Translate

Showing posts with label စစ်တွင်းသစ္စာ. Show all posts
Showing posts with label စစ်တွင်းသစ္စာ. Show all posts

စစ်တွင်းသစ္စာ (ဇာတ်သိမ်း)

စေတီအနီးရှိ မြင်းချည်တိုင်တွင် ချည်ထားခဲ့သော စစ်မြင်းကြီး တိမ်ပျံမှာ ဓားသံ လှံသံ အော်ဟစ်ကြုံးဝါး တိုက်ခိုက်သံများကြောင့် စိတ်ကြွကာ ရုန်းကန်နေသည်။ မိန်းမငယ်တစ်ဦးက ပြေးလာ၍ ကြိုးဖြည်ပြီး တက်စီးသွားသည်ကို စစ်သည်များက လက်ျာဘီလူးဟု ထင်နေကြ၏ ။
သို့သော် တိမ်ပျံက မြင်းသည်များကို ပြန်တိုက်နေတော့မှ ရွာသူတစ်ဦးမှန်း သိသွားပြီး လိုက်ကြသည်။ သေနတ်ဖြင့် ပစ်ခတ်ကြသေးသော်လည်း မထိ၊ တိမ်ပျံကလည်း သခင်မဟုတ်၍ ရုန်းလိုက် ပြေးလိုက် ဖြစ်နေလေသည်။
ထိုအချိန်၌ အိမ်ဝင်းတစ်ခုထဲမှ လက်ျာဘီလူး ယိမ်းယိုင်ကာ ထွက်လာသည်ကို မြင်လျင် ချက်ချင်း တုန့်ရပ်ပစ်ပြီး ကုန်း၍ ခါချလိုက်၏ ။ မြင်းဇက်ပေးကာ စီးလာသည့် ရှင်မင်းအေးမှာ အမှတ်မဲ့မို့ မထိန်းနိုင်ဘဲ ကျကျန်ခဲ့သည်။ တိမ်ပျံက လှည့်ပတ်နင်းပြီး သခင်ရှိရာ ပြေးလာခဲ့၏ ။ လက်ျာဘီလူးက မိန်းမငယ်၏ အဖြစ်ကို စိတ်မကောင်းမိသော်လည်း မတတ်နိုင်။
လေးရွာစုသား ၆၀၀ ကျော်တို့မှာ မြန်မာစစ်သည် ၂၀၀ ခန့်ကို မနိုင်ဘဲ တဖြည်းဖြည်း ပြိုကွဲလာခဲ့ပြီ။ နှစ်ဘက် အထိအရှ များခဲ့၍ စစ်သည်များမှာ သိသိသာသာ အင်အားလျော့သွားခြင်း မရှိဘဲ ရွာသားတို့သာ ဖရိုဖရဲ ဖြစ်နေကြ၏ ။ သတ္တိ၊ စည်းစနစ်နှင့် တိုက်ရည်ခိုက်ရည်က ရေရှည်တွင် ကွာခြားမှု ကြီးစေခဲ့လေသည်။
မြန်မာတပ်များက သစ္စာမခံလိုသော လေးရွာသားများကို သိမ်းအုပ်မိလာကြပြီး ဒဏ်ရာရသူ လက်ရများစွာဖြင့် ရွာကို စီးမိသွားသောအခါ သူကြီးနှင့် လူငယ်ခေါင်းဆောင် စောစေးတို့အား ဗိုလ်မှူးများထံ ခေါ်လာခဲ့၏ ။ နွမ်းနယ်နေသော လက်ဝဲကြံသိုင်းက သူကြီးကို ပါးရိုက်လိုက်ပြီး ဒဏ်ရာရထားသူ စောစေးကိုမူ ကွပ်မည် ဆို၏ ။
ဗိုလ်မှူး ပင်လယ်ဂါမဏိကတော့ ကျောင်းပေါ်၌ ဆေးကုသမှု ခံယူနေသော လက်ျာဘီလူးကို တက်ကြည့်သည်။ မကြာမီ အဝတ်ပတ်တီးများ စည်းလျက် လက်ျာဘီလူးတို့ ဆင်းလာကြသည်။ ဖမ်းဆီးရမိသူအားလုံးအား မကွပ်ရဟု ဆို၏ ။
"သစ္စာမခံ ပုန်ကန်ထကြွလျင် ရွာကို မီးထင်းတိုက်၍ ကျွဲနွား စပါး စားရေ ရိက္ခာ သိမ်းယူရမြဲ ဖြစ်သော်လည်း သူတို့သည် မွန်ပြည်နှင့် နီး၍ မွန်တိုင်းရင်းသား အများစုပင် ဖြစ်ကြသည်။ မြန်မာကို သစ္စာမခံလိုခြင်းမှာ မှန်ပေသည်။ ထို့ကြောင့် ရမိသမျှ သုံ့လူလက်ရတို့ကို ရွှေဖဝါးတော်အောက်သို့သာ ပို့ဆက်၍ သင့်တော်ရာ မြို့တည် ကျုံးလုပ် အစုအရပ်များထဲ သွတ်သွင်းရမည်"
အမိန့်တော်ဖြင့် တော်လှန်ထကြွသည့်အထဲ၌ ပါဝင်သူများအား စိစစ်ဖမ်းဆီးစေကာ ကျန်သူများကို လွှတ်ပေးလိုက်ရာ လက်ဝဲကြံသိုင်း မကျေနပ်လှ။ သူ့သဘောအရဆိုလျင် သူပုန်ရွာကို ရွာလုံးကျွတ် မီးတိုက်ပစ်ပေလိမ့်မည်။ ဂါမဏိကတော့ နောက်လူတို့ ကြောက်လန့်ကြစေရန် ရွာကို ဖျက်ရမည်ဟု ဆိုသည်။ လက်ျာဘီလူး သဘောမတူလေ။
သစ္စာပေးရန် အချုပ် ခန့်လိုက်သော ဗိုလ်မှူး မင်းထင်နော်ရထာကမူ လက်ဝဲကြံသိုင်းနှင့် ပင်လယ်ဂါမဏိတို့အား ပုသိမ်နှင့် မြောင်းမြသို့ ခရီးလမ်းကြောင်း ခွဲဖြန့်ကာ တစ်ရွာချင်း သစ္စာပေးရန်နှင့် မကျိုးနွံပါက ဆုံးမကွပ်ညှပ်လျက် ရွှေစက်တော်အောက် ဆက်သရန် မှာကြားလိုက်၏ ။
သူကတော့ အသက်မသေ ကျန်ရစ်သူ ရွာသားများနှင့် စစ်သည်အချို့ကို ဖောင်ကြီးများ ပြုလုပ်စေပြီး သုံ့ပန်းလက်ရများစွာ တင်ဆောင်လျက် ရေကြောင်းတစ်လျှောက် စုန်သွားသည်။ ဖမ်းဆီးလာသည့် ကြိုးတုပ် ဒူးထောက်နေရသူများအား လမ်းဘေးဝဲယာ ရွာများမှ ထွက်ကြည့်ကြစေ၏ ။
မြင်းသည်အချို့နှင့် တင်ကျည်းတပ်သားများက ကမ်းပေါ်မှလည်းကောင်း၊ လှေရံနှင့်လည်းကောင်း လိုက်ကြရ၏ ။ တိုက်ပွဲသတင်းသည် ပျံ့နှံ့ပြီး ဖြစ်ရကား မည်သူမျှ သုံ့ပန်းမလုဝံ့၊ ချုံခို မတိုက်ဝံ့၊ ဗိုလ်မှူး မင်းထင်နော်ရထာ ဦးစီးလာသည် အသံကြားရုံဖြင့် မကြံစည်ဝံ့ဘဲ လက်လျှော့ ကြည့်နေလိုက်ကြရသည်။
အထူးအားဖြင့် တင်ကျည်း တုတ်ရှည်များ၏ အကြောင်းသည် အလွန်ကျော်ကြားနေလျက် စမ်းဝံ့သူမရှိ ဖြစ်နေကြသည်။ တင်းပုတ်ကိုင်ဆောင်ထားသည့် ဘီလူးများကဲ့သို့ မှတ်ထင်နေကြပြီ။ လုပ်ကြံသတ်ဖြတ်၍ မရသော အကြံအစည်များသည့် ဗိုလ်မှူး ဟူသော ဂုဏ်ပုဒ်ဖြင့် ပေါင်းမိုးတပ် လွန်းကြင်လှေတစ်စင်းပေါ် လဲလျောင်းနေရသည့် လက်ျာဘီလူးအား ကြောက်လန့်နေကြ၏ ။
လက်ျာဘီလူးမှာ ဝမ်းဗိုက်ဝယ် နက်နက်ရှိုင်းရှိုင်း ထိခဲ့သော ဒဏ်ရာကြောင့် အသက်အန္တရာယ် ဖြစ်လောက်သည်အထိ မဆိုးရွားသော်လည်း သွေးထွက်များခဲ့သည်ဖြစ်၍ အသားအရေ ဆုတ်ယုတ်နေသည်။ နောက်တစ်ပွဲမက တိုက်နိုင်သေးသည်ဟု ဆိုသော်လည်း ယခုအခါ ငြိမ်သက်စွာသာ လျောင်းလျက် နေရလေသည်။
အကယ်ပင် ပရိယာယ်များလှသော တပ်မှူးက ကတ္တူလှေကြီးတစ်စင်းပေါ်၌ ဗိုလ်မှူး အဆောင်အယောင် အဆင်အပြင်နှင့် လူတစ်ဦးကို တင်ပြီး ရွှေထီးဆောင်းပေးထားသေး၏ ။ သူကမူ ဖောင်များ၏ နောက်မှ လှေတပ်များနှင့် လိုက်သည်။ မည်သည့်ကမ်းမှလည်း မကပ်၊ ဟင်္သာတအရောက် စုန်သွားလေသည်။
ဟင်္သာတ၌ အလောင်းမင်းတရား၏ တပ်မကြီးများနှင့် ပြန်ဆုံကြရာ ဆေးဝါးကောင်းစွာ ကုသပေးပြီးလျင် ဆုတော်လာဘ်တော်များစွာလည်း ပေးအပ်ချီးမြှောက်လေသည်။ ရမိသူတို့ကို ရတနာသိင်္ဃသို့ ပို့စေလျက် ရပ်ရွာတည် နေစေ၏ ။ ရေခပ် ထင်းခွေ လယ်လုပ် စသည့် အစုများတွင် ဖြည့်လေသည်။
သန်မာသော စောစေးမှာ ဆင်ထိန်းအဖြစ် တောထဲ ပါသွားပြီး သူကြီးနှင့် ခေါင်းမင်းအချို့သည် ဘုရင့်လမိုင်းလယ်တော် ထွန်ယက်စိုက်ပျိုးရသည့် လယ်ကျွန်များ ဖြစ်သွားကြ၏ ။ ဗိုလ်မှူး လက်ဝဲကြံသိုင်းကတော့ မြောင်းမြ၌ အရေးတော် လစ်ဟင်းကြောင်း ကြားသိရသဖြင့် တပ်ပေါင်းဗိုလ်အဖြစ်သို့ လျှောကျသွားရလေသည်။
အရေးတော်ပြီး၍ ပုသိမ်မှ ပြန်လာသော ဗိုလ်မှူး ဂါမဏိသည် လက်ျာဘီလူး၏ အခြေအနေကို လာကြည့်ရာ လူကောင်းပကတိနီးပါး ကျန်းမာသန်စွမ်းနေသော လက်ျာဘီလူးက
"စစ်တွင်းသစ္စာ မှန်ခဲ့သလား"
ဟု ဆီးမေးသဖြင့် လက်ျာဘီလူး၏ တိုက်ပွဲဖြစ်ပွားစေခဲ့သော စကားကို ပင်လယ်ဂါမဏိ အမှတ်ရမိလိုက်သည်။
"ငါတို့လက်ထက်မှာတော့ မှန်ရမှာပေါ့ကွာ"

              ပြုံး၍ ပြောလိုက်သော ဂါမဏိ၏ မျက်နှာကို ကြည့်နေသော်လည်း လက်ျာဘီလူးကတော့ စေတီရှိ ပန်းအိုးထဲ ထိုးစိုက်ထားသော ရောင်စုံ သစ္စာပန်းများကိုသာ မြင်ယောင်နေ၏ ။ မြင်းပေါ်မှ အမျိုးသမီး မရှုမလှ ကျသွားပုံကို တွေးမိသောအခါ လက်မှ ဒဏ်ရာက စူးခနဲ ကိုက်ခဲသွားသလို ခံစားရသည်ဟု ထင်လိုက်မိလေသည်။
Written by သင်္ခရာဇာ

End date: November 9, 2021

စစ်တွင်းသစ္စာ (၆)

လက်ျာဘီလူးက ဝမ်းဗိုက်ကို ဖိထားရင်း အိမ်တံခါး အပေါ်ရှိ အရာတစ်ခုသို့ အကြည့်ရောက်သွားသည်။ ဟောင်းနွမ်းနေသော ထမီနှင့် ထုပ်ထားသည့် အထုပ်တစ်ခု။ အထက်ဆင်စဖြင့် ချည်ထားသည်ကို တွေ့မှ သူ သဘောပေါက်သွား၏ ။
"သြ.. ခင်ဗျားကြီးက ကျုပ်ကို ကြောက်လို့ အစီအရင်တွေ လုပ်ထားတာပဲ.. ဟဟ ဟ"
"အို.. မကြောက်ပါဘူးကွာ၊ မင်းအစွမ်းမဟုတ်မှန်း မျက်မြင် တွေ့ထားဖူးလို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါ။ ခုတော့ မင်း ဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား"
ဓားသွားမျှင်မျှင်ကို လက်ခနဲထောင်ပြရင်း မခိုးမခန့် ပြောနေသည့် လူကြီးအား လက်ျာဘီလူးက အပေါ်မှ စီးမိုး တိုက်ခိုက်ရန် မာန်သွင်းကာ ခုန်လိုက်၏ ။ လူကြီးက လက်နှစ်ဖက် မြှောက်၍ ကာလျက် ဓားချွန်ဖြင့် ဆီးထိုးလေ၏ ။ သို့သော် လက်ျာဘီလူး ခုန်လိုက်သည်က သူ့ထံသို့ မရောက်၊ အရှေ့တွင် ကျလာသည်။
အားနည်းသွား၍ မရောက်သည်ဟု ထင်လိုက်မိသော လူကြီး လက်တစ်ဖက်အောက်သို့ လက်ျာဘီလူးက ခပ်ကုန်းကုန်းအနေအထားဖြင့် ခေါင်းလျှိုဝင်လိုက်၏ ။ သူ့ခေါင်း လူကြီး၏ ချိုင်းကြား ရောက်ချိန်၌ လူကြီးကလည်း သူ့နံကြားသို့ အားနှင့် ဓားကို ထိုးစိုက်ထည့်လိုက်သည်။
သို့ရာတွင် ခေါင်းနှင့် တစ်ပြိုင်တည်း ဝင်ရောက်လာသော လက်ဖနောင့်က လူကြီး၏ မေးရိုးကို ပင့်ရိုက်လိုက်သည် ဖြစ်၍ ဓားချက်မှာ နံကြားကို ဖိမိပြီးမှ ချော်ထွက်သွားရလေသည်။ သန်မာသော လူကြီးသည်လည်း တစောင်းလျှိုဝင်ကာ ကိုယ်အားနှင့် ပင့်မြှောက်လိုက်သော အားကြောင့် အောက်ခြေလွတ်သွားခဲ့၏ ။
လက်ျာဘီလူးက မြောက်တက်လာသော ကိုယ်ကို ဖမ်းကာ ပေါက်ချလိုက်၏ ။ လူကြီး တစ်ပတ်လည်၍ မှောက်ခုံ ကျလာသည်။ သို့သော် လက်ဖြင့် ထောက်ထားနိုင်သောကြောင့် ကုန်းကုန်းကြီး ဖြစ်နေခိုက် လက်ျာဘီလူး၏ ဒူးက မျက်နှာကို ဘေးမှ ဖြတ်တိုက်လာ၏ ။
"ဖြောင်း"
လူကြီး ခေါင်းလည်ကာ မဟန်နိုင်တော့ဘဲ လဲကျသွားစဉ် ငကံကို ခေတ္တ မေ့မျောသွားအောင် လုပ်ခဲ့သော လူရွယ်က အရှိန်နှင့် ပြေးကန်လိုက်ပြန်သည်။ ဓားထိထားသော ဒဏ်ရာတည့်တည့် ဝိုက်ခြေပြင်းစွာ မိသွားသဖြင့် လက်ျာဘီလူး လွင့်ထွက်သွား၏ ။ အတော်နှင့် မထနိုင်။ အသက်ရှူနိုင်ရန်ပင် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။
တင်ကျည်းသမားသုံးယောက်က လက်ျာဘီလူးကို ရှေ့မှ ပြေးကာပေးလာကြ၍သာ သက်သာသွားရ၏ ။ ကြံ့ခိုင်လှသော မွန်လူရွယ်ကတော့ ထီမထင်ဟန်နှင့် တစ်လှမ်းချင်း တက်လာသည်။ တုတ်ရှည်သုံးလက်နှင့် ရင်ဆိုင်ကြည့်မိမှ သူထင်သလို မလွယ်မှန်း သိလာပြီး အနားမကပ်တော့ဘဲ ခပ်ခွာခွာမှ ပတ်နေ၏ ။
ထိုအခိုက် ငကံ ပြန်ထလာပြီး နီးရာဓားတစ်လက် ကောက်ကာ ထိုသူကို နောက်မှ ခုတ်လိုက်လေသည်။ ပခုံးကို ခုတ်မိသော်လည်း မပြတ်၊ မာကြောထူထပ်သည့် သားရေများ ဝတ်ဆင်ထားကြောင်း တွေ့ရ၏ ။ လူရွယ်က ငကံလက်ကို လိမ်ချိုးကာ ရင်ကို နှစ်ချက်ဆင့်ကန်၍ ဆွဲလွှင့်ပစ်လိုက်သည်။
တင်ကျည်းတပ်သား သုံးဦးထံ ထပ်မံချည်းကပ်လာစဉ် လက်ျာဘီလူး ပြန်ထလာ၏ ။ သူ့လက်ထဲ၌လည်း တုတ်ရှည်တစ်ချောင်း ရောက်နေပြီ။ လူရွယ်၏ နောက်မှ သျှောင်ထုံးပြေစ လူကြီးလည်း ပါလာရာ လေးယောက် နှစ်ယောက် ရင်ဆိုင်နေကြသည်သို့ ရှိ၏ ။
"မင်း မဆိုးပါဘူး၊ ဒါပေမဲ့ တစ်ခါပဲ ရမယ်"
လက်ျာဘီလူးက ဝမ်းဗိုက်မှ သွေးထွက်နေသည့် ဒဏ်ရာကို ဖိထားသော လက်အား ဖယ်လိုက်ပြီး
"တစ်ခါတည်းနဲ့ ခင်ဗျား ဆရာကြီးကို ထွက်ရပ်လမ်းပေါ် ပို့ပေးလိုက်နိုင်တယ်လေ"
လူကြီးက မျက်နှာ ပျက်သွားသော်လည်း
"ဟားဟား.. သည်တစ်ခါတော့ ငါက မင်းကို သူ့ဆီ ပို့ပေးရမယ့် အလှည့်ပေါ့"
"အဲဒီလို အောက်တန်းကျတဲ့ အစီအရင်တွေနဲ့လား"
"ဒုန်း"
လက်ျာဘီလူးက တံခါးပေါက်ပေါ်မှ အထုပ်ကို လက်ညှိုးညွှန်ပြရင်း တစ်ဆက်တည်း တုတ်ချွန်နှင့် ပစ်ထည့်လိုက်ရာ နောက်သို့ တစ်ချက် လှည့်ကြည့်မိသော လူရွယ်၏ ရင်ဝ၌ စိုက်နေ၏ ။ လူရွယ်က နောက်မတွန့်၊ လက်ျာဘီလူးကို မိုက်ကန်းကန်း ပြန်ကြည့်သည်။ ထို့နောက် လက်ဝဲလက်ဖြင့် စိုက်ဝင်နေသည့် တုတ်အဖျားမှ ကိုင်ဆွဲနုတ်ရန် ကြိုးစားစဉ်..
လက်ျာဘီလူးက နေရာမှ ခြေစုံပစ်ဝင်ကာ တုတ်ရှည်၏ အရင်းကို ဆောင့်ကန်လိုက်၏ ။ အနည်းငယ်သာ စူးနစ်နေသေးသော တုတ်ရှည်ကြီးက ကျောမှ ဖောက်ထွက်သွားပြီး လူကြီးမျက်နှာအထိ သွေးစက်များ စင်သွားလေသည်။
"သား.. သားမောင်"
လူရွယ်ကို ဖမ်းထိန်းထားရင်း တုန်လှုပ်စွာ ခေါ်နေသည့် လူကြီးအား လူရွယ်က
"ကျွန်တော် ဘာမှ မဖြစ်ဘူး၊ မစိုးရိမ်ပါနဲ့ အဘ"
ဟု ပြန်ပြော၏ ။ တုတ်ရှည်သုံးလက်ကလည်း တဝီဝီမြည်ကာ လည်ပတ် နီးကပ်လာပြီ ဖြစ်သည့်အတွက် လူကြီးသည် လူရွယ်ကို ချကာ နောက်ဆုတ်လိုက်ရလေသည်။ လူရွယ်က အော်ဟစ်လျက် တင်ကျည်းတုတ်ကို ဆွဲနုတ်ရန် အားထုတ်၏ ။ မရလျင် ချိုးပစ်ရန် အားစိုက်နေပြန်သည်။
မာတင်းလှသော တင်ကျည်းတုတ်အား မည်သို့ ချိုးနိုင်ပါမည်နည်း။ သွေးအေးအေးဖြင့် လျှောက်လာသည့် လက်ျာဘီလူးက တုတ်အရင်းကို ဆုပ်ကိုင်လိုက်ကာ နှဲ့ပစ်သည်။ လူရွယ်က အောက်မှ အံကြိတ်ကာ စိုက်ကြည့်နေ၏ ။ ဆောင့်ဆွဲနုတ်သည်ကိုလည်း အနုတ်မခံ၊ ဆွဲကိုင်ထားသည်။
ထို့ကြောင့် လက်ျာဘီလူးက ထိုသူ၏ ပခုံးအား ခြေဖြင့် ဖိနင်းလျက် တုတ်ကို လက်နှစ်ဖက် ပိုင်ပိုင်ကိုင်ကာ တအားဆွဲနုတ်မှ ပါလာတော့သည်။
"ဘယ်လိုလဲ၊ နေသာထိုင်သာ ရှိရဲ့လား"
လူရွယ်က ပါးစပ်ထဲမှ သွေးများကို ဖွီးခနဲ ထွေးထုတ်ပြီး လက်ျာဘီလူး၏ ဒဏ်ရာကို ခြေဖြင့် လှမ်းခတ်၏ ။
"ရော့"
"အို.. အို၊ စိတ်လျှော့ပါ နောင်ကြီးရဲ့၊ မဖြစ်နိုင်တော့ပါဘူး"
သားဖြစ်သူ ခံစားနေရသည့် အဖြစ်အား မရှုစိမ့်နိုင်တော့သော လူကြီးက တင်ကျည်းသမား နှစ်ဦးကြားမှ ဓားယမ်းကာ ပြေးလာသည်။ လူနှစ်ဦး ဖရိုဖရဲ ဖြစ်ကျန်ခဲ့ပြီး တုတ်သမားတစ်ယောက်က နောက်မှ လှမ်းရိုက်လိုက်နိုင်၏ ။ ပြင်းပြင်းတော့ မထိ၊ တကယ်ထိသည်မှာ ရှေ့မှ ဆွရင်း စောင့်နေသည့် လက်ျာဘီလူး၏ ရိုက်ချက် ဖြစ်သည်။
"ဖောင်း"
သျှောင်လုံးလုံးပြေကျသွားပြီး ခေါင်းမှသွေးများ စီးကျလာ၏ ။ သူကလည်း လက်ျာဘီလူးကို ဓားဖြင့် ဝင်ထိုးရာ ခါးကို ဖောက်ထွက်သွားသည်။ သူတို့နှစ်ဦးသည် မျက်နှာချင်း ဆိုင်လျက် အငြိုးတကြီး စိုက်ကြည့်နေကြပြန်သည်။ လက်ျာဘီလူး၏ အာရုံတွင် ရွာသို့ ပါလာခဲ့သော ထိုလူကြီး၏ ယခုပုံစံမျိုး အကြည့်ကို မြင်ယောင်နေမိ၏ ။
လူကြီးကလည်း အားစိုက် ဖိထိုးထားသည့် လက်၌ ကျင်ခနဲ ကျင်ခနဲ ခံစားလိုက်ရသဖြင့် သုံးကြိမ်မြောက်၌ ငုံ့ကြည့်လိုက်သည်။ သူ့လက်ကောက်ဝတ်နှင့် လက်ဖျံကို လက်ျာဘီလူးက ဓားမြှောင်ငယ်တစ်ချောင်းဖြင့် တစ်ချက်ချင်း လှီးဖြတ်နေခြင်းပါတကား။
မျက်လုံးချင်းဆိုင် ကြည့်နေရင်း သူတို့နှစ်ဦးအကြား သွေးများ ပန်းထွက်လာမှ နောက်သို့ ဆုတ်သွားကြသည်။
"အစီအရင်တွေကြောင့်.. ဟုတ်လား"
လက်ျာဘီလူးက ခနဲ့၏ ။ ဓားမြှောင်ငယ်၏ လက်ကိုင်ရိုးနောက်မှ ဘုလုံးကို လက်ဝါးထဲ ဆုပ်လိုက်သည်။
"မင်း ဘီလူးတွေ ခေါ်လာတာ ငါ မြင်ဖူးတယ်"
လူကြီး နောက်သို့ဆုတ်ရင်း ယိုင်သွား၏ ။ လက်ျာဘီလူးက တိုးကပ်သွားပြီး သူ၏ ရင်ကို ဓားမြှောင်ဦးနှင့် ထောက်လိုက်သည်။ အရိုးဘုလုံးကို လက်ဖနောင့်တွင် ထားကာ လက်ဝါးဖြန့်လျက် ဖိတွန်းလေ၏ ။
"အ"
"ဘယ်လိုလဲ၊ သေရမှာကို ကြောက်သလား"
လူကြီး မဖြေနိုင်၊ ဝေဒနာကို ခံစားနေရသည်။
"ခင်ဗျားကြီးရဲ့ ဆရာ ငမင်းသိုက်ရော၊ အခုရော ကျုပ် ဘာအစီအရင်မှ မလုပ်ဘူး။ လူ လူချင်း တိုက်တယ်။ သေရမှာ မကြောက်တဲ့ သတ္တိနဲ့ ရင်ဆိုင်တယ်။ နိုင်ကို နိုင်ရမယ် ဆိုတဲ့ ဇွဲလုံ့လနဲ့ အနိုင်ယူတယ်။ ဒါပါပဲ"
ဒူးများ ခွေညွှတ်လာသည့် လူကြီးအား မျက်နှာချင်း ကပ်ကာ
"အစောင့်အရှောက်တွေ၊ ဘီလူးတွေ ကျုပ် မသိဘူး။ မနိုင် နိုင်အောင် တိုက်မယ်လို့ပဲ ကျုပ် တွေးတယ်။ ဒါ့ကြောင့် ခင်ဗျားထမီထုပ်ကြီးက ကျုပ်အတွက် မဟုတ်ဘူး၊ ခင်ဗျားအကောင် ပတ်ဖို့ပဲ အသုံးဝင်တော့မယ်"

               ဓားသွားက ဆုံးသွားပြီ။ နှလုံးမှ သွေးများ ယိုစီးထွက်လာ၏ ။ ဒယိမ်းဒယိုင် ရပ်ရန် ကြိုးစားနေသော လူရွယ်ကိုလည်း တင်ကျည်းသုံးချောင်းက စူးဝင်နေခဲ့ပြီ။ အိမ်ဝင်းတစ်ခုထဲတွင် ချုပ်ငြိမ်းသွားခဲ့သော အမုန်း အာဃာတ မီးတောက်များက ဝန်းကျင်သို့ပင် ပူလောင်ဆဲ။

(ဆက်ရန်..)   စစ်တွင်းသစ္စာ  (ဇာတ်သိမ်း)

Written by သင်္ခရာဇာ

End date: November 7, 2021

စစ်တွင်းသစ္စာ (၅)

နံနက် နေထွက်သည်နှင့် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း လူများ ရောက်ရှိနေကြလေပြီ။ စေတီတွင် ဆပ်ကပ်ထားခဲ့သော ညောင်ရေအိုးငယ်များ၊ ပန်းအိုးများလည်း အစီအရီ။ ပိတ်ဖြူ ရာဇမတ်ကာလျက် ပေါင်းမြက်ရှင်းလင်းထားသည့် မြေကွက်လပ်နှင့် စေတီရင်ပြင်ပေါ်၌ လူအချို့ အလုပ်များနေသည်။ သစ္စာပေးရန် ပြင်ဆင်နေကြခြင်းပင်။
ရွာပြင်တပ်မှ လက်ျာဘီလူး နှင့် မြင်း ၂ စီးသာ ဝင်လာသည်။ အခြားသူများက ရွာကို ဝိုင်းပတ် စောင့်နေကြ၏ ။ ဗိုလ်မှူးနှစ်ဦးမှာ ကျောင်းပေါ်တွင် ဆရာတော့်အနီး ဝတ်ဖြည့် စကားစမြည် ပြောဆိုနေကြသည်။ ရွာသူကြီး ခေါင်းမင်းများ၊ ကလန် သံပျင် စာရေးစာချီ အမှုထမ်း အရာထမ်းများအားလုံး တဘက်ဖြူ ပတ်ကာ သစ္စာခံရန် အသင့် ရှိနေရ၏ ။
စောစေးတို့ လူငယ်များကတော့ ပေါ်မလာပါ။ ရှင်မင်းအေးနှင့် မိန်းမတွေတစ်စုသာ ကျောင်းအောက်၌ အကူရောက်နေကြ၏ ။ စစ်သည်များအနီးတွင်လည်း မိန်းမပျိုများသည် မလိုအပ်ဘဲ ယောင်လည်လည် လုပ်နေကြသလို မြင်းသည်များကိုတော့ ကြန့်ကြာနိုင်သမျှ ကြန့်ကြာစေရန် အချိန်ဆွဲနေကြသည်။
မြန်မာတပ်ကလည်း သူတို့ အစီအစဉ်အတိုင်း တပ်ဖြန့် ချထား နေရာယူကြရသည် ဖြစ်ရာ ရွာသားများ စိတ်တိုင်းကျ အခြေအနေတော့ မဖြစ်။ လက်ျာဘီလူးက ညပရိသတ် များသလောက် နံနက် လူငယ်လူရွယ်များ ပျောက်နေကြသည်ကို သိသော်လည်း သူ့သဏ္ဍာန်အတိုင်း တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။
ဗိုလ်မှူး နှစ်ဦးကိုမျှ သွားမပြော၊ သူ့ဘာသာ ကွပ်ပျစ်တစ်ခုတွင် ထိုင်ကာ တွေးငေးနေ၏ ။ ငသူရိန်ကို ကျောင်းပေါ် လွှတ်လိုက်ပြီး ငကံကို ရွာပြင်ပြန်လွှတ်လိုက်လေသည်။ သူ့အနီးတွင် သွေးသောက် ၂ ယောက်သာ ရှိနေသည်။
သူသည် ကျောင်းဝိုင်းထဲသို့ လူများ တဖွဲဖွဲ ရောက်လာနေသည်ကို သွေးအေးအေးဖြင့် ထိုင်ကြည့်နေခဲ့သည်။ ရောက်လာသူ အများစုမှာ တောင့်တင်းသန်မာသူများ၊ လူလတ်ပိုင်းများချည်း ဖြစ်ပြီး သစ္စာရေသောက်ရမည့်သူများ မဟုတ်မှန်းလည်း သူ သိနေ၏ ။
လက်ျာဘီလူးက စေတီရှိရာ လျှောက်သွားကာ တစ်ပတ် ပတ်သည်ကို လူအများ လိုက်ကြည့်နေကြသည်။ သူကလည်း သစ္စာရေ ပြုမည့် ညောင်ရေအိုးများကို လိုက်ကိုင်ကြည့်သည်။ ပန်းအိုးထဲ လက်နှိုက်ကြည့်လိုက်သေးသည်။ ထို့နောက် နှာခေါင်းရှုံ့နေကြသူများကို မသိကျိုးကျွံပြုကာ ခေါင်းတမော့မော့နှင့် ထွက်သွား၏ ။
အချိန်ကျလျင် သစ္စာပေးပွဲ စလေသည်။ စေတီတော်အရှေ့နားရှိ ရာဇမတ်ကာ မြေကွက်အတွင်း အစဉ်အတိုင်း နေရာယူကြပြီး ဗိုလ်မှူး လက်ဝဲကြံသိုင်းက ရွှေပေလွှာ ဖတ်ပြသည်ကို အောက်ရှိ ဝပ်တွားနေကြရသော ရပ်ရွာလူကြီး အမှုထမ်း ဝန်ထမ်းသသူတို့က လိုက်ဆိုကြရသည်။
၄တို့ကို မြန်မာစစ်သည် ဓားကိုင် လှံကိုင်တို့က ဝန်းရံ စောင့်ကြပ်နေကြသည်။ ရပ်သူရပ်သား ပရိသတ်များက သူတို့နောက်နှင့် ဘုန်းကြီးကျောင်းအောက်မှ စောင့်ကြည့်ရှုစားနေ၏ ။ ရှည်လျားသော သစ္စာပြုခြင်း၊ ကျိန်တွယ်ခြင်းတို့ ပြီးလျင် သူကြီးမင်း သောက်မည့် ညောင်ရေအိုးကို ယူလာရာ အနီးတွင် ရှိသော လက်ျာဘီလူးက မပြောမဆို ရေအိုးကို လက်နှင့် ကပ်ကြည့်လိုက်၏ ။
"မအေးတော့ပါလား"
သူ့ဘာသာ ပြောသလို တီးတိုး ရေရွတ်ရာ ပင်လယ်ဂါမဏိနှင့် သူကြီးမင်း မျက်နှာပျက်သွားကြသည်။ တစ်ဖန် ယူလာသည့် ဘုရားပန်းအိုးတစ်လုံးကိုလည်း ပန်းများ မ ကြည့်ပြီး ခေါင်းရမ်းလိုက်ပြန်သည်။ သူ့အမူအရာက စိတ်ပျက်လက်ပျက်၊ လက်ဝဲကြံသိုင်း အပါအဝင် ဗိုလ်များ၊ သစ္စာရေသောက်ရမည့် လူကြီးများလည်း ကွက်ခနဲ မျက်နှာပျက်ကြရပြီ။
လက်ဝဲကြံသိုင်းက 'မင်းထင်နော်ရထာ၊ နင် မမွှေနှောက်နှင့်တော့' ဟု ထပြောလိုက်ရန် ကြံနေစဉ်မှာပင် လက်ျာဘီလူး ထထွက်သွားသည်။ နောက်ကို လှည့်မကြည့်၊ လူအုပ်ကြီးကိုလည်း ဂရုမစိုက်။ သူ့စစ်သည်များဘက် တည့်တည့် လျှောက်သွားပြီး
"လဂွန်းအိန်က သတိုးကို ဘာပြောသလဲဟေ့"
ခေတ္တမျှ ငြိမ်သွားသည်၏ နောက်ဝယ် ဝုန်းခနဲ နှစ်ဖက်လူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။ ကျောင်းအောက်မှ လူများ ပြေးထွက်လာသလို စစ်သည်များကလည်း ဓားများ ဆွဲထုတ်လိုက်ကြ၏ ။ ဘယ်ကထွက်လာကြသည် မသိ၊ ကျောင်းပြင်မှ လူများ ပြေးဝင်လာသည့် အချိန်၌ လှံစွဲသူရဲများက အသင့် နေရာယူပြီး ဖြစ်နေသည်။
တဖြောင်းဖြောင်း မြင်းခွာသံများ၊ တဖောင်းဖောင်း သေနတ်သံများသည် ဓားလှံချင်း ထိခတ်သံတို့အောက်တွင် နစ်မြုပ်သွား၏ ။ ရုတ်တရက် အပြင်မှ ဝင်လာကြသည့် သူများ တန့်သွားကြသည်။ သူတို့နောက်မှ ဝါးတုတ်ရှည်ကိုင် တပ်များ ရောက်လာသောကြောင့် ဖြစ်သည်။
တင်ကျည်းတပ်များကို အိမ်များအတွင်းမှ လေးမြား ဒူးလေး စသည်တို့ဖြင့် ဆီးကြို ပစ်ခတ်ကြ၏ ။ သွေးသောက် ငခေါင်းဖြူနှင့် ငအောင်မော်တို့ ဦးဆောင်၍ ငကံပါဝင်သော တင်ကျည်းသမားများ၏ ဝှေ့ရမ်း ရိုက်ဖယ်နေပုံမှာ မမြင်ဖူးလျင် အလွန် အံ့သြစရာ ဖြစ်ပေလိမ့်မည်။
တတောင်တောင် တထောက်ထောက် မြည်အောင် မြားတံများစွာကို ပေါ့ပါးသွက်လက်လှသော ဝါးတုတ်ရှည်များဖြင့် မနားတမ်း ရိုက်ချပြီး ပြေးဝင်လာသည့် အရှိန်လည်း မလျော့စေရ၊ လူကိုလည်း မထိပါးဘဲ ကျောင်းရှေ့မုခ်ပေါက်သို့တိုင် ရောက်လာနိုင်ကြ၏ ။ တကယ်တမ်း တိုက်ကြရသော အခါတွင်မှ ထိုတုတ်ရှည်များသည် သံခေါင်းတပ် လှံစူးသွားထက်ထက် ထက်ပင် အသုံးဝင်နေကြောင်း နဖူးတွေ့ ဒူးတွေ့ သိကြရလေတော့သည်။
အပြင်သို့ ထွက်လာသော လက်ျာဘီလူး လက်သို့ တင်ကျည်းတုတ်ရှည်ကြီးတစ်ချောင်း ရောက်လေပြီ။ မြန်မာတပ်သားများလည်း သူတို့ဗိုလ်မှူး မင်းထင်နော်ရထာအနားသို့ ဝိုင်းပတ်ရောက်ရှိလာပြီး စုပေါင်း ကာကွယ် တိုက်ခိုက်ကြလေ၏ ။ ထိုလူတစ်စုကို ပြင်ပမှ သူများ မကျော်နိုင်။
ထိုအခိုက် အပြင်လူများ၏ နောက်တွင် နှုတ်ခမ်းမွေးကားကားနှင့် သျှောင်ထုံးထားသော လူတစ်ဦးကို လက်ျာဘီလူး မြင်၍ ဝိုင်းထားသည့် လူအုပ်ကို ဖောက်ထွက်ကာ ပြေးလိုက်သွားသည်။ ထိုသူကလည်း တစ်ချက်သာ ကြည့်ပြီး သူ့ဘာသာ လှည့်ထွက် ပျောက်ကွယ်သွားခဲ့သည်။ မည်သည့်အိမ်ထဲ ဝင်သွားမှန်း မသိရ။
ခြံရှေ့တစ်ခုအရောက် တံခါးဝမှ ကြည့်နေသော ထိုလူကို မြင်လျင် လက်ျာဘီလူး ခြံထဲဝင်သွားသည်။ သူ့နောက်မှ ထပ်ချပ်ပါလာသည့် နောက်ပါနှစ်ဦးမှာ ခြံထဲမှ ထွက်လာကြသူများနှင့် ရင်ဆိုင် ကျန်ခဲ့ပြီး လက်ျာဘီလူး တစ်ဦးတည်း တံခါးပေါက်မှ ဝင်လျင် ဝင်ချင်း
"ဝုန်း"
"အင့်"
လက်ျာဘီလူး အပြင်သို့ ပြန်လွင့်လာ၏ ။ ရင်ဝကို လက်နှင့်ဖိ၍ လူးလဲထပြီး အသင့်ပြင်ထားလိုက်ချိန် အတွင်းမှ လူရွယ်တစ်ဦး ထွက်လာသည်။ အမှောင်ထဲမှ ထိုသူက ဆီးကန်လိုက်ခြင်း ဖြစ်မည်။ လူရွယ်၏ အနောက်မှာ သျှောင်ထုံးနှင့်လူ ပေါ်လာ၏ ။
"သည်တစ်ခါတော့ မင်းကိုယ်တိုင်ရဲ့ လက်စွမ်းကို ကြည့်ရတော့မပေါ့ကွာ"
ထိုလူကြီးက ကြုံးဝါးရာ လက်ျာဘီလူး ကြောင်သွားပြီး
"ကျုပ်ကိုယ်တိုင်ရဲ့ အစွမ်းအစ ဟုတ်လား"
"ဟားဟား၊ မင်းမှာ ရှိသမျှ အစီအရင် ဆေးဝါး မန္တာန် အစောင့်အရှောက် အားလုံး အခုကစပြီး ညံ့သွားပြီ။ မဆင်မခြင် အလောတကြီး လုပ်တတ်ခြင်းရဲ့ အကျိုးလေး ခံစားလိုက်ဦး ကောင်လေး"
"ဘယ်လို"
ယခုထိ ထိုလူကြီး ဘာပြောနေသည်ကို မသိသေး။ သို့သော် ရှေ့မှ လူရွယ်ကတော့ ဘာမှ မပြောဘဲ လက်ဗလာဖြင့် ကပ်လာပြီး တင်ကျည်းတုတ်ကို ဝင်လုသည်။ ချက်ချင်း ထိုသူထံ တုတ်ရှည် ပါသွားပြီး သူ့တုတ်နှင့်သူ ပြင်းထန်စွာ အရိုက်ခံလိုက်ရ၏ ။
"ဖြောင်း"
"အ"
လက်ျာဘီလူး ဘေးသို့ သုံးလေးလှမ်းမျှ စောင်းစိုက်သွားခိုက် ထိုသူက ထပ်ရိုက်၏ ။ လက်ဖြင့် ကာထားလိုက်ရသည်။
"ဖောင်း"
တုတ်ကို လိုက်ဖမ်းသော်လည်း မမိ၊ ဆတ်ခနဲ ရိုက်၍ ပြန်ရုတ်ထားသောကြောင့် ဖြစ်သည်။ လက်ျာဘီလူး ကြုံးဝါးကာ ခုန်အုပ်လိုက်ပြန်သည်။ ဖုန်းခနဲ အကန်ခံရပြီး လွင့်ထွက်လာပြန်၏ ။ ထိုသူကို မည်သို့မျှ မယှဉ်နိုင်တကား။
"တပ်မှူး"
သူ့ကို စိုးရိမ်၍ လှည့်ကြည့် ကာကွယ်ရန် ကြိုးစားသော အကြပ်တစ်ဦး ဓားထိသွား၏ ။ အခြားတစ်ဦးမှာ လူငါးယောက် ဝိုင်းတိုက်နေသည်ကို ခက်ခက်ခဲခဲ ကာကွယ်နေရသည်။ ထိုအခိုက် ငကံ အပြင်မှ ပြေးဝင်လာပြီး မိုက်မိုက်ကန်းကန်းပင် လက်ျာဘီလူးရှေ့မှ လူကို ကိုယ်ချင်း ဝင်တိုက်ပစ်လိုက်သည်။
ထိုသူက သူ့ကို တိုက်ခိုက်မည်ထင်၍ ဆီးကြိုရန် ပြင်ထားသော်လည်း အထိုးအကြိတ်ခံကာ ပြေးဆောင့်လိုက်သောကြောင့် နှစ်ဦးသား လုံးထွေးသွားကြသည်။ ကံကောင်းသည်မှာ လက်ျာဘီလူး၏ တုတ်ရှည်ကို ထိုသူက အဝေးသို့ လွှင့်ပစ်လိုက်ချိန် ငကံရောက်လာခြင်း ဖြစ်၍ ထိုသူလက်၌ လက်နက်ရှိမနေ။
အနောက်မှ လူကြီးထံတွင်လည်း ကျောက်စီထားသော ခက်ရင်းသဏ္ဍာန် ဓားဦးချွန်ငယ်ကလေးတစ်ချောင်းသာ ရှိနေသည်။ ထိုလူကြီးက ထိုဓားချွန်လေးဖြင့် လက်ျာဘီလူးကို အဆုံးသတ်ပေးနိုင်ရန် ချည်းကပ်လာ၏ ။ ဓားကိုင်လက်ကို နောက်၌ အသင့်ရွယ်ထားပြီး ဘယ်လက်ကမ်းကာ လက်ျာဘီလူးကို တွန်းသည်။
လက်ျာဘီလူးက ထိုလက်ကို ရိုက်ဖယ်စဉ် နောက်လက်က လှစ်ခနဲ ဝင်လာသဖြင့် ကာလည်း ကာသည်၊ ရှောင်လည်း ရှောင်လိုက်သည်။ သို့သော် လူကြီးက တစ်ဆက်တည်း အတင်း တိုးဝင်လာပြီး ရှေ့လက်ကလည်း ဖမ်းချုပ်၊ အကြံနှင့် နေသောနောက်လက်သည်လည်း တဆတ်ဆတ် ချောင်းထိုးနေသည်ဖြစ်၍ လက်နှင့် ဝမ်းဗိုက်ကို ထိုးမိလေတော့၏ ။
"စွပ်".... "စွပ်"
လက်ျာဘီလူး နောက်ယိုင်သွား၏ ။ ထိုလူကြီး လိုက်မလာတော့ပါ။ သွေးစွန်းနေသော ဓားသွားအလျားကို ကြည့်လျက် ကျေနပ်ဟန်ဖြင့်
"မင်းက တကယ်တော့ မစွမ်းပါဘူးကွာ၊ အစောင့်ကောင်းလို့ လူတွင်ကျယ်နေတာပါ ငစံ"
ဟု ဆိုလေသည်။

Written by သင်္ခရာဇာ

End date: November 7, 2021

စစ်တွင်းသစ္စာ (၄)

              ထိုသို့ လေးတွဲခန့် ပြိုင်မိသောအခါ မြန်မာဗိုလ်များက ၃ ကြိမ် နိုင်၍ ရွာသားတစ်ဦးက တစ်ကြိမ် နိုင်သည်။ ထို့ကြောင့် စောစေးကိုယ်တိုင် ဝင်လာသည်။
"ကျွန်တော် ပြိုင်ကြည့်ပါဦးမည်၊ ဗိုလ်တစ်ဦးဦးနှင့် ဖက်ပြိုင်လိုပါသည်"
လက်ျာဘီလူးက ဘေးမှ ငသူရိန်ကို ဓားရိုးဖြင့် တွန်းလိုက်၏ ။ ငသူရိန် ရှေ့ထွက်သွားသည်။ သူက ပြုံး၍ လက်ျာဘီလူးထံ ဓားကို ကမ်းပေးလိုက်သည်။
"ဗိုလ်မင်းရဲ့ အမည်လေး သိပါရစေခင်ဗျား"
စောစေးက အရိုအသေပြုရင်း မေးရာ
"ကျုပ် ဗိုလ်မဟုတ်ပါဘူး၊ သွေးသောက်တစ်ယောက်ပါ"
"စိတ်မရှိပါနှင့်ခင်ဗျား၊ ကျွန်တော်မျိုးက ဗိုလ်တွေနဲ့ ဖက်ပြိုင်ကြည့်ချင်လို့ပါ သွေးသောက်ကြီး"
ထိုအခါ နောက်မှ လက်ျာဘီလူးက
"သူနဲ့ပဲ ယှဉ်ကြည့်ပါဦးလေ၊ သူ့ကို နိုင်တော့ ကြိုက်ရာလူ တောင်းပေါ့"
စောစေးက လက်ျာဘီလူးကို တစ်ချက်ကြည့်ရင်း တွေနေသည်။ နောက်မှ လက်ခံကာ ခေါင်းညိတ်ပြ၏ ။ ကွင်းလယ်တွင် နှစ်ယောက်သား ယှဉ်ရပ်မိကြပြီ။
အသားဖြူဖြူ ကိုယ်ထည်တောင့်တောင့်တွင် ဆေးစိမ်းများ တစ်ကိုယ်လုံး ထိုးနှံထားသူနှင့် အသားလတ်လတ် အရပ်ရှည်ရှည် ပိန်သွယ်သွယ်ခန္ဓာမှာ သိကြားရုပ်တစ်ခုသာ ထင်ထင်ရှားရှား ပေါက်ထားသူ နှစ်ဦး၊ သိကြားရုပ်ပိုင်ရှင်က သိကြားရုပ်ဆန်ဆန် လက်အုပ်ချီထားသည်။ ရှမ်းစာများ ထိုးထားသူက သိုင်းကွက်နင်းလိုက်၏ ။
"ဟိတ်"
ငသူရိန်က မတုန်မလှုပ် ပြုံးနေရင်း ခြေစုံရပ် လက်အုပ်ချီထားရာမှ မရွေ့။ စောစေး လက်သီးတစ်ချက် ဆတ်ပြလိုက်သော်လည်း လက်အုပ်ချီမပျက်၊ ထို့ကြောင့် စောစေးက အလျင် ဝင်လိုက်သည်။
"ဖန်း" "ဖန်း"
စောစေး၏ လျင်မြန်သော ထိုးချက်နှင့် လှပသော ဝိုက်ကန်ချက် တွဲလုံးကို သတိအနေအထား ရပ်နေရာမှပင် လက်ဖျံနှစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်ကာ ပြန်၍ လက်အုပ်ချီလိုက်ပြန်သည်။
"ကိုယ့်လူက ဘာပုံလဲ၊ မခန့်မညားနဲ့.. လာလေ့"
စောစေး၏ အကွက်ကျကျ ကန်ချက် တိုက်ချက်များကြားမှ ရုတ်တရက် ဒူးပျံတစ်ချက် လှစ်ခနဲတိုးထွက်လာ၏ ။ ငသူရိန် ချက်ချင်း ပုံစံပြောင်းသွားကာ ရင်ညွန့်သို့ ဝင်လာသော ဒူးကို လက်နှစ်ဖက်ဖြင့် အုပ်ကာရင်း လေပေါ် အလိုက်သင့် မြောက်သွားသည်။
နှစ်ဦးသား မြေပေါ် ပြန်ကျလာချိန်တွင် ကရင်လူငယ်၏ ဒူးကို မြန်မာတပ်သားက ပိုက်မိထားပြီတည်း။ ပရိသတ်မှာ ဝေါခနဲ ဆူသွားလေသည်။ စောစေး၏ ပြင်းထန် မြန်ဆန်သော ဒူးတိုက်ချက်ကို မိသူတိုင်း မချိမဆံ့ ခံစားသွားရသည်ချည်း ဖြစ်သော်လည်း ယခုအကြိမ်တွင်တော့ မြန်မာတစ်ယောက်က ပထမဦးဆုံးအဖြစ် ချုပ်ဖမ်းထားနိုင်ခဲ့၏ ။
သို့ရာတွင် သူရိန်က ဘာမှ မလုပ်ဘဲ အသာတွန်းကာ ပြန်လွှတ်ပေးလိုက်သည်။ စောစေး ဖျတ်ဖျတ်လတ်လတ်နှင့် လက်သီးတွဲလုံးများ ပစ်သွင်းလာ၏ ။ ငသူရိန်က တံတောင် လက်ဖျံ မြှောက်ဒူး စသည်တို့ဖြင့် ရိုက်ပယ်ရာ ထိသည်လည်းရှိ၊ လွဲသည်လည်း များလေသည်။
ငသူရိန်ကတော့ တကယ် မထိုးသေးဘဲ ဟန်ပြလောက်သာ ဝိုက်လက်သီး ဖြောင့်လက်သီးများ ထိုးပြသည်။ အားလည်းမပါ၊ ထိအောင်ထိုးသည်လည်း မဟုတ်၊ နည်းပြဆရာက တပည့်ကို သင်နေသလို ဖြစ်နေ၏ ။ သို့သော် တစ်ချီ၌ စောစေး အပိုင်ထင်၍ ဝင်လာသည်ကို တစ်ချက် ထောက်မိသွားသည်။
သို့နှင့် လူရော လက်ပါ လိုက်ဝင်သွားရာ အထိမနာသော စောစေးက နောက်သို့ ကိုယ်ယိမ်းကာ ညွှတ်ရှောင်သည်။ လူချင်း ရုတ်တရက် ပူးကပ်သွား၏ ။ လက်ရုံးပညာရှင် နှစ်ဦးမို့ အမှားမခံ၊ သာသူက စားသွားမည့် အချိန်မျိုးမှန်း နားလည်သူတိုင်း သိနေကြပြီ။
စောစေးက နောက်ယို့ထားရာမှ လူကျွံလာသော သူရိန်ကို ဝိုက်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ သူရိန်ကလည်း အယောင်ပြ ဖြောင့်လက်သီး ထိုးပြီးသည်နှင့် ခေါင်းကို ငုံ့ထားကာ နောက်လက်ဖြင့် ပတ်၍ ရိုက်လိုက်ရာ စောစေးမှာ မထင်မှတ်ချိန် ကျားတံတောင်စာ မိသွားလေသည်။
"ဖြောင်း"
စောစေး ယိုင်ဆင်းသွား၏ ။ မလဲစေရန် ဟန်ချက် ထိန်းနေစဉ် သူရိန်က မြေရှပ်ဝိုက်ခြေနှစ်ထပ် တစ်ဆက်တည်း လိုက်သွားသဖြင့် ခြေချိတ်မိကာ ပက်လက်ကျလေတော့သည်။ ငသူရိန်အဖို့ လုပ်နေကျ ဖြစ်ပေလိမ့်မည်။ သူစိမ်းဖြစ်သော ကရင်လူငယ်ကတော့ မရှုမလှ ခံလိုက်ရ၏ ။
"ဟိတ်"
စောစေး လဲကျနေရာမှ ချက်ချင်း မထနိုင်ဘဲ မူးဝေနေခိုက် နောက်လူတစ်ဦးက ခုန်ဝင်လာသည်။ သူရိန်ကို ဒူးဖြင့် ခုန်တိုက်လာ၏ ။ ရှောင်လျက် ခွာထားသောအခါ လိုက်မလာဘဲ စောစေးကို လက်ကမ်း ထူနေသည်။ အရှက်တကွဲ ရှုံးနိမ့်မခံလိုသောကြောင့် ဖြစ်မည်။ သူရိန်က လက်ျာဘီလူးကို ကြည့်ရာ တပ်မှူးမှာ သူ့ကို ကြည့်မနေချေ။
"ဝင်မယ်ဆိုလည်း ပြောလေဗျာ၊ ရပါတယ်"
"မဝင်ပါဘူး၊ လူကူတာပါ"
စောစေးက သူ့ကို ကမ်းထားသော လက်ကို ရိုက်ပုတ် ဖယ်ထုတ်လိုက်ပြီး ထပြေးလာကာ သူရိန်ကို ပင့်လက်သီး ၂ ချက် အယောင်ပြပြီးနောက် ခြေစုံပစ်ကန်ထည့်လိုက်သည်။ လက်သီးချက်များကို ယိမ်းရှောင်နေသော သူရိန်မှာ တစ်ကိုယ်လုံး ပစ်ဝင်လာသည်ကိုမူ မရှောင်နိုင်တော့ဘဲ လုံးထွေး လဲကျသွား၏ ။
တလင်းပြင်၌ လူနှစ်ဦး လုံးထွေး နပန်းသတ်နေသည်ကို ပရိသတ်က တခဲနက် အားပေးကြသည်။ အချို့က ရယ်ကြပြီး အချို့မှာ အားမာန်ပါပါ လက်သီးလက်မောင်း တန်းနေ၏ ။ တန်သင့်ပြီ ဖြစ်သော်လည်း မည်သူမျှ မတားမိကြဘဲ ကြည့်နေကြရာ သူရိန်က သန်မာစွာ ချုပ်ကိုင်ရန် ကြိုးစားနေသည့် စောစေးအောက်မှ လှပစွာ လိပ်ပြာရုန်း ရုန်းထွက်ပြလိုက်သည်။
ဖတ်ခနဲ ငသူရိန် အပေါ်ရောက်သွားလျင် သွားချင်း စောစေး လက်ကို ခြေခွင်နှင့် ပစ်ညှပ်ပြီး လူကိုလှည့်ဖိချသည်။ စောစေး တောင့်ထားသော်လည်း လူအားကြောင့် လက်လိမ်ခံလိုက်ရလေပြီ။ ရုန်းမရတော့။ ငသူရိန် တစ်ကွက်ကောင်း အပိုင်ချုပ်နိုင်ခဲ့ပြီမို့ စောစေး ရှုံးရတော့သည်။
ပရိသတ်များမှာ ငြိမ်နေကြသည်။ လူစွာ စောစေးအား အဖက်ဖက်မှ အနိုင်ယူနိုင်စွမ်းသည့် သွေးသောက် ငသူရိန်ကိုသာ အံ့သြစွာ ကြည့်နေကြရသည်။ ငသူရိန်က စောစေးကို တွဲထူပြီးနောက် လက်ျာဘီလူးထံမှ ဓားကို ပြန်ယူသည်။ စောစေးက
"ကုန်းဘောင် ရွှေတပ်တော်သားများ လက်ရုံးအစွမ်းထက်လှကြောင်း ကျော်သည်နှင့် ညီပါပေသည်။ ဤနောင်ကြီး၏ ပညာမှာမည်သူ့ကိုမျှ ရှုံးရန် မရှိပြီ"
ဟု ထုတ်ဖော်ချီးကျူးလိုက်ရာ ပရိသတ်များ လက်ခုပ်တီးလိုက်ကြသည်။ လက်ျာဘီလူးနှင့် ပရိသတ်ထဲမှ လူကြီးတစ်ဦးတို့ကတော့ တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်ကာ အကြည့်ချင်း ပြိုင်နေသည်မှာ လူအများ သတိထားမိလာကြသည်အထိ။
သျှောင်ထုံးထားသော လူကြီးက စူးရဲအေးစက်စွာ မလွှဲမဖယ် ကြည့်နေသလို လက်ျာဘီလူးသည်လည်း ခက်ထန်မာကျောစွာ စိုက်ကြည့်နေခြင်း ဖြစ်သည်။ မသိလျင် ရန်သူနှစ်ဦး စောင်နေကြသကဲ့သို့ရှိ၏ ။ လူတချို့ သတိထားမိသွားကြပြီး တစ်ခုခု ဖြစ်တော့မည်လားဟု တွေးထင်နေကြစဉ် စောစေးက ထိုလူကြီးကို လက်မောင်းဆွဲကိုင် ခေါ်သွားလေသည်။
ကျောမှ ကြည့်လျင်ပင် ကြွက်သား အပြိုင်းအရိုင်း ထနေသည့် လူကြီးမှာ လက်ျာဘီလူးကဲ့သို့ သေးသွယ်သွယ် လူငယ်ကလေးနှင့်ဆိုလျင် သားအဖခန့် ကွာခြားနေ၏ ။ ငကံက တီးတိုးမေးလိုက်သည်။
"ဘယ်သူများလဲ တပ်မှူး"
"မသိဘူး"
တိုပြတ်ပြတ် ဖြေသော်လည်း မျက်လုံးမရွေ့။ တပ်မှူး ထိုမျှ စူးစိုက်သည်ကို မမြင်ဖူးသဖြင့် ငကံ ထပ်မမေးတော့ဘဲ
"သည်ရွာက မဟုတ်သူတွေ အများအပြား ရောက်နေတယ် တပ်မှူး၊ အိမ်ရှင်လူကြီးတွေနဲ့ ရုပ်ရည်လက္ခဏာ မတူညီတဲ့ လူငယ်တွေ၊ တစိမ်းမှန်း သိသာစေတဲ့ အမူအရာတွေ တွေ့ခဲ့ရပါတယ်"
လူအများ အကဲခတ် ကြည့်နေကြသဖြင့် လက်ျာဘီလူး မသိမသာ ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။ မည်သူကမှ နှုတ်မဆက်ပါ။ မည်သူကမှလည်း ရန်မပြု၊ အေးချမ်းစွာ ပြန်ထွက်သွားကြသည်။
ကာလသားသမီးများ ဆုံရာ အိမ်ကြီးတစ်လုံးတွင်တော့ လူငယ်များစွာ အံတကြိတ်ကြိတ်။ အထူးသဖြင့် စောစေး ရှုံးနိမ့်ခဲ့ရမှုအတွက် နာလိုခံခက် ဖြစ်နေကြသည်။ ရှင်မင်းအေးကိုယ်တိုင် မနိုင်မှန်း သိသော်လည်း ထိုသွေးသောက်ဆိုသူကို ရသလောက် သတ်ပုတ်လိုက်ချင်သည်။ မြန်မာများ၏ ကျွမ်းကျင်မှုကို မြင်ခဲ့ရ၍ သတိထားစရာများ တိုးလာခဲ့၏ ။
"ဒီကောင်တွေ လက်ရုံး သိပ်ကောင်းတယ်၊ ဒါ့ကြောင့် မွန်ဗိုလ်မှူးတွေ မနိုင် ဖြစ်နေရတာပဲ။ ငါတို့ အမှုမဲ့ ပေါ့ဆလို့ မဖြစ်ဘူး။ အလစ်ကို မိမိရရ ကိစ္စဖြတ်နိုင်ဖို့ လိုတယ်"
စောစေးက လက်ကို တောင်ဆိတ်ဆီလိမ်းဆေး လိမ်းရင်း ပြောနေ၏ ။ ညတွင်းချင်း လုပ်ကြံလိုသည်ဟု သွေးဆူနေခဲ့သူများမှာ ယခုတော့ နှုတ်ဆိတ်နေကြလေပြီ။ ငသူရိန်လို လူမျိုးတွေနှင့် တိုးနေမှာ ကြောက်နေကြလေသလော။ သည်ကြားထဲ အပြင်မှ တပ်များ ရွေ့နေကြသည်ဟု ကောလာဟလ ထွက်လာပြန်၏ ။
မည်သို့ ရွေ့သနည်း ဟူမူ စခန်းချရာများ ပြောင်းသည်၊ သို့မဟုတ် လူများ စခန်းတစ်ခုမှ တစ်ခုသို့ ပြောင်းကြသည်၊ ထို့ပြင် ကင်းစင်ပေါ်မှ ကြည့်လျင် ပေါ်လိုက် ပျောက်လိုက် မြင်ရသည်၊ တစ်ခါတစ်ရံ လမ်းပေါက် လုံးဝ ဖွင့်ထားလိုက်ပြီး အတန်ကြာအထိ ရှိနေတတ်သည် ဆို၏ ။
မြန်မာများ ဘာလုပ်နေကြသည်ကို သူတို့ မသိသော်လည်း ပရိယာယ်တစ်ခုခု ရှိလိမ့်မည်ဟုတော့ နားလည်နေကြသည်။ ထို့ကြောင့် မည်သူမျှ ဆင်းမကြည့်၊ စစ်ကူခေါ်ရန် မထွက်ကြ။ စောစေးကလည်း မထွက်သည်မှာ မှန်သည်ဟု သုံးသပ်သည်။ ထွက်မိပါက သစ္စာပေးပွဲ ပျက်ပေလိမ့်မည်။
တစ်ရွာလုံး ညီညီ တိုက်နိုင်ဖို့မှာ လူငယ်လူကြီး ရွာလေးရွာလုံး ပါဝင်သော နံနက်ပွဲမှသာ ဖြစ်နိုင်သည်။ ညဘက်ချောင်းမြောင်းတိုက်လျင် နိုင်ရန် မလွယ်သကဲ့သို့ အုပ်မိရန်လည်း ခက်လှသည်။ အပြင်မှ တပ်များကို ဖမ်းဆီးမိရန်မှာ ပို၍ မဖြစ်နိုင်ဟု ထင်လာရသည်။ တုတ်လက်နက်များပင် ဖြစ်စေကာမူ သူရဲကျော်တစ်ဦး ဦးစီးနေခြင်း ဖြစ်၏ ။ မိမိပင် ထိုတပ်မှ သွေးသောက်တစ်ဦးကို ရှုံးနိမ့်ခဲ့ရပြီ။

ထို့ကြောင့် နံနက် ပြုလုပ်ရန်တို့ကိုသာ အသေးစိတ် အစီအစဉ် ဆွဲကြပြီးလျင် လူစုခွဲလိုက်ကြလေသည်။

(ဆက်ရန်..)   စစ်တွင်းသစ္စာ  (၅)

Written by သင်္ခရာဇာ

End date: November 7, 2021

စစ်တွင်းသစ္စာ (၃)

ကာလသားခေါင်း စောစေးအိမ်ဝယ် လူတရုန်းရုန်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏ ။ တစ်ယောက်ပြီးတစ်ယောက် တက်လာကြပြီး အမျိုးမျိုး ပြောနေကြသော်လည်း အကြောင်းအရာမှာ တစ်ခုတည်း။
"ရွာပြင်က တပ်မှူးမှာ ဗိုလ်မှူးမင်းထင်နော်ရထာ ဖြစ်သည်"
လူအုပ်ရှေ့၌ ထိုင်နေသော စောစေး ကြာတော့ စိတ်ရှုပ်လာသည်။ မည်သူမျှ တိတိကျကျ ရေရေရာရာ အာမခံနိုင်ခြင်းလည်း မရှိ။ တစ်ဆင့်ကြားဖြင့် သို့မဟုတ် အထင်ဖြင့် လာရောက် ပြောကြားနေကြခြင်းမျိုးချည်း ဖြစ်နေသည်။ ထို့ကြောင့် သူ အော်လိုက်မိ၏ ။
"နင်တို့ ခဏ နေကြစမ်းပါ။ စာရင်းလုပ်တဲ့ ငရွှေအောင်ကို သွားခေါ်ချေစမ်းကွာ"
လူတရုန်းရုန်းကြားမှပင် မြေတိုင်း ငရွှေအောင် ရောက်လာသည်။ စောစေးအနီး ရှိနေသော ရှင်မင်းအေးက သေသေချာချာ မေး၏ ။
"ဗိုလ်မှူး မင်းထင်နော်ရထာ အမည်က လက်ျာဘီလူး လား ဖိုးရွှေအောင်"
"အဲသလိုတော့ မကြားမိပါဘူးဗျာ့၊ ကျုပ်လည်း ကြားတဲ့အတိုင်း မှတ်တမ်းတင်လာတာပဲဗျာ့"
"မင်းထင်နော်ရထာက ဘာလဲ"
"အင်း.. အဲ၊ အရှေ့ဝင်းတော်မှူး ဖြစ်မယ်"
"လက်ျာဘီလူးကရော"
"ဗိုလ်မှူး ထင်တယ်"
စောစေး ထအော်၏ ။
"သေသေချာချာ ပြောစမ်းဗျာ"
"ဟ.. ငါလည်း သိရတဲ့အတိုင်း ရေးမှတ်လာခဲ့တယ်လေကွာ၊ စာရင်းထဲပါတာ အကုန်ပေါ့"
"ဒါဆို မင်းထင်နော်ရထာ နဲ့ လက်ျာဘီလူး တူသလား မတူဘူးလား နင်မသိဘူးပေါ့"
"အေး.. မသိဘူး"
"ဒါဆို သွားတော့"
ရှင်မင်းအေးက စောစေးအား
"ဘယ်လိုလုပ်ကြမလဲ ကိုရင်"
ဟု မေးရာ စောစေးက
"ဘယ်လိုလုပ်ရမလဲ၊ သူ့အမိန့်က ပြင်းနေတော့ ဗိုလ်မှူးတွေလည်း မတတ်နိုင်ဘူးဆို။ ခုည ဝင်တိုက်ဖို့ကလည်း လူတွေ တကွဲတပြားစီ တည်းနေကြတယ်ဆို။ ငါတို့ စီစဉ်ထားသလို မနေဘဲ သူတို့ဘာသာ တစ်အိမ် ၅ ယောက်လောက် တက်နေတော့ ဘယ်လို လိုက်ဖမ်းရမလဲ။ အပြင်မှာလည်း အဲဒီကောင် တပ်တွေ ကျန်နေသေးတယ်"
"ဟာ ဝါးချွန်သမားတွေလောက်က မှုစရာမဟုတ်ပါဘူး"
"ဝါးချွန် ကြောက်လို့ မဟုတ်ဘူး။ မြင်းသည်တွေ ဘယ်လိုနေလဲ သိကြလား၊ အနီးအနား အိမ်တွေမှာ စုနေကြတာတဲ့။ ငါတို့အင်အားနဲ့ မြင်းအစုကို ဝိုင်းရင် သေနတ်အစု လွတ်သွားနိုင်တယ်။ အားလုံးကို တစ်ပြိုင်နက်တည်း နိုင်နိုင်နင်းနင်း စီးနိုင်လောက်တဲ့ အင်အား ငါတို့လူငယ်အဖွဲ့မှာမှ မရှိဘဲ။ လူကြီးတွေကလည်း မနက်မှ တစ်ချက်တည်း ဖမ်းမယ် ဆိုတာကို ကြိုက်နေကြတယ်လေ"
"အခု တို့အင်အားနဲ့ သူတို့ဆီ သွားတွေ့ပြီး လမ်းပေါက်တွေ ဖွင့်ဖို့ ပြောကြမယ်ဆိုရင်ရော"
"လူကြီးတွေက အပြောမခံဘူး ဖြစ်နေတာ၊ အကြံအစည်ရှိတာ မရိပ်မိစေချင်သလို မပြီးခင်မှာ ပဋိပက္ခလည်း မဖြစ်စေချင်ကြဘူး။ တစ်ခုခု အခန့်မသင့်ခဲ့တာနဲ့ သူတို့တွေ သတိထားသွားကြလိမ့်မယ်လို့ ပြောတယ်"
ရှင်မင်းအေး ဝင်ပြောလာသည်။
"အဲဒါလည်း ဟုတ်တာပဲ၊ ဟိုလူသာ မင်းထင်နော်ရထာဆိုရင် သူ့ကိုလည်း ပေါ့ဆလို့ မရဘူး။ အကွပ်အညှပ် ကောင်းတယ်လို့ ကြားဖူးတယ်။ ဟုတ် မဟုတ်ထက် ခုပဲ သူ့ကြောင့် အစီအစဉ်တွေ လွဲချော်ကုန်ရပြီ မဟုတ်လား"
"ဒီကောင်လေး ငါ့တာဝန်ထားပါ။ နှမ လုပ်ရမှာက မနက် ပွဲမှာ အမျိုးသမီးတွေနဲ့ သင်းတို့ ဗိုလ်တွေ မရိပ်မိအောင် ဆွဲဆောင်ထားနိုင်ဖို့ရယ်၊ မြင်းသည်ကျော်တွေ သေနတ်အစုတွေကို သေရည်တိုက်ထားနိုင်ဖို့ရယ်ပဲ။ ခုထိတော့ အတော်များများက တိုက်ရခက်တယ်လို့ သိရတယ်။ ဗမာတွေ ခိုးကြောင်ခိုးဝှက်ပဲ မြိုရဲကြသတဲ့။ သူတို့ဘုရင်က သေရည်မသောက်ရ အမိန့်ထုတ်ထားလို့တဲ့"
"ဘုရင်ကိုတော့ အတော်ကြောက်တဲ့ လူမျိုးတွေ"
ဟု တစ်ဦးက ဝင်ပြောသည်။
"ဗိုလ်မှူးနှစ်ယောက်ကတော့ တွယ်တာပဲဟ"
"ကောင်းတယ်၊ ဒါဆို သိပ်မခက်ခဲပါဘူး"
"ရွာကူတွေ ခေါ်ဖို့ ဘယ်လို လုပ်ကြမလဲ"
"ခေါ်မရလောက်တော့ဘူး ဖိုးဝါး၊ ညလည်း ထွက်မရ၊ မနက်လည်း ပွဲရှိတော့ အထဲက လေးရွာစုအင်အားနဲ့ပဲ တိုက်ရမှာပဲ။ အလစ်အငိုက်ရရင် လွယ်မှာပါ။ ငါတို့မှာ လူ ၆၀၀ ကျော် ရှိနေတာပဲ။ ခဏနေရင် ရွာသုံးရွာက အကြီးတွေ ရောက်လာတော့မယ်"
စောစေး ပြော၍ မကြာမီပင် ရွာလူကြီး ၃ ဦး၊ ခေါင်းမင်းများနှင့် နောက်လိုက်နောက်ပါ ၅၀ ကျော်တို့ ရှေ့ဆင့်နောက်ဆင့် ရွာသို့ ဆိုက်ရောက်လာကြလေသည်။ ရောက်ရောက်ချင်း
"ဝှီး.. နင်တို့ ရွာကလည်းဟေ့၊ အဝင်အထွက် တင်းကြပ်လိုက်သမှ နှစ်ဖွဲ့တောင် စစ်နေတာပါလားဟ"
ဟု ပြောကြရ၏ ။ အပြင်မှ မြန်မာများ ပြီးလျင် အတွင်းမှ လူငယ်တပ်က ထပ်မံ စစ်ဆေးကြသောကြောင့် ဖြစ်သည်။ ထိုလူများနှင့်က စောစေးတို့ အချိန်းအချက် ပြုပြီးသား။ မိမိတို့ ရွာက ဦးဆောင်လျင် သူတို့ အနောက်မှ ပါမည်ဟူ၍ ကတိကဝတ် ရပြီးထားလေပြီ။
ဧည့်သည်တော် ဗိုလ်မင်းများကို ညစာကျွေးမွေး ဧည့်ခံရာသို့ ရွာပြင်မှ လူငယ်တပ်မှူး ရောက်မလာချေ။ သူ့အား ခေါ်ရန် ဗိုလ်များကို လျှောက်တင်ရာတွင်လည်း အားလုံးက 'နေပါစေ၊ ထားလိုက်ပါ။ သူလာချင် လာပါလိမ့်မယ်' ဟူသည့် စကားမျိုးသာ ဆိုကြ၏ ။ 'ဘယ်ဟုတ်မလဲ၊ အားလုံး အတူတူ ဧည့်ခံရမှာပေါ့' ဆိုသည်ကို 'ခေါ်စရာ မလိုဘူး၊ လာပါလိမ့်မယ်' ဟု နှစ်သိမ့်ကြလေသည်။
တကယ်တမ်း ရောက်လာသော အချိန်က ရွာခံများမှ ဗိုလ်မင်းများအား သူကြီးအိမ်ရှေ့ မြေတလင်းဝယ် အက အလှ သိုင်းပညာ စသည်တို့ဖြင့် ဖျော်ဖြေချိန်တွင်မှ ဖြစ်သည်။ နောက်ပါလူ နှစ်ဦးတည်းနှင့် ဝင်လာခြင်း ဖြစ်ပြီး ဓားများသာ ချိတ်ဆွဲထားကြ၏ ။ တစ်ဦးက လှံကိုင်စွဲလျက်။
သူတို့ ပုံစံကို ကြည့်၍ ဗိုလ်မှူး မင်းထင်နော်ရထာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းနေကြသူများ တွေဝေကုန်၏ ။ မင်းထင်နော်ရထာ၏ လက်ရုံး သူရဲတစ်ဦးသာ ဖြစ်ပါလိမ့်မည်ဟု ခန့်မှန်းမှုများ လူအုပ်အတွင်း ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် လက်ျာဘီလူးက ထူးခြားမှုတစ်ခုကို သတိပြုမိလာသည်။
"ငသူရိန်၊ လမ်းသွားလမ်းလာတွေနဲ့ ဝင်းထဲက လူအုပ်ကို ကြည့်စမ်း"
"ဘာတွေ့လို့လဲ တပ်မှူး"
"များလိုက်တဲ့ လူတွေ၊ ဒီရွာက အိမ်ခြေ နှစ်ရာခန့်လို့ပဲ သိထားတယ်နော်။ ခုလူတွေ ကြည့်စမ်း"
"ဟုတ်သားပဲ၊ ကြိတ်ကြိတ်တိုးနေကြတာ ဘုရားပွဲတော် လာကြတဲ့အတိုင်း"
ငကံက တီးတိုး ဆိုသည်။
"မရှိဘူးဆို တစ်ရွာလုံး လူထောင်ကျော်လိမ့်မယ် ထင်တယ်"
"အင်း.. တစ်အိမ် ငါးယောက်လောက် ရှိနိုင်တဲ့ ရွာမျိုးလား သွားလေ့လာစမ်းကွာ"
ငကံ လှံကိုင်လျက် လှစ်ခနဲ ထွက်သွား၏ ။ လက်ျာဘီလူးက လူအုပ်ထဲ ဝင်လာရာ လူအများ ဘေးသို့ ရှဲပေးကြသည်။ ထိုအခါမှ မြန်မာတို့က ဆီးကြိုကြ၏ ။
"ဟော.. တပ်မှူး လာပြီလား၊ နေရာ ပေးလိုက်ကြပါဦး"
"လာ.. လာ၊ တပ်မှူး။ သည်မှာ ထိုင်"
"မထိုင်တော့ဘူး၊ ငါ ခဏပဲ"
လက်ျာဘီလူးက သူ့ တပ်သားများရှေ့ သွားရပ်နေ၏ ။ ရွာသားနှစ်ဦး ကျင်ကိုင်ပြနေသည်ကို ကြပ်ကြပ်ညပ်ညပ် လူအုပ်ကြားမှ ကြည့်နေရာ လူအများမှာ ဗိုလ်မှူးတစ်ဦး မည်သို့မျှ မဟုတ်နိုင်ဟုသာ ယူဆနေကြလေသည်။ အားလုံးကလည်း တပ်မှူး ဟုသာ ခေါ်နေကြသည်ကိုး။
ကွက်လပ်ထဲမှ လူနှစ်ဦး ထွက်သွားသောအခါ အကြံရှိသော ကာလသားခေါင်းဆောင် စောစေး ဝင်လာပြီး
"ကျွန်တော်မျိုးတို့နဲ့ သတ်ပုတ် ကစားဖို့ ကုန်းဘောင် ရွှေတပ်တော်များထဲမှ ဗိုလ်တစ်ဦးကို ဖိတ်ခေါ်ပါတယ်ခင်ဗျား၊ အပျော် ပညာဖလှယ်ကြရုံပါ"
တပ်သား အိုးစား သွေးသောက် စသည့် အောက်အဆင့်များကို မခေါ်ဘဲ ဗိုလ်အဆင့်မှ စ၍ ယှဉ်ပြိုင်လိုသည် ဆိုသည့် စောစေး၏ စိန်ခေါ်ချက်မှာ မခံချင့်ဖွယ်။ စစ်သည်များ ဒေါသထွက်ကြ၏ ။ ဗိုလ်များ မျက်နှာပျက်ကြ၏ ။ ဗိုလ်မှူး သုံးဦးကတော့ ခပ်တည်တည်၊ ခပ်အေးအေး။
ဟိုမှ သည်မှ ဗိုလ်များ ထလာကြရာ ပင်လယ်ဂါမဏိက တစ်ဦးကို လက်ညှိုးညွှန်၍
"အပျော်ပဲ သတ်ပုတ်ပါ၊ လက်မလွန်ပါစေနှင့်"

              ဟု မှာသည်။ ဗိုလ်က ခါးတောင်းကျိုက်လိုက်သည်။ ဓားကို ဖြုတ်၍ အနောက်သို့ ကမ်းပေးပြီး မြေတလင်းပေါ် ဝင်လာရာ စောစေးက သန်မာသော လူငယ်တစ်ဦးနှင့် ဖက်ပြိုင်စေ၏ ။

(ဆက်ရန်..)   စစ်တွင်းသစ္စာ  (၄)

Written by သင်္ခရာဇာ

End date: November 5, 2021

စစ်တွင်းသစ္စာ (၂)

 ကြီးမား ကျယ်ဝန်းလှသော သူကြီးအိမ်ပေါ်သို့ ဗိုလ်များအားလုံး ရောက်ကြလျက် နေရာယူပြီးသောအခါမှ လက်ျာဘီလူး တက်သွားကာ ဗိုလ်မှူးနှစ်ဦးနှင့် ယှဥ်ထိုင်လိုက်သည်။ ထိုအချိန်တွင် ရွာခံများနှင့် ဗိုလ်များမှာ အသီးသီး မိတ်ဆက်ပြီးကြလေပြီ။ ဗိုလ်မှူးကြီးများဘေး ဝင်ထိုင်လာသော လူရွယ်ကို ခေါင်းမင်း သူကြီးမင်းတို့က ငေးကြည့်နေကြ၏ ။

'သူက ဘယ်သူမို့ အဲဒီနေရာ ဝင်ထိုင်ရတာလဲ' ဟု အချင်းချင်း တီးတိုးမေးကြသည်။ ဗိုလ်မှူးများကလည်း မိတ်ဆက်မပေးတော့သဖြင့် ရွာသူကြီးကပင်
"မောင်က ဘယ်သူလဲကွဲ့။ မြန်မာ ရွှေတပ်တော်များမှာ ဘယ်အဆင့် ဘယ်တာဝန်များ ထမ်းဆောင်ပါသလဲ"
ဟု မေးလာသည်။ လက်ျာဘီလူးက
"ကျွန်တော် သူရဲတော် လက်ျာဘီလူးပါ။ တပ်မှူးတစ်ဦး ဖြစ်ပါတယ်"
"သြော်"
သူကြီးနှင့် ရပ်မိရပ်ဖများ ဇဝေဇဝါ ဖြစ်သွားကြ၏ ။ သာမန် တပ်မှူးတစ်ဦးက ဗိုလ်မှူးများနှင့် တန်းတူ ယှဥ်ထိုင်နိုင်သလားဟူ၍ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သာမန်လူလည်း မဖြစ်နိုင်ဟု သုံးသပ်မိကြ၍ သူကြီးက အိမ်ကျွန်လူရင်း တိုင်းကျော် ဟူသည့် သူကို မျက်ရိပ်ပြရာ တိုင်းကျော် အတွင်းခန်းထဲ ဝင်သွားလေသည်။
အခန်းထဲတွင်ကား ပေရွက်များနှင့် အမျိုးသမီးငယ်နှစ်ဦး ရှိနေကြသည်။ တိုင်းကျော်က 'သူရဲတော် လက်ျာဘီလူး ဆိုတဲ့ အမည်ကို ညည်းတို့ ရှာကြည့်ကြစမ်း' ဟု ဆိုလိုက်ရာ ယွန်းသေတ္တာထဲ စီထည့်ထားသော မှတ်တမ်းများကို ရှာဖွေပြီး တိုင်းကျော်ထံ အပ်သည်။
"သူရဲကောင်း လက်ျာဘီလူး၊ တပ်မှူး၊ မြန်မာဧကရာဇ်၏ အရေးပါသော ဗိုလ်တစ်ဦး တဲ့။ ဒါ့ကြောင့် နေမှာ"
တိုင်း​ကျော် လက်ဖက်အုပ် ကိုင်၍ ပြန်ထွက်လာပြီး ဗိုလ်မှူးများနှင့် စကားစမြည် ပြောဆိုနေသော သူကြီးမင်းနောက်၌ အတော်ကြာသည်အထိ ဝင်ထိုင်နေ၏ ။ မထင်မှတ်ချိန်မှ မသိမသာ ကပ်ပြောလိုက်သည်။
"အဲဒါ အရေးပါတဲ့ သူရဲကောင်းတစ်ဦးတဲ့ သူကြီး"
သူကြီးကလည်း မသိမသာ ခေါင်းညိတ်ပြလိုက်သည်။ လက်ျာဘီလူးကတော့ စကားဝိုင်းထဲ မဝင်၊ ပြောင်ပြောင်တင်းတင်း ကြည့်ရှု အကဲခတ်ခြင်းမျိုးလည်း မပြုဘဲ သူ့ဘာသာ လက်ဖက်ရည်ကြမ်း မှုတ်သောက်နေရင်း ရွာခံများကို ကြည့်နေလေသည်။
အတန်ကြာလျင် မပြောမဆို ထလိုက်ပြီး အိမ်ပေါ်မှ ဆင်းသွားသည်ကို ဗိုလ်မင်းများလည်း မတား၊ မသိကျိုးကျွံ ပြုနေကြသဖြင့် သူကြီးမှာ မမေးမစမ်းလိုက်ရဘဲ ဟဲ့.. ဟဲ့ ဟု မြည်တမ်း ကျန်ရစ်ခဲ့၏ ။ 'ဟိုမောင်ရင် ဘယ်သွားပါလိမ့်'ဟု ရေရွတ်၏ ။ ဗိုလ်မှူးများ မကြားဟန် ပြုနေလိုက်ကြသည်။
လက်ျာဘီလူးနှင့် တင်ကျည်းတပ်များ ရွာပြင် ပြန်ထွက်လာကြသည်တွင် လယ်ယာကိုင်းများထဲမှ ပြန်လာကြသော လူငယ်တစ်စုနှင့် ဆုံမိကြ၏ ။ လူငယ်များကလည်း ရွာထဲမှ ထွက်လာကြသည့် မြန်မာတို့ကို လိုက်ကြည့်နေသည်။ သူတို့သည် မြင်းများ ဆွဲလာသော လက်ျာဘီလူးနှင့် သူရိန်တို့ကို စေ့စေ့စပ်စပ် စောကြောသွားကြသည်။
"ဟိတ်.. သူတို့ ဘယ်သွားကြမလို့ပါလိမ့်"
"အခြားကိစ္စရှိလို့ တစ်ရွာရွာကို သွားကြတာလား မသိ"
"မြင်းနဲ့က ဘယ်သူတွေလဲ သိလား"
"ငါမသိ၊ ဗိုလ်တွေ တပ်မှူးတွေ ဖြစ်မယ်"
လက်ျာဘီလူးကလည်း တစ်သုတ်လျင် ဆယ်ယောက်ကျော် ပါသော လူငယ်များ တစ်စုပြီးတစ်စု ရွာတွင်းဝင်သွားသည်ကို ပြုံးကြည့်နေသည်။ သူ့မြင်းကြီးကို မျက်စိကျနေဟန် ရှိသော မိန်းမငယ်တစ်ဦးကိုပင် "အမိ စီးချင် စီးကြည့်လေ" ဟု ရုတ်တရက် လှမ်းပြောလိုက်သေး၏ ။ မိန်းမပျိုက အပြုံးနှင့် ခေါင်းခါ၍
"မြင်းချောလို့ ကြည့်တာဝေ့"
ဟု ပြန်အော်သွားသည်။ ခပ်ဝေးဝေးရောက်မှ
"သည်လူ ရဲတာပဲ၊ သူ့မြင်း သိမ်းခံရတော့မှာ မသိဘဲ လူပျိုလှည့်ချင်နေသေး"
ထိုသို့ အချင်းချင်း ပြောဆိုသွားကြချိန် လက်ျာဘီလူးကလည်း ထိုသူငယ်မသည် အကြောက်အလန့် နည်းလျက် ရဲတင်းသွက်လက်သူတစ်ဦးဖြစ်ကြောင်း မှတ်ချက်ချမိလိုက်၏ ။
ကာလသား လူငယ်များ ရွာတွင်းပြန်ရောက်၍ မကြာမီ မြန်မာတပ်သုံးတပ်တွင် နှစ်တပ်သည် ရွာတွင်း၌ တည်းခိုကြလိမ့်မည်ဖြစ်ပြီး တစ်တပ်မှာ ရွာပြင်တွင်သာ စခန်းချကြမည်ဟု သတင်းထွက်လာသည်။ သူတို့ အစီအစဥ်များအတိုင်း ပြုလုပ်ရန် မလွယ်ကူတော့သဖြင့် အလုပ်ရှုပ်ကုန်ကြရသည်။
နီးစပ်ရာ ကာလသားခေါင်း ဆယ်အိမ်ခေါင်းများထံ၌ စုဝေး၍ အစီအစဥ်သစ်များ ပြုလုပ်ကြရတော့၏ ။ ကုမ္မာရီအဖွဲ့ကတော့ ဧည့်ခံကျွေးမွေးရေး အလုပ်များနှင့် ဗျာများလျက် ရှိပြီ။ သူတို့၏ အဓိက အစီအစဥ်ဖြစ်သော သေနတ်သားများနှင့် မြင်းစီးသူရဲများကို ချုပ်ကိုင်နိုင်ရေးအတွက် နေရာချထားရေးကို စနစ်တကျ ပြန်လည်သုံးသပ် စီမံကြ၏ ။
"ဓား လှံတွေက ဝင်တိုက်လို့ ရတယ်၊ တိုက်မယ့်အချိန်မှာ သေနတ်သမားတွေ မြင်းသည်တွေ ဝင်မလာနိုင်ဖို့က အရေးကြီးတာပဲ။ အကျအဆုံး မများဖို့အတွက် ငါတို့ ပြင်ဆင်ထားတဲ့အတိုင်း ဖြစ်အောင် လုပ်ကြရမယ်။ ကိုယ့်လူကိုယ် ဂရုစိုက်ပါ၊ မလွတ်အောင် ထိန်းကြပါ။ သူတို့က လူခွဲသွားတော့ ဒီည လှုပ်ရှားဖို့ လွယ်တော့မှာ မဟုတ်ဘူး။ ငါတို့က အခြေအနေကို အသုံးချပြီး သင်းတို့အစွမ်းကို ည သိအောင်လုပ်မယ်။ မနက် ချက်တဖြုတ်တိုက်ပြီး ဖမ်းမယ်။ ဒါပဲ"
ခေါင်းဆောင်လူငယ် စောစေးက သူ့လူများကို အသေအချာ မှာကြားပြီး လူစုခွဲလိုက်ကြသည်။ ရွာပြင်မှ တပ်များကို စောင့်ကြည့်ရန်လည်း ဧည့်ခံသူများ စေလွှတ်ထား၏ ။ သို့သော် နေစောင်းသည်အထိ ရွာပြင်တပ်များ၏ ခေါင်းဆောင်ကို မသိရသေး။ ကြိုတင်စုံစမ်း ရရှိထားသည့် စာရင်းအရ ဗိုလ်မှူးမင်းထင်နော်ရထာလည်း ပါမလာ။
သူ့နေရာတွင် လူငယ်တပ်မှူးတစ်ဦး ကွပ်ကဲနေကြောင်းသာ သိရသည်။ မြင်းနီနှင့်လူ ဖြစ်၏ ။ တုတ်ရှည်များသာ ကိုင်စွဲထားကြသဖြင့် ယင်းတပ်များအပေါ် အထူးဂရုပြုမိကြခြင်း မရှိ။ ရောက်လာသူများတွင် အညံ့ဆုံးဖြစ်လိမ့်မည်ဟု အထင်ရောက်နေကြသည်။
စောစေးနှင့် ရှင်မင်းအေးတို့ သူကြီးကို သွားမေးကြရာ သူကြီးက ရွာပြင်တပ်များကို အုပ်ချုပ်နေသူမှာ လက်ျာကြံသိုင်း ဟူသော သူရဲတစ်ဦးဟု ဆိုသည်။ 'ဗိုလ်မှုး လက်ဝဲကြံသိုင်းနဲ့ အဆင့်တူလား' ဟု စောစေးက မေးရာ မဖြေနိုင်။ တစ်ဆင့်နိမ့်လိမ့်မည်ဟု ပြောလိုက်သည်။ ရှင်မင်းအေးက အိမ်အတွင်းခန်းသို့ ဝင်သွားပြီး
"ရွာပြင်မှာ တပ်ချတဲ့ တပ်မှူးတစ်ယောက်ရဲ့ အကြောင်း စာထဲမှာ ပါသလား"
ဟု အမျိုးသမီးငယ်နှစ်ဦးအား မေး၏ ။
"အဲလို အသေးစိတ်တော့ မပါဘူး။ ဗိုလ်မှူးတွေနဲ့ ဗိုလ်တွေ၊ သတိထားရမယ့် သူရဲကျော်တွေရဲ့ အမည်တွေတော့ ပါတယ်"
"သူလည်း သူရဲကျော်ထဲက တစ်ယောက်တဲ့။ ဘွဲ့အမည်က လက်ယာကြံသိုင်း တဲ့။ ရှာကြည့်ကြစမ်းပါအေတို့"
မွှေနှောက်ရှာဖွေကြသော်လည်း ပေချပ်များ၌ ထိုအမည်ကို မတွေ့ရ။
"မနက်ကတော့ ကိုရင်တိုင်းကျော်ကြီး လူတစ်ဦးအမည်ကို ပြောပြီး လာရှာခိုင်းသေးတယ်။ လက်ျာဘီလူး ဆိုလားပဲ"
"လက်ျာဘီလူး.. ကြားဖူးသလိုပဲ။ အဲဒီပေရွက် ငါ့ပြစမ်းပါ"
ရှင်မင်းအေးလက်ထဲ ပေတစ်ချပ် ရောက်လာသည်။
"သူရဲကောင်း တဲ့။ ဘယ်လို ပုံစံလဲ နင်တို့ ထကြည့်လိုက်သေးလား။ သူ အခု ဘယ်မှာ တည်းသလဲ"
"မသိဘူးအေရဲ့၊ ထလည်း မကြည့်မိပါဘူး"
ထိုအခိုက် တိုင်းကျော် အိမ်ပေါ် တက်လာပြီး
"အောင်မယ်.. မိရှင်အေး ဘာဝင်လုပ်နေပြန်ပလဲ"
"သြော် ကိုတိုင်းကျော်၊ ရွာပြင်မှာ စခန်းချနေတာ ဘယ်သူလဲ သိရမလားလို့"
"မုဆိုးဘိုမင်းရဲ့ အရာရောက်တဲ့ တပ်မှူးတစ်ဦးတဲ့ဟ"
"ဒါ့ကြောင့် သိပ်ထောင်နေတာကိုး၊ မြင်းကြီးကလည်း ရှင်ဘုရင် သနားခံထားရပုံ ပေါ်တယ်။ မြင်းချောကြီးတော့်"
တိုင်းကျော်က ရှင်မင်းအေးအကြံ ရိပ်မိဟန်ဖြင့်
"ဟေ့ ဟေ့.. ညည်း ဘာလုပ်မလို့လဲ။ လျှောက်မလုပ်နဲ့နော် ညည်းတို့၊ မြင်းကို အပိုင်စီးမယ်လည်း မကြံနဲ့။ ကုန်စင်အောင် မဆက်လို့ ရာဇဝတ်သင့်နေမယ်"
"ကျုပ်တို့မပြောရင် ဘယ်သူ သိမှာလဲတော့်"
"ဟာ.. ဗိုလ်မှူး စစ်ကဲတွေ လာစစ်တော့ တွေ့မှာပဲ။ မဟုတ်တာတော့ မကြံစမ်းပါနဲ့။ အေးအေး နေကြစမ်း"
ရှင်မင်းအေးက တိုင်းကျော်အား သူကြီး လက်ကသုံးတောင်ဝှေးမို့ အာဏာပြနေသည် ဟူသော အမူအရာဖြင့် အိမ်ပေါ်မှ ဆင်းသွား၏ ။ တိုင်းကျော်ကလည်း မိန်းမတန်မဲ့ နေရာတကာ ပါသည်ဟု မကြားတကြား လှမ်းပြောလိုက်လေသည်။
ညနေတိုင်လျင် ထင်းခွေ ရေခပ်သွားသူများ ပျာယီးပျာယာ ပြန်ဝင်လာကြ၏ ။ လမ်းပေါက်ဟူသမျှ မြန်မာတပ်သားများ ပိတ်ဆို့ထားကြောင်း၊ သည်တစ်ညတော့ ဘယ်မှ မထွက်ကြပါနှင့်ဟု မေတ္တာရပ်ခံနေကြောင်း၊ တောစပ် ထင်းကောက်မျှ ခွင့်မပြုကြောင်းများ ကြားရလျင် ကာလသားများ အလွန်ဒေါသ ထွက်ကြသည်။
လူအုပ်နှင့် သွား၍ ဖြေရှင်းကြမည်ဟု လူစုနေကြရာ လူကြီးများ ရောက်လာပြီး စိတ်လိုက်မာန်ပါ မလုပ်ရန် တားမြစ်ကြရသည်။ ရွာမှ လူကြီးနှစ်ဦး ညှိနှိုင်းရန် သွားရောက်ကြသော အခါ၌လည်း ခေါင်းဆောင် တပ်မှူးကို မတွေ့ရဘဲ တပ်သားများက မိမိတို့တပ်မှူး မည်သည့်အရပ် ထွက်သွားသည်မသိ ဟုသာ ဖြေကြ၏ ။
တပ်မှူး အမိန့်မရဘဲ ခွင့်ပြုပေး၍ မရပါ၊ ဗိုလ်မှူး တပ်မှူးများကို ပြော၍ အမိန့်ရလျင် ဖွင့်ပေးပါမည် ဆိုကြသည်။ ရွာတွင်းမှ ဗိုလ်မှူးများအား အကြောင်းကြားရန် သင့် မသင့် အတော်ငြင်းခုန်လိုက်ကြရသေးသည်။ နောက်မှ သွားရောက်တင်လျှောက်ကြရာ 'ထိုတပ်မှူး ပြန်လာလျင် ​ခေါ်ယူ ဖြေရှင်းပေးပါမည်၊ ယခုတော့ အလုပ်ရှုပ်နေသည်' ဟု နှစ်သိမ့်လိုက်ကြသည်။
ညနေစောင်းလျင် လက်ျာဘီလူးနှင့် သွေးသောက်နှစ်ဦး မြင်းကိုယ်စီဖြင့် ရွာထဲ ဝင်လာကြ၏ ။ မည်သူ့ကိုမှ ဂရုမစိုက်၊ ဗိုလ်မှူးများက နားချသောအခါ နက်ဖြန်အတွက် အရေးကြီး၍ ပိတ်ထားရပါကြောင်း၊ တစ်ညမျှသာဖြစ်သဖြင့် သည်းခံကြပါ ဟု ပြောလာသည်။
လက်ဝဲကြံသိုင်းက သူ၏ အမိန့်အရ ဖွင့်ပေးရမည်၊ ရပ်သူရပ်သားများအား ညှင်းပန်းခြင်း မပြုရဟု အမိန့်ပေးလိုက်၏ ။ နားထောင်နေကြသော ရွာသားအများကလည်း လက်ခုပ်တီး ချီးကျူးလိုက်ကြလေသည်။ ချီးမွမ်းသံများကို လက်ဝဲကြံသိုင်း ဝံ့ကြွားစွာ ခံယူနေခိုက်
"ဘဝရှင် အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် အာဏာကုန် လွှဲအပ်လိုက်သော ဗိုလ်မှူး မင်းထင်နော်ရထာ အမိန့်ဖြစ်သည်။ မည်သူမျှ စောဒကတက်ခြင်း၊ ဝေဖန်ကန့်ကွက်ခြင်း မပြုရ"
ဟု ရွှေပေလွှာထုတ်ပြ၍ ထ ပြောလိုက်သည်။ လက်ဝဲကြံသိုင်း နှင့် ပင်လယ်ဂါမဏိတို့ ချက်ချင်း ဒူးထောက် ဦးညွှတ်ထားရ၏ ။ ထိုအခါမှ လက်ျာဘီလူးမှာ ဗိုလ်မှူး မင်းထင်နော်ရထာပင် ဖြစ်ကြောင်း ရွာသားများ ရိပ်မိကြလေတော့သည်။



Written by သင်္ခရာဇာ

End date: November 5, 2021

စစ်တွင်းသစ္စာ (၁)

ရခိုင်ရိုးမ အဆင်းတွင် ရှိသော ရွာငယ်လေးတစ်ခု၊ ပြည်မြို့မှ လွန်ခဲ့ပြီး မွန်တို့နယ်နိမိတ်အတွင်း ကျရောက်နေ၍ နေထိုင်ကြသူများမှာလည်း မွန်၊ ကရင်၊ ကဒူး ဗမာ စသည့် တိုင်းရင်းသားများ ရောယှက်နေသည့်ရွာ။ ယင်းရွာသို့ ရွှေဘိုမှ ဆင်းလာကြသည့် မြန်မာတပ်တစ်ခုက သစ္စာတော်ပေးရန် ရောက်ရှိလာတော့မည်ဟု သတင်းများ ထွက်ပေါ်လာသည့်အခါ...

သံပျင်၊ သူကြီးနှင့် ခေါင်းမင်းများ စုဝေးတိုင်ပင်ကြပြီးနောက် မွန်ကိုသာ သစ္စာခံမည်၊ သူပုန်ဖြစ်သော မြန်မာတို့ သိမ်းပိုက်မှုကို မခံလို၊ သစ္စာပေးခြင်းကို ပရိယာယ်ပြု၍ ရောက်လာသူများအား ဖမ်းဆီးကာ မွန်အကြီးအကဲများထံ ပို့ဆက်မည်၊ ရွာကိုလည်း အလုံအခြုံ ပြုလျက် မွန်စစ်သည်များ စောင့်ရှောက်ရန် အပ်မည်ဟု သဘောတူညီလိုက်ကြသည်။
ရွာသူရွာသားများမှာ ပြုရမည့်အရေးအတွက် တက်ကြွနေကြ၏ ။ ရောက်ရှိလာတော့မည့် မြန်မာများ၏ သတင်းကို စုံစမ်းကြ၏ ။ မုဆိုးဘိုသားများသည် သစ္စာပေးရန် လာသည်ကို မခံဘဲ ပရိယာယ်ပြုကာ ကောက်ကျစ်စွာ တိုက်ခိုက်ခဲ့ဖူးကြောင်း၊ ထို့ကြောင့် မိမိတို့သည်လည်း သူတို့နည်းတူ ပြန်လည်တုံ့ပြန်ကြမည်ဟု ဆုံးဖြတ်ထားကြ၏ ။
အနီးအပါး သုံးရွာပေါင်းကာ ရွာတွင်း၌ အင်အားဖြည့်ထားလိုက်ကြပြီးလျင် ရွာကို စည်းရိုးကာကြ၏ ။ အရေးပေါ်တပ်များ ဖွဲ့စည်းကြ၏ ။ လက်နက်ခဲယမ်းများ ရှာဖြွေပင်ဆင်ကြကုန်၏ ။ ဒူးလေး မြားတံ လှံ စသည်တို့ကို မိန်းမများပါ ကူညီလုပ်ဆောင်ကြလေသည်။
ဘုန်းကြီးကျောင်းသား အများအပြား ပါဝင်သော လူငယ်အဖွဲ့ကို ကာလသားခေါင်း စောစေး ဦးဆောင်ပြီး ထက်မြက်သွက်လက်သော အမျိုးသမီးငယ်များကို ရှင်မင်းအေး ဟူသော ပွဲကျောင်းအရည်း သမီးငယ်က ခေါင်းဆောင်ရ၏ ။ စောစေးသည် သိုင်းပညာ အတော်ဆုံး ဖြစ်သလို ရှင်မင်းအေးသည်လည်း ယောက်ျားသားများနှင့် ဒိုးတူပေါင်ဖက် ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း ရှိသူဖြစ်သည်။
မြန်မာတပ်များသည် သတ်မှတ်ထားသည့် ရက်ထက် တစ်ရက်နောက်ကျပြီးမှ ရောက်လာကြသည်။ ဗိုလ်မှူး မင်းထင်နော်ရထာ၊ ဗိုလ်မှူး လက်ဝဲကြံသိုင်း၊ ဗိုလ်မှူး ပင်လယ်ဂါမဏိတို့ ဦးဆောင်လာသော တပ်တစ်တပ် ဖြစ်၏ ။ အခြားအဆင့် ဗိုလ်များလည်း ဆယ်ဦးခန့် ပါမည် ဆိုသည်။ ဟင်္သာတနယ် တစ်ဝိုက်အထိ အစွန်အဖျား ကျေးရွာများအားလုံးကို သစ္စာပေးရန် ဖြစ်လေသည်။
လူကြီးများ၏ ရှေးဦးအစီအစဉ်တွင် မပါဝင်သေးသော လူငယ်များက တောင်ယာလုပ်ဟန်၊ ကောက်စိုက်ကြဟန် ပြုကာ ရောက်လာကြမည့် စစ်သည်အင်အားကို လေ့လာရန် လမ်းမှ ကြိုတင် စောင့်နေကြသည်။ မြန်မာတပ်များသည် ရဲတံခွန်များ၊ အောင်လံများ လွှင့်ကာ တသီတတန်းကြီး စီတန်းလာကြ၏ ။
ရွာမရောက်မီ လယ်ကွင်းများထဲမှ စောင့်နေသော မိန်းမသူအုပ်သည်လည်းကောင်း၊ ယာများတွင် ထွန်ယက် ပေါင်းနုတ်ရင်း အကဲခတ်နေကြသော ကာလသားများသည်လည်းကောင်း မြန်မာတပ် လူအင်အား မနည်းလှကြောင်း သတိပြုမိကြ၏ ။ စစ်သည် နှစ်ရာကျော်တွင် မြင်း ၅၀ ခန့် ပါပြီး သေနတ် အနည်းငယ်၊ ဓားကိုင် လှံကိုင် အများစုနှင့် အချို့မှာ တုတ်ရှည်များ ကိုင်ဆောင်ထားကြ၍ အံ့သြမိကြသည်။
ကောက်စိုက်နေရင်း ပက္ကလာအောက်မှ ချောင်းနေသော ရှင်မင်းအေးက ဘေးမှ အဖော်အား
"ဟိုရှေ့ဆုံးက မြင်းသည် စီးလာတဲ့ မြင်းနီကြီးက ငါ့ဖို့ဟေ့။ သူတို့ကို ဖမ်းပြီးရင် အဲဒီမြင်းကို ငါကလွဲပြီး ဘယ်သူမှ မရစေရဘူး"
တိုးတိုးကြိတ်ကြိတ် ကြိမ်းဝါးလိုက်ပေမင့် မာန်ပါသောကြောင့် ကောက်စိုက်ဖော်များ ပြုံးကြသည်။ ဘေးမှ ငယ်ပေါင်း မိလှောက်က ကျီစယ်လို၍
"ဒီလိုဆို မြင်းပေါ်က သူငယ်ကလေးကို ငါယူမယ်ဟေ့။ ဒင်းကို သုံ့ပန်းမအပ်ဘဲ အိမ်မှာ ကျွန်ပြုထားမယ်"
ခပ်အုပ်အုပ် ရယ်လိုက်ကြသည်။ ထိုအချိန်တွင် စောစေးနှင့် နောက်လိုက် သုံးဦးကတော့ ရဲတံခွန်များ၊ ဗိုလ်များ၊ မြင်းများကို ရေတွက်နေရင်း
"ဟေ့ကောင်တွေ၊ နင်တို့ သတိထားမိလား။ ဗိုလ်မှူး သုံးယောက် ပါမယ်ကြားတာ အခု နှစ်ယောက်ပဲ တွေ့တယ်။ ကျန်တာတွေက သာမန်ဗိုလ်တွေပဲ"
"ဟုတ်လာ အစ်ကို စောစေး၊ ငါတော့ တုတ်ရှည်တွေဘက် အာရုံရောက်နေလို့ သေချာ မသိလိုက်ဘူး။ မြန်မာဘုရင် တပ်သားတွေကလည်း ဖိနပ်မပါ လက်နက်မစုံမလင်နဲ့ အလွန်နုံချာလှပါကော"
"ဟုတ်တယ် ငမူး၊ ကိုရင် စောစေး မပြောခင်ကတည်းက သတိထားမိလိုက်တယ်။ ပြောင်ပြောင်ရောင်ရောင်နဲ့ မောက်ရှည် ကောင်းကောင်းတွေ ဆောင်းထားတာ နှစ်ဦးတည်း"
"ဘယ်နှကောင်ဖြစ်ဖြစ်ကွာ၊ အရေးကြီးတာက ဒီအကောင်တွေ အားလုံးကို ငါတို့ အနိုင်တိုက်ကြဖို့ပဲ။ လူကြီးတွေ နည်းနဲ့ အလုပ်မဖြစ်ရင်တောင် ငါတို့ကတော့ ဝိုင်းလုပ်ကြရမယ်။ အညံ့ခံလိုက်လို့ မဖြစ်ဘူး"
စောစေးက ချင့်ချင့်ချိန်ချိန်ဖြင့်
"ဒါပေမယ့် သူတို့ မြန်မာတွေက ငါတို့ မွန်ဗိုလ်မှူး စစ်ကဲတွေကို ဆက်တိုက် အနိုင်ယူလာတာနော်။ တိုက်ရည်ခိုက်ရည်မှာ ကွေ့တွေလိုပဲတဲ့။ ငါတို့ သုံးရွာစုဟာ သင်းတို့ လူနှစ်ရာကျော်ကို နိုင်မယ့်ပုံ မမြင်ရင် လူကြီးတွေက သစ္စာရေကို ဟန်ပြပဲ သောက်ပြီး လွှတ်ပေးလိုက်လိမ့်မယ်။ ဒီကနေ့ည ငါတို့ ဘာလုပ်သင့်သလဲ အဖြေထွက်မှာပေါ့ကွာ"
လူတန်းကြီး၏ နောက်ဆုံးတွင် ရှိသော ဝါးလုံးချွန်များ ထိုးထိုးထောင်ထောင်နှင့် လူတစ်စုက သူတို့ကို ကျော်လွန်သွားကြပြီ ဖြစ်သည်။ သေနတ်သမားများနှင့် မြင်းသည်များကို သတိပြုကြရမည်ဟု သူတို့ ယူဆရ၏ ။ အထူးသဖြင့် ဗိုလ်မှူးများသည် သေနတ်သမားများ၏ အနောက်၊ မြင်းများ၏ အလယ်မှ လိုက်၏ ။ ရှေ့တွင် ဓားလွတ်ကိုင်၊ နောက်၌ လှံစွဲသူရဲများစွာ ပါသည်။
လူတန်းသည်လည်း စုစုစည်းစည်း အုပ်အုပ်ခဲခဲ သွားလာခြင်းမျိုး မဟုတ်ဘဲ တစ်ဦးချင်း တန်းစီ လျှောက်ကြသဖြင့် ချီနေစဉ် လုပ်ကြံရန်မှာ ထိရောက်လှမည်မဟုတ်။ လယ်ထဲမှ တက်လာသည့် ကောက်စိုက်သမများသည် သူတို့ရှိရာ ဦးတည်လာနေပြီး ရှေ့ဆုံးမှ ရှင်မင်းအေးက မပြန်သေးဘူးလားဟု လှမ်းမေးနေသည်။
"ချက်ချင်း လုပ်ငန်းသိမ်းပြန်ကြရင် မသင်္ကာဖြစ်သွားနိုင်တယ်။ ငါတို့ ဒီမှာပဲ လူစုပြီး တိုင်ပင်ရင်း အချိန်ကို စောင့်တာပေါ့"
ထိုအချိန်တွင် မြန်မာတပ်များ၏ ရှေ့ဆုံးမှ သွားနေသော မြင်းနီကြီးက နောက်ဆုံးလူများအထိ ရပ်စောင့်နေပြီး မြင်းစီးသူက ဆောင်ဓားထမ်းကာ လျှောက်လာသူ တစ်ဦးအား
"ဟေ့.. ငအောင်မော်၊ တို့တပ်တွေ ရွာပြင်မှာ ချမယ်။ ကြည့်ရတာ သူတို့ရွာမှာ လင့်တွေ ကင်းတွေ ရှိနိုင်တယ်။ မြင်းတွေကို တကွဲတပြား မချည်ဘဲ စုစုစည်းစည်း ထားပြီး မြင်းသည်တွေ အနီးအနားမှာပဲ နေကြဖို့ ဆော်သြချေ"
သွေးသောက်ကြီး အော်မော် ရှေ့သို့ ခပ်သုတ်သုတ် တက်သွားသည်။ တုတ်ရှည်ကို ပခုံးပေါ် မှေးကိုင်ထားသော ငသူရိန်သည် သူ့တပ်မှူးအနား တိုးလာပြီး
"တပ်မှူး ဘာကို မြင်လို့လဲ"
"ခုနက လူတွေ နေပူကျဲကျဲထိ ထွန်မချ ပျိုးမချဘဲ ဇွဲကောင်းလွန်းလို့ စိတ်ဓာတ်အင်အား ရှိသူတွေ ဖြစ်မယ်ဆိုပြီး သတိနည်းနည်း ကပ်ထားတာ ငသူရိန်"
"ကရင်တွေက အလုပ်အလွန်လုပ် ဆိုပဲ"
"မင်း သေချာမကြည့်လို့ပါ။ တကယ်လုပ်နေတာနဲ့လည်း မတူဘူး၊ ဝေးဝေးလံလံ သွားလုပ်နေတာလည်း မဟုတ်ဘူး။ ဒါ့ကြောင့် ငါ သံသယ ရှိတယ်"
"ရှင်းပါပြီ တပ်မှူး၊ လူတွေ သတိ ဝီရိယ ရှိဖို့ ကျွန်တော့်တာဝန် ထားပါ"
"ကောင်းပြီ၊ ငါတို့ ရွာတွင်း ဝင်နေချိန် အပြင်က တပ်တွေအတွက် စိတ်ချရပါစေ။ အရေးအကြောင်းရှိရင် ငခေါင်းဖြူကို ဦးဆောင်ခိုင်းပြီး ဝင်၊ မညှာနဲ့။ ငါက တန်ပြီ ဆိုမှ ရပ်ရမယ်"
"စိတ်ချပါတပ်မှူး"
တပ်မှူး လက်ျာဘီလူးက မြင်းစုရှိရာသို့ ပြန်တက်သွားပြီး ဗိုလ်မှူးနှစ်ဦးကို သတိပေး၏ ။
"ဗိုလ်မင်းတို့ ရွာထဲမှာ စတည်းချမယ် ဆိုရင် တစ်အိမ်ကို တပ်သား သုံးလေးငါးယောက်လောက် စုနေခိုင်းပါ။ အစားအသောက် ညရေးညတာ ဆင်ခြင်ခိုင်းပါ။ သတိဝီရိယနဲ့ နေကြဖို့ တပ်လှန့်ထားကြပါ"
လက်ျာဘီလူး လွန်သွားလျင် လက်ဝဲကြံသိုင်း နှာခေါင်းရှုံ့သည်ကို ပင်လယ်ဂါမဏိကြီး မြင်လိုက်သည်။
"သတိထားတာတော့ မမှားပါဘူး ဗိုလ်မင်း"
"ကိုရင့်လူ ပိုလွန်းသလား လို့ပါ"
"သူက ရွာပြင်မှာ တပ်ချမှာလေ။ ကျုပ်တို့အတွက် စိုးရိမ်လို့ ပြောတာ တစ်ခုခု အရေးမှားရင် မျက်နှာမရဘဲ အကွပ်ခံကြရမှာ ကျုပ်တို့ပဲ မဟုတ်လား"
"ဟုတ်ပါတယ်၊ သင်း မပါပါဘူး"
"လက်ျာဘီလူးက မလိုရင် ပြောမှာ မဟုတ်ဘူး၊ တခြားဒေသတွေတုန်းက သူလည်း ရောနှော ပျော်ပါးနေတာပဲ။ အခုက ရာမညတိုင်းထဲမို့ လုံ့လစိုက်နေပုံ ရတယ်"
လက်ဝဲကြံသိုင်း မကြည်လှသော်လည်း တုံ့ပြန်မဆိုတော့။ အရှေ့တွင် ရွာမှ ထွက်ကြိုနေကြသည့် လူများကို မြင်နေရသောကြောင့် အာရုံ ပြောင်းသွားကြသည်။
"ဗိုလ်ကြီးတို့ လာမယ်ဆိုလို့ အနီးအပါး သုံးရွာက သူကြီးခေါင်းမင်းတွေ ခေါ်ထားပါတယ်။ ညနေ လူစုံ ရောက်ကြဖို့ စီစဉ်ထားပြီးပါပြီ။ သည်တစ်ည သည်ရွာမှာ အေးအေးဆေးဆေး နားနေ တည်းခိုကြဖို့ ပန်ကြားလိုပါကြောင်း လျှောက်တင်ပါရစေ"
သူကြီးက လက်နှစ်ဖက်မြှောက်လျက် ဟန်ပါပါ ဆိုနေသည်ကို လက်ဝဲကြံသိုင်းက နောက်နားမှ လက်ျာဘီလူးအား လှည့်ကြည့်သည်။ လက်ျာဘီလူးက ခပ်တည်တည်၊ ထို့ကြောင့် သူကပဲ စကားပြန်လိုက်၏ ။
"ကောင်းပြီ မောင်မင်း၊ ရှေ့က ဦးဆောင်ပါ"
"မှန်လှပါ၊ ဝမ်းမြောက်လှကြောင်းပါ"
တပ်များအားလုံး တန်းစီ ဝင်သွားသည်အထိ လက်ျာဘီလူး မြင်းမရွေ့ဘဲ ရပ်ကြည့်နေသည်။ နောက်ဆုံး တင်ကျည်းတပ်များ ဝင်မည့်အချိန်ကျမှ သွေးသောက်များကို မျက်ရိပ်မျက်ကဲပြကာ ခေါ်လိုက်ပြီး လေသံတိုးတိုးဖြင့်
"ရွာထဲကနေ ပြန်ထွက်လာတာနဲ့ ရွာကို ပတ်ကြည့်၊ လမ်းပေါက်ဟူသမျှ ပိတ်ပြီး စခန်းချကြ။ ညနေကတည်းက ကင်းတို ကင်းရှည် စောင့်မယ်။ မင်းတို့ခေါင်းဆောင် ဘယ်သူလို့ ဘယ်သူ့ကိုမှ မပြောမိလေနဲ့"
ဟု မှာရာ အားလုံးက အာမခံကြသည်။ ရွာမှ လူများသည် နောက်ဆုံး ဝင်လာကြသော ဝါးချွန်ကိုင် တပ်သားများအား တအံ့တသြ ကြည့်ကြ၏ ။ လက်နက် မလောက်ငှ၍ဟု ထင်နေကြသည်။ ထိုအချိန်တွင် အလောင်းမင်းတရားကြီးက အင်္ဂလိပ်တို့ထံမှ အမြောက်၊ စိန်၊ ပြောင်းများစွာပင် ဝယ်ယူပြီးနေလေပြီ။
နောက်ဆုံးမှ ဝင်လာသည့် မြင်းနီနှင့် ဗိုလ်ကိုလည်း အထူးအဆန်း ဖြစ်နေကြ၏ ။ မည်သည့်အဆင့်မှန်း မသိရ၊ သာမန်ဓားတစ်လက်၊ အဖိုးကြီး ရွယ်တူပတ္တမြားသုံးလုံး စီထားသော ကျောက်စီ ဆောင်ဓားနက် တစ်ဖက် ခါးတွင် ပါလျက် လက်က တုတ်ရှည်ကြီး ကိုင်ထားသဖြင့် အမြင်ဆန်းနေကြ၏ ။
မြင်းကလည်း နီနီရဲရဲ ကြွကြွရွရွ တောက်တောက်ပြောင်ပြောင် ကျော့မော့ကျစ်လျစ်လှသည်။ သာမန်ဗိုလ်လည်း မဟုတ်၊ ရာထူးမြင့်သူမျိုးလည်း မဟုတ်။ ဘာဗိုလ်ဟူ၍ သူတို့ မဝေခွဲနိုင်ကြပေ။ ခေါင်းဆောင်း မောက်ရူ ပါလျင်လည်း သိနိုင်သည်။ ရာထူးအဆင့်ကို ဖော်ပြသော ပါလည်ကွေးများကို ကြည့်၍လည်း သိနိုင်ပေမင့် သူက ဘာမှ မပါသောကြောင့်ဖြစ်၏ ။
"အဲဒီကောင်က မင်းမှုထမ်းရော ဟုတ်လား"
ရွာသားကြီးတစ်ဦးက တိုးတိုး ကပ်မေးရာ မေးခံရသူက
"မင်းမြှောင်စိုးမြှောင် မဟုတ်ရင် နေရာရလို့ လမ်းက ပါလာတဲ့သူ ဖြစ်မှာပေါ့"
"ဒါပေမယ့် ဓားက မထူးခြားဘူးလား"
"အေး.. နန်းတွင်းဆောင်ဓားမျိုးပဲ ထင်တယ်"
"နန်းတွင်းသားတော့လည်း ဟုတ်ဟန်မရပါဘူး"
"တုတ်ကိုင်ထားတာ ကြည့်လေ၊ ဓားတွေက အလြှပပဲ။ သူ့တကယ့်လက်နက်က တုတ်ရှည်မှန်း မသိသာပေဘူးလား"
လူကြီးများ အကဲခတ်နေစဉ် လူငယ်များကတော့ အင်အားသိပြီးဖြစ်၍ လူစုခွဲသွားကြသည်။ နိုင်ပါ့မလားဟုလည်း တီးတိုးတိုင်ပင်နေကြသည်။ သူတို့ ရွာရှိ အင်အားမှာလည်း နည်းတော့ မနည်းလှ၊ လူကြီး လူငယ် သုံးရွာပေါင်း ၆၀၀ ကျော်တွင် ဓားလှံ ဒူးလေးနှင့် သေနတ် အနည်းငယ် ရှိထား၏ ။
အရေးကြုံလျင် အခြားရွာများမှ အကူလာကြရန်လည်း သဘောတူညီပြီး ဖြစ်လေသည်။ အခြေအနေကို ကြည့်၍ နံနက် သစ္စာသောက်ပွဲတွင် ခေါင်းဆောင် ဗိုလ်များကို ထဖမ်းဆီးကာ တပ်ကို လူအင်အားနှင့် ဝိုင်းကြပေလိမ့်မည်။ ဗိုလ်များကို ရလျင် တပ်သားများ အသာတကြည် အဖမ်းဆီးခံလိမ့်မည်ဟု ယူဆရ၏ ။ မရလျင် တိုက်သင့် တိုက်ကြရမည်ပေါ့။
လူငယ်များကတော့ ညကတည်းက ဝင်စီးလိုက်ချင်သည်။ ပင်ပန်း၍ အိပ်မောကျနေသော၊ သေရည် ယစ်နေကြသော မြန်မာများကို တစ်ချက်တည်း လူညီညီ လုပ်ကြံရလျင် အရေးလွယ်လိမ့်မည်ဟု တွက်ကြ၏ ။ လူကြီးများက ချင့်ချိန် လုပ်ကြစေချင်သည်။ အထူးသဖြင့် ယခုဗိုလ်များမှာ တိုက်တိုင်းအောင် လူကျော်များ ပါနေသည်ဟု ကြားသိထားကြရသည်။



Written by သင်္ခရာဇာ

End date: November 5, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...