Translate

Showing posts with label ကလဲ့စား. Show all posts
Showing posts with label ကလဲ့စား. Show all posts

ကလဲ့စား (၅)

 စည်ကား ဆူညံနေသော စျေးလမ်းမကြီးတစ်ခု။ အသံစာစာ အော်ဟစ် စျေးခေါ်နေသံများကြား၌ ခင်ဘုန်းတို့ အပျိုတော်တစ်စုသား ပျော်ဝင်နေ၏ ။ ခင်ဘုန်းက ဆိုင်ပေါ်တင်ထားသော ကြွက်မြီးရှည် အုန်းသီးခြောက်များနှင့် ဆိုင်ရှေ့မှ အုန်းသီးစိမ်းများ၊ အခွံခွာထားသည့် ခြင်းကြားထဲမှ အုန်းသီးဖြူဖြူများကို စိတ်ဝင်စားနေသည်။

အုန်းသီးဆံ စားချင်၍ ဝင်မေးနေသည့် ခင်ဘုန်းအား အခြားသူများက ရပ်စောင့်မနေကြ၊ ရှေ့နားရှိ အသီးအရွက်တောင်းများ ချထားကြသည့် စျေးသည်များထံ ရောက်သွားကြချိန်။ လူတစ်စုက လှည်းကြီးတစ်စီးကို ညာသံပေး၍ စျေးလယ်မှ တွန်းသွားကြသည်။ သူတို့ကြား၌ လက်ျာဘီလူးကို ခင်ဘုန်း တွေ့လိုက်ရ၏ ။
ရုတ်တရက်သော် မမှတ်မိ၊ မြင်ဖူးပါသည်ဟု ကြည့်နေရာမှ လက်ျာဘီလူးမှန်း သိသွားသည်။ သူသည် အလွန် ပိန်သွားပြီး အသားအရေ ညိုညစ်ညစ် ဖြစ်နေ၏ ။ လက်ျာဘီလူးအား သပ်ရပ်တောက်ပြောင်သော အဝတ်တန်ဆာများဖြင့်သာ မြင်ဖူးလေ့ရှိသော ခင်ဘုန်းမှာ ဖျင်အင်္ကျီ ဟပြဲနှင့် ဆံပင်ဖွာလန်ကြဲကာ ဖရိုဖရဲဖြစ်နေပုံကို မြင်လိုက်ရသောအခါ မယုံနိုင်သလို ဖြစ်သွားရင်းမှ ပြုံးပျော်ကျေနပ်သွားမိ၏ ။
"သင်း ငါ့သိက္ခာကို စော်ကားခဲ့လို့ သာမန်ရဲမက်ကလေး ဖြစ်နေရပြီပေါ့လေ .. ဟင်းဟင်း"
စိတ်ထဲ၌ တစ်ကိုယ်တည်း ပြောနေစဥ် ခင်ဘုန်းအား လိုက်ရှာနေသည့် လက်သုံးတော်ကလေး ရှင်သဲ ရောက်လာသည်။
"အရှင်မတို့ စျေးကို သွားကြတယ်လို့ အထိန်းတော်ကြီးက ပြောလို့ လိုက်လာတာ"
ရှင်သဲနောက် နောက်ယောင်ခံ လိုက်လာသော မိစောမွန်လည်း ရှင်သဲနှင့် တွေ့ဆုံ စကားပြောနေသည့် နန်းတွင်းသူကလေးအား မြင်ဖူးသလိုလို ရှိသည်ဟု တွေးနေလေသည်။ ဘေးတိုက် ခပ်လှမ်းလှမ်းမှ ဖြစ်နေ၍ သေချာ မမြင်ရ။ ထိုသူငယ်မကလေးကိုလည်း ရှင်သဲ၏ သခင်ဟု မထင်ချေ။
အားစိုက် ကြည့်ရှု နားစွင့်နေရသဖြင့် အခြားလမ်းမှ ထွက်သွားကြသော လှည်းတွန်းနေကြသူများကို ဂရုမပြုမိ။ ထို့ကြောင့် သိကျွမ်းရင်းနှီးဖူးသူများ ပါနေသည်ကို မိစောမွန် သတိမထားမိလိုက်ပေ။ လက်ျာဘီလူးတို့ လူသိုက်ကတော့ တိုင်လိုက် အော်လိုက်နှင့် လေးနစ်နေသော လှည်းကြီးအား တက်ညီလက်ညီ တွန်းရင်း ဝေးသွားပြီ ဖြစ်သည်။
မိစောမွန်သည် အပျိုတော်များ အပြန်ကို ချောင်းလိုက်သွား၏ ။ တစ်ချိန်က ဗိုလ်မှူး မင်းထင်နော်ရထာ မြို့စောင့်ရင်း နေခဲ့သော နှစ်ဆောင်ပြိုင်အိမ်ကြီးထဲ မင်းမိဖုရားများ စတည်းချနေကြရာသို့ အားလုံး ဝင်သွားကြသည်အထိ စောင့်ကြည့်နေသလို တစ်နေ့လုံးလည်း စိတ်ရှည်ရှည်ဖြင့် စောင့်သည်။ ညနေ ရှင်သဲ ပြန်ထွက်လာပြီး အိမ်ပြန်သွားသည်အထိ။
နှစ်ရက် သုံးရက် ကြာသည်အထိ ရှင်သဲသည် သွားလိုက် ပြန်လိုက်သာ ရှိနေပြီး အခြားသို့ ထွက်လည်သည် မရှိ။ စျေး၌ မြင်ခဲ့သော အပျိုတော်များကိုလည်း နောက်ထပ်မမြင်ရတော့။ မိစောမွန် စဥ်းစားရ ကြပ်နေသည်။ ရှင်သဲအား မည်သူ ခိုင်းသနည်း။ ဗိုလ်မင်း တပ်မင်းများထဲမှ အကောက်ကြံသလော၊ ဝန်တို၍ လုပ်ကြံလိုသလောဟုသာ တွေးနေရ၏ ။
တစ်ညတွင်တော့ ရှင်သဲအပြန် မှောင်ရီပျိုးစအချိန် လမ်းမှ စောင့်နေလိုက်သည်။ ရှင်သဲလည်း မိစောမွန်ကို မြင်လျင် လန့်အော်၏ ။ မိစောမွန်က ခြုံစောင်ထဲ ဝှက်ထားသည့် ဓားကို လှစ်ပြရင်း အနားကပ်သွားလေသည်။
"မအော်နဲ့၊ တစ်ချက်တည်း အသက်ပျောက်သွားမယ်။ ငါ ဘယ်သူလဲ သိတယ် မဟုတ်လား အမိ"
"သိပါတယ်ရှင်၊ မလုပ်လိုက်ပါနဲ့။ ရှိကြီးခိုးပါရဲ့"
"ဟုတ်ပြီ၊ ညည်းကို ခိုင်းတာ ဘယ်သူလဲလို့ ထုတ်​ဖော်ပြောပေတော့။ မပြောရင်တော့ ဒီနေရာမှာပဲ အသေထိုးသတ်ခဲ့တော့မယ်"
လူချင်းကပ်၍ တကယ် ထိုးမည့်ဟန် ပြရာ ရှင်သဲသည် မျက်ကလူးဆန်ပြာဖြစ်လျက်
"အောင်မယ်လေး.. မပြောပါရစေနဲ့။ ဓားနဲ့လည်း မထိုးပါနဲ့ရှင့်။ ကျွန်မ ကြောက်လို့ပါ"
အတော်ကြာသည်အထိ ငြင်းနေသေးသည်။ ခါးအသားထဲ စပါးလုံးတစ်ထောက်ခန့် စူးတော့မှ စန္ဒဝတီ ဟူသော အမည် ထွက်လာတော့သည်။ လုပ်ကြံရန် စေခိုင်းသူမှာ မိန်းမသား ဖြစ်နေသည့်အတွက် အံ့သြမိသော်လည်း ရှင်သဲကို လွှတ်ပေးလိုက်၏ ။
နောက်တစ်နေ့ အတွင်းတော် ဝင်ရသောအခါ ရှင်သဲက ကသည်းမင်းသမီးငယ်အား တိုးတိုးကြိတ်ကြိတ် ခေါ်ပြောလေသည်။ ခင်ဘုန်းလည်း အဘယ့်ကြောင့် သူ့အား သုတ်သင်သူ ဟူသည့် အမျိုးသမီးတစ်ဦးက လိုက်လံစုံစမ်းနေသည်ကို နားမလည်၊ လက်ျာဘီလူးနှင့် မည်သို့ ပတ်သက်နေမှန်းလည်း မသိ။ သူသိသည်မှာ လက်ျာဘီလူးအား ကြံလိုလျင် မြန်မြန် လက်စသတ်ရန် လိုသည်ဟုသာ တွေးမိလေသည်။
မယ်တော်ကြီး ခေါင်ဘုရား စန္ဒာဒေဝီ၏ အပါးတော်၌ ခစားရသော မင်းသမီးတစ်ဦးဖြစ်သည့် အားလျော်စွာ ခင်ဘုန်းသည် သုံးနိုင်သမျှသော အခွင့်အာဏာကို အသုံးချလျက် လက်ျာဘီလူးအား နည်းမျိုးစုံဖြင့် ကြုံလျင် ကြုံသလို ဒုက္ခပေးနေတော့၏ ။ ပဲခူးသို့ တက်ကြသောအခါ၌လည်း သူတို့ ဆုံမိကြပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်ကား လက်ျာဘီလူးအား ဒုက္ခရောက်စေရန် ကြံစည်ရင်း မည်သို့ ဖြစ်သွားသည်မသိ၊ သူကပင် ပြန်ကယ်လိုက်မိလေသည်။ သူ့ကြောင့် အားနည်း ပင်ပန်းကာ ရေနစ်သွားသော လက်ျာဘီလူး၏ မျက်လုံးအကြည့်ဒဏ်ကို မခံစားနိုင်ခဲ့။ မည်မျှ ပင်ပန်းနွမ်းနယ်နေသည်ဖြစ်စေ ထာဝစဥ် အပြုံးနှင့် ယှဥ်တွဲထားတတ်သော မျက်လုံးများသည် သူ့ကို မြင်လိုက်သည့် တစ်ခဏ အေးခဲမာကျောသွားကြောင်း တွေ့လိုက်ရသည်။
သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိချိန်မှာ လက်ဖျစ်တစ်တွက်သာသာ တစ်ဒင်္ဂလေးပဲဖြစ်၏ ။ သို့ရာတွင် မြင်မြင်ချင်း အရောင်ပြောင်းလျက် အမုန်းများဖြင့် စူးဝါးခက်ထန်သွားသည့် အကြည့်၌ လက်ျာဘီလူး၏ ဒေါသနှင့် မာန်မာနကို မြင်လိုက်ရသလို ရှိ၏ ။ လက်ျာဘီလူး၏ မုန်းတီးစက်ဆုပ်မှုကို ရရှိလိုက်ပြီဟု သိလိုက်ရသောအခါ ခင်ဘုန်း ထိတ်လန့်တုန်လှုပ်သွားမိသည်။
ချောင်းထဲမှ လက်ျာဘီလူးက ကြည့်နေရင်းပင် မျက်လုံးမမှိတ်ဘဲ ခေါင်းလည် နစ်မြုပ်သွားသည်။ ခင်ဘုန်းသည် သူ့ကိုယ်သူ မသိလိုက်ခင် ချောင်းစပ်သို့ ပြေးသွားမိ၏ ။ တစ်ချိန်က မြင်တွေ့ခဲ့ဖူးသော လူတစ်ယောက် ပြေးလာပြီး ချောင်းစပ်မှ လှေငယ်တစ်စင်းအား ကြိုးဖြည်နေသည်ကို တွေ့ရာ လုပ်မိလုပ်ရာ လှေကို ရေထဲ တွန်းချပြီး တက်လိုက်သည်။
ထို့နောက် ထူထူပူပူနှင့်ပင် လက်ျာဘီလူးအား ရေထဲမှ ဆွဲတင်ခဲ့ပြီး အရုပ်ကလေးတစ်ရုပ်လို ပခုံးပေါ် ထမ်းတင်ကာ ကုန်းပေါ် ပြေးတက်ခဲ့ရာ ရောက်လာကြသည့် စစ်သည်များအားလုံး အံ့သြကြရ၏ ။ နန်းတွင်းအဝတ်အစားနှင့် ကျားရဲမလေးသဏ္ဍာန် ဖြစ်နေသော ကောင်မလေးတစ်ယောက်က သူတို့တပ်မှူးအား စိုးရိမ်ပူပန်စွာ ထမ်းပြေးနေသည်ကို ငေးကြည့်နေကြသည်။
"ဟိတ်.. အဲသာ ဟိုကသည်းမကလေး မဟုတ်လား"
"ဟာ.. ဟုတ်တယ်၊ ကျားသစ်မလေးပဲ"
"ဘယ်လိုလုပ် သည်ကို ရောက်လာပါလိမ့်"
"ဘယ်က ပေါ်လာမှန်းမသိ တို့တပ်မှူးကို ငါတို့ထက် စိုးရိမ်သောက ရောက်နေတယ်... ကြည့်စမ်း"
မည်သူတွေ မည်သို့ဆိုဆို ခင်ဘုန်း မကြားချေ။ သူ့နားထဲ ကြားယောင်နေသည်မှာ "မင်းကို ကျုပ် သိပ်မုန်းတယ်၊ ဘယ်တော့မှ မကျေဘူး" ဟု ပြောနေသယောင်ရှိသော မျက်လုံးများ၏ စကားသံများသာ ဖြစ်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး" ဟု သူ့ဘာသာ ရေရွတ်ရင်း လက်ျာဘီလူးကို ပခုံးပေါ်မှ ချလျက် စေ့စေ့ကြည့်မိသည်။ မေ့မျောနေသော်လည်း လက်ျာဘီလူး၏ မျက်နှာမှာ ခက်ထန်တင်းမာလွန်းနေသည် ထင်ရ၏ ။
သူ့လူများက သူ့ကို သယ်သွားကြသည်အထိ ခင်ဘုန်း ခြေပစ်လက်ပစ် ထိုင်ရင်း ငေးကြောင်နေမိသည်။ "ကျွန်မ ဒီလိုဖြစ်ဖို့ ရည်ရွယ်တာ မဟုတ်ဘူး" "မလိုချင်ဘူး၊ အဲဒီအကြည့်တွေနဲ့ မကြည့်နဲ့" ဟု စိတ်ထဲဝယ် အော်ဟစ်နေမိသော်လည်း တကယ်တမ်းတွင် အသံထွက်မလာဘဲ နှုတ်ခမ်းများသည်သာ တလှုပ်လှုပ်။
မငိုတတ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၍ အေးစက်နေသော ပါးပြင်ကို ပွတ်ပစ်လိုက်ရန် မေ့လျော့နေမိသည်။ ဘယ်သူမှ မရှိတော့မှ ခွင့်မပြုဘဲ ကျဆင်းလာခဲ့ကြသည့် မျက်ရည်စက်များအား သုတ်ဖို့ သတိရလာသည်။ ရွှံ့အလူးလူး သဲအလိမ်းလိမ်း ပေကျံနေသော မိန်းမငယ်လေးတစ်ဦး ချောင်းစပ်၌ အသံကုန် အော်ပစ်လိုက်လေသည်။
(ဆက်ရန်...)    ကလဲ့စား  (၆)
Written by သင်္ခရာဇာ
End date: December 28, 2021

ကလဲ့စား (ဇာတ်သိမ်း)

     သူ့ရှေ့မှ အမျိုးသမီးသည် လက်ျာဘီလူးအတွက် အမှန်တကယ်ပင် ခံစားနေရကြောင်းကိုတော့ ခင်ဘုန်း သဘောပေါက်၏ ။ သွေးစို့လာသည်အထိ ဓားချွန်နှင့် ထိုးနေသည်ကို ခံရင်း မိန်းမပျို၏ ရင်ဖွင့်စကားများကို နားထောင်နေလိုက်သည်။
"နင်တို့ ကသည်းဒေသကို ချီတုန်းက..၊ အမြောက်ဆန် ထိထားတဲ့ ကလေးခြေထောက် ပိန်လှီမဲခြောက်လေးတစ်ဖက်ကို သူ တွေ့သွားတယ်။ လက်ထဲက မြင်းဇက်ကြိုး လွတ်ကျသွားပြီး မျက်နှာ မလွှဲနိုင်ဘဲ အကြာကြီး ကြည့်နေတာကို ငါ သတိထားမိခဲ့တယ်။ အဲဒီနေ့ကစပြီး ၃ ရက်လုံးလုံး မပေးမဖြစ်တဲ့ အမိန့်တွေကလွဲရင် ဘာစကားမှ မပြောတော့ဘူး။ လူတွေနဲ့လည်း မတွေ့တော့ဘူး။ ငါချစ်တဲ့ ကောင်လေးဟာ မမြင်ဖူးတဲ့ သူ့ရန်သူ ကလေးတစ်ယောက်အတွက် ဘယ်သူမှ မမြင်တဲ့ နေရာမှာ ကြိတ်ငိုနေခဲ့တယ်။ ပြောစမ်းပါ.. မင်းသမီး၊ နင် သတ်ချင်တဲ့ လက်ျာဘီလူးက လူကြမ်း လူသွမ်းတစ်ယောက်လား"
ခင်ဘုန်း ခေါင်းကို ယမ်းပြမိသလား၊ မျက်လုံးများဖြင့်သာ ငြင်းလိုက်မိသလား မသိ။ ဓားဦးချွန်ကတော့ အနည်းငယ် ခွာသွားသည်ကို သိလိုက်၏ ။
"အဲဒီကောင်လေးဟာ လူတွေရှေ့မှာ ကြမ်းတမ်းဟန် ဆောင်နေသလောက် ကွယ်ရာကျရင် ဝမ်းနည်းခံစားနေရတတ်တာ ငါအသိဆုံး။ ဘယ်လို သိလဲ မမေးနဲ့၊ လူတစ်ယောက်ကို ချောင်းမြောင်းရတဲ့ အလုပ်မှာ ငါ့လောက် ဘယ်သူမှ ပါရမီရှိမှာ မဟုတ်ဘူး။ သူ့ကို ဒုက္ခပေးဖို့ ကြံတဲ့ နင့်ကို စောင့်ကြည့်နေတာလည်း ၃ ရက်ရှိပြီ။ ပြောစမ်းပါဦး.. လက်ျာဘီလူးက နင့်အတွက် ဘာတွေကို ဘယ်လောက်တောင် နာကြဉ်းအောင် လုပ်ခဲ့မိလို့လဲ ဆိုတာ"
မိစောမွန်၏ မျက်လုံးများက သွေးအေးတည်ငြိမ်လွန်းနေသလောက် ဓားကိုင်ထားသော လက်များကမူ တုန်ယင်နေ၏ ။ ဒေါသအငွေ့များ ထွက်နေသည်ဟု ထင်ရသည်။ တကယ်တမ်း အေးဆေးစွာ ပြုံးလိုက်သူက ခင်ဘုန်း ဖြစ်သည်။
"ကျွန်မ သူနဲ့ ရှင်းစရာ ဘာကိစ္စမှ မရှိတော့ပါဘူး။ သူ့ကို လုပ်ကြံစရာလည်း မလိုတော့ဘူး။ ဟုတ်တယ်.. ကျွန်မ သူ့ကို နာကြည်းခဲ့တယ်။ အဆိပ်ခတ်ခဲ့တယ်။ ဒီလောက် ဒုက္ခပေးနေတဲ့ကြားက ကြံ့ကြံ့ခံပြီး ပြုံးနေနိုင်သေးတဲ့ သူ့ကို စိတ်ဆိုး ဒေါသထွက်တယ်။ ကျွန်မလုပ်မှန်း သိလို့ သူ့လူတွေကို ငါ့ကြောင့် မင်းတို့ပါ ရောခံနေရတာလို့ ပြောကြောင်း ပြန်ကြားတိုင်းလည်း အံ့သြတယ်၊ ဝမ်းနည်းတယ်။ သူ့ကို သတ်ဖို့ ကြိုးစားနေမှန်း သိလျက်နဲ့ အဖက်မလုပ်၊ မတုံ့မပြန်၊ ရှိတယ်တောင် မထင်တာကို ခံပြင်းရတယ်။ သူ ကျွန်မကို အသိတစ်ယောက်လိုလည်း မထင်ဘူး၊ ရန်သူလိုလည်း မသတ်မှတ်ဘူး။ လူရာမသွင်းသလို ပစ်ထားခဲ့တာ"
ပြောရင်း ခင်ဘုန်း အသံများ တုန်လာပြီး မောဟိုက်လာ၍ ခဏ နားနေရသည်။ ရေထဲ နစ်မသွားမီ တစ်လောကလုံးကို အေးခဲသွားစေလောက်သော အကြည့်တစ်ချက်ကိုလည်း မြင်ယောင်လာကာ လှိုက်ခနဲ ဝမ်းနည်းသွားပြန်သည်။
"အခုတော့ မလိုတော့ပါဘူး။ သူ တုံ့ပြန်လာမှာကိုလည်း မလိုချင်တော့ဘူး။ သူသေတာကိုလည်း စောင့်မကြည့်ချင်တော့ဘူး။ သူရဲ့ မုန်းတီးစက်ဆုပ်လှတဲ့ အကြည့်တွေကိုလည်း မမြင်ချင်တော့ဘူး။ သူနဲ့ ပတ်သက်တာ အားလုံးကို မေ့ပစ်လိုက်ချင်ပြီ။ မေ့ပစ်လိုက်ပါပြီ"
မျက်လုံးများ မှိတ်လျက် မျက်နှာမော့ထားကာ ခင်ဘုန်း ဆိုသည်။ သို့သော် အနက်ရောင် အမှောင်ထဲဝယ် နှုတ်ခမ်းတစ်ဖက်သာ တွန့်ရုံပြုံးလိုက်သော လက်ျာဘီလူးကို မြင်နေရ၏ ။ မကြာခင်ကမှ သူ့ရှေ့မှ မိန်းမပျို ပြုံးလိုက်သည်ကိုလည်း သတိရသဖြင့် မျက်လုံးများ ပြန်ဖွင့်ကြည့်လျက်
"ဒါပေမယ့် သူနဲ့ တူတဲ့ သူတစ်ယောက်ကို အခု ရှေ့မှာ ထပ်မြင်နေရတယ်။ လက်ျာဘီလူး ဆိုတဲ့ သူရဲကို မိန်းမသားအသွင်နဲ့ မြင်လိုက်ရသလိုပါပဲ။ ရှင်က ကျွန်မရဲ့ သေမင်း ဆိုလည်း သတ်လိုက်ပါ။ ကျွန်မ မကြောက်ဘူး။ ရှင်နဲ့ သူ ဘာတော်လဲ"
ဓားနှင့် ချိန်ထားသော မိစောမွန်ကို ခပ်တည်တည်ဖြင့် ပြန်မေးနေသေး၏ ။ အာဂ သူငယ်မလေးပါတကား။
"ငါက သူ့ရဲ့ အရိပ်ပဲ"
ထိုသို့ ပြောလိုက်ရသည်ကို မိစောမွန် ကျေနပ်သွားသော်လည်း ခင်ဘုန်းကတော့ ထပ်ပြုံးလိုက်သည်။ နှုတ်ခမ်းထောင့်စွန်းလေး တစ်ဖက်သာ တွန့်သည်ဆိုရုံ ကွေးလိုက်သော အပြုံးမျိုး။ သူလည်း ထိုသို့ ပြုံးတတ်ခဲ့ပါပြီ။
"တကယ်တော့ မတူပါဘူး၊ တခြားစီပါ"
"ဘာ"
"လက်ျာဘီလူးက ကျွန်မကို ဒေါသ မထွက်ဘူး၊ ရှင်က ဒေါသတွေ တလူလူ ထွက်နေတယ်။ သူက လက်တုံ့ဖို့ လုံးဝ မစဉ်းစားဘူး။ ရှင်က အပန်းတကြီး ချောင်းမြောင်းနေရတယ်။ သူက ရှင့်လို မလုပ်တတ်ဘူး။ ယောက်ျားပီပီသသ နေသလို ရှင်ကလည်း မိန်းမလိုပဲ နေတယ်လေ"
မိစောမွန်၏ ဓားကိုင်ထားသောလက်က ဖျတ်ခနဲ နောက်သို့ ကွေးသွားပြီး လျှပ်တစ်ပြက်အတွင်း ရိပ်ခနဲ ခင်ဘုန်းထံ တိုးဝင်လာသည်။ မျက်နှာကို စေ့စေ့ ကြည့်နေသော ခင်ဘုန်းက မိစောမွန် လှုပ်ရှားလိုက်သည်နှင့် ချက်ချင်း ရှေ့သို့ တိုးရှောင်လိုက်ကာ သူ မြင်ထားသည့် မိစောမွန်၏ ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်လေသည်။
မိစောမွန် နောက်သို့ ခုန်လိုက်သော်လည်း ဝှက်ယူလာသော ဓားမှာ ခင်ဘုန်းလက်ထဲ ပါသွား၏ ။ အတိုက်အခိုက် ကျင်လည်သူဖြစ်မှန်း ရိပ်မိသွားပြီး သတိထား ချည်းကပ်လာသည်။ ထို့နောက် လျင်မြန်စွာ တရစပ် တိုက်ခိုက်တော့သည်။
"ဝှစ်" "ဝှစ်" "ချွမ်"
ခင်ဘုန်းကလည်း သွက်ပါသည်။ မိစောမွန် ထိုးသမျှ ရှောင်နိုင် ကာနိုင်၏ ။ ဓားသွားများက
ခန္ဓာနှစ်ခုပေါ် ပွတ်ကာသီကာ ယှက်သန်း ပျံဝဲနေကြ၏ ။ ကသည်းမင်းသမီးက ခပ်ကြမ်းကြမ်း အားပါပါ၊ မိစောမွန်က လျင်လျင်သွက်သွက် ဖြတ်လတ်စွာ။ သူတို့ နှစ်ဦး တိုက်ခိုက်၍ များမကြာမီပင် ထိုနေရာသို့ မီးတုတ်များနှင့် ရဲမက်အချို့ ပြေးလာကြသည်။
"ဟိုမှာ ဟိုမှာ" "တိုက်ကုန်ပြီ" "မလွတ်စေနဲ့ဟေ့"
အခြေအနေ မဟန်၍ မိစောမွန် ရှောင်ပြေးမည် ကြံရာ ခင်ဘုန်းက ကိုင်ထားသော ဓားဖြင့် လှမ်းပေါက်၏ ။ မိစောမွန်က ရှောင်ပြီး ဓားကို ဖမ်းထားလိုက်သည်။ ထိုအခါမှ ဤမိန်းမပျိုသည်လည်း လက်ျာဘီလူး၏ တပ်မှ ဖြစ်လိမ့်မည်ဟု ခင်ဘုန်း သဘောပေါက်မိလေသည်။
🔲
ကသည်းမင်းသမီး လုပ်ကြံခံရသည် ဆိုသော သတင်းသည် သွေးသောက်ငစံထံသို့လည်း ရောက်လာသည်။ သူ စိတ်ရှုပ်သွားမိ၏ ။ သူသည်ယခုအချိန်၌ အားနည်းနေပြီး မနေ့ကပင် ဆန်အိတ်တစ်အိတ်ကို ထမ်းလာရင်းမှ ဆက်လက်မလျှောက်နိုင်တော့ဘဲ မလဲပြိုစေရန် အကြာကြီး ရပ်နေခဲ့ရသည်။ အခြားသူများ မြင်၍ လာကူကြသော အချိန်၌ အားကုန်ကာ သတိလစ် လဲကျသွားသေးသည်။
ဤသို့သော အခြေအနေဖြင့် မိမိနှင့် ပတ်သက်နေသော အမှုတစ်ခုကို ဖြေရှင်းပေးနိုင်လိမ့်မည်မဟုတ်။ ကသည်းမင်းသမီးငယ်အား လုပ်ကြံလာသည် ဆိုသည့် သုတ်သင်သူ မှာလည်း အလွန်သန်စွမ်းမောက်မာသည်ဟု ကြားရသည်။ မိမိအတွက် မခံရပ်နိုင်သော မည်သူက ငှားရမ်းသည် ဖြစ်စေ သုတ်သင်သူသည် မအောင်မြင်သမျှ ကာလပတ်လုံး လက်လျှော့လိမ့်မည် မထင်ပေ။
သူ့အား ငှားရမ်းခိုင်းစေသူကို ဖော်ထုတ်၍ တားမြစ်ရန်သာ အကောင်းဆုံးနည်း ဖြစ်နေသည်။ သို့သော် သုတ်သင်သူကို မမိလျင် မည်သူခိုင်းစေကြောင်း သိရန်မှာ ခက်ခဲလှချေ၏ ။ သူနှင့် နီးစပ်သူ၊ သူ့အား ခင်မင်လေးစားကြသူ၊ ပတ်သက်ခဲ့ဖူးသူများ အားလုံးကို တတ်နိုင်သမျှ လိုက်မေးရန်သာ ရှိတော့သည်။
လက်ျာဘီလူးနှင့် ဘီလူးတပ်သားဟောင်းများ လူခွဲ၍ မေးမြန်းစုံစမ်းကြသော်လည်း မည်သူ့စနက်ဖြစ်မှန်း မသိရ၊ ဤအရာ၌ မိစောမွန်သာ ရှိပါမူ အလွန် အကူအညီရမည်ဟု တမ်းတလိုက်မိသေးသည်။ သို့သော် ရွာပြန်သွားသည်ဟု သိရပြီးနောက်ပိုင်း လုံးဝ အစပျောက်သွားသဖြင့် သူ့ရွာ၌ အခြေကျနေပြီဟုသာ ယူဆရသည်။
ခင်ဘုန်း လုပ်ကြံခံရပြီးနောက် တစ်ပတ်ပြည့်မြောက်သော နေ့၌ ခင်ဘုန်းနှင့် မောင်းမအချို့သည် နေပြည်တော်သို့ ပြန်ရန် လက်ဆောင်ပစ္စည်းများ၊ အမှတ်တရ အသုံးအဆောင်များ ဝယ်ယူရန် ရဲမက်အများ ခြံရံလျက် စျေးသို့ ထွက်လာကြပြန်သည်။ တစ်ပတ်လုံး စောင့်နေရသော မိစောမွန်လည်း အခွင့်သင့်သည်နှင့် အချိန်မဆွဲတော့ဘဲ ဖြစ်သလို အသေသတ်မည်ဟု နောက်ယောင်ခံ လိုက်ခဲ့၏ ။
စျေးထဲ၌ ရုပ်ဖျက်၍ တိုးကပ်သွားသော်လည်း အခွင့်မသာဘဲ မောင်းမတစ်ဦး ကာနေသဖြင့် အနောက်မှ စောင့်ဆိုင်းနေစဉ် ရဲမက်တစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်။ မသိကျိုးကျွံပြုကာ ထွက်လာသည်ကိုပင် လိုက်ကြည့်နေသေးသည်။ စျေးထဲ၌ လုပ်ကြံမည့် အစီအစဉ်ကို လက်လျှော့ပြီး လူပြတ်သော နေရာရောက်မှ အလစ်ချောင်းလျက် အတင်းဝင်သတ်မည်ဟု တွေးကာ ပြန်လှည့်လာစဉ်
"အစော"
"ဟင်"
မိစောမွန် တုန်လှုပ်သွား၏ ။ တိုးညင်းသော်လည်း အသံသြဇာနှင့် ပြည့်စုံသော အသံ၊ ရင်ကို ကိုင်လှုပ်နိုင်စွမ်းရှိသော သူ၏ ခေါ်သံ။ သူ့နောက်မှ ထွက်လာသည့် အသံရှင်သည် အခြားသူမဟုတ်၊ လက်ျာဘီလူးပင် ဖြစ်ကြောင်း အတပ်သိလိုက်သည်။ သို့သော် လှည့်ကြည့်လိုက်သောအခါတွင် မတူခြားနားသော လူတစ်ယောက်ကို မြင်ရ၏ ။
"မောင်ကြီး"
မိစောမွန်က ကြုံလှီလှသော လက်ျာဘီလူးကို ပြေးဖက်လိုက်သည်။ တင်းကြပ်လှသောကြောင့် လက်ျာဘီလူးမှာ သူ့ကို ပြန်မှီထားရ၏ ။ ခါးကြားမှ ဓားနှစ်လက်ကို စမ်းမိသွားသည့် လက်ျာဘီလူးက
"လွှတ်ပါဦး အစောရယ်၊ မောင်ကြီးကိုပါ သတ်မလို့လား"
ဟု အရွှန်းဖောက်လိုက်မှ လူချင်း ခွာသွားသည်။
"မောင်ကြီး ဘယ်လို ရောက်လာတာလဲ"
"ဒီလိုပဲ ရောက်လာရတာပေါ့"
"အခု ဘယ်ကို ရောက်နေသလဲ ဟင်"
"ဒီကို ရောက်နေပြီလေ"
"ဟင်း.. လုပ်ပြီ"
သူနှင့်ဆုံတိုင်း လက်ျာဘီလူး စနောက်ပြောတတ်သည့် ဟန်မို့ မိစောမွန် လွမ်းလွမ်းဆွေးဆွေးနှင့်ပင် မျက်စောင်းထိုးမိ၏ ။
"ပိန်သွားလိုက်တာ ကောင်လေးရယ်"
"ဟင်.. ဘယ်လို"
"အစောက မောင်ကြီးထက် လပိုင်းလေး ကြီးသလားလို့လေ၊ ဒါ့ကြောင့် ပြန်နောက်တာ"
"သြော်.. သြော်၊ ဗိုလ်မင်းကြီး မဟုတ်တော့တာနဲ့ အရိုသေတန်ပြီး ကောင်လေး လို့ ခေါ်တယ်လား"
မိစောမွန်က လက်ျာဘီလူးကို ချောင်းစပ်ဆီ တွဲခေါ်လာ၏ ။
"မောင်ကြီး တစ်ယောက်တည်းလား"
"ငကံတို့ ပါသေးတယ်၊ စျေးထဲမှာ ကျန်ခဲ့တယ်"
"သြော်.. ဒါဆို မောင်ကြီး လာတာ.."
မိစောမွန်မျက်လုံးများ အရောင်တစ်မျိုး ပြောင်းသွားသည်။ လက်ျာဘီလူး ရိပ်မိ၍
"အစောကို လာရှာတာတော့ မဟုတ်ပါဘူး။ ရှာတော့ ရှာနေခဲ့တာပဲ။ ခုလို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ရွာပြန်သွားတယ်လို့ပဲ သိထားတာ"
"ဟိုကောင်မလေးအတွက် လိုက်လာခဲ့တာပေါ့"
မိစောမွန် စိတ်ကောက်ချင်နေပြီ။ လက်ျာဘီလူးက သူ့ခေါင်းပေါ် လက်တင်လိုက်ကာ
"မောင်ကြီးအတွက်နဲ့ မဖြစ်သင့်တာ မဖြစ်ကြရအောင်ပါ"
"မဖြစ်သင့်တာ ဆိုတာ သူ့ကို မသေစေချင်တာ မဟုတ်လား"
"ဟာ.. ဒီကောင်မလေး လာချွဲနေတာပဲ"
လက်ျာဘီလူး အော်၍ သူ့လက်မောင်းတစ်ဖက်ကို ကိုင်ထားဆဲဖြစ်သော မိစောမွန်လက်ကို ဆွဲဖယ်လိုက်၏ ။ မိစောမွန်က သူ့ခါးကို သိုင်းဖက်ကာ သူ့ရင်ထဲ မှီဝင်လာသဖြင့်
"ခုနတုန်းကတော့ လူသတ်သမားကြီးဆို"
ဟု နောက်လိုက်ပြန်သည်။
"ဟုတ်တယ်၊ မောင်ကြီးအတွက်ဆို ဘယ်သူ့ကိုမဆို သတ်ဝံ့တဲ့ လူသတ်သမားရှင့်"
"မောင်ကြီးက နှမကို အဲဒီလို လုပ်စေချင်မယ်လို့ ထင်လား ဟင်"
မိစောမွန် မော့ကြည့်သည်။ မျက်လုံးများ တလက်လက်။
"အစောကို ကြေးစား သုတ်သင်သူ ဖြစ်စေချင်မယ် လို့ရော ထင်လို့လား"
သူ့ကိုယ်မှ ခွာ၍ မတ်မတ်ထိုင်လျက် ဖြေသည်။
"အစော ကျွမ်းကျင်တာ ဒါပဲရှိတာပါ။ တကယ်တမ်း မိစော ဟင်းမချက်တတ်ပါဘူး။ အိမ်အကူလည်း မလုပ်တတ်ပါဘူး။ တိုက်ခိုက်နည်းနဲ့ ချောင်းမြောင်းသတ်ဖြတ်နည်းတွေပဲ တစ်ဘဝလုံး သင်လာခဲ့ရတဲ့ ကျွန်မိန်းကလေးတစ်ယောက်မို့ ဒီလိုပဲ ဖြစ်လာရတယ်။ မောင်ကြီးကလည်း အစောကို စွန့်ပစ်လိုက်တယ်လေ"
"မဟုတ်ပါဘူးကွယ်၊ အစောအတွက် ပြောခဲ့တာပါ"
"အခုရော သူ့အတွက် ပြောပေးဦးမလို့မဟုတ်လား"
"မဟုတ်ဘူး၊ မောင်ကြီးနဲ့ အစောအတွက်ပဲ ပြောမှာ"
"ဒါဆို ပြော"
"အဲဒီ ကသည်းမင်းသမီးလေးက အကြောင်းစုံကို မသိရလို့ အထင်လွဲပြီး မောင်ကြီးကို စိတ်နာနေတာပါ။ သူ့ကို အပြစ်တင်တွက် မရှိပါဘူး။ သူ့အပေါ် စိတ်ဆိုးစရာမရှိ၊ အခု အစောလိုပဲ သူ့ဘဝ သူ့ဗီဇအရ ဆိုးနေတာကို မောင်ကြီးက အပြစ်ယူသင့်သလား"
မိစောမွန် ဖြေမည်ပြုပြီးမှ အစောလိုပဲ ဆိုသည့် ပါဒစကားကြောင့် နှုတ်ဆွံ့သွားရသည်။ ကသည်းမင်းသမီးကို အပြစ်တင်သင့်သည်ဆိုလျင် မိမိသည်လည်း အပြစ်တင်သင့်သူပင် ဖြစ်သွားမည် မဟုတ်လား။
"အစောကရော အကြောင်းစုံ မသိဘဲ လူတစ်ယောက်ကို အလဟဿ စီရင်သင့်သလား"
လက်ျာဘီလူးစိတ်ထားကို ပြန်ကြားလိုက်ရသဖြင့် မိစောမွန် ခေါင်းခါပြလိုက်သည်။ သက်ပြင်းနှင့်အတူ တင်းထားသော စိတ်များ ပြေလျော့ကျသွားကြသည်။
"သူ့ကို မောင်ကြီးတို့က ကျူးကျော်နှိမ်နင်း သိမ်းယူလာတာ၊ အရပ်တစ်ပါးဆီ ခေါ်လာပြီး စော်ကားရိုင်းပျခဲ့တာ။ သူ မခံနိုင်လို့ တုံ့ပြန်တော့ အသတ်ခံရမယ် ဆိုရင် မောင်ကြီးတို့ဟာ သူတို့ ကသည်းတွေထက် ပိုရက်စက် ကြမ်းကြုတ်တဲ့ အရိုင်းအစိုင်းတွေ ဖြစ်သွားပြီ"
"မောင်ကြီးကို ဒီလို ဖြစ်စေချင်တာ မဟုတ်ပါဘူး၊ မောင်ကြီးအတွက် မခံနိုင်လို့ပါ"
"မလိုပါဘူးကွယ်၊ ကလဲ့စား ချေတယ် ဆိုတာ ခွင့်မလွှတ်နိုင်စရာ အပြစ်ရှိမှပါ။ သူက ရိုးသားဖြူစင်တဲ့ တောတွင်းသူ အရိုင်းလေးမို့ မောင်ကြီးတို့က သဘောထားကြီးသင့်တယ်။ အစောကိုလည်း ဒီလိုဘဝမျိုး မဖြစ်စေချင်ဘူး။ မောင်ကြီး တတ်နိုင်သမျှ ပြန်ကာကွယ်ပေးပါ့မယ်"
မိစောမွန် လက်ျာဘီလူးကို လှည့်ကြည့်သည်။ ကြာမြင့်စွာ ကြည့်၏ ။ အကြာကြီး ဖြစ်သည်။ ထို့နောက် ခေါင်းယမ်းပြသည်။
"မောင်ကြီးနောက် ပြန်လိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ မိသွားခဲ့ရင် အစောအပြစ်တွေက အသက်ကြွင်းဖို့ မရှိတာ မောင်ကြီးလည်း သိပါတယ်။ အစောအတွက်နဲ့ မောင်ကြီး ထပ်နစ်နာမယ်ဆို သေလိုက်တာကမှ ကောင်းဦးမယ်"
လက်ျာဘီလူး တစ်စုံတစ်ရာ ပြန်မပြောနိုင်ခင် အစောက လျင်လျင်မြန်မြန်ပင် သူ့မျက်နှာဆီ တိုးကပ်လိုက်သည်။ အကြာကြီးဖြစ်သည်။ တစ်သက်စာအနမ်းဖြင့် နှုတ်ဆက်သွားသည့် မွန်တိုက်ခိုက်ရေးသမလေး မိစောမွန်တစ်ယောက် သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ လက်ျာဘီလူး မင်သက်နေရင်း မလှုပ်မိ။

Written by သင်္ခရာဇာ
End date: December 28, 2021

ကလဲ့စား (၆)

"ဟိုကလေးမ ကွာ.."
ချောင်းတဟွတ်ဟွတ် ဆိုးနေရင်းမှ အားယူပြောလိုက်သည့် စကား။ အနားရှိ ရဲဘော်များက သူ့ကို ပြုစုရင်း ငြိမ်နေကြသည်။ သူရိန်က နဖူးပေါ်မှ ရေစိုဝတ်ကို ယူ၍ ရေစိမ်ကာ ညှစ်လိုက်ရင်း
"ဘာဖြစ်လို့လဲ တပ်မှူး"
လက်ျာဘီလူး စကားမဆက်၊ မကျေမနပ် ဖြစ်နေမှန်းတော့ သိသာသည်။ သူတို့တပ်မှူး၏ ဟန်မဆောင်တတ်သည့် မျက်နှာကို ကြည့်ပြီး အချို့က ပြုံးကြသည်။ အတန်ကြာ အားယူပြီးမှ လက်ျာဘီလူးက သူ့စကားကို ဆက်၏ ။
"......... လွန်လွန်းတယ်"
ငသူရိန်ပါ တစ်ဖက်လှည့်ရင်း ပြုံးဖြစ်သွားသည်။ "ဒါပဲလား" ဟု မေးချင်သော်လည်း မမေးမိ။ မေးလည်း ပြောမည့်သူ မဟုတ်ပြီ။ သူ အပြစ်တင်သမျှမှာ ထိုလောက်သာ ဖြစ်လေသည်။
"ဘာလဲ၊ တပ်မှူးကို အကြိမ်ကြိမ် ဒုက္ခပေးဖို့ ကြိုးစားလို့လား"
"မင်းတို့ကိုပါ အများကြီး ပေးခဲ့လို့"
ဟု ပြောရင်း ပြန်မှိန်းသွားသည်။ အားမရှိသော်လည်း ဖြူဖျော့မနေဘဲ ဒေါသရောင် နီမြန်းနေသော မျက်နှာကြောင့် သူတို့ အားတက်ကြရ၏ ။ တပ်မှူး၌ အားအင်နှင့် မာန်များ ရှိနေသေးကြောင်း သိသာစေသောကြောင့် ဖြစ်သည်။ ဆေးကြိတ်နေသည့် ငကံက တစ်ခုခု ပြောမည် ပြင်ပြီးမှ စကားကို လွှဲပြောသည်။
"နောက်ဆိုရင်တော့ လုပ်တော့မှာ မဟုတ်ဘူး လို့ မျှော်လင့်ရတာပဲ"
လက်ျာဘီလူး ကြားသော်လည်း မျက်လုံးပြန်ပွင့်မလာတော့။ ဆေးကြိတ်ပြီး၍ တိုက်သောအခါ ပါးစပ်ဟပေးသည်။ ခါးသက်လှသော အရသာကြောင့် မျက်မှောင်တစ်ချက် ရှုံ့သွား၏ ။ ထို့နောက် အားယူထရာ ငကံတို့က တွဲထူပေးလိုက်ကြသည်။ သူ၏ လက်များသည် ပူခြစ်နေပြီး လူကလည်း ယိုင်တိုင်တိုင်။ သို့သော် မူးရိပ်မူးရီဖြင့်ပင် ထသွားသည်။
"အဖျားရှိရင် မထနဲ့ဦးလေ၊ ဘာလုပ်ချင်လို့လဲ ကျုပ်တို့ကို ပြောပါ တပ်မှူး"
သူက အပြင်ရောက်မှ
"ရပါတယ်၊ မင်းတို့ သတင်းရော ပို့ပြီးပြီလား"
"လူလွှတ် ပို့လိုက်ပါပြီ"
"ဒါနဲ့ ဦးတွန် ဘယ်ရောက်နေတယ် တဲ့လဲ"
"မင်းကြီးလည်း ပဲခူးချောင်းဘက် ရောက်နေတယ် ကြားပါတယ်"
"ငါ သူ့ကို စာပို့လိုက်ချင်တယ်၊ မယ်မယ်ကြီးဆီ ဝင်တွေ့ဖို့"
အပြင်ထွက်လိုက်လာသည့် သူရိန်က
"နန်းမတော်ကြီးဆီ တပ်မှူးကိုယ်တိုင် သွားပြီး အဖူးအမြော် မဝင်တော့ဘူးလား"
လက်ျာဘီလူး တွေသွား၏ ။
"မဝင်တော့ပါဘူးကွာ"
ထရံကို မှီထားရင်းမှ
"ငါက အရှေ့ဝင်းမှူးလည်း မဟုတ်တော့ဘူးလေ"
"မယ်တော်ကြီးဘုရားကတော့ တပ်မှူးကို သံယောဇဉ် ရှိရှာသား၊ ထောင်ထဲထိတောင် ဝင်တွေ့တော်မူတယ်နော်"
"အခုက ငါ အခစားဝင်ချင်တောင် ဝင်လို့ မရတော့ဘူး ငသူရိန်"
သူရိန် ငြိမ်သွားရသည်။ လက်ျာဘီလူးကတော့ ယမ်းအိတ်များ သယ်ချနေကြသည့် ယာယီယမ်းတိုက်ဘက်သို့ လျှောက်သွားလေသည်။ တပ်ရေးဗိုလ် နန္ဒသီရိကျော်သူက ယခင်တစ်ခေါက် ဟံသာဝတီအား မလုပ်ကြံမီ အင်္ဂလိပ်တို့ထံမှ ဝယ်ယူထားခဲ့ပြီး ယခုမှ ရောက်လာသည့် ယမ်းအိတ်များအား ဂရုတစိုက် သယ်ယူကြရန် ကွပ်ကဲနေသည်။
"ကျွန်တော် ဘာလုပ်ရဦးမလဲ"
"ဟာ.. သွေးသောက်၊ နေ.. နေ.. ရတယ်။ အဲ.. ဟိုအရိပ်ထဲမှာ ထိုင်ပြီး တာလီမှတ်ပေးဗျာ"
သူ မခိုင်းလျင် အခြားအလုပ်တစ်ခု သွားလုပ်နေမည်ကို စိုးရိမ်၍ ဗိုလ်နန္ဒက လက်ျာဘီလူးအား သက်သာမည့် အလုပ် ပေးထားခဲ့ပြီး အမြောက်တပ်ဘက် ထွက်သွားလေ၏ ။
🔲
ရှင်သဲ ပေါ်မလာသည်မှာ သုံးရက်ရှိပြီဖြစ်၍ အပျိုတော်သား အခြားသူများထက် စန္ဒဝတီက ပိုမိုစိုးရိမ်နေမိသည်။ သုတ်သင်သူအကြောင်း ပြောပြီး နောက်တစ်ရက်သာ မယ်တော်ကြီးထံ အခစားဝင်နိုင်ပြီး လုံးဝ ပေါ်မလာတော့။ ရှင်သဲ တစ်ခုခု ဖြစ်နေပြီဟု ထင်မိသဖြင့် ညနေ၌ မယ်မယ်ဘုရားထံ ခွင့်ပန်ကြည့်ရာ အသာတကြည်ပင် လွှတ်တော်မူသည်။
ထို့ကြောင့် ရှင်သဲ နေထိုင်သည် ဆိုသော အရပ်သို့ မေးစမ်း လိုက်ခဲ့၏ ။ ရှင်သဲနေအိမ်အား အလွယ်တကူ ရှာတွေ့သော်လည်း မိဘနှစ်ပါးမှာ သမီးဖြစ်သူ ပျောက်နေသဖြင့် သောကမီးတောက် လောင်မြိုက်ပူလောင်နေကြကြောင်း တွေ့ရလေသည်။ ခင်ဘုန်းကတော့ သုတ်သင်သူ ဟူသည့် အမျိုးသမီးလက်ချက် ဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။
ရှင်သဲပြောခဲ့သည့် တာမွေဘက်သို့ သွားရောက်စုံစမ်းမည်ဟု ထွက်ခဲ့ရာ အရိပ်တစ်ခု ကပ်ပါလာသည်ကို သတိမထားမိပေ။ သူ့နောက် လိုက်နေသည့် အရိပ်သည် အလွန်လျင်မြန်၏ ။ ပေါ့ပါး သွက်လက်လှပြီး မျောက်တစ်ကောင်ကဲ့သို့ သစ်ပင်တက်ခြင်း အပင်ကူးခြင်းများ ပြုနိုင်သူ ဖြစ်သည်။
အသက်အသံလည်း လုံးဝ မကြားရသလောက်ပင် ရှိနေရာ ခင်ဘုန်း သတိမထားမိဘဲ လူပြတ်သည့် တောတန်း လှည်းလမ်းကလေးတစ်ခုသို့ ရောက်လာခဲ့သည်။ အပင်ကြီးများလည်း မရှိတော့သဖြင့် နောက်မှအရိပ်က ချုံနွယ်ပေါင်းပင်များကို ခိုကွယ် လိုက်ပါလာသည်။
အလွန် လူပြတ်သည်မို့ တစ်ယောက်တည်း လာခဲ့မိသည်ကို ခင်ဘုန်း နောင်တရချင်သလို ဖြစ်လာ၏ ။ မကြောက်တတ်သော်လည်း မိန်းမသားတစ်ဦးတည်း မသင့်တော်သည်ကတော့ အမှန်။ ထိုစဉ် ကျောမလုံသကဲ့သို့ ခံစားရသဖြင့် အမှတ်မထင် လှည့်ကြည့်လိုက်မိသည်။ သူ့နောက်ဝယ် ကြောက်စရာကောင်းသော အဆင်းသဏ္ဍာန်တစ်ခုကို မြင်လိုက်ရ၍ ကြက်သီးတဖြန်းဖြန်း ထသွားရ၏ ။
တစ္ဆတေစ်ကောင်၊ သို့မဟုတ် သူရူးတစ်ယောက်နှင့် တူသော စုတ်စုတ်ပြတ်ပြတ် မိန်းမပုံရိပ်တစ်ခုက ဓားတစ်လက်ကိုင်လျက် ရပ်နေသည်။ ခပ်ကုန်းကုန်း အနေအထားမှ ကိုယ်ကို တဖြည်းဖြည်း ဆန့်မတ်လာရာ ဖရိုဖရဲ ဆံပင်များ လေနှင့်အတူ လှုပ်ခတ်နေပုံက လန့်ထိတ်စရာ။ အဖာပရပွနှင့် အင်္ကျီဖားဖားက လေအဝှေ့တွင် လွင့်လူးသွားတတ်သေးသည်။ မှောင်နေသောကြောင့် မျက်နှာကို မမြင်ရဘဲ မည်းနေ၏ ။
ယင်းပုံရိပ်က တရွေ့ရွေ့ တိုးကပ်လာပြီး ပီပြင်လာသည်။ နှစ်ဆယ်ဝန်းကျင်သာ ရှိဦးမည့် မိန်းမပျိုတစ်ဦး၏ သွယ်လျသော မျက်နှာ၊ ပြတ်သားတည်ငြိမ်သော မျက်လုံးများ၊ ရက်စက်တတ်မည့် နှုတ်ခမ်းပါးများနှင့် ဖြူဖြူဖျော့ဖျော့ အသားအရေတို့က ၄သည် သုတ်သင်သူဟူသော လူသတ်သမား ဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောစရာမလိုဘဲ သိသာနေစေ၏ ။
"ရှင်ကိုး.. ဘာလိုချင်လို့လဲ"
သတ္တိမငယ်သော ကသည်းမင်းသမီးက ခပ်တည်တည်ဖြင့် ရင်ဆိုင် စကားဆိုရာ သူရူးတစ်ယောက်ကဲ့သို့ ပုံဟန်သွင်ပြင်ရှိသော အမျိုးသမီးသည် မြန်မြန်ဆန်ဆန်ပင် လျှောက်လာပြီး သူ၏လက်ထဲမှ မတိုမရှည် ဓားဖြင့် ခင်ဘုန်း၏ ရင်ဝကို လှမ်းထောက်လိုက်သည်။ သို့ရာတွင် ခင်ဘုန်းက မရှောင်မဆုတ်ဘဲ လူပြတ်သောလမ်း၌ မိန်းမဖော် ရလိုက်သောကြောင့် အားတက်သွားဟန်ဖြင့် ပြုံးလိုက်သေးသည်။
🔲
"သူရဲကောင်းတွေ ငိုကြသလား"
"ဟင်"
ခင်ဘုန်း ရင်ဝကို ဓားဦးထောက်ထားရင်း ရီဝေသောအကြည့်နှင့် အမှောင်ထဲသို့ ငေးနေသော မိစောမွန်က မေးလိုက်ရာ ခင်ဘုန်း ကြောင်သွားသည်။ မိစောမွန် ဘာကို ဆိုလိုချင်မှန်း မသိလိုက်။
"ယောက်ျားကောင်းတွေဟာ ငိုတတ်ကြသလား"
မိစောမွန် ထပ်မေးသည်။ ခင်ဘုန်းကို မေးသည်နှင့် မတူသောကြောင့် ဖြေရနိုးနိုး ဖြစ်နေပြီးမှ
"ငါတို့ဆီမှာတော့ ယောက်ျားတွေ မငိုကြဘူး"
မိစောမွန်က သူ့အဖြေကို ဂရုစိုက်ဟန် မပြ၊ လှည့်တော့ ကြည့်သည်။
"နင်တို့က အရိုင်းအစိုင်းတွေပဲ၊ တောလိုက် သတ်ဖြတ်နေရတဲ့ မုဆိုးမျိုးနွယ်တွေဆိုတော့ လူကြမ်းစိတ်ကြမ်းတွေပဲ ဖြစ်မှာပေါ့လေ"
သူ့အသံက နူးညံ့သည်လည်းမဟုတ်၊ တင်းမာသည်လည်း မဟုတ်။ ရှုတ်ချသံမျိုး မဟုတ်သလို ကဲ့ရဲ့သံလည်း မပေါက်ဘဲ ဝမ်းနည်းသံ ပေါ်နေ၍ ခင်ဘုန်း သူ့ကို စိုက်ကြည့်နေမိသည်။
"အေးလေ.. ရွှေဘိုသားတွေဟာလည်း မုဆိုးမျိုးရိုးတွေပါပဲ။ ဒါပေမယ့် သူတို့ ယောက်ျားတွေ ငိုတတ်ကြတယ်။ ငါတို့ မွန်ယောက်ျားတွေလည်း ငိုစရာတွေ့ရင် ငိုကြတာပဲ။ ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်တုန်းကလည်း သူ့ သူရဲကြီးတွေအတွက် မျက်ရည်ဖြိုင်ဖြိုင် ငိုဖူးသတဲ့"
သူ ဘာကို ပြောချင်နေမှန်း မသိသောကြောင့် ခင်ဘုန်း ငြိမ်သက် နားထောင်နေလိုက်သည်။ မုဆိုးမျိုးရိုးဟု ဆိုလိုက်သော ရွှေဘိုသားများအကြောင်းကိုတော့ ရွှေဘုံရတနာနန်းတော်ကြီးသို့ ရောက်စကပင် ကြားဖူးခဲ့ပြီး ဖြစ်၏ ။
ပုဂံခေတ်က အလောင်းစည်သူမင်းကို အားကျသော ဒုတိယစည်သူခေါ် နရပတိစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်ရင်း ထိုအရပ်မှ မုဆိုးငပိုအား နယ်မြေအချို့ ပေးသနားခဲ့သည် ဆို၏ ။ မုဆိုးငပိုတည်ထောင်သော ရွာမို့ မုဆိုးပိုရွာဟု အမည်တွင်ခဲ့သည်၊ ထိုမှ မုဆိုးဘို ဖြစ်လာပြီးလျင် ရွှေဘိုဟု အယဉ်အကျေး သုံးနှုံးလာခြင်း ဖြစ်ကြောင်း လေ့လာသိရှိခဲ့ပြီးလေပြီ။
မိစောမွန်က သူ့စကားကို ဆက်သည်။
"ဒါပေမယ့် ကြမ်းတမ်းခက်ထန်ပါတယ် ဆိုတဲ့ လူကြမ်းကြီးတွေ ငိုတတ်လိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ နင် လူကြမ်း စိတ်ကြမ်း သူရဲကောင်းကြီး လို့ သတ်မှတ်ခံရတဲ့သူတစ်ယောက် ငိုတာ မြင်ဖူးသလား"
မျက်လုံးထောင့်များ နီနေသည့် မိစောမွန်၏ အကြည့်ကို တုံ့ပြန်ရင်း ခင်ဘုန်း ခေါင်းကို သွက်သွက် ယမ်းပြလိုက်သည်။
"နင် သိပ်သေစေချင်နေတဲ့ လက်ျာဘီလူး ငိုတာကိုရော ကြားဖူး ကြုံဖူးသလား"
ခင်ဘုန်း၏ မျက်လုံးဝိုင်းဝိုင်းကလေးများ ပို၍ ပြူးကျယ်လာလျက် ခေါင်းခါလိုက်မိပြန်သည်။
"သူက ငိုမယ့်သူမှ မဟုတ်ဘဲ"
မိစောမွန် ပြုံးလိုက်သည်။ နှုတ်ခမ်းထောင့်တစ်ဖက်သာ တွန့်ရုံ အပြုံး၊ ထိုအပြုံးမျိုး လက်ျာဘီလူး ပြုံးခဲ့သည်ကို ပထမဦးဆုံးအကြိမ် တွေ့စဉ်ကပင် သတိထားမိခဲ့သည့် ခင်ဘုန်းမှာ မိစောမွန်အား အံ့အားသင့်လာရပြီ။ လက်ျာဘီလူးနှင့် အလွန် နီးကပ်ခဲ့သူတစ်ဦး ဖြစ်လိမ့်မည်ဟုလည်း ထင်မြင်လာလေ၏ ။ သို့သော် ဤမိန်းမပျိုကို တစ်ကြိမ်တစ်ခါမှ သူ မမြင်ဖူးခဲ့ချေတကား။
မိစောမွန်၏ အပြုံးကား အပြုံးစစ်တစ်ခု မဟုတ်။ နာကျင်မှုကို ဖုံးကွယ်လိုဟန်နှင့် မသိနားမလည်သူကို ခနဲ့လိုသော အပြုံးသာ ဖြစ်ကြောင်း ရင်ညွန့်ကို ပိုမိုဖိစိုက်လိုက်သော ဓားဦးက သက်သေပြနေသည်။ စူးကနဲ ခံစားချက်နှင့်အတူ မထင်မှတ်သော စကားကိုလည်း ကြားရ၏ ။
"ငိုတာပေါ့၊ ဟော့ဒီ နှလုံးသားနေရာမှာ သိပ်ပြီး ဖြူစင် နူးညံ့လွန်းတဲ့ အဲဒီကောင်လေးဟာ ဘာမှ မဟုတ်လောက်တာလေးတစ်ခု အတွက်နဲ့လည်း ဘယ်သူမှ မသိအောင် ကြိတ်ငိုနေခဲ့ဖူးတာပေါ့။ နင်တို့ လူကြမ်းကြီးလို့ မြင်ကြတဲ့ ကောင်လေးတစ်ယောက်ရဲ့ နှလုံးဟာ ပျော့ညံ့သိမ်မွေ့လွန်းတယ် ဆိုတာ နင့်ရဲ့ မောက်မာတဲ့ အရိုင်းနှလုံးသားနဲ့ ဘယ်သိတတ်လိမ့်မလဲ စန္ဒဝတီမင်းသမီးရဲ့"
မိစောမွန်က နာနာကြဉ်းကြည်းဖြင့် ခင်ဘုန်း၏ နှလုံးနေရာကို ထောက်ကာ ထောက်ကာ ပြောနေသည်။ နာသော်လည်း နောက်သို့ ယိုင်ယိုင်သွားသည်မှအပ ခင်ဘုန်း မရှောင်ဖယ်မိ။
Written by သင်္ခရာဇာ
End date: December 28, 2021

ကလဲ့စား (၄)

ဆိုင်ထဲမှ လူများ ဝရုန်းသုန်းကား ပြေးထွက်လာကြသည်။ အချို့က 'ထိုးကုန်ကြပြီ.. သတ်ကုန်ကြပြီ' ဟု အော်လျက် ခြေဦးတည့်ရာ ပြေး၏ ။ အများစုကတော့ ဆိုင်ပြင်ရောက်မှ ဆက်မပြေးဘဲ ပြန်လှည့်ကြည့်နေကြသည်။ မြင်ကွင်းကား သွေးပျက်ချင်စရာ။
မိန်းမငယ်တစ်ဦးသည် ငရွှေမှိတ် ကာနေသည့်ကြားမှ ဓားနှစ်လက်ဖြင့် အဆက်မပြတ် အငြိုးတကြီး ဆက်တိုက်ထိုးနေ၏ ။ လက်မြန်လှသောကြောင့် ကာမိသည်ထက် တစွပ်စွပ် ထိုးမိသည်က များလေသည်။ ဆယ်ချက်ကျော် ထိလျင် ငရွှေမှိတ် လဲတော့သည်။ အမျိုးသမီးကတော့ တဖြည်းဖြည်း ငြိမ်သက်သွားသော ငရွှေမှိတ်ကို ဒူးနှင့် ဖိထားရင်း သေချာကြည့်နေသေးသည်။ ပြီးမှ ထောင့်ကပ်ကာ ကြက်သေ သေနေသော ရှင်သဲဘက် လှည့်လျက်
"ရွှေဘိုသားကို ထိဝံ့သလား"
ဟု မေးလိုက်သည်။ ရှင်သဲ အကြောက်လွန်ကာ နှုတ်ဆွံ့နေ၏ ။
"ပြောလိုက်စမ်း၊ နင့်သခင်ဆီ မကြာခင် ငါလာမယ် လို့"
ဓားနှစ်လက်ကို တရွှမ်းရွှမ်းမြည်အောင် အချင်းချင်းပွတ်တိုက် သွေးသုတ်ရင်း ထထွက်သွားသည်။ ငဘိုးသောင်တို့အား ရှိသည်ဟုပင် မထင်။ ငရွှေမှိတ် လူများလည်း အဝေးမှသာ ကြည့်နေကြသည်၊ မည်သူမျှ မကပ်ရဲ။
"အဲဒါ သုတ်သင်သူ လား"
"သူပဲ ဖြစ်မှာပေါ့၊ မိန်းမငယ်လေးပဲ ရှိသေးဟ"
"ဘယ်လိုမှ ထင်စရာ မရှိဘူး"
"မိန်းမသူမို့ပဲ၊ အတော်ကြီးကို ရက်စက်လွန်းပါတယ်ကွာ"
အပြင်မှ ကြည့်နေကြသည့် လူအုပ်မှာ တစ်ယောက်တစ်ပေါက် ပြောဆို ဝေဖန်ရင်း အမှောင်ထဲသို့ ငေးကျန်ခဲ့ကြလေ၏ ။

"ကြောက်စရာကြီး အရှင်မရယ်"
ခင်ဘုန်းမျက်နှာက ခက်ထန်နေသည်။ ရှင်သဲ ပြောသည်ကို နားထောင်ရင်း စဉ်းစားနေ၏ ။ သူ့အကြံကို ဖျက်ရုံမက သူ့ကိုပါ ကြိမ်းဝါးသွားသော အမျိုးသမီးသည် မည်သူနည်း။ အဘယ့်ကြောင့် သုတ်သင်သူ ဟူသည့်တစ်ယောက် ပါဝင်ပတ်သက်လာရသနည်း.. သူ စဉ်းစားမရ။ မြန်မာတို့ဒေသ၌ ခိုက်ရန်မီးပွား မရှိခဲ့ဘဲ ယခု ရန်ကုန်ရောက်မှ ရန်သူနှင့် ကြုံနေရသည်။
ရန်သူကလည်း တစ်ကြိမ်မျှ မတွေ့ဖူးသည့် မွန်လူမျိုးတစ်ဦးဟု သိရသည်။ မည်သို့ဆိုစေ ကြုံလာသည်ကို ရင်ဆိုင်ရမည် ဖြစ်သည့်အပြင် ကြံမိသည်ကိုလည်း လုပ်ဖြစ်အောင် လုပ်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။ လက်ျာဘီလူး၊ သင်းကို လက်စားချေရမည်။ မည်သည့် အတားအဆီး ရှိသည်ဖြစ်စေ သူကတော့ လုပ်မည်သာဖြစ်၏ ။
🔲
ထိုအချိန်တွင် မိစောမွန်သည် လူတစ်ယောက်ထံ ရောက်လာ၏ ။ ထိုသူ၏ အိမ်အောက် ကြမ်းကြားမှ အချက်ပေးလိုက်ရာ အိမ်ပေါ်၌ ထိုင်စောင့်နေသူ ဆင်းလာလေသည်။ အိမ်အောက် မှောင်ရိပ်ထဲအရောက်
"ပြီးခဲ့ရဲ့လား နှမ"
"ပြီးခဲ့တယ်၊ ဒါပေမယ့် ငွေနှစ်ရာ မယူဘူး။ တစ်ရာပဲ ယူတော့မယ်"
"ဘာဖြစ်လို့လဲ၊ ပုံမှန် တစ်ခေါင်း ၂၀၀ ပဲလေ"
"ဟုတ်တယ်၊ ခုတစ်ကြိမ်က အလုပ်ရှင် နှစ်ဦး ဖြစ်နေလို့"
"သြော၊ ငရွှေမှိတ်ကို အခဲမကြေသူ နောက်တစ်ဦးကလည်း အလုပ်အပ်သလား နှမ"
"မဟုတ်ပါဘူး၊ သည်တစ်ခါ အလုပ်အပ်တာ ကျွန်မကိုယ်တိုင်ပါပဲ။ ကျွန်မအတွက်ပါ ရောလုပ်လိုက်တဲ့အတွက် တစ်ဝက်ကြေးပဲ ယူတာ"
"သြော်.. သြော်"
အိမ်ရှင်က ဆွဲလာသည့် အထုပ်နှစ်ခုအနက် တစ်ထုပ်ကို မိစောမွန်ထံ ကမ်းပေးသည်။ မိစောမွန်က ပခုံးပေါ် လွှဲတင်လိုက်ပြီး အနောက်ပေါက်မှ ပြန်ထွက်သွား၏ ။
"ဘယ်တော့ လာဦးမလဲ"
အိမ်ရှင်က တိုးတိုးအုပ်အုပ် လှမ်းမေးရာ မိစောမွန်က လှည့်မကြည့်ဘဲ လက်ခါပြသွားသည်။
🔲
လက်ျာဘီလူးတို့အဖွဲ့သည် ပူလောင်လှသော နေရောင်အောက်၌ မြင်းစာမြက်ရိတ်နေကြလေသည်။ တပ်သားတစ်ဦးက မြက်များ လိုက်ထုံးနေရင်း သူ့အနား ရောက်လာပြီး
"အရှင် ခဏ နားချင် နားပါ၊ ကျွန်တော်မျိုးတို့ တက်ညီလက်ညီလုပ်ရင် မကြာခင် သည်တစ်ခင်းတော့ ပြီးပါတယ်"
ဟု ပြော၏ ။ သူက ပိန်လှီမွဲခြောက်နေသော လက်ျာဘီလူးကို ကရုဏာသက်ဟန် ရှိသည်။
"ရပါတယ်ကွာ၊ ငါ မင်းကြီး မင်းထင်နော်ရထာလည်း မဟုတ်တော့ပါဘူး။ အခု မင်းတို့နဲ့ လုပ်အတူ ခံစားအတူ ဖြစ်နေပါပြီ"
"ဒါပေမယ့် ကျွန်တော်မျိုးတို့လောက် ခွန်အားမပြည့်သေးဘူးလေ"
"နားနားပြီး ဖြည်းဖြည်းချင်း ရိတ်တာပေါ့"
ထိုအခိုက် ကွင်းစပ်မှ ရဲမက်တစ်ဦး ပေါ်လာပြီး လှမ်းဟစ်လိုက်၏ ။
"ဗျိုး.. ကွင်းထဲက ယောက်ဖတွေ၊ အဲဒါပြီးတာနဲ့ လှေဆိပ်မှာ ရိက္ခာဆန်စပါးတွေ ချဖို့ အမြန်လာခဲ့ကြပါတဲ့။ သည်အခင်းက လူအားလုံး တဲ့"
"ဟေ့.. အပြောအဆို ဆင်ခြင်ကွ။ မင့်နှမလင် မင်းထင်နော်ရထာ ပါတယ်၊ ဇက်ပြုတ်ချင်လို့လား"
တစ်ဖက်မှ ရဲမက် ခေတ္တ အသံတိတ်သွားသည်။ နောက်မှ
"ကန်တော့ဗျို့၊ ကျုပ်ကို အကြောင်းကြားခိုင်းလို့ပါ"
ပြောရင်း ဆိုရင်း ထိုသူ ကွင်းထဲ ဆင်းလာသည်။ ရိုးပြတ်များကို နင်းလျှောက်ရင်း အနီးဆုံး တပ်သားတစ်ဦးအား
"ဒါနဲ့ မင်းကြီး မင်းထင်နော်ရထာ ဆိုတာ ဘယ်ဟာလဲဗျ"
"ဟော ဟိုက အသားနီနီနဲ့ ဆံပင်စည်းထားတဲ့သူ"
"ခမောက်နဲ့ဟာလား၊ သူက ကွင်းထဲ ဘာလုပ်နေတာလဲ"
"ဟ.. မြက်ရိတ်နေတာ မမြင်ဘူးလား"
"မြင်ပါတယ်ခင်ဗျာ.. မြင်ပါတယ်။ နို့ပေမယ့် မင်းထင်နော်ရထာ ကိုယ်တိုင် မြက်ရိတ်ဆင်းတယ်လား"
"ဒီအကောင်တော့ တကယ် နာချင်နေတာပဲ။ သွား.. သွား၊ စပ်စပ်စုစု မလုပ်နဲ့"
လက်ျာဘီလူး သူတို့ဘက် လျှောက်လာပြီး
"မင်းက ဘယ်တပ်ကလဲ"
"မိဖုရားခေါင်ကြီးဘုရား အစောင့်တပ်ကပါ"
"မင်းကို ဘယ်သူက ပြောခိုင်းတာလဲ"
"ခေါင်ကြီးဘုရား ရံရွေတော်တစ်ပါး လာပြောတာ"
"မင်းက ငါ့ကို မသိဘူးလား"
"မသိပါဘူး၊ ကျွန်တော်မျိုး ယခုတစ်ခေါက်မှ မြေထဲမြို့က လိုက်လာသူပါ"
"ယခုမှ ပါလာသူက မိဖုရားကြီးရဲ့ အစောင့် ရတယ်တဲ့လား"
"ကျွန်တော်မျိုးကို ရိုးသားယုံကြည်ရတယ် ဆိုပြီး နန်းတွင်းမှာ သုံးမယ် ကြားပါတယ်"
"အင်း အင်း၊ ကောင်းပြီ။ မင်း သွားတော့"
ရဲမက် ပြန်သွားသောအခါ တပ်သားများ ညည်းတွားကြကုန်၏ ။
"ကုန်းဘောင်တပ် ဆိုသမျှမှာ ငါတို့တစ်စု အလုပ်အများဆုံး ဖြစ်မှာပဲ။ နားရတယ်ကို မရှိဘူး.. ဝှီး"
"အေးလကွာ၊ ဒါလေးပြတ်ရင်တော့ မြက်ခင်းပြင်ပေါ် ခဏ နှပ်လိုက်ဦးမလို့ တွေးထားတာ"
"ငါဆို ဟိုအပင်ကြီးအောက်တောင် အထုပ်ချပြီး ဦးထားခဲ့တာကွ"
သူတို့ဗိုလ် နန္ဒသီရိကျော်သူ ရောက်လာကာ လက်ျာဘီလူးအား ပြောသည်။
"ကျွန်တော်တို့ သွားလိုက်မယ်၊ သွေးသောက်နဲ့ လူနှစ်ယောက်က ပြန်ပြီး ချက်ပြုတ်ပြင်ဆင်ထားချေပါ"
"မဟုတ်ဘူး၊ ရိက္ခာစပါးအိတ်တွေ ချဖို့က ကျွန်တော့်ကို ရည်ရွယ်တာ။ ကျွန်တော် လုပ်စေချင်လို့ လွှတ်လိုက်တဲ့ လူပဲ။ အခြားသူတွေကို ပြန်လွှတ်လိုက်ပါ"
"ဒါပေမယ့် သွေးသောက်ကို ကြည့်ရတာ အားမရဘူး၊ (ခေတ္တ ဆိုင်းနေလျက်) အမှန်တိုင်း ပြောရရင် ကျုပ်တို့ မင်းကြီးကို သည်လို ပင်ပန်းတာ မကြည့်နိုင်ပါဘူး"
"အို.. မပူပါနဲ့၊ အရင်တုန်းကဆို စိတ်ရောလူပါ ပင်ပန်းခဲ့တာ။ အခုမှ စိတ်လက်ပေါ့ပါးစွာ အလုပ်လုပ်ရတာမို့ ပန်းတယ်တောင် မထင်ပါဘူး"
ဗိုလ်နန္ဒ အပင်အောက်သို့ ပြန်လှည့်သွားပြီး မြင်းပေါ် အထုပ်များ တင်နေရာ သူ့မြင်းကြီး တိမ်ပျံကို လက်ျာဘီလူး သတိရသွားသည်။ တိမ်ပျံမှာ အခြားတပ်တွင် ဗိုလ်တစ်ဦး စီးနေသည်ဟု သိရ၏ ။ မင်းသားများကိုပင် မပေးခဲ့ရသော မြင်းကောင်းကြီးမို့ ယခုလို လက်လွှတ်လိုက်ရသည်ကို စိတ်မကောင်း။
ကံကောင်းသည်မှာ ငကံတို့၊ သူရိန်တို့ လူစုနှင့် ပြန်တွေ့ကြရခြင်း ဖြစ်သည်။ ယခုတော့ သူနှင့် သူရိန်မှာ အဆင့်တူ၊ တပ်တူ ဖြစ်နေလေပြီ။ ငကံကလည်း မည်သို့ ကြိုးပမ်းလာသည်မသိ၊ သူ့ဆီ ရောက်လာသည်။ သူ့တပ်သားများ တဖွဲဖွဲ ရောက်လာသည်ကို ဗိုလ်ကလေး နန္ဒသီရိကျော်သူ သဘောထားကြီးသဖြင့် အတူပြန်တွဲဖက်ခွင့် ရခဲ့ခြင်း ဖြစ်၏ ။

              ရန်ကုန်ရောက်ခိုက် မိစောမွန်၏ သတင်းကို စုံစမ်းလိုသော်လည်း အခွင့်မရ၊ အားလပ်ချိန် နည်းလှသည်။ ရွာပြန်သွားသည်ဟုသာ နောက်ဆုံး သိရပြီး ဘာသတင်းမှ မကြားတော့။ မိစောမွန်အတွက် စိတ်အေးရပြီမို့ သူ့အဖို့ ကသည်းမင်းသမီး၏ အငြိုးကိုသာ ရင်ဆိုင်ရန် ကျန်တော့ပြီ။ ရွှေစိတ်တော်မှားယွင်း၍ အမုန်းဖက်နေသော သူငယ်မလေး၏ ဒေါသမျက်နှာကို မြင်ယောင်ရင်း ပြုံးမိလိုက်သေးသည်။ 

(ဆက်ရန်...)   ကလဲ့စား  (၅) 

Written by သင်္ခရာဇာ
End date: December 27, 2021

ကလဲ့စား (၃)

            ထိုသတင်းကို အရပ်သူ ရှင်သဲက ခင်ဘုန်းထံ ပြန်ပြောပြလိုက်သည်။ ခင်ဘုန်းက အလောင်းအစားပြုသူသည် ငရွှေမှိတ်နှင့် သိကျွမ်းသူ ဖြစ်နိုင်သည်ဟု ယူဆကာ ရှင်သဲကိုပင် စုံစမ်းရန် လွှတ်လိုက်သည်။
မင်းကြီး မင်းခေါင်နော်ရထာမှာ အောက်ပြည်သို့ချီရန် လူသစ်စုဆောင်းရင်း ဖျက်ဆီးထားသော ဟံသာဝတီ နေပြည်တော်အနီး ရောက်လာခဲ့၏ ။ အင်းကြီးတစ်ခုကို မြင်ရာ တိုက်ဖော်တိုက်ဖက် ရဲဘော်ဟောင်း မင်းထင်နော်ရထာကို သတိရမိလေသည်။
ယခင်အကြိမ် ရောက်ခဲ့စဉ်က ဤအင်းကြီး၌ ရှေ့ဖျားချီတပ်များ၏ ထိပ်မှ ပါလေ့ရှိသော မင်းထင်နော်ရထာဘွဲ့ခံ ဗိုလ်မှူး လက်ျာဘီလူးသည် အထောက်တော်များ ထားခဲ့ပြီး တိုက်ဆင်များကို အင်းထဲသို့ ရေစိမ်ထားရမည်ဟု အမိန့်ထုတ်ခဲ့ဖူး၏ ။ သူက အဘယ်ကြောင့် ဤနေရာတွင် ရေချရသနည်းဟု မေးရာ နောင်လာမည့် တိုက်ပွဲကြီးအတွက် အောင်မြေနေရာ ဖြစ်သောကြောင့်ဟု ဖြေခဲ့သည်။
လက်ျာဘီလူး၏ စကားကို အပြည့်အဝ နားမလည်သော်လည်း ရိပ်မိသည့်အလျောက် လက်ရွေးစင် မြင်းတပ်သားများကို ကင်းစမ်းချီစေရာ တစ်စခန်းမရောက်မီပင် ကြိုနေသော မွန်တပ်မကြီးနှင့် တွေ့ကြ၍ ဗိုလ်မှူးများထံ မြင်းလျင်လွှတ် အကြောင်းကြားလာသည်။ လက်ျာဘီလူးက တပ်ချမပျက် ချက်ပြုတ်စားသောက်နေကြရင်းမှ ရသလောက် တိုက်ယူခဲ့ဟု ဆို၏ ။
မြန်မာမြင်းသည်တို့လည်း အသက်ကို အသက်မမှတ် ရွပ်ရွပ်ချွံချွံ ထိုးဖောက်တိုက်ခိုက်ကြပါ၏ ။ သို့ရာတွင် အင်အားချင်း ကွာခြားလွန်းရကား မြင်းတပ်ရွေ့ပြီး ခက်ခဲစွာ ဆုတ်ခွာလာခဲ့ရသည်။ အောင်နိုင်သူ မွန်တို့လည်း တရကြမ်း လိုက်ထပ် တိုက်ခိုက်လာရာ ရှေ့ဦးတပ်များ ပျက်လာသည်ကို မြင်ကြသော ချရပ်နေသည့် တပ်များလည်း ဖရိုဖရဲ ဖြစ်နေကြလေသည်။
ထိုအခါ မင်းထင်နော်ရထာနှင့် မင်းခေါင်နော်ရထာ ဗိုလ်မှူးနှစ်ဦး တပ်များကို သိမ်းရုံးလျက် ဖိဖိစီးစီး ကွပ်ညှပ်ထိန်းကျောင်းကာ ဆုတ်လာခဲ့ကြသည်။ တိုက်ဆင်များ ရေစိမ်နေကြသည့် အင်းသို့ရောက်မှ မင်းထင်နော်ရထာက ဆင်အားလုံး ရေမှ တက်စေ၍ ဆင်တပ်ဖြင့် ပြန်တိုက်စေ၏ ။ ဆုတ်လာသူများ၊ မြင်းများ ခေတ္တ အပန်းဖြေ အနားယူကြရသည်။ ဗိုလ်တွန်ပင်လျင် ပွဲကြည့်ပရိသတ် ဖြစ်သွားခဲ့ရသေးသည်။
မွန်တို့၏ တရကြမ်း လိုက်ထပ်လာကြသော ဆင်တပ် မြင်းတပ်များလည်း ခရီးဝေး ပြေးခဲ့ရသောကြောင့် ခြေကုန်ပြီ ဖြစ်ရကား ဆင်တပ်ချင်း ဆိုင်မိလျင် မထိုးနိုင်၊ မခံနိုင်၊ အစွယ်ပင် မယှက်နိုင်ဘဲ တန့်နေရာမှ နောက်သို့သာ လည်ကုန်ကြလေသည်။ ရေစိမ်ထားရသဖြင့် အင်အားပြည့်နေကြသော မြန်မာဆင်များ၏ တစ်ဖက်သတ် ထိုးခြင်းကို ခံရပြီး နောက်လှည့်ပြေးကြရင်း ကိုယ့်တပ်ကို နင်းမိကုန်တော့သည်။
ထိုအခါမှ မြန်မာတပ်ဟူသမျှ တစ်စုတည်း ဝိုင်းတိုက်စေလိုက်သောအခါ မွန်တို့သည် မရပ်မခံနိုင်တော့ဘဲ ဆင်မြင်းလက်နက် သုံ့ပန်းများစွာ ထားခဲ့ရပြီး နီးရာ တောကြိုအုံကြားသို့ ခြေလွတ်လက်လွတ် ဝင်ပြေးကြရလေ၏ ။
ယင်းသို့သော စစ်ဆင်ပုံအကြောင်းကို မင်းခေါင်နော်ရထာက မေးသောအခါ လက်ျာဘီလူးသည် သူ၏ နည်းဗျူဟာမှာ ရာဇာဓိရာဇ် ဆင်တော် ဗကမတ်အား အတုယူလျက် အင်းဝမင်းသား မင်းရဲကျော်စွာ အသက်နှင့် ရင်း၍ ပေးခဲ့သော သင်ခန်းစာနှင့် အင်းကိုမြင်စဉ် သတိရလိုက်မိသော တောင်ငူဥပရာဇာ ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ ဗျူဟာများ ပေါင်းစပ်ထားခြင်းသာ ဖြစ်ကြောင်း ဖြေခဲ့သည်။
ထိုသို့ စီမံနိုင်စွမ်းရှိသော စစ်ဘုရင် ဗိုလ်ချုပ်တစ်ဦးမှာ ယခုအခါတွင် ရှေးနည်းတူ စစ်ဦးမှ မပါဝင်ရတော့ဘဲ စစ်ခြေဖြစ်သွားခဲ့ရသည်ကို လွန်စွာ နှမြောတသမိ၏ ။ ရှေးအခါက မင်းတရားကြီး ချီတော်မူလျင် ရှေ့တော်မှ ခန့်ညားလှပစွာ ဓားထမ်းလိုက်ရပုံကိုလည်း မြင်တွေ့ရရန် မလွယ်တော့။ ရေကြောင်းမှ စုန်ခဲ့တိုင်း ဇလာကပင်း ကတ္တူလွန်းကြင်များစွာ ခြံရံလျက် သုရှင်ဖောင်တော်ရှေ့ ရွှေလှော်ကားလေးစင်းနှင့် လိုက်ရသည့် အရှေ့ဝင်းမှူးလည်း မဟုတ်တော့။
"စကားတစ်ခွန်းအတွက်နဲ့များ.. ကွယ်ရို့"
ဟု ဦးတွန် မသက်မသာ ညည်းမိသည်။ သူ့နောက်၌ ရဲမက်သားတစ်ယောက် လာရပ်နေသည်ကို တွေ့သဖြင့် လှည့်ကြည့်ရာ
"အရှင့်ကို အရပ်သမတစ်ဦးက တွေ့ခွင့်တောင်းနေပါတယ်ဘုရား"
"ဘယ်က အရပ်သူလဲ"
"မွန်အမျိုးသမီး သူဆင်းရဲမတစ်ဦးပါ၊ အဝတ်ဗလချာနှင့် နွမ်းနယ်ဟန် ပေါက်ပါသည်"
"ငါ မအားဘူး ပြောလိုက်ကွာ၊ လျှောက်စရာရှိတာကို မေးမှတ်ထားလိုက်"
"အမိန့်တော်အတိုင်းပါ"
ရဲမက်သား နောက်သို့ဆုတ်လျက် အရိုအသေပြုကာ ထွက်သွားသည်။ အကယ်၍ မင်းခေါင်နော်ရထာသာ ထိုအမျိုးသမီးကို လက်ခံတွေ့ဆုံခဲ့ပါက သူ့အိမ်တော်၌ စားဖိုဆောင် အကူ ပြုခဲ့ဖူးသည့် သူငယ်မ၊ ပဲခူးမင်းညီတော် ဥပရာဇာ၏ သူလျှိုတစ်ဦး၊ ထို့ပြင် ခရီးဖော် တိုက်ဖော် ဖြစ်ခဲ့ဖူးသည့် လက်ျာဘီလူး၏ ထမင်းချက်မလေး မိစောမွန်ကို မြင်ရပေလိမ့်မည်။
မိစောမွန် အဖြစ်ကလည်း ဆိုး၏ ။ မိမိ အရှင်သခင် ဗညားအရိန္ဒမထံမှ ထွက်၍ လက်ျာဘီလူးနောက် လိုက်လာသောအခါ ဝရမ်းပြေးအဖြစ် မွန်တို့ သတ်မှတ်ခြင်း ခံခဲ့ရပြီး သူ့ရွာ၊ သူ့အိမ်များသို့လည်း ရဲမက်များ ရောက်လာခဲ့ကြရာ တစ်ရွာလုံးက မိစောမွန်အား သစ္စာဖောက်အဖြစ် သတ်မှတ် ရှုမြင်ခဲ့ကြပြီဖြစ်သည်။
ထို့ကြောင့် မွန်တိုင်းဌာနီ နေပြည်တော်ကြီး ဖျက်ဆီးခံလိုက်ရပြီး မွန်ပဒေသရာဇ်ခေတ် ချုပ်ငြိမ်းသွားရပြီးနောက်တွင် မြန်မာတို့ထံမှ ပြန်လာခဲ့သော မိစောမွန်ကို မည်သူကမျှ လက်သင့်မခံကြတော့ဘဲ မုန်းတီးရန်လိုနေကြပေသည်။ ငယ်စဉ်ကပင် ထွက်လာခဲ့သဖြင့် ရွာအပေါ် သံယောဇဉ် မရှိလှသည့် မိစောမွန်ကလည်း တွယ်ကပ်မနေ၊ အန္တရာယ် မကျရောက်ခင် ချက်ချင်း ပြန်ထွက်လာခဲ့၏ ။
ထို့နောက် ဒဂုံခေါ် ရန်ကုန်မြို့သစ်၌ အလုပ်အကိုင် ရှာဖွေရင်း ကျင်လည်နေခဲ့ရာ လက်ျာဘီလူး ပြန်လွတ်လာသည့် သတင်းနှင့်အတူ မင်းကြီး မင်းခေါင်နော်ရထာ ပဲခူးဘက်သို့ ရောက်လှာသည်ဟု ကြားသောကြောင့် အကြောင်းချင်းရာ မေးမြန်းလို၍ လိုက်လာခြင်း ဖြစ်သည်။ သို့သော် ဦးတွန်က အတွေ့မခံ။ ထို့ကြောင့် ချေချေရာရာ မပြောတော့ဘဲ လှည့်ပြန်လာသည်။
လက်ျာဘီလူး မည်သည့်တပ် မည်သူ့လက်အောက်၌ ရောက်နေသည်ကို သူမသိ။ တိုင်းရေးပြည်ရေး ရှုပ်ထွေးနေချိန်ဖြစ်သဖြင့် စုံစမ်းရန်လည်း ခက်ခဲနေ၏ ။ စည်းကြပ်ခံရသော တပ်သားသစ်များလည်း ခြေသံမစဲ ရှိနေသည်။ ဝမ်းရေးကလည်း ရှိသေးရာ မိန်းမကိုယ်တစ်ဦးတည်း ရုန်းကန်နေရသည်မှာ ခက်ခဲလှ၏ ။
အစကို ပြန်ကောက်ကြပါဦးစို့။ တာမွေရပ်ဝယ် အောင်ပွဲခံနေသော ဓားပြ ငရွှေမှိတ် နှင့် သူခိုး ငဘိုးသောင်တို့ မိတ်ဖွဲ့လိုက်ကြသော်လည်း တစ်ဦးကိုတစ်ဦး မည်သူမည်ဝါဟု အသိပေးကြခြင်း မရှိ။ ငွေသားငါးဆယ် ရှုံးထားသည့် ငဘိုးသောင်က အခဲမကျေဘဲ ငရွှေမှိတ်လူဟု သံသယဝင်နေသလို ငရွှေမှိတ်ကလည်း ငဘိုးသောင်ကို မသင်္ကာ၊ သတိဖြင့် ပေါင်းသင်းနေလေသည်။
တစ်ညသ၌ သူတို့နှစ်ဦး အပေါင်းအဖော်များနှင့် စကားချင်းရာ များကြပြန်လေသည်။ ထုံးစံအတိုင်း ငမှိတ် သာသည်၊ ငသောင် ပိုသည် ငြင်းကြရာမှ စ၏ ။ ငရွှေမှိတ်က ငဘိုးသောင် လူများကို စတင်စိန်ခေါ်ရာ မည်သို့ဖက်ပြိုင်ပြိုင် ငရွှေမှိတ်ကို မနိုင်ကြချေ။ လက်ဗလာ၊ ကြိုက်ရာလက်နက် ယှဉ်ကြသည့်အနက် ငရွှေမှိတ်သာ အတော်ဆုံးဖြစ်နေရာ ငဘိုးသောင်က
"မဟုတ်မှ လွဲရော၊ နောင်ကြီးက ငရွှေမှိတ်ကိုယ်တိုင်များလား"
ဟု မေးလိုက်၏ ။ ငရွှေမှိတ်ကလည်း ဝံ့ကြွားစွာဖြင့်
"ဟုတ်ပါသော်ကော၊ ငရွှေမှိတ်ကို ဘယ်သူ နိုင်မှာလဲ"
ဟု လက်မထောင်လျက် ကြုံးဝါးလိုက်သည်။ ဘေးလူများအားလုံး အံ့အားသင့်နေခိုက် တစ်နေရာမှ ကြည့်နေသည့် ရှင်သဲ ထလာပြီး
"မောင်ကြီးက လက်ရုံးအထူးထက်မြက်လှတဲ့ ညဉ့်လူ လူစွမ်းကြီး ရွှေမှိတ် ဆိုတာပေါ့"
ဟု မေးလေသည်။ ငရွှေမှိတ်လည်း မျက်ခုံးပင့်ကာ
"ဟုတ်ပ၊ နှမ ဘာအတွက် မေးသလဲ"
"လူတစ်ယောက်ကို လုပ်ကြံဝံ့မလားလို့ မေးခိုင်းလိုက်လို့ပါ"
"ဘယ်လို၊ လုပ်ကြံတာက ကျုပ်အလုပ် မဟုတ်ဘူး။ သုတ်သင်သူ ဆိုတဲ့ တစ်ဦးကို ရှာရမယ်မဟုတ်လား"
"သူ့ကို ဘယ်လို အစရှာရမှန်း မသိလို့ ဓားလှံလက်နက် အစုံတတ်ကျွမ်းပါတယ် ဆိုတဲ့ မောင်ကြီးကို ကြေးစားထည့်ချင်လို့ပါတဲ့ရှင့်"
"အော်ဟော်၊ သည်လိုလား။ ရတယ်လေ.. ကျုပ်တောင်းသလောက် ရမယ်ဆို လုပ်ပေးရမှာပေါ့။ ကျုပ်က ဘယ်သူ့ကို လုပ်ကြံရမှာလဲ နှမရဲ့"
ငရွှေမှိတ်က ဝါကြွားလိုဟန်ဖြင့် ဘေးဘီဝေ့ဝိုက်ကြည့်ရင်း ပြုံးစေ့စေ့ မေးရာ ငဘိုးသောင် အံကြိတ်ထားလိုက်မိသည်။
"လက်ျာဘီလူး ဆိုတဲ့ စစ်သည်တစ်ဦးကိုပါ"
"ဟာ.. ကုန်းဘောင် ရွှေဘိုတပ်သားလား"
"မှန်ပါတယ်"
"ရွှေဘိုသား ဓားထက်တယ် ကြားတယ်နော်။ အန္တရာယ် များလွန်းလှတယ်ဗျ"
ထိုအခါ ငဘိုးသောင်က အကွက်ဝင်လာပြီဖြစ်၍ ဝင်ပင့်ပေးသည်။
"အို.. ရွှေဘိုသားတော့ရော ဘာဖြစ်လဲ၊ နောင်ကြီးက ဓားပြဗိုလ် ဗိုလ်ရွှေမှိတ်ပဲဟာ။ ဗိုလ်မှိတ်ကိုတော့ ခံနိုင်မှာတဲ့လား"
ငရွှေမှိတ် ယောင်အမ်းအမ်း ဖြစ်သွားသည်။ ရှင်သဲကလည်း 'ဟုတ်သားပဲ မောင်ကြီးရဲ့' ဟူ၍ ထောင်လိုက်ပြန်သည်။ တက်လုလု ဖြစ်နေသော ဘဝင်က တစ်ချက်တည်း မြင့်သွားတော့၏ ။
"အိမ်း.. ဒါဆိုလည်း လုပ်ရတာပလေ။ တပ်ထဲတော့ ဝင်မလုပ်နိုင်ဘူး။ လုပ်ရေးသာအောင် စီစဉ်ပေးရမယ်။ ဘယ့်နှယ်လဲ"
"ဖြစ်ရမှာပေါ့ရှင်၊ ကျွန်တော်မ အကြောင်းပြန်ပါ့မယ်"
ထိုစဉ် မထင်မှတ်သည်က ဖြစ်လာ၏ ။ မိန်းမပျိုတစ်ဦး ဆိုင်ထဲ တည့်တည့် ဝင်လာပြီး ဓားတိုနှစ်ချောင်း လက်ခနဲ ပေါ်လာကာ ငရွှေမှိတ်၏ ရင်အုံနှင့် မိတ်ဆက်သွားခြင်း ဖြစ်သည်။
"စွပ်" "စွပ်" 

(ဆက်ရန်...)   ကလဲ့စား  (၄) 

Written by သင်္ခရာဇာ
End date: December 26, 2021

ကလဲ့စား (၂)

            မိစောမွန်တို့ ပေးလိုက်သော ဆေးဖြင့် လက်ျာဘီလူး ထူထူထောင်ထောင် ဖြစ်လာပြီဟု ကြားသိရသောအခါ အဆိပ်ခတ်သည့်သူကို ရှာဖွေရန် အားထုတ်ကြရပြန်သည်။ အစောင့်များကတော့ မသိဟုသာ ဖြေကြသည်။ သိလျင်လည်း ပြောမည့်ဟန် မရှိ။ လက်ျာဘီလူးကို တစ်ဖက်လှည့်နှင့် မေးကြည့်ရသည်။
ဝင်တွေ့ခွင့်ရသော တပ်သားတစ်ဦးအား လှည့်ပတ်မေးစေရာ တရားခံကို လက်ျာဘီလူး သိနေကြောင်း သဲလွန်စ ရခဲ့သည်။ သို့သော် မည်သို့မှ မေးမရခဲ့ဟု ဆို၏ ။ သူတို့ တစ်တပ်လုံးလည်း ဖြစ်နိုင်မည့်သူကို ရှာကြသည်။ အချင်းများဖူးသူ၊ ရန်ငြိုးဖွဲ့နိုင်သူ၊ မနာလိုဝန်တိုသည်ဟု ကြားရသူ၊ နေရာလိုချင်သူတို့ကို စုံစမ်းကြရ၏ ။
သို့သော် မည်သူက သူတို့တပ်မှူးကို လုပ်ကြံသည်မှန်း မသေချာ။ အချို့က ဝမ်းသာကြသည်။ ထိုသူများကို စစ်ဆေးကြည့်သောအခါ သူတို့လုပ်ကြံမှု မဟုတ်ဟု ယူဆရ၏ ။ 'ကောင်းတယ်၊ နည်းတောင် နည်းသေးတယ်' အစရှိသည် ပြောဆိုကြသော်လည်း သူတို့ကိုယ်တိုင်မူ မလုပ်ရဲကြောင်း တွေ့ရ၏ ။
မည်သူမည်ဝါဟု မပြောလိုလျင် ရှိပါစေ၊ မည်သည့်အကြောင်းကြောင့် လုပ်ကြံရသည်ကို သိလိုပါသည် ဟူ၍ မေးရာတွင်လည်း လက်ျာဘီလူးက ဝဋ်ကြွေးရှိလို့ ခံရတာပါ၊ အခြားအကြောင်းမရှိ၊ သူ့အပေါ် မလိုမုန်းထားစိတ် ရှိသူမဟုတ်ပါ ဟုသာ ဖြေသဖြင့် စဉ်းစားရ ကြပ်လှလေသည်။
နောက်ဆုံးအကြိမ်အဖြစ် ထောင်တွင်းသို့ ဝင်တွေ့ခွင့် ရသည့် အချိန်က လက်ျာဘီလူးသည် မိစောမွန်အား ထူးခြားသည့် စကားတစ်ခွန်း ပြောခဲ့၏ ။
"အစော အမှုထမ်းအဖြစ်က နှုတ်ထွက်ပြီး ဒဂုံကို ပြန်ပါတော့။ အစောက မွန်ဖြစ်နေတော့ ဗမာတွေက ယုံကြည်မှုထားဖို့ ခက်သလို မွန်ကလည်း မြန်မာကို ယုံကြည်ဖို့ ခက်တယ်။ ဘယ်သူ့ကိုမှ မယုံရတဲ့ အချိန်မို့ မောင်ကြီး မရှိတဲ့နေရာမှာ နေရတာ အန္တရာယ် များပါတယ်"
"အစော မပြန်ဘူး၊ မောင်ကြီး လွတ်တဲ့ထိ လာပြုစုနိုင်အောင် ကြိုးစားမယ်။ အားမလျှော့ပါနဲ့၊ မောင်ကြီး သခင်က မောင်ကြီးကို အကြာကြီး ပြစ်ဒဏ်ပေးထားမှာ မဟုတ်ပါဘူး"
"ဒီတစ်ကြိမ်တော့ မျှော်လင့်လို့ မရနိုင်ဘူး အစော။ မောင်ကြီးက မင်းဧကရာဇ်ကို စကားလွန်ကျူး စော်ကားသလို ဖြစ်ခဲ့တာ။ ရှင်ဘုရင် အရှက်တော် ရစေတဲ့ အမှုဟာ သေဒဏ်အထိ ထိုက်တယ်။ ဒါ့ကြောင့် အစော မွန်ပြည်မှာပဲ ဇာတ်မြှုပ် နေစေချင်ပါတယ်။ မောင်ကြီး အခွင့်ရရင် လာရှာမယ်"
လက်ျာဘီလူး၏ စကားနှင့် အမိန့်ကို လွန်ဆန်နိုင်ခြင်း မရှိသဖြင့် သူ့ရှေ့၌ပင် မိစောမွန် ချုံးပွဲချ ငိုခဲ့ရ၏ ။ ခြေ၊ လက်နှင့် လည်အထိ သံကြိုးများဖြင့် ခတ်ထားခြင်း ခံရသော လက်ျာဘီလူးကို ထိတွေ့ခွင့်မရ။ သံကြိုးတန်းလန်းနှင့် လက်ျာဘီလူးကတော့ ကောက်ရိုးပုံပေါ် ထိုင်နေရင်း ပြုံးပြသည်။ မိစောမွန်က နောက်ဆုံးမျက်ရည်ကို သုတ်ပြီး ကြည်လင်စွာ ပြန်ပြုံးလိုက်၏ ။
"ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြန်ဆုံကြဦးမှာပါ"
သို့ဖြင့် ရွှေဘိုတပ်များ ရန်ကုန်သို့ စုန်ကြဦးမည့် အချိန် ရောက်လာပြန်သည်။ တိဂုံဆံတော်ရှင်ဘုရား ထီးတင်ရန်ဟု ဆိုသော်လည်း တကယ်တမ်းတွင်မူ ဘုန်းလက်ရုံး အာဏာပြရန်လည်း ဖြစ်သည်။ မကျိုးနွံသည့် နယ်များ၊ မသိမ်းရုံးမိသေးသည့် တိုင်းများ၊ ပုန်ကန်လိုသည့် ဒေသများသို့ လှည့်လည်ရန် စစ်သည်အင်အား အမြောက်အမြားဖြင့် ချီခဲ့ကြ၏ ။
ဘီလူးတပ်သည်လည်း အကွဲကွဲ အပြားပြားဖြင့်ပင် စစ်ချီရာသို့ ပါသူပါ၊ ကျန်သူ ကျန်ခဲ့ကြ၏ ။ ကျန်ခဲ့ရမည့် အထဲတွင် မိစောမွန်လည်း ပါသည်။ ဗိုလ်မင်းများက ယခုချီမည့်အရေး၌ မသင့်တော်ဟု ဆိုကာ ထားခဲ့မည်ပြုရာ မိစောမွန်က အကြီးအကဲများ စီစဉ်သည်ကို မနာခံဘဲ နေပြည်တော်မှ ထွက်သွားလေသည်။
လက်ျာဘီလူးလည်း အရေးကြီး အကျဉ်းသားအဖြစ် ရန်ကုန်သို့ ပါသွား၏ ။ အဘယ်ကြောင့် အကျဉ်းသားဖြစ်သူကို စစ်ချီရာတွင် ခေါ်ယူသွားသည်ကိုတော့ အလောင်းမင်းတရားကြီးသာ သိပေလိမ့်မည်။ ရန်ကုန်ရောက်သောအခါ တနင်္သာရီနှင့် မုတ္တမကျေးတို့မှ အရေးပေါ်နေ၍ ရှမ်းတို့သည် တိုက်ရည်ခိုက်ရည် လုပ်ရေးကြံမှု၌ ညံ့ဖျင်းကြောင်း ကြားသိရလျင် သုရှင်အလောင်းဘုရား ကိုယ်တော်တိုင် ယိုးဒယားပြည်သို့ ချီမည်ဟု အမိန့်တော် ထွက်လာသည်။
ရန်ကုန်၌ ရှိနေကြစဉ် ထူးခြားမှုများစွာ ပေါ်ပေါက်လာခဲ့သည်။ နေပြည်တော်၌ မိုးကြိုး ၁၃ ချက် ကျသည်ဟု ကြားရသလို ရန်ကုန်တွင်လည်း 'မျက်ရည်သုတ်၍ နောက်ဆုတ်ပြန်' ဟူသည့် တဘောင်ကို ကလေးသူငယ်များ သီဆိုနေကြသည်။ မှူးမတ် ဝန်ကြီးများမှ စ၍ စစ်သည်အပေါင်းတို့က ရှမ်းပြည်သို့ မချီစေလို၊ သူတို့အရှင်အတွက် အတိတ်နိမိတ် မကောင်းကြောင်းသာ ပြောဆိုနေကြလေသည်။ အလောင်းမင်းဘုရားကတော့ သည်တစ်ကြိမ်၌ နိမိတ်တဘောင်တို့ကို အားကိုးယုံကြည်ခြင်း မရှိတော့ဘဲ သူ၏ ဘုန်းသမ္ဘာကို အလွန်ယုံကြည်နေကြောင်း သိရသည်။
ကုန်းဘောင်ရွှေဘိုတပ်များ ရောက်လာပြီးမှ ငြိမ်သက်စ ပြုလာသည့် ရန်ကုန်မြို့သစ်၌ ညလူ သုံးဦးလည်း ပေါ်၏ ။ တစ်ဦးမှာ ဖမ်းရန် အလွန်ခက်သော သူခိုး ဘိုးသောင် ဆိုသူ ဖြစ်သည်။ ငဘိုးသောင်သည် ကိုယ်ခန္ဓာ သေးသွယ်၍ ဆေးအစီအရင်ကောင်းသူဟု နာမည်ကျော်နေသည်။ ရုတ်တရက် နာမည်ကြီးလာပြီးနောက် ယခုအချိန်ထိ ဖမ်းမမိသေး။ နောက်တစ်ဦးသည် ညဘက် တိုက်တတ်သော တစ်ကိုယ်တော် ဓားပြကြီး ငရွှေမှိတ် ဟူ၏ ။
သူက ဘိုးသောင်နှင့် ဆန့်ကျင်ဘက် နီးပါး၊ လူကောင် ကြီးကြမ်းသလောက် အတိုက်အခိုက် ကျင်လည်သည်။ ဓား လှံ သေနတ် လက်နက်မျိုးစုံ ကျွမ်းကျင်သည်။ မိန်းမမှုလည်း များသည်။ သူ့သတင်းလည်း မရတတ်။ မည်သည့်အချိန် မည်သည့်နေရာကို တိုက်မည်ဟု မည်သူမျှ မသိ။ တိုက်၍ ပါသွားပြီးမှသာ သိကြရသည်ချည်း။
နောက်ထပ် ညလူတစ်ဦးမှာ အဆိုးဆုံး ဖြစ်သည်။ မည်သူမည်ဝါဟုပင် မသိရ။ သုတ်သင်သူ ဟု နာမည်ထွက်လာပြီးနောက်ပိုင်း ညဘက်များတွင် လိုက်လံ သတ်ဖြတ်တတ်လေ့ ရှိသောကြောင့် မြို့အလုံး ထိတ်လန့်နေကြရသူ။ လုပ်ကြံရာတွင်လည်း အိမ်ပေါ်တက်ကာ လူအများကြားတွင်ပင် အလိုရှိသူကို ဓားမြှောင်ဖြင့် ထိုးသွားသောဟု သတင်းကြီးနေသည်။
ထို ညလူသုံးဦးကြောင့် အမှုထမ်း အရာထမ်း မင်းမှူးမတ် အုပ်ချုပ်သူများ စိတ်ရှုပ် အလုပ်များနေကြရသည်။ အလောင်းမင်းကြီးနှင့် မြန်မာတပ်များလည်း ယင်းသုံးဦးအား ဂရုမထားနိုင်။ အောက်ပြည်သို့ ချီရန် လူသူလက်နက် စားနပ်ရိက္ခာ စုဆောင်းနေကြရ၏ ။ အမှုအခင်းများကို ရန်ကုန်မြို့ အုပ်ချုပ်သူများဖြင့်သာ လွှဲထားကြသည်။
ထိုအတွင်း မင်းကြီး မင်းခေါင်နော်ရထာက အကျဉ်းစံ လက်ျာဘီလူးအား ဝင်တွေ့ပြီးနောက် မိဖုရားခေါင်ကြီး စန္ဒာဒေဝီထံ အဖူးမြော်ရောက်သည်။ မိဖုရားကြီး၏ လျှောက်တင်ချက်အရ လက်ျာဘီလူး ထောင်မှလွတ်လာပြီး သာမန်တပ်သားငယ်အဖြစ် ပြန်လည် အမှုထမ်းရ၏ ။ သို့ရာတွင် တပ်တွင်းမှ ဗိုလ်က သွေးသောက်ကြီးအရာသို့ တိုးပေးလိုက်ပြီး လူ ၅၀ ခန့်ကိုလည်း ပေးလေသည်။
မိဖုရားခေါင်ကြီး ရှင်ယွန်းစံအနီး ခစားနေရသည့် ကသည်းမင်းသမီးငယ် စန္ဒဝတီသည် မိဖုရားကြီး၏ ဘွဲ့အမည် စန္ဒာဒေဝီနှင့် ဆင်နေသဖြင့် ခင်ဘုန်းဟူသော အမည်သစ်ဖြင့် အမှုတော်ထမ်းနေရ၏ ။ အဆင်းအလျာ ရုပ်ဆင်းသွင်ပြင်နှင့် ပြည့်စုံသူ ဖြစ်ရာ ဆယ့်သုံးနှစ်ကျော်သာ ရှိသေးသော်လည်း နောင်တွင် မင်းသားတစ်ဦး၏ ကြင်ရာ ဖြစ်လာမည်ဟု ထင်ကြေးပေးခံနေရသည်။
လက်ျာဘီလူး ထောင်သွင်း အကျဉ်းချခံနေရသည်ကလည်း သူနှင့် သက်ဆိုင်၏ ။ လက်ျာဘီလူး၏ စကားတစ်ခွန်းသည် သုရှင်ကို ရိုင်းပျမိရုံမျှမက ကသည်းမင်းသမီး၏ အရှက်နှင့် သိက္ခာကိုလည်း ထိပါးစေခဲ့သည်။ တွေ့စက အထင်ကြီး အံ့သြမိမလို ဖြစ်ခဲ့ရသော လူတစ်ယောက်က စော်ကားမော်ကား ပြောဆိုခြင်း ခံလိုက်ရသောအခါ ကသည်းမင်းသမီးငယ် အလွန်စိတ်နာသွားခဲ့၏ ။
ထို့ကြောင့် လက်ျာဘီလူးအား အဆိပ်ခတ်ခဲ့၏ ။ သို့သော် သူကား မသေ၊ ရန်ကုန်ဆိပ်ကမ်းမြို့သစ်အထိပင် ပါလာချေသေးသည်။ ယခုအခါ လွတ်သွားပြီ ဟုလည်း ကြားသိရသည်။ ထို့ကြောင့် လက်ျာဘီလူးအား ဘေးဖြစ်စေရန် အစဉ်အားထုတ် ကြံစည်နေလေသည်။
"အရှင်မ သူ့ကို ကြံလို့ မဖြစ်နိုင်ဘူးနော်။ သူက လူသာမန် မဟုတ်ဘူး၊ ဘယ်လိုမှ မရှင်နိုင်တဲ့ တိုက်ပွဲတွေက လွတ်မြောက်လာခဲ့သူ။ ယခုလိုပဲ သေပြီ ထင်ရတဲ့ အနာကနေ ထလာနေကျ လူ။ သူ့ကို လုပ်ကြံသတ်ဖြတ်လို့ မရဘူး ဆိုပြီး ဒဂုံက မွန်တွေလည်း ပြောနေကြတယ်။ ကြံသူတွေပဲ ပြန်ထိကြသတဲ့။ အရှင်မအကျိုးကို လိုလို့ ပြောတာပါ"
ခင်ဘုန်း၏ အနီးကပ် တိုင်ပင်ဖော် အလုပ်အကျွေးမလေး ရှင်သဲငယ်က စိုးရိမ်စွာ သတိပေးလာသည်။ ရိုးသားသော တောသူအမှုထမ်းကလေးမို့ သူ့အတွက် ပြောနေကြောင်း ခင်ဘုန်း နားလည်သော်လည်း လက်လျှော့လိုစိတ်တော့ မရှိ။ လက်ျာဘီလူးအား တစ်ခုခု တုံ့ပြန်လိုက်ရမှ ကျေနပ်မည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။
ယင်းသောအခါ မြန်မာလို ထန်းတစ်ပင်ဟု ခေါ်သော တာမွေရပ် ဆင်ခြေဖုံး ဘုံဆိုင်တစ်ခုတွင် ငဘိုးသောင် နှင့် ငရွှေမှိတ် တို့ စတင် တွေ့ဆုံမိကြ၏ ။ သူတို့သည် တစ်ဦးကိုတစ်ဦး မသိကြဘဲ ထောင့်တစ်ဖက်စီတွင် ထိုင်နေကြသည်။ သူတို့ကြားမှ လူသုံးဦးက စကားပြောရင်း ညလူသုံးယောက်အကြောင်း ရောက်သွားကြရာမှ စ၏ ။
ပထမလူ ။ ။ သူခိုး ဘိုးသောင်ကိုတော့ ဒီတစ်သက် မိကြတော့မှာ မဟုတ်ပါဘူးဗျာ။
ဒုတိယလူ ။ ။ မမိဆို သူကလည်း တယ်စွမ်းသကိုးဟ။
နားစွင့်နေသော ငဘိုးသောင် ပြုံးသွားသည်။
တတိယလူ ။ ။ ညဉ့်ဓားပြ ငမှိတ်ကို မီနိုင်ရိုးလားကွာ။ ငမှိတ်က အခုအချိန်ထိ ဘယ်မှာနေတယ် ဝေးစွ၊ ဘယ်ကို တိုက်မယ် ဆိုတာတောင် ဘယ်သူမှ မမှန်းနိုင်သေးဘူး ဆိုပဲ။
"ကျုပ်ကတော့ မှန်းနိုင်တယ်ဗျ" ဟု ငရွှေမှိတ် စကားဝိုင်းထဲ ဝင်ပြော၏ ။ တစ်ဆိုင်လုံးရှိလူများ အားလုံးနီးပါး လှည့်ကြည့်ကြသည်။
တတိယလူ ။ ။ ကိုယ့်လူက ဘယ်လိုများ သိနိုင်သလဲ။ ငမှိတ်က တစ်ကိုယ်တော် ဆို။
ငရွှေမှိတ် ။ ။ အို.. ကျုပ် သိတယ် ဆို သိတယ်ပေါ့။ ခင်ဗျားတို့ မသိလို့ ဘာမှ မဖြစ်ဘူး။
ဒုလူ ။ ။ သိရင် ပြောစမ်းပါလေ့ဗျာ။
ငမှိတ် ။ ။ အိမ် အတိအကျတော့ မပြောဘူး။ ဒေါပုံဘက်မှာ ဒီည တိုက်လိမ့်မယ်။
ဒုလူ ။ ။ (ရယ်လျက်) ဒါတော့ မဟုတ်နိုင်ပါဘူးဗျာ။ ဒေါပုံက အခြေအနေမှ မကောင်းဘဲ။ တိုက်ပွဲဖြစ်ထားခဲ့ဖူးတဲ့ နေရာတွေမို့ လူတွေက ပြန့်ကျဲ၊ ဖရိုဖရဲနဲ့ ဟိုတစ်စ သည်တစ်စ ဖြစ်နေကြတာ တော်ရုံ ငွေကြေးရှင်တောင် မရှိလောက်ဘူး။ ရှိရင်း ပွဲစားကြီးတွေလည်း အားလုံးပြောင်းပြေးကုန်ကြသတဲ့။
ငမှိတ် ။ ။ ကျုပ်ပြောတာ မယုံရင် လောင်းကြေး စားကြေး လုပ်လိုက်လေ။ မနက်ဖြန်ခါတော့ သတင်း သိရတဲ့အခါ ဒီအချိန် ဒီကိုပဲ လောင်းကြေးလာပေးရမယ်၊ ဘယ့်နှယ့်လဲ။
ငဘိုးသောင် ဝင်လာသည်။
"ဟုတ်ပြီဗျာ။ ဘယ်လောက် ကြေးတင်မလဲ"

ထိုညက ငဘိုးသောင်နှင့် ငရွှေမှိတ် တို့ အလောင်းအစား ဖြစ်ကြသည်မှာ နံနက်တွင် ဒေါပုံရပ် ဓားပြတိုက်ခံရသည့် သတင်းနှင့်အတူ ဟိုးဟိုးကျော်သွားခဲ့၏ ။ 

(ဆက်ရန်...)   ကလဲ့စား  (၃) 

Written by သင်္ခရာဇာ
End date: December 26, 2021

ကလဲ့စား (၁)

"တောက်!"

ပြင်းထန် ကျယ်လောင်လှသော တောက်ခေါက်သံကြောင့် အစောင့်များ အံ့အားသင့်သွားကြ၏ ။ တောက်ခေါက်သူမှာ ယောက်ျားတစ်ဦး မဟုတ်ဘဲ မိန်းမငယ်လေး ဖြစ်နေ၍လည်း မျက်လုံးပြူးကြရသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသမီးငယ်ကတော့ သူတို့ကို ရှိသည်ဟုပင် မထင်။
ဒေါသဖြင့် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း လမ်းပေါ်မှ ခဲများကို ကန်သွားလိုက်သေးသည်။ အကျဉ်းသားတစ်ဦးအပေါ် ဂရုစိုက်လှသော အမျိုးသမီး၊ တစ်နေ့ နှစ်ကြိမ် ထမင်းလာပို့ခွင့်ရရန် နေ့စဉ် ကြိုးစားနေသူ၊ မဖြစ်နိုင်ပါဟု အကြိမ်ကြိမ် ငြင်းထားသည့် ကြားမှ အဆင့်ဆင့်သို့ တက်ကာ ရဲရဲဝံ့ဝံ့ လျှောက်တင်နေခဲ့သော်လည်း ယခုထိတော့ အရာမထင်သေးသည့် လုံမငယ်။
သူက ကြိုးပမ်းနေသလောက် အကျဉ်းသား၏ အခြေအနေမှာတော့ တစ်နေ့တခြား ဆိုးရွားလာနေသည်။ ရောက်လာစဉ်က သန်သန်မာမာ ဖြစ်သော်လည်း ယခုအခါ နေ့လားညလား၊ နောက်တစ်နေ့အထိမှ ခံပါ့မည်လား ဟူ၍ စိုးရိမ်ရသည်အထိ ကျန်းမာရေး ညံ့ဖျင်းလာခဲ့သည်။
ယင်း အကျဉ်းသားမှာ နှယ်နှယ်ရရတော့ မဟုတ်၊ ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်ဟု ဆိုကြ၏ ။ သူ့ထံ လာကြသူများမှာလည်း သာမန်တပ်သားများမှ စ၍ ဗိုလ်ချုပ်ကြီး မင်းခေါင်နော်ရထာအထိ ပါဝင်သည်။ ပြင်းထန်လှသော ရာဇဒဏ် ကျခံနေရသည့်ကြားမှ အပျိုတော်များ၊ မောင်းမများ၊ မင်းသမီးတစ်ပါးအပြင် ဗိုလ်မှူးများကပါ လာရောက် အားပေးကြရသူ ဖြစ်သည်။
ထိုအထဲ၌ ယခု ထွက်သွားသည့် မိန်းမငယ်ကတော့ ဇွဲအကောင်းဆုံး။ အကျဉ်းသား၏ တပ်ထဲမှ ဖြစ်ကြောင်း အစောင့်များ သိထားကြသည်။ အဆိုပါ မိန်းမငယ်သည် ထွက်သွား၍မှ မကြာမီ ပြန်ရောက်လာပြီး ဆေးတစ်ထုပ်ကို ဝင်ရောက်တိုက်ကျွေးခွင့်ပြုပါရန် အရေးဆိုနေပြန်သည်။
အစောင့်များက မင်းမိန့်ဖြစ်၍ တစ်ရက်လျင် တစ်ကြိမ်သာ လာရောက် ကြည့်ရှုနိုင်သည် ဟူသော ထုတ်ပြန်ချက်ကို မလွန်ဆန်ဝံ့ပါကြောင်း အမျိုးသမီးအား ဘယ်နှကြိမ်မြောက်မှန်းမသိ ရှင်းပြကြရပြန်၏ ။ အတော်ကြာသည်အထိ ပြောဆိုကြ၍ မောသွားသောအခါ မိန်းမပျိုသည် ထောင်ဝင်း၏ သစ်လုံးတိုင်တစ်ခုကို မှီကာ ထိုင်ချလိုက်တော့သည်။
သူတို့အနားသို့ နန်းတွင်းမှ ရဲမက်များ အပြေးအလွှား ရောက်ရှိလာကြကာ တန်းစီ နေရာယူလိုက်ကြသဖြင့် လုံမငယ်သည် ငေးကြည့်နေမိ၏ ။ များမကြာမီ မင်းလမ်းကြီးအတိုင်း ချိုးကွေ့လာသော ရွှေဝေါကျိုင်းပလာနှင့် ရံရွေတော်တစ်သိုက်ကို အစောင့်အကြပ်များ ခြံရံလျက် တွေ့လိုက်ရသည်။ ဝေါတော်ရောက်လျင် စန္ဒာဒေဝီမိဖုရားခေါင်ကြီး ဆင်းလာရာ အစောင့်များအားလုံး ဒူးတုပ်ပျပ်ဝပ် နေကြရသည်။ မိဖုရားကြီးနှင့် မောင်းမတစ်သိုက်ကို လမ်းပြဗိုလ်တစ်ဦးက ဦးဆောင် ခေါ်သွားသည်။
မိဖုရားကြီး ဝင်သွားပြီးနောက် မကြာမီ အထိန်းတော်ကြီးတစ်ဦး အပြင်သို့ ပြန်ထွက်လာ၏ ။ အထိန်းတော်ကြီးက ဟိုဟိုသည်သည် ကြည့်နေရာ ခပ်လှမ်းလှမ်း၌ ထိုင်နေသည့် မိန်းမပျိုက ထရပ်လိုက်သည်။ သူတို့သည် တစ်ဦးကို တစ်ဦး ကြည့်နေကြရင်း မိန်းမပျိုက ရှေ့တိုးလာ၏ ။
"ဟို.. အထဲက မင်းထင်နော်ရထာနဲ့ သိသလား"
အထိန်းတော်ကြီး မေးရာ အမျိုးသမီးက သွက်သွက်ကြီး ခေါင်းညိတ်ပြ၏ ။
"ကျွန်မက သူ့တပ်ကပါရှင့်"
"အတော်ပဲ၊ သူ နာမကျန်းဖြစ်နေတာ သိရဲ့ မဟုတ်လား"
"ဟုတ်ကဲ့ရှင့်၊ အဲဒါကြောင့် ဆေးတိုက်ဖို့ ကြိုးစားနေတာပါရှင်"
အထိန်းတော်ကြီးက မိန်းမငယ် လက်ထဲမှ ဆေးထုပ်ကို မြင်သွားပြီး
"ပြစမ်းပါဦး၊ ညည်းဆေးကို"
သေသေချာချာ ယူကြည့်သည်။ သိသည်လည်းရှိ၊ မသိသော အမျိုးအမည်များလည်း ပါနေသည်ကို တွေ့၏ ။
"မရဘူး၊ ဒါတွေနဲ့ ပျောက်မှာ မဟုတ်ဘူး။ သူက အဆိပ်မိနေတာကွဲ့။ ဖြေဆေး ရှာစပ်ဖို့ လိုတယ်"
"ရှင်"
"သမီးနာမည် ဘယ်သူလဲ"
"အစောပါရှင့်"
"မိန်းကလေး အစော.. အမိ ဆေးအမယ်တွေ ရွတ်ပြလိုက်မယ်။ သမီးက အဲဒါတွေ ရသလောက် ရှာပြီး ဆတူရော အမှုန့်ကြိတ် သတ္တုကျအောင်ကျို ဆယ်ခွက် တစ်ခွက်စာ ကျန်မှ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး အကျဉ်းသားကို အမြန်ဆုံး တိုက်ရလိမ့်မယ်။ ဒီနေ့ ရအောင် လုပ်နော်။ ဒီညလွန်သွားရင် အသက်မီမှာမဟုတ်ဘူး"
"ဟင်.. ဟုတ်ကဲ့၊ ဟုတ်ကဲ့"
အထိန်းတော် အမျိုးသမီးကြီးက ဆေးမြစ် ဆေးရွက်များကို ပြောပြ၍ မိစောမွန်က သေသေချာချာ လိုက်မှတ်၏ ။
"အမေ့အမည်လေးလည်း ပြောပါဦး၊ ကျေးဇူးဆပ်ရအောင်"
"မလိုပါဘူးအေ၊ ကျုပ်က ရောက်တာ မကြာသေးဘူး။ ဆေးအမယ်တွေသာ မမေ့ပါစေနဲ့။ ကဲ.. သွား သွား၊ နောက်ကျနေမယ်"
မိစောမွန် လက်အုပ်ချီ ကန်တော့လိုက်ကာ ပြေးထွက်သွားသည်။ ဉာဏ်ထက်သူ ဖြစ်သဖြင့် အရှေ့ဝင်းမှူး တပ်သို့ အလျင် သွား၏ ။ ရောက်သော် ရဲဘော်များကို ချက်ချင်း စုဝေးလာစေလိုက်သည်။
"တို့တပ်မှူး အရေးကြီးနေပြီတဲ့ဟေ့၊ လာကြ"
တစ်ယောက် တစ်ဆင့် ဟစ်လိုက်ကြပြီး စုရုံးမိသမျှကို အမြန်ရှင်းပြလျက် လူစုခွဲကာ ဆေးပင်များ ရှာရန် ထွက်သွားကြလေသည်။ တပင်ရွှေထီးပင်၏ ပဉ္စငါးပါး စသည်တို့မှာ အလွယ်တကူ ရရှိနိုင်သော်လည်း အချို့ အပင်များမှာ အလွန်ရှားပါး၍ သူတို့နယ်တစ်ဝိုက်တွင် မပေါက်ရောက်ချေ။ ယင်းသို့သော ရှားပါးအမယ်များကိုမူ မိစောမွန်တို့က ရှာဖွေကြရသည်။
သူတို့သည် ကုန်သည်များ၊ သမားကျော်များ၊ တောဆေးဆရာများ၊ မုဆိုးများ စသည်တို့ကို မြင်းများဖြင့် လှည့်လည် မေးမြန်းပြီး တစ်မျိုးပြီး တစ်မျိုး စုဆောင်း ရရှိလာခဲ့၏ ။ ဘယဆေးဆိုင်အချို့မှလည်း ရှားပါ အစေ့ အမြစ်များ ရလာသေးသည်။ အားလုံး ပြန်ဆုံကြသောအခါ မည်သို့မျှ မရနိုင်သော ဆေးနှစ်မျိုးသာ လို၏ ။
ထိုဆေးကို စီရင်ပြီးလျင်ပြီးချင်း သွက်လက်ချေငံ၍ စိတ်ချရသူတစ်ဦးကို အကျဉ်းကျနေသော လက်ျာဘီလူးထံ လွှတ်လိုက်လေသည်။
သူတို့ ကံကောင်းသည်မှာ အရှေ့ဝင်းမှူး တပ်များကို သိမ်းဆည်း အုပ်ချုပ်နေရသူ မင်းကျော်အာကာမှာ နန်းတွင်းထဲ အမှုထမ်းရောက်နေချိန် ဖြစ်၍ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ခဲ့ကြ၏ ။
ဆေးယူသွားသူ တပ်သား ပြန်ထွက်လာသည့် အချိန်တွင် အဝ၌ စောင့်နေကြသူများက တပ်မှူးသတင်း ဆီးမေးကြသည်။ အားရစရာ မရှိ၊ ဆေးပင် မသောက်နိုင်တော့သောကြောင့် အကျဉ်းသားတစ်ဦး အစောင့်တစ်ဦးတို့ အကူအညီယူလျက် ခံတွင်းသို့ ဝင်အောင် ထည့်ခဲ့ရကြောင်း ပြောရာ မိစောမွန် တောက်ခေါက်ပြန်လေသည်။
"ဘယ်သူလုပ်သည်ဖြစ်စေ အလွတ်မပေးဘူး၊ ဒင်းကို ငါ့လက်နဲ့ ရအောင် သတ်မယ်"
ဟုလည်း စိတ်ထဲမှ ကြိမ်းဝါးနေလေသည်။
🔲
သူတို့အဖွဲ့ ပြန်သွားကြပြီးနောက် နေစောင်းစောင်းတွင် မင်းသမီးတစ်ပါး ရောက်လာပြန်ချေ၏ ။ အစောင့်များကတော့ မိဖုရားခေါင်ကြီး ကိုယ်တော်တိုင် ကြွချီစောင်မရသော အကျဉ်းသား၏ ဘုန်းကံကို ပြောဆိုနေခိုက် မြန်မာလူမျိုး မဟုတ်သည့် မင်းသမီးတစ်ပါး ရောက်ရှိလာပြန်သဖြင့် အံ့သြပြီးရင်း အံ့သြနေကြရသည်။
ငယ်ရွယ်နုပျိုသေးသော မင်းသမီးလေးက အထဲသို့ မဝင်၊ အစောင့်များကို လာမေး၏ ။
"လက်ျာဘီလူး ဆိုတဲ့ အကျဉ်းသား နေကောင်းကျန်းမာ ရှိပါရဲ့လား"
အစောင့်များက ရုတ်တရက် မကျန်းမမာ ဖြစ်လာကြောင်းနှင့် ရောဂါလက္ခဏာများကို ပြောပြရာ မင်းသမီးငယ်လေးက တစ်ချက် ပြုံးလိုက်ပြီး မဝင်တော့ဘဲ လှည့်ပြန်သွားခဲ့၏ ။ အကျဉ်းသား၏ အခြေအနေကို လာကြည့်သော လာနေကျ မွန်အမျိုးသမီးလည်း ထူးခြားသွင်ပြင်ရှိသူ မင်းသမီးငယ်ကို ခြေဆုံးခေါင်းဆုံး ကြည့်နေကြောင်း သူတို့ မြင်တွေ့ရ၏ ။
"ဟော.. လာပြန်ပြီ၊ အာဂ သူငယ်မပဲ"
"ငါတော့ စိတ်လည်းရှုပ်၊ ရယ်လည်းရယ်ချင်၊ သနားလည်း လာတယ်ကွ"
ပြောဆိုနေကြစဉ် မိစောမွန် အနီးရောက်လာပြီး
"ဟိုမောင်ကြီး အခြေအနေလေး သိချင်လို့ပါ"
"နှမငယ်၊ ကျုပ်တို့က အပြင်တံခါးစောင့်ရတာ။ အထဲက တစ်ယောက်ယောက်ကို မေးမြန်းကြည့်ပါ။ ဟေ့.. ငသက်၊ ငသက် ရှိလားဟိတ်"
အထဲမှ ပြန်အော်သည်။
"ငသက်မရှိ၊ ငလွင်သာ ရှိ"
"အေး.. ငလွင်၊ ခဏလောက်ကွ"
လူတစ်ယောက် ထွက်လာသည်။ မိစောမွန်ကို မြင်တော့ မျက်နှာတစ်မျိုး ဖြစ်သွား၏ ။
"အမိ၊ သိပ်စိတ်မပူပါနဲ့။ ကျုပ်တို့ အတတ်နိုင်ဆုံး စောင့်ရှောက်နေပါတယ်။ သူ့အကြောင်းလည်း ကြားသိထားပြီးဖြစ်လို့ ကြည်ညိုရင်းစွဲ ရှိပ အမိငယ်။ လူနာကတော့ ဆေးတိုက်ထားလို့ လောလောဆယ် မှိန်းနေရဲ့။ ကျုပ်တို့ ညကို အလှည့်နဲ့ စောင့်ကြည့်နေမှာပါ"
"ကျွန်တော်မျိုးမရော စောင့်ကြည့်ပေးလို့ မရဘူးလားရှင်"
"မရပါဘူးခင်ဗျာ၊ အကျဉ်းထောင်နဲ့ အမျိုးသမီးတွေ မသင့်တော်ပါဘူး"
"ဒါပေမယ့် သူ ယခုထိ အားရစရာ မရှိသေးဘူး မဟုတ်လား။ အမှန်အတိုင်း သိလိုပါတယ်"
"လှုပ်တာတော့ မတွေ့ရဘူး။ သူက အရင်ကတည်းက ငြိမ်ငြိမ်သက်သက်ပဲ နေတတ်တာ ဆိုတော့.."
မိစောမွန်က ဆုံးဖြတ်ချက်တစ်ခုကို လျင်လျင်မြန်မြန် မိုက်မိုက်မဲမဲ ချလိုက်သည်။ ငလွင် ဆိုသူ၏ ခါးမှ ဓားကို ဆတ်ခနဲ ဆွဲထုတ်လိုက်ပြီး
"ကျွန်မ ရှင်တို့ ရဲမက်တွေကို ရန်ပြုလို့ အကျဉ်းကျရင်တော့ သူနဲ့ တစ်ခန်းထဲ ထားပေးပါ။ နောက်မှ စီရင်ချင်သလိုသာ စီရင်ကြပါတော့"
မိစောမွန် ထိုးရန်ပြင်နေသည့် ဓားဦးကို အစောင့်တစ်ယောက်က လှံဖြင့် ရိုက်ချလိုက်ရင်း
"ဟေ့.. ဟေ့၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ မိန်းကလေး။ ဓားကို ပြန်ပေးလိုက်။ ရာဇဝတ်သင့်ရင် သူ့အနီး မရောက်ဘဲ ပိုဝေးသွားမယ်နော်"
မိစောမွန် တွေဝေသွားစဉ် ငလွင်က ဓားကို ပြန်လုပြီး စိတ်ချရမှ
"ခင်ဗျား အတော်မိုက်မဲတာပဲ။ နောက်ကို မလာနဲ့ဗျာ။ သနားလို့ သည်တစ်ကြိမ် ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါ ဒါမျိုးလုပ်ရင်တော့ ရာဇဝတ်မှုနဲ့ ကွပ်မျက်ပစ်မယ်၊ နားလည်လား"
ထောင်ကြပ် ငလွင် စိတ်ဆိုးသွား၍ မိစောမွန် ပြန်ခဲ့ရသော်လည်း နောက်တစ်နေ့ နေထွက်တပြူ၌ ရောက်လာသည်ပဲ ဖြစ်၏ ။ အထဲ အဝင်မခံသောကြောင့် သတင်းထူးလျင် ပြောပါ ဆိုကာ သစ်ပင်ကြီးတစ်ပင်အောက် သွားထိုင်နေလေသည်။
(ဆက်ရန်...)   ကလဲ့စား  (၂) 
Written by သင်္ခရာဇာ
End date: December 26, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...