Translate

Showing posts with label လှေပြိုင်ပွဲ. Show all posts
Showing posts with label လှေပြိုင်ပွဲ. Show all posts

လှေပြိုင်ပွဲ (ဇာတ်သိမ်း..)

နောက်တစ်နေ့တွင် ပြိုင်ပွဲမှာ ပိုမိုအသက်ဝင်လာသည်။ ပြိုင်ကြသည့် လှေရှင်များ၏ ရာထူးများ ကြီးလာကြသလို ရွာများမှ လှေကြီးလှေကောင်းများလည်း ထွက်ပေါ်လာ၏ ။ ငခွေးလေး၏ ပါးစပ်ဖျားတွင် ရန်အောင်ကျော်စွာ၊ ရွှေနယား၊ ပြည်ကျော်သာရကာ စသည့် လှေအမည်များ စွဲနေတော့သည်။ ဦးအံ့ကတော့ မကြည့်သေး။ နောက်ဆုံးနေ့မှ ကြည့်ပေတော့မည်။
ရေထဲတွင် အလွန်ရှည်လျားသည့် လောင်းလှေကြီးများ၊ ဝမ်းပျဉ်းပက်ပက် အမြီးထောင်ထောင် ပြိုင်လှေကြီးများ၊ လှေဦးထိပ်တွင် ဇော်ရုပ်၊ ကျေးရုပ်၊ တိုးနယားရုပ်များနှင့် ပန်းများ ဝေနေသည့် လှေများစွာတို့ လူးလားခေါက်ပြန် သွားလာနေကြသည်။ မတ်တပ်ရပ်ကာ ခြေထောက်နှင့် လှော်ကြသည့် အင်းသားလှေကြီး ရှမ်းဒေါင်းသည်လည်း လူကြိုက်များလေ၏ ။
ထိုနေ့က ဦးအံ့ အကြော်တဲလေးမှာ ခြောက်ကပ်နေတော့သည်။ အဓိက ပြိုင်ပွဲနေ့ဆိုလျင် သည်လိုပဲဖြစ်၏ ။ လောင်းသူများ လက်ပန်းကျ၍ နိုင်ကြသူများ မြူးသည့် ညနေစောင်းမှ ပြန်လည်စည်ကားပေလိမ့်မည်။ မင်းမိဖုရားများ လာကြည့်ကြသဖြင့်လည်း ပိုမို အားကြိုးမာန်တက် ယှဉ်ပြိုင်ကြရာ ပွဲမှာ ပိုကောင်းသွားသည်။ ဦးအံ့ကတော့ သူ၏ သားနှင့်သမီးကို ပွဲတော် ပို့ခွင့်ရ၍ မရောင်းရလည်း ကျေနပ်နေသည်။
လူပါးလှသဖြင့် သူတို့လင်မယား နိုင်နိုင်နင်းနင်း ရှိသည်။ ထွေရာလေးပါး ပြောဆိုနေစဉ် အကြီးမ မခင်လတ် ပြန်လာ၏ ။ ရောက်ရောက်ချင်းပင် သူ့ထံလာ၍
"အဘ.. အဘ၊ မုန့်ဆီကြော် လာစားတဲ့ မောင်ကြီးလေ၊ သိတယ်မလား"
"သျှောင်မထုံးတဲ့ ကောင်လေးလား"
"အခု ထုံးထားတယ် အဘရဲ့၊ မင်းတရားကြီး အပါးမှာ တွေ့ခဲ့တယ်"
"ဟေ"
"သူလို့ ထင်တာပဲ၊ အလောင်းမင်းတရားကြီးရှေ့ ညာဘက်ခြမ်းမှာ ဒူးတုပ် ထိုင်နေတာ။ မိဖုရားခေါင်ကြီးက ခေါ်လို့ ကုန်းပြီး သွားတယ်၊ ပြန်လှည့်လာတော့ သူဖြစ်နေတာကိုး"
"မဟုတ်လောက်ပါဘူး လုံမလေးရဲ့။ ရှင်ဘုရင့် ညာဘက်နံပါး ရှေ့နားက ခစားရတာ တော်တော်တန်တန့် ရာထူးလားကွဲ့။ သူ့အရွယ်က ညည်းလောက် ရှိသေးတာ။ မင်းညီမင်းသားလည်း မဟုတ်ဘူး၊ ငါသိတယ်"
"အတော်တူတာပဲ အဘရဲ့၊ တစ်ပြလောက်က လှမ်းမြင်ရတာ ဆိုတော့ သေချာတော့ မသဲကွဲဘူး။ အနီရောင်ဝတ်စုံနဲ့ အထပ်အထပ်တွေလည်း အများကြီး"
"ညည်းပြောတဲ့ နေရာနဲ့ ပုံစံက ဝန်ကြီးတွေ ဝင်းမှူးကြီးတွေလောက် ဖြစ်နေပြီ။ သာတောင် မဖြစ်နိုင်သေး၊ ကဲ.. သွားကြည့်ဦးမှာလား"
ခင်လတ် ဇက်ပုလျက် လျှာထုတ်ပြသည်။
"အဲဒီတစ်ယောက်ကလည်း ခပ်ငယ်ငယ်ပဲ၊ မင်းမိဖုရားတွေ သွားကြည့်တာ လူမတိုးနိုင်လို့ ခပ်လှမ်းလှမ်းကပဲ မြင်ခဲ့ရတယ်။ လှေပြိုင်တာ သွားကြည့်ဦးမယ်"
ဆို၍ ပြန်ထွက်သွား၏ ။ ဖိုးခွေးကတော့ ပေါ်မလာတော့။ ပြိုင်ပွဲ အလွန်ကောင်းနေပြီ ထင်သည်။ နေစောင်းစပြုတော့ လူအချို့ ရောက်လာကြသည်။ ဦးအံ့က မုန့်ကြိတ်နေရာမှ ရပ်၍ ဧည့်ခံ ပြင်ဆင်ပေးရ၏ ။ ရှုံးလာသူများဖြစ်၍ မျက်နှာမသာမယာနှင့် ခပ်တိုးတိုးသာ ပြောဆို ဝေဖန်နေကြသည်။ အချို့က စကားမပြောနိုင်၊ ငူငူငိုင်ငိုင် ဖြစ်နေ၏ ။
မကြာမီ နိုင်သူတစ်သိုက် လာထိုင်ကြပြန်သည်။ သူတို့ကတော့ အသံကျယ်ကျယ် ဟေးလားဝါးလား။ နိုင်သည့်ငွေက ဘယ်လောက်မှ မရှိ၊ အဓိကပြိုင်ဘက် ရွာမှ လောင်းလှေကို နိုင်လိုက်ကြသဖြင့် မြူးထူးနေကြသည်မှာ ထ က တော့မတတ်။ သူတို့ စကားသံကြောင့် ရှုံးသူများပင် ပြုံးလာရသည်။ ငြိမ်ကုပ်နေသူအချို့ကတော့ မကျေမနပ် ထ သွားကြသည်။
ညနေစောင်းသောအခါ ပူပြင်းရှတလှသော တော်သလင်းနေကြောင့် လူ၊ လှေ အားလုံး ပန်းကြပြီ။ ဖိုးခွေးတို့လည်း ချွေးတစိုစိုနှင့် အတော်နွမ်းလာ၏ ။ သို့သော် မနားရ၊ သူတို့အလုပ်က ခုမှ စရပေလိမ့်မည်။ ထိုနေ့က ညဦးအထိ ရောင်းကြရ၏ ။ နက်ဖြန်တစ်ရက် ပြီးလျင်တော့ ပြီးပြီဖြစ်၍ သန်ဘက်ခါ သိမ်းဆည်း ပြန်ကြမည်။ ထို့ကြောင့် ရသခိုက် ကြိုးစား ရောင်းနေရသည်။
ထိုနေ့ ညနေက ဦးအံ့ အကြော်ဆိုင်မှာ အစည်ကားဆုံး၊ အရောင်းရဆုံး ဖြစ်၏ ။ အကြော်ဆိုင်မှ မဟုတ်၊ ကမ်းနားတောက်လျှောက် ဆိုင်အားလုံး လက်မလည်၊ လူကျလှသည်။ မည်သူမျှ ချက်ပြုတ်မစားတော့သယောင် အားပေးနေကြသည်။ ကစားစရာ ရွှံ့ရုပ် အိုးပုတ် နှီးရုပ် ထန်းရုပ်ကလေးများ ရောင်းချသည့် ဆိုင်များလည်း တပြုံးပြုံး။ ညဘက်ရောက်မှ ကြားရသည့် ချိုးကူသံများက အပြိုင်အဆိုင်၊ ဟိုမှ သည်မှ ညံနေတော့သည်။
ထိုညက သူတို့ စကားမပြောနိုင်၊ ကလေးနှစ်ဦးမှာ လသာသာ လေတဖြူးဖြူးနှင့် ပင်ပန်းခဲ့သမျှ အတိုးချကာ စောစောအိပ်သွားကြသည်။ ဦးအံ့ကတော့ မနက်တွင် မင်းလှေများ သွားကြည့်မည်ဖြစ်ရာ စီစဉ်စရာရှိသည်များ ကြိုတင်ပြင်ဆင်နေ၏ ။ ဖျင်အဝတ်အိတ်နှင့် ထုပ်ထားသော မုန့်သားအိတ်များကို ရေစင်စေရန် လိုက်ဖိပြီး ဆီအိုးများကိုလည်း ဖိုအနီး သွားချထားလိုက်၏ ။
နောက်တစ်နေ့ နံနက်စောစော ထကာ ဆိုင်နေရာ လှည်းကျင်း၊ စားပွဲများ သုတ်သင်ပြီးချိန်မှ မောင်နှမနှစ်ယောက် နိုးလာကြ၏ ။ ပဲပြုတ်နှင့် ထမင်းကြမ်း စားလိုက်ကြပြီး ဒေါ်စန်းက အကြော် စကြော်သည်။ မုန့်ဆီကြော်မှာ အထားခံသည်ဖြစ်၍ စောစောကြော်လျှင် ရသော်လည်း သူတို့က ဖောက်သည် လာခါနီးမှ ကြော်ကြသည်။ ထို့ကြောင့် ပူပူနွေးနွေး ပိုစားကောင်းလေသည်။ နံနက်စောစော ကြော်ထားလျှင် ဖုန်ဝင်မှာလည်း စိုးရသည်။ အကြော်များကိုပင် အဝတ်သန့် အလွှာပါးလေးနှင့် ဖုံးထားရ၏ ။
အားလုံးပြီးစီး၍ စိတ်ချရတော့မှ ဦးအံ့ ထွက်လာသည်။ မင်းမိဖုရားများ မဏ္ဍပ်သဘင်ထဲမှာ စုံစုံညီညီ ရောက်ရှိနေပြီ။ ကရဝိက်ဖောင်ကြီး၊ သိကြားရုပ် လှေတော်ကြီး၊ ဂဠုန်ရုပ်၊ နဂါးရုပ်ခံ လှေကြီးများ၊ သင်္ဘောတော်ကြီးများလည်း လှေငယ်အများအပြား ခြံရံလျက် ဝင်လာနေကြပြီ။ ဘုရင့်ဖောင်တော်ကို ဦးစွာ ပြသပြီးမှ မိဖုရား၊ သားတော် သမီးတော် မှူးကြီးမတ်ရာတို့ လှေသင်္ဘောများ အစဉ်အတိုင်း လှည့်လည်ပြသကြ၏ ။ ဦးအံ့ မင်းမှုထမ်းခဲ့စဉ်ကအတိုင်း များပြားကြီးကျယ် ခမ်းနားပါပေသည်။
ထို့နောက် လှေတော်ချင်း၊ လှော်ကားချင်း၊ သင်္ဘောချင်း၊ တိုက်လှေချင်း၊ အမတ် ဝန်ကြီးချင်း၊ မင်းညီမင်းသားတို့ အချင်းချင်း ပြိုင်ကြရ၏ ။ နောက်ဆုံးမှ ဘုရင့်လှေတော်ကြီးနှင့် မိဖုရားလှေ ပြိုင်ကြပေမည်။ သို့သော် ဘုရင့်လှေက အပြတ်အသတ်သာသည်။ တပယင်းမင်းလှေထက် မြေဒူးမင်းသားလှေက သာလွန်သည်တို့ကို ဦးအံ့ အကဲခတ်မိပြီးပြီ။ ဝန်ကြီး အမတ်များတွင် သေနတ်ဝန် မင်းလှမင်းခေါင်ကျော် လှေကို နိုင်မည့်သူ မရှိနိုင်။ စည်သာမင်းကြီး လှေလည်း ကောင်းလှသည်။
နံနက် တစ်ပိုင်း ကြည့်၍ ဦးအံ့ ပြန်လာသောအခါ ဆိုင်မှာ သူထင်သည့်အတိုင်း လူစည်နေလေပြီ။ လှေပွဲတွင် ကြိတ်ကြိတ်တိုးနေသလို မကြည့်တတ်သူများက ဆိုင်များတွင် လာထိုင်နေကြသည်။ ပရိသတ်မှာ နှစ်ဘက်ကမ်းပြိုခမန်း ရှိနေသော်လည်း အခြားဆိုင်များတွင်လည်း လူတွေ့ရသည်ကို ထောက်၍ အညာဒေသတစ်ဝန်းမှပင် လာကြပုံ ရ၏ ။
နေ့ခင်းတစ်ချိန် လူပါး၍ သွားကြည့်သောအခါ ရွှေနန်းရှင်နှင့် မိဖုရားကြီး စန္ဒာဒေဝီတို့ ပြန်လည်ကြွချီသွားပြီ ဖြစ်သည်။ သူ တစ်ပဟိုရ်ခန့်ကြာအောင် ကြည့်ရှု၍ ပြန်လာသောအခါ ဆိုင်တွင် မြင်ရသည့် မြင်ကွင်းကို ဘဝင်မကျ ဖြစ်သွားရ၏ ။ သွေးသောက် ကျော်ထင်သည် သမီးဖြစ်သူ အကြော်ကြော်နေသည့်ရှေ့တွင် ဝင်ထိုင်၍ စကားပြောနေသည်။ ခင်လတ်က မျက်နှာအိုအိုနှင့် မုန့်ဆီကြော်ကိုသာ ထိုးခြစ်နေ၏ ။ သားတော်မောင်မှာလည်း မကျေနပ်သည့်ဟန်ဖြင့် မျက်နှာခပ်ညိုညို။
မယ်စန်းသည် စိုးရိမ်ပူပန်စွာ တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်ကို တွေ့ရ၏ ။ သူ့ကို မြင်လျင် အားတက်သွားကြသည်။ ဦးအံ့က မုန့်ဆီကြော်ယူရန် သွားရာ ကျော်ထင်မှာ ခပ်တည်တည်။ သမီးကလည်း ဘာမှ မပြော။ ကျော်ထင်၏ လှေထိုးသားများမှာ ကြည့်နေကြ၏ ။ ခဏအကြာ ကျော်ထင်၏ အသံ ထွက်လာသည်။
"ရွာအမည်လေး မေးတာကိုပဲ တွန့်တိုရန်ကော နှမရယ်"
ခင်လတ် နှုတ်ခမ်းစူလိုက်သည်ကို တွေ့ရ၏ ။ ဦးအံ့ မနေသာတော့ပြီဖြစ်၍
"တို့က ကံသုံးဆင့် တောင်သုံးဆင့်အရပ်ကကွဲ့၊ မောင်ရင်က ဘာသိချင်လို့လဲ"
ကျော်ထင် လှည့်လာသည်။
"ဝေးသားပဲ၊ အလည်လာမလို့ မေးတာပါ အဘ"
ကျော်ထင်၏ အခေါ်ကို မသိကျိုးကျွံပြုလျက်
"သြော်၊ လုံမလေးက ခေါ်ထားလို့လား"
"မခေါ်ပါဘူး.. မခေါ်ဘူး"
ခင်လတ်က ပြန်ဖြေလျင် ကျော်ထင်က
"မဖိတ်လည်း လာလို့ရတယ် မဟုတ်လား"
ဟု သူ့ကို ဆိုလာသည်။ ထိုစကားမှာ ဘောင်ကျော်လာပြီ ဖြစ်သော်လည်း သူက သည်းခံ၍
"ရပါတယ် မောင်၊ ဒါပေမယ့် မိန်းကလေးက မလိုလားရင် ဘယ်ကာလသားမှ မလာကြတာတော့ တို့မြန်မာ့ရိုးရာ ယဉ်ကျေးမှုပဲကွဲ့"
ကျော်ထင်က ပြုံးစေ့စေ့နှင့်
"အခု မလိုလားပေမယ့် နောက်ကျ မောင်ကြီး မောင်ကြီးနဲ့ မောင်ကြီးချင်း ထပ်နေမှာပါ"
ဦးအံ့ ပြန်ပြောမည် ပြုစဉ်
"မင်းစကား လွန်နေပြီ သွေးသောက်"
ဟူသည့် အသံကို ကြားရ၏ ။ လှည့်ကြည့်လိုက်သောအခါ ဆိုင်ထဲ ဝင်လာသည့် လူတစ်ယောက်ကို တွေ့ရသည်။ လူငယ်လေးနှင့် အတူထိုင်တတ်သည့် အဖော်ဖြစ်သည်။
"မင်းက ဘယ်သူလဲ"
ကျော်ထင်က ခက်ထန်ထန် မေးလျင် ထိုသူက
"ကျုပ် မြောက်ကျီရပ်ခေါင်း နန္ဒဗလကျော်သူ သား"
"ရပ်ခေါင်းမင်း သားက ဒီကို ဘာလာလုပ်တာလဲ"
"အကြော်လာစားတာ သွေးသောက်၊ သွေးသောက်ပုံစံက အဓမ္မ နှောင့်ယှက်နေသလို ဖြစ်နေတယ်"
"ကျုပ်က နှောင့်ယှက်နေတာ မဟုတ်ဘူး ကိုရင်"
ဦးအံ့က ဝင်၍
"ကဲ.. ကဲ၊ အချင်းမများကြပါနဲ့တော့။ မောင်ရင်လည်း စားပွဲမှာ ပြန်ထိုင်ပါ။ ရပ်ခေါင်းမင်းသား မောင်ရင်လေးလည်း ဟိုဘက်စားပွဲကို ကြွပါ။ ဘာစားမလဲ.. မုန့်ဆီကြော်ပဲလား"
ကျော်ထင်က ထိုင်ရာမထဘဲ
"ကျုပ်က သူငယ်မကို အမှန် မေတ္တာရှိလို့ ကြောင်းလမ်းမလို့ပါ အဘ"
"လုံမလေး ကြည့်ရတာ မောင့်ကို စိတ်ဝင်စားဟန် မတူဘူး။ ပြီးတော့ သမီးက ငယ်ပါသေးတယ်။ အိမ်ထောင်ချပေးဖို့ စိတ်မကူးသေးပါဘူး"
"မငယ်တော့ဘူးဗျ၊ ဒီအရွယ်ဆို ယူလို့ရနေပြီ။ နန်းတော်ထဲမှာဆို.."
"ဒါ နန်းတော်မဟုတ်ဘူး မောင်ရင်။ ကျုပ် အကြော်တဲ၊ မောင့်စကားတွေက နားလည်မှုမရှိသလို ဖြစ်နေပြီ"
ကျော်ထင်က ထ ရပ်သည်။
"ကျုပ်က ဘာနားလည်မှုမရှိလို့လဲ"
"သွေးသောက်က သမီးရှင်ကို ရိုင်းပျနေတာ အမှန်ပဲ"
ရပ်ခေါင်းမင်းသားက ထိုင်မည်ပြုပြီးမှ မထိုင်သေးဘဲ လှမ်းပြောလိုက်၏ ။ ကျော်ထင် ရှူးရှူးရှားရှား ဖြစ်သွားသည်။
"မင်း မဆိုင်တာကို ဝင်မပြောနဲ့၊ နာချင်လို့လား"
"ဒီမှာ အချင်းမများကြပါနဲ့ မောင်ရင်တို့၊ သွေးသောက် ကျော်ထင်ကလည်း မာန်လျှော့ပါ။ ဦးလေးက အကောင်းပြောတာပါ"
"ကျုပ်ကို အမိန့်လာမပေးနဲ့ဗျ"
ကျော်ထင် ရှက်ရမ်းရမ်းနေပြီ ဖြစ်၏ ။ မြောက်ကျီရပ်ခေါင်း သားထံ လျှောက်သွားမည် ပြုစဉ် ဦးအံ့က ဖမ်းဆွဲလိုက်ပြီး
"ဒီမှာမောင်ရင်၊ မင်းတင် စစ်မှုထမ်းဖူးတာ မဟုတ်ဘူး။ ငါလည်း မဟာဓမ္မရာဇာ ဓိပတိမင်းတရားကြီး လက်ထက်တော်အခါက လှေသင်းမှူးပဲ။ မင်း သည်လို မောက်မာနေရင် ဘေးတွေ့တော့မယ်"
"သူပြောတာ အမှန်ပဲ သွေးသောက်"
နောက်ထပ် လူနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ဝင်လာကြသည်။ တစ်ဦးမှာ ဆံပင်ချထားသည့် လူငယ်ဖြစ်ပြီး နောက်တစ်ဦးမှာ ကျော်ထင်၏ ဗိုလ်မင်း ဂါမဏိကြီး ဖြစ်၏ ။
"လာပြန်ပြီ နောက်တစ်ယောက်၊ တယ်ရှုပ်ကြပါလား။ မင်းကရော ဘယ်သူလဲ"
"ငကျော်ထင်"
နောက်မှ ဂါမဏိကြီးက ခေါ်လိုက်သဖြင့် ကျော်ထင် မကျေမနပ် ထူး၏ ။
"ဘုရား"
"အဲဒါ မင်းထင်နော်ရထာ ပဲ"
ကျော်ထင် အံ့သြဟန်ဖြင့် လူငယ်ကို ကြည့်သည်။ လူငယ်က ကျော်ထင်ကို ကျော်သွားပြီး အဖော်ဖြစ်သူထံ သွားထိုင်လိုက်၏ ။
"မင်းထင်နော်ရထာ ဆိုတာ အရှေ့ဝင်းတော်မှူး လက်ျာဘီလူး လား"
ကျော်ထင်က ပြန်မေးသည်။ ထရပ်မည် ပြင်နေသည့် လှေတော်သားများ ထိုင်ရမလို ထရမလို ဖြစ်နေကြ၏ ။
"ဟုတ်တယ်၊ လက်ျာဘီလူး။ မင်း ပြဿနာဖြစ်နေတယ် ဆိုပြီး ငါ့ကို လာခေါ်လို့ လိုက်လာရတာ။ မင်း အတော်ဆိုးသွမ်းနေပါလား"
"ကျွန်တော်.. ကျွန်တော် ဆိုးသွမ်းတာမဟုတ်"
လက်ျာဘီလူးက လှမ်းပြောသည်။
"အစ်ကို့လူက မွှန်နေတာ။ ခေါ်သွားပြီး တစ်ရက်လောက် တုံးဖိလိုက်ရင် ငြိမ်သွားမှာ"
"မှန်ပါ့ ဗိုလ်မင်း၊ ကျုပ် ဒဏ်ထားလိုက်ပါ့မယ်။ သူ အရင်က ဒီလို မဟုတ်ဘူး"
"ကျွန်တော် နားလည်ပါတယ်"
ဆို၍ ခင်လတ်ကို ကြည့်သည်။ အံ့သြနေသည့် သူငယ်မကို
"မုန့်ဆီကြော် အဖြူ အနီ ထုံးစံအတိုင်းပဲ၊ ထန်းလျက်ရည်များများလေး"
ဟု တစ်ဆက်တည်း မှာ၏ ။ ဖိုးခွေးကတော့ အလွန်ဝမ်းသာနေပုံ ဖုံးမရ ဖိမရ ပေါ်လွင်နေသည်။ ဦးအံ့က မင်းထင်နော်ရထာ ဆိုသည့် လူငယ်ကို မင်သက်စွာ ကြည့်နေသည်။ မယ်စန်းက
"ဟဲ့.. သမီး လုပ်လေ၊ ဗိုလ်မင်းကြီးတွေ စောင့်နေရတာကို"
ဆိုမှ တစ်ဒင်္ဂ ရပ်တန့်နေသည့် အကြော်ဆိုင်လေးက လှုပ်ရှား သက်ဝင်လာသည်။ ဂါမဏိကြီးက တစ်ခုခု ကပ်ပြောလိုက်၍ ကျော်ထင်သည် လူငယ်၏ စားပွဲရှေ့ ရောက်လာပြီး ဒူးထောက် လက်ထောက်လျက်
"ကျွန်တော်မျိုး မိုက်မဲမိရင် ခွင့်လွှတ်ပါ အရှင်"
"ငါ့ကို တောင်းပန်ရမှာ မဟုတ်ဘူး။ ဟိုဦးကြီးကို တောင်းပန်ရမှာ။ မင်း ငါ့အပေါ် အပြစ်ပြုထားတာ မရှိဘူး။ ဒါပေမယ့် မင်းတရားကြီး တပ်တွေကိုတော့ သိက္ခာကျဆင်းစေခဲ့ပြီ မောင်မင်း။ အစ်ကို ဂါမဏိကြီးက ထိုက်သင့်တဲ့ ပြစ်ဒဏ် ပေးလိုက်ပါ"
"စိတ်ချပါ ရောင်းရင်း၊ နောင် ဒီလို မဖြစ်စေရပါဘူး။ လာခေါ်တာရော၊ သည်းခံတာရော ကျေးဇူးတင်ပါတယ် ညီနောင်"
ဆို၍ ဂါမဏိကြီးက သူ့လူဘက် လှည့်ကာ
"ကျော်ထင်၊ ဦးကြီးနဲ့ နှမငယ်ကို တောင်းပန်။ ပြီးတာနဲ့ မင်းတို့အကုန် လိုက်ခဲ့။ ဒီနေ့ မင်းတို့ ကံအတော်ကောင်းကြတယ်မှတ်၊ တခြားသူသာဆို ဇက်ပြုတ်ပြီ"
ကျော်ထင်က ဦးအံ့ကို အနူးအညွတ် တောင်းပန်၍ ခပ်သုတ်သုတ် ထွက်သွားကြသည်။ လူငယ်ရှိရာသို့လည်း လှည့်ကြည့် လှည့်ကြည့်ဖြင့် ဦးညွတ်ရမလို အလေးပြုရမလို ဖြစ်နေကြသေးသည်။ ဖိုးခွေးကတော့ တစ်ဖက်လှည့်၍ တခိခိ ကြိတ်ရယ်နေ၏ ။ လူငယ်သည် ကျော်ထင်တို့ကို မသိကျိုးကျွံပြုကာ အဖော်နှင့်သာ စကားပြောနေတော့သည်။
ဦးအံ့သည် မရဲတရဲနှင့် ထိုဝိုင်းသို့ ချည်းကပ်သွားရာ အခြားဝိုင်းများက သူတို့ကို မသိမသာနှင့် စိတ်ဝင်တစား ကြည့်နေကြ၏ ။ အထူးသဖြင့် အရှေ့ဝင်းတော်မှူး ဆိုသူ လူငယ်ကို မယုံကြည်နိုင်ကြဟန်ဖြင့် ဝိုင်းကြည့်နေကြခြင်း ဖြစ်သည်။
"ငါ့တူ ဦးကြီး တစ်ခုလောက် မေးချင်လို့"
လူငယ်က မော့ကြည့်ပြီး နေရာပေးသည်။
"ဟုတ်ကဲ့"
ဦးအံ့က ဝင်မထိုင်သေးဘဲ
"ခုနက ပြောကြတာ အမှန်ပဲလားကွဲ့"
"ဟုတ်ကဲ့"
"ငါ့တူက တကယ် အရှေ့ဝင်းမှူးကြီးလား"
"ဟုတ်ပါတယ် ဦးမင်း၊ လက်ျာဘီလူး ဆိုတာ သူပါပဲ"
ဘေးမှ သူငယ်က ဝင်ဖြေလိုက်သည်။ ဦးအံ့ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး
"ဒီလောက် ငယ်ငယ်လေးနဲ့ ဝင်းမှူးဖြစ်နေတယ် ဆိုတော့ ရာဇသင်္ဂဟ များလားကွဲ့"
"မဟုတ်ပါဘူး ဦးကြီး၊ ကျွန်တော် မလည်အရပ်ကပါ"
"သြော်၊ သြော်.. ငါ့တူက ရုပ်ဖျက်လာတော့ ဦးတို့ မသိလို့ အမှားအယွင်းရှိရင် တောင်းပန်ပါတယ်ကွဲ့ နော်"
လူငယ် ရေနွေးသီးသွားသည်။ ထို့နောက် ဟက်ဟက်ပက်ပက် ထ ရယ်၏ ။ သူ သီးနေသဖြင့် ဘေးမှ သူငယ်ကပဲ ဝင်ပြောပေးရပြန်သည်။
"သူက ရုပ်ဖျက်လာတာ မဟုတ်ဘူးဗျ။ နန်းတော်ထဲက ထွက်တာနဲ့ အမြဲ ဒီလိုပုံစံပဲ။ စစ်တိုက်လည်း ဒီပုံပဲ။ ကျွန်တော်လည်း သူ့ကို ဒီပုံစံပဲ မြင်ဖူးတယ်"
"ဦးကြီး မိုးတိုးမတ်တပ်နဲ့ ထိုင်ပါလား"
ထိုအခါမှ ဦးအံ့က ထင်းခြမ်းတစ်ခြမ်းကို ဆွဲယူ၍ ဝင်ထိုင်လိုက်သည်။ သူ့ဆိုင်တွင် အရှေ့ဝင်းတော်မှူးအတွက် ထိုင်စရာ ခုံပင် မရှိ၍ အားတောင့်အားနာလည်း ဖြစ်သွား၏ ။ တစ်လုံးတည်းသော ခုံကလေး ယခုမှ ထ ယူပေး၍ ကောင်းပါ့မလားမသိ။
"သားရေ၊ ဖိုးခွေး၊ တဲထဲက ထိုင်ခုံလေး ဝင်းမှူးကြီးဖို့ ယူခဲ့ပေးပါဦး"
ဖိုးခွေးက ပြေးမည်ပြုသည်။ လူငယ်က
"နေ.. နေ၊ မယူနဲ့။ ဒီလို ထိုင်ရတာ အားရတယ်။ ခုံမြင့်ရင် စားရတာ အဆင်ပြေမှာ မဟုတ်ဘူး"
ဦးအံ့ကမူ ငေးကြည့်နေရင်း
"ဒီအရွယ်မှာ ဒီရာထူး ရထားတယ်ဆိုတာ ပွဲအတော် ရလို့လား တူမောင်၊ အမေးအမြန်းထူလို့ စိတ်မဆိုးနဲ့နော် "
"မဟုတ်ပါဘူး။ မင်းတရားကြီးက သစ္စာရှိတယ် ထင်လို့ ယုံမှတ်တော်မူတာပါ။ ကျွန်တော့်ထက် ပွဲရတဲ့သူတွေ အများကြီး ရှိပါတယ်"
"ဦးလည်း တစ်ချိန်က မင်းမှုထမ်းပဲကွဲ့"
"ကျွန်တော် ကြားလိုက်တယ်။ လှေသင်းဝန် ဆိုလား"
"ဟုတ်တယ်၊ အဲဒါတောင် အမှုတော်ကို ရွပ်ရွပ်ချွံချွံ ထမ်းရွက်ခဲ့လို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လာပြီး ၄၀ ကျော်မှ လှေသင်းမှူး ဖြစ်တာ"
"ကံ ပါပဲဗျာ၊ အရှေ့ဝင်းမှူးမို့ အထင်မကြီးပါနဲ့။ ဦးကြီးလောက် စွမ်းစွမ်းတမံ လုပ်ခဲ့တာ မရှိနိုင်ပါဘူး"
ဦးအံ့က ဖိုးခွေးကို တစ်ချက် ကြည့်မိသည်။ ဖိုးခွေးက နားလည်သည့်အလား ခေါင်းညိတ်ပြ၏ ။
"ဒါပေမယ့် အလောင်းမင်းတရား သူရဲတော်တွေထဲမှာတော့ လက်ျာဘီလူး ဆိုတဲ့ အမည်ကို ကြားဖူးနေတယ်ကွဲ့။ လူကိုသာ မသိတာ၊ လူတွေ ပြောကြတာတော့ အဆန်းပဲ။ ဒါ့ကြောင့်လည်း ငယ်ငယ်လေးနဲ့ ဘွဲ့ကြီး ရထားတာ မဟုတ်လား"
လူငယ်က ငြင်းမည်ပြုစဉ် အဖော်ဖြစ်သူက
"ဟုတ်တယ်၊ အဖေကဆို ရွှေနန်းရှင် သူရဲကောင်းတွေထဲမှာ တကယ့် သူရဲကောင်း အစစ်က ၂ ယောက် ၃ ယောက်အပြင် ပိုမရှိဘူး တဲ့။ အဲဒီထဲမှာ မောင်စံလည်း ပါတယ် လို့ မကြာခဏ တဖွဖွ ပြောတတ်တယ် ဦးမင်း"
"ဟာ.. မဟုတ်တာ၊ ကျွန်တော် ဒီလောက် မဟုတ်ပါဘူး။ သက်သက် လူအထင်ကြီးအောင် ကိုတောရာ"
"အထင်ကြီးအောင် မဟုတ်ဘူး၊ တကယ်ပြောနေတာ။ ကျုပ်တို့ အရပ်ထဲမှာ မင့် နတ်ရုပ်တောင် ရှိတယ်။ ပြောလို့မကောင်းလို့ မပြောတာ၊ တချို့က မင်းကို အဲလောက် ယုံကြည်တာဟ"
"နတ်ရုပ်.. ဟုတ်လား။ ကျွန်တော်မှ မသေသေးဘဲ"
"အေး.. ဒါပေမယ့် မင်းက တို့အရပ်ကို လာစောင့်ရှောက်နေတာ မဟုတ်လား။ ဘီလူးစောင့်တာထက်တောင် လုံလွန်းလို့ တဲ့။ လူတွေက ပြောကြတယ်။ ရာဇဝတ်မှု မရှိသလောက် နည်းသွားတယ်။ တချို့ကတော့ မကြိုက်ကြဘူးပေါ့"
ဦးအံ့က ဖြတ်၍
"ဟုတ်ပါတယ် မောင်ရင်၊ ဦးကြီး အကဲခတ်မိသလောက်တော့ မောင်က လူတော် လူကောင်းလေးပါ။ အစွမ်းအစ ဘုန်းလက်ရုံးလည်း အင်မတန်ကြီးတယ် ကြားဖူးတာ။ အဲဒီလိုလူက ဦးကြီးတို့ ဆိုင်လေးမှာ ထိုင်စားနေတယ် ဆိုတော့ မယုံနိုင်လောက်အောင် ဖြစ်မိလို့"
"ဦးကြီးသမီး လက်ရာကလည်း ကျွန်တော် ငယ်ငယ်က စားခဲ့ဖူးတဲ့ အဘွားလက်ရာနဲ့ တစ်ထပ်တည်းကို၊ အဘွားဝင်စားတယ်တောင် ထင်ရတယ်။ စေတနာပါတော့ ရွာကို သတိရတိုင်း လာစားဖြစ်နေတာပါ။ ဒီနေ့ နောက်ဆုံးပဲ မဟုတ်လား"
"ဟုတ်တယ်မောင်၊ မနက်ဖြန် ပြန်ကြမယ်"
"ညီမောင် စားချင်ရင် ဦးမင်းတို့ကို နေပြည်တော် ခေါ်ထားပါလား"
"ဟာ.. ဘာပြောတာလဲ။ ကျွန်တော့်တစ်ယောက်စာတောင် မလောက်လို့ ခြိုးခြံနေရတာ သိရဲ့သားနဲ့"
ဦးအံ့က ပြုံးလိုက်သည်။
"အရှေ့ဝင်းမှူး လစာတောင် မလောက်အောင် သုံးသလားကွဲ့"
"မဟုတ်ဘူး ဦးမင်း၊ သူက ရွာမှာ ကျောင်းဆောက်နေတာ။ လတိုင်းလိုလို လှမ်းပို့ပြီး ရသလောက် ဆောက်နေတယ်။ နောက်ဆိုတာ မသေချာလို့ တဲ့"
"အိမ်း.. အိမ်း၊ သာဓုကွယ် သာဓု၊ ကောင်းတယ်။ စစ်သည်သူရဲ ပီသပါပေတယ်"
ဟု ဆို၍ မယောင်မလည်ဖြင့် ရေနွေးအိုးလာချရင်း လက်ျာဘီလူးကို စူးစမ်းနေသည့် သားတော်မောင် ဖိုးခွေးအား ကြည့်လိုက်ရာ ဖိုးခွေးကလည်း ဖခင်ကို ပြန်ကြည့်ပြီး ကြည်လင်စွာ ပြုံးပြလိုက်လေသည်။

*ပြီးပါပြီ*
Written by သင်္ခရာဇာ

End date: November 11, 2021

လှေပြိုင်ပွဲ (၂)

           အကြော်ဆိုင်၌ ကျန်ခဲ့သော လူငယ်နှင့် သူ၏ အဖော် ပြောဆိုနေကြသည်များကို ဦးအံ့ စားပွဲဝိုင်း ရှင်းလင်းသိမ်းဆည်းရင်းမှ ကြားလိုက်ရ၏ ။ အဖော်ဖြစ်သူက ဆိုသည်။
"အတော်လေကျယ်တဲ့ လူပဲ။ အလောင်းအစား လုပ်နေပါတယ်လို့ အရာရှိမင်းများကို သွားတိုင်လိုက်ရ"
လူငယ်က
"နေပါစေကွာ၊ ဒီပွဲမှာ လှေလောင်းကြတာ သူတစ်ယောက်တည်းမှ မဟုတ်ဘဲ။ လိုက်တိုင်နေရင် လှေပြိုင်ပွဲ မကြည့်ရတာပဲ ရှိမယ်"
"သူ့တစ်ယောက်တည်းကိုပဲ အရေးယူရင်ရော"
"ဒါဆို သူ့အတွက် မတရားတာ ဖြစ်သွားမှာပေါ့"
ယင်းစကားများကို ဦးအံ့က မှတ်သားထားလိုက်၏ ။ သူသည် ညရောက်လျင် သားဖြစ်သူကို တစ်နေ့တာ အတွေ့အကြုံမှ သင်ခန်းစာများ ထုတ်နုတ်ခိုင်းလေ့ ရှိသည်။ ထိုနေ့ညတွင် သူတို့သားအဖသည် မြစ်ကမ်းဘေး၌ ထိုင်ရင်း စကားပြောနေကြ၏ ။ မယ်စန်းတို့ သားအမိမှာမူ ညဘက် စျေးလည်ရန် သွားကြပြီ။
"ဒီနေ့ လူနှစ်မျိုး တွေ့တယ် သားရဲ့။ တစ်မျိုးက သားလည်း ကြားမှာပေါ့။ ပြိုင်ဘက်ကို အထင်သေး နှိမ့်ချပြီး ဝါကြွားတတ်တဲ့သူ"
"ကြားလိုက်တယ် အဘ။ အဲဒီလူကြီး ပြောပြောနေတာကို သတိထားမိနေတာ ကြာပြီ"
"သူ့ဆီက ဘာသင်ခဲ့ရလဲ ဖိုးခွေး"
"ပလွှားပြောဆိုရင် လူမုန်းများတယ် ဆိုတာ သင်ပေးသွားပါတယ် အဘ"
"အင်း၊ နောက်တစ်မျိုးရော တွေ့မိလား"
"မကြွား မဝါဘဲ ကိုယ့်အလုပ်ကိုယ် အာရုံစိုက် လုပ်တတ်သူမျိုးလား"
"မဟုတ်ဘူး သားရဲ့။ အဲဒီလူမျိုးထဲမှာ မင်းလည်း ပါတာပဲ။ ဒါ့ကြောင့် အထူးတလည် ထပ်ပြီး သင်ယူနေစရာ မလိုဘူး။ နောက်တစ်ယောက်က မျှတတဲ့သူ။ ဟိုလက်ပံပင်အောက် အနောက်ဝိုင်းမှာ ထိုင်တတ်တဲ့ ကောင်လေးက လောင်းကစားလုပ်တာကို မတိုင်ဖို့ သူ့အဖော်ကို ပြောတယ်ကွဲ့"
"မကြားလိုက်မိဘူး အဘ။ အစ်မလေးနဲ့ ရွယ်တူလောက် ဆံပင်စည်းထားတဲ့ လူလား"
"ဟုတ်တယ်။ သူက ပုံမှန်ဆို ညနေပိုင်းပဲ လာတော့ ဟိုလူနဲ့ မတွေ့ဖူးဘူးပေါ့ကွာ။ သူ့အဖော်ကတော့ အချိန်မမှန်ဘူး၊ အပေါင်းအဖော်တွေနဲ့ လာတတ်တယ်။ သူတို့ ဒီနေ့ နေ့လယ် တွေ့ကြတော့ လောင်းကစားတာကို သွားတိုင်မယ် လို့ တစ်ယောက်က ဆိုတယ်။ တစ်ယောက်က မတိုင်နဲ့၊ တိုင်ရင် လှေပြိုင်ပွဲ မကြည့်ရဘဲ နေမယ် တဲ့"
"လူတွေ အားလုံးအပေါ် မျှမျှတတ တွေးတတ်တာပေါ့နော်"
"မဟုတ်ဘူးကွဲ့။ သူပြောတာက လှေပြိုင်ပွဲမှာ လောင်းကြတာ ထုံးစံပဲ။ အဲဒါကို အရေးယူနေရင် မကျင်းပရတာပဲ ရှိမယ် တဲ့။ ဒီတော့ တိုင်မယ့်သူက လေကြီးတဲ့သူကိုပဲ တိုင်မယ် ဆိုရင် ရတာပဲ လို့ ပြောတယ်"
"ဟုတ်တယ်လေ။ ကျန်တဲ့သူတွေက မသိအောင် ကြိတ်လုပ်ကြတာ။ သူကတော့ လေကြီးလေကျယ်နဲ့ လူသိရှင်ကြား လောင်းမယ် သွားပြောတာကိုး၊ တိုင်လို့ရပြီပေါ့"
"အဲဒါဆို အားလုံး လောင်းနေကြတာ အတိုင်မခံရဘဲ သူတစ်ယောက်ပဲ ထုတ်ပြောမိလို့ တိုင်ခံရသလို ဖြစ်မနေဘူးလား"
ဖိုးခွေး တွေဝေ စဉ်းစားနေသည်။
"လောင်းကစားတာလဲ အပြစ်ပဲ၊ ထုတ်ပြောတာလည်း အပြစ်ပဲ။ ဘယ်ဟာက ပြစ်မှု ပိုကြီးမလဲ သားရဲ့"
"အဲ.. သား နားလည်ပါပြီ အဘ"
"ဒါ့ကြောင့် ဟိုကောင်လေးက ပြောတာ၊ သူပဲ အတိုင်ခံရတယ် ဆိုရင် သူ့အတွက် မတရားတာ ဖြစ်သွားမယ်တဲ့"
"မကောင်းတဲ့လူအပေါ်မှာတောင် စေတနာထားတတ်တဲ့သူပဲနော် အဘ"
"မကောင်းတဲ့သူက မတရား ခံသင့်သလားကွဲ့"
"မခံသင့်ပါဘူး"
"အေး၊ သူက သားကိုတင် အဲဒီအသိ သင်ပေးသွားတာ မဟုတ်ဘူး။ ငါ့ကိုလည်း လောကပါလတရားတွေ မေ့လျော့မနေအောင် သတိလေး ပေးသွားတာပဲ။ ဒီနေ့အဖို့ သူတို့ နှစ်ဦးကို ကျေးဇူးတင်ရမယ် ငါ့သား"
"ကျွန်တော်တော့ ဟိုအစ်ကိုကြီးရဲ့ အမြင်ကို သဘောကျသွားပြီဗျ။ သူပြောတာ ရိုးရိုးလေးပဲ။ ဒါပေမယ့် ဘုန်းဘုန်း ပြောပြောနေတဲ့ သတ္တဝါတိုင်းကို မေတ္တာနဲ့ ဆက်ဆံပါ ဆိုတဲ့ ဆုံးမစကားကို သတိရစေတယ် အဘ"
"သာဓုကွယ်.. သာဓု၊ သာဓု။ ငါ့သား တစ်နေ့ လူတော်လေး ဖြစ်မှာပါ"
တော်သလင်း လပြည့်ခဲ့ပြီ။ လှေပြိုင်ပွဲ၏ အစနေ့ ဖြစ်သည်။ အောင်စည်အောင်မောင်းများ တခြိမ်းခြိမ်း တီးခတ်နေသံ ကြားလျင် မောင်နှမနှစ်ယောက်မှာ မနေနိုင်ဖြစ်နေကြသည်။ လူအားလုံး ကမ်းညွတ်အောင် လှေပြိုင်ပွဲတွင်သာ ရောက်နေကြသည်ဖြစ်၍ သူတို့ မောင်နှမကို သွားကြည့်ခွင့် ပေးလိုက်သည်။ ဦးအံ့ကတော့ ငယ်စဉ် အမှုထမ်းခဲ့စဉ်က နေ့ရက်များကို ပြန်ပြောင်းအောက်မေ့ စားမြုံ့ပြန်နေ၏ ။
ကျွက်ကျွက်ဆူသော နေရောင်အောက်တွင် လူသားများမှာ ချွေးတလုံးလုံးဖြင့် လှေများ ကြုံးလှော်နေကြသလို ကမ်းပါးတလျှောက်လည်း ယပ်တောင်တဖျတ်ဖျတ်များစွာက ပေါ်လိုက်မှိတ်လိုက်။ မင်္ဂလာဆိုင်းများ၏ အားပေးသံက ညံနေပြီး လူအုပ်ကြီး၏ ဝေါခနဲ ဝေါခနဲ အသံကြီးကလည်း တစ်ချက်တစ်ချက်ဖြင့် အဆက်ပြတ်သည် မရှိ။ နေမြင့်လျင် ဖိုးခွေး ပြေးလာသည်။
"အလကား အဘရဲ့၊ ဟိုလူကြီး ပြောတဲ့ မင်္ဂလာသိဒ္ဓိ လှေက တတိယပဲ ရတယ်။ ပထမက မြီးရှည်ငှက်ဖျား ဆိုလားပဲ။ ဒုတိယ မောပြည်ထောင်၊ ပြိုင်မယ် ဆိုတဲ့ ခေါင်ဖျား လှေကလည်း စတုတ္ထတဲ့။ တော်သေးတာပေါ့ မလောင်းဖြစ်လို့။ လောင်းရင် ဟိုလူကြီးကို ရှုံးနေဦးမယ်"
"အေးပေါ့၊ ရွာသားနဲ့ ရဲမက် အလေ့အကျင့်မှာ ကွာသွားမှာပေါ့။ ဒါပေမယ့် တချို့ရွာတွေ တကယ်ကောင်းရင် ဘုရင့်လှေတောင် မမီဘူးနော်"
"မင်္ဂလာသိဒ္ဓိနဲ့ တမွတ် ဆိုတဲ့ လှေနှစ်စီးတည်း တစ်ခါ ပြိုင်ရသေးတယ်။ မင်္ဂလာသိဒ္ဓိ နိုင်သွားတယ်။ နိုင်မှာပေါ့၊ တမွတ်က လှေသေးတယ်။ လူ ၂ ကျိပ်ရှစ်ပဲ ပါတယ်။ ဗုံတီး မပါဘူး။ ကျော်ထင်ဆိုတဲ့ လူကြီးကတော့ သူ့ပြိုင်လှေကြီးမှာ ကိုယ်တိုင် ဗုံတီးပြီး လိုက်တာဗျ။ ပန်းဆွတ်တာလည်း သူပဲ"
"တမွတ်က လှေသေးနဲ့ ပြိုင်တယ် ဆိုတော့ လူမရှိလို့တဲ့လား"
"ပြောကြတာတော့ ၂၈ ယောက်ပဲ ရေချိန်ထားတယ် ဆိုကြတာပဲ။ တပ်မှူး လက်ျာဘီလူးရဲ့ လှေတဲ့။ အဲဒီတပ်မှူးက အဲဒီလိုပဲတဲ့။ ၃ ကျိပ်နှစ် ကို ၂ ကျိပ် ရှစ်နဲ့ ပြိုင်တော့ အားမနည်းဘူးလား"
"လှေသေးရင် မနည်းဘူး အတော်ပဲလေကွဲ့။ ရေချိန်လည်း ကိုက်သမို့လား"
"ကိုက်တယ် ပြောတာပဲ။ လှေစကျင်းက ၇ လံတဲ့"
"၇ လံရှည်ရင် ဘယ်လောက်ကျဉ်းကျဉ်း ၃ ကျိပ် ဆံ့ပါတယ်။ ဘာလို့ ၂၈ တက်ပဲ ထည့်သလဲတော့ မသိဘူး။ တချို့လှေကြီးတွေ တက် ၄၀ ကျော်တာ မြင်ဖူးတယ်"
"၅၀ ကျော် ပြိုင်လှေကြီးတွေထိ ပါတယ် အဘရ"
"ဟေ.. ဟုတ်လား"
"နောက်ပြီးတော့လည်း ရဲလှေတွေ၊ ၅ ယောက်စီး၊ ၇ ယောက်စီး၊ ၉ ယောက်စီးတွေ ပြိုင်ကြတာ တစ်ခါကို အစင်း သုံးလေးဆယ်ပဲ။ ခုလည်း ပြိုင်နေတုန်း။ သွားကြည့်လိုက်ဦးမယ်။ အဘကို ပြောပြချင်လို့ ပြေးလာတာ"
"အေး၊ အေး.. ဖြည်းဖြည်းသွား။ မင့်အစ်မကိုလည်း ပြန်လွှတ်လိုက်ဦး၊ ဒီမှာ မုန့်ဆီကြော်စားမယ့် သူငယ် ရောက်နေတယ် လို့"
ဦးအံ့က ပြောပြောဆိုဆို ခပ်စောစောကပင် ရောက်နေသည့် လူငယ်ကို အားတုံ့အားနာ စကားဆိုသည်။
"စောင့်နေရတာ အားနာပါတယ်ကွယ်။ မင့်နှမကလည်း ဒါမျိုးပွဲကြီး မမြင်ဖူးတော့ ကြည့်ချင်ရှာတယ်၊ အဲဒါနဲ့ ခဏဆို လွှတ်လိုက်တာ "
"ရပါတယ် ဦးကြီး။ ကျွန်တော်တို့လည်း သူတို့အရွယ်က ရွာလှေချင်း ပြိုင်ရင်တောင် ပြေးကြည့်ချင်ကြတာ"
သူ့သမီးထက် အနည်းငယ်သာ ကြီးမည့်သူက ထိုသို့ ဆိုသည်ကို ဦးအံ့ မျက်မှောက်ကျုံ့သွားသည်။ လူငယ်ကလည်း အတည်ပေါက်နှင့် ပြောခြင်း ဖြစ်သဖြင့် ဇဝေဇဝါ ဖြစ်သွား၏ ။ ထို့ကြောင့် အသက်မေးမည် ပြုစဉ် လူငယ်က ဆက်ပြောသည်။
"ဖိုးခွေးတို့ အရွယ်ကဆို ပြောတာပါ။ ကျွန်တော်တို့အရပ်က လှေထွင်းလို့ကောင်းတဲ့ မင်္ဂလာသစ်ခေါ်လား၊ အဲလို ကျွန်းလုံးကြီးတွေ ထွက်တယ်လေ။ လှေဆရာကြီးတွေ ခဏခဏ လာကြတာဆိုတော့ တစ်ရွာလုံးလည်း လှေသမားချည်း ဖြစ်ကုန်တာ"
"မောင်ကတော့ လှေပြိုင်ပွဲကို သိပ်စိတ်မဝင်စားဘူးလား"
"စိတ်ဝင်စားပါတယ်။ ကြည့်ပြီးပါပြီ"
"ခဏပဲလား"
"ကျွန်တော် ကြည့်ချင်တဲ့ ပွဲတွေပဲ ကြည့်တာ။ နောက်ထပ် ကြည့်ရမယ့်ပွဲတွေက ကြာဦးမယ်။ မွန်းတိမ်းပိုင်းမှ ဖြစ်မယ်"
တစ်မျိုးပါလားဟု ထင်သော်လည်း မမေးတော့ဘဲ ခင်လတ်မ ပြန်လာသဖြင့် လိုအပ်သည်များကို ပြင်ပေးနေလိုက်၏ ။ လူငယ်၏ အဖော်ဖြစ်သူလည်း ရောက်လာသည်။
"ပွဲတွေကတော့ ကောင်းတယ်ဗျို့၊ အားရစရာပဲ။ ရောင်းရင်းရော ဘယ်လိုလဲ"
"ကောင်းပါတယ်။ သိပ် အားရတာတော့ မတွေ့သေးဘူး"
"ဘယ်လိုဖြစ်လို့လဲ"
"ရွာတွေက လာပြိုင်တဲ့ ပြိုင်လှေကြီးတွေကို ကြည့်ရမယ် မှတ်တာ။ ဘာလိုနေမှန်းမသိ ပေါ့နေသလိုပဲ။ အပြည့်အဝ အားမထုတ်ကြတာလား၊ လေ့ကျင့်ချိန် နည်းလို့လားမသိ"
"ရဲမက်တော်တွေကတော့ လေ့ကျင့်ချိန် တစ်လကျော် ရတာပဲဗျ"
"သူတို့ကတော့ ကျင့်သားပြည့်ပါတယ်။ နိုင်သာ နိုင်ကြတယ်၊ စိတ်ဓာတ်တွေကို မကြိုက်ဘူးဗျာ"
"ဖြစ်ရမယ်.. ရောင်းရင်းကတော့"
သူတို့ ထခါနီးတွင် သွေးသောက် ကျော်ထင်တို့ လှေထိုးသားတစ်စု ရောက်လာကြသည်။ ကျော်ထင်၏ အသံကသာ တစ်ဝိုင်းလုံးကို လွှမ်းနေ၏ ။
"ဟိုကောင်တွေ ညစ်လို့ပါကွာ။ တို့လှေက ပေါ့မှန်းသိလို့ ရေလူးခံရအောင် အတင်းလိုက်ကပ်လှော်နေတာ။ သူတို့ လှေလေးကြီးနဲ့ မနိုင်တော့ ညစ်တာ။ ခုတော့ သူတို့လည်းမရ၊ ငါတို့လည်း မနိုင်။ ကြားလူက ပန်းရသွားတယ်"
"ကပ်လာရင် တက်နဲ့ ရိုက်ချလိုက်ရမှာ"
"လူကြီးတွေ ကြည့်နေလို့ပေါ့ကွ။ မဟုတ်ရင် မင့်လူ ခေါင်းကွဲပြီ"
"ကျွန်တော့်လူ မဟုတ်ပါဘူးဗျ။ ဒီကောင်တွေ မနက်ဖြန် တွေ့ကြဦးမှာပါ"
"အေး၊ ကျင့်ချိန်က မရှိတော့ဘူး။ ဘယ်လို လုပ်မယ် ဆိုတာပဲ စဉ်းစားရမယ်။ ဒီလှေနဲ့ ဝေးဝေးမှာ ထားဖို့ ပွဲထိန်းကို သွားပြောရမယ်ထင်တယ်"
လူငယ်နှင့် အဖော်ဖြစ်သူမှာ ထသွားကြ၏ ။
"လက်ျာဘီလူးရဲ့ တမွတ်ကို လှေတစ်လျားလောက် ဖြတ်ထားရာကနေ ပန်းဝင်ခါနီးမှာ ပြန်ကပ်လာတာကရော"
"ဒါကတော့ ဒီကောင်တွေ လှေငယ်တော့ ချန်ထားလို့ ရတာပေါ့။ ကြည့်ရတာ ဉာဏ်နီဉာဏ်နက်နဲ့ ပန်းဆွတ်ချိန်မှ ကျုံးလှော်ကြပြီး ဆွတ်ဖို့ ကြံပုံရတယ်။ ဒါ့ကြောင့် လူလျှော့ထားတာ"
"ကျွန်တော် ကြားတာတော့ စိတ်ကြိုက်လူ ထပ်မတွေ့တော့လို့ အစကတည်းက ၂၈ ယောက်နဲ့ပဲ ဖြတ်ထားတယ်လို့ ကြားတယ်"
"ဘယ်တုန်းကလဲ"
"လွန်ခဲ့တဲ့ တစ်လကျော်က ကြားတာ"
"ဟုတ်မှာပေါ့။ ဘာဖြစ်ဖြစ် နိုင်ဖို့က လိုရင်းပဲ၊ သူ့ဘာသာ ဘယ်လို ဉာဏ်များများ မင်္ဂလာသိဒ္ဓိကို ဘယ်ယှဉ်နိုင်မလဲ"
ပြန်ရောက်နေပြီး အကြော်သံပန်းကန်များ ချပေးနေသော ဖိုးခွေးက ဖခင်ဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဦးအံ့က ပြုံးပြလိုက်၏ ။
ယနေ့ညတော့ မြစ်ကမ်း၌ ရဲမက်များ ရှိနေသဖြင့် သူတို့သားအဖသည် လပြည့်ည လရောင်အောက်တွင် တဲရှေ့ ကွပ်ပျစ်ပေါ်၌သာ ထိုင်နေကြသည်။ ဖိုးခွေးက ကျောဆန့်ကာ
"ဟိုနေ့က အဘပြောတဲ့ ၂ ယောက် တွေ့သွားကြသေးလား"
"အဝင်အထွက်ပဲ၊ သွေးသောက်ကြီးနဲ့ ပတ်သက်လို့ တစ်ခုခု ပြောချင်တယ်မလား ငခွေးလေး"
"ဟုတ်၊ သူ လျှောက်ပြောနေတာ။ လှေ ၂ စင်းတည်း ပြိုင်တုန်းက ကံကောင်းလို့ တမွတ်ကို နိုင်တာများ။ ပန်းက သူနဲ့ နီးလို့ သူ ဦးအောင်ဆွတ်နိုင်တာ။ ဟိုလှေက နည်းနည်း ကွာနေလို့ ပြန်တည့်နေရချိန် နောက်ကျသွားတာ"
"သူတို့ပြောတော့ လှေတစ်စင်းစာ ပြတ်ကျန်ခဲ့တယ်ဆို"
"အလကားပါ အဘရာ၊ အစပိုင်း သူတို့က လူအင်အားများလို့ ထိုးတက်သွားတာ။ ဟိုလှေက တညီတည်း မှန်မှန်လှော်တော့ တဖြည်းဖြည်း ကပ်လာတာ သူတို့ကို ကျော်သွားတော့မလားတောင် ထင်ရတယ်။ ကြည့်တတ်တဲ့ လူကြီးတစ်ယောက် ပြောတာက သူတို့က လှေကြီး ဆိုပြီး ဟိုလှေဘက် ကပ်တယ်တဲ့။ ဒါ့ကြောင့် လှေငယ်က ခွာပေးရတယ် တဲ့။ သူတို့လည်း ဘာထူးလဲ ညစ်တာပဲ။ သူတို့ ပြန်လုပ်ခံရမှ အသံထွက်လာတာ"
"မသိတဲ့သူ အမြင်မှာတော့ သူပြောတာ အဟုတ်ကြီး ထင်မှာပေါ့။ သူတို့အချင်းချင်းလည်း သိနေကြတော့ ဟော.. မဟုတ်မဟတ် ပြောတတ်တဲ့ သူတို့ အဖွဲ့ခေါင်းဆောင်ကိုတောင် အထင်ကြီးကြတော့မှာ မဟုတ်ဘူး။ သိတဲ့သူ အမြင်မှာကျ ရှက်စရာကြီးကွ"
"ဟုတ်ပါရဲ့အဘ၊ သူ့ထက်စာရင် ၂၈ ယောက်တည်းနဲ့ ပြိုင်ရဲတဲ့ ဟိုလှေကမှ သာသေးတယ်"
"လှေပြိုင်ပွဲမှာတော့ အဲဒီဆုံးဖြတ်ချက်က မှန်တယ်လို့ မဆိုလိုဘူး။ ဒီ့ပြင် တခြားမှာ၊ အထူးသဖြင့် စစ်ပွဲမှာဆိုရင် သူရွေးတာ မှန်တယ်လို့ ဆိုရလိမ့်မယ်။ မလိုအပ်တဲ့ လူပို မခေါ်ဘဲ စိတ်ချရသူကိုပဲ ရွေးတဲ့ပုံစံပဲ။ ကြိုက်သူတွေ လူညီရင် သူ့ထက် ဆယ်ဆလည်း မခံနိုင်ဘူး။ လူပို တစ်ယောက် နှစ်ယောက်၊ ဆယ်ယောက်တစ်ရာ ပါလည်း အပိုဖြစ်သွားတတ်တယ်။ မလိုအပ်ဘဲ ဆုံးရှုံးမှု ပိုများသွားတတ်တယ်ကွဲ့"
"မှတ်ထားပါ့မယ် အဘ"
"ငါ့သားလည်း စစ်သည်တော်ကြီး လုပ်မှာဆိုတော့ ကိုယ်နဲ့ သင့်သူကိုပဲပေါင်း၊ တော်ရာကိုသာ ကပ်ကွဲ့။ လူမိုက်ကို ပေါင်းမိရင် အချောင် ပျက်စီးတတ်တယ်။ ပေါင်းသင်းရင်းနှီးစရာ မမြင်ရင် တစ်ယောက်တည်းနေတာက မြတ်တယ်ကွဲ့။ အများနဲ့ ဝင်ဆံ့အောင်တော့ နေတတ်ရမယ်"
"ဟုတ်ကဲ့"
"ဒီနေ့ ကြည့်ရတာ အားရရဲ့လား"
"အားရပါတယ်၊ မနက်ဖြန် ပိုကောင်းမယ် ပြောတယ်"
"မူးမတ်တွေရဲ့ လှေတွေနဲ့ ရွာက လာပြိုင်တဲ့ လှေတွေပဲ မဟုတ်လား။ ဘုရင်နဲ့ မိဖုရား ဆွေတော်မျိုးတော်တွေ လှေကြီး သင်္ဘောကြီးတွေက နောက်ဆုံးနေ့မှ ဆို"
"ဟုတ်တယ်အဘ၊ ဒါပေမယ့် မနက်ဖြန် လောင်းကြတာ များတော့ ပွဲပိုကောင်းမယ် ကြားတယ်။ တချို့လှေတွေ ယာမြေအကုန် စည်းစိမ်အကုန်လို့ လောင်းကြ ဆိုပဲ"
"လူမိုက်တွေပဲ။ လှေနိုင်လို့ ချမ်းသာရ တစ်နှစ် နှစ်နှစ်ပေါ့ကွာ။ တစ်ခါ ပြန်ရှုံးတော့ လူမွဲခံ ချေးငှားစားရပြန်ရော။ သူတို့မို့ ခုချမ်းသာ ခုဆင်းရဲ နေနိုင်ကြတယ်။ ကဲ.. ကဲ၊ အိပ်တော့။ မနက် စောစောထပြင်မှ စောစော ကြည့်လို့ရမှာ" 

(ဆက်ရန်..)  လှေပြိုင်ပွဲ  (ဇာတ်သိမ်း..)


Written by သင်္ခရာဇာ

End date: November 10, 2021

လှေပြိုင်ပွဲ (၁)

ဝါဆို ဝါခေါင် ရေဖောင်ဖောင် ဆိုသည့်အတိုင်း မြစ်ပြင်ထဲတွင် ရေအပြည့်ဖြင့် တပြန့်တပြောကြီး ဖြစ်နေ၏ ။ မြစ်ထဲ၌ ရေသာ ပြည့်နေသည်မဟုတ်၊ ကမ်းစပ်နှစ်ဖက် ဆိုက်ကပ်ထားသည့် လှေများစွာ ရှိနေသကဲ့သို့ ဟိုမှသည်မှ သွားလာ လှော်ခတ်နေသည့် လှေကြီးလှေငယ်များစွာတို့ကလည်း မြစ်လုံးပြည့်မျှ၊ လှေတိုင်းတွင်လည်း လူအပြည့်နှင့် ဖြစ်သလို ကမ်းပေါ်မှာ သွားလာလှုပ်ရှားနေကြသည့် လူများကလည်း ကမ်းလုံးညွတ် မဟုတ်စေကာမူ ပျားပန်းခတ်နေကြသည်။

ထိုလှေများနှင့် လူများသည် ဘုရင့် ရဲမက်တော်များ ပါသကဲ့သို့ အလယ်ပိုင်း မြင်းခြံ ပခုက္ကူ စသည့် မြို့ရွာ ဒေသများမှ လူများအထိ ရောက်ရှိနေကြခြင်း ဖြစ်၏ ။ လှေများမှာလည်း အမျိုးစုံလှ၏ ။ လက်သင်လှော်ကားမှ စ၍ ရဲလှေ၊ လှော်ကားကြီး၊ တိုက်လှေ၊ သင်္ဘော၊ အများဆုံးကား ရွာများမှ လာကြသည့် ပြိုင်လှေကြီးများ ဖြစ်သည်။
လက်မောင်းရင်း ပြုတ်မျှ လေ့ကျင့်နေကြသည့် တက်သား လှေတော်သားများအား ကြီးကြပ် ကွပ်ကဲနေသူ၊ လာရောက်ကြည့်ရှု အားပေးသူ၊ ရွာများမှ လိုက်ပါလာကြသူများဖြင့်လည်း မြစ်ကမ်းနှစ်ဘက်၌ ကြုံတောင့်ကြုံခဲ စည်ကားလှလေသည်။ အသုတ်ဆိုင်၊ အကြော်ဆိုင်၊ မုန့်ဆိုင်၊ ထမင်းဆိုင် စသည့် ဆိုင်ကြီးငယ် များစွာလည်း လူပြတ်သည်မရှိ။ အားလုံး ငွေရွှင်လျက် ပြုံးချိုပျော်မြူးနေချိန်တည်း။
ဦးအံ့၏ အကြော်ဆိုင်သည် အစွန်ဘက် ခပ်ကျကျ၊ အတွင်းဘက် ရောက်ရောက်၌ ရှိ၏ ။ မြစ်ကမ်းမှ လှေလှော်ကျင့်နေကြသည်များကို တိုက်ရိုက်မမြင်ရနိုင်သည့် နေရာ လက်ပံပင်ကြီးတစ်ပင်၏ ခြေရင်းတွင် စားပွဲငယ်များ ပတ်လည်ချလျက် အကြော်ဖို တစ်ဖို၊ ဒယ်ပြားတစ်ချပ်ဖြင့် ဖွင့်လှစ်ထား၏ ။ ထိုသို့ ထောင့်ကျ၍လည်း ဆိုင်ဖျက်ကာ ရွှေ့ပေးရသည့်အထဲ မပါခဲ့ခြင်း ဖြစ်သည်။
မြစ်ကမ်းထိပ် နေရာကောင်းများကို ဦး၍ ဆိုင်ကြီးများ ဖွင့်ခဲ့သူများမှာ မဏ္ဍပ်နှင့် ပွဲကြည့်စင်များ ဆောက်ရန် နေရာချသောအခါ မလွတ်သဖြင့် ဗျာများနေရချိန် ဦးအံ့၏ အကြော်ဖိုကတော့ ဖောက်သည်တိုးကာ ည မနက် စည်ကားလျက် ရှိချေပြီ။ အကြော်ကလည်း ကြွပ်ကြွပ်ရွရွ ပူပူနွေးနွေး၊ အချဉ်ရည်ကလည်း မန်ကျည်းမှည့်နှင့် ကိုယ်တိုင်စပ်သည့် စပ်ချဉ်ချဉ်ဖြစ်ရာ ဦးအံ့ဆိုင်မှာ မကြော်ငြာရဘဲ တစ်နေ့တခြား စားသုံးသူ များလာခဲ့၏ ။
ဒယ်ပြားလေးဖြင့် မုန့်ဆီကြော် ဖြူနီထိုးသည့် သမီးဖြစ်သူ မခင်လတ်မှာ ယခုမှ ရွှေရင်သိမ်းသစ် ဆယ့်ခြောက်နှစ်အရွယ်မို့ ရုပ်ရည်ချောမောလှခြင်း မရှိသော်လည်း ငယ်ဂုဏ်နှင့် ပျိုရွယ်ခြင်းပေါင်းကာ ရွှေစွန်ညိုများ မနည်းလှသည့် မထွေးလေး ဖြစ်နေရသည်။ သူ့မောင် ဖိုးခွေးကတော့ အကြော်ဗန်းချ အိုးကင်းချ မုန့်များကို စားပွဲထိုးရင်း ငွေသိမ်းရင်းဖြင့် ဂျင်ခြေလည်နေ၏ ။ စားသုံးသူ ခေတ္တ ကျဲပါးသွားသည့် အချိန်တိုင်းလည်း သူ့အလုပ်ကို ဖခင်နှင့် လွှဲခဲ့ကာ မြစ်ကမ်းဆီ ပြေး၍ လေ့ကျင့်နေသည့် ရဲမက် လှေသားကြီးများအား ငေးမောရသည်မှာ အမော။
ဦးအံ့ကိုယ်တိုင် စစ်ထွက်ကြီးတစ်ဦးဖြစ်ရာ သားဖြစ်သူ ငခွေးက စစ်သည်တော်များကို အားကျနေခြင်းအား မတားမြစ်ဘဲ ဂုဏ်ယူနေလေ့ ရှိသည်။ သူကပင် သွားကြည့်ချေလေ ဟု စေလွှတ်နေသေးသည်။ ခင်လတ်ကလေးကတော့ ကြည့်ချင်သော်လည်း မကြည့်နိုင်ရှာ။ သူ့တာဝန်မှာ မုန့်ဆီကြော် အဖြူအနီနှင့် ထန်းလျက်ရည် လိုသလောက် စပ်ရသည်ဖြစ်၍ မအားနိုင်။ ဇယ်ဆက်သလို လုပ်နေရသည်။
သူ၏ မုန့်နှစ်မှာလည်း အလွန်ကောင်းလျက် ဒယ်ပြားကလေးသည် အမြဲသန့်စင် မည်းနက်နေရာ သူ့ဖောက်သည် ကာလသားတို့နှင့် ရဲမက်စစ်သည်တို့လည်း မနည်းလှ။ ထိုအထဲတွင် ၂ ရက်တစ်ခါ၊ ၃ ရက်တစ်ခါ လာတတ်၍ ညနေပိုင်း ခဏသာ ပေါ်လာပြီး မုန့်ဆီကြော်နှင့် မုန့်လက်ကောက်များ အမြဲမှာစားလေ့ရှိသူ လူငယ်လေးတစ်ဦးကို ဦးအံ့ သတိထားမိ၏ ။
အမှန်တော့ ဦးအံ့သည်လည်း မအားလပ်လှပါ။ ထင်းခွဲရသည်။ ဆိုင်အတွက် စီမံခန့်ခွဲပေးရသည်။ လိုအပ်သည်များကို အစစအရာရာ သူသာ အောက်ခြေသိမ်း လုပ်ရသည်ဖြစ်၍ သူကပင် အလုပ်ပိုများသေး၏ ။ သို့သော် ဖခင်စိတ်နှင့်မို့ သမီးဖြစ်သူ၏ ပုံမှန်ဖောက်သည်များကို အခြားသူများထက် ပို၍ သတိထားမိနေသည်။
ထိုအထဲကမှ ပုံဟန်ထူးခြားသည့် သူငယ်ကို သတိပြုမိလာခြင်းလည်း ဖြစ်သည်။ အခြားသူများကဲ့သို့ သျှောင်ထုံးခြင်း၊ ခေါင်းပေါင်းပုဝါပတ်ခြင်းများ အလွန်နည်းပါးပြီး ဆံပင်ကို ချမထားလျင် နောက်တွင် စည်းထား၊ သို့မဟုတ် ရှေ့မျက်နှာကို မရှုပ်ရုံ တစ်ဝက်သာ စည်းထားတတ်သည့် သူငယ်လေးသည် အများကြားတွင် တစ်ဘာသာ ထူးခြားလျက် ရှိ၏ ။ လာရောက်ပိုးပန်းသည်လည်း မဟုတ်ဘဲ အကြော်မှာပြီးသည်နှင့် သမီးဖြစ်သူအား ထပ်မံ မကြည့်တော့၍ သတိထားမိခြင်း ဖြစ်သည်။
လှေတော်သားလည်း ဟုတ်ပုံမရ၊ လေ့ကျင့်နေသူ လှေထိုးသားများမှာ အဖွဲ့လိုက်သာ လာတတ်သည်။ ရွာမှ လာပြိုင်သူများနှင့် အားပေးကြသူများမှာလည်း အဖွဲ့လိုက်သာ လာကြမြဲ ဖြစ်၏ ။ တစ်ယောက်ချင်း လည်ပတ် စားသောက်တတ်သူမှာ ရှားပါးလေ့ ရှိရာ ထိုသူမှာ တစ်ဦးအပါအဝင် ဖြစ်သည်။ ဆွေမျိုးတစ်ဦးသာ ရှိသော ရွာသား မဟုတ်လျင် လှေပြိုင်ပွဲ မဝင်သည့် အကြပ်၊ ဗိုလ် တစ်ဦးဦးဖြစ်ရမည်ဟု ဦးအံ့ ကောက်ချက်ချထားမိ၏ ။
နောက်ထပ် သတိထားမိသူများမှာ ဗိုလ် ဂါမဏိကြီးနှင့် သူ၏ သွေးသောက် ကျော်ထင်တို့ ဖြစ်သည်။ ဂါမဏိကြီးသည် ထောင်စုဗိုလ်ဖြစ်ပြီး ကျော်ထင် ဦးစီးနေသည့် ပြိုင်လှေကြီး မင်္ဂလာသိဒ္ဓိကို လာရောက်ကြည့်ရှု အားပေးလေ့ ရှိ၏ ။ ဂါမဏိကြီးက အေးဆေးသလောက် ကျော်ထင်က အသံကျယ်ကာ ကြွားဝါတတ်သည်။ သူတို့ ပြိုင်လှေကြီးများအတွဲတွင် သူသာ ဗိုလ်စွဲရမည်ဟု နေ့စဉ် ကြုံးဝါးပြောဆိုတတ်သဖြင့် မှတ်မိနေရသည်။
လှေပြိုင်ပွဲ နီးလာသည့် တစ်ရက်တွင် ညနေပိုင်း လူရှင်းချိန်များတွင်သာ လာလေ့ရှိသည့် လူငယ်အား ဧည့်ခံရင်း ဦးအံ့က သူ့အနီးရှိ ထင်းတုံးတစ်တုံးကို ထောင်၍ ထိုင်လိုက်သည်။ လူငယ်ကတော့ ထင်းခွဲခြမ်းတစ်ခုကို မှောက်လျက် ဖင်ခုထိုင်ထားပြီး ထုံးစံအတိုင်း မုန့်ဆီကြော်စားရင်း တစ်စုံတစ်ခုကို တွေးငေးနေသည်။ ဦးအံ့က ခေတ္တစောင့်၍ အသံပြုလိုက်၏ ။
"အဟမ်း.. တူမောင် လှေပြိုင်ပွဲ လာအားပေးတာလား"
လူငယ်က မကြား၊ သူ့ပြောသည်ဟု မထင်၍လည်း ဖြစ်မည်။ မုန့်ဆီကြော် အဖြူကို ထန်းလျက်ရည် တို့နေသည်။ ဦးအံ့က ထပ်မံ၍
"ဟေ့.. သူငယ်"
ထိုအခါမှ ယောင်ယမ်း မော့ကြည့်သည်။ သူ့ကို တည့်တည့် ကြည့်နေသည် မြင်သောအခါ
"ခင်ဗျာ"
"လှေပြိုင်ပွဲ လာအားပေးတာလားလို့ မေးနေတာကွဲ့"
"ဗျာ.. ဟုတ်ကဲ့"
"ဘယ်ရွာကများလဲ"
"အဲ.. ဟိုဒင်း"
လူငယ်မှာ ရုတ်တရက် အမေးခံလိုက်ရ၍ အူကြောင်ကြောင် ဖြစ်နေပုံရသည်။ အတွေးစ ပြတ်သွားခြင်းကြောင့်လည်း ဖြစ်မည်။
"အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် တူမောင်"
"ဟာ.. မဟုတ်ပါဘူး။ ဘာဖြေရမှန်း မသိလို့ပါခင်ဗျ။ ကျွန်တော်က ရွာကနေ လှေပြိုင်ပွဲ လိုက်လာတာ မဟုတ်ပါဘူး။ နေပြည်တော်က လာတာပါ"
"သြော်"
ပုံသဏ္ဍာန်က မင်းဆွေမင်းမျိုးလည်း မဟုတ်နိုင်။ အဝတ်အစားမှာ သူဌေးသူကြွယ် ကြေးရတတ်ပုံ မပေါ်၍ မင်းမှုထမ်းဟုပင် ယူဆရတော့မည်။
"မင်းမှုထမ်းလားကွဲ့"
"ဟုတ်ကဲ့"
ရေနွေကြမ်း ငှဲ့နေသည့် လူငယ်က မော့မကြည့်ဘဲ ဖြေသည်။
"မယ်စန်းရေ၊ အမေကြီး ရေနွေးဆူပြီလားကွဲ့"
"ဆူနေတာကြာပြီ တော်ရေ၊ လာယူလှည့်"
ဦးအံ့က ထသွားပြီး လူငယ်လေး၏ စားပွဲပေါ်မှ အဖန်အိုးကို ယူကာ မီးဖိုနောက် သွား၍ လက်ဖက်ခြောက်ခပ်၊ ရေနွေးဖြည့်လိုက်သည်။ ထို့နောက် ပြန်လာပြီး
"စုံစမ်းတာ စိတ်မရှိနဲ့နော့၊ ငါတူက ငယ်သေးတော့ မင်းမှုထမ်းနဲ့ မတူလို့ မေးကြည့်တာ"
"ဟုတ်ကဲ့၊ ရပါတယ် ဦးကြီး"
"ဝင်မပြိုင်ဘူးလား"
"ဟုတ်ကဲ့"
"ဘာလို့ မပြိုင်သလဲ၊ မင်းတို့လို အရွယ်ကောင်းဆို အားလုံးက ပြိုင်ချင်နေကြတာပဲ။ လှေလှော်တတ်ရဲ့ မဟုတ်လား"
"လှော်တတ်ရုံလောက်ပါပဲ။ ပြိုင်ရလောက်အောင် မဟုတ်ပါဘူး"
"သြော်.. သြော်"
ဟု ဆိုပြီးမှ
"မလှော်တတ်လည်း ကျင့်ပေါ့ကွ၊ ရတာပဲ"
"ဟုတ်ကဲ့"
"ခုမှတော့ မမီတော့ပါဘူး။ နောက်တစ်ပတ် ဆိုရင်ပဲ လပြည့်တော့မယ်"
"ဟုတ်"
"ဦးကြီး သားကတော့ ပြိုင်ချင်လွန်းလို့ လက်သင်လှေလေးကို ကျင့်လိုက်ရတာ အမော၊ ခုလည်း အားတုန်း ညနေပိုင်း ကျင့်တဲ့ တစ်စီးစ နှစ်စီးစကို သွားကြည့်နေလေရဲ့"
ပြောရင်း ဦးအံ့က လူငယ်၏ ထန်းလျက်ရည်ခွက်ကို ကြည့်လိုက်သည်။ အကပ်သာ ကျန်သဖြင့် ထ၍ ဖြည့်ပေးသည်ကို လူငယ်က လိုက်ကြည့်နေ၏ ။ ဦးအံ့ပေးသော ခွက်ကို လက်နှစ်ဖက်ဖြင့် ယူလျက်
"ဦးကြီးသားက အသက် ဘယ်လောက် ရှိပြီလဲခင်ဗျ"
"ခုမှ ၁၂ ထဲ ဝင်မှာ မောင်"
"ငယ်သေးတာပဲ။ ကျွန်တော်က ဆယ့်သုံး ဆယ့်လေးလောက် ထင်တာ။ ထွားတာပေါ့"
"ထွားတယ်မောင်၊ အလုပ်လည်း တအားလုပ်ရတာကိုး။ အခု ပွဲချိန်မို့ အကြော်လာရောင်းတာ။ ပြီးရင် ယာထဲ လိုက်ရတော့မှာ။ သူကတော့ တောအလုပ် တောင်အလုပ်တွေ စိတ်မဝင်စားပါဘူး။ ထိုးကွင်းထိုးပြီးရင် စစ်ထဲလိုက်မယ်ပဲ ဆိုနေတာ မောင်ရဲ့"
"သြော်"
လူငယ်က ဦးအံ့မျက်နှာကို ဖျတ်ခနဲ ကြည့်သည်။ ဂုဏ်ယူနေသည့်ဟန် ပေါ်လွင်နေပေလိမ့်မည်။
"ဦးလည်း တစ်ချိန်က မင်းမှုထမ်းပဲကွဲ့"
"ဟုတ်လား၊ ကောင်းပါတယ်"
"အင်း.. အင်း၊ နေဦး"
လှေထိုးသားတစ်ဖွဲ့ စားပွဲဝိုင်းများတွင် ထိုင်လိုက်ကြသဖြင့် ဦးအံ့ အလုပ်များသွားသည်။ ဇနီး မယ်စန်းရော၊ သမီး ခင်လတ်ပါ အဆက်မပြတ် ကြော်နေရပြီ။ ဖိုးခွေးပြန်လာသဖြင့် တော်တော့သည်။ နေဦး ဆိုသော်လည်း လူငယ်မှာ မနေပါ။ ဖိုးခွေးကို ခေါ်လျက် ငွေရှင်းပြီး နှုတ်ဆက် ထွက်သွားသည်ကိုပင် ဦးအံ့ အေး၊ အေး ဟုသာ ပြောလိုက်ရ၏ ။
လှေပြိုင်ပွဲကား နီးလာပြီ။ လူများလည်း ပိုစည်လာ၏ ။ ရွာများမှ လှေဝိုင်း လှည်းဝိုင်းများစွာ ရောက်ရှိလာကြသည်မှာ မြို့ကြီးတစ်မြို့စာမျှ ရှိသည်။ တစ်ရွာလျင် အနည်းဆုံး ဆယ်စီးမှ အချို့ ရွာလုံးကျွတ် လာကြသည်လည်း တွေ့ရ၏ ။ လောင်းကစား မလုပ်ရဟု အမိန့်ထုတ်ပြန်ထားသော်လည်း အချင်းချင်း ကြိတ်၍ သူ့ရွာ ကိုယ့်ရွာ လောင်းကြသည်များကတော့ အထိုက်အလျောက် ရှိမြဲ။ အချို့ မိမိတို့လှေကို ယုံ၍ စည်းစိမ်ပြုတ် လောင်းကြသည် ဟူ၏ ။ အများစုကတော့ တပိုင်တနိုင် စု၍ လောင်းကြသည်။ ဦးအံ့၏ ဆိုင်ကိုလည်း ထိုကဲ့သို့ လောင်းသူများ ရောက်လာတတ်၏ ။
လှေပွဲ မစမီ ၂ ရက်အလိုတွင် ဂါမဏိကြီးနှင့် သွေးသောက် ကျော်ထင်တို့ နေ့ခင်းဘက် ဦးအံ့ဆိုင် ရောက်လာကြ၏ ။ ညနေပိုင်းတွင်သာ လာတတ်သော သူငယ်သည်လည်း ထူးထူးခြားခြား လက်ပံပင်အနောက် စားပွဲတစ်ခု၌ အဖော်တစ်ယောက်နှင့် ထိုင်နေသည်။ အခြားရွာများမှ လှေသမားများလည်း ရှိနေစဉ် ကျော်ထင်၏
"ကျုပ်တို့ မင်္ဂလာသိဒ္ဓိကို နိုင်မယ့်လှေတော့ ခုထိ မြစ်ဧရာထဲမှာ မတွေ့သေးဘူးဗျာ့"
ဟူသည့် အသံက ကျယ်သွားသဖြင့် အခြားဝိုင်းများက လှည့်ကြည်ကြသည်။ မခံချင်သော ရွာသားတစ်ဦးက
"ဆရာကြီးလှေက စကျင်း ဘယ်နှလံလဲ"
"အလျား ရှစ်လံ၊ သုံးကျိပ်စီး ပြိုင်လှေကြီး"
"ဒါဆို ကျုပ်တို့ ခေါင်ဖျားနဲ့ အတူတူပဲ။ ဆရာကြီးလှေနဲ့ ကျုပ်တို့ နှောတောလှေ ပြိုင်မလား"
"မင်းတို့လှေက ဘယ်ဟာလဲ၊ အဖြူ အနီကြားနဲ့ဟာလား"
"မဟုတ်ဘူး၊ အပြာရောင်၊ ထိပ်မှာ ကြက်တူရွေးရုပ်နဲ့။ ဖြူနီကြားက ဆမိတ်ခုံက ဇေယျဝတီ လှေ"
"အပြာရောင် ခေါင်ဖျား ဆိုတာ သတိတောင် မထားမိဘူး။ တော်ဝင်လှေနဲ့ ပြိုင်နိုင်ပါ့မလား"
"ဟာ.. ယှဉ်ပြီးမှ သိမယ်။ ရေခွဲကောင်းလိုက်သာမှ လှစ်လှစ်ပါအောင် ဒုန်းပြေးသာ၊ ကျုပ်တို့နယ်မှာတော့ နာမည်ကြီးပဲ"
"ဒါပေမယ့် ကျုပ်တို့ ရွေးတော်သားတွေကိုတော့ မနိုင်လောက်ပါဘူးဗျာ"
"ကြေးထပ်ဗျာ"
"ဘယ်လောက်လဲ"
သူတို့ နှစ်ဝိုင်းအသံကြောင့် စားပွဲအားလုံးမှ နားစွင့်နေကြသည်ဖြစ်၍ ကျော်ထင်နှင့် မျက်စောင်းထိုး စားပွဲတွင် ရှိနေသော ဂါမဏိကြီးက လှမ်းဟန့်သည်။
"ကျော်ထင်"
"ဘုရား"
"တန်တော့.. သွားကျင့်ချေတော့။ ရက်မလိုတော့ဘူး"
ကျော်ထင် ထသွား၏ ။ နှောတောရွာသားကို အချိန်မရွေး လာခဲ့ဟု ပြောသွားသဖြင့် ထိုစားပွဲဝိုင်းမှ လူများ ထ လိုက်သွားကြသည်။ အခြားစားပွဲများစွာက သူတို့ကို လိုက်ကြည့်နေကြရာ ဂါမဏိကြီးက စိတ်ပျက်လက်ပျက်ဖြင့်
"ဒီကောင်နဲ့တော့ ခက်တာပဲ"
ဟု ဆိုကာ လိုက်သွားရသည်။ ကျော်ထင်က ခွာသွားသော လှေတော်ကို ကမ်းထိပ်မှ ရပ်ကြည့်နေသလို ရွာသားများကလည်း မလှမ်းမကမ်းမှ အကဲခတ်နေကြသည်။
"ကျော်ထင်၊ နင်တော့ ရာဇဝတ်သင့်တော့မှာပဲ။ လူထူထူကြားမှာ လောင်းကစားမလို့လား ငမိုက်ကောင်"
"ကျွန်တော်မျိုးက လောင်းချင်လို့ မဟုတ်၊ ရွာသားတွေက လာစိန်ခေါ်လို့ အောက်ကျမခံ ပြန်ပြောရုံပါ"
"အကြော်ဖိုမှာ ထိုင်နေကြတဲ့အထဲ နင့်ပြိုင်ဘက်တွေလည်း ပါတယ်ဟဲ့"
"မှုစရာမရှိပါဘူး။ မင်္ဂလာသိဒ္ဓိရဲ့ လှေတော်သားတွေ အစွမ်းကို ကျွန်တော်မျိုး စိတ်ချပြီးသားပါ"
"နင် လောင်းကစားနေတယ် ဆိုတဲ့သတင်း ပေါက်ကြားသွားရင် နင့်လှေ မပြိုင်ရလား"
"ကျွန်တော်မျိုး သတိလက်လွတ် ပြောမိတာပါ။ မလောင်းတော့ပါဘူးဘုရား"
"အေး၊ အပြောအဆို ဆင်ခြင်ကွဲ့။ ကိုယ့်လှေ ကောင်းပေမယ့် ပြိုင်ဘက်တွေကိုလည်း မပေါ့နဲ့"
ရွာသားများကတော့ ကျော်ထင်နှင့် လှေမလောင်းရတော့သဖြင့် သိပ်မကျေနပ်ကြ။ ဂါမဏိကြီးက ငေါက်လိုက်မှ ကြောက်သွားကြပြီး မိုက်မှားမိသည်ကို ပြန်လည် တောင်းပန်ကြ၏ ။ မင်္ဂလာသိဒ္ဓိကိုလည်း ချီးကျူးကြ၏ ။
"လှေကတော့ လှေပေါ့လှေလျင်ပဲ"
"ဒါပေါ့၊ ဦးကိုကြည့်ပါလား။ ကြက်ရင်အုပ်ကလေးလို ဖောင်းနေသာ လှေဝမ်းက ဝက်ကျောဆိုသာ ပြေးမကြည့်ဘဲတောင် ပြောနိုင်သယ်"
"တော်ပါကွာ၊ မင်းက ချက်ချင်း ပြောင်းသွားသာပဲ"
"လှေတွေအားလုံးတော့ သူမသာ ကိုယ်မကျော ဘယ်လှေမှ တစ်လားသာမယ့်ပုံ မပေါ်ဘူးမောင်တို့"
လောင်းကစား မပြုလုပ်တော့တာ သေချာမှ ဂါမဏိကြီး ပြန်ခဲ့သည်။ ကျော်ထင်ကတော့ သူကိုယ်တိုင် ပန်းဆွတ်ကျင့်ရန် လှေဦးမှ ပါသွား၏ ။

Written by သင်္ခရာဇာ

End date: November 10, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...