နောက် နှစ်ရက်ကြာသော် ကချင်တပ်တစ်တပ် အနီးအနားရှိ ရွာသို့ ရောက်လာကြကြောင်း သတင်းကြားကြရသည်။ ငသူရိန်ကတော့ ဝန်ကြီး ဇေယျကျော်သူ၏ အကြံဉာဏ် ဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။ သမိန် အဲနရဲလည်း မလုံမလဲ ဖြစ်နေ၏ ။ သည်ရွာဘက် ဆက်တက်လာမည့် အလားအလာ များနေပြီ။
ညနေစောင်း ဦးမျှင်တို့ ပြန်လာတော့မှ သူ စိတ်အေးသွားသည်။ သမိန်အဲနရဲကိုမူ မတွေ့။ ထန်းတော ရောက်နေသည်လည်း ဖြစ်နိုင်သည်။ ဦးမျှင်က သူ့ကို ဝံသား စားဖူးသလား မေးသည်။ ဝံတစ်ကောင် ရောက်နေသဖြင့် လမ်းကြောင်းကြည့်ကာ ထောင်ခဲ့ကြကြောင်းလည်း ပြောနေ၏ ။ လက်ျာဘီလူးကတော့ ဝံထက် ကချင်တပ်ကို ပို၍ စိတ်ဝင်စားပုံ ရလေသည်။
ထိုညက ငကံကို မတွေ့၊ ဘယ်ရောက်နေသည် မသိ။ တပ်မှူးနှင့် ဦးမျှင်ကိုသာ တောအကြောင်း တောင်အကြောင်း၊ သားကောင်အကြောင်း၊ ထောင်ချောက်များအကြောင်း စကားတပြောပြော ရှိသည်ကို တွေ့ရသည်။ သမိန်အဲနရဲကိုလည်း မတွေ့မိ။ သူ့တပ်သာ ရွာထဲ၌ စခန်းချနေကြသည်။ သူက နောက်တစ်နေ့တွင် ခရီးဆက်တော့မည်ဖြစ်ကြောင်း ပြောတော့ တပ်မှူးတို့က တစ်ရက်လောက် နေပါဦးဟု တားနေသည်။
မိုးသောက်သည်နှင့် ဗိုလ်မင်းသူရိယဒေဝက တပ်များကို ပြင်ရန် အမိန့်ပေးလိုက်သည်။ လက်ျာဘီလူး နိုးလာပြီး မသွားပါနှင့်ဦး ဟု ဆိုသဖြင့် မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေမိသည်။ ထိုစဉ် ငကံရောက်လာသည်။ သူ့ပုံစံက တစ်မျိုးတစ်မည် ဖြစ်နေ၏ ။ ငသူရိန်ရှေ့ ပြောချင်ပုံမရ။ တပ်မှူးက သူ့ကို နေဦး ဟုသာ ဆိုလျက် ငကံနှင့် ထွက်သွားကြသည်။ အကြောင်းရှိသည် ဖြစ်မည်ဟု စောင့်ရန် ဆုံးဖြတ်လိုက်ရသည်။
ကချင်တပ်များအကြောင်း စုံစမ်းခိုင်းလိုက်သည့် မြင်းလျင်လည်း ပြန်လာ၏ ။ ကချင်များမှာ လူခွဲလျက် ထွက်သွားကြပြီဖြစ်ကြောင်း၊ မည်သည့်အရပ်သို့ သွားကြမည်ကို မသိရှိရကြောင်း၊ လမ်းအသီးသီးသို့ အစုခွဲ သွားကြသည်ဟုသာ ကြားသိလာရကြောင်း လျှောက်တင်၏ ။ ထိုပုံစံသည် စစ်ချီ လူစုသည့် ပုံစံမဟုတ်။ ဝန်ကြီး လုပ်နေကျ ပုံစံသာ ဖြစ်သည်ကို သူရိယဒေဝ ချက်ချင်း သိလိုက်သည်။
သူတို့ တပ်မှူးကို လုပ်ကြံကြတော့မည်။ သူကရော၊ သူ့ဆန်စားမှတော့ ရဲရတော့မည် မဟုတ်လား။ အရှင်ဟောင်းနှင့် အရှင်သစ်တွင် အရှင်သစ်ထံသာ သစ္စာအပ်ခဲ့ရသည်ဖြစ်သဖြင့် တပ်မှူးကို ချစ်သော်လည်း မလွှဲမရှောင်သာ တိုက်ခိုက်ရပေတော့မည်။ သူ့ကို တပ်မှူး မည်သို့မျှ မနိုင်နိုင်မှန်း သိထား၍လည်း လက်ျာဘီလူးအတွက် စိတ်မကောင်း ဖြစ်မိ၏ ။
တောစပ်မှ လက်ျာဘီလူးတို့ ပြန်လာပြီ။ ပကတိအတိုင်းသာ ရှိသည်။ "ဝံသား စားသွားပါဦး၊ မင်းကို ငါကိုယ်တိုင် တစ်နပ် ပြုစုပါရစေ" ဟု ဆိုလေသည်။ သူရိန်က
"ကျွန်တော်ပါ လိုက်ရမလား"
ဟု ပြောလိုက်ရာ လက်ျာဘီလူးက
"မလိုက်ပါနဲ့၊ တပ်ကိုသာ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေပါ။ ငါတို့ တောလည်ပြီးရင် ဝံ မမိတောင် တစ်ကောင်ကောင်တော့ ရလာမှာပဲ" ဆိုလျက် သူရိန့် ပခုံးကို လက်တင်လိုက်ပြီးမှ သတိရသွားဟန်ဖြင့်
"သြော်.. သူရိန်၊ မင်းကိုငါ ပြောမလို့"
"ဘာများပါလိမ့် တပ်မှူး"
လက်ျာဘီလူးက သူ့ကို တစ်ချက် ဝေ့ကြည့်ပြီး
"ဘာလုပ်လုပ် အကောင်းဆုံးကို လုပ်ကွ.. ငသူရိန်၊ အရေး မမှားစေနဲ့"
ထိုမျှသာ ပြောပြီး အိမ်ထဲ ဝင်သွားသည်။ ငကံကို ကြည့်တော့လည်း ခပ်တည်တည် ပြန်ကြည့်နေသည်။ ဦးမျှင် ရောက်လာသည်၌ သူ့အမူအရာကလည်း ထူးခြားနေသည်။ နိုးကြားတက်ကြွနေသကဲ့သို့ ရှိ၏ ။
သူတို့ တောသွားရန် ပြင်ဆင်နေကြသည်ကို သူရိယဒေဝ ရပ်ကြည့်နေမိသည်။ ဦးမျှင်က တောလိုက်ဓားကို လွယ်လျက်၊ လှံတံနှင့် ကြိုးခွေများကို ကိုင်လျက် ထွက်လာသည်။ တပ်မှူးကတော့ ဆောင်ဓားကိုသာ ဆွဲထားပြီး ငကံ၌ ဓားမြှောင်နှင့် လေးမြားအချို့ ပါသွားသည်ကို သတိပြုမိလိုက်သည်။
သူရိန်မှာ ယခုထိ ချီတုံချတုံ ဖြစ်နေသေးသည်။ တပ်မှူးကို လုပ်ကြံရန် တာဝန်ကြီး ရှိနေသေးသော်လည်း သူ့စိတ်က ငြင်းဆန်နေဆဲ။ မလုပ်ကြံ၍ မဖြစ်မှန်း သိလေ၊ ရင်ထဲ လေးလံလာလေ ဖြစ်၏ ။ သူ တွေဝေနေဆဲပင် အနောက်မှ ခြေသံများ ကြားရသဖြင့် လှည့်ကြည့်လိုက်သည်။
သမိန်အဲနရဲနှင့် ရဲမက် ၃ ဦး၊ ခေါင်းပေါင်း ပေါင်းပုံ မတူသည့် တိုင်းရင်းသားတစ်ဦး၊ ဆံပင်တိုတိုနှင့် ကြံ့ခိုင်ပုံရသူတစ်ဦးကို တွေ့ရသည်။ ကချင်များ ဖြစ်ပေလိမ့်မည်။ တစ်ဦးက ဒူးလေးနှင့်၊ တစ်ဦးက လှံတံကိုင်ထား၏ ။ သည်နေ့သည် အခါကျရောက်ခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
"သွားစို့ ဗိုလ်မင်း"
သူ ဘာမှ ပြန်မပြောချင်တော့။ အဲနရဲနောက်မှ လိုက်သွားပြီး ချပ်ဝတ်တန်ဆာများ ပြင်ဆင်လိုက်သည်။ သူ၏ မြင်း သတ္တရုရန်အောင် ကို စစ်သည်တစ်ဦးက ရွှေက တင်လျက် ဆွဲလာ၏ ။ ခါးတောင်းကျိုက်လျက် မြင်းပေါ်တက်လိုက်သောအခါ နတ်သိကြားကဲ့သို့ ခန့်ညားလှသော ဗိုလ်မင်းကြီး သူရိယဒေဝသည် နာမည်ကျော်တပ်မှူး လက်ျာဘီလူးအား လုပ်ကြံရန် အသင့်ဖြစ်နေပြီ။
လမ်းတွင် စီစဉ်ထားပုံများကို သမိန်အဲနရဲမှ ရှင်းပြသည်။ သူတို့သည် ကျားရဲတွင်းမှ ကျားများကို ခြောက်ထုတ်၍ သတ်ကွင်းဆီ မြှားခေါ်သကဲ့သို့ လက်ျာဘီလူးတို့ကိုလည်း လူခွဲထုတ်ပြီး ကွင်းပြင်ထဲအရောက် သွေးဆောင်လာခဲ့ကြမည် ဖြစ်သည်။ ကွင်းပြင်မှ စောင့်နေသော သူရိယဒေဝက လက်ျာဘီလူးကို တာဝန်ယူ ကွပ်မျက်ရန်၊ သမိန်အဲနရဲကမူ မုဆိုးငမျှင်နှင့် နောက်လိုက်များကို ရှင်းလင်းမည် ဖြစ်၏ ။
ချုံနွယ် တောတန်းကလေး အလယ်၌ မြင်းရေးကစားရန် သင့်လျော်သော အကျယ်ရှိသည့် ကွင်းပြင်တစ်ခုသည် ညီညာပြန့်ပြူးနေ၏ ။ သူရိယဒေဝက ကွင်းပြင်ကို မြင်လျင် အဲနရဲကို ခွဲလွှတ်လိုက်ပြီး တောစပ်၌ မြင်းကိုချည်ရင်း စောင့်နေခဲ့၏ ။ အဲနရဲနှင့် သူ့လူများ တောအုပ်ဘက် ထွက်သွားကြပြီး သူရိယဒေဝ တပ်သားများမှာမူ တောတန်းလေးအတွင်း တပ်ဖြန့်ထားလိုက်သည်။
လက်ျာဘီလူးတို့ ထောင်ချောက်များ ဆင်ထားရာသို့ ရောက်သောအခါ ဝံကို မတွေ့ရ၊ လူစိမ်း တိုင်းရင်းသားမုဆိုးတစ်ဦး ရှေ့မှ ဖြတ်သွားသည်ကိုမူ မြင်လိုက်ကြရသည်။ အသက် ၆၀ ခန့် ရှိပြီ ဖြစ်သော်လည်း သွက်လက် ထက်မြက်သေးသော အဘမျှင်က ထိုသူကို မြင်သည်နှင့်
"ငကံ၊ ပေး.. မင်း လေးနဲ့ မြားကျည်တောက်။ ရော့.. သည်လှံကိုယူ၊ တပ်မှူးကို အသက်နဲ့လဲ ကာကွယ်ပေတော့။ ငါ ဟိုမွန်ဗိုလ်ကို မသင်္ကာနေတာ ကြာပြီ။ သည်ကချင်တွေလည်း သူနဲ့ ဟိုဒင်းပဲ ဖြစ်မယ်။ တပ်မှူးမှာ အန္တရာယ် ရှိနေပြီ"
ထိုစကား ကြားသည်နှင့် ငကံ တင်းမာသွားသည်။ အံကိုကြိတ်ကာ လှံကို ဆုပ်ကိုင်လိုက်၏ ။ လက်ျာဘီလူးကတော့ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးလိုက်ပြီး ထောင်ချောက်ကြိုးဆီသို့သာ သစ်ရွက်ခြောက်များ ကျော်နင်းလျက် တစ်လှမ်းချင်း သွားနေ၏ ။ အဘမျှင်သည် လေးနှင့် မြားကျည်တောက်ကို လွယ်၍ ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ်လိုက်ပြီး သူအကြိုက်တွေ့သည့် သစ်ပင်ကြီးတစ်ပင်သို့ လျင်မြန်စွာ တက်သွားတော့သည်။
လက်ျာဘီလူးက နောက်လှည့်မကြည့်ဘဲ ငကံကို ဝပ်နေရန် အချက်ပြသဖြင့် ငကံ ဝပ်ပြီး ချုံတစ်ခုဆီ တွားသွားလိုက်သည်။ ချုံထဲရောက်မှ ထထိုင်ကာ သူတို့ လာခဲ့သည့်လမ်းဘက် လှည့်၍ လှံကိုချပြီး စောင့်နေ၏ ။ လက်ျာဘီလူးက ဆောင်ဓားကို ဓားအိမ်မှ ဖြည်းလေးစွာ ချွတ်လိုက်ပြီး ထုတ်လိုက်တိုင်း သွေးသောက်ရမှ ကျေနပ်သော ဓားမည်းကြီးကို သေချာကြည့်နေသေးသည်။
တောတိုးသံအချို့ ကြားလာရ၏ ။ လေးဘက် လေးတန်မှ ဖြစ်သည်။ လူရိပ်တစ်ခုကို အတော်ဝေးဝေး၌ တွေ့လိုက်ရသည်နှင့် လက်ျာဘီလူးက ထောင်ချောက်ကြိုးကို လှီးဖြတ်လိုက်သည်။ အပင်ကို ဆွဲကွေး၍ ပြုလုပ်ထားသော သုတ်ကိုင်းကြီးက ဗြန်းခနဲ ပြေးထွက်သွားပြီး ကြိုးကွင်းတစ်ခု လေထဲ ဝှေ့ရမ်းသွားသည်။ လက်ျာဘီလူးသည် သူ၏ တည်နေရာကို ပြ၍ သူ့ကိုယ်ကို တည်ကြက်ထားကာ ရန်သူအား စိန်ခေါ်လိုက်ခြင်းပင်တည်း။
(ဆက်ရန်...) သူရိယ ဒေဝ (၁၃)
Written by သင်္ခရာဇာ
End date: October 11, 2021
No comments:
Post a Comment