Translate

Showing posts with label နန်းသိမ်းပွဲ. Show all posts
Showing posts with label နန်းသိမ်းပွဲ. Show all posts

နန်းသိမ်းပွဲ (ဇာတ်သိမ်း)

စေတမင်း ကြွချီလာသည် ဆိုသည့် အသံကြောင့် နှင်းမှုန် ကပျာကယာ ထလိုက်သည်။ မိမိ၏ အဆောင်တော်သို့ ကြွရောက်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည့်အတွက် ဝမ်းသာရမလို စိတ်ကောက်ရမလို ဖြစ်နေရှာသည်။ တံခါးဝမှ မျှော်ကြည့်လိုက်သောအခါ စေတမင်းသည် အဆောင်တော်နှင့် အနီးပတ်လည်ကို လေ့လာရင်း လှမ်းလာနေ၏ ။
သူ၏ နေရာဌာန ဒေဝယက္ခနယ်တွင်တော့ စေတကြောင့် မြေတုန်ခြင်း လှုပ်ခြင်း မရှိပါ။ ကျောက်ဖြူသားတို့သည် ခိုင်ခန့်တည်ငြိမ်လှ၏ ။ နှင်းမှုန်က အဆောင်ထဲ ဝင်လာသော စေတအား
"မောင်ကြီး လူစွံကြီး ကြွလာတယ်ပေါ့"
ဟု မျက်စောင်းနှင့် နှုတ်ဆက်လိုက်သော်လည်း စေတက နှင်းမှုန်လက်ကို ဆွဲပြီး
"နရဏီက သူ့နန်းဆောင်ထက် သာယာလှပပြီး နေချင့်စဖွယ် ကောင်းအောင် ပြင်ဆင်ပေးထားတာပဲ၊ နတ်သမီး အချောအလှနဲ့ သူ့စံရာနန်းက လိုက်ဖက်လှပေတယ်"
ဟု ဆိုကာ ညောင်စောင်းတွင် ဝင်ထိုင်လိုက်၏ ။ နှင်းမှုန်က ညောင်စောင်းရှေ့ အခင်းပေါ်မှ နေ၍ သူ၏ ဒူးပေါ် လက်တင်လိုက်သည်။
"အပြစ်ဒဏ်များ အထားခံရတယ်ဆို မောင်ကြီး"
"ဒဏ်ထားတယ်လို့ ဆိုစရာ မဟုတ်ပါဘူးကွယ်၊ ဘယ်မှမသွားဖို့နဲ့ အပါးတော်မြဲဖို့ တာဝန်ပေးတာပါ"
"တော်သေးတာပေါ့၊ နှင်းမှုန်က မောင်ကြီး အင်မတန် ကြီးလေးတဲ့ ပြစ်ဒဏ်ကြီးများ ခံရမလား စိုးထိတ်နေတာ"
"မောင်ကြီးက လုပ်လိုက်ရင် ဒီလိုချည်းပဲလေ။ ဒါ့ကြောင့် ဘယ်လို ပြစ်ဒဏ်မျိုးမှ မကြောက်ပါဘူး၊ ကိုယ်လုပ်ချင်ရာ လုပ်တာပါပဲ"
"အမယ်.. ခုတစ်ခါ ခွင့်လွှတ်ပေမယ့် နောင်မလုပ်နဲ့ ကိုယ်တော်။ အစ်မတော် နရဏီမှာ မောင်ကြီးအတွက် နေ့နေ့ညည ဆုတောင်းနေတာ ဘုရားစင်ရှေ့က ထရတယ်ကို မရှိဘူး"
စေတက ရယ်လိုက်သည်။
"နှင်းမှုန်ရော အဲသလို မစိုးရိမ်ဘူးလား"
"ဟွန့်.. ပြော မပြောချင်ဘူး..."
"ကဲပါ၊ မောင်ကြီးလာတာ အဲဒီအတွက် မဟုတ်ဘူး။ နက်ဖန် နံနက် မိုးမသောက်မီ နှင်းမှုန်တို့တတွေ မောင်ကြီးရဲ့ အိမ်ရှေ့နန်းဆောင်ကို ရောက်နေကြဖို့ လိုတယ် ဆိုတာ လာပြောတာ။ မိဖုရား အားလုံး၊ ဝန်ကြီး စစ်သူကြီးအားလုံးနဲ့ အမှုထမ်းတွေ အိမ်ရှေ့အဆောင်တော်က စထွက်ရမယ်။ နန်းတော် အနောက်တံခါးက ထွက်ပြီး မြောက်တံခါးက ဝင်မယ်။ ပြီးရင် နန်းသိမ်းမယ်။ အစီအစဉ် အသေးစိတ်ကို နားခံတော်တစ်ဦး လွှတ်ပြီး ဖတ်ပြခိုင်းလိုက်မယ်"
"အမလေး.. နှင်းမှုန် ဖတ်ပြီးသားပါ၊ အလွတ်တောင် ရနေပြီ။ နှင်းမှုန်စီးရမယ့် ဆင်အမည်က မင်္ဂလာပြောင်မွန်တဲ့၊ အစ်မတော်ရဲ့ ဆင်ကြီးက ဝဏ္ဏကြံသိုင်းတဲ့၊ မောင်ကြီးရဲ့ စွယ်စုံကြီး အမည်ဟာ ရန်အောင်ကျော်ထင် ဆိုသတဲ့"
စေတက နှင်းမှုန်ကို ပြုံးကြည့်နေသည်။
"မောင်ကြီးရဲ့ မြင်းအမည်ရော သိလား"
"တိမ်ပျံလား.. မသိဘူးလေ၊ ဘာတဲ့လဲ"
စေတက တဟားဟား အော်ရယ်လိုက်၏ ။ ထို့နောက်
"ကိုင်း.. ကိုင်း၊ မောင်ကြီး နတ်မင်းကြီးဆီက အပြန် နှင်းမှုန်ထံ ဦးဆုံး ဝင်လာတာပဲ။ မောင်ကြီးမှာ စီမံစရာတွေ ရှိသေးတာမို့ နှင်းမှုန် လိုက်မယ်ဆို နောက်တော်က လိုက်ခဲ့လေ"
"လိုက်မှာပေါ့၊ လိုက်မှာ.. လိုက်မှာ။ ခဏလေး"
နှင်းမှုန်က ခြုံထည်ပုဝါကြီးကို ပြေးယူ လွှားလိုက်ပြီး သူ့နောက်မှ ပါလာသည်။ နှင်းမှုန်၏ အဆောင်တော်မှ ထွက်လျင် ထွက်ချင်း နရဏီနှင့် ဇေယျသူတို့ လာနေသည်ကို မြင်လိုက်ရ၏ ။
"သည်ကို ကြွမန်းတော်မူတယ် ဆိုလို့ လိုက်လာပါသည် အရှင့်သား"
"ဆိုစေ အမတ်ကြီး"
"နန်းတော်ဆောင် စီခြယ်ရန် ရွှေစင်ပမာဏ အနည်းငယ် လိုအပ်နေပါ၍..."
စေတက တစ်စုံတစ်ခု ရေရွတ်လိုက်သည်တွင် လက်ဖဝါးပေါ်၌ ရွှေအတုံးအခဲများ ပေါ်လာသည်။ အမတ်ကြီးနှင့် နရဏီတို့ကိုလည်း လက်ဝါးများ ခံစေကာ လက်ညှိုးထိုး ရေရွတ်နေသည်။ ရွှေစများဖြင့် ပြည့်သွားသောအခါ
"ဒီလောက်ဆို ရပြီလား"
"မောင်တော်က ဘယ်ဆိုးလို့လဲ"
နောက်ပါ အမှုထမ်းများကိုပါ ရွှေစများ ကိုင်စေလျက် လုံလောက်ပြီ ဆိုသောအခါ သူက လမ်းကြောင်း စစ်ဆေးဦးမည် ဆိုပြီး ထွက်သွားသည်။ နှင်းမှုန်လည်း ပါသွား၏ ။ လမ်းတစ်လျှောက်ရှိ မကောင်းသည့် အဆောက်အအုံ၊ ပျက်စီးနေသည်တို့ကို ပြင်လုပ်စေသည်။
ခရီးမတ်တပ် ရှိနေစဉ် နတ်ဘီလူးအဖွဲ့ငယ်တစ်ဖွဲ့ မြို့တော်ပြင်ပမှ ဝင်လာကြသည်ကို တွေ့ရသည်။ စေတ၏ အိမ်ရှေ့ဝန် ဦးဆောင်သော သံအဖွဲ့ ဖြစ်သည်။ သူတို့သည် ကုသမင်းအား သိကြားဆက်သော အကောက် ၈ ခုရှိ ပတ္တမြားရတနာအား ထိန်းသိမ်းထားသူများထံမှ သွားရောက်ငှားရမ်းကြရသူများတည်း။
"ရခဲ့သလား.. ရ႒"
"ရခဲ့ပါတယ် အရှင်။ ကြိုးလည်း တပ်ပြီးသားပါ"
"ကောင်းတယ်၊ မနက် အဲဒီပတ္တမြားရတနာကို ဆွဲပြီး နန်းတက်မယ် ရဋ္ဌ။ ကျက်သရေတော်ခန်းမှာ အစောင့်အကြပ် ပြည့်စုံစွာ ထိန်းသိမ်းထားလိုက်။ တာဝန်ကို မလစ်ဟင်းပါစေနဲ့"
"စိတ်ချပါ အရှင်၊ အသက်နဲ့လဲပြီး ကာကွယ်ပါ့မယ်"
"ကောင်းပြီ"
နှင်းမှုန်က မေးလာသည်။
"မောင်ကြီး ဘာတွေ လုပ်နေတာလဲ"
"မနက်ဖြန် နန်းတက်ဖို့ ပြင်ဆင်နေတာလေ"
"ကြီးကြီးကျယ်ကျယ် မလုပ်ဘူးဆို"
"မလုပ်ပါဘူး၊ ဒါပေမယ့် နက်ဖြန်မှာ မြင်းမိုရ်တောင် အထက်က နတ်တွေပါ လာကြည့်ကြလိမ့်မယ်။ စတုမဟာရာဇ်ပြည်မှာ ဖြစ်သွားတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး မောင်ကြီးကို သူတို့ သိသွားလောက်ပြီ။ နတ်မင်းကြီးတွေကလည်း အစုံအစမ်း လွှတ်မှာပဲ။ ဒါ့ကြောင့် သူတို့အမြင်မှာ တင့်တယ်အောင်တော့ နည်းနည်း လုပ်ရမှာပေါ့လေ"
"သြော်.. ပတ္တမြားကရော အဲဒါကြောင့်လား"
"မဟုတ်ပါဘူး၊ အဲဒီရတနာက ကျက်သရေမင်္ဂလာကို ဖြစ်စေတယ်။ ပညာမရှိ အဆင်းမွဲသူ ဖြစ်သည့်တိုင် ချစ်ခင်သူ ပေါများစေတဲ့ သတ္တိရှိသတဲ့။ ဝိဒေဟရာဇ်မင်းကြီးကို သူ့တိုင်းသူပြည်သားတွေ လေးမြတ်ကြတာ အဲဒါကြောင့်ပဲ။ မောင်ကြီးက နန်းတက်ပွဲမှာ မင်္ဂလာရှိစေချင်လို့၊ အနှောင့်အယှက် ကင်းအောင် ဆောင်ပြီး နန်းသိမ်းတဲ့ သဘောပဲ"
"မောင်ကြီးက စုံသားပဲ"
"လာပြန်ပြီ တစ်ယောက်"
..........x...........x...........x...........x...........
*
အခန်း (၁၀)
နန်းသိမ်းပွဲသဘင် ကျင်းပမည့် နံနက်။ မင်္ဂလာစည်တော်မှ ရွမ်းလိုက်သည်နှင့် စေတသည် အိပ်ရာမှ ထ၍ ကိုယ်လက်သန့်စင်ခြင်းကို ပြုသည်။ ဆတ္တာသည်တို့က ဆံ မုတ်ဆိတ် စသည်တို့ကို သုတ်သင် ပြင်ဆင်ပေးပြီး မောင်းမမိဿံတို့က နတ်စစ်သူကြီးကဲ့သို့သော ချပ်ဝတ်ကို ဆင်ယင်ပေးကြ၏ ။
အချို့မင်းများသည် နတ်သိကြားတို့၏ တန်ဆာကို ဆင်ယင် နန်းတက်ကြသလို အချို့က ရာဇဓိရာဇ မင်းဧက္ကရာဇ်တို့အသွင် ဝတ်ဆင်ကြသည်လည်း ရှိရာ စစ်သူကြီးတို့ အသွင်သဏ္ဍာန်ဖြင့် နန်းတက်မည့် စေတမင်းကို အများက ဘုန်းလက်ရုံး သာလွန်တောက်ထွန်းမည့်သူဟု နိမိတ်ဖတ်နေကြလေသည်။
ထီးတော်ကိုမူ မင်းဆောင်း ကနက်ကဒဏ်ထီးဖြူ မဆောင်းမူဘဲ အိမ်ရှေ့မင်းတို့ ထီးနီတော်နှင့်သာ လှည့်လည်မည်ဖြစ်ပြီး နန်းတော်ရောက်မှ ထီးဖြူတမွတ် ပြောင်းမည်ဖြစ်၏ ။ အပြင်၌ မိဖုရား၊ နောင်တော်များ၊ စစ်သူကြီး၊ ဝန်ကြီး စသူတို့ စုရုံး ရောက်ရှိနေကြလေပြီ။ စေတ ဧည့်ခန်းမဆောင် ထွက်လိုက်သည်နှင့် အားလုံးက ရပ်လိုက်ကြပြီး
"တယ် ခန့်ညားနေပါလားကွ ညီတော်"
"ကြည့်ကောင်းလိုက်တာ မောင်တော်"
စသည် တစ်ယောက်တစ်ပေါက် ပြောနေကြသည်။ ထိုစဉ်
"နေကြပါဦး.. ဆိုင်းကြပါဦး"
အပြင်မှ လာသည့် အသံ။ သူတို့အားလုံး ကြည့်လိုက်ကြရာ အဖိုးအိုတစ်ဦးသည် မိန်းမငယ်တစ်ဦးအား ဆွဲ၍ တက်လာသည်ကို တွေ့ရလေသည်။
"ဟာ.. ခင်ဖုန်းဟေ့"
"ခင်ဖုန်းပါလား"
ဝသဝတ္တီပြည်၏ နတ်ဝတ်တန်ဆာ ဆင်မြန်းထားလျက် ရှက်နေသော ခင်ဖုန်း။ စေတက ခါးထောက် ပြုံးကြည့်နေရာ ဒီပက
"ညီထွေး ခေါ်ဦးလေ၊ မင်းက ကြိုဆိုမှပေါ့"
"အို.. သူလာချင်မှ ခေါ်တာ ကောင်းပါတယ်"
ခင်ဖုန်းက မျက်စောင်းထိုး၍
"မလာချင်ဘဲ သည်အထိ ရောက်လာပါ့မလားရှင့်"
ထိုအခါ နရဏီက ရယ်လျက်
"လာ.. လာ၊ ညီမတော်။ သူက စ နေတာ။ ညီမတော် လာမယ်ဆိုတာ တို့ သိတယ်"
ခင်ဖုန်းက နရဏီကို ကြောင်ကြည့်နေသဖြင့် အဖိုးအိုမှ မိတ်ဆက်ပေးလေသည်။
"သူက နရဏီ တဲ့၊ ရှမ်းစော်ဘွားသမီးတော်။ ဟိုတစ်ယောက်ကိုတော့ သိမှာပါ၊ စေတမင်းရဲ့ မြောက်သားတော် ပဒုမ္မဝတီ ဆိုတာ။ သူက ရွာသူလေး နှင်းမှုန် ဘဝက လာတာ။ သမီးလိုပဲ မိဖုရားခေါင်ကြီးတွေချည်း ဖြစ်လာကြမယ့် သူတွေပဲကွဲ့"
ခင်ဖုန်း နှုတ်ခမ်းစူသွားသည်။
"ဟင်.. ဒီကတော့ သူ့ကို သနားလို့ လိုက်လာရတာ။ သူ့မှာ ဒီလောက် များမယ်မှန်း သိရင် ကိုယ့်ဘာသာ အေးအေးချမ်းချမ်း နေပါတယ်"
အားလုံး ရယ်လိုက်ကြသည်။ စေတက ခင်ဖုန်း လက်ကို ဆွဲလိုက်ပြီး နားနား တိုးကပ်လျက်
"အဲဒီတော့ ဘုရားတရား ပိုလုပ်လို့ ရပြီး သာသနာတော် စောင့်ရှောက်ဖို့ ပိုတတ်နိုင်တာပေါ့"
သူ့စကားကြောင့် ခင်ဖုန်း မျက်နှာလေး ဝင်းခနဲ ဖြစ်သွားသလောက် အဖိုးအို၏ မျက်နှာမှာမူ တစ်မျိုးတစ်မည် ဖြစ်သွားရလေသည်။
"ကဲ.. လူစုံရင် ထွက်ကြစို့၊ နေမြင့်သွားမယ်"
စေတက ကုသမင်း၏ ပတ္တမြား လည်ဆွဲကို ဆွဲလိုက်ကာ ရှေ့ဆုံးမှ ဆင်းသွားလျင် ထီးတော်မိုး နှစ်ယောက် နောက်က လိုက်ရသည်။ လူ့ပြည်မှ ရှင်ဘုရင်များကဲ့သို့ ကွမ်းရေတော်ကိုင်၊ အတွင်းမြဲ အဆောင်နီတော်ကိုင် စသည်များ မပါပါ။ အစွယ်ကြီးများ ကြီးမားရှည်လျား ကော့ညွှတ်နေသော မင်္ဂလာဆင်တော်ပေါ်၌ စစ်ထွက်ယောက်ျား နေမင်းသားဟန်ဖြင့် စံနေလေသည်။
သူ၏ နောက်မှ မိဖုရားလေးပါးက ရွှေကုန်းနှီး ရွှေပုခက် ဆင်ယင်ထားသော အရွယ်တူ ဆင်လေးကောင်ဖြင့် တစ်တန်းတည်း ရပ်နေရသည်။ ထိုနောက်တွင် နောင်တော်လေးပါး မြင်းကိုယ်စီနှင့်၊ ထို့နောက် ဝန်ကြီးလေးပါး ဆင်လေးစီးနှင့်၊ ထို့နောက် စစ်သူကြီးလေးယောက် မြင်းနှင့်၊ ထို့နောက် စစ်ကဲ သူရဲ မှူးမတ် ဝန်များစွာ ဆင်မြင်းအများနှင့် ညီညာစွာ စီတန်းထားကြသည်။
သူတို့ရှေ့ဖျားတွင် ခရုသင်းမှုတ် နတ်ဘီလူးတစ်ဦး ရှိနေပြီး ထိုနောက်မှ အဝတ်ဖြူ ဝတ်ထားသော သန်လျက်ဓားကိုင် နတ်ဘီလူး ၅၀၊ သံတင်းပုတ်ကိုင် ၅၀ တို့ ရှိသေး၏ ။ ယင်းတို့ပြီးလျင် မိုးနဲရွှေလှံတော်သား ဆင်ခြေဖုံး သူရဲ ၅၀ စီ ရှေ့နောက်ဝဲယာ အဝတ်နက်နှင့် မြဲကြရသည်။ စေတမင်းက အဝတ်နီနှင့် ရွှေကနှင့် ဖြစ်ပြီး မိဖုရားလေးပါးတို့ကမူ အရောင်စုံ ဝတ်ဆင်ထားကြလေသည်။
နောင်တော်လေးပါးမှာ ဝတ်စုံပြာ၊ စစ်သူကြီးတို့မှာ အနီ၊ ဝန်ကြီးလေးပါးက လွှတ်တော်ကိုယ်စားပြု အနီ အစိမ်း အပြာ အနက်၊ ထိုနောက်မှ ဗိုလ်မှူး စစ်ကဲ အမှုထမ်းတို့ ရာထူးအလိုက် ရွှေရောင် ပြိုးပြက်သော အဝတ်တန်ဆာတို့ ဆင်ယင်ထားကြရ၏ ။ မူလက စီစဉ်ခဲ့သည့်အတိုင်း ဝေါပလာမပါ၊ ကျိုင်းထမ်း ဓားလွတ်ထမ်းများ မပါသော်လည်း အလွန်တင့်တယ် ပနံရပါပေသည်ဟု လာရောက်ကြည့်ရှုကြသည့် နတ်များနှင့် တိုင်းပြည်တွင်းရှိ နတ်ဘီလူးများက ချီးကျူးကြလေသည်။
သို့သော် သူတို့ကို အံ့သြစေသည်ကတော့ အိမ်ရှေ့မင်း စေတ၏ အပြင်အဆင်များ မဟုတ်ဘဲ ခမည်းတော် မင်းကြီး ထွက်စံသည့် ရထားတော်ကြောင့် ဖြစ်သည်။ ကြည့်ပါဦး.. ရွှေရောင်ချပ်ဝတ်များ ဆင်ထားသော ထန်းပင်ခန့် အမြင့်ရှိ အစေခံနတ်ဘီလူးကြီး လေးကောင်က ဝတ်ဖြူစင်ကြယ် ဝတ်ထားသည့် ခမည်းတော် မင်းကြီး၏ လှည်းရထားကို နန်းတော်ထဲမှ ဆွဲလာခြင်း ဖြစ်တော့သည်။
ဆန်းပြားသည့် မြင်ကွင်းကြောင့် အခြားနတ်များ မင်သက်ကြသလို နတ်ဘီလူးများကတော့ လက်ပန်းပေါက်ခတ် ဂုဏ်ပြုနေကြသည်။ သူတို့ နတ်ဘီလူးများ ဂုဏ်ရည်ကို ပေါ်လွင်စေသည့် ပြကွက်။ ထီးဖြူသုံးလက် မိုးထားသော ရထားတော်သည် အရှေ့ လေသာတံခါးမှ ထွက်လာပြီး အိမ်ရှေ့မင်း၏ ပရိသတ်တန်းကြီးကို ဦးဆောင်လှည့်လည်ကာ နန်းတော်သို့ မြောက်တံခါးမှ ဝင်သွားသည်။ ကြီးမားလှသော ဘီလူးကြီး လေးကောင်သည် နတ်ဘီလူးမင်း စေတ၏ ရာဇဘိသေကသဘင် အမှတ်လက္ခဏာ ဖြစ်လာတော့၏ ။
ခမည်းတော်၏ ရထား နန်းတော်ဆင်ကပ်နှင့် ယှဉ်ရပ်လျက် မင်းကြီး ဆင်းသွားပြီး ရထားဆက်လက် ထွက်ခွာသွားမှ စေတမင်း ဆင်က ဆင်ကပ်သို့ ကပ်၏ ။ ရထားကိုမူ ရွှေတိုက်တော်တွင် သိမ်းဆည်းရန် ဘီလူးကြီးတို့
ဆွဲယူသွားလေပြီ။ စေတက ဆင်ပေါ်မှ ဆင်းပြီးနောက် အတွင်းတော်ဝင်သေးဘဲ မိဖုရားများကို တစ်ပါးစီ ကိုင်ချပေးရာ အများက သြဘာပေးကြ၏ ။
လက်ရုံးအားကြီးသော၊ ကြင်နာတတ်သော ထီးဆောင်းမင်းဘုရင် ဖြစ်လာလိမ့်မည်ဟု သမုတ်နေကြသည်။ နန်းတော်တွင်း၌ ရှင်ဘုရင်စံရာ ရွှေပလ္လင်ကြီး၏ ဘေးတစ်ဘက်တစ်ချက်ဝယ် အမြင့်တူ တန်းတူ ပလ္လင်တော် နှစ်ခုစီ ရှိနေသည်။ စေတသည် ပလ္လင်များ ရှိသည့် ကျောက်လှေကားကို ခြေတစ်ဖက် နင်းထားရင်း မိဖုရားများကို တစ်ပါးစီ တွဲခေါ်၏ ။
နောက်ဆုံး နရဏီလက်ကို တွဲမိသောအခါ ဤသို့ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသည့်အပြင် ဤသို့ သဘောထားကြီးခြင်းကြောင့်လည်း ဘုန်းအကြီးဆုံး နတ်သမီး ဖြစ်နေရတာပဲ ဟု တွေးမိလိုက်သေးသည်။ သို့သော် နရဏီက နောက်ဆုံးမှ တက်သဖြင့် သူ၏ လက်ယာဘက် အနီးဆုံးပလ္လင်ကို ရလေသည်။ ခင်ဖုန်းနှင့် ပဒုမ္မဝတီက လက်ဝဲတွင် တစ်ဦးကို တစ်ဦး ပြုံးပြနေကြသည်လည်း မြင်လိုက်သည်။
ရှေ့တော်ပြေးများ အားလုံးမှာ နန်းရင်ပြင်တွင် တုပ်ပျဝပ်လျက် ခစားနေကြပြီ။ အပြင်မှ လာသော မင်းမှုထမ်းအမတ် ဝန်ကြီးဒေါဗညားလည်း စုံပြီ ဆိုလောက်သော အခါမှ စေတက ပလ္လင်တော် အနောက်သို့ သွား၍ လှေကားအတိုင်း တက်လာ၏ ။ အရွက်ကိုးဆင့်ရှိသော နဝဒဏ္ဍ တမွတ်ထီးဖြူတော်အောက်သို့ ဝင်ကာ ထိုင်လိုက်လျင် ခရုသင်းများ တပြိုင်နက် မှုတ်လိုက်ကြသည်မှာ တစ်ပြည်လုံး ကြားရသည်အထိ။
ထို့နောက် ခမည်းတော် ဆောင်ယူလာသော မကိုဋ်ဥသျှောင်ကို ဆောင်း၍ နောင်တော် ဒီပ ပေးသော သန်လျက်ကို ကိုင်သည်။ အမတ်ကြီး ဇေယျသူက ရွှေခြေနင်းကို ဆက်ပြီး စာမရီ သားမြီးယပ် အပ်ရန် စောင့်နေသည့် အိမ်ရှေ့ဝန် ရဋ္ဌကိုမူ လက်ပြ တားထားလိုက်၏ ။ ကုဝေရ နတ်မင်း၏ အားထားရသော လက်ရုံး ဣန္ဒာသောမ ဝင်လာသောကြောင့် နတ်မင်းကြီး ပို့သသည့် ရာဇသံ သဝဏ်လွှာကို လက်ခံရယူရန် ဖြစ်၏ ။
ပြီးလျင် နန်းတွင်းအမှုထမ်းအားလုံး၊ အဝေးရောက် နတ်စစ်သည်ဘီလူးများ အားလုံးကို သစ္စာပေး၏ ။ တစ်ဖန် ဝေဿဝဏ်နတ်မင်းထံ သစ္စာတော် ခံကြစေပြီး ဣန္ဒာသောမကို သစ္စာခံရွှေပေချပ် အပ်လိုက်လေသည်။
ယင်း အချင်းအရာ အားလုံးတို့ကို ကောင်းကင်ပြင် တစ်နေရာမှ ကြည့်နေသည့် နတ်ကြီးတစ်ပါးကတော့
"စေတ ဘုန်းကြီးသည့်မင်း ဖြစ်ပြီးမှ လူ့ပြည် ဆင်းလာရင်တော့ ငါနဲ့ တွေ့ကြရဦးမှာပေါ့" ဟု တွေးနေလေသည်။
*

               *ပြီးပါပြီ*

Written by သင်္ခရာဇာ
End date: February 3, 2022

နန်းသိမ်းပွဲ (၅)

 သဘောထား နူးညံ့ ပျော့ပျောင်းသော ဝိရူဠှက နတ်မင်းသည် ဆိုးသွမ်းသည့် ဂုမ္ဘာန်များကို အုပ်ချုပ်ရသည့် အားလျော်စွာ မျက်နှာကို ရှုတင်းတင်း ထား၍ ကျူးကျော်သူများကို စောင့်စားနေ၏ ။ အရှေ့ဖျား ဝင်လာသည့် ချပ်ဝတ်နီနှင့် နတ်ဘီလူးသည် သူ၏ နန်းတော်ကြီးကို တုန်ခါလောက်အောင် ခြေလှမ်းပြင်းပြင်းဖြင့် နင်းဝင်လာရာ
"အလို.. ဒါက ဘယ်သူပါလိမ့်။ ငါ တစ်ကြိမ်မျှ မမြင်ဖူးသော တန်ခိုးကြီး နတ်ဘီလူးတစ်ပါးပါလား။ ကုဝေရရဲ့ အခြံအရံ ဣန္ဒာသောမတို့ နာမည်ကျော် တတ္ထလောလောတို့လည်း မဟုတ်ဘဲ စေတမင်း တဲ့။ ဒွတ္တဘောင်မင်း ဘုန်းကြီးလွန်းလို့ နင်းလိုက်တိုင်း မြေကျွံရတာကြောင့် သိကြားကတောင် သံမှိုတွေ လိုက်ခံပေးရတယ် ဆိုတဲ့ သူမျိုးပဲ။ ငါတို့ နေရပ်ဟာ သူတို့ရဲ့ မြောက်ပြင်လို မာကျောတဲ့ ကျောက်ဖြူသားအတိ မဟုတ်တော့ ငါ့နန်းတော် သဲကျောက်တွေ အက်ကွဲကုန်မှာ စိုးရတယ်"
ဟု မြင်၍ ပလ္လင်မှ ဆင်းလာပြီးလျင် ပြေးကြိုလေသည်။
"အမောင် မည်သူနည်း၊ အဘယ်ကြောင့် တောင်အရပ်ကို လှည့်လည်လာသနည်း"
နတ်မင်းက အလုံးစုံ သိမြင်ပြီး ဖြစ်ပါလျက် မေးရမည်ကို မေးလာသောအခါ စေတကလည်း ရှိခိုးရင်း
"အကျွန်ုပ်ကို နတ်မင်းကြီး သိမြင်ပြီး ဖြစ်ပါလိမ့်မည်။ အကြောင်းချင်းရာ အားလုံးနှင့်တကွ အပြစ်ပြုမိသည်များကို ဝန်ချ တောင်းပန်ပါ၏ ။ အရှင်နတ်မင်း ပေးအပ်မည့် ပြစ်ဒဏ်ကိုလည်း ကြည်ဖြူစွာ ခံယူရန် အသင့် ဖြစ်ပါသည်။ ကျွန်ုပ်အား ရင်မြှဖစ်သော သား၊ ဆိုဆုံးမရမည့် တပည့်၊ ဦးရီးတော်၏ တူ သဘောမျိုး မှတ်ယူလျက် အရှင်မင်းကြီး အလိုရှိသည့်အတိုင်း စီရင်ရန် အပ်ပါ၏"
ထိုသို့ ပွင့်လင်း ရင်းနှီးစွာ ဆိုလာသောအခါ နူးညံ့နှလုံးရှိသည့် နတ်မင်းမှာ ဤသို့ ဆင်ခြင်မိရသည်။
"ဤသူငယ်သည် အမှန် ဘုန်းတန်ခိုးကြီးသူ ဖြစ်၏ ။ မိမိကိုယ်ကိုယ် နှိမ့်ချတတ်သူလည်း ဖြစ်သည်။ မိမိအလိုရှိရာကို ကြံဆောင်နိုင်စွမ်းသည့် ယောက်ျားကောင်း အစွမ်းသတ္တိရှိ၏ ။
အပြစ်ကို ဝန်ခံနိုင်ခြင်း တည်းဟူသော ပညာရှိလက္ခဏာ နှင့် ပြည့်စုံသည်။ အရာခပ်သိမ်း အောင်မြင်နိုင်သည့် ဇိနမျိုးနွယ်ဝင်လည်း ဖြစ်၏ ။
ငါနှင့် ရင်းနှီးကျွမ်းဝင်လိုဟန်လည်း ရှိလေသည်။ စင်စစ် ငါက သူ့အား အပြစ်ပေးနိုင်လောက်သည့် သာလွန်ကြီးမြတ်မှု မရှိ၊ သင်း အရှိန်အဝါ ကြီးလွန်းသည်။ သူ၏ သခင်နှင့်ပင် အပ်ရတော့မည်"
ယင်းသို့ ကြံမိ၍
"ကိုင်း.. ငါလည်း မင့်အမည် အရည်အစွမ်းနှင့် အကြောင်းကိစ္စ လာရင်းကို သိပြီ။ မင့်ကို တူသားကဲ့သို့ မှတ်ယူပါသည်။ ငါ၏ အုပ်စိုးမှုမှ ဖီဆန်နေသူ ဒါနဝရက္ခိုသ်ကို မင်းက ဆုံးမခဲ့သည် ဖြစ်၍ ငါက တစ်ဖန် အပြစ်မပြုလို။ ဝေဿဝဏ်နတ်မင်းထံသို့သာ ပြန်၍ ဖြစ်ပျက်လုံးစုံကို တင်လေလော့။ နောင် အလိုရှိသော် ငါ့အား ဦးစွာ သိကြားပါစေ မင်းသား"
စေတက ဦးခိုက်လျက် အာမခံသည်။
"မလွှဲသာ၍ ပြုကျင့်မိသည်ကို သည်းခံတော်မူပေသော အရှင်နတ်မင်း၏ မြတ်သောနှလုံးကို ဦးထိပ်ပန်ဆင်လျက် အတုယူ ကျင့်သုံးပါမည်။ နောင် ဤကဲ့သို့အပြစ်များ မပြုတော့ပါဟု ကတိပြုပါ၏ ။ အရှင်နတ်မင်းအားလည်း ဘုရားတစ်ဆူကဲ့သို့ ရိုသေလေးမြတ်ပါမည့်အကြောင်း လျှောက်ထားအပ်ပါသည်ဘုရား"
"အိမ်း.. သာဓု၊ သာဓု.. သာဓု။ ကုဝေရထံ ငါ သဝဏ်လွှာ ရေးပါးလိုက်မည် မောင်မင်းငဲ့၊ ယခုနေရာ၌ ခေတ္တ စောင့်ပါ။ မည်သည့်အရပ်မှ မလှမ်းကြွပါနှင့်"
ဒီပနှင့် စေတတို့ ပြုံးမိကြသည်။ ဤနတ်ဘီလူးများ စိတ်ကို ဖတ်နိုင်သည်ကိုမူ မဆင်ခြင်မိသော ဝိရူဠှကသည် အဘယ်ကြောင့် ပြုံးသည်ကို ဂရုမပြုဘဲ အမှာတော်ရေးအား ဆင့်ခေါ်လိုက်သည်။ နတ်မင်း အပါး၌ မရှိလျင် ဒီပက ခပ်တိုးတိုးဖြင့်
"အပြန်ကျ မင်းနဲ့ငါ ပြိုင်တူ ခြေချမယ်"
ဟု ကပ်ပြောသည်။ နားစွင့်နေသော
ဂုမ္ဘာန်စစ်သူကြီးလည်း ကြားသွားပြီး သူ့လူများကို တိုးတိတ်စွာ မှာ၏ ။
"ဟို နတ်ဘီလူးမင်းနဲ့ သူ့အစ်ကိုတော်တို့ ခြေကို အပြိုင်နင်းပြီး ပြန်ကြလိမ့်မယ်။ သည်အခါ ငါတို့ကလည်း အားကျမခံပါစေနဲ့၊ သူတို့နဲ့အပြိုင် တစ်ထပ်တည်း ခြေကိုချလျက် ချီပို့ကြရမယ် မင်းကြီးတို့"
သူ၏ နောက်တော်ပါး စစ်ကဲ တပ်မှူးများက တစ်ဆင့်စကားဖြင့် သယ်ဆောင်သွားရာ တစ်တပ်လုံး ပျံ့သွားပြီ။ ဝိရူဠှက နတ်မင်းက စီရင်ပြီးစီးသော သဝဏ်လွှာကို အပ်၍ နှုတ်ဆက်သောအခါ စေတက သဘောမတူသော်လည်း ဒီပသည် စေတနှင့် ထပ်တူ ကြမ်းကို ခပ်ပြင်းပြင်း နင်းလေသည်။
ဂုမ္ဘာန်စစ်သည်များကလည်း သူတို့နှင့် တစ်ပြိုင်တည်း ခြေနင်းလျက် လိုက်ပါ ပို့ဆောင်ကြ၏ ။ ထိုအခါ နတ်ဘီလူးတို့သည်လည်း အတူ ပြုကုန်သည် ဖြစ်ရာ နန်းတော်တစ်ခွင်လုံး ခြိမ်ြ့ိမ့်အုန်းအုန်း ရှိလေသည်။
"ဟဲ့.. ဟဲ့.. ဘယ်လို ဖြစ်ကြတာတုန်း"
နတ်မင်းကြီး၏ ရေရွတ်သံကား ခြေနင်းချသံ တဝုန်းဝုန်းကြားတွင် ပျောက်ဆုံးသွားလေသည်။ နတ်ဘီလူးတပ် ထွက်သွားသောအခါ တောင်ပြင်နန်းတော်၏ ကြမ်းပြင်များ အက်ကွဲကျန်ရစ်ပြီး နန်းတော်တိုင် တစ်လုံးလည်း ပြိုသော ဟူ၏ ။
.........x.........x.........x..........x..........
အခန်း (၈)
"မောင်မင်း ကိုယ့်အပြစ်ကိုယ် သိရဲ့လား"
"သိပါသည် အရှင်"
"မိဖုရားအတွက်နှင့် သိကြားမင်း အသူရာပြည် ချီ၍ လုပ်ကြံသည့် ထုံးကို နှလုံးမူလေသလား စေတမင်း"
"မဟုတ်ပါဘုရား၊ မိမိသဘောဖြင့်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်"
"ငါက ဒီပကို သူရဲကျော်ဟူ၍ ချီးမြှောက်ထားသည်မှာ ဤသို့ ဖောက်လွှဲဖောက်ပြန် ပြုရန် သဘာသက်ရောက်သလား"
ဒီပ ဖြေရသည်။
"ဘုန်းကြီးသည့် အရှင်ကြောင့် မဟုတ်ပါ။ ကျွန်တော်များ ဆိုးသွမ်းမှုသည် ဗီဇကြောင့်သာ ဖြစ်ပါသည်။ မိမိအပြစ်သာ ဖြစ်ကြောင်းပါ"
"သောဏ စစ်သူကြီး၊ ငါက သင့်ဘုန်းလက်ရုံးကို ယုံ၍ ယုဂန္ဓိုရ်တောင်အား အပ်သည်မှာ ဤသို့ ကျေးဇူးမစောင့် သူမိုက်များနှင့် ပေါင်းကာ ကျူးကျော်ရန်စရန်ဟု သင် ထင်မြင်လေသလော"
"ကျွန်တော်မျိုး လျှောက်တင်ဝံ့သည်မှာ ကျွန်ုပ်သည် မုချ ငရဲသို့ သွားရမည့်သူ ဖြစ်ပါလျက် ဤသူများ၏ အထောက်အပံ့ကြောင့်သာ နတ်ဘီလူးဘဝကို ရရှိလာခြင်း ဖြစ်ပါသည်။ မိမိ မိတ်ဆွေဖော်မွန်တို့ အလိုရှိသည့်အခါ ဦးခေါင်းကို ဖြတ်၍ ပေးသော်လည်း ပေးရာ၏ ။ အရှင်အား ဆန့်ကျင် လွန်ကျူးသည့်အမှု မဟုတ်ပါ။ တောင်တော်ကို အသိမ်းအအုပ် မပျက်စေရဘဲ ကျွန်တော်မျိုးက မိတ်ဆွေကို ကူညီရန် လိုက်ပါခဲ့ခြင်းသာ ဖြစ်ပါသည်ဘုရား"
"သင်တို့ ဆင်ခြေ များလှသည်။ တောင်ရာဇိကတိုင်းကို ကျူးကျော်ခဲ့သည်ကတော့ အလွန် ဖြစ်သည်။ ဂဠုန်ပြည် မီးသင့်သည် ကြားရ၏ ၊ သင် မည်သို့ ပြင်ဆင်ဖာထေးနိုင်မည်ကို တင်လော့ စေတလုလင်"
"မှန်ပါ၊ ကျွန်တော်မျိုးတို့ နန်းတော်ရှိ ကျမ်းဟောင်းများတွင် အပင်တို့ကို တမဟုတ်ချင်း ကြီးထွား သီးပွင့်စေနိုင်သော မန္တာန် အတတ်များ လေ့လာမိခဲ့ပါသည်။ ထိုအတတ်ဖြင့် ဂဠုန်ပြည်ကို မူလထက် စည်ပင်ဝပြောစေရန် ကျွန်တော်မျိုး သွားရောက်ပြုပြင်ခွင့်သာ ရလိုပါ၏"
"ပျက်စီးရသည့် နဂါး ဂဠုန် ဂုမ္ဘာန် ရက္ခိုသ် ဂန္ဓဗ္ဗများအတွက်ရော သင် မည်သို့ စီရင်မည်နည်း"
"ကျွန်တော်မျိုး ထိုနယ်မြေကို မြစိမ်းရောင်တောအုပ်နှင့် တစ်ဆက်တည်း ဖြစ်စေ၍ ဂဠုန်ပြည်တိုင်အောင် ဝိရူဠှကနတ်မင်း အာဏာစက်တည်ရာ ဖြစ်စေရန် ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်ဘုရား။ ပြန်လည် နေရာချထားခြင်း၊ ပြုစုခြင်းတို့ကို စွမ်းသမျှ ကူညီပါမည်ဟု ကတိပြုခဲ့ပါသည်။ နတ်မင်းကြီးက အရှင် ကုဝေရမင်းကြီးထံ ပေးပို့သော သဝဏ်လွှာကိုလည်း ဆောင်ယူခဲ့ပါသည်"
သဝဏ်လွှာကို ဆက်ရာ ဒေါသကြီးသော နတ်မင်း၏ မျက်နှာဝယ် အရိပ်အမျိုးမျိုး ပြေးလွှားလျက် ရှိလေသည်။ နှုတ်ခမ်းမဲ့လိုက်၊ ခေါင်းမသိမသာ ညိတ်လိုက် လုပ်နေရင်းမှ
"သင် တယ်လည်း အစည်းအရုံး ကောင်းပါ့လား စေတ"
"ဘာတဲ့၊ သူ၏ တူသားဖြစ်သော စေတမင်း၏ အပြစ်ကို သည်းခံခွင့်လွှတ်တော်မူပါရန် ပန်ကြားလိုက်ပါသည် တဲ့၊ မင်းတို့ တကယ့် ငရှုပ်တွေပဲ"
ဒီပတို့ ခေါင်းငုံ့ ပြုံးနေသည်။
"မင်းတောင် မဖြစ်သေးဘဲ သမုဒ္ဒရာနှစ်စင်းက နဂါးပြည်တွေကို ရာဇသံ စေရတာနဲ့၊ တောင်ပြင်က နတ်မင်းကြီးကို အဆွေခင်ပွန်း ဖွဲ့ထားရတာနဲ့ တယ်ဟုတ်နေပါလားကွ ဟေ"
စေတက မဝံ့မရဲ ရယ်ပြလိုက်သည်။ ဒေါသဖြင့် သံတင်းပုတ်ကြီး ပစ်လွှတ်လိုက်မှ ခေါင်းပြတ်နေရမည်ကိုလည်း ကြည့်ရသေး၏ ။ နတ်မင်းက မျက်နှာကို တည်လိုက်ပြီး
"မည်သို့ တောင်းပန်သည်ဖြစ်စေ ငါ့နောက်လိုက်စစ်သည်တွေ လွန်ကျူးခဲ့သည်ကို ငါက အပြစ်ဒဏ် ပေးရမည်သာ။ သင်တို့ အသီးသီး နားဆင်ကြလော့.."
"သောဏ စစ်သူကြီးသည် ယုဂန္ဓိုရ်တောင်မှ ခွာ၍ ငါ၏ နောက်တော်ပါး ကိုယ်ရံတော်အဖြစ် အနီးနေရမည်။ ၅ နှစ် ကာလအတွင်း နန်းတော်မှ အပြင်သို့ မထွက်ရ"
"စစ်သည်ကျော် ဒီပနှင့် သူရဲများသည် မိမိတို့ အပိုင်စား စောင့်ရှောက်ရာ နယ်မှ ထွက်ကာ ဝိဿဏနန်းတော်ကို ၃ နှစ် စောင့်ကြပ်ကြရမည်"
"စေတမင်းသည်ကား ဘုန်းတန်ခိုးအာနုဘော် ကြီးသည် ဟူ၍ ငါ ကိုးစားတော်မူသည်ကို မထောက်ချင့်၊ လူငယ်စိတ်နှင့် မဆင်မခြင် ပြုမူခဲ့သော အမှုများကြောင့် စတုမဟာရာဇ်တောင်ပိုင်းနိုင်ငံတော် တည်ဆောက် ပြုပြင်ခြင်း ကိစ္စများ ပြီးစီးလျင် ငါ၏ ကိုယ်ရံတော်တပ်ကို အုပ်ချုပ်၍ နတ်ဘီလူးသက် ၅ နှစ်၊ လူတို့သက်တမ်းအားဖြင့် နှစ် ၂၅၀ အတွင်း စတုမဟာရာဇ်မြောက်ပြင်မှ အခြားတစ်ပါး မည်သည့်အရပ်သို့မျှ မထွက်မပြုရ။ သင်တို့အားလုံး အကျယ်ချုပ် နေကြရမည်။ အမိန့်တော်"
"ဒါနဲ့ စေတလုလင်.. ငါ့ရဲ့ ဟောဒီက သံတင်းပုတ်လို လောကမှာ အပြင်းဆုံး လက်နက်ကြီး လေးမျိုးကို ငါကြားဖူးတယ်။ သိကြားရဲ့ ဝရဇိန်၊ ယမမင်း မျက်စောင်း၊ အာဠာဝက ဘွဲ့ဖြူလက်နက်တွေ မဟုတ်ဘဲ တစ်ကြိမ်မှာ မိုးကြိုးသုံးချက် ကျစေတဲ့ လက်နက်ကိုတော့ ငါမကြားဖူး၊ မင်း ဘာလက်နက် စွဲကိုင်ခဲ့သလဲ"
ဟု တစ်ဆက်တည်း မေးမြန်းလာရာ စေတက စာပေလက်နက်အစွမ်းပါ ဟု ဖြေလိုက်လေသည်။
အမိန့်တော်ကို သားတော်တစ်ပါးဖြစ်သော ဣန္ဒက ရေးသားပြီး ဗိမ္ဗိသာရဘုရင် ဇနဝသဘ နတ်စစ်သူကြီးထံ အပ်၏ ။ နတ်ဘီလူးများအကြား လှည့်လည်မောင်းခတ် ကြေညာရပြီး စေတမင်းကို နတ်ဆိုးစာရင်း သွင်းလေသည်။ နတ်ဘီလူးများ အကြား၌ကား စေတမင်း အမည်သည် ဟိုးဟိုးကျော်လျက် တောင်ပြင်တိုက်ပွဲကြီးအကြောင်းကို ပြောမဆုံးနိုင် ဖြစ်နေကြတော့သည်။
"စေတမင်းလောက် ကြီးအောင် ကိုယ်ကို ဖန်ဆင်းနိုင်သူ ရှိရင် ငါ့သံတူကြီး ပေးမဟေ့"
"သူ့လောက်ကြီးနိုင်မှတော့ မင့်သံတူကို ဘာလုပ်မလဲကွ။ ကျောက်တောင်ကိုပဲ ဖဲ့ပြီး ခုတ်တော့မပေါ့"
"ငါကတော့ တစ်ခါကန်ရင် ဂုမ္ဘာန်ကြီး လေးငါးဆယ်ကောင် လွင့်စင်ကုန်တယ် ဆိုတာပဲ သဘောကျတယ်။ ဘယ်လောက် အားကြီးလိုက်သလဲ"
"ဒါ ဘာဟုတ်သေးလဲ၊ ဂဠုန်တွေရဲ့ အဓိကရ လက်ပံပင်ကြီးကို အမြစ်က ဆွဲနှုတ် တင်းပုတ်ဖြစ်အောင် သပ်သွားတာ မြင်ပြီး ဂဠုန်တွေ အသက်ရှူ ရပ်ကုန်တယ် ဆိုကော"
"အလွန်ကြီးပါကွာ၊ တစ်ယောက်တည်းနဲ့ နယ်တစ်ဝက်လောက်ကို တစ်ချက်တည်း သိမ်းလိုက်တယ် ဆိုတဲ့ စကားတွေလည်းပဲ ကြားနေရတာ။ ကြည့်ရတာ မြင်းမိုရ်ထိပ်က တာဝတိံသာလောက်ကို အသာလေး ကျော်နိုင်မယ့်ပုံပဲ"
"နတ်ပြည် သုံးထပ်လောက် ဖျက်နိုင်တယ် ပြောနေကြတယ်။ နောင်တစ်ချိန် အလွန် အဖျက်စွမ်းအားကြီးတဲ့ ဘီလူးမင်းကြီး ဖြစ်လာလိမ့်မတဲ့"
ဘီလူးစကားမို့ ဖျက်ဆီးသည်များပဲ ဆိုကြသည် ထင်စေဦး။ သူတို့ကတော့ စေတမင်းကို နတ်ဆိုးဟု မြင်ရမည့်အစား အားကျခန့်ညားနေကြသည်က များလေသည်။
"အရင်က စေတဟာ ဒီလို မဟုတ်ပါဘူး။ ခပ်အေးအေး ကုပ်ကုပ်နဲ့ ခိုက်ရန်မီးပွားတောင် မရှိဘူးဆို"
"ဟုတ်တယ်၊ သူပြန်လာမှ ဘယ်လိုဖြစ်လို့ သည်လောက် အာနုဘော် ကြီးလာပါလိမ့်"
"ကုဝေရမင်းကြီး မိန့်တယ် တဲ့။ စေတဟာ လူ့ပြည်မှာ သူတစ်ပါးတို့ ပြုနိုင်ခဲတဲ့ အမှုကြီးများစွာကို မဆုတ်မဆိုင်း နှေးဖင့်ခြင်းအလျဉ်းမရှိ ပထမစေတနာဇောကံနဲ့ လုပ်ခဲ့သတဲ့။ စေတနာ သဒ္ဓါတရား အားကောင်းပြီး စွန့်လွှတ်အနစ်နာခံလိုစိတ်လည်း အပြည့်ထားရှိခဲ့သတဲ့။ ငယ်သားတွေ အပြစ်ရှိရင် သူက ခံတယ်၊ ပြည်သူအကျိုးအတွက် သူနစ်နာသော်လည်း ကျေနပ် ဝမ်းသာတတ်သတဲ့။ ဒါမျိုးတွေကြောင့် ဒီလောက် ဘုန်းတန်ခိုး တက်လာတာလို့ ဆိုနေကြတယ်"
"ဒါပေမယ့် သူက အလှူအတန်းတော့လည်း နည်းတယ်ဆို"
"ဟ.. ကောင်ရ၊ စေတနာ အဓိကကွ။ သူတော်ကောင်းစိတ် အမြဲရှိရင်၊ တရားကို နှလုံးသွင်း နေနိုင်ရင် ရမယ့်အကျိုးက အမြတ်ဆုံးပဲဆိုတာ မကြားဖူးဘူးလား"
"သူလောက် လူသတ်တာလည်း သူပဲတဲ့ဟ"
"ဒါကတော့ နှလုံးသွင်း ကွာလို့ ရှိမှာပေါ့ကွာ၊ သူက ငါတို့လို ဖျက်လိုဖျက်ဆီးစိတ်နဲ့ လျှောက်သတ်ခဲ့တာမှ မဟုတ်ဘဲ၊ စစ်ပွဲအမြန် ပြီးပါစေ၊ အကုသိုလ်ကို သူက အများဆုံး ခံရပါစေ လို့ မှတ်ယူသတဲ့ဟ"
"ဘုရား.. ဘုရား၊ ကြောက်စရာ အနစ်နာခံမှုကြီးပါလား"
"ဒါ့ကြောင့် သူတစ်ထူးတို့ မလုပ်ဝံ့ မလုပ်နိုင်သည်တို့ကို လုပ်ခဲ့သော သူရဲ လို့ ဆိုကြတာပေါ့လေ"
"ငါတော့ နတ်ဘီလူး စေတမင်းထက် လူ့ဘဝက သူရဲကို ပိုပြီး သဘောကျသွားပြီ ဟ ကောင်ရေ"
..........x...........x............x...........x...........

 (ဆက်ရန်..)  နန်းသိမ်းပွဲ (ဇာတ်သိမ်း)


Written by သင်္ခရာဇာ
End date: February 3, 2022

နန်းသိမ်းပွဲ (၄)

သုံးရက်မြောက်သော နေ့၌ ဘမရအား ဦးတွန်ထံသွားရန် စေတက ပြောလာသည်။ ယုဂန်တောင်၏ အတွင်းနှင့် အပြင်မှ သမုဒ္ဒရာ နှစ်စင်းကို ငြိမ်သက်စေရမည် ဆို၏ ။ သူပါးလိုက်သော သဝဏ်လွှာများကို နဂါးမင်းတို့ စံရာအထိ ဆက်သားနတ်ဘီလူးများ သွားရောက် ပို့ပေးရန် ဦးတွန်အား အကူအညီတောင်းခြင်းလည်း ဖြစ်သည်။ အိမ်ရှေ့ဝန်နှင့် သံအဖွဲ့တစ်ဖွဲ့ကိုလည်း တောင်တစ်တောင်သို့ သွားရန် စေလွှတ်၏။
၅ ရက်မြောက်သောအခါ လက်ရွေးစင် နတ်ဘီလူး ၅၀၀ နှင့် စေတ ယုဂန္ဓိုရ်တောင်ထိပ်သို့ ရောက်လာသည်။ ကြိုတင် ရောက်ရှိနေသော ညီနောင်များနှင့်အတူ သောဏစစ်သူကြီး၏ နောက်လိုက် ၂၀၀ လည်း သူနှင့်အတူ လိုက်ပါမည် ဖြစ်သည်။ သုနက ကိုမူ နတ်ဘီလူး ၁၀၀ ကျော်နှင့် အစောင့်အရှောက် ထားခဲ့၏ ။
စစ်သည် ၇၀၀ ပါသော တပ်ကြီးသည် မြင်းမိုရ်တောင်အား ဝိုင်းပတ်နေသော သီတာ ၇ တန်တွင် ဒုတိယမြောက် သမုဒ္ဒရာအပေါ်မှ ဖြတ်သန်းသွားကြပြီး ငွေရောင်တောက်ပနေသော
အရှေ့ဘက်ရှိ ဓတရဋ္ဌနတ်မင်း စိုးစံရာ ပြည်ကို ရှောင်ကွင်းသွားခဲ့ကြသည်။ အရြှေ့ပည်မှာ မြင်းမိုရ်တောင်နှင့် နီးကပ်၍ အလယ်ပိုင်း ကျနေသဖြင့် တောင်စဉ်များ၏ အပြင်မှ ဖြတ်သွားသော သူတို့ကို ရုတ်တရက် သတိမူမိမည် မထင်။
သို့သော် မြရောင် တောက်ပနေသော တောင်ပြင်ကို ဖြတ်ရသည့်အခါ၌မူ ဂုမ္ဘာန်ကြီးများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏ ။ ရွှေရောင် နတ်ဘီလူးများ သူတို့အထက် ကောင်းကင်မှ များပြားလှစွာ ကျော်ဖြတ်သွားကြသောကြောင့် အလွန်ကြီးသော ကိုယ်ကာယကြီးများ၊ လုံးဝိုင်းသော ဝမ်းကြီးများ တလိမ့်လိမ့်ဖြင့် ပြေးလွှားကုန်ကြသည်။
အချို့သည် မြေကို ထုရိုက်နေကြသလို အချို့ကလည်း တင်းပုတ် လှံတံများဖြင့် ပစ်ခတ်ကြ၏ ။ သို့သော် နတ်ဘီလူးမျိုးနွယ်များမှာ သူတို့ကို ရှိသည်ဟုပင် မထင်သကဲ့သို့ မည်သည့် အရေးတယူပြုမှုမှ မပြဘဲ အလျင်စလို သွားနေကြသည်ကို တွေ့ကြရလေသည်။
စေတတို့ ဦးတည်သွားသည်မှာ ဂဠုန်တို့ နေထိုင်ရာ လက်ပံတောနှင့် စတုမဟာရာဇ် တောင်ပြင် မြစိမ်းတောကြီး၏ အစပ် ကြားခုလပ်နေရာရှိ ရေအိုင်ကြီး တစ်အိုင်သို့ ဖြစ်၏ ။ ထိုနေရာသည် ရေဘီလူးများ၊ မြေဘုတ်ဘီလူးများ၊ ဂုမ္ဘာန်ရက္ခိုသ်များနှင့် ရေနတ်နဂါးတို့၏ ကျင်လည်ရာ နေရာကြီးလည်း ဖြစ်နေ၏ ။
ဝိရူဠှက နတ်မင်း၏ အုပ်ချုပ်မှုမှ ကင်းလွတ်နေသကဲ့သို့ အသွင်ဆောင်သော အမှောင်နယ်မြေလည်း ဖြစ်သည်။ ဤနေရာတွင် အုပ်ချုပ်မှု လျော့ရဲနေရာ သူတစ်လူ ငါတစ်မင်းနှင့် အင်အားကြီးသူက နိုင်ထက်စီးနင်း သိမ်းပိုက်အုပ်စိုးလေ့ ရှိကြပြီး ယခုအခါ ဒါနဝရက္ခိုသ်ကြီးတစ်ကောင်က ထိုနေရာကို မင်းမူစိုးမိုးထား၏ ။
သူတို့ ဆောင်ကြဉ်းကြရမည့် သူမှာ ထိုဒါနဝကြီးထံ ဆက်ရမည့် နဂါးမိဖုရားတစ်ပါး ဖြစ်သည်။ ဝေလုက၏ အထောက်တော် သူလျှို နတ်ဘီလူးက ဆိုသည်မှာ ယင်း ရက္ခိုသ်သည် ကြမ်းတမ်းမောက်မာ၍ အလွန် နှမြောတွန့်တိုသော သဘော ရှိသည်၊ သူ၏ ဥစ္စာကို မည်သည့်နည်းနှင့်မျှ အခြားသူအား စွန့်လိမ့်မည်မဟုတ် ဟူ၏ ။
ထို့ကြောင့် သူတို့ တပ်ကြီး ချီခဲ့ကြသည်။ လွန်စွာ များလှသည့် အင်အား မဟုတ်စေကာမူ စေတနှင့် ပါလာသူများမှာ အတွေ့အကြုံရင့် တိုက်ပွဲဝင် စစ်သည်တော်များ ဖြစ်၏ ။ စစ်ရေး နားလည်ပြီး ဗျူဟာများ ကျွမ်းကျင်ကြသည်။
သို့သော် ရက္ခိုသ်ကြီးကိုလည်း လျှော့မတွက်ပါနှင့်။ သူ၏ လက်အောက်တွင် အင်အား ထောင်ကျော် ရှိနေပြီး နဂါး ဂဠုန်များသော်မှ သူ့အား မိတ်ဖွဲ့ထားကြရသည် ဖြစ်၏ ။ ခွန်အား ကြီးမားပြီး အလွန်ရက်စက်သည်၊ အထူးကား ဝိရူဠှက နတ်မင်းကြီးကိုပင် အာခံနေသူ ဖြစ်သတည်း။
ထိုနေရာသို့ သူတို့ ရောက်လျင် ဆီးကြို ဟန့်တားနေသူများကို ဒီပတို့က ခြောက်လှန့်၍၊ ငတွန်က ပိတ်ဆို့ ဝန်းရံလာသည်တို့ကို ဖြိုခွင်း ဖောက်ထွက်၍ အသီးသီး တာဝန်ယူလိုက်ကြစဉ် စေတနှင့် လက်ရွေးတော်ကြီး အချို့က ရေအိုင်ထဲသို့ တစ်ချီတည်း ထိုးဆင်းသွားကြသည်။
စေတသည် ထိုအိုင်ကြီးမှ နဂါးမင်းကို နားချလျက် ကြိမ်းမောင်း ခြိမ်းခြောက်ပြီးလျင် ပဒုမ္မဝတီ မိဖုရားကို ဆောင်ခဲ့သည်။ နဂါးမင်းမှာ မတတ်သာ၍ ထည့်လိုက်ရသော်လည်း ရက္ခိုသ်ကြီး၏ ရန်ပြုလာမည့် အရေးကို တွေးကြောက်နေရှာသည်။ စေတက နောက်ကြောင်းမပူရန် အာမခံခဲ့ပြီး ပြန်ထွက်လာရာ တိုက်ပွဲကြီးစွာ ဖြစ်ပွားနေသည်ကို တွေ့လိုက်ရလေသည်။
ဂုမ္ဘာန် ရက္ခိုသ်များသည် ကြီးစွာသော ခန္ဓာအိမ်ကြီးများစွာကို တရကြမ်း လှိမ့်ဝင်လာကြပြီး နတ်ဘီလူးများကို ရိုက်ပုတ် တိုက်ခိုက်ကြ၏ ။ အခြား နတ်ငယ်များနှင့် ဂဠုန်များစွာလည်း လေထဲ ပြန့်ကျဲနေသည်ကို မြင်နေရသည်။ နတ်ဘီလူးတို့၏ မြင်းများသည် ဟိုမှ သည်မှ ခုန်လွှားလျက်၊ သံလျက် လှံတံတို့က ဝင်းပြောင် ဝဲပျံလျက်။ မီးတောက်များသည်လည်း တဝေါဝေါ သွားလာနေကြလျက် ရှိနေသည်။
စေတသည် ပဒုမ္မဝတီကို စောင့်ကြပ်ရန် ဝေလုက၊ ဗျဂ္ဂတို့ထံ အပ်ခဲ့ပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ လွန်စွာ မြင့်သော ဝေဟင်ထက်မှ တိုက်ပွဲကို အပေါ်စီး ကြည့်ရှု သုံးသပ်၏ ။ ဒီပ၊ သောဏ စစ်သူကြီးတို့ ဖိတိုက်နေသည့် ရက္ခိုသ်များ အင်အားကောင်းရာဘက်တွင် နတ်ဘီလူးတို့က အားသာနေလျက် မိမိ၏ စစ်သည်တော်များမှာ ဂဠုန်တို့၏ တောင်ပံမှ ထွက်သော လေပြင်းအားကို အံမတုနိုင်ဘဲ အနောက်ရွေ့နေကြောင်း တွေ့ရသည်။
ထို့ကြောင့် သူက မြင်းကို လက်ပံတောကြီးပေါ် စိုက်ဆင်းသွားပြီး အပင်ထိပ်ဖျားခန့် ရှိလျင် မြင်းကို လွှတ်လိုက်သည်။ တိမ်ပျံသည် မြေပေါ်သို့ ပြင်းစွာ ပေါက်မိရာ မြေအပြင်မှာ တုန်ဟီးလျက် တွင်းကြီးများ ဖြစ်ပေါ်လာခဲ့၏ ။
စေတကတော့ လက်ပံပင်တို့ထက် ၂ ဆမျှ ကြီးသော ကိုယ်ကို ဖန်ဆင်းကာ အချို့ အပင်တို့ကို နင်းခြေ ကန်ကျောက်ပစ်သည်။ အချို့ကို ဆွဲနှုတ်လျက် လေထဲရှိ ဂဠုန်များကို ဝှေ့ယမ်း ရိုက်ငင်၏ ။ သူ့အား ဝိုင်းရံ၍ အတောင်ကို ပြင်းစွာခပ်ရင်း ထိုးဆိတ် ကုပ်ချေရန် လာကြသော ဂဠုန်တို့ကိုမူ ရဲရဲနီစွေးသည့် မျက်စိမှ အခိုးအလျှံတို့ကို လွှတ်ကာ ခြောက်လှန့်လွှတ်လေသည်။
သို့သော် ဂဠုန်များကလည်း မကြောက်၊ သူ့ ပခုံး မျက်နှာ ကျောနှင့် ရင်တို့ကို ခြေသည်းများဖြင့် ကုတ်ရန် ထိုးသုတ်လာကြသည်နှင့် သူက အာခံတွင်းမှ ပူပြင်းလှသည့် မီးတောက်တို့ကို မှုတ်ထုတ်လိုက်ရသည်။ ဒီပတို့သည် တိုက်ခိုက်နေရာမှ ပြင်းထန်ကျယ်လောင်သော အသံများ ကြားရသည့်ဘက်သို့ လှည့်ကြည့်မိလိုက်ရာ ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှင့် တစ်ကောင်တည်း သောင်းကျန်းနေသော စေတကို မြင်သွားကြ၏ ။
သူတို့ ငေးမောကြရလေပြီ။ လက်ပံတောသည် မီးဟုန်းဟုန်း တောက်လောင်နေပြီး ဂဠုန်များလည်း တဖုတ်ဖုတ် ပြုတ်ကျနေကြသည်။ ဂဠုန်ငယ်များနှင့် မစွမ်းသူများ ပြေးလွှား အော်ဟစ်သံတို့မှာလည်း စေတ၏ အသံနက်ကြီးအောက်၌ ပျောက်နေ၏ ။ အချို့ လက်ပံပင်ကြီးတို့မှာ တစ်ကြိမ်လျင် မိုးကြိုး သုံးချက် တစ်ပြိုင်နက် ခနေပြီး စေတ ကျုံးကန်လိုက်သည့် ခြေဖျား၌လည်း ဂုမ္ဘာန် ရက္ခိုသ်များ ထွေးခနဲ လွင့်စင် မြောက်ပါသွားကြသည်။
အကောင်ကြီးမားလှသော ဂုမ္ဘာန်များမှာ ယခုမှ သူတို့ထက် အဆရာချီ ပိုကြီးသော နတ်ဘီလူးကြောင့် ကြောက်လန့်တကြား ပြေးချည်း နေရလေသည်။ စေတ၏ လက်ဝါးကြီး တစ်ချက် ကျလာလျင် မြေများ ကွဲအက်ကုန်ပြီး ဘီလူး လေးငါးကောင်ခန့်မှာ ပြေးမလွတ်ဘဲ ခံကြရ၏ ။ စေတကလည်း ဖြည်းဖြည်းသက်သာ ပုတ်သည်မဟုတ်၊ လက်ကို မြှောက်ထားပြီးမှ အားနှင့် ပြင်းထန်လျင်မြန်လှစွာ ရိုက်ချနေသည် ဖြစ်၏ ။
တိုက်ပွဲသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ နတ်ဘီလူးများကို သောဏ စစ်သူကြီး ဦးဆောင်၍ အင်အားတူမျှ တိုက်နေကြရာမှ ရုတ်တရက် စေတက တိုက်ပွဲဧရိယာ ထက်ဝက်ခန့်ကို တာဝန်ယူလိုက်သလို ဖြစ်သွားသည်။ တောင်တစ်တောင်ကို ကုပ်ဖြို၍ ပြေးနေသူတို့ထံ ပစ်ပေါက်ရာ ထိလိုက်တိုင်လည်း မသက်သာ၊ မြေဖို့ပြီး ဖြစ်သွားသည့်အတိုင်း။
ထို့နောက် လက်သီးဆုပ်ကြီး နှစ်ခုဖြင့် မြေကို ထုချနေပြန်ရာ ဂုမ္ဘာန်များ ရပ်တည်နိုင်စွမ်း မရှိဘဲ လဲပြိုကုန်၏ ။ သူ့အနီးမှ နတ်ဘီလူးများကတော့ ကောင်းကင်သို့ ပျံတက်ကုန်လေသည်။ စေတက အကြီးဆုံး ရက္ခိုသ်ကြီးတစ်ကောင်ကို ရွေး၍ သူ့အနီးရှိ မြေကို ထုလိုက်ပြီး လွင့်မြောက်လာသောအခါ အားနှင့် ထိုးလွှတ်လိုက်ရာ မြစိမ်းတောပေါ်မှ ဖြတ်ကျော်၍ သမုဒ္ဒရာတွင်း ကျသွားသည်တွင် သူ့အနား မည်သူမျှ မနေဝံ့တော့ဘဲ ရှဲသွားကြသည်။
ထိုအချိန်တွင် ခွန်အားကြီးလှပါသည် ဆိုသော ရက္ခိုသ်ကြီးကို ဘမရက ကိုင်ရိုက်လိုက်ရာ လက်တစ်ဖက် ပြုတ်သွား၍ ရက္ခိုသ်ကြီး ဆက်မတိုက်နိုင်တော့။ ငတွန်ကလည်း ဆက်မတိုက်ဘဲ စေတကို ကြည့်လျက် သဘောကျနေလေသည်။ ဒီပသည် ပဒုမ္မဝတီအနီးသို့ ရောက်သွားပြီး အလွန်လိမ္မာလှသည့် နတ်မြင်းဖြူတစ်စီးပေါ် မိဖုရားကိုတင်ကာ နောက်ပါ အစောင့် နှစ်ယောက်နှင့် အမြန်ထွက်သွားစေလိုက်၏ ။
တောင်ပြင်တပ်များ ရောက်လာကြလေပြီ။ သို့သော် ဝိရူဠှက နတ်မင်း၏ စစ်သူကြီး ဂုမ္ဘာန်မှာ ကြီးမားလှသော စေတနတ်ဘီလူးကို မြင်၍ တန့်နေသည်။ သူ့နောက်တွင် ထောင်ချီသော စစ်သည်ကြီးများမှာ တဂူးဂူး တဂါးဂါး အသံပေးလျက် လှုပ်လှုပ်ရွရွ။ အကြီးအကဲဖြစ်သော ရက္ခိုသ်ကြီးအား ဆွဲမြှောက်လျက် ခံတွင်းထဲ ထည့်ဝါးမည် ပြင်နေသည့် စေတမှာ တောင်ပြင်တပ်များကို မြင်မှ သတိဝင်လာပြီး လွှတ်ပေးလိုက်သည်။
သူလည်း မူလအသွင်သို့ ပြန်ပြောင်းကာ တောင်ဘက်တိုင်းပြည်၏ စစ်သူကြီးကို သွားရောက် တွေ့ဆုံ၏ ။ စစ်သူကြီးက အဘယ့်ကြောင့် ကျူးကျော်ရသနည်းဟု မေး၏ ။ စေတကလည်း အဘယ့်ကြောင့် ဤအရပ် ဤသို့ ဆိုးဆိုးရွားရွား ဖြစ်ပျက်နေသနည်းဟု ပြန်မေး၏ ။
စစ်သူကြီးက သင်တို့နှင့် မဆိုင်သော နေရာကို ကျူးလွန်မိပြီဟု ပြောရာ စေတက ဤနေရာမှာ ဝိရူဠှက နတ်မင်း၏ အာဏာစက်အောက် ရှိသလား ဟု ပြန်မေးပြန်သည်။ စစ်သူကြီး ဖြေရကြပ်သွားသည်။ ရှိသည် ဆိုလျင် ဆိုးရွား ပျက်စီးနေခဲ့မှုများအတွက် တာဝန်ယူရမည်။ မရှိ ဆိုလျင် တာဝန်မဲ့ရာ ကျနေသည့်အပြင် သူတို့ကျူးကျော်ခွင့်ရှိသလို ဖြစ်မည်။ ထိုအချိန်တွင် အခြားတစ်ဘက်တွင်တော့ စေတအမိန့် မရသေးသည့် နတ်ဘီလူးများနှင့် နယ်မြေခံ ဘီလူးများ ဆက်လက် တိုက်ခိုက်နေကြဆဲပင် ရှိသေးသည်။
တကယ်ဆိုလျင် နတ်မင်းလေးပါးတွင် ကုဝေရနတ်မင်းက တန်ခိုးအကြီးဆုံး ဖြစ်သလို သူ၏ နတ်ဘီလူး ကိုယ်ရံတော်များမှာလည်း စတုမဟာ ရာဇိကများထဲ အစွမ်းအထက်ဆုံးများ ဖြစ်ကြ၏ ။ ထိုအထဲမှ စေတတို့ တိုင်းနယ်က အထူးအားထားရသူများ ထွက်ပြီး စေတကိုလည်း နတ်မင်းကြီး အထူး မျှော်လင့်ထားခဲ့လေသည်။
ယခုတော့ စေတက ဖောက်ပြီ၊ သူ့ကို လွန်၍ ကျင့်သည့်အပြင် သူ့အား အသိမပေးဘဲ အခြားဘက်ခြမ်းသို့ပင် ကျူးကျော်ဖျက်ဆီးလိုက်ပြီ ဖြစ်၏ ။ သို့ရာတွင် စေတက အေးဆေး တည်ငြိမ်သည်။ သူ့အမေးကို မဖြေနိုင်သည့် စစ်သူကြီးအား အဘယ့်ကြောင့် ဤမျှ ဆိုးရွား ပျက်စီးအောင် လွှတ်ထားရသနည်းဟု မေးမြန်း ကြိမ်းဝါးနေချေသည်။
"ဒါ သင့်အကြောင်းမဟုတ်၊ ငါတို့ရပ်ရွာကို ကျူးကျော်တိုက်ခိုက်သည်မှာ ငါတို့ကို စော်ကားသည် မည်ပေ၏"
"သို့ဆိုလျင် သင်နှင့် မပြောပြီ၊ သင်၏ နတ်မင်းကြီးကို ကိုယ်တိုင် တွေ့၍ လျှောက်ပါရစေ"
စစ်သူကြီးက ခွင့်ပြုလိုက်၍ စေတက စစ်ပွဲကို အဆုံးသတ်စေလိုက်သည်။ ဂဠုန်ပြည် လက်ပံတောသည် တစ်ဝက်ကျော်မျှ လောင်ကျွမ်းသွားရပြီး ရေအိုင် ပတ်လည်၌လည်း အပျက်အစီးများ၊ ဘီလူးများစွာ ကြဲပျံ့နေ၏ ။ နတ်ဘီလူးတို့သည် ဆုတ်ခွာလာခဲ့ပြီး စေတမင်း၏ နောက်ဝယ် စီတန်း လိုက်ပါလာခဲ့သည်။ မြောက်ပိုင်း ဘီလူးတပ်နှင့် တောင်ပြင်ဂုမ္ဘာန်တပ်များ ၂ ကြောင်းခွဲ၍ ဝိရူဠှက နတ်မင်းထံ ဝင်ခဲ့ကြ၏ ။

..........x...........x...........x...........x...........

(ဆက်ရန်..)  နန်းသိမ်းပွဲ (၅)


Written by သင်္ခရာဇာ
End date: February 2, 2022

နန်းသိမ်းပွဲ (၃)

"ဝေး.. နေကောင်းလားဟေ့ ငတွန်"
"အောင်မယ်.. ဘယ်သူတွေပါလိမ့်"
ဒီပ မြင်းမှ ဆင်းဆင်းချင်း ငတွန်က လက်ရုံးချင်း ဆုပ်ကိုင် နှုတ်ဆက်လာ၏ ။ ကျန်ညီနောင်များကိုလည်း တစ်ဦးချင်း ခင်မင်စွာ ပြောဆိုနေသည်။
"မင်းတို့တွေ ဘယ်ပျောက်နေကြလဲ"
"မပျောက်ဘူး၊ ငါတို့ နေပြည်တော် မကြာခဏ ရောက်တယ်။ မင်းပဲ မတွေ့ရတာ"
"ဒါ ငါ့နေရာပဲလေကွာ၊ တွေ့ချင် သည်ကိုလာပေါ့"
ယုဂန္ဓိုရ်တောင်မှာ မြင်းမိုရ်တောင်၏ ထက်ဝက်ရှိပြီး သူတို့ စတုမဟာရာဇ်နယ်ပယ်အစလည်း ဖြစ်သည်။ စတုမဟာရာဇ်ဘုံသည် မြင်းမိုရ်တောင်ခြေပတ်လည် ဝိုင်းပတ်တည်ရှိနေရာ ဤယုဂန်တောင်ထိပ်မှ စ၍ မြင်းမိုရ်တောင် မြောက်ဘက်တစ်ပြင်လုံး ဝေဿဝဏ်နတ်မင်း အုပ်စိုးရာ ဝိဿဏတိုင်း ဖြစ်၏ ။
နောင်တော်ကြီးမင်းလက်ထက် ကျည်စေ့သင့်ကာ ခေါင်းဖြတ်ခံလိုက်ရသဖြင့် မကျွတ်လွတ်သော ငတွန်အား ဒီပကပင် သူတို့ဘုံရောက်အောင် ဆွဲခေါ်လာခဲ့ခြင်း ဖြစ်ရာ ဒီပသည် ငတွန်တစ်ဖြစ်လဲ နတ်ဘီလူးစစ်သူကြီး သောဏ၏ ကျေးဇူးရှင်ဟု ဆိုရလျင် မမှား။
သို့သော် ဝေဿဝဏ် နတ်မင်းက သူတို့ကို ခွဲထားခဲ့သည်။ ဒီပက ပဉ္စလရာဇ်တိုင်းကို စောင့်ရသကဲ့သို့ သောဏကိုမူ ယုဂန္ဓိုရ်တောင်ထိပ်အား စောင့်ကြပ်ရသူအဖြစ် ခန့်ထားခဲ့သည်။ ထို့ကြောင့် သူတို့ တစ်ကြိမ်မှ မတွေ့ဖြစ်ခဲ့ကြသေး။
"အလည်သက်သက်ပဲလား ကိုရင်ဒီပ"
"ဘယ်က ဟုတ်ရမှာလဲကွာ၊ အကြောင်းမရှိဘဲ သည်ကို လာပါ့မလား"
"အင်း.. ဆိုပါဦး ဘာအရေးများလဲ"
"မင့်လူ လက်ျာဘီလူး အရေးပဲ ငတွန်"
"စေတမင်းလား၊ ဥပုသ်တော် ဝင်နေတယ်ဆို"
"ငါတို့ ပြောတာက နန်းသိမ်းပွဲကိစ္စကွဲ့ ငတွန်။ နန်းသိမ်းပွဲမှာ မိဖုရားတွေ စုံစုံညီညီနဲ့ ဘိသိက်ခံနိုင်ဖို့အရေး တို့များ လုံးပမ်းနေကြတယ်"
ဘမရ ဝင်ပြောရာ ငတွန်က
"ဟာ ဒီကောင်လေးမှာ ဘယ်က မိဖုရားတွေ ရှိလို့တုန်း။ ဟိုနတ်သမီးတောင် ဘာမှ မဆိုင်ဘဲ လိုက်လာလို့သာ မိဖုရား ဖြစ်ရမှာ မဟုတ်လား"
"ဟားဟား.. မင်း မသိလို့ကွ ငတွန်ကြီးရ၊ ဒီကောင်က သိပ်စွံတာ.. ခုတင် မိဖုရား ၃ ပါး ရတော့မှာ"
"အံမယ် မယ်၊ တယ်ဟုတ်ပါလားဟေ့"
"အေးကွာ၊ ခု နောက်ဆုံးတစ်ယောက်မှ နည်းနည်း ခက်နေတာနဲ့ မင်းအကူအညီ လာတောင်းတာပဲ"
ဒီပက နယ်မြေ အခြေအနေများကို ပြောပြလိုက်ရာ မြင်းမိုရ်တောင် တောင်ဘက်ခြမ်းဟု ကြားသည်နှင့် ငတွန် အနည်းငယ် တွန့်သွား၏ ။
"ဂန္ဓဗ္ဗတွေနဲ့ ဂုမ္ဘာန် ရက္ခိုသ်တွေကို မှုလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် နင်တို့ စဉ်းစားကြည့်စမ်း။ ငါတို့ မြောက်ပြင်ကနေ မြစိမ်းတောဘက် ရောက်ဖို့ဆိုရင် အ​ရှေ့ပြည်ကို ဖြစ်ဖြစ်၊ အနောက်တိုင်းကို ဖြစ်ဖြစ် မလွဲမသွေ ဖြတ်သွားရမှာပဲ"
"အေး.. တို့လည်း စဉ်းစားမိပါရဲ့"
"ငါတို့ တာဝန်ထမ်းနေရာကနေ ထွက်ပြီး အင်အားနဲ့ ဖြတ်သွားတာနဲ့ သူတို့ နတ်မင်းကြီးတွေကို လျှောက်ကြလို့ သိရင် ကုဝေရနတ်မင်းဆီ ပြန်ကြားမှာ"
"မှန်တယ်"
"ငါ စိုးရွံတာက လူ့ပြည်တုန်းကလည်း သူပုန်အဖြစ် ထောင်ထားခြားနားခဲ့ရသလို ခုလည်း သူပုန်လို ကျင့်ရဦးမယ်ဆိုတော့ ဇာတ်သိမ်းမကောင်းဦးတော့မှာကို တွေးမိတယ်ဟ"
ငတွန်က ရယ်မော ပြောခြင်း ဖြစ်သော်လည်း သူတို့ အားနာသွားကြရ၏ ။
"ငါတို့လည်း ဝန်လေးလှတဲ့ အမှုမှာ မင့်ကို ဆွဲမထည့်ချင်ပါဘူး။ သို့ပေမယ့် တို့ရင်ဆိုင်ရမှာက တောင်ပြင် တစ်ခုတည်း မဟုတ်ဘူး။ အစွန်ဖျားနားသားတွေရယ်၊ အခြားနယ်က ကူလာမယ့် စစ်သည်တွေရယ်၊ ဂဠုန် နဂါး အခြားအင်အားတွေလည်း ထည့်တွေးထားရမယ်"
"ဟုတ်ပါတယ်၊ လက်ျာဘီလူး ကျေးဇူးတွေလည်း ငါ့အပေါ် ရှိပါရဲ့။ နင်တို့ကို မကူဘူးလို့ မဆိုဘူး၊ ငါ့သဘောက စေတကို စောင့်သင့်တယ်လို့ ထင်တယ်။ အလုပ်အကြံက ကြီးတော့ သူ့သဘော၊ သူ့အမြင် အကြံအစည်တွေ လိုတယ်လို့ ပြောချင်တာ"
ဒီပတို့ တွေဝေသွား၏ ။ ညီထွေးက ထိုသို့ ဝန်လေးလှသော အလုပ်ကို သဘောတူမည် မထင်။ တစ်ချိန်တည်းမှာပဲ စေတသာ ပါလျင် မုချ အောင်မြင်မည်ဟုလည်း တွေးမိကြသည်။ သည်အကောင်က အကြံအစည် ခပ်များများ၊ ကြိုတင်ပြင်ဆင်မှုတွင်လည်း သူမတူသူ မဟုတ်ပါလား။
"ကောင်းပြီ ငတွန်၊ သူထွက်လာတဲ့အခါ ငါတို့ တိုင်ပင်ကြဦးမယ်။ မင်းသာ တပ်တွေ အသင့်ပြင်ပြီး စောင့်နေ။ အကြံအစည် ဖြစ်မြောက်ရင် မင်းဘက်ကနေ လှည့်ဝင်လာမယ်။ ဒါမှ နတ်မင်းကြီးလည်း ချက်ချင်း မသိမှာ"
ငတွန်က သဘောကျစွာ ရယ်၏ ။
"ဒီပ၊ ဒီပ.. သည်တစ်ခါ မင်းနဲ့ငါ လက်ရုံးပြဖို့ ပြင်ထားလိုက်ပါ့မယ်ကွာ"

ဥပုသ်ဆောင်မှ စိတ်အေးချမ်းသာစွာ ထွက်လာသော စေတကို ညီအစ်ကိုများက လာစောင့်နေကြသဖြင့် ခမည်းတော်ကပင် မင်းတို့ ဘာတွေ ကြံနေကြပြန်ပြီလဲ ဟု မေးရသည်။ စေတကတော့ ထုံးစံအတိုင်း နောင်တော်များအပေါ် မငြင်းတတ်သူပီပီ ခပ်အေးအေး လိုက်လာ၏ ။ အပြင်ရောက်မှ
"နောင်တော်တို့တွေ လုပ်မှာကို သဘောမတူလည်း ကျွန်တော့်ကို အတင်းအကြပ် ဖိအားပေး တိုက်တွန်းကြမှာပဲ။ သည်အတောအတွင်း တခြားအလုပ်တွေလည်း စိတ်ဖြောင့်ဖြောင့် လုပ်ရမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျွန်တော် လက်ခံပါတယ်"
ဆိုင်းမဆင့် ဘုံမဆင့် သဘောတူနေသဖြင့် အကြောင်းကိစ္စကို ပြောပင် မပြောရသေးသော ဒီပတို့ အံ့သြဝမ်းသာသွားကြသည်။ စေတကတော့ တစ်ချက်မျှသာ ပြုံးကာ ပို၍ တည်ကြည်သော ဟန်မူရာနှင့်
"ဒါပေမယ့် ကျွန်တော်တို့ ဒါကို အကောင်းဆုံးဖြစ်အောင် လုပ်မှ ဖြစ်မယ်။ ဒီအတွက် ကျွန်တော့်ကို အချိန် ၅ ရက် ပေးပါ"
"ဟေ"
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြ၏ ။
"၅ ရက်မြောက်နေ့မှာ စ ထွက်မယ်။ နောင်တော်တို့ အကြံအတိုင်း ဦးတွန်နယ်ကနေ ထွက်ကြမယ်။ သည် ၅ ရက်အတွင်းတော့ ကျွန်တော် ကြံစည် ပြင်ဆင်ဖို့ တစ်ယောက်တည်း နေချင်ပါတယ်။ နောင်တော်တို့တွေလည်း လုပ်စရာရှိတာ လုပ်ထားကြပေါ့"
"ဟုတ်ပြီ.. စေတ၊ ငါ အားရသွားပြီ။ ပြန်မယ်"
ဗျဂ္ဂက သူ့နယ်သို့ ပြန်သွားသည်။ ဝေလုကသည် စေတ၏ နယ်ဟောင်း တကောင်းအထက်ပိုင်းတစ်လွှား၌ အစောင့်ကျနေသော သုနကထံ ထွက်သွားပြီး ဒီပက ရှမ်းပြည်သို့ ခေတ္တသာ ပြန်၍ ငတွန်ထံ ဝင်နေလေသည်။ ဘမရက မပြန်။ ညီထွေးကို စောင့်မည်ဆိုကာ နန်းတော်၌ ကျန်ရစ်၏ ။
ထို ၅ ရက်လုံး စေတမင်းသား မအားချေ။ နှင်းမှုန်လည်း ရောက်လာပြီ ဖြစ်ရာ နရဏီကို ဝိုင်းကူပေးသဖြင့် တော်တော့သည်။ စေတက နန်းသိမ်းမင်္ဂလာကို အကျဉ်းချုံးပစ်လိုက်ရန် ရည်သန်နေသောကြောင့် နရဏီက သူ့တာဝန် ရှိပါစေဟု ဆိုရသည်။ စေတ ဖျက်ခဲ့သည်တို့မှ အချို့ကို ပြန်လည် ထည့်သွင်းပြီး လိုအပ်သည်တို့ကိုလည်း အမတ်ချုပ်နှင့် တိုင်ပင် ပြင်ဆင်နေသည်။
အကုန်အကျကား များလှပေမည်။ သူတို့မြောက်ပြင်သည် ရွှေရောင်လွှမ်းသောကြောင့် လိုက်ဖက်သည့် အနီ အမည်း စသည့် အရောင်များ အသုံးပြုကာ အရာဝတ္ထုများကို စီရင်ကြရ၏ ။ စေတဝတ်ဆင်လေ့ရှိသော အနက်ရောင် အဝတ်အထည်များကိုလည်း အနီရောင် အပြာရောင်များသို့ စီခြယ် ပြောင်းလဲပေးသည်။
ထို့ကြောင့် စေတမင်းသားအား အနီရောင်ချပ်ဝတ်တန်ဆာ ဆင်ယင်ပေးသောအခါ အဖြူရောင်သာ အမြဲ ဝတ်ဆင်တတ်သော နှင်းမှုန်က အနီရောင် ဆင်မြန်းလေ့ရှိသည့် နရဏီကို ပြုံးထေ့ထေ့ ကြည့်လေသည်။ နရဏီက မလုံမလဲနှင့် ရှက်ပြုံးကိုသာ ပြုံးနေလိုက်ပြီး နောက်မှ နှင်းမှုန်ကို ဘာလဲ ဟု တိုးတိုး မေး၏ ။ စေတ ကြည့်နေသဖြင့် နှင်းမှုန်မဖြေ။ စေတ၏ လက်မောင်းကို လက်တစ်ဖက်ဖြင့် ရစ်သိုင်းလိုက်ပြီး
"အစ်မတော်က သိပ်ဆင်တတ်တာပဲနော်"
နရဏီကလည်း
"အနီနဲ့ အဖြူက အဖက်ပဲလေကွယ်"
ဆိုကာ ကျန်လက်မောင်းတစ်ဖက်ကို ချိတ်လိုက်သည်။
"ရန်ဖြစ်ကြတော့မှာလား"
ဟု စေတက ခပ်တည်တည်နှင့် မေးမှ
"မဟုတ်ပါဘူး၊ သဘောကျလို့ပါ မောင်ကြီးရဲ့"
နရဏီကလည်း အားကျမခံ
"မောင်ငယ်ကရော သဘောမကျလို့လား"
ဟု ရွှတ်နောက်နောက် မေးပြန်သည်။
"ကျပါ့ဗျာ၊ အစ်မတော်နဲ့ နှင်းမှုန် လက်ရည်စမ်းပွဲလေး ဖြစ်သွားရင် သာတောင် သဘောကျသေး"
"အံမယ်.. မောင်တော့်နှမက နရဏီကို ဘယ်နိုင်ပါ့မလဲ"
"ဒါတော့ အစ်မတော်က နှင်းမှုန်အစွမ်း မသိသေးလို့ပါနော်.. မောင်ကြီး၊ နှင်းမှုန် ဘာလုပ်နိုင်တယ် ပြလိုက်ရမလား"
"ကဲ.. ကဲ၊ တကယ် သတ်ကြမယ်ဆို မနက်ဖြန် နံနက်မှာ ပွဲလုပ်ပေးမယ်။ ခုတော့ နတ်မင်းကြီးဆီ အခစား ဝင်ရဦးမယ် မယ်မင်းတို့"
ချွဲနေကြသော နှစ်ယောက်က လွှတ်ပေးလိုက်ကြသည်။ စေတက သူတို့ ဦးခေါင်းများပေါ် လက်ဝါးတင်လိုက်ပြီး နှုတ်ဆက်ကာ မြင်းရထားဖြင့် ထွက်သွားတော့မှ
"ကဲ.. ညီမတော်လေး၊ တို့ ဆင်တွေ စီစဉ်ရမှာ ရှိသေးတယ် မဟုတ်လား"
"အားလုံးပေါင်း ၉ စီးနော် ဟုတ်လား"
နရဏီက ပြန်တွက်ကြည့်ပြီး
"ဟုတ်တယ်၊ စွယ်စုံဆင်ပြောင်က တစ်စီး။ လိုရမယ်ရ ဆင်တော်ချည်း ၁၀ စီး လောက် ပြင်ခိုင်းထားပေါ့။ အမတော်က မြင်းတွေ ရွှေကတင်ဖို့ စီစဉ်ပေးလိုက်ဦးမယ်"
သူတို့ အလုပ်များသွားကြလေသည်။

 (ဆက်ရန်..)  နန်းသိမ်းပွဲ (၄)


Written by သင်္ခရာဇာ
End date: February 2, 2022

နန်းသိမ်းပွဲ (၂)

 ဝေလုက၏ အကြောင်းကြားမှုကြောင့်
ဗန္ဓကတောဝယ် ညီနောင်လေးဦးသားတို့ ဆုံမိကြပြန်သည်။ ခရီးရောက်မဆိုက် ဝေလုက ပြောသည်။
"ရာဇဘိသေကသဘင် ဆင်ယင်ဖို့ကို ဝေဿဝဏ် နတ်မင်းကြီး အမိန့်တော် မှတ်လိုက်ပြီ အစ်ကိုတို့။ မည်သို့သော အကြောင်းရှိသည်ဖြစ်စေ ခမည်းတော်၏ အရိုက်အရာ ထီးနန်းအမွေကို ဆယ့်ငါးရက် လွန်လျင် စေတမင်းသား ဆက်ခံသိမ်းယူ အုပ်စိုးစေတဲ့ဗျ"
"အေး.. ကောင်းတာပေါ့ကွ"
"ကောင်းတာက ဟုတ်တယ်၊ ကြာလည်း ကြာနေမင့်ပဲ။ ဒါပေမယ့် ခင်ဖုန်းက ခေါ်မရတော့ဘူးလား"
"သူမှ မလိုက်ချင်တာ ငါတို့က အတင်းအကြပ် ဖမ်းဆီးလာရမလား ဝေလုကရဲ့"
"ဘမရ ပြောလိုက်ရင် ဒီလိုချည်းပဲ။ အစ်ကို ဒီပရော ဘယ်လို ကြံထားလဲ"
"ငါလည်း မတတ်နိုင်ဘူး၊ သူ့သဘောအတိုင်း ရှိပါစေ"
"ဒီလိုဗျ၊ အစ်ကိုတို့ မင်းယဉ်နရသိင်္ခကို သိတယ်မဟုတ်လား"
ပုဂံခေတ်က အလောင်းစည်သူမင်း၏ မြေးတော်ကို ဆိုလိုခြင်း ဖြစ်၏ ။ မင်းယဉ်နရသိင်္ခသည် အလောင်းစည်သူ၏ သမီးတော်နှင့် မိဖုရားဘက်မှ မြေးတော်နှစ်ပါးအား မိဖုရားမြှောက်ကာ မိဖုရားသုံးပါးဖြင့် တစ်ပြိုင်တည်း ဘိသိက်ခံ နန်းတက်လာခြင်းလည်း ဖြစ်၏ ။
"အေး.. သိတယ်"
"ငါတို့က ညီတော်ကို သူ့လို မိဖုရား ၃ ပါး ချစ်ချစ်ခင်ခင်နဲ့ နောက်တော်က အတူတကွ ပါကြစေချင်တာ မဟုတ်လား"
ဒီပတို့ ပြုံးချင်ချင်၊ ဝေလုက က စကားဆက်၏ ။
"ဒါ့ကြောင့်လည်း ငါ အသည်းအသန် ကြိုးစားခဲ့တာပေါ့။ ဒါပေမယ့် တွင်းနှုတ်ခမ်းရောက်မှ ရေဖိတ်စင်ကျရသလို ခင်ဖုန်းကို ဘယ်လိုမှ ခေါ်မရတော့ဘူး ဆိုတာ မင်းတို့လည်း အသိပဲ"
"အင်း"
"မရတော့လည်း တောင်နန်း မြောက်နန်း နှစ်ပါးပေါ့ကွာ၊ မနည်းပါဘူး။ သူ့အတိုင်းဆို လူပျိုမင်းပဲ ဖြစ်မှာ"
"မင်းတို့ မသိသေးတာ တစ်ခုရှိတယ်"
ဒီပက စကားဖြတ် ပြော၏ ။ ညီအစ်ကိုများ အာရုံစူးစိုက် ကျလာမှ
"သူ သတိရလိုက်တဲ့သူ နောက်တစ်ယောက် ရှိသေးသကွ"
ပြောရင်း ဟဲဟဲဟဲ ဟု ရယ်လိုက်၏ ။ ကျန်သူများ အလုအယက် မေးကြပြီ။
"ဘယ်သူလဲဟ.. ရွာကလား"
"မဟုတ်ဘူး"
"ရှမ်းပြည်ကလား"
"မဟုတ်ဘူး"
"ဟံသာဝတီက.. ဒဂုံက"
ဒီပက ပြုံးကာ ခေါင်းရမ်းသည်။
"ရွှေဘို နေပြည်တော်က"
"အေး"
"ဝိုး"
"သူကတော့ ညီမလေးလိုပဲ သဘောထားတာပဲ၊ ဒါပေမယ့် အဲသည် ကောင်မလေးကမှ သူ့အတွက် အဦးဆုံးသူ၊ တို့ ညီထွေးနဲ့ ပထမဆုံး ပတ်သက်သူလို့ ဆိုရမယ်"
"ဘယ်သူလဲ နောင်တော်"
"ပဒုမ္မဝတီ.. ကြာပန်းမင်းသမီး။ အလောင်းဘုရားရဲ့ ကိုယ်လုပ်တော် ခင်သူက မြင်တဲ့ သမီးတော်ပဲ။ ဒါပေမယ့် မင်းတရားက သူ့ကို အကြီးတွေနဲ့ ထပ်တူ ပစားပေးတယ်။ ပဒုမ္မဝတီဘွဲ့ကိုလည်း မိဖုရားခေါင်ကြီးနဲ့အတူ ရခဲ့သူပဲ"
"အိုး"
"ညီထွေးနဲ့ ဘယ်လို ပတ်သက်နေတာလဲ"
"စံနက်ကျော် ရွှေဘိုကို ရောက်စကတည်းက ငအောင်ဇေယျနဲ့ ခင်ယွန်းစံတို့က နောင်မှာ သူတို့နှစ်ဦးကို နေရာချထားမယ်လို့ တိုင်ပင်ခဲ့ကြတယ်။ ဒါကို ပဒုမ္မဝတီလည်း သိတယ်။ ဒါပေမယ့် အဲဒီတုန်းက သူ့အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးတာ"
"သြ.. ဒါကို ညီတော်ရော သိခဲ့လား"
"ရိပ်မိတယ် ဖြစ်မယ်၊ ဒါ့ကြောင့် ငါတို့ သူ့ကို ပြောတုန်းက သူ အဲဒီမင်းသမီးကို ဖျတ်ခနဲ သတိရသွားတာ။ သူနဲ့ စီစဉ်ထားခဲ့ဖူးတယ် ဆိုတာကို အမှတ်ရမိပုံပဲ"
ဝေလုက အားတက်သွားသည်။
"အဆင်သင့်လိုက်လေ ဒီပရာ၊ ငါ လိုချင်တာလည်း ဒါမျိုးပဲ။ တို့ လုပ်လက်စနဲ့ နောက်တစ်ယောက်လောက် ဆက်ကြိုးစားလိုက်ကြရအောင်"
ဝေလုက မျက်စ ပစ်ပြသည်ကို ဗျဂ္ဂက စိတ်ပျက်လက်ပျက်ဖြင့်
"ငါတော့ ဘာမှ မစွမ်းနိုင်ခဲ့ဘူးကွာ။ မင်းနဲ့ ဒီပတို့ တစ်ယောက်စီ ရှာပေးခဲ့ချိန် ငါတို့မတော့ လူလည်း မတွေ့၊ ကျောက်လည်း မရ၊ အပါလည်း မခေါ်နိုင် ကိုယ့်ဘာသာတောင် စိတ်ကုန်တယ်။ မလုပ်ချင်တော့ဘူး"
ဘမရ ကမူ
"အဲဒါ တို့အတွက် အခွင့်အရေးပေါ့ ဗျဂ္ဂရ၊ ခု ငါတို့အလှည့်ပေါ့"
"ဘာလဲ.. မင်းမိတ်ဆွေကြီးကို အားကိုးဦးမလို့လား ဘမရ"
"ဟာ.. မဟုတ်ပါဘူးဗျာ၊ သူ့တော့ ကြောက်ပါရဲ့။ သည်တစ်ခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခွန်အားသုံးရလည်း ပုံပြီး အားထုတ်လိုက်မယ် စိတ်ကူးတာပါ"
အရေးကြီးသော မေးခွန်းကို ဝေလုက မေးသည်။
"ခု သူက ဘယ်မှာတဲ့လဲ"
"အဲ"

တကယ်တမ်း ရှာဖွေရသည်မှာလည်း ဝေလုကပဲ ဖြစ်၏ ။ သူက အသိအကျွမ်းများပြီး လှည့်လည်သွားလာနေသူဖြစ်၍ သတင်းစုံသည်။ ပဒုမ္မဝတီ၏ သတင်းကို သူပင် ရလာခဲ့လေသည်။
"သိပ်အဝေးကြီး မဟုတ်ဘူး၊ တောင်ပြင်မှာတင် ရှိနေတာဗျ"
"ဟေ... မြစိမ်းတောင်ဘက်မှာပေါ့"
"ဂုမ္ဘာန်တွေရဲ့ နယ်တော့ မဟုတ်ဘူး။ လက်ပံတောနဲ့ တောင်နန်း အစပ်မှာပဲ၊ ခပ်ညံ့ညံ့ အမျိုးမှာ ဖြစ်သတဲ့"
"ငါတို့ အသာလေး သွားသုတ်ရမှာလား"
ဒီပ တွေဝေနေ၏ ။
"မရလောက်ဘူးကွ။ အဲဒါ ဝိရူဠှက နတ်မင်း လက်အောက်ခံ နယ်မြေတွေ။ ပြီးတော့ အဲဒီဘက်က ငါတို့ နတ်ဘီလူးတွေလို မရိုးရှင်းဘူး။ ဂုမ္ဘာန်
ရက္ခိုသ်တွေ ဂဠုန်နဂါးတွေ ဂန္ဓဗ္ဗနတ်တွေ အမျိုးစုံ ကျင်လည်ရာ ဒေသကြီး။ တခြားပြည်တွေနဲ့ မတူတော့ ငါတို့ သွားရင် ပြဿနာတွေ ရှုပ်ကုန်မယ်"
"ညီထွေးကလည်းကွာ.. ခုမှ ဥပုသ်ဆောင် ဝင်နေတယ်"
ဟုတ်၏ ။ ရောရုဝမှ ပြန်လာကတည်းက အသားမစားတော့သော စေတသည် ယခုအခါ ထီးမွေနန်းရာ မဆက်ခံမီ တစ်ပတ်ခန့် ကို ခမည်းတော်နှင့်အတူ ဥပုသ်ဆောင် ဝင်နေသည် ဆို၏ ။ အိမ်ရှေ့ဆောင် အမှုထမ်းတစ်ဦးကို ခေါ်၍
"စေတ နန်းသိမ်းမယ့် အစီအစဉ်က ဘယ်လိုတဲ့တုန်း"
ဟု မေးရသည်။ အမှုထမ်းက
"ယခုတစ်ပတ် ဥပုသ်တော် ဝင်မယ်။ နန်းသိမ်းဖို့ တစ်ပတ်အလိုမှ ခမည်းတော်မင်းကြီးနဲ့အတူ ထွက်လာပြီး ရာဇဘိသေကသဘင်ကို စီရင်ပါလိမ့်မယ်။ ယခုတော့ အမတ်ချုပ်နဲ့ နရဏီမင်းသမီးတို့ ကြိုတင်ပြင်ဆင်နေကြပါတယ် ။ အိမ်ရှေ့မင်းက အမတ်ကြီး ဇေယျသူ ပြင်ဆင်ထားတာတွေကို ဖျက်ပစ်တတ်လို့ အသေးအဖွဲတွေလောက်ပဲ လုပ်နေတာပါ"
"သူက ဘာတွေ ဖျက်ပစ်လိုက်တာလဲ"
"မင်းခမ်းမင်းနားတချို့ကို ရှေးထုံးတွေ ပယ်လိုက်တယ်။ အမတ်ကြီး အပါအဝင် အချို့က မကြိုက်ကြဘူး၊ ပြီးတော့ မင်းခဏ်းတော်တွေ၊ ကျိုင်း ဝေါပလာတွေကအစ စာရင်းထုတ်ပစ်လိုက်တယ်"
"ဟေ.. နန်းတက်တဲ့အခါ ဝေါပလာ မစီးနင်း၊ ကျိုင်းချက် မကိုင်ဘူး ဆိုတဲ့ သဘောပေါ့"
"မှန်ပါတယ် အရှင်၊ အရှင့် ခမည်းတော်ရဲ့ သံတူကြီးလည်း ဗြဲတိုက်မှာပဲ သိမ်းဆည်းထားရပါတယ်။ လက်နက်စွဲကိုင်ခြင်း မရှိတဲ့ ဘီလူးမင်း ဖြစ်လာလိမ့်မယ်လို့ နန်းတွင်းသားတွေ သုံးသပ်နေကြတယ်"
"အေးပေါ့.. အလှည့်ကျပေါ့လေ။ သူ့အတွက် တစ်ခုခု လုပ်ပေးဦးမှပါ"
"အိမ်ရှေ့စံမင်းသား သုံးမယ် မထင်ပါဘူး အရှင်၊ သဘင် ကျင်းပမယ့် အစီအစဉ်တွေလည်း ထက်ဝက်လောက် ပြုတ်သွားပြီ။ ခပ်ရှင်းရှင်းနဲ့ ပေါ့ပေါ့ပါးပါး နန်းတက်မယ့်ပုံပါ"
"တို့နဲ့ တွေ့တိုင်းလည်း သူ့ကို အိမ်ရှေ့မင်းဆောင်း ထီးနီ မိုးထားရတာ တစ်ခါမှ မတွေ့ဖူးဘူး။ ဒီကောင် လူ့ဘဝက အကျင့်တွေ မပျောက်ဘူး ဖြစ်မယ်"
"ဒါနဲ့ မိဖုရား နောက်တစ်ပါးရော ရောက်ပြီလား"
"မင်းနှစ်ပါး ဥပုသ်ဆောင်တော်က ထွက်လာမယ့် နေ့မှာ ဆိုက်ရောက်ပါလိမ့်မယ်။ မင်းမိဖုရားတွေ ဖူးမြော်ပြီးရင် ခမည်းတော်မင်းကြီးက ဟိမဝန္တာကို သွားဖို့ ပြင်တော့မယ်လို့ ဆိုတယ်။ အိမ်ရှေ့မင်း နန်းတက်ပြီး နောက်တစ်နေ့လောက် ဖြစ်ပါလိမ့်မယ်"
"အိမ်း.. မင်း သွားလို့ရပါပြီ။ ကဲ.. ငါတို့ အစီအစဉ်ကို ဘယ်လို လုပ်ကြမလဲ"
"သူထွက်လာရင် အချိန် တစ်ပတ်ပဲ ရတော့မှာ ဒီပ။ အခမ်းအနား ပြင်ဆင်ဖို့လည်း ရှိသေးတယ်။ မီပါ့မလား"
ထိုအခိုက် ဝိဿဏ နေပြည်တော်မှ နတ်စစ်သူကြီး ဇနဝသဘ ရောက်လာ၏ ။ ဗိမ္ဗိသာရမင်းဘဝမှ လာသူဖြစ်၍ အလွန်ဘုန်းတန်ခိုးကြီးမားသည်။ သူက စေတမင်းသား၏ နန်းတက်ပွဲအတွက် လိုအပ်သည်တို့ကို စုံစမ်းရန် ကုဝေရနတ်မင်းကြီး စေလွှတ်ကြောင်း ဆိုရာ ဒီပတို့ ညီနောင်လေးဦးက ဧည့်ခံ၍ ပြည့်စုံပါကြောင်း ပြန်ကြားလိုက်ကြသည်။ ထို့နောက် စစ်သူကြီး ပြန်သွားသောအခါမှ
"ဟေ့.. ငါတို့ လူတစ်ယောက်ကို မေ့နေတာပဲကွ"
"လုပ်ပြန်ပြီ။ ဝေလုက.. ဒီတစ်ခါရော ဘယ်သူလဲ"
"ငါတို့ရဲ့ အစွမ်းထက် စစ်သူကြီး ကြီးလေကွာ"
"အိမ်း၊ ဟုတ်ပါရဲ့.. သူ ဘယ်မှာတဲ့လဲ"
"ယုဂန္ဓိုရ် တောင်ထိပ်မှာ တာဝန်ကျနေတာ"
"အိမ်း.. မင်း တော်တယ် ဝေလုက"
နတ်ဘီလူး ညီနောင်များသည် မြင်းကိုယ်စီ ဆွဲလျက် ချက်ချင်း ယုဂန်တောင်သို့ နှင်သွားကြလေသည်။ 


Written by သင်္ခရာဇာ
End date: February 5, 2022

နန်းသိမ်းပွဲ ( ၁ )

"နန်းတက်ပွဲလည်း နီးလာပြီနော် အစ်ကိုတော်"

"အေး.. ငါ သတိရပါတယ်။ ငါလည်း အဲဒါကိုပဲ တွေးနေမိတတ်တာ"
ပဉ္စလရာဇ်ပြည်၊ တောင်ပေါ်တစ်နေရာ။ စားပွဲတစ်ခုပေါ်တွင် အသားဟင်းလျာများ တင်ထားပြီး သောက်စရာအချို့လည်း ရှိနေ၏ ။ စားပွဲ၏ တစ်ဘက်တစ်ချက်မှ လူကြီးနှစ်ဦးက တို့ထိ စားသောက်နေကြရင်း
"ငါစဉ်းစားနေတာက.. တို့ရှင်ဘုရင်ကကွာ"
ထိုသို့ အစပျိုးလိုက်သည်နှင့် ဘာပြောတော့မည်ကို သိနေသောကြောင့် ဝဖိုင့်ဖိုင့်လူကြီးက ရယ်လိုက်၏ ။
"ထီးနန်းပဲ တက်တော့မယ်၊ ခုထိ ငေါင်စင်းစင်းနဲ့"
"ဟုတ်ပဗျာ၊ ဟုတ်ပ။ မစွံတာလည်း မဟုတ်ဘဲ သူ့မှာ ချစ်သူ ခင်သူ ဒီလောက် များတဲ့ကြားက သင်းက လေ့လာလို့ပဲ မဆုံးနိုင်ဘူး။ တစ်ကိုယ်တည်း နန်းတက်ရမယ့် ရှင်ဘုရင်ပဲ"
"ဟေ့.. ဒါပေမယ့် အထင်တော့ မသေးနဲ့ကွနော်။ အထီးကျန်ဘုရင် ဆိုပေမယ့် ဘုန်းလက်ရုံးကတော့ အင်မတန် ကြီးတာ သူပြန်ရောက်စကတည်းက ငါ သတိထားမိတယ်။ ငါ့ထက်တောင် အဆဘယ်လောက် အင်အားကြီးမားနေတယ် မသိနိုင်ဘူး"
"ဟုတ်ပါ့မလား အစ်ကိုတော်ရယ်၊ သူက ကျုပ်တို့ထဲမှာ အညှက်ဆုံးနဲ့ အအေးဆုံးပဲ။ အစ်ကိုတော်လို ဘာကျင့်စဉ်တွေမှလည်း ကျင့်ကြံအားထုတ်တာ မတွေ့ရဘူး။ သူ့ကို သွားတွေ့တိုင်း ပုရပိုဒ်တွေကြားမှာ တငုတ်တုတ်တုတ်ပဲ"
"ကျင့်ကြံလို့ အစွမ်းတက်လာတာမျိုး မဟုတ်ဘူး ဗျဂ္ဂရဲ့၊ လူ့ပြည်မှာ သူလုပ်တဲ့ ကောင်းမှု စေတနာကံကြောင့် အလိုလိုနေရင်း ဘုန်းကြီးသည့်မင်း ဆိုတာမျိုး ဖြစ်နေတာဟ"
"ဟုတ်မှာပေါ့လေ၊ သူဘုန်းကြီးတော့လည်း ကောင်းပါတယ်။ ဘယ်သူ့အတွက်မှ အန္တရာယ်မရှိတဲ့ ဒေဝယက္ခပဲဟာ"
သူ့စကားကြောင့် ခက်ထန်ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် လူကြီးကပါ ရောရယ်လိုက်သည်။ ထို့နောက်
"ငါလည်း ဒီကောင့်အတွက် စဉ်းစားပေးနေတာပဲ။ သူ့ နန်းတက်ပွဲအမီ တို့က ကြင်ရာတွေ ရှာပေးလိုက်ရ ကောင်းမလားလို့လေ"
"ဟာ.. ကြံကြံဖန်ဖန်ဗျာ"
ဟု ဆိုလိုက်ပြီးမှ ရုတ်တရက် ချက်ချင်း
"အဲ.. ကောင်းတယ်ဗျ၊ တကယ်ကောင်းတယ်။ ကျုပ်တို့ ပေးနိုင်တဲ့ ပဏ္ဍာလက်ဖွဲ့ပေါ့။ လုပ်ဗျာ"
လူကြီးနှစ်ဦးတို့ လက်ဝါးချင်း ရိုက်လိုက်ကြပြီး စားပွဲပေါ်မှ ကျားပေါင်သားများကို ဆွဲဖဲ့လိုက်ကြ၏ ။
"စေတမင်းကြီး ကြီးပွားပါစေ"
"မင်းသား စေတ ကောင်းစားပါစေ"
သံပြိုင် ရယ်လိုက်ကြလေသည်။

ဝေလုက၏ စုံစမ်း စောင်မမှုဖြင့် နရဏီသည် သူတို့ စတုမဟာရာဇိက ဒေဝယက္ခနန်းတော်သို့ ရောက်ရှိ စံမြန်းနေပြီ ဖြစ်သည်။ နရဏီမှာ လူ့ဘဝက ဆောက်တည်ခဲ့သော သီလနှင့် တည်ကြည်လေးနက်သော စိတ်ထား၊ သူ၏ နယ်ကို စေတနာထား အုပ်ချုပ်ခဲ့မှုများကြောင့် ဗိမာန်ရှင်တစ်ဦး ဖြစ်လာခဲ့ရသူ။ ယခုတော့ ဘုန်းတန်ခိုး ကြီးမားလှသော စေတနတ်ဘီလူး၏ ကြင်ရာတော်အလောင်းအလျာ ဖြစ်နေခဲ့ပြီ။
အခါအားလျော်စွာ နရဏီသည် စေတမင်းသားရှိရာ လာရောက်လည်ပတ်တတ်သလို သူကလည်း နရဏီ၏ အဆောင်တော်သို့ ညဦးအချိန်များတွင် ရောက်သွားတတ်လေ့ ရှိ၏ ။ ထိုအခါ သူ၏ ရင်ခွင်ကို မှီရင်း နရဏီ မေးလေ့ရှိသည့် စကားမှာ
"အစ်မတော်ကို မိဖုရားခေါင်ကြီး ထားမှာ မဟုတ်လား မောင်တော်"
နရဏီက စနောက်နေခြင်း ဖြစ်သော်လည်း သူ မျက်နှာမထားတတ် ဖြစ်သွားလေ့ ရှိသည်။ သူ့တွင် နရဏီမှ လွဲ၍ အခြားမရှိ။ သို့သော် သူလည်း မည်သို့ သတ်မှတ်ရမည်ဟူသည့် အနာဂတ်ကို မသိနိုင်သေးသလို နောက်ထပ် ရှိလာဦးမည်ဟု ဆိုလိုရာ ရောက်သော နရဏီ၏ စကားတို့ကို မငြင်းပယ်တတ်။ နရဏီကတော့ ကြိုတင် သိမြင်သည်ဟု ဆိုသည်။
"နောက်နေတာပါ မောင်တော်ရယ်၊ အတော်ပဲ အနေရ ခက်သွားသလား။ မောင်တော့်ကို မြင်ရင်ကို အလိုလို ပျော်နေမိလို့ စနောက်မိရခြင်းပါ၊ မောင်တော် ပူစရာ မရှိပါဘူး။ နရဏီ ကျေနပ်ပါတယ်နော်"
နရဏီက ပြုံးစေ့စေ့ အမူအရာဖြင့် ပြောသည်။ သူ၏ ကြမ်းတမ်းသော လက်ဖဝါးပြင်ကို ပိုးသားကဲ့သို့ နူးညံ့နေသည့် လက်ကလေး တင်လျက်
"ချစ်စရာကောင်းတဲ့ နတ်ဘီလူးမျိုး ဒီတစ်ခါပဲ ကြားဖူး မြင်ဖူးသေးတယ်။ တကယ့်ကို ကြံကြံဖန်ဖန်ပါပဲ"
လက်သီးဆုပ်ကလေးနှင့် သူ့မေးအောက်မှ ဒက်ခနဲ ပင့်ထိုးလိုက်သောကြောင့် စေတ မျက်မှောင်ကျုံ့လျက် ပြုံးကြည့်သည်။ နရဏီသည် သူ့ကို နတ်ဘီလူးဟူ၍လည်းကောင်း၊ အိမ်ရှေ့စံ မင်းလောင်းဟူ၍လည်းကောင်း နည်းနည်းမှ အမှတ်မရှိပေ။ သူ့အမြင်တွင် လူဘဝက လက်ျာဘီလူး ဟုသာ မြင်နေပုံ ရသည်။ ကြောက်ရွံ့ခန့်ညားခြင်း မရှိ။ ပကတိ ရိုးသားပွင့်လင်းစွာ ဆက်ဆံတတ်၏ ။
သူမက ပို၍ အဆင့်မြင့်သော ဗိမာန်ရှင် နတ်သမီး ဖြစ်နေခြင်းကြောင့်တော့ မဟုတ်။ အချိန်မရွေး သူ့နေရာသူ ပြန်နိုင်သော်လည်း စေတတို့၏ မြောက်ပြင်နန်းတော်တွင်သာ အနေများသည်။ ညဆိုလျင် သူ့ကို မျှော်ကာ သူရောက်မလာပါက လိုက်ချင် လိုက်လာတတ်၏ ။ မည်သူ့ကိုမျှလည်း မကြောက်ချေ။
စေတထံ လာတိုင်းလည်း နောက်လိုက် တစ်ယောက် နှစ်ယောက် ပါချင် ပါမည်၊ သို့မဟုတ် တစ်ဦးတည်းလည်း ပေါက်ချလာတတ်သည်။ ခမည်းတော်ထံသို့ပင် တစ်ယောက်တည်း ဝင်ထွက်ရဲသူ။ သို့သော် နရဏီက အနေအထိုင် တည်ကြည်သဖြင့် နတ်ဘီလူးများ လေးစားမှု ရှိကြလေသည်။
အထူးသဖြင့် စေတမင်းသား၏ ကြင်ရာတော် ဖြစ်လာမည့်သူမို့ မိရားခေါင်ကြီးအဖြစ် မျှော်လင့်ကာ တရိုတသေ ဆက်ဆံကြသည်။ နရဏီကတော့ ခပ်အေးအေးသာ ၊သူမ သိထားသည်တို့ကို မည်သူ့မှလည်း မပြော၊ ယခုတစ်လောတွင် စေတထံသို့လည်း သိပ်မလာချေ။

ထိုအကြောင်း သူက မေးမြန်းရာ "အဆောင်တစ်ခု ရှင်းနေလို့ပါ မောင်တော်ရဲ့" ဟု ဆိုသည်။ ဘာလုပ်မယ့် အဆောင်လဲ ဟု မေးလျင် လူနေဖို့ စိတ်တိုင်းကျ ပြင်ဆင်နေတာ ဟု ဆိုလေသည်။ သူလည်း ထပ်မမေးဖြစ်၊ နရဏီကလည်း သူ့စိတ်ကူးနှင့်သူ သွားလိုက် ပြန်လိုက် လုပ်နေ၏ ။ 

ဘမရ နှင့် မာရ မည်သော နတ်မင်းကြီး တွေ့ဆုံခဲ့ပုံမှာ ဤသို့ဖြစ်၏ ။ ဘမရသည် ရေမြေတောတောင်အနှံ့ လှည့်လည်သွားလာ၍ တရိကမ္မ မည်သော ရတနာတစ်မျိုးကို ရှာဖွေနေစဉ် လမ်းခရီး တစ်နေရာ၌ အဖိုးအိုတစ်ဦးနှင့် တွေ့ခဲ့ရသည်။
အဖိုးအိုမှာ အသက် ၇၀ ခန့် တောင်ဝှေးနှင့် ဖြစ်သော်လည်း ထိုမျှ အားအင်ဆုတ်ယုတ် ကုန်ခမ်းနေသည့် အသွင်မရှိ၊ ကြည်လင် ပြည့်ဖြိုးလှပေ၏ ။ ရဲရင့် ဝံ့စားပုံလည်း ရှိရာ ဤသူသည် မနုဿစင်စစ် မဟုတ်မှန်း ဘမရ ချက်ချင်း သိလေသည်။
"သင် ဘယ်သူလဲ"
"ငါ မာရ"
"မာရ ဆိုတာ.."
အဖိုးအိုအသွင်မှ တောက်ပြောင်ထည်ဝါသော နတ်ကြီးတစ်ပါးအသွင် ပြောင်းသွားပြီး
"ဒေဝပုတ္တ မာရပဲ နတ်ဘီလူးလေး"
"ကျွန်ုပ်ကို သိသလား"
"ငါ မသိ မမြင်နိုင်တာ ဘာမှ မရှိဘူး"
"တန်ခိုးကြီး နတ်မင်းကြီးပဲ၊ ဒီမှာ ဘာလုပ်နေပါသလဲ"
"ငါ့အလုပ်ငါ လုပ်နေတာပေါ့ကွာ၊ မင်းကရော"
"ကျွန်တော်က ရတနာတစ်မျိုးကို ရှာနေတာပါ"
မာရ်နတ်ကြီးက ခေါင်းညိတ်သည်။
"အကူအညီ လိုရင်လည်း ပြောပေါ့၊ ငါတတ်နိုင်တာကို ကြည့်ရှု စောင်မပေးပါ့မယ်"
"ကျွန်ုပ် ရှာနေတဲ့ ကျောက်ကို သိပါသလား"
မာရက သူ့ကို မကြည့်ဘဲ ပြုံး၏ ။
"မင်းတို့က အလုပ်မဟုတ်တာ လုပ်နေတာပဲ"
ဆိုစကားအရ သူ့ကို ကူညီမည် မထင်။
"အရှင်နတ်မင်းကရော သည်မှာ ဘာအလုပ် လုပ်ပါသလဲ"
"ငါ့ ခံယူချက်ကို ငါလုပ်နေတာ၊ ငါတို့အားလုံးမှာ အတိတ် ပစ္စုပ္ပန် အနာဂတ် ရှိတယ်။ ကျင်လည်ရမယ့် သံသရာစီးကြောင်း ရှိတယ်။ ဒီထဲမှာမှ သုခ ဒုက္ခတွေ ရှိမယ်။ ဒါတွေကို လက်ခံ ကျေနပ်နိုင်ဖို့ ငါက ကူညီပေးနေတာ"
"ကျွန်ုပ် နားမရှင်းဘူး နတ်မင်း"
"ရှင်းရှင်းလေးပါကွာ၊ သတ္တဝါတွေ သူတို့ရတဲ့ ဘဝကို ပျော်မွေ့စေချင်တာ ငါ့ဆန္ဒပဲ။ မင်းတို့ ငါတို့လို ကျေနပ် ရောင့်ရဲတတ်ကြရင် ကျရာဘဝမှာ ချမ်းသာသုခ ရတာပဲ မဟုတ်ဘူးလား။ ဒါ့ကြောင့် သံသရာကို လက်ခံလိုသူ မှန်သမျှ ငါက ကူညီပေးဖို့ အသင့်ရှိနေတာ"
"သင်တို့ပြည်မှာ ချမ်းသာသုခတွေ တစ်ပုံတစ်ပင်နဲ့ စံနေလို့ ရတာပဲ မဟုတ်လား"
"ဝသဝတ္တီ မှာလား၊ ပျင်းစရာပါကွာ။ ကိုယ်စွမ်းကိုယ်စ ဘာမှ ထုတ်စရာ မလိုဘဲ လက်အောက်ငယ်သားတွေက ဖန်တီး ပြုစုပေးနေတာကို အခန့်သား ထိုင်စား ဇိမ်ခံနေတဲ့ အထဲမှာ ငါမပါဘူး"
ပြောရင်း မာရ်နတ်ကြီး အားပါလာသည်။
"ငါဟာ လောက၊ ငါဟာ သံသရာပဲ။ သည်လောကကို ငါ ထိန်းသိမ်းမယ်။ သံသရာကို ကျင်လည်စေတတ်တဲ့ သဘောမှန်သမျှ ငါ့ဓမ္မပဲ။ တရားတာ မတရားတာတွေ ဘယ်သူမှ ငါ့လောက် မသိပါဘူး။ ငါက လောကအကျိူးအတွက် အစဉ်ကြည့်ရှု ဖြည့်တင်းနေသူ"
သူ့ ခံယူချက် သည် တစ်မျိုး ဖြစ်နေသော်လည်း ဘမရက သဘောတူ လက်ခံပါသည်။ ကောင်းပါတယ် ဟု ထောက်ခံရာ မာရကြီး ကျေနပ်သွားသည်။
"မင်းလည်း ငါ့ဘက်သား ဖြစ်တဲ့အတွက် ဝမ်းမြောက်ပါပေရဲ့။ ငါ့မှာ သွားစရာ ရှိသေးတယ်။ မင်းလည်း ဆက်ရှာလိုက်ဦး၊ ခုလို လုပ်ချင်တာ လုပ်နေရတာကိုက ဘဝပဲကွ.. ဘမရရဲ့"
မာရ်နတ်ကြီးက ပြောဆို ပျောက်ကွယ်သွား၏ ။ ထို့နောက် အခြားနေရာတွင် တစ်ကြိမ် ဆုံဖြစ်သေးသော်လည်း အကြောင်းကိုယ်စီနှင့်မို့ နှုတ်မဆက်ဖြစ်။ ပြုံးရုံ ပြုံးပြခဲ့ကြသည်။ မည်သို့ဆိုစေ မာရ နတ်မင်း သူ့အား နှစ်လိုမှု ရှိသည်ကိုတော့ ဘမရ သိနေသည်။
"မင်းဟာက.. တကယ့် မာရ်နတ်ကြီးနဲ့မှ ပက်ပင်းတိုးလာသကိုးကွဲ့"
"မတတ်နိုင်ဘူးလေဗျာ၊ သူ့ကို ဆိုးတယ် သတ်မှတ်ကြပေမယ့် သူ့ခံယူချက်နဲ့သူ လုပ်နေတာပဲဟာ။ ကျုပ်တို့လည်း ဆိုးကြတာပဲ မဟုတ်လား နောင်တော်ရ"
"ငါတို့ဆိုးတာ သူ့ခြေဖျား မမီဘူး။ သူက ဘုရားရှင် ကိုယ်တော်ကိုတောင် ကဖျက်ယဖျက် လုပ်တဲ့သူတဲ့"
စေတ ကလည်း
"သူ့အကူအညီယူရမှာတော့ ခပ်လန့်လန့်ပဲဗျ။ သူလုပ်ပုံတွေနဲ့ နောက်ကျ ဘာတွေ ဖြစ်လာမလဲ မပြောနိုင်ဘူး။ ကင်းကင်းနေတာ ကောင်းပါတယ်"
"အေး.. သူဆိုရင်တော့ အလွယ်တကူ မြင်နိုင်လိမ့်မယ်လို့ ခုမှ တွေးမိလို့ ပြောပြတာပါကွာ"
"ကုဝေရ နတ်မင်းကြီးကို မေးရင်ရော"
ဝေလုက၏ အကြံကို စေတက အကြောက်အကန် ငြင်းသည်။
"အဆက်ဟောင်း ဘယ်ရောက်နေလဲလို့ နတ်မင်းကြီးကို သွားမေးပြီး လိုက်ရှာရမယ်ပေါ့။ ရှက်စရာကြီးဗျာ.. ကိုယ့်အစွမ်းနဲ့ကိုယ် ရှာကြပါ"
"ငါတို့မှာ ဒိဗ္ဗစက္ခုမှ မရှိဘဲ။ မင်းရော မြင်နိုင်လား"
"ဟင့်အင်း"
"ဒါနဲ့များ ဘယ်လို ရှာကြမှာတဲ့လဲ"
"နောင်တော် ဝေလုက နရဏီတုန်းက ဘယ်လို ရှာတွေ့ခဲ့သလဲ"
"ဒါက အမှတ်မထင် တွေ့ခဲ့တာလေ။ မိတ်ဆွေ နတ်တစ်ပါးနဲ့ လိုက်သွားရင်း ဥယျာဉ်နန်းတစ်ခု အသစ်ပေါ်နေတာ လို့ သူက ပြလို့ ဘယ်သူလဲ မေးမြန်းမိရင်း မင့်အစ်မတော်မှန်း သိသွားတာ"
"တိုက်ဆိုင်လှချေလားဗျာ"
"အေးကွ၊ အံ့သြစရာပဲ။ ဝေလုက.. မင်း အဲဒီနတ်ကို သွားမေးရင်ရော"
"မေးပြီးပြီ ဒီပ၊ သူလည်း မသိဘူးတဲ့။ ကျုပ်ပြောတဲ့သူကို မမြင်၊ မတွေ့ဘူးလို့ ဆိုတယ်"
"ဘယ်များ ရောက်နေပါလိမ့်ကွာ"
ယခုမှ လိုရင်းကို ရောက်တော့မည်။ ထို့ကြောင့် စေတက ဖြတ်မေးလိုက်သည်။
"ဘယ်သူလဲဗျ"
"ခင်ဖုန်းလေကွာ၊ မင့် ကသည်းဧကရီ စန္ဒဝတီ"
သူ့ရင်ဝယ် လှုပ်ရှားသွားရ၏ ။
"ထင်တော့ ထင်တယ်၊ တခြားတစ်ယောက်နဲ့ မှားမှာစိုးလို့ ပြောမထွက်တာ"
"တခြား ဘယ်သူ ရှိသေးလို့လဲကွ"
"မရှိပါဘူးဗျာ"

              သူက ပြုံးစေ့စေ့နှင့် မျက်နှာကို လက်ဝါးဖြင့် ကာလိုက်လေသည်။
  နောက်ဆုံးတော့လည်း မည်သို့မျှ ရှာမတွေ့သဖြင့် မာရ်နတ်ကြီး၏ အကူအညီကို တစ်ကြိမ်မျှ ယူရန် သူတို့ ဆုံးဖြတ်လိုက်ကြရသည်။ စေတသည် အစက ခပ်လန့်လန့် ဖြစ်နေသော်လည်း တကယ်တမ်း လုပ်ရမည် ဆိုသောအခါ ရဲရင့်စွာ ဦးဆောင်လာသည်။
သူတို့ ၅ ဦး စိတ်မှ မာရ်နတ်ကြီးကို တောင့်တလိုက်ရာ မကြာမီ ရှေ့တွင် အဖိုးအိုအသွင် ပေါ်လာ၏ ။ မာရသည် သူ၏ မူလရူပကို မပြချေ။
"ဘာအလိုရှိလို့လဲ လူလေးတို့"
စေတက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြပြီး
"အဲဒါကြောင့် အယုဒ္ဓယမှာ ဇီဝိန်ချုပ်ခဲ့တဲ့သူဟာ ယခု ဘယ်ဘဝကို ရောက်နေသလဲ သိချင်လို့ပါ"
မာရ်နတ်ကြီးက
"ဒါ ငါ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းက မင်းတန်ခိုးဣဒိနဲ့ ဟိုးအောက်က ဘုံမှာ အခြွေအရံ နတ်ဘီလူးမျိုး ဖြစ်နေတာ တစ်ကြောင်း၊ အိမ်ထောင်သားမွေး လောကတံထွာ ကျင်လည်ရာ အမှုလည်း ဖြစ်လို့ သည်တစ်ခါတော့ ကူညီလိုက်မယ်။ မင်း ကြားရင် ခံနိုင်ရည် ရှိရဲ့လား"
သူက စိတ်ကို တင်းလိုက်သည်။
"မှန်ပါ၊ ကျွန်တော်လည်း ကောင်းရာသုဂတိ မဟုတ်ဘူးလို့ မျှော်လင့်ထားပါတယ်"
"အာရုံစူးစိုက်ပြီး သမာဓိကို ဖြစ်စေကွဲ့၊ သူက လေးထပ်မြောက် ငရဲကြီးမှာ ကျခံနေရတယ်"
အားတင်းထားသော်လည်း သူ လဲပြိုသွားသည်။ နောင်တော်များက ဖမ်းထိန်းလိုက်၍ တော်သေး၏ ။
"အတော် စိတ်ထိခိုက်သွားပုံ ပေါ်ရဲ့။ တယ် စိတ်ပျော့တာကိုး၊ အင်း.. မင်းတို့ ငရဲသွားမယ်ဆိုရင်တော့ သူ့ကို ခေါ်မသွားတာ ပိုကောင်းမယ်။ နည်းလမ်းတစ်ခုတော့ ရှိတယ်။ မင်းတို့ သူတော်ကောင်းတစ်ဦးကို ပရိယာယ်ပြုကြရလိမ့်မယ်။ ဘယ်လိုလဲ"
နတ်ဘီလူးများက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး နောက်ဆုံးတွင် အငယ်ဆုံး ညီကို ကြည့်လိုက်ကြသည်။ ညီငယ်က ကိုယ်ကိုမတ်ကာ လက်သီးဆုပ်လျက်
"လုပ်ရမှာပဲ။ နည်းလမ်းကိုသာ မစပါ နတ်မင်း"
အဖိုးအို၏ နှုတ်ခမ်းများ ပြုံးသွား၏ ။

ဆီးနှင်းများ ဖုံးလွှမ်းနေသော ဟိမဝန္တာ တောင်ထိပ်တစ်ခုရှိ ဂူငယ်ကလေးတွင် ငြိမ်သက်စွာ ထိုင်နေသော ရသေ့ကြီး တစ်ဦး။ သူ့ရှေ့ နှင်းထဲဝယ် တုပ်ထားသည့် ဒူး မြုပ်အောင် ကျဆင်းနေသော နှင်းပွင့်များကို လက်ညှိုးဖြင့် ထိုးစိုက် ကစားနေသူက စေတ။ တဝှီးဝှီး တိုက်ခတ်နေသော ရေခဲလေအေးများကို အံတုရင်း ဤနေရာတွင် ထိုင်နေခဲ့သည်မှာ ကြာလေပြီ။
စေတ၏ ဆံပင်၊ ပခုံး၊ ကျောနှင့် ပေါင်များပေါ်၌ နှင်းတို့ ဖြူဖွေးနေ၏ ။ ရသေ့ကြီးကမူ မလှုပ်သေး၊ သို့မဟုတ် ပြန်မလာသေး။ ခါးသက်သက် နှင်းခဲအချို့ကို ပါးစပ်ထဲ ထည့်၍ ဝါးလိုက်ချိန်တွင်မှ ရသေ့ကြီး မျက်လုံး ပွင့်လာသည်။
"သြော်.. ဘယ်သူများပါလိမ့်"
"ဖူး... ကျွန်ုပ်အမည်က စေတ ပါ၊ အကြောင်းကိစ္စတစ်ခုကြောင့် ရောက်လာရပါတယ်"
သူ့အကြောင်းနှင့် တောင်းဆိုမှုကို သိရသောအခါတွင်တော့ ရသေ့ကြီးက ငြင်းဆိုလေသည်။
"ဒါ တို့များ လုပ်သင့်တဲ့ အလုပ် မဟုတ်ပါဘူးကွယ်။ မဖြစ်နိုင်ပါဘူး။ လောကဓမ္မကို ဖီဆန်ပြီး မကျင့်တာ ကောင်းပါတယ်"
စေတက မာရ သင်ထားသည့်အတိုင်း
"ကျွန်ုပ် မည်သည့်အရာကိုမှ အတင်းအကြပ် မလုပ်ဆောင်ပါဘူး ဘရသေ့။ ကံအားလျော်စွာ ဖြစ်ပျက်တာကို လက်ခံမှာပါ။ ဘ သေ့ကြီး အနေနဲ့ ကယ်ဆယ်လို့ ရရင် ကယ်ဆယ်ပေးဖို့ပဲ မေတ္တာရပ်ခံလိုတာပါ"
သူက မေတ္တာရပ်ခံသည် ဆိုသော်လည်း ရသေ့ကြီး ကူညီချင်လာအောင် လှည့်ပတ်ပြောနေလေသည်။ ရသေ့ကြီးကလည်း မဖြစ်နိုင်ပါဟု တွင်တွင် ငြင်း၏ ။ ငရဲကျနေသူသည် အခါမလပ် ခံစားရသည့် ကြီးစွာသော ဒုက္ခဆင်းရဲကြောင့် ပြုခဲ့ဖူးသည့် ကောင်းမှုများကို အောက်မေ့နိုင်စွမ်း မရှိဟု ဆိုသည်။ နောက်ဆုံး မာရ်နတ်မင်း သင်မထားသည့် စကားဖြင့်
"အဲသည်ဘဝက ကျွတ်အောင် ပြုခဲ့ဖူးတဲ့ ကောင်းမှုကို မအောက်မေ့နိုင်ဘူး ဆိုရင်လည်း သာသနာအတွက် သူ့ကိုယ်သူ လှူပါတယ် ဆိုရင် မလွတ်နိုင်ဘူးလား ဘရသေ့"
"အဲ.. သူစိတ်ပါရင် လွတ်နိုင်တာပ"
"ဒါဆိုရင် ဘရသေ့က သူ စိတ်ပါလက်ပါနဲ့ သူ့ကိုယ်သူ သာသနာတော်ကို လှူဒါန်းချင်လာအောင် တိုက်တွန်းပေးဖို့ တပည့်တော် မေတ္တာရပ်ပါရစေ။ သတ္တဝါတစ်ဦးရဲ့ ဆင်းရဲဒုက္ခကို ကူညီကယ်ဆယ်ကောင်းပါတယ်ဘုရား"
ထူးခြားသည့် ဖြစ်ရပ်မို့ ရသေ့ကြီး စိတ်ဝင်စားသွား၏ ။ ထိုသို့ ဖြစ်နိုင်သည်ဟုလည်း ထင်မြင်မိလာသည်။
"ငရဲမီး ဘယ်လောက်ပူသလဲ သင်သိရဲ့လား"
"သိပါတယ်၊ ဘရသေ့ပဲ တတ်နိုင်မယ် ဆိုတာလည်း သိပါတယ်"
"ခက်ပြီ"
"သည့်အတွက် ဘရသေ့မှာ အကျိုးယုတ်စရာများ ရှိရင် တပည့်တော်ကို ပြောပါဘုရား"
"မရှိပါဘူးကွယ်"
"သို့ဆိုလျင် တပည့်တော်တို့ နှစ်ဦးအကျိုးနှင့်တကွ သာသနာတော်အတွက် အကျိုးများမည့် အကြောင်းကို ကယ်မတော်မူပါဘုရား"

သီလဝံသ ရသေ့ကြီး မငြင်းနိုင်တော့။ 

"နရဏီကတော့ မောင်တော်ကို အဲဒီထိ မလိုက်စေချင်ဘူး"
အိမ်ရှေ့စံ အဆောင်တော်၏ လေသာဆောင်ဝယ် သူ့ပခုံးကို မှီထားရင်း နရဏီ ဆိုသည်။
"ဘာလဲ.. ဝန်တိုတာလား စိုးရိမ်လို့လား"
"ဝန်တိုစရာ မရှိပါဘူး၊ သူ့ကို သနားမိတာပါ။ နောက်ပြီး မောင်တော် အဲဒီက မြင်ကွင်းတွေကို ခံနိုင်မှာ မဟုတ်ဘူး။ အူအသည်း ပြောင်းပြန်လန်သလို ခံစားရလိမ့်မယ်.. နရဏီ သိတယ်"
သူက လက်ကလေးကို ဆွဲယူ၍
"မောင်တော်မှ မလိုက်ရင် ဘယ်သူ ဝင်နိုင်မယ် ထင်သလဲ အစ်မတော်။ ငရဲမီး အဆိပ်ငွေ့တွေ ပြည့်နေမယ့် ရောရုဝရဲ့ မြေအပြင်ကို နောင်တော်တွေ နင်းနိုင်မယ် မဟုတ်ဘူး"
"မောင်တော်ရော အပူဒဏ်ကို ခံနိုင်မှာ သေချာလား၊ နရဏီသာ ငရဲမီးကို သည်းခံနိုင်ရင် မောင်တော့်ကိုယ်စား သွားပေးပါတယ်"
"မောင့်အတွက် မပူပါနဲ့ နရဏီရယ်၊ ကိုယ့် အာနုဘော်ကို စမ်းကြည့်ပြီးပါပြီ။ ဘရသေ့လည်း ပါမှာပဲ။ ဘရသေ့ကိုပဲ တစ်ပါးတည်း လွှတ်ဖို့ကျ မသင့်တော်ဘူး မဟုတ်လား"
"ဒါဆို သေချာ နားထောင်၊ ရောရုဝ ဆိုတဲ့အတိုင်း အော်ဟစ်ညည်းတွားသံတွေကိုတော့ မောင်တော် မကြားချင်လည်း ကြားနေရမှာပဲ။ ဖြစ်နိုင်ရင် အထဲရောက်တာနဲ့ ဘာကိုမှ မကြည့်ပါနဲ့။ ငရဲမင်းကြီးဆီသာ တည့်တည့်မတ်မတ်သွား။ မေးလိုရာကို မေးပြီး အလိုရှိရာ ရအောင်ယူခဲ့ပါ။ လုပ်ရမှာကို ဖြစ်အောင် လုပ်ခဲ့။ မောင်တော် သူ့ကို မြင်လိုက်တာနဲ့ နှလုံး ရပ်သွားလိမ့်မယ် သိရဲ့လား"
သူ့ရင်ဘတ်ကို ဆွဲကိုင်လှုပ်လျက် မျက်နှာကို စေ့စေ့ကြည့်ကာ သတိပေးနေသော နရဏီ၏ နဖူးပြင် ဝါတင်းတင်းလေးကို အနမ်းခြွေရင်း
"ကောင်းပါပြီဗျာ၊ အစ်မတော်က အမတ်ချုပ်ကြီး ဇေယျသူကို ကူရင်း နှင်းမှုန်အတွက်လည်း ပြင်ဆင်ထားလိုက်ပါ။ မောင်တော် မရှိခိုက် ဝေဿဝဏ်နတ်မင်းကြီးက အမှာတော် ရှိတာ၊ အခေါ်လွှတ်တာတွေ ရှိလာရင်လည်း မောင်တော့်ကိုယ်စား အဆင်ပြေအောင် ကြည့်လုပ်ထားလိုက်ပေါ့။ အစ်မတော်ကို ယုံပါတယ်"
"နေဦး ဆရာကြီး၊ ကျန်သေးတယ်။ ဟိုမှာ မောင်တော် လုပ်နိုင်တာ ဘာမှ မရှိလောက်ဘူး။ ငရဲ ဆိုတာ ကံစီမံတဲ့ အကြောင်းတွေ။ ယမမင်းတို့ ငရဲထိန်းတို့ ဆိုတာလည်း ငရဲသားတွေရဲ့ ကံအလျောက် ဖြစ်ပေါ်လာရပြီး ငရဲသက်တမ်း ကုန်ရင် အလိုလို ပျောက်ကွယ်သွားမယ့် အရာတွေပဲ။ ဒါ့ကြောင့် မောင်တော် လုပ်ချင်တိုင်း လုပ်လို့ မရဘူး ဆိုတာ မြဲမြဲ မှတ်ထားပါ။
အဓိက ပြောချင်တာက ကိုယ့်အစွမ်းကို ယုံပြီး ရှမ်းပြည်မှာတုန်းကလို တစ်ယောက်တည်း မိုက်ရူးရဲ မလုပ်လိုက်ပါနဲ့။ ခုအရေးဟာ မောင်တော့်အရာ မဟုတ်သေးဘူး။ မောင်တော့်မှာ လုပ်စရာကြီး ရှိနေသေးတယ်။ အဲဒီတော့ အစွမ်းတွေကို ချန်ထား၊ သတိကို မလွတ်ပါစေနဲ့ မောင်တော်။ ဒါ အရေးကြီးတယ်နော်။ သတိလွတ်တာနဲ့ မောင်တော် ကျဆုံးသွားမှာ"
"ကျေးဇူးပါဗျာ၊ သေချာ မှတ်သားထားပါ့မယ်"
"ပြောင်စပ်စပ် လုပ်မနေနဲ့ ကောင်လေး၊ ပြန်မလာနိုင်ဘဲ နေဦးမယ်"
"အဲလောက်တောင်ပဲလား"
"အဲဒီထက် ပိုတယ်၊ ငရဲရှင့်.. ဘာမှတ်နေလဲ"
သူက ပြုံးလိုက်ပြီး
"မောင်တော် ရောက်ခဲ့ပြီးပါပြီ အစ်မတော်ရဲ့"
"ရသေ့ကြီးဆီက အပြန် မဟုတ်လား။ အပေါ်ဆုံးငရဲနဲ့ သူ့ဘေးက ငရဲငယ်လေးတွေကို ပတ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်မနေနဲ့။ ပတ်ကြည့်ရုံကတော့ ဘယ်သူမဆို ကြည့်နိုင်တယ်။ အောက်ကို နောက် ၃ ထပ်ဆင်းရင် ပိုပြင်းလာမယ့် အပူရှိန်ကို တွေးကြည့်။ ပြီးတော့ ရောရုဝ ဆိုတာက မြေအပြင်တင်မက လေထုထဲနဲ့ ခန္ဓာကိုယ်ထဲကိုပါ အခိုးအငွေ့ အပူအဆိပ်တွေ ပြည့်နှက်ဝင်ထွက် လှည့်ပတ်နေမှာ"
"မောင်တော် ဖတ်မှတ်ဖူးပါတယ်"
နရဏီက သူ့ဝမ်းဗိုက်ကို အားနှင့် ဝိုက်ကာ ထိုးလိုက်သည်။
"သြော်.. ပေါ့ပေါ့လေး မှတ်နေတယ်။ သေမယ်"
"ဟားဟားဟား၊ မပေါ့ပါဘူးဗျာ။ ကြိုတင်ပြင်ဆင်ထားပါတယ်။ စိတ်ကိုလည်း ထားနိုင်အောင် လေ့ကျင့်မွေးမြူနေသလို နှလုံးသန်မာဖို့လည်း ကြိုးစားနေပါတယ်.. ကဲ"
မျက်စောင်းထိုးကာ ပခုံးစွန်းကို ခေါင်းဖြင့် ပစ်တိုက် မှီလာသည့် နရဏီအား
"တိုက်ချင် ခိုက်ချင်တဲ့ အကျင့်တွေကတော့ မပျောက်ဘူးနော်"
ဟု စလိုက်၏ ။ နရဏီကလည်း ဟုတ်တယ် ဟု ဆိုလျက် သူ့ပခုံးကို ကိုက်ထည့်လိုက်လေသည်။

ရောရုဝ။
အမည်နှင့် လိုက်အောင် နာနာကျင်ကျင် အော်ဟစ် ညည်းတွား ငရဲပွက်သံများ အခါမလပ် ကြားနေရသည့် နေရာ။ ရင်တွင်းမှ လာသကဲ့သို့ ခံစားရစေသော ယင်းအသံများကြောင့်ပင် ရောရုဝသို့ မရောက်မီ အဝေးကြီးကတည်းက စိတ်ဆင်းရဲစေသည့် ငရဲပြည်။ နယ်ပယ် ကျယ်ဝန်းသလောက် အခိုးအလျှံများ ပြည့်နှက်နေသဖြင့်လည်း မည်သည့်အရာကိုမျှ ထင်ထင်ရှားရှား မမြင်ရချေ။
ထိုသို့ ပိန်းပိတ် မှုန်ဝါးနေခြင်းကပင် စေတအတွက် ကောင်းကျိုးကို ဖြစ်စေ၏ ။ သူသည် မမြင်ရသည်တို့ကို အားစိုက်မကြည့်၊ နောင်တော်များကို ရောရုဝတိုင်း၏ တံခါးအပြင်ဘက်တွင် ထားခဲ့ပြီး သူနှင့် ဘရသေ့သာ ငရဲတံခါးကြီးကို တွန်းဖွင့်လျက် ဝင်လာခဲ့သည်။ တံခါးစောင့်ကြီးမှာ သူ့ကို ပြူးကြောင်ကြည့်နေသည်မှတပါး စကားမဆို။
သူက နီရဲတောက်လောင်နေသည့် မြေပြင် နံရံများကိုလည်းကောင်း၊ စိမ်းဝါဝါ လေထုကိုလည်းကောင်း၊ လာဟပ်နေသော ပူပြင်းလှသည့် မီးအရှိန်ကိုလည်းကောင်း၊ အဆုတ်ထဲသို့ ဝင်လာသည့် အငွေ့အသက်တို့အား လည်းကောင်း အာရုံမစိုက်ဘဲ အလင်းရောင် ထွက်ပေါ်နေရာဆီသို့သာ ဦးတည် လျှောက်သွားသည်။
နေမရှိ၊ မီးမရှိသော်လည်း ဘဘာဝအတိုင်း အလိုအလျောက် လင်းချင်းနေသည့် အခန်းကျယ်ကြီးထိပ်၌ အညိုရောင်အင်္ကျီ ဝတ်ဆင်ထားသော လူကြီးတစ်ဦး ရှိနေပြီး သူ့ကို လှမ်းကြည့်နေလေသည်။
"ယမမင်း မဟုတ်လား"
"ဟုတ်ပါတယ်"
"အယုဒ္ဓယကနေ ရောက်လာတဲ့ ကသည်းလူမျိုး ခင်ဖုန်း ဆိုသူကို လာရှာပါတယ်"
"ခင်ဖုန်း..၊ မမှတ်မိတော့ဘူး"
"စာရင်းများ မရှိဘူးလား၊ ပြန်ရှာလို့ မရနိုင်ဘူးလား"
"စာရင်း ရှိပါတယ်၊ နာမည် တွေ့ရင်တောင် ဒီမှာ ရှိပါတယ် လို့ပဲ ပြောနိုင်လိမ့်မယ်။ သူ့ကို လိုက်ရှာဖို့တော့ မဖြစ်နိုင်ဘူး"
"ဘာကြောင့်လဲ"
"ကျုပ်တာဝန်က ရောက်လာသူတွေကို စိစစ် စစ်ဆေးပြီး သင့်ရာပို့ဖို့ပဲ။ ပို့ပြီးသွားရင် ကျုပ်နဲ့ မဆိုင်တော့ဘူး။ သူ့ကံအတိုင်း နေရမယ်။ နေရမယ့် ကံကုန်ရင် သူ့ဘာသာ ထွက်သွားလိမ့်မယ်"
"သူ့ကံဟာ သိပ်မများဘဲ ကြီးနေလို့ ဒီကို ရောက်ရတာ ဆိုရင်ရော"
"ဒါဆို သိပ်မနေရဘူးပေါ့ မောင်ရင်"
"သူ့ကောင်းမှုတွေ ရှိတယ်။ ဘုရားမှာ ပန်း ဆီမီး လှူတာ၊ စိတ်ပါလက်ပါ အာရုံပြု ရှိခိုးတာတွေ။ ဒါတွေကို ပြန်အမှတ်ရခဲ့ရင်ရော"
ယမမင်းကြီးက ခေါင်းယမ်း၏ ။
"မရတော့ပါဘူးကွယ်"
"ဒါဆို သူ ဘယ်မှာ ရှိနေမလဲ၊ ဘယ်လို ပုံစံလဲဆိုတာ မပြောနိုင်ဘူးပေါ့"
"ကျုပ် မပြောနိုင်ပါဘူး"
စေတက တင်းမာစွာ ကြည့်လျက် စားပွဲကို လက်နှင့် ရိုက်လိုက်၏ ။ ယမမင်း၏ စားပွဲဝယ် သူ့လက်ရာကြီး ထင်ကျန်နေလေသည်။ ယမမင်းသည် မျက်လုံးပြူးလျက်။ သူက စိတ်ကို ထိန်း၍ ခြေနင်းကြမ်းကြမ်းဖြင့် လှည့်ထွက်သွားရာ ယမမင်းမှာ ဆက်လက်စီရင်ရန်ရှိသည်တို့ကို မေ့ကာ သူ့အား လိုက်ကြည့်နေလေသည်။
ရသေ့ကြီးကမူ သူနှင့် လိုက်မလာပေ။ မီးငွေ့များထဲ တိုးဝင်သွားခဲ့ရာ သူ အခန်းထဲမှ ထွက်လာသောအခါ ဘရသေ့သည် ငရဲသားကြီးများ၏ အလယ် တစ်နေရာတွင် လေထဲ၌ ရပ်တည်လျက် ရှိနေ၏ ။ သူ့အောက်မှ ငရဲသားများက လှုပ်လှုပ်ရွရွ။ ညည်းညူသံများကြောင့် ဘရသေ့ ဘာပြောနေသည်ကို မကြားရသဖြင့် သူ တိုးကပ်သွားလိုက်သည်။
တကယ်တော့ ရသေ့ကြီးသည် စေတနတ်ဘီလူးမင်းအား မာရ်နတ်ကြီးမှ စေလွှတ်ကြောင်း သိပြီး ဖြစ်၏ ။ မာရ်နတ်က သူ့ကို အဘယ့်ကြောင့် ကူညီမှန်းလည်း သိသည်။ သို့သော် စေတသည် မာရ်နတ်၏ အသင်းအပင်းဝင် မဖြစ်သေး။ ကယ်ဆယ်ရမည့် သူမှာလည်း သာသနာတော်အတွက် အကျိုးပြုလာမည့်သူ ဖြစ်နေသည်။ သူတို့နှစ်ဦးအား ကယ်ဆယ်နိုင်ကောင်း၏ ဟူသော အကြံဖြင့် လိုက်ပါလာခဲ့ခြင်း ဖြစ်၏ ။
ယခုလည်း ဘရသေ့သည် ဒွါရကိုးပေါက်မှ တဆင့် ပူလောင်ပြင်းစွာသော မီးငွေ့များ ကိုယ်တွင်းသို့ ဝင်၍ နှိပ်စက်ခံနေရသူ မာတုဂါမကလေးကို လွန်စွာ သနားကရုဏာ သက်မိရသည်။
"ဒကာမလေး.. ခင်ဖုန်း"
"ဘုရား"
ငိုရှိုက်ရင်း ထူးသံ၊ စေတ တုန်လှုပ်သွား၏ ။ ဘရသေ့အောက်မှ ခန္ဓာတစ်ခုက တုန်ယင်စွာ လက်အုပ်ကို ချီနိုင်ရန် ကြိုးစားနေသည့် မြင်ကွင်းကြောင့် သူ့နှလုံးမှာ ဆုပ်ကိုင် ဖျစ်ညှစ်ခံလိုက်ရသလို မွန်းကြပ်သွားသည်။ သူသည် ရုတ်တရက် နာကျင်လှသော ဝေဒနာကို ခံစားလိုက်ရသော်လည်း သတိလက်လွတ် ကြည့်နေမိ၏ ။
"ဒကာမလေး၊ ဘုရားကို အာရုံပြုနိုင်ရဲ့လား"
"မပြုနိုင်ပါ... ဘုရား"
စေတသည် တိုင်တစ်ခုကို မှီလိုက်ရပြီး အားအင်ကုန်ခမ်းစွာ ပျော့ခွေသွားသည်။ သို့သော် မျက်လုံးများကိုမူ လွှဲဖယ်ခြင်းငှာ မစွမ်းနိုင်။
"ဒါဆို လိုက်ဆိုပါ.. ဒကာမလေး"
"သတိမလွတ်ပါစေနဲ့" ဟု အထပ်ထပ် မှာခဲ့သော နရဏီ၏ အသံကို ညည်းတွားအော်ဟစ်သံများကြားမှ ကြားယောင်လိုက်မိသလို၊ စေတသည် ပူလောင်လှစွာသော မျက်လုံးကို မှိတ်ပစ်လိုက်ပြီး တည်ကြည်မှု ရစေရန် အားထုတ်နေရလေသည်။
"ကျွန်ုပ်သည် ဤအသွေး၊ ဤအသား၊ ဤအရိုးတို့ကို မြတ်ဘုရား သာသနာတော်အတွက် လှူဒါန်းပါ၏ ။ အကျွန်ုပ်၏ ခန္ဓာသည် သာသနာတော် အထောက်အပံ့ ဖြစ်ပါစေ။ လိုက်ဆိုလေ.. လိုက်ဆိုလိုက်။ ဆိုတဲ့အခါ သည် ဝေဒနာခံစားနေရတဲ့ ခန္ဓာကြီးကို မလိုချင်တော့ဘူး၊ အပြီးအပြတ် လှူပစ်လိုက်တော့မယ် ဆိုတဲ့ စိတ်ကို ဖြစ်စေကွဲ့"
အသံများကို ကြားနေရသည်။ သို့သော် သူ မကြည့်တော့။ ဆက်ကြည့်ရန်လည်း မတတ်နိုင်တော့ပြီ။ သူ့နှလုံးသည် ပေါက်ကွဲထွက်တော့မတတ် တင်းကြပ်လာသောကြောင့် ရင်ကို ဖိကာ ဒယိမ်းဒယိုင်ဖြင့် လှည့်ထွက်လာခဲ့သည်။ ယခုအခါ အပူမီးတို့သည် သူ့ကိုယ်အနှံ့ လောင်မြိုက်လျက် ရှိလေပြီ။
"ဒီပ.. ဒီပ"
သံတံခါးကြီး ဝုန်းခနဲ ပွင့်သွားပြီး ဒီပတို့ ပြေးဝင်လာကြ၏ ။ သူ့အား ဖမ်းထိန်းထားလျက် တွဲခေါ်သွားကြသည်။ အပြင်ရောက်သည်နှင့် နရဏီ ထည့်ပေးလိုက်သော ရေစင်များဖြင့် လောင်းချသလို တိုက်လည်း တိုက်ကြသည်။ သို့သော် သူ့ကိုယ်ပေါ်မရောက်၊ လေထဲတွင် အငွေ့ပျံသွားသည် ထင်ရ၏ ။
"တပည့်တော်မသည်.."
အားယူ ထွက်လာသည့် ပြတ်တောင်းသော အသံကိုမူ သူ ကြားနေရဆဲ။
"ဤအသွေး အသား အရိုးတို့ဖြင့်... ဖွဲ့စည်းအပ်သော ခန္ဓာဝန်ကြီးအား.... မြတ်ဘုရား၏ သာသနာတော်သို့ အပြီးတိုင်.... စွန့်လှူပါသည်"
သူ့နှလုံးမှ နာကျင်မှုများ ပြေလျော့သွားသကဲ့သို့ ခံစားရသည်။
"ကျွန်ုပ်သည်.... သာသနာတော်၏ အလုပ်အကျွေး အထောက်အပံ့.... ဖြစ်ရပါလို၏ ။... သာသနာတော်အကျိုးငှာ ဖြစ်သော.... မည်သည့်ဘဝမျိုးကိုမဆို... တည်ရပါလို၏.. အရှင်ဘုရား"
ငိုသံ ပျောက်သွားသလို ဆူညံငရဲပွက်နေသံများလည်း တဒင်္ဂ ဆိတ်သုဉ်းသွားပြီး ယမမင်းကြီး၏ အောင်မြင်ခန့်ညားသော သာဓုခေါ်သံကြီးကို ကြားလိုက်ရသည်။ ရသေ့ကြီး၏ ပီတိဖြင့် ဥဒါန်းကျူးရင့်သံကိုလည်း ကြည်လင်စွာပင် ကြားနာကြရသည်။
"မဖြစ်စဖူး ထူးကဲသော အဖြစ်တို့သည် စေတ မည်သော နတ်ဘီလူးတို့ကို အကြောင်းပြု၍ ဤရောရုဝ ငရဲကြီးဝယ် ဖြစ်ပေါ်ခဲ့လေပြီ။ သာသနာတော်စောင့် နတ်ကောင်းနတ်မြတ်တို့သည် ဒါယိကာမလေး၏ ခန္ဓာလှူခြင်းအမှုကို သိမြင် နာကြားကြရသဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေသတည်း"

                အသံများ ဆူညံစွာ ပြန်ထွက်လာသလို ငရဲတံခါးကြီးလည်း ပွင့်သွားပြီ။ ရသေ့ကြီးသည် တောင်ဝှေးကို အားပြုလျက် တစ်လှမ်းချင်း ထွက်လာပြီး အားအင် ပြန်လည် ပြည့်ဝလာသော စေတအား ကြည်လင်စွာ ပြုံးကြည့်လိုက်လေသည်။
ယခုတော့ ကသည်းမင်းသမီး စန္ဒဝတီ (သို့မဟုတ်) ခင်ဖုန်းသည် ငရဲသူအဖြစ်မှ ကျွတ်လွတ်လျက် ကေလာသတောင်ထိပ်ရှိ စေတီကို စောင့်ကြပ်ရသော ရုက္ခစိုး နတ်မျိုး ဖြစ်လာရသည်။ ထိုတောင် အနီးတစ်ဝိုက်ရှိ ပရလောကသားများ၊ ပြိတ္တာ မြေဘုတ်ဘီလူး စသည်တို့ကို စီမံကြီးကြပ်ရသူလည်း ဖြစ်သည်။
စေတမင်းသားနှင့်တကွ ဒီပ၊ ဝေလုက၊ ဘမရ၊ ဗျဂ္ဂတို့အပြင် နရဏီပင် လိုက်လာကာ နားချသော်လည်း ဘဝများ ဝေးခဲ့ပြီ ဖြစ်၍ သွေးအေးသွားခဲ့သော ခင်ဖုန်းကို မည်သို့မျှ ခေါ်မရတော့ပြီ။ သံသရာကို ကြောက်သွားသဖြင့် သာသနာတော်ကို စောင့်ရှောက်ရင်းသာ ပျော်တော့မည်ဟု ဆိုလေသည်။
ရာဇ ဘိသေကသဘင် ဆင်ယင်ကျင်းပတော့မည့် အချိန်မှာ မဝေးတော့။ ထိုအချိန်တွင် မင်းခမ်းမင်းနားများကို အမတ်ချုပ် ဇေယျသူနှင့် နရဏီတို့ကသာ ဦးဆောင် စီမံနေရပြီး စေတမင်းသားကတော့ ကုဝေရနတ်မင်း၏ နန်းတော်နှင့် လူ့ပြည်ကို လူးလားခေါက်တုံ့ သွားနေရ၏ ။
ဘုရားစောင့်နတ်ဘဝတွင် ပျော်မွေ့နေပြီဖြစ်သော ခင်ဖုန်းထံသို့လည်း မမေ့မလျော့ ရောက်သည်။ ခင်ဖုန်းက ရိုသေလေးမြတ်စွာ ကြိုတတ်သော်လည်း သူတို့နှင့်မူ မလိုက်လိုကြောင်းသာ ဆိုနေသဖြင့် ထားခဲ့ရသည်ချည်း။
တစ်နေ့တွင် ဘမရ၏ နယ်ပယ်ဖြစ်သော တနင်္သာရီဒေသသို့ မာရ်နတ်ကြီး ရောက်လာ၏ ။ ငရဲသူ၏ အခြေအနေကို မှတ်မှတ်ရရ မေးလာ၍
"ရောရုဝက လွတ်ပြီးမှ စေတီတစ်ဆူမှာ အစောင့်မျိုးနွယ် ဖြစ်နေတာ ဘယ်လိုမှ ခေါ်လို့မရလို့ လက်လျှော့ထားရတယ်ဗျာ"
ဘမရ၏ ညည်းညူမှုကို ဒေဝပုတ္တမာရက ရယ်သည်။
"ဟားဟား.. မင်းတို့ ကိုယ့်အတတ်ကိုယ်စူးတာကိုး"
မှန်နေသဖြင့် ဘာမှ ပြန်မပြောနိုင်ဘဲ ခံနေရ၏ ။
"ခုတော့ ဘယ်လိုလုပ်ကြမလဲ"
"သူ မလိုက်လိုတော့ ခေါ်မရဘူး"
"ဒါဆို မင်းတို့ ကြိုးစားခဲ့ရသမျှ အချည်းနှီးပေါ့"
ဘမရ ငြိမ်နေသည်။
"ငါ ကူညီပေးခဲ့တာ အလဟဿ ဖြစ်ရတာပဲ"
"တောင်းပန်ပါတယ် နတ်မင်း"
"ကောင်းပြီ.. ရှိစေတော့"
မာရကြီးက ခေါင်းညိတ် ကွယ်ပျောက်သွား၏ ။ အကြံအစည်ရှိလျင် လက်မလျှော့တတ်သော မာရ၊ မမှန်သောစကားကို မဆို သို့သော် မာယာဖြင့် လှည့်ဖျားခြင်းအတတ်တွင် တစ်ဖက်ကမ်းခပ်သော ဒေဝပုတ္တ၊ နည်းပရိယာယ် ကြွယ်ဝ၍ သူတစ်ပါးတို့ စိတ်အကြံအစည်နှင့်တကွ အလုံးစုံကို သိမြင်သည်ဟု မိမိကိုယ်ကိုယ် ယူဆထားသည့် မာရ်နတ်မင်းပဲ။
ကာမဘုံသား မှန်သမျှ မိမိဘက်တော်သား ဖြစ်ရမည်ဟု အယူရှိသည့်အတိုင်း သာသနာတော်ကို သက်ဝင်ယုံကြည် ဆည်းကပ်နေသူ နတ်သမီးငယ်တစ်ပါးသည် သူ့အဖို့တော့ လွန်စွာ ခက်ခဲမည်မထင်။ ဗုဒ္ဓ၏ သာသနာနှင့် ပတ်သက်လာလျင် သူ့တွင် ရှုံးနိမ့်မှုပေါင်းများစွာမှ ရရှိသည့် ခါးသီးသော အတွေ့အကြုံကောင်းများ ရှိခဲ့၏ ။
ထို့ကြောင့် နောက်ပိုင်းကာလများ၌ သူသည် အားနည်းချက်ကို အသုံးချ၍ တစ်ချက်တည်း အညှာကိုင်နိုင်ရန်သာ ကြိုးစားတော့သည်။ ဦးစွာ သူလုပ်ရမည့် အလုပ်သည် ဖြစ်နိုင် မဖြစ်နိုင်ကို သုံးသပ်၏ ။ အကယ်စင်စစ် မဖြစ်နိုင်စေကာမူ သူကတော့ ကြိုးပမ်းကြည့်မည်သာတည်း။
သူ၏ သဘောမှာ လူ နတ် ဗြဟ္မာများသည် သူနှင့် အယူဝါဒ တူမျှလျက် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလျင် ပြီး၏ ။ သူ့တွင် ရန်သူမရှိ၊ ဝါသနာတူသူနှင့် သူ့အား ဆန့်ကျင်သူ ဟူ၍သာ ရှိသည်။ သူသည်လည်း ရန်လိုတတ်သူတစ်ဦး မဟုတ်ပေ။ သို့သော် ဗြဟ္မာမင်းများသို့တိုင် တက်ရောက် တိုက်ခိုက် ဒုက္ခပေးတတ်သူလည်း ဖြစ်ပြန်လေသည်။
ထိုသို့သော မာရ်နတ်ကြီးအတွက် အစောင့်နတ်မျိုးမှာ အသေးအဖွဲသာတည်း။ သူတစ်ချက် ကြည့်ရှုလိုက်သည်နှင့် ဤသူငယ်မသည်လည်း စေတမင်းကဲ့သို့ နှလုံးကြီးသူ ထိခိုက်လွယ်သူ ပျော့ညံ့သူတစ်ဦးပါလား ဟု သိလိုက်လေသည်။
ထို့ကြောင့် မိမိ၏ အားကြီးသော ကမ္မဝိပါကဇိဒ္ဓိ တန်ခိုးတို့ကို မသိမြင်စေဘဲ မထင်မရှားနတ်တစ်ပါးအသွင် ဖန်ဆင်း၍ ခင်ဖုန်း၏ တမာပင်ရိပ်နန်းသို့ လှမ်းခဲ့၏ ။ ခင်ဖုန်းသည်လည်း မထင်ရှားသော (မမြင်နိုင်သော) ကိုယ်ကို ဖြစ်စေလျက် ခရီးဦးကြိုပြု မေးမြန်းလေသည်။
"အဘယ် အကြောင်းကြောင့် ကြွမန်းလာပါသလဲ အရှင်နတ်သား"
"ငါလာရခြင်းက စေတနတ်ဘီလူးမင်းအတွက် စစ်မှန်သော ကြင်ရာတော်ကို ဆောင်ကြဉ်းရန်တည်း"
ခင်ဖုန်း အံ့သြသွားသည်။ စေတသည် အကြိမ်ကြိမ် အဖန်ဖန် ကြိုးစားခဲ့သော်လည်း ယခုတိုင် လက်မလျှော့သေးဘဲ နတ်လုလင်များကိုပင် စေလွှတ်နေပါလားဟု တွေးမိသောကြောင့် ဖြစ်သည်။ သို့သော်
"သည်းခံပါအရှင်၊ အကျွန် ခံစားခဲ့ရသည့် ဒုက္ခအဝဝကို အကျွန်သာ သိပါသည်။ လောက အနှောင်အဖွဲ့များထဲ နောင်တစ်ကြိမ် ပြန်လည်တိုးဝင်လိုခြင်း မရှိတော့ပါ။ ယခုဘဝ အခြေကိုလည်း နှစ်သက် ပျော်မွေ့နေပါသည် အသင်နတ်သား"
မာရ်နတ်သားက ကြီးစွာသော အပြုံးကို သိုဝှက်ကာ ညှိုးငယ်သော သဏ္ဍာန် ဟန်လုပ်လိုက်လေ၏ ။
"သင် ခံစားခဲ့ရသည့် ဒုက္ခတို့မှာ ဒုက္ခစင်စစ် မဟုတ်သေး။ သင်ယခု ခံစားနေရသည့် သုခတို့သည်လည်း အကယ်တန္တု ဒုက္ခသစ္စာသာ ဖြစ်သည် နတ်သမီး။
ချမ်းသာရခြင်းသည် ဒုက္ခ၏ အကြောင်းတရားသာ။ ထို့ကြောင့် သင်သည် မည်သည်ကိုမျှ မကြောက်ပါလင့်။ သင်၏ ကံကို ယုံကြည်ပါ။ သင်သည် စေတ နတ်ဘီလူးနှင့် ကံမကုန်သေး"
ခင်ဖုန်းမှာ မာရ်နတ်သား၏ စကားကို မငြင်းတတ်သော်လည်း မလိုက်လိုကြောင်း ဆိုနေ၍
"သင့်အတွက် လက်ျာဘီလူး မည်မျှ ခံစားခဲ့ရသည်ကို သိပါသလား"
ဟု မေးမြန်းလိုက်သည်။ ခင်ဖုန်းသည် အရူးတစ်ပိုင်း ဖြစ်သွားသော လက်ျာဘီလူး၏ ပုံရိပ်များကို မြင်ယောင်လာလေသည်။
"သင့်ကို စေတမင်းသား မည်မျှ မျှော်လင့် ကြိုးပမ်းခဲ့ရသည်ကိုရော သိသလား"

                ရောရုဝ အပြင်၌ စေတ လောင်ကျွမ်းနေသည့် မြင်ကွင်း၊ လဲပြိုသွားသည့် ဟန်၊ အလွန်အမင်း နာကျင်နေသည့် ကြားမှ သူ့အသံကို ကြားရ၍ တစ်ချက်ပြုံးသွားခြင်းကိုပါ ထင်ထင်ရှားရှား မြင်လိုက်သော ခင်ဖုန်း၏ ရင်ဝယ် ဝမ်းနည်းမှုများ ကြီးစိုးလာတော့သည်။

ကုန်းမြင့်ပေါ်ရှိ ကျယ်ဝန်းသော မြေကွက်လပ်၌ စေတီဖြူဖြူတစ်ဆူနှင့် ဇရပ်တစ်ဆောင် ရှိ၏ ။ ထိုဇရပ်အား တမာပင်တစ်ပင်က အုပ်မိုးထားပြီး လေအဝှေ့တွင် အရွက်များ တဖြောဖြော လှုပ်ယမ်းသွားကြသည်။ စေတီမှ ဆည်းလည်းသံ လွင်လွင်လည်း ကြားနေရသည်။

"ဘယ်လိုပဲ ဆိုကြပါစေ၊ အကျွန် သည်မှာပဲ ပျော်မွေ့နေပါပြီ။ ဘဝခြားခဲ့တာတွေကိုလည်း မတမ်းတလိုတော့ဘူး။ သာသနာတော်ကို စောင့်ရှောက်ရင်းပဲ နေသွားတော့မယ်လို့ ဆုံးဖြတ်ချက် ချထားပြီးပါပြီရှင်"
တမာပင်ကြီး၏ ခွဆုံမှ အမျိုးသမီးအသံ။ ဒေဝပုတ္တ (မာရ်နတ်ကြီး) က ခေါင်းကို ငြိမ့်ခနဲ လှုပ်သည်ဆိုရုံ လှုပ်လိုက်ကာ
"အာရုံဝင်စားစမ်းပါ သူငယ်မရယ်။ ကျုပ်ကို ယတိပြတ် မပြောခင် စိတ်ညွတ်နူးစေဖို့ ဒါတွေအရင် ကြည့်လိုက်ပါဦး"
တမာပင်ရှေ့ လေဟာနယ်ဝယ် ပုံရိပ်များ ပေါ်ပေါက်လာပြီး ပြက်ပြက်ထင်ထင် မြင်လာရသည်။ ခန့်ညားချောမောလှသော မင်းသားတစ်ဦး၊ နှာရောင်ဖြူနှင့် မြင်းနီကြီးတစ်ကောင်ပေါ်မှ ခပ်ပြုံးပြုံး ဆင်းလာပြီး
"ခုခံနေလို့လည်း အချည်းနှီးပါပဲ မင်းသမီးရယ်။ လာပါ၊ ကျုပ်လက်ကိုတွဲပြီး ရဲရဲ လိုက်ခဲ့ပါ"
ဟု လက်ကမ်းပေးလာသည်။
"အို"
မာရ်နတ်ကြီးက အောင်မြင်စွာ ပြုံး၏ ။
လုလင်သည် မင်းသမီး၏ လက်ကို တွဲ၍ မြင်းပေါ် တက်စေ၏ ။ ထို့နောက် မြင်းကြီးက ကောင်းကင်သို့ ထိုးတက်သွားပြီး လေစီးကြောင်းကို ခွာဖြင့်ယက်လျက် ညင်သာစွာ ပြေးလွှားနေတော့သည်။ တိမ်စိုင် တိမ်လိပ်ကြီးများသည် အနောက်တွင် ကျန်ခဲ့ပြီး ပြာလွင်သော နောက်ခံပြင်ဝယ် အဖြူရောင်တိမ်ခင်းပေါ်၌ မြင်းတစ်စီးနှင့် လူသားနှစ်ဦးတို့ တရိပ်ရိပ် ပြေးလွှားနေကြလေသည်။
"ကျွန်တော်မျိုးမ.."
စကားမဆက်နိုင်လောက်အောင် မြင်ကွင်းက ပြောင်းလဲသွား၏ ။ အယုဒ္ဓယ မြို့တော် အပြင်မှ ဘုရင့်နောင်မင်းတရား စေတီတော်ပါကလား။ စေတီရင်ပြင် တံတိုင်းမှ ကြည့်လျင် မှိုင်းညို့သော တောင်စဉ်အထပ်ထပ်ကို မှုန်ဝါးဝါး မြင်နေရသည်။ ငေးနေမိစဉ် အနောက်မှ သိမ်းဖက်လိုက်သည်ကို သိရပြီး ဦးခေါင်းဆံစများပေါ် ပါးပြင်အပ်လာသည်ကိုလည်း ခံစားမိရ၏ ။
"ဘယ်လောက် ချစ်စရာကောင်းလိုက်သလဲ ကွယ်တို့"
လရောင်အောက်မှာ ချစ်သူနှစ်ဦးတို့ ပုံရိပ်က တစ်ထပ်တည်း။ အယုဒ္ဓယ မြို့တော်ဆီ မျှော်ကြည့်မိသည်။ မီးရောင်တလက်လက်ဖြင့် မြို့ရိုးကြီးအပြင် မြို့တွင်း မြင်ကွင်းများကိုလည်း အမြင့်မှ မြင်ရသလို မြင်နေရခိုက် လက်တွင် တင်းခနဲ ဖြစ်သွား၏ ။ လှေကားမှ ဆင်းနေသော သူ့အား အနောက်မှ မင်းသားက ဖမ်းဆွဲထားလိုက်ပြီး ပွေ့ဖက် နမ်းရှုံ့လိုက်ခြင်းပေတည်း။
"အို"
ရှက်ရွံ့ ကြည်နူးသွားရစဉ် ခမ်းနားလှသော နန်းတော်ကြီးတစ်ဆောင်ထဲ ရောက်နေပြန်သည်။ မှန်စီရွှေချ တိုင်လုံးကြီးများ၊ ရွှေရောင် ပြိုးပြက်နေသော အမိုးအကာများ၊ အရောင်စုံ တောက်ပနေသော ဝန်ကြီး မှူးမတ် ဗိုလ်ပါများအလယ်၌ မင်းသားက ထည်ဝါစွာ ရပ်နေပြီး ရွှေပလ္လင်တော်ပေါ်မှ မင်းတရားကြီးနှင့် ဘေးဘက်ရှိ မယ်တော်ကြီး ခင်ယွန်စံတို့က ပြုံးတုံ့တုံ့ ကြည့်နေကြသည်။
"ငါမင်းဧကရာဇ် အမိန့်တော်၊ ကသည်းပြည်နှင့် ရွှေလမ်းဖောက်ရန် စန္ဒဝတီမင်းသမီးနှင့် ငါ၏သားတော်.."
မင်းတရားကြီး အသံကြောင့် တုန်လှုပ်သွားမိရာ မင်းသားက လက်ကို ဖျစ်ညှစ် အားပေးလိုက်၏ ။
"အရှေ့ဝင်းတော်မှူးမင်းသားတို့ စုံဖက်ကြစေ"
အမိန့်တော်ကြောင့် အားလုံးက လက်ခုပ်တီး ဂုဏ်ပြုလိုက်ကြသော်လည်း မလှုပ်မယှက် စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကိုတော့ သတိပြုမိလိုက်လေသည်။ မိမိနှင့် သက်တူရွယ်တူသာ ရှိဦးမည့် ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးငယ်တစ်ဦး။ မပြုံးမရယ်သော မျက်နှာဖြင့် ကြည့်နေရာ
"သူ.. သူက ဘယ်သူလဲ"
"သြော်.. အဲဒါ သူ့ရဲ့ မြောက်သားတော်ပါ"
"မြောက်သားတော်..?"

"အလောင်းမင်းတရားကြီးရဲ့ အပယ် (ချစ်လှစွာသော) သမီးတော်လေးလေ.. ပဒုမ္မဝတီတဲ့"


Written by သင်္ခရာဇာ
End date: February 2, 2022


ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...