"ခင်ဗျားကိုက အ တာပါဗျာ၊ ရောက်ရောက်ချင်း သူ့လက်ထဲ သမီးကညာဆက်ပါတယ် လို့ ဂွက်ခနဲ အပ်လိုက်တော့ သမက် မဖြစ်လား။ ဟင်းဟင်း.. နေရာချင်းသာ လဲလိုက်ချင်တော့တယ်နှော်"
"ဒီလူနဲ့တော့ ခက်နေပြီ၊ မင့်လူက ထင်သလောက် အညှာမလွယ်ဘူးဟ။ အနေတည်လွန်းလို့ ကျုပ်ဖြင့် ပြောမထွက်ဘူး။ သူ့လူတွေဆို တစ်ခွန်းပဲ သေဆိုသေ ရှင်ဆို ရှင်ပြရသတဲ့"
"ဟေ.."
"ကိုအောင်ဇေယျတို့ကလည်း တယ် သဘောတူပုံ မရပါဘူး သူကြီးရယ်၊ သူတို့သမီးနဲ့ ကျုပ်တို့သားကို ရည်မှန်းထားကြပုံ ရပါတယ်"
အဘိုးကြီးနှစ်ဦး အခြေအနေ တင်းမာနေသဖြင့် ဒေါ်ရွှေတုတ်က လေပြည်ဝင်ထိုးလိုက်ခြင်း ဖြစ်သည်။ မိန်းမချင်းဖြစ်၍ အကဲခတ်မိ နားလည်မိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူကြီးမင်းသည် ဒေါ်ရွှေတုတ်စကားကြောင့် မျက်လုံးကျယ်သွား၏ ။ ထို့နောက် ပို၍ ပြူးသွားပြန်သည်။ နောက်ဆုံးတွင် အစွမ်းကုန် ပြူးထားလျက်
"ကိုအောင်ဇေယျ ဟုတ်လား၊ မုဆိုးဘိုမင်းနဲ့ပါ တွေ့ခဲ့တာလား ကဘိုးရင်"
"မင်းမဟုတ်ပါဘူး၊ မင်းလောင်း ငအောင်ဇေယျပါ"
အေးအေးဆေးဆေး ရေနွေးကြမ်းသောက်ရင်း လှည့်ပင်မကြည့် ပြောလိုက်သော်လည်း သူကြီးက ကြမ်းကို လက်ဖြင့် ဗြောင်းခနဲ ရိုက်ပုတ်လျက်
"ဘာ.. အောင်ဇေယျကို ရှင်ဘုရင် မဟုတ်ဘူးတဲ့လား ကိုဘိုးရင်.. ဟင်"
ဦးဘိုးရင်က ဦးဖိုးမြိုင်ကို တအံ့တသြ ကြည့်ပြီး
"ရှင်ဘုရင်က အလောင်းဘုရား ကပဲ ကိုဖိုးမြိုင်ရဲ့"
"ဟယ်"
ဆို၍ လက်ကားကား ခြေကားကား ဖြစ်နေရာ ဦးဘိုးရင်တို့ ထိတ်လန့်လာပြီး ဘာဖြစ်တာပါလိမ့် ဟူသော အကြည့်ဖြင့် ငေးနေကြလေသည်။
"အလောင်းဘုရားဟာ မုဆိုးဘိုသူကြီးမင်း ငအောင်ဇေယျ ပေါ့ဟဲ့.. နထူနအတွေရဲ့။ တစ်ချက်တည်း ခေါင်းပြတ်ခဲ့ရမှာ ဒီလောက်တောင် အ တဲ့ ခေါင်းကြီး ပြန်ပါလာသေးသလား"
ငယ်စဉ်ကသာဆိုလျင် ငဘိုးရင် ထလုံးပြီး ဖြစ်နေပေလိမ့်မည်။ ယခုတော့ စိတ်ကို အနိုင်နိုင် ချုပ်တီးကာ
"တော်ဗျာ.. တော်ဗျာ၊ ခင်ဗျာ့ သူကြီးမို့ ကျုပ် သည်းခံနေတာ မဟုတ်ဘူး။ ဟေ့.. ငဘိုးရင်ကွ။ သွားမယ်.. ဒီရွာမှာ မနေဘူး။ လာ မိတုတ်"
အိမ်သူကို လက်ဆွဲကာ ဒေါနှင့်မောနှင့် ဆင်းသွားသဖြင့် ရွာသားများ တောင်းပန်ကြသလို ပါးစပ်အဟောင်းသား ရှိနေသည့် သူကြီးကိုလည်း ဝိုင်းပြောကြသည်။
"ကိုဘိုးရင်တို့ ရိုးအတာ သိရဲ့သားနဲ့ သူကြီးရာ၊ အကြောင်းစုံ သိရအောင် လိုက်ခေါ်လိုက်ပါ"
ဖုန်တလုံးလုံးနှင့် ဝင်းအပြင်ရောက်နေသည့် ဦးဘိုးရင်တို့ထံ လေသာပြတင်းမှ သူကြီးအသံ ရောက်လာသည်။
"ကိုဘိုးရင်"
"........"
"ကိုဘိုးရင်.. ကျုပ် စကားလွန်သွားတယ်ဗျာ့.. လာပါဗျာ၊ စိတ်မဆိုးပါနဲ့။ ခင်ဗျားတို့သားအကြောင်း သေချာသိရအောင် ပြောပါဦး"
နောက်ဆုံးစကားက ဦးဘိုးရင်တို့ လင်မယား လှမ်းလက်စခြေလှမ်းများကို တုံ့သွားစေလေသည်။
*
အနောက်ကျောင်းတွင်တော့ ထူးထူးခြားခြား အရှေ့ကျောင်းသားများပါ စုစုဝေးဝေး ရှိနေကြ၏ ။
"ဟုတ်ပါတယ်ဆိုမှကွာ၊ တကယ် ကိုနူနာအစစ်ပဲ။ သူကိုယ်တိုင်လည်း ဝန်ခံတယ်။ ငါလည်း မြင်ခဲ့တယ်"
"ဒါဆို ဗိုလ်ဇံသီးတို့ စခန်းတစ်ခုလုံးကို တစ်ယောက်တည်း တိုက်သွားတယ် ဆိုတာကရော"
"အဲဒါလည်း ဟုတ်တယ်၊ သေချာတယ်"
အရှေ့ကျောင်းသား ငအောင်မျိုးက
"ငါမပြောလား၊ မိပန်းလေးတို့ကိုယ်တိုင် တခြားသူ မပါပါဘူး ပြောနေတာကို မင်းတို့က ဘဇာမို့ မယုံနိုင်ဖြစ်နေကြရတာလဲ"
"ဟေ့ကောင် ငလှမောင်၊ သူက မင်းကို တစ်ယောက်တည်း တိုက်ခဲ့တယ် ပြောတာလား။ သူ့အစွမ်းအစကို မြင်ခဲ့ရတာလား"
"မပြောဘူးကွ၊ ငါမျက်မြင် တွေ့ခဲ့တာ။ သူ့တပ်ထဲ ရောက်မှ ငါဆိုတာ ကျောင်းအပ်စသူငယ်အဆင့်ပဲ ရှိတော့တယ်"
"ပြောပါဦးကွ"
"သူတို့ မနက်ပိုင်း လေ့ကျင့်တာ မြင်ရုံနဲ့ တစ်ယောက်တည်း တိုက်တယ် ဆိုတာ ဟုတ်လောက်တယ်လို့ ငါ သိသွားပြီ။ ဘယ်.. ကွာ၊ တို့ ၁၂ ကွက် နင်းတဲ့ တုတ်သိုင်းကို ကိုရင်ငစံက ၃၆ ကွက် ဆက်တိုက်နင်းပြီး လူအုပ်ကို အသာလေး ဖြတ်သွားတာ။ ဒီတော့မှ ရေပက်မဝင် ဆိုတဲ့စကားကို နားလည်သွားတာပဲ"
"တို့ ဝိုင်းဝင် ဝိုင်းထွက်ထက် များသလား"
"အယောက် ၂၀ လား၊ ၁၀၀ လား မောင်"
ငလှမောင် ခနဲ့ပြုံး ပြုံး၏ ။
"သူတို့က ပြည်ဝင်ပြည်ထွက်သမားတွေ"
"အိုး"
"ဓားသိုင်း လှံသိုင်းဆို တို့လို ဟိတ် ကျား အော်နေချိန် မရှိဘူး။ အဆက်မပြတ် မြန်သည်ထက် မြန်အောင် လက်ကျိုးမတတ် ကျင့်ကြတာ။ ဒီလောက်ဆို ရပြီလို့ သူတို့မှာ မရှိဘူးတဲ့။ ဒီထက် ပိုမြန်ရမယ် ပိုရရမယ်လို့ပဲ အမြဲ စိတ်နှစ်ထားကြရသတဲ့"
"ဒါဆို မင့်လူတွေက အင်မတန်ကျင်လည်သွက်လက်နေကြမှာပေါ့"
"သူတို့ထဲမှာ တပ်မှူးလို့ ခေါ်ကြတဲ့ လက်ျာဘီလူးကတော့ အမြန်ဆုံးလို့ ဆိုကြတယ်။ သူဓားခုတ်တာ မမြင်ခဲ့ပေမယ့် တုတ်ရှည်ကိုတောင် ကိုယ်လုံအောင် ကစားနိုင်သေးရင် စစ်သူကြီးကိုင် အဲမောင်းနဲ့ဆို ရန်သူထောင်သောင်းလည်း ကျော်ဖြတ်နိုင်မယ် ဆိုတာ သံသယရှိစရာ မလိုတော့ဘူး"
"ငါတို့လို လေ့ကျင့်ကစားကြတာ မဟုတ်ဘူးပေါ့"
"မဟုတ်ဘူး၊ လှလှပပ သတ်ပုတ်ပြတာမျိုး မရှိဘဲ ကြည့်ရတာ အလွန်ငြီးငွေ့စရာ တစ်ခုတည်းကိုပဲ ထပ်ကာတလဲလဲ ယမ်းနေကြတာ။ ဓားစွဲလျက်သား မွေးလာသလို ပိုင်နိုင်နေတာတောင် မရောင့်မရဲနဲ့ တော်သည်ထက် တော်အောင် လုပ်နေကြပုံပဲ"
"ကျုပ်တို့လည်း ကျင့်ရင် ဖြစ်မှာပေါ့။ သူတို့နည်းတွေ မြင်ရသမျှ ပြောပြစမ်း ကိုရင်"
"လူတစ်ယောက်ကွာ၊ ရောက်တာ မကြာသေးဘူးတဲ့။ သူက ခါးလောက်ရှိတဲ့ အမြင့်ကို ဓားနှစ်လက်ကိုင်ပြီး အလွတ်ခုန်တက်နေတယ်။ ရသွားတော့ ရင်ညွန့်လောက်ကို ထပ်ကြိုးစားပြန်တယ်။ အဲဒါကို ခုန်နိုင်ရင် လည်လောက် ခေါင်းလောက် အဆင့်တွေ ဘေးမှာ ကျန်သေးတယ်။ လက်မထောက်ဘဲနော်"
"အဲဒီတော့ ခုန်နိုင်လား"
"အခုတော့ ရင်လောက်ကို ရောက်လိုက် ကျလိုက်ပဲ"
"ဟို သူရဲကောင်းကရော"
"သူကတော့ လူနှစ်ရပ်လောက်ရှိတဲ့ သစ်ပင် နှစ်ပင်ကို ခြေကန် ပြေးတက်သွားတာ အဆင်းမှာလည်း တစ်ထပ်တည်းပဲ တဲ့။ ငါမြင်တာ မဟုတ်ဘူး.. ကိုရင်ကို ကစားပြတာတဲ့"
ငအောင်မျိုးက သူသိလိုသည်ကို အဓိကထား မေးသည်။
"ခုချိန် ငါတို့ လိုက်သွားရင် စစ်ထွက်မီနိုင်ပါ့မလား"
"စစ်ထွက်တော့ မီမယ်၊ သူတို့အချင်းကို မမီလို့ အရင်ဆုံး သေကုန်ကြလိမ့်မယ်လို့ ငါတော့ ထင်တာပဲ"
တစ်ယောက်က ဖြတ်မေး၏ ။
"မင်း သူ့ဆီက ဘာမှ မတောင်းခဲ့ဘူးလား"
"မတောင်းရဲဘူးကွ၊ ဘာတောင်းရမှာလဲ"
"ဓားကောင်းလေး ဘာလေးပေါ့ဟ"
"သူတောင် မကိုင်ဘူး၊ ဓားဆို မည်းနက် ညစ်ပတ်နေတဲ့ ဓားတစ်လက်ပဲ သူ့ဆီမှာ တွေ့ခဲ့တယ်။ ညီလာခံ ဝင်ရင်တော့ ကျောက်စီဓားနက် ရွှေဓားစွဲတက်ရတယ်"
"အဲဒါကြီး တောင်းခဲ့ရောပေါ့"
နောက်တစ်ဦးကလည်း
"မင့်ကို သူ့ဆီ အမှုထမ်းဖို့ မခေါ်ဘူးလား။ စစ်သူကြီး မှူးမတ်ရာထူးပေးမယ် ဘာညာ မပြောဘူးလားကွ ငလှမောင်"
လှမောင်က ရင်ကို ကော့ကာ
"ခေါ်တာပေါ့၊ ငါ ဝင်ရင် သူ့ထက်တောင် ကျော်ကြားတဲ့ မင်းကြီး ဖြစ်လာမှာ ဆိုပဲ"
"ငါဆိုရင်ရောကွ"
ငအောင်မျိုး အလုအယက် ဆိုသည်။
"အို.. တို့နှစ်ယောက် အတူတူပေါ့။ သူ့တုန်းကဆို ငါတို့လို ရွာကျော်သိုင်းသမား မဟုတ်ဘူးတဲ့။ သာမန် ဘုန်းကြီးကျောင်းသား စာပေပဋိယတ်သင်တဲ့ ကျောင်းထွက် တဲ့"
"ဟေ့.. လိုက်သွားကြရအောင်ကွာ"
ငလှမောင် မျက်နှာ ညှိုးသွားသည်။
"ငါကတော့ ဖြစ်မယ် မထင်ဘူး၊ မင်းတို့သိတဲ့အတိုင်း အဘက သိပ်လုပ်နိုင်တော့တာ မဟုတ်တော့ တောင်သူအလုပ်တွေအားလုံး ငါပဲ ဦးစီးလုပ်ရတော့မှာ"
"ရွှေကျေးကြောင့်ပါ လှမောင်ရာ၊အပိုတွေ ဆိုမနေပါနဲ့"
"တို့လူက ဘီလူးရုပ်တွေကြောင့် စွမ်းတာများလား"
သာမောင်ဆိုသူက ငအောင်မျိုးကို ကြည့်ရင်းမှ စဉ်းစဉ်းစားစား ပြောရာ ငအောင်မျိုး ဆတ်ခနဲ လှည့်ကြည့်လေသည်။
"မဟုတ်ဘူးဟ၊ ဆေးနဲ့ မဆိုင်ဘူး။ သူရောက်လာပြီ ဆိုရင်ကို သူ့လူတွေက အလိုလို တက်ကြွလာကြတာ သူ့မှာ ပီယဖြစ်စေ အမြုတေ ဖြစ်စေ တစ်ခုခု ရှိရမယ်"
"အဲဒါ ဆေးကြောင့်ပေါ့ကွ ငလှမောင်ရ"
"ငါလည်း ဒီလိုထင်လို့ သူ့အရုပ်တွေအကြောင်း စူးစမ်းကြည့်တော့ သူက ပြောတယ်၊ စွမ်းအောင် ထိုးထားတာ မဟုတ်ပါဘူးတဲ့။ ရမ်းကားမှာစိုးလို့ ဘဘုန်းက အခံအအုပ် လုပ်ပေးထားတာ တဲ့"
"ဘယ်လိုကွ"
ထိုအခါ အနောက်တွင် စုတ်ကျင့်နေသော ကိုရင်ကြီး ရေဝတက ဝင်ပြောလိုက်၏ ။
"အဲဒါ အထိန်းဆေး ခေါ်သကွ ငလှမောင်။ ထိန်းမနိုင် သိမ်းမရ ဆိုးလွန်းတဲ့သူတွေဆို ကိုယ်မှာ ဆေးနဲ့ ချုပ်ထားရတာ"
ဟူ၏ ။
*
"သြော.. ဒါ့ကြောင့် နောက်က ဘီလူးပုံက မချိမဆံ့ အံကြိတ်နေတာကိုး"
ဟု ကိုရင်ငရှင်းက မှတ်ချက်ပြုလိုက်သည်။ ကိုရင်အေးကျော်ကလည်း
"ငါ ပြောသားပဲ၊ မလုပ်ရလို့ ဒေါသကြီးနေတဲ့ ပုံပါဆို"
အနောက်ကျောင်းမှ ကျောင်းသားလေး ငခွေးနီက သူ သိခဲ့ရသည်ကို ဆက်ပြောလေသည်။
"ကိုရင်ကြီးက ပြောသေးတယ်၊ သာမန်လူ အဲဒီလို ထိုးလို့မရဘူး၊ ထိုးထားတဲ့ လူကိုလည်း အနောက်က လုပ်ကြံလို့ မရဘူး တဲ့"
"ဘယ်ရမလဲ၊ ဘီလူးကြီးက မျက်စိဒေါက်ထောက် ကြည့်နေတာကိုး၊ ကြည့်နေတာကို ရောင့်တက်လာရင် ထွက်ကိုက်မှာကွ"
ကိုရင်သက်နှံက ခပ်တည်တည်ဖြင့် ထင်ရာ ပြောလိုက်သည်ကို နားထောင်နေကြသည့် ကျောင်းသား ကိုရင်ကလေးများ အကယ်မှတ်သွားကြ၏ ။
"မင်းကြီးလာရင်ကော သူလို သူရဲကောင်း ဖြစ်မယ်လို့ ဟောလိုက်တယ်ဆို"
"အဲ"
အမှန်တော့ ထိုသို့ အတိအကျ ပြောလိုက်သည်မဟုတ်။ လက်ျာဘီလူး ပြောလိုက်ပုံမှာ တစ်မျိုးဖြစ်သည်။ အကယ်၍ ရောချမိပါက မုသာဝါဒကံ ထိုက်ပေလိမ့်မည်။ ထို့ကြောင့် မည်သို့ လှည့်ပတ်ပြောရမည်ကို အပြေးအလွှား အကြံထုတ်လိုက်ရသည်။
"ကိုရင်လှမောင်ကိုလည်း အဲလိုပြောတာပဲ"
"သူက ဗေဒင်လည်း ဟောတတ်တယ်ပေါ့"
"ဟို.. ဗေဒင်မဟုတ်ဘူးကွ၊ ကြိုမြင်နိုင်တဲ့ အစွမ်း ရှိချင် ရှိမှာပေါ့"
ဟု ကြိတ်လိုက်၏ ။ ငရှင်းက
"ငါတို့ကိုရော ဘာပြောသေးသလဲ ဟင်"
"ငရှုပ်တွေလို့ ပြောတယ်"
"ဟင်"
"ငရှုပ်တွေနဲ့ တည့်အောင်နေနော် ကိုရင် တဲ့"
"ဒါဆို ငါတို့က ကြီးလာရင် ငရှုပ်တွေ ဖြစ်မှာပေါ့"
"မင်းနဲ့ ရန်သူကြီးတွေ ဖြစ်လာမှာလား"
ဟု ကိုရင်အေးကျော် မေးရာ
"ပူမနေပါနဲ့ကွာ၊ နောက်ကျတော့လည်း ငါနိုင်သွားတော့ မင်းတို့ကို သနားပြီး တပ်မှူးခန့်မှာပါ"
"ဟူး.. ဒီလိုဆို တော်ပါသေး။ တစ်သက်လုံး လူဆိုးကြီးတော့ မလုပ်ချင်ဘူး။ ဟေ့ကောင်.. မင်း ကတိနော်"
"အေးပါ.. ကတိ။ မိုးကြိုးပစ်"
ဟု သူတို့ ကျေနပ်စေရန် ကိုရင်သက်နှံ ကျိန်ပေးလိုက်ရသည်။ သူတို့ ကျောင်းသားကိုရင်များ တမာပင်အောက် ကွပ်ပျစ်ကြီး၌ စုဝေးနေခိုက် ကျောင်းပေါ်တွင်လည်း သူကြီးနှင့် လူအုပ်ကြီးသည် ဆရာတော်ဘုရားရှေ့ ရောက်ရှိနေကြကာ
"အရှင်ဘုရား၊ ကိုဖိုးမြိုင်က ဦးအောင်ဇေယျနှင့် အလောင်းမင်းတရား အတူတူဟု တကယ်သွားသည့် တပည့်တော်ကို ကျော်၍ အရမ်းစွပ်စွဲနေပါတယ်ဘုရား။ အဲဒါ ဟုတ်မဟုတ် ဆုံးဖြတ်ပေးစေလိုပါတယ်"
"ဟဲ့.. ဒကာဘိုးရင်ရဲ့။ အလောင်းဘုရားနဲ့ ဦးအောင်ဇေယျ အတူတူပေါ့ကွဲ့။ ငါလည်း သည်လိုပဲ ကြားဖူးတယ်"
"ဒါဆို တပည့်တော် မှားတာပေါ့ ဘုရား"
"ရော်.. ကဘိုးရင်နှယ်၊ ရှင်ဘုရင်ကို ဘုရင်မှန်းမသိ လုပ်လာတဲ့အပြင် အမှားကို အမှားမှန်း မသိတာက ပိုဆိုးနေပါပေါ့လား"
"ခင်ဗျား ပြောအားရှိပြီပေါ့။ ထားပါ၊ ကျုပ် ရိုးအလို့ပဲ ထားတော့။ ဒါနဲ့ဘုရား.. အရှေ့ဝင်းမှူးရဲ့ ဘွဲ့အမည်ဟာ မင်းထင်နော်ရထာ ဟုတ်ပါသလားဘုရား"
"ဒါတော့ ကျုပ်မသိဘူး ဒကာ"
"ဟောဒီ သူကြီး ကိုဖိုးမြိုင်က တပည့်တော်မတို့သား မောင်စံဟာ အရှေ့ဝင်းမှူး ဖြစ်လိမ့်မယ်လို့ ပြောနေလို့ပါဘုရား။ ငစံကိုယ်တိုင်ကတော့ အဲဒီလို မပြောပါဘူး။ မင်းထင်နော်ရထာဖြစ်ကြောင်းသာ သိခဲ့ရပါတယ်"
"မိရွှေတုတ်ငဲ့၊ ညည်းတို့ ရွှေမြို့တော် ရောက်တော့ နန်းတွင်းထဲ အလည်အပတ် ဝင်ခဲ့ရဆို အရှေ့က မဝင်ဘူးလား"
"ဝင်ပါတယ်ဘုရား"
"ဝင်တော့ ဝင်းမှူးကို မတွေ့ဘူးလား"
"တံခါးမှာတော့ အစောင့်တွေနဲ့ လူကြီးတစ်ယောက်ကို မြင်ခဲ့ရပါတယ်ဘုရား"
"အေး.. အဲဒါ ဝင်းမှူး ဖြစ်လိမ့်မပေါ့ကွဲ့"
သူကြီးက ဝင်၍
"တပည့်တော် ကြားဖူးတာတော့ ဝင်းမှူးက နန်းတော်ဝင်းကို စောင့်ရတာ မဟုတ်ပါဘုရား။ ရှင်ဘုရင် နန်းတွင်းစောင့်ရတာပါ"
"ဟဲ့.. နန်းတော်နဲ့ နန်းတွင်း မတူဘူးလား"
"တပည့်တော်လည်း မသိပါဘူး"
ပရိသတ်ထဲမှ မိန်းမတစ်ဦးက
"အနောက်ဝင်းမှူး ဆိုတာ လာသေးတယ်ဆို။ သူနဲ့ ရှင်တို့သား အဆင်မတူဘူးလား"
"တူသလိုလိုတော့ ရှိပေမယ့်၊ အရောင် မတူဘူးနော် အဖေကြီး"
"ဟိုတစ်ယောက်က အစိမ်းကွ မရွှေတုတ်။ တို့လူက ကတ္တီပါရောင်စွေးစွေးပဲ"
"ကျန်တာတွေတော့ တူတယ်မဟုတ်လား"
"မမှတ်မိတော့ဘူး ကိုဖိုးမြိုင်။ ကျုပ်အထင်တော့ သူက မင်းတရား အားထားရတဲ့ စစ်သူကြီးဗျ"
"ဝင်းမှူးက စစ်သူကြီးထက် မကြီးဘူးလားဗျာ၊ ဘုရင့်အပါးမှာ ယုံမှတ်ခံရလို့ နန်းတော်ကြီးတစ်ခုလုံး စီမံခန့်ခွဲရတာကို"
"စစ်သူကြီးထက် မြင့်တာ ရှိဦးမလား ကိုရင်ရဲ့"
"ရှိတာပေါ့။ ခင်ဗျားပြောတဲ့ မဟာသေနာပတိ ဆိုတာ စစ်သူကြီး အထက်ကပေါ့။ ဟိုဝန်ကြီးကလည်း ကျုပ်တို့ သူရဲကျော်ထက် ကြီးပုံရတယ်ဆို၊ ခင်ဗျားပဲ ပြောပြီး"
"နေပါဦး ဒကာတို့၊ အခု ဒကာကြီးတို့ ပြောသလိုဆိုရင် ဒီလောက် အဆင့်မြင့်တဲ့ အရာရှိကြီးတွေက ဒီရွာကို အစောင့်အရှောက်မပါ တစ်ကိုယ်တည်း ခြေလျင် ကြွလာသလို ဖြစ်နေမှာပေါ့"
"ဦးတင်ပါတယ်ဘုရား၊ တပည့်တော်မသားက တစ်သောင်းတစ်ယောက် တွေ့နိုင်ခဲတဲ့ မာန်မာနမရှိသူ လူကျော် ဖြစ်ကြောင်းပါ"
ဟု ဒေါ်ရွှေတုတ်က ရဲရဲဝံ့ဝံ့ကြီး လျှောက်တင်လိုက်ရာ ဘုန်းတော်ကြီးက
"သာဓု၊ သာဓု၊ သာဓု။ ဒါ့ကြောင့် ယခု ကြွရောက်လာကြတဲ့ ဒါယိကာ ဒါယိကာမတို့သည်လည်း ရှင်တော်မြတ်ဘုရားရဲ့ အလိုအတိုင်း အမျက်ဒေါသ မာန်မာနများ ကင်းစင်ကြသည်ဖြစ်၍ သံသရာမှာ လူဖြစ်ရကျိုးနပ်အောင် တရားထူး တရားမြတ်များကို အားထုတ်ကြိုးပမ်းနိုင်ကြပါစေလို့ ရည်ရွယ်ပြီး.."
အစချီကာ လက်အုပ်ချီလိုက်ကြရသော ပရိသတ်များအား ကြုံသခိုက် တရားဟောလေတော့သည်။
ငအောင်မျိုးတို့ လူငယ်တစ်စုသည် ခရီးထွက်ရန်အတွက် စတင် ပြင်ဆင်နေကြပြီ ဖြစ်သလို အမျိုးသမီးများကလည်း လူစုံတိုင်း ထိုအကြောင်းကို တွတ်ထိုးကြမြဲ ဖြစ်၏ ။ ထူးခြားစွာ ပျောက်နေခဲ့သူ တစ်ယောက်တော့ ရှိပါသည်။ အိမ်ထဲမှ အိမ်ပြင် မထွက်ဘဲ တစ်ယောက်တည်း ငူငူငိုင်ငိုင် ဖြစ်နေသူတစ်ဦးအား အမျိုးသမီးနှစ်ဦးက ဂရုတစိုက် ချော့မော့ နှစ်သိမ့်နေရ၏ ။
သို့သော် ရက်သတ္တနှစ်ပတ်ခန့် ကြာသောအခါတွင်မူ နေပြည်တော်သို့ မသွားနိုင်တော့သော ငအောင်မျိုး၏ အနီးဝယ် ကြည်လင်ရွှင်ပျစွာ တီတီတာတာ စကားဆိုနေသည့် လုံမလေးတစ်ယောက်ကို တွေ့မြင်လာကြရသည်။
ယခင်က စိတ်မကောင်းဖြစ်ခဲ့ရသလောက် ယခု ကြည့်မရတော့သော ကိုရင်သက်နှံက ရေအိုးကလေးပိုက်လာသော အစ်မဖြစ်သူနှင့် ဘေးမှ လူရွယ်အား မေးငေါ့ကာ အတူပါလာသည့် ငယ်ဖော်ကစားဖက်တစ်ဦးအား..
"မိန်းမတွေ မယုံရတဲ့အထဲမှာ ငါ့အစ်မတောင် ပါတယ်၊ မြင်လား။ အေး.. အဲဒီလို မဖြစ်ရအောင် ကြပ်ကြပ် သတိထားပါ မိတဆုပ်"
ဟု မိန့်ဆိုလိုက်လေသတည်း။
* ပြီးပါပြီ *
Written by သင်္ခရာဇာ
End date: February 21, 2022