Translate

Showing posts with label ဟံသာဝတီသို့. Show all posts
Showing posts with label ဟံသာဝတီသို့. Show all posts

ဟံသာဝတီသို့ (၁၈)

"ဂျောက်"

           အမှောင်ထဲတွင် မှေးစက်နေခိုက် အသံနှင့်အတူ တံခါးဆီမှ အရိပ်များ မြင်လိုက်ရသဖြင့် မရူ တစ်စုံတစ်ခုကို သိလိုက်သလို ရှိ၏ ။ သူတို့ မိမိကို ကွပ်မျက်ကြတော့မည်။ အပုပ်ချိန် အ ကာလအခါကို ရွေးချယ်၍ လာကြခြင်းကား မည်သို့မျှ ကောင်းမွန်သော လာခြင်း မဖြစ်နိုင်။

 

             သူသည် ချက်ချင်း ထ ရပ်လိုက်ရန် အားအင်ကုန်ခမ်းနေ၏ ။ မိမိ၏ နောက်ဆုံးအချိန် ဟူသော အသိကြောင့် မထချင်၊ မထနိုင်။ သို့ရာတွင် ဝင်လာသူ အစောင့်နှစ်ဦးကတော့ ဘာမှ ပြောမနေဘဲ သူ့ကို ဆွဲထူကာ တွဲထုတ်လာကြသည်။ 

 

              မည်သူမျှ မသိစေလို၍ မည်သည့်အသံမှ မပြုကြခြင်း ဖြစ်ကြောင်း မရူ သဘောပေါက်၏ ။ ယာဘက်မှ တွဲထားသူမှာ သုံ့လူများထားရာ အချုပ်ခန်းအား စောင့်ရသူမဟုတ်ဘဲ ဓားကိုင်ထားသူတစ်ဦး ဖြစ်နေသည်မို့ ပို၍ သေချာလာသည်။ လူနှစ်ဦးသည် သူ့အား ဆွဲခေါ်လာပြီး အခြားတစ်ဦးက ရှေ့မှ လမ်းပြ၏ ။ မှောင်မည်းနေသည့်တိုင် မီးတုတ်များကို မထွန်းကြ။

 

                ရှေ့တွင် ဟံသာဝတီမြို့ရိုး မည်းမည်းကြီးကို တစ်ချက်တစ်ချက် လှမ်းမြင်နေရသည်။ မြို့ရိုးနှင့် တပ်များအကြားတွင် အပြစ်သား ရန်သူ စသည်တို့ကို ကွပ်မျက်ရာ ကားစင်များ ရှိ၏ ။ အချို့ကို တိုင်ထိပ်တွင် ချည်နှောင်ထားပြီး အချို့ကို တိုင်မှ ကြိုးနှင့် ဆွဲထားကြောင်း မြင်ဖူးခဲ့သည်။

 

            မြေပြင်တွင် သစ်ချောင်းများ ရက်၍ လူကို ခပ်ကားကား ချည်နှောင်ကာ လှံဖြင့် ထိုးသတ်ထားခဲ့ကြသော ကားစင်များအနီး ရောက်လာသောအခါ မရူ စိတ်လျှော့လိုက်သည်။ သူ့ခြေသည် လှမ်းမနေတော့ဘဲ တရွတ်ဆွဲသွားခြင်းကြောင့် လူနှစ်ဦးက ဖေးမကာ ပခုံးထမ်းလာကြရပြီ။ ထိုသူနှစ်ယောက်ကတော့ အမှောင်ထဲတွင် တစ်ဦးကိုတစ်ဦး အဓိပ္ပါယ်ပါပါ ပြုံးလိုက်ကြကြောင်း သူမသိ။

 

               ဆိုးရွားလှသော အနံ့အသက်များသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး လတ်ဆတ်သော လေညင်းကို စတင် ထိတွေ့လာရသည်နှင့် သူ့ကိုယ်သူ ဘဝပြောင်းသွားပြီလားဟု မရူ ထင်လိုက်မိသည်။ ဘယ်အချိန်က လည်ကုပ်ပေါ် ဓားကျရောက်ခဲ့ပါလိမ့်။ သူ အသိလွတ်ခဲ့၍ စီရင်လိုက်သည်ကိုပင် မသိလိုက်ချေတကား။

 

                သူ လေထဲ တန်းလန်းဖြစ်နေခိုက် ခြေထောက်မှ အနှောင်အဖွဲ့များ မရှိတော့ဘဲ လွတ်လပ်ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ လွတ်ပြီ...။ သို့ရာတွင် သူလားရာလမ်းသည် မှောင်မည်းလွန်းလှ၏ ။ ငရဲပွက်သံ ဆူဆူညံညံများကို စတင် ကြားလာရသည်။ မြို့ရိုးမည်းမည်းဆီမှ မီးညွှန့်မီးရောင်များလည်း မြင်လာရသည်။

 

"ဟင်" 

 

            သူ့အနီးတွင် အရိပ်မည်းမည်းများစွာ ရောက်ရှိနေကြပါလား။ သေချာကြည့်မှ ဟံသာဝတီမြို့ရိုးကြီးနှင့်တကွ မြန်မာတပ်များစွာတို့သည် တိတ်တဆိတ် ရပ်နေကြကြောင်း တွေ့လာရသည်။ သူတို့အားလုံး ဆံပင်များ လေထဲ လွင့်နေသည်ကိုပင် မြင်ရ၏ ။ တရှူးရှူး နှာမှုတ်လျက် ခွာယက်နေသော မြင်းကြီးပေါ်မှ လူတစ်ဦးက အသံပြုသည်။

 

"မရူ" 

 

               သူ ကြောင်ငေး၍ နေလေ၏ ။

 

"မရူ... မင်း လွတ်ပြီ။ ဒီည မင်းကို ငါတို့ လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် သူရဲကောင်းပီပီ ဟံသာဝတီမြို့ကြီးကို ဖြတ်ပြီးမှ ထွက်သွားရမယ်။ မြို့ထဲ မဝင်ဘဲ အပြင်က သွားခွင့် မပြုဘူး။ နားလည်သလား"

 

              မရူ ထိုသူကို ငေးနေသည်။ သူတို့ လုပ်ကြံခဲ့ကြသည့်သူ၊ အရှေ့ဝင်းမှူး ဗိုလ်ချုပ် မင်းထင်နော်ရထာတည်း။ သူ့ရင်ထဲ၌ မေးခွန်းများ ပေါ်လာပြီး နှုတ်မှ အလိုလို ထွက်ပြူလာသည်။

 

"ငါ.. မြို့တံခါးကို ဖွင့်ဝင်ရမှာလား။ မြို့ရိုးကို ကျော်ရမှာလား"

 

              လက်ျာဘီလူး ပြန်မဖြေမီ သူတို့ရှေ့မှ မြို့တံခါးကြီး တအီအီ ပွင့်လာသည်ကို အတွင်းမှ မီးရောင်ဖြင့် မြင်လိုက်ရ၏။ ညအချိန် အဘယ်ကြောင့် မြို့တံခါးကြီး ပွင့်လာသနည်းဟု မတွေးလိုက်ရခင် အတွင်းမှ မီးရောင်များကို ကြည့်၍ မရူ သဘောပေါက်သွားသည်။ ဟံသာဝတီ ကျလေပြီ။

 

              သူတို့၏ စည်ကား ခမ်းနားလှသော နေပြည်တော်ကြီးသည် ဤ အလုပ်အကြံများလှသော လူတို့ဒဏ်ကို မခံနိုင်တော့ဘဲ မြို့ပေါက်သွားပြီဖြစ်ကြောင်း မြို့ရိုး ကျောင်းကန် ဇရပ်များကို တိုက်ရှို့လိုက်သော မီးရောင်တို့က သက်သေပြနေ၏ ။ ထိုထက် ပို၍ သိသာသည်မှာ တံခါးကို ဖွင့်လာသူများသည် ရန်သူရဲမက်များ မဟုတ်ကြဘဲ ဟံသာဝတီ မြို့နေ အသည်သား မြို့တွင်းသားများ ဖြစ်နေလေသည်။

 

             ကြောက်လန့်တကြား ပြေးထွက်လာကြသော လူများစွာတို့ကို မြင်သောအခါ လက်ျာဘီလူးက 

 

"အဲဒီလူတွေရဲ့ အနောက်မှာ သစ္စာမရှိတဲ့ တုလွှတ်ကျော်တို့ ဒေါလွတ် တို့ အမတ်တွေ ရှိတယ် မရူ" 

 

              မရူ သဘောပေါက်သွားပြန်သည်။ 

 

"မင်း သူတို့ကို ကျော်ပြီး ထွက်နိုင်ရင် လွတ်ပြီ" 

 

             ချက်ချင်း အားအင်များ ပြည့်လာသလို ခံစားလိုက်ရပြီး စလိုက်သော ခြေလှမ်းများက မြို့တံခါးကြီးဆီ ဦးတည်နေသည်။ လူများအကြားတွင် တိုးဝှေ့၍ ဝင်သွားသော မရူနောက်သို့ လိုက်ကြရန် လက်ျာဘီလူးက သူ့တပ်များအား ဓားဦးဆန့်တန်း ညွှန်ပြလိုက်၏ ။

 

               ထို့နောက်တွင်တော့ နာမည်ကျော် ဟံသာဝတီ တိုက်ပွဲကြီး။ ခိုင်မာလှသည့် အုတ်မြို့ရိုးကြီးအတွင်းမှ ကြီးကျယ်ခမ်းနားခဲ့သော မင်းနေပြည်တော်ကြီးတစ်ခု၏ အဆုံးသတ် ဖြစ်လာမည့် တိုက်ပွဲတစ်ခုသည် မီးညွှန့်မီးလျှံများအကြား ပြင်းပြင်းထန်ထန် ထိုးခုတ် ပစ်ခတ်ကြရင်း ပုံပေါ်လာသည်။ 

 

                ဟံသာဝတီ ဗိုလ်မှူး ဗညားဒလ၊ စောဗြ၊ ဘယ်ကျော်တို့ကလည်း ရွပ်ရွပ်ချွံချွံ ခုခံနေကြဆဲ။ မြို့တက်သူ မြို့သိမ်းသူ မီးတိုက်သူများကလည်း တသဲသဲ ဝင်လာကြဆဲ။ ရွှေဘိုတပ်များအားလုံး အလုံးအရင်းနှင့် ဝင်လာပြီ ဖြစ်သောကြောင့် အင်အားချင်း ကွာခြားလာသည့်အတွက် ဘယ်ကျော်တို့ အနောက်ဆီ စတင်ရွေ့နေရပြီ။

 

              မြင်းနှင့် ဗိုလ်များကတော့ တညီတညာတည်း ခံစစ်ပြုနေကြသော ဟံသာဝတီ စစ်သည်များကို အော်ဟစ်အားပေး ကွပ်ကဲနေကြ၏ ။

 

"တိုက်စမ်း၊ ခုတ်စမ်း။ မင်းတို့မြို့ကြီးကို ကျူးကျော်လာသူတွေ လန်သွားအောင် ခုတ်လွှတ်လိုက်စမ်း။ ပြန်ပြေးသွားရတဲ့အထိ တိုက်လွှတ်လိုက်ကြစမ်း"

 

"ဘယ်ကျော်.. ဘယ်ကျော်" 

 

                မီးရောင်တွင် ရွှေကများ တလက်လက်နှင့် မြင်းကိုစီးလျက် စောဗြ ပြေးလာသည်။ ကိုယ်ရံတပ်လည်း ပါ၏ ။ 

 

"အနောက်တောင်ထောင့်မှာ အကျများနေတယ်။ မင်း အဲဒီဘက်ကို ခုခံချေစမ်း"

 

"ဗညားဒလရော.. မင်းသား" 

 

"ဗညားဒလ ဆင်နဲ့ လိုက်ကွပ်နေတယ်။ တောင်မြို့ရိုးမှာ"

 

"ဒီဘက်ကလည်း အဝင်များနေတယ် စောဗြ" 

 

"ငါသိတယ်၊ ငါ့တာထား။ အနောက်တောင်က မင်းတို့လူတွေ များတယ်.. သွား သွား"

 

               ဘယ်ကျော် လှံရှည်ဆွဲ၍ စိုင်းသွားလျှင် မတ္တရာသားတို့၏ မြင်းတစ်အုပ်ကြီး ပါသွားသည်။ စောဗြက မြင်းထက်မှ နဂရ ဟူသော စစ်ဆင်ကြီးပေါ်သို့ ပြောင်းတက်သွား၏ ။ မျက်နှာတွင် ဟင်္သာပြဒါးများ နီရဲနေအောင် သုတ်လိမ်းထားပြီး အစွယ်ကြီးနှစ်ချောင်းကို တစ်ပတ်တိတိ ချွန်ထားခဲ့သော ဆင်ပြောင်ကြီးဖြင့် မြင်မြင်သမျှ မြင်းသည် ခြေသည်တို့အား လိုက်ဝှေ့နေတော့သည်။

 

              မရူ မြို့တံခါးအတွင်း ရောက်လျင် သူ့အနောက်မှ လိုက်ဝင်လာသည့် မြင်းများစွာက လက်ဝဲလက်ယာသို့ ဖြန့်ခွဲထွက်သွားကြသည်။ လမ်းထောင့်များရှိ အိမ်ကြီးအိမ်ကောင်း ဇရပ်ကြီးများမှာ မီးဟုန်းဟုန်းတောက်လောင်လျက်။ အရှိန်ကောင်းနေသည့် မီးရောင်အောက်တွင် လူများစွာတို့ ပြေးလွှားထိုးခုတ်နေကြကုန်၏ ။

 

             လက်ျာဘီလူးလည်း တိုက်ရမည့်သူကို ရှာရာ စစ်ဆင်ကြီးတစ်စီးပေါ်မှ စောဗြကို တွေ့သည်။ ဆင်သည် ဆင်ခြေဖုံးများစွာလည်း တစ်အုပ်ကြီး လိုက်ပါနေကြသည်ကို မြင်၏ ။ တံခါးမှ ဆင်များ ဝင်လာနေကြပြီ ဖြစ်သောကြောင့် သူက ရှေ့ဆက်မတိုးသေးဘဲ နောက်လှည့်ကာ စောင့်ကြည့်နေလေသည်။

 

               မွန်တို့ဒေသ ပကိုးဝအရပ်မှ ရခဲ့၍ မြို့အမည်အတိုင်း ပန်းကို ဟု မှည့်ခေါ်ထားခဲ့သည့် ဆင်မလေးထက်တွင် ဗိုလ် တုရင်သီဟ နှင့် လှံရှည် ၈ ချောင်းထိုးလျက် ပါသည်ကို မြင်သောအခါ ပန်းကိုမ ဘေးသို့ မြင်းကပ်၍ တွဲခိုလိုက်ပါသွား၏ ။ သူ၏ အရိပ်အခြည်ကို စောင့်ကြည့်နေသော ငကံက တိမ်ပျံကို တက်စီးလိုက်ပြီး တုရင်သီဟမှာ အလိုလို ကုန်းလယ်စီး ဖြစ်သွားရသည်။

 

              စောဗြသည် မြန်မာမြင်းတပ်များကို ဆင်နှင့် ဖိနင်းနေခိုက် သူ့ထံ လှံရှည်တစ်ချောင်း ပျံဝဲလာသဖြင့် ကမန်းကတမ်း ငုံ့ရှောင်လိုက်၏ ။ ထို့နောက် လှံလာရာအရပ်အား မျှော်ကြည့်ရာ ခြေသွက်သော ဆင်မတစ်စီးပေါ်မှ လူတစ်ယောက်သည် နောက်လှံတစ်ချောင်း လွှတ်လိုက်သည်ကို မြင်ရပြန်သည်။

 

             ဆင်ခြေဖုံးသူရဲများက တင်ကျည်းတုတ်များဖြင့် ပစ်တင်ကာကွယ်လိုက်ကြသောကြောင့် လှံကို ခိုက်မိပြီး သူ့ဆီတော့ ရောက်မလာ။ နောက်မှ ကုန်းလယ်စီးက နောက်တစ်စင်း ထပ်ကမ်းပေးနေပြန်သည်။ ထိုသူကလည်း ခဏမဆိုင်း ချိန်ရွယ် လွှတ်လိုက်ပြန်၏ ။ စောဗြ လှံဖြင့် ရိုက်ဖယ်ရင်း ယင်းဆင်မ ရှိရာ ဦးလှည့်မည် ပြင်သောအချိန်

 

"မင်းကြီး မတိုက်နဲ့တော့။ သူတို့ ဗိုလ်ပုံ အထပ်ထပ် ရှိပြီ။ ဆင်တော်လှံထိခဲ့လျင် ခွာရေးခက်ချေတော့မည်။ ယခုပင် ခွာမှ သင့်ပါမည်"

 

                သူ၏ ကုန်းလယ်စီးက စိုးရိမ်ပူပန်စွာ လျှောက်တင်လာ၍ အခြေအနေကို သုံးသပ်ကာ နဂရဆင်ကြီးကို အခြားတစ်ဘက်သို့ လှည့်လိုက်ရတော့သည်။ စောဗြ ပြေးသွားသည်ကို ဆင်မနှင့် လိုက်လျှင် အလွယ်မီနိုင်သော်လည်း စီမံအုပ်ချုပ်ရန် အရေးအရာ များစွာ ရှိသေးသည် တစ်ကြောင်း၊ ဘယ်ကျော် ပြေးသည်ကို မြင်လိုက်သည် တစ်ကြောင်း၊ အခြား အကြောင်းများလည်း ရှိသေးသဖြင့် လက်ျာဘီလူး မလိုက်။

  

"မင့်ဆင်ပေါ်က လှံထိုးရတာ အကောင်းဆုံးပဲ" 

 

              ဟု တုရင်သီဟကို ဆိုပြီး ဆင်ပေါ်မှ ခုန်ချသွားလေသည်။ တုရင်သီဟကတော့ ယခင်နေ့များစွာက လက်ျာဘီလူး ဆင်များ လိုက်စီးကြည့်နေခဲ့သည့် အကြောင်းရင်းကို ယခုမှ သိရတော့၏ ။ အမှန်တကယ်လည်း ပြေးရာတွင် သူစီးရသော ပန်းကိုဆင်မက အငြိမ်ဆုံးဖြစ်သည်။ သို့သော် မည်သည့်ဆင်ပေါ်မှ လှံလွှတ်လျင် အကောင်းဆုံးဖြစ်မည် ဆိုသည်ကိုတော့ သူ မတွေးမိခဲ့ဖူးချေ။

 

            မရူ လှံတိုတစ်စင်းဆွဲလျက် ပြေးလွှားနေရင်း ရှေ့လမ်းမ၌ ဖြတ်သွားသော မြင်းတစ်အုပ်ကို တွေ့၍

 

"ဟေ့.. တုလွှတ်ကျော်" 

 

            မြင်းသည်များ၏ ခေါင်းဆောင်မြင်းမှူးက မြင်းကို ပတပ်ရပ်ရင်း လှည့်လာပြီး

 

"ဟိတ် မရူ၊ မင်း လွတ်လာသလား"

 

"ငါ လွတ်လာတယ်၊ ဒေါလွတ်ရော"

 

"မသိဘူး.. ဘာလုပ်မလို့လဲ" 

 

"စာရင်းရှင်းမလို့။ မင်းတို့ ငါ့ကို အပြစ်လွှဲချကြတယ်ဆို"

 

"​သြ.. ရောင်းရင်း၊ ကျုပ်က ဒေါလွတ်အပြစ်လွတ်အောင် လျှောက်လိုက်ရတာပါ။ မင်းက သူ့လက်မှာ ကျန်ခဲ့တော့ သေလူ လို့ တွက်ပြီး..."

 

"ငါ အခု သေလူပဲ၊ မင်းတို့ကို သတ်ရအောင် လာတာ"

 

"အချိန်မရှိဘူး သွေးသောက်၊ အဲဒါ နောက်မှ ရှင်းကြတာပေါ့။ အခုတော့ မြန်မာတပ်တွေကို အရင် ဖောက်ထွက်ကြရမယ်"

 

             မရူက မြင်းလှည့်ရန် ပြင်နေသည့် တုလွှတ်ကျော်ထံ လှံတိုနှင့် ပစ်ပေါက်လိုက်ပြီး ပြေးဝင်သွားသည်။ တုလွှတ်ကျော်ကလည်း လှံကို ခတ်ထုတ်လိုက်ပြီး မရှောင်သာတော့သည့် မရူကို ရင်ဆိုင်ရန် ဆုံးဖြတ်ကာ ပြေးလာ၏ ။ မြင်းပေါ်မှ ဆီးခုတ်သည်ကို မရူက မြင်းနံပါးဆီ ကိုယ်နှင့် ခုန်ဝင်ပြေးတိုက်လိုက်ပြီး ကျော်သွားသော ဓားကိုင်လက်ကို မလွတ်တမ်း ဖမ်းဆုပ်ထားလိုက်သည်။

 

                တုလွှတ်ကျော်၏ ဒူးနှင့် မြင်းကတို့က သူ့နံစောင်းကို တိုက်မိပြီး နာကျင်သွားသော်လည်း လက်မလွှတ်သောကြောင့် မြင်းဇက်ကို ဆုပ်ထားသော တုလွှတ်ကျော်မှာ မြင်းပေါ်မှ လည်ကျလာပြီး လူနှင့်မြင်းကြား တန်းလန်းဖြစ်နေသည်။ မရူက ဓားလုနေရာ မြင်းဇက်ကြိုး လွှတ်လိုက်ပြီး မရူ၏ လည်ကို လက်ဝါးစောင်း ရိုက်ချလိုက်၏ ။ 

 

               အလဲလဲ အပြိုပြိုဖြင့်ပင် မရူလက်ထဲ ဓားပါသွားသည်။ ပေရေစုတ်ပြတ်နေသည့် မရူက သွေးရူးသွေးတန်း ထပြီး ဓားနှင့် လိုက်ခုတ်သည်။ တုလွှတ်ကျော် ရှောင်တိမ်းကာကွယ်သော်လည်း မလွတ်တော့။ နှစ်ချက် သုံးချက် ခုတ်ခံလိုက်ရပြီးသည့် နောက်တွင် အားလျော့ လဲကျသွားတော့သည်။

 

              ဒေါလွတ်မှာမူ မြို့သူမြို့သားများ ပြေးကြသည့်အထဲတွင် ဝန်ကြီး ဗညားဦးနှင့် လိုက်ပါ ရောပြေးသွားသဖြင့် လွတ်သွား၏ ။ လက်ျာဘီလူးက ငကံထံမှ မြင်းပြန်ယူပြီးနောက် ဘယ်ကျော်သွားရာဘက်သို့ တိုက်ရင်း လိုက်သည်။ လမ်းတွင် ရဲကျော်သူရ ဦးစီးသော မြင်းတပ်ကို တွေ့ရာ အော်ပြော၏ ။

 

"ကိုရင်ငလွင် အဲဒီလူတွေ ထားခဲ့ပြီး မြောက်တံခါးကို သွားစောင့်ပါ။ အရေးကြီးသူတွေ အဲဒီဘက်ကို ထွက်လာရင် တစ်ယောက်မှ လွတ်မသွားစေနဲ့နော်။ သေချာကြားရလား" 

 

              မြင်းရည်တက် ဗိုလ်မှူးတစ်ဦးဖြစ်သော ငလွင် အနည်းငယ် စိတ်ခုသွားပြီး

 

"အေး.. ကြားတယ်။ မင်းက ဘယ်တုန်း ငစံ"

 

"ကျွန်တော် ဘယ်ကျော့်နောက် လိုက်မလို့" 

 

 "ဒါဆို သူ့နောက် ငါလိုက်မယ်၊ မင်း မြောက်တံခါးက စောင့်ချေ"

 

"ကျွန်တော်ပြောတာသာ လုပ်စမ်းပါဗျာ" 

 

             လက်ျာဘီလူးက ပြန်အပြောမခံ၊ မြင်းနှင့် ခေတ္တလှည့်ပြောနေရာမှ ချက်ချင်း ဆက်ပြေးသွားသဖြင့် ငလွင် မကျေမနပ် ရပ်ကျန်ခဲ့ရ၏ ။ သူက အသက်ဂုဏ်ဝါ ကြီးသော်လည်း ယခုအချိန်တွင် ငစံက ဘုန်းကြီး ရာထူးရာခံမြင့်နေချိန်မို့ အောင့်သက်သက်နှင့် အတန်ကြာ ရပ်နေသေးသည်။ 

 

             အနောက်တောင်ထောင့်တွင် လူ ၃၀၀၀ ခန့်နှင့် အရှုံးမပေးစတမ်း ခံနေသော ဗညားဒလ၊ စောဗြ နှင့် ဘယ်ကျော် ဗိုလ်သုံးဦးစလုံးအား တပ်များ၏ အရပ်မျက်နှာ တစ်ဘက်စီတွင် တွေ့ရလေပြီ။ စောဗြမှာ သူ့နောက်လိုက်လာသော မြင်းသည်အများနှင့် လူကို မြင်လျင် အနောက်တံခါးဘက်သို့ ဦးအောင် ခွာလေသည်။

 

              ဗညားဒလလည်း စောဗြ ခွာသွားသည်ကို မြင်ရာ လူအုပ်ကို အစည်းအရုံးမပျက် ကွပ်ကဲ၍ တံခါးဆီသို့ ရွှေ့လာ၏ ။ ဘယ်ကျော်ကို နောက်တပ် ထားခဲ့သည်။ 

 

"ဟေ့.. စောဗြ၊ နင် ဘာလုပ်တာလဲ"

 

"မရတော့ဘူး မင်းကြီး၊ သူတို့ လိုက်လာပြီ"

 

"ဘယ်သူလဲ" 

 

"မင်းထင်နော်ရထာ.. အလောင်းဘုရားလူ" 

 

"ဘယ်သူဖြစ်ဖြစ် ခံတိုက်ရမှာပဲကွ"

 

"မြို့ကို သေချာပြန်ကြည့်ပါဦးဗျ"

 

                စောဗြက အော်ရင်း တံခါးမှ ထွက်သွားပြီ ဖြစ်၏ ။ ဗညားဒလလည်း မီးဟုန်းဟုန်းတောက်လျက် ရွှေဘိုသားတို့၏ တဟေးဟေး အော်ဟစ်နေသံများဖြင့် ဆူညံနေသော မြို့တော်ကြီးကို လှည့်ကြည့်နေမိသည်။ ထို့နောက် အနား ရောက်လာသော ဘယ်ကျော်အား 

 

"ဟိုမှာ မြင်လား၊  လိုက်လာနေတဲ့ အဲသည်ဗိုလ်ကို လှံနဲ့ ထိုးရစ်လေ"

  

              ဟု မှာကြားကာ ဆင်ခြေဖုံးများ ရဲမက်များနှင့်အတူ မြို့ကိုထားခဲ့လျက် ထွက်သွားရလေတော့သည်။ ဘယ်ကျော်ကလည်း လှံကို လှည့်ရင်း အကြိမ်ကြိမ် ဒုက္ခပေးလှသည့် မြန်မာတပ်မှူးအား အကောင်းဆုံးသော လှံထိုးခြင်းဖြင့် နောက်ဆုံးအကြိမ် ထိုးအံ့ဟု ချိန်ဆစောင့်စားနေလေ၏ ။

 

             လက်ျာဘီလူးသည် အခြားသူများ ပြေးသွားနေကြသော်လည်း မပြေးဘဲ ရပ်ကျန်ခဲ့သည့် မြင်းဖြူတစ်စီးကို မြင်သည်နှင့် သူ၏ ကိုယ်ကို ဒိုင်းနှင့် ကွယ်လိုက်၏ ။ ချက်ချင်း ဒုန်းခနဲ ဒိုင်းကို လှံစိုက်လာကြောင်း သိလိုက်ရသည်။ သူက ဇက်ကြိုးကို လွှတ်၍ ဒိုင်းမှ လှံကို ဆွဲနုတ်နေခိုက် မြင်းဖြူမှာ လှည့်ပြေးသွားလေပြီ။

 

"ဘယ်..... ကျော်......" 

 

                ကျယ်လောင်ပြင်းထန်လှသော အသံကြောင့် ဘယ်​ကျော် လှည့်ကြည့်မိရန် ပြင်စဥ်ပင် လှံတစ်ချောင်းက သူ့ကျောပေါ် ပခုံးအောက်သို့ စိုက်ဝင်သွားပြီး ရင်ဘတ်မှ ဖောက်ထွက်လာ၏ ။ လှံသွားစူးလှ၍ မနုတ်နိုင်။ အနောက်မှ မြင်းသည်တစ်ဦးက လှံရိုးကို ကိုင်လျက် ခုတ်ဖြတ်ပေးရလေသည်။ စစ်သည်ပြသော အရိုးမှာ သူ့လှံရိုး ဖြစ်နေသည်။

 

              နံနက် လင်းအားကြီးတွင် ဇေတုဝတီမှ ချီလာသော အလောင်းမင်းကြီးကိုယ်တော်နှင့် တပ်မကြီး မြို့တွင်းဝင်လာချိန်ဝယ် ဗိုလ်မှူး တပ်မှူးများက သူတို့ ရထားသမျှကို အလုအယက် ဆက်ကြလေ၏ ။ အချို့က ရွှေငွေများ၊ အချို့က လက်နက်ကောင်းများ၊ အချို့က သုံ့ပန်းများ၊ ထိုအထဲတွင် ရဲကျော်သူရဲ ဆက်သည်မှာ အထူးခြားဆုံး ဖြစ်သည်။

 

             သူက မြင်းတစ်စီးနှင့် လူတစ်ယောက်ကို ဆက်လာသည်။ ထိုမြင်းသည် ဟံသာဝတီတွင် အကောင်းဆုံး မြင်းတစ်စီး ဖြစ်ပြီး လူမှာ ဟံသာဝတီပြည့်ရှင် ဘုရင်မင်းတရားကြီး ကိုယ်တော်တိုင် ဖြစ်၏ ။ ညက အခြေမလှသဖြင့် မြောက်တံခါးမှ ထွက်ရန် မြင်းစီးလာသော ဗြညားဓိရာဇာ မင်းတြားကြီးအား ရဲကျော်သူရမှ တွေ့ရှိ၍ ရွှေနန်းတော်သို့ ပြန်လည်ပင့်ဆောင် စံနေတော်မူစေခြင်း။

 

              ချက်ချင်းပင် မြင်းရည်တက် ရဲကျော်သူရမှာ ဗလမင်းထင် ဟူသော ဘွဲ့ကြီးနှင့် ဗိုလ်မှူးတစ်ဦး အဆောင်အယောင် ဆေးရေးပုဆိုး ခေါင်းပေါင်းများ ချီးမြှင့်ခံရလေတော့သည်။ ရဲကျော်သူရ မြောက်မျက်နှာတံခါးမှ အဘယ့်ကြောင့် စောင့်နေခဲ့သည်ကိုမူ မည်သူမျှ သိဟန်မတူ။ မြို့သိမ်းအခမ်းအနားတွင် အမှာတော်ရေး ဝန်ကြီး လက်ဝဲသုန္ဒရတို့လည်း ဘွဲ့များ ထပ်မံရရှိကြပြီး လက်ဝဲနော်ရထာ ဖြစ်လာခဲ့၏ ။

 

 "ပုန်ကန်သည့် ဗိုလ်မှူးစစ်ကဲများကို မိသလား"

 

                ဟု လက်ျာဘီလူးအား မေးရာ 


''ဗညားဒလ၊ စောဗြ တို့ ပြေးသည့်နောက် လိုက်နေကြပါသည်ဘုရား"

 

               ဟု လျှောက်၏ ။ အလောင်းမင်းကြီး မည်သို့မျှ မိန့်တော်မမူတော့။ ဘယ်ကျော်ကိုလည်း မမိ၊ လွတ်သွားသည်ဟုသာ ကြားသိတော်မူ၍ လက်ျာဘီလူးအပေါ် အမြင်မကြည်လင်ဟန် ရှိသည်။ စောဗြသည် တောင်ငူဘက်သို့ ဦးတည်နေပြီး ဗညားဒလမှာ တလပန်းရှိရာ စစ်တောင်းဘက်သို့ သွားသည်ဟု သိရသည်။ ဘယ်ကျော်လည်း အကွဲကွဲအပြားပြားဖြင့် ပြေးရသည် ကြား၏ ။

 

             ဟံသာဝတီမြို့ ကျသွားသဖြင့် ရွှေခွန်ဝန်၊ ဗညားပရံ၊ ဗညားရန်တဲ စသည့် မွန်အမတ် ဝန်ကြီးများ ဝင်စားလာကြရလေသည်။ ထိုသူတို့အားလည်း ကောင်းမွန်စွာ နေရာပေး၍ ရတနာသိင်္ဃသို့ ခေါ်ဆောင်ရ၏  ။ စောဗြကို တောင်ငူကြောင်းမှ မိလာသဖြင့် အလောင်းမင်းတရား အမိန့်နှင့် ကွပ်မျက်လိုက်သည်။

 

              တလပန်းရှိရာ ကော့ကွန်းသို့ လူသူဆင်မြင်းများစွာနှင့် ရောက်သွားသည့် ဗညားဒလမှာမူ သူ အားကိုးရမည် ထင်မှတ်မိသော တလပန်းက ဘုရင့်ညီတော်ဟူသော ကျေးဇူးဂုဏ်အင်ကိုပင် မထောက်၊ ရောက်သည်နှင့် ဖမ်းဆီး၍ သတ်လေတော့သည်။ ရက်စက်ဆိုးဝါးလှသော တလပန်း၏ လုပ်ရပ်ကြောင့် စစ်တောင်းသို့ ပါသော မွန်အချို့ပင် ထွက်ပြေးလာပြီး မြန်မာတို့အောက်သို့ ခိုဝင်လာကြသည်။

  

              ဘယ်ကျော်မူကား ကရင်တောသို့ ရောက်သွားရာ ဒဏ်ရာပြင်းလှသောကြောင့် ဆက်လက်မသွားနိုင်တော့ဘဲ ထိုရွာ၌နေ၍ ဆေးဝါးကြပ်မတ် ကုသရင်း ဆုံးရလေသည်။ ဘယ်ကျော်၏ အလောင်းကို အလောင်းမင်းတရားကြီး နေပြည်တော်ပြန်သွားပြီးမှ ဆက်လာကြသောကြောင့် လက်ျာဘီလူး သင်္ဂြိုဟ်လိုက်ရသည်။

 

 *

 

(နိဂုံးပိုင်း ဆက်ရန်..) ဟံသာဝတီသို့ (ဇာတ်သိမ်း)

 Written by သင်္ခရာဇာ

End date: July 2, 2022

ဟံသာဝတီသို့ (၁၇)

    အတွင်းအုတ်မြို့ကြီး၏ အပြင်ဘက်၊ ဆူးစည်းရိုးများနှင့် ရံတပ်များ၏ အနောက် လက်လုပ်လက်စား ဆင်းရဲသား အလုပ်သမားများ နေထိုင်ကြရာ ပျံကျရပ်တစ်ခု၏ စျေးတန်းငယ်တစ်ခုအနီးတွင် ဖြစ်သည်။ 

 

            လက်ျာဘီလူးနှင့် တပ်သားအချို့သည် သာမန်ရဲမက်များကဲ့သို့ ဆိုင်တစ်ခု၏ ဝါးထိုင်ခုံများ၌ ထိုင်နေကြ၏ ။ ထိုဆိုင်သည် တိတ်တိတ်ပုန်း ချက်သော ချက်အရက်များပါ ရသော်လည်း သူတို့ကတော့ ဘာမှမမှာရသေးဘဲ အမောဖြေနေကြသည်။ 

 

           အခြားစားပွဲများတွင်မူ သောက်စားနေကြသူများ၊ စကားပြောနေသူ ခဏတဖြုတ် နားကြသူများ ရှိနေကြ၏ ။ လူစည်ကားသည့် အရပ်မို့ ဖုန်တထောင်းထောင်း လှည်းတကျွီကျွီနှင့် ဆူညံနေချိန်၊ ရသေ့တစ်ဦးနှင့်တူသော သူရူးတစ်ယောက်သည် ခိုးကြောင်ခိုးဝှက် ကပ်လာရာမှ စားပွဲပေါ် တင်ထားသော လက်ျာဘီလူး၏ ဓားကို ကောက်ကိုင်လိုက်လေသည်။

 

"ဟိတ်.. ဘာလုပ်တာလဲ" 

 

            လက်ျာဘီလူး၏ အနောက်ဘက်မှ လာသည်ဖြစ်၍ မျက်နှာချင်းဆိုင်ရှိ တပ်သားက မြင်ပြီး ဓားအိမ်နှင့် လှမ်းလိုက်သည်။ လက်ျာဘီလူးလည်း လန့်သွားပြီးမှ သူရူးမှန်း သိ၍

 

"မလုပ်ပါနဲ့၊ သူ တစ်ခုခုကို စိတ်ဝင်စားလို့ ဖြစ်မယ်"

 

             ဆိုကာ ဓားအိမ်ကိုသာ ဖိထားလိုက်သည်။ သူရူးသည် ဓားလက်ကိုင်ကို ပွတ်သပ် ဆွဲထုတ်ကြည့်လိုက်ပြီး

 

"သြော်.. ဟုတ်တာပဲ။ ဒီကပဲ"

 

"ဘာဟုတ်တာလဲ အဖိုးကြီး" 

 

              ဘေးမှ စစ်သည်က မျက်ခြေမပြတ် အကဲခတ်ရင်း မေးရာ ဓားသွားကို စိတ်ဝင်စားနေသည့် အဖိုးအိုကြီးက "ဘူး.. ဘူး" ဟု ဖြေ၏ ။ လက်ျာဘီလူးကတော့ သူ့ဓားကို စိုက်ကြည့်နေသော အရူးအဖိုးအိုကြီးကိုသာ လေ့လာနေသည်။

 

              ဖြူကြောင်ထိုးထောင်သော ဆံပင်များနှင့် အညိုရင့်ရောင် အဝတ်များက ယောဂီလိုလို ရသေ့လိုလို ထင်ရပြီး အိတ်အတွင်းတွင်လည်း လက်ဆီဖြင့် ပြောင်နေရသော သစ်သားပုတီးတစ်ကုံးကို တွေ့ရ၏ ။ ဝါးတောင်ဝှေး အကောက်ကြီးက အမြစ် အဆစ် အတက်များဖြင့် ပြည့်နေသည်။

 

"တပ်.. တက်.. တတ်၊ ဒါဘာလဲ"

 

              အဖိုးအို စကားကြောင့် သူတို့ ပြုံးလိုက်ကြရသည်။ အခြားဝိုင်းများကလည်း ရဲမက်များထံမှ ဓားကို စူးစမ်းနေသည့် အရူးကြီးအား စိတ်ဝင်စားကာ ကြည့်ရှုနေကြပေသည်။ အဖိုးအိုသည် ဓားကို မြင်စက ခေါင်းကို အငြိမ်မနေ၊ တစ်ဖက်မှ တစ်ဖက်သို့ စောင်း၍ စောင်း၍ ကြည့်နေရာမှ တဖြည်းဖြည်း ငြိမ်သက်လာ၏ ။

 

 "ဒါ ဘာလဲ၊ ရန်နိုင်ဓား။ လူသင်္ချိုင်းအကြီးစား"

 

             သူ့စကားကြောင့် လက်ျာဘီလူး စိတ်ဝင်စားလာပြီး မှီနေရာမှ ထလိုက်ကာ 

 

"သံရှင်ဓားလို့ ဆိုပါတယ်" 

 

              ဟု ပြော၏ ။ သူရူးအိုသည် သူ့ကို လှည့်ကြည့်၍ အရေးမပါဟန် ပြုပြီးမှ ရုတ်တရက် ပြန်ကြည့်သည်။ သေသေချာချာ ကြည့်သည်။ 

 

"သြော်.. သြော" 

 

             ဆတ်ခနဲ ရင်ဘတ်မှ ဟနေသော အင်္ကျီကို ဆွဲလိုက်သဖြင့် လက်ျာဘီလူးက သတိအနေအထားဖြင့် ဓားကို ဆုပ်ကိုင်လိုက်မိသည်။ ရင်ဘတ်မှ ဘီလူးခေါင်း တစ်ပိုင်းတစ်စ မြင်သွားသော အရူးကြီးက

 

"ဟိတ်.. မောင်ရင်လောင်း" 

 

               ဟု ထအော်လိုက်ပြန်သောကြောင့် လန့်သွားကြပြီး ပြုံးမိကြပြန်သည်။ အဖိုးအိုသည် သွက်သွက်ခါ ရူးနေသည် မဟုတ်ဘဲ ယဥ်ယဥ်လေးနှင့် တစ်ခါတစ်ခါ စိတ်လွတ်သွားတတ်ဟန် ရှိ၏ ။

 

"နင် များနေပြီ။ ငါ့ကို နှစ်ခု ပြန်ပေး"

 

"ဟင်" 

 

"ဘာတွေ များတာလဲ၊ တပ်မှူး ကျုပ်တို့ကိုလည်း တစ်ခုစီ ပေးဦးဗျ နော်"

 

             တပ်သားတစ်ဦးက နောက်ပြောင်လိုက်ရာ

 

"တန်သလား နင်နဲ့။ အရောင်အဝါ ညှိုးပြီး စန်းခမ်းသုညမှာ ရာဟုရောက်နေတဲ့ ကောင်က။ နင့်ဘာသာ ပြိတ္တာဘဝနဲ့ နောက်လကစပြီး ဟောဟိုရှေ့ ဇရပ်ကြီးမှာ နေရမှာ။ ငါက အတွင်းတော်ဝင်တော့မှာ အကောင်ရဲ့"

 

             ဟု အရူးကြီးက လက်ညှိုးငေါက်ငေါက်ထိုးလျက် စနောက်လိုက်သူကို ရန်တွေ့နေရာ ထိုသူမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အခြားဝိုင်းတစ်ခုမှ လူတစ်ဦးက

 

"သည်ရသေ့ရူးကြီး ရောက်နေတာ စစ်မဖြစ်ခင်ကတည်းကပါ။ သူ ဝင်လာရင် လာဘ်ကောင်းလို့ လူတွေက ကျွေးမွေးထားကြတာ။ တစ်ခါတစ်ခါ ဗေဒင်ဟောတယ်ခင်ဗျ"

 

               ဟု လှမ်းပြောသည်။ လက်ျာဘီလူးက

 

"သူဟောတာ မှန်သလား" 

 

              မေးသော် ဆိုင်ရှင်က ဝင်၍

 

"ဘာတွေပြောမှန်းကို နားမလည်ပါဘူးဗျာ။ မျက်နှာကို ကြည့်ဟောတာပဲ.. ဆိုင်မဆိုင်လည်း မသိဘူး။ မှန်သလိုလို ရှိတဲ့အခါလည်း ရှိတာပေါ့"

 

"အတိတ်ကို ဟောသလား၊ အနာဂတ်ကို ဟောသလားဗျ"

 

"ဘာကို ​ဟောလို့ ဟောမှန်းကို မသိတာပါဗျာ။ ကိုရင်ပဲ မေးကြည့်ပါတော့"

 

              လက်ျာဘီလူးက သူ့လက်ဖြန့်ပြလျက် ရှေ့သို့ထိုးပေးပြီး 

 

"ကျွန်တော့်ကိုရော ဟောပေးနိုင်မလား ဘကြီး" 

 

"လက္ခဏာတွေကတော့ အကုန်ပြောင်းနေရောပေါ့" 

 

"ဒါဆို မျက်နှာကြည့် ဟောဗျာ" 

 

"ဟောပြီးပါပကော" 

 

"ဟုတ်လား၊ ဘာတဲ့လဲ"

 

"ဘုန်းကြီးလို့ အသက်မရှည်၊ အနာမတွေ့ ဘေးမတွေ့၊ ဆေးတော်ကို ယူ လှူနိုင်မှ အပါယ်ဘဝ လွတ်မလေ့"

 

"ခင်ဗျာ" 

 

"ငါ့ကို နှစ်ခု ပြန်ပေး" 

 

"ဘာတွေလဲ" 

 

"ဆေးနဲ့ ဓား" 

 

"ဟာ.. ဘာဆေးမှ မရှိသလို ဓားလည်း ပေးလို့ မရပါဘူး" 

 

"နင်မပေး ငါမကျွတ်ဘူးပေါ့.. ဟိန်ဟိန်" 

 

"ဒုက္ခပဲ၊ ကျွန်တော်က ဘယ်လို ပေးရမှာလဲ"

 

"ခြစ်ယူမယ်လေ့ ခြစ်တော့မယ်"

 

"ယူဗျာ" 

 

              လက်ျာဘီလူး၏ အရူးနှင့် စကားပြောခန်းကို ဆိုင်အနီးဝန်းကျင်ရှိ လူများ တဝါးဝါး ပွဲကျနေကြ၏ ။ ရသေ့ရူးကြီး၏ မျက်လုံးများကတော့ ဓားအပေါ် မသင်္ကာဖွယ် ဝေ့ဝေ့နေတတ်သည်မို့ သတိထားနေရသည်။ ရသေ့ကြီးက အိတ်ထဲမှ အထုပ်ကြီးတစ်ထုပ်ကို ထုတ်ယူလိုက်သည်။

 

              ထို့နောက် ဖြည်ချကာ ပစ္စည်းမျိုးစုံအနက်မှ စက္ကူတစ်မျိုးဖြင့် ထုပ်ထားသည့် ကျောက်စလေးတစ်ခုကို ယူလိုက်ပြီး ဓားပေါ်တင်မည်ပြုရာ

 

"ဘာလုပ်မလို့လဲမသိဘူးနော် တပ်မှူး၊ သတိထားဦး"

 

"ဘကြီး အဲဒါ ဘာလုပ်မှာလဲခင်ဗျ" 

 

"ငါ့အကြွေး ပြန်တောင်းတာဟေ့၊ နင်ပဲ ယူတော့ဆို"

 

                သူတို့ ကြည့်နေလိုက်ကြရာ အဖိုးအိုသည် လက်ကာအနီးရှိ ဓားသွားကို ကျောက်စနှင့် ခြစ်လိုက်၏ ။ ကျောက်ပေါ်တွင် ရွှံ့နက်များသဖွယ် သံသားအချို့ လိပ်ပါသွားသောကြောင့် အနီးကပ် ရှိနေသူများနှင့် လက်ျာဘီလူးတို့ အံ့သြသွားကြရ၏ ။

 

"ဟာ.. သံတွေ ခြစ်ယူသွားပြီ" 

 

"အဲဒါ ဘာလဲ၊ သံထက်တောင် မာသလား"

 

            အဖိုးအိုကတော့ ပါလာသည့် သံစများကို စက္ကူထဲ အလျင်အမြန် ထည့်ပြီး ကျောက်ကလေးကို အဝေးသို့ ဖျတ်ခနဲ လွှင့်ပစ်လိုက်တော့သည်။ 

 

"ဟယ်.. သွားရှာစမ်း၊ သွားရှာစမ်း"

 

             ဟု ရဲမက်တစ်ဦးက အော်၏ ။ လူ သုံးလေးယောက် ပြေးသွားပြီး ရှာကြချိန် သူရူးကြီးက ကျီးကန်းတောင်းမှောက် မျက်လုံးများနှင့် ဘေးဘီကြည့်ရင်း 

 

"အဝမှာ ပြန်ဆုံရရင် ကျုပ်အစောင့် ပြန်အပ်ဖို့ ပြင်ထားနော် မောင်ရင်လောင်း နတ်ဘီလူးလေး" 

 

                 ပြောပြောဆိုဆို စိတ်ထင်ရာ လျှောက်ပြောရင်း တရွေ့ရွေ့ ထွက်သွားလေ၏ ။ လက်ျာဘီလူးကတော့ ထူးဆန်းလှသော အကြောင်းများကို တစ်စုတည်း တွေ့လိုက်ရသလို မှင်တက် ကျန်ခဲ့သည်။ 

 

               အဖိုးအို ခြစ်သွားသော အစင်းခွက်ကြီးမှာ တစ်ပတ်ကျော်သည်အထိ မပျောက်သဖြင့် သောကရောက်ခဲ့ရသေးသည်။ နောက်မှ သတိမထားမိဘဲ တဖြည်းဖြည်း ပျောက်သွား၍ တော်တော့်သည်။ ထိုအတွင်း ဘယ်ကျော်တို့ကို တိုက်သော်လည်း သက်စွန့်ခုခံနေကြသောကြောင့် အရေးမလှ မြို့မကျသေး။

 

               နောက်ဆုံးတွင် ထုံးစံအတိုင်း ညတက်မည့် လူကောင်းတစ်ရာ ရွေးရတော့၏ ။ ကဆုန်လပြည့်ကျော် လေးရက် လမထွက်မီ မြို့ကို အရတက်ကာ ဟံသာဝတီအား နောက်ဆုံးအကြိမ်အဖြစ် ဝင်စီးကြပေတော့မည်။ လက်ျာဘီလူးကိုယ်တိုင်ကား မလိုက်၊ အတွင်းရန် အပြင်ရန်များ ရှိနေသောကြောင့် ဗိုလ်တွန်က သူနှင့်အတူသာ ဝင်ရမည် ဆိုလေသည်။

 

              လက်ျာဘီလူးကလည်း ပင်းဗိုလ်မှူး၊ ထီးလင်းစော်ဘွား စသည့် မသင်္ကာသူ မှန်သမျှကို ရှေ့ဆုံးမှ ဝင်၍ ဗညားဒလ၊ စောဗြတို့ကို လက်ရဖမ်းရမည်ဟု အမိန့်ထုတ်ထားလိုက်သည်။ တိုက်ရည်ခိုက်ရည် ကောင်းလှသော မတ္တရာမွန်တို့နှင့်လည်း ဖက်ပြိုင်စေ၏ ။ 

 

              သူသည် ဟံသာဝတီမြို့တွင်းသို့ နှစ်ကြိမ်ခန့် ရောက်ခဲ့ဖူး၍ ကောင်းစွာ သွားလာတတ်ခဲ့သည့်အတိုင်း မှတ်သားမိသော နေရာများနှင့်တကွ စောဗြ၏ အိမ်တော်၊ ဗညားဒလ စံအိမ်တို့ကိုပါ အတိအကျ လမ်းညွှန်ချက်ထုတ်လျက် စေခိုင်းလေရာ ညွှန်ကြားခံရသူများမှာ ဤမျှ အတိအကျ အဘယ်သို့ သိနေသနည်းဟု အံ့အားသင့်ကြရ၏ ။

 

             ဘုရင့်ညီတော်များနှင့် သားမယားများ မလွတ်စေနှင့်၊ ဤနေရာ ဤထောင့် ဤတစ်လျှောက် အရောက်သွား၍ စောင့်ကြိုဖမ်းကြရမည်ဟု ဟံသာဝတီသားတစ်ဦးအလား လမ်းညွှန်နေသည်ကို ဗိုလ်မင်းအများ မျက်လုံးပြူး ကြည့်နေကြသော်လည်း သူကတော့ မသိဟန်ပြုလျက် စစ်ရေး ဆွေးနွေးတိုင်ပင်မပျက်။

 

               သူ၏ ဘုန်း လက်ရုံးနှင့် လုပ်ကြံမရလောက်အောင် လည်ဝယ်လှသော ဉာဏ်တို့ကြောင့် မည်သူမျှ မကြံစည်ဝံ့တော့ဘဲ လက်လျှော့နေကြရပြီ။ လက်ျာဘီလူး ပါးလွန်း နပ်လွန်းသည်၊ လည်လွန်းသည့် ဘီး အချိန်တန်လျင် ရပ်ရစမြဲ ဟု နှလုံးသွင်းကြရတော့ပြီ။

 (ဆက်ရန်..) ဟံသာဝတီသို့ (၁၈)

 Written by သင်္ခရာဇာ

End date: July 1, 2022

ဟံသာဝတီသို့ (၁၆)

ဘုရင့်ယောက်ဖတော် မွန်ဝန်ကြီး ဗညားဦး၏ နေအိမ်။
"မရူကို အရှင်ဖမ်းမိပြီး ဗညားအဲ ကျသွားတယ်။ ဗညားတာနောလည်း သေသည် ရှင်သည် မသိရ။ မောင်မင်းတို့ နှစ်ဦးသာ ခြစ်ရာမျှ မထင်ဘဲ လွတ်လာသည်ကို မှန်ရာတင်လျှောက်ကြပေတော့"
အမတ် ဒေါလွတ်မှာ ဝန်ကြီး၏ ဒေါသကို သိသူဖြစ်၍ တုန်လှုပ်နေသည်။ တုလွှတ်ကျော်က ဦးခိုက်လျက် လျှောက်ရချေ၏ ။
"အရှင်များ လုပ်ကြံခိုင်းသည်မှာ လူသာမန် မဟုတ်ပါ။ အလောင်းဘုရား၏ လက်ရုံးကြီးတစ်ဆူ ဖြစ်နေပါတယ်။ ကျွန်တော်များ အစီအစဥ်အတိုင်း ကျနစွာ အမှားအယွင်းမရှိ ဆောင်ရွက်ကြသော်လည်း ဟာကွက်ကို ရှာ၍ မရူဘက်မှ ဖောက်ထွက်သွားကြောင်းပါ"
ဗညားဦးနှင့် ယှဥ်ထိုင်နေသော ရွှေခွန်ဝန်မင်း အရိန္ဒမက ရှေ့သို့ ခါးအနည်းငယ် နှိမ့်ကာ
"သင်း လူသာမန်မဟုတ်ကြောင်း ငါ မင်းတို့ကို ပြောခဲ့သားပဲ။ တော်တန်ရုံ အားထုတ်မှုနဲ့တော့ မရနိုင်တာ ဥပရာဇာအိမ်တော်မှာ တိုက်ကြစဥ်ကပင် သိမြင်ပြီး ဖြစ်တာပ။ မင်းတို့ ပေါ့လျော့လို့ ဗညားအဲ လှံထိတာ မဟုတ်ဘူးလား"
"ကျွန်တော်မျိုးတို့ကို အပြစ်တင်တွက် မရှိပါ။ မိမိတာဝန် ကျေပွန်ရုံမက အလစ်ချောင်း၍ပင် လေးနှင့် ပစ်ခဲ့သေးသော်လည်း ထိုသူက သိနေသည့်အလား မြားတံကို ငုံ့ရှောင်သွားပါတယ်"
"မင်းက မြင်သာရာက ပစ်လို့ ဖြစ်မှာပေါ့"
"မြင်းအုပ်ကြား သူ့အနောက်ဘက်မှ ပစ်တာပါဘုရား"
"ဟိတ်.. မဖြစ်နိုင်ဘူး၊ အခုမှ ဆင်ခြေတွေ ပေးနေလို့ ငါ့လူ ပြန်ရှင်မလာဘူးကွ"
ဗညားဦးက ထအော်ရင်း အကြမ်းခွက်ဖြင့် ကောက်ပစ်လိုက်ရာ တုလွှတ်ကျော်ဘေးမှ ဒေါလွတ်၏ ပခုံးကို ထိမှန်သွား၏ ။ ဒေါလွတ် မအော် မညည်းဘဲ ပို၍သာ ခေါင်းငုံ့ထားလေသည်။
"မောင်မင်းတို့ကို ယုံလို့ အမတ်မဟာကြီးကိုတောင် မထည့်ဘဲ မင့်ကို အရေးပေးတာ နားလည်လား။ အရေးမရတဲ့အပြင် လူကောင်းတွေပါ ဆုံးကုန်ပြီ။ ဒီအချိန်မှာ သူတစ်ယောက်ကို အသေရရင်တောင် ငါ့လူတွေနဲ့ လဲရတာ ခံသာဦးမယ်။ ခုတော့.."
"ဂွမ်း"
ဝပ်တွားနေကြသူနှစ်ဦးရှေ့ရှိ ရေတကောင်းကို ကန်လိုက်ပြန်သဖြင့် မြေရေတကောင်းမှာ တုလွှတ်ကျော် ဆောင်ဓားလက်ကိုင်နှင့် ခိုက်မိပြီး နှုတ်ခမ်းပဲ့သွားလေသည်။
"တင်ခွင့်ပြုတော်မူပါဘုရား၊ အဲသည်သူရဲဟာ အနောက်က လုပ်ကြံ၍ မဖြစ်နိုင်သူဟု ကျွန်တော်မျိုး ကြိုတင်စုံစမ်း သိရှိရပါတယ်ဘုရား"
ဒေါလွတ်စကားကို အရိန္ဒမက
"အနောက်က မရရင် အရှေ့ ဝိုင်းတိုက်ကြလေ။ သူက တစ်ယောက်၊ မမတ်တို့ သူရဲလေးယောက် မနိုင်နိုင်ကောင်းလား"
"မှန်ပါ၊ မြန်မာမြင်းမှူးကို မကျော်လွန်နိုင်သော်လည်း သင်းမြင်းစီးကျင်လည်၍ ဗညားအဲ လွှတ်သမျှ လှံတိုင်းကို လှည့်ပတ်ရှောင်ရှားသွားနိုင်စွမ်း ရှိပါကြောင်း သံတော်ဦး တင်ဝံ့ပါတယ်"
တုလွှတ်ကျော်ကလည်း
"ကျွန်တော်မျိုးတို့ သုံးဦးသား အပြင်လူ မဝင်သာအောင် ခက်ခဲစွာ ထိန်းထားနိုင်ခဲ့ပါတယ်။ ဗညားအဲ နဲ့ ဗညားတာနော ဆင်နှစ်စီးနှင့် လိုက်ထိုးသည်ကို လွတ်အောင် ရှောင်ပြေး၍ မရူဆင်ထက် တက်သွားသောကြောင့် အစီအစဥ်များ ပျက်ပြီး ဖရိုဖရဲ ဖြစ်သွားချိန် မုဆိုးခြုံလည်း ဝင်လာသဖြင့် ဗညားတာနော ကျန်ခဲ့ရတာပါ"
"သင်း ရောက်လာတာ အတော်ဆိုးတယ်။ သူ့လက်စွမ်းကို ငါတို့ တလပန်းတို့ ကြုံစရှိလို့ အထူးပြောစရာ မလိုဘူး။ ဒါ့ကြောင့် သူမပါချိန် ရအောင်ယူခိုင်းတာကို ဘယ်လို ရောက်လာရတာလဲ"
"သူ့ဘာသာ အပြင်က ဆင်တစ်စီးတည်း ​ဝင်လာတာပါ။ မရူဘက်က ပေါက်သွားတာ ဖြစ်ကြောင်းပါဘုရား"
တုလွှတ်ကျော်က ရန်သူ့လက် ရောက်နေသည့် မရူကို လွှဲချလိုက်ကာ အနီးမှ ဒေါလွတ် အပြစ်ဒဏ်ထား မခံရစေရန် ကူညီလိုက်၏ ။ သူ့အခြမ်းမှ လွတ်သွားသည်ကို ဝန်ကြီးများ သိပါက အကွပ်ခံရမည် သေချာနေသည်မို့ ဒေါလွတ်လည်း အမှန်ကို မတင်ရဲ။
ထိုအချိန်တွင် လက်ျာဘီလူးကလည်း ဦးတွန်၏ တပ်၌ ဖမ်းထားသော မွန်အမတ် မရူကို စစ်နေလေသည်။
"မင်းနာမည် ဘယ်သူလဲ မမတ်"
"ငါ မရူ"
"မင်းတို့ ငါ့ကို ရည်ရွယ်ကြသလား"
"ဟုတ်တယ်"
"ငါ အဲဒီအချိန် အဲဒီနေရာ ရောက်မယ်လို့ မင်းတို့ကို ဘယ်သူ သတင်းပေးတာလဲ သိချင်တယ်"
"ဘယ်သူမှ သတင်းမပေးဘူး"
"မဟုတ်ဘူး၊ ငါသိတယ်။ ငါတို့အထဲမှာ သစ္စာဖောက် ရှိနေတယ် ဆိုတာ။ မင်းတို့နဲ့ ဆက်သွယ်နေသူ ရှိရမယ်"
"အဲဒါ ငါမသိ၊ ငါတို့ဘာသာ စုံစမ်း လေ့လာပြီး အချိန်ရွေးခဲ့ကြတာပဲ"
"မဖြစ်နိုင်ဘူး၊ ငါက အခြားနေ့တွေမှာ အဲဒီကွင်းကို နံနက်စောစောဖြစ်စေ မိုးချုပ်မှဖြစ်စေ ရောက်လေ့ရှိတာ"
"ဟဟဟ.. မင်း အချိန်မှန် မလုပ်တတ်ဘူးဆိုတာ ငါတို့သိတာပဲ။ ငါတို့အလုပ်က စောင့်နေရုံပဲ။ မင်း ဗုံးအမြောက် သွန်းနေရာကို ရောက်နေတယ် ဆိုကတည်းက သည်လမ်းပေါက်က လာလိမ့်မယ်ဆိုပြီး ပြင်ဆင် စောင့်နေကြတာ"
"မလာရင်ရော"
"မလာလည်း နောက်တစ်နေ့ သတင်းစုံစမ်းပြီး လာနိုင်တဲ့ တံခါးက စောင့်ကြမှာပဲ။ ငါတို့ မင်းကို စောင့်နေတာ ငါးရက်ရှိပြီ"
"ဘာ့ကြောင့်လဲ"
"ငါမသိ"
"ဘယ်သူက ငါ့ကို ဖမ်းချင်တာလဲ"
မရူ ပြုံးရုံ ပြုံးသည်။ ပွန်းပဲ့ရာ၊ ထိုးကြိတ်ရာများကြောင့် သူ့အပြုံးက လှောင်သလိုဖြစ်နေ၏ ။
"ဗညားဒလ လား၊ စောဗြလား"
မဖြေ။
"မမတ်က ဘယ်သူ့လူလဲ"
"ကျုပ် မပြောနိုင်ဘူး"
"ကိစ္စမရှိပါဘူး၊ ဗညားဥပရာဇာ တို့ စျေးငယ်ဗိုလ်တို့ကို မေးရင် သိလောက်မှာပါ"
မရူ မျက်နှာတည်သွားသည်။
"ငါ လှံနဲ့ ထိုးလိုက်တဲ့ သူကရော"
လက်ျာဘီလူးက ဗညားအဲကို လှံဖြင့် ထိုးလိုက်ကြောင်း ဆင်ထက်မှ ကျသည့် မရူ မြင်လိုက်၍
"ဝန်မင်း ဗညားဦးရဲ့ အမတ်ပဲ"
"သြော"
ကြံစည်မှုတွင် ဗညားဦးလည်း ပါသည် ဟူလို။ သို့ဆိုလျင် တွဲဘက် ဗညားအရိန္ဒမလည်း ပါနိုင်သည်ဟု တွေးမိသည်။ မိစောမွန်နှင့် ပက်သတ်၍ ရန်စရှိခဲ့ဖူးသဖြင့် သူ့ကို မုန်းနေပေလိမ့်မည်။
"ဟို မြန်မာမြင်းမှူးက အရိန္ဒမလူ မဟုတ်လား"
မရူ အံ့သြဟန် ပြသည်။
"ဟုတ်တယ်"
"ဘယ်သူတဲ့လဲ"
"တုလွှတ်ကျော်၊ အဝ.. က ပါလာတာ"
"ထင်ပါတယ်၊ အမှုထမ်းဟောင်းပုံ ပေါက်နေတယ်"
"သူက သစ္စာရှိပါတယ်"
"အဝမင်းကိုလား၊ ဟံသာဝတီမင်းကိုလား"
"သူ့အရှင်အပေါ်။ အဝမင်းဆီက ငါတို့ဘဝရှင် မင်းတရားကြီး ခေါ်ယူမြှောက်စားခဲ့တာပဲ"
"အင်းလေ၊ မဟော်သဓာတောင် အရှင်နှစ်ဦး ​ပြောင်းခဲ့သေးတာပဲ။ သူ့ကို အပြစ်မယူပါဘူး"
"ငါ့ကိုရော"
"မင်းကတော့ လုပ်ကြံသူတွေထဲက အရှင်မိတဲ့ အဖိုးတန် သုံ့လူပဲ။ ငါတို့ လွှတ်မပေးနိုင်ဘူး"
"ဒါဆို အရှင်မထားပါနဲ့"
လက်ျာဘီလူးက အနောက်တွင် ထိုင်နေသော ဦးတွန်ကို လှည့်ကြည့်သည်။ ဗိုလ်တွန်က ပြုံးလိုက်၏ ။
"သင်းကို မသေစေနဲ့"
"ဘာဖြစ်လို့လဲ"
မရူက ပြန်မေးရာ
"ဟ.. သူပြောပြီးပြီလေကွာ။ နင်က အဖိုးတန် သုံ့ပန်းပဲ။ နောင် ဘယ်သူတွေပါလဲဆိုတာ နင့်ဆီက သိရမှာပ"
"ခင်ဗျားတို့ မဖြစ်နိုင်တာကို မျှော်လင့်နေတာပဲ"
ထိုအခိုက် မွန်လိုဝတ်စား၍ မွန်ဆံဖြတ်ထားသူတစ်ဦး ဝင်လာသဖြင့် ထိုသူကို ခေါ်ပြီး လက်ျာဘီလူး ထွက်သွားသည်။ ခဏအကြာ ကျေနပ်အားရသည့် မျက်နှာမျိုးဖြင့် ပြုံးပြုံးကြီး ပြန်ဝင်လာ၏ ။
"သူမပြောလည်း သိရပြီဗျ၊ ဘုရင့်ယောက်ဖတော်နဲ့ ရွှေခွန်ဝန်ကြီးတို့ အကြံပဲ။ ဒါနဲ့ ဦးတွန် ဝင်လာတာ ဒီကောင့်အခြမ်းက မဟုတ်ဘူးနော်"
"မဟုတ်ပါဘူး၊ ငါ တစ်ဘက်က လာတာပါ"
"ကျွန်တော် တွေ့တယ်၊ အဲဒါကြောင့်ပဲ ကျွန်တော်လည်း ဟိုဘက်ပြေးသွားပြီး ဆင်ပေါ်တက်ဆွဲတာပေါ့။ ဒါပေမယ့် လွတ်သွားတဲ့ နှစ်ယောက်က လျှောက်တော့ သူ့ဘက်က ဝင်လာတယ် ဆိုလို့ ဝန်မင်းနှစ်ပါး ဒေါသူပုန်ထနေကြသတဲ့"
လက်ျာဘီလူးက မရူအား ညွှန်ပြ၍ ပြောဆိုနေရာ မရူ မျက်လုံးကြီး ပြူးလာပြီး ရှူးရှူးရှားရှားနှင့်
"ဘာ.. ငါက အမှုတော်ကို လစ်ဟင်းအောင် ပေါ့ဆသူမဟုတ်။ ဟိုအကောင် ပေါ့လျော့လို့ ဖြစ်တာပဲ။ ဘာလို့ ငါ့ကို လွှဲချကြတာလဲ"
"သူတို့အပြစ်လွတ်အောင် နေမှာပေါ့"
သစ္စာကြီးသော မရူ၊ မဟုတ်မခံတတ်သူ၊ သူ့အပေါ် အပြစ်ပုံချကြသဖြင့် ဒေါသထွက်နေရပြီ။ ဤအတိုင်းမှန်လျင် သူ လွတ်လျင်သော်မှ ပြန်ဝင်နိုင်တော့မည်မဟုတ်၊ ပေါ့လျော့မှုနှင့် အကွပ်ခံရတော့မည်မှာ သေချာသည်။
"တောက်.. ငါမသေလို့ ဒီကထွက်နိုင်ရင် အဲသည်လူပျက်နှစ်ယောက်ကို ငါ့ဓားနဲ့ ကိုယ်တိုင်ခုတ်မယ်"
သူ့စကားကြောင့် ဦးတွန်နှင့် လက်ျာဘီလူးတို့ တစ်ဦးကိုတစ်ဦး ကြည့်မိကြ၏ ။
*
ဟံသာဝတီ အုတ်မြို့ရိုးကြီး၏ အပြင်ဘက်တွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေပြန်လေပြီ။ ဘယ်ကျော်၏ ညီ မင်းသလေး ခေါ် သမိန်လွတ်တို့ မြင်း ၅၀၀ ကျော်၊ သေနတ်သား ၃၀၀၀ ကျော်နှင့် ထွက်လာ၍ မြန်မာတပ်များကို ရုတ်တရက် တိုက်ခိုက်လာကြခြင်းပင်။
သူတို့ အခဲမကြေနိုင် ဖြစ်နေကြသော တိမ်ကြားနတ်၏ တပ်ကို ဝင်စီးကြရာ လက်ျာဘီလူး အခိုင်အမာ အစောင့်ချထားခြင်း ခံရသည့် တိမ်ကြားနတ်ကလည်း အခြားရံတပ်တော်များကို ကူရန် မဆိုဘဲ သူ့တစ်တပ်တည်း ခံတိုက်နေလေ၏။
လက်ျာဘီလူးနှင့် ရင်ဆိုင်ဖူးသူ အချို့က တိမ်ကြားနတ်ကို အရှေ့ဝင်းမှူး ဗိုလ်ချုပ် မင်းထင်နော်ရထာကိုယ်တိုင် ဖြစ်သည်ဟု ထင်မြင်နေကြသည်။ တိမ်ကြားနတ်ကလည်း စစ်ဆိုင်ကြတိုင်း လက်ျာဘီလူး၏ ချပ်ဝတ်ကို အမြဲဝတ်ဆင်ထားခဲ့၏ ။
လက်ျာဘီလူးကမူ ရင်ဆိုင်တိုက်ခိုက်ရမည် ဆိုလျင် ပေါ့ပါးသော အဝတ်တန်ဆာတို့ကိုသာ အသုံးပြုလေ့ရှိသူ။ သူ့လူများက သေနတ် အမြောက် ကျည်စေ့သင့်မည်စိုး၍ ခံနိုင်မည့် ချပ်ဝတ်များ ဝတ်စေချင်ကြသည်။ သူကတော့ ထိုချပ်ဝတ်ကိုပင် တိမ်ကြားနတ်အား ပေးခဲ့၏ ။
ထိုချပ်ဝတ်ကြောင့် တိမ်ကြားနတ်လည်း သုံးကြိမ်တိုင် အသက်ဘေးမှ လွတ်ခဲ့ရသည်။ သေနတ်ကျည်စေ့ နှစ်ကြိမ်မှန်၍ လှံနှင့် တစ်ကြိမ် အထိုးခံခဲ့ရ၏ ။ သို့ရာတွင် ယခုအချိန်အထိ အနည်းငယ်သော အပရိကဒဏ်ရာအချို့မှ လွဲ၍ သူ့ကိုယ်အား မထိမရှသေး။
မင်းသလေး ဘွဲ့ခံ သမိန်လွတ်သည် မြင်းတပ်ကို ဦးဆောင်လျက် ထိုးဖောက်လာနေသည်။ တိမ်ကြားနတ်က လက်ရွေးစင် သေနတ်အစုကို ထွက်၍ ပစ်စေရာတွင် မြင်းများ များပြားလျင်မြန်လှသဖြင့် သေနတ်သားတို့ ပြေးလွှားနေကြရ၏ ။
ထိုအချိန်တွင် တစ်ဦးတည်း ကွဲကျန်ခဲ့သော သေနတ်သမား တစ်ယောက်ကို မြင်၍ သမိန်လွတ်က မြင်းနှင့် ပြေးလာရင်း လှံလျင်ပစ်လိုက်၏ ။ လှံသည် သေနတ်သမား ငချစ်ပု၏ ဝမ်းကို ခိုက်သွားပြီး ငချစ်ပု လဲကျသွားသည်။ ငချစ်ပု ခွေခွေကလေး လဲနေရာသို့ သမိန်လွတ် မြင်းစီးလာသည်။
သူက လှံကို နုတ်မည်အကြံနှင့် လာသော်လည်း အနီးရောက်သောအခါ လှံသည် လူကို စိုက်ဝင်နေခြင်း မဟုတ်ဘဲ ဝမ်းဗိုက်ရှေ့တည့်တည့်မှ မိန်ညိုအင်္ကျီကို ဖောက်ထွက်သွားခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏ ။ သေနတ်သမားက ထိုလှံကို တံတောင်နှင့် ညှပ်ထားပြီး လှံထိဟန် ဆောင်ကာ လှဲနေခြင်းပင်။
သမိန်လွတ်သည် ချက်ချင်း ဓားဆွဲထုတ်လိုက်၏ ။ သေနတ်သားကလည်း ရုတ်တရက် လှည့်ကာ သေနတ်နှင့် ထိုးချိန် ပစ်ချလိုက်သည်။ သမိန်လွတ်၏ ရင်ဝတည့်တည့် ထိမှန် ပွင့်ထွက်သွားပြီး ယိမ်းယိုင်ကာ မြင်းပေါ်မှ ဟပ်ထိုးကျလာလေသည်။
ငချစ်ပုလည်း အလျင်အမြန် ထ၍ သမိန်လွတ်၏ ဓားဖြင့် သူ့ခေါင်းကို ဖြတ်ကာ သူ့မြင်းကို စီးလာခဲ့၏ ။ ဗိုလ်ပြုသော သမိန်လွတ် သေနတ်သားနှင့် တစ်ယောက်ချင်းအတွေ့ ခေါင်းဖြတ်ခံလိုက်ရသောကြောင့် မွန်မြင်းများ ရောက်ရာနေရာတွင် ရပ်သွားကြပြီး ပြန်လည်ဆုတ်ခွာသွားကြရာ တိမ်ကြားနတ်၏ တပ်သားများက ငချစ်ပုကို ဆူညံစွာ ကောင်းချီးပေးလိုက်ကြသည်။

              မွန်ဗိုလ်မှူးတစ်ဦး၏ ခေါင်းအား ရအောင် ဆက်နိုင်သဖြင့် အလောင်းမင်းတရားကြီးကလည်း ငချစ်ပုအား ဆုတော်လာဘ်တော် များစွာ ချီးမြှင့်သည့်အပြင် သိင်္ဂါပျံချီ ဟူသော ပျံချီဘွဲ့ထူးကြီးကို ပေးအပ်တော်မူလေသည်။ ငချစ်ပုမှာ ရဲရင့်သည့်အပြင် တိုက်ပွဲတွင် ဉာဏ်ရည်ကို အသုံးချနိုင်ခဲ့၍ နေ့ချင်းညချင်း ဗိုလ်တစ်ဦး ဖြစ်သွားတော့၏ ။

(ဆက်ရန်..) ဟံသာဝတီသို့ (၁၇)

 Written by သင်္ခရာဇာ

End date: June 29, 2022

ဟံသာဝတီသို့ (၁၅)


              ပဲခူးမင်းသည် သမီးကညာ ဆက်ပြီးနောက် အင်းဝရွှေနန်းရှင် (ဟံသာဝတီပါမင်း) ၏ ဆင်မြင်း မိဖုရား သားတော်သမီးတော်တို့ကို ပို့လွှတ်ပြီးပါလျက် မထွက်မလာ။ ဝန်ကြီးအမတ်များနှင့် စာဆက်လျက်သာ နေသည်။ တစ်ကြိမ်တွင်တော့ ညီတော် သမက်တော် ဗိုလ်မှူးများကို အလောင်းမင်းတရားထံ လက်ဆောင်ပို့လွှတ် တွေ့ဆုံစေ၏ ။
အလောင်းဘုရားကလည်း မွန်မင်းညီမင်းသား အမတ်များကို ကောင်းမွန်စွာ နေရာပေး လက်ခံစကားဆိုတော်မူသည်။ ပြန်ကြမည် ဆိုသောအခါ ဟံသာဝတီအိမ်ရှေ့စံ မဟာဥပရာဇာက ခြေတော်ရင်းတွင် နေလိုပါသည်ဟု ဆိုလာသည်။ သူနှင့်အတူ မြို့ခံကောင်းလှသည်ဟု ကျော်သော စျေးငယ်ဗိုလ်လည်း ခြေတော်ရင်းတွင် မြဲစိမ့်မည်ဟူ၍ လျှောက်တင်၏ ။
သူရဲ လူကောင်းတို့ကို လိုသော မင်းဖြစ်သည့်အားလျော်စွာ အလောင်းဘုရားက ထိုသူနှစ်ဦးအား လက်ခံထားလိုက်သည်။ မဟာဥပရာဇာမှာ ရှေ့တော်က စောင်းကတင်နှင့် နေရ၍ သီဟယော်ဓာ၊ ဇေယျနန္ဒ အမတ်နှစ်ဦး ခြံရံကာ အမြဲမပြတ် ခစားရလေသည်။
မင်းတရားကြီး၏ အရှေ့ဝင်းမှူးလည်းဖြစ်၊ ဗိုလ်ချုပ်ကြီးလည်း ဟုတ်သော မင်းထင်နော်ရထာနှင့် သိကျွမ်းကြရင်း ဖြစ်သည့်အလျောက် မွန်အိမ်ရှေ့စံနှင့် မြန်မာဗိုလ်မှူးတို့မှာ အခါများစွာတို့တွင် ခင်မင်ရင်းနှီးစွာ ရှိနေကြသည်။ ဤသည်ကို အချို့ မြန်မာဗိုလ်မှူးများနှင့် ဗညားဒလ၊ စောဗြ၊ ဗညားဦး စသူတို့က မကြိုက်။
မွန်တို့က ဥပရာဇာကို ပြစ်တင်စကား ဆိုကြပြီး မြန်မာအချို့က တီးတိုးဝေဖန်ကြသည်။ သတိပေးစကားဆိုသူ၊ ခနဲ့သူ၊ မကြည်လင်သူတို့လည်း မရှား။ ဟံသာဝတီ၏ အိမ်ရှေ့မင်းသည် အလောင်းဘုရား သားတော်များနှင့် မုဆိုးခြုံဗိုလ် တို့ကဲ့သို့သော ဗိုလ်မှူးများကို ကျော်၍ လက်ျာဘီလူးနှင့် အလွန်ရင်းနှီးနေဟန်မှာ သူတို့အတွက် ထူးခြားနေပေသည်။
မဟာဥပရာဇာတို့ ရွှေစက်တော်အောက် ရောက်ပြီး ငါးရက်မြောက်နေ့တွင် ဟံသာဝတီ ဗိုလ်မှူးများဖြစ်ကြသော ဗညားဒလ၊ စောဗြ၊ ဘယ်ကျော်နှင့် သမိန်လွတ်တို့ ဦးဆောင်လျက် မွန်မင်းကို နန်းချကာ မြို့တံခါးများ ပိတ်လိုက်ကြတော့သည်။ သူတို့အဆိုမှာ
"မြန်မာမင်းသည် တလပန်းကိုသာ အရှင်ရစေ ဟု ဆိုသည်။ ငါတို့ကိုကား သတ်လိမ့်မည်မချွတ်၊ သူ့အနှိပ်စက်ကို မခံတော့ဘဲ တိုက်ရင်းပင် သေတော့မည်"
ဟူ၏ ။ အလောင်းမင်းတရားကြီးလည်း ချက်ချင်း စစ်ပြင်စေသည်။ ကျုံးရေလည်း ဖောက်ရသည်။ ပဲခူးမြို့ပြင် နဂါးဆိပ်တွင်ရှိသော သစ်တပ်ကိုလည်း အုတ်မြို့တည်လျက် ဗိုလ်မှူး နန္ဒကျော်ထင် ကို ခန့်၏ ။ လက်ျာပျံချီမှာ မြို့နှင့်ကပ်လျက် သစ်တပ်ကြီး တည်ကာ နေရသည်။ တပ်အားလုံး တပ်စီးတပ်နင်း မြင်းတားခလုတ် အပြည့်ထားကြရသည်။
ဟံသာဝတီမြို့ အနောက်မျက်နှာတွင် ကျုံးရေဖောက်ကြစဥ် ဘယ်ကျော်ဦးဆောင်သော မတ္တရာသားတို့ ထွက်လာ တိုက်ခိုက်ကြသဖြင့် လူများစွာ သေကြေကြလေ၏ ။ မြို့ထိပ်မှလည်း အမြောက်သေနတ်များဖြင့် ပစ်လာကြရာ အလောင်းဘုရားက မဟာဥပရာဇာအား
"အမြောက်သေနတ် ပသို့သောကြောင့် ပစ်သနည်း ​မေးမြန်းကြချေ"
ဟု စေလွှတ်လိုက်သည်။ ဥပရာဇာနှင့် စျေးငယ်ဗိုလ်တို့ ကျုံးထိပ်သို့ သွား၍ ညီတော် ဗညားဒလ၊ စောဗြတို့အား ခေါ်ကာ
"မင်းတို့ ပသို့ပြုကျင့်ကြသနည်း၊ ငါတို့ ဘုန်းမတန်၍ သမီးရတနာနှင့် ဆင်ကြီးမြင်းကြီး လက်ဆောင်တော်ဆက်သဖြင့် သူ့လက်သို့ ရောက်လေပြီးပြီ။ ဦးကျိုးမှ ပဲ့နှင့်တိုက်ဘိသကဲ့သို့ ဆင်ကောင်းမြင်းကောင်း အလုံးအရင်းနှင့် တိုက်သည်မျှ မရနိုင်သေးတုံ၊ ဆင်းရဲသားတို့ ပင်ပန်းအောင် ပြုရုံသာ ဖြစ်မည်။
အလောင်းမင်းကြီးလည်း ဗညားဒလ စောဗြတို့ မရောက်မလာ၊ မြို့ထိပ်မှ အမြောက်ပစ်ခတ်လျက် နေသည်ဟု အမျက်တော်မရှိပေ။ မင်းတို့ ရာဇဝင် ဥဒါန်းမဖြစ်ရစ်ပါစေနှင့်"
ဟု ဟစ်၍ ပြောလေ၏ ။ မြို့ထိပ်မှလည်း
"ကျွန်တော်တို့အကြံ မဟုတ်ပါ၊ မတ္တရာသားများ ပုန်စားသည်ကို မြစ်တား၍လည်း မရ၊ မင်းကြီးတို့ပင် မြို့တွင်းဝင်လျက် စီမံကြကုန်။ သားမယားနှင့်တကွ ရွှေစက်တော်အောက် မြဲပါတော့မည်"
ဟူ၍ ပြန်ဟစ်လေ၏ ။ လက်ျာဘီလူးက ဥပရာဇာအား မဝင်နှင့်ဟု ဆိုလေသည်။ ဗညားဒလနှင့် စောဗြတို့က ယုံကြည်စေရန် ဥပရာဇာ သားမယားများနှင့် အင်းဝမင်းဆင် မြတ်ထွဋ်ခေါင်၊ ဗညားဥပရာဇာ စီးသော ဆင်တော် မြီးဆံဖြူ တို့ကို ဦးစီး နောက်ပဲ့နှင့်တကွ ပို့လာ၏ ။
မြို့တွင်းသားတို့ကား ထွက်မလာချေ။ မြို့ကို အခိုင်နေကာ စစ်ကစားလာကြသည်။ အလောင်းမင်းတရားကလည်း မြို့တွင်းရေး ရှုပ်ထွေးနေပြီး နှစ်စုကွဲနေသောကြောင့် မတိုက်မလံဘဲ မြို့ကို ပတ်လည် ဆူးစည်းရိုး ပိတ်ဆို့ထားစေကာ ဆူးစည်းအပြင်မှ တပ်များ ရံနေစေ၏ ။
ထိုသို့ ရံနေကြခိုက် ယခု ဇင်းမယ်သား ဆင်ဝန် (ဗျမိုင်/ ဦးအောင်လှ) ဗညားဒလ နန်းမတက်မီက ဟံသာဝတီဘုရင် ဖြစ်သော ဆင်ကျားရှင် သမိန်ထောသည် ဇင်းမယ်သို့ ရောက်ရှိနေခဲ့ရာမှ အလောင်းဘုရားထံသို့ အမတ်နှစ်ဦး စေလွှတ်လိုက်သည်။
သူက အလောင်းမင်းတရားအား ညီနောင် ဟူ ခေါ်ဝေါ်ကာ မြှောက်ပင့်လျက် ဗညားဒလမင်း သစ္စာမရှိ၊ ကောက်ကွေ့သူဖြစ်ကြောင်း ရေးသားထားသည်။ အလောင်းဘုရားက အမတ်နှစ်ဦးအား
"ဇင်းမယ်မြို့သားတို့နှင့် သမိန်ထော ချမ်းသာလိုသော် အလျင်မြန် ရွှေစက်တော်အောက် လာရောက်၍ သစ္စာတော် ခံသောက်ရမည်"
ဟု အမိန့်တော်ရှိလိုက်၏ ။ သို့ရာတွင် သမိန်ထောမှာ ဇင်းမယ်မင်းမဟုတ်၊ သမက်တော်သာ ဖြစ်သည်။ ဇင်းမယ်သားတို့လည်း မလာမရောက်ကြချေ။ ထို့ကြောင့် 'နောင်အခါတွင် ဇင်းမယ် လင်းဇင်းကျေးများအထိ ဘုန်းလက်ရုံး ဖြန့်ကျက်မည်' ဟု အလောင်းမင်းတရားကြီး မိန့်တော်မူလေသည်။
ထိုနှစ် (၁၇၅၇) တန်ခူးလတွင် ကြေးအချိန် ၇၀၀ ကျော် သုံး၍ ကျည်ဝ နှစ်မိုက် (တစ်ပေကျော်) ရှိသော ဗုံးအမြောက်ကြီးနှင့်တကွ အချိန် ၅၀၊ အလျား နှစ်တောင်ခန့်ရှိ ဗုံးကျည်စေ့များကိုပါ သွန်းလုပ်ကြ၏ ။ ယင်းသို့ သွန်းလုပ်နေကြခိုက် ကြီးကြပ်ရာမှ ပြန်လာသော လက်ျာဘီလူးအား မွန်ဆင်မြင်းအချို့ တံခါးမှ ထွက်၍ တိုက်ခိုက်လာသည်။
ထိုသူများသည် ဆူးစည်းကို ဆင်နှင့် တိုး၍ ဆင်ခြေဖုံး ဒိုင်းလွှားကိုင်များ၊ မြင်းများ၊ သေနတ်သားများ လိုက်ပါလျက် လက်ျာဘီလူး ရံတပ်များကို လှည့်ကြည့်မည့် လမ်းမှ ဖြတ်တိုက်ကြ၏ ။ မြင်းအနည်းငယ်နှင့်သာ ဖြစ်သော လက်ျာဘီလူးတို့မှာ ထိုသို့ ဆင်မြင်းများ ထွက်လာလိမ့်မည် မထင်သဖြင့် ကြိုတင်ပြင်ဆင်မထားနိုင်။
ရံတပ်များ အကြား၌ပင် မြင်းသည်အနည်းငယ်နှင့် ပြန်လည် စစ်ရေးငင်ကြရလေသည်။ သူ့တွင် ထိုးစရာ လှံလည်းမပါ၊ ဆောင်ဓားနက် ပါ၍ မြင်းသည်ချင်း ခုခံနိုင်သော်လည်း ဆင်နှင့် အတင်းလိုက်ထိုးလာသော လူထွားကြီး နှစ်ဦးကို လှည့်ပတ်ရှောင်ရှားနေရ၏ ။
ဆင်များကို ခေါင်းဆောင်လာသူက ဗညားအဲ၊ သူ့နောက်တွင် ဗညားတာနော၊ မရူ၊ ဒေါလွတ်တို့ ဆင်ကြီးကိုယ်စီနှင့် ထပ်ချပ်လိုက်၏ ။ တုလွှတ်ကျော် ဟူသော သူရဲက မြင်းများကို ဦးစီးလာသည်။ တုလွှတ်ကျော်သည် လက်ျာဘီလူးကို ပူးတုံခွာတုံပြုလျက် ဝေးရာသို့ မပြေးနိုင်စေရန် ကျုံးသွင်း ဝန်းရံထားသည်။
မရူ နှင့် ဒေါလွတ်တို့က ရံတပ်များမှ ထွက်လာသူတို့ကို ဆီးခံ ဟန့်တားထားကြသည်။ လက်ျာဘီလူးမှာ ရံတပ်နှစ်ခုကြားတွင် မြင်းများစွာ ရံခံရပြီး ပိတ်မိနေ၏ ။ သူ့အား ဗညားအဲ နှင့် ဗညားတာနော နှစ်ဦးက လှံများဖြင့် လိုက်ထိုးရင်း၊ အဲမောင်းဓားလှံကြီးဖြင့် ခုတ်ရန် လိုက်နေကြလေသည်။ လက်ျာဘီလူး မြင်းစီးကျင်လည်၍ အရှောင်အတိမ်း ကောင်းနေသောကြောင့် မထိသေး။
တင်ကျည်းတုတ်ပါသော ငသူရိန်က ဗညားအဲ ဆင်လှည့်နေခိုက် နောက်ထိုင်ကို ကျအောင် ထိုးလွှတ်လိုက်နိုင်သည်။ ဗညားအဲ နောက်ပဲ့စီး ကျသွားသဖြင့် ဆင်ပေါ်တွင် ဦးစီး၊ ဗညားအဲနှင့် ကုန်းလယ်စီးတို့ သုံးဦးသာ ကျန်တော့သည်။ သို့ရာတွင် ဗညားအဲက လှံထိုးကောင်းသဖြင့် အနီးသို့ မကပ်ရဲ၊ သူ့ဝန်းကျင် လက်လှမ်းမီရာတွင် ဖြစ်က ရှောင်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုအချိန်တွင် စစ်ခင်းနေသည့်အသံများကို လက်ဝဲဘက် ရံတပ်၏ အလွန် တပ်ကြီးတွင် ရောက်ရှိနေသော ဦးတွန် ကြားသိမေးမြန်းရာမှ ရုတ်တရက် မွန်တို့ထွက်လာကြောင်း ကြားသည်နှင့် ဆင်တော် ကြိုးကြာကန်ထက်သို့ ​ ချက်ချင်းတက်သွားကာ တိုက်ပွဲရှိရာ အလျင်အမြန် ပြေးလာသည်။
သူက လက်ျာဘီလူးတို့ဟူ၍ မသိ၊ မွန်များကို ဆုံးမရန်သာ ဆင်တစ်စီးတည်း သူရဲအနည်းငယ်နှင့် ရောက်လာခြင်း ဖြစ်သည်။ လက်ျာဘီလူးကို ဆင်နှစ်စီး လိုက်နေကြကြောင်း တွေ့သွားသောအခါ ကြိုးကြာကန်ကို ချွန်းဖွင့်လျက် အဲမောင်းကြီးနှင့် ရွယ်ကာ လိုက်နေသည့် လူထွားကြီး၏ စစ်ဆင်ကြီးအား ပြေးဆောင့်လိုက်သည်။
လက်ဝဲလက်ယာ ရံတပ်များနှင့် တိုက်ခိုက်နေကြသော ဒေါလွတ်၊ မရူတို့လည်း မမီလိုက်ဘဲ ဗညားတာနော၏ ဥဇနာ​ ဆင်ကြီး နံဘေးကို အစွယ်နှင့် ထိုးမိလေ၏ ။ ဆောင့်အားကြောင့် ဥဇနာ ယိုင်သွားလျက် ဗညားတာနောလည်း ဆင်ပုခက်ကို ကိုင်လိုက်ရသဖြင့် ဓားလှံကြီး လွတ်ကျသွားသည်။
လုံးတူဒေါက်တူ စစ်ဆင်နှစ်စီး ဘေးချင်းယှဥ်မိချိန် ငတွန်က ဗညားတာနောကို ဓားနှင့်ခုတ်ရန် ပြင်သည်။ ဆင်က ကို နင်း၍ ဓားမိုးလိုက်စဥ် ဆီးထိုးလိုက်သော ဗညားတာနော၏ လက်သီးက သူ့ထံ အလျင် ဝင်လာ၏ ။ ငတွန် ဆင်ပုခက်ထဲ ပစ်ကျသွားသည်။
"အားပါးပါး၊ ပြင်းလှချေလား။ ကြိုက်ပြီ"
ငတွန်က ဓားကို အိမ်ထဲ သွင်းလိုက်ကာ ဆင်ပုခက်ထဲ ချခဲ့ပြီး ဥဇနာဆင်ထက်သို့ ခုန်တက်သွားသည်။ ပုခက်ကို အားယူနင်းပြီး ဗညားတာနောအား ခုန်အုပ်သည်ကို မွန်ကုန်းလယ်စီး မသောက်က လှံဖြင့် ဆီးထိုး၏ ။ အခြေအနေ ကြည့်နေသော ကြိုးကြာကန်ပေါ်မှ ကုန်းလယ်စီး ငနက်က လှံချင်းခတ်ထုတ် ဖယ်လိုက်သဖြင့် မထိ။ ငတွန် ဥဇနာထက်သို့ ရောက်သွားသည်။
ဗညားတာနော၏ လက်ကို ဖမ်းကိုင်ကာ လိမ်သော်လည်း ဗညားတာနောက လှန်၍ ရုန်းသည်။ မရ။ ငတွန်ကို ဒူးဖြင့် တိုက်သည်။ ကုန်းကုန်းကွကွ ခုန်ပေးလိုက်သောကြောင့် ဝမ်းဗိုက်ကို ထိရုံထိသည်၊ ဒူးချက် မမိ။
လက်ကို မလွှတ်ဘဲ နောက်ခြေ တံခေါက်ခွက်ကို ရိုက်ဖြုတ်၏ ။ မပြိုမယိုင်၊ ကြံ့ခိုင်လှသည်။ ပုခက်တွင်း ခြေလိမ်လျက် နောက်လှန်လှဲသည်လည်းမရ။ ထို့ကြောင့် လက်ဖြုတ်၍ တံတောင်တစ်ချက် ရိုက်ကာ မေးရိုးကို အားနှင့် ထိုးချလိုက်တော့မှ တစ်ဘက်သို့ မျက်နှာလည်သွားတော့သည်။
ဗညားတာနော လွှဲယမ်းလိုက်သည့် လက်ကလည်း ငတွန်မျက်နှာကို လာထိသည်။ ပါးချိတ်ကြီး ညိုမည်းသွားသည့် ဗညားတာနောအား ပါးရိုးရောင်ရမ်းလာသော ငတွန်က ပြုံးကြည့်လိုက်ပြီး တဗြောင်းဗြောင်း တဗြင်းဗြင်းမြည်အောင် ထိုးသတ်ကြကုန်၏ ။
လက်ျာဘီလူးကား သူ့အား လိုက်နေသည့် ဗညားအဲကို ထားခဲ့ကာ ရံတပ်များဘက် အာရုံရောက်နေသည့် မရူ၏ ဆင်ဆီ ပြေးသွားပြီး ဆင်ပေါ်ခုန်တက်ကာ နောက်ထိုင်နှင့် ကုန်းလယ်စီးတို့ကို အတင်းဝင်ခုတ်သည်။ မရူမှာ အခြေမလှသဖြင့် ဆင်ထက်မှ ခုန်ချလိုက်ရသည်။
လိုက်လာသော ဗညားအဲ ဆင်ကြီး မီလာပြီး အစွယ်ချင်း ယှက်မိသောအခါ ဦးစီးလည်း ဆင်းပြေးသွားသဖြင့် လက်ျာဘီလူးသာ မရူဆင်ပေါ် ကျန်ခဲ့၏ ။ ဗညားအဲက လှံဖြင့် ကပ်ထိုးလေသည်။ ဆင်ပေါ်တွင် ထိုးထားသော လှံနှစ်ချောင်းကို ဆွဲကိုင်လိုက်သော လက်ျာဘီလူးက လှံတိုဖြင့် ရိုက်ဖယ်လျက် လှံရှည်ဖြင့် ပြန်ထိုး၏ ။
ဟန်ချက်ပျက်နေသည့် ဗညားအဲသည် တစ်ယောက်ချင်းတွင် ကျွမ်းကျင်လှသော လက်ျာဘီလူးကို မယှဥ်နိုင်၊ လှံထိ၍ ပြေးသွားရသည်။ လက်ျာဘီလူးလည်း မြင်းသည်များ ဖမ်းမိထားသော မရူကို လှည့်မကြည့်နိုင်ဘဲ ဗညားအဲ ပြေးသည့်နောက်သို့ မြင်းနှင့် လိုက်ပြန်သည်။ မြို့တွင်းမဝင်နိုင်မီ ဆင်ပေါ်တွင် ဗညားအဲ ခွေလဲသွားသည်ကို မြင်မှ ရပ်နေခဲ့၏ ။
ဗညားတာနောမှာ သန်မာသည် မှန်သော်လည်း ငတွန်၏ ပြိုင်ဘက် မဟုတ်သည်မို့ သန်လည်းသန်၊ စိတ်အားပြင်းထန်၍ အထိုးအချုပ်ကျွမ်းကျင်သည့် ငတွန်နှင့် လုံးထွေးသတ်ပုတ်ရင်း ဆင်ပေါ်မှ ပြုတ်ကျသွားကြ၏ ။ ဗညားတာနော အောက်က ကျ၍ မူးမိုက်ကာ မလှုပ်နိုင်တော့ရာတွင် ခြေလက် ဒူးများ ပေါက်ပြဲနေသော ငတွန်က ဒေါသတကြီး ခွထိုးနေလေ၏ ။

အဆုံးတွင် အရေးမလှကြောင်း သိသည်နှင့် ပြေးသွားကြသော ဒေါလွတ်နှင့် တုလွှတ်ကျော်တို့ နှစ်ဦး မြို့တွင်းဝင်သွားနိုင်ပြီး မရူကို အရှင်ရခဲ့၏ ။ ဗညားတာနောမှာ ဆင်ပေါ်မှ လုံးထွေး၍ ကျသည့်ဒဏ်၊ ထိုးကြိတ်ခံရသည့် ဒဏ်ရာဒဏ်ချက်များဖြင့် စကားမေးမရတော့။ ဗညားအဲလည်း အသက်မကြွင်းဟု ယူဆရလေသည်။

 (ဆက်ရန်..) ဟံသာဝတီသို့ (၁၆)

 Written by သင်္ခရာဇာ

End date: June 27, 2022

ဟံသာဝတီသို့ (၁၄)

 သည်တစ်ခါ ကြားရသည်က အထူးခြားဆုံးသတင်း၊ သူတို့အားလုံး မမျှော်လင့်မိဆုံး သတင်း။ ဟံသာဝတီဘုရင်၏ အားအထားရဆုံး စစ်သူကြီး တလပန်း ထွက်ပြေးသွားပြီ ဟူသော သတင်းကြီး။

ကြားစ၌ မယုံနိုင်၊ တိုင်ပင်ပွဲရုံးရှိ အရာရှိ ဗိုလ်များအားလုံး ဟာခနဲ အံ့သြဝမ်းသာ ဖြစ်သွားကြသည်။ လာရောက် အကြောင်းကြားသူမှာ ရံတပ်ကို ဖွင့်ပေးလိုက်ပြီး တလပန်း ထွက်သွားသည်ကို ကိုယ်တိုင် တပ်အပ်မြင်ခဲ့သူ ဖြစ်နေသောကြောင့် သတင်းမှန်ဖြစ်ကြောင်း ခိုင်လုံနေသည်။
ထွက်သွားသည်မှ စစ်သည်သူရဲ ၅၀၀၀ နှင့် လက်ရွေးစင် ဆင်မြင်းများ ယူ၍ ထွက်သွားခြင်း ဖြစ်သည်။ အတွင်းသတင်းများအရ ဟံသာဝတီပြည့်ရှင်နှင့် ကတောက်ကဆဖြစ်ခြင်းမျိုး မရှိဟု သိရသည်။ သို့ဆိုလျင် အဘယ့်ကြောင့် ထွက်သွားသနည်း။
"တလပန်းက ဘယ်လိုဖြစ်တာလဲ။ သူပဲ ဟုတ်ဟုတ်ညားညား နဲ့ မြန်မာမင်းသာ ယောက်ျားလော ဆိုခဲ့ပြီး တိုက်ရတော့မယ်မှတ်မှ ရှောင်ထွက်သွားသတဲ့လား"
"ထွက်သွားတာတောင် ဟံသာဝတီကို ဖဲ့ယူသွားသလို အလုံးအရင်းတောင်းပြီးမှ ထွက်သတဲ့။ ဖွင့်မပေးတဲ့ တံခါးမှူးကိုလည်း ခုတ်ပြီး ထွက်သွားတာတဲ့"
"အပြောနဲ့ လုပ်ရပ် ခြားနားလိုက်လေ၊ တယ် သစ္စာပျက်တဲ့ လူပါလားကွယ်တို့"
"သင်းအစား ရှက်မိပါရဲ့ကွာ"
ဗိုလ်များ တစ်ယောက်တစ်ပေါက် ဝေဖန်နေကြသည်။ သူ့ကိုမှ ယုံကြည်ကိုးစားခဲ့ကြသည့် ဟံသာဝတီ ရွှေနန်းရှင်နှင့် မြို့သူမြို့သားအပေါင်းအား မျက်နှာလွှဲပစ် ဖြစ်ချင်ရာဖြစ် ထားခဲ့၍ ရသမျှယူကာ သားမယားခေါ်လျက် ကိုယ်လွတ်ရုန်းပြေးသွားသောကြောင့် ရန်သူကြီးတစ်ယောက် လျော့သွားသည်ကိုပင် ဝမ်းမသာနိုင်တော့ဘဲ ဟံသာဝတီသားများကိုယ်စား ရင်နာနေကြလေ၏ ။
မင်းလှမင်းခေါင်ကတော့ တစ်ခွန်းသာ ဆိုသည်။
"တလပန်းရာဇဝင် ရိုင်းခဲ့ပြီ"
ထိုအကြောင်းကို လက်ျာဘီလူး ကြားသိသောအခါတွင်လည်း သူ၏ သွေးသောက် ငသူရိန်ကို ဤသို့ပြော၏ ။
"ရှေးက ဗရမ်းသမက်များရှင် စောဟန်ကိုက် (ဥပါကောင်း) ကို မင်းရဲကျော်စွာ ခေါ်တွေ့မေးမြန်းတော့ သူရဲတို့ဟူသည် စစ်ပွဲတွင် အရှင်ရလိမ့်မည်မဟုတ် လို့ ဆိုခဲ့ဖူးတယ်။ ငါလည်း တလပန်းကို အဲဒီလိုမျိုး ပြောခဲ့ဖူးတာ အခုလို လုပ်သွားလိမ့်မယ် မထင်ခဲ့ဘူး"
မည်သို့ဆိုစေ သူတို့အဖို့ အလုပ်အကြံ လျော့ပါးလွယ်ကူသွားမည်ကတော့ အမှန်။ ပဲခူးမြို့သားတို့မှာ တလပန်းနောက်သို့ မြို့တစ်ခြမ်း ပဲ့ပါသွားပြီဟု ပြောဆိုနေကြသည်။ သည်တစ်ကြိမ် ရွှေဘိုတပ်များကို ခံနိုင်တော့မည်မဟုတ် ဟု အားလျော့ကုန်ကြသည်။
ဟံသာဝတီမင်းသည်လည်း အားကိုးအားထား ပြုပါမှ လူကောင်းများပါ ဆုံးရှုံးသွားရသည်မို့ အရေးမလွယ်နိုင်တော့မှန်း သိ၍ ညီတော် သမက်တော် ဗိုလ်မှူးများကို ခေါ်၍
"ငစိတ်ထင် မြို့ခံတွင် ဗညားဒလနှင့် စျေးငယ်ဗိုလ်ကို တူသည်မရှိ၊ သူ့ဗိုလ်အင်ကို တိုက်ဖျက်ရလျှင်လည်း တလပန်းကို မီသူမရှိ။ ယခု တလပန်းသွားရာ၌ ဆင်ကောင်းမြင်းကောင်း လူကောင်းများစွာ ပါလေသည်။ ပြင်တပ်ကြီးလည်း ပေါက်၍ မြို့ထီးထီးသာ ကျန်တော့သည်မှာ မြန်မာတို့ အင်အားကြီးကို ခံနိုင်ဖွယ်မရှိ။ မင်းတို့ ပသို့ထင်သနည်း"
ထိုအခါ အိမ်ရှေ့မင်း မဟာဥပရာဇာက
"ကိုယ်မချိလျင် အမိသော်လည်း သားတော်ခဲ ဟူသည့်အတိုင်း ယခုအရေးပျက်ပျက်ရောက်ချေပြီ။ မြို့နှင့် ပြည်သူတို့အတွက် တပင်တိုင်နန်းရှင် သမီးတော်ကို အလောင်းမင်းထံဆက်၍ ရွှေလမ်းငွေလမ်း ဖောက်ပါမှ ပြည်သူပြည်သားတို့ စီးပွားချမ်းသာ ရကြပါတော့မည်"
ဆိုလေသည်။ အားလုံးလည်း သဘောညီကြသဖြင့် စာပြင်၍ အရေးဆိုရသည်။ ထိုအခါမှ အလောင်းမင်းတရား လက်ခံသဖြင့် သမီးတော်ကို ကြီးကျယ်စွာသော အခမ်းအနားနှင့် ပို့ဆက်လာရ၏ ။
လက်ျာဘီလူးတို့လည်း စစ်ကြီးပြင်ပြီးခါမှ သမီးကညာ အဆက်သခံ သဘင်ကြီးအတွက် လုံးပန်းကြရပြန်လေသည်။ ထိုသည့်အခါ မွန်မြန်မာ အရောရော အထွေးထွေး ရှိသဖြင့် သီးသန့်စိစစ်ကာ အရေးကြီးသည့် နေရာများ၌ မွန်အမှုထမ်းများကို မြန်မာတို့နှင့် လဲရ၏ ။ သူ့အား လုပ်ကြံလာနိုင်သည်တို့ကိုလည်း သတိထားနေရသေးသည်။
မွန်ဝန်ကြီး ဗညားဦးနှင့် ဗညားအရိန္ဒမတို့လည်း နှစ်ကြိမ်သုံးကြိမ် ရောက်ရှိ အကဲခတ်သွားကြသည်။ သူတို့လုပ်ကြံမည့်သူမှာ နေရာရလျက် ကံ ဉာဏ် ဝီရိယ ပြည့်စုံနေကြောင်း တွေ့မြင်ကြရသည်။ သို့သော် သူတို့ကား လက်မလျှော့။ ကံနိမ့်မည့်အချိန်၊ သတိလွတ်မည့်အခါ၊ ဝီရိယလျော့ ပေါ့ဆမည့် ကာလကို စောင့်နေကြလေ၏ ။
လက်ျာဘီလူးလည်း မင်းတရားကြီးနှင့် သူ့ကိုယ်သူ ဂရုစိုက်နေရသောကြောင့် တပ်နှင့် မိစောမွန်တို့ထံ မရောက်ဖြစ်။ မိစောမွန်မှာ ဓားမြှောင်တစ်လက်နှင့် အနှောင့်အယှက် ဝင်နေရပြီ။
ရတနာဓားကလေး လက်ခံရပြီးနောက် တစ်ပတ်ကျော်ကြာလျင် ထူးဆန်းသော အိပ်မက်တို့ကို စတင်မြင်မက်လာသည်။ တစ်ခါတစ်ရံ လူနီထွားကြီးနှစ်ယောက်၊ ရံဖန်ရံခါ ရတနာစီခြယ်သော ဗောင်းထုပ် ဆောင်းထားသည့် နှုတ်ခမ်းမွေးဖားဖား လူကြီးနှင့် သူ၏ မိဖုရား၊ မည်းမည်းအရိပ်ကြီးများ လိုက်လံဖမ်းဆီးနေသဖြင့် ပြေးရသည်ဟုလည်း မကြာခဏ မက်နေရသည်။
ယနေ့ညတော့ ပင်ပင်ပန်းပန်းနှင့် အိပ်မောကျနေစဥ် ဓားမြှောင်၏ နောက်ကြောင်းရာဇဝင် ဖြစ်ဟန်တူသော အကြောင်းခြင်းရာတို့ကို ဘေးမှ ကြည့်နေရသလို တွေ့နေရ၏ ။ ချမ်းသာလှသော ဘုရင်ကြီးတစ်ဦး၊ သူ၏ ချစ်လှစွာသော မိဖုရားငယ်ကလေးအား ရွှေဘူးကလေးတစ်ဘူး ပေးသည်ကို တွေ့ရ၏ ။
အမှန်တော့ ထိုမိဖုရားလေးက လိုချင်သဖြင့် တောင်းဆိုနေခဲ့ခြင်းပင်။ ဘူးကို ဖွင့်လျှင် ကတ္တီပါအောက်ခံနှင့် ရတနာဓားမြှောင် ထွက်ပေါ်လာသည်။ မိဖုရားငယ်သည် အလွန်ပျော်ရွှင် တန်ဖိုးထားနေသည့်ဟန်၊ ထို့နောက် အခြား မိဖုရားကြီးများ၏ ငြူစူဟန်များ။ မိဖုရား ၃၀ ကျော်အနက် မိန်းမငယ်သည် ရန်အများဆုံးလည်း ဖြစ်နေသည်။
ထို မိဖုရားငယ်သည် ကတုံးနှင့် လူကြီးတစ်ဦးကို ကပ်၏ ။ ထိုလူကြီးက ရှုပ်ထွေးလှသည့် စာလုံးများပါသော ပဝါနက်တစ်ခု ပေးသည်ကိုလည်း မြင်ရသည်။ ဓားမြှောင်ကလေးကိုလည်း ယူကြည့်၏ ။ သူက မိန်းမငယ်ကို အကာအကွယ် ပေးထားဟန် တူလေသည်။
ရုတ်တရက် အဘယ်ကြောင့်ရယ်မသိရဘဲ မိဖုရားငယ်သည် ဘုရင်ကြီး ပြန်အကြွတွင် ကျောဘက်မှနေ၍ နှလုံးနေရာကို ဓားမြှောင်ဖြင့် ထိုးလိုက်သည်။ ဘုရင်ကြီးမှာ ခေါင်းဆောင်းဗောင်းတော် ကျွတ်ပြီး တိုင်ကိုမှီကာ ထိုင်ကျသွားသည်။ မင်းသမီးငယ်ကိုလည်း အစောင့်များက ပြေးဖမ်းကြပြီး ဓားကိုလုရာ အငြိငြိအယှက်ယှက်နှင့် ဓားသည် လွင့်တက်လာပြီး ကြည့်နေသော မိမိရှိရာသို့ ဦးချွန်လှည့်လျက် ဝင်လာလေသည်။
မည်သူမျှ မရှိ တိတ်ဆိတ်နေသော စားဖိုဆောင်အတွင်း ကုတင်ညောင်စောင်းကလေးပေါ်တွင် မိစောမွန်သည် ထိတ်လန့်တုန်လှုပ်စွာ နိုးလာ၏ ။ ရှုပ်ထွေးလှသော နန်းတွင်းရေးများကို ပြက်ပြက်ထင်ထင် မြင်တွေ့လိုက်ရသကဲ့သို့ စိတ်ညစ်ညူး ထိုင်းမှိုင်းနေသည်။ သည်ဓားကို မက်မောစိတ် မပြေသေးသော်ငြား မဆောင်အပ်သည့် ဓားတစ်လက် ဟုတော့ ထင်မြင်လာမိသည်။
စိတ်စွဲလန်း၍ မက်တာပါဟု ယူဆကာ ပြန်အိပ်သည်။ သည်တစ်ကြိမ် မြင်မက်ရသည်က ပေါ်တူဂီလူမျိုး နှစ်ဦး၊ သိုးဟုခေါ်သော ဦးထုပ်ရှည်များ ဆောင်းထားကြသည်။ ထိုသိုးဆောင်းနှစ်ယောက်သည် လုယက်လာသည်ဟု ယူဆရသည့် အထုပ်တစ်ထုပ်အား အိုးတစ်လုံးထဲ ထည့်နေကြ၏ ။
ထို့နောက် အိုးကို မြေမြှုပ်လိုက်ကြသည်။ သို့သော် သူတို့သည် မြေမြှုပ်ထားရာသို့ တစ်ယောက်တစ်လှည့် မသိမသာ ကြည့်နေကြပြန်သည်။ ပြန်သွားကြသော်လည်း ခြေလှမ်းများ နှေးဖင့်လေးကန်လျက်။ ထိုအထဲမှ တစ်ယောက်က ကြုံလှီပိန်ကပ်စွာ ပြန်ရောက်လာပြီး အိုးကို အငမ်းမရ တူးဖော်နေပြန်၏ ။
သူ လောဘတကြီး တူးနေသည့် အိုးထဲမှ အထုပ်ကို ဖြေလိုက်ရာ မြွေများ ခေါင်းထောင်ထွက်လာပြီး အဆိပ်တဖြီးဖြီး မှုတ်နေကြလေသည်။ ထို့နောက် ရွက်များစွာ ပါသော စစ်သင်္ဘောကြီးတစ်စင်း၊ ထို့နောက် ခမ်းနားလှသော အိမ်ကြီးတစ်လုံး၊ ဂါဝန်ဝတ် မိန်းမပျိုများ၊ လူမျိုးခြား ကုန်သည်ကြီးများ၊ ထို့နောက်.. ထို့နောက်...။
မိစောမွန် မည်သည့်အရာမှ မမှတ်မိတော့ပြီ။ အိပ်မက်များစွာတို့ကြောင့် သူ့ခေါင်းသည် ချာချာလည်နေ၏ ။ လက်ထဲတွင် ဓားမြှောင်ကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာ ငူငူငိုင်ငိုင် ထိုင်နေသည်ကို လင်းအားမကြီးမီ ရောက်လာသော ငကျော်ရှိန် အလန့်တကြား ဖြစ်သွားသည်။
"ဟဲ့.. အမလေး၊ လန့်လိုက်တာ အမွန်ရယ်"
မိစောမွန် သူရူးတစ်ယောက်ကဲ့သို့ ကြောင်စီစီနှင့် မော့ကြည့်လာသည်။ ကျော်ရှိန် ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားကာ ကြက်သီးများ ထလာသဖြင့်
"ညည်း နိုးနေရင်လည်း ပြင်ဆင်ထားလိုက်နော်၊ ငါ အသားငါး စောစောသွားရှာကြည့်ဦးမယ်"

ဆိုကာ သုတ်သုတ် ထွက်သွားလေသည်။ အနောက်သို့လည်း လှည့်ကြည့် လှည့်ကြည့်။ ထိုဓားရပြီးနောက်ပိုင်း မိစောမွန် တစ်ခုခု ထူးခြားနေသည်ဟု သူ ထင်နေ၏ ။

(ဆက်ရန်..) ဟံသာဝတီသို့ (၁၅)

 Written by သင်္ခရာဇာ

End date: June 27, 2022

ဟံသာဝတီသို့ (၁၃)

            ဟံသာဝတီ နေပြည်တော်၊ မင်းညီမင်းသား မှူးမတ်ဒေါဗညား စုံလင်ကျင်းပသော မင်းများညီလာခံ။
ဟံသာဝတီ ရွှေနန်းရှင် ဗြညားဓိရာဇာ မင်းတြားကြီးသည် သီဟာသနပလ္လင်တော်ကြီးပေါ်သို့ ထိုင်မိသည်နှင့် စတင်မိန့်ကြားတော်မူ၏ ။
"ငါတို့ရွှေမြို့တော်သို့ ကုန်းဘောင်တပ်များ ချဥ်းနင်းဝင်ရောက်ကြသည်မှာ ပြင်မြို့ကြီးသို့ တိုင်ခဲ့ပြီ။ ငါ့ညီ ဥပရာဇာ၊ ဗညားဒလ၊ သမက်တော် စောဗြတို့ကို အလုံးအရင်းနှင့် အပ်သော်လည်း ရွှေဘိုမင်းဘုန်းကို မလှန်နိုင်။ အသို့ပြုသင့်သနည်း"
အနီရောင်ဝတ်လုံနှင့် ဗညားဥပရာဇာ၊ အပြာရောင် မင်းသားဝတ်စုံ ဆင်ယင်ထားသော ဗညားဒလ၊ အစိမ်းရောင် ကိုယ်ဝတ်နှင့် စောဗြတို့ ငြိမ်နေကြရာ မျဥ်းတိုမျဥ်းရှည် နီစိမ်းရွှေတို့ ဝတ်ဆင်ထားသည့် စစ်သူကြီး တလပန်းက ခေါင်းပေါ်မှ မောက်ရူကို ချွတ်လျက် လက်ယာဘက်သို့ ချလိုက်ပြီး
"ဘုရားအရှင့်ကျွန်တော်မျိုးအား စစ်ရေးအလုံးစုံ လွှဲအပ်တော်မူပါ။ ဆင်ကောင်းမြင်းရင်း စိတ်ကြိုက်အုပ်ချုပ်ခွင့် ရပါမူ မြန်မာတပ်ကို အစုစုကွဲအောင် ကျွန်ုပ် တိုက်ဖျက်နိုင်ပါသည်။ ယခု ပြင်မြို့ကြီးသာ ကျ၍ အတွင်းအုတ်မြို့ကြီး ကျန်သောကြောင့် မျိုးရိက္ခာ လူသူလက်နက်ကိရိယာ ပြည့်စုံသည်ဖြစ်၍ ဆယ်နှစ်ပင် ရံသော်လည်း နေနိုင်ပါသည်။ မိုးကျလျင် မြန်မာတို့ ပြန်ရမည်မချွတ်။ ထို့ကြောင့် အရေးကို မျှော်တွေးနှောင့်နင်းရန် အကြောင်းမရှိပါ"
ဟု ရဲရဲဝံ့ဝံ့ လျှောက်တင်၏ ။ မဟာဥပရာဇာတို့က တလပန်းကို လှည့်ကြည့်ကြသည်။ တလပန်းက မျက်နှာအောက်ချလျက်သာ မင်းတရားကြီး အမိန့်တော်ကို ငံ့လင့်နေ၏ ။
"ကောင်းပြီ တလပန်း။ ကြိုက်ဆင်ကြိုက်မြင်း ယူ၍ မောင့်စိတ်တိုင်းကျ စီမံချေတော့။ ညီမောင်တို့ကလည်း ငါတို့စစ်သူကြီးအား ထောက်မကြပါ"
တလပန်း ကျေနပ်သွားသော်လည်း မဟာဥပရာဇာက သုရှင်ဘက် လှည့်ကာ
"တလပန်း လျှောက်သော အရေးမှာ ကောင်းသော်လည်း ကျွန်ုပ်တို့ကျန်သည့် လူစုနှင့် ပြင်မြို့ကြီးကို သိမ်း၍ အခိုင်နေသော မြန်မာတပ်များ၊ အုတ်မြို့ရိုးနှင့် ယှဥ်လျက် တည်လာသော တပ်ကြီးများ၊ အပြင်မှ ရံတပ်များ၊ ထို့ပြင် ဇေတုဝတီမြို့သစ် တပ်မကြီး စသည်တို့ကို ပြိုကွဲအောင် တိုက်မည်ဆိုသည်ကိုမူ စဥ်းစားသင့်ပါသည်"
ဗိုလ်မှူးတစ်ဦးဖြစ်သော စျေးငယ်ဗိုလ်ကလည်း
"ဇေတုဝတီကို စစ်သူကြီးကိုယ်တိုင် ဆင်လုံးမြင်းရင်းနှင့် အလစ်အငိုက် တိုက်သည်ကိုလျက် မရသေးတုံ၊ အထပ်ထပ် ရံလာသည့် ကုန်းဘောင်တပ်တို့ကို တံခါးမှထွက်၍ ပျက်အောင် တိုက်နိုင်ရန် အမှန်ပင် မလွယ်ကူချေ။ မြန်မာတို့တွင် ဗိုလ်ပြုလာသူမှာ အလောင်းမင်းနှင့် ထပ်တူ ဆိုကြသည်။ လုပ်ရည်ကြံရည် အကွပ်အကဲ၌ တလပန်း ချက်တဖြုတ်တိုက်သည်ကိုပင် ခံနိုင်အောင် ခံသသူ။ သူ၏ လူများမှာလည်း ဘီလူးသဘက်များဟု မြို့သားတို့ ပြောဆိုနေကြသည်။ သည်အရေးကို ကျွန်တော်မျိုးတို့ အဖန်ဖန် တိုင်ပင်သင့်ပါသည်ဘုရား"
"ကျွန်ုပ်ကတော့ တလပန်းကိုသာ အပ်၍ လုပ်ကြံစေချင်ပါသည်။ သူတို့အလုပ်အကြံကို စောင့်နေလျင် သန်လျင်ထုံး ရောက်ရပါလိမ့်မည်။ သင့်လူတို့ မြို့တက်ကြသည်မှာ တစ်ကြိမ်တစ်မျိုး မရိုးမထပ် အကြံအစည် များလှသည်။ စောင့်ကြိုက်နေသင့်သည့် အရာမဟုတ်ပါ"
ညီတော် ဗညားဒလ လျှောက်သဖြင့် မင်းကြီးက ခေါင်းညိတ်လေသည်။ တလပန်းသာလျင် စီရင်စေတော့ မိန့်ပြီး
"ရွှေဘိုတပ်များ၏ အချုပ် မည်သူနည်း၊ မင်းလှမင်းခေါင်လော"
ဟု မေးတော်မူသည်။ ဥပရာဇာက
"မုဆိုးခြုံဗိုလ် မင်းလှမင်းခေါင် မဟုတ်ပါ။ အရှေ့ဝင်းမှူး မင်းထင်နော်ရထာ ဖြစ်ပါသည်"
"ယင်းသည့်ဗိုလ် သူရဲဟု ဆိုသည်။ ငါ့လူများ ရအောင် မကြိုးနိုင်သလော"
တလပန်းက
"သင်းတစ်ယောက် အမှန်ပင် ကလိန်ဉာဏ်မြောက် ကွေ့ကောက်လှပါသည်။ အအုပ် အခံလည်း ပိရိ၍ ကျွန်ုပ် အကြိမ်ကြိမ် တိုက်သည်ကို လွတ်မြဲ လွတ်လေသည်။ စစ်ပွဲတွင် မရနိုင်သူကို ပရိယာယ်ဆင်၍ ဖမ်းသင့်ကြောင်း လျှောက်တင်ဝံ့ပါသည်ဘုရား"
"မောင်မင်းတို့ တတ်အားသရွေ့ ကြံပါလော့။ ရွှေတပ်တော်သားတို့ ဘီလူးနှင့်ဖက်ပြိုင်နေရသည်ဟု စိတ်ဝင်လျက် ရှိကြသည်ကို ဖြေဖျောက်၍ တစ်ရန်အေးကြောင်း လျှောက်တင်လာမည်ကို ငါ စောင့်နေတော်မူမည် မင်းများတို့"
"ကျွန်ုပ်၏ ဗိုလ် ဗညားတာနော၊ အင်းဝအမှုထမ်းဟောင်း တုလွှတ်ကျော်၊ မဟာ ဥပရာဇာတပ်မှ မရူ၊ ဗညားအဲ၊ ရွှေစက်တော်အောက် သူရဲ ဗညားရန်၊ စောဗြလူ ဒေါလွတ်၊ ဘယ်ကျော်ညီ မတ္တရာမွန် သမိန်လွတ် တို့ကို စေပါးသော် ရနိုင်မည် ထင်မြင်မိပါသည်"
ညီလာခံဝယ် အသံများ ထွက်လာသည်။ တလပန်း ပြောသောသူများမှာ ထွားကျိုင်းသန်မာသူ၊ လက်ရုံးကောင်းသူ၊ အပြီးအစီးလုံသူ၊ ယုံကြည်စိတ်ချ စေပါးနိုင်သူများချည်း။ သို့သော် သူတို့၏ အရှင်များမှာ သဘောထား ကွဲလွဲနေကြသည်။
အချို့က သူ့လူ ဘယ်ကျော်ကို ဘဇာကြောင့် မထည့်သနည်း ဟု တီးတိုးဝေဖန်၏ ။ ဘယ်ကျော်မှာ မင်းထင်နော်ရထာ၏ အဖက်မဟုတ်ဟု ကြားဖူးသူတို့ ဆိုသည်။ မင်းလှမင်းခေါင်ကိုသာ မနိုင်တာပါ၊ မင်းထင်နော်ရထာနဲ့ မဆုံဖူးပါဘူးဟု ပြောသူ ပြောကြရာ အမတ်တစ်ဦးက
"မင်းကြီးတို့ ဘယ်ကျော်ကို စစ်သူကြီးက သုံးရန် ရှိ​ပုံရသည်ဟု သိရပါသည်"
ဆိုမှ စာရင်းထုတ်လိုက်ကြ၏ ။ မြန်မာသူရဲ တုလွှတ်ကျော် နေရာတွင် မဟာကြီးဆိုသူ သင့်၏ ဟုလည်း အချင်းချင်း ပြောနေကြသည်။ တုလွှတ်ကျော်မှာ မြင်းစီးကောင်း၍ မဟာကြီးက ဆင်စီးကောင်းသူရဲဖြစ်သည်။ မဟာပြောင်ဆိုသော စစ်ဆင်ကြီးကို အရက် ၃ မောင်းတိုက်၍ စီးလျင် ဗိုလ်ပါအများ ပျက်သောဟု ကြားရဖူး၏ ။
နောက်ဆုံးတွင် မြန်မာဗိုလ်မှူးကို ဖမ်းမိရန်အတွက် မရူ၊ ဒေါလွတ်၊ ဗညားအဲ၊ ဗညားတာနော၊ တုလွှတ်​ကျော် ဟူသော သူရဲကျော် ငါးဦးကို လွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုသူများကို ရွှေငွေအဝတ်ပုဆိုး စားကောင်းသောက်ဖွယ်အများ ပေးကာ စည်းစိမ်ခံစားစေ၍ အစီအရင်ကို ဟံသာဝတီမင်း ယောက်ဖတော် ဝန်ကြီး ဗညားဦး၊ ရွှေခွန်ဝန် ဗညားအရိန္ဒမတို့က ပြင်ဆင်ပေးရမည်ဖြစ်၏ ။
ဟံသာဝတီဘက်မှ ထိုသို့ ပြင်ဆင်နေကြချိန်တွင် မြန်မာတပ်များမှာ ပြင်မြို့ကြီးကို အခိုင်အမာ ခြေကုပ်ယူနိုင်ရန် ကြိုးပမ်းနေကြပြီး လက်ျာဘီလူးမှာမူ အတွင်းသစ္စာဖောက် လုပ်ကြံလိုသူများကို တစ်ဘက်မှ ဖော်ထုတ် ရှာဖွေနေလေ၏ ။
"မိလျင် အလျင်စလို မစီရင်နှင့်၊ တိုက်ပွဲ၌ သုံးရနိုင်သည်"
ဟု ဗိုလ်တွန်က ပြောသော်လည်း
"လက်ဦးအမှု လက်ဦးရှင်းထားမှ နောင် အရေးအရာကြုံလျင် စိတ်အေးရမည်။ ရှေ့ဓားနောက်ဓား ကြည့်နေရလျင် မှားနိုင်ပါသည် (ပျက်စီးဆုံးရှုံးရနိုင်သည်)"
ခံယူလျက် အဆောတလျင် စုံစမ်းနေ၏။ ဇေတုဝတီအရေးတွင် ပါသော တောင်သာဗိုလ်မှာ ပြေးလေပြီ။ ပြေးကြောင်းကို သိ၍ လိုက်ဖမ်းစေရာ ဟင်္သာတအနီး လှေသို့အဆင်းတွင် မြားမှန်၍ ဆုံးလေသည်။
နန္ဒသူ၏ သွေးသောက် ဝေရကျော်သာ ဆိုသူကိုလည်း ဖမ်းဆီးစစ်မေးရာ ဇေတုဝတီတွင် လုပ်ကြံမှု ပေါ်လာလေသည်။ သူတို့ အစီအစဥ်မှာ ဤသို့ဖြစ်၏ ။
တိုက်ပွဲဖြစ်လျင် လက်ျာဘီလူးသည် ရှေ့ဆုံးမှ လိုက်ပါကွပ်ကဲလိမ့်မည်။ သူ၏ တပ်များအနီးသို့ ပင်းဗိုလ် (နန္ဒသူ) ၏ တပ်၊ ဝေရကျော်သာတို့ တပ်များ ရောက်အောင်သွား၍ ရောရမည်။ ရန်သူကို တိုက်ရင်း အခါအခွင့် စောင့်၍ သေနတ်၊ ဓား၊ လှံ နီးသည့်အစုကို လက်ျာဘီလူးရှိရာ ပစ်ခတ်တိုက်ခိုက်စေမည်။
သို့ရာတွင် အကြီးအကဲများမှအပ အောက်လက်ငယ်သားတို့ အမှုကို မသိစေရ။ လုပ်ကြံရမည့် သူများသာ ရောနှောပစ်ခတ်ဟန် ပြုရင်း အပိုင်အခွင့်အရေးကို စောင့်၍ ပစ်ကြရမည်။ မြင်းနှင့် ကပ်ခုတ်မည့်သူတစ်ဦးလည်း ရှိသေးသည် ဆို၏ ။
မည်သည်ဗိုလ်များ အကြံနည်းဟုကား မဖြေ။ တံခါးဖွင့်မပေးရန် စေခိုင်းသော တောင်သာဗိုလ် ပါသည်ဟုသာ သိရသည်။ ပင်းဗိုလ်မှူး ပါသလား၊ ယင်းတောဗိုလ် ပါသလား၊ ထီးလင်းစော်ဘွား ပါသလား မေးရာတွင် မသိဟုသာ ဆိုလေသည်။
ပခုံးတွင် တုတ်တိုထိသော ဗိုလ်မှာ တကယ်တမ်း တောင်သာဗိုလ် ခိုင်း၍ လုပ်ရသူသာ ဖြစ်နေသည်။ နောက်မှ လိုက်သည့် ရွှေဘိုမြင်းသည်တို့မှာလည်း လက်ျာဘီလူး အမှန်ဖြစ်နိုင်ကြောင်း သိလျင် ပြန်ခဲ့ကြသည် ဆိုရာ အပြစ်မရှိ။ မင်းလှသီရိကတော့ သူ မသိပါဟု အခိုင်အမာ ငြင်းလေသည်။
မည်သို့ဆိုစေ ဇေတုဝတီတွင် တလပန်း လာတိုက်စဥ်က ရံတပ်များကို လှည့်လည်ကြပ်မတ်နေရာမှ ပြန်လာသော လက်ျာဘီလူးက လူစုစည်း၍ ခံတိုက်နှင့်သော မင်းလှမင်းခေါင်တို့ထံ လာရောက်ပူးပေါင်းစဥ် လမ်းခုလတ်ဝယ် ချောင်းမြောင်းလုပ်ကြံခံရသည်မှာ အမှန်ဖြစ်၏ ။
သူ့အား တိုက်ခိုက်လာသူများမှာ စစ်တန့်သွားပြီဖြစ်သော တလပန်း၏ မွန်စစ်သည်များ မဟုတ်၊ သူလာမည့် လမ်းပေါက်မှ စောင့်ကြို ပစ်ခတ်လိုက်သော မျက်နှာဖုံးဝတ် မြန်မာတပ်သားအချို့သာ ဖြစ်သည်။ တစ်ဘက်တွင် တိုက်ပွဲကြီး ဖြစ်နေပါလျက် မတိုက်မခိုက်ဘဲ မိမိအား ကြိုလင့်နေသဖြင့် လက်ျာဘီလူး ဒေါသထွက်ခဲ့ရ၏ ။
သို့သော် ယခုအခါ သူသည် အရေးရှင် ဖြစ်နေလေပြီ။ ဒေါသအလျောက် မဆင်မခြင် လိုက်လျင် ရန်သူအကြိုက် ဖြစ်သွားမည်ကို နားလည်သဖြင့် ပစ်ခတ်၍ တိုက်ပွဲထဲ ပြေးဝင်သူများနောက် စွန့်၍ မလိုက်၊ ယုံကြည်ရသော ဗိုလ်မှူး မင်းလှမင်းခေါင်ကိုသာ ရှာသည်။
တိုက်ပွဲကို ကြီးကြပ်နေသည့် ဗိုလ်တွန်နှင့် အခြေအနေကို ခေတ္တ သုံးသပ်ကြပြီးနောက် တလပန်းတပ်များ ရှေ့မတိုးနိုင်အောင် စုစုစည်းစည်း ခုခံထားပြီး နီးရာတပ်များ လူများ မြို့စောင့်များအားလုံး တိုက်ပွဲနေရာသို့ လာရောက်ကြရန် ဆင့်ခေါ်လိုက်၏ ။
အမှန်တော့ ဗိုလ်တွန်က တလပန်းကို သူ ရအောင်ခံမည်၊ မြို့စောင့်တပ်မှာ စောင့်မြဲစောင့်၊ ရံတပ်လည်း ရံမြဲရံစေ ဟု ဆိုကာ ဆင်တော်ကြိုးကြာကန်စီး၍ ထွက်သွားခြင်းပင်။ တကယ်လည်း တလပန်း၏ တိုက်စစ်ကို ဆင်ချင်းယှက်နင်းလျက် ခံထားနှင့်လေသည်။
သူ့တပ်အားလုံး၏ အခြေအနေကို သိသော လက်ျာဘီလူးကတော့ တလပန်းထွက်လာသမျှ တပ်ကူမပါ၊ အခြားက လှည့်တိုက်လာမည်လည်း ရံတပ်များကို ဦးစွာ ကျော်ရဦးမည်ဖြစ်၍ မြို့တွင်းမှ အရိပ်အယောင် မမြင်ခဲ့သောကြောင့် အနီးဝန်းကျင် တပ်များကို စိတ်ချလက်ချ ဆင့်ခေါ်လိုက်ခြင်းပင်။
အကယ်၍ အခြားတံခါးများမှ ဘယ်ကျော် သမိန်လွတ် စောဗြ စသူတို့ ထွက်လာပါကလည်း ခံနိုင်အောင် ခံထားရန်နှင့် မြင်းလျင်စေလွှတ် အကြောင်းကြားလျင် မိမိတို့ လှည့်ကူလာမည်ဖြစ်ကြောင်း ဆက်သားစေလွှတ်ထားလိုက်သည်။ သို့သော် မလိုမှန်း သူသိနေ၏ ။ တလပန်းနှင့် ပါသော ဆင်ကြီးမြင်းကြီးများမှာ ဟံသာဝတီမင်းထံတွင် အကြီးဆုံး အကောင်းဆုံး ဖြစ်ရမည်။
သို့ဆိုလျင် ညီတော် သမက်တော်များ မထွက်တန်ရာ။ မိမိကို ကြိုသော သေနတ်သားများကို ထောက်ချင့်သဖြင့်လည်း ဇေတုဝတီ အတွင်းလူပင် ဖြစ်ကြောင်း သုံးသပ်မိသည်။ သူသည် မွန်ဆင်များကို မြင်းတပ်ဖြင့် ပူးတုံခွာတုံပြု ပင်ပန်းစေလျက် ခြောက်ထုတ်နေသည့်ကြားမှ ဦးနှောက်ကို အစွမ်းကုန် အသုံးပြုကာ ရန်သူကို စစ်ထုတ်ရှာဖွေနေခဲ့၏ ။
မြင်းများကို လှည့်၍ ဆင်အုပ်ကို ဝိုင်းပတ်ကာ ငါးကြီးမျှားသလို လိုရာအရပ်သို့ ဆွဲခေါ်ပြေးလိုက် ဝိုင်းထိုးလိုက်နှင့် သွားကြခိုက် မည်သည့် အနှောင့်အယှက်မှ မတွေ့တော့။ အချင်းချင်း ဦးတည်မှုများ မကြုံရတော့။ တလပန်းသာ ပါသွားသော ဆင်အုပ်နောက် လိုက်လံပူးပေါင်းလျက် သူ၏ လူများကို အရပြန်ယူသွားသည်။ ဤနေရာတွင် တလပန်း မဟုတ်ခဲ့ပါက ဆင် ၁၀ စီးခန့် ကျကျန်ရစ်ပေလိမ့်မည်။
စစ်ရည်ဝနေသူ ဖြစ်၍သာ လက်ျာဘီလူး အသုံးပြုခဲ့သည့် နည်းအတိုင်း သူက မုန်တိုင်းဗဟိုတွင် နေသကဲ့သို့ အလယ်မှ ကွပ်ကဲလျက် သူ့တပ်များကို မုန်တိုင်းဝှေ့သလို လှည့်ရစ်စေပြီး ခရုပတ် ဆုတ်သွားကြသည်။ မွန်စစ်သည်တို့ ပို၍ ပင်ပန်းကြသော်လည်း အစည်းအလုံး မပျက်နိုင်တော့။ လက်ျာဘီလူးလည်း ရပ်ကြည့်နေခဲ့ရ၏ ။
"အဲဒါ ဘယ်သူလဲ"
အနားရောက်လာသော ဗိုလ်တွန်ကို မေးမှ
"တလပန်း ကွ။ ငါနဲ့ ဆင်ချင်းယှဥ်လိုက်ရတယ်"
"သြော်.. မထိုးလိုက်ရဘူးလား"
"အေး.. ဆင်ကူတွေ များတယ်၊ ကုန်းလယ်စီးနဲ့ နောက်ထိုင်တွေလည်း ကောင်းတယ်။ ကုန်းလယ်စီးတဲ့ လူထွားကြီးကို ငါမြင်ဖူးသလိုပဲ"
"ကျွန်တော် မမြင်လိုက်ဘူး ဦးတွန်"

"နောက်တော့ တွေ့ကြမှာပေါ့ကွာ"

(ဆက်ရန်..) ဟံသာဝတီသို့ (၁၄)

 Written by သင်္ခရာဇာ

End date: June 20, 2022

ဟံသာဝတီသို့ (၁၂)

            ဖြစ်ချင်တော့ တိုက်မောင်းတို့က လက်ျာဘီလူးအား အလွန်စိတ်ချ ယုံကြည်စွာ ဘေးကင်းရန်ကင်း ပြန်လာကြလိမ့်မည်ဟု ထင်၍ အေးအေးဆေးဆေး ထွက်လာကြသလို လမ်းပေါ်မှ ဆင်းကာ ကန်ကြီးတစ်ခုတွင် ရေဝင်သောက်နေကြသည်။ မြင်းများကိုလည်း ရေတိုက်လျက်။
မြင်းသည်အများစုက ကန်ဘက်လှည့်၍ စကားစမြည် ပြောနေကြသော်လည်း အိုးစားကြီးတိုက်မောင်းက ဟိုဟိုသည်သည် လျှောက်ကြည့်နေသည်။ ထိုစဥ် မြင်းနှစ်စီး မြေလမ်းပေါ် ပြေးသွားကြသည်ကို သူ မြင်လိုက်၏ ။
"ဟေ့.. ကောင်တွေ၊ ဟိုမှာ မြင်းပြိုင်လာတာ မလှလား။ အဖြူတစ်စီး အနီတစ်စီးဟေ့"
တိုက်မောင်း ဆော်သြလိုက်သဖြင့် မြင်းသည်များ လှည့်လာကြသည်။ ထို့နောက် လျင်မြန်စွာ ပြေးလွှားနေသော မြင်းနှစ်စီးကို အံ့အားသင့်စွာ ကြည့်နေကြ၏ ။
"ငါတော့ ရှေ့က အဖြူလေးကို သဘောကျဟ"
တစ်ယောက်က ဘုမသိ ဘမသိ ပြောရာ တိုက်မောင်းကလည်း
"အမယ်.. မင်းမကြည့်တတ်လို့ပါ၊ နောက်မြင်းကမှ ခြေသွက်တာ အသိသာကြီး။ တို့တပ်မှူးရဲ့ မြင်းနီကြီးလိုပဲကွ ကြည့်ရတာ"
"ဟေ့.. ငတိုက်မောင်း၊ အဲဒါ တပ်မှူး မဟုတ်ဘူးလား"
"အဲ.."
ထိုအခါမှ တိုက်မောင်း သတိဝင်လာ၏ ။
"ဟာ.. ဟုတ်သားပဲ၊ တပ်မှူးနဲ့ မိစောမွန် သွားတာ တိမ်ပျံနဲ့ စိုင်ဖြူ ပါသွားတာပဲ"
"ဒါဆို ဘာကြည့်နေတာလဲ... လိုက်ဟ"
သူတို့ မြင်းများပေါ် ပြေးတက်လိုက်ကြချိန်တွင် မွန်မြင်းများ မြေသားလမ်းအတိုင်း ​​လိုက်သွားကြသည်ကို မြင်လိုက်ကြရသည်။
"မွန်တွေ၊ မွန်တွေ"
ဟု ရှေ့ဆုံးမှ ဒုန်းစိုင်းသွားသူက အော်သည်။ တိုက်မောင်းတို့ တစ်အုပ်ကြီး လမ်းကြောင်းပေါ် တက်မိကြသောအခါ အနောက်မှ လိုက်ထပ်လာကြသော မြန်မာမြင်းများနှင့် ပက်ပင်းတိုးကြပြန်သည်။ နှစ်ဖွဲ့လုံး သေနတ်များဖြင့် ထိုးချိန်လိုက်ကြပြီးမှ
"မြန်မာတပ်သားတွေဟ"
"ဒါက ဘယ်သူတွေလဲ"
"ရွှေဘိုက ကောင်တွေပါလား"
"ဘီလူးတပ်သားတွေပဲ"
မြင်ဖူးနေကြသူများ အချင်းချင်း ရုန်းရင်းဆန်ခတ် သုံးသပ်လိုက်ကြပြီး တိုက်မောင်းတို့က မွန်မြင်းများထံ လိုက်သွားကြရာ ရွှေဘိုတပ်မှာ ရပ်ကျန်ခဲ့ကြသည်။
"အဲဒါ ဘီလူးတပ်က လက်ဖြောင့်သေနတ်သားတွေကွ၊ မလိုက်ကြနဲ့တော့။ ရှေ့ဆုံးက တကယ် လက်ျာဘီလူး ဖြစ်လိမ့်မယ်"
ရွှေဘိုတပ်၏ မြင်းမှူးက ဆိုရာ..
"မင်းကြီး မင်းထင်နော်ရထာ အစစ်ဆို ဒီလောက် အရေးကြီးနေချိန် အပြင်ကို ဘာထွက်လုပ်မှာလဲ"
"ဘယ်သိမလဲကွဲ့၊ လက်ျာဘီလူးပါဆို"
မြင်းမှူး လှည့်သွားသောကြောင့် အားလုံး ပြန်လှည့်သွားကြသည်။ ငတိုက်မောင်းတို့ကတော့..
"ငတိုက်မောင်း.. နင် ဆတ်ဆော့ပြီး ကန်မှာ ရေဝင်သောက်မယ် ဆိုလို့ တပ်မှူးကို မကြိုလိုက်ရတာ နင်တော့ နာတော့မယ်"
ယှဥ်ပြေးနေရင်း ဘေးမှ မြင်းသည်က ပြောသောကြောင့် တိုက်မောင်းက သေနတ်ကို ထောင်ကိုင်ထားလျက်မှ
"ဒီလောက်မြန်မြန်ကြီး ပြန်ပြေးလာမယ် မထင်လို့ပေါ့ကွာ၊ ငါ အရေးရအောင် လုပ်ပေးပါ့မယ်"
ရှေ့ကုန်းမို့မို့ပေါ်ရှိ သစ်ပင်အုပ်ကလေးအလွန်တွင် လမ်း အကွေ့ကြီး ရှိသည်ကို သတိထားမိခဲ့သော တိုက်မောင်းက ဖြူးနေသော လမ်းပေါ်မှ ဆင်းသွားပြီး ကြမ်းတမ်းသည့် ကျောက်ရောမြေသားပေါ် မြင်းကို အပြင်းနှင်ရင်း ကျောတွင် လွယ်ထားသည့် သေနတ်ကိုပါ ကျည်ထိုးသွား၏ ။
နောက်မြင်းများကလည်း သူ့အကြံကို ရိပ်မိသွားကြပြီး သေနတ်များ အသင့်ပြင်လျက် တရကြမ်း လိုက်ကြ၏ ။ သူတို့ ကုန်းစောင်းပေါ်အရောက် ခပ်လှမ်းလှမ်း သေနတ်တစ်ကမ်းခန့်၌ မွန်မြင်းများကို တွေ့ရသဖြင့် တိုက်မောင်းက ရှေ့နားရှိ မွန်တစ်ဦးကို ချိန်ရွယ်ပစ်လိုက်သည်။ မထိ။
ချက်ချင်း ကျော၌ လွယ်ထားသည့် သေနတ်ကို ဆွဲ၍ လက်တန်းထိုးပစ်ချရာတွင်မှ မြင်းသည် ကျသွား၏ ။ နောက်လူများကလည်း တဖောင်းဖောင်း ပစ်ခတ်လိုက်ကြသည်။ မြင်း လေးငါးစီးခန့် ထိချေသည်။ ကျန်မြင်းများမှာ ချုံခိုတိုက်ခိုက်ခံလိုက်ရသည် အထင်နှင့် သူတို့နှင့် ဝေးရာဘက် နှင်သွားကြတော့၏ ။
"အားကိုးလိုက်ရတဲ့ ငတိုက်မောင်းရယ်"
မြင်းရောလူရော အမောဖြေနေရင်း တပ်မှူး ပြောလိုက်သည့်စကားကို ငတိုက်မောင်းက ရယ်ကျဲကျဲနှင့် ခေါင်းသာ အတွင်သား ကုတ်နေလေသည်။
"တပ်မှူး နောက်ဆို သောက်တလွဲတိုက်မောင်းကို မြင်းတပ်ခေါင်းဆောင် မထားနဲ့တော့ဗျ။ ကျုပ်တို့ပါ အပြစ်မလွတ်ဘဲ နေမယ်။ စိတ်ပိန်တယ်"
မြင်းသည်တစ်ဦးက အရေးဆိုလာ၏ ။ သူ့အမှားနှင့်သူမို့ လက်ျာဘီလူး ခေါင်းညိတ်လိုက်ရသည်။
"တစ်ကြိမ်တစ်ခါ ယုံကြည်ပေးကြည့်တာပါကွာ။ တစ်ခါဆို ဆိုသလောက်ပါပဲလား"
ယခုတော့ သူတို့ ရယ်နိုင်ကြလေပြီ။
*
နတ်တော်လပြည့်ကျော် ၁၂ ရက်။ ညသန်းခေါင် တစ်ချက်တီးအချိန်၌ မည်းမည်းအရိပ်များစွာသည် ပဲခူးမြို့ ပြင်တပ်ကြီးသို့ ချည်းကပ်လာကြ၏ ။ တစ်ကြောင်းလျင် လူနှစ်ရာကျော်ပါသော အစုကြီး သုံးစုသည် အလယ်ကြောင်း၌ အနက်ရောင်များ၊ ဘေးနှစ်ဘက်၌ အစိမ်းရောင်များ ဆင်ယင်ထားကြပြီး သူတို့အားလုံး တူညီကြသည်မှာတော့ မျက်နှာများကို အနီရောင် ဟင်္သာပြဒါးများ သုတ်လိမ်းထားကြခြင်းပင်။
တစ်ဦးတစ်ယောက်ချင်းကိုလည်း ဘီလူးမျက်နှာနှင့် တူအောင် ခြယ်သထားသေးသည်။ မြန်မာဘီလူးပုံမဟုတ်၊ မွန်ပေစာ ပုရပိုဒ်များ၌တွေ့ရသော ဘီလူးပုံကို ရေးခြယ်လာခြင်း ဖြစ်သည်။ သူတို့၏ ဖိနပ်များမှာ အထူးပြုလုပ်ထားပြီး ဦးထိပ််တွင် ညောင်စေး၊ သားရေ စသည်တို့ကို ကျို၍ ပြုလုပ်ထားသော ပျစ်ခဲနေသည့် ကော်များကို သားရေးပြားတစ်ချပ် အုပ်ထား၏ ။
ပြင်မြို့ကြီး၏ အောက်သို့ ရောက်၍ ဖိနပ်ဦးရှိ ကော့နေသော သားရေချပ်ကို တဗြင်းဗြင်း ဆွဲခွာလိုက်ကြသောအခါမှ မြို့ရိုးကြီးပေါ်မှ အစောင့်တို့ အသံကြားလျက် ငုံ့ကြည့်လာကြသည်။
"ညဥ့်လူ.. ညဥ့်လူဟေ့၊ မြန်မာတွေ တက်လာပြီ"
အော်ဟစ်သံ၊ အချက်ပေးသံ၊ မောင်းထုသံ၊ စည်တီးသံများ ဆူညံသွားသည်နှင့်အတူ အောက်ဘက်မှလည်း ကျားခနဲ ဟစ်ကြွေးလိုက်ကြသံကြီး ဟိန်းထွက်လာ၏ ။ မြို့ရိုးပေါ်မှ မွန်များစွာ ပေါ်လာကြပြီး အုတ်၊ ကျောက်၊ ပွဲညက်ရည်၊ ရေနွေးပူ ဆီပူ စသည်တို့လည်း ကျလာကြသည်။
သို့ရာတွင် မြို့တက်သူများမှာ မမှုတော့ပြီ။ သေလောက်သည့် ဒဏ်ရာ မဟုတ်လျင် ကျားကုတ်ကျားခဲ ကြိုးစားတက်နေကြဆဲ။ အချို့ လန်ကျသွားကြသည်။ အချို့ ဆက်မတက်နိုင်၊ အများစုကတော့ ပုရွက်အုံ ဆွလိုက်သလို တရွရွ တက်လာနေကြသည်။
ဝါးဆူး လှံချွန်တို့နှင့် ထိုးချနေသည့်ကြားမှ ထိပ်သို့ရောက်လာသူများကို မွန်မြို့စောင့်တပ်က ဆီးခုတ်ရန် ပြင်သည်။
"ဝါးးး"
"အား"
ရုတ်တရက် ဆံပင်စုတ်ဖွား၊ မျက်နှာနီနီ မျက်လုံးပြူးပြူးနှင့် ပေါ်လာသူက ဝမ်းသာအားရ ဖြဲခြောက်လိုက်သဖြင့် ခုတ်မည့်သူမှာ လန့်ပြီး ရပ်သွားသည်။ ပြီးမှ ကြောက်အားလန့်အား ခုတ်ချလိုက်ရာ တက်လာနေပြီဖြစ်သော ဝတ်စုံစိမ်းနှင့်လူက ပြအိုးရင်တားကို ခြေကန်၍ ခုန်အုပ်လိုက်၏ ။
"ဝါးဟားဟားဟားဟား"
ကြောက်လန့်နေသူကို အပေါ်မှ မိုးကာ လှောင်ပြောင်လိုက်ပြီးမှ လက်ဝါးနှစ်ဘက်ရှိ စူးချွန်များနှင့် ရိုက်ပုတ်ပစ်လိုက်ရာ အောက်မှ စစ်သည်မှာ မချိမဆန့် တွန့်လိမ်ကွေးကောက်လျက် အသံကုန် အော်ဟစ်နေတော့သည်။
"အားး.. အား... ဘီလူးကြီး.. အားးးးး"
သူကန်လိုက်သဖြင့် မိုးထားသည့် လူစိမ်းစိမ်း ဘေးသို့ လိမ့်သွားသည်။ အောက်မှ လွှဲတက် ခုန်ဝင်လာသည့် အနက်ရောင်တစ်ဦးက သူ့ကို ဆွဲထူလိုက်ပြီး
"ယား"
ဟု မာန်သွင်းကာ လျှောက်လမ်းအတိုင်း ပြေးသွား၏ ။ ထိုသူသည် အားကောင်းသန်မာလှသည်ဖြစ်၍ အောက်သို့ မဲနေသော မွန်တို့ကို ဆွဲလှန် ပစ်ချနေလေသည်။
"ဘာတွေလဲဟ"
"ဘီလူးတွေ၊ ဘီလူးတွေ"
ထိုသို့ ထင်မြင်စေရန် ရှေ့ဆုံးမှ လူများကို တင်းပုတ်များ စွဲကိုင်ထားစေခြင်းပင်။ ဦးဆုံး တက်လာသူများမှာလည်း အားကောင်းမောင်းသန် ကြီးကြမ်းခက်ထန်သူချည်း။ လက်သီးတစ်ချက် ပစ်သွင်းသည်နှင့် တစ်ယောက် လဲကျနိုင်လောက်အောင် လေကျင့်ပြင်ဆင်ထားသူများ။
သူတို့နောက်မှ ဓားနှစ်လက် စလွယ်သိုင်း တက်လာသော ဓားရေးကျွမ်းကျင်သူများက အပေါ်ရောက်သည်နှင့် ပြန့်ကျဲသွားကြသည်။ ထို့နောက် လက်ဖြောင့် လှံတိုပစ်သမားများ၊ လေးသည်များ၊ မီးတုတ်ကိုင်များ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တက်လာနေကြသည်။ လူထက်ဝက်​ကျော် မြို့ရိုးပေါ် ရောက်ကြလေသည်။
နောက်ဆုံးအသုတ် ရောက်ကြသောအချိန်တွင်မူ အပေါ်မှ မီးတုတ်ကိုင်များက မီးအိုးကြီးများထဲမှ မီးညှိထားသော မီးတုတ်များကို အောက်ဆင်းသွားကြသော တင်းပုတ်သမားများထံ ပစ်ချပေးနေလေပြီ။ လှံတိုသားများကလည်း ပြေးဝင်လာသူများအား ပစ်လိုက်.. နုတ်လိုက်၊ တက်လိုက်ကြနှင့် အလုပ်ရှုပ်နေ၏ ။
မြို့တွင်း ဇရပ် ကျောင်းကန် အိမ်ရာများမှ မီးကိုမြင်သော် မြို့စောင့်တပ်များ ဆင်းပြေး ဆုတ်ခွာကြရတော့သည်။ မဆုတ်လို့မဖြစ်၊ အပြင်မှ ဓားမိုး၍ ဝင်လာသူမှာ နာမည်ကျော် မင်းထင်နော်ရထာ ဖြစ်၏ ။ ရန်သူကို မဆိုထားဘိ၊ သူ့တပ်သား ဗိုလ်များကိုပင် ဓားမိုးကာ လိုက်နေသည်။ သူ့ရှေ့မှ မြန်မာမြင်းသည် ခြေသည်တို့မှာ ရှေ့ရန်သူထက် နောက်ဓားကို ကြောက်ကာ အတင်းစွတ်တိုးနေကြရသည်။
"ဟေ့ကောင်.. တက်စမ်း၊ တက်"
လက်ျာဘီလူးက ဓားမည်းမည်းကို ယမ်းကာ ယမ်းကာ ရွှေဘိုစစ်သည်တစ်အုပ်ကို ပတ်ခြောက်နေသည်။ ထိုသူတို့၏ ဗိုလ်မှာ ပခုံးတွင် အဝတ်ပတ်တီးများ စည်းထားပြီး သူလွတ်ရာသို့ ပြေးနေလေ၏ ။
"ပြေးစမ်း.. မင်းကို တွေ့အောင် အမှတ်အသား လုပ်ထားတာကွ"
နောက်မှ လှမ်းအော်သံ ကြားသော ဗိုလ်သည် သတိရသွားကာ ပခုံးမှ ကြပ်စည်းထားသည့် အဝတ်စများကို အမြန်ဖြည်၍ လွှင့်ပစ်လိုက်သည်။ တုတ်ချွန်ထိထားသော ဒဏ်ရာမှာ မကျက်သေးသောကြောင့် နာနေဆဲ။ အုံထားသည့် ဆေးများလည်း ကွာကျကျန်ခဲ့သည်။ သူက တိုက်ပွဲထဲ တိုးဝင်ပျောက်ကွယ်သွားရာ ရပ်ကျန်ခဲ့သော လက်ျာဘီလူး နှုတ်ခမ်းတစ်ဘက်တွန့်လျက် ပြုံးလိုက်၏ ။
ထိုသူ ပစ်ချထားခဲ့သည့် အဝတ်စများကို ဓားဦးဖြင့် ကော်ကာ ယူကြည့်ပြီးနောက် သူ့ထံ စုဝေး ရောက်ရှိလာသော ဗိုလ်များကို တပ်ဖြန့်ရန်နှင့် ထိန်းအုပ်ရန် အမိန့်ပေးလိုက်လေသည်။ နှစ်ဘက်စစ်သည်တော်တို့မှာ အပြင်းအထန် ထိုးခုတ်နေကြဆဲ ဖြစ်သော်လည်း အခြေအနေအရ သူတို့သာသွားပြီဖြစ်ကြောင်း အလိုလိုသိနေသည်။
ည နှစ်ချက်တီးခန့်ဖြစ်၍ မြို့တွင်းမှလည်း ထွက်ကူမလာကြတော့။ ပြင်မြို့ကြီးတစ်ခုလုံး မီးတောက်များ ထိန်လျက်ရှိသောကြောင့် နှစ်ဘက်အင်အားကို ကောင်းစွာ ခန့်မှန်းနိုင်လေသည်။ သူတို့ဘက်သည် ဗိုလ်ခြေနည်းသော်လည်း စိုးမိုးနယ်မြေနှင့် သိမ်းပိုက်အုပ်စိုးနိုင်စွမ်းတွင် အပြတ်အသတ် သာနေ၏ ။ စစ်သည်တို့၏ အရောင်ကို ကြည့်ရုံမျှဖြင့် မွန်တို့ဘက်မှာ ဖရိုဖရဲ ဖြစ်နေမှန်း ပေါ်လွင်လှပြီ။

ဟံသာဝတီတွင် ပြင်မြို့ကြီးသာ အသက်ဖြစ်သည်ဟု အလောင်းမင်းတရားကိုယ်တော်ကြီး ဆိုခဲ့သည်။ ထို ဟံသာဝတီ၏ အသက်မှာ ယခု ပျက်ခဲ့ပြီ။ အတွင်းအုတ်မြို့ကွက်ကွက်သာ ကျန်တော့သည်။ ဟံသာဝတီသည် ကုန်းဘောင်သားတို့၏ ဘုန်းလက်ရုံး ကြိုးစားအားထုတ်မှုများအောက်သို့ ကျရောက်ရပေတော့မည်။ 

(ဆက်ရန်..) ဟံသာဝတီသို့ (၁၃)

 Written by သင်္ခရာဇာ

End date: June 19, 2022

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...