Translate

Showing posts with label အမာခံဗိုလ်. Show all posts
Showing posts with label အမာခံဗိုလ်. Show all posts

အမာခံဗိုလ် (ဇာတ်သိမ်း)

သင်္ဘောကုလားတို့မှာ စစ်သုံးဘက် ညှပ်မိနေတော့သည်။ အနောက်မျက်နှာတွင် များပြား ရှုပ်ထွေးသော မြင်းတပ်များ၏ အန္တရာယ်နှင့် တွေ့နေရသလို မြောက်မျက်နှာမှ အလုံးအရင်းနှင့် တက်လာသည့် ရေတပ်သားတို့ ရန်ကိုလည်း ပြေးလွှား ကာကွယ်ကြရပြန်သည်။ တောင်ဘက်တွင်မူ နှစ်ဘက်တပ်များ အင်အားကောင်းစွာ ပစ်ခတ်တိုက်ခိုက်နေကြ၏ ။

အမြောက်များကိုသာ အဓိကထား ဖျက်ဆီးနေကြသော မြင်းတပ်မှာ မြို့ကို တက်မည့်အဟန် မရှိ။ တဖြည်းဖြည်း တောင်ဘက်တိုက်ပွဲသို့လည်း ရွေ့သွားကြသည်။ ထို့ကြောင့် ခံတပ်ပေါက်လုနီးပါး ဖြစ်နေသည့် မြောက်မျက်နှာအား အရှေ့ဘက် ပင်လယ်ထဲ ရပ်နေသော စစ်သင်္ဘောတို့က ပစ်ကူ ပေးနေရသည်။ ထိုစဉ် တောင်ဘက်မှ ရွေ့လာသော မြန်မာအမြောက်အချို့က အရှေ့ဘက် ပင်လယ်စပ်ရှိ သင်္ဘောတစ်စင်းကို နှစ်မြှပ် ဖျက်ဆီးလိုက်သည်။
စစ်သင်္ဘောတို့ အရှေ့မြောက်ဘက်သို့ ရွေ့ကြချေပြီ။ မြောက်ဘက် ရေလမ်းမှ တက်ရသူတို့ ပိုမိုခက်ခဲသွား၏ ။ မင်းလှမင်းခေါင်သာ ဖြစ်ပါက ခံတပ်ပေါက်၍ တပ်တွင်း ရောက်နေပေလိမ့်မည်။ မင်းရဲကောင်းပုံကတော့ အနောက်မှသာ ကွပ်ကဲစည်းကြပ်နေသည် ဖြစ်၍ ထင်သလောက် မပေါက်။ ကျလုဆဲဆဲ မြောက်မျက်နှာကို အင်္ဂလိပ်တို့ ပြန်လည် ထိန်းသိမ်းသွားနိုင်ခဲ့၏ ။
မြို့စီးပြစီး နည်းပါးသွားသည့် တောင်တပ်ကို ဝင်တိုးသည့် လူအချို့လည်း ကျသွားကြ၏ ။ နှစ်ဖက် အကျအဆုံး များသဖြင့် အချိန်ကြာလေလျင် ပြန်လည် ဆုတ်ခွာခဲ့ကြ၍ မင်းလှသီရိနှင့် ငစံတို့ ရှိရာ ဟိုင်းကြီးကျွန်း အနောက်တောင်အရပ်သို့ မင်းရဲကောင်းပုံ ပေါင်းလာသည်။ သူတို့ အတွက်အချက်၊ အတိုက်အခိုက် မှားယွင်းခဲ့သည်တို့ကို သုံးသပ် ဆွေးနွေး တင်ပြကြ၏ ။
မင်းလှသီရိက မင်းရဲကောင်းပုံ ရဲစွမ်းသတ္တိ နည်းသည်ကို အပြစ်တင်၍ မင်းရဲကောင်းပုံကလည်း ပင်လယ်ရေတပ်ကို နှစ်မြှပ်ဖျက်ဆီးလိုက်သည့် မင်းလှသီရိတပ်ကို စွပ်စွဲ၏ ။ ငစံကမူ သူ့တပ်များ တောင်ဘက်သို့ ပေါင်း၍ စစ်မြှူသည်၌ မြို့တွင်းသားတို့ တပ်လေးမျက်နှာရှိသည့်အနက် နှစ်ဘက်ကိုသာ အာရုံစိုက်ရတော့သည့်အတွက် အချိန်မီ ခုခံနိုင်ခဲ့ကြောင်းဖြစ်သည်ဟု တွက်ဆသည်။
သူတို့ ၃ ဦး မွန်းတိမ်းတိုက်ပွဲအတွက် ကြံစည်နေကြစဉ် အင်္ဂလိပ်သံ ကပ္ပတိန် ဆောက်သဘီ ရောက်လာ၍ ယခု တိုက်ပွဲမှာ မြန်မာတို့နှင့် အချင်းချင်း အထင်မှား အမြင်မှား တိုက်ခိုက်ကြခြင်းသာ ဖြစ်ပါကြောင်း၊ မိမိတို့က တိုက်ခိုက်လိုစိတ်မရှိ၊ မြန်မာတို့ကိုလည်း ထိခိုက်နစ်နာစေရန် မရည်ရွယ်ပါကြောင်း၊ မိမိတို့မှာ အေးဆေးစွာ ထွက်ခွာသွားကြတော့မည် ဖြစ်ရာ ဆက်လက် မတိုက်ခိုက်ဘဲ စစ်ပြေငြိမ်းလိုပါကြောင်း အလောင်းဘုရားထံ သံတော်ဦးတင်လိုသည်ဟု တောင်းဆို၏ ။
နေမဝင်မီ အကြောင်းပြန်မည်ဆိုကာ ဆောက်သဘီကို ပြန်လွှတ်လိုက်ကြသည်။ မင်းလှသီရိက မင်းတရား အမိန့်တော်အတိုင်း ဆက်လက် ဝိုင်းရံ တိုက်ခိုက်လိုသည်။ မင်းရဲကောင်းပုံက မတိုက်လို၊ နှစ်ဖက် အကျအဆုံးများမည်ဖြစ်၍ ပရိယာယ်ပြုကာ မြို့တွင်းဝင် လုပ်ကြံမည် ဆိုသည်။ စဉ်းလဲသည်ကို ငစံ မကြိုက်သော်လည်း ပြောနိုင်သည့် အခွင့်မရှိ။ မင်းလှသီရိကိုသာ ကြည့်သည်။ မင်းလှသီရိ ကန့်ကွက်သော်လည်း မင်းရဲကောင်းပုံက
"ဘဝရှင် မင်းတရား မိန့်တော်မူသည်မှာ ဟိုင်းကြီးကျွန်းကို တိုက်ခိုက်သိမ်းပိုက်၍ တစ်စမကျန် မီးရှို့ဖျက်ဆီးခဲ့ရန်ပင် ဖြစ်သည်။ မည်သို့ ပြုရမည်မဆို။ အရေးတော် ပြီးပြေသည်သာ လိုရင်းဖြစ်၏ ။ မင်းလှမင်းခေါင်အစား ကျွန်ုပ်ကို အလုံးစုံ အပ်နှင်းလိုက်သည်။ ထို့ကြောင့် ယခု ကျွန်ုပ် ကြံမည်။ သင်တို့ ကြံစည်၍ တိုက်သမျှလည်း အရေးမရ။ အခွင့်ရခိုက် အထိအပါးနည်းအောင် ပြုရမည်"
ဆိုသဖြင့် လက်ခံလိုက်ကြရသည်။ မှောင်ရီပျိုးလျင် အလောင်းမင်းကြီးထံ အကြောင်းကြားပြီးဟန်ဖြင့်
"အလောင်းမင်းတရားထံမှ စာပြန်လိုက်သည်။ နံနက်တွင် မစ္စတာဆော့သဘီနှင့် တွေ့၍ စာပေးပါမည်။ အသင့်ပြင်ဆင် စောင့်နေစေလိုသည်"
ဟု စာပို့လိုက်၏ ။ အင်္ဂလိပ်တို့ကလည်း ကျွန်းသစ်များကို သင်္ဘောတွင် တင်လျက် စောင့်နေကြသည်။ နံနက် ၉ နာရီခန့်တွင် မင်းရဲကောင်းပုံနှင့် တင်ကျည်းကိုင် လူကောင်း ၁၀၀ မြို့တွင်းဝင်သွားလျက် မင်းရဲကောင်းပုံက ဟိုင်းကြီးကျွန်း တာဝန်ခံများဖြစ်သည့် ရော့ဘ်၊ ဟုတ်၊ ဘရွတ်၊ ဆောက်သဘီတို့နှင့် နံနက်စာ အတူစားရန် ပြင်၏ ။
မင်းရဲကောင်းပုံ၏ နောက်ပါ ကိုယ်ရံတော်များမှာ ဓား လှံ သေနတ်မပါ၊ တုတ်များကိုသာ ကိုင်ထားသည်ဖြစ်၍ အင်္ဂလိပ်တို့က အလေးမထား၊ ဝင်ခွင့်ပြုလိုက်ကြသည်။ စခန်းမှူး သောမတ်စ် နယူတန်မှာမူ ကာလကတ္တားသို့ ပြောင်းရွှေ့သွားလေပြီ။ အလောင်းဘုရား၏ တင်ကျည်းကိုင်တပ်အကြောင်း နဖူးတွေ့ ဒူးတွေ့ မကြုံဖူးခဲ့ကြသဖြင့် စိုးရိမ်ကြောက်လန့်နေခြင်း မရှိ။ သို့သော် သူရဲ ၁၀၀ ကိုတော့ အစောင့်များက ဝိုင်းထားကြ၏ ။
ကျွန်းသစ်များကို သယ်ရန်လာသည့် သင်္ဘော၏ ကပ္ပတိန် ဆောက်သဘီနှင့် အရာရှိများက မြန်မာမင်း၏ ကိုယ်စားလှယ်တော် မင်းရဲကောင်းပုံကို နံနက်စာ တည်ခင်းဧည့်ခံသည်။ ဟိုင်းကြီးကျွန်း ဂေါ်ရာတပ်များကို ကွပ်ကဲသော ဗိုလ်ချုပ်နှင့် သူ၏ လူယုံ ဂျွန်နသန်မှာ သင်္ဘောထွက်ရန် ပြင်ဆင်နေကြသဖြင့် ဆင်းမလာနိုင်။ သင်္ဘောကုလား အရာရှိ လေးဦးအား အလောင်းမင်းတရားထံမှ ပေးဟန် စာအတုကို မင်းရဲကောင်းပုံက ထုတ်ပေးပြီးလျင် ပြန်စာ ယူခဲ့ရမည်ဟု ဆောက်သဘီကို ကပ်ပြောသည်။
ကပ္ပတိန် ဆောက်သဘီလည်း ပြန်စာရေးမည် ပြုရာ လူအများက သူ့ထံ အာရုံစိုက်နေချိန် မင်းရဲကောင်းပုံက မြန်မာတပ်သားတို့အား အချက်ပြလိုက်၏ ။ ချက်ချင်း တင်ကျည်းစွဲ လက်ရွေးစင်လူတစ်ရာတို့ ဝင်ရောက် ထိုးခုတ် ရိုက်နှက်ကြသောကြောင့် မည်သူမျှ မပြေးနိုင်။ ကပ္ပတိန် ဆောက်သဘီနှင့် အရာရှိ သုံးဦးစလုံး စားပွဲ နေရာတွင်ပင် ပွဲချင်းပြီး သေလေသည်။
သင်္ဘောသားတစ်ဦးသည် ဒဏ်ရာပြင်းစွာနှင့် ဆိပ်ကမ်းသို့ ပြေးလာပြီး 'မြန်မာတွေ သတ်ကုန်ပြီ' ဟု နှစ်ကြိမ်ခန့် ဟစ်အော်လိုက်နိုင်သည်။ ချက်ချင်း မြန်မာနှစ်ဦး နောက်မှ ပြေးလိုက်လာပြီး သင်္ဘောသားအား ရက်ရက်စက်စက် ထိုးရိုက် သတ်ဖြတ်နေကြသည်ကို သင်္ဘောပေါ်မှ လူများ အလန့်တကြား မြင်လိုက်ကြရ၏ ။
အခြေအနေ မဟန်သဖြင့် ရွက်များကို အလျင်အမြန် ချ၍ သင်္ဘောထွက်ရန် အသင့်ပြင်လိုက်ကာ လွတ်လာမည့်သူအချို့ကို စောင့်နေစဉ် မြန်မာတပ်သားများ ခံတပ်ပေါ် တက်လာပြီး အမြောက်သားတို့ကို ရိုက်နှက်၊ အမြောက်များ လှည့်၍ သင်္ဘောကို ပစ်ခတ်လာသောကြောင့် မည်သူ့ကိုမျှ မစောင့်နိုင်တော့ဘဲ ကမ်းမှ အပြင်းခွာရလေတော့သည်။
မင်းရဲကောင်းပုံ ဦးစီးသော လက်ရွေးစင် ၁၀၀ ကတော့ ဟိုင်းကြီးကျွန်း တစ်တပ်လုံးကို တစ်ယောက်မကျန် သတ်ဖြတ်နေကြပြီ။ မင်းလှသီရိနှင့် ငစံတို့ ကြည့်၍သာ နေကြသည်။ တိုင်းတစ်ပါးသားချင်း၊ အကောက်ချင်း တွေ့ကြသည်ဖြစ်ရာ ဝင်မပါလို။ တံခါးပိတ်၍ ပုန်းနေသည့် ရောဘတ်ဆန် နှင့် စစ်သားသုံးဦးကိုလည်း တံခါးဖွင့်ပေးလျင် မသတ်ဟု ဆိုကာ ဆွဲထုတ်လာ၍ လှံနှင့်ထိုး ကွပ်မျက်လိုက်သည်ကို ရွံရှာစက်ဆုပ်စွာ မျက်နှာလွှဲသွားကြသည်။
"အေး.. လုပ်လိုက်ကွ"
မင်းလှသီရိစကားကို ငစံက
"လိုက်လည်း လိုက်တဲ့ လူတွေဗျာ"
ဟု ရေရွတ် စုတ်သပ်၏ ။
"ကိုရင် ငစံတော့ အဲဒီလို မလုပ်နဲ့ဗျ"
အင်္ဂလိပ်တို့၏ အလောင်းများကို နင်းထားကြသည့် တပ်သားများနှင့် မင်းရဲကောင်းပုံအား ကြည့်လျက်
"ကတိမတည်ရင် ဘယ်တော့မှ မထွန်းပေါက်နိုင်ဘူး။ အောင်မြင်လည်း ခဏပဲ။ ဒါ အတုယူစရာ မဟုတ်ပါဘူး"
ဟိုင်းကြီးကျွန်းမှာ အိမ်တစ်လုံးမကျန် မီးလောင်တိုက် သွင်းခံလိုက်ရသည်။ ငစံသည် ထိုမြင်ကွင်းကို ကြည့်ရင်း တောင်ငူခေတ် ငါးဆူဒါယိကာ နန္ဒဘုရင်လက်ထက်တော်၌ ရခိုင်တို့ စစ်ကူခေါ်လာခဲ့သော ပေါ်တူဂီ ကြေးစားတပ်က ဘုရင့်နောင်မင်းတရားကြီး တည်ခဲ့သည့် ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးအား မီးတင်ရှို့နေပုံကို မြင်ယောင်လာမိသည်။ ဤသို့ အကျင့်ရှိသူများ ရောနှောပါဝင်နေသည့် တည်ထောင်စ မြန်မာနိုင်ငံတော်ကြီး၏ ရှေ့ရေးကိုလည်း ရင်လေးမိရသည်။
မည်သို့ဆိုစေ မင်းရဲကောင်းပုံကတော့ အလောင်းမင်းတရား အထူးယုံကြည် ကိုးစားရသည့် သူရဲတော်ကြီး ဖြစ်သွားခဲ့လေသည်။ ငစံနှင့် မင်းလှသီရိတို့မှာကား ပွဲမရ။ လုပ်ကြံရေးကြံ စီမံကြပုံ၊ ခင်းကျင်း ပြင်ဆင်ကြပုံနှင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပုံတို့ကို မင်းလှမင်းခေါင်နှင့် မင်းလှသီရိတို့ လျှောက်တင်ပေးကြ၍သာ လက်ျာဘီလူး အမည်ကို ပြန်ရသည်။ မင်းလှမင်းခေါင် လက်အောက်တွင် သူ့တပ်သားများနှင့် ပြန်လည်ဆုံစည်းခွင့် ရသည့် တပ်မှူးတစ်ဦး ပြန်ဖြစ်လာခဲ့လေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxx
.
ထိုအချိန်တွင် ကပ္ပလီပင်လယ်ပြင်ထဲ၌ ရွက်လွှင့်နေသော ရှက်စ်ဘဲရီး ဟူသည့် သင်္ဘောတစ်စင်းပေါ်တွင်
"တောက်.. ငါတို့ကို စံနစ်တကျ ပြင်ဆင်ပြီး အကွက်ကျကျ တိုက်သွားတာရော၊ ပရိယာယ်နဲ့ ပြန်လှည့်ဖျားပြီး ကပ္ပတိန်တို့ကို လုပ်ကြံသွားတာရော တွေးမိတိုင်း နာလှတယ်ကွာ"
"ညက ကျွန်ုပ် ပြောခဲ့သားပဲ။ အဲဒီ မြင်းတပ်ကို ဦးဆောင်လာသူဟာ ဒဂုံမှာ ကျွန်ုပ်ကို ခေါ်စစ်တဲ့ ဗိုလ်မှူးပါပဲ လို့။ ဒဂုံကတည်းက သူ့မှာ ခုလိုတိုက်ဖို့ အကြံအစည် ရှိနေလို့ ခေါ်မေးခဲ့တာဖြစ်မယ် လို့ မပြောခဲ့ဘူးလား"
"ဟ.. မင်းပြောခဲ့တာက ဗိုလ်မှူးတဲ့၊ အခု မြင်ရတာက တပ်သားလိုပဲဆိုတော့ တူရုံ တူတာ ထင်လို့ပါဆို"
"တူတာမဟုတ်ဘူး ဗိုလ်ချုပ်၊ သူမှ သူ အစစ်။ ဒဂုံမှာတုန်းက စစ်ဝတ်စစ်စားနဲ့မို့သာ အရာရှိမှန်း သိရတာ သူ့ပုံစံက ရိုးရိုးအေးအေးပဲ။ ခုလည်း ကျွန်ုပ်တို့ မမှတ်မိအောင် ပြုသလား၊ လိုအပ်လို့ လုပ်သလားတော့ မသိဘူး။ သူ့ တွေးတောလုပ်ဆောင်ပုံတွေက ကြောက်စရာကောင်းတယ်လို့ သတိပေးနေခဲ့တာပဲ"
"ဟုတ်တယ် ဂျိုနသန်၊ ညက ဒီလူတွေကို မယုံဖို့ မင်းပြောတော့ မြန်မာတွေ ဒီလို မလုပ်လောက်ပါဘူးလို့ ထင်ခဲ့မိတယ်။ လျှော့တွက်ခဲ့မိတယ်။ သူတို့ထဲမှာ ပေါ်တူဂီတစ်ကောင် ပါနေတာလည်း မသိခဲ့ရဘူး။ မနက် ဆောက်သဘီပြောမှ သိလို့ သင်္ဘောပေါ်က မဆင်းမိတာပဲ မှန်သွားတယ်"
"ခုတော့ ဘာတတ်နိုင်တော့မှာလဲ။ ကုမ္ပဏီကျရင် ကျွန်ုပ်တို့တောင် ကံကောင်းလို့ လွတ်လာကြောင်း ပြောပြီး ဆူပူပြစ်တင်တာ ခံရတော့မှာပဲ။ အလုပ်တော့ ပြုတ်မယ် မထင်ပါဘူး။ ဗိုလ်ချုပ်တော့ ရာထူး လျှော့ချခံရနိုင်တယ်နော်"
"ဟုတ်ပါ့ကွာ.. တောက်၊ ဒီ မြန်မာတွေ လုပ်တာ။ ငါတို့ကို ပြန်ပြီး အကွက်ချသွားတာ အသည်းအနာဆုံး"
"ကျွန်ုပ် ပြောခဲ့သားပဲ။ အဲဒီ မြန်မာမင်းရဲ့ အမာခံဗိုလ် ပါလာကတည်းက"
"တော်ကွာ၊ တော်.. တော်။ ကျွန်ုပ် ပြောခဲ့သားပဲ၊ ပြောခဲ့သားပဲ ဆိုတာတွေ မကြားချင်တော့ဘူး"
ပြောပြောဆိုဆို စစ်အင်္ကျီအနီ၊ ဘောင်းဘီဖြူနှင့် ဆံပင်ဖြူ အခွေအလိပ်များ စွပ်ထားသော ဗိုလ်ချုပ်သည် သင်္ဘောကုန်းပတ်ပေါ်မှ အနောက်သို့ လျှောက်သွားပြီး အခန်းထဲ ဝင်သွားလေတော့သည်။
*ပြီးပါပြီ*


Written by သင်္ခရာဇာ

End date: August 14, 2021

အမာခံဗိုလ် (၄)

သို့သော် ဟိုင်းကြီးကျွန်းရောက်ရန် တစ်စခန်းသာ လိုတော့ချိန်တွင် စစ်သူကြီး မင်းလှမင်းခေါင်ထံသို့ အလောင်းမင်းတရား စေလွှတ်လိုက်သော တပ်များနှင့် ပါလာသည့် လျှို့ဝှက်ချိတ်ပိတ်အမိန့်စာတစ်စောင် ရောက်လာသည်။ စာမှာ ဤသို့ဖြစ်သည်။

"အရေးရှင် ဗိုလ်ချုပ် မင်းလှမင်းခေါင်ထံသို့ အလောင်းမင်းတရားကြီး ကြားရောက်လိုက်သည့် အမိန့်တော်၊ ယခုစာချွန်လွှာအား မည်သူ့ကိုမှ မပြရ။ မပြောရ။ မုတ္တမတွင် အစောင့်ခန့်သော ဒေါစွယ်ယစက်သည် လူပြေးတလပန်းနှင့် ပေါင်း၍ ထောင်ထားခြားနားမည် ကြံသည်ဟု ကြားသိတော်မူရသည်။ မင်းလှမင်းခေါင် ပုသိမ်သို့ အမြန်ပြန်ခဲ့ရမည်။ ယခု စေလွှတ်လိုက်သော ဗိုလ်မှူး မင်းရဲကောင်းပုံအား စစ်ရေး၊ အာဏာ၊ စိုင်းပြင်းထားသည်များ ကုန်စင်အောင် လွှဲအပ်ခဲ့ရမည်။ မင်းလှသီရိ၊ ငစံမိုက်တို့နှင့် တိုင်ပင်၍ လုပ်ကြံစေ"
ဗိုလ်တွန်မှာ တိုက်ရခါနီးမှ လှည့်ပြန်ရသဖြင့် တောက်တခေါက်ခေါက်။ မင်းရဲကောင်းပုံဘွဲ့ ချီးမြှင့်ခံထားရသူ ပေါ်တူဂီလူမျိုး အမြောက်ဗိုလ် အန်တိုနီယိုအား ခေါ်၍ ငစံကို အပ်ခဲ့ရသည်။ မင်းရဲကောင်းပုံကလည်း သန်လျင်မြို့တွင် မင်းထင်နော်ရထာကို ကြုံခဲ့ဖူးသည်ဖြစ်၍ ယခု သူ့လက်အောက် ရောက်လာသော်လည်း ရွံကြောက်ဖြစ်နေသည်။ သည်ကြားထဲ ဗိုလ်တွန်က ကြိမ်းသွားသေး၏ ။
"ငါ့လူ ငစံကို အငြိုးနဲ့ အနိုင်ကျင့်မယ်၊ ကောက်ကျစ်မယ် ကြံရင် မင်းကို ငါကိုယ်တိုင် ဟောဒီဓားနဲ့ ကွပ်မယ်။ မြဲမြဲမှတ်ထား"
ယိမ်းနွဲ့ပါးဓားကို အိမ်မှ ဆတ်ခနဲ ထုတ်ပြ၍ ချပ်ခနဲ ပြန်ထည့်လိုက်ရာ ဖြူဖွေးသော ဓားသွားမှာ ဝင်းလက်သွား၏ ။
"မကြံဝံ့ပါဘူး ဗိုလ်မင်း၊ ကျွန်ုပ် အလောင်းမင်းကြီးအပေါ် သစ္စာရှိတာ ဟောဒီက ကုန်းဘောင်တပ်သားတိုင်း သိပါတယ်"
မင်းလှမင်းခေါင်နှင့် တပ်တစ်တပ် ပြန်သွားပြီး မင်းရဲကောင်းပုံနှင့် လူ ၁၀၀၀၊ မင်းလှသီရိနှင့် လူ ၁၀၀၀ ကျန်ခဲ့သည်။ မင်းလှသီရိက မင်းရဲကောင်းပုံအား စစ်ဆိုင်ရန် ပြင်ဆင်ထားသည့် အစီအမံတို့အား ရှင်းပြ၏ ။ မင်းလှမင်းခေါင်၏ ရေတပ်နေရာတွင် မင်းရဲကောင်းပုံတပ်က အစားဝင်၍ မြို့ကို တက်ရန်ဖြစ်သည်။
ငစံကတော့ ဗိုလ်တွန်နှင့် အတူတွဲ မတိုက်ရတော့သော်လည်း အနှစ်နှစ်အလလ က ကျင့်ခဲ့သည်တို့ အချည်းနှီးမဖြစ်ဘဲ တိုက်ပွဲဝင်ခွင့်ရ၍ တော်သေးသည် ဆိုရမည်။ ယခင်က သူ၏ သန်လျင်မြို့စောင့် အမြောက်ဗိုလ် ဖြစ်ခဲ့ဖူးသည့် အန်တိုနီယို၏ လက်အောက်တွင် ပြန်လည် အမှုထမ်းရသဖြင့် မချင့်မရဲ ဖြစ်နေသော်လည်း စစ်ရေးကိုသာ အပြင်းအထန် လုံးပန်းနေလိုက်သည်။ မင်းရဲကောင်းပုံကလည်း သူ့ကို ခေါ်၍ ကောင်းမွန်စွာ မေးမြန်းတိုင်ပင်လေ၏ ။
xxxxxxxxxxxxxxxxxxxxxxxxxxxx
အင်္ဂလိပ်တို့သည် သစ္စာမရှိ၊ ကတိမတည်သည့်အပြင် အလွန်ဉာဏ်များ ကောက်ကျစ်ခဲ့ကြသည်။ အလောင်းမင်းတရားနှင့် ကုန်းဘောင်သားတို့အာဏာ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်သောအခါ ရတနာသိင်္ဃအထိ ရောက်လာကြသည်။ သို့ရာတွင် ထောင်ထားခြားနားလာသည့် မြန်မာခေါင်းဆောင်ကို ထောက်ပံ့ရန် စိတ်မကူးသည့်အပြင် ပဲခူးကိုပင် တစ်ဖက်လှည့်နှင့် ကူညီလိုက်ကြသေးသည်။ ပဲခူးတိုက်ပွဲတစ်ခုတွင် အင်္ဂလိပ်တို့၏ စစ်သင်္ဘော ၃ စင်း ကူသည်ကို မြန်မာတို့ သိရှိသွား၏ ။
ထို့ကြောင့် ကတိမတည်၍ အကူအညီ မရသည့်အပြင် လူပါးဝသော အင်္ဂလိပ်တို့၏ သာသည့်ဘက်မှ နေမည့်အကြံဖြင့် ချည်းကပ်လာခြင်းကို ရိပ်မိသည့် အလောင်းဘုရားက ဟံသာဝတီအား သိမ်းယူအပြီး၌ ဟိုင်းကြီးကျွန်းကို သိမ်းမည်ဟု ကြိမ်းဝါးထားခဲ့သည်။ ဟံသာဝတီမှ အပြန် ဟိုင်းကြီးကျွန်း တာဝန်ခံအသစ် နယူတန်အား ပြည်သို့ လာရောက်ရန် ရာဇသံ ပို့ခဲ့သော်လည်း ကိုယ်တိုင်မလာဘဲ သံအမတ် လက်စတာနှင့်အတူ ၄ ပေါင်ဒါအမြောက်တစ်လက်သာ ပေးပို့ခဲ့၏ ။
လက်စတာက မြန်အောင်သို့ လိုက်လာ၍ မြန်မာတို့နှင့် ပထမဦးဆုံးစာချုပ်ကို ရအောင် ချုပ်နိုင်ဆိုခဲ့၏ ။ စာချုပ်အရ မော်တင်၊ ပုသိမ်တို့တွင် အမြဲတမ်းနေထိုင် အခြေချခွင့်နှင့် ရန်ကုန်၌ ကုန်တိုက်ဖွင့်ခွင့် ရခဲ့ပြီး အခွန်အကောက် မရှိဘဲ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရခဲ့သည့်အတွက် သူတို့က ပြန်ပေးရသည်မှာ တစ်နှစ်လျင် အမြောက်တစ်လက်နှင့် ခဲယမ်းအချို့သာ။
သို့သော် သူတို့သည် ထိုအချိန်တွင် ပြင်သစ်နှင့် စစ်ဖြစ်နေ၍ တကွဲတပြား ဖြစ်နေသည့် လူများကို စုစည်းရန်အတွက် ဟိုင်းကြီးကျွန်းစခန်းအား ပိတ်သိမ်းရန် စီစဉ်ပြီးလေပြီ။ ထိုအရေးကို မြန်မာဘုရင်ထံ အကြောင်းမကြားဘဲ မြန်မာပြည်မှ ခုတ်ယူစုဆောင်းထားသည့် သစ်များကို သယ်မည့် သင်္ဘော ရောက်ရှိလာခြင်းကို အလောင်းမင်းတရား သိရှိ၍ ဟိုင်းကြီးကျွန်းအား ချက်ချင်းတိုက်ခိုက် သိမ်းပိုက်ရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
လက်နက်အင်အား တောင့်တင်းသည့် သင်္ဘောကုလားများနှင့် တိုက်ရန် အားထားရသည့် ဗိုလ်မှူးများကို စေလွှတ်ခဲ့သော်လည်း ရန်ကုန်မှ ပုသိမ်သို့ ချီရာ လမ်းခရီးတွင် ဗညားဒလဘွဲ့ခံ ဒေါစွယ်ယစက်သည် မုတ္တမမှ ပုန်စားရန် ကြံစည်နေကြောင်း သတင်းရောက်လာသောကြောင့် မင်းလှမင်းခေါင်ကို ပြန်ခေါ်လျက် သစ္စာရှိသည်ဟု ယုံကြည်ရသည့် ပေါ်တူဂီကြေးစား အမြောက်တပ်ဗိုလ် အန်တိုနီယိုအား စေလွှတ်ခြင်း ဖြစ်၏ ။ တိုင်းတစ်ပါးသားချင်း တိုက်ခိုင်းရန် အကြံလည်း ဖြစ်သည်။
မင်းရဲကောင်းပုံဘွဲ့ခံ အန်တိုနီယိုသည် ပါးနပ်၍ ပရိယာယ် ကြွယ်သော်လည်း တိုက်ရေးခိုက်ရေးတွင် သူမတူအောင် လုပ်ကြံတတ်သည်မဟုတ်။ ဦးစီးအုပ်ချုပ်မှုနှင့် အစီအမံ ကောင်းသူဖြစ်သည်။ သို့ဖြစ်ရာ မဆုတ်မနစ် ကြိုးကုတ်လုပ်ကြံတတ်သော မင်းလှသီရိအပြင် မိုက်ရူးရဲ လုပ်တတ်၍ စစ်ရေး၌ စိတ်ချရသည့် ငစံတို့နှင့် တွဲဖက် တိုက်ခိုင်းသည်မှာ အမြော်အမြင်နှင့် ပြည့်စုံသည့် အကြံပင်။ ဟိုင်းကြီးကျွန်းတွင် အရေးလှ၍ ပွဲရခဲ့ပါက ငစံအား မင်းထင်နော်ရထာဘွဲ့ ပြန်လည်အပ်နှင်းမည်ဟု ရည်ရွယ်ထားပြီး ဖြစ်သည်။
အရည်အချင်း မတူညီကြသည့် ဗိုလ် ၃ ဦးသည် နောက်တစ်နေ့ နံနက်တွင် တစ်ယောက် တစ်နေရာစီမှ တစ်မျိုးစီသော အစီအစဉ်တို့ဖြင့် ဟိုင်းကြီးကျွန်းအား ဝင်စီးကြပေတော့မည်။ ဟိုင်းကြီးကျွန်းရှိ သင်္ဘောကုလားတို့မှာလည်း အောင်မြင်စွာ ဆုတ်ခွာမည် ကြံစဉ်အတွင်း မြန်မာတပ်များ ချက်ချင်း ရောက်လာကြသဖြင့် အဆောတလျင် စစ်ပြင်ကြရလေသည်။ သို့သော် သူတို့မှာ ကြိုတင်စီစဉ်ထားခဲ့ကြသဖြင့် အရာအားလုံး နေသားတကျ အသင့်ဖြစ်နေကြ၏ ။
မိုးသောက်လျင် ဗိုလ် ၃ ဦးသည် စစ် ၃ ကြောင်းခွဲလျက် မင်းရဲကောင်းပုံက လက်ဝဲဘက် ရေကြောင်းမှ လှေတက်အများနှင့် နောက်ချန်၍၊ သွေးသောက် ငစံတို့ မြင်းတပ်က အလယ်ကြောင်းမှ ချီ၍၊ မင်းလှသီရိ၏ တပ်ကြီးက လက်ယာကြည်းကြောင်းဖြင့် ချီ၍ အင်္ဂလိပ်တို့ ခံတပ်တည်ထားရာ ဟိုင်းကြီးကျွန်းစခန်းသို့ တက်သွားကြသည်။
ခံတပ်ကို မြင်ရလျင် မင်းလှသီရိ၏ တပ်မသည် အနောက်တောင်အရပ်သို့ ခွဲသွားလျက် တောင်မျက်နှာမှ တိုက်ရန် ပြင်ဆင်သည်။ ငစံတို့ မြင်းတပ်များကမူ ဆီအိုးများကို အလုံပိတ်၊ အုန်းဆံကြိုးထူထူကို အိုးလည်ပင်းတွင် ကြိုးဖြင့်တွဲချည်လျက် အမြောက်တစ်ကမ်းကျော် အကွာမှ အသင့်ပြင်ဆင် စောင့်နေစေပြီး မြင်းသည်အများဖြင့် စတင် တိုက်ကြ၏ ။
သေနတ်ကိုင် မြင်းသည်များကြားတွင် မီးရှို့ထားသည့် အိုးများကို တစ်ဖက်က မြင်းဇက်ကြိုးနှင့် ရောကိုင်၍ တစ်ဖက်က မွှေ့ယမ်းလျက် ကွေ့ကွေ့ကောက်ကောက် ပြေးလာသည့် မြင်းအချို့ကို တပ်ထိပ်မှ အမြောက် သေနတ်သားများက ဝိုင်းပစ်ကြ၏ ။ သို့သော် သူတို့ရှေ့ ကွင်းပြင်ထဲတွင် ရွှံများ ထူထပ်စွာ လူးထားကြပြီး အရိုင်းအစိုင်းပုံ ပေါက်နေသော မြင်းများနှင့် လူများမှာ အလွန်ရှုပ်ထွေးစွာ ပြေးလွှားနေကြပြီး သေနတ်သမားများကလည်း ပစ်ပြေး နှောင့်ယှက်နေသဖြင့် ကောင်းမွန်စွာ ပစ်ခွင့်မသာ။
ရုတ်တရက် ဆီအိုးများ လွင့်တက်လာပြီး အမြောက်ကြီးများရှိရာအနီး ကျရောက် ပေါက်ကွဲ မီးစွဲလောင်တော့မှ မြန်မာတို့၏ ရည်ရွယ်ချက်ကို ရိပ်စားမိလာကြသည်။ လက်စသတ်တော့ သူတို့သည် အမြောက်များကို ဖျက်ဆီးရန်အကြံအပြင် ပစ်ခွင့်မသာဘဲ အလုပ်ရှုပ်စေရန် ဆီအိုးများ ပြင်ဆင်၍ မတော်တဆ လူနှင့် မြင်းများကို မီးစွဲလောင်ခြင်းတို့မှ ကာကွယ်ရန် ရွှံ့နွံများ သုတ်လိမ်းလာခြင်း ဖြစ်ကြောင်း သဘောပေါက်လာခဲ့သည်။ တောင်ဘက်စစ်မျက်နှာတွင်လည်း စတင်ပစ်ခတ်နေလေပြီ။
အုန်းဆံကြိုး မီးတရဲရဲဖြင့် ဝှေ့ယမ်းလျက် လွင့်တက်လာသော ဆီအိုးများမှာ တစ်ကြိမ်လျင် ၁၀ လုံးခန့် အဆက်မပြတ်။ ပြေးလွှားရှောင်တိမ်းရင်း ပစ်ခတ်ရသော်လည်း လက်ဆ တိကျလှပြီး အမြောက်ကြီးများတစ်ဝိုက် ထိမှန် မီးစွဲလောင်လေ့ရှိ၏ ။ တစ်ကြိမ် ထိလိုက်လျင်လည်း သင်္ဘောကုလားတို့အဖို့ အချိန်များစွာ ကြန့်ကြာရလေသည်။ မီးလောင်ပြေးလွှားနေသော စစ်သားများကို ရှောင်၍ အမြောက်ကြီးများကို ပြန်လည်ပစ်ခတ်နိုင်ရန် မီးသတ် ရှင်းလင်းရသည်နှင့် အချိန်ကုန်လာသည်။ လူအင်အားများစွာ လိုလာသည်။
ဆီဖြင့် လောင်သော မီးဖြစ်၍ ရေနှင့်ငြှိမ်းလည်းမရ၊ အစပိုင်းက သဲများ ကျုံးလာ၍ ပက်ဖို့ရသော်လည်း အမြောက်ပစ်ရန် ပြန်လည်ဆေးကြောရသည့် အလုပ် ပိုလာပြန်၏ ။ အဝတ်များဖြင့် ရိုက်ပုတ်ကြရာတွင် မီးညွန့်မှာ အတော်နှင့် မသေနိုင်ဘဲ ဆီစွဲ၍ အဝတ်ကိုပင် လောင်ချင်သေးသည်။ လူအင်အားလိုလာ၍ မြောက်ဘက်စစ်မျက်နှာမှ အကူခေါ်ကြရ၏ ။
မြန်မာဘက်မှ မြင်းသည်အချို့ ကျသွားသော်လည်း အနောက်မှ သေနတ်ယမ်းထိုးပေးသူ၊ ဆီအိုးများကို မီးရှို့ပေးသူများထံ ရောက်အောင်မူ မပစ်နိုင်။ သေနတ်သား မြင်းသည်တို့ကလည်း ကျည်အသင့်ထိုးပြီးသည့် သေနတ်များ ပြန်ယူလိုက်၊ ပစ်ပြီးသည့် သေနတ်တို့ကို ပစ်ချပေးခဲ့လိုက်ဖြင့် နှစ်လက် သုံးလက်စီ လွယ်လျက် ကွင်းပြင်ထဲ ခပ်ကျဲကျဲ ရှိနေကြ၏ ။
အနောက်တောင်ထောင့်မှ ကွပ်ကဲနေသည့် စစ်ဗိုလ်ချုပ်နှင့် လူယုံတော် ဂျွန်နသန်တို့သည် တိုက်ပွဲ ပြင်းထန်နေသော စစ်မျက်နှာနှစ်ဖက်အား ကြည့်ရှု သုံးသပ်နေစဉ် ဂျွန်နသန်က မြင်းတပ်မှ ရွှံ့အလူးလူးနှင့် ဆံပင်များပါ သုတ်လိမ်း ဖြည်ချထားသူ လူတစ်ဦး၏ မျက်နှာကို မှတ်မိလိုက်သည်။ မိမိအား ဒဂုံတွင် ခေါ်ယူ မေးမြန်းခဲ့သည့် မြို့စောင့်ဗိုလ်မှူး ဖြစ်၏ ။ မြန်မာတပ်မှ ဗိုလ်မှူးဖြစ်သူသည် တပ်သားတစ်ဦးကဲ့သို့ ဝတ်ဆင်လျက် အင်္ကျီမပါ လူရိုင်းနှင့်တူစွာ ဦးဆောင် တိုက်ခိုက်နေခြင်းပါတကား။
သူတို့၏ ထူးဆန်းလှသော မြင်းစီးသွားလာပုံများကို ကြည့်နေရင်း ဂျွန်နသန်က ဗိုလ်မှူးကို သတိပေးသည်။ မြန်မာတို့ စံနစ်တကျ ကြိုတင်ပြင်ဆင်၍ စုံစမ်းပြီးမှ တိုက်လာခြင်းဖြစ်ကြောင်း ပြောသော်လည်း ဗိုလ်မှူးက 'ငါသိပါတယ်၊ တောင်မျက်နှာက အင်အားများပြီး ပိုအရေးကြီးတယ်။ အနောက်ဘက်က တို့ကို လှည့်စားဖို့ ကြံနေတာ' ဟု ဆို၏ ။ သူပြောသည်လည်း မှန်နေသဖြင့် စောဒကမတက်သာ။ တောင်တပ်လောက် အန္တရာယ်မရှိသော်လည်း အထိအခိုက် များနေသည်မှာ အနောက်ဘက် စစ်မျက်နှာ ဖြစ်နေသည်ကတော့ အမှန်။
ဟိုင်းကြီးကျွန်းသားတို့ကမူ သေနတ်သားတို့ကို အရေးမစိုက်နိုင်။ အမြောက်ကြီးများအား ခြိမ်းခြောက်နေသည့် ပစ်ရခက်လှသော ရွှံ့ပြောင်ပြောင် မြင်းသည်များကိုသာ လိုက်ပစ်နေကြသည်။ သို့သော် ဆီအိုးကိုင် မြင်းသည်များမှာ ကြိုသိနေကြသည့်အလား အကဲဖမ်းမရလောက်အောက် ပြေးလွှားသွားလာနေကြသည်။ အမြောက်ပစ်ချိန်ကို မှတ်သား၍ အချိန်ကိုက် ကွေ့ပတ်ရှောင်တိမ်းနေရာ အမြောက်ဆံများမှာ သီသီကလေး လွဲချော်နေသည်က များ၏ ။
ကြိုပစ်၍လည်း မရ၊ လိုက်ပစ်၍လည်း မထိ။ ချိန်ရသော အမြောက်ဗိုလ်များ ဦးနှောက်ခြောက်လာ၏ ။ အထူးလေ့ကျင့်ထားခဲ့သော လက်စွမ်းဖြင့် မြင်းနံပါး ထိုးစိုက်ထားသော လှံတိုများကို သုံး၍ ပြန်လည်ပစ်ခတ်ရာတွင်လည်း ထိရောက်ကြ၏ ။ လှံနှစ်စင်းလျင် တစ်ယောက်တော့ ထိမြဲ။ အမြောက်စိန်ပြောင်းများ ထားရာတို့တွင်လည်း မီးစွဲလောင်သည်မှာ များလာပြီ။
မြန်မာတို့ လာမည် မဟုတ်သည့် ပင်လယ်ဘက်မှ အစောင့်များနှင့် မြောက်မျက်နှာမှ တပ်သားများ ပြေးလာကူ၍ မီးငြှိမ်းသတ်၊ တိုက်ခိုက်နေရသည့်အခါမှ အင်အားနည်းသွားသည့် မြောက်ဘက်တပ်ကို မင်းရဲကောင်းပုံ၏ လှေတပ်များ မြစ်ပြင်ပြည့် ပြန့်ကျဲ ရောက်ရှိလာပြီး ပစ်ခတ်ထိုးခုတ် တက်လာတော့သည်။ တောင်မျက်နှာစာတွင်လည်း အမြောက်စိန်ပြောင်း သေနတ်ပစ်ဖောက်သံတို့ သောသောညံလျက်ရှိ၏ ။



Written by သင်္ခရာဇာ

End date: August 14, 2021

အမာခံဗိုလ် (၃)

အဖြစ်အပျက်တို့သည် ၂ နှစ်ခန့် ကာလအတွင်း များစွာ ပြောင်းလဲခဲ့၏ ။ သင်္ဘောကုလားတို့အား တိုက်ရန် တိုင်ပင်ဖော် ဖြစ်ရမည့် အဂ္ဂမဟာ သေနာပတိ ဦးကောင်းမှာ သန်လျင်တိုက်ပွဲ၌ ကျခဲ့ပြီ။ လက်ျာဘီလူးလည်း ဟံသာဝတီကို ရပြီးနောက် ကြမ္မာငင်ခဲ့လျက် အရှေ့ဝင်းမှူး မင်းထင်နော်ရထာအဖြစ်မှ ရာထူး ဘွဲ့ အဆောင်အယောင် အလုံးစုံ ရုတ်သိမ်းခံရကာ တပ်သားငစံ အဖြစ် အကျဉ်းကျခဲ့ရသည်။

တနင်္သာရီ ထားဝယ်ဒေသကို ယိုးဒယားရှမ်းတို့ ထိပါးနှောင့်ယှက်လာသည် ဟူသည့် သတင်းကြားမှ ဦးတွန်၏ တောင်းဆို လျှောက်တင်ချက်ကြောင့် ပြန်လွတ်လာရ၏ ။ သို့သော် လက်ျာဘီလူး မဟုတ်တော့၊ သွေးသောက်ငစံဘဝ ရောက်သွားသည်။ လက်ယာဝင်းမှူး မင်းကျော်အာကာမှာ အရှေ့ဝင်းမှူး ဖြစ်လာ၏ ။ ငစံကတော့ ဘွဲ့၊ အဆင့်တို့ကို စိတ်မဝင်စားဘဲ ထောင်မှ လွတ်လာသည်နှင့် မြင်းစီးကျင့်နေတော့သည်။
အချိန်ရတိုင်း အကြပ်ငကံ၊ မြင်းအကြောင်း အလွန်နားလည်သည့် မြင်းထိန်း ငပုတို့နှင့်အတူ တိမ်ပျံကို အမျိုးမျိုး လေ့ကျင့်ပျိုးထောင်နေသည်ကိုသာ တွေ့ကြရသည်။ မြင်းကို သွားနေရာမှ အချိန်သတ်မှတ်ကာ အချက်ပြသည်နှင့် ရုတ်တရက် ခုန်၍ ဦးတည်ချက်ပြောင်းစေရန်၊ ပြေးလမ်းကြောင်းပေါ်၌ အရှိန်မပျက် လိမ်ဖယ်ကွေ့ဝိုက်၍ ပြေးတတ်စေရန်၊ မြင်းကို ယိမ်းစောင်းလျက် မြွေလိမ်မြွေကောက် ဦးတည်ချက်မရှိ ပြေးစေရန်တို့ကို အထူးကျင့်ယူနေရာ လူအများမှာ သူ့ကို ရူးသွပ်စပြုပြီ ထင်ကြသည်။
မေးလျင်လည်း တိုက်ပွဲဖြစ်လာနိုင်သောကြောင့် ဟုသာ ဖြေတတ်သည်။ တိမ်ပျံ အသားကျလာသောအခါ သူ့တပ်တွင်းမှ သူနှင့်စိတ်တူကိုယ်တူ မြင်းသည်တို့အား ထိုအတိုင်း ကျင့်ကြံစေပြန်သည်။ ရူးနှမ်းသော မြင်းတပ်အဖြစ် အခြားတပ်များမှ လှောင်ပြောင် ကဲ့ရဲ့ကြသော်လည်း သူတို့ကတော့ မြင်းရေးနောက်တစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်လာခဲ့ပြီဖြစ်၏ ။
အလောင်းမင်းတရားက မင်းမိဖုရားများနှင့် သားတော်ကြီး သီရိသုဓမ္မရာဇာအား နေပြည်တော်သို့ ပြန်စေပြီးလျင် သားတော်လတ် မြေဒူးမင်းသားကို ခေါ်လျက် ယိုးဒယားသို့ တနင်္သာရီကြောင်း ချီမည်ဟု သိရသည်။ သားတော်၏ စာဆို စိန္တကျော်သူက မိုးကြိုးကျစာ တစ်ဆယ့်သုံးချက် ဆက်သွင်းပြီး မှူးမတ်အများက ညောင်ရမ်းမင်း ရှမ်းပြည်ချီသည့် နိမိတ်နှင့် တိုက်ဆိုင်နေသဖြင့် ယခု မချီသင့်သေးကြောင်း လျှောက်တင်ကြသော်လည်း နာယူတော်မမူဟု ဆိုသည်။
နေပြည်တော်၌ မျက်ရည်သုတ်၍ နောက်ဆုတ်ပြန် ဟူသော တဘောင်လည်း ပေါ်လေသည်။ အားလုံးက စိုးရိမ်ပူပန်နေကြသော်လည်း လုံးဝ မစိုးရိမ်ဟန် ပေါက်နေသူနှစ်ဦးကား မင်းလှမင်းခေါင် ဦးတွန်နှင့် သွေးသောက်ငစံတို့ ဖြစ်ကြသည်။ သူတို့သည် ယနေ့ ငါမသေသေး ဟူသည့် မူကို ကိုင်စွဲထားသူများပီပီ နောက်တစ်နေ့တွင် အသက်ရှင်နေရန် မျှော်လင့်ချက်မထားကြ၊ တိုက်ရင်းသေမည်ဟု ခံယူထား၍ အေးအေးဆေးဆေး ရှိနေကြ၏ ။
အလောင်းမင်းတရားသည် အင်္ဂလိပ်သံတို့ နေပြည်တော်ရောက်သည့် ၁၇၅၅ ခုနှစ်မှ ဟံသာဝတီကို ရသော ၁၇၅၇ အထိ နှစ်နှစ်ကျော်ကာလအတွင်း လက်နက်ခဲယမ်းလည်း မလာ၊ အကြောင်းကြားစာလည်း မပို့၊ မည်သည့် အရေးတယူလက်ခံမှုမှ မပြသည့် သင်္ဘောကုလားတို့၏ ဟိုင်းကြီးကျွန်းအား သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။ ယင်းအမိန့်တော်ကို ကြားလျင် ငစံမှာ ဦးတွန်ထံ ပြေးလာ၍ မေး၏ ။
ဟိုင်းကြီးကျွန်းသို့ ချီရမည့် တပ်တော်များတွင် မင်းလှမင်းခေါင်တပ်လည်း ပါသည်ဟု သိသော် မိမိအား ခေါ်ပါရန် အနူးအညွတ် တောင်းဆိုလေသည်။ ဗိုလ်တွန်ကလည်း မင်းပါရင် တစ်အားပေါ့ ဟု ဆိုကာ ခေါ်သွားရာ သူ၏ ဝမ်းမြောက်မှုမှာ မဖော်ပြနိုင်လောက်အောင်ပင်။ ဟိုင်းကြီးကျွန်းချီ တပ်များမှာ မင်းလှမင်းခေါင် အချုပ်ခန့်လျက် မြင်း ၂၀၀၊ သေနတ် ၃၀၀၊ ဓားလှံ တင်ကျည်းစွဲများနှင့် လူအင်အား ၁၀၀၀၊ မင်းလှသီရိ မြင်း ၂၀၀ သေနတ် ၃၀၀ အင်အား ၁၀၀၀ ဖြစ်သည်။
မြင်းတပ်မှ သွေးသောက်ငစံတို့ မြင်းတစ်စုမှာ မြောင်းတွေ့လျင် ဘောင်နှစ်ဖက်ကို ခုန်၍ ခုန်၍ သွားကြသည်။ မညီမညာ တိမ်းစောင်းလျက် ခက်ခဲကြမ်းတမ်းသော လမ်းကိုမှ ရွေးချယ်လျှောက်ကြ၏ ။ မြင်းများပေါ်သို့ ဝန်များစွာ တင်လျက် ခြေမလိပ် မခေါက်ဘဲ ပြေးနိုင်စေရန် ကျင့်လာခဲ့ကြသည်။ ဗိုလ်တွန်ကလည်း သူ့လူ၏ အရည်အကဲကို သိသည့်အလျောက် အကျိုးမယုတ်တန်ကောင်းဟု လွှတ်ထားသည်။
ဟိုင်းကြီးကျွန်း မရောက်မီ လမ်း၌ မြင်းနှစ်စီး ခြေကျိုး၍ တစ်စီး ရွှံ့နွံနစ်ကာ ခြေခေါက်သွားတော့မှ သူတို့၏ အပြုအမူဆန်းများ တစ်ခန်းရပ်သွားတော့၏ ။ အင်္ဂလိပ်တို့ကလည်း ရွှေဘိုတပ်များ ချီလာပြီ ကြားလျင် အိန္ဒိယမှ ခေါ်လာသည့် ဘရင်ဂျီ၊ ဂေါ်ရခါး၊ ကုလားတပ်များနှင့် ဒေသခံတို့ကို စုစည်းလျက် ခိုင်လုံစွာ တည်ထားသည့် ခံတပ်ကြီးပေါ်ဝယ် အမြောက်ကြီးငယ် များစွာ တင်ထားလေသည်။
ပုသိမ်တွင် ရှေးယခင် မင်းထင်နော်ရထာအဖြစ်နှင့် မိတ်ဖွဲ့ခဲ့သည့် ကျွန်းသား ကုန်သည်အား သွေးသောက်ငစံက ခေါ်ယူတွေ့ဆုံလျက် သင်္ဘောကုလားတို့၏ မြို့စီးပြစီး၊ လက်နက်အင်အား၊ ပစ်အားနှင့် လက်နက်များအကြောင်းကို အသေးစိတ် စုံစမ်းစေပြန်သည်။ လိမ္မာပါးနပ်သည့် တပ်သားတစ်ဦးကို နောက်လိုက်အဖြစ် ထည့်ပေးလိုက်သည်။ လိုအပ်သည့် ရွှေငွေတို့ကိုမူ မင်းလှမင်းခေါင်က အသာတကြည် ထုတ်ပေးလေ၏ ။ ဟိုင်းကြီးမရောက်မီ ၃ စခန်းတွင် တပ်သား ပြန်လာ၍ အဖိုးတန် အချက်အလက်များစွာ ရရှိလာသည်။
ခံတပ်ပေါ်မှ အမြောက်ကြီးများ တစ်ချက်ပစ်ပြီးတိုင်း ရေလောင်း ပြောင်းတိုက် ယမ်းထည့်လျက် နောက်တစ်ကြိမ် ပြန်လည်ပစ်ခတ်နိုင်သည်အထိ ကြာချိန်၊ အင်္ဂလိပ်တို့၏ အမြောက်တစ်လက်တွင် လိုအပ်သော လူအင်အား၊ စိန်ပြောင်း သေနတ်များ၏ အစွမ်း၊ မြန်မာ မွန်တို့ လက်ဝယ်ရှိ အမြောက်များကဲ့သို့ မဟုတ်ဘဲ ပေါက်ကွဲထိရောက်မှု၊ ကွင်းပြင်ရှိသော အနောက်နှင့် တောင်အရပ်တွင် ပြောင်းသေနတ် ထူထပ်လျက် ရွှံ့ညွန်များသော အရှေ့၊ ရေလမ်းမှသာ တက်နိုင်မည့် မြောက်ဘက်တို့တွင် လူအင်အားနည်းကာ အဓိက အမြောက်ကြီးများ ထားကြောင်း သိရှိရသည်။
ရရှိလာသည့် အချက်များပေါ် မူတည်၍ လက်နက်အင်အား လွန်စွာ သာလွန်နေသည့် သင်္ဘောကုလားတို့အား တစ်ကြိမ်တည်းနှင့် လက်ရ သိမ်းဆည်းမိစေရန် တိုင်ပင်ကြရသည်။ မင်းလှမင်းခေါင် တပ်များက တိုက်လှေကြီးများကို နောက်ချန်၍ ရဲလှေ၊ လှော်ကား အများဖြင့် တပ်ဖြန့်လျက် မြောက်အရပ် ရေလမ်းမှ ချည်းကပ် တက်ရန်၊ ငစံတို့ သေနတ်ကိုင် မြင်းတပ်များက အနောက်အရပ်မှ စစ်မြှူရန်၊ ဗိုလ်မှူး မင်းလှသီရိ (နောင် မဟာနော်ရထာ) တပ်က တောင်အရပ်မှ တိုက်ရန် တာဝန်များ ခွဲဝေလိုက်ကြသည်။
ငစံက သူ့တပ်သို့ ပြန်လာပြီး ဗိုလ်နှင့် အကြပ် တပ်သားများကို ရှင်းပြ၏ ။
"အခု လက်နက်အင်အား ကောင်းမွန်တဲ့ သင်္ဘောကုလားတွေကို တိုက်ဖို့က ငါတို့ လူညီပြီး စံနစ်တကျနဲ့ တစ်စိတ်တစ်ဝမ်းတည်း တိုက်ကြမှ အရေးတော် လှမယ် ရောင်းရင်းတို့။ ပြီးတော့ ဒီပွဲဟာ ငါတို့ပွဲ မဟုတ်ဘူး။ မင်းကြီး မင်းလှမင်းခေါင်တို့ မင်းလှသီရိတို့ ပွဲပဲ။ ဒါ့ကြောင့် ပွဲလမ်းရလိုသူနဲ့ အချောင် အသေမခံလိုသူများ ရှိခဲ့ရင် အခု ငါ့ကို ပြောနိုင်တယ်"
မည်သူမှ မလှုပ်။ သူ့စကား ဆက်ရန်ကိုသာ ငံ့လင့်နေကြသည်။
"ဟောဒီက ဗိုလ်သိပ္ပရွှေတောင်ရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့ .."
သိပ္ပရွှေတောင်က လက်ကာ၍
"သွေးသောက်ပဲ ဦးဆောင်ပါ၊ ကျုပ်သဘောတူတယ်"
ငစံက သူ၏ ဗိုလ်အား ဦးညွှတ်အလေးပြုပြီး
"ငါတို့ ပြောင်းသေနတ် လူသူ အထူထပ်ဆုံးဖြစ်တဲ့ အနောက်ဘက် စစ်မျက်နှာကို ကပ်ကြမယ်။ ဖြစ်နိုင်ရင် ဟိုင်းကြီးတစ်ကျွန်းလုံးက လူတွေ ငါတို့ဘက် ရောက်လာလေ မင်းကြီး မင်းလှမင်းခေါင်တို့ မြို့တက်မယ့် တပ်တွေအတွက် အရေးသာလေပဲ"
အားလုံး ငြိမ်သက်နေကြ၏ ။
"ပြီးရင် မင်းကြီး မင်းလှသီရိရဲ့ တောင်မျက်နှာဘက်ကို ရွေ့မယ်။ ဗိုလ်မှူး မင်းလှသီရိတပ်ကို ပူးတုံခွာတုံ ပြုပြီး စစ်ကူကြရမယ်။ ဒီအတွက် ငါတို့ နာမည်ရမှာ မဟုတ်ဘူး။ နိုင်ရင်တောင် ပွဲလမ်း ရာထူးမရနိုင်ဘဲ အသက်စွန့်ကြရလိမ့်မယ်။ ကိုယ့်ဘဝကိုယ် စိတ်မကောင်းဖြစ်တဲ့သူ ရှိသလား"
တပ်သားများ၏ ရယ်သံအချို့ ထွက်လာသည်။
"ဒီလိုအဖြစ်မျိုးကို ဝမ်းနည်းတဲ့သူ ရှိလား"
သူတို့တပ်မှ ကျယ်လောင်သော တဝေါဝေါ ရယ်လိုက်သံများကြောင့် အခြားတပ်များက နားစွင့်နေကြသည်။
"ငါလည်း အချည်းနှီးငစံအဖြစ်နဲ့ သေချင် သေမယ်။ ဒါပေမယ့် ခုလို ရဲဘော်ရဲဘက်ကောင်းတွေနဲ့အတူ တိုက်ပွဲဝင်ရင်း သေရတဲ့အတွက် အင်မတန် ဝမ်းမြောက်မိတယ် အစ်ကိုတို့"
သူတို့တပ်မှ တပ်သားများ၏ အော်ဟစ် ကြိမ်းဝါးသံများ ထွက်ပေါ်လာပြန်သည်။ လက်ျာဘီလူးကွ၊ ဘီလူးတပ်ကွ၊ သေမှာမကြောက်လို့ သည်ရောက်နေတာ ဂုဏ်ယူတယ် ဟူသည့် အသံများကို နားစွင့်နေကြသော အနီးနားတပ်များပင် ရဲစိတ်အားမာန် တက်ကြွလျက် သွေးများ တဖျင်းဖျင်း ပူနွေးလာသည်သို့ ခံစားလိုက်ကြရသည်။
ထို့နောက် ညဘက် အားလပ်ချိန်များ၌ပင် သူတို့၏ လေ့ကျင့်ရေး အစီအစဉ်များ ပြုလုပ်ကြလေတော့သည်။ ဟိုင်းကြီးကျွန်းမှ လွှတ်သည့် သူလျှိုများ ရှိနိုင်လင့်ကစား သူတို့ ဘာတွေလုပ်နေကြသည်ကိုမူ မသိနိုင်။ စုံစမ်းရန် လာသူများအဖို့ မြင်းများသည် ပြေးနေရာမှ အချိန်မှတ်၍ တုံ့ဆွဲ ကွေ့ခြင်း၊ စောင်းဝိုက်ကာ ပြေးစေခြင်း၊ ကျောက်ခဲများကို ကြိုးချည်လျက် အပင်မြင့် ခွကြားများကြားသို့ ပြေးရင်း ပစ်တင်နေကြခြင်းများကိုသာ တွေ့ရပေလိမ့်မည်။
အဘယ့်ကြောင့် မြင်းများစွာသည် ရူးသွပ်နေကြသကဲ့သို့ ခုန်ပေါက်ကာ ဦးတည်ချက်မဲ့ ပြေးချင်ရာ ပြေးနေကြသည်ကို မြင်းသည်များက မြဲမြံစေလျက် ခြေကုပ်စီးနင်း လိုက်ပါနေကြသည်ကိုလည်းကောင်း၊ စက်ဝိုင်းအတိုင်း ပတ်ဝိုက် ပြေးနေသည့် မြင်း၏ ဘေးတွင် ဖက်လိုက်ခြင်း၊ ယှဉ်ပြေးခြင်း၊ ချန်နေရစ်ခြင်း၊ တစ်ဖန် ကြိုစောင့်လျက် အဟုန်မပျက် တက်ခြင်း ဆင်းခြင်းတို့ ပြုလုပ်နေကြသည်ကိုလည်းကောင်း နားလည်နိုင်ကြမည်မဟုတ်။ တွေးကြည့်သော်လည်း ရေးရေးမျှသာ သဘောပေါက်ကြပေလိမ့်မည်။
ကျောက်ခဲကြိုးချည်ပစ်တင် လေ့ကျင့်ခြင်းကို မြင်းခင်းသဘင်ပွဲကဲ့သို့ပင် လာရောက်ကြည့်ရှုသူ အများအပြားရှိပြီး ထိထိရောက်ရောက် ပစ်တင်နိုင်သူများမှာ ပရိသတ်အားပေးခြင်း ခံကြရ၍ ဆုလာဘ်များလည်း ရရှိကြ၏ ။ သို့သော် မြင်းသည်များစွာအနက်မှ လက်စွမ်းကောင်းလှသူများမှာ လူ ၂၀ ထက် မပိုပေ။
ဦးတွန်ကတော့ အခါအားလျော်စွာ လာကြည့်သည်။ လိုအပ်သည်တို့ကို အကြံပေး ညွှန်ကြား၏ ။ သို့သော် ရန်သူနှင့် နီးကပ်နေပြီ ဖြစ်သည့်အတွက် သူလည်း ပြင်ဆင်နေရပေပြီ။ လှေပေါ့လှေလျင်အများ ရှာဖွေလုပ်ဆောင်ခြင်း၊ လှေကို ကျွမ်းကျင်စွာ လှော်ခတ် ကွေ့ရှောင်နိုင်ကြစေရန် အပူတပြင်း လေ့ကျင့်နေကြခြင်း၊ အာမခံ လူကောင်းများကို ကျွေးမွေးဆုပေးလျက် အားယူစေခြင်းတို့ကို စီစဉ်နေရသောကြောင့် ရန်သူနှင့် နီးလေ သူတို့ချင်း ဝေးသွားလေဖြစ်သည်။
(ဆက်ရန်...)  အမာခံဗိုလ် (၄)



Written by သင်္ခရာဇာ

End date: August 12, 2021

အမာခံဗိုလ် (၂)

"ဒဂုံကို သင်္ဘောကုလားတွေ ရောက်လာပြန်ပြီလေ"

"ငါ ကြားသားပဲ။ ပုသိမ်က ဘုရားကုန်းမြေ တောင်းဖို့ပဲ မဟုတ်လား.. ဒီကောင်တွေ"
"ဟုတ်တယ်ခင်ဗျ။ အဲဒီအရေးကြောင့် စီစဉ်နေတာ"
"လုပ်.. လုပ်၊ ပြီးအောင်ပြောလိုက်"
လက်ျာဘီလူး ပြန်လှည့်သွားသည်။
"တပ်သားဖိုးစီ.. မြေပုံထဲမှာ ထည့်ဆွဲဖို့ကို သေချာမှတ်ပါ။
၁၊ ပုသိမ်မြို့ ခံတပ်တည်ပုံ၊
၂၊ မြို့ကွက်ပုံစံ အကြမ်း၊
၃၊ အင်္ဂလိပ်တွေ လိုချင်နေတဲ့ ရှေးဟောင်းဘုရားရဲ့ တည်နေရာ၊
၄၊ အဲဒီဘုရားနဲ့ အနီးတစ်ဝိုက်က ဘုရားတွေ တည်နေရာနဲ့ အကွာအဝေး၊
၅၊ ပုသိမ်မြို့ရဲ့ အထင်ကရ စျေးနေရာ၊
၆၊ ဘုရားကုန်းပတ်လည် လူနေရပ်ကွက်ရှိရင် အကြမ်းဖျင်းပုံ၊
၇၊ မြစ်နဲ့ ဘုရား အကွာအဝေး။
ငါလိုချင်တာ ဒါပဲ.. မှတ်မိရဲ့လား"
"မှတ်သားထားကြောင်းပါ"
"ကောင်းတယ်၊ ဖြစ်နိုင်ရင် အဲဒီ ရှေးဟောင်းဘုရားရဲ့ သမိုင်းနဲ့ အနီးနားက တန်ခိုးအကြီးဆုံးဘုရားရဲ့ သမိုင်းကြောင်းလည်း ရသလောက် စုံစမ်းခဲ့။ အဓိက သိချင်တာက ဘာတွေ ဌာပနာထားတယ် ဆိုတာ သိချင်တာ"
တပ်သားနှစ်ဦး ထွက်သွားကြမှ..
"မင့်ကြည့်ရသာ အင်္ဂလိပ်ကို နည်းနည်းမှ ယုံပုံမရဘူး။ ဌာပနာဖောက်မယ့် မိစ္ဆာဒိဋ္ဌိတွေလို့ ထင်နေသာမို့လား"
"ဟုတ်တယ် ဦးရီး။ ဒီကောင်တွေ အဲဒီနေရာကို အသည်းအသန်ဖြစ်နေတာ အနည်းဆုံး အကြောင်း ၂ ချက်တော့ ရှိရမယ်"
"နောက်တစ်ချက်က ဘာလဲကွ"
"ကုန်သွယ်ဖို့ အချက်အချာနေရာလည်း ဖြစ်ရမယ်။ စစ်ရေးအရ ကြည့်ရင်လည်း အဲဒီကုန်းနေရာက အကွက်အကွင်းသာပြီး တစ်မြို့လုံးကို ကွပ်ကဲနိုင်တဲ့ နေရာ ဖြစ်လိမ့်မယ်။ အခြား အချက်တွေလည်း ရှိပါလိမ့်မယ်။ ခု ပြောလိုက်တဲ့ မြေပုံ ရမှ မှန်းဆကြည့်လို့ ရမှာပါ။ ခုတော့ စိတ်မှန်းနဲ့ ရမ်းရုံပဲ တတ်နိုင်သေးတယ်"
"မင်း စိတ်နဲ့ ရမ်းတိုင်းလည်း ငတွန် ပြေးတိုက်လိုက်သလိုပါပဲဟ။ မင်းထင်သာ မှန်မှာပါ။ ငါလည်း သလိုပဲ ထင်သာပဲ"
"အဲဒါကြောင့် ကြိုတင်ပြင်ဆင်နေတာပါ"
"ဟိုင်းကြီးကျွန်းကို လွှတ်သာကရော"
"တစ်ချိန်ချိန်မှာ တိုက်ချင် တိုက်ရလိမ့်မယ် ထင်လို့ သူတို့ လူသူ လက်နက်ကိရိယာနဲ့ ပြင်ဆင် ချထားပုံ သိချင်လို့ပါ ဦးရီး"
"အေး.. အေး၊ ကောင်းတယ်။ ကြိုပြင်ထားသာ မမှားဘူးပေါ့။ ရန်သူ့ သတင်း သိနေရင် ဘယ်လိုတိုက်မယ် စီစဉ်လို့ ရတော့ တို့ဘက်က သေချာသာပေါ့။ ကောင်းတယ်ဟေ့။ အားပေးတယ်။ ပဲခူးက မလာရင် ပုသိမ်ကို ချိန်နေသာ ငစံ တစ်ယောက်ပဲ ရှိမယ်။ အားရသဟေ့"
ထိုသို့ အားပေးလျက် ဦးကောင်း ပြန်သွားသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
ဟိုင်းကြီးကျွန်း၌ အခြေပြုနေသော သင်္ဘောကုလား အင်္ဂလိပ်တို့သည် အလောင်းမင်းတရားနှင့် တွေ့သည်မှာ ၂ ကြိမ်ခန့် ရှိပေပြီ။ ပထမဆုံးအကြိမ်မှာ ဂျော့ဘေကာ ဦးဆောင်သည့် သံအဖွဲ့က ရတနာသိင်္ဃ နေပြည်တော်သို့ ရောက်လာ၍ မြန်မာဘုရင်နှင့် အရှေ့အိန္ဒိယကုမ္ပဏီ ချစ်ကြည်ရေး မဟာမိတ် ပြုကြရန် လာရောက်ခြင်း ဖြစ်သည်။ သူတို့အား ရန်ကုန်၌ တွေ့ဆုံမည်ဟု ကတိပြုကာ ပြန်လွှတ်လိုက်သည်။
ဒုတိယအကြိမ် ရန်ကုန်၌ တွေ့ဆုံကြရာ အလောင်းမင်းတရားက အင်္ဂလိပ်တို့၏ ဟိုင်းကြီးကျွန်းတွင် အခြေချခွင့် တောင်းဆိုချက်ကို လက်ခံခဲ့သည်။ နိုင်ငံတော် တည်ထောင်ရန်အတွက် လိုအပ်သော လက်နက်ခဲယမ်း ရရှိရေးနှင့် ကုန်စည်ဖလှယ်ရေးအတွက် နိုင်ငံရေးအရ လိုအပ်သည်ဟု ရှုမြင်သုံးသပ်ခဲ့ပြီး အင်္ဂလန်ရှိ ဒုတိယမြောက် ဂျော့ဘုရင် ထံ ချစ်ကြည်ရေး သဝဏ်လွှာ ပို့လိုက်လေသည်။
အင်္ဂလန်၏ ကုန်သွယ်စီးပွားဖက်အသစ် ဖြစ်လာမည့် မြန်မာပြည်မှာ အလွန်ကြွယ်ဝ ချမ်းသာကြောင်း သိရှိစေရန် ရွှေစင်ရွှေပြားတွင် စာရေးထိုးစေလျက် အရွယ်တူ ပတ္တမြား ၂၄ လုံးကို ၁၂လုံးစီ တန်းလျက် ဘေးနှစ်ဘက်တွင် ထည့်ပေးလိုက်၏ ။ အလေးချိန် ၅ ကျပ်သားရှိလေသည်။
သို့သော် ထိုစာမှာ အိန္ဒိယသို့ ဦးစွာ ရောက်ရှိသွားပြီး သင်္ဘောဖြင့် ပတ်နေ၍ ၂ နှစ်ကြာမှ အင်္ဂလန်သို့ ရောက်သည်။ ရောက်သော်လည်း ဂျော့ဘုရင်က သန့်စင်လှသော ရွှေနှင့် အရည်အသွေး အလွန်ကောင်းသည့် ပတ္တမြားတို့ကိုသာ စိတ်ဝင်စားခဲ့ပြီး အလောင်းမင်းတရား၏ စာကို မပြန်ခဲ့ပေ။ အဖိုးတန် ရွှေချပ်ကို သူ၏ စာကြည့်တိုက်သို့ ပို့ကာ သိမ်းဆည်းစေလိုက်၏ ။ ဟိုင်းကြီးကျွန်းမှ အရှေ့အိန္ဒိယ တာဝန်ခံ စခန်းမှူး ဂျွန်ဟိုးစ်ထံသို့ သီးသန့်တစ်စောင် ပို့လိုက်သော်ငြား အရေးတယူ မပြုခဲ့။
အင်္ဂလိပ်တို့ထံ၌ လက်နက်ကောင်းများ ရှိကြောင်းကို သံအမတ် ဘေကာတို့ထံမှ သိရသဖြင့် အလောင်းမင်းတရားက အိန္ဒိယနှင့် ဟိုင်းကြီးကျွန်းသို့ စာစေ သံလွှတ်သည်။ ပုသိမ်နှင့် ရန်ကုန်တွင် အခြေချခွင့် ပေးမည်ဟုပင် ကမ်းလှမ်းခဲ့သေး၏ ။ သို့သော် အင်္ဂလိပ်တို့က အချိန်ဆွဲနေသည်။ လက်ငင်းငွေပေး၍ ဝယ်မည်ဆိုကာ ငွေပေးလိုက်သည်ကိုပင် လက်နက်မရောက်လာ၊ မြန်အောင်မှ ထပ်မံ၍ သံစေသည်ကိုလည်း ဘေကာ ပြန်လိုက်လာပြီး အရေးဆိုနေသည်။
ထိုအချိန်ထိ အင်္ဂလိပ်တို့က အလောင်းမင်းတရားကို မင်းဧကရာဇ်ဟု မသတ်မှတ်သေး။ ထီးမျိုး မင်းနွယ် မဟုတ်သည့် ပုန်ကန် ကြီးထွားလာသူဟုသာ ယူဆနေကြသည်။ ဖောက်သည်သစ် ဖြစ်လာနိုင်သည်ဟု ထင်သော်လည်း ကုန်သွယ်ဖက်အဖြစ်ပင် လက်မခံကြသေးရာ အကူအညီမပေးကြချေ။ မှာရမည် ဟူသည့် လက်နက်တို့မှာ မည်သည့်အခါမှ ရောက်မလာသလို တကယ်လည်း မမှာခဲ့ကြ။ တစ်ဖက်တွင် မွန်ဘုရင်ကို လက်နက်ခဲယမ်း အကူညီပေးနေပြန်၏ ။
သူတို့ လိုချင်နေသည်မှာ အလောင်းမင်းတရား၏ အာဏာရိပ်အောက် ရောက်နေသည့် ပုသိမ်တွင် အခြေစိုက်ခွင့် ရရေးသာ ဖြစ်ပြီး ရှေးဟောင်းဘုရားတစ်ဆူရှိရာ ကုန်းမြေကို အကြိမ်ကြိမ် တောင်းဆိုနေကြသည်။ သာသနာ့မြေဖြစ်၍ အလောင်းဘုရားက မပေး။ သံဃာနှင့် ပြည်သူ လက်မခံလျင် ငါပင် နန်းကျနိုင်သည်ဟု အလိမ္မာနှင့် ဆိုလိုက်သောကြောင့် အင်္ဂလိပ်တို့ အခက်တွေ့နေရသည်။ မှာသမျှ လက်နက်နှင့် အကူအညီများ မရ၍ ဗိုလ်မင်း တပ်မင်းများကလည်း မကျေနပ်ကြ။
ထိုအထဲတွင် လက်ျာဘီလူးသည် သန်လျင်နှင့် ပဲခူးကိုပင် မလုပ်ကြံရသေးမီ ဟိုင်းကြီးကျွန်းအား တိုက်ခိုက်ချေမှုန်းရန် ကြံစည်နေလေပြီတကား။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
"ငစံ၊ မင်း ဘယ်ပျောက်နေတုန်း"
"မျက်နှာဖြူကောင်တွေ မသင်္ကာလို့ စုံစမ်းနေတာ ဦးတွန်။ ခု ဦးကောင်းဆီ သွားမလို့၊ လိုက်ဦးမလား"
"ပုသိမ် အရေးလား။ အေး.. လိုက်တာပ"
သူတို့ ဦးကောင်း၏ ရေတပ်ဆီ ထွက်လာကြ၏ ။ ဦးကောင်းက အလောင်းမင်းတရားထံ အခစားဝင်သည်ဟု ဆိုသဖြင့် တစ်လက်စတည်း လိုက်သွားကြသည်။ ခြေတော်ရင်း ရောက်သောအခါ စစ်ရေးစစ်ရာ အုပ်ချုပ်စီရင်ရေးများ မေးမြန်းပြောဆိုကြပြီးနောက် လက်ျာဘီလူးက
"ပုသိမ်ကို လို၍ လာရောက် တောင်းဆိုနေကြသည့် အရှေ့အိန္ဒိယ သံတမန်တို့ လျှောက်ထားချက်မှာ လက်မခံနိုင်စရာများစွာ တွေ့ရပါသည်။ ဟိုင်းကြီးကျွန်းနေ သင်္ဘောကုလားတို့ ပုသိမ်ကို ခြေကုပ်ပြုမိပါက လုပ်ရေးကြံရာတွင် သန်လျင်ထက် ခက်ခဲမည့် အရေး များစွာရှိသည်။ စေတီတော်လည်း အဖိုးတန် ကျောက်မျက်များနှင့် ကုသိုလ်ရှင် ရွှေကိုယ်လေးစက်၍ ထည့်မြှပ်ထားကြောင်း သိရပါသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဟူသမျှလည်း ပုသိမ်တွင် ဆုံ၏ ။ တစ်လက်မမျှ မခန့်သင့်ကြောင်းပါ"
ဟု လျှောက်ထားရာ အလောင်းမင်းတရား ပြုံးနေသည်။ ဦးကောင်းက ငစံ မြေပုံနှင့်တကွ အကြောင်းချင်းရာ သိလာပြီဟု သဘောပေါက်လိုက်သည်။ ဦးတွန်ကတော့
"သည်အကောင်တွေဟာ မပေးပါဘူး ဆိုတာကိုသာ တစွတ်စွတ် တောင်းနေတယ်။ ဝယ်ယူထားတဲ့ လက်နက်တွေအကြောင်းတော့ မေးမရ။ ကတိမတည်၊ သစ္စာမရှိ၊ ကုန်သွယ်စီးပွားဖက် ဖြစ်နိုင်မည်မထင်ပါ"
ဟု ဆိုသည်။ အလောင်းဘုရားက
"ငစံ ဘာတွေ စိုးရိမ်ပြီး ဘယ်ကို ကြံနေပြန်ပြီတုန်း။ ခု မိုးဦးကျလို့ ခြေလင်းလက်ခင်းမသာ၊ ငါတို့လည်း နေပြည်တော် ပြန်ဦးမည်။ မိုးစဲလေသာမှ တစ်ဖန် ပြန်လာ၍ ဟံသာဝတီကို လုပ်ကြံရမည်။ ပုသိမ် ဟိုင်းကြီး နေပါစေဦး။ ယခုအခါ သန်လျင်ကိုပင် မရနိုင်သေး။ ဒဂုံကို မင်းနှင့် ငတွန် လုံအောင် စောင့်နေခဲ့ချေ။ သင်္ဘောကုလားတို့ တောင်းသည့်ကိစ္စ မင်းကြောင့်ကြရန် မလို"
ဟူ၍ မိန့်တော်မူမှ လက်ျာဘီလူး ထပ်မလျှောက်တော့ဘဲ နှုတ်ပိတ်သွားသည်။ သို့သော် မင်းတရားက မင်းလှမင်းခေါင်နှင့် မင်းထင်နော်ရထာ နေခဲ့ရမည်ဟု အမိန့်တော် မှတ်နေစဉ် သူက အခြားအကြောင်းအရာတစ်ခုကို တွေးနေမိသဖြင့် မကြားလိုက်။ ဦးကောင်း လက်တို့တော့မှ သတိဝင်၍ ဦးချလိုက်ရသည်။
(ဆက်ရန်...)   အမာခံဗိုလ် (၃)

Written by သင်္ခရာဇာ

End date: August 14, 2021

အမာခံဗိုလ် (၁)

"ဘယ်လိုလဲ ဂျိုနသန်၊ အဆင်ပြေခဲ့ရဲ့လား"

"မပြေခဲ့ပါဘူး ဗိုလ်ချုပ်၊ သူတို့ ငြင်းနေတုန်းပါပဲ။ လက်နက်ဝယ်ဖို့တော့ ငွေတော်နဲ့ စာချုပ်တစ်ခု ချုပ်ပေးလိုက်တယ်"
အနီရောင် စစ်ဝတ်စုံနှင့် အဖြူရောင် ဆံပင်ခွေများပါသည့် ဆံတု စွပ်ထားသော နီစပ်စပ် လူကြီးတစ်ဦး၏ အမေးကို အနောက်တိုင်းဝတ်စုံ ကုတ်အင်္ကျီများနှင့် ဝင်လာကြသည့် အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက ဖြေကြားလိုက်ခြင်း ဖြစ်သည်။
စစ်ဗိုလ်ချုပ်သည် အလိုမကျဟန်ဖြင့် မျက်နှာတစ်ချက် မဲ့လိုက်ကာ ဝိုင်ခွက်ကို မ ရင်း
"မင်းတို့ သေချာမပြောကြဘူးလား။ အဲဒီနေရာကို ရတာနဲ့ လိုချင်တဲ့ လက်နက်ခဲယမ်းတွေ လိုသလောက် မှာပေးပါ့မယ် လို့"
"အမျိုးမျိုး ပြောပါတယ် ဗိုလ်ချုပ်ရယ်။ နေမဝင်သခင်ထံ ချက်ချင်း လျှောက်တင်ပေးပါမယ် ဆိုတာတောင် မြန်မာဘုရင်က လက်မခံဘူး။ ကျွန်ုပ်က ပါးပါးနပ်နပ် လှည့်ပတ်ပြောပေမယ့် အလောင်းမင်းတရားက ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်တယ်"
"ဘယ်လို ပြောတာလဲ"
"ငါက ခုမှ ထီးနန်းရဖို့ ကြိုးစားနေတုန်း တဲ့။ ငါတောင် ထီးနန်းမခိုင်မြဲသေးခင် ဗုဒ္ဓဘာသာ အထွဋ်အမြတ်ထားရာ ဘုရားမြေနေရာကို မင်းတို့ကို ပေးလိုက်မယ် ဆိုရင် ပြည်သူတွေ ကျေနပ်ကြမှာ မဟုတ်ဘူး တဲ့။ ပြည်သူတွေသာ မကျေနပ်ရင် ငါလည်း ထီးနန်းရတော့မှာ မဟုတ်ဘဲ ကျရှုံးသွားလိမ့်မယ် တဲ့။ ဒါ့ကြောင့် တိုင်းသူပြည်သားတွေရဲ့ အလိုကို ဆန့်ကျင်ပြီး မင်းတို့ကို ဘုရားကုန်းနေရာ မပေးနိုင်တာ လို့ ပြောလိုက်တယ်"
"ခက်တော့တာပဲကွာ.. ဒီနေရာက ငါတို့အတွက် ဘယ်လောက် အချက်အချာကျတယ် ဆိုတာ သူ သိမှာ မဟုတ်ဘူး။ သူက သူ့ထီးနန်းနဲ့ သူ့လူတွေကိုပဲ ကြည့်နေတာ။ ဒီစစ်ခေါင်းဆောင် နိုင်ငံရေးတော့ အတော် အပါးဝတယ်။ တောက်လျှောက် နိုင်ခဲ့ပြီး တစ်စ တစ်စ နယ်မြေကျယ်ပြန့်လာတာလည်း မပြောနဲ့၊ သိပ်လည်တာကိုး"
ဗိုလ်ချုပ်၏ ညည်းတွားသံအဆုံးတွင် သံအဖွဲ့ခေါင်းဆောင် ဂျိုနသန်က
"မြန်မာဘုရင်တင် နိုင်ငံရေး စစ်ရေး ကျွမ်းကျင်တာ မဟုတ်ဘူး။ သူ့လူတွေလည်း အင်မတန် ပါးနပ်ပါတယ်။ အဲဒီ အစုအဖွဲ့ကို ကျွန်ုပ်တို့တင်မဟုတ်၊ လတ်တလော ဘယ်သူမှ နှိမ်နင်းနိုင်ဦးမှာ မဟုတ်ဘူး"
"ဘာဖြစ်လို့လဲ ဂျိုနသန်"
"ရန်ကုန် မြို့စောင့်ကျတဲ့ မင်းထင်နော်ရထာ ဆိုတဲ့ ဗိုလ်မှူးက သူတို့ဘုရင်မင်းမြတ်နဲ့ တွေ့ဆုံပွဲအပြီးမှာ ကျွန်ုပ်တို့ သံအဖွဲ့ကို သီးခြား ခေါ်တွေ့တယ်။ သူတို့ ဘုရင်လိုပဲ ပဲခူးနဲ့ သန်လျင်ကို တိုက်ဖို့ အမြောက် လက်နက်တွေ အသည်းအသန် လိုချင်နေပုံရတယ်။ ဒါပေမယ့် သူမေးတာက ကျွန်ုပ်တို့မှာ ရှိတဲ့ လက်နက် အမျိုးအစားတွေနဲ့ စွမ်းဆောင်ရည်တွေကို အသေးစိတ် မေးနေတယ်။ မြန်မာထဲမှာ သူ့လောက် စေ့စပ်တာ ယခင်က မတွေ့ဖူးဘူး"
"မင်း ဘာတွေ ပြောခဲ့လဲ"
"မပြောလို့ မရဘူး။ သူက အချက်အလက် အတိအကျကို တောင်းနေတာ။ ရေးမှတ်မယ့်သူကလည်း အဆင်သင့် စောင့်နေတယ်။ လက်နက် ရောက်တဲ့အခါ အသုံးပြုပုံနဲ့တကွ ရှင်းလင်းပြသပေးမယ့်သူတွေပါ ပါလာမှာပါ လို့ ပြောပေမယ့် မရဘူး"
"အဲဒီတော့.."
"ကျွန်ုပ်တို့မှာ ရှိတဲ့ အမျိုးအစားတွေနဲ့ စွမ်းဆောင်ရည် အကျဉ်းကိုတော့ သူ စိတ်ကျေနပ်အောင် ပြောပြခဲ့ရတယ်။ သူက လူငယ်ပေမယ့် အများကြီး ရစ်တယ်။ မေးပြီးသားကို ရုတ်တရက် မသိသလို ပြန်လှည့်မေးပြီး ဖြေတာ နည်းနည်း လွဲသွားရင်ကို ထောက်တော့တာပဲ။ မင်းတို့လည်း မယုံရဘူးချည်း တွင်တွင် ပြောနေတယ်။ ဒါနဲ့ အတတ်နိုင်ဆုံး မှန်အောင် သတိထား ပြောကြရတယ်"
"သူက ဒါတွေကို ဘာလုပ်ဖို့ မေးတာတဲ့လဲ"
"လာမယ့် သန်လျင်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ချင်လို့ လို့ ပြောတယ်။ အဲဒီပွဲ မတိုင်ခင် အချိန်မီ ရောက်လိမ့်မယ်လို့ တစ်ထစ်ချ တွက်ဆထားပုံပဲ"
ဗိုလ်ချုပ်က ခနဲ့ပြုံး ပြုံးသည်။
"မြန်မာတွေက ဒီလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးပြီး ယုံကြည်မှု လွန်ကဲနေကြတာပဲ"
"ဟုတ်တယ်။ ဒါပေမယ့် အဲဒီတစ်ယောက်ရဲ့ စံနစ်တကျ အကွက်ချ လုပ်တတ်ပုံနဲ့ တွေးခေါ်ပုံတွေအရ ဒီထက်ပိုပြီး လိုချင်တာရှိလိမ့်မယ်လို့ ယူဆရပါတယ်"
"ထားလိုက်စမ်းပါကွာ။ ငါတို့ လိုချင်တဲ့ ရှေးဟောင်း ဘုရားကုန်းအကြောင်းရော မေးသေးလား"
"ဘာလုပ်ဖို့လဲ တစ်ခွန်းပဲ မေးတယ်။ ကုမ္ပဏီ တည်ဆောက်ဖို့ ကုန်းမြင့်လိုချင်တာ လို့ ဖြေတော့ ထပ်မမေးတော့ဘူး"
"ကောင်းတယ်။ တခြားဗိုလ်ချုပ်တွေကရော"
"ညီလာခံမှာ သိပ်အမြင်မကြည်ကြတဲ့ဟန် ရှိပေမယ့် ဘာမှ ထွေထွေထူးထူး မပြောကြပါဘူး။ သူတို့ဘုရင်နဲ့ တစ်သဘောတည်း၊ ဘုရင့်ဆန္ဒကို မငြင်းဝံ့ကြသူတွေပါပဲ။ ဘုရင်ကသာ ခွင့်ပြုမယ် ဆိုရင် အားလုံး ရေငုံနေကြမယ့်သူတွေ"
"မြန်မာဘုရင်ရဲ့ သဘောကရော"
"အလောင်းမင်းတရားကတော့ အင်္ဂလန်ဘုရင်မင်းမြတ်နဲ့ မဟာမိတ် ဖွဲ့လိုဟန် ရှိတယ်။ ဂျော့ဘုရင် II ထံ ရွှေသဝဏ်လွှာ ပို့ထားတယ်လို့ မိန့်ကြားပါတယ်။ အရှေ့အိန္ဒိယ ကုမ္ပဏီကနေ တစ်ဆင့် ပို့တာပါ"
"အိန္ဒိယကို ပို့ရင်တော့ ဂျော့ဘုရင်မင်းမြတ်ဆီ ရောက်မှာ မဟုတ်ဘူး။ အဲဒီက ကောင်တွေက သူတို့ကိုယ်သူတို့ ဘုရင်လို ထင်နေကြတာ။ အေးလေ၊ သူတို့က မြေနေရာ မပေးရင် တို့ကလည်း လက်နက် မှာမပေးဘဲ ဆိုင်းငံ့ထားရမယ်။ သူတို့ အခက်တွေ့မှ တို့ကို ပုသိမ်မှာ ခြေချခွင့် ပေးတော့မှာပဲ"
"ဟုတ်ပါတယ်။ ကျွန်ုပ်တို့ဆီက လက်နက်ကို မျှော်ကိုးပြီး ဟိုင်းကြီးနဲ့ ပုသိမ်သာမက ဒဂုံမှာပါ အခြေချခွင့် ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်"
"ဟားဟား၊ ဒီလိုပဲ ဖြစ်ရမှာပေါ့။ လက်နက် မရလို့ သူတို့လူတွေ အထိနာတော့မှ ငါတို့ဆန္ဒအတိုင်း အကုန်လိုက်လျောလာရလိမ့်မယ်။ တို့က အချိန်ကို စောင့်ရုံပဲ"
"ဒါပေမယ့် တစ်ခုရှိတာက ဒီဘုရင်နဲ့ ဒီလူတွေ ရှိနေချိန်အတွင်းမှာတော့ ကုန်သွယ်ဖို့ရာ ကိုလိုနီနယ်တွေ ရဖို့ကိစ္စက နှောင့်နှေးနေဦးမှာပါ။ သူတို့ကို အနိုင်တိုက်ဖို့ မလွယ်ဘူး။ ဒီလူတွေက စစ်ရေး မဟာဗျူဟာတွေ နားလည်တယ်။ အခြေနေကို သုံးသပ်တတ်တယ်။ အတင်းဝင်သိမ်းလိုက်ရင် ပဲခူးဘုရင်လို ပြင်သစ် ပေါ်တူဂီအကူအညီယူပြီး ပြန်တိုက်ကြမှာပဲ။ နောက်ပြီးတော့"
"နောက်ပြီးတော့ ဘာဖြစ်လဲ"
"သူတို့က ကျောက်ခဲကို ဆီကြိတ်နိုင်တဲ့ သူတွေ။ နွားချိုက ရေကျအောင် ညှစ်တယ် ဆိုတာ သူတို့မှ အစစ်။ သူတို့ ပြောနေကျ စကားတစ်ခွန်း ရှိတယ်။ သံမြို့နဲ့ ခံသော်လည်း ငါတို့ကို ခံနိုင်မည်မဟုတ်၊ ငှက်ကဲ့သို့ ပျံပြေးလည်း တို့လက်က မလွတ်နိုင် တဲ့"
xxxxxxxxxxxxxxxxxxxxxxxxxxxxx
အင်္ဂလိပ်သံများ ပြန်သွားပြီးနောက် မင်းထင်နော်ရထာ ငြိမ်ချက်သား ကောင်းနေသည်ဟု မဟာသေနာပတိက စုံစမ်းရန် ဝင်လာ၏ ။ တပ်တွင်းအရောက် လက်ျာဘီလူးအား မေးရာ မြေစိုက်တဲကြီးတစ်ခုအတွင်းသို့ ညွှန်ပြကြသဖြင့် ဦးကောင်း ဝင်ခဲ့သည်။
"ငစံငယ် ဘာတွေ လုပ်နေသတုံး"
"ဝန်မင်း ကြွလာသကိုး။ စစ်ရေး လေ့လာစရာများ ရှိလို့ အပတ်တကုတ် လေ့လာဆည်းပူးနေရကြောင်းပါ"
"အောင်မာ၊ မင်းနဲ့ ငါပဲ ရှိသာ။ ရိုးရိုးပဲ ပြောစမ်းပါ"
ထိုစဉ် တပ်သားတစ်ဦး ဝင်လာပြီး
"ဗိုလ်မှူး ရှာခိုင်းထားတဲ့ လူနှစ်ဦး ရပါပြီ။ ရှေ့တော်ဝင်ရန် အသင့်"
"အေး၊ ခေါ်လိုက်လေ။ ဦးကောင်း ထိုင်ပါဦး"
"မထိုင်တော့ပါဘူး။ လုပ်စရာရှိတာလုပ်။ မင်း ဘာလုပ်နေလဲ လာစူးစမ်းသာ"
တပ်သား ပြန်ထွက်သွားပြီး လူနှစ်ဦး ဝင်လာသည်။ လက်ျာဘီလူးက
"မြေပုံပန်းချီဆွဲတတ်တာ ဘယ်သူလဲ"
"ကျွန်တော်ပါ။ ငဖိုးစီ"
"ဟုတ်ပြီ။ မင်းတို့နှစ်ယောက် ပုသိမ်နဲ့ ဟိုင်းကြီးကျွန်းကို သွားရမယ်။ အမြန်ဆုံးသွားပြီး အမြန်ဆုံး ပြန်ခဲ့ရမယ်။ ဖိုးစီက ပုသိမ်မြို့ကို ငါလိုချင်တဲ့ အချက်တွေ မြေပုံဆွဲလာရမယ်။ နောက်တစ်ယောက်က ဟိုင်းကြီးကျွန်းကိုသွား၊ ခံတပ်ပေါ်မှာ လက်နက်တွေ ချထားပုံကို မှတ်လာခဲ့။ ပြီးရင် သင်္ဘောကုလားတွေနဲ့ အကျွမ်းဝင်တဲ့ ကုန်သည်ကြီးတစ်ဦးကို ရွှေငွေပေးပြီး ဒဂုံကို လာခဲ့ဖို့ ဖိတ်လာခဲ့"
ဦးကောင်းက ဝင်မေးလိုက်သည်။
"ဘာတွေ လုပ်နေသလဲကွဲ့ မောင်စံ"
(ဆက်ရန်...)  အမာခံဗိုလ် (၂)


Written by သင်္ခရာဇာ

End date: August 12, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...