ရွာသားများအား ခင်ဦးတပ် မခံနိုင်တော့ဘဲ ဆုတ်ခွာသွားရတော့သည်။
ခင်ဦးစား လက်ျာပျံချီ သည် မြင်းစင်ရော်ဖြူကို စီးနင်း၍ ထွက်က မည်သူမျှ မခံနိုင်။ သေနတ်တပ်သားများပင် မြင်းကို ထိအောင် မပစ်နိုင်ကြပေ။ သို့သော် စင်ရော်ဖြူသည် ညမှောင်လျင် ကြောက်တတ်၏ ။ ထို့ကြောင့် လင်းလင်းချင်းချင်း မဟုတ်လျင် လက်ျာပျံချီမှာ ထွက်မတိုက်ဝံ့။ မြင်းကို မယုံသောကြောင့် မချင့်မရဲ ဖြစ်နေရရှာသည်။
ပို၍ နာလိုခံခက် ဖြစ်စရာက လက်ျာပျံချီအဘ မင်းကြီးကျော်စွာတွင် ဟံသာဝတီပါမင်း မဟာဓမ္မရာဇာလက်ထက်က ချီးမြှင့်ခဲ့သည့် မြင်းနီကောင်းတစ်စီး ရှိ၏ ။ ထိုမြင်းသည် လက်ျာပျံချီ ငချစ်ညို၏ အစ်ကို ငချစ်ဝ စီးလျင် ရ၏ ။ သူ့ညီ တုရင်ပျံချီ ငချစ်မြ စီးသော် အစီးခံ၏ ။ လက်ျာပျံချီကိုမူကား မကြာခဏ ခါချတတ်၏ ။ ရန်သူနှင့်တွေ့လျင် ကဆုန်ပေါက်နေလေ့ ရှိသည်။ အပြေးမြန်လှသော်လည်း စစ်ပွဲ၌ မသုံးနိုင်ချေ။ သုံးရပါမူကား မည်သည့်တပ်ကိုမဆို အချိန်မရွေး ဝင်ထွက်နိုင်မည် ဖြစ်လေသည်။
ထို့ကြောင့် ညဉ့်တိုက်ပွဲများတွင် ထွက်မတိုက်ရဘဲ တပ်တွင်းမှသာ ကွပ်ကဲရသဖြင့် ကြာသော် မခံနိုင်ဘဲ လက်ျာပျံချီ ပြေးရလေသည်။ ပြေးသည့်နောက်သို့ ဦးကောင်းတို့ မုဆိုးဖိုတပ်များက အစဉ်တစိုက် လိုက်လံတိုက်ခိုက်သည်။ ငချစ်ညိုသည် ပြေးလျင် မြင်းနီကျော်ကို စီးသည်၊ မည်သူမျှ မမီ။ တိုက်လျင် မြင်းစင်ရော်ဖြူကို စီးနင်းတိုက်သည်၊ မည်သူမျှ မခံနိုင်။ မိလည်း မမိပေ။
လက်ျာဘီလူးသည် လက်ျာပျံချီနောက် လိုက်ရင်း သစ်ခေါက်တပ်တွင် လက်ျာပျံချီနှင့် ဆုံမိကြသည်။ လက်ျာပျံချီ စီးသော မြင်းနီကျော်အား သတိပြုမိခဲ့သည်။ မြင်းကြီးသည် အလွန်ချောပြီး ခန့်ညားလှသဖြင့် လူငယ်လေး လက်ျာဘီလူးမှာ ပွတ်သပ်ကြည့်မိသည် အထိ။ "မင့်ကို ရနိုင်လျင် လိုချင်လှပါဘိ" ဟု ရေရွတ်မိခဲ့သေးသည်။ သို့သော် သစ်ခေါက်တပ်တွင် လက်ျာပျံချီကို အနိုင်မတိုက်နိုင်ဘဲ ပြန်လည်ခဲ့ကြရ၏ ။
များမကြာမီ သူတို့ရွာသူကြီး ဦးအောင်ဇေယျက ထီးနန်းတည်စိုက်ကာ အမည်တွင်ရင်းဖြစ်သည့် အလောင်းမင်းတရားကြီး ဟူသော ဘွဲ့မည်ကိုပင် ခံယူလျက် ဧကရာဇ်မင်းအဖြစ် ဘိသိက်ခံလေသည်။ ထို့နောက် မွန်တပ်များကို တိုက်ရန် ရေကြောင်းအတိုင်း ဆင်းလာရာ ကျောက်မြောင်းမြို့အရောက် တပ်ချနေစဉ် မြို့ဝန်က ဓားတစ်လက်ကို ဆက်သလာသည်။
သူ၏ အဆိုအရ ယင်းဓားမှာ စနေမင်းလက်ထက်က ကသည်းဇော်ဂျီတစ်ဦး၏ အစီအရင်များဖြင့် သွန်းလုပ်ခဲ့ပြီး လှေသင်းမှူး နေမျိုးရန္တမိတ် ကိုင်ဆောင်ခဲ့သော ဓားဖြစ်ကြောင်း၊ ပုန်ကန် ထကြွသူများကို ထိုဓားဖြင့် နှိမ်နင်းခဲ့ပြီး ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်တွင်လည်း ဗညားကျန်းတောကြီး ကိုင်ဆောင်ခဲ့ကြောင်း၊ ပဋ္ဌနဂိုရ်အရပ်၌ မင်းကြီး ဗညားကျန်းတော လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ဓားကို သိမ်းဆည်းလာခဲ့သော ရဲမက်တစ်ဦးထံမှ ရရှိထားသည့်အကြောင်း၊ ယခု အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် ကြွချီတော်မူလာပါသဖြင့် ဆက်သခွင့်ရကြောင်းများ သိရလေသည်။
ဓားမှာ အသွား အနက်ရောင် ရှိသည်။ ပေါ့ပါး ကျစ်လျစ်သည်။ အသွား အရိုး အလေးချိန် အားလုံး ကိုးနဝင်းပြည့် စီရင်ထား၏ ။ သို့သော် သာမန် ဓားလွတ်တစ်ချောင်းသာ ဖြစ်ရာ သန်လျက်သာ ကိုင်စွဲသော မင်းဧကရာဇ်တို့နှင့် မသင့်ချေ။ အားကိုးရသော မုဆိုးခြုံဗိုလ်ကြီး ငတွန်အား အင်းဝနန်းစဉ်ရတနာဖြစ်သည့် ယိမ်းနွဲ့ပါးဓား နှင်းအပ်ပြီး ဖြစ်သလို ငယ်ကျွန်တော်ရင်း မင်းလှမင်းခေါင်ကျော် ငကောင်းကိုလည်း ကျောက်စီရွှေဇဝါဓား ချီးမြှင့်ထားပြီး ဖြစ်၏ ။
ထိုအချိန်တွင် တဖြည်းဖြည်း ပွဲရလာသော လူငယ်လေး လက်ျာဘီလူးမှာ မွန်တိုက်လှေကြီး ၅၀၀ကျော်ကို လှေလှော်ကျင့်သော လက်သင်လှေငယ်များ အပါအဝင် ရဲလှေ ၃၀ ခန့်ဖြင့် တက်တိုက်ပြီး နာမည်ကျော်လာချိန်လည်း ဖြစ်သည်။ ဗညားကျန်းတော နှင့် အမူအကျင့် စရိုက်လက္ခဏာများ တူသော လက်ျာဘီလူးကို အလောင်းမင်းတရား မြင်၍ မြို့ဝန်ဆက်သော ဓားလွတ်ကို ပေးသနားလိုက်လေသည်။
ဓားမှာ သာမန် ဓားကောင်းတစ်လက်သာ ဖြစ်၏ ။ သို့သော် လက်ျာဘီလူး လက်ထဲ ရောက်သွားသည့်အခါ ဓားပေါ့ဓားလျင် ဟူ၍ မည်သူမျှ အထင်မသေးရဲတော့။ ဆင်စွယ်ရိုးတပ် ငွေနားကွပ် ဆောင်ဓားကြီး ကိုင်သူများပင် ဖက်ပြိုင်စိန်မခေါ်ဝံ့။ ဓားက အလွန်ထက်မြက်မာကျောသလောက် လက်ဆ ကောင်းလှပါပေသည် ဟု ဆိုကြရလေသည်။
ယခုမှပင် ဘီလူးကို သန်လျက် တပ်ပေးလိုက်သလို ဟု ဆိုသူက ဆို၏ ။ ထိုအချိန်တွင် မွန်မင်းညီ ဥပရာဇာထံတွင် ခိုဝင်နေသော လက်ျာပျံချီကို စစ်သူကြီး တလပန်းက တောင်းယူ၍ သတ်လိုက်ပြီ ဟူသည့် သတင်းက ကျောက်မြောင်းဆိပ်သို့ ရောက်ရှိလာသည်။ သတင်းရောက်သည့် ည၌ပင် လက်ျာဘီလူးက အလောင်းမင်းတရားကြီးထံ ဝင်တွေ့ပြီး ပုဂံညောင်ဦးတစ်ဝိုက်သို့ ခရီးထွက်ခွင့် ပေးပါရန် ခွင့်ပန်လေသည်။
မွန်တို့နှင့် လုပ်ရေးကြံရေးလည်း ဝေးသေးသဖြင့် 'ရတတ်သမျှ လူသူလက်နက် သတင်းရိပ်ခြည် စုဆောင်းလာခဲ့ချေ' ဟု အလောင်းမင်းတရားက လွှတ်လိုက်ရာ လက်ျာဘီလူးနှင့် တပ်သား ၅၅ ယောက်တို့ လှေတပ်မှ နုတ်ပြီး မြင်းတပ်ဖွဲ့လျက် ထွက်သွားကြလေသည်။ စလင်္ဂသူမင်းရွာပျက်၍ မြင်းခြံနယ် ပင်လယ်ရွာဘက်သို့ ရောက်နေကြသော လက်ျာပျံချီ၊ တုရင်ပျံချီတို့ တပ်များကို လိုက်လံရှာဖွေပြီး မြင်းနီကျော်သတင်း စုံစမ်းရာ အင်းဝကို ဝိုင်းရန် ချီတက်သွားသော ဥပရာဇာတပ်တွင် ပါသွားကြောင်း သိရလေ၏ ။
သို့နှင့် အင်းဝသို့ အမြန် ပြန်ခဲ့ကြသည်။ အင်းဝတွင် မွန်စစ်သူကြီး တလပန်းတပ်များနှင့် သေနတ်ဝန် မင်းလှမင်းခေါင်ကျော်တို့ ရေတပ်များ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေလေပြီ။ အလောင်းမင်းတရားက 'ငါတည်း သာသနာပြုရမည့်မင်း မှန်လျင် ယခုစစ်အား ငါက နိုင်စေ၊ သူတည်း သာသနာပြုရလျင် သူက နိုင်ပါစေ' ဟူသော မင်းတကာတို့ ပြုနိုင်ခဲလှသည့် သစ္စာကြီးကို ဆိုလျက် တိုက်သော ပွဲကြီးလည်း ဖြစ်၏ ။
အဝမြို့တွင်းမှ သားတော် မြေဒူးမင်းသား တပ်များကလည်း ရံထားသော မွန် ဥပရာဇာတပ်များကို ထွက်တိုက်ကြ၏ ။ လက်ျာဘီလူး၏ တပ်က မြင်းနီကျော်ရှိနေသော ရွှေကြက်ယက်တပ်ကို စုံစမ်းပြီး အနောက်မှ ဝင်စီးကြရာ စစ်သုံးဘက် ဆိုင်မိ၍ မွန်တပ်များ အဆီးအတားမရှိ ပျက်ပြေးကြလေသည်။
လက်ျာဘီလူး ရရှိ စီးနင်းလာသော မြင်းကို မြင်လျင် လက်ျာပျံချီ ပြေးရာနောက်သို့ လိုက်ခဲ့ကြဖူးသူတိုင်းက မှတ်မိကြ၏ ။ စည်သာမင်းကြီးက အလောင်းဘုရားထံ ဆက်သရန် ဆိုရာ စစ်ကိုင်းတောင်ဘက် သဲသောင်ရာ၌ တပ်ချ ရပ်နားနေသည့် မင်းတရားထံ ချက်ချင်း ဝင်တွေ့ပြီး
"ဘုန်းတော်ကြောင့် မင်းကြီးကျော်စွာ၏ မြင်းနီကျော်ကို လက်ရ ရခဲ့ကြောင်းပါဘုရား၊ အရှင့်တွင်လည်း မြင်း နတ်ယဉ်ကျော်ကို ရွှေစက်တင်လေပြီးသည်ဖြစ်၍ ဤမြင်းကို ကျွန်တော်မျိုးအား ပေးသနားတော်မူပါရန် လျှောက်ထား တောင်းပန်အပ်ပါသည်ဘုရား" ဟု ဆက်သရင်းက တစ်ခါတည်း ပြန်တောင်းယူလေသတည်း။
အလောင်းမင်းတရားကြီးလည်း စစ်နိုင်သောကြောင့် စိတ်တော်ကြည်လင်ခိုက်ဖြစ်ရာ ပြုံးရယ်ပြီးလျင်
"ငါ သာသနာပြုရမည့်မင်း မှန်သည့်အလျောက် သစ္စာပြုသည့်အတိုင်း ငလျင်တော်လည်း၍ ရန်စစ်ကို အောင်လေပြီးသည်။ ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ရပေမည်။ ငစံငယ်လည်း သစ္စာရှိသည်။ လုပ်ရေးကြံရေးတွင် သူမတူအောင် စိတ်အေးရသည်။ ငါ့သားငယ်ကဲ့သို့ပင် မှတ်ယူရ၏ ။ ယခုလည်း လိုချင်သည့်အလျောက် ရွှေနားတော် ပူဆာနေပြီ။
(မှူးမတ်များ ရယ်ခိုးကြသည်)
အခြား ပွဲလမ်းရသသူများကို မချီးမြှင့်ခင်လျင် ရှေးဦးတောင်းယူသူက ရှိနှင့်လေပြီး ဖြစ်သည်။
(ရယ်ကြပြန်လေသည်)
သည်မြင်းကို လိုချင်လျင် ငါ့သားတော်များ မမြင်စေနှင့်"
ဟု အသောဖောက်လျက် ပေးလိုက်လေသည်။
လက်ျာဘီလူးလည်း ဝမ်းမြောက်ဝမ်းသာပင် မြင်းကို ယူလျက် သားတော်ကြီး အိမ်ရှေ့မင်း၊ မြေဒူးမင်း၊ ဗဒုံမင်း စသူတို့ မြင်ပါက သိမ်းယူမည်စိုး၍ မင်းသားများ မမြင်မတွေ့စေရန် ရှောင်ရှားနေလေတော့သည်။