မိုးက တဝုန်းဝုန်း ရွာနေ၏ ။ ဆောင်းနှင့် နွေတွင် ခြောက်သယောင်းခဲ့သမျှ တောတောင်၊ တောင်စောင်း၊ တောင်ကတုံးများမကျန် စိမ်းစို ပိပြားနေကြရပြီ။ လျှိုမြောင်ချောက်ချောင်းများကြား၌ တဝေါဝေါ ရေစီးသံကိုလည်း ကြားရသည်။
မိုးကောင်းလွန်းနေ၍ စစ်သည်များ ဆက်လက် မချီတက်နိုင်ဘဲ စခန်းချ ရပ်နားကာ မိုးခိုနေကြချိန်။ ဝါးစိမ်းများဖြင့် တည်ဆောက်ထား၍ မိုးကာဖျင်စများ မိုးထားသည့် တဲကြီးတစ်လုံးအတွင်းဝယ် စစ်ဦးစီး ဦးကောင်း၊ ဗိုလ်မှူး မင်းလှစည်သူဘွဲ့ခံ စည်သာမင်းကြီး နှင့် ဦးနှောင်း စသူတို့ စုဝေးနေကြလေသည်။ စစ်ရေးစစ်ရာများ တိုင်ပင် နှီးနှောနေကြခြင်းတော့ မဟုတ်၊ စစ်ဘုရင်ကစားပွဲ ကစားနေကြခြင်းသာ ဖြစ်သည်။
ဦးစွာ စည်သာမင်းကြီးနှင့် ဦးနှောင်းတို့ ကစားကြ၏ ။ ထို့နောက် အနိုင်ရရှိသည့် စည်သာမင်းကြီးနှင့် ဦးကောင်းတို့ စတင် စစ်ဆင်ကြချိန်တွင် တဲတံခါးဝမှ မိုးရေစက်လက်နှင့် လူတစ်ဦး ပေါ်လာသည်။ ထိုသူမှာ ရက်ထားသည့် မြက်ဖျာကို ကျောပေါ်မှ ဖယ်ရှားလိုက်ပြီး ရွှဲရွှဲစိုနေသည့် ခမောက်ကြီးကိုလည်း ချွတ်လိုက်ရာ ဦးကောင်းက မော့ကြည့်ရင်း
"ဘာထူးသလဲဟေ့ ရှင်ညိုသူ"
ဝင်လာသည့် လက်ျာဘီလူးက ရေစက်များကို သုတ်သင်လျက် အရိုအသေပြု ဦးညွှတ်ရှိခိုးလိုက်ပြီး
"ဘာမှ ထူးခြားမှု မရှိပါဘူး ဦးကောင်း၊ ရန်သူ့အရိပ်အယောင်လည်း မမြင်ရ၊ မွန်တို့သတင်းလည်း မကြားရ၊ အတန်ဝေးသေးသည့် လက္ခဏာသာ ရှိပါတယ်"
"သည်လိုဆိုရင်ဖြင့် တို့နဲ့ စစ်ဆိုင်ဖို့ သင်းတို့ ပြင်ဆင်ထားကြပုံ မရသေးဘူးကွဲ့။ ကြည့်ရသာ သင်းတို့ အောက်ပြည်အောက်ရွာ မုတ္တမနယ်များကို ရှမ်းတွေ ထိပါးလာပြန်ပြီ ထင်တယ်"
ဦးကောင်း၏ အမြင်ကို သူနှင့် စစ်ဘုရင် ကစားနေသော စည်သာမင်းကြီးကလည်း ထောက်ခံလေသည်။
"ကျုပ်လည်း သည်သို့ပဲ ထင်ပ ကိုကောင်းရဲ့။ သူရို့ စစ်နှစ်ဘက် ဆိုင်နေရချိန်မို့သာ ကျုပ်တို့ဘက် ခြေဦးလှည့်မလာသေးသည် ရှိရမယ်"
ဦးနှောင်းကတော့ ခေါင်းတညိတ်ညိတ်။ အတွေ့အကြုံများ၍ အမြော်အမြင် ကြီးကြသော ဗိုလ်မင်းကြီးနှစ်ပါး၏ အမြင်ကို ဝင်ရောက် ဆွေးနွေးရန် မသင့်ဟု ထင်ပုံရသည်။ လက်ျာဘီလူးက သူ သတင်းပို့ရန် ရှိသည်များကို ဆက်လက် ပြောဆိုကာ ဦးကောင်း မေးသမျှ ဖြေကြားပြီးနောက် ပြန်ထွက်သွားရန် လှည့်လိုက်စဉ် ဦးကောင်းက လှမ်းခေါ်သည်။
"လာဦး ငညိုသူ၊ သည်မှာ ထိုင်"
အချုပ် ဗိုလ်မှူးကြီးများ ကစားနေသည့် ဝိုင်းထဲသို့ သူလို တပ်မှူးကလေးအား ခေါ်လိုက်သည့်အတွက် မလှမ်းမကမ်းမှ လူအချို့က အကဲခတ် ကြည့်လိုက်ကြသော်လည်း ဗိုလ်မင်းသုံးဦးတို့ကတော့ မထူးခြားဟန်ဖြင့်သာ ရှိနေကြသည်။
"မင်းကြီးစည်းစိမ် သူ့ကို သိရဲ့မဟုတ်လား"
ဦးကောင်း အမေးကို ဗိုလ်မှူးမင်းလှစည်သူက
"သိပါ့ ကိုကောင်းရ၊ လက်ျာဘီလူး ဆိုတာ"
"ဟုတ်ပ.. ငနှောင်းကတော့ သိပြီးပါပြီ"
ဦးနှောင်း ခေါင်းညိတ်ပြသည်။ ကွမ်းငုံထား၍ စကားပြန်မပြောနိုင်။ သူက စည်သာမင်းကြီး၏ ကစားကွက်အပေါ် စိတ်ရောက်နေ၏ ။ သူ ရှုံးနိမ့်ခဲ့ရသည့် ကစားကွက် မဟုတ်ဘဲ ပုံစံတစ်မျိုး ပြောင်း၍ ခင်းကျင်းထားသဖြင့် စစ်ဘုရင်ခုံပေါ်တွင် အာရုံစူးစိုက် ကြည့်ရှုနေလေသည်။
လက်ျာဘီလူးက ဦးနှောင်းနှင့် မျက်နှာချင်းဆိုင် သစ်တုံးပေါ် ထိုင်လိုက်ပြီး ဆင်ရုပ်မြင်းရုပ်များကို ကြည့်နေသည်။ ဦးကောင်းက
"မင်း ကစားတတ်သလား"
"ကျွန်တော် ကြားဖူးရုံသာ ရှိပါတယ်။ ခုမှ အရုပ်တွေကို မြင်ဖူးတယ်။ သည်လေးထောင့်ကွက်တွေက စစ်မြေပြင်လား"
"အေးပေါ့၊ စစ်မြေပြင် သဘောပဲပေါ့။ မင်း ဘေးက ကြည့်နေလေ၊ တို့ ပွဲပြီးတော့ မင်းနဲ့ မောင်နှောင်း ကစားကြည့်စမ်း"
"ဟုတ်ကဲ့"
စစ်ဘုရင် အကွက်လေးများပေါ်တွင် မင်းလှစည်သူနှင့် မင်းလှမင်းခေါင်ကျော်တို့၏ ဆင်ရုပ်၊ မြင်းရုပ်၊ ရထားရုပ်ကလေးများ ပြေးလွှား သွားလာနေကြပုံမှာ လက်ျာဘီလူးအတွက် အထူးအဆန်း ဖြစ်နေလေသည်။ စစ်သည်တော်ကလေးများ၏ အစွမ်းနည်းပါးပုံနှင့် တစ်စုတစ်စည်းတည်း စုပေါင်း တိုက်စစ်ဆင်ကြပုံတို့ကိုမူ သဘောကျ မှတ်သားထားမိသည်။ အချို့ကို နားမလည်လှသော်လည်း ပွဲတစ်ဝက်ကျော်လာချိန်၌မူ အကျိုးရှိသည့် ကစားနည်းတစ်ခုဟု သူ သိမြင်လာခဲ့၏ ။
ထိုပွဲတွင် ဦးကောင်းက ခက်ခဲစွာ ကစား၍ အနိုင်ရသွားသည်။ လက်ျာဘီလူးလည်း ကစားနည်းကို အတန်ငယ် တီးခေါက်မိသွားပြီ။ ထို့ကြောင့် သူတို့နှစ်ဦးဘက်သို့ ခုံကို လှည့်ပေးလိုက်သောအခါ ဦးနှောင်း ပြင်ဆင်သည်ကို ခေတ္တအကဲခတ်ပြီးလျင် လက်ျာဘီလူးလည်း လိုက်ကာတစ်ဘက်တွင် သူ့အရုပ်ကလေးများကို စီထားလိုက်လေသည်။
လိုက်ကာကို ဖွင့်လိုက်သောအခါ ဦးနှောင်းနှင့် စည်သာမင်းကြီးတို့ အံ့သြသွားပြီး ဦးကောင်းကတော့ ရယ်နေ၏ ။
"မောင်ရင် အဲသလို စီလို့ ဘယ်ရမလဲ"
စည်သာမင်းကြီး အပြောကို လက်ျာဘီလူးက
"ဗျာ.. ဟုတ်လား၊ မရဘူးလား"
ဦးကောင်းက ဝင်ပြော၏ ။
"မရဘူးတော့ မဟုတ်၊ ရသာက ရသယ်။ သည်ကစားကွက်နဲ့ မောင်နှောင်းကို ဘယ်ယှဉ်နိုင်မလဲ။ တန်းရှုံးသွားမှာပ။ မင့် ရထားတွေက သုံးမှ မရဘဲ၊ အလကား ပျက်စီးကုန်ဖို့"
"ကျွန်တော် လူတွေနဲ့ ဆင်မြင်းတွေပဲ အားပြုပြီး တိုက်ရင်ရော"
ဦးကောင်း ကွမ်းယာနေရင်း တသောသော ရယ်သည်။
"ငါ သဘောပေါက်ပြီ.. သဘောပေါက်ပြီ။ မင်းက စစ်ဘုရင် ကစားသာကို တကယ် စစ်တိုက်သလို တွေးပြီး ပြင်ဆင်ထားသာကိုး။ မင်း နားလည်အောင် ငါပြောပြမယ်ကွဲ့"
ဦးကောင်းက ကွမ်းကို ပြီးအောင် ယာ၍ ပါးစောင်မှာ ငုံလိုက်ပြီးမှ
"သည်လို ငညိုသူရဲ့၊ သည်ကစားနည်းက တို့ မြန်မာ့ရိုးရာ မဟုတ်ဘူး။ စိနတိုင်းက လူတွေ စစ်ချီရင်း ဆောင်းခိုတော့ သည်ကစားနည်းကို ထွင်ပြီး ကစားကြသာတဲ့၊ အဲသာကို တို့က ကိုယ့်နည်းကိုယ့်ဟန် ရိုးရာဗျူဟာတွေနဲ့ နီးစပ်အောင် ပြုပြင် ယူထားသာပ။ သာ့ကြောင့် ဆင်မြင်း ရထား သုံးပုံတွေ မတူကြဘူး၊ တစ်ချက်"
"ဟုတ်ကဲ့"
"သာ့ပြင် တို့တွေ ကျက်မှတ်လေ့လာခဲ့ရတဲ့ ဗျူဟာကျမ်းဂန်တွေကိုက ရေမြေရပ်ခြားက မှီးရတော့ သူတို့ဆီမှာ ရထားသုံးကြပေမယ့် တို့မြန်မာက သုံးလေ့မရှိဘူး မဟုတ်လား"
"ဟုတ်ပါတယ်"
"ဒါ တစ်ထုံး။ မင်း ကြည့်စမ်း၊ သည်ကစားနည်းက အကွက်လေး ၆၄ ကွက်ထဲမှာ လှည့်ပတ်ကစားရသာ။ စစ်မြေပြင်က သည်လို တသမတ်တည်း မဟုတ်၊ မြေပုံ အနေအထားလိုက်ပြီး ဗျူဟာရွေး တိုက်ရသာ.. ဟုတ်ကဲ့လား။ မင်း စီပုံဟာ တကယ်တိုက်ရင်သာ ဟုတ်ချင်ဟုတ်မယ်၊ စစ်ဘုရင်ကစားကွက်မှာတော့ မကိုက်ဘူး ငညိုသူရဲ့"
"သြော်.. ဒါဖြင့်ရင် ကျွန်တော် အခု ပြန်ပြင်လို့ ရသေးလား"
ဦးကောင်းနှင့် စည်သာမင်းကြီးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အရုပ်များကို စီပြီးမှ ထိုသို့ ပြန်ပြင်ရလေ့ မရှိ။ သို့သော် ဦးနှောင်းက
"မောင် မသိလို့ ရထားတွေ အပြင်ထုတ် စီထားတာပဲ။ ပြန်စီပေါ့ မောင်"
"မစီနဲ့တော့ ငညိုသူ၊ မင်း ခုပြင်ထားတဲ့တိုင်း ထိုးကြည့်ပေါ့"
လက်ျာဘီလူး၏ အကွက်မှာ ဖရိုဖရဲ ဖြစ်နေသည်ဟု ထင်ရ၏ ။ ရထားများမှာ အလွယ်တကူ ကျတော့မည့်ဟန်၊ သို့သော် ရထားစောင့်လေးများနှင့် ခံနေ၍ ထင်သလောက်လည်း မလွယ်လှ။ ဦးနှောင်းက အလွယ်ရမည့် ရထားများကို အားစိုက် သိမ်းယူရန် ကြံနေစဉ် လက်ျာဘီလူး၏ စစ်သည်တော်ရုပ်လေးများကတော့ တရွေ့ရွေ့ တစုစု တက်လာကြသည်။
မကြာခင် လက်ျာဘီလူး၏ ရထားများကို ဦးနှောင်းက သိမ်းပိုက်လိုက်လေပြီ။ ရထားများ မရှိတော့သော်လည်း သူ့ဆင်များမှာ ထွက်မလာသေး၊ စစ်သည်ရုပ်လေးများလည်း ကျွံမလာ။ မြင်းများကတော့ ထွက်လာပြီး နှောင့်ယှက်စ ပြုပြီဖြစ်၏ ။ ဦးနှောင်းက ပွဲကို လျင်မြန်စွာ သိမ်းရန် ကြိုးစားသော်လည်း နယ်ရုပ်၊ ဆင်တို့ဖြင့် ထောက်လျက် မြင်းနှင့် လိုက်ခွေနေသော လက်ျာဘီလူး၏ ကစားဟန်ကြောင့် အခက်တွေ့လာသည်။
"သင်းက ရထားနဲ့ ရွေပြီး မြင်းနဲ့ ခွေတာမှ မဟုတ်ဘဲ။ ဆင်ရော မြင်းပါ တစ်တပ်လုံး ကပ်ထားပြီး လိုက်ခွေနေတာပဲဟ"
စည်သာမင်းကြီး ထအော်ရလောက်အောင်ပင် ဦးနှောင်း ကစားကွက်ပျက်ကာ အရုပ်များ ပြန့်ကျဲနေတော့၏ ။ ဦးနှောင်း၏ အရုပ်ကလေးများ တတိတိ ဝါးမြိုခံနေရပြီး တစ်ရုပ်ချင်း ကျနေ၏ ။ နှစ်ဘက် အကျများသော်လည်း ဦးနှောင်း၏ ဆင်နှင့် ရထားများမှာ မြင်းနှင့် ခဲကပ်စွာ လိုက်ခွေလှသော ဒဏ်ကို အလူးအလဲ ခံနေရသည်။
"မြင်းတယ်ကျွမ်းပါလား ငညိုသူ"
ဦးကောင်းက မှတ်ချက်ပြုရာ ဦးနှောင်းက
"မြင်းတင် မဟုတ်ဘူး၊ တပ်ကိုင်တာလည်း ပိုင်တယ်ဗျို့။ သူ့လူ စုစုကို ဝင်ဖြိုဖို့က အကျအဆုံး များမှာမို့ မနည်းတိုက်နေရတယ်။ စဉ်းစားပုံ ကောင်းပ"
"ဦးနှောင်း ကစားတာလည်း ကောင်းပါတယ်။ အဆုံးသတ်ရင် ကျွန်တော်ပဲ ရှုံးမှာ မြင်နေရတယ်"
"သို့ပေမယ့် မောင့်မြင်းတွေက ငနှောင်း နယ်ရုပ်တွေ ကျော်ပြီး မင်းနေရာကိုတောင် ဝင်ဝင်နှောက်နေတာ၊ ငနှောင်းမယ် ဆင်ရထား မကပ်နိုင်ဘဲ ဘုရင်တောင် ပြေးနေရပါ့ရော"
မင်းလှစည်သူ ဆိုလျင် လက်ျာဘီလူးက
"မြင်းတွေက ခြောက်ရုံ ခြောက်နိုင်တာပါ မင်းကြီး၊ သူ့မင်းခင်းကိုတော့ မဖျက်နိုင်ပါဘူး။ သူ့ဘက်က မြင်းတွေ ကျထားလို့သာ ကျွန်တော် ခုထိ သက်ဆိုးရှည်နေတာ"
"ဟုတ်သယ်၊ မြင်းချင်းပြန်လိုက်ရင် မောင် ဘယ်လွယ်မလဲ၊ ရှင်ညိုသူ ကံကောင်းသွားသယ်"
"နောက်တစ်ပွဲ ကျုပ်နဲ့ ကစားမလား"
စည်သာမင်းကြီးက ဖိတ်ခေါ်လာရာ လက်ျာဘီလူးက အရုပ်များကို အတန်ကြာ စိုက်ကြည့်နေပြီး
"ကျွန်တော် မကစားတတ်ပါဘူး။ မဆွက မင်းကြီးတို့ ကစားသွားပုံဟာ ကျွန်တော်မျိုး ဆယ်ရက်လောက် အပြင်းအထန် လေ့လာပြီးရင်တောင် မီဦးမှာ မဟုတ်ဘူး"
"မင်းရဲ့ တစ်ပွဲတိုး ကစားကွက်ကိုတော့ ငါ မှတ်ထားသယ် ရှင်ညို၊ တကယ် စစ်ဆင်တဲ့အခါ အလွန်လှတဲ့ ဗျူဟာမျိုး စီထားသာပဲ။ မြေပြင်မှာသာ သည်လို စိတ်ကြိုက် အကွက်ကျကျ ခင်းခွင့်ရရင် မင့်ကို နိုင်ဖို့ မလွယ်ဘူးဆိုသာ ငါ တွေ့လိုက်သယ်။ ဘယ်လောက် လက်ရုံးကောင်းကောင်း ဗျူဟာကောင်းရင် ယှဉ်ဖို့ မလွယ်ဘူး။ သတ်ကွင်းထဲ ဝင်မိသလို ဖြစ်တတ်သာ ငါ ကြုံဖူးပြီ။ မင်း စီထားသာကို မြင်တော့ ဟိုတုန်းက ငါ ခံခဲ့ရသာကို အမှတ်ရမိရဲ့။ ငနှောင်းတော့ ကျုံးသွင်းခံရတော့မယ်လို့တောင် ထင်မိသေး"
"ခု မခံရဘူးလား ကိုကောင်း"
"ဟုတ်သယ်၊ ငစံငယ်က ကျုံးသွင်းဖို့ ပြင်ထားပြီးမှ သူဆင်ထားတဲ့ ကစားကွက်ထဲကို ဆွဲထည့်မသွားဘဲ ရိုးရိုးပဲ ကစားသွားသာ။ ဒါတောင် သူ့မြင်းတွေ ဘယ်လောက် ရိုင်းလိုက်သလဲ မြင်ရဲ့မဟုတ်လား။ မြင်းကိုင်ကောင်းဖို့ဆိုတာ ကွက်ကျော်မြင်လွန်းမှ၊ သင်းက ဆယ်ကွက်လောက်ကို ကြိုကြည့်ပြီးမှ အကောင်းဆုံး တစ်ကွက်ကို တက်တာမျိုးပဲ။ သူက မြင်း တစ်ကြိမ်တက်ဖို့ အကွက်တစ်ရာလောက် ကြိုကြည့်ထားရတယ်ဆို မင်းတို့ ယုံကြမလား"
ဦးကောင်း စကားကို အခြားသူများနှင့်တကွ လက်ျာဘီလူးကိုယ်တိုင်ပင် အံ့သြသွားသည်။ သူ့ကိုယ်သူ ထိုမျှ စဉ်းစားခဲ့သည်ဟု မထင်၊ ခုန်မည့် မြင်းပတ်ပတ်လည်ရှိ ဖြစ်နိုင်ခြေများကို မြင်ယောင်ကြည့်ပြီး အဆင်ပြေမည်ကို ရွေးခဲ့ခြင်းသာ ဖြစ်၏ ။ စည်သာမင်းကြီးက ထပ်မေးလိုက်ပြန်သည်။
"သူဆင်တဲ့အကွက်ထဲ မောင်နှောင်း ကျသွားရင်ရော ဘယ်သူနိုင်ပါ့မလဲ"
"နိုင်သာကတော့ ငနှောင်းပဲ နိုင်မယ်။ ငညိုသူက ကစားမှ မကစားတတ်သာပဲ။ သို့ပေမယ့် ငနှောင်း ဆင်မြင်းဗိုလ်ခြေတော့ တဖြုတ်ဖြုတ် ကြွေကုန်မှာ အားရစရာကြီးပေါ့ကွာ"
ဟု ဆိုလျက် ရယ်လိုက်၏ ။
"စစ်မြေပြင်မှာသာ အဲသလို အခြွေခံရရင် သွေးပျက်သွားနိုင်လောက်တဲ့ ဗျူဟာကို သင်းက ကျုပ်တို့ ကစားနေစဉ်တည်းက မြင်ထားပုံ ရသယ်။ အရုပ်တွေ သူ့ဘက် ထိုးပေးလိုက်တာနဲ့ တဒေါက်ဒေါက် စီသွားတာ ဝါရင့် စစ်ဘုရင်သမားကြီးလိုပဲ။ အကွက်တွေတော့ မှားနေသာ သူမမြင်ဘူး.. ငါမြင်သယ်။ မင်းကြီးရော သူစီခဲ့ပုံကို မှတ်မိပါ့မလား"
စည်သာမင်းကြီးကို ပြန်မေးရာ
"ကျုပ်တော့ ရေးတေးတေးပဲ၊ မှားနေတာပဲ သိတယ်။ ပရိယာယ် ပြုထားတာကို မမြင်လိုက်မိဘူး"
"ကျွန်တော် ဘာပရိယာယ်မှ မပြုပါဘူး"
လက်ျာဘီလူးက ဝင်ပြောပြန်သည်။ ဦးနှောင်းသည် ခါးဆန့်လိုက်ရင်း
"ဘာပြုလို့ မပြုရမှာလဲ။ နင် မသုံးတတ်တဲ့ ရထားတွေ ထိုးကျွေးပြီး ငါ့လူတွေကို ဘေးကို ပထုတ်ပစ်၊ နောက် ပြန်စုစည်းမရအောင် လုပ်ထားတာပဲ။ ဦးကောင်းတို့ မင်းကြီးတို့ လက်စွမ်းကောင်းတွေနဲ့သာ ကစားလိုက်ချင်တယ်။ နင့်လို စိတ်ရှုပ်စိတ်ကြပ်အောင် သိပ်လုပ်တဲ့ ကောင်မျိုးနဲ့တော့ တစ်သက် မကစားချင်ဘူး"
ဦးနှောင်းအပြောမှာ မာန်ပါသဖြင့် ဗိုလ်မင်းကြီးတို့ ပြုံးလိုက်ကြသည်။ ပွဲက အနိုင်အရှုံး အဖြေပေါ်နေပြီ ဖြစ်၏ ။ လက်ျာဘီလူး၏ အစွမ်းထက်သော မြင်းများလည်း မရှိတော့၊ လူစုစုမှာလည်း တိုးမရတော့။ ဦးနှောင်းက သူ့မင်းနေရာကို စိုးမိုးထားလေပြီ။
"ကျွန်တော်လည်း သည်ကစားနည်းကို တယ် မကြိုက်လှပါဘူး။ စည်းစံနစ်တကျနဲ့ ဗျူဟာကျကျ ကစားရတာတော့ ကောင်းပါရဲ့၊ စွမ်းရည်တွေ သတ်မှတ်ထားတာလည်း သင့်တင့် ကောင်းမွန်ပါရဲ့၊ သို့ပေမယ့် ကျွန်တော်မျိုးနဲ့တော့ မကိုက်ညီဘူးလို့ ထင်မိပါတယ်။ မြင်းတွေနဲ့ ပတ်ခွေ မွှေနှောက် ထိုးဖောက်လို့ရတာ လှပေမင့် ကိုယ့်ဗျူဟာကို သူက မြင်နေရတာ ကျတော့လည်း ဘဝင်မကျချင်ဘူးခင်ဗျ"
သူ့စကားကို မင်းကြီးများက ပြုံးလိုက်ကြပြန်သည်။
"ဟဲ့ ငညိုသူ၊ ဉာဏပြိုင်ရာမှာ မြင်သာထင်သာရှိမှ ပွဲလှတော့မပေါ့။ နေရာတကာ သေနင်္ဂကို သုံးလို့မရသလို မကြာခဏ မာယာပြနေရင်လည်း ရန်သူက သတိပိုသွားတတ်တော့ အလုပ်အကိုင် မခက်လား။ နင်လည်း တိုက်ရိုးတိုက်စဉ်အတိုင်း တိုက်နေရသာပဲ။ ဘဝရှင်က အခုချက်ချင်း ဝင်သိမ်း ဆို တို့များမှာ ဘာဗျူဟာများ ချမှတ်နေချိန် ရလို့လဲ"
"မှန်ပါ၊ မင်းကြီးဦးကောင်း ဆိုသည်မှာလည်း မှန်လှပါတယ်။ ရှေ့ဓားကို ဓားမမှတ် တိုက်ကြရချိန်မှာတောင် အဆုတ် အတက်၊ အလိုက် အဝိုက်များမှာ ချက်တဖြုတ် ရုတ်ချည်း ဆုံးဖြတ်ပြီး ဆုတ်ဟန် ဖြုတ်ဟန် ပြုရင်၊ မလိုက် မမိုက် နေလိုက်ရင် ရန်သူ တွေဝေမှားယွင်းကြရတာလည်း တွေ့ဖူးတော့.."
"အိမ်း.. ဒါကတော့ ဒါပေါ့။ ခုဟာက နည်းစံနစ်နဲ့ ကစားရတာကွဲ့။ ရုတ်တရက် ဆုံးဖြတ်တာထက် အကွက်ကျကျ ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ရတာမျိုး။ မောင်လုပ်သလို အကွက်ဆန်းနဲ့ ရမ်းရတာ မဟုတ်။ သို့သော် ကျုပ်ကတော့ အဲလို အကွက်ဆန်းသမားနဲ့မှ ပိုကစားချင်တာ"
မင်းလှစည်သူက သူ့အား ပြုံးစေ့စေ့ကြည့်၍ ပြောသည်ကို လက်ျာဘီလူး တလေးတစား ဦးညွှတ်ပြလိုက်ပြီး
"ကဲ.. ကျွန်တော်လည်း ရှုံးနေပါပြီ။ မိုးလည်း နည်းနည်း စဲသွားပြီ။ ကျွန်တော့်လူတွေကို ဝါးခုတ်ခိုင်းထားတာ အတိုင်းအဆ မပြောခဲ့မိဘူး။ ပိုသွားရင် ဝါးတွေ အလဟဿ ဖြစ်ကုန်မှာမို့ သွားကြည့်ရပါဦးမယ်"
"ဟဲ့.. ဝါးတွေ ဘာလုပ်ဖို့လဲ၊ တပ်တည်ဖို့လား"
"ဟုတ်ကဲ့ခင်ဗျ"
"တပ်က တည်ထားပြီးသားကပဲ"
"အခု ထပ်ခုတ်တာတွေကတော့ လှည်းလုပ်ဖို့နဲ့ လက်နက်ကြီးတစ်ခု လုပ်မလို့ပါ။ ဝါးလုံးတွေ ထည့်ပစ်လို့ ရတဲ့ လက်နက်တစ်ခု လုပ်ကြည့်နေပါတယ်။ ပြီးရင် ရန်သူ့တပ်ကို ဝါးလုံးတွေ ချွန်ပြီး ပစ်မယ်။ မွန်တွေက မနိုင်ရင် တပ်ကို မီးတိုက် ပြေးတာ ဆိုတော့ ကျွန်တော်တို့က တပ်ပြန်တည်တဲ့အခါ ပစ်ခတ်ထားတဲ့ ဝါးလုံးတွေ ကောက်ပြီး ချက်ချင်း တည်နိုင်ရင် သူက ပြေးရင်း လူစုပြီး ပြန်တိုက်လာတဲ့အခါ ပိုခံနိုင်မယ် ထင်ပါတယ်။ ဝါးခုတ်တဲ့ နေရာကနေ တပ်လုပ်တဲ့ နေရာကိုလည်း ထမ်းရလွတ်အောင် လှည်းရယ်၊ လက်နက်နဲ့ ပစ်ပြီး သယ်မလို့ စဉ်းစားနေတာ"
"ဟေ"
ဗိုလ်မင်းကြီး သုံးဦးသား တစ်ဦးကို တစ်ဦး ကြည့်ရင်း ကျန်ခဲ့ကြသည်။ ဦးကောင်းက သူ့လက်ထဲ၌ ကိုင်ထားသော ဆေးနီသုတ်ထားသည့် မြင်းရုပ်ကလေးနှင့် မြင်းပေါ်မှ အရုပ်ဆိုးဆိုး စစ်သည်ပုံကို မမြင်ဖူးသလို မျက်မှောင်ကျုံ့ ကြည့်လိုက်ပြီး
"အင်း.. ငါတို့အရှင် ဘယ်လိုလူကို ရထားသာပါလိမ့်"
ဟု ရေရွတ်လိုက်သည်။ စည်သာမင်းကြီးက
"ညီတော် အလောင်းဘုရားလို လူကို ရထားတယ်လို့ ဆိုစမှတ် ပြုကြတာပဲ မဟုတ်လား ကိုကောင်းရဲ့"
ဟု ဆိုရာ ဦးနှောင်းကလည်း
"တော်သေးတာပေါ့၊ သည်လိုကောင်မျိုး ကျုပ်တို့ရန်သူ မဖြစ်လို့။ သင်းသာ ရန်သူ့ဘက် ပါသွားခဲ့ရင် လက်ျာပျံချီက တစ်မျိုး၊ လက်ျာဘီလူးက တစ်ဖုံနဲ့ ကျုပ်တို့တော့ သေတာကမှ စိတ်သက်သာဦးမဗျ"
ဟု ပြောလိုက်လေ၏ ။
Written by သင်္ခရာဇာ
End date: March 18, 2022