"ငါမှားသွားပြီကွာ"
လက်ျာဘီလူး ဆို၏ ။
"မင်းတို့ ရဲဘော်ရဲဘက်တွေ သေကြရတာ ငါ့အမှားကြောင့်ပါ။ ငါ မဆင်မခြင် ဝင်မိလို့ မွန်တွေရဲ့ ထောင်ချောက်ထဲ ကျသွားခဲ့တာ"
ဝိုင်းထိုင်နေကြသော သူ၏ တပ်သားများမှာ ငြိမ်သက် တိတ်ဆိတ်နေကြသည်။ တပ်မှူး၏ ဝန်ခံစကားတို့ကို အပြစ်လည်း မဆို၊ ထောက်ခံခြင်းလည်း မရှိ၊ ကန့်ကွက်ခြင်းလည်း မပြုကြ။ ကျဆုံးသူ ညီနောင်ရင်းများအတွက် ယူကြုံးမရ ဖြစ်နေကြရသော်လည်း မည်သူမျှ မပေါက်ကွဲ မညည်းညူကြဘဲ တပ်မှူး ပြောလိုရာပြော ဟူသည့် သဘောမျိုးဖြင့် လွှတ်ထားကြဟန်။
"ငသူရိန် ငါ့ကို သတိပေးသားပဲ၊ ငါကိုက ညံ့တာ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး ဘဝင်မြင့်မိတာ။ ရန်သူကို လျှော့တွက်လိုက်မိတာ.. ခုတော့ ငါ့ကို ယုံလို့ လိုက်ကြတဲ့သူတွေ အချည်းနှီး အသက်ဆုံးရှုံးကုန်ကြရတာပဲ.. တောက်"
လက်ျာဘီလူးက ဓားလက်ကိုင်ပေါ် လက်ရောက်သွားသဖြင့် စောင့်ကြည့်နေသော ငကံက လှစ်ခနဲ ရောက်လာပြီး ထိန်းရန်ပြင်သည်။ သို့သော် သူ့တပ်မှူးမှာ စိတ်မလွတ်၊ သူ့ကိုယ်သူ ထိန်းချုပ်လျက် လက်သီးကို ဆုပ်လိုက်ပြီး..
"အစ်ကိုတို့ နစ်နာ ဆုံးရှုံးခဲ့ရတာတွေအတွက် ကျွန်တော့်ကို အပြစ်တင်နိုင်တယ်။ ကျွန်တော် မရင့်ကျက်လို့ ဖြစ်သွားရတာမို့ မကျေနပ်ရင် ကျွန်တော့်ကို စိတ်ကြိုက် စီရင်နိုင်ပါတယ်။ အပြစ်မရှိစေရ၊ ကျွန်တော် လက်ခံမယ်"
အားလုံးက အဘမျှင်ဟု ခေါ်ကြသည့် ငမျှင်ကို အဓိပ္ပါယ်ဆောင်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏ ။ အသက်အကြီးဆုံး အဘမျှင်အား ဖျောင်းဖျစေလိုသည့် သဘောမို့..
"သည်လိုလည်း မဟုတ်ပါဘူး တပ်မှူးရယ်။ ကျုပ်တို့လည်း သာမန်ပဲ ထင်ပြီး အရင်လို လိုက်ဝင်သွားမိကြတာပါ။ တပ်မှူး အဝင်မှားလို့ မဟုတ်ပါဘူး၊ သည်လိုပဲ တိုက်ကြရမှာပဲ မဟုတ်လား။ ဝင်နေကျမို့ ဝင်တာကို နိုင်တုန်းကတော့ ငါတို့ဘီလူးတပ် အစွမ်း၊ ဟိုဒင်းဖြစ်တော့မှ တပ်မှူးကြောင့်လို့ ကျုပ်တို့ မမြင်ပါဘူး"
တပ်သားတစ်ဦးကလည်း..
"ဟုတ်ပါတယ် တပ်မှူး၊ တပ်မှူး ပေါ့လျော့သွားလို့ ဖြစ်စေ.. အကြောင်းကြောင်းကြောင့် ဖြစ်စေ ကျုပ်တို့ဟာ စစ်တိုက်ရင်းပဲ သေကြရမယ့် သူတွေချည်း။ တိုက်ရင်း သေတာ ဆန်းသလားဗျာ။ ကျန်ခဲ့သူတွေအတွက် ဝမ်းနည်းရပေမယ့် ပြန်လာနိုင်သူတွေကလည်း နောင်တ မရသင့်ပါဘူး။ တပ်မှူးကို ကယ်နိုင်ခဲ့တာပဲ ဝမ်းသာလို့ မဆုံးဘူး"
တိုက်ပွဲတွင် တပ်ရိုးပေါ်မှ လွင့်ကျသွားခဲ့သည့် လက်ျာဘီလူးအား တင်ကျည်းတုတ်ဖြင့် ထိုး၍ ကမ်းကာ ပြန်ဆွဲတင်နိုင်ခဲ့သော ငသူရိန် ဝင်ပြောပြန်သည်။
"တပ်မှူး အားလုံးရှေ့က အသေခံ တိုက်ပေးနေတာ ကျုပ် အသိဆုံး၊ တပ်သားတွေကို ထိမှာစိုးလို့ ဆုတ်၊ ဆုတ်.. မှားတော့မယ်လို့ အော်ရင်း ဇွတ်ပြေးတက်သွားပြီး ဝင်လုံးပစ်လို့သာ ကျုပ်တို့အားလုံး ကျမကျန်ခဲ့တာဗျ။ သူတို့ဗိုလ်က လူတွေနောက်ကနေ တပ်မှူးကို လှံနဲ့ ပစ်ထိုးလိုက်တော့ သေပြီကို မှတ်တာ၊ တပ်မှူးက လှံသွားကို ဖမ်းဆုပ်လိုက်နိုင်လို့သာ ဒီလောက်ဒဏ်ရာနဲ့ ပြုတ်ကျသွားတာပဲ။ ကျုပ်ဖြင့် သည်တစ်ကြိမ် တပ်မှူးကို ကယ်လိုက်နိုင်တာ ကျေနပ်လို့ မဆုံးပါဘူး"
"မဟုတ်ဘူး သူရိန်၊ မင်းတို့အားလုံး ကျေးဇူးတွေလည်း ငါ့အပေါ် ကြီးလှပါတယ်။ ငါက မင်းတို့အားကိုးနဲ့ မှောင်နေတာ။ ခု ငါက အားကိုးရသလို ငါ့ကို အားကိုးနေကြတဲ့ သူတွေကို ငါကိုယ်တိုင် ဒီလက်တွေနဲ့ သတ်လိုက်မိသလို ဖြစ်သွားတယ်ကွာ"
လက်ျာဘီလူးက အဝတ်ပတ်တီး စည်းထားသော လက်များကို ကြည့်ရင်း ပြောသည်။ ရင်ညွန့်အောက်ဘက်ရှိ ဒဏ်ရာ၏ တစစ်စစ် ကိုက်ခဲမှုမှာ ရင်ညွန့်အထက် ဝဲဘက်မှ နာကျင်မှုလောက် ခံစားရခြင်း မရှိ။ လက်ချောင်းများသည်လည်း မချိတင်ကဲ ပျော့ခွေအားကုန်နေလေသည်။
"ကျုပ်ကတော့ဗျာ.."
စကားနည်းလှသော ငကံအသံ။
"တပ်မှူး လက်အောက်မှာ တိုက်ရင်းသာ သေရမယ်ဆို ဘယ်လိုသေသေ ငရဲကျကျ အခြား လှလှပပ သေခြင်းတွေထက်ကို ကြိုက်သေး"
"မင်းတင်လားကွ"
လူလှက ပေါင်ကို ပုတ်၍ ဆို၏ ။
"ငါဖြင့် ခု ထိုင်နေရတာ စိတ်နဲ့လူ မကပ်ဘူး"
"ဘာဖြစ်လို့လဲ ငလူလှရဲ့"
"သေမကျန်လိုက်ရလို့ကို ဟာတာတာကြီး ဖြစ်နေတာ"
"လူလှကတော့ လုပ်ရော့မယ်"
"ဟုတ်တယ်လေကွာ၊ တခြားသူတွေက သူရဲကောင်းလို ကိုယ့်ရဲဘော်တွေအတွက် အသက်စွန့် ကာကွယ်သွားကြချိန်မှာ ငါတို့က သူတို့လို မလုပ်ရဘဲသူရဲဘောကြောင်သလို ပြန်ဆုတ်ခွာလာတာမျိုး ဖြစ်မနေဘူးလား"
"တော်ကြပါတော့ဗျာ.. အစ်ကိုတို့ ကျွန်တော့်ကို အပြစ်မတင်ကြဘူး ဆိုရင်လည်း နောင်ကို ဒီလိုမဖြစ်အောင် ကြိုတင် ကာကွယ်ထားဖို့ ပြင်ဆင်ကြရတော့မယ်။ ပြီးရင် သည်လောက် ဉာဏ်များတဲ့ မွန်တွေကို ပြန်ပြီး အနိုင်ယူကြရမယ်"
လက်ျာဘီလူးက တွေးတွေးဆဆ ပြောလိုက်သော်လည်း သူ့လူများက မည်သို့ သဘောပေါက်ကြသည် မသိ၊ ထိုင်နေကြသူ တစ်ဝက်ခန့် ထရပ်လိုက်ကြပြီး
"အခုလား၊ ဘယ်လို တိုက်ကြမလဲ"
ဟု တစ်ယောက်တစ်ပေါက် မေးလိုက်ကြရာ နောင်တရခြင်း အလျဉ်းမရှိကြသူများအား တပ်မှူးပင် ငေးကြည့်နေမိလေသည်။
Written by သင်္ခရာဇာ
End date: December 1, 2021