လူငယ်ကလေး လက်ျာဘီလူး မုဆိုးဘိုသို့ ရောက်၍ မကြာမီ ဦးအောင်ဇေယျ၏ ငယ်ကျွန်တော်ရင်း ဦးကောင်း၏ နေအိမ်၌ စစ်ရေးနည်းဗျူဟာ ပုရပိုဒ်များကို အနောက်ကျောင်းမှ ငှားရမ်းကာ လေ့လာဖတ်ရှုနေစဉ် အပြင်မှ အသံတစ်ခု ကြားရ၏ ။
"ဟိုကောင်လေး ရှိသလားဟေ့ ကိုကောင်း"
"ငညိုသူလား၊ ရှိပါ့ဗျာ"
သူ ပြတင်းကဲလားမှ ခေါင်းပြူကြည့်လိုက်လျင် ကိုယ်ဗလာ အောက်ပိုးကျိုက်နှင့် ဦးတွန်ကို လှံတစ်ချောင်းကိုင်လျက် တွေ့ရ၏ ။
"ဟေး ကောင်လေး၊ ငါ လှံထိုးကျင့်နေရင်း နင့်သတိရလို့ လာခေါ်တာ။ လိုက်ခဲ့ပါလား"
သူက ခေါင်းပြန်ဝင်သွားပြီး ပုရပိုဒ်များကို စီထပ်လျက် အဝတ်နှင့် ပတ်ကာ ယွန်းသေတ္တာကြီးထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် အိမ်ပေါ်မှ ဆင်းလာခဲ့၏ ။
"ဘာလုပ်ဖို့လဲ ဦးတွန်၊ လှံထိုးသင်ပေးမလို့လား"
"ဟုတ်တယ်၊ နင် တစ်နေ့တစ်နေ့ ဗျူဟာတွေပဲ ဖတ်နေလို့ မပြီးဘူး။ တကယ်တိုက်တော့ လက်ရုံးစွမ်းလည်း လိုတယ်။ ဒါ့ကြောင့် အနည်းအကျဉ်း သင်ပေးမလို့ဟာ"
"ဟုတ်ကဲ့"
ဆို၍ လက်ျာဘီလူးလည်း ခါးတောင်းကျိုက်ကာ အပေါ်အင်္ကျီ ချွတ်လိုက်၏ ။ ဦးကောင်းက
"ရှင်ညိုသူက ကိုယ်လုံးကိုယ်ဖန် သေးသွယ်ပေမင့် ဘီလူးရုပ်မင်ကြောင်နဲ့ ဘာနဲ့ ဆိုတော့လည်း အကျစ်အလျစ် ရှိသား။ ဟေ့ ငတွန်၊ မင့်ကောင်ကို ဂရုစိုက်လိုက်ပါကွာ။ တို့သခင်က သည်ကောင့်ကို အတော် မျှော်လင့်ထားရှာသာ"
"စိတ်ချ ကိုကြီးကောင်း၊ နင့်လူကို ငါက ခါးမချိုးနိုင်ခင် သင်းက ငါ့ကို အလစ်တွယ်သွားဖို့ များတယ်။ လွယ်တဲ့ကောင် မဟုတ်ဘူး"
လက်ျာဘီလူးက ပြုံးနေ၏ ။ ဦးကောင်းအိမ်မှ သူရင်းငှားတစ်ဦးက ဓားတစ်လက် လာပေးသည်ကို ဆ ကြည့်၍ ပြန်ပေးလိုက်သည်။ ဦးတွန်က ယင်းအချင်းအရာကို မြင်လိုက်သည်။
ဦးတွန်သည် လေ့ကျင့်ရေးကွင်းသို့ ဦးဆောင် ခေါ်လာရာ လမ်းတစ်လျှောက်တွင် မုဆိုးဘိုနှင့် အခြားရွာသားများစွာ နပန်းသတ်၊ တုတ်ဓား ကစား၊ လေးမြား လှံပစ်နေကြသည်ကို တွေ့ရ၏ ။ နည်းပြများက ဦးတွန်ကို အရိုအသေ ပြုကြသည်။ လေ့ကျင့်သည်ကို မြင်ဖူးလေ့မရှိသော လက်ျာဘီလူး ပါလာသဖြင့် အချို့က လိုက်ကြည့်နေပြီး အနည်းငယ် ကျွမ်းဝင်သူများကမူ နောက်မှ မသိမသာ ပါလာကြသည်။
"သည်ကောင်လေးကို အဝေးကြီး သွားခေါ်ပြီး ဘွဲ့အမည် ကြိုပေးထားတယ် ဆိုတော့ ဘယ်လိုအစွမ်းတွေ ရှိမလဲ သိချင်စမ်းတယ်"
ဟူသော အတွေးများဖြင့် စူးစမ်းကြခြင်း ဖြစ်၏ ။ သို့သော် သူရောက်ကတည်းက လက်ရုံးလေ့ကျင့်ခြင်းထက် စာပေဘက်တွင်သာ မွေ့လျော်စေသဖြင့် နောင်တစ်ချိန်တွင် တိုင်ပင်ဖော်၊ ပညာရှိ ဝန်ကြီး ခန့်ထားရန်ဟု ထင်မြင်ထားကြသူလည်း အများ။ သူတို့အားလုံးသည် နိမိတ် တဘောင်များအရ ဦးအောင်ဇေယျ မင်းဖြစ်မည်ဟု မုချယုံကြည်ထားကြသူများတည်း။ ဦးအောင်ဇေယျ၏ စိတ်နှလုံးနှင့် တည်ကြည်ဖြောင့်မတ်မှု၊ လေးနက် ပြတ်သားစွာ ဦးဆောင်နိုင်စွမ်းတို့ကိုလည်း အကြွင်းမဲ့ ယုံထားသူများ ဖြစ်၏ ။
ဗိုလ်တွန်က လေ့ကျင့်ကွင်း၏ တောင်ဘက်ကွက်လပ်တွင် ရပ်၍
"ငစံ နင် လှံထိုးတတ်သလား"
"မထိုးတတ်ပါ"
"ထိုးကြည့်စမ်း... ရော့"
သူကိုင်လာသော လှံကို ကမ်းပေး၏ ။ လှံမှာ ရှည်လျား လေးလံသည်။ အသွားချွန်၍ စူးအားကောင်းမည့် လက္ခဏာ ရှိသော်လည်း လက်ျာဘီလူးက မယူဘဲ နောက်မှ လူတစ်ယောက်၏ မတိုမရှည် လက်ဆကောင်းမည့် လှံကို တောင်းယူလေသည်။ ဗိုလ်တွန် ခေါင်းညိတ်၏ ။ လှံရလျင် မြောက်ဘက်ထိပ်တွင် ရှိသော အတောင် ၃၀ စက်ကွင်းကို ချိန်ရွယ်လျက် အားကုန်လွှတ်လိုက်သည်။ သို့သော် လှံက စက်ကွင်းဆီသို့ မရောက်။ အရှေ့မြေပြင်တွင် စိုက်ဝင်သွား၏ ။
"အမှန် မထိုးတတ်သေးတာပဲ။ အားအကုန်သုံးပြီး ဇောနဲ့ ပစ်ရင် လိုရာမရောက်၊ ထိမှာလည်း မဟုတ်ဘူး။ နင် လှံကိုလွှတ်တော့ ရောက်ပါ့မလားလို့ စိုးရိမ်နေတယ် မဟုတ်လား"
"ဟုတ်ပါတယ်"
"ကိုင်း.. ဒါဖြင့် ကြည့်၊ ဟောသလို ပစ်မှတ်ကိုပဲ အာရုံပြုပြီး အလိုက်သင့် အားကိုသုံးရတယ်"
သူတို့လူများကြားတွင် လှံထိုး နာမည်ကျော်သော ဦးတွန်က သူ့လှံရှည်ကြီးကို အတောင် ၆၀ စက်ကွင်းသို့ လွန့်လွန့်လူးလူး လွှတ်တင်လိုက်လျင် အများကပင် ရပ်ကြည့်ကြရသည်။ လှံမကြီးသည် စက်ကွင်းအဝိုင်းကို ဒိုင်းခနဲမည်အောင် ထိကာ လှံသွားတစ်ဝက်ခန့်အထိ စူးဝင်သွား၏ ။ အသံကြားရုံနှင့် မည်မျှ အားပါကြောင်း လက်ျာဘီလူး သိလိုက်သည်။
"အားကောင်းလှပါကလား ဦးတွန်"
"ထပ်ထိုးကြည့်လေ.. ဟေ့ သူ့လှံ ယူခဲ့"
စောစောက ကောက်လာသော လှံကို လူတစ်ယောက်က လာပေး၏ ။ လက်ျာဘီလူးက စက်ကွင်းရှိရာ မကြည့်၊ လှံကိုသာ သေသေချာချာ ဆုပ်ကိုင်၍ စူးစိုက်ကြည့်နေသည်။ လက်ကို မကာ မကာဖြင့် လှံ၏ အလေးချိန်ကို ချိန်ဆ၏ ။ ထို့နောက် ပစ်မည့်ဟန် ကိုယ်ကို နောက်သို့ ယို့၍ ရွယ်လိုက်သော်လည်း မပစ်။ ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွား၏ ။
ဦးတွန် လှံစွဲတုန်းက သြဘာပေးလိုက်ကြသော လူများသည် လက်ျာဘီလူး ရှေ့သို့ လျှောက်သွားသောအခါ ကြည့်နေကြ၏ ။ တစ်လှမ်း နှစ်လှမ်းမျှသာ တိုးသည် ထင်သော်လည်း ငါးလှမ်း ကျော်လာသောအခါ ရယ်သံများ ထွက်လာ၏ ။ လက်ျာဘီလူးကတော့ လေ့ကျင့်ကွင်းတွင် ခလုတ်ဆူးညောင့် ရှိသည့်အလား သတိနှင့် လှမ်းနေရာမှ ခြေလှမ်းကို သွက်လိုက်ပြီးလျင် စက်ကွင်းအား မော့ကြည့်လာရင်း တစ်ဆက်တည်း လှံကို လွှတ်တင်လိုက်၏ ။ ထို့နောက် ခပ်ကိုင်းကိုင်း အနေအထားနှင့်ပင် လှံကို ကြည့်နေလေသည်။
သည်တစ်ခါ သူပစ်သည်က အတောင် ၃၀ မဟုတ်တော့။ ဦးတွန်၏ အတောင် ၆၀ စက်ကွင်းသို့ ဖြစ်သည်။ သူ၏ လှံသည် မရောက်နိုင်ဟု ထင်မြင်နေရလျက်မှ ငြင်သာစွာ ထိုးတက်လာပြီး ဦးတွန်လှံဘေး စက်ကွင်းဗဟိုနှင့် ပိုမိုနီးကပ်စွာ စွဲသွားလေသည်။ ပြုံးနေသော သူများ မျက်လုံးကျယ်သွားပြီး ဦးတွန်းကမူ အပြုံးမပျက်။ သူရှိရာ လျှောက်လာကာ
"နင့်ပါရမီကို ငါသိပြီးသား။ သည်ပုံအတိုင်းဆို စစ်ရေးမှာ နင် ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်"
ဟု သူ့ပခုံးဖက်၍ ပြောလိုက်၏ ။ သူက
"ကျွန်တော်ကတော့ မထင်ဘူး"
"ဟုတ်လား"
သူ့ကို တစ်နေရာ ဆွဲခေါ်သွားပြန်သည်။ သဲခင်းထားသော မြေဝိုင်းဝိုင်း နေရာ။
"နင် နဲ့ ငါ ဓားရေး မစမ်းရသေးဘူး မှတ်တယ်"
ဦးတွန်က ဆောင်ဓားကြီးတစ်လက်ကို သွားယူနေစဉ် သူကတော့ ဝန်းကျင်မှ လေ့ကျင့်နေသူများကို လိုက်ကြည့်နေသည်။ လူတစ်ဦးက
"ညီငယ် ဓားယူလေ"
ဟု သတိပေးရာ ဦးတွန် လက်ပြ၍
"နေပစေ၊ သူကြိုက်ဓား ရွေးနေတာ။ ထားလိုက်"
လက်ျာဘီလူးက တိုက်ခိုက်နေကြသော လူနှစ်ဦးကို တားလျက် တစ်ဦးဆီမှ သွယ်လျ မာကျောသော ဓားကို တောင်းယူလာ၏ ။ ဦးတွန်သည် ဆောင်ဓားကို အိမ်မှချွတ်လျက် ကွင်းလယ်၌ စောင့်နေပြီ။
"ကျွန်တော်အရင် ဝင်ရမှာလား"
"ဝင်လကွာ"
လူနှစ်ယောက် ရင်ဆိုင်မိကြလျင် တဒင်္ဂမျှ ရပ်တန့်မြဲ ဖြစ်သော်လည်း လက်ျာဘီလူးသည် လျှောက်ဝင်လာသည်ကို မရပ်ဘဲ ပုံမှန်ဆက်လျှောက်လာပြီး ဓားတစ်ကမ်းရောက်သည်နှင့် ဓားဦးနှင့် ဆတ်ခနဲ ထိုးလိုက်၏ ။ ဦးတွန်က လျင်မြန်စွာ ပက်ထုတ်လိုက်သည်။ သို့သော် ဓားချင်းမထိ၊ လက်ျာဘီလူးက ဦးတွန် ပက်လျင် ပက်ချင်း ဓားပြန်ရုတ်သွားပြီး ကိုယ်တစ်ပတ်လှည့်ကာ လက်ပြန်ပိုင်းလိုက်သဖြင့် ဦးတွန် ကာချိန်မရ၊ နောက်သို့ ခုန်ဆုတ်သွားသည်။ နှုတ်မှလည်း
"ငါသိတယ်၊ ငါသိတယ်။ နင့်ပရိယာယ်တွေ"
သူ့ဓားချက် ၂ ချက်မျှ မထိရှသောကြောင့် လက်ျာဘီလူး ရယ်လိုက်သည်။ ဦးတွန်ကလည်း ပြုံးရယ်လျက်
"လာစမ်းပါ နောက်ထပ် ဘာတွေ ရှိသေးလဲ"
လက်ျာဘီလူးက ဘယ်ညာ အထက်အောက် ဓားစလွယ် ဝှေ့ရမ်းပြီး ဝင်သွားသည်။ သို့သော် အခုတ်အပင့် လေးချက်စလုံးကို ဦးတွန်က သူ့ဓားကြီးဖြင့် ဆီးခံထားနိုင်၏ ။ လျှပ်တစ်ပြက်အတွင်း ဓားချက်အားလုံးကို ကာကွယ်နိုင်သော ဦးတွန်၏ လျင်မြန်မှုကို သူ သိသွားသည်။ ဤလူကြီးသည် အားကောင်းရုံမက ဖျတ်လတ်လွန်းလှပါလားဟု။
"နင် ခုတ်လို့ ပြီးပြီလား"
လာပါပြီ၊ ဦးတွန်၏ ဓားချက်များ။ လက်ျာဘီလူး တစ်ချက်သာ ဆီးကာ၍ ရှောင်ရှားနေသည်။ အားချင်းမမျှသဖြင့် ဆီးကြိုခံရမည့်အရာမဟုတ်။ မရှောင်နိုင်လျင် အလိုက်သင့် ပက်ထုတ်နေရသည်။ သို့သော် ချက်ချင်း သူက ဟာကွက်ကို မြင်၏ ။ ဦးတွန်မှာ ဓားနှင့် အားကို တစ်ထပ်တည်း သုံးသူတည်း။ သူ၏ ဓားချက်များသည် လျင်မြန်ပေါ့ပါးသည့်အပြင် အားလည်း ပါလှ၍ တစ်ကြိမ်တွင် လက်ျာဘီလူးက နောက်တစ်ချက်ခုတ်မည့် လမ်းကြောင်းကို ကြိုတင်ခန့်မှန်းကာ ဓားလားရာနှင့် ဆန့်ကျင်ဘက်အရပ်သို့ ရှောင်ထွက်လိုက်၏ ။
သို့သော် သူရှောင်သည်က နောက်သို့မဟုတ် ရှေ့ကို ဖြစ်သည်။ ဦးတွန်နှင့် လူချင်း နီးကပ်သွားပြီး တစ်ယောက်ကိုတစ်ယောက် လွန်သွား၏ ။ ဦးတွန်က ချက်ချင်း တံတောင်ဖြင့် လှည့်ရိုက်လိုက်သော်လည်း ရှောင်ရင်း ဓားနှင့် ရမ်းခဲ့သော လက်ျာဘီလူး၏ ဓားချက်က သူ၏ လက်မောင်းအနောက်ဘက်ကို ထိသွားလေသည်။ ဓားမှာ မပြတ်လှသဖြင့်သာ လက်သုံးလုံးခန့် အစင်းရာ ထင်သွားပြီး ထိုအကွဲမှ သွေးများ စီးကျလာ၏ ။
"ကျွန်တော် ခုတ်တာ မဟုတ်ဘူးနော်၊ ဦးတွန် ပက်မယ်ထင်လို့ ကာလိုက်တာ"
"ဟုတ်ပါတယ်၊ ငါက မင့်ဓားကို ရိုက်မိတာ"
ဦးတွန်က အပြစ်မယူဘဲ ပြုံးရွှင်စွာ ဆို၏ ။ ခံသည့်အလှည့်၌ အလွယ်တကူ ခံနိုင်သော်လည်း တိုက်ရသည့်အခါတွင်မှ သူတို့နည်းပြဆရာကြီး ဓားချက်ထိသွားသည်ကို ကြည့်ရှုနေသူများက အံ့အားသင့်နေကြရာ
"ဟေ့ ငါ့လူတို့ ရပ်ကြည့်နေမယ့်အစား တပင်ရွှေထီးပင်တွေ ခူးပြီး ကြိတ်ပေးကြပါလားဟ"
ထိုအခါမှ သတိဝင်လာပြီး ဆေးပင်ရှာသူ၊ အဝတ်စ ယူသူတို့ အလုပ်ရှုပ်သွားကြ၏ ။ ဦးတွန်က သူ့ကို ခေါင်းညိတ်ပြပြီး တဲအိမ်လေးတစ်ခုဆီ ခေါ်ခဲ့သည်။
"နင်က အထူးတလည် လေ့ကျင့်ပေးရမယ့်သူတော့လည်း မဟုတ်ဘူး။ ဒါကို ငါတို့ စတွေ့ကတည်းက သိကြသားပဲ။ ဒါ့ကြောင့်လည်း ကိုအောင်ဇေယျက နင့်ကို ကွင်းတွေဘက် မလွှတ်ဘဲ စစ်ဆင် စစ်တက် လေ့လာခိုင်းတယ် ဖြစ်မယ်"
အနာ ဆေးထည့်နေရင်း
"သူကတော့ နင့်ကို အကြီးအကဲ အအုပ်အချုပ်မှာ ခန့်ဖို့ ရည်ရွယ်မှာပေါ့။ ဒါပေမယ့် ငါ့သဘောက အတိုက်အပြုမှာလည်း ကျင်လည်ထားမှ ပြည့်ဝတဲ့သူဖြစ်မယ် မြင်လို့.."
"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါတယ်"
"အေး၊ မောင့်မှာ လိုအပ်ချက်တွေ အများကြီး တွေ့နေရသေးတယ်။ ဉာဏ်ထက်တာ တစ်ခုနဲ့ အလုပ်မဖြစ်ဘူး။ သင်ကြား လေ့ကျင့်ထားရမှာ များသေးတယ်"
"ဒါလည်း ကျွန်တော် လက်ခံပါတယ်။ သင်ယူလိုပါတယ်"
"နင် ဘာတွေ အားနည်းသလဲ၊ လိုအပ်နေသလဲ ဆိုတာကိုရော သိသလား"
"သိမယ်လို့ ထင်ပါတယ် ဦးတွန်"
"ကောင်းတယ် ကောင်းတယ်။ အဲဒါကို အဓိက ဖြည့်ဆည်း လေ့ကျက်ပေါ့ကွာ။ ငါကတော့ ဘာမဆို ပြောပြ သင်ပေးဖို့ ဝန်မလေးပါဘူး။ သင်ချင်စိတ် ရှိဖို့ပဲ လိုတာ"
"သင်ချင်ပါတယ်ခင်ဗျ။ ကျွန်တော့်ကို လိုအပ်တာ မြင်သမျှ ပြောပြ သင်ကြားပေးဖို့ အပ်ပါတယ်"
"အိမ်း.. ကောင်းတယ် ကောင်းတယ်၊ ဒါပေမယ့် နည်းနည်းတော့ စပ်သကွ.. ရှီး"
"အားနာလိုက်တာ၊ ကျွန်တော် တောင်းပန်.."
"မလိုဘူး၊ မလိုဘူး။ ရတယ်.. ငါ ကျေနပ်တယ်။ ငါ့ကို ဒဏ်ရာ အနာတရ ရအောင် ဘယ်သူမှ မလုပ်နိုင်တာ ကြာပြီ။ ငါ့ကိုယ်ငါ ပြီးစီးနေတဲ့ လူလို့တောင် ထင်ယောင်လာတာကွ၊ နင်လုပ်မှ ငါလည်း ခုတ်ရင် ပြတ်ပါသေးကလားလို့ ပြန်သတိရလာတာ ကျေးဇူးတောင် တင်သေးဟေ့"
သူတို့ ပြုံးလိုက်ကြ၏ ။ ဦးတွန်ကပင်
"မနက်ဖြန်တော့ နင့်အလှည့်ပေါ့ကွာ။ ဖန်ရည်ဆေးရအောင် အရက်တို့ အုံဆေးတို့ ကြိုရှာထားပေတော့ ငစံ"
လက်ျာဘီလူးက ရယ်လိုက်သည်။
"ဟုတ်ကဲ့ပါ၊ ပိုပိုလိုလို ရှာထားလိုက်မယ်"
"အောင်မယ်၊ ကြည့်ကြသေးတာပေါ့ကွာ.. ဟားဟား"
သို့သော် နောက်တစ်နေ့တွင် အများ စောင့်မျှော်နေသော ပွဲမှာ ဖြစ်မလာခဲ့ပါ။ မိန်းမများ ကွင်းအနီး မယောင်မလည် ပြုနေကြစဉ် စစ်ကိုင်းဘက်မှ မှာယူထားသည့် မြင်းများစွာ ရောက်လာကြပြီး ရတနာပူရ နေပြည်တော်မှ မွန်များလည်း သစ္စာပေးရန် ချီတက်လာနေပြီဟူသော သတင်းစကား တစ်ပါတည်း ကြားကြရသည်။ ထို့ကြောင့် ရွာလူကြီး ဦးအောင်ဇေယျက စစ်သည်တော်များ မြင်းစီးကျင်လည်စေရန် အပြင်းအထန် လေ့ကျင့်ကြရမည်ဟု အမိန့်ထုတ်လိုက်သဖြင့် လက်ျာဘီလူးနှင့် ဦးတွန်မှာ တိုက်ဖော်တိုက်ဖက်များ အဖြစ်မှ မြင်းစီးလေ့ကျင့်ဖော် ဖြစ်သွားကြခြင်းကြောင့်တည်း။