အယုဒ္ဓယမြို့ပြင်ပ တစ်နေရာ၊ အေးချမ်းဆိတ်ငြိမ်သော ကျောင်းသင်္ခမ်းကြီးတစ်ခုသို့ သွားရာ မြေညီလမ်းပေါ်ဝယ် ပုံသဏ္ဍာန် ဟန်ပန် ထူးခြားလှသူတစ်ဦး လမ်းလျှောက်လာနေသည်။
ထိုသူသည် ဗြဟ္မဏ ပုဏ္ဏားတို့ကဲ့သို့ အပေါ်ဖြူ အောက်ဖြူ ဆန်းကျယ်သည့် အဝတ်များ ဝတ်ဆင်ထားသည့်အပြင် ရွှေကြိုးကိုးကုံးပါ စလွယ်ကိုလည်း လွယ်ထားသေး၏ ။ ခေါင်း၌ မြေဇာမြက်၊ သပြေညွှန့်နီနီထွေးထွေးကလေးများ ထိုးစိုက်ထားသည်။ နှာရောင်ကောက်ကောက် မျက်လုံးစူးစူးနှင့် ညိုမွဲသော်လည်း စိုပြေသော အသားအရေမျိုး ရှိသည့် မဇ္စျိမတိုင်းသားတစ်ဦး။
သူသည် ကျောင်းသင်္ခမ်းဘက်သို့ ဦးတည်လျှောက်လှမ်းလာရာ ကျောင်းအောက်မှ ထွက်လာသော လူထွားကြီးတစ်ယောက်ကို မြင်လျင် ကြက်သီးတဖြန်းဖြန်း ထ၍ လန့်ထိတ်ခြင်း ကြီးစွာဖြစ်၏ ။
လူထွားကြီးသည် သူ့အား စူးစိုက်ကြည့်ရင်း ထွက်လာပြီး မပြောမဆိုနှင့် သစ်ပင်အုပ်အုပ်များ ရှိရာဘက်သို့ ထွက်သွားသည်။ သူကလည်း စိတ်ညှို့ငင် ခံလိုက်ရသလို ထိုလူကြီးနောက်မှ တိတ်တဆိတ် လိုက်သွားမိလေသည်။
အရိပ်အာဝါသ ကောင်းလှသည့် အပင်ကြီးတစ်ခုအောက် ရောက်သော် လူထွားကြီးက ရပ်စောင့်နေပြီး အရိပ်တွင်း ဝင်လာသည့် သတ်လတ်ပိုင်းအရွယ် ပုဏ္ဏားဟန်နှင့် ထူးခြားသူအား
"မောင်ရင် ဘယ်သူလဲ၊ ဒီကို ဘာအကြောင်းကြောင့် လာပါသလဲ"
ဗြဟ္မဏလူရွယ်က တရှိန်ရှိန် တလှပ်လှပ် ခံစားနေရရင်းမှ
"ကျွန်ုပ် ညီအစ်ကို ၅ ဖော်အား လာရှာပါတယ်"
"ငါက သင်ရှာနေတဲ့ သူတွေထဲက အကြီးဆုံး နောင်တော်ကြီးပဲ"
"နတ်ဘီလူးမင်း ဒီပလား ခင်ဗျာ"
"မှန်တယ် လုလင်၊ အသင်ကရော။ မြင်သည်နှင့် လူမဟုတ်မှန်း သိသာလှတယ်"
"ကျွန်ုပ်က နတ်ပဏ္ဍိတတစ်ဦးပါ"
"ဘာအကြောင်းကိစ္စ ရှိပါသလဲ"
"ကျွန်ုပ်ကဲ့သို့ တာဝန်ထမ်းဆောင်ရန် စေလွှတ်ခြင်း ခံရသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းလို၍ ရှာနေပါတယ်"
"သြ.. သင် ရှာနေတာ ငါတို့ညီထွေးပဲ။ ဒါပေမယ့် သင့်အလို ပြည့်မှာ မဟုတ်ဘူး။ ညီထွေး အကျဥ်းကျနေတယ်။ သင့်အနေနဲ့ ဝင်တွေ့ဖို့ မဖြစ်နိုင်ဘူး"
"ကျွန်ုပ် နားမလည်ဘူး။ သူ ပါရမီဖြည့်ရမယ့်သူက လွန်ခဲ့ပြီ မဟုတ်လား။ သည်သတင်းကြား၍ ကျွန်ုပ် သွားရောက်စုံစမ်းတော့ သူက ပြန်မရောက်သေးဘူး ဆိုတယ်။ ဘာကြောင့်လဲ"
"ငါတို့လည်း နားမလည်ပါဘူး၊ ဒါ ငါတို့အရာမဟုတ်။ သူ့တာဝန် မကုန်သေးလို့ ဖြစ်မှာပေါ့"
"ကျွန်ုပ်ကိုတော့ အတိအကျ မိန့်ကြားလိုက်တယ်။ ကျွန်ုပ်က အခုမှ သွားရမယ်၊ အမှုတော် ထမ်းရမယ့်သူဟာ ၁၈ နှစ်သား ရှိနေပြီတဲ့။ ကျွန်ုပ်အသက် ၁၉ မှာ အမှုတော်စထမ်းရမယ်။ ပြီးရင် မင်းသားနဲ့အတူ ပြန်ရမယ်။ ကျွန်ုပ်က ရက် ၂၀ စောလိမ့်မယ် ဆိုတာအထိ အတိအကျ ပြောလိုက်တာ"
"ကောင်းပါတယ်။ မင့်အရှင် ဘယ်သူတဲ့လဲ"
"မောင်ဝိုင်း"
"ကြားဖူးသလိုပဲ၊ သြော်.. ဗဒုံစား မင်းသားပဲ။ သူကရော ဘုန်းကံရှင်တဲ့လား၊ အခုတော့ ညှိုးမှိန်နေပါ့ရော"
၃၅ နှစ်ခန့် ရှိမည့် ပရောဟိတ်မျိုးနွယ်လူရွယ်က ပြုံးလိုက်သည်။
"ဘုန်းရှင်ပါပဲ။ သွားလေသူ ခမည်းတော်လောက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဘုရားဆုပန် ပါရမီရှင်ပါပဲ။ ကျွန်ုပ်သည်လည်း သာဝကဖြစ်ရန် ပါရမီအတူဖြည့်ခဲ့သူပါ"
ပြောရင်း လှဲထားသည့် ထန်းတုံးတစ်ခုပေါ် ထိုင်လိုက်သည်။ ဒီပကတော့ ထိုင်စရာ ကျောက်တုံး မမြင်၍ ရပ်နေဆဲ။
"တို့ညီထွေးရဲ့ အရှင်က နန်းသက် ၈ နှစ်တည်း။ မင့်သခင်ကရော ရွှေတောင် ဘယ်နှနှစ် တက်မယ်တဲ့လဲ"
"၃၇ မှာ ရွှေတောင်တက်မယ်၊ နောက်ထပ် နန်းသက် ၃၇ အရောက်မှာ လူ့ပြည်ငြီးပါလိမ့်မယ်"
"အားပါးပါး၊ အကြာကြီး အမှုထမ်းရမှာပါလား။ ငါတို့ကောင်တော့ ဘယ်လောက် ကြာဦးမယ် မသိဘူးဟေ့"
ဤတွင် နတ်ပုဏ္ဏားဆရာ၏ ပညာပိုးက ကြွလာ၏ ။ သူက ထရပ်လိုက်ပြီး ဟိုဟိုသည်သည် ကြည့်သည်။ ထို့နောက် ချဥ်ပေါင်ပင်လေးများ စိုက်ထားသည့် နေရာသို့ သွားကာ အရွက်တစ်ရွက်ကို မကြည့်ဘဲ ခူးလိုက်၏ ။ အင်္ကျီတွင်းမှ ငွေခရုသင်းကို ထုတ်ကာ ဘယ်မှ ညာသို့ ခပ်ငိုက်ငိုက် ဝှေ့ယမ်းလိုက်ရာ ရေစက်အနည်းငယ် ကျသွားသည်ကို တွေ့ရလေ၏ ။
"ဟိုမှာ အရွက် ၅ ရွက်ပါတဲ့ သရက်ကိုင်းတစ်ခုဟာ စိမ်းစိုလတ်ဆတ် ကြွေပြတ်ကျနေတယ်။ ဟောဒီ အချဥ်ရွက်မှာလည်း အခက် ၅ ခု ပါရှိသလို တတိယနိမိတ်ဖြစ်တဲ့ ငွေခရုသင်းက ရေစက် ၅ စက် ကျတာကြောင့် ကြာသပတေးနံ ပဥ္စသုံးကြိမ်ဖြစ်တဲ့ နောင်တော့်ညီထွေးဟာ နောင် ၅ နှစ်အထိ အမှုထမ်းရလိမ့်မယ်"
ဒီပ အံ့သြကာ နတ်ပုဏ္ဏား၏ ပညာကိုသဘောကျသွားသည်။
"တယ်ဟုတ်ပါလား၊ ကိုင်း.. ပြောစမ်း။ သူ ဘယ်နေ့ ဒီက လွတ်မလဲ"
"သူ့အမည်က ဘယ်သူတဲ့လဲ"
"ငစံ၊ ငညိုသူ လို့လည်း ခေါ်တယ်"
"အင်္ဂါသားပေါ့"
"မှန်တယ်"
လူရွယ်က တစ်နေရာသို့ ငေးကာ တစ်စုံတစ်ခုကို ရေရွတ်နေသည်။ ထို့နောက်
"တစ်ခုခု မှားနေတယ်။ သူက အင်္ဂါသား မဟုတ်ဘူး။ စနေပဲ"
"ဟာ.. မဟုတ်ပါဘူး။ အင်္ဂါပါ။ သူ့ကို မွေးတဲ့အမိက အမည်ပေးတဲ့ ဘုန်းကြီးကို လျှောက်တာ အင်္ဂါသား တဲ့"
"ဒါ့ကြောင့် တော်တတ်ထက်မြက်စေချင်လို့ ငစံ လို့ ပေးလိုက်တယ် ထင်တယ်။ အဲဒီမှာ မှားသွားတာပဲ။ သူက အင်္ဂါသား မဟုတ်ဘူး။ ဒါ့ကြောင့် အမြဲလွဲနေတယ်။ အခု သူ ကျန်းကျန်းမာမာ ရှိပါရဲ့လား"
"မရှိဘူး၊ မထနိုင်လို့ ငါ့ညီတစ်ဦး နေ့ည စောင့်နေရတယ်"
"အဲဒါ လွဲနေတာပေါ့။ တြိရန်းကို ကောက်ရင် ကျန်းမာရွှင်လန်းနေရမယ့် အခါပဲ။
အင်္ဂါဂြိုဟ်ရဲ့ ပဥ္စပွတ် စနေမှာ ကျနေမှသာ အသက်အန္တရာယ် ရှိမှာ"
"ဒါတော့ မှန်တယ်။ သူ့ကို အစွမ်းထက် အစီအရင် ယတြာတွေနဲ့ လုပ်ကြံမယ့်သူ ရှိနေတယ်"
လူရွယ်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ တွေ့စက ကဲ့သို့ ဒီပအပေါ် ကြောက်ရွံ့နေခြင်း မရှိတော့။
"မပူနဲ့၊ ၅ နှစ်အတွင်း မည်သည့်လက်နက် အကြောင်းနဲ့မှ သူ မသေနိုင်ဘူး။ သူ့နေ့နံရော၊ အဲဒါကို အမှတ်မှားပြီး လုပ်နေတဲ့ အစီအရင်ရောက လွဲနေတာပဲ။ စနေကို အင်္ဂါယူထားကတည်းက လွဲသွားပြီ"
"အဲဒါကြောင့် သူအမြဲ အထင်လွဲခံနေရတာလား။ မထင်ပေါ်ရတာလား။ ညံ့နေတာလား"
"အလုံးစုံ မကောင်းတာတော့ မဟုတ်ပါဘူး။ ကောင်းတာာတွေလည်း ရှိမှာပါ။ မပေးသင့်တာ ပေးထားလို့ မလုပ်သင့်တာ လုပ်မိနေတတ်ပေမယ့် အပြစ်သင့်ဖို့ လွဲတာမျိုး၊ လက်နက်လေးမြား လွဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်"
သူ့စကားက တမင် နှစ်သိမ့်ပြောနေဟန် ပေါက်သလို ရွဲ့သလို ထေ့သလိုလည်း ဖြစ်နေသောကြောင့် ဒီပ စိတ်ခုသွားသည်။
"အေး.. မင့်အမည် ကျမှ ဒီလို မပေးသင့်တဲ့အမည် ပေးမိနေဦးမယ်၊ သေချာလည်း တွက်ချက်သွားဦး"
"ကျွန်တော်ကမှ တကယ် အင်္ဂါနေ့ လူ့ပြည်ရောက်ရမှာဗျ"
"ဒါဆို စနေနာမည် မှည့်ဖြစ်အောင် လုပ်ပေးရမှာပေါ့ကွာ"
"ဟာ"
ဒီပ ညစ်လေပြီ။ ဗြဟ္မဏမှာ မျက်နှာပျက်ကာ စကားမဆိုတော့သဖြင့် ဒီပက
"ညီထွေးကတော့ တိုင်းပြည်ထူထောင်ဖို့ စေလွှတ်ခံရတာပဲ။ အသင်ကရော"
"ကျွန်ုပ်တာဝန်က အဲသည်ပြည်ကြီး အဓွန့်ရှည်စေရန်အပြင် အချိန်မတန်မီ မဆိတ်သုဥ်းစေရန် မင်းသားနှင့် ပေါင်းလျက် ကာကွယ်ရမှာ ဖြစ်ပါတယ်"
"ဟုတ်လား၊ သူတို့သိုက်စာအရတော့ မုဆိုးမင်းဆက် တစ်ဆယ့်ငါးဆက်အထိ တည်မယ်ဆို"
နတ်ယောက်ျားက ခေါင်းရမ်းကာ
"အခု အမြင်အရတော့ ၁၅ ဆက်ထိ မရှည်နိုင်လောက်တော့ဘူး။ သိုက်စာပျက်ကြောင်းတရားတွေ ဖြစ်နေပြီ။ ဖျက်ဆီးမယ့် တိုင်းတစ်ပါးခြားသားတွေလည်း အလုံးအရင်းနဲ့ ဝင်ရောက်လာနေကြပြီ။ ကျွန်ုပ်သွားပြီး ဟန့်တားနိုင်ရင် ဆယ်ဆက်လောက်တော့ ခံဦးမယ်"
"ဘယ်လိုဟန့်တားရမှာလဲ"
"ပြည်ဖျက်မယ့်သူတွေက ပရိယာယ် အကြံအစည်နဲ့ သားရေတစ်ချပ်စာ နေရာ တောင်းလာရင် ကျွန်ုပ်ပညာစွမ်းနဲ့ ချေဖျက်နိုင်က သူတို့ ပြန်သွားလိမ့်ရမယ်။ ဆိုတဲ့အရေးကို မင်းသားက ပေးမိရင် မကြာခင် တိုင်းပြည်ပြိုကွဲပါလိမ့်မယ်"
ဒီပ ဒေါသထွက်သွားသည်။
"ဒါဆို ညီထွေးတို့ ကြိုးစားခဲ့ရသမျှ အလကားပဲပေါ့"
"မဖြစ်လောက်ပါဘူး၊ နောက် ၃ နှစ်ကြာရင် ပုဂံပြည်ကြီး ပျက်ကိန်းနဲ့ ကြုံဦးမှာ။ အစက ကျွန်ုပ်တွေးနေတာက ကျွန်ုပ်လူလားမမြောက်မီ ကိန်းခန်းပျက်ခဲ့ရင် သွားရတာ အလကားဖြစ်တော့မှာပဲ လို့။ အခုမှ သဘောပေါက်တော့တယ်"
"ဘာကိုလဲ လုလင်"
"ပြည်ကြီးပျက်ကိန်း ကြုံပေမယ့် ပြည်ထောင်ဘက်ကြီးတွေ ရှိနေသေးတယ်လေ။ နောင်တော်တို့ ညီထွေး မပြန်ရသေးတာဟာ သည်အရေးအတွက်ပါလား လို့ ဆက်စပ် စဥ်းစားမိပါတယ်"
"အို.. အသင်ဟာ တကယ် ပညာရှိသူပါလား။ ငါ နားလည်ပြီ။ ဒါ့ကြောင့် ဒီလောက် ဒဏ်ရာပြင်းပေမယ့် ညီထွေးမပြန်နိုင် ဖြစ်ကျန်ရပေတာကိုး"
"ပျူနိုင်ငံ ပျူဂါရာမ နိုင်ငံကြီးတွေ အဆက်ပြတ်သွားပေမယ့် သူတို့ကို ပြန်ဆက်ထားတဲ့ ကုန်းဘောင်နိုင်ငံကြီးမှာတော့ ကာကွယ်မယ့်သူတွေနဲ့ ဆက်တည်ဦးမယ့်သူတွေ လူ့ပြည်မှာ ကျန်နေသေးတာပဲ။ ဘယ်လောက်ကြီးတဲ့ အရေးဖြစ်စေ သူတို့ ကျော်လွှားနိုင်မှာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်ုပ်အရှင်က မင်းပါးစိုးငယ် ဘုရင်ခံနယ်စား မဟုတ်တဲ့ ဧကရာဇ်မင်း ဖြစ်မှာမို့ပဲ"
ပြောရင်း ရုတ်တရက် ပုဏ္ဏားလုလင် ထိတ်လန့်ခြင်းပြင်းစွာ ဖြစ်ရပြန်၏ ။ ဒီပကို လိုက်ရှာကြသော ညီများက သူတို့ဘက်သို့ လာနေကြသည်။
"နောင်တော်ရေ.. ဆေးတွေရခဲ့ပြီဟေ့၊ စံနက်ကျော်ကို ထိုးနှံပေးဖို့ပဲ ကျန်တော့တယ်"
'ကျွန်ုပ်သွားတော့မယ်' ဆိုကာ ပျောက်ကွယ်သွားသော လုလင်ကို ကြည့်၍ ဗျဂ္ဂက မေးသည်။
"အဲဒါ ဘယ်သူလဲ ဒီပ"
"ငါလည်း မသိ၊ မမေးလိုက်မိဘူး။ တို့ ညီထွေးလို ကောင်တစ်ကောင်ပဲ"
"သြော်"
ဗျဂ္ဂ နားမလည်ဘဲ သြော်သွားသည်။
"ဆရာတော်ထံ အပ်ခဲ့ကြပြီလား။ ဘယ်တော့ ထိုးပေးမယ် ပြောလဲ"
"သည်ညပဲ ဝင်မယ်တဲ့ဗျ"
"ဝင်မယ်... တဲ့။ ဟုတ်တယ်.. ဝင်ကြမယ်။ ငါတို့ သည်ညပဲ ဝင်လိုက်ကြတာပေါ့"
ဟု ဒီပက ဆိုသည်။ တိုင်းပြည်တာဝန် ထမ်းဦးမည့်သူအတွက် ကိုယ်လုံနိုင်သမျှ လုံလေ ကောင်းလေပင် မဟုတ်ပါလား။
Written by သင်္ခရာဇာ
End date: March 21, 2022