Translate

Showing posts with label လှံတစ်ကမ်းအကွာ. Show all posts
Showing posts with label လှံတစ်ကမ်းအကွာ. Show all posts

လှံတစ်ကမ်းအကွာ

နံနက်လင်းအားကြီး အမှောင်ထု မပျောက်တပျောက်ထဲမှ မြင်းတစ်စီးနှင့် လူတစ်ယောက် ထွက်လာသည်။ မြင်းကလည်း မြင်းညိုကြီး၊ လူကလည်း လူညိုကြမ်း။ ထိုနှစ်ခုအား ပံ့ပိုးပေးလိုက်သည်က လူညိုညို၏ လက်တွင်းမှ လှံညိုကြီးတစ်စင်း။ အမှောင်ထုထဲတွင်ပင် အသွားက ဝင်းလက်နေသည်။ အဲမောင်းခေါ် အလွန်ရှည်လျားသော လှံမကြီး ဖြစ်၏ ။

ထိုလှံကြီးသည် အောက်သို့ ခေါင်းစိုက်လျက် မြင်း၏ လက်ပြင်ဘေးမှ ကပ်လျက် တည်ငြိမ်စွာ ပါလာသည်။ မြင်းက တရှူးရှူး နှာမှုတ်နေပြီး လူကလည်း အသက်ပြင်းပြင်း ရှူထုတ်နေ၏ ။ သူ၏ အရပ်မှာ ပုပြတ်ပြတ်၊ သူ၏ ကိုယ်မှာ ခပ်ကိုင်းကိုင်း၊ သူ၏ ရုပ်ရည်မှာ ခပ်ကြမ်းကြမ်း။ ကျောတွင် ဓားတစ်လက်ကို လွယ်ထားသေးသည်။
သူ၏ နောက် အဝေးဆီမှာ လူသံသူသံများ ကြားနေရသည်။ အတိအကျ ဆိုရလျင် မြင်းများစွာ၏ အသံမျိုးစုံလည်း ပါ၏ ။ သို့သော် သူ့အနီး ရောက်လာသည်မှာ မြင်းတစ်စီးနှင့် လူတစ်ယောက်သာ ဖြစ်သည်။
"ဘယ်လို ရင်ဆိုင်မယ် စိတ်ကူးထားလဲ"
နောက်မှ ရောက်လာသည့် မြင်းစီးသူက မေးလိုက်၏ ။ သူ၏ နီနီရဲရဲအဆင်းရှိသော မြင်းတွင် လှံတိုလှံရှည် တစ်ဘက် သုံးစင်းစီ ထိုးထား၏ ။ မြင်းကျောကို စောင်ရှည်ခင်းထားပြီး ရွှေကုန်းနှီးနှင့် ဖြစ်သည်။ ကိုယ်ကြပ် မျဥ်းတို မျဥ်းရှည်ကို အနက်ချည်း ဝတ်ဆင်ထားပြီး ခါးစည်းနီ စည်းထား၏ ။ သူတို့၏ ဆံနွယ်များက လေအဝှေ့တွင် ခါလွင့်သွားကြသည်။
"ညီငယ် အမြင်ကရော"
နောက်မှ ရောက်သူက မြင်းကို တစ်ပတ် ဆွဲလှည့်လိုက်သည်။ သူ့မြင်းက ကျန်းမာရေး ကောင်းဟန်ဖြင့် ခွာရှပ်ကာ ခေါင်းမော့မော့ လည်မော့မော့ ဖြစ်နေ၏ ။ သူက ဇက်ကြိုးကို လွှတ်ချလိုက်ပြီး
"ပစ်မလွဲဘူး ဆိုတဲ့ သူကို ရင်ဆိုင်မယ့် အချိန်အတွက်ပဲ စဥ်းစားနေတာ။ သူမရောက်ခင် ကြိုပစ်ရမလားလို့"
မြင်းညိုရှင်က ခေါင်းညိတ်၏ ။ နှုတ်ပြန်မဆိုတော့။ တည်ကြည်လေးနက်စွာ တွေးနေပြီး နောက်တစ်ကြိမ် ခေါင်းထပ်ညိတ်လျက် ရှေ့ကို တိုးလိုက်သည်။ နောက်သို့ လှည့်မကြည့်ဘဲ ပြောသွား၏ ။
"ဟုတ်ပြီ၊ ကျန်တာ ငါ့အရာထား"
နောက်ပြန် လှည့်ထားသော မြင်းနီကြီးပေါ်မှ လူက လှံရှည်တစ်ချောင်းဖြုတ်လိုက်ပြီး ပေးရန် ဟန်ပြင်သော်လည်း ပထမမြင်းမှာ အတော်ဝေးဝေး ရောက်သွားချေပြီ။ ထို့ပြင် သူ့ကိုလည်း လှည့်မကြည့်သဖြင့် ပေးခွင့်မကြုံတော့။ သူက နောက်သို့ ပြန်မည်ပြုပြီးမှ စိတ်ပြောင်းကာ လှံကို ကိုင်ထားရင်း ဘေးဘက် တောင်ကုန်းပေါ် တက်သွားသည်။
မြင်းညိုကြီးသည် ရှေ့သို့ မှန်မှန်လှမ်းနေရင်း တလိပ်လိပ်တက်လာသော အသံများကြောင့် ရပ်လိုက်၏ ။ ဟိုးအရှေ့မှာ များပြားလှစွာသော လူအုပ်ကြီးတစ်ခု၊ မဟုတ်သေး။ နှစ်ကြောင်းခွဲလာသဖြင့် နှစ်အုပ်စုဟု ပြောရမည်။ တစ်အုပ်တွင်ပင် ထောင်ပေါင်းများစွာ ရှိနိုင်သည်။ ရဲတံခွန်များ ရာချီနေ၏ ။ သို့သော် မြင်းညိုရှင်မှာ လူအရေအတွက်ကို စိတ်မဝင်စား။ သူ အာရုံကျနေသည်မှာ ရှေ့ဆုံးမှ အောင်လံလွှင့်လာသော ရွှေရောင်ချပ်ဝတ်ကိုသာ ဖြစ်သည်။
သူက လှံတစ်ကမ်းရောက်ရန် စိတ်စောနေ၏ ။ သူမျှော်လင့်နေသော လှံတစ်ကမ်း ဆိုသည်မှာ အခြားသူများအနေနှင့်ဆိုလျင် လှံတစ်ကမ်းစာမက နှစ်ပြန်ခန့်ပင် ရှိပေလိမ့်မည်။ သို့သော် သူကတော့ ထို နှစ်ပြန်စာကိုပင် မစောင့်နိုင်ဘဲ မြင်းနံကို ခြေဖြင့်ရိုက်၍ နှင်လိုက်ပြီး ခပ်သွက်သွက် ပြေးသည်တွင် လှံကို မ၍ ပစ်လွှတ်လိုက်တော့သည်။
တစ်ဘက်မှ မြင်းသည်ခေါင်းဆောင်သည် ဓားကို မြှောက်လျက် ကြွေးကြော်လာရင်း အဝေးမှ မြင်းတစ်စီး သူ့ထံ လာနေသည်ဟု ထင်မြင်လိုက်သဖြင့် စူးစိုက်ကြည့်နေစဥ် လှံတစ်ချောင်းက ကောင်းကင်မှ ကျလာ၏ ။ ရှောင်ချိန်မရလိုက်၊ သူ့မြင်း ခြေမြန်၍သာ အနည်းငယ် ရှေ့ရောက်နေ၍ လှံက သူ့ခေါင်းပေါ် ကျော်သွားသည်။ သို့သော် လွတ်လွတ်ကျွတ်လည်း မကျော်၊ ဦးပေါင်းထုပ်ဖြူနှင့် ဆံပင်အချို့ လှံသွား၌ ငြိပါသွားလေသည်။
အကြီးအကဲ ဖြစ်သူ အလွန်အံ့အားသင့်လျက် ထိတ်လန့်သွားရ၏ ။ အကွာအဝေးမှာ မယုံနိုင်စရာ ဖြစ်နေသည်။ ရောင်နီကျင်းစ အလင်းရောင်၌ အဝေးမှမြင်းကို မည်းရိပ်ရိပ်နှင့် ပျပျသာ မြင်ရသေးသော်လည်း လှံရှည်တစ်စင်းက သူ့ခေါင်းပေါ် ကျော်ကျလာရုံမက ကံသီ၍ မျက်နှာတည့်တည့် စိုက်ဝင်မခံလိုက်ရခြင်း ဖြစ်၏ ။ ပစ်လိုက်သည့် မြင်းကတော့ ရပ်ကြည့်နေလေသည်။
ထိုစဥ် နောက်တစ်နေရာမှ မြင်းဟီသံ သဲ့သဲ့ ကြားလိုက်ရသည်။ လက်ဝဲဘက် တောင်ကမူတစ်ခုတွင်လည်း နောက်ထပ် မြင်းတစ်စီး။ ပတပ်ရပ်လျက် လှံလျင်လွှတ်တော့မည့်ဟန်ကို မြင်ရသည်။ ယခုမှ သေချာ ကြည့်မိရာ ရပ်နေသော မြင်း၏ အနောက်၌ မည်းမည်းလှုပ်လှုပ် အရိပ်များ တရွရွပါတကား။
အခြေအနေမဟန်၊ လက်ရွေးစင် အစွမ်းထက် လူကောင်းချည်း ဖြစ်တန်ရာ၏ ဟု တွေးလျက် ထိုအကြီးအကဲ စစ်ခေါင်းဆောင်မှာ မြင်းကို လှည့်သွားပြီး ပြန်ဆုတ်သွားတော့သည်။ ကျောမှ ဓားကို ယောင်၍ပင် မစမ်းရသေးသော လူညိုကြမ်းကြီးကတော့ မြင်းအများ မျက်နှာသုံ ခြေဦးလှည့်ကာ ဝိုက်သွားကြသည်ကို မြင်လျင် ပြုံးလိုက်ပြီး သူ၏ အဖော်ရှိရာ တောင်ကုန်းငယ်ထက်သို့ တက်သွားသည်။
စင်စစ် အဖော်ဟုသာ ဆိုရသော်လည်း သူနှင့်မူ သားအဖခန့်မျှ အသက်ကွာခြားနေပေသည်။ သူက ညီငယ်ရောင်းရင်းကဲ့သို့ ဂရုစိုက်ပြီး တိုက်ဖော်တိုက်ဖက်ချင်းလိုလည်း ရင်းနှီးကျွမ်းဝင်ကြသူ ဖြစ်၏ ။ ထို့ထက် သူ့အား ဆုံးမညွှန်ပြသူဟုလည်း ထူးထူးခြားခြား လေးစား တန်ဖိုးထားရသည်။ မိမိ၏ မှန်သည်ထင်လျင် တဇွတ်ထိုး လုပ်တတ်သော ဉာဥ်ကို အနီးကပ် အကြံပေး ထိန်းကျောင်းနိုင်သူမို့ မိမိထက် များစွာ ငယ်သော်လည်း သူ၏ စကားများကို အလေးထားခဲ့ရ၏ ။
ယခုမူ ထိုလူငယ်သည် မည်သည့်စကားကိုမျှ မဆိုဘဲ သူ့အား လှံရှည်တစ်စင်း ကမ်းပေးနေ၏ ။ သူ လှံရိုးအရင်းအား ဆုပ်ကိုင်မိလျင် နောက်တစ်စင်း ဖြုတ်မည် ပြုပြန်ရာ လက်ကာ တားလိုက်ပြီး
"သည်တစ်ခါ လက်ဝဲကြောင်းက တက်လာတာ ဘယ်ကျော် ဖြစ်ရမယ်၊ နင်ထိုးမလား"
ဟု မေးလိုက်သည်။
"ဦးတွန်ပဲ ထိုးပါ။ ကျွန်တော်နဲ့ လက်ရည်မတန်ပါဘူး"
"ဘာလို့ မတန်ရမှာလဲ။ နင် ဒီကောင့်တော့ နိုင်ပါတယ်"
"သည်ပွဲ ကျွန်တော့်ပွဲမဟုတ်"
လူကြီး ပြုံးလိုက်၏ ။
"နင့်ပွဲလို့ ငါမမြင်ဖူးပါကော၊ ဘယ်တော့မှ အစွမ်းပြမှာလဲ။ အေးလေ.. နင်က ထူးပြီး ပြနေစရာမှ မလိုဘဲ"
ထိုသို့ပြော၍ လှံကို ကျောတွင်ကပ်ကာ ဆင်းသွားသည်။ ကျန်ခဲ့သော လူငယ်က မြင်းပေါ်မှ ဆင်း၍ လှံတို ၃ စင်း ဖြုတ်ကာ လက်နှစ်ဘက် ခွဲကိုင်ထားလိုက်၏ ။ ထို့နောက် ကမူ၏ ခပ်စောင်းစောင်း ဆင်ခြေလျှောသို့ လျှောက်သွားရာ လှံရှည်တစ်ချောင်းနှင့် လှံတိုတစ်လက် ထိုးထိုးထောင်ထောင် ကျန်ရစ်သော မြင်းကြီးက နောက်မှ လိုက်လာ၏ ။ သူ့သခင် ရပ်လျင် သူကလည်း အသင့်သုံးနိုင်လောက်မည့် နေရာက စောင့်စားနေလေသည်။
သို့သော် သူတို့ မလိုလိုက်ချေ။ မြင်းညိုကြီးနှင့် လူက မြင်းကို အပြေး နှင်ရင်း ပြေးအား လူအားနှင့် ရော၍ လှံကို လွှတ်လိုက်ပြီ ဖြစ်သည်။ နေခြည်အလင်း အတော်ထွက်ပြူလာပြီဖြစ်၍ ကောင်းကင်သို့ လွင့်တက်သွားသော လှံကို အစင်းကြောင်းတစ်ကြောင်းလို မြင်နေရချေသည်။ လှံရှည်သည် ဦးမော့ထားရာမှ ရေပြင်ညီ တန်းလျက်၊ ထို့နောက် တဖြည်းဖြည်း ခေါင်းကို စိုက်လျက် ဆင်းသွားပြီး ရှေ့ဆုံးမှ လှံကိုင်ထားသော ဝတ်စုံဖြူနှင့် လူအား ခိုက်သွားသည်ကို မြင်လိုက်ရသည်။
ဒုတ်ခနဲ မြည်သံနှင့်အတူ ချပ်ဝတ်ပတ်လုံးကို ထိ၍ ခါးစည်း ပြေသွားသည်မှာလည်း ထင်ထင်ရှားရှား။ ဦးတွန်သည် ပထမအကြိမ်၌ မထိဘဲ ကျော်သွားသဖြင့် ယခုတစ်ခါ အနည်းငယ်နှိမ့်၍ ထိုးလိုက်သည့်အဟန်။ အချုပ် ဘယ်ကျော်မှာ ချပ်ဝတ်ဘေးကို လှံထိပြီး ခါးစည်းပါ ပြတ်လွင့်သွားသောကြောင့် သူ့ချပ်ဝတ်သူ ငုံ့ကြည့်နေ၏ ။ ထို့နောက် လှံပစ်သူထံ ပြန်မော့ကြည့်ရာ ထိုသူ့ထံသို့ လှံတိုတစ်ချောင်း ပျံဝဲလာသည်ကို တွေ့ရလေသည်။
လှံပစ်လိုက်သူက သူ့ထံ ပစ်သော လှံကို ဖမ်းယူထားလိုက်၏ ။ ထိုသူဆီ လှံပစ်ပေးနေသူမှာ မြင်းတစ်စီးနှင့် လူတစ်ယောက်။ နောက်တစ်ချောင်း ပစ်ပေးရန် အသင့် ရွယ်ထားပြီး အခြေနေကို ကြည့်နေပုံရသည်။ လှံပစ်သူကြီးကမူ နောက်တစ်ကြိမ် မလွဲစေရ ဟူသော အမူအရာမျိုးဖြင့် အသေအချာ ချိန်ကာ ပြင်ဆင်နေလေ၏ ။
ဘယ်ကျော်ထံ ဝင်လာခဲ့သော လှံမှာ အရိုးနီသုတ် ရွှေပိန်းချ မိုးနဲရွှေလှံ ဖြစ်ပြီး အဝေးပစ် လှံလျင်အမျိုးအစား။ ယခု ထပ်မံပစ်မည်က အလေးချိန်နည်းသော လှံတိုလှံပေါ့။ ထို့ကြောင့် အကွာအဝေးကို ချိန်ဆလျက် မပစ်သေးသည် ဖြစ်မည်။ သို့သော် ယခု ပစ်လိုက်သော အကွာအဝေးသည်ပင် ဘယ်ကျော် ထိုးနိုင်သော အကွာအဝေးထက် များစွာ ပိုလွန်နေ၏ ။ သူ အားကုန်သုံး၍ ထိုးပါမှ ရောက်မည့်နေရာတွင် မရှိသေးသူက သံရိုးတပ် အဲမောင်းလှံကြီးနှင့် လွှတ်လိုက်ပြီးပြီ။ ထိလည်း ထိသည်။
ယခုတစ်ဖန် လှံတိုကို အားနှင့် ပစ်ဦးမည်။ ထိုသူက နှစ်စင်းလွှတ်ပြီးသည်အထိ မိမိလှံတစ်ကမ်းမှ ရောက်ပါဦးမလား မသိ။ နောက်တစ်စင်း နောက်တစ်စင်းတွေကလည်း အသင့် ဖြစ်နေသည်။ အဝေး တောင်ကုန်းပေါ်မှ လှံများ ပေးပို့နေသူ၏ တိကျလှသော လက်ဆကလည်း ကြောက်မက်ဖွယ်။ လှံပစ်နေသူ၏ ခွန်အားနှင့် လက်ရည်ကလည်း အလွန်အမင်း အံ့အားသင့်ဖွယ်ရာ။ ဒုတိယလှံတို ပစ်ရန် မ လိုက်သည် မြင်လျင် ဘယ်ကျော်၏ နားတွင် ပထမလှံရှည်ကြီး ဒေါင်ခနဲ လာထိသံကို ကြားလိုက်ရသလို ခေါင်းနပန်း ကြီးသွားပြီး မြင်းဇက်ကို ဆောင့်ဆွဲလိုက်မိ၏ ။
သူသည် ထိုသို့သော လူများနှင့် စစ်မဆိုင်လိုတော့။ လက်ရည်မပြိုင်လိုတော့။ မည်သူမည်ဝါများမှန်းမသိ၊ သူတို့တွင် အကျော်ဆုံးဖြစ်သော မိမိပင် မထိုးနိုင်သည်များကို အမှားအယွင်း အချွတ်အချော်မရှိ စိတ်ထင်တိုင်း ပြုကျင့်နေနိုင်သူများသည် မိမိတို့ စစ်သူကြီး တပ်ကိုလည်း ပြေးစေခဲ့ပြီ။ မိမိက အမိုက်ခံ၍ လှံပြိုင်ထိုးနေလျင် နှစ်ယောက်တစ်ယောက် ရှိချေလိမ့်မည်။ မိမိဘက်မှ သူတို့နှင့် ရင်ဆိုင်နိုင်သူ မမြင်ဟုလည်း ထင်လာပြီး ဘယ်ကျော် မြင်းလှည့်သွားတော့သည်။ ထို့ကြောင့် ဒုတိယ လှံတိုမှာ မပစ်လိုက်ရဘဲ မြေပေါ် ပစ်ပေါက်ခြင်း ခံလိုက်ရ၏ ။
"လိုက်ထိုးပါလားဗျ၊ တစ်ဦးဦး ရအောင်"
နောက်နားဆီမှ အသံထွက်လာ၏ ။
"နင် လိုက်မလား"
"မလိုက်ချင်ပါဘူး"
လူရွယ် ပြုံး၍ ပြောသည်ကို လူကြီးက
"အင်း၊ ငါလည်း သူပြေးသည်ကို မလိုက်လို။ ကြောက်၍ ပြေးလျင် ပဲခူးအထိ ပြေးပါစေ။ နင်လည်းယောက်ျား လို့ ရင်ဆိုင်ကြတာမျိုးမှ အားရတယ်"
လူရွယ်က မြင်းပေါ်မှ စောင်း၍ လှံတိုကို နှုတ်လိုက်ပြီး မြင်းတင်ပါးသိုင်းကြိုးရှိ လှံထိုးရာ နေရာတွင် ပြန်ထည့်လိုက်ကာ
"စစ်ကြီး နှစ်သောင်း ဆိုလို့ဗျာ၊ ထောင်းလမောင်းကြေ တိုက်ရတော့မယ် မှတ်တာ။ လှံနှစ်ချောင်းနဲ့ ပွဲပြတ်သွားရတယ်လို့.."
"တိုက်ချင်တယ် ပြောရင် ဘယ်ထိုးမလဲကွ၊ ပြောပါလား ငစံရ။ ကျွန်တော့်လည်း ပွဲပေးပါဦး လို့"
လူကြီးက စလိုက်သည်ကို လူငယ်က ဟက်ဟက်ပက်ပက် ရယ်သည်။
"ပွဲဆို မြောက်ပြင်ရပ်က အုန်းပွဲတွေပဲ အောက်မေ့မိတယ်။ ကျုပ်က ငှက်ပျောသီးစားပြီး ခင်ဗျားတို့ တောင်းတာတွေ ချီးမြှင့်ပေးရမှာလား ပြောခဲ့ရတာကို"
အကြောင်းသိထားသည့် လူကြီးက ရယ်၍
"အေးလကွာ၊ သူတို့ ဒီလောက် ကိုးကွယ်နေမှတော့ မင်းက က ပြသင့် က ပြရမှာပေါ့"
"ဟာဗျာ"
မြောက်ဘက်သို့ မြင်းလှည့်၍ တကုပ်ကုပ် စီးသွားသော နောက်သို့ မြင်းနီကလည်း လိုက်ပါသွားသည်။ သူတို့နောက်ဆီမှ တလှုပ်လှုပ် တရွရွ ဖြစ်နေခဲ့သော မြင်းတပ် ၂ ထောင်သားများမှာ ယခုမှ လိုက်ထပ်ချေ အမိန့်ရသဖြင့် သူတို့အား တရုန်းရုန်း ဖြတ်ကျော်သွားကြလေသည်။ 


Written by သင်္ခရာဇာ

End date: February 13, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...