မိုးစက်မိုးပေါက်များ ကျထားသဖြင့် သစ်ရွက်တို့ စိမ်းစို သန့်စင်နေသည်။ မြင်မြင်သမျှ တစ်တောလုံး လတ်ဆတ်သစ်လွင်နေသလို၊ အရွက်များပေါ်၌ စိန်သီးလေးများစွာ တောက်ပလျက်ရှိပြီး တွဲခိုရင်း တဖျတ်ဖျတ် ကျဆင်းသွားသည်လည်း မနည်း။
တိုးဝှေ့ခံလိုက်ရသောကြောင့် ထိုမိုးရေများသည် သစ်ရွက်များပေါ်မှ ဝေါခနဲ ခုန်ဆင်းသွားကြ၏ ။ ဓားအိမ်ရိုက်သံ တချပ်ချပ်၊ ခါး၌ တွဲလောင်းဆွဲထားသည့် ဝါးကျည်တောက်သံ တခွပ်ခွပ်၊ ဖိနပ်သံ၊ ဗွက်သံ၊ သစ်ရွက်များအား တိုးဝှေ့သံ၊ တစ်ချက်တစ်ချက် မိုးသီချင်း ရာသီသီချင်း ဆိုညည်းလိုက်ကြသည့် အသံဝါကြီးများ၊ ချမ်းနေသည့် စကားသံများ၊ အသံဗလံ မျိုးစုံက ချုံနွယ်ပင်များဖြင့် ပိတ်နေသည့် တောကြီးတွင်းမှာ ထွက်ပေါ်နေကြသည်။
လူတစ်စု တောတိုးလာကြခြင်းဖြစ်သည်။ လျှောက်သာသည့် နေရာများတွင် ရင်စို့ခန့်ရှိ ချုံပင်စိမ်းစိမ်းများကြား၌ လူအများ ဖြန့်ကြဲ သွားလာနေသလို နွယ်ပင်ပေါများ၍ ခုတ်ထွင်ရှင်းလင်းရန် လိုသည့် နေရာများတွင်မူ လူများက အလိုလို တစီတတန်းကြီး ဖြစ်သွားကြသည်။
လူအုပ်မှာ မနည်းလှပါ။ ရာချီသော တပ်ကြီးတစ်တပ် ဖြစ်သည်။ တောကလည်း ကြီးသဖြင့် လူတန်းကြီးကို တစွန်းတစသာ မြင်ရ၏ ။ သူတို့သည် စစ်ချီနေခြင်း ဖြစ်ပြီး ဦးတည်ရာက တောင်အရပ်သို့။ သူတို့ ဆိုသည်မှာ လက်ျာဘီလူး၏ ရှေ့တော်ပြေး ကင်းထောက်တပ် ဖြစ်ပါသည်။
အိုးစားအဖွဲ့များ၏ အိုးသံ ခွက်သံ၊ ခုတ်ထွင်ရှင်းလင်းသံများက မှန်မှန် ထွက်ပေါ်နေသည်။ သူတို့ တောအုပ်ထဲမှ ထွက်လာတော့ နေပင် အတော်မြင့်နေပြီ။ ပါလာသည့် ရိက္ခာခြောက်များ၊ ထမင်းခြောက်များကို ကိုက်ဝါးရင်း မရပ်မနား ချီတက်လာကြရာ အခြားတပ်များ၏ အသံကိုမျှ မကြားရတော့ပြီ။ ရှေ့ဦးဝယ် သူတို့သာ ရှိနေသည်။
တစ်ကုန်းကို ကျော်၊ တစ်မြောင်ကို ဖြတ်၍ တစ်တောင်ကို တက်ပြီးလျင် နောက်ထပ် တစ်တောင်က သူတို့အား ဆီးကြိုနေသည်။ သူတို့ကတော့ မညည်းမညူဘဲ ယောက်ျားခြေလှမ်း ကြဲကြဲကြီးများဖြင့် မှန်မှန်သွက်သွက် လျှောက်နေကြ၏ ။ တပ်သားတစ်ဦးက သစ်ကိုင်းပေါ်မှ တန်းလန်းကျနေသည့် မြွေတစ်ကောင်ကို "မချက်အားသေးဘူး၊ သွားလရော့" ဟု ဆိုကာ လွှင့်ပစ်လိုက်ရင်းမှ သံချိုတစ်ပုဒ် ဟစ်လိုက်သည်။
သူ့အသံက သွေးသောက်ကြီးတစ်ဦး၏ ဝမ်းသာအားရ အော်ဟစ်လိုက်သံအောက်မှာ တိုးဝင်ပျောက်ကွယ်သွားသည်။
"တပ်မှူး.. ဟိုတောင်စောင်း အကျော်က ပျပျ မြင်နေရတာက ကုန်းဇောင်းရွာ ဖြစ်လိမ့်မယ်၊ မြေပုံ တစ်ချက် ကြည့်ပါဦး"
လက်ျာဘီလူးက ဆွဲလာသည့် တိမ်ပျံ၏ မြင်းကတောင်တွင် ချိတ်ထားသော အထုပ်မှ မြေပုံကို ယူကြည့်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ တောင်များ၊ လျှိုများ၊ လွင်ပြင်များနှင့် တူ မတူ တိုက်ကြည့်သည်။
"ဟုတ်တယ်ကွ၊ အဲဒါ ကုန်းဇောင်းပဲ။ ဒါဆို ရန်သူ့တပ်စခန်းတွေနဲ့ မဝေးတော့ဘူး။ နေဦး"
သူက နေကို မော့ကြည့်သည်။
"ခု မွန်းတိမ်းပြီးပြီ ဆိုတော့ တပ်မကြီးက ညနေ စောင်းကျော်မှ ရောက်လိမ့်မယ်။ ဒီနားမှာပဲ စခန်းချကြရလိမ့်မယ်။ ဒီတော့.. ငကံ"
ငကံ မြင်းနှင့် အနားရောက်လာ၏ ။
"ငလွန်းတို့ တစ်အိုးစားကို ဝါး နည်းနည်း သွားခုတ်ခိုင်း၊ ပြီးရင် နောက်က တောင်ကုန်းပေါ် ပြန်သွား။ ကုန်းထိပ်မှာ အမြောက်တပ်အတွက် အလံအစိမ်း စိုက်ခိုင်းလိုက်။ မင်းက ရှေ့က လွင်ပြင်အလယ်ကို ဗိုလ်တွန်တို့ မုဆိုးခြုံတပ်တွေ တပ်ချဖို့ အလံပြာ သွားစိုက်ထား။ ငါတို့တွေကတော့ ရွာဘေးက တောင်ကုန်းလေးအထိ ဆက်သွားပြီး အဲဒီမှာ တပ်တည်မယ်"
"ငသူရိန်၊ မင်းတို့ တစ်ဖွဲ့ အကြပ် ၂ ယောက် ခေါ်သွားပြီး ရွာ တောင်ဘက်ထိ ဆက်ချီသွား၊ ရှေ့မှာ မြစ် တွေ့လိမ့်မယ်။ မြစ်စဉ်တစ်လျှောက် ဝါးလုံးရှည်ရှည်တွေ ထောင်ပြီး အလံနီတွေ ထူခဲ့။ သေနတ်ဝန်တို့ ရေကြောင်းက ချီလာရင် အဲဒီ ကမ်းဘေးမှာ စခန်းချဖို့ပါ မြေနေရာ ကြည့်ပြီး သတ်မှတ်ပြီးမှ ပြန်လာ"
"ငမြတ်လေးတို့ အဖွဲ့က ငါတို့ တပ်တည်မယ့် တောင်ကုန်းအောက်မှာ သဲချောင်းလေး ရှိလိမ့်မယ်။ အဲဒီကိုသွား၊ လက်ယက်ကျင်း အရင်တူးထား၊ ပြီးရင် ဝါးကျည်တောက်တွေ ခုတ်ပြီး ရေသယ်ခဲ့ကြ"
"သွေးသောက် ငကွန်းနဲ့ သွေးသောက် ငမှတ်တို့ နှစ်ဖွဲ့က ငါတို့တောင်ကုန်း ပတ်လည်မှာ ရှိသမျှ သစ်ကြီး ဝါးကြီးတွေ ခုတ်လာပြီး တပ်တည်ဖို့လုပ်။ ကျန်တဲ့သူတွေက သူတို့ ခုတ်ပေးတဲ့ သစ်ဝါးတွေသယ်၊ တပ်တည်ထား။ ငါနဲ့ ငရွေး ငထင်တို့ ရွာထဲသွား စနည်းနာရင်း ရိက္ခာစုဆောင်းဖို့ လုပ်မယ်"
တာဝန်များ ချမှတ်လိုက်ပြီး ဖြစ်၍ အသီးသီး ထွက်ခွာသွားကြသည်။ ရွာဘေး တောင်ကြောပေါ် လူများ စီစီညံညံ ဖြတ်သွားကတည်းက စိတ်ဝင်စားနေသော ရွာသူရွာသားများက သူတို့ ၃ ဦး ရွာထဲဝင်လာသည်ကို ဟိုနားအုပ်အုပ် သည်နားတစ်ဖွဲ့ ဆိုသလို ရုံးစုရုံးစု ထွက်ကြည့်နေကြ၏ ။
ရဲမက်တွေမှန်း သိသဖြင့် သိပ်တော့ မကပ်ရဲကြ။ သူတို့က သူကြီးအိမ်ကို မေးမြန်း၍ သွားရာ နောက်မှ ပါလာကြသည်။ သူကြီးအိမ်တိုင်ဝယ် မြင်းချည်ပြီး၍ လှည့်ကြည့်လိုက်သောအခါ လိုက်လာသူများ တန့်သွားကြသည်။ သူက ရွာသားများဘက် ပြန်လျှောက်သွားရာ လူအုပ်ကြီး ရှဲသွားပြီး နီးစပ်ရာ အိမ်များပေါ်သို့ တက်ကုန်ကြ၏ ။
"မကြောက်ကြပါနဲ့ဗျ။ ကျုပ်တို့က မုဆိုးဘိုတပ်သားတွေပါ။ ဟံသာဝတီကို ချီဖို့ ဒီအနီးအနားမှာ စခန်းချကြမှာ ဖြစ်လို့ ရိက္ခာအတွက် မနက်ဖြန်က စပြီး ခြံထွက်သီးနှံ ကိုင်းခရမ်းချဉ် အာလူး ပဲ ပြောင်း မျှစ် စတာတွေကို ကျုပ်တို့ တပ်တွေဆီ လာရောက် ရောင်းချနိုင်ပါတယ်။ အထူး ပြောလိုတာကတော့ မင်းတရားကြီးက အမဲပေါ်ခွင့်ကို ပိတ်ပင်ထားတဲ့အတွက် အမဲသားများ လာရောက် ရောင်းချခြင်း မပြုကြဖို့ပါ။ အရက်သေစာများလည်း စစ်သည်တွေကို ရောင်းချရင် ရာဇဝတ်သင့်ပါလိမ့်မယ်။ အဲဒါလေး သတိပေးချင်လို့ပါ"
သူက ပြောပြီး၍ ပြန်လှည့်ကာ သူကြီးအိမ်ပေါ် တက်သွားမှ အိမ်များ၏ ကဲလား၊ လေသာဆောင်၊ ဝဲလင်းဆောင်တို့မှ မျှော်ကြည့်နေသူများ ဆင်းလာကြပြီး သူကြီးအိမ်ရှေ့နှင့် အိမ်အောက်တို့တွင် စုဝေးလာကြပြန်သည်။ လှေကား၌ ငရွေးနှင့် ငထင်တို့ တင်ကျည်းကိုင် စောင့်နေကြသဖြင့် မည်သူမှတော့ အိမ်ပေါ်ထိ လိုက်မတက်ရဲ။ လက်ျာဘီလူးနှင့် သူကြီးတို့ ပြောဆိုနေကြသည်များကိုသာ ကြားရနိုးနိုး နားစွင့်နေကြသည်။ သူတို့ အသံများကလည်း ကြွက်စီ ကြွက်စီ။
ခေတ္တအကြာ သူကြီးမင်းလူတစ်ဦး ဆင်းလာပြီး ခေါင်းမင်းများကို သွားခေါ်ရာ ကာလသားကြီး ဆယ်ဦးခန့် လိုက်ပါလာသည်။ သူကြီးက သူတို့အား ကုန်းဘောင်တပ်များအတွက် ရွာရှိအိမ်များမှ ရိက္ခာစည်းကြပ်ရန် တာဝန်ပေးလိုက်သည်။ ရွာနီးချုပ်စပ် ဖားရှာငါးရှာလေ့ ရှိကြသော ရွာမုဆိုး တံငါများကိုလည်း အခေါ်လွှတ်၏ ။ သူတို့တပ်မှ အမဲလိုက်တတ်သော တပ်သားများနှင့် ပူးတွဲကာ သားငါးရှာကြရပေလိမ့်မည်။
ရွာခံ မအိမ်သူက မယ်ပွင့်ကို လက်ကုပ်၍ ဆိုသည်။
"ဟဲ့.. သည်ဘက်က တစ်ယောက်ဟာ မချောလား၊ သျောင်ညိုကြီးနဲ့ ခန့်ခန့်ကြီးအေ့"
"ညည်းနှယ်.. ပုဝါပါးက စွန်းချင်နေပြန်ပြီ။ ဆန်အိတ် စလွယ်သိုင်းထားတဲ့ ခေါင်းတုံးနဲ့ ခေါင်းပေါင်းနဲ့ လူကမှ သာခန့်သေး"
"အောင်မာ.. ကောင်မတွေ၊ ညဲတို့ အောက်က နှစ်ယောက်ပဲ ကြည့်ကြနော်၊ အိမ်ပေါ်တက်သွားတဲ့ ကောင်ကလေးကိုဖြင့် ယောင်လို့မှ မကြည့်ကြနဲ့ အေတို့ရဲ့"
"ကြည့်တော့ ဘာပြုလို့လား မိချမ်းရဲ့"
နောက်မှ ဝင်လာသည့် အပျိုပေါက်မလေးက
"ကျုပ် ဦးပြီးလို့ပေါ့တော်.. အ ပါ့"
သူ့ဘေးမှ ဝိုင်းပုံက မျက်စောင်းထိုးသည်။ ကြိုက်တတ်လိုက်သာနော် ဟုလည်း မကြားတကြား ရေရွတ်လိုက်သည်ကို မိချမ်းက မသိကျိုးကျွံ ပြုနေ၏ ။
ယောက်ျားသားကြီးများကတော့..
"ငါတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အကြပ်ဖြစ်နေတဲ့ ဟိုကောင်လေးကို သဘောကျသကွာ။ ငါ့သားလေးလောက်ပဲ ရှိဦးမှာ၊ အတော် ရဲစွမ်းမယ့်ပုံပဲ။ ခပ်တည်တည်နဲ့ သူကြီးအိမ်ပေါ် တက်သွားတာပဲ ကြည့်ပါလား။ ခြေလှမ်းတစ်ချက် မရွံ့ဘူး မောင်"
"သူ့ မြင်းကြီးလည်း ကြည့်စမ်းပါဦး၊ လှလိုက်တာမှ ရဲလို့၊ စိုလို့။ ထွားပြီး ကျော့နေတာပဲကိုး။ ကျုပ်ဖြင့် သည်မြင်းမျိုး ခုမှ မြင်ဖူးတယ်။ ရွာက မြင်းပိန်ကပ်တွေနဲ့ မကွာဘူးလား"
"ရွှေဘိုတပ်တွေဆိုလို့ ဓားလှံခမောက်တွေနဲ့ မှတ်တာ။ ချည်အထည်တွေနဲ့ ဝါးတုတ်ရှည်ကြီးတွေ ကိုင်လို့ပါလား။ ဟိုသူငယ်ပဲ ဆောင်ဓားပါတယ်။ အဖျားအနား တပ်တွေ ထင်ပါရဲ့"
"ကျုပ်ဖြင့် သည်လူတွေနဲ့ တစ်ပွဲတစ်လမ်း စမ်းကြည့်ရမလား မှတ်တယ်။ ဟို ညိုညိုတုတ်တုတ်လူတော့ မသိဘူး၊ အိမ်ပေါ်တက်သွားတဲ့ ကောင်လေးကိုဖြင့် အသာလေး နိုင်သဟေ့"
"ဟိတ်ကောင်၊ ဟိုက သူတို့ထက် စွမ်းလို့ မြင်းပေါ် ရောက်နေတာကွ။ သွားမလုပ်နဲ့၊ မင့်ရဲစား ငါစောင့်ရှောက်နေရမယ်"
သူတို့ ပြောဆိုနေကြစဉ်ပင် လူရွယ် အိမ်ပေါ်မှ ဆင်းလာသည်။ သူတို့ကိုလည်း မကြည့်၊ သူ့လူ နှစ်ယောက်ကိုပင် မကြည့်။ မြင်းနီကြီးဆီ တည့်တည့်သွားပြီး ကြိုးဖြေ၍ ထွက်သွားရာ သူ့လူနှစ်ဦးကလည်း နောက်က လိုက်သွားကြသည်။ သူတို့ကတော့ ရွာသားများကို ပြုံးပြသွားသလို သျှောင်ချောနှင့်လူ ဆိုလျင် တစ်စုံတစ်ဦးကို ရှာဖွေနေသလို ရွာသူရွာသားများအား သေချာကြည့်သွားသည်။
နောက်တစ်နေ့ အသီးအရွက်၊ မှို မျှစ် ရောင်းသည့် အသည်များ ပြန်လာတော့မှ ရွာထိပ် တောင်ကုန်းပေါ်မှာ တစ်တပ်၊ ကွင်းပြင်များထဲ၌လည်း တပ်ပေါင်းများစွာ ရောက်နေသလို အချို့က ချောက်ကမ်းများကြား၌ပင် ခိုဝင်နေကြသေးသည်ဟု သိကြရသည်။ ထို့ကြောင့် ယမန်နေ့ညက ရွာပြင်၌ ဆူညံသံများစွာ၊ မီးရောင်များစွာ တွေ့နေရခြင်း ဖြစ်မည်။ မည်သူမျှတော့ ထွက်မကြည့်ရဲကြ။
သို့သော် ထိုနေ့ နေ့လယ်ပိုင်းမှ စ၍ တပ်သားများ ရွာတွင်းသို့ တဖွဲဖွဲ ဝင်ရောက်လာကြသည်။ အကြောင်းပြချက် မျိုးစုံဖြင့် လာကြသော်လည်း တကယ်တမ်း သူတို့ ဦးစားပေး ရှာဖွေသည်မှာ ချက်အရက်နှင့် လုံမကလေးများကိုသာ ဖြစ်သည်။
နောက်တစ်နေ့တွင်မူ ဗိုလ်မှူး မင်းလှမင်းခေါင်က စစ်သည်များ ရွာတွင်း သွားလာ လည်ပတ်ခြင်းကို ကန့်သတ်လိုက်၏ ။ တပ်တည်၊ တပ်လုပ်၊ လူသူ လက်နက် စားရေရိက္ခာ ရှာဖွေစုဆောင်းခြင်းများကိုသာ အထူးပြုလိုက်ပြီ။ ပထမဆုံး ရောက်လာသည့် လူရွယ်နှင့် တပ်များလည်း တစ်ကြိမ်မှ ပေါ်မလာတော့။ သူ့တပ်မှ သူရိန် ဟူသည့် အကြပ်နှင့် တပ်သားတစ်ဦးတလေသာ ကိစ္စရှိမှ လာတော့သည်။
အမှန်တော့ လက်ျာဘီလူးတို့ အလွန် အလုပ်များနေ၏ ။ ရေကြောင်း ချီလာမည့် မင်းတရားကြီး၏ ရွှေတပ်တော်များနှင့် သေနတ်ဝန် မင်းလှမင်းခေါင်ကျော် ဦးစီးသည့် ရေတပ်မကြီးကို ကြိုဆို နေရာချထားရေး၊ ရန်သူ့သတင်း စုံစမ်းရေး၊ နယ်မြေ အခြေအနေ သိရှိရေး၊ မြေပြင်ရေပြင် အနေအထားများ လေ့လာခြင်း၊ ဗျူဟာများ ချမှတ် စီမံထားရန် ပြင်ဆင်ရခြင်းတို့ကြောင့် နေ့ည မနားကြရပေ။
သူတို့မှာ ရှေ့ပြေး ကင်းထောက်လည်း ဟုတ်သည်။ တပ်ဦးတပ်ဖျားချီလည်း ဖြစ်သည်။ မဟာဗျူဟာ တပ်လည်း ဖြစ်သလို အရေးအပါဆုံး တပ်လည်း ဖြစ်နေသည်။ သူ အရေးမှားက နောက်တပ်များ အလုပ်အကြံ ခက်ခဲရမည်သာမက စစ်ပွဲ၌ အရေးနိမ့်သွားနိုင်သဖြင့် အရွယ်နှင့်မလိုက် ကြီးလေးသော တာဝန်ကြီးကို မည်သူမျှ မခိုင်းဘဲ ထမ်းပိုးထားရသလို ဖြစ်နေသည်။
သို့သော် လက်ျာဘီလူးသည် အစဉ် တက်ကြွနေတတ်၏ ။ အအိပ်အနေ နည်းသည့်အပြင် တစ်ချိန်လုံး တွေးတော ကြံစည်နေတတ်သဖြင့် ကျောက်ရုပ်တစ်ရုပ်ကို ဟိုရွှေ့သည်ရွှေ့ လုပ်နေသည်နှင့်သာ တူတော့သည်။ ရောက်လေရာ အရပ်တွင် မတူညီသော အမှတ်အသားများ ပြုလုပ်ထားခဲ့ပြီး တပ်သို့ ပြန်ရောက်တော့မှ သူ့လူများကို ခိုင်းတတ်သည်။
"ငကံ၊ ဗိုလ်တွန့်တပ်ကနေ အရှေ့တောင်ဘက်ကြောအတိုင်း ဆင်းသွားရင် တြိဂံပုံ ခြစ်ထားတဲ့ သစ်ပင်တွေ ရောက်တဲ့အထိ ဆက်သွား။ အဲဒီ တြိဂံတွေရဲ့ ထိပ်ချွန်အတိုင်း လိုက်ရင် မှိုကျင်းတွေ အများကြီး တွေ့လိမ့်မယ်။ ဟိုနေ့က ငါ ရွာမုဆိုးနဲ့ သွားတုန်း တွေ့ခဲ့တာ ဒီနေ့လောက် ပွင့်မယ် ပြောတယ်။ တောင်းတွေယူပြီး သွားခူးချေစမ်းကွာ"
"ငထွန်းက ဦးကောင်းတို့ တပ်ဆီသွား။ သူတို့တပ်ကနေ တောင်ဘက်စူးစူး လေးတာလောက် လျှောက်ရင် သနဝါးတောကို ရောက်မယ်။ ဝါးပင်တွေမှာ ဓားထစ်ထားတာ တွေ့တဲ့အထိ အစဉ်အတိုင်း ခုတ်သွား၊ ခုတ်တဲ့အခါ အောက်ခြေ တစ်ထွာလောက်ကနေ စွေခုတ်ရမယ်။ အဲဒါ အရေးကြီးတယ်။ အဲဒီလမ်းကနေ ဆင်တွေ ဖြတ်လာလို့ မရမှ ဖြစ်မယ်။ သနဝါးတွေကိုလည်း တပ်တိုင်တွေ ဆွဲချဖို့ ကြိုးကွင်းကျစ်ပြီး တပ်ထားရမယ်။ ၃ ရက်အတွင်း ပြီးအောင်လုပ်ကြ"
"ငချစ်ပုံက မွန်တပ်နားထိ သွားပြီး သူတို့ရေတပ် ဆန်လာလို့ မရအောင် ရေထဲ ညောင့်စိုက်ကြရမယ်။ သေနတ်ဝန်တပ်က ရေငုပ်သန်သူ လိုသလောက် ရှာခေါ်သွား။ ငါက လွှတ်လိုက်တာလို့ ဦးကောင်းကို အရင်သွားလျှောက်ဦးနော်။ ချောင်းတွေမှာလည်း ရေတက်နဲ့ ချိန်စိုက်ထားဖို့ ဦးကောင်းကို တင်ခဲ့၊ ကြားလား"
"သူရိန်၊ မင်းက ဗိုလ်တွန့်ဆီသွား၊ ရိက္ခာအတွက် ဟင်းစားရှာတတ်သူတွေ ၁၀ ယောက် လိုလို့ ပေးလိုက်ပါလို့ ပြော။ ပြီး ရွာထဲသွား၊ မုဆိုး ဦးပေါ်ကလေးတို့နဲ့ လူခွဲပြီး ဖွတ် ပဒတ် ယုန် ဘာဖြစ်ဖြစ်၊ ကြွက်ရရ ငှက်ရရ ထိုးခဲ့ခိုင်းကွာ။ ငါတို့မှာ ရိက္ခာနည်းနေပြီ။ ငထင်ပါ ခေါ်သွားလိုက်၊ သူက ရွာထဲ သိပ်သွားချင်နေတာ။ ပျင်းနေတယ် ထင်ပါရဲ့"
ဤသို့ သူ့တပ်သားများအတွက် ဂရုတစိုက် ကြည့်ရှုပေးတတ်ခြင်းသည် တစ်ခါတစ်ရံ၌ မှားယွင်းစေကြောင်း မကြာမီ သိရှိလာရသည်။ စခန်းချပြီး ၃ ရက်မြောက်တွင် ဖြစ်၏ ။ သူ ပြန်လာတော့ တပ်သားများ၏ ပုံစံမှာ မူမမှန်ကြ၊ သူ့ကို မျက်နှာချင်းဆိုင်၍ မကြည့်ဝံ့ကြသလို ရှိသည်။ သိသာသည်မှာ သူရိန်ဖြစ်သည်။ ယခင်ကဆိုလျင် စကား လာပြောလေ့ ရှိပြီး သူ့အား အလွန်ချစ်ခင်သော ငသူရိန်က ယခု လိုအပ်သည်သာ ပြော၍ တန်းပြန်သွားသည်။
ထို့ကြောင့် သူက တပ်ကို တစ်ချက်ပတ်ကြည့် အကဲခတ်ရာ ယခင်ချိန်များနှင့်မတူ စကားနည်းနေကြကြောင်း သိသာလာ၏ ။ အကြောင်း တစ်ခုခုတော့ ရှိပြီ။ ဘယ်သူ ဘာလုပ်ခဲ့သနည်း။ မည်သူ အမှားလုပ်ထားသနည်း။ ထိုအမှားမှာ သူ ခွင့်မလွှတ်နိုင်သည့် အမှားသာလျင် ဖြစ်ပေလိမ့်မည်။
သူက ငကံကို ခေါ်၍ တပ်ကို ချက်ချင်း တန်းစီစေလိုက်သည်။ အချို့ မရှိကြ။ ရေခပ်သွားသူ၊ ရေချိုးသွားသူ၊ ခိုင်းစေထားသူ အချို့မှအပ အားလုံး စုံရမည်။ ယခု လူစစ် မေးမြန်းတော့ ငထင် ပျောက်နေသည်။ ငထင် ဘယ်သွားလဲ မေးရာ ချက်ချင်းမဖြေကြ။ နောက်မှ ရှိပါတယ်ဟူသော အသံ ထွက်လာသည်။ ရှိရင် ဘာလို့ မလာသလဲ မေးရာ မည်သူမျှ မဖြေတော့။
ငထင်ကို သွားခေါ်ခိုင်းလိုက်သည်။ ဟန်မပျက် လိုက်လာသော်လည်း တုန်လှုပ်နေမှန်း သိသာ၏ ။ ငထင် ဘာလုပ်ခဲ့သနည်း။ လက်ျာဘီလူး စစ်မေး၏ ။ ငထင် မဖြေနိုင်။ မြေပြင်ပေါ်တွင်သာ ဝပ်နေလေသည်။ ငကံကို ခေါ်၍ မေးရသည်။ သူလည်း သေချာမသိ၊ သူရိန်ကို မေးပါဟု ဆို၏ ။ သူရိန်ကား မျက်နှာပျက်နေပေပြီ။ သို့သော် မဖြေ၍ မရတော့။ တပ်မှူး သိသွားပြီ ဖြစ်ရာ ပြောရပေတော့မည်။
ငထင် ရွာသူတစ်ဦးနှင့် ရည်ငံနေကြောင်း၊ မနေ့က တောအဝင်၌ လွန်ကျူးခဲ့မိကြောင်း၊ သူတို့နှင့် ဦးပေါ်ကလေးတို့သာ သိသေးကြောင်း၊ မိန်းကလေးမှာ ဆယ်အိမ်ခေါင်းကြီးတစ်ဦး၏ သမီးဖြစ်ကြောင်း၊ ထိုခေါင်းမင်းမှာလည်း မင်းလှမင်းခေါင်တပ်မှ သွေးသောက်ကြီးတစ်ဦးနှင့် ကတောက်ကဆ ဖြစ်ထား၍ ရွှေဘိုတပ်များအပေါ် မကြည်မလင် ဖြစ်နေကြောင်း။
"မိုက်လိုက်လေ.. ငထင်ရယ်"
သူ့စကား ကြားသော် ငထင် ကြောက်လွန်း၍ တုန်နေသည်။ သူ့ကို မော့ကြည့်မယောင် ပြုပြီးမှ ပြန်၍ ဝပ်စင်းလိုက်ပြီး
"တပ်မှူး ပေးချင်တဲ့အပြစ် ပေးပါ၊ ကျွန်တော်မျိုး ခံပါ့မယ် တပ်မှူး"
လက်ျာဘီလူးက မျက်မှောင်ကျုံ့လျက် ငထင်၏ ကျောပြင်ကို ဓားအိမ်မချွတ်ဘဲ ဓားပြားရိုက်ရန် ရွယ်လိုက်သည်။ ထိုစဉ် မထင်မှတ်သည် ဖြစ်လာ၏ ။
"မောင်ကြီးကို မသတ်ပါနဲ့၊ ကျွန်မအပြစ်ပါ"
တဲအိမ်ထဲမှ မိန်းမပျိုတစ်ဦး ပြေးထွက်လာပြီး ငထင့်ကိုယ်ပေါ် မှောက်ချလိုက်ခြင်း ဖြစ်သည်။
"ဟာ"
လက်ျာဘီလူး အလွန် အံ့သြသွားသည်။ တပ်တွင်းသို့ မိန်းမသူတစ်ဦး ရောက်နေသည်။ အလွန် တင်းကြပ်ထားသော အမိန့်ကို ဖောက်ဖျက် လွန်ကျူးလိုက်ခြင်း ဖြစ်သည်။ ငထင် အတော် မိုက်ခဲ့ပြီ။ မိန်းမပျိုကတော့ ငထင်ကို သတ်မည်အထင်နှင့် တတွတ်တွတ် တောင်းပန်နေဆဲ။
သူ အတန်ကြာ တွေဝေ စဉ်းစားနေမိသည်။ ယခုပင် ညနေ မှောင်တော့မည်။
"သူရိန်၊ မင်း ဦးတွန်ဆီသွား၊ ငါ့တပ်သားတစ်ဦး တပ်တွင်းကို မိန်းမသူ ခေါ်လာလို့ ပြန်လိုက်ပို့ကြောင်း၊ ပြန်လာမှ အပြစ်ကို ခံပါ့မယ်ဆိုတာ သွားလျှောက်တင်ချေ။ ငကံ၊ ငထင်နဲ့ အကြပ်သွေးသောက်တွေ မြင်းကိုယ်စီ က ပြီး ခုချက်ချင်း ရွာထဲသွားကြရမယ်။ ငထင်က မိန်းကလေးကို မြင်းပေါ်တင်ခေါ်ခဲ့"
ယခုမှ တပ်သားများ အသက်ဝင်လာသလို လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူလည်း ပေရေစုတ်ပြတ်နေသည့် အဝတ်အစားများပင် မလဲနိုင်ဘဲ တိမ်ပျံကို က လျက် ထွက်လာခဲ့သည်။ မမှောင်ခင် ရွာကို ဝင်မှ ဖြစ်ပေလိမ့်မည်။
ထင်သည့်အတိုင်း ရွာသူရွာသားများ စုဝေးနေကြသည်ကို တွေ့ရသည်။ တစ်ယောက်စ နှစ်ယောက်စ ဓား လှံ ကိုင်ထားသည်ကိုလည်း မြင်၏ ။ မိန်းကလေးပျောက်သဖြင့် လိုက်ရှာကြမည့်ဟန် ပေါ်ပေသည်။ သူက ခေါင်းမင်းအိမ်သို့ ဦးတည်သွားသည်။
ခေါင်းမင်းသည် အခြေနေကို သိပြီး ဖြစ်မည်၊ အိမ်ရှေ့ဝယ် ငှက်ကြီးတောင် တစ်ချောင်းကို ကိုင်လျက် စောင့်ကြိုနေသည်။ မြင်းခွာသံများ ကြားမှ ဓားပြေးဆွဲဟန် တူ၏ ။ ခေါင်းကတော်ကြီးက လိုက်ဆွဲနေ၏ ။ မရ၊ သူတို့ မြင်းတပ်နှင့် ရင်ဆိုင်မိကြသည်။ သူက မြင်းပေါ်မှ အမြန်ဆင်း၍
"ဦးမင်း၊ ကျွန်တော် တောင်းပန်ပါရစေခင်ဗျာ၊ ကျွန်တော့် တပ်သားတစ်ဦးက ဦးမင်းရဲ့ သမီးကို.."
"ခွပ်"
သူ့စကား မဆုံးလိုက်။ ခေါင်းမင်းက ဓားကိုင်မထားသည့် ဘယ်လက်ဖြင့် သူ့ကို ထိုးချလိုက်ပြီး သူ ယိုင်သွားစဉ် နောက်တွင် မြင်းပေါ်မှ ဆင်း၍ သမီးဖြစ်သူကို အောက်ချပေးနေသည့် ငထင်အား ဓားဖြင့် ဝင်ပိုင်းသည်။ ငထင် အရှောင်မြန်သောကြောင့် မြင်းကိုသာ ခုတ်မိသည်။ မပြတ်၊ အလှထားသည့် ဓားဖြစ်သောကြောင့် သွေးမထားသည် ဖြစ်မည်။
ငကံတို့ ပြေးဆင်း၍ ငထင်ကို ကာထားလိုက်ကြရသည်။ တင်ကျည်းတုတ်ရှည်များလည်း ပါမလာကြသဖြင့် ဓားလွတ်ကိုင်သူ အချို့သာ ခေါင်းမင်းကို ပိတ်ဆို့ထားရသည်။ ရွာသားများလည်း ပြေးလာကြ၏ ။
"ဟိတ်ကောင်၊ မင်း ရဲမက် လုပ်နေပြီး သူတစ်ပါး သားသမီးကို လွန်ကျူးရလား။ မင်း သတ္တိရှိရင် နောက်မှာ ရှောင်မနေနဲ့။ စစ်သားဆိုသာ ကိုယ်လုပ်ခဲ့သာကို ရင်ဆိုင်ရဲရသယ်ကွ"
ငထင်က လက်ျာဘီလူးကို လှမ်းကြည့်နေသည်။ လက်ျာဘီလူးက မသိမသာ ခေါင်းယမ်းပြလိုက်ပြီး
"ဦးမင်း သတ်ချင်သပဆို အကျွန့်ကို သတ်ပါ။ သင်းက ကျွန်တော့် တပ်သား၊ ကျွန်တော် ညံ့ဖျင်းလို့ ခုလိုတွေ ဖြစ်ကုန်ရတာပါ"
ခေါင်းမင်းက လှည့်ကြည့်ပြီး
"မင်းကရော ဘာကောင်လဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အချောင် သေချင်နေသလား ဟိတ်"
"ကျွန်တော်က သူ့ရဲ့ အကြပ်၊ တာဝန်ရှိသူပါ ဦးမင်း၊ ဒီကိစ္စကို ပြန်ပြင်မရတော့ပေမယ့် ကျွန်တော်တို့ တာဝန်ယူပြီး ဦးမင်း ကျေနပ်တဲ့အထိ ဖြေရှင်းပေးပါ့မယ်"
"ဘာ... ဘာကွ၊ ငါကျေနပ်အောင်.. ဟုတ်စ။ အိမ်း၊ မင်းက ဘယ်လို ကျေနပ်အောင် လုပ်ပေးမှာလဲ။ ငါက သည်ကောင့်အသက်ကို လိုချင်သာ"
လက်ျာဘီလူးက ဆုံးဖြတ်ထားဟန်ဖြင့် မြေပြင်ပေါ် မုဆိုးဒူးထောက် ထိုင်ချလိုက်ပြီး
"ကျွန်တော်တို့ တပ်တွင်းမှာလည်း သည်လို လွန်ကျူးကျင့်ခွင့် ပေးမထားပါဘူး။ သည်လို လွန်ကျူးသူဟာ တပ်ထဲ ထုတ်ခံရပါတယ်။ ကျွန်တော်လည်း သူ့ကို အခုကစပြီး ကျွန်တော့်တပ်သား အဖြစ်က ထုတ်ပယ်ပါတယ်။ ဒါပေမယ့် ကျွန်တော့် တပ်သားအဖြစ် ရှိနေစဉ်မှာ လွန်ကျူးခဲ့ခြင်း ဖြစ်တာကြောင့် ကျွန်တော့်မှာ တာဝန်ရှိနေပါတယ်။ ကျွန်တော်နဲ့တကွ တပ်သား ငထင်ကို ဦးမင်း စိတ်တိုင်းကျ လုပ်ပါ။ သတ်ချင်လည်း သတ်ပါ။ ကျွန်တော်ကတော့ သင်းကို တပ်က ထုတ်ပြီး မိန်းကလေးနဲ့ လက်ဆက်ပေးဖို့"
"တိတ်စမ်း.. မင်းတို့လို လူဆိုးလူမိုက်တွေ ငါ့သမီးတော့ မရဘူး၊ ဒါပဲရမယ်ကွ"
ပြောပြောဆိုဆို အလွန် ဒေါသကြီးနေသော ခေါင်းမင်းက ငကံတို့ ကာထားသဖြင့် မည်သို့မျှ မတတ်နိုင်သော ငထင်ကို ထားခဲ့ပြီး လက်ျာဘီလူးထံ ပြေးသွားကာ ဒူးထောက်နေသော တပ်မှူးကို ခုတ်ချလိုက်သဖြင့် ငကံတို့ မျက်စိများ ပြာသွားသည်။
"ဟာ.. မလုပ်နဲ့"
"တပ်မှူး.. ရှောင် ရှောင်"
"အမလေး.. သေပါပြီတော့"
"အား"
ဝိုင်းကြည့်နေသူများထံမှ အသံမျိုးစုံ ထွက်လာ၏ ။ အမြဲ တိုက်ပွဲဝင်နေသူပီပီ လက်ျာဘီလူးက ဆယ်အိမ်ခေါင်းမင်းဓား သေလာက်အောင်အထိ ပြတ်မည်မဟုတ်မှန်း သိသဖြင့် မရှောင်ဘဲ ခေါင်းငုံ့ပေးလိုက်သည်။ သို့သော် ဒဏ်ရာအနာတရ မဖြစ်မီမှာပင် အဲမောင်းလှံတံရှည်ကြီး တစ်ချောင်းက သူ့ရှေ့အပေါ်မှ ကျော်ပြီး မြေပြင်ကို စိုက်လာရာ ခေါင်းမင်း၏ ဓားမှာ ယမ်းခါနေသော လှံအမြီးပိုင်းကိုသာ ခုတ်မိပြီး ပြန်ကန်ထွက်သွား၏ ။
မထင်မှတ်သော အလှည့်အပြောင်းကြောင့် လှံရှည်ကြီး လာရာသို့ ကြည့်လိုက်ကြတော့ အမှောင်ရိပ်ထဲမှ မြင်းတစ်စီး ပြေးထွက်လာသည်ကို မြင်ကြရသည်။ ယခုမှ မြင်းခွာသံကို သူတို့အားလုံး သတိထားမိကြ၏ ။ မြင်းပေါ်မှ နှုတ်ခမ်းမွေးကျင်စွယ်နှင့် လူညိုညိုတောင့်တောင့်တစ်ဦး ဆင်းလာပြီး ခေါင်းမင်းထံ လျှောက်လာသည်။ မြင်းတစ်အုပ်နှင့် စစ်သည်များ ထပ်လိုက်လာသည်ကိုလည်း တွေ့ကြရသည်။
"ဘဇာကြောင့် မဆိုင်သူတွေ ပတ်ရမ်းနေရသတုန်း ခေါင်းမင်း"
ခေါင်းမင်းက ထိုလူကြီးအား သိပုံရ၏ ။ ချက်ချင်း ဆူဝေနေသော ဒေါသများ ရေဖြင့် ငြှိမ်းသတ်ခံလိုက်ရသလို မကျေမနပ်ဖြင့်
"ခင်ဗျားတို့ လူတွေ လွန်သာ ၂ ကြိမ်ရှိပြီဗျ။ သည်တစ်ကြိမ် သည်းမခံနိုင်တော့ဘူး။ ကျုပ်သမီးကို ခိုးယူပေါင်းသင်းတဲ့ လူဆိုးသူခိုးတွေ ကျုပ်သတ်ရမှ ကျေနပ်မယ်"
"လက်ျာဘီလူးက ခင်ဗျားသမီးကို ခိုးခဲ့လို့လား"
"ဟင်"
ခေါင်းမင်းကြီး အံ့သြသွားသလို ရွာသူရွာသား ပရိသတ်များလည်း မထင်မှတ်ထားကြသဖြင့် အသီးသီးအသက အာမေဋိတ်သံများ ထွက်လာကြသည်။ ဘယ်သူက လက်ျာဘီလူးလဲ၊ ခေါင်းမင်းသမီးနှင့် မြင်းအတူတူ စီးလာသူက အလွန်ကျော်စောသည့် တပ်မှူးကြီး လက်ျာဘီလူး ဆိုတာလား၊ ယခု လည်စင်းပေးထားသည့် သူငယ်လေးက လက်ျာဘီလူးလား ဟု ဝေခွဲမရ။
ခေါင်းမင်းကိုယ်တိုင် ဘာပြန်ပြောရမှန်း မသိ။ သူကြားဖူးသည့် ဒဏ္ဍာရီဆန်ဆန် လက်ျာဘီလူးက မည်သူမှန်း မသိသဖြင့်
"လက်ျာဘီလူး ဆိုသာ ဘယ်သင်းလဲ"
"ခေါင်းမင်းကို လည်စင်းပေးထားတဲ့ ကောင်လေးဟာ လက်ျာဘီလူးပေါ့"
ကြည့်နေသူများထံမှ အုတ်အုတ်ကျက်ကျက်အသံ ထွက်လာသည်။ လက်ျာဘီလူးဟု သူတို့ကြားဖူးထားသည်နှင့် မည်သို့မျှ မဆိုင်၊ ယုံနိုင်စရာမရှိသော လူရွယ်အား ဝိုင်းကြည့်နေကြသည်။ ခေါင်းမင်းက
"ခိုးသာ သူမဟုတ်ဘူး၊ ဟိုနောက်က အကောင်ပဲ။ သူက တပ်မှူး ဖြစ်နေတဲ့အတွက် သူ့မှာလည်း တာဝန်ရှိသယ်လို့ သူကိုယ်တိုင် ပြောသာ"
"အဲဒါနဲ့ပဲ သူ့အသက်ကို ယူမယ်၊ ဟုတ်စ။ ခေါင်းမင်းသမီးက သူ့ထက် အဖိုးတန်တယ်ပေါ့.. ဟုတ်လား"
ခေါင်းမင်း မတုံ့ပြန်နိုင်။ ရွှေတပ်တော်များအတွက် လူစုဆောင်းပေးခဲ့ရဖူးသဖြင့် တပ်မှူးတစ်ဦး ဖြစ်လာရန် မည်မျှ ခက်ခဲကြောင်း၊ အရည်အချင်း အစွမ်းများစွာ လိုအပ်ကြောင်း သိနေခြင်းကြောင့် ဖြစ်သည်။ ထို့ထက် မင်းတရားကြီး၏ သူရဲကျော်တစ်ဦး ဖြစ်လာရန်မှာ ခက်ခဲလှပါဘိတောင်း။ လူအထောင်အသောင်းမှာ တစ်ယောက် ဖြစ်ရန်ပင် မလွယ်။
ထို့အပြင် လက်ျာဘီလူး ဟူသည်မှာ အလောင်းမင်းကြီးလူဟု နားစွန်နားဖျား ကြားခဲ့ရဖူးသည်။ အလွန်အစွမ်းထက်သော တိုက်တိုင်းအောင် သူရဲကောင်းတစ်ဦး ဟုလည်း ကောလာဟလ သတင်းများ ကြားသိရဖူးပြီ။ ယခု သူ့ရှေ့မှ နုနယ်ငယ်ရွယ်သေးသော လူရွယ်မှာ အကယ်စင်စစ် လက်ျာဘီလူး ဖြစ်သည်မှန်သော် သူ့အသက်မကြွင်းတော့ပြီ။
ခေါင်းမင်းသည် စဉ်းစားရင်း ချွေးပျံလာသည်။ သူကပင် ထိုသူငယ်အား ဝပ်တွား တောင်းပန်ရမလို ဖြစ်နေသည်။ လှံတံရှည်ကြီးကို ဆွဲနှုတ်နေသော ဗိုလ်မင်းကြီးကိုလည်း မဝံ့မရဲ တစ်ချက် ကြည့်လိုက်ပြီး
"အဲသာဆို ဗိုလ်မင်းကြီးတို့က ဘယ်လို လုပ်ပေးမလဲ"
ထိုဗိုလ်ကြီးမှာ မြန်မာတပ်များ၏ အချုပ် ဗိုလ်မှူး မင်းလှမင်းခေါင်ဖြစ်ကြောင်း သူသိထား၏ ။ ယခု ဗိုလ်မှူးကြီးကိုယ်တိုင် လိုက်လာသည်မှာ အလွန်ဝန်လေးသော ကိစ္စကြီး ဖြစ်နေလေပြီ။ သမီး မလိမ္မာသဖြင့် သူတို့ ဒုက္ခရောက်ကြတော့မည် ဟုလည်း သမီးမိုက်အား စိမ်းစိမ်းဝါးဝါး ကြည့်မိပြန်သည်။
"သူက ဘယ်လို လုပ်ပေးမယ် ပြောလဲ"
မင်းလှမင်းခေါင်က လက်ျာဘီလူးသို့ မေးငေါ့ပြောရာ ဆယ်အိမ်ခေါင်းမင်းမှ
"သူ့တပ်သားကို တပ်ကထုတ်ပြီး ကျုပ်သမီးနဲ့ ထိမ်းမြားပေးမယ်လို့ ပြောသာပဲ။ မကျေနပ်သေးရင် သူ့အသက်ကို ယူလိုက ယူလို့လည်း ပြောသယ်"
"သူပြောတာ အမှန်ပဲလေ။ ဒါ ကျုပ်တို့ စည်းကမ်းပဲ ခေါင်းမင်း။ သည်လို လွန်ကျူးသသူကို ထောင်သွင်း အကျဉ်းချပြီးရင် တပ်က ထုတ်ရတာပဲ။ သူက အသက်ညှာဆုံး စဉ်းစားပေးပြီး ထိမ်းမြားပေးဖို့အထိ စီစဉ်ပေးတာဟာ သူလုပ်နိုင်တာကို အကောင်းဆုံး လုပ်ပေးတာပဲ။ ခင်ဗျား မကျေနပ်ရင်လည်း အဲဒီတပ်သားကို ကြိုက်သလို စီရင်တော့၊ ပြီးရင်တော့ ရေမြေ့ရှင် မဟုတ်ဘဲ အသက်ကို စီရင်တဲ့အတွက် ပေးတဲ့ ပြစ်ဒဏ် ကိုယ့်ဘာသာခံပေါ့"
ခေါင်းမင်း တွေဝေသွားသည်။ သူ ဒေါသနှင့် မိုက်မဲစွာ ပြုမူပါက မကြာမီ သူတို့အားလုံးပင် ဘေးရန်ကျရောက်သွားနိုင်သည်။ ဗိုလ်မင်းကြီးကမူ တပ်သားကို သူ့လက်အပ်ကာ ကြိုက်သလို စီရင်တော့ ဟု ဆိုနေပြီ။ ပါးနပ်သော ခေါင်းမင်းကတော်က ကြားဝင်၍ ဗိုလ်မှူး မင်းလှမင်းခေါင်အား ရှိခ်ိုးဦးတင် တောင်းပန်ပြီးနောက် ခေါင်းမင်းကို ချော့မော့ ဆွဲခေါ်နေသည်။
ခေါင်းမင်းက မလိုက်ချင် လိုက်ချင်ဟန်ဖြင့်
"သာဖြင့်ရင်လည်း ပြီးရောဗျာ၊ ကျုပ်တို့ သမီးကို မျက်နှာမငယ်ရအောင် တောင်းရမ်းလက်ထပ်ပေး။ ရွှေငွေတွေ မလိုပါဘူး၊ ကောင်းကောင်းမွန်မွန် ရိုးမြေကျ မပေါင်းသင်းလို့ကတော့ ကျုပ်ဓားနဲ့ သင်းကို ကိုယ်တိုင်သတ်မယ်.. ဟင်း"
ခေါင်းမင်းက သူ၏ မပြတ်သော အလှဓားကြီးဖြင့် ခြိမ်းခြောက်သွားသည်ကို ဘီလူးတပ်သား ဖြစ်သူ ငထင်က မိန်းကလေးလက် ဆုပ်ကိုင်ထားရင်းမှ ပြုံးလိုက်မိသည်။ ပြီးမှ သူ့တပ်မှူးကို သတိရ၍ မျက်နှာပျက်သွားသည်။ တပ်မှူးမှာ ယခုထိ ဒူးတစ်ဖက် ထောက်လျက် ခေါင်းမင်းအား လိုက်ကြည့်နေဆဲပါလား။
ဗိုလ်တွန်က လက်ျာဘီလူးကို ဆွဲထူပြီး
"ငစံငယ် ထစမ်းကွာ၊ ဒါ မင်း တောင်းပန်ရမယ့် ကိစ္စ မဟုတ်ဘူး။ ဘယ်မလဲ အဲဒီကောင်"
ပြောရင်းဆိုရင်း ငထင်ဘက် လှည့်လိုက်ရာ ငထင် တုန်တက်သွားပြီး
"ကျွန်တော်မျိုးပါဘုရား၊ လွန်ကျူး၍ ကျင့်မိသည်ကို ခွင့်လွတ်ပေးတော်မူပါဘုရား"
"လာစမ်း သည်ကို"
လှံရှည်နှင့် လှမ်းထိုး၍ ငင်လိုက်သဖြင့် ငထင် တရွတ်တိုက် ပါလာသည်။ ဦးတွန်က အနီးရောက်မှ လှံကို ဆွဲနှုတ်ပြီး တစ်ပတ်ဝှေ့ရမ်းလျက်
"ကိုယ့်တပ်မှူးကို အရှက်ရအောင် လုပ်တဲ့ကောင်"
ဟု ဆိုကာ လှံအမြီးဖျားဖြင့် ငထင့်ခေါင်းအား ရိုက်ပစ်လိုက်သည်။ ငထင် လဲကျသွားပြီး နာကျင်လွန်းသဖြင့် ခေါင်းကို ပွတ်သပ်နေရ၏ ။ ဦးတွန်က အားပါပါ သုံးလေးချက် ရိုက်ပြီးမှ
"သတို့သားလောင်းမို့ ဒီလောက်နဲ့ တော်လိုက်မယ်။ ဟေ့.. ရဲမက်တွေ၊ သည်အကောင်ကို မင်္ဂလာမဆောင်မချင်း ထိပ်တုံးနဲ့ ထား။ လာ.. ငစံ၊ သွားမယ်"
လက်ျာဘီလူးက မင်းလှမင်းခေါင်နောက်သို့ လိုက်သွားရင်း ငထင်ကို စိုက်ကြည့်သွားသည်။ ဘာမှတော့ မလုပ်။ ထိုသို့ မလုပ်သည်ကိုပင် ငထင် ဝမ်းနည်းရသည်။ တပ်မှူးက သူ့အား အပြစ်တင်ကာ ဒဏ်ပေးလိုက်သည်ကမှ ခံသာသေး၏ ။ ယခုတော့ တပ်မှူးက သွေးသောက်ကြီး ငကံအား မှာသွားသည်။
"ငထင်ကို တပ်ဆီ ပြန်ခေါ်မလာနဲ့။ မင်းကြီးဆီမှာပဲ ထိပ်တုံးဖိပစေ" တဲ့။ သူသည် တစ်ချက်ကလေး သတိလက်လွတ် စိတ်အလိုလိုက် မိုက်မိသည်နှင့် ဂုဏ်ယူဝံ့ကြွားခဲ့ရသော ဘီလူးတပ်မှ ထွက်ခဲ့ရချေပြီတကား။
နောက်နေ့များ၌ ရွာသူရွာသားများသည် ခေါင်းမင်းအိမ်မှ မင်္ဂလာပွဲအတွက် ရွာလုံးကျွတ် ကူညီ လုပ်ကိုင်ပေးနေကြရင်း သူရဲကောင်းကြီးနှစ်ဦးနှင့် မကြုံစဖူး ထူးကဲလှသော မိမိတို့ရွာ၏ အဖြစ်ကိုသာ ပြောဆိုနေကြလေသည်။ ထိုကောင်လေးအား ပထမအကြိမ် ရွာသို့ လာစဉ်ကပင် မြင်ခဲ့ကြပါလျက် လက်ျာဘီလူးမှန်း မသိ၊ ထင်လည်း မထင်မှတ်ခဲ့ကြကြောင်း၊ ထိုသူရဲကျော်က ခေါင်းမင်းရှေ့တွင် အသေခံကာ အပြစ်အတွက် တောင်းပန်ခဲ့သည်ကိုလည်းကောင်း ပြောမဆုံးနိုင် ဖြစ်နေကြသည်။
ရွာသူရွာသားများ၏ ပြောစကားသံများကို မကြားချင်အဆုံး ကြားနေရသည့် ခေါင်းမင်းသည်ပင် နားယောင်လာလျက် ဘီလူးတပ်သားတစ်ဦးအား သမက်တော်ရမည်ကို ဂုဏ်ယူချင်သလိုလို ဖြစ်လာ၏ ။ ဟန်လုပ်ကာ မျက်နှာ တင်းမာထားသော်လည်း သမီးအား မာမာထန်ထန် မဆက်ဆံတော့။ ခေါင်းကတော်ကြီးကတော့ လက်ျာဘီလူးကို ချီးကျူးသည့်အပြင် မင်းလှမင်းခေါင် သဘောထားကြီး၍သာ သူတို့ အသက်ကြွင်းရပါပေသည်ဟု ကျေးဇူးတင်လျက် ရှိပြီ။
သတို့သားလောင်း ငထင်ကို သူတို့ မမြင်ကြရသော်လည်း ဘီလူးတပ်သားများ မင်္ဂလာမဏ္ဍပ် လာဆောက်ပေးကြသည်ကိုမူ တွေ့ကြရသည်။ လူငယ်များက ဘီလူးတပ်သားများနှင့် ရင်းနှီးခင်မင်အောင် ပေါင်းလိုကြသကဲ့သို့ ကုမ္မာရီမိန်းမပျိုများကလည်း တပ်မှူး မပါဘူးလား၊ ဘယ်တော့လာမလဲ ဟု မေးမြန်းစုံစမ်းကြကုန်၏ ။
ဘီလူးတပ်သားများမှာ အထူးပင် မျက်နှာပွင့်နေကြသည်။ ယခင်က သူတို့ ရွာဝင်လျင် မေးမြန်းစပ်စုကြရုံလောက်သာ ဖြစ်သော်လည်း ယခုမူ ခေါ်ချင်ပြောချင် ကျွေးမွေးချင်သူ မနည်း။ မင်းကြီး မင်းလှမင်းခေါင်အကြောင်း၊ တပ်မှူး လက်ျာဘီလူးအကြောင်းများကို မမောနိုင် မပန်းနိုင် ပြောပြနေကြရသည်။ ထိုလူငယ်လေးသည် အလောင်းဘုရား၏ ကျော်ကြားလှသော သူရဲကောင်း နတ်ဘီလူးစစ်သည် ဖြစ်ပါသည်ဟု ယုံလောက်အောင် မည်မျှပြောပြော စကားဆုံးသည်နှင့် "ဟုတ်ရဲ့လားဟယ်" "တကယ်ပဲလားကွဲ့" ဟူသော အမေးများသာ အထပ်ထပ် ရရှိကြလေသည်။
မင်္ဂလာပွဲ မကျင်းပမီ တစ်ရက်၌ လက်ျာဘီလူး တပ်သားများနှင့် လိုက်ပါလာ၏ ။ သို့သော် သာမန်သာ ဝတ်ဆင်ထားသဖြင့် ရွာရှိလူများ ရုတ်တရက် မမှတ်မိကြ။ သူကလည်း တပ်သားများအလယ်မှ လိုက်ဝင်လာပြီး ခေါင်းမင်းရှေ့အရောက်တွင် အခြားတပ်သားများကဲ့သို့ မနေဘဲ ရှိခိုးဦးချ၍
"ဦးမင်းတို့ လိုအပ်သည်များကို ပြောပါ၊ ကျွန်တော် ရတတ်သရွေ့ စီမံပေးပါမယ်"
ဟု ဆိုသောအခါမှ လက်ျာဘီလူးမှန်း သိကြသည်။ ခေါင်းမင်းအိမ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသော ဟူ၏ ။ အပြန်တွင် ရွှေတပ်တော်သို့ ဝင်လိုကြသည့် လူငယ်လူရွယ်များ၊ ရွာသူများက ပေးလိုက်သည့် လက်ဆောင်များဖြင့် သူတို့အဖွဲ့ လူသူပစ္စည်း မနည်းလှ။
လက်ျာဘီလူးက သူ့တပ်သို့ ဝင်ပါရစေဆိုသည့် ရွာသားများအနက် ငထင့်နေရာ၌သာ သင့်တော်သူတစ်ဦးအား စိစစ်ရွေးချယ်ပြီး အခြားသူများကိုမူ မင်းလှမင်းခေါင်တပ်သို့ အပ်လိုက်သည်။ "မင်းတို့ ငါ့တပ်သို့ ဝင်၍ အကျိုးမရှိ၊ မင်းကြီးတပ်သား ဖြစ်ရင် အလွန် ပွဲလမ်းရကြလိမ့်မကွဲ့" ဟု ဆို၏ ။
မွန်တို့နှင့် စစ်နီးသည်ဖြစ်၍ မင်္ဂလာဆောင်မှာ ကြီးကြီးကျယ်ကျယ် မလုပ်ရသော်ငြား အလွန်စည်ကားလှသည်။ ရဲမက်တော်တို့လည်း လာကြသည်မှာ မင်းလှမင်းခေါင်တပ်မှသာမက မဟာသေနာပတိတပ်တော်များမှပါ ရောက်လာကြသဖြင့် ရွာသူရွာသားများ ချွေးတလုံးလုံးနှင့် ပြုံးပျော်နေကြသည်။
ထိပ်တုံးမှ လွတ်လာသော ငထင်မှာမူ သတို့သား ဟူ၍ အိမ်ဦး၌ စံမနေရဘဲ ဘီလူးတပ်သားများ၊ ဦးတွန်တပ်မှ ရဲမက်များက လူမိုက် ဟူ၍လည်းကောင်း၊ အချည်းနှီးကောင် ဟူ၍လည်းကောင်း၊ နေရစ်ပေတော့ ဟူ၍ လည်းကောင်း ပြောဆိုကာ ရိုက်ပုတ်သွားသည့်ဒဏ် ခံရသဖြင့် တစ်ကိုယ်လုံး အညိုအမည်းစွဲလျက် အထိမခံနိုင်အောင်ပင် နာနေရသည်။
မင်ကြောင် ပေါက်တုန်းကပင် ထိုမျှ မနာခဲ့။ ယခုတော့ လူရာပေါင်းများစွာ တစ်ယောက်တစ်ချက် ရိုက်ပုတ်သွားသဖြင့် မချိတင်ကဲ ပြုံးလိုက် မဲ့လိုက် ဖြစ်နေရ၏ ။ လက်ျာဘီလူးကမူ ငထင်ကို တင်းမာသည်လည်း မဟုတ်၊ ပျော့ပျောင်းမှုလည်း မရှိသော မျက်နှာဖြင့် "မင်းထိုက်နှင့် မင်းကံ၊ ခေါင်းမင်းတို့အား အမိအဖကဲ့သို့ သဘောထား၍ ပြုစုလေ။ မယားအားလည်း ကောင်းမွန်စွာ လုပ်ကျွေးဘိ" ဟု ဆိုသည်။
လက်ျာဘီလူးနှင့် မုဆိုးခြုံဗိုလ်မှူး မင်းလှမင်းခေါင်တို့ ကြွရောက်လာသောအခါ စစ်ဝတ်စစ်စား အပြည့်ဖြစ်သဖြင့် အလွန်ခန့်ညားလှသည်ဟု ရွာသူရွာသားတို့ ထင်ကြလေ၏ ။ အလွန် သန်မာလှသော ဗိုလ်မှူးကြီးတစ်ဦးနှင့် အလွန်ရက်စက်ပါသည် ဆိုသော သူရဲကောင်းတစ်ဦးမှာ သူတို့ရွာ မင်္ဂလာဆောင်ကလေး၌ ပြုံးပြုံးရွှင်ရွှင်နှင့် ရှိနေကြသဖြင့် သူတို့အဖို့ အံ့သြမဆုံးနိုင်ဘဲ အိပ်မက်မက်နေသလားဟုပင် ထင်နေကြသည်။
ပတ်ဝန်းကျင်နှင့် အဆက်အဆံ မရှိလှသော ရွာကလေးဝယ် ဗိုလ်မင်း တပ်မင်းကြီးများ ကြွရောက်ချီးမြှင့်ခဲ့သည့် မင်္ဂလာပွဲတစ်ခု ရှိခဲ့ပါသည် ဟု နောင်နှစ်ပေါင်းများစွာအထိ သူတို့ ဝါကြွားနေကြတော့မည်တည်း။