သက္ကရာဇ် ၁၇၅၄ ခု၊ အောက်တိုဘာလ ၂၈ ရက်။
အလောင်းမင်းတရားသည် ရွှေဘိုမြို့ကို မြို့ပြကျုံးမြောင်း လုပ်ဆောင်ပြီးလျင် တံခါး ၁၀ ရပ်နှင့် မြို့တော်အား ရတနာသိင်္ဃဟု သမိုက်၍ နန်းတက်တော်မူသည်။ မူလတွင်ရင်းဖြစ်သည့် အလောင်းမင်းတရား ဟူသော ဘွဲ့တော်ကိုသာ ခံယူလျက် ရာဇဘိသေကသဘင် ဆင်ယင်တော်မူ၏ ။
ညောင်ရမ်းခေတ် နောက်ဆုံးမင်းဖြစ်သော မဟာဓမ္မရာဇာဓိပတိ ဟံသာဝတီရောက်မင်းတရား၏ အနောက်ထားဝယ်ဆောင် အမှုထမ်းဟောင်း၊ စစ်ကိုင်းဘုရင်၏ သားတော်ကြီး သီရိမဟာသုဓမ္မရာဇာ၏ အကြီးတော်ဖြစ်သူ တောင်တွင်းစား ရန္တကျော်သူ၊ ပျံချီကျော်ထင်ဘွဲ့ခံ မုံရွေးရွာသား ဦးမြတ်သာနေသည် အင်းဝကျလျင် ဇာတိရပ်ရွာသို့ ပြန်နေရာမှ အလောင်းမင်းတရား၏ သတင်းကို ကြားရ၍ အမှုတော်ထမ်းရန် ထွက်ခဲ့ရာ လမ်းတွင် မုဆိုးခြုံဗိုလ် ဦးတွန်နှင့် တွေ့သဖြင့် ဦးတွန်က ခေါ်လာခဲ့သည်။
အလောင်းမင်းတရား နန်းတက်သည့်အခါ ဦးမြတ်သာသည် လက်ဝဲသုန္ဒရ ဘွဲ့မည်ရ၍ ထီးနန်းဓလေ့၊ မင်းခမ်းမင်းနား၊ နန်းတွင်းအစဉ်အလာ ဥပဒေများအပြင် တံခါး ၁၀ ရပ် အမည်ပေးရန်များကိုပါ အလုံးစုံ စီရင်ရ၏ ။ အလောင်းဘုရားမှာ ကျန်စစ်သားမင်းကဲ့သို့ပင် မင်းမျိုးမင်းနွယ်မဟုတ်သူ ငတပါးမင်း ဖြစ်သဖြင့် ထီးရေးနန်းရာ အားလုံးတွင် အမတ်ကြီး လက်ဝဲသုန္ဒရကိုသာ အားကိုးအားထား ပြုနေရသည်။
ယခုလည်း ဘွဲ့မည်၊ အဆောင်အယောင်၊ ရာထူးရာခံ ပေးရာ၌ အမတ်ကြီးနှင့် တိုင်ပင်မေးမြန်းလျက် သင့်တော်သည့် နေရာကို ပေးအပ်ချထားလေ၏ ။ ဝန်ကြီး၊ ဝန်ထောက်၊ စာရေး၊ နာခံ၊ အမိန့်တော်ရေး အမှာတော်ရေးများ အစေ့အစုံ ခန့်ထားရသည်။ ဗိုလ်မှူး တပ်မှူး ဆွေမျိုးနောက်လိုက်တစ်စုအားလည်း ဘွဲ့မည်ပေးတော်မူ၏ ။
ထို့နောက် ရွှေဘုံရတနာနန်းတော်ကြီးတွင် ရာဇမင်းတို့ အားပြုအပ်သော၊ နတ်နှင့်တူသော၊ နန်းတော်အဆောင်များအတွင်း ဓားကိုင်ဆောင်ခွင့်ရသူ ၄ ဦးဖြစ်သည့် ဝင်းတော်မှူး လေးယောက် ရွေးချယ်ရန် တိုင်ပင်ကြရပြန်သည်။ သားတော်ကြီး အိမ်ရှေ့မင်း သီရိဓမ္မရာဇာပင် ဓားကိုင်ဆောင်လျက် ဝင်ခွင့်မရှိသည့် ညီလာခံ၌ မင်းတရားအား အမြဲမပြတ် စောင့်ကြပ်ရန် လက်နက်စွဲကိုင်ခွင့် ရသူများ ဖြစ်သောကြောင့် ဝင်းမှူးရွေးချယ်ရသည်မှာ အခက်ခဲဆုံး ဖြစ်သည်။
ဦးစွာ အနောက်ဝင်းတော်မှူးအတွက် မုဆိုးဖိုရွာမှ ဆွေမျိုးတော်သူ ငကုလားအား ဥဒိန်နော်ရထာ ဘွဲ့ ပေးအပ်၍ အမှုထမ်းစေသည်။ နောက်ဝင်းတော်မှူးမှာ အရေးမကြီးလှသဖြင့် ယုံကြည်စိတ်ချရသသူ စာရေးစာတတ် ဥဒိန်နော်ရထာအား ခန့်အပ်ခြင်းလည်း ဖြစ်သည်။
လက်ဝဲ လက်ယာဝင်းတော်မှူးများမှာမူ လက်ရုံးရည် အထူးကောင်းမွန်ပြည့်ဝ၍ သစ္စာရှိသူ၊ မင်းအား ကိုယ်နှင့်မကွာ စောင့်ရှောက်တတ်သူများ ဖြစ်ရပေမည်။ ထို့ကြောင့် ဆွေတော်မျိုးတော်ထဲမှ မင်းကျော်ဗညားဘွဲ့ခံ ငမြတ်ထွန်းအား မင်းကျော်အာကာဘွဲ့၊ လက်ျာကျော်ထင် ငနှောင်းကို မင်းလှနော်ရထာဘွဲ့များ ချီးမြှင့်လျက် လက်ယာဝင်းတော်မှူး၊ လက်ဝဲဝင်းတော်မှူးများအဖြစ် ခန့်ထားလိုက်လေသည်။
ယင်း ဗိုလ်နှစ်ဦးမှာ မြင်းရည်တက် ခြောက်ကျိပ်ရှစ် တွင် ပါဝင်လျက် မုဆိုးဖိုတိုက်ပွဲ၊ အင်းဝချီ စစ်ပွဲများနှင့် ခင်ဦးတိုက်ပွဲများတွင် လက်ရုံးစွမ်းပြလျက် ထင်ပေါ်ကျော်ကြားခဲ့သူများ ဖြစ်သည်။ ငကုလား တစ်ဦးသာ မြင်းရည်တက်လည်းမဟုတ်၊ ဘွဲ့မည်ပွဲလမ်း ရဖူးခြင်းလည်း မရှိဘဲ ဝန်စာရေး စာချီတို့နှင့် အဝင်အထွက်များကို မှတ်တမ်းယူ ဖတ်ကြားရန် ခန့်ထားခြင်း ဖြစ်၏ ။
ထို့နောက် အရေးအကြီးဆုံးဖြစ်သည့် အရှေ့ဝင်းတော်မှူးနေရာအား ခန့်အပ်ရန် ရှာဖွေကြပြန်သည်။ ထိုအခါ အလောင်းမင်းတရားကြီး မြင်သည်ကား လက်ျာဘီလူးဘွဲ့ခံ ငစံငယ်သည် ရုပ်ရည်တင့်တယ်သည်၊ အအိပ်အနေ နည်းသည်၊ ထကြွလုံ့လ ရှိသည်၊ သတ္တိဗျတ္တိ ပြည့်စုံ၍ ကိုယ်တော်ကိုပင် အသက်ကယ်ခဲ့ဖူးသည် ဖြစ်သောကြောင့် ယင်းနေရာတွင် ငစံငယ်အား ထားရန် လက်ဝဲသုန္ဒရနှင့် တိုင်ပင်တော်မူသည်။
လက်ဝဲသုန္ဒရမှာ နေပြည်တော်သို့ ရောက်ချိန် မကြာသေးသည်ဖြစ်၍ လက်ျာဘီလူးကို မသိ၊ ငစံငယ်မှာ မည်သူနည်းဟု မေးမြန်းစုံစမ်း သိရှိပြီးမှ လျှောက်တင်သည်မှာ "သည်သူငယ်သည် အပြင်အလျာနှင့် ပြည့်စုံ တည်ကြည်ခြင်း ရှိ၍ ထက်မြက်ချက်ချာဟန် ရှိသော်လည်း ငယ်ရွယ်လွန်းသည်။ ခွန်အားဗလနှင့် စိတ္တဉာဏဗလ ကြီးမားသူကိုသာလျင် အရှေ့ဝင်းမှူး ခန့်အပ်သင့်ပါကြောင်း" ဟု ဆိုလေသည်။
အလောင်းမင်းကြီးက "မောင်နေ.. သင်းကို အိမ်ခေါ်၍ စုံစမ်းဘိ" ဟု မိန့်တော်မူလိုက်သည်။ လက်ဝဲသုန္ဒရက ဝန်ခံ၍ လက်ျာဘီလူးအား အိမ်တော်သို့ လာရောက်တွေ့ဆုံစေ ဟု အခေါ်လွှတ်လိုက်သည်။ လက်ျာဘီလူးသည် အမတ်ကြီး လက်ဝဲသုန္ဒရက မြင်လိုသည် ဆို၍ မဆိုင်းမတွ လိုက်လာရ၏ ။
အိမ်တော်တံခါးဝတွင် အစောင့်ရှိသည်ကို မြင်လျင် ရောက်ကြောင်း အကြောင်းကြားစေသည်။ တံခါးစောင့်က ဝင်ခဲ့ပါ ဆိုသော်လည်း မဝင်၊ တံခါးနောက်၌ လူရှိနေသည်ကို မြင်၍ ရပ်နေ၏ ။ ထိုသူကိုယ်တိုင်က ဖွင့်ပေးမှ ဝင်သည်ကို အမတ်ကြီး စောင့်ကြည့်နေသည်။ ခြေလှမ်းပုံ သိမ်မွေ့သည်၊ သတိအပြည့်ရှိသည်ကို မြင်ရ၏ ။
အိမ်ထဲရောက်လျင် နေရာချထားသည့် ဖထိုင်ပေါ်၌ ထိုင်နေ၏ ။ အမတ်ကြီး အခန်းမှ ထွက်၍ အိမ်ဦးသို့ တက်သည်တွင်မှ ဖထိုင်က ဆင်း၍ သင်ဖြူးဖျာပေါ် ပြောင်းထိုင်လိုက်ကာ ရိုးရာအတိုင်း ဦးချကန်တော့ပြီး မည်သည့်အတွက် ခေါ်ရကြောင်း မေးမြန်းလေသည်။
လက်ဝဲသုန္ဒရက "အကြံအစည် ရှိသည်ဖြစ်၍ မင်းကို ငါ ခေါ်သည်၊ ယုံကြည်စိတ်ချရပါမည်လား" ဟု မေးမြန်းသောအခါ ချက်ချင်းပင်
"မယုံကြည်ရပါဘုရား၊ ကျွန်တော်မျိုးမှာ မည်သည့် အလုပ်အကြံကိုမှ မယုံရသသူ ကျေးတော်မျိုး ကျွန်တော်မျိုး ဖြစ်၍ အမတ်ကြီး၌ အကြံအစည် ရှိသမျှကို မင်းတရားနှင့်သာ တိုင်ပင်တော်မူပါ"
ဟု ရုတ်ခြည်း ဖြေလေသည်။ မည်သည့် အရေးကိစ္စမျှ မိမိနှင့် မတိုင်ပင်ပါနှင့်၊ ပါဝင် ဆောင်ရွက်ပေးမည့်သူ မဟုတ်ပါ ဟု ဆိုလိုရာ ရောက်သဖြင့် လက်ဝဲသုန္ဒရ ပြုံးလေသည်။
"မင်းကိုငါ ချီးမြှင့်လို၍ ခေါ်သည်ကို မင်းက မိုက်မဲလျင် အကျိုးမရှိပြီ၊ ပြန်လေတော့" ဟု ဆိုသောအခါ မရှိခိုးတော့ဘဲ နောက်ပြန် ဆုတ်၍ ဆင်းသွားလေ၏ ။
အမတ်ကြီး၏ မှာကြားထားချက်အရ အိမ်တော် အစောင့်တို့က တံခါးဖွင့်မပေးဘဲ ပိတ်ရပ်နေကြရာ လက်ျာဘီလူးသည် ထိုသူတို့ရှေ့ ရပ်လိုက်ပြီးလျင် တည်ငြိမ်စွာဖြင့်
"အမတ်ကြီးအိမ်မှ ပြန်လျင် ငါ့ထံ ဝင်ခဲ့ရမည်ဟု မင်းတရား အမိန့်တော်ရှိသည်။ မင်းတို့ နှောင့်နှေးအောင် မပြုကြနှင့်" ဟု ဆိုလိုက်သဖြင့် တံခါးစောင့်များ မနေရဲဘဲ ဖွင့်ပေးလိုက်ကြရသည်။ သူထွက်သွားသော် အိမ်ပေါ်မှ အမတ်ကြီး ဆင်းလာ၍ တံခါးစောင့်တို့အား
"မင်းတို့ကို ငါက ပိတ်ထားခိုင်းလျက်နှင့် အဘယ့်ကြောင့် လွှတ်လိုက်ကြသနည်း" ဟု မေးမြန်းသော် လက်ျာဘီလူး ဆိုသည့်အတိုင်း လျှောက်ကြသည်။
"အမတ်ကြီး အမိန့်တော်ထက် မင်းမိန့်က ပြင်းသောကြောင့် ရာဇဝတ်သင့်မည်စိုး၍ ဖွင့်ပေးလိုက်ရပါသည်"
ဟု တံခါးမှူးက ဆိုလျင် လက်ဝဲသုန္ဒရ ဟက်ဟက်ပက်ပက် ရယ်မောလေ၏ ။
နောက်တစ်နေ့ ညနေခင်းညီလာခံတွင် အလောင်းမင်းတရားက မေး၍ လက်ဝဲသုန္ဒရ လျှောက်ရသည်။
"မှန်ပါ၊ အရှေ့ဝင်းတော်မှူး နေရာအတွက် လက်ရုံးစွမ်းရည်ကို မသိရသော်လည်း လက်ျာဘီလူးထက် ပို၍ သင့်တော်မည့်သူ ရတနာသိင်္ဃ မင်းနေပြည်တော်ဝယ် ရှိအံ့မထင်ပါ"
ဟု လက်ဝဲသုန္ဒရ လျှောက်ကြားချက်ကို အလောင်းဘုရား ပြုံးတော်မူ၍ မည်သို့ စူးစမ်းခဲ့ပုံ အကြောင်းစုံကို မေးမြန်းတော်မူ၏ ။ လက်ျာဘီလူးက တံခါးစောင့်တို့အား ပြောသည့်စကားကို ကြားတော်မူလျင် မင်းတရားပင် ရာဇဣန္ဒြေကို မထိန်းဘဲ ရယ်တော်မူလေသည်။
"သည်အကောင် အကြပ်အတည်းကြုံလျင် ငါ့ကိုပင် အသုံးချတတ်သူ ဖြစ်သည်" ဟု မိန့်လေသည်။
"ယမန်နေ့ညဦးက ငစံငယ် တွေ့ပါရစေဟု အဖူးအမြင် ဝင်လှာသည်။ ရှင်မိဖုရားခေါင်ကြီးနှင့် ငါကိုယ်တော်အား ကန်တော့ပြီး ထီးရေးနန်းရာအချို့ မေးမြန်းလာသည်။ ငါက မင်း သိလိုလျင် အင်းဝအမှုထမ်းဟောင်း လက်ဝဲသုန္ဒရကို မေး ဟု ဆိုရာ သင်းက ညောင်ရမ်းအမတ်မို့ ယုံရ မယုံရ မသိပါ၍ တိုက်ရိုက် မေးမြန်း လျှောက်ကြားရခြင်း ဖြစ်ပါသည်ဘုရား ဟု တင်သွားသောကြောင့် ရှင်မိဖုရားပင် မင့်ကို သံသယ ဝင်တော်မူသည်။ ငါက သိပြီးဖြစ်၍ ရယ်ခိုးရ၏ ။ မင်း မည်သို့ မေးမြန်းစုံစမ်းလိုက်သည်ကိုသာ သိရှိလိုခြင်း ဖြစ်ပေသည်"
ဟုလည်း မိန့်တော်မူရာ အမတ်ကြီးနှင့်တကွ ဝန်ကြီးများ တသောသော ရယ်မောကြရသည်။ သူ့ကို ပရိယာယ်ပြုကာမှ ပရိယာယ်နှင့် ပြန်၍ အတိုင်ခံလိုက်ရသော လက်ဝဲသုန္ဒရမှာ ထိုအဖြစ်ကို တွေးမိတိုင်း ပြုံးမိရလေ၏ ။ သို့နှင့် နောက်တစ်နေ့တွင် လက်ျာဘီလူးအား မင်းထင်နော်ရထာ ဘွဲ့တံဆိပ်တော်နှင့်တကွ အရှေ့ဝင်းတော်မှူး ခန့်အပ်ကြောင်း၊ ရွှေဓား ရွှေချပ် ရွှေစလွယ်နှင့် အရှေ့တော်က အမှုထမ်းရမည့်အကြောင်း အမိန့်တော် ထွက်ပေါ်လာခဲ့၏ ။
မင်းတရား ထွက်တော်မူလျင် လက်ျာဘီလူးက အရှေ့မှ၊ မင်းကျော်အာကာနှင့် မင်းလှနော်ရထာတို့က ဘေးနှစ်ဖက်မှ၊ ကိုယ်ရံတော်များ ခြံရံလျက် တင့်တယ်စွာ ထွက်ကြွလေ့ရှိလေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မင်းတရားလူယုံ ဖြစ်နေသည်ကို အချို့က မကျေနပ်ကြ၊ မသင့်မတော် ထင်မြင်ကြ၏ ။ အနောက်ဆောင်မှ မိဖုရားများနှင့်တကွ သမီးတော်များ၊ ရံရွေတော်များကတော့ မောင်ငယ်တစ်ဦး၊ မောင်ကြီးတစ်ယောက်နှယ် နှစ်လိုချစ်ခင်ကြလေသည်။
ထိုအထဲတွင် အလောင်းဘုရား မင်းမဖြစ်မီက အင်းဝ၌ ချစ်ကြိုက်ခဲ့ဖူး၍ ယခုအခါ ကိုယ်လုပ်တော် ဖြစ်နေသော မိဖုရားငယ် ခင်သူ၏ သမီးတော် ပဒုမ္မဝတီက အကဲဆုံး ဖြစ်သည်။ မောင်ကြီးညို၊ မောင်ကြီးညိုနှင့် မြင်တိုင်း ခေါ်လေ့ရှိ၏ ။ ကျောက်မြောင်းကတော်၏ သားငယ်လေး မင်းရဲဖျား ကလည်း ဦးကြီးငစံ ဟူ၍ ကပ်နေတတ်ရာ လက်ျာဘီလူးမှာ သူနှင့် ကစားပေးရလေ့ ရှိလေသည်။
သို့သော် ကိုယ်လုပ်တော်ခင်သူက ခိုင်းစေလျင်မူ မကြားယောင် ပြုနေတတ်သဖြင့် တစ်ကြိမ်တွင် ခင်သူက လက်ျာဘီလူးအား "ဟဲ့.. ငစံ၊ နင် အပင်းအဖျင်းလော" ဟု မေးလိုက်သည်။ ချက်ချင်း "ကျွန်ုပ် အကန်းနှင့်အတူ" ဟု တုံ့ပြန်လိုက်သဖြင့် ခင်သူ မချေပတတ် ရှိ၏ ။ ထိုအကြောင်း တောင်နန်းမတော်နားသို့ ရောက်ရာ ခင်သူကို ခေါ်၍
"မိဖုရားငယ်ဖြစ်လျက် တောဘုန်းကြီးကျောင်းသားခန့်မျှ ထီးရေးနန်းရာ မတတ်သလား။ ပြည့်ရှင် မင်းဧကရာဇ်ကို လွန်၍ မိဖုရားအလိုကို ဖြည့်ဆည်းသော် ငါ့သားငယ် ရာဇဒဏ်သင့်လိမ့်မည်၊ ငစံကို ဟိုဟိုသည်သည် မခိုင်းပါနှင့်" ဟု ဆူလိုက်သည်။
တစ်ရက်တွင် ညီလာခံသဘင် ဆင်ယင်ကျင်းပနေခိုက် လက်ျာဘီလူးက မင်းရဲဖျားကို ကျောပိုး၍ မဟာနန္ဒာကန်တော်သို့ လိုက်ပြမည် ပြုစဉ် ၄၆ ရွာခေါင်းများ ညီလာခံဝင်လာရာ မြို့တော် မြောက်ကျီရပ်ခေါင်း နန္ဒဗလကျော်သူက "ကျေးတောသားများ ကောင်းစားနေခိုက် အမှုတော်ကို နားပါးမလည်၊ သူငယ် ကစားသည်သို့ ပြုဘိ၏" ဟု ဆိုလိုက်သည်။
ယင်းစကားကို လက်ျာဘီလူး ပြန်ကြား၍ ညချမ်းအခါ၌ မြောက်ကျီရပ်သို့ သွားကာ ရပ်ခေါင်းမင်း အိမ်သို့ ဝင်လျက်
"ကျွန်တော်မျိုး ကျေးတောသား အရိုင်းအစိုင်းမှာ မသိနားမလည်တတ်သည့် အရွယ်မို့ ဘကြီးတော်က သင့်လျော်အောင် ဆိုဆုံးမစေချင်ပါသည်။ သားကဲ့သို့၊ တပည့်ကဲ့သို့ ပြစ်တင်မောင်းမဲနိုင်ရန် အပ်ပါ၏"
ဆို၍ လက်ဆောင်အများနှင့် ကန်တော့လေသည်။ နန္ဒဗလကျော်သူကလည်း
"ဦးရီး အမြင်မတော်၍ နှုတ်မစောင့် ပြောဆိုမိသည်။ ငါ့တူ စိတ်မရှိပါနှင့်။ လူကြီးသူမကို ရိုသေရကောင်းမှန်း နားလည်သူသည် မသိ မတတ်စေကာမူ လူချွန်လူကောင်းသာ။ ငါတို့ ဆရာတပည့် ချစ်ကြည်လေးမြတ်ကြလျက် ကျင့်ရာထုံးတမ်းများကိုလည်း ငါက သင်ပြပေးမည်။ ရာထူးရာခံအလျောက် မာန်မထားဘဲ ဦးမင်းကဲ့သို့ မှတ်ယူ ဝင်ထွက်ပါ ငါ့တူ"
ဟု ဝမ်းမြောက်လှိုက်လှဲစွာ ပြောကြားလေ၏ ။
မင်းတရား၏ အရှေ့ဝင်းတော်မှူးကြီး ဖြစ်ပါလျက် အမျက်ကို ရှေ့တန်းမတင်ဘဲ ဝန်ချတောင်းပန်ဝံ့သော လက်ျာဘီလူး၏ သတင်းသည် မြို့တော် မြောက်ကျီအရပ်မှ အစပြု၍ ဗောင်းဝန်းရပ်၊ အလယ်ကုန်းရပ်၊ ချောင်းဦးရပ်များသို့တိုင် ပျံ့နှံ့သွားသည်။ ထို့ကြောင့် ဘိန်းဘင်း ကစော်၊ နတ်က နတ်တင် စသည်တို့ကို လုံးဝ မသောက် မပြုရ ဟု ရှေ့ဝင်းတော်မှူးက ပိတ်ပင်သောအခါ အဆိုပါ အရပ်များသည် အထူးလိုက်နာကြလျက် စံပြရပ်ရွာများ ဖြစ်လာကြလေသည်။
မြောက်ကျီရပ်တွင် ဆိုလျင် နတ်တင်ခြင်း မဟုတ်သော်လည်း ဘီလူးရုပ်တုငယ်များ ထွင်းထု၍ အိမ်ရှေ့ အဝင်မုခ်များ၌ တပ်ဆင်ထားကြသည်အထိ။ သူတို့ မြောက်ကျီရပ်ကို အရှေ့ဝင်းတော်မှူး ကြည့်ရှုစောင်မသည်၊ ဘီလူးစောင့်ရှောက်မှု ရှိသည်ဟူ၍ပင် ကြွားဝါပြောဆိုတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် မြောက်ကျီရပ်ခေါင်းမင်း နန္ဒဗလကျော်သူ၏ နေအိမ်ဝယ် လက်ျာဘီလူးနှင့် ကိုယ်တိုင်းအတူ ရှိသော ဘီလူးရုပ်ကြီး တစ်ရုပ်အား ထွင်းထုလျက် ဂုဏ်ပြုထားရှိခြင်းကြောင့်ပင်တည်း။