Translate

Showing posts with label ဘီလူး နှင့် ဝိဇ္ဇာ. Show all posts
Showing posts with label ဘီလူး နှင့် ဝိဇ္ဇာ. Show all posts

ဘီလူး နှင့် ဝိဇ္ဇာ

သူ့အမည်က ငစံ။ တကောင်းအရပ်မှ ငစံငယ်။ မွေးစဉ်ကပင် ထူးခြား၍ အများနှင့် မတူ။ ဘီလူးဝင်စားသူဟု ဆိုကြသည်။ ၆ နှစ်တွင် မြောက်ကျောင်းသို့ ပို့ခံရသည်။ ၈ နှစ်သားတွင် ကိုရင်စည်းပြီး ၁၂ နှစ်အရောက် မိခင်ဆုံးသဖြင့် သာသနာ့ဘောင်မှ ထွက်ခဲ့သည်။ ရှင်ညိုသူဟု ခေါ်ကြရာမှ နောင် ငညိုသူ ဟု တွင်သည်။ သို့သော် အများကမူ ငစံ ဟုသာ ခေါ်ကြ၏ ။

ဘုန်းကြီးကျောင်းတွင် အတော်ဆုံး မဟုတ်သော်လည်း တည်ကြည်ရဲရင့်၍ အရာရာကို စဉ်းစားချင့်ချိန် လုပ်ကိုင်တတ်သောကြောင့် ကျောင်းသားအများ၏ ခေါင်းဆောင် ဖြစ်လာသည်။ ဆရာဘုန်းကြီးကလည်း အထူးအားထားသည်။ ၁၆ နှစ်ခန့်တွင် သူ့အား သာသနာ့ဘောင် ပြန်သွင်းရန် ရည်မှန်းထားသော်လည်း ကံကြမ္မာ အလှည့်အပြောင်းကို ဆရာတော်ပင် မမြင်နိုင်။
ငစံ ၁၅ နှစ်သားတွင် စစ်ကြီး ဖြစ်လာသည်။ အောက်ပြည်အရပ်မှ မွန်များ ချီလာကာ အင်းဝ ရွှေမြို့တော်ကို သိမ်းမည်ဟု ကြားရသည်။ ဧရာဝတီမြစ်နှင့် မနီးမဝေးတွင် ရှိသော သူတို့ရွာသည် စစ်ရောက်မည် မရောက်မည်ကို စိုးရိမ်နေကြရပြီ။ မြစ်ကမ်းဘေးမှ ရွာများကို မွန်တို့ ရိက္ခာရှာမည် စိုးသောကြောင့် အဝဘုရင်က မီးတိုက်ခိုင်းစဉ်က သူတို့ရွာ ကျန်ခဲ့သည်။ ထို့ကြောင့် အချို့က စစ်မရောက်နိုင်ဟု တွေးကာ အေးအေးပေါ့ပေါ့ နေကြလေသည်။
ငစံလည်း ဘုန်းကြီးကျောင်းသားလေးမျှသာ ဖြစ်သောကြောင့် စိုးရိမ်ပူပန်ခြင်း များစွာ မဖြစ်မိဘဲ လုပ်စရာရှိသည်တို့ကိုသာ လုပ်နေခဲ့သည်။ တစ်နေ့တွင် ကျောင်းသား ငါးယောက်နှင့် ထုံးစံအတိုင်း ဆွမ်းခံထွက်ရာ ဆွမ်းကွမ်း ရတန်သလောက် မရသဖြင့် စိတ်ညစ်ညူးစွာ ပြန်လာခဲ့သည်။ ကျောင်းအဝင်ဝအရောက် ကျောင်းထဲမှ ထွက်လာသော လူစိမ်းတစ်အုပ်နှင့် ဆုံမိကြသည်။
လူစိမ်းများသည် အသွင်အပြင် ထူးခြား၏ ။ စစ်သည်ရဲမက် အများပင် ပါသည်။ အလယ်မှ လူကြီးတစ်ဦးသည် အသက် ၄၀ ကျော် ၅၀ ကျော်ခန့်ရှိပြီး ဥပဓိမှာ ထူးခြားခက်ထန်လှသည်။ သူက ထိုလူကြီးကို ငေးမောကြည့်နေမိသလို ထိုလူကြီးကလည်း သူ့ကို စူးစိုက် ကြည့်နေသည်။ သူတို့နှစ်ဦးကို ကျောင်းပေါ်မှ ဆရာတော်ကလည်း မြော်ကြည့်လျက် ရှိလေသည်။
ရဲမက်များမှာ အလွန်ကြမ်းတမ်း၏ ။ ကျောင်းသားများ ဆိုင်းထမ်းလာသည့် ဆွမ်းများ ဆွမ်းဟင်းများကို လှန်လှော ရှာဖွေ ယူငင်စားသောက်ကြကုန်၏ ။ ငစံ မခံနိုင်။ မိမိတို့ အထွဋ်အမြတ်ထားရာ ဆရာဘုန်းကြီး၏ ဆွမ်းကို ဦးအောင် ယူစားရဲသည့် ရဲမက် နှစ်ဦးကို တွန်းထုတ်ပစ်လိုက်သည်။ ရဲမက်များက ဓားလှံများဖြင့် ဝိုင်းလာသောအခါ အခြား ကျောင်းသားများ ကြောက်ရွံ့စွာ ဒူးတုပ် ဝပ်နေကြသော်လည်း ငစံက ထမ်းလာသော ထမ်းပိုးဖြင့် ပြန်ရိုက်ပြီး ထွက်ပြေးသည်။ သူ့ကျောတွင် ဓားထိသလို ရဲမက်နှစ်ယောက် ခေါင်းကွဲလေသည်။
ထိုသူများမှာ မွန်တပ်မှ ရိက္ခာသိမ်းရန် ရောက်လာသည့် စစ်သည်များ ဖြစ်ပြီး ဦးဆောင်သူမှာ ဦးမင်းသိုက် ဟု ခေါ်သည့် လူကြီးတစ်ဦး ဖြစ်သည်။ အချင်းဖြစ်ပြီးသောအခါ မွန်တို့သည် ကျောင်းသားများကို စုံစမ်းစစ်ဆေးပြီးနောက် ငစံ၏ နေအိမ်သို့ လိုက်သွားကြသည်။ ငစံကို မတွေ့ရသောအခါ သူ့ဖခင်ကို ရိုက်နှက်ကာ ခိုင်းနွားကြီးတစ်ရှဉ်းကို ရိက္ခာအလို့ငှာ ယူသွားကြလေသည်။ ယာလုပ်သွားသော ငစံ၏ ညီ သိသောအခါ မခံနိုင်။ မွန်တို့နောက်သို့ လိုက်လေသည်။
မွန်တို့နှင့် အချင်းများပြီး ထွက်ပြေးပုန်းအောင်းနေသူ ငစံ အိမ်ပြန်လာသောအခါ ဖခင်ကို ဒဏ်ရာများနှင့် တွေ့ရသည်။ ခိုင်းစရာ နွားနှစ်ကောင်လည်း မရှိတော့။ ညီလည်း ပျောက်နေသည်။ ထို့ကြောင့် ဘုန်းကြီးကျောင်းသို့ ပြန်သွား၍ ဆရာတော်ကို လျှောက်ထား၏ ။ ဆရာတော်က ''မင်းကြမ္မာ မင်းဖန်တီးပြီ။ သတိနှင့်သာ နေပေတော့'' ဟု ဆိုကာ အမြန် ပုန်းအောင်းခိုင်းလေ၏ ။
မကြာမီပင် သတင်းရသော မွန်တို့ ကျောင်းကို လာရောက် ရှာဖွေကြသည်။ ဆရာတော်ကို ကြိမ်းမောင်း ခြိမ်းခြောက်ကြသည်။ ထိုအခါ ဘုန်းကြီးကျောင်းသားများနှင့် အချင်းများကြတော့သည်။ ကိုရင်ကြီးတစ်ဦးက စ၍ ရိုက်ရာ ကပ္ပိယမကျန် မွန်တို့နှင့် ခိုက်ရန်ဖြစ်ပွားကုန်ကြသည်။ ငစံလည်း ထွက်လာ၍ မွန်ရဲမက် ၃ ယောက်ခန့်ကို မထနိုင်အောင် လုပ်လိုက်သည်။ အကျိုးဆက်မှာ ကျောင်းသားတစ်စု ထွက်ပြေးရပြီး ရွာဦးကျောင်းကြီး မီးရှို့ခံလိုက်ရခြင်း ဖြစ်လေသည်။
ငစံမှ စ လိုက်သော ရန်ပွဲသည် အပျက် အပျက်နှင့် မွန် ဗမာစစ်အတွင်း ရောက်သွားသည်သို့ ရှိ၏ ။ အဝ မြို့တော်ကိုလည်း မွန်တို့ ရလေပြီ။ ရှင်ဘုရင်ကို အောက်ပြည်ဌာန ဟံသာဝတီနိုင်ငံတော်သို့ ခေါ်ဆောင်သွားသည်ဟု ကြားရ၏ ။ ငစံ၏ ဖခင်မှာလည်း ဒဏ်ရာများနှင့် လဲနေရာမှ ဆုံးပါးသွားခဲ့သည်။ ညီဖြစ်သူမှာ ပျောက်နေသလို ငစံကိုယ်တိုင်လည်း ရှောင်ရှားနေရသည်။ ကျူးကျော် ရန်ပြုလာသူ မွန်တို့ကို ခွင့်မလွှတ်နိုင်။ လူကွဲလာသည့် မွန်စစ်သည်များကို လစ်လျင် လစ်သလို ငစံတို့ ကျောင်းသားတစ်စု ဝင်ရောက် တိုက်ခိုက်တတ်သည်။
ထိုစဉ် ညီငယ်၏ သတင်းကို ကြားရသည်။ မွန်အကြီးအကဲ ဦးမင်းသိုက်အား သွားရောက်လုပ်ကြံရာ မအောင်မြင်ဘဲ ဦးမင်းသိုက်မှ ကျိန်စာတိုက်သဖြင့် ရူးသွပ်သွားသည် ဟူသည့် သတင်း။ ကြားရသည့်သတင်းမှာ မခံမရပ်နိုင်စရာ။ ညီငယ်သည် လက်ရုံးချင်း ယှဉ်ခွင့်ရခဲ့သည် မဟုတ်။ ဦးမင်းသိုက် ဆိုသူမှာ ဘိုးတော်လိုလို ဝိဇ္ဇာလိုလို နာမည်ကြီးသည့် မင်းဆရာတစ်ဦး ဖြစ်နေသည်။ လုပ်ကြံ၍ မရဟု ဆိုကြသည်။ နဖူးထိပ်မှ ခြေဖျားအထိ နတ်ချစ်အင်းကို တစ်ကိုယ်လုံး မည်းနေအောင် မင်ကြောင်ထိုးထားပြီး အလွန်စွမ်းသည် ဆို၏ ။
ထိုသို့သော ပုဂ္ဂိုလ်ကိုမှ သွားလုပ်ကြံသည့် ၁၃ နှစ်သားကလေးမှာ အနားပင် မသီနိုင်ဘဲ ဦးမင်းသိုက်၏ ပြုစားခြင်း ခံရကာ သည်းခြေပျက်၍ ရွာစဉ်လှည့်လည် သွားလာနေရပြီ။ ထို့ကြောင့် ဦးမင်းသိုက်ကို ငစံ လွန်စွာ စိတ်နာလှသည်။ သို့သော် အဆင်ခြင်မဲ့ လုပ်၍ မဖြစ်။ ညီငယ့်လမ်းစဉ် လိုက်သွားရလိမ့်မည်။ အတူပါ ကျောင်းသားများမှာလည်း မွန်ရဲမက်တို့ကိုသာ တိုက်ခိုက်ရဲသည်။ ဝိဇ္ဇာဓိုရ် ဆိုသူနှင့်တော့ ဖက်ပြိုင်ခြင်း မပြုရဲကြ။ ငစံတစ်ယောက်သာ ကြံစည်လျက် နေလေသည်။
ဦးစွာ မိမိဆရာ ဘုန်းတော်ကြီးကို လိုက်ရှာသည်။ သူ၏ ကိုယ်ပေါ်မှ ဘီလူးအင်းများကို သိဒ္ဓိတင်ပေးရန် ဖြစ်လေသည်။ သို့သော် ဆရာတော်က ဘုရား တရား မြဲရန်သာ ဆုံးမ လွှတ်လိုက်သည်။ ''ရန်ကို အောင်လိုသော် သတိ၊ သစ္စာ၊ သမာဓိ မြဲရမည်'' ဟု သင်ကြားပေးလိုက်သည်။ ဥာဏ်ရည်ထက်မြက်သော ငစံမှာ ထိုမျှနှင့်ပင် လုံလောက်ပေပြီ။
ဦးမင်းသိုက်အား လုပ်ကြံရန် အစီအစဉ် ဆွဲရသည်။ မထင်မရှား သွားလာကာ သတင်းစုံစမ်းရသည်။ ကြိုတင်ပြင်ဆင်ရသည်။ အထပ်ထပ် လေ့ကျင့်ရသည်။ မည်သို့ကြုံလျင် မည်သို့ပြုမည်ကို အချိန်တိုင်း စဉ်းစားလျက် နေ၏ ။ အလဟဿ တော့ အသက်ကို အဆုံးရှုံး မခံနိုင်။ မဖြစ်နိုင်ဟု ဆိုကြသည်ကိုမှ လုပ်ရမည်ဖြစ်ရာ သူ့အဖို့ လွန်စွာ ခက်ခဲလျက် ရှိပေသည်။
ဦးမင်းသိုက်၏ အားနည်းချက်ကို ရှာသည်။ ဖြတ်သန်းခဲ့သော ဗမာရွာများတွင် မိန်းမပျိုကလေးများကို စော်ကားဖျက်ဆီးခဲ့သည် များကြောင်း ကြားရ၏ ။ ထို့ကြောင့် မိန်းမနှင့် ဖျက်၍လည်း ပျက်မည့်သူ မဖြစ်နိုင်မှန်း ရိပ်စားမိသည်။ မွန်စစ်သည်တစ်ယောက်အား ဖမ်းဆီးစစ်မေးရာ ဦးမင်းသိုက်၏ အဓိဋ္ဌာန်တစ်ခုမှာ မည်သည့်အခါမျှ သီလရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို မထိပါး မစော်ကား ဟူ၍ ဖြစ်ကြောင်း သိလိုက်ရသည်။
သူ ဆရာဘုန်းကြီးထံ ပြေးရပြန်သည်။ ဦးမင်းသိုက်၏ အဓိဋ္ဌာန်အကြောင်း ပြောပြရသည်။ ပါးနပ်သော ဆရာတော်က လောကီကိစ္စ မရှုပ်လို ဟု ငြင်းသည်။ သူက မိစ္ဆာများ၏ ဖျက်ဆီးမှုကို ရပ်တန့်ရန်မှာ ဤအချက်သာ အဓိက ကျပါကြောင်းနှင့် ပရိယာယ် ပြုရုံမျှ ပြုပေးတော်မူပါ ဟု လျှောက်သောအခါမှ ကောင်းပြီ ဟု ဆိုကာ သွားလေသည်။
ဆရာဘုန်းကြီး၏ အန္တရာယ်ကို ကာကွယ်ရန် သူ လိုက်ချင်သော်လည်း ဆရာတော်က ခွင့်မပြု၊ တစ်ပါးတည်းသာ ကြွသွားတော်မူသည်။ ထိုအချိန်က နတ်ချစ် ဦးမင်းသိုက်မှာ အင်းဝမှ အထက်တစ်လွှားကို လှည့်လည်သိမ်းပိုက်ပြီး ပြန်စုန်ဆင်းလာချိန် ဖြစ်ရာ ဤအချိန်တွင် မလုပ်ကြံလျင် ဟံသာဝတီ နေပြည်တော်သို့ ပြန်ရောက်သွားသောအခါ မည်သို့မျှ ကြံစည်၍ ဖြစ်မြောက်နိုင်တော့မည်မဟုတ်ချေ။ အချိန်သည် အလွန် အရေးကြီးနေပေပြီ။
ဆရာတော် နှင့် ဦးမင်းသိုက်သည် ဧရာဝတီမြစ်ဘေး စခန်းတစ်နေရာတွင် တွေ့ကြသည်။ ဆရာတော်က ဦးမင်းသိုက်ကို ''ဒကာ မြန်မာပြည်ကြီးကို ဖျက်၍ မဝသေးသလော'' ဟု ဆိုလိုက်သည်။ ဦးမင်းသိုက်က ခနဲ့ပြုံး ပြုံး၍ ''အစွမ်းအစရှိသူမှာ အုပ်စိုးရသည်။ အစွမ်းအစနည်းလျင် ကျွန်ခံရတတ်သည်'' ဟု ပြန်လျှောက်လေသည်။
သို့ဖြင့် စကားအခြေအတင် ဆိုကြရာမှ ဦးမင်းသိုက် ဒေါသထွက်လာ၍ ''ဟယ်… သည်ဘုန်းကြီးအို သနား၍ လွှတ်လိုက်သည်ကို မခန့်လေးစားနှင့်၊ ကျောင်းပျောက်သည်ကို မမှတ်ရာသလော'' ဟု ဆိုလိုက်သည်။ ထိုမျှနှင့် တန်ပြီဟု ဆရာတော်လည်း ဖဲခွာခဲ့၍ ထိုသို့ ဆိုကြောင်း ငစံအား ပြန်ကြားလေသည်။ ထိုအခါ ငစံ သစ္စာပြု၏ ။
''ငါသည် လူမျိုးနှင့် ဘာသာအတွက် အသက်ပေး၍ စောင့်ရှောက်မည်။ ငါ့ဦးတည်ချက် မှန်ခဲ့သော် ယခုအရေး အောင်မြင်ပါစေ''
ဟု မြေကို လက်နှင့် ထောက်လိုက်စဉ် သူပုန်းအောင်းရာ တောသည် တောကြီးမျက်မည်း မဟုတ်ပါဘဲလျက် တောထဲမှ ကျီးပြိုသံတသောသောနှင့် မြင်းဟီသံများ မြင်းခွာသံများကို ဆူညံစွာ ကြားရလေသည်။ မျှော်ကြည့်သော်လည်း မတွေ့။ ထိုညတွင်ပင် လုပ်ကြံရေးကို အကောင်အထည် ဖော်တော့သည်။
တကောင်း မလည်ကမ်းပါးအနီး မြစ်ကွေ့ မြစ်ကျဉ်းတွင် တံငါလှေတစ်စင်းနှင့် ငစံ စောင့်နေသည်။ မြစ်ပြင်၌ မြူငွေ့များ ယှက်ဖုံးနေ၏ ။ ပတ်ဝန်းကျင်မှာ ပုရစ်သံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ လှေရေရိုက်သံ တဗျပ်ဗျပ်ကိုသာ ကြားနေရသည်။ သန်းခေါင်ကျော် လထွက်သောအခါ မွန်တိုက်လှေကြီးတစ်စင်း စုန်လာသည်ကို လရောင်အောက်ဝယ် တွေ့ရလေပြီ။
ကမ်းစပ်နားတွင် ပိုက်ချ၍ ငိုက်မြည်းဟန် ဆောင်နေသော ငစံသည် လှေကို ရေသံမကြားအောင် လှော်ခတ်ကာ တိုက်လှေကြီးအနောက်မှ လိုက်လာခဲ့သည်။ သို့သော် လှေပဲ့စင်တွင် ဝတ်ရုံရှည်နှင့် လူတစ်ဦး မားမားကြီး ရပ်နေသည်ကို မြင်သောအခါ ထိတ်ခနဲ ဖြစ်သွားရသည်။ ထိုလူကြီးထံမှ မသဲမကွဲ ရွတ်ဖတ်သံနှင့်အတူ မလည်ကမ်းပါးထိပ်သို့ လက်ညှိုးညွှန်လိုက်သည်ကို တွေ့ရသဖြင့် သူပါ လှမ်းကြည့်လိုက်မိသည်။
ကမ်းပါးထိပ် မြူများကြား၌ မြင်းကိုယ်စီနှင့် လူများ တရိပ်ရိပ် ပေါ်လာကြသည်။ သူ လုပ်ကြံမည်ကို သိ၍ ထောင်ချောက်ဆင်ထားခြင်းလော ဟု စိုးရိမ်သွား၏ ။ သို့သော် မြင်းများသည် မဟီ၊ လူများကလည်း ပကတိ တိတ်ဆိတ်လျက်။ ငေးမော ကြည့်နေစဉ်ပင် မြင်းဟီသံတစ်ချက် ကြားလိုက်ရသလို ရှိပြီး မြင်းနှင့်လူ တစ်အုပ်ကြီးသည် ကမ်းပါးထိပ်မှ မြစ်ထဲ အစုလိုက်အပြုံလိုက် ထိုးဆင်းလာကြလေသည်။
သူ အလွန် အံ့သြသွားသည်။ သူ့မျက်စိသူ မယုံနိုင်၊ မြင်းများသည် ရေထဲ နစ်မြုပ်မသွားဘဲ ရေပြင်ပေါ်မှ အပြေး လိုက်လာနေကြပြီ။ ပုံမှန် မဟုတ်မှန်း သိလိုက်သည်။ ဘုရားကို အာရုံပြု၍ အန္တရာယ်ကင်း ဂါထာတော်ကြီးကို ရွတ်ကာ တိုက်လှေကြီးဆီ အပြင်း လှော်ရတော့သည်။
သူသာ နောက်ပြန် လှည့်ကြည့်ခဲ့မည် ဆိုပါက ရေပြင်ပေါ် ပြေးလိုက်လာသော မြင်းများနှင့် သူ့အကြားတွင် တိမ်နှင့်တူသော အငွေ့များ ဖုံးလွှမ်းလာပြီး ထိုအဖြူရိပ်များကြားမှ မြင်းစီး နတ်ဘီလူးအသွင်များ ပေါ်လာသည်ကိုလည်းကောင်း၊ ခုန်ချလာသော မြင်းများပေါ်မှ မျက်လုံးနီနီ လူများ ထိတ်လန့်တုန်လှုပ်လျက် ရပ်သွားကြသည်ကိုလည်းကောင်း၊ ထိုအရာအားလုံးသည် မြူများနှင့်အတူ တငွေ့ငွေ့ ပျောက်ကွယ်သွားကြသည်ကိုလည်းကောင်း တွေ့ရပေလိမ့်မည်။ သူက နောက်ပြန်လှည့်မကြည့်သောကြောင့် တိုက်လှေပေါ်မှ အံ့အားသင့်စွာ ကြည့်နေသည့် ဦးမင်းသိုက်ကိုသာ လှမ်းမြင်နေရသည်။
တိုက်လှေကြီးနား ကပ်မိသောအခါ လှေပေါ်မှ ရဲမက်များ ထွက်လာ၍ သူ့ကို လှံနှင့် ထိုးကြသည်။ တက်နှင့် ရိုက်ချကြသည်။ ငစံက ရှောင်တိမ်းပြီး ထိုးသည့်လှံ ရိုက်သည့်တက်ကို ဖမ်းကိုင်လျက် တိုက်လှေကြီးပေါ် ဆွဲတက်လာခဲ့သည်။ လရောင်အောက်တွင် ဓား လှံအရောင်များ ဝင်းခနဲ လက်ခနဲ။ အငြိုးတကြီးနှင့် တရကြမ်း တက်တိုက်နေသော ငစံ၏ ဓားသွားအောက်တွင် သွေးများ ပွက်ခနဲ ပွက်ခနဲ။ ဝိဇ္ဇာကြီး ဘိုးမင်းသိုက် မနေသာတော့ဘဲ ဆင်းလာလေပြီ။ မွန်ရဲမက်များ ရှဲသွားကြ၏ ။
ဓား တစ်ချက် နှစ်ချက် ယှဉ်ခုတ်မိသည်နှင့် သည်လူကြီးအား မည်သို့မျှ ထိခိုက် ရှနာအောင် တိုက်နိုင်မည် မဟုတ်မှန်း သိလိုက်ရသည်။ မွန်များကလည်း သူ့ကို ဝိုင်းထားကြသည်။ ဦးနှောက်အား အစွမ်းကုန်ဖွင့်၍ သုံးသပ်ချင့်ချိန်ကြည့်ရသည်။ ဦးမင်းသိုက်သည် ကတ္တီပါစောင်နှင့် တူသော ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည်။ ပုဆိုးတောင်ရှည်နှင့် ဖြစ်သည်။ အဝတ် နှစ်ထပ် သုံးထပ်မျှ ရှိမည်ဟု ထင်ရသည်။ သူ့ဓားသည် သည်အဝတ်တွေကို ကုန်အောင်မှ ဖြတ်နိုင်ပါမည်လား။ သူကမူ အင်္ကျီမပါ ပုဆိုးခါးတောင်းကျိုက်နှင့်။ ဘိုးမင်းသိုက်၏ ထက်လှစွာသော ကျောက်စီဓားအား ရင်ဖွင့်ကြိုနေသကဲ့သို့ ရှိမည်။
ဆရာဘုန်းကြီးအား ညဘက်ဝတ်ဖြည့် နင်းနှိပ်ပေးစဉ်က ဆရာတော် မိန့်ကြားခဲ့ဖူးသော အကြောင်းအရာတစ်ခုက ခေါင်းထဲ ဝင်ရောက်လာသည်။
''ဟိတ်ပညာ ဆိုတာ ရှိတယ်။ အဟန့်ပညာ လို့ ဆိုရမှာပေါ့ကွယ်။ နံနှိမ်တဲ့သဘောနဲ့ ဦးခေါင်းအရိပ်ကို ရုတ်တရက် နင်းပြီး ရင်ခေါင်းထဲက လာတဲ့အသံနဲ့ ဟန့်လိုက်ရင် တစ်ဖက်လူမှာ ထိတ်ကြောင်သွားတယ်။ တုတ်ပြီး ဓားပြီးသူ၊ အစီအရင်ကောင်းသူတွေကို ဒီနည်းနဲ့ ရင်ဆိုင်လို့ ရတယ်။ အမေ့အလျော့ ရှိနေစဥ်မှာ အနှိမ်ပါ ခံလိုက်ရရင် အပြီးအစီးတွေ ခဏ ညံ့သွားတော့တာပဲ။ အလောင်းတော် မဟော်သဓာ စွန်ချီတဲ့ သားတစ်ကို အရိပ်နင်းပြီး တစ်တစ်ချင်ချင် အော်ဟစ် ချစေတယ် ဆိုတာ ဒီနည်းပဲပေါ့''
သူ ရုတ်တရက် မာန်သွင်း ကြုံးဝါးလိုက်သည်။ ဝမ်းခေါင်းသံကြီးနှင့် ထအော်လိုက်သည် ဖြစ်သောကြောင့် အားလုံး ကြောင်သွားကြသည်။
''ဝေါင်း… ဂရား''
ကျားဟိန်းသံလား ဘီလူးဟိန်းသံလား မကွဲပြားသော အသံကြီးနှင့်အတူ လရောင်တွင် ကျနေသော ဦးမင်းသိုက်၏ ဦးခေါင်းရိပ်ကို ဖနောင့်နှင့် ပေါက်နင်းခုန်အုပ်ရင်း ဓားဖြင့် တအားပိုင်းချလိုက်သည်။ ကြောင်သွားသော်လည်း လျင်မြန်လှသော ဦးမင်းသိုက်က အလွယ်တကူပင် ဓားချင်း ဆီးခံပေးလိုက်သည်။ သည်လိုလုပ်လို့ ရရိုးလား ဟူသော ထီမထင် အပြုံး မဆုံးမီပင် ဓားနှင့်ခုတ်ဟန် အယောင်ပြကာ လူချင်း တိုက်ချလိုက်သော ငစံနှင့်အတူ လုံးထွေး၍ ရေထဲ ပြုတ်ကျသွားကြတော့သည်။ ပညာနှင့် ဉာဏ်ကို တစ်ထပ်တည်း အသုံးပြုခြင်းတည်း။
ရေထဲတွင်လည်း နှစ်ဦးသား ရောထွေးယှက်တင် သတ်ပုတ်လျက် ရှိကြသည်ကို ရဲမက်များ ကြည့်၍သာ နေကြသည်။ ငစံသည် ဥုံ သြောင်းခံကာ ဘာတွေ ရေရွတ်နေမှန်း မသိသော ဦးမင်းသိုက်၏ ပါးစပ်ကို အတင်းပိတ်၍ ထိုးကြိတ် ကန်ကျောက်သမျှကို ခံကာ သူကျွမ်းကျင်သော နပန်းအတတ် ဗန်တိုပညာများဖြင့် ချုပ်ရန် ကြိုးစားလေသည်။ မကြာမီ ရေထဲတွင်ပင် ဦးမင်းသိုက်အား အနောက်မှ သိုင်းချုပ်မိသည်။ ထိုစဉ်အတွင်း ဦးမင်းသိုက်က သူ့နံကြားကို လက်ညှိုးနှင့် ထောက်လိုက်ရာ ငစံမှာ အသက်ရှူမရ ဖြစ်သွားလေသည်။
ရေထဲတွင် ဖြစ်၍ အရေးမကြီးလှ။ အသက်မရှူနိုင်သည်နှင့် ဦးမင်းသိုက်ကိုပါ ရေအောက်ဆွဲခေါ်ကာ ခြေဖြင့် နင်းပြီး ခြေလက်တို့ကို သူ့အဝတ်များနှင့်သူ ပြန်ပတ်ရန် ကြိုးစားသည်။ နှစ်ဦးလုံး အငြိငြိ အထွေးထွေးဖြင့် သူတစ်ပြန် ကိုယ်တစ်ပြန် လည်နေသည်။ လူငယ်ဖြစ်သော ငစံက ပို၍ သက်လုံကောင်းသဖြင့် ရေအောက်တွင် ကြာကြာနေနိုင်၏ ။ အသက်စွန့်၍ လာခဲ့သော လုပ်ကြံသူနှင့် လုပ်ကြံခံရသူတို့ ကွာခြားချက် သိသာလာလေ၏ ။ အသေခံ၍ စိတ်ရှည်လက်ရှည် ချုပ်သိုင်း တုပ်နှောင်နေသည့်ဒဏ်ကို အသေသတ်ခံနေရသော ဦးမင်းသိုက် သည်းမခံနိုင်တော့။ အတင်းရုန်းကန်ကာ ရေပေါ်တက်ရန် ကြိုးစားတော့သည်။
အပေါ် ထိုးတက်သွားသော ဦးမင်းသိုက် ရေပေါ် မရောက်မီ ခြေထောက်ကို ဆွဲကာ ဖြဲထားမိသော အဝတ်နှင့် ပတ်သည်။ ခြေကို တုပ်နှောင်ခံရကြောင်း သိသည်နှင့် ကိုယ်ကို ကုန်းကာ ပြန်ဖြည်လာသော လက်များကိုပါ ကိုယ်နှင့်တွဲ၍ ရရာ အယဝတ်ရုံစ ဆွဲကာ ပတ်ပြန်သည်။ အဝတ်များ ရေစိုနစ်၍ လေးနေသော ဦးမင်းသိုက်မှာ လူလွတ်ကိုယ်လွတ်ဖြစ်သော ငစံနှင့် မယှဉ်နိုင်တော့။ ငစံလည်း လှုပ်ရင်း ရှားရင်း အသက်ပြန်ရှူနိုင်ပြီ ထင်သည်နှင့် ဦးမင်းသိုက်ကို ကန်ထွက်ကာ အငမ်းမရ အသက်တက်ရှူရတော့သည်။
ဦးမင်းသိုက်သည် ဘွားခနဲ တစ်ချက် ပေါ်လာ၏ ။ ချက်ချင်းပင် ပြန်မြုပ်သွားသည်။ ရုန်းရင်းကန်ရင်း တစ်ခါ ပြန်ပေါ်လာသည်။ သူ့က်ို မယုံနိုင်ခြင်း ကြီးစွာသော မျက်လုံးများဖြင့် ကြည့်ရင်း မြုပ်သွားပြန်သည်။ ထိုစဉ် ငစံ၏ ရင်ဘတ်ရှေ့ တည့်တည့်သို့ လှံတစ်စင်း စွပ်ခနဲ ဝင်ရောက်လာသည်။ ယောင်ယမ်း ဖမ်းကိုင်လိုက်ရာ အဖျားကို ဆုပ်မိသည်နှင့် တပြိုင်နက် အသက်ရှူရန် တက်လာပြန်သော ဦးမင်းသိုက် ဦးခေါင်းကို လှံဖြင့် လွှဲကာ ရိုက်ချလိုက်တော့သည်။
သူ့အနားပတ်လည်သို့ မြား လှံများ ကျလာသဖြင့် ချက်ချင်း ရေငုပ်ကာ ဦးမင်းသိုက် ရှိမည် ထင်ရသည့် နေရာသို့ မှန်းဆလျက် လှံနှင့် စွတ်ထိုးလေ၏ ။ ဒုတ်ခနဲ ထိုးမိသည်တွင် အတင်းဖိတွန်းကာ ရေအောက် ဖိစိုက်ခဲ့လိုက်ပြီး သူလည်း ကူးပြေးတော့သည်။ နတ်ချစ်ဝိဇ္ဇာကြီး ဦးမင်းသိုက်ကား ဤတစ်ကြိမ်တွင် ပြန်မပေါ်နိုင်တော့ပြီ။
ငစံသည် စူးနေသော မြားတန်းလန်းဖြင့် ကမ်းပေါ် တက်ပြေးလာခဲ့ပြီး ဝမ်းသာအားရ ကြုံးဝါးသံယံသည်ကို ရေလယ်မှ မွန်တို့ ငေး၍သာ ကြည့်နေကြသည်။ မည်သို့မျှ လုပ်ကြံ၍ မရနိုင်သော သူတို့၏ မင်းဆရာကြီးအား မလောက်လေး မလောက်စား ဘုန်းကြီးကျောင်းသားလေးတစ်ဦးက လှေပေါ်တက်၍ ဆွဲချကာ လုပ်ကြံသွားခဲ့သည်ကို မယုံနိုင် ဖြစ်နေကြသည်။ ဦးမင်းသိုက် ပြန်ပေါ်လာမည် အထင်နှင့် ရေပြင်ကိုသာ ကြည့်နေကြလေသည်။ ဒုန်းခနဲ တိုက်လှေနံပါးကို လာစိုက်သော လှံကို မြင်မှ ကမ်းစပ်ကို လှမ်းကြည့်မိကြသည်။
''ဟေး… စည်းဖောက်ရင် အသက်ပျောက်တတ်တယ် ဆိုတာ မင်းတို့တွေ ကြည့်ထားကြ''
နောင်တွင် လက်ျာဘီလူး ဖြစ်လာမည့် ငစံငယ်၏ မောကြီးပန်းကြီး ဟစ်အော်လိုက်သော အသံက မြစ်ပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသလိုလို။

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...