ငကံက နားမလည်။ ပြန်မေးနေသည်။
"ဘယ်ဟာလဲ၊ ဟိုလူလား။ ဒီပ ဆိုတဲ့ လူကြီးကို ပြောတာလား"
"အေး.. အဲဒါကြီးက လူမဟုတ်ဘူး အေး။ သူတို့ ၃ ယောက် ရပ်နေတာ အရိပ် ၂ ခုပဲ တွေ့တယ်ရော"
ငကံ ဇဝေဇဝါ ဖြစ်သွားသည်။
"ဒါဆို တောခြောက်တာလား။ ကျုပ်တို့ ၂ ညလုံး တောခြောက်ခံခဲ့ရတာလား။ အဲဒါက ဘာကောင်လဲ"
"ငါမသိဘူးအေး၊ ငါ သူတို့ကို စိတ်ပူတယ်။ မင်း ထပ်လိုက်သွားရင်လည်း ပိုဆိုးမှာ ပူရတယ်ကော။ ငါလည်း မကြုံဖူးဘူး.. ဒါပေမယ့်"
အဘဖုန် တွေးရင်း ငြိမ်သက်သွားသည်။ မောသွား၍လည်း ဖြစ်မည်။ ရုတ်ချည်း အမောဖောက်ခဲ့သော သူ့ကိုယ်သူလည်း ဝေခွဲမရ။ ရာသီဥတု အေး၍ လေဝင်သွားခြင်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ဒီပသည် သူ့ကို...။
ကြီးမောင်ကတော့ အခြေနေကို အစအဆုံး ပြန်မေးနေသည်။ ငကံက သိသလောက် တစ်စွန်းတစ်စ ပြန်ရှင်းပြရ၏ ။ သူမလိုက်ရသဖြင့် တောက်တတောက်ခေါက် ဖြစ်နေသော ကြီးမောင်ကို ငကံက မကြည့်တော့ဘဲ အဘဖုန် နွေးထွေးစေရန်သာ မီးပုံနား နေရာရွှေ့ပေးပြီး အဝတ်များနှင့် ထွေးထား၏ ။ ရေနွေးကြို၍ တိုက်၏ ။
ငလွန်းတို့သည် တောတွင်းသားကြီး ဒီပနောက်သို့ မနည်းမီအောင် လိုက်နေရသည်။ နာဂသမန်းပင် ဒီပ၏ ခြေလှမ်းကြဲကြီးများကို ထပ်တူလိုက်မနင်းနိုင်။ သူက ဒူးလေးကို ထုတ်ကိုင်ထားပြီး မြားတံတစ်ချောင်းကိုပါ ဒူးလေးနှင့် ကပ်လျက် အောက်စိုက်ထား၏ ။ လေးညို့ကိုတော့ မငင်သေး။ ငလွန်းကလည်း လှံရိုးကို တင်းတင်းဆုပ်လျက် အသွားဖြင့် မြေကိုထောက်ကာ လျှောက်နေသည်။
သူတို့သွားနေသည့် ဘက်မှာ ခြောက်သွေ့နေသော အပင်ငယ်များသာ ကြီးစိုးရာ ဖုန်းဆိုးတောင်ယာမြေများ ဖြစ်၍ အရွက်ကင်းမဲ့သော သစ်ပင်များက ကျိုးတိုးကျဲတဲ။ တောင်များက မကြီးမသေး၊ တဖြည်းဖြည်းနှင့် ကျောက်တုံးကျောက်သားများ ထူထပ်လာပြီး အလွန်ကြီးမားသည့် ကျောက်လုံးကြီးများကို တွေ့လာရသည်။
နောက်ဆုံးတောင်အား အတက်၌ တစ်ဖက်မှ ရေစီးသံကို ကြားရ၏ ။ သူတို့ တစ်နေ့လုံး ရှာခဲ့သည်က တောင်ဘက်၊ ယခု သွားနေသည်မှာ အရှေ့မြောက်ဘက်မို့ ဆန့်ကျင်ဘက် ဖြစ်နေသည်။ တောင်ကုန်းကို ကျော်လျင် အဝေး၌ မညီမညာ ဖုထစ်သော တောင်တစ်လုံးကို လရောင်ဖြင့် မှောင်ဝါးဝါး မြင်နေရပြီ။ ဘီလူးတောင်ဖြစ်မည်ဟု သူတို့ နားလည်လိုက်ကြသည်။
တောင်ခြေဝယ် တောအုပ်ငယ်တစ်ခုရှိပြီး စမ်းရေစီးသံက ထိုအထဲမှ ထွက်ပေါ်နေ၏ ။ ဒီပကို မီရန် သူတို့ ပြေးဆင်းသွားကြပြီး နာဂသမန်းက မေးလိုက်သည်။
"ဟိုရှေ့က ဘီလူးတောင်လား"
"ဟုတ်တယ်"
လူကြီးက လှည့်မကြည့်။ ဆက်သွားနေ၏ ။
"ကျုပ်တို့ကို ဘာပြမှာလဲ"
ထိုအခါမှ ကြီးမားသည့် ကျောပြင်ကြီးက လှည့်လာသည်။
"မင်းတို့က ဘာလာရှာကြတာလဲ"
"ကျုပ်တို့ တပ်မှူး တစ်ယောက်ကို"
"တရုတ်စစ်ထဲမှာ သေသွားတဲ့ တပ်မှူးလား"
"ဟုတ်တယ်၊ ခင်ဗျား သိလို့လား"
"သိတယ်။ သူ သေသွားတာ ကြာပြီ"
ငလွန်းတို့ အံ့သြခြင်းနှင့်အတူ စိတ်ပျက်သွားကြသည်။ သို့သော် သိချင်စိတ်က ပိုများနေသဖြင့် တစ်ဖက်တစ်ချက်မှ အမီပြေးလိုက်သွားကြပြီး
"သူ ဘယ်လို သေသွားတာလဲ၊ သူသေတာ ဘယ်လိုသိလဲ"
"ပေါင်မှာ လှံစူးတဲ့ ဒဏ်ရာကြီးနဲ့၊ ရင်နဲ့ ကျောမှာ ဓားဒဏ်ရာ နှစ်ချက်နဲ့။ မြား ၂ ချောင်းလည်း စိုက်နေသေးတယ်။ ရေထဲ မျောလာပြီး ငါ့လက်ထဲမှာ သေသွားတယ်"
"ဟာ..."
တပ်မှူး၏ အဖြစ်ဆိုးကို ကြားလိုက်ရ၍ နာဂသမန်း စိတ်မကောင်းစွာ 'ဟာ' တစ်လုံးသာ ထွက်နိုင်ပြီး ခြေလှမ်းများ ချက်ချင်း နှေးကွေးကျန်ရစ်၏ ။ ငလွန်းကမူ
"ခင်ဗျား တွေ့ရက်နဲ့ မကယ်ဘူးလား၊ ဘာမှ မလုပ်ဘူးလားဗျ"
"ကယ်လို့ မရတော့ဘူး။ သူ အသက်ငင်နေပြီ။ နောက်ဆုံးအချိန်မှာ သူ့ကို လာခေါ်တဲ့ ငါ့ကို မြင်သွားပြီးတာနဲ့ စိတ်ချလက်ချ တစ်ခါတည်း အသက်ထွက်သွားတာပဲ"
ငလွန်းသည်လည်း ထိုနေရာ၌ ရပ်ကျန်ခဲ့သဖြင့် ဆက်လျှောက်သွားသော မုဆိုးကြီးက တောစပ်မှ
"လာလေ.. မင်းတို့ တပ်မှူး ကျဆုံးရာ နေရာကို မြင်ချင်သပဆို"
ပြောပြောဆိုဆို တောအုပ်လေးထဲ ဝင်သွားရာ သူတို့ နှေးကွေးလေးလံစွာ လိုက်သွားကြသည်။
လူကြီးက ချောင်းစပ် သဲပြင်ပေါ်ရှိ တစ်တုံးတည်းသော ကျောက်တုံးကြီးပေါ်တွင် ထိုင်နေပြီး သူတို့အား သဲသောင်ပြင်သို့ ညွှန်ပြလျက်
"အဲဒီနေရာမှာ မင်းတို့တပ်မှူး လူ့ပြည်က ထွက်ခွာသွားတယ်။ ငါတို့ရောက်တော့ ချောင်းထဲမှာ မျောလာတဲ့ လက်ျာဘီလူးကို ငါပဲ ဆွဲတင်လာတာ"
သူ့စကားကို ငေးကြောင်ကြည့်နေကြသည်။
"ငါလည်း စကားမပြောရတာ ကြာပြီ။ မင်းတို့ သိအောင် ပြောပြမယ်။ မင်းတို့ တပ်မှူးဟာ ငါ့ညီပဲ"
မထင်မှတ်သော စကားကြောင့် ငလွန်းတို့ မင်သက်သွားရ၏ ။ ရုပ်ရည်၊ ပုံသဏ္ဍာန် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသူက လက်ျာဘီလူးနှင့် ညီအစ်ကို တော်စပ်သည် ဆိုခြင်းမှာ ဖြစ်နိုင်စရာ မရှိ။
"မထင်ဘူး မဟုတ်လား။ အေး၊ သူက ငါတို့ ညီထွေး။ တို့ ညီအစ်ကိုတွေထဲမှာ အနူးညံ့ဆုံးနဲ့ စိတ်နှလုံး အကောင်းဆုံးသူမို့ မင်းတို့ တပ်မှူး ဖြစ်လာတာ"
"မင်းတို့က သူ့ကို ပြန်လိုချင်သလို ငါတို့လည်း ညီထွေးကို ပြန်လိုချင်တာပဲ။ ဒါပေမယ့် သူက ထွက်သွားပြီးကတည်းက သူ့အားသူ ကိုးတယ်။ ဘယ်လောက် အကြပ်အတည်း တွေ့နေနေ ငါတို့ကို တစ်ချက် မ တ ဘူး။ သူ့အစွမ်းအစနဲ့ပဲ ရအောင်လုပ်တယ်။ ဒါ့ကြောင့် မင်းတို့ လေးစားကြသလို ငါတို့တွေကလည်း သူ့ကို လေးစားကြတယ်"
ငလွန်းတို့ နှုတ်ဆွံ့နေကြသည်။ ငလွန်းက သောင်ပြင်၌ ထိုင်ချလိုက်ပြီး နာဂသမန်းကတော့ သူ့နောက်မှာ ဒူးလေးကိုင်လျက် ရပ်နေ၏ ။
"ဒါဆို သူ့ကို ဘယ်မှာ မြှပ်ထားသလဲ၊ သူဘယ်မှာ ရှိလဲ"
"ဒါတော့ ငါမပြောနိုင်ဘူး။ ပြောနိုင်တာက သူ မင်းတို့ဆီက ထွက်သွားပြီ။ ဘယ်တော့မှ ပြန်မလာတော့ဘူး"
"ထွက်သွားပြီ ဆိုတာက..."
"ငါတို့ ပြန်ခေါ်သွားတာ။ ခမည်းတော်ဆီ ရောက်သွားပြီ။ သူ့မြင်းလည်း သူ့ဆီ ရောက်နေပြီ။ သူ့အတွက် ပူစရာ မရှိတော့ဘူး။ ဒါ့ကြောင့် မင်းတို့ ပြန်ကြတော့"
လူကြီးက ရုတ်ခြည်း နှင်နေသဖြင့် နာဂသမန်းမှ ဝင်၍
"ငါတို့က သူ့မမြင်ရဘဲ ဘယ်ပြန်မလဲ"
"မပြန်လည်း ဒီတောကြမ်းထဲမှာ သေတဲ့အထိ နေကြပေါ့။ မင်း လက်နက်ကြီး ချထားလိုက်စမ်းပါ။ ငါက အဲဒီ ဒူးလေးလောက်ကို ကြောက်မယ် ထင်နေလား"
"ဒါပေမယ့် နင်က အန္တရာယ် မပြုဘူးလို့ ဘယ်ပြောနိုင်မလဲ"
"ငါ ရန်ပြုချင်ရင် မင်းတို့ ဒီတောထဲတောင် မဝင်နိုင်ဘူး။ မင့်လက်နက်လောက်နဲ့လည်း ငါ့ကို ထိရောက်မှာ မဟုတ်ဘူး လူငယ်လေး။ မင်းက မာန်မာန တက်လွန်းတယ်။ ဘာကောင်မှ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတယ်။ ဒီမှာကြည့်"
လူကြီးက ကျောက်ခဲတစ်လုံးကို ကောက်ယူ၍ ဆုပ်နယ် ချေမွလိုက်သည်။
"မင်းတို့ တပ်မှူးကရော လက်နက်အားကိုးနဲ့ တိုက်တတ်တဲ့ သူလား၊ လက်ရုံးရည်ကြောင့် ထင်ရှားတဲ့သူလား"
"အဲ.."
နာဂသမန်းအပြင် ငလွန်းလည်း မဖြေတတ်၊ သူပြောသလို မဟုတ်မှန်းတော့ သိနေသည်။
"သူ့ကို ငါတို့က မကျော်ကြားစေအောင် ဖုံးဖိပေးထားခဲ့ကြတယ်။ ဒါပေမယ့် သူ့အစွမ်းအစကြောင့် လူတွေ ပါးစပ်ဖျားမှာ လက်ျာဘီလူး လို့ တစ်ဆင့်စကားနဲ့ ပြောလာကြတယ်။ သူ့ကို သဘောကျသူတွေ ရင်ထဲမှာ သူရဲကောင်းပီသသူအဖြစ် မှတ်ထင်လာကြတယ်။ ဒါကိုတော့ ငါတို့ မတတ်နိုင်ဘူး။ ပြောပါဦး.. လက်ျာဘီလူး ဆိုတာ လက်ရုံးအားကိုးပြီး စစ်ပွဲတွေနဲ့ လူတွေ စိတ်နှလုံးကို သိမ်းပိုက်တတ်သူ တစ်ယောက်လား"
"ငါ.. ငါ မပြောတတ်ဘူး"
"မဟုတ်ဘူးကွ.. မဟုတ်ဘူး"
လူကြီးက ကြုံးအော်လိုက်သဖြင့် နာဂသမန်း ထိတ်လန့်သွား၏ ။ ကောင်းကင်ဝယ် လျှပ်တစ်ချက် ပြက်သွားသည်။ လူကြီး မျက်လုံးများက နူးညံ့မယောင် ရှိသော်လည်း အငွေ့ချောင်းချောင်း ထွက်လာသည်သို့ ရှိနေပြန်သည်။
"ငါ့ညီ လက်ျာဘီလူးဟာ နှလုံးသားနဲ့ စစ်တိုက်တဲ့သူ၊ မေတ္တာတရားနဲ့ လူသားတွေကို ဆက်ဆံတတ်သူ၊ အရာရာကို စေတနာအပြည့် ထားလွန်းသူ၊ အနစ်နာ ခံလွန်းသူကွ။ မင်းတို့ မသိပေမယ့် ငါတို့ သိတယ်။ သူ့အတွက် ငါတို့ ရင်နာရတယ်၊ ဂုဏ်ယူရတယ်၊ ဝမ်းမြောက်ရတယ်၊ ကျေနပ်ရတယ်။ နောက်ဆုံး မင်းတို့နဲ့ မတန်တော့လို့ ငါတို့ ပြန်ခေါ်သွားရတာ"
လူကြီးက မိုးခြုန်းသံမျိုးနှင့် အော်ဟစ်ပြောဆိုနေသည်။ သူ့အသံကို ငကံတို့ အဘဖုန်တို့ဆီမှပင် မပီမသ ကြားနေရ၏ ။ ပြောလိုက်ရ၍ ကျေနပ်သွားဟန် တူသော လူကြီးက လေသံကို လျှော့ချလိုက်ပြီး
"မင်းတို့ရဲ့ စိတ်နှလုံးထဲမှာ အခုချိန်ထိ စွဲမြဲနေအောင် လက်နက်နဲ့၊ လက်ရုံးအားကိုးနဲ့ လုပ်သွားတာ မဟုတ်ဘူးလို့ ငါ ပြောချင်တာ။ သူက မင်းတို့ ငါတို့ စိတ်ကို နှလုံးသားနဲ့ တိုက်ယူ သိမ်းပိုက်သွားခဲ့တာ နားလည်လား။ မင်းလက်နက်ကို ချထားလိုက်၊ ငါဆက်ပြောမယ်"
နာဂသမန်း လက်ထဲမှ ဒူးလေး လျှောကျသွားသည်။ ငလွန်းကတော့ လူကြီးကိုသာ မမှိတ်မသုံ ငေးကြည့်နေသည်။
"မင်း အဲဒါကို နားလည်မှ မင်းတို့ တပ်မှူးလို ဖြစ်မယ်။ လူတွေကို လက်နက်နဲ့ ထိန်းချုပ်လို့ပဲ ရမယ်၊ နှလုံးသားနဲ့မှ သိမ်းပိုက်လို့ရတယ် ဆိုတာ သူက ပြသွားခဲ့ပြီမဟုတ်လား။ အေးလေ၊ မင်း နားမလည်ပါဘူး။ မင်းက လက်ရုံးအားကိုးပဲ။ ဘာမှ ဖြစ်လာမှာ မဟုတ်တာ မြင်နေရတာပဲ။ ဒီတော့..."
ငလွန်းကို တစ်ချက်စိုက်ကြည့်သည်။
"မင်းတို့ကို အသိပေးချင်တာက ညီထွေးဟာ ဘယ်တော့မှ ပြန်မလာတော့ဘူး။ သူ လိုအပ်တာထက် ပိုပြီး မင်းတို့ကို အသိတွေ ပေးခဲ့ပြီးပြီ။ မင်းတို့ မသိတာ မင်းတို့ကံပဲ။ အခု သူ့ကို လာရှာတဲ့ သူတွေထဲမှာ မင်းက ရဲဘော်ရဲဘက် ပီသတယ်။ ချစ်ခင်တတ်တဲ့ နှလုံးသား ရှိတယ်။ ဟိုတစ်ယောက်က ရဲရင့်တယ်။ တုန်လှုပ်ခြင်းကင်းတဲ့ နှလုံး ရှိတယ်။ ဒါ့ကြောင့် မင်းတို့ နှစ်ဦးကိုပဲ ခေါ်ပြီး အသိပေးတာ"
ငလွန်း တစ်ခုခု ပြောရန် ပြင်သည်။ မပြောလိုက်ရ။
"ဒီနေရာက ငါ့စားကျက်။ မင်းတို့မှ မဟုတ်ဘူး၊ ဘယ်သူမှ ကြာရှည် မနေနိုင်ဘူး။ ဒါ့ကြောင့် မင်းတို့ မနက် ပြန်ရမယ်။ မင်းတို့ တပ်မှူး မရှိတော့တာ ငါ ပြောပြီးပြီ။ မင်းတို့အလုပ်လည်း ပြီးပြီ။ ငါ့တာဝန်လည်း ကျေပြီ"
နာဂသမန်းက သူသိလိုသည်ကို မေးဖြစ်အောင် မေး၏ ။
"နင် လာတုန်းက ဘာလို့ ကောင်းကောင်းမလာဘဲ ရေထဲက တက်လာတာလဲ"
"မင်းတို့ကို လှည့်စားဖို့အတွက်ပေါ့ကွာ"
အဖြေက ရှင်းလင်းလွန်းလှသည်။ ထို့အတူ နားမလည်နိုင်စရာ ရှုပ်ထွေးလွန်းနေပြန်သည်။ သို့သော် ဆက်မမေးဖြစ်။ ထိုသူ၏ အရှိန်အဝါက ကြီးလှ၏ ။ သူအော်လိုက်တိုင်း လျှပ်ပြက်သွားတတ်သည်ကို နာဂသမန်း သတိထားမိနေသည်။
ငလွန်းက
"ကျုပ်တို့ လက်ျာဘီလူးရဲ့ အထောက်အထား သဲလွန်စ ဘာမှ မရနိုင်ဘူးလား။ သူသေဆုံးတာ မှန်ကန်ကြောင်း၊ မရှိတော့တာ သေချာကြောင်း။ ဒါမှမဟုတ် သူ့ကို.."
"မရနိုင်ဘူး။ သူ လုပ်ပေးနိုင်တာ အစွမ်းကုန် လုပ်ပေးခဲ့ပြီးပြီ။ မင်းတို့ အားမရနိုင်သေးဘူးလား။ ဒါပေမယ့် အထောက်အထား တစ်ခုတော့ သူ ကျန်ခဲ့တာ ပေးလိုက်မယ်။ ဒီမှာ"
ဒီပ က ထိုင်နေသည့် ကျောက်တုံးရှေ့မှ သဲမြေကို ခြေဖြင့် ထိုးကော်ပြီး ယက်တင်လိုက်ရာ ဓားတစ်လက်က မြေမြှပ်ထားရာမှ မြောက်တက်လာသဖြင့် ငလွန်း ဖမ်းထားလိုက်သည်။ လက်ျာဘီလူး၏ ဓား၊ သွေးများဖြင့် မည်းနက် ခြောက်ကပ်နေဆဲဖြစ်သည့် ဓားကောင်းတစ်လက်။
"လက်ျာဘီလူးက နောက်ဆုံးအချိန်ထိ အဲဒီဓားကို ဆုပ်ကိုင်ထားရင်း မျောလာတာ။ ဒါ့ကြောင့် ဒီမှာပဲ သူ့ဓားကို မြှပ်နှံထားခဲ့တာ။ မင်းတို့ ရှင်ဘုရင်ကို ပြစရာလိုရင် ယူသွား။ တစ်ခု ပြောလိုက်ဦးမယ်.."
လူကြီးက ပြောရင်း ထရပ်လိုက်သည်။ နာဂသမန်းကို ရှိသည်ဟုပင် မထင်တော့သယောင်နှင့် ငလွန်းကိုသာ ကြည့်လျက်
"ငတွန်လည်း ငါတို့ဆီ ရောက်နေတယ်"
သူ၏ နောက်ဆုံးစကားကို ပြောပြီးသည်နှင့် ချောင်းကို ဖြတ်လျက် ဘီလူးတောင်ဘက် တောအုပ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။
*ပြီးပါပြီ*
Written by သင်္ခရာဇာ
End date: December 24, 2021