Translate

Showing posts with label တိုက်မောင်း. Show all posts
Showing posts with label တိုက်မောင်း. Show all posts

တိုက်မောင်း (ဇာတ်သိမ်းပိုင်း)

မန်ကျည်းကန် ရွာသားများမှာ ပျော်တပြုံးပြုံး။ ရွာသူကြီး ဦးဆယ်ကား ရင်ကော့ခေါင်းမော့လျက် ကြည်နူးမဆုံးပြီ။ သားတစ်ယောက်မှာ အရည်အချင်းအလျောက် မင်းပေးသည့် ဘွဲ့ထူးကို အဦးဆုံးပွဲတွင်ပင် ရရှိခဲ့ကာ သွေးသောက်ကြီး ဖြစ်လာပြီး ငရာပြည့်တပ်မှ တပ်သားအချို့ကိုအုပ်ချုပ်ရသူ ဖြစ်နေပြီ မဟုတ်လား။

ရူးကြောင်ကြောင် တိုက်မောင်းကလေးမှာလည်း သူအမှုထမ်းချင်လှသော တပ်တွင် အိုးစားကြီးအဖြစ် ချက်ချင်း ရာထူးရခဲ့၏ ။ ဘီလူးတပ်သား ဖြစ်ရန် မလွယ်ကူဟု ကြားဖူးခဲ့ရာ တိုက်မောင်းတို့မှာ ကံကောင်းလွန်းလှသည်။ ဦးဆယ်ကား သားများအတွက် ဂုဏ်တက်လှလေပြီ။
"မောင်ဖိုးဆယ် အောက်လည်း ငုံ့ကြည့်ပါဦးဟ။ ခွေးချေးနင်းမိပါဦးမယ်"
ဘကြီးသောင်းက ထိုသို့ ပြောဆိုရသည်အထိ။ မဏ္ဍပ်ဆောက်နေကြသူများကို ကြီးကြပ် ဝိုင်းကူနေသည့် တိုက်မောင်းထံ အစ်ကို ငကံကောင်း လာကြည့်ရာ သူရိန်နှင့် တွေ့ပြန်သည်။
"ကိုရင့်ညီကို စိတ်မချလို့ လာလာကြည့်နေသလား"
"သူက အဆင်အခြင်မရှိ အရမ်းကာရော လုပ်တတ်လို့ ပူရတယ်ကော သွေးသောက်"
''မပူပါနဲ့ဗျာ။ ဘီလူးတပ်သား ဖြစ်သွားရင် သေမှာကလွဲလို့ ဘာမှ ပူစရာ မရှိတော့ပါဘူး။ သူပြောတတ် ဆိုတတ်တာလည်း အားလုံးက သိပြီးသားမို့ တပ်မှူးကအစ ခွင့်လွှတ်ကြပါရဲ့"
"ပူရပါသော်ကောလား။ ကျုပ်ညီငယ်က အစွမ်းအစ နည်းပါတယ်။ အခြားတပ်တွေက လှောင်ပြောင် ရယ်မောစရာ ဖြစ်နေမှာလည်း တွေးပူမိတယ်ဗျ"
"ဘီလူးတပ်သားကို ဘယ်သူက ထိပါးစော်ကားဝံ့မှာတဲ့တုန်း"
"အံမယ်.. ကျုပ်တော့ ဘီလူးတပ်ကို လေ့လာကြည့်တာ အဲဒီလောက်လည်း မဟုတ်ပါဘူး"
သူရိန်က ပြုံး၍
"ဟိုမှာတွေ့လား။ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ပုဆိုးလိုလို ထမီလိုလို ဝတ်ထားတဲ့ တစ်ယောက်ကို"
"အင်း.. တွေ့တယ်။ ဘာဖြစ်လို့လဲ"
"အဲဒါ ဘီလူးတပ်သားတော့ မဟုတ်ဘူး။ ကျုပ်တို့တပ်က ခဝါသည် ထမင်းချက် ကျော်ရှိန် တဲ့"
"အွန်း"
"အဲဒီ ကျော်ရှိန်ကို ရောင်းရင်း တစ်ယောက်ချင်း နိုင်ပါ့မလား"
"ဘယ်လို၊ ခဝါသည် ပဏ္ဍုပ်ကို ကျုပ်က.. ဟုတ်လား"
"အပြောမကြီးပါနဲ့လေ။ ကျုပ်တို့လည်း သည်တပ်ကို ဝင်စမှာ တပ်မှူးက သူ့ကို နိုင်ရင် လက်ခံမယ်ဆိုလို့ မယုံနိုင် ဖြစ်ခဲ့ရတာ။ ကျုပ်တို့က ၅ ယောက်၊ လက်နက်တွေနဲ့။ သူ့မှာ အဝတ်ရိုက်တဲ့ တုတ်ပုတ်ပဲ ပါတယ်။ ကျုပ်တို့ ၅ ယောက် မနိုင်လို့ အရိုက်ခံလိုက်ကြရတယ်"
ကံကောင်း မျက်လုံးပြူး ကြည့်နေ၏ ။
"ကိုရင်ကံကောင်းက ဗန်ရှည် သိပ်ကောင်းတယ်လို့ ကြားဖူးပါတယ်။ ကျုပ်က ငသူရိန်ပါ။ တုတ်ဓား လက်နက် ကိုယ်လုံပညာမှာ ကြိုက်ရာ စမ်းလို့ရပါရဲ့။ ကိုရင့် လက်စွမ်းလည်း သိပြီးဖြစ်လို့ မမှုပါဘူး။ ဒါပေမယ့် ကိုရင် ငကံကောင်း ဘီလူးတပ်သားတော့ မဖြစ်နိုင်ဘူးဗျ"
"ဘာဖြစ်လို့လဲ"
"တပ်မှူးက အစွမ်းကောင်းကို ရွေးတာ မဟုတ်ဘူး။ သူနဲ့ စိတ်ချင်းတူမှ၊ သူ့သဘောအတိုင်း လက်ခံနိုင်မှ ရွေးတာ"
"ငတိုက်မောင်း ကျတော့ရော"
"သူက ဘုရင်ကိုတောင် ဆုတောင်းပြီး ဝင်လာတာပဲ။ (ရယ်လျက်) ပြီးတော့ သူ့မျက်လုံးထဲမှာ တပ်မှူးကို အလွန်လေးစားဟန်လည်း မြင်ရတယ်။ ရောင်းရင်းနဲ့တော့ မတူဘူး"
"ကျုပ်လည်း တပ်မှူး လက်ျာဘီလူးကို လေးစားပါတယ် သွေးသောက်ရဲ့၊ ခုမှ မဟုတ်ဘူး။ စကြားဖူးကတည်းက သဘောကျခဲ့တာ။ မယုံနိုင်စရာပေမယ့် ကြားရတာ အားရစရာတွေပဲ"
"ဘယ်လို ကြားထားလို့လဲ"
"မွန်တိုက်လှေကြီး ၅၀၀ ကို အမိန့်မရဘဲ ရဲလှေ ၃၀ နဲ့ ဝင်တိုက်တယ် ဆိုတာမျိုး စကြားဖူးတာ"
"ဟိုနေ့က ပွဲမှာရော.. မြစ်လယ်က ကြံ့ကြံ့ခံပြီး လှေ ၃ စီးတည်းနဲ့ ရေတပ်ကို ဆီးကြိုဖို့ စောင့်တာ မတွေ့ဘူးလား"
"သိတော့ သိလိုက်တယ်။ မွန်ရေတပ်မှ မလာဘဲ"
ပြောရင်း ကံကောင်း တွေဝေနေ၏ ။
"လာရင်ရောဗျာ.."
"အင်း..."
သူ စဥ်းစားရင်း
"ဟုတ်တယ်ဗျ။ အဲဒီညက သူပြောတဲ့ထဲမှာ ပါတယ်။ ရေတပ်ကို သူတိုက်မယ် တဲ့။ မင်းတို့က ဦးရာပြည့်တပ်မှာပဲနေ၊ သူ့လှုပ်ရှားမှုကို ကြည့်ထားတဲ့။ မသင့်မတင့် ကြံရင် အရမ်းမလုပ်ဘဲ ဉာဏ်နဲ့ ချင့်ချိန် ဆုံးဖြတ်ပြီးမှ လုပ်ပါ တဲ့။ သူ့အတွက် ဘာမှ ပူစရာ မရှိဘူးလို့ ပြောသွားတယ်။ မွန်တပ်ကြီးလာလည်း ​ ခံတိုက်ထားမယ့်ပုံပဲ"
"ခံတိုက်မှာ မဟုတ်ဘူး။ သူက တက်တိုက်မှာ"
သင်္ကန်းအစုံပေါင်းများစွာအား မြင်းများနှင့် တင်လာကြသော လက်ျာဘီလူးတို့ ဝင်လာကြသဖြင့် ကလေးများ တပျော်တပါး လိုက်သွားကြသည်ကို ကြည့်ရင်း
"သူ့ပုံစံကတော့ အဲဒီလောက် မထင်ချင်စရာပဲ။ တကယ် ကြုံရတော့လည်း ကြားရတဲ့ပုံပြင်တွေ ဘာမှ မဟုတ်သေးပါလားလို့ ဖြစ်ရပြန်ရော။ ကျုပ်တောင် တပ်ပြောင်းခွင့် တောင်းမှလား မသိဘူး။ အဲဒီလိုလူမျိုးနဲ့ တွဲတိုက်လိုက်ရရင်.."
"မဖြစ်နိုင်ပါဘူး။ ကိုရင် ဘီလူးတပ်သား ဖြစ်လာမှာ မဟုတ်ဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တတ်တဲ့ ကိုရင်ကံကောင်းလို အစွမ်းအစ ရှိသူက အရေးလွန်အဖြစ်ပဲ ကိုယ့်တပ်ကိုယ် အုပ်ချုပ်ပြီး တိုက်တာ ကောင်းပါတယ်"
ပြောရင်း သူရိန်က ဘုန်းတော်ကြီးကျောင်းကို ပြင်ဆင်မည့် ပျဥ်များ ရောက်လာသဖြင့် စီမံပေးရန် နှုတ်ဆက်ထွက်သွားရာ ငကံကောင်းတစ်ယောက်တည်း ရပ်ကျန်ခဲ့သည်။ သူသည် တပ်သားဆယ်ယောက်ခန့်အကြား၌ ရယ်ရယ်မောမော လုပ်ကိုင်နေသော တိုက်မောင်းကို ငေးကြည့်ကာ
"အေးလေ.. စိတ်ချရမှာပါ"
ဟု တွေးနေ၏ ။
ရွာသူရွာသားများက ဧည့်ခံကျွေးမွေးရမည့် တာဝန်အား မိမိတို့ရွာကပဲ ယူပါရစေဟု တောင်းဆိုထားသဖြင့် ကုန်းဘောင်တပ်များမှာ မဏ္ဍပ်ဆောက်ခြင်း၊ ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း စသည်တို့တွင်သာ ကူကြရသည်။ အခြားရွာများမှလည်း လာကြ ကူကြပါပေသည်။
ဘုရင်မင်းတြားကြီး ကိုယ်တော်တိုင် ပါဝင်သည့် အလှူကြီး ဟူ၍လည်းကောင်း၊ အရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာ၏ ရဟန်းခံ ရှင်ပြုပွဲ ဟုလည်းကောင်း၊ သူရဲကောင်း လက်ျာဘီလူးနှင့် ဘီလူးတပ်သားများ၊ သူကြီးသား တိုက်မောင်း ဟူသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် အလှူပွဲကြီးဟူ၍လည်းကောင်း ရွာနီးချုပ်စပ်တစ်ခွင်ဝယ် အမျိုးမျိုး ကျော်စောလျက် ရှိချေ၏ ။
အလှူရက်တိုင်လျင် အနီးဝန်းကျင် ဆယ်ရွာကျော်မှ လှည်းဝိုင်းကြီးများ၊ မြင်းများ၊ လူများ ရောက်လာကြသည်။ မန်ကျည်းကန် ရွာသူရွာသားတို့သည် အလှဆုံး ပြင်ဆင်ထားလျက် ကြိုဆို ဧည့်ခံနေကြ၏ ။ ရွာလုံးကျွတ်နီးပါး ကလေးများကို ရှင်သာမဏေအဖြစ် သွတ်သွင်းကြမည်ဖြစ်၍ မြင်းများစွာ ပြင်ဆင်ထားရပြီး ကျောင်း၌လည်း မမြင်စဖူး ထူးကဲလောက်အောင် သင်္ကန်းပရိက္ခရာများစွာ တောင်လိုပုံနေပြီ။
ယခင်ကမူ ဖိုးသူတော်၊ ကပ္ပိယ လုပ်ရန်ပင် ပတ်စရာ အဝတ်ဖြူ ရှားပါးခဲ့ပြီး ကျောင်းထိုင်ဆရာတော်က ရှိသည့် သင်္ကန်း ၅ စုံအနက် ၂ စုံကို ကိုရင်ကြီးအား ခွဲပေးထားရ၏ ။ ကျောင်းသား သူငယ်တို့မှာ အချို့ ကိုယ်တုံးလုံးနှင့်၊ အချို့လည်း အပေါ်အင်္ကျီသာ ပါခဲ့၏ ။
ဆင်းရဲသော ရွာဖြစ်သဖြင့် ဘုန်းကြီးကျောင်းကိုလည်း မပြင်နိုင်သည်မှာ ကြာခဲ့ပြီ။ ပေါက်ပြဲ ဆွေးမြေ့နေသည်တို့ကို အစားထိုး ပြုပြင်ပေးသွားကြသော ရဲမက်တို့အား ဆရာတော်က သာဓုခေါ်လျက် ဆုများ ပေးလေသည်။ ယခုတော့ ကျောင်းကြီးမှာလည်း ခိုင်ခိုင်ခံ့ခံ့၊ မောင်ရင်လောင်းများကလည်း တဗြုန်းဗြုန်း တဝုန်းဝုန်း ပြေးလွှားကြလျက်၊ ဝင်လိုက် ထွက်လိုက် ပရိသတ်အများရှေ့ဝယ် ဆရာတော်ကြီးသည်လည်း တပြုံးပြုံးနှင့်။
ကျောင်းရှေ့ဝင်ပေါက်တွင် အနီနောက်ခံ၊ စာတန်းအဖြူဖြင့် 'မန်ကျည်းကန်ရွာ ရွာလုံးကျွတ် ရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနား' ဟူသော သစ်သားပြားကြီးသည် ကနုတ်လက်ရာများဖြင့် ခန့်ညားထည်ဝါနေသကဲ့သို့ ကြွရောက်လာကြသူ လူတိုင်းမှာလည်း သစ်လွင်လှပနေကြ၏ ။ စကားပြောဆိုကြသံများမှာ ဆူညံပွက်လောရိုက်နေသည်။
"ဟေ့.. ဘာကျွေးတဲ့လဲကွ၊ မှန်ရောင်ဟင်းချို သရက်ချဥ်သုပ်နဲ့ ငါးခြောက်ထောင်းကြော်တော့ မဟုတ်လောက်ဘူး ထင်တယ်"
"ဘယ်ကွာ.. နှယ်နှယ်ရရ အလှူမျိုး မှတ်လို့လား။ ဘုရင့်ကုသိုလ်တော်ကွ။ မင်း စားချင်တဲ့ဟင်းကို စိတ်ကူးယဥ်ကြည့်လိုက်စမ်း ဟေ့ကောင်၊ အခု ရှေ့ရောက်လာရမယ်"
"တယ်ဆိုတဲ့ စာပါလားဟရို့"
"ဟေ့.. ဟိုအမျိုးသမီးလေး ဘယ်ရွာကလဲ။ ကျက်သရေရှိလိုက်တာ စုံစမ်းကြစမ်းပါဦး"
"တောင်ထကိုင်းက မြေပိုင်ရှင် ကိုပေါကြွယ်သမီးထင်တယ်ကွ"
"အဲဒီဘက်ကဆို လူဆိုးလူမိုက် ပေါသတဲ့နော်"
"အိုကွာ.. ဘာဖြစ်ဖြစ် ငါတော့ လိုက်ကြည့်ဦးမယ်"
ကိုယ့်အာရုံနှင့်ကိုယ် သွားသူ သွားကြသလို အချို့ကလည်း
"ဟဲ့ မောင်ရင်လောင်းတွေ၊ ဝေးဝေးမသွားကြနဲ့နော်၊ နတ်ဖွက်ခံနေရမယ်"
"စီးရမယ့်မြင်းတွေ သွားကြည့်ထားမလို့ပါဗျ"
"အို.. မြင်းကန်နေမှဖြင့်၊ မသွားရဘူး"
စသည် စသည်.. အရာရာ ပူပန်နေသူမျိုးလည်း ရှိ၏ ။
မောင်ရင်လောင်းဖြစ်သော ကလေး ၃၀ ကျော်၊ လူပျိုကာလသား ၂၀ ခန့်နှင့် ပဥ္စင်းလောင်း ၂ ဦးတို့သည် အဝတ်ပုဆိုးအဖြူ ဦးပြည်းပြောင်ပြောင်များဖြင့် ကျောင်းဝန်းတဝိုက် ပျံ့နှံ့နေကြ၏ ။ အကျွေးအမွေး တာဝန်ယူထားသည့် မန်ကျည်းကန် တစ်ရွာလုံးလည်း နားရသည်မရှိ။ အလှူရှင် တပ်မှူးနှင့် မင်းစိုးရာဇာများပင် ကြွရောက်မလာသေးမီ သူတို့မှာ ဖတ်ဖတ်မောနေကြရှာပြီ။
အနီးဝန်းကျင်ရွာများမှ ဧည့်သည်များ စုံလောက်ချိန်တွင် ရဲမက်စစ်သည်အချို့ စတင် ရောက်ရှိလာကြသည်။ နေ အတော်မြင့်နေလေပြီ။ ဆွမ်းခံချိန်လောက်တွင် 'လာကြပြီ၊ လာကြပြီ' ဟူသော အသံများနှင့်အတူ အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် မိဖုရား အမတ် ဗိုလ်မှူးများ ခြံရံလျက် ကြွရောက်တော်မူလာ၏ ။
ရွှေရောင်များ ဖိတ်ဖိတ်လက်နေသော ဝတ်စုံအနီ ခါးစည်းအစိမ်း လွန်းရာကျော်ချိတ်ပုဆိုးနှင့် သျှောင်ချောပြင်ကာ သန့်ရှင်းသပ်ရပ်နေသော လက်ျာဘီလူးကို တိုက်မောင်းအပါအဝင် လူအများက မမှတ်မိကြချေ။ မြင်တွေ့နေကျ ပုံစံနှင့် လုံးဝ ခြားနားလျက် ဗိုလ်မှူးကြီး အသွင်ပေါက်နေသောကြောင့် မင်းညီမင်းသားလား၊ စစ်သူကြီး စစ်ကဲများလားဟု အထင်ရောက်နေကြသည်။
မင်းမိဖုရားများနှင့် တစ်တန်းတည်း အလှူရှင်လည်း တွဲထိုင်ရတော့မှသာ ဟိုတစ်ခါ ထမင်းစား လာတဲ့ သူရဲကောင်းဟာလား ဟု မေးမြန်း ပြောဆိုမိကြတော့သည်။ ရေစက်ခွက် ၃ ခွက် စီစဥ်ထားသဖြင့် ရှင်ဘုရင်၊ မိဖုရားခေါင်နှင့် အလှူရှင် တပ်မှူးတို့က အလယ်တွင် ထိုင်ကြ၍ မှူးမတ် ပရိသတ်အပေါင်းတို့သည် သူတို့အား ဝန်းရံနေကြလေသည်။
ဆရာတော်က သြဝါဒပေး တရားဓမ္မများ ​ဟောကြားရာ အလှူ့ဒါယိကာအဖြစ် အလောင်းမင်းတရားနှင့် မိဖုရားကြီးတို့ကိုသာ ခံယူစေပြီး အမျှဝေသော အခါတွင်မူ ကွယ်လွန်သူ ဦးရာပြည့်အား ရည်စူး၍ ဟု ထည့်ဆိုသဖြင့် အများက သာဓုခေါ်ကြ၏ ။ ထိုအလှူပွဲ၌ သုရှင်က မင်းထင်နော်ရထာ ဘွဲ့တံဆိပ် နာမကို ပြန်လည်အပ်နှင်း၍ မူလရာထူး အဆောင်အယောင်များ ချီးမြှင့်တော်မူသည်။
ထို့နောက် အရှေ့ဝင်းတော်မှူး၏ အဆောင်အယောင် ဓါးနက် ကျောက်စီဓားကိုလည်း ပေးအပ်ရာ သားတော်ကြီး မဟာဓမ္မရာဇာ၏ အကြီးတော် စလေမြို့စား အမတ်ကြီး ဇေယျသီရိနော်ရထာက
"ထူးလှတင့်ခေါင်၊ မင်းများမောင်သည်၊
ထင်ပြောင်ညီစံ့၊ တိုက်ရည်အံ့ထူး၊
ရှေ့ဝင်းမှူးတော်၊ ဘီလူးကျော်မှတ်၊
ဓားနှစ်လက်နှင့်..."
ဟူသော အလှူတော်မင်္ဂလာမော်ကွန်း ရတုပိုဒ်စုံ ဆက်သွင်းရာ ပရိသတ်အများ သဘောကျလှသည်ဖြစ်၍ လက်ပမ်းပေါက်ခတ် ချီးကျူးကြလေ၏ ။ အလောင်းမင်းတရားကလည်း ဆုချီးမြှင့်သည်။
"အဲဒါ သုံးချက်ညီ ပိုဒ်စုံရတု မျိုးကွ။ မင်္ဂလာ ခေါ်တယ်။ အချီအချ သုံးပိုဒ်လုံး ညီအောင် စပ်သွင်းသွားတာများ နားထောင်မကောင်းလား"
ဘုန်းကြီးလူထွက် ဦးဘိုးသော်၏ အပြောကို ဘုန်းကြီးကျောင်းသား မောင်လှက
"ဘကြီးလည်း တတ်ရင် ဆက်သွင်းပါလား။ ဆုတော်တွေ အများကြီး ရမှာနော"
ဟု ကွန့်လိုက်ရာ ဦးဘိုးသော် ကွမ်းသီးသွားလေသည်။
"တယ်.. နင် တယ်ရှည်တဲ့ အကောင်ပါလား။ လူကြီးသူမက ပြောပြရင် မှတ်သားနာယူမယ် မရှိဘူး။ လူငယ်တွေ ခက်လိုက်တာ"
မည်သို့ဆိုစေ အလှူပွဲကြီး ဝှဲချီးကျင်းပ ခြိမ့်ခြိမ့်သဲမျှ ဆင်နွှဲလိုက်ကြသည်မှာ မည်သည့်အခါကမှ ထိုသို့ မကြီးကျယ်ဖူးကြောင်း ရောက်လာသူတိုင်းက ဝန်ခံကြရ၏ ။ အလှဆုံး ပြင်ဆင်ထားသည့် မြင်း ၅၀ ကျော် အတန်းကြီးသည် ရွာစဥ်လှည့်ကာ နတ်ပြထွက်သွားကြသည်ကို နတ်မကရ အမိန့်တော် ထုတ်ပြန်ထားသည့် မင်းတရားကြီးလည်း သည်းခံတော်မူလေသည်။
လူတန်းကြီး ထွက်သွားကြသည်နှင့် တိုက်မောင်းက လက်ျာဘီလူးနား ကပ်ကာ
"ကျောင်းကို ပြင်ရုံပြင်တာ တွေ့ရတယ်။ တစ်လက်စတည်း ဘာဇာကြောင့် ရွှေကျောင်းကြီး မဆောက်လိုက်သလဲ"
လက်ျာဘီလူး ပြန်မပြောဘဲ နေ၏ ။
"ရှင်ဘုရင်က ပေးတုန်း အုတ်လှေကား မုခ်နှစ်မျက်နှာ၊ တံတိုင်း ပေါင်းကူး ပွတ်လုံးကာပြီး ဆင်ကပ်လေးများ ထည့်လိုက်ရင်..."
သူက စုလစ်မွန်းချွန်းနှင့် မင်းထင်နော်ရထာ ကောင်းမှုတော် မင်းကျောင်းကြီးကို စိတ်ကူးယဥ်နေစဥ်
"ကျောင်းဆောက်လှူဖို့လောက်ထိ ငါ မတွေးခဲ့ဘူး ငတိုက်မောင်းရဲ့။ ခုအလှူတောင် ငါမျှော်မှန်းထားတာထက် ကြီးကျယ်လှပြီ"
"အို.. ကိုယ်ကုန်တာမှ မဟုတ်ဘဲ။ ရွှေနန်းရှင် မင်းဘုရားက လိုသလောက် ထုတ်ပေးမယ် ပြောထားတာ ဆောက်လိုက်တာမဟုတ်ဘူး"
"မူလ ငါ့ရည်မှန်းချက်ထဲမှာ မပါဘူးလေ"
"သို့ပေမယ့် ဆောက်မယ်ဆိုလည်း ပေးမှာပဲ မဟုတ်လား"
"ဒီမယ်.. ငတိုက်မောင်း မှတ်ကွဲ့။ အခွင့်အရေးကို ရတိုင်းယူရင် လူယုတ် ဖြစ်တတ်တယ်။ ပေးတိုင်းယူနေရင် လူညံ့ ဖြစ်သွားလိမ့်မယ်။ မင်းနားလည်အောင် ပြောရရင် အခွင့်ရတုန်း ရသလောက်တောင်းနေရင် နောင် မင်းကို ပေးချင်ပါတော့မလား"
"ဒါလည်း ဟုတ်တာပဲ"
"တန်သလောက်ပဲ ယူရမှာပေါ့။ သူပေးတဲ့ဥစ္စာနဲ့ နာမည်ယူရမှာရော မရှက်သင့်ဘူးလား"
"အင်းးးး"
"ကဲ.. ကဲ၊ ငါပြန်မယ်။ မင်းပဲ အလှူကို ဆက်ပြီး ကြည့်ရှုထားလိုက်ပေါ့"
အလှူလှည့် သွားကြသူများ ပြန်ရောက်ကြသောအခါ ရွှေနန်းရှင်နှင့် သူ၏ မှူးမတ်နောက်ပါတို့ မရှိကြတော့ပေ။ အလှူရှင်နေရာတွင် တိုက်မောင်းက အခန့်သား ထိုင်လျက် ဆရာတော်ဘုရားနှင့် စကားစမြည် ပြောဆိုနေသည်ကို မြင်ကြရသူတို့မှာ ရယ်ရအခက် ဖြစ်ကုန်၏ ။ သူက ​ပြောလိုက်သေးသည်။
"ကျွန်တော့်တပ်မှူးက သည်အလှူကို မင်းပဲ ဆက်ပြီး တာဝန်ယူလိုက်လို့ ပြောသွားသဗျ။ ဘဘုန်းကလည်း သည်တစ်ခါတော့ တိုက်မောင်းတို့ ဒကာဖိုးဆယ်ထက် သာသွားပဟေ့တဲ့၊ မိန့်တော်မူတယ်။ ဒါ့ကြောင့် အဘတို့က ဥပုသ်သီလယူပြီး တော်ရာမှာ နေကြပေတော့။ အလှူအတွက်ကိုဖြင့် ကျွန်တော်နဲ့သာ စိတ်ချထားလိုက်ပါဗျာ"
ဦးဆယ်လည်း 'ခွေးကောင် တိုက်မောင်း၊ အလှူပြီးမှ တွေ့သေးတာပေါ့' ဟု တဗျစ်တောက်တောက် ပြောဆိုလျက် ကျောင်းပေါ်မှ ဆင်းသွားလေတော့သည်။
*ပြီးပါပြီ*

Written by သင်္ခရာဇာ

End date: May 20, 2021

တိုက်မောင်း (၆)

ဖြစ်ကြောင်းကုန်စင် သံတော်ဦးတင်ပြီးသောအခါ အလောင်းမင်းတရားက

"မောင်မင်းတို့ ကင်းထောက်တပ်ကို သူက ပုန်းကြိုနေကြောင်း ကြိုတင်သိရှိသလို ပြင်ဆင်ထားတာပါကလား ငစံ"
မင်းတရား အမေးတော်ရှိ၍ လက်ျာဘီလူးက
"မှန်လှပါ၊ ကျွန်တော်မျိုး မန်ကျည်းကန်ရွာသူကြီး သားနှစ်ယောက်၏ ကျေးဇူးဖြင့် သတင်းကြိုသိရပါသည်။ ငရာပြည့်က မွန်တို့ထံ လူလွှတ်၍ စာပို့သည်ကို သူကြီးသား ငတိုက်မောင်းကိုယ်တိုင် နားနှင့်ဆတ်ဆတ် ကြားခဲ့ရကြောင်းပါ"
"အိမ်း.. အခု ငရာပြည့်ရော၊ သေနတ်ထိတာ ပြန်ရသ လား"
"လှေနှင့်ကူးစဥ် ကျည်စေ့သင့်သဖြင့် ရေထဲ ကျသွားပါသည်။ လိုက်ဆယ်ကြသော်လည်း အသက်မမီ​ပါ ဘုရား"
"ငါမင်းဧကရာဇ်ကို သင်း လွန်ဆန်ကြံစည်ဝံ့ပေတယ်"
"မှန်ပါ၊ သင်းအကြံကို သက်သေခံရန် သူကြီးသား ငကံကောင်းက မွန်တပ်ထဲ ပြေးဝင်သည့် ငမင်းရာ ဆိုသူကို မြင်းနှင့်တင်၍ လက်ရဖမ်းလာကြောင်းပါ ဘုရား"
"ငါမြင်လိုသည်၊ ရှေ့တော်သို့ သွင်းစေ"
အပြင်၌ ရပ်စောင့်နေကြသော ငကံကောင်း၊ ငတိုက်မောင်းနှင့် ငမင်းရာတို့ကို ဝင်စေရ၏ ။ ငမင်းရာထံမှ စာနှင့်တကွ ဝန်ခံချက် ရသဖြင့်
"ငါကိုယ်တော် အားရတော်မူသည်။ ယခုမှ အမှုတော်ကို စတင် ထမ်းရွက်သော်လည်း ရွပ်ရွပ်ချွံချွံ တံ့တံ့စားစားဖြင့် ရန်သူ့တပ်တိုင်အောင် လိုက်ကာ အရေးတော်ကို လွန်၍ ထမ်းသသူ ငကံကောင်းအား အရေးလွန် ဟူသောဘွဲ့၊ ရွှေနဖူးစည်းနှင့်တကွ ငွေခွက်တစ်ဆယ်၊ မြင်းကောင်းတစ်စီး၊ ပုဆိုးကောင်း ၂ အုပ် ချီးမြှင့်စေ"
ငကံကောင်းမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားနှင့် ရွှေနန်းရှင်ကို မော်ကြည့်နေသည်။ သူတို့အား အနီးကပ် ထိန်းသိမ်း ပြုပြင်ရန် ဘေးမှ အတူပါလာသော အမတ်ကြီး ဒေဝပစ္စည်းက တီးတိုးလေသံဖြင့်
"ဟဲ့.. မောင်ရင်လေး၊ သုရှင်ကို မော့မကြည့်ရဘူး။ ဖူးမြော်ကြစေ အမိန့်ရမှ မော့ကြည့်ခွင့် ရှိတယ်။ ဒုက္ခပါပဲ"
ငကံကောင်းက မျက်ရည်လည်လာသော မျက်လုံးများနှင့် ခေါင်းငုံ့ချလိုက်ကာ
"အရှင့်အရေးတော်ကို အသက်ပေး ထမ်းရွက်ပါမည့်အကြောင်း သစ္စာပြုပါတယ်ဘုရား"
"အိမ်း.. ကောင်းပြီ၊ ငမင်းရာကို ထောင်သွင်း အကျဥ်းချ၍ မြို့ရိုးတည်လုပ်ရာ အစုတွင် သွင်းစေ။ ငရာပြည့်မှာ တူမတော်ယောက်ျားမို့ ဆွေတော်မျိုးတော်အဖြစ် မြှောက်စားခဲ့သည့် ကျေးဇူးကိုမျှ မထောက်၊ ရန်သူနှင့် ပူးပေါင်းဝံ့သည်။ သင်း မသေလျင်လည်း ရာဇဝတ်သားတို့အတိုင်း ကွပ်ရမည် မုချ။ အဘယ်ကြောင့် သင်း ဖောက်ပြန်သနည်း"
ငရာပြည့်နှင့် အတူပါလာပြီး စစ်ပွဲသို့ မလိုက်ရဘဲ မင်းတရားအကြို စောင့်နေခဲ့ရသော ဗိုလ် ငရွေး လျှောက်ရ၏ ။
"အရှင့် ကျွန်တော်မျိုး ငရာပြည့်မှာ လောဘ ဒေါသ အားကြီးသူ မဟုတ်ပါ။ ဝန်တို မစ္ဆရိယ ရှိ၍ မင်းဆွေမင်းမျိုး မဟုတ်သူ မင်းထင်နော်ရထာ ဝင်းမှူးဖြစ်သည်ကို မကျေနပ်ကြောင်း ဘုရား ကျွန်တော်မျိုးအား ပြောဖူးပါသည်"
"ယမန်နေ့ညဦးက ကျွန်ုပ်ထံ လာ၍ လက်ျာဘီလူး ကင်းထောက်ရန် သွားလျင် အကူအထောက်အဖြစ် သူလိုက်သွားမည့်အကြောင်းနှင့် ကျွန်တော်မျိုးက ဘုန်းကြီးသည့် အရှင်နှင့် ရွှေတပ်တော်များကို ကြိုရန် နေခဲ့ရမည်ဟု ဆိုပါသည်။ သူက အကြီးအမှူးဖြစ်၍ စောဒက မတက်ဝံ့။ မလိုသူအား ကူမည့် အကြံမှာ မမှန်ဟု ထင်သော်လည်း အမိန့်ကြောင့်နေရစ်ခဲ့ရပါသည်ဘုရား"
"အင်း.. အင်း၊ ငါ သဘောပေါက်ပြီ။ ငရာပြည့်အား ဒိုင်းနှင့် လွှားများ ကာထားသည့်ကြားမှ ထိမှန်အောင် ပစ်နိုင်သည့် သူမှာ အလွန် လက်တည့်လှသည် ဖြစ်လိမ့်မည် မင်းကြီးတို့"
ထိုအခါ လက်ျာဘီလူးက အခွင့်ရခိုက်
"ငရာပြည့်ကို ပစ်ခတ်သူမှာ ရန်သူ မွန်တို့ထဲမှ မဟုတ်ဘဲ သူ၏ တူတော် ငတိုက်မောင်းဖြစ်ကြောင်း သံတော်ဦးတင်ပါသည်ဘုရား"
"အလို.. ငတိုက်မောင်းက သူ့ ဦးရီးကို ဘာလို့ ခက်ခက်ခဲခဲ ပစ်ခတ်ခဲ့တာလဲ"
ငတိုက်မောင်းက သူ့အားမေးသည် အမှတ်ရှိကာ
"ကျွန်တော်မျိုး ဖြေရမှာလား ဘုရား"
မှူးမတ်အချို့ ပြုံးသွားကြ၏ ။ အမတ်ကြီးက
"ဟဲ့၊ နင့်အမည်တပ်၍ မေးမှ ဖြေလေ"
တိုက်မောင်းက ဘေးကို လှည့်ကြည့်ပြီး
"ငတိုက်မောင်းက ဘာလို့ ပစ်တာလဲလို့ မေးနေတယ်လေ"
အလောင်းမင်းတရားလည်း အခြေနေနှင့် ငတိုက်မောင်းသွင်ပြင်ကို သဘောပေါက်သောကြောင့်
"သည်တောသားသူငယ် အကြောက်အလန့်မရှိ ရဲဝံ့လှသည်။ သူ လျှောက်လိုရာကို လျှောက်စေ။ မည်သူမျှ မပိတ်ပင် မတားမြစ်ကြပါနဲ့"
ထိုအခါမှ တိုက်မောင်းက
"သူရဲကောင်း လက်ျာဘီလူးသည် အမှန်ပင် အလွန်တော်သော ၊ထက်မြက်သော၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံသူ သူရဲတော်အစစ် ဖြစ်ပါသည်။ ကျွန်တော်မျိုးတို့ ဘထွေးမှာ မင်းဆွေမင်းမျိုး ဖြစ်သည့်တိုင် ရွာသို့ အရောက်အပေါက် မရှိ၊ သတင်းလည်း မကြားရ၊ သာမန် ဗိုလ်တစ်ဦးသာ"
"လိုရင်းကို လျှောက်ကွဲ့"
အမတ်ကြီးက သတိပေးသဖြင့် တိုက်မောင်း လှည့်ကြည့်ပြန်ရာ အချို့၏ ရယ်ခိုးသံများ သဲ့သဲ့ထွက်လာလေသည်။
"အဲဒါနဲ့.. အဲ၊ ဘထွေး ဦးရာပြည့်က တပ်မှူးလက်ျာဘီလူးကို အနီးကပ် လုပ်ကြံတော့မယ် ထင်လို့ ကျွန်တော်မျိုးက ပို၍ ထိုက်တန်သူကို ရွေးလိုက်တာပါ ခင်ဗျာ.. အဲ၊ ဘုရား"
အမှားမှား အယွင်းယွင်းနှင့် သူ့စကားများကို ရွှေနန်းရှင်က သည်းခံရုံမက ပြုံးလျက် ခေါင်းညိတ်နေ၏ ။
"စိတ်ထားကတော့ လေးစားစရာပါလားကွယ်တို့"
"မှန်လှပါ၊ စိတ်သဘောထား ဖြူစင်ဖြောင့်မတ်၍ လက်တည့်လှသော ဤသူငယ်အားလည်း အစ်ကိုနည်းတူ ဆုတော် လာဘ်တော်များ ချီးမြှင့်သင့်ကြောင်း လျှောက်ထားဝံ့ပါသည်ဘုရား"
လက်ဝဲသုန္ဒရ အမတ်ကြီး (နောင်အခါ လက်ဝဲနော်ရထာ) က လျှောက်တင်ပေးရာ
"ကျွန်တော်မျိုး အစ်ကိုကံကောင်းလို ဘွဲ့တွေနဲ့ ဆုလာဘ်တွေ မလိုချင်ပါဘူး ဘုရား။ တောင်းဆိုခွင့် ရလျင် တစ်ခုသာ တောင်းချင်ပါတယ်"
မင်းပရိသတ်နှင့်တကွ အလောင်းမင်းတရား ကိုယ်တော်တိုင်ပင် တိုက်မောင်းစကားကို အံ့အားသင့်သွားသည်။
"မောင်မင်းက ဘာဆုကို လိုချင်လို့လဲ၊ လျှောက်စေ"
"ဘုရား ကျွန်တော်မျိုး ငတိုက်မောင်းကို စကားအနည်းငယ် ပြောခွင့်ပေးပါ"
ဆိုကာ ချောင်းဟန့်လိုက်သေးရာ မင်း မိဖုရားများ ပြုံးရယ်ကြလေသည်။ လက်ျာဘီလူးသည် ဘေးမှနေ၍ တိုက်မောင်းကတော့ လုပ်ပြီ ဟု တွေးနေ၏ ။
"အင်းဝ ကုန်းဘောင် တပ်များအကြောင်း ကျွန်တော်မျိုးတို့ ပုံပြင်သဖွယ် ကြားဖူးနေခဲ့သည်မှာ ကြာပါပြီ။ ကျွန်တော် သဘောအကျဆုံးမှာ ဘီလူးတပ် ဟူသည့် တပ်ကြီးပင် ဖြစ်သည်"
"ဘီလူးတပ်.. ဟုတ်လား"
ဆို၍ အလောင်းဘုရားက လက်ျာဘီလူးကို ကြည့်လိုက်သည်။
"မှန်ပါ၊ ယခု နဖူးတွေ့ ဒူးတွေ့ တွေ့ရသောအခါ သူတို့သည် မျှော်မှန်းထားသလို တကယ့်ဘီလူးများ မဟုတ်သော်လည်း..."
ဝေါခနဲ ရယ်လိုက်ကြသံများကြောင့် တိုက်မောင်း ကြောင်နေ၏ ။ မိဖုရားခေါင်ကြီးသည် ပါးစပ်ထဲမှ ကွမ်းများကို ဖွီးခနဲ ထွေးထုတ်လိုက်ပြီး နှုတ်ခမ်းကို လက်ဖြင့်သုတ်ရင်း ဗိုက်ကို နှိပ်ကာ ရယ်နေရာမှ အသံမထွက်တော့။ သူ့အစ်ကို ငကံကောင်းပင် မျက်နှာအောက်ချလျက် ကြိတ်ရယ်နေသည်။
"ဘုရား တပည့်တော်.. အဲ ၊ကျွန်တော်မျိုး လေးစားအားကျစိတ် မပျက်မိကြောင်း လျှောက်ထားလိုပါသည်။ သူရဲကောင်း လက်ျာဘီလူးကိုလည်း စတွေ့သည်မှ တစ်စထက် တစ်စ သဘောကျ ကြည်ညိုလာခဲ့ပါ၏ ။ထို့ကြောင့် ကျွန်တော်မျိုးအား အခြားဆုလာဘ်ထက် ဘီလူးတပ်တွင်သာ အမှုထမ်းခွင့် ပေးသနားပါရန် လျှောက်တင်လိုကြောင်းပါ။ ယခု ကျွန်တော်မျိုးမှာ တပ်မှူး၏ ညွှန်ကြားချက်အရ ဘထွေးတပ်မှ လိုက်နေရသည်ကို နည်းနည်းမှ မကြိုက်ပါဘူး ဘုရား"
အလောင်းမင်းတရားကြီးက ရာဇဣန္ဒြေဖြင့် ပြုံးလျက် "ပြည့်စေ" ဟု ဆိုကာ တစ်ဖက်သို့ လှည့်၍ ရယ်သော်လည်း မိဖုရား မောင်းမများကတော့ ပါးစပ်ကို လက်ဝါးကာလျက် ရယ်မောနေကြရ၏ ။
"ဘီလူးတပ်သား ဖြစ်ရရင် ကျေနပ်ပြီလားကွဲ့၊ အခြားရော မလိုအပ်ဘူးလား"
နန်းမတော် ရှင်မိဖုရားခေါင်ကြီး သီရိရာဇာ စန္ဒာဒေဝီက အမိန့်တော်ရှိသဖြင့် တိုက်မောင်း ဖြေရပြန်သည်။
"ကျွန်တော်မျိုး စိတ်ဝယ် မတင်မကျ သိလိုသည်ကို မေးမြန်းခွင့် ရလိုပါတယ် ဘုရား"
"မေးစေ၊ မေးစေ။ သူမေးသည် ပြောသည်များကို အပြစ်မယူကြနဲ့ဟဲ့။ ငစံငယ်လည်း နောင်ကို နန်းတော် ဝင်ရင် သူ့ကို မကြာမကြာ ခေါ်လာခဲ့စမ်းဟယ်"
နန်းမတော် အမိန့်ကြောင့် အားလုံး ငြိမ်နေကြရာ
"အဲသည်ညက.."
"ဘယ်ညကလဲကွဲ့၊ ပြည့်ပြည့်စုံစုံ တင်စမ်း"
"အဲ.. ကျွန်တော်မျိုးတို့ တပ်မှူး လက်ျာဘီလူးထံ ဝင်တွေ့ ပြောဆိုကြသည့် ညက တပ်မှူးက သည်ရွာက ကလေးတွေကို ရှင်ပြု သင်္ကန်းစည်းပေးဖို့ ဆုံးဖြတ်ချက် ချထားကြောင်း ဆိုပါတယ်။ သို့သော် သူ့တွင် ထိုမျှ မတတ်နိုင်သေးကြောင်းလည်း သိရပါတယ်။ အဲဒါ ကျွန်တော်မျိုး သိချင်တာက သူလို သူရဲကောင်း တစ်ယောက်ဟာ ဒီလောက်မှ ငွေမရှိဘူးလား ဘုရား"
အလောင်းမင်းတရား အံ့သြသွားသည်။
"နင် ဘယ်လို မေးလိုက်တာလဲ။ ငါက သင်းကို မချီးမြှင့်ဘူးလို့ ဆိုလိုသလား"
"ဤမျှ အစွမ်းအစ ပြည့်ဝ၍ ပွဲလမ်းရသည့် သူရဲတော်အဖို့ သင်္ကန်းစရိတ်မျှ မတတ်နိုင်သေး ဆိုတာကို နားမလည်မိသောကြောင့် မေးမြန်းလျှောက်ထားကြည့်ခြင်းသာ ဖြစ်ပါသည်။ အပြစ်တော် မယူပါနှင့် ဘုရား"
ငကံကောင်းက တီးတိုးသတိပေး၏ ။
"တိုက်မောင်း၊ မင်း လွန်နေပြီ။ တော်တော့"
"အင်း.. ငစံငယ်က သာမန်သူရဲကောင်းမဟုတ်။ မင်းထင်နော်ရထာ ဘွဲ့အမည်နှင့် နန်းတော် ဝင်ထွက်သက်တက် စီရင်ခွင့်ရှိတဲ့ ငါ့ အရှေ့ဝင်းတော်မှူး ဖြစ်သည်။ ငါကိုယ်တော် အိပ်ဆောင်ထဲအထိ ဓားကိုင် ဝင်ထွက်ခွင့် ရသသူ၊ ငါကိုယ်တော် အထူးယုံကြည် ကိုးစားရသူလည်း ဖြစ်တယ်။ ဘွဲ့အမည်မှာ လက်ဝဲလက်ယာ ပါတယ်ဆိုတာဟာ ငါ့လက်ရုံးတော်များလို့ ဆိုလိုပေတယ်"
ထိုအခါမှ တိုက်မောင်းက တအံ့တသြဖြင့် လက်ျာဘီလူးကို ကြည့်ကာ "ဟုတ်လား" ဟု ရေရွတ်လိုက်သည်။ အလောင်းမင်းတရားက ပြုံးလျက်
"ယခု အခိုက်အတန့်မှာ သင်း မသင့်သည်ကို ဆိုသောကြောင့် အဆောင်အရွက် ရာထူးစည်းစိမ်ကို သိမ်း၍ ရှေ့ပြေးကင်းထောက်ထွက်ရန် ငါက အပြစ်ပေးထားခြင်း ဖြစ်တယ် မောင်မင်း။ သို့သော် သူ ပွဲရသည်လည်း တစ်ကြောင်း၊ ရည်ရွယ်ချက်လည်း ရှိသည်မို့ ငစံငယ်အား ဆုတော်လာဘ်တော် များစွာ ချီးမြှင့်ရပေမည်"
"ငစံငယ် အလှူအတွက် လိုအပ်သမျှ ရွှေတိုက်တော်က ထုတ်ယူစေ။ ငါက အလှူတစ်ဝက် ပါမည်။ ဤရွာတွင် နှစ်ရက် သုံးရက် စခန်းချကာ မဏ္ဍပ်ကြီးဆောက်၊ အနီးအနားဆယ်ရွာ မီးခိုးတိတ် ကျွေးမွေးရမည်။ ရဟန်းသာမဏေတို့ ဆွမ်းကွမ်း သင်္ကန်း ဆေးဝါး လိုအပ်သမျှ ပြည့်စုံကြစေ။ မင်းထင်နော်ရထာ၏ အလှူကို မလစ်မဟင်းစေရန် တပ်အားလုံးကဝိုင်းဝန်းကူညီကြရမည်။ အမိန့်တော်"
လက်ျာဘီလူး အလွန်ဝမ်းသာသွား၏ ။ သာသနာကို ချီးမြှောက်သော မင်းတရားလက်အောက် သူလိုချင်သည်မှာလည်း ငွေကြေး အဝတ်ပုဆိုးကောင်းများ မဟုတ်။ မန်ကျည်းကန် ကျေးရွာမှ ဆင်းရဲနုံချာလှသည့် ကလေးငယ်များအား ကြီးကျယ်စွာသော အလှူမင်္ဂလာ အခမ်းအနားဖြင့် သင်္ကန်း ဆွမ်းဆန် ပြည့်စုံလုံလောက်စွာ ရှင်သာမဏေ ပြုပေးနိုင်ရေးသာ ဖြစ်သည်။
ယခုတော့ တိုက်မောင်း ကျေးဇူးဖြင့် လိုအပ်သည်ထက် ပိုကာ ရရှိခဲ့လေပြီ။ သူ့သခင် အလောင်းမင်းတရားနှင့်အတူ ကုသိုလ်ပြုခွင့်ပင် ရလိုက်သေး၏ ။ ထို့ကြောင့် တိုက်မောင်းလက်ကို ဆုပ်ကိုင်ကာ ကျေးဇူးတင်ကြောင်း လှိုက်လှဲဝမ်းသာ ပြောလိုက်သောအခါ တိုက်မောင်းက
"ဒါဆို ကျွန်တော့်ကို ဘယ်နေရာမှာ ခန့်မှာလဲ"
ဟု ပြန်လည် မေးမြန်းလိုက်လေ၏ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Written by သင်္ခရာဇာ

End date: May 20, 2021

တိုက်မောင်း (၅)

နောက်တစ်နေ့ နေ့လယ်၌ ရှေ့ပြေး ကင်းထောက်တပ် ဖြစ်သော တပ်မှူး လက်ျာဘီလူးနှင့် သူ၏ ဘီလူးတပ်များသည် လှေဖောင်များဖြင့် မြစ်ရိုးအတိုင်း ဆက်လက် စုန်ဆင်းသွားကြသည်။ မိကျောင်းရုပ်၊ မကန်းရုပ်၊ ပဥ္စရူပရုပ်၊ နယားရုပ်၊ ဂဠုန်ရုပ်၊ ကြက်တူရွေးရုပ် ရဲလှေများစွာ ပါဝင်ပြီး ကြည်းတပ်တွင် မြင်း ၂၀၀၊ ရေတပ်ဝယ် ဓားလှံ သေနတ်သား ၃၀၀ ကျော် ရှိကြ၏ ။

သူတို့ ထွက်သွားပြီး အနည်းငယ်အကြာ ငရာပြည့်တို့ တပ်များလည်း လိုက်ပါသွားကြ၏ ။ ငရာပြည့်တပ်၌ တပ်သားသစ်နှစ်ဦး ပါလာပြီး ကံကောင်းနှင့် တိုက်မောင်းတို့ သူတို့ဦးလေးနှင့်အတူ မြင်းတပ်တွင် လိုက်ပါလာကြခြင်း ဖြစ်သည်။
လက်ျာဘီလူးကတော့ ပဥ္စရူပရုပ် ရဲလှေပေါ် ဒိုင်း လွှား သေနတ် ဓားလှံများ တင်ကာ ရှေ့ဆုံးမှ သွားနေသည်။ သူက ဝန်းကျင် အခြေအနေများကို အကဲခတ် လေ့လာရင်း လှေတော်သားများအား ဖြည်းဖြည်းချင်းသာ လှော်ခတ်ကြစေ၏ ။
နှစ်ပဟိုရ်ခန့် ရှိလျင် မြစ်ကျဥ်းသွားသည့် နေရာတစ်ခုသို့ ရောက်ရာ တစ်ဘက်၌ ကိုင်းတော၊ တစ်ဘက်ဝယ် သဲသောင်ပြင် ကမ်းပါးစောက်စောက် ရှိသည်ကို မြင်၍ ရပ်နေ၏ ။ ကမ်းတစ်ဘက်မှမြင်းတပ်များ မီလာကြသောအခါ ကမ်းပါးစောက်ရှိရာသို့ ဓားဦးညွှန်ကာ လှေများကိုလည်း ကိုင်းတောဘက် ကပ်၍ အပြင်းလှော်ကြစေလေသည်။
မြစ်ပြင်ထဲ လှေပေါ်မှ ကြည့်လျင် ကမ်းပါးစောက်အပေါ်ကို မမြင်ရ၊ တစ်ဘက် ကိုင်းတောမှာမူ ရေစပ်စပ်တွင် ပေါက်နေ၍ သူတို့နှင့် ရေပြင်ညီအနေအထား ဖြစ်သည်။ ထင်သည့်အတိုင်း မြင်းခွာသံများ ကြားသည်နှင့် ကမ်းပါးပေါ်တွင် ဝပ်နေကြသော မွန်များ သေနတ်ဖြင့် ထပစ်ကြတော့သည်။
တစ်ဘက် ကမ်းပါးမှ ပစ်သည်နှင့် ကိုင်းတောထဲမှလည်း လူများစွာ ထလာပြီး နှစ်ဘက်ညှပ်ပစ်ကြလေပြီ။ လက်ျာဘီလူးတို့ကမူ ဒိုင်းလွှားများ လုံအောင်ကာလျက် ကိုင်းတောဘက်သို့သာ သေနတ်သားများက ပြန်လည်ပစ်ခတ်ကြရ၏ ။ ကမ်းပါးပေါ်တွင် မြင်းသည်များနှင့် မွန်တို့ တိုက်နေကြပြီ ဖြစ်သလို သူ့နောက်မှ လှေများလည်း ကိုင်းတောဘက် ကပ်ကာ ကမ်းပေါ် တက်သွားကြသည်။
လက်ျာဘီလူးနှင့် ရဲလှေ ၃ စီးသာ ပစ်ခတ်သည်တို့ကို ကြံ့ကြံ့ခံလျက် ကမ်းမကပ်သေးဘဲ စောင့်နေကြသည်။ သို့ရာတွင် သူကြိုတင် ခန့်မှန်းထားသည့် အမြောက်တင် မွန်တိုက်လှေကြီးများကို မမြင်ရ။ ရှေ့တွင် ကြိုနေမည် ထင်သော်လည်း မွန်လှေ တစ်စီးမှ မရှိပေ။
ကမ်း နှစ်ဘက်တွင်တော့ အပြန်အလှန် ပစ်ခတ်မှုများ၊ အော်ဟစ် ကြုံးဝါးသံ၊ အမိန့်ပေးသံ၊ ဆဲရေးသံများဖြင့် ဆူညံနေကြချေသည်။ သူမျှော်လင့်ထားသလောက်အင်အားမျိုး မဟုတ်သောကြောင့် လက်ျာဘီလူးမှာ ကမ်းတက်ရနိုးနိုး၊ ထွက်ပေါ်လာမည့် မွန်ရေတပ်ကို စောင့်ရကောင်းနိုးနိုး၊ သို့မဟုတ် အပြင်းလှော်သွားကာ သူတို့ မရောက်မီက ဆီးကြိုလိုက်ရနိုးနိုး ဖြစ်နေ၏ ။
နောက်မှ ပါလာသော ငရာပြည့် တပ်များလည်း မီလာပြီး တိုက်ပွဲအတွင်း ဝင်လာသည်။ သူတို့ကတော့ သေနတ်တစ်ကမ်းမှ ပစ်နေကြပြီး တပ်မကျွံစေရန် ထိန်းသိမ်းထားပုံ ရသည်။ ယခုမှ လိုက်ပါလာသော တိုက်မောင်းတို့ တပ်သားသစ် နှစ်ဦးမှာ တိုက်ချင်လှသော်လည်း ဘထွေးက အဝေးမှသာ ပစ်ခိုင်းနေသဖြင့် မချင့်မရဲ ဖြစ်နေကြ၏ ။
ကံကောင်းက အဖ၏ ဆောင်ဓား လွယ်ထားပြီး လှံရှည်တစ်ချောင်း စွဲကိုင်ရင်း တိုက်ပွဲကို မျှော်ကြည့်နေသည်။ တိုက်မောင်းကတော့ သေနတ်တစ်လက်နှင့် အလုပ်ရှုပ်နေလေပြီ။ သူက လက်ဖြောင့်တပ်သား မဟုတ်လား။ မွန်တို့ကိုအသေအချာ ချိန်ရွယ်ကာ တစ်ယောက်ချင်း ပစ်ချနေတော့သည်။
တိုက်မောင်း ယမ်းထိုးနေတုန်းတွင် ကံကောင်းက မြင်းနှင့် သူ့ရှေ့မှ ရပ်၍ ကာဖြင့် ရန်သူတို့ ပစ်သမျှကို ကာကွယ်ပေးသည်။ မြားတံများကိုမူ လှံဖြင့် ရိုက်ချ၏ ။ တိုက်မောင်း အသင့်ဖြစ်လျင် မြင်းဖယ်ပေး၏ ။ ဦးရာပြည့်က ညီအစ်ကိုနှစ်ယောက်ကို ကြည့်ရင်း သဘောကျနေသည်။
တိုက်ပွဲအတွင်း မြင်းတစ်စီး၊ သေနတ်တစ်လက်နှင့် ငမင်းရာကို ဦးရာပြည့် မြင်သွားသောအခါမှ တိုက်ကြတော့ ဟု ဆို၍ ဓားကို ဆန့်တန်းပြလိုက်သည်။ ထို့နောက် သူကိုယ်တိုင် ဦးဆောင်ပြီး မြင်းဖြင့် ပြေးထွက်သွား၏။ ရေတပ်မှ သူ့လူများလည်း လက်ျာဘီလူးတို့ လှေသုံးစင်းကို မီလာသည်ဖြစ်ရာ တစ်ဘက် ကမ်းသို့ လှေအားလုံးကပ်သွားကြလေသည်။
မွန် မြန်မာ မြင်းသည် ခြေသည်ချင်း ရောထွေး​နေကြစဥ် ငမင်းရာ ရှိနေသည့်အနားသို့ ဦးရာပြည့် ကပ်သွားကာ
"ဟေ့ ငမင်းရာ၊ ဘယ်လိုဖြစ်သလဲဟေ့"
"ငါ့ကို ဒီလောက်ပဲ ပေးတယ်ကွ၊ သိပ်မယုံကြဘူး"
"တောက်"
"မင်းလည်း ကူဦးလေကွာ"
ဦးရာပြည့်က မြင်းကို ဆွဲလှည့်လျက် ကမ်းပါးဘက်သို့ သွားရာ သူ့နောက် ကပ်လျက် အမြဲပါသော ငကံကောင်းလည်း လိုက်ကြည့်၏ ။ တိုက်မောင်းကတော့ အနောက်မှ တရွေ့ရွေ့ တိုးလာနေသော သေနတ်သားတို့ကြားတွင် ကျန်ခဲ့သည်။
ကမ်းပါး အောက်ဝယ် ရဲလှေနှစ်စီး သူတို့ဘက်ခြမ်းသို့ ကပ်ကာ တက်မည် ပြင်နေသည်ကို တွေ့တွေ့ချင်း ဦးရာပြည့် ဆုံးဖြတ်ချက် ချလိုက်ကာ မြင်းပေါ်မှ ဆင်းပြီး ကမ်းပါးစောက်အောက်သို့ ခုန်ချသွား၏ ။ ငကံကောင်းလည်း လိုက်မည်ပြင်ပြီးမှ သူ့ကို မခေါ်၍ မလိုက်ရ၊ ဦးမင်း၏ အကြံကို ရိပ်မိသည်နှင့် တိုက်မောင်းရှိရာ မြင်းနှင့်ပြေးသွားသည်။
"ဦးမင်းတော့ ဟိုဘက်ကမ်းကို ကူးတော့မယ်ကွ"
တိုက်မောင်းလည်း သေနတ်သားအစုမှ ခွာခဲ့၍ ကမ်းပါးဆီသို့ မြင်းနှစ်စီး ပြေးသွားကြလေသည်။ ဘထွေးမှာ လှေတစ်စင်း၏ ထိပ်တွင် ရပ်လျက်သား။ သိပ်မဝေးမီ တိုက်မောင်း ဆုံးဖြတ်ချက် ချလိုက်သည်။
ဘထွေး၏ လက်ယာဘက် လက်မောင်းကို ချိန်ရွယ်ကာ သေနတ်နှင့် ပစ်ရသည်။ ကံကောင်းက မြင်သော်လည်း မတား။ ထိုစဥ် ဦးရာပြည့်က ကိုယ်ကို ယိမ်းလျက် နောက်သို့ လှည့်ကြည့်ခိုက်နှင့် ကြုံသွားသောကြောင့် ကျည်ဆန်မှာ လက်မောင်းကို မထိဘဲ ကျောဘက်သို့ မှန်သွားလေသည်။
ဒိုင်းများ၊ လွှားများ ကာထားသည့်ကြားမှ ဗိုလ်ဖြစ်သူ ထိသွားသည့်အတွက် ရဲလှေသားများ အံ့သြမင်တက်နေကြစဥ် ဦးရာပြည့် ယိမ်းထိုးလျက် ရေထဲ ကျသွားလေသည်။ ထိုအခါမှ လှေတော်သားတစ်ဦးက ရေထဲ ခုန်ချ လိုက်ရှာ၏ ။ သို့သော် သူ ငုပ်သွားလျင် ငုပ်သွားချင်း ဦးရာပြည့် ခပ်လှမ်းလှမ်းမှ ပေါ်လာပြန်သည်။
ဦးရာပြည့် ပေါ်လာသည့်ဘက်သို့ နောက်တစ်ဦး ခုန်ချသွားသည်ကို တိုက်မောင်းတို့ ညီအစ်ကို ကမ်းပေါ်မှ ကြည့်နေကြ၏ ။
"နောက်ကနေ မလုပ်ကြံနိုင်အောင် လက်ကို ငါ သေချာ ချိန်ပစ်တာပဲကွ။ ဘထွေးက နောက်လှည့်လာတော့ လက်ပြင်ကို ထိသွားတာ"
"ငါတွေ့ပါတယ်"
ကံကောင်း အသံက အေးစက်စက်။ အံကို ကြိတ်ထားရာ မေးကြောများပင် ပေါ်နေသည်။
"သူ့ထိုက် သူ့ကံပေါ့။ ကံမကုန်သေးရင် ဆယ်လို့ ရပါလိမ့်မယ်"
ပြောပြောဆိုဆို လှံဖြင့် ချည်းကပ်လာသူ မွန်တစ်ယောက်ကို လှမ်းပစ်လိုက်သည်။ ထို့နောက် ဓားကို ဆွဲထုတ်ကာ မြင်းကို အပြင်းနှင်၍ တိုက်ပွဲထဲ ပြေးဝင်သွားတော့၏ ။
တိုက်မောင်းလည်း ဘထွေးအား လိုက်ဆယ်နေကြသည်ကို ကြာရှည် ကြည့်မနေတော့ဘဲ ဓားတစ်လက်စွဲကိုင်၍ ​အော်ဟစ်ကြုံးဝါးလိုက်သည်။
"ငတိုက်မောင်း လာပြီကွ၊ ခံဝံ့ရင် ခံကြစမ်း"
ကံကောင်းသည် မွန်တို့ ဗိုလ်ပုံအလယ်သို့ ဝင်ကာ ဓားစွမ်းပြနေသည်။ သူ့အား ဝိုင်းမိနေသော မွန်တို့မှာ များလှ၍ မကြာမီ မြင်းသေလေ၏ ။ သို့သော် ကံကောင်းက မပြေး၊ သူ့လက်ထဲ လှံတစ်ချောင်း ရောက်သွားသောအခါ ပို၍ ကျင်လည်စွာ တိုက်ခိုက်လာနိုင်သည်။ သူ့အား ထိပါးရန် မတတ်နိုင်အောင်ပင် လှံကို ဝှေ့ရမ်းကစားနေစဥ် မြင်းတစ်စီး သူတို့ဆီ အပြေးဝင်လာ၏ ။
"ခင်ဗျား အဲလို လုပ်နေရင် မကြာခင် လက်ပန်းကျသွားမှာပေါ့"
သူရိန်က မြင်းပေါ်မှ ပြေးဆင်းလျက် ဓားနှစ်လက်ဖြင့် ဝင်ကူရင်း ပြောလာသည်။ ကံကောင်းက မောပန်းနေသည့်ကြားမှ ဟက်ခနဲ တစ်ချက် ရယ်လိုက်ပြီး
"လက်ပန်းကျမကျ ကြည့်ပေါ့ ကိုရင်"
သူတို့ကို ဝိုင်းထားသော လူစည်းဝိုင်းမှာ ကျဥ်းလိုက် ကျယ်လိုက် ဖြစ်နေခိုက် သူရိန်၏ တပ်သားများ သေနတ်ပစ်ဖောက်ရင်း မြင်း ၂၀ ခန့် ထပ်ဝင်လာသောကြောင့် မွန်တို့ ဖရိုဖရဲ ဖြစ်သွားရ၏ ။
တိုက်ပွဲမှာ သိပ်မကြာလိုက်ချေ။ မွန်တစ်ထောင်ကျော်သာ ဖြစ်သဖြင့် လက်ျာဘီလူးနှင့် ဦးရာပြည့်တပ် နှစ်တပ်ပေါင်း လူ ၁၀၀၀ကျော်၊ နောက်တပ်ကူအနေနှင့်လည်း ထပ်ရောက်လာသည် ဖြစ်၍ မွန်တို့ ကြာရှည်မခံဘဲ ဆုတ်သွားကြသည်။ မြင်းသည်အများ လိုက်ထပ်ကြသဖြင့် သုံ့ပန်း ၁၀၀ ကျော်၊ သေနတ် ၂၅၀ ခန့် ရလိုက်လေသည်။
လက်ျာဘီလူးတို့ဘက်ခြမ်းတွင်မူ ပြေးနိုင်သူ အချို့သာ လွတ်ကြလျက် အသေအပျောက် များ၏ ။ သေသည်ပင် ၄၀၀ ခန့် ရှိမည်။ ပြောင်းသေနတ် ဓားလှံလေးမြား အများအပြားလည်း ရလိုက်ကြသည်။
တိုက်ပွဲပြီးလျင် သူတို့သည် နောက်သို့ ပြန်လည် ဆုတ်ခွာလာခဲ့ကြပြီး မူလ တပ်စွဲနေခဲ့ရာသို့ ပြန်လာကြသည်။ နောက်တပ်မကြီးနှင့်တကွ အလောင်းမင်းတရား ကိုယ်တော်တိုင် နဂါးရုပ် ဖောင်တော်ဖြင့် ရောက်ရှိလာပြီ ဖြစ်၏ ။
လက်ျာဘီလူးတပ်သည် ရှေးဦးစွာ ရောက်ရှိလာသော်လည်း အဖူးအမြော် မဝင်သေးဘဲ တောင်ပေါ်သို့ ပြန်တက်သွားသည်။ ညနေ လူစုံသောအခါမှ မင်းတရားထံ ဝင်၍ စစ်ရေးစစ်ရာ လျှောက်တင်လျက် သုံ့ပန်း လက်နက်များကို ဆက်လေသည်။
(ဆက်ရန်...)   တိုက်မောင်း (၆)

Written by သင်္ခရာဇာ

End date: May 20, 2021

တိုက်မောင်း (၄)

ညနေ။

"ထည့်ကြဦးလေ.. ဗိုလ်မင်းတို့။ အားမနာနဲ့နော်၊ ထပ်ထည့်ပါဦး။ ဗိုလ်လေးက တော်ပြီလား။ အစားနည်းလိုက်တာ"
"တော်ပါပြီ ဦးကြီး၊ စားလို့လည်း ကောင်းပါတယ်။ ကျွန်တော် ဒီလောက်ပဲ စားနေကျမို့ပါ"
လက်ျာဘီလူးက လက်ဆေးပြီးနောက် လက်ဖက်ခွက်ကို လက်လှမ်း၏ ။ ယွန်းအုပ်ထဲမှ လက်ဖက် ယူစားစဥ် သူကြီး ဦးဆယ် အနားလာထိုင်ပြီး
"သည်ထက်ပို ကျွေးချင်တာပါဗျာ။ သည်နှစ်မှ တိုင်းရေးပြည်ရေးရော ရာသီဥတုပါ မကောင်းတာနဲ့ ကြုံလို့"
"ကျွန်တော် နားလည်ပါတယ် ဦးကြီး"
လက်ျာဘီလူးက ပြောရင်း အပြင်မှ သူတို့အား လာကြည့်ကြသည့် ဝိုင်းအုံနေသော ကလေးငယ်များ၏ ထူးခြားချက်ကို သတိထားမိသွားသည်။
"ဟိုကလေးတွေက အားလုံး ခေါင်းတုံးရိတ်ထားကြတာ.. ကိုရင်လူထွက်ကလေးတွေလား"
"ဘယ်က ဟုတ်ရမှာလဲ မောင်ရင်။ သူတို့တွေ ကိုရင်ဝတ်ဖို့ မောင်ရှင်လောင်း လှည့်နိုင်ဖို့ နေနေသာသာ သင်္ကန်းတောင် မရှိလို့ မဝတ်ရဘူး။ အလှူဝေးလို့ သူတို့မှာတောင် ဆန်တစ်လှည့် ​လူး ဆပ် ပြောင်းတစ်လှည့် မြိုနေကြရတာ ကြာပါကော။ ခေါင်းတုံးက ဒက်တွေ ပေါက်ကြလို့ ရိတ်ပေးထားတာပဲ"
လက်ျာဘီလူးက ကလေးများကို ငေးကြည့်နေသည်။ သူကြီးနှင့် ဗိုလ်များ ပြောနေသံကို ကြားလိုက် မကြားလိုက်။ သူငယ်စဥ် ကိုရင်ဝတ်ခဲ့သည်ကိုလည်းကောင်း၊ ဘုန်းကြီးကျောင်းသားဘဝကို လည်းကောင်း အမှတ်ရနေမိ၏ ။
"အမလေး.. လုပ်ကြပါဦး"
"ဟဲ့.. ဟဲ့.. ပါသွားပြီ၊ ဘာကြီးလဲ"
"အထုပ်.. အထုပ်၊ အသပြာတွေ ထည့်ထားတဲ့ အထုပ်"
အိမ်အောက်မှ မိန်းမကြီးများ အော်သံကြောင့် ပြတင်းပေါက်အနီး ရပ်နေသော တိုက်မောင်းက ငုံ့ကြည့်ရာ မိန်းမတစ်ယောက်၏ ငွေထုပ်ကို သူမွေးထားသော မျောက်က ရုတ်တရက် ယူ၍ ပြေးသွားခြင်း ဖြစ်နေသည်။ ကြိုးလွတ်သွားသည့် မျောက်မှာ သစ်ပင်ရှိရာ ဦးတည်၍ တချိုးတည်း ပြေးလေ၏ ။
တစ်ဆက်တည်းပင် အိမ်ပေါ်မှ တပ်မှူး လက်ျာဘီလူး ခုန်ချသွားပြီး သူ့ရှေ့တွင် တွေ့သည့် ခုံဖိနပ်တစ်ဖက်ကို ဆွဲကာ ပြေးသွားသည်ကို တွေ့ရ၏ ။ တိုက်မောင်း ကြည့်နေသော ပြတင်းမှ ပေါ့ပါးစွာ ကျော်ဆင်းသွားလျက် မည်သည့်အသံမျှ မကြားရဘဲ မြေပေါ်ကျသွားသည်ကို လူအများ အံ့သြနေစဥ် သူက အသေအချာ ချိန်ရွယ်ကာ ခုံဖိနပ်ကို ပစ်လွှတ်လိုက်သည်။
သစ်သားဖိနပ်က မန်ကျည်းပင်ကြီးပေါ် ကုပ်တက်စ မျောက်၏ ကျောကို ထိမှန်လျက် မျောက်နှင့် အထုပ် ကျလာသည်၌ လမ်းတစ်ဖက်မှ လာနေသော ကံကောင်းတို့ ကာလသားများက ပြေးကောက်လိုက်ကြသည်။ ယင်းအဖြစ်ကို လက်တည့်လှသော တိုက်မောင်းပင် လက်ခုပ်တီးလျက် အော်လိုက်မိသည်။
"ဟာ.. တည့်လိုက်တဲ့လက်ကွာ.."
ကံကောင်းတို့ကတော့ ခုမှ ခုံဖိနပ်နှင့် ပစ်လိုက်သူမှာ တပ်မှူး လက်ျာဘီလူးမှန်း သိသွားကြသည်။ မျောက်မှာ နာလွန်းသဖြင့် အော်ဟစ် ရုန်းကန်နေ၏ ။
မိန်းမကြီးက ကံကောင်းတို့လက်မှ အထုပ်နှင့် မျောက်ကို ယူရင်း လွတ်သွားသော ခါးကြိုးကို ပြန်ချည်နေခိုက် အိမ်ပေါ်မှ ဆင်းလာကြသော ဦးရာပြည့်တို့ ရောက်လာကြသည်။
"အပင်ပေါ်သာ ရောက်သွားရင် ပစ်လို့ လွယ်တော့မှာ မဟုတ်ဘူး။ အထုပ် ပြန်ရဖို့ အလွန်ခက်မယ်။ ကံကောင်းလို့ပေါ့"
"မှန်လှပါ ကျေးဇူးကြီးလှပါတယ် ဘုရား။ သည်မျောက် သည်လိုပဲ ယူပြေးတတ်တဲ့ အကျင့်ရှိတာ.."
မိန်းမကြီး ပြောသည်ကို လက်ျာဘီလူးက ဆက်နားမထောင်ဘဲ အိမ်ပေါ်ပြန်တက်သွား၏ ။ တိုက်မောင်းက ကံကောင်းကို လက်ကုတ်ခေါ်၍ နောက်မှ လိုက်သွားသည်။ အိမ်ပေါ်၌ လူရှင်းနေခိုက်
"တပ်မှူး သည်ည ကျွန်တော်တို့ လာလည်လို့ ရမလား"
ကံကောင်းက အံ့သြစွာ
"ဟေ့ကောင်.. ဘာလုပ်ဖို့လဲ"
တိုက်မောင်းမျက်နှာမှာ အထူးတည်ကြည်နေပြီး တစ်စုံတစ်ခု ပြောလိုဟန် ရှိသဖြင့် လက်ျာဘီလူးက ပြုံးလျက်
"ရပါတယ်၊ လာခဲ့ကြပေါ့"
တိုက်မောင်း ကျေနပ်သွားပြီး လက်ဝါးတစ်ဖက်ကို လက်သီးနှင့် ထိုးလိုက်၏ ။
"ဒါပဲပေါ့"
"ဟော.. ဟိုနှစ်ကောင် ဘာလုပ်နေကြတာလဲ"
သူကြီး ဦးဆယ်တို့ အိမ်ပေါ် ပြန်တက်လာရာ သူတို့ နောက်ဆုတ်ကာ လူကြီးများအတွက် နေရာပေးလိုက်ရသည်။ အိမ်အောက်အရောက် ကံကောင်းက
"မင်း ဘာသွားလုပ်မလို့လဲကွ"
"လာ.. ငါပြောပြမယ်"
တိုက်မောင်းက ဆားအိတ်များ သိုလှောင်ရာ ဂိုထောင်ကြီးထဲရောက်မှ သူကြားခဲ့သည်တို့ကို ပြန်ပြောပြသည်။
"သူပြောပုံအရဆို ငါတို့ဦးမင်း အမျိုးဖျက်ပြီကွ"
"ငါလည်း အဲဒီလိုမျိုး ထင်တယ်။ အဲဒါကြောင့် မင်းကို တိုင်ပင်ရအောင် ပြောပြတာ။ တစ်တပ်တည်း အရင်လာမယ် ဆိုတာ ငါ့အထင်တော့ ဟိုတပ်မှူးနဲ့ ဘီလူးတပ်တွေပဲ ဖြစ်ရမယ်"
ကံကောင်းက စဥ်းစဥ်းစားစားဖြင့်
"အင်း.. ဖြစ်နိုင်တယ်။ ဒါပေမယ့် ငါတို့က ဘယ်လို ပြောရပါ့မလဲ။ ပြောလိုက်လို့ ဦးမင်း ဒုက္ခရောက်မှာလည်း စိုးရတယ်။ မပြောရင်လည်း သူရဲကောင်းတစ်ယောက် အလဟဿ ဆုံးရှုံးနိုင်တယ်"
"ဒါပေမယ့် ဘထွေးဦးရာပြည့်က မွန်တွေနဲ့ ပေါင်းပြီး အကောက်ကြံတာပဲ ကိုကံကောင်း။ ငါမြင်သလောက်တော့ ဒီလူတွေက လူကောင်းတွေ။ မွန်တွေလို တို့ရွာကို အနိုင်မကျင့်ဘူး။ သူတို့လည်း စစ်ချီလာတာပဲ။ အတင်းအဓမ္မ ရိက္ခာမစုဆောင်းဘူး မဟုတ်လား"
"ပြောတော့ ပြောရမှာပဲ။ တို့ဘထွေးကို တတ်နိုင်သမျှ သက်ညှာပေးဖို့လည်း တောင်းဆိုရမယ်။ ငါတို့က သူ့အသက်ကို ကယ်သလို သူကလည်း ငါတို့ဘထွေး အသက်ကို လွှတ်သင့်တာပေါ့"
သူငယ်ဆိတ်အိပ်ချိန်ဝယ် ညီအစ်ကိုနှစ်ယောက် ပုဆိုးခြုံထဲ ဓားများ ထည့်လျက် မြရာကုန်းတောင်သို့ ထွက်လာကြသည်။ ရွာထဲတွင် ဦးရာပြည့်တို့ တပ်သားများ အနည်းငယ် ရှိနေသော်လည်း သူတို့ကို သတိမထားမိ။ တောင်ပေါ် စတက်တော့ အစောင့်စစ်သားက စစ်ဆေးနေရာ တိုက်မောင်းက
"မင်းတို့တပ်မှူးက ခွင့်ပြုလို့ လာတာ။ မယုံရင် သွားမေးကြည့်"
အစောင့်က ဇဝေဇဝါနှင့် တပ်ထဲ ဝင်ခွင့်ပြုလိုက်ပြီး တောင်ထိပ်သို့ ရောက်လာသည်။ တပ်မှူးကို မတွေ့ရ၊ ဗိုလ်တစ်ဦးက လက်ညှိုးညွှန်ပြရာ ကြည့်လိုက်ကြတော့ တောင်ကမ်းပါးထိပ်မှ သစ်ပင်နှစ်ပင်ပေါ်တွင် မည်းမည်းလူနှစ်ယောက်ကို တွေ့ရလေသည်။ ဘာတက်လုပ်နေကြသည် မသိ၊ မြစ်ဘက်သို့ မျှော်ကြည့်နေကြပြီး ခေတ္တကြာမှ ဆင်းလာကြသည်။
နှစ်ဦးစလုံး အလွန်မြင့်သော သစ်ပင်ထက်မှ ရှေ့ဆင့်နောက်ဆင့် ခုန်ချလိုက်ကြခြင်း ဖြစ်ရာ တိုက်မောင်းတို့ လန့်သွားသည်။ သို့သော် သူတို့ကတော့ အောက်ရောက်ရောက်ချင်း လူကို လှိမ့်လိုက်ကြသောကြောင့် အနာတရ မဖြစ်။ အလေ့အကျင့် ဖြစ်နေကြဟန် တူ၏ ၊ ကိုယ်ကို တစ်ပတ်သာ လှိမ့်လိုက်ပြီး မတ်မတ် ရပ်လိုက်ကြသည်။
"တပ်မှူး၊ ဒီမှာ ညီအစ်ကိုနှစ်ယောက် ရောက်နေတယ်"
"ကောင်းပြီ"
လက်ျာဘီလူး ဖုန်ခါရင်း သူတို့ဘက် လျှောက်လာရာ တိုက်မောင်းတို့က အထူးအဆန်းသဖွယ် ကြည့်နေကြ၏ ။
"အဲလို ခုန်ချတော့ မတော် ပွန်းပဲ့ ထိခိုက်မိတာ မဖြစ်ဘူးလား၊ အလျင်မလိုဘဲ ခုန်ချလာကြတာ တွေ့မိလို့"
တိုက်မောင်းက မနေနိုင်ဘဲ ထပြောသည်။ ကံကောင်းကတော့ ခပ်တည်တည်။
"ဒီလို ခုန်ချရတာက တပ်ထဲ စဝင်ကတည်းက လေ့ကျင့်လာကြရတာ ဆိုတော့ တို့လူတွေအဖို့ ရိုးနေကြပါပြီ"
လက်ျာဘီလူးက ခပ်ပြုံးပြုံး ဖြေရင်း ဝင်ထိုင်လိုက်၏ ။ တိုက်မောင်းက ကံကောင်းကို ကြည့်ပြီး
"ငါတော့ စစ်ထဲဝင်ချင်လာပြီကွ"
ဟု ဆိုလိုက်သည်။

Written by သင်္ခရာဇာ

End date: May 20, 2021

တိုက်မောင်း (၃)

"ဟော.. လာကြပြန်ပြီပေါ့"

သည်တစ်ခါတော့ တပ်မှူးကိုယ်တိုင် စားပွဲပေါ် တက်ထိုင်နေသည် ဖြစ်၍ သူတို့ ဝင်လာလာချင်း ဆီးကြိုနှုတ်ဆက်၏ ။ ကံကောင်းကလည်း ဤသူသည် ရွှေနန်းရှင် သူရဲကောင်း လက်ျာဘီလူး ဖြစ်မည်ဟု ချက်ချင်း သိလိုက်သည်။ အနက်ရောင် မျဥ်းတိုအင်္ကျီ၌ ရွှေရောင်ပိုးချည်များဖြင့် ကွပ်ထားပြီး ဘောင်းဘီအနီပေါ် ချိတ်ပုဆိုးအနက်ခါးတောင်းကျိုက်လျက် ခါးစည်းနီ စည်းထားပုံမှာ သူတစ်ဦးတည်းသာ ရှိသည်။
အခြားတပ်သားများက မျဥ်းတိုမျဥ်းရှည် အနက်များ၊ ခါးတောင်းကျိုက်များ၊ တောင်ရှည်များနှင့် ဖြစ်သော်လည်း ဦးပေါင်းများ မောက်တိုများကိုယ်စီ ပါကြပြီး ခေါင်းလည်း မပေါင်း၊ ဆောင်းလည်း မဆောင်းသူမှာ သူတစ်ယောက်တည်း ဖြစ်၏ ။
ထို့ကြောင့် ရာထူးအလိုက် ဝတ်ဆင်ရသော စစ်ဝတ်စုံ ဝတ်မထားသော်လည်း တပ်မှူးနှင့် အကြပ် တပ်သားများကို လွယ်လင့်တကူ ခွဲခြားနိုင်လေသည်။ သူတို့ နှစ်ဦးသည် တပ်မှူးဆီ တည့်တည့် လျှောက်သွားကြ၍ အရိုအသေ မပြုကြဘဲ ရဲတင်းစွာ စကားဆိုကြ၏ ။
"မနေ့က ဖိတ်တာ မလာနိုင်တဲ့အတွက် သည်နေ့ ထပ်ဖိတ်ဖို့ စေလွှတ်လိုက်လို့ပါ။ တပ်မှူးနှင့်တကွ ဗိုလ် ၅ ဦးကို နေမဝင်မီ ကြွခဲ့ပါလို့ သူကြီးမင်းက အမှာပါးလိုက်ပါတယ်"
အကြပ်တစ်ဦး ထလာပြီး
"တယ်မသိဆိုးရွားတဲ့ တောသားလူရိုင်းလေးတွေ ပါလား။ ဗိုလ်မင်းကို ဒီလို မပြောရဘူး။ ရှိခိုး ဦးချပြီး ဒူးတုပ် ပျဝပ်နေရတယ်။ လက်အုပ်ချီပြီး ဘုရားလို့ ထည့်ပြောရတယ်ကွဲ့"
သူတို့ အချင်းချင်း ကြည့်နေကြသည်။ မားမားမတ်မတ် ရပ်နေကြဆဲပင်။ တိုက်မောင်းထံမှ မပွင့်တပွင့်အသံ ထွက်လာ၏ ။
"ရှိခိုးပြီး ဘုရားထူးရအောင် ဘုန်းကြီးလည်း မဟုတ်"
အကြပ် စိတ်ဆိုးသွားရာ တပ်မှူးက
"နေပါစေ။ သူတို့က ကြုံမှ မကြုံဖူးဘဲ၊ ဘယ်သိကြပါ့မလဲ။ သူတို့ နေတတ်သလို နေပစေ။ အစ်ကိုတို့ သူကြီးမင်းကို ဒီညနေတော့ လာနိုင်ဖို့ ကြိုးစားပါ့မယ်လို့ စကားပြန်လိုက်ပါ"
တိုက်မောင်းက စကားရှည်ပြန်သည်။
"ကျွန်တော် တစ်ခုလောက် မေးပါရစေ။ တပ်ထဲ ဝင်ရင် အဲဒီလိုပဲ ရှိခိုးပြီး ဘုရား ဘုရား နဲ့ ထည့်ပြောရတာပဲလား"
"မပြောရပါဘူး။ မိတ်ဆွေ ရောင်းရင်း ညီအစ်ကိုတွေလိုပဲ ပြောဆို ဆက်ဆံလို့ ရပါတယ်။ တခြား တပ်တွေကတော့ သူတို့ ပုံစံနဲ့ သူတို့ ရှိမှာပေါ့။ ညီလာခံဝင်ရင်၊ မင်းမိဖုရားများ ကြွလာရင်တော့ ရှိခိုးရတယ်။ မင်းတို့ ရွာမှာ လူကြီးသူမတွေအိမ် တက်ရင် ရှိခိုးဦးချ မပြုကြဘူးလား"
ကံကောင်းက ဖြေလိုက်သည်။
"ပြုကြပါတယ်။ အသက်ကြီးမှ ပြုကြတာပါ။ ရွယ်တူချင်းတော့ ဘယ်သူမှ ဦးချ နှုတ်ဆက်တာမျိုး မရှိဘူး"
သူ ဆိုလိုသည်မှာ သူတို့ ညီအစ်ကိုနှင့် တပ်မှူးသည် သက်တူရွယ်တူများပင် ဖြစ်သည်ဟု ရည်ရွယ်ပုံ ရသဖြင့်
"အင်း၊ ဟုတ်ပါတယ်။ ဒါပေမယ့် တခြားတပ်က ဗိုလ်တွေကိုတော့ လိုချင် လိုလိမ့်မယ်"
"သည်မနက်ပဲ ကျုပ်တို့ဦးမင်း ဦးရာပြည့်နဲ့ တပ်တွေ ရောက်လာတာ သူလည်း ဗိုလ်ပဲ၊ ကျုပ်တို့ ဦးမချခဲ့ရလို့ နားမလည်ကြတာပါ တပ်မှူး။ အပြစ်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ"
"သြော်.. သူတို့တပ်တွေလား၊ အင်း.. ဆုံကြရဦးမှာပေါ့လေ"
တပ်မှူးက သူ့ဘာသာ ရေရွတ်ရင်း တွေးငေးနေသဖြင့် သူတို့ ဦးညွှတ်လက်အုပ်ချီလျက် နောက်ဆုတ် ပြန်ခဲ့ကြသည်။
"တစ်မျိုးပဲကွ နော်.. တိုက်မောင်း"
"အေး"
"ဆိုးတော့ မဆိုးပါဘူး"
"အောင်မယ်.. ဘာကွ"
ရှေ့မှ သွားနေသော အစောင့်ရဲမက်က လှည့်အော်လိုက်ခြင်း ဖြစ်သည်။
"မင်းတို့က ဘုမသိ ဘမသိနဲ့ စွတ်ရွတ်ပြော၊ ခုလည်း ဘာမှ မသိဘဲ ငါတို့တပ်မှူးကို မှတ်ချက်ချနေကြပြန်ပြီ။ မဆိုးပါဘူး မဟုတ်ဘူး.. အားကြီး ဆိုးတယ်ကွ။ မင်းတို့က မသိသေးလို့ ၊သူဆိုးတာ မြင်ရင် ဒီလိုပြောနိုင်မယ် မထင်ဘူး"
ကံကောင်းက ရယ်ချင်သွားသော်လည်း ခပ်တည်တည်ဖြင့်
"ဟုတ်ကဲ့ပါခင်ဗျာ၊ ဆိုးတယ်ဆိုလည်း ဆိုးတယ်ပေါ့"
တိုက်မောင်းကလည်း
"ခုတော့ ကောင်းလို့ပါပဲ"
မကျေမနပ်နှင့်ပင် ရဲမက်တော် ပြန်လှည့်သွားသည်။
"ဘယ်လို ကောင်တွေမှန်း မသိဘူး။ ဝံ့ကြွားကြွားနဲ့"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တိုက်မောင်း ပြန်ရောက်ရောက်ချင်းပင် ဦးလေး ဦးရာပြည့်က အခေါ်လွှတ်ကာ ကိစ္စတစ်ခု စေခိုင်းလေသည်။
"မင်း ရေနံ့သာကို သွားတတ်တယ်မဟုတ်လား။ မဝေးပါဘူး။ အဲဒီမှာ ငါ့မိတ်ဆွေတစ်ယောက် ရှိတယ်။ ငမင်းရာ တဲ့။ သူ့ဆီ ငါက ပေးခိုင်းတာလို့ ပြောပြီး ဒီစာလေး သွားပေးပေးကွာ။ ပြီးတာနဲ့ မြန်မြန်ပြန်ခဲ့ဦး"
တိုက်မောင်းက ချက်ချင်း ထွက်သွားသဖြင့် ရေနံ့သာရွာသို့ မွန်းတိမ်းပြီးစအချိန် ရောက်သွားသည်။ ဦးမင်းရာအိမ် အလွယ်တကူ ရှာတွေ့ပြီးနောက် ချိတ်ပိတ်ထားသော စာကို ပေးလျက် ပြန်မည်ပြုရာ ဦးမင်းရာ၏ဇနီးက ထမင်းအတင်းကျွေးနေသောကြောင့် ဝမ်းလည်း ဟာနေပြီဖြစ်၍ မငြင်းတော့ဘဲ ထိုင်စားနေလိုက်သည်။ ထိုစဥ် အိမ်အောက်မှ မွန်လိုပြောသံ ကြားရ၏ ။
"တို့အဆက် ငရာပြည့်ဆီကပဲကွ။ မကြာခင် တပ်တစ်တပ် လူအနည်းငယ်နဲ့ နယ်ကျွံလာလိမ့်မယ်တဲ့။ နောက်တပ်တွေ မပါမှာ သေချာတယ်၊ အဲဒါ သေသေချာချာ ပိတ်ဖမ်းကြပါလို့ ဆိုတယ်။ မင်း ဗညားတို့ဆီ အကြောင်းကြားချည်စမ်း"
တိုက်မောင်း ထမင်းနင်သွား၏ ။ သူ၏ မိခင်မှာ မွန်အမျိုးသမီး ဖြစ်ရာ ဉာဏ်နည်းသော သူ့အား ငယ်စဥ်ကပင် မွန်စာ အရေး အဖတ် သင်ပေးခဲ့သည်။ အစ်ကို ကံကောင်းက အနည်းငယ်သာ နားလည်သော်လည်း သူကတော့ ခက်ခဲလှသော မွန်ဘာသာအား အရေးအဖတ် ကျွမ်းကျင်ခဲ့ပြီး အမိနှင့် နှစ်ဦးတည်းဆိုလျင် မွန်လို ပြောလေ့ ရှိကြ၏ ။
ယခု ဦးမင်းရာ မွန်လိုပြောလိုက်သည်မှာ စစ်ရေး အရေးကြီးမှန်း သိလိုက်ပြီး တစ်မျိုးလည်း ဖြစ်နေသည်။ သူ နားမလည်လှ၊ ထမင်း အမြန်စားပြီး ပြန်ခဲ့လျက် ကံကောင်းကို လိုက်ရှာသည်။ မည်သည့်ရွာ ရောက်နေသည်မသိ၊ ရှာမရချေ။

Written by သင်္ခရာဇာ

End date: May 20, 2021

တိုက်မောင်း (၂)

မြောက်ပိုင်းရှိ မယ်မွှေးတို့အိမ်သို့ တိုက်မောင်း ရောက်သောအခါ လူအတော်စုံနေချေပြီ။ ငလွင်အပြင် အစ်ကို ကံကောင်းကိုပါ တွေ့ရ၏ ။ သူတို့၏ ဝေးလေးဟားလား အသံများက အိမ်ရှေ့လမ်းမအထိ လျှံကျနေလေသည်။
"ဟော.. ပြောရင်းဆိုရင်း သူကြီးသား ရောက်လာပြီ။ ဆိုပါဦးဟ.. အဘက ဆူလိုက်သေးလား"
"မဆူပါဘူးဗျာ၊ အေး.. ဟုတ်သားပဲ လို့ပဲ ပြောတယ်။ ကိုကံကောင်းကိုပဲ ဆူတာ၊ မေးကြည့်ပါလား"
"သူကြီးက မနက်ဖြန်ကို လူဆယ်ဦး ဖိတ်ဦးမလို့ဆို"
"ဒါတော့ ကျွန်တော် မသိဘူး"
ဆို၍ ကံကောင်းမျက်နှာ လှမ်းကြည့်ရာ
"ငါ့ကို မနက်ကျ တောင်ပေါ်တက်ပြီး သေချာ ဖိတ်ချေဦးလို့ မှာလိုက်တယ်ကွ"
ဟု ကံကောင်းက ဆိုလေသည်။ ကိုရင်ဘိုးလူသည် တိုက်မောင်းကို ပခုံးပုတ်၍
"တပ်မှူးကြီးက မင်းကို ဓားနဲ့ မခုတ်လိုက်ဘူးလား"
"ဘာဖြစ်လို့ ခုတ်ရမှာလဲ"
"အဖေက သူကြီးဖြစ်ကြောင်း၊ မပါရင် ဆူမယ့်အကြောင်းတွေ သွားပြောတယ်ဆို"
သူက ငလွင်ကို မျက်နှာထားနှင့် ကြည့်လိုက်လေသည်။
"မင်းက ငါ့ဖို့ မချန်ဘဲ အကုန်ပြောပြီးပြီပေါ့"
သူ့စကားကြောင့် ရယ်ကြရသေးတော့။ ငလွင်ကလည်း စပ်ဖြီးဖြီးနှင့်
"မင်းက နောက်ကျနေတာကိုး၊ သူတို့က မေးတော့ ဖြေရတာပေါ့"
မခင်မွှေးက ကြားဖြတ်၍
"အဲဒီ သူရဲကောင်းကြီးက နင်တို့အရွယ်ပဲ ဆိုတော့ ငယ်ငယ်လေး ရှိသေးတာပေါ့။ တို့ထက်တောင် ငယ်ဦးမယ်။ ဘယ်လိုလဲဟဲ့.. ချောရော ချောလား"
သူက ပုံမှန်ပါပဲဗျာဟု ဆိုလိုက်စဥ် ငလွင်က
"ဟာ.. ပုံစံကတော့ တယ်ဖြောင့်တာပဲ။ မြင်လိုက်တာနဲ့ သူရဲကောင်းမှန်း တန်းသိသာတယ်။ ကိုယ်ဟန် သွားလာ လှုပ်ရှားမှုတွေလည်း ကျွန်တော် ကြည့်နေတာ တကယ် တည်ကြည်ခန့်ညားပြီး ပုံပြင်ထဲက အတိုင်းပါပဲ"
ငလွင့်စကားကို ကိုရင်ထွန်းတင်က နှာခေါင်းရှုံ့ပြီး ဟင့်ခနဲ အသံပြု၏ ။
"မင်းပြောတော့ သျှောင်မထုံးဘဲ ချထားတယ်ဆို။ ဘီလူးဝင်စားတဲ့သူက ဆံပင်ဖားလျားနဲ့တဲ့လား"
တိုက်မောင်း မနေနိုင်...
"ဟာ.. စစ်သည်တွေ စစ်တိုက်ရင် သည်လို ဆံပင်ဖားလျားချည်းပေါ့ဗျ။ ငယ်ငယ်က ဘကြီး ပြောဖူးတယ်။ တချို့ပဲ ဦးဗောင်းထုပ်သတဲ့"
"သြော်.. ဒါနဲ့ အစ်ကို ကံကောင်း"
အိမ်လည်ရောက်နေသည့် မယ်မြင့်အသံ။
"မနက် တောင်ပေါ်တက်ရင် ကျွန်မ လိုက်ခဲ့မယ်"
ကာလသားသမီးအားလုံး အံ့သြသွားကြသည်။
"အို.. တပ်ထဲ မိန်းမသား လိုက်လို့ ဘယ်ဖြစ်မလဲ"
"ဖြစ်ပါတယ်၊ သူတို့က ဟော့ဟော့ရမ်းရမ်းတွေမှ မဟုတ်ဘဲ။ စည်းနဲ့ ကမ်းနဲ့တဲ့"
ကံကောင်း တွေဝေနေသည်။ ဘိုးလူက ထပြော၏ ။
"ငါက မနက်ကျ အဖော်လိုက်ခဲ့ပေးမယ်လို့ ကံကောင်းကို ပြောတော့မလို့ဟာ။ ညည်းဦးသွားတယ်"
ထွန်းတင်ကလည်း
"ကျုပ်လည်း လိုက်ပါရစေ။ သူရို့ စစ်သားဆိုတာတွေကို အကဲခတ်ချင်လို့"
"နေကြပါဦး.. နေကြပါဦး၊ ငကံကောင်း သဘောကိုလည်း မေးကြပါဦး။ သူ ဘယ်သူ့ ခေါ်မလဲ သူ့ဘာသာ ဆုံးဖြတ်ပစေ။ အကုန်လုံးကတော့ စူးစမ်းချင်တဲ့ သူချည်းပဲပေါ့။ သူကြည်ဖြူတော့ ၂ ယောက်လိုက်လိုက် ၂၀ လိုက်လိုက်"
ဆယ်အိမ်ခေါင်း ကိုတက်တူပြောမှ ငြိမ်သွားကြလျက်
"ဟုတ်သားပဲ၊ ကံကောင်း မင်း ဘယ်သူ့ခေါ်ဖို့ စိတ်ကူးထားလဲ။ ငါ့အပြင် တခြားလူ ပါဦးမလား"
"ဟာ.. ကိုရင်ဘိုးလူကြီး သည်လိုဘယ်ရမလဲ။ ခေါ်မယ့်ခေါ် ကိုကံကောင်းက သူ့နှမချောပဲ ကြွားရအောင် ခေါ်မှာပေါ့ နော့"
"ဟေ့.. မယ်မြင့်၊ တစ်ခါတည်း တပ်သားနဲ့ ညားပြီး စစ်သားမယား ဖြစ်ချင်သလား"
"အောင်မယ်.. ဘာစကားပြောတာလဲတော့်"
"တော်ကြပါတော့ဗျာ.. ကျုပ် စဥ်းစားထားတာက"
ကံကောင်းဖြတ်ပြောလိုက်၍ ငြိမ်သွားကြပြန်သည်။
"အေး.. အေး၊ ပြော"
"ကျုပ်ညီပဲ ခေါ်သွားမလို့"
"ဟာ.. ကွာ၊ မင်းကလည်း မဟုတ်တာ"
"ဟုတ်ပါတယ်ဗျ။ သူက ဒီနေ့ အဆင်မပြေခဲ့တော့ မနက်ကျ ပြန်ခေါ်သွားရမလားလို့။ ဒီတစ်ကြိမ် ကျွန်တော်နဲ့ဆို သူလည်း မျက်နှာရမယ်။ ညီအစ်ကိုမှန်းလည်း သိသာတော့ ကျုပ်တို့ မြင်တာနဲ့ အဘက လွှတ်လိုက်တာလို့ တန်းခနဲ သဘောပေါက်နိုင်တယ်"
"အေးကွ၊ ကောင်းတယ်။ တိုက်မောင်းပဲ ခေါ်သွား"
ကိုရင်တက်တူ ပိတ်ပြောချလိုက်သဖြင့် အခြားသူများ မကျေမနပ်နှင့် နေလိုက်ကြရသည်။
"မင်းတို့က ရွာလာတော့ ကြည့်ကြပေါ့။ ဘာဖြစ်နေတာလဲ"
"ကျုပ်က သူရို့တွေ လေ့ကျင့်ပုံ၊ အရည်အချင်းနဲ့ သိုင်းပညာကို အကဲဖမ်းချင်တာမို့ပါ"
သိုင်းဆရာ ကိုရင်ထွန်းတင်၏ စကားကို ကံကောင်းက မဲ့ပြုံးဖြင့်
"ကျုပ် အစွမ်းအစလေးရော အကဲမစမ်းချင်ဘူးလားဗျာ"
"အံမယ်.. မောင်ရင်၊ မင်းက ဗန်ရှည်အတတ် တုတ်ဓား လှံသိုင်းတွေမှာပဲ ငါ့ထက်သာတာပါ။ လက်ချင်းဆို ဘယ်တုန်းက နိုင်ဖူးလို့လဲ"
"စစ်ပွဲမှာ လက်ချင်းထက် ဓားလှံချင်းပဲ တိုက်ရတာပါလေ ကိုရင်ရယ်"
"မင်းက စစ်ထဲလိုက်ရဲတဲ့ သတ္တိ ရှိလို့လား"
"ဘာဗျ"
ကံကောင်းနှင့် ထွန်းတင်မှာ စကားချင်း အနိုင်လုရာမှ တင်းမာတော့မည့် အခြေအနေ ဖြစ်လာရာ ကိုဘိုးလူ ကြားဝင်၍
"မင်းတို့လည်း ခွေးနှစ်ကောင် တွေ့သလိုပဲ မြင်တာနဲ့ မာန်ဖီနေတော့တာကိုး။ ထွန်းတင်ကလည်း မာန်လျှော့ကွ။ ကံကောင်းကလည်း သွားသွားမစနဲ့"
သူတို့နှစ်ဦးသည် ယခင်က ရွာနီးချုပ်စပ် ဘုရားပွဲခင်းတစ်ခုတွင် ယှဥ်ပြိုင်ဖူးကြပြီး ကံကောင်းက ထွန်းတင်အား အပြတ်အသတ် အနိုင်ရဖူးသည်။ သို့သော် လက်နက်မဲ့ ယှဥ်ရလျင်မူ ထွန်းတင်က သာပေလိမ့်မည်။ ကံကောင်းက ဗန်ရှည်သမားသက်သက် ဖြစ်၏ ။
တိုက်မောင်းကတော့ ဗန်ရှည်ထက် ဗန်တိုကို ပိုလေ့လာခဲ့ပြီး ဓားပေါက်နှင့် လေးမြားတွင် အလွန်လက်တည့်သည်ဟု ကျော်ခဲ့သည်။ သူ့ဖခင်၏ မီးပေါက်သေနတ်ကိုလည်း ယူပစ်လေ့ရှိသည်။ ထို့ကြောင့် သူတို့ညီအစ်ကိုနှင့် အချင်းများရဲသူ ရှား၏ ။ ကံကောင်းဆိုလျင် ရွာပေါက်စေ့ လျှောက်သွားနေတတ်သူ ဖြစ်လေသည်။
နောက်တစ်နေ့နံနက် တိုက်မောင်းတို့ တောင်ပေါ် မသွားမီ ရွာအနီးသို့ နောက်ထပ် ကုန်းဘောင်တပ် နှစ်တပ် ရောက်ရှိလာကြပြီး တစ်တပ်တွင် ဦးဆယ်ညီ တစ်ဝမ်းကွဲ ငရာပြည့် ဗိုလ်အဖြစ်နှင့် ပါလာ၏ ။ ငရာပြည့်မှာ မိဖုရားခေါင်ကြီး၏ တူမတစ်ဦးနှင့် အကြောင်းပါခဲ့ရာ ယခု မင်းဆွေမင်းမျိုး တော်နေလေပြီ။
"ဟာ.. ဟေ့ကောင် ငရာပြည့်၊ မင်းလည်း ပါလာသလား။ ကြည့်စမ်းပါဦး၊ ညိုမောင်းလို့"
"ဟုတ်တယ် ကိုကြီးဖိုးဆယ်ရေ။ အောက်ပြည်ကို စစ်ချီ ပါခဲ့တာနဲ့ သည်ရွာက ဖြတ်ရမယ် ကြားတော့ ဝင်ဖြစ်အောင် ဝင်မယ်လို့ လာတာပဲ"
"အေး.. ကောင်းကွာ။ ဒါနဲ့ နေဦး၊ မင်းတူတွေ ဘယ်ရောက်နေပါလိမ့်။ ကံကောင်းရေ.. တိုက်မောင်း"
"ခင်ဗျာ"
တိုက်မောင်းက အခန်းထဲမှ ထွက်လာပြီး
"ကိုကံကောင်းတော့ အခုလေးပဲ အပြင်ထွက်သွားတယ်"
"သည်ကောင်ကတော့ အိမ်ကပ်တယ် မရှိဘူး။ သွား ၊ အမြန်လိုက်ခေါ်စမ်း။ သည်မှာ မင်းတို့ ဦးရီး ရောက်နေတယ် ဆိုတာရယ်၊ မနေ့က ကိစ္စ လူဆယ်ဦး ဖိတ်ခိုင်းတာမှာ အခု ငါးဦးပဲ ဖိတ်ခဲ့တော့လို့ ပြောလိုက်ဦး"
"ဘာတွေ ဖိတ်ထားတာလဲဗျ"
"မနေ့က ရောက်တဲ့ တပ်တွေက တပ်မှူး သူရဲတော် လက်ျာဘီလူး နဲ့ သူ့ဗိုလ်တွေ ၁၀ ယောက်စာ ထမင်းစား ဖိတ်ထားတာလေ။ ခု မင်းရောက်လာတော့ သူတို့ ၅ ဦး မင့်လူ ၅ ဦးပေါ့"
လက်ျာဘီလူး နာမည်ကြားလျင် ငရာပြည့် မျက်နှာ တစ်မျိုးဖြစ်သွား၏ ။
"သြော်.. မင်းထင်နော်ရထာ ဆိုတော့လည်း"
သူကြီး ဦးဆယ်ကတော့ သတိမထားမိ။ သူလည်း သူ့ဒုက္ခနှင့်သူ။ ယခုနှစ် တိုင်းရေးပြည်ရွာများက မငြိမ်သက်လှသည့်အပြင် မိုးနည်းသောကြောင့် သီးနှံအထွက်လည်း နည်းသည်။ ထိုအခါ တစ်နယ်လုံး ဆင်းရဲသည့်နှစ်ဖြစ်ရာ သူလည်း လုပ်ငန်း ဆက်စပ်နေသောကြောင့် စီးပွားမဖြစ်လှ။ ကုန်များပင် ရှုံးသေးသည်။ ယမန်နှစ်များက စုဆောင်းထားသည်လေးများ ရှိ၍သာ တော်တော့၏ ။
မန်ကျည်းကန်ရွာသည် ပြည်မြို့အောက်ပိုင်း ရာမညတိုင်းအတွင်း ပါဝင်လျက် မွန်တို့နှင့် နီးသောကြောင့် မွန်တပ်များ ရိက္ခာစုဆောင်းလာကြလျင် မဖြစ် ဖြစ်အောင် ရှာကြံပေးကြရစမြဲ။ ယခုနောက်ပိုင်း ရိက္ခာတော်ကောက်သည့် အကြိမ်ရေ များလာသဖြင့်လည်း သူတို့မှာ ပို၍ ကြပ်တည်းနေကြရသည်။
ထို့ကြောင့် စေတနာရှိသော်လည်း များများ မတတ်နိုင်။ ဗိုလ်မင်း ဆယ်ယောက်လောက်ကိုတော့ သေသေချာချာ ဧည့်ခံမည်ဟု အားခဲထားခဲ့ရာ ယခု ကျွေးမွေးရန် စီစဥ်ပြီးခါမှ ညီဖြစ်သူ ငရာပြည့်တို့ ထပ်ရောက်လာကြသဖြင့် ယခင်ရောက်နှင့်သည့် တပ်များမှ လူဦးရေကို လျှော့လိုက်ရခြင်း ဖြစ်၏ ။
ကံကောင်းသည်မှာ ငကံကောင်းသည် နံနက်စောစော မသွားဘဲ အချိန်ဆွဲနေခြင်းကြောင့် ဖြစ်၏ ။ တပ်မှူးနှင့် ဗိုလ် ၅ ဦးကို ဖိတ်ကြားရန် တိုက်မောင်းနှင့် ကံကောင်းတို့ ထွက်သွားကြလျင် ငရာပြည့်လည်း အနည်းငယ် စကားစမြည် ပြောပြီး ပြန်သွားလေသည်။
နံနက်ပိုင်း တပ်သားများ တင်ကျည်းတုတ်ကိုယ်စီနှင့် လေ့ကျင့်နေကြသည်ကို ကြည့်၍ ငကံကောင်း ပြုံးလိုက်၏ ။ သည်လူများကို သူ့အနေနှင့် အလွယ်တကူ အနိုင်ယူနိုင်မည်ဟု တွေးနေသည်။ တိုက်မောင်းကတော့ ထိုသို့မတွေး၊ တစ်ထပ်တည်း ကျနေသော ရိုက်ချက်များ၊ တညီတည်း တန်းနေသော တုတ်များကို ကြည့်ကာ သဘောကျနေလေသည်။
"ကြည့်ကောင်းတယ်နော် ကိုကံကောင်း"
"လူညီတာကိုးကွ၊ ဒါပေမယ့် မင့်အစ်ကိုကိုတော့ နိုင်မယ် မထင်ဘူး မဟုတ်လား"
သူ့စကားကြောင့် ရှေ့မှ သွားနေသော ရဲမက်က စောင်းငဲ့ကြည့်သည်။ ဘာမှတော့ မပြော။ ငကံကောင်းကလည်း သတိထားမိ၍ ငြိမ်သွား၏ ။
"ဘယ်သူတွေလဲကွ.. ငမှိန်း"
"မန်ကျည်းကန်ရွာကလို့ ပြောတယ် ကိုရင်သူရိန်၊ တပ်မှူးတို့ကို ထမင်းစား လာဖိတ်တာတဲ့"
"အေး.. သွား သွား"
တောင်ထိပ်နားအရောက် ဓားသွားကို ထောင်လျက် ကျောက်ဖြင့် ပွတ်နေသော သွေးသောက်တစ်ဦးက မေးသဖြင့် လမ်းပြရဲမက်က ဖြေခြင်းဖြစ်သည်။ ကံကောင်းက ၎င်းသွေးသောက်ကို သေချာ ကြည့်လိုက်သလို သွေးသောက်ကလည်း ကံကောင်းကို စူးစိုက်ကြည့်နေ၏ ။ တိုက်မောင်းသည် မနေ့က သူ့ကို သူရဲကောင်းတပ်မှူးက စိုက်ကြည့်နေခဲ့ခြင်းအား အမှတ်ရလိုက်သည်။
"နေပါဦး၊ အရှေ့က ကိုရင်ကံကောင်းလား"
သူရိန်က လှမ်းမေးလိုက်ခြင်း ဖြစ်၏ ။ ကံကောင်း တုံ့ခနဲ ရပ်သွားပြီး
"ဟုတ်ပါတယ် သွေးသောက်"
"ကျုပ်ကို သိလား ကိုရင်"
"မသိဘူးဗျ"
"သြော်"
သူရိန် ဘာမှ ဆက်မပြောတော့သဖြင့် တိုက်မောင်းတို့ ရှေ့ဆက် တက်ခဲ့ကြသည်။ သူရိန်ကတော့ ရွာကျော် ငကံကောင်းက သည်ရွာကပဲ ဟု တွေးနေပြီး ကံကောင်းကလည်း ငါ့အကြောင်း သိတဲ့လူတစ်ယောက်ယောက် ဖြစ်မှာပဲဟု စဥ်းစားမိလေသည်။

(ဆက်ရန်...)  တိုက်မောင်း (၃)

Written by သင်္ခရာဇာ

End date: May 20, 2021

တိုက်မောင်း (၁)

တိုက်မောင်းသည် သူကြီးသား ဖြစ်၏ ။ ထို့ကြောင့် တိုက်မောင်းသည် လူဆိုးသွမ်းကလေး ဖြစ်မည်၊ သူကြီးသားအာဏာဖြင့် မိုက်မည်ဟု ထင်လျင်ကား လွဲပေလိမ့်မည်။ အကယ်စင်စစ် တိုက်မောင်းမှာ လူထုံလူအ လူနကလေးသာ ဖြစ်လေသည်။

တိုက်မောင်း၏ ပုံသဏ္ဍာန်မှာ အရပ်ပျတ်ပျတ်၊ လူကောင်သေးကျစ်ကျစ်၊ ရုပ်မဆိုးလှသော်လည်း မျက်နှာတွင် ကျောက်ပေါက်မာ (ကျောက်ကြီးပေါက်ရာမှ ကျန်ရစ်သော အမာရွတ် အခွက်များ) အနည်းငယ် ရှိ၏ ။ ထို့ကြောင့် သူ့အစ်ကို ကံကောင်းနှင့် ယှဥ်လျင် ရူပကာယ များစွာကွာခြားလှပေသည်။
ကံကောင်းမှာ သူနှင့်မတူ၊ သူတို့အဖေ ရွာသူကြီး ဦးဆယ်နှင့် တူ၍ ထောင်ထောင် မောင်းမောင်း ခန့်ခန့်ညားညား လူချောလူလှဖြစ်သည်။ ရုပ်ရည် တင့်တယ်ပြေပြစ်သည့်အပြင် ဉာဏ်ထက် လူသွက် ဖြစ်သောကြောင့် မန်ကျည်းကန် သူကြီးသား ကံကောင်း ဆိုလျင် အနီးအပါး ရွာများအားလုံးမှ သိကြ၏ ။
ကံကောင်းနှင့် ယှဥ်ရခြင်းကြောင့် အမြဲ အောက်ကျနေရသော်လည်း ထုံထုံထိုင်းထိုင်း ချူချာသည့် သားလေးမို့ အဖရော အမိပါ တိုက်မောင်းကို ဂရုစိုက်ကြပါသည်။ အစ်ကို ကံကောင်းကလည်း ကရုဏာဒေါသောဖြင့် အရိပ်တကြည့်ကြည့် အစဥ်ကာကွယ် စောင့်ရှောက်နေရသော အစ်ကိုတစ်ယောက် ဖြစ်လာခဲ့သည်။
သူတို့ဖခင် ဦးဆယ်မှာ အောက်ပြည်ရွာသို့ သနပ်ခါး၊ မန်ကျည်းသီး၊ သီးနှံ စသည်တို့ တင်ပို့၍ ဆားကို အညာဒေသ၌ ပြန်လည်ဖြန့်ဖြူးသော လှေပိုင်ရှင် ကုန်သည်ကြီးတစ်ဦး ဖြစ်သည်။ သူ၏ လုပ်ရည်ကိုင်ရည်နှင့် ပါးနပ်ခြင်းများကြောင့် မန်ကျည်းကန်ရွာ၏ သူကြီးဖြစ်လာခဲ့သူလည်း ဖြစ်ပါ၏ ။
အမိ မိထောမှာမူ မုတ္တမ မော်လမြိုင် မြို့များသို့ ဦးဆယ် ကုန်ဝယ်သွားခဲ့ရာမှ ပါလာသော တစ်ပြည်သူ မွန်အမျိုးသမီး ဖြစ်၏ ။ တိုက်မောင်းမှာ မိခင်နှင့် တူသောကြောင့် ထုံထုံအအ အရပ်ပုပျတ်ပျတ်ကလေး ဖြစ်နေရသည်။ ကံကောင်း ဆိုလျင် လူချစ်လူခင် ပေါသလောက် တိုက်မောင်းကိုမူ အရပ်က ဟာသအဖြစ်သာ မြင်ကြကာ စနောက် ပျော်ရွှင်ကြကုန်၏ ။
သူတို့အရပ်၌ အကလေးများ မြီးကောင်ပေါက်စ သူငယ် ကုမာရအရွယ် ၁၀ နှစ် ဝန်းကျင်ရောက်လျင် ယာတောသို့ လက်ဖက်အုပ် ပို့ကြရမြဲ ဖြစ်သည်။ အမိအဖများ တောင်ယာလုပ်ရာသို့ လက်ဖက်နှင့် လက်ဖက်ရည်ကြမ်းအိုးများ တောင်းနှင့်ထည့်ကာ ထမင်းစားချိန်မတန်မီ အဆာပြေ သွားရောက်ပို့ကြရခြင်း ဖြစ်သော်လည်း ဦးဆယ်မှာ လယ်ယာမလုပ်သဖြင့် မပို့ကြရ။ တိုက်မောင်းကား ဘဝတူ သူငယ်များနည်းတူ ယာတောသို့ လိုက်ချင်လှ၏ ။
အခင်းများထဲ ပြေးလွှား ဆော့ကစားလျက် ထွန်တုံးစီး၊ နွားလှည်းမောင်း၊ လက်ဖက်အုပ် ဝင်တွယ်၊ ရေနွေးကြမ်း ကပ်သောက် စသည့် အရသာများကို ခံစားလိုပေသည်။ သို့သော် သူသည် နွားလှည်းမျှ မမောင်းတတ်၊ အစ်ကိုကံကောင်းက လှည်းမောင်း ထွန်ချ အစုံလုပ်တတ်နေပြီ ဖြစ်သော်လည်း သူ့အတွက်တော့ တစ်နေ့တစ်နေ့ ငေးမောအားကျနေရသည်သာ ရှိလေသည်။
သည်လိုနှင့် ဆယ့်ရှစ်နှစ် ပြည့်ခဲ့သော်လည်း တိုက်မောင်း ဘာမှ ဟုတ်တိပတ်တိ မတတ်။ ကံကောင်းသည် ပျိုတိုင်းကြိုက်သော ကာလသားကြီး ဖြစ်လာပြီး ရပ်ရွာအတွက်သာမက ဖခင်သူကြီးမင်းအဖို့ပါ အလွန်အားကိုးရသူ ဖြစ်လာခဲ့ပြီ။ တိုက်မောင်းကတော့ သေစာရှင်စာနှင့် လေတုန်း၊ ငေးတုန်း၊ ထူဆဲ၊ ညံ့ဆဲပင်။ သို့ရာတွင် ၁၈ နှစ်အလွန်တွင် တိုက်မောင်းတစ်ဘဝ ပြောင်းလဲရန် ဖြစ်လာခဲ့သည်။
သူတို့ မန်ကျည်းကန်ရွာနှင့် မလှမ်းမကမ်းမှ စစ်တပ်တစ်တပ် ဖြတ်သွားကြသည်ကို ရွာသားအားလုံး ကြားလိုက်ကြရသည်။ အချို့က စူးစမ်းကြရာ ရွာတောင်ဘက် မြရာကုန်းတောင်ပေါ်တွင် စခန်းချနေကြကြောင်း သိရှိရ၏ ။ တိုက်မောင်းလည်း စိတ်ဝင်စားသဖြင့် ကာလသား ကာလသမီးများ ဆုံစည်းရာ မယ်မြင့်တို့ ဝဲလင်းဆောင်သို့ ရောက်ခဲ့ရသည်။
ယနေ့မှ လာရောက်လည်ပတ်သော်လည်း မည်သူမျှ သူ့အား ဂရုတစိုက် မေးမြန်းမနေ။ သူတို့ ပြောဆိုနေကြသည့် အကြောင်းအရာပေါ်တွင်သာ နစ်မျောနေကြကုန်၏ ။
"ဟဲ့.. ဟုတ်ပါ့မလား အေတို့၊ အဲဒါ ပုံပြင်ထဲက ဇာတ်လိုက်ကြီးပဲ"
မယ်မြင့်၏ အိမ်နီးချင်း မယ်လှ၏ စကား။
"ကျုပ်တို့လည်း ပုံပြင် ဒဏ္ဍာရီတွေပါလို့ ထင်မှတ်ခဲ့ကြရတာပဲ။ ဒါပေမယ့် ကျုပ် သေချာ မေးပြီးပြီ။ တကယ်ပဲ အဲဒီ သူရဲကောင်းပဲ တဲ့"
ကိုရင်ဘိုးလူက အခိုင်အမာ ပြောနေသည်။
"ဘုရင့်တပ်တွေတော့ ဟုတ်တယ်ကွ။ ဘုရင့်သူရဲကောင်း လက်ျာဘီလူး ဆိုတာလည်း ဟုတ်ချင် ဟုတ်မှာပဲ။ ဒါပေမယ့် တို့ကြားဖူးတာတွေက ကောလာဟလတွေပါကွာ။ နားထောင်ကောင်းအောင် ချဲ့ကား ပြောဆိုနေကြတာတွေပါ။ တကယ် မဟုတ်ပါဘူး"
သိုင်းဆရာ ကိုထွန်းတင်က ဆိုသည်။
"မင်းတို့ စဥ်းစားကြည့်လေ။ လှေတစ်စီးနဲ့ ဆယ်စီး တိုက်တယ် ဆိုရင်တောင် ဖြစ်နိုင်ပါ့မလား လို့။ မွန်သူရဲကောင်း လဂွန်းအိန်တောင် လှေသုံးစီးနဲ့ ညှပ်တိုက်ခံရလို့ ဆုံးသွားသေးတာ။ သူက ဘာတဲ့.. အမြောက်တင် တိုက်လှေကြီး ၅၀၀ ကို ရဲလှေလေး ၅၀ နဲ့တဲ့.. ဟုတ်လား"
"၅၀ မဟုတ်ဘူး၊ ၃၀ တဲ့ဗျ"
ရွာသားတစ်ဦးက အမှားပြင်ပေး၏ ။
"သာ မဖြစ်နိုင်သေးတာပေါ့ကွာ။ ဘယ်လူက အမြောက်တွေနဲ့ ချိန်ထားတဲ့ လှေကြီး ၅၀၀ ကို အရူးလို ပြေးတိုက်မှာတဲ့လဲ။ အနီးတောင် ရောက်လိုက်မှာမဟုတ်ဘဲ စိစိညက်ညက် ကြေသွားမှာပေါ့"
"ဒါကတော့ ဒါပေါ့။ မဖြစ်နိုင်တာ ဟုတ်ပါတယ်။ သို့ပေမယ့် လူကတော့ ရောက်နေပြီ မဟုတ်လားရှင်"
အချောအလှလေး မယ်မြင့်စကားကိုမူ ဖြေချင်သူ မရှား။ သူ့ထက်ငါ
"ဟုတ်တယ် နှမ၊ အဲဒီသူရဲတော့ သေချာသတဲ့"
"လူကတော့ ဟုတ်မယ်၊ ဇာတ်လမ်းတွေက ယုံတမ်းတွေ"
"လက်ျာဘီလူး လို့ လူတွေ ပြောနေကြတာပဲ။ ဟုတ်မဟုတ်က သွားကြည့်မှ သိမှာ"
"သူရဲကောင်း လက်ျာဘီလူး သာဆို ခုလို တစ်တပ်တည်း လာပါ့မလား။ ဘုရင့် သက်တော်စောင့်ဆို"
"ဟ.. မင်း မကြားဘူးလား၊ သူက အမြဲ ရှေ့ဖျားချီရလို့ ရန်သူနဲ့တွေ့တိုင်း မတိုက်ပါနဲ့ ဆိုတာတောင် တက်တက် တိုက်နေပါသတဲ့ဆိုမှပဲ"
"ကိုရင်တို့ ငြင်းခုန်နေတာနဲ့ လိုရင်းကို မရောက်ဘူး။ ပြောကြပါဦး၊ လက်ျာဘီလူးနဲ့ သူ့လူတွေလို့ ဘယ်လိုလုပ် သိတာလဲ"
မယ်မြင့်၏ ညီမ မယ်တင့်က ဝင်မေးရာ ကိုရင်ဘိုးလူက
"ဆယ်အိမ်ခေါင်းမင်း ကိုရင်အေးရွှေကိုယ်တိုင် သွားမေးတာတဲ့။ သူကြီးက ထမင်းစား ဖိတ်မလို့ မေးခိုင်းတာတဲ့ဟ"
"ဟေ၊ ဒါဆို ဘုရင့်သူရဲကောင်း တို့ရွာကို ဝင်လာမှာပေါ့။ ငါတို့ လက်ျာဘီလူး ဆိုတာကို အရှင်လတ်လတ် မြင်ကြရတော့မှာလား"
ထိုစဥ် တိုက်မောင်းက ဖြတ်မေးလိုက်သည်။
"သူက ဘယ်လိုပုံစံလဲ"
အားလုံး သူ့ကို လှည့်ကြည့်လိုက်ကြ၏ ။
"ဒါတော့ ကိုရင်အေးရွှေလည်း မမြင်ခဲ့ဘူး ပြောတယ်။ သူ့လူတွေကို မေးကြည့်ခဲ့တာ တဲ့။ သူမြင်တာကတော့ တကယ် ဘီလူးတပ်တွေ ဆိုပဲ"
"ဟင်.. ဘီလူးတပ်၊ သူရဲကောင်းနဲ့ ပါလာတာက ဘီလူးတပ်တွေလား"
"အေလကွာ.. ငတိုက်မောင်း။ မင်း မကြားဖူးဘူးလား။ သူကိုယ်တိုင်က ဘီလူးစီးနေတဲ့သူပါတဲ့ဆို။ သူ့ကြောင့် သူ့လူတွေကို ဘီလူးတပ်သားတွေလို့ ခေါ်တာ တဲ့"
"ဟုတ်သားပဲ"
တိုက်မောင်းမှာ ထိုသို့ အူကြောင်ကြောင် ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်နှစ်ခန့်မှ စ၍ မွန် မြန်မာ တိုက်ပွဲများအကြောင်း ပုံပြင်များသဖွယ် ကြားခဲ့ဖူးရာ သဘောအကျဆုံးမှာ ဘီလူးတပ် ဟူသည့် တပ်မကြီးတစ်ခု ဖြစ်သည်။ သို့သော် ဘီလူးစီးနေသည် ဆိုသော သူရဲကောင်းပုံပြင်နှင့် ဆပ်စပ်မိခြင်း မရှိခဲ့။ မြို့ရွာအနှံ့ ဟိုးဟိုးကျော်သွားသော မြင်းဖြူလေးစီးနှင့် ဘီလူးကြီးများအကြောင်းလည်း မေ့နေပြီ။
သူသိသည်က လက်ျာဘီလူး ဆိုသည်မှာ ဦးကောင်း၊ ဦးတွန်၊ စည်သာမင်းကြီး၊ ဒလပန်း၊ လက်ျာပျံချီ တို့လို သူရဲကောင်း တစ်ယောက်ဖြစ်၍ တိုက်ပွဲများတွင် ကျော်ကြားသော သူရဲကျော်တစ်ဦး ဖြစ်သည်။ နားထောင်ကောင်းသော ပုံပြင် ယုံတမ်း ကောလာဟလများထဲ၌ အလွန် ရက်စက်ကြမ်းတမ်း အားတက်စရာ တိုက်ပွဲများထဲ ပါလာတတ်သူ။ ဘီလူးဝင်စားသည့် သူရဲကောင်း ဟု မှတ်မှတ်ရရ ရှိနေခဲ့မိသူ။
ယခု ထိုသူရဲကောင်းနှင့်အတူ သူ လေးစားအားကျလှသည့် ဘီလူးတပ်ကြီး ပါလာပြီး မိမိတို့ရွာအနီး တောင်ကုန်းထက်တွင် တပ်စွဲနေသည် ဆိုပါလား။
"အလကားပါကွာ၊ သူလိုငါလို လူသာမန်တစ်ဦးပဲ ဖြစ်မှာပါ။ ငါပြောတာ မယုံရင် လာတော့ ကြည့်။ လူလူချင်း ဘာမှ မထူးခြားဘူး။ ကြားရသလိုလည်း စွမ်းမှာ မဟုတ်ဘူး။ စစ်တိုက်တာ များလို့ နာမည်ကျော်နေတာနဲ့ လူတွေက လျှောက်ပြောနေကြတာ"
ကိုရင်ထွန်းတင်၏ အသံက အိမ်ရောက်သည်အထိ တိုက်မောင်းနားထဲ ပါလာသည်။ သူ စဥ်းစား တွေဝေနေစဥ် ဖခင် ဦးဆယ် ရောက်လာပြီး
"သား.. တိုက်မောင်း၊ မင်းအစ်ကို သွားရှာချည်စမ်း"
တိုက်မောင်းလည်း ကံကောင်းကို ပတ်ရှာ၏ ။ ဘယ်မှာမှ မတွေ့၊ ဘယ်သူ့ကိုမှ မေး၍ သေချာတိကျသည့် အဖြေမရ။ ထို့ကြောင့် ပြန်လာရာ ဦးဆယ်က
"အရေးအကြောင်းဆို ဒီကောင် ဘယ်ရောက်ရောက်နေတယ် မသိဘူး။ မင့်ပဲ ခိုင်းရတော့မှာပဲ။ မင်း ဟိုတောင်ကြောပေါ် စခန်းချနေတဲ့ ဘုရင့်တပ်တွေအကြောင်း ကြားပြီး မဟုတ်လား။ အဲဒါ သူတို့ တပ်မှူး နဲ့ ဗိုလ်တွေကို မန်ကျည်းကန်ရွာသူကြီး ဦးဆယ် မိထောတို့အိမ်က ထမင်းစားဖိတ်တယ် ဆိုတာ သွား​လျှောက်ချေစမ်းကွာ။ အဲ.. အခုညနော်။ တလွဲလည်း လုပ်မလာခဲ့နဲ့ဦး"
"ဟုတ်ကဲ့ပါ အဘ"
သူ ပျော်သွားသည်။ သို့သော် တစ်ယောက်တည်း မသွားရဲသဖြင့် သူနှင့်အဖက် ငလွင်ကို ခေါ်သွားရ၏ ။ တောင်ပေါ် စတက်တက်ချင်းပင် အစောင့်ရဲမက်များနှင့် တွေ့၍ မေးမြန်းစုံစမ်းကြပြီး ခွင့်ပြုချက်ရမှ ဆက်သွားခွင့် ရ၏ ။ သူတွေ့ချင်လှသော ဘီလူးတပ်သားများမှာ အနက်ရောင် အင်္ကျီရင်ကွဲနှင့် ပုဆိုးခါးတောင်းကျိုက်ကာ ခေါင်းပေါင်းဖြူ ပေါင်းလျက် သာမန်စစ်သည်များအတိုင်းသာ ဖြစ်ပြီး သွင်ပြင်ထူးခြားမှုမရှိ။
အ​ကြောက်အလန့်နည်းသော ငလွင်က ရှေ့မှ တက်သွားသည်။ သူကြီးသား တိုက်မောင်းမှာ နောက်မှ ခပ်ကုပ်ကုပ် လိုက်ရင်း ငေးမောလာ၏ ။ တပ်ချနေသော စစ်သည်များစွာ သွားလာလှုပ်ရှား ပြင်ဆင်နေကြသည်များကို ကြည့်ရင်း လမ်းပြစစ်သည် ခေါ်ရာနောက် လိုက်ခဲ့ကြရာ တောင်ထိပ်နား ရောက်လုမှ ​အနည်းငယ်ပြန့်သော မြေကွက်လပ်၌ ဝါးစားပွဲငယ်နှင့် တန်းလျားနှစ်ခုတွင် ဗိုလ်များ ဝိုင်းထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
"ဗိုလ်မှူးကြီး တပ်မှူးကြီးများကို မန်ကျည်းကန်ရွာ သူကြီး ကျွန်တော့်အဖ ဦးဆယ် အမိ မိထောတို့အိမ်က ယနေ့ညစာသုံးဆောင်ပါရန် ဖိတ်ကြားခိုင်းလိုက်လို့ပါခင်ဗျာ"
တိုက်မောင်းစကားကြောင့် သူတို့ကို ကြည့်နေသည့် ဗိုလ်များနှင့် ယခုမှ လှည့်ကြည့်ကြသူများက ပြုံးကြသည်။
"ခုပဲ ညနေစောင်းတော့မယ်၊ တို့က ဘယ်အချိန် လာရမှာလဲ ကောင်လေးရဲ့"
ငလွန်းက ဝင်ပြောပေး၏ ။
"အဆင်ပြေတဲ့အချိန် ကြွလာကြပါခင်ဗျ။ အားလုံး ပြင်ဆင်ထားပြီးပါပြီ"
တောင်ထိပ်ဆီမှ အသံတစ်သံ ထွက်လာသည်။
"အားနာပေမယ့် ဒီညတော့ မလာနိုင်ဘူး ပြောလိုက်ပါကွာ။ တို့မှာ စီစဥ်စရာတွေ ရှိသေးတယ်"
အသံရှင်က သူတို့ကို ကျောပေးထားသည့် လူတစ်ဦး။ အနားတွင် ဝါးချောင်းရှည်များစွာ ပုံထားပြီး ​အဖြောင့်နှင့် အကောက် ခွဲခြားနေပုံ ရ၏ ။ ခပ်ဖြောင့်ဖြောင့် ရှိသော ဝါးများကို သူ့အနီး၌ ချထားကာ ကောက်နေသော ဝါးချောင်းတို့ကိုမူ လူတစ်ဦးက တစ်နေရာသို့ ယူသွားသည်ကို တွေ့ရလေသည်။ တိုက်မောင်းနှင့် ငလွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တိုက်မောင်းက
"ဒါပေမယ့် အဘက ပြင်ဆင်ထားပြီး ဖြစ်နေပြီ။ မလာကြရင် အားနာစရာကြီး"
သူ့စကားကြောင့် ကျောပေးနေသူက မျက်မှောင်ကျုံ့လျက် လှည့်ကြည့်သည်။ မူလက အမျိုးသမီးတစ်ယောက်လို ဆံပင်များကို ကျောပေါ် ဖြန့်ချထားသဖြင့် မျက်နှာကို လုံးဝ မမြင်ရ ရှိခဲ့ရာ လှည့်လာသောအခါ အသက်မကြီးသေးကြောင်း တွေ့ရ၏ ။ သူတို့နှင့် ရွယ်တူလောက်ပင် ရှိမည်။ သို့သော် တိုက်မောင်းကို မြင်သောအခါ ဘာမှ မပြောဘဲ ပြန်လှည့်သွား၏ ။
"ကဲ.. တို့တပ်မှူးက မလာဘူး ဆိုတော့လည်း မလာဘူးပေါ့ကွာ။ ဒီည မအားလို့ မလာနိုင်ကြောင်း သူကြီးမင်းကို ပြောလိုက်ပါ"
ဟု ဗိုလ်တစ်ဦးက ဆိုရာ တိုက်မောင်းက
"အဘကတော့ ဆူတော့မှာပဲ"
ဟူ၍ ရေရွတ်မိလေ၏ ။ သူ့အသံမှာ ခပ်တိုးတိုး မဟုတ်သောကြောင့် ဗိုလ်အချို့က ရယ်လိုက်ကြပြီး ကျောပေးထားသူကပင် လှည့်ကြည့်ပြီး ပြုံးနေသည်။ ငလွင်က တံတောင်ဖြင့် မသိမသာ တွက်ကာ
"ဟေ့ကောင်၊ ဘာတွေ လျှောက်ပြောနေတာလဲ။ လာ.. လာ သွားမယ်"
ဆို၍
"ဟုတ်ကဲ့ပါခင်ဗျာ၊ ဒါဆို ကျွန်တော်မျိုးတို့ကို ပြန်ခွင့်ပြုပါဦး"
အမြင့်တွင် ထိုင်နေသော တပ်မှူးက လက်ထဲမှ ဝါးကို လူတစ်ယောက်ထံ ကမ်းပေးလိုက်ပြီး ထလာသည်။
"သူကြီးသား ကိုရင် အဆူမခံရအောင် နောက်ရက်များမှာ နံနက်ကတည်းက ကြိုပြောရင် ကျုပ်တို့ လာခဲ့ပါ့မယ် လို့ သူကြီးကို အကြောင်းပြန်လိုက်ပေါ့။ လူဘယ်နှယောက် ဖိတ်တယ်၊ ဘယ်ချိန် ဘယ်ကို လာရမယ် အတိအကျလေး မှာလိုက်ပါ လို့။ ကျုပ်တို့မှာ ဗိုလ် ၅ ယောက်နဲ့ အကြပ် သွေးသောက် ၅၀ လောက် ရှိတာမို့ ဘယ်လောက် ခေါ်လာရမယ် ဆိုတာ ကြိုသိမှ ဖြစ်လိမ့်မယ်"
"ဟုတ်ကဲ့ခင်ဗျာ.. ဟုတ်ကဲ့၊ ပြောလိုက်ပါ့မယ်"
ငလွန်းက တိုက်မောင်းကို ဆွဲခေါ်သွားသည်။ တိုက်မောင်းက တပ်မှူးဖြစ်သူကို သေချာ ကြည့်နေသလို တပ်မှူးကလည်း တိုက်မောင်းကို စိုက်ကြည့်နေ၏ ။ သူတို့ထွက်သွားပြီး ခပ်ဝေးဝေးရောက်မှ
"ဟေ့.. သူကြီးသား ရုပ်ရည်က တို့ ဘဝရှင် အလောင်းမင်းတရား ကိုယ်တော်နဲ့ မဆင်ဘူးလား"
ရဲဘော်များ ပွဲကျသွားကြသည်။
"ဟုတ်ပ ဟုတ်ပ၊ ဘယ်သူနဲ့ တူပါလိမ့်လို့ ကြည့်နေတာ ကျောက်ပေါက်မာသက်သက် ရှိတာချင်းတောင် တူလိုက်သေးဗျား"
"ဥပဓိက မဆိုးဘူးကွ၊ လူက တစ်မျိုးပဲ"
"ခပ်ပေါပေါ ကြောင်တောင်တောင်နဲ့ တူပါရဲ့"
ထိုအချိန်တွင် တောင်အောက်ဆင်းနေကြသော နှစ်ဦးမှာ
"မင်း အဲဒီတပ်မှူး ဘယ်သူလဲ သိလား"
"ဟေ့အေး၊ မသိဘူးကွ"
"ငါတော့ လက်ျာဘီလူး ဆိုတာ ထင်တာပဲ။ သူ့ပုံစံက သူရဲကောင်းမှန်း မသိသာဘူးလား"
"အေးကွ၊ ငါလည်း ထင်တော့ ထင်တယ်"
"သူပဲ ဖြစ်မှာပဲ။ ဘာပြောပြော ငါတို့ ဘုရင့်သူရဲကောင်း ဆိုတာကို တွေ့ဖူးသွားပြီဟေ့။ ရွာကျ ပြန်ပြောလို့ ရပြီ၊ ငါတို့ အဦးဆုံး မြင်ဖူးတာပဲနော်"
"အေး.. ဟုတ်တယ်။ ညကျ ဟိုလူတွေကို ပြန်ပြောလို့ ရပြီ"
"ည မင်း ဘယ်မှာ ရှိမလဲ"
"မယ်မြင့်တို့ အိမ်မှာ.. ကိုရင်ဘိုးလူတို့က အဲဒီမှာ ဆုံကြတာ"
"ဟာ.. သူတို့က နေ့ဘက်ပဲ မယ်မြင့်အိမ် စုတာ၊ ညကျ မခင်မွှေးတို့ဆီမှာ ပန်းဝှက်နေကျကွ။ မခင်မွှေးတို့အိမ်ပဲ လာ၊ ငါလည်း လာခဲ့မယ်"
"အေး.. ပြီးရော"
(ဆက်ရန်...)  တိုက်မောင်း (၂)


Written by သင်္ခရာဇာ

End date: May 20, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...