Translate

Showing posts with label ပတ္တမြား လက်စွပ်. Show all posts
Showing posts with label ပတ္တမြား လက်စွပ်. Show all posts

ပတ္တမြား လက်စွပ်

တပ်တည် လုပ်ထားပုံနှင့် အကျယ်အဝန်းအရ ရှေ့တွင် မြင်နေရသော မွန်တပ်ကြီးမှာ အင်အား ၂၀၀၀ ကျော် ရှိမည်ဟု ခန့်မှန်းရ၏ ။ သူတို့ ရှေ့ဖျားချီလာသည်က သူ အုပ်ချုပ်ရသော မြင်း ၂၀၀ နှင့် သေနတ် တင်ကျည်း ဓား လှံကိုင် သူရဲ ၃၀၀ ကျော်၊ စုစုပေါင်း ငါးရာကျော်သာ ဖြစ်၏ ။ သို့သော် သူသည် သူ၏ လူများကို ယုံသကဲ့သို့ မွန် ၂၀၀၀ လောက်အား လူ ၅၀၀ ကျော်ဖြင့် အလွယ်တကူ အနိုင်တိုက်နိုင်ကြောင်းကိုလည်း ယုံကြည်ရုံမျှမက အလွန် သေချာပြီးပင် ဖြစ်လေသည်။

ထို့ကြောင့် မွန်တပ်ကြီးကို မြင်သည်နှင့် ပြုနေကျအတိုင်း ဓားကို အိမ်မှ ချွတ်၍ ရှေ့သို့ ဆန့်တန်း ပြထားလိုက်၏ ။ တိမ်ပျံကလည်း အရှိန်မြှင့်ကာ ရန်သူ့တပ်မဆီသို့ ပြေးလွှားလျက် ရှိပြီ။ နောက်ပါ သူရဲတော်များမှာ မွန်တပ်ကို မြင်သည်နှင့် မိမိတို့၏ အမျိုးအဆွေ ရွှေမျိုးများကို မြင်ရသကဲ့သို့ ဝမ်းသာအားရ ပွေ့ဖက်လိုလှသည့်ပမာ ပြေးလွှားကြကုန်၏ ။
မွန်တို့ကလည်း ရုတ်တရက် ထွက်ပေါ်လာ၍ ညာသံပေးကာ မဆုတ်မဆိုင်း ပြေးဝင်လာကြသော အနက်ရောင် တပ်သားများအား မြင်လျင် ပြေးလာ တန်းစီကြရင်း အသင့်စောင့်စားနေကြလေပြီ။ လက်ျာဘီလူးသည် ရှေ့ဆုံးမှ ဓားကို ဆန့်တန်းလျက် ပြေးနေရင်း အရှိန်နှေးသွားကာ ရန်သူ့တပ်သို့ ညွှန်ထားသည့် ဓားမှာလည်း အောက်သို့ စိုက်ကျသွား၏ ။ သူ၏ အခြေအနေကို ကြည့်၍ လှုပ်ရှားကြရသော သွေးသောက် အကြပ်တို့မှာ နားမလည်သော်လည်း အရှိန်ကို တန့်လိုက်ကြကာ အမိန့်နာခံရန် အသင့် ပြင်လိုက်ကြသည်။
မြင်းနီကြီးသည် တဟုန်ထိုး ပြေးလွှားနေရာမှ တဖြည်းဖြည်း ဖင့်နှေး ရပ်တန့်သွားပြီးလျင် မြင်းပေါ်မှ ဦးဆောင်သူ တပ်မှူးသည်လည်း တွေဝေဟန်ဖြင့် ရန်သူတပ်ကို ငေးမျှော်ကြည့်နေတော့၏ ။ ရဲမက်တော်များလည်း ဇဝေဇဝါ မျက်နှာများနှင့် သူ့အား ဝိုင်းကြည့်ရင်း ရှေ့ဆက်မတိုးကြရ၊ သူသည် တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားရင်းမှ ခေါင်းကို စောင်းငဲ့လျက် သွေးသောက်ကြီးတို့ကို ပြောလိုက်သည်။
"ငါတို့ သည်တပ်ကို မတိုက်ဘူး"
စကားမှာ တိုတောင်းလှသလို အမိန့်မှာ ရှင်းလင်းလှသော်လည်း နားလည်သူကား တစ်ဦးတစ်ယောက်မျှ မရှိပါ။ ထိုထက်ပို၍ ထူးခြားသည်မှာ မည်သူမျှ နားမလည်သော အမိန့်ကို မည်သူကမှ အထွန့်တက်ခြင်း၊ မေးမြန်းခြင်း၊ မကျေမနပ်ဖြစ်ခြင်း မရှိဘဲ အားလုံးက အလွယ်တကူ လက်ခံလိုက်ကြပြီး ဒေါသမာန် စီးနေသော လူအုပ်ကြီးသည် ချက်ချင်း နူးညံ့ပျော့ပျောင်းသွားကြလျက် ရယ်ရယ်မောမောဖြင့် ရန်သူတပ်အား ထိပ်တိုက်ရင်ဆိုင်ထားသည့် အနေအထားမှ ရှောင်ထွက်သွားကြခြင်း ဖြစ်လေသည်။
သူ၏ တပ်သားများသာ လက်ျာဘီလူး၏ ဆုံးဖြတ်ချက်ကို နားမလည်သည်မဟုတ်၊ မွန်တပ်သားများနှင့်တကွ အကြီးအမှူးပြုသူ တပ်အချုပ်များသည်လည်း အဘယ့်ကြောင့် မြန်မာတပ်များသည် တိုက်မည် ပြင်ပြီး အနီးရောက်မှ စိတ်ပြောင်းလျက် ရှောင်ကွင်းသွားကြသည်ကို နားမလည်နိုင်ကြချေ။ သို့သော် သူတို့ သိသည်မှာ ယခု ပြေးဝင်လာသော အနက်ရောင်တပ်သည် မြန်မာတပ် ဟူသမျှတို့တွင် ကြောက်စရာအကောင်းဆုံး ဖြစ်ပြီး ရန်သူကို လူမမှတ်ဟု ကျော်ကြား၍ သူတို့ တပ်ပမာဏကို မဆိုထားနှင့်၊ ဗိုလ်မှူး စစ်သူကြီး တလပန်းနှင့် စစ်ဘုရင် ဒေါစွယ်ယစက်တို့၏ တပ်ကြီးတပ်ခိုင်များကိုပင် အလွန်နည်းပါးလှသော လူအချို့နှင့်သာ ဝင်တိုက် ဒုက္ခပေးပေါင်း များခဲ့သည့် ဘီလူးတပ်ဖြစ်သည်ဟု သိနေကြ၏ ။
ထို ဆိုးရွား ရက်စက်လှသော ဘီလူးများသည် အဘယ့်ကြောင့် စိတ်ရိုင်းဝင်ကာ ကြမ်းကြုတ်နေကြရာမှ ရုတ်တရက် နူးညံ့သိမ်မွေ့သွားကြကာ ပြုံးရယ် ထွက်ခွာသွားကြသည်ကိုမူ သူတို့ မသိ။ သူတို့ အကဲခတ်မိသည်မှာ မိမိတို့ကို ဂရုမစိုက်ဘဲ အေးအေးလူလူ ဖြတ်သန်းသွားရင်း အနောက်မှ ပိတ်ဆို့ ဝန်းရံမည့် လက္ခဏာကိုမူ တွေ့နေရသည်။
မြန်မာအင်အား ၅၀၀ ကျော်တို့သည် အမြောက်တစ်ကမ်းမှ ကွင်းပတ်သွားရင်း မွန်တပ်၏ အနောက်သို့ ရောက်အောင် ချီလျက် ရံတပ်တည်မည့်အဟန် ရှိနေသည်။ သူတို့နောက်မှလည်း ကုန်းဘောင်တပ်မကြီး ပါလာပေလိမ့်မည်။ ထိုအခါ နာမည်ကျော် သူရဲကောင်း မင်းလှမင်းခေါင်ကျော်၊ မုဆိုးခြုံ သူရဲကြီး မင်းလှမင်းခေါင်တို့ကဲ့သို့သော သူများ ပါလာမည်မှာ ဧကန်။ မွန်တပ်မှူးတို့ ခေါင်းချင်းဆိုင် ဆွေးနွေးရပြီ။ ထို့နောက် စစ်နှစ်ဖက် ညှပ်၍ မြှုံးတွင်းငါးကဲ့သို့ ပိတ်ဆို့လုပ်ကြံ မခံရမီ အလျင်အမြန် နောက်တပ်ကြီးသို့ ပူးပေါင်းကြရန် ဆုံးဖြတ်ကြလျက် တပ်များကို ရုတ်ကာ အပြင်းခွာရလေတော့သည်။
အရှေ့မြောက်ဘက်မှ ပတ်လာကြသော ဘီလူးတပ်များ သူ့တို့နောက်ဘက်သို့ မရောက်မီ အနောက်တောင်ဘက်မှ မွန်တပ်များ အလျင်အမြန် ထွက်ခွာ တပ်ဆုတ်သွားကြသည်ကို လက်ျာဘီလူး မြင်၍ ပြုံး၏ ။ ထို့နောက် ဆုတ်သည့်နောက်သို့ မြင်း ၂၀၀ နှင့် လိုက်ခြောက်စေသည်။ မွန်တို့ ပစ်ပြေးသည့် ရိက္ခာ ဝန်စည်အချို့နှင့် ခဲယမ်းအနည်းငယ်ကို ရလိုက်သည်။ နောက်တပ်ကြီးသို့ ပြေးဝင် ပူးပေါင်းကြသည်ကိုမူ လိုက်မတိုက်ဘဲ လွှတ်ပေးလိုက်၏ ။
ရွှေတပ်တော်များ မီလာသည့်အခါ အခွံချည်းကျန်သည့် တပ်ကြီး တည်လုပ်ထားသည်ကို မြင်လျင် မေးမြန်းစူးစမ်းကြရာမှ လက်ျာဘီလူးက ရန်သူကို မတိုက်ဘဲ ရှောင်သွားသည့် အကြောင်းကို သိလာကြ၏ ။ ထိုသတင်းသည် အနောက်တွင် စခန်းချနေသော အလောင်းမင်းတရားကြီး၏ ရွှေနားတော်အရောက် ပေါက်ကြားသွားပြီး စိတ်ထင်ရာ လုပ်တတ်လွန်းသော သည်ဗိုလ်မှူးအား ပြင်းထန်စွာ အရေးယူ အပြစ်ပေးပါမည့်အကြောင်း လျှောက်တင်ခြင်း ခံရလေတော့သည်။
အမိန့်တော်ကြောင့် ရန်သူ့တပ်မကြီးနှင့် ယှဉ်၍ တပ်ချနေသော လက်ျာဘီလူးသည် သူ့လူများကို မင်းလှမင်းခေါင်ထံ အပ်ခဲ့ရပြီး အနောက်သို့ အမြန် ပြန်ခဲ့ရ၏ ။ မျက်နှာမလှ ဝင်လာရသည့် သူ့အား ယာယီတဲနန်းတော် တစ်ခုလုံးရှိ မင်းညီမင်းသား အမတ်များက အံ့သြထူးဆန်းသည့် သတ္တဝါတစ်ကောင်လို ရှုတင်းတင်း ကြည့်ရှုနေကြလေသည်။ အလောင်းမင်းတရား၏ မျက်နှာတော်သည်ပင် အလွန်တည်ကြည် ငြိမ်သက်နေပြီး တင်းမာသည့် လက္ခဏာ ရှိနေသဖြင့် သူဝင်လာ ခစားသည်နှင့် ယာယီတဲနန်းမှာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
"မောင်မင်း မည်ကဲ့သို့ ပြုခဲ့သနည်း"
"မှန်လှပါ.. ရန်သူကို မြင်လျက် မတိုက်ဘဲ ကွင်းရှောင်သွားခဲ့ပါသည်ဘုရား"
"ငါကိုယ်တော် ဂုဏ်သိက္ခာ ကျဆင်းရလောက်အောင် မောင်မင်း သူရဲဘော ကြောင်ခဲ့သည် ဆိုခြင်းမှာ မှန်သလော"
"ကျွန်တော်မျိုး သူရဲဘောမကြောင်ပါဘုရား"
"ရန်သူကို မြင်လျင် တိုက်ရမည်ကို မောင်မင်း မသိသလော"
"သိပါသည်ဘုရား"
"သိလျက်နှင့် မလိုက်နာခြင်းသည် ဖီဆန်သည် မည်၏ မဟုတ်တုံလော"
"မှန်ပါ၊ ကျွန်တော်မျိုးအား တင်လျှောက်ခွင့်ပြုတော်မူပါ"
"လျှောက်စေ၊ မောင်မင်းစကား ကြားနာပြီးလျင် မင့်ကို စီရင်တော်မူမည် ငစံ"
"အမိန့်တော်မြတ်အတိုင်းပါ၊ ဘုန်းတော်ကြောင့် ကျွန်တော်မျိုး ရန်သူကို မြင်လျင် အနိုင်တိုက်သည်ဟု ယုံကြည်လျက် ချီသွားခဲ့ပါသည်။ သို့သော် အနိုင်ရသည်ထက် ကောင်းသည့် အချက်ကို ကြံစည်မိပါသဖြင့် တိုက်လျင် နိုင်မည် သိလျက်နှင့် လွှတ်ပေးလိုက်ပါသည် ဘုရား"
သူ့စကားကြောင့် အချို့ ပြုံးစေ့စေ့ ဖြစ်ကုန်ကြ၏ ။ အချို့က မဲ့၏ ။ အများစုမှာ စိတ်ဝင်စားနေပြီ ဖြစ်သလို အလွန် တည်ကြည်လှသော အလောင်းမင်းတရားသည်ပင် အနည်းငယ် ပြုံးသွားလျက်
"မင့်အချက်ကို ဆိုပါဦး"
"ယခုတိုက်လျင် သည် မွန် အနည်းငယ်မျှသည် တစ်ချက်တည်းသာ ကြိုးစရာ လိုပါသည်။ ထို့နောက် သင်းတို့ တပ်မကြီးသို့ ကိုယ်လွတ်ရုန်း ပြေးမည်မှာလည်း မုချဖြစ်ပါသည်။ ထိုအခါ ကျွန်တော်မျိုးတို့က လိုက်ထပ်ကြရပါမည်"
"ဒါ ထုံးစံပဲ မဟုတ်လားကွဲ့၊ မင်း အထွေအထူး လျှောက်တင်နေဖို့ မလိုပေဘူး"
"သို့သော် မတိုက်ဘဲ လွှတ်ပေးလိုက်လျင် သူတို့ စိတ်နှစ်ခွ ရှိကြမည်။ ကျွန်တော်မျိုးတို့ တိုက်လျင် မခံနိုင်သည်ကိုလည်း သိရှိကြလျက် မတိုက်မလံ အနောက်က ပတ်ဝိုင်းခံရပါက ပိုမို၍ စိတ်အားငယ်ဖွယ်ရာ ရှိပါသည်။ ထို့ကြောင့်လည်း အဝိုင်းမခံဘဲ ထွက်သွားကြခြင်း ဖြစ်ပါသည် ဘုရား"
"အိမ်း.. မှန်၏"
"မတိုက်ဘဲ ဆုတ်လာရသူများမှာ နောက်တပ်ကြီးနှင့် ပူးပေါင်းသော်လည်း စိတ်အင်အား ခိုင်မာသည်မဟုတ်၊ ရှုံးလျင် ပြေးလွယ်ပါသည်။ နောက်တပ်မှ ရဲမက်တော်တို့လည်း လူ ၅၀၀ ကို ကြောက်၍ ဆုတ်ခွာလာသည့် သူတို့လူ ၂၀၀၀ ကျော်ကို မြင်က စိတ်အားငယ်ကြမည် မချွတ်။ ကျွန်တော်တို့မှာ အဝေးက ချီလာရသည်ဖြစ်၍ ယခု တိုက်လျင်လည်း နောင်တွင် တပ်မကြီးနှင့် တိုက်ရဦးမည်ဖြစ်ရာ စစ်နှစ်ကြိမ်ဆိုင်ရ၍ ခွန်အားယုတ်လျော့စရာ ရှိသည်။ ယခု မတိုက်ဘဲ တပ်ကြီးတပ်ခိုင်ကို လုပ်ကြံရလျင် သူက အင်အားများသည်ဟူ၍ နောက်တွန့်မည့်သူ ကျွန်တော်မျိုးတွင် မရှိပြီ"
တဲနန်းအတွင်း လက်ခုပ်သံများ ဆူညံသွား၏ ။ အိမ်ရှေ့မင်းမှ စတီးလိုက်၍ အမှူးအမတ် မိဖုရားများကပါ သြဘာပေးကြခြင်းဖြစ်ရာ အလောင်းမင်းတရားကြီးမှာ ပြုံးနေသည်။
"ထို့ကြောင့် ရွှေတပ်တော်များလည်း စစ်ပန်းမခံ၊ သင်းတို့လည်း စိတ်အားငယ်ကြစေရန် ခြောက်ရုံခြောက်၍ နောင်မှ တစ်စုတစ်စည်းတည်း လုပ်ကြံရပါက တစ်ချက်တည်းနှင့် ငှက်နှစ်ကောင် သင့်နိုင်သည် ဖြစ်၍ ဘုရားကျွန်တော်မျိုး ငစံ ရန်သူကို မတိုက်လံဘဲ အားမွေးနေကြောင်းပါ ဘုရား"
သူ ဝင်လာစဉ်က တင်းမာနေသော မျက်နှာများသည် ပြေလျော့ ကြည်လင်လာကြလျက် ယခုအခါ တပြုံးပြုံး ဖြစ်နေသည်ကို မြင်ရလေပြီ။ အလောင်းမင်းတရားသည် နှစ်ခြိုက်စွာ ပြုံးရွှင်နေရာမှ
"ငစံ မည်သို့တွေးသည်ကို ငါ ခန့်မှန်းပြီး ဖြစ်၍ မည်သို့ စီရင်ရမည်ကိုပင် ကြံထားပြီး ဖြစ်၏ ။ မောင်မင်းတို့ရော သည်အကောင်အား မည်သည့်ပြစ်ဒဏ် ပေးလိုကြသနည်း"
မင်းတရားက ကြည်ကြည်လင်လင် အမေးတော်ရှိသောကြောင့် အမတ်ကြီး လက်ဝဲသုန္ဒရက ခစားနေရာမှ ဦးမော့ လက်မြှောက်၍
"မှန်ပါ၊ ပရိယာယ်မာယာ အကြံအစည် များလှသည့် သည်သူငယ်အား မင်းရင်ပြင် ဆုတော်ကို ပုံ၍ တပင်တပန်း ကျုံးယူစေရမည့် ပြစ်ဒဏ် သတ်မှတ်သင့်ပါကြောင်း တင်လျှောက်ဝံ့ပါသည် ဘုရား"
အလောင်းမင်းတရား၏ ညီတော် သတိုးသိင်္ခသူကလည်း
"သင်း အဝတ်အစား ညှိုးနွမ်းမှေးမှိန်သည်မှာ ရန်သူတို့ အလေးအခန့် ဖြစ်စရာမဟုတ်၍ ပိုးပုဆိုးတစ်အုပ်နှင့် ရွှေငွေစအချို့ ပေးသနားရသော် သင့်၏"
အိမ်ရှေ့မင်းကမူ
"စစ်ကို မြော်မြင်တတ်သည့် သူရဲကောင်းအား ကျေးစား မြို့စား ပေးအပ်သင့်ပါသည် ခမည်းတော်ဘုရား"
ဟု လျှောက်တင်ပေးလေ၏ ။ မိဖုရားခေါင်ကြီးသည် အလောင်းမင်းတရားကို မော်ကြည့်လျက်
"ကျုပ်တို့ စီစဉ်ထားတာကို အကောင်အထည် ဖော်သင့်ပြီ မဟုတ်လားတော်"
အလောင်းဘုရားက ပြုံးလိုက်ကာ
"မင်းတို့ လျှောက်ကြသည်လည်း သင့်၏ ။ သို့သော် စစ်တွင်းဖြစ်၍ ငါကိုယ်တော် စဉ်းစားသည်မှာ.."
အားလုံးက ရှေ့ဆက်မည့် အမိန့်တော်ကို ငံ့လင့်နေကြသည်။
"ငါ၏ အကျိုး၊ စစ်၏ အရေး သာမက သူရဲတော်များ အားလုံးအတွက်ပါ မြော်မြင် တွေးဆတတ်သည့်အပြင်.."
"ရန်သူ၏ စိတ်ကိုပင် ခန့်မှန်း ချင့်တွက်ကာ စစ်တိုက်တတ်သော စစ်သည်တော်ကောင်းတစ်ဦးအား ငါကိုယ်တော် အလွန်အားရသည် ဖြစ်၍"
အားလုံးက ခေါင်းငုံ့ထားသော လက်ျာဘီလူးအား ဝိုင်းကြည့်လိုက်ကြ၏ ။
"ဗိုလ်မှူးအရာ အဆောင်အယောင်နှင့်တကွ.."
ဝေါခနဲ အသံ ထွက်လာ၏ ။
"ဝတ်တော်မူမည့် ပတ္တမြားလက်စွပ်အား ချီးမြှင့်တော်မူမည် မောင်မင်း"
အလောင်းဘုရားက ပျားရည်ကဲ့သို့ အရည်လဲ့နေသည့် အဖိုးအလွန်ထိုက်သော ပတ္တမြား လက်စွပ်ကို ချွတ်ရင်း မိန့်တော်မူလိုက်ရာ အုတ်အုတ်ကျက်ကျက် အာမေဋိတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့သည်။

Written by သင်္ခရာဇာ

End date: December 6, 2020

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...