''သားရေ… ငလုံး၊ ပြီးရင် သွားကြစို့ဟေ့''
အဖေ့အသံကြားသည်နှင့် ငလုံး ခမောက်ကို ကောက်ဆောင်းလိုက်သည်။
''ပြီးပါပြီ အဖေရဲ့။ လာပြီ''
ဟိုးအဝေးမှာ မြူတွေဆိုင်းနေသည့် ပုပ္ပါးတောင်မကြီးကို လှမ်းမြင်နေရသည်။ သူတို့ ယာထဲရောက်တော့ ဝေလီဝေလင်း၊ နေမင်းတောင် ထွက်ပြူမလာသေး။ သို့သော် သူတို့ယာသမားအားလုံး သည်အချိန် လုပ်ငန်းခွင် ဝင်ကြရပြီ။
အခြားသူများက ထွန်၊ ထယ်၊ လှည်း၊ နွားများကို က နေသည့်အချိန် ငလုံးကတော့ အလုပ်ရှုပ်နေပြီ။ သူတို့မှာ ဧက ၃၀ ရှိသည် မဟုတ်လား။ ထို့ပြင် သူက သည်နှစ် ဧက ၃၀ လုံးကို အကုန် နှမ်း ပဲ ဝါ အပြည့်စိုက်မည်ဟု ကြွေးကြော်ခဲ့သည် မဟုတ်လား။
ထို့ကြောင့် အခြားသူများထက် အားပိုစိုက်ရသည်။ အဖေက ကူသည် ဆိုပေမယ့် အသက်ကြီးပြီ။ ထို့ကြောင့် သူ ထွန်၍ ထွက်လာသော မြေကြီး ကျစ်စာခဲများကို ပေါက်ပြား၊ တုံးတို့ဖြင့် ထုရန်သာ ကူခိုင်းတော့သည်။ ကျန်တာ သူ့တာဝန်။ သူရင်းငှား ငှားလို့ရပေမင့် သူကိုယ်တိုင် လုပ်နိုင်သဖြင့် မငှားခဲ့။
ထို့ကြောင့် ရွာနီးချုပ်စပ်က ငလုံးတစ်ကောင် ဘယ်လိုများ လုပ်မှာပါလိမ့် ဟု စိတ်ဝင်စားကြသည်။ ခြံထဲက ခိုင်းနွားအကုန် ယာထဲ မောင်းသွားသောအခါ တီးတိုး ဝေဖန်ကြသည်။ နွားများအားလုံးကို ထွန်တပ်သောအခါ အံ့သြနေကြသည်။ နွား အကောင် ၆၀ အရှဉ်း ၃၀ ကို ဧက ၃၀ မှာ အသင့်ပြင်ထားသောအခါတွင်တော့…
အချို့က မဖြစ်နိုင်ဟု ဆိုကြသည်။ အချို့က လှောင်ကြသည်။ အချို့က ရယ်ကြသည်။ မည်သို့ဆိုစေ ငလုံး၏ လယ်ထွန်မင်္ဂလာပွဲကို လာကြည့်ကြသည့် ပရိသတ်က စည်စည်ကားကား။ ငလုံးကတော့ သူတို့ကို ဂရုမစိုက်နိုင်။ ခွင်နေသော လက်ကို ဇယ်ဆက်သလို လုပ်ကိုင်နေရပြီ။ နွားတွေကို ကျင်လည်စွာ ထိန်းသည်။ အပြေး ဒုန်းမောင်းသည်။ အမြန်မောင်းသဖြင့် မြေစူးနည်းမှာ မစိုးရိမ်ရ။ ထွန်သွားများက ယခုနှစ်မှ ထပ်လုပ်ထားသည့် အသစ်များဖြစ်သလို ငလုံး၏ ထွားကျိုင်းလှသော ကိုယ်ကာယကြီးကြောင့် ပုပ္ပါးမြေပျော့များမှာ သူ့ကျောဘက်တွင် ဖွားခနဲ ဖွားခနဲ။
နေရောင်အောက်မှာ ညိုမောင်းသော ခန္ဓာကိုယ်ကြီးက မောရမှန်းမသိ ပန်းရမှန်းမသိ။ နွားတွေသာ မောသွား၍ ရပ်ကျန်ခဲ့သော်လည်း သူကတော့ ဖခင် ပြင်ထားသော နောက်တစ်ရှဉ်းနှင့် နောက် တစ်ဧကကို ထွန်ယက်နေပြီ။ ပရိသတ်က များလာသည်။ ကောင်းချီးပေးသံ အားပေးသံများ ကြားရသည်။ ဂရုမပြုအား။ တစ်ဧကပြီးလျင် တစ်ဧက ကူးသွားသည်မှာ ထွန်ရေးညက်ညက်၊ ထွန်ကြောင်းညီညီ၊ မြန်မြန်နှင့် မှန်မှန်။
နေထန်းတစ်ဖျားရောက်တော့ အခြား ယာနီးချင်းများ တစ်ဧက မညက်သေးချိန် ငလုံးက ဧက ၃၀ လုံး ထွန်ခြစ်ပြီးသွားပြီ။ ထိုအခါမှ လယ်ကန်သင်းများမှာ၊ သစ်ပင်အောက်များမှာ၊ ကဇာခင်တန်းတစ်လျှောက်မှာ ထိုင်သူ ရပ်သူ အားပေးသူ လူအများကို သတိထားမိသွားသည်။ လူတွေ မနည်းပါလား။ ပွဲကြည့်နေကြသည့်အလား သူ့အား ဝိုင်းကြည့်နေကြသည်။
………………………………………………………
နော်ရထာမင်းစောသည် သူ့ဗီဇ ဝါသနာအတိုင်း မထင်မရှားအသွင်ဖြင့် မြင်းဖြူတော် 'ကဏ္ဍိကလက်လှ' ကို သာမန်ကုန်းနှီးသာ တပ်လျက် တိုင်းပြည်၏ အခြေအနေကို စုံစမ်းရန် နန်းတော်မှ တစ်ဦးတည်း ထွက်လာခဲ့သည်။ မင်း အနေနှင့် တိုင်းခန်းလှည့်လျင် ပကတိ အခြေအနေမှန်ကို သိရလိမ့်မည် မဟုတ်။ ထို့ကြောင့် သာမန်ကုန်သည် ခရီးသွားအသွင်ဖြင့်သာ နယ်လှည့် စနည်းနာထွက်လေ့ ရှိသည်။ မင်းသားဘဝတည်းက အထက်အညာ နယ်စုံ ရောက်ဖူးသဖြင့် သူ့အတွက် မစိမ်းလှ။
ယခုလည်း ကျေးဇူးရှိဖူးသော ပုပ္ပါးနယ်ဘက် ထွက်လာခဲ့သည်။ တစ်ချိန်က နောင်တော် စုက္ကတေးအား ပုန်ကန်ရန် ပုပ္ပါးနယ်သားတို့၏ အင်အား အကူအညီကို ယူခဲ့ရ၏ ။ ယခု မင်းဖြစ်သောအခါ ကျေးဇူးရှိရာ ပုပ္ပါးနယ်၏ လိုအပ်ချက်များကို လေ့လာစုံစမ်းရန် ထွက်လာခြင်း ဖြစ်သည်။
ပုပ္ပါးသည် ပန်းမျိုးစုံ ပွင့်ရာဒေသ။ ပန်းခင်းများဖြင့် နာမည်ကျော်သည့် အရပ်။ ခေတ်အဆက်ဆက် ပန်းများ၊ ပျိုးပင်များ လုပ်ကိုင်ခဲ့ကြသော စကားဝါမြေလည်း ဖြစ်သည်။ ထို့ကြောင့် အခါအားလျော်စွာ သူ ဤနယ်သို့ ခြေဦးလှည့်တတ်သည်။ ယခုလည်း ရွာတစ်ရွာမှာ ခေတ္တနား၍ သူချစ်သော အရပ်၏ ဒေသန္တရသတင်းကို စုံစမ်းနေလေသည်။
ယခုတစ်ခေါက် ထူးထူးဆန်းဆန်း ကြားရသည်မှာ လက်ခွင်သော လူတစ်ယောက် တစ်နေ့တည်း နွားအရှဉ်း ၃၀ နှင့် ဧက ၃၀ ထွန်နိုင်သော ဟူသည့် သတင်း ဖြစ်သည်။ ကြားစက သူပင် မယုံနိုင်။ မဖြစ်နိုင်ဟု ထင်ရသော်လည်း မြင်သူများက အခိုင်အမာ ပြောနေသည်။ တဆင့်ကြားဖြင့် ချီးကျူးနေသူလည်း အများ။ ဤအတိုင်းဆိုလျင် အလွန် သန်စွမ်းမောက်မာသူ ဖြစ်ရမည်။ သွားရောက်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ဖခင်အမွေ နတ်မြင်းကျော်ကို ယုံကြည်ရသည့် အိမ်တစ်အိမ်တွင် အပ်ခဲ့ပြီး လူများ သွားနေကြသည့် လမ်းအတိုင်း ယာကွင်းထဲ လိုက်သွားသည်။ အမှန်ပင် ပြန့်ပြူး ကျယ်ဝန်းသော ယာကွက်တွေထဲမှာ နွားအရှဉ်းပေါင်းများစွာနှင့် လူသား နှစ်ဦး။ အရွယ်ကျနေပြီဖြစ်သော တစ်ဦးက ဖခင်ဖြစ်ဟန်တူပြီး ထွားကျိုင်းမြင့်မားသည့် လူငယ်တစ်ဦး ဒိုင်ခံထွန်ယက်နေသည်ကို ကူညီပေးနေသည်။
ထိုသူငယ်သည် လက်တစ်ဖက် ခွင်နေသော်လည်း အမှန်ပင် သန်စွမ်းသူ ဖြစ်ပေသည်။ သက်လုံလည်း ကောင်းလှသည်။ စစ်ထဲတွင် သူလိုလူတစ်ယောက်က အခြားလူ တစ်ရာစာမက တိုက်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းမိသည်။ လျင်မြန်ဖြတ်လတ်သလောက် သေသပ်တိကျသော လူငယ်ကို နော်ရထာမင်းစော သဘောကျသွားသည်။ နေမွန်းတိမ်း၍ အလုပ်သိမ်းသောအခါ ယင်းသားအဖရှိရာသို့ သွား၍ မေးမြန်းစုံစမ်းကာ အရိမ္မဒ္ဒနပူရ နေပြည်တော်သို့ လိုက်လာခဲ့ရန် မှာကြားခဲ့လေသည်။
………………………………………………………
မင်းမိန့်ကြောင့်သာ ပေါက္ကံရာမသို့ ငလုံး ထွက်လာရသည်။ အဖနှင့် ယာများကို စိတ်မချ။ သို့သော် သူရင်းငှားအများအပြား ငှားနိုင်သော အခကြေးငွေကို ဘုရင် အနုရုဒ္ဓ က ပေးခဲ့သဖြင့် တော်သေးသည်။ သဘောကောင်း၍ တည်ကြည်ခန့်ညားသော သုရှင် အနုရုဒ္ဓါကို လေးစားကြည်ညိုစိတ်လည်း ဖြစ်မိသဖြင့် မငြင်းနိုင်ဘဲ မင်းမှုထမ်းရန် ထွက်လာခြင်းလည်း ဖြစ်သည်။
ပျူဂါမ ပုဂံပြည်ရောက်တော့ စစ်သူကြီး မင်းကျန်စစ်၏ လက်အောက်တွင် အမှုထမ်းရသည်။ သူ့ထက် စော၍ နော်ရထာမင်းစော တွေ့ခဲ့သည့် အရပ်သား တပ်မင်းကြီး တစ်ဦးနှင့်လည်း ဆုံရ၏ ။ ထိုသူကား အသက်ကြီးသော်လည်း အလွန်သန်မာသော ငထွေ၊ သူ့လောက် မထွားကျိုင်းသော်လည်း သူ့ထက်ပင် သန်မာသေးသည်။ မြင်းမူနယ်မှ ဟု သိရသည်။ ၁၅ နှစ်ခန့် ကြီးသူဖြစ်၍ လေးစားမည် ကြံခါရှိသေး၊ ရူးပေါပေါ စကားများ ပြောကာ ပျော်ပျော်နေတတ်သူကြီးမှန်း သိလာရသောကြောင့် သူငယ်ချင်းရင်းချာကဲ့သို့ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။
မကြာမီ သုရှင် အနော်ရထာနှင့် ညောင်ဦးနယ်ဘက် လိုက်သွားကြရသည်။ ခရီးလှည့်လည်ရင်း ကမ်းပါးတစ်ခု နံပါးမှာ လူအများ စုရုံးကာ တဟေးဟေး အော်ဟစ်နေကြသဖြင့် မြင်းများဖြင့် ချည်းကပ်သွားကြသည်။ ညိုမောင်းကျစ်လျစ်သော လူတစ်ဦး ဧရာဝတီမြစ်ထဲ လက်ပစ်ကူးနေသည်ကို အားပေးနေကြခြင်း ဖြစ်သည်။
မြစ်ပြင်ကျယ်ကြီးကို ကြည့်၍ ဤလူ တစ်ဖက်ကမ်း ရောက်အောင်မှ ကူးနိုင်ပါ့မလား၊ ရေလယ်မှာ လက်ပမ်းကျ၍ အသက်ဆုံးသွားမလား ဟု ငလုံး ကြောင့်ကြမိလေသည်။ ထိုသူကတော့ လက်ကို လွှဲကာ လွှဲကာ ခပ်မှန်မှန် ခတ်သွားသည်မှာ တဖြည်းဖြည်းဝေးသွားပြီး မှုန်မှုန်လေးသာ မြင်ရတော့သည်။ ဟော… တစ်ဖက်ကမ်းကို နီး နေပြီ။ နီးနေပြီ။ မရောက်ခင် ဘာမှ မဖြစ်ပါစေနှင့် ဟု ကြိတ်ဆုတောင်းမိသည်။
ထိုသူ တစ်ဖက်ကမ်း ကို ရောက်သွားသည်ကို မြင်တော့မှ သက်ပြင်းချရန် သတိရသော်လည်း မထင်မှတ်သော အခြင်းအရာကြောင့် ငလုံး မျက်လုံးပြူးသွားသလို မင်းကျန်စစ်ထံမှ အာမေဋိတ် ပြုလိုက်သံကိုပါ ကြားလိုက်ရသည်။ တပ်မှူး ငထွေကဆို…
''ဟာ… အာဂ အကောင်ပါလားဟေ့။ ငါ့လောက်နီးနီး ရူးတဲ့ ကောင်ပဲ''
ဟု အော်လိုက်သည်။ ကြည့်လေ၊ တစ်ဖက်ကမ်းကို ရောက်သော်လည်း သောင်ပြင်ပေါ် မတက်ဘဲ ကမ်းကို ထိရုံမျှ ပြုပြီးသည်နှင့် ချက်ချင်း ပြန်လှည့်လာသည်ကို မြင်လိုက်ကြရသောကြောင့် အနော်ရထာမင်းကြီးပင် မင်တက်ကာ စိုက်ကြည့်နေရသည်။ ကမ်းပါးပေါ်မှ လူတစ်စုကတော့ ဝေး… ငဖီးကွ ဟု ကျယ်လောင်စွာ အော်ဟစ်အားပေးနေ၏ ။
ထိုသူသည် ရေထဲမှာ မရပ်မနား ကူးခတ်နေရသည်ကို မြေပြင်မှာ လမ်းလျှောက်နေဘိသည့်အလား ပုံမှန်အတိုင်း ခပ်အေးအေး ကူးလာသည်။ ရေရောင်ပြောင်ပြောင်မှာ ပျောက်သွားလိုက်၊ မည်းမည်းကလေး ပြန်ပေါ်လာလိုက်ဖြင့် သူတို့ကို စိတ်လှုပ်ရှားအောင် လုပ်နေသလို။ သည်ဘက်ကမ်းကို ရောက်တော့မှပင် သူတို့အားလုံး သက်ပြင်းကြီးတွေ ချလိုက်ကြသည်။
ထိုမျှနှင့် မပြီးသေးပါ။ ထိုလူက ကမ်းပေါ် ခြေချမိသည်နှင့် သူတို့ ငုံ့ကြည့်နေသည့် ကမ်းပါးစောက်ကြီးကို အပြေးတက်လာသဖြင့် ငလုံးနှုတ်မှ ဟာ ခနဲ ထွက်သွားသလို ငထွေကလည်း ပေါင်ကို ဖြန်းခနဲရိုက်ကာ 'ကြိတ်လိုက်ဦးဟ' ဟု အော်လိုက်သည်။ ထန်းတစ်ဖျားမက မြင့်သည့် ကမ်းပါး မတ်စောက်စောက်ကြီးကို အရှိန်ဖြင့် မရပ်မနား ပြေးတက်လာခြင်း ဖြစ်၏ ။ အနော်ရထာနှင့် ကျန်စစ်သားတို့ တစ်ဦးကိုတစ်ဦး လှည့်ကြည့်မိကြသည်။ ကျန်စစ်သားက မျက်လုံးပြူးပြလိုက်ရာ အနော်ရထာမင်းစောက ပခုံးတွန့်ပြလေသည်။
ရေကူးသူရဲကောင်းကိုတော့ အပေါင်းအသင်းများက ကျောသပ်ရင်သပ် ချီးမွမ်းနေကြ၏ ။ သူတို့အနား ကပ်သွားတော့ အာဂငဖီးက သဲပေါ်မှ ဖျင်အင်္ကျီကို ကောက်ယူ ခါလိုက်ပြီး ခပ်ပြုံးပြုံးနှင့် ရှိနေရာက တည်သွားသည်။ မျက်နှာစိမ်းများကို စူးစမ်းနေဟန်။ မြင်းဖြူကျော့ကြီးနှင့် သုရှင်ကိုမူ သေချာစိုက်ကြည့်နေသည်။ အနော်ရထာက ပြုံး၍ စကားစလိုက်သည်။
''အစွမ်းအစကတော့ လေးစားစရာပါလား မောင်ရင်''
………………………………………………………
ယခုတော့ အရိမ္မဒ္ဒနပူရမှာ စစ်သူကြီး လေးဦး ဖြစ်သွားပြီ။ နောက်မှ ရောက်သည့်သူကို စစ်သူကြီးရာထူး ပေးရပါ့မလားဟု အမတ်ဟောင်းများက ငြိုငြင်ချင်ကြသော်လည်း သူတို့ အစွမ်းအစများကို သိသောအခါ ဝေဖန်သံများ တိုး၍ တစတစ တိတ်သွားကြသည်။ မင်းကြီးသားတော် မင်းကျန်စစ်၏ သင်ပြမှုများအောက်မှာ သူတို့ လက်ရုံးရည် ထက်မြက်လာချိန်၌မူ မည်သူမျှ အထွန့်တက်စကား မဆိုဝံ့တော့။ အလွန်ကြမ်းတမ်းသော၊ သန်မာသော၊ ရဲရင့်သော၊ အစွမ်းထက်သော စစ်သူကြီးများပါပေ ဟု ပြည်သူများ အားကိုးစ ပြုလာကြပြီ။
သို့သော် ခက်နေသည်မှာ သူတို့၌ မြင်းကောင်း မရှိသေး။ သာမန်မြင်းများကိုသာ အကောင်းလုပ် စီးနေကြရသည်။ သူတို့နှင့် ထိုက်တန်သော မြင်းများ မရှိသဖြင့် အစွမ်းရှိသလောက် မထုတ်နိုင် ဖြစ်နေကြရသည်ဟု ငလုံး ထင်မိသည်။ သူဆိုလည်း သူ့လူကောင်ကြီးနှင့် မြင်းပိန်လေးကို မညှာမတာ စီးနေရသလို လူကြမ်းကြီး ငထွေကလည်း သူသန်စွမ်းသလောက် မြင်းက မပါသဖြင့် စိတ်ပျက်ရသည်ဟု ခဏခဏ ဆိုတတ်သည်။ ငဖီးကတော့ သူ့အလို မလိုက်နိုင်၍ မြင်းသေသည်မှာ နှစ်ကောင်ရှိပြီ။
သူတို့အားလုံးထဲမှာ ကျန်စစ်သားက ခွန်အားကြီးမားသလို ဥာဏ်ပညာလည်း ကြီးသည်။ မြင်းကို သိပ်အားမကိုးတတ်။ ငထွေ မျောက်လို တက်ရသော ထန်းပင်ကို သူ တစ်ချက်ခုန်သည်နှင့် အပင်တစ်ဝက် ရောက်သည်။ ငလုံးပင် သူ့တစ်ဝက်သာ ခုန်နိုင်သည်။ ငဖီးကတော့ ထန်းပင်ထိပ်အထိ ပြေးတက်နိုင်၏ ။ သို့သော် ငထွေ အားပြင်းပြင်းဖြင့် ခြေကန်လျက် ထန်းပင် တစ်ပင် ထိပ်မှနေ၍ အခြားအပင်ထိပ်သို့ ခုန်၍ ခုန်၍ ကူးနိုင်သည်ကိုမူ သူတို့အားလုံး မယှဉ်နိုင်ကြ။
တစ်နေ့၊ မမြင်ရသော ကံကြမ္မာက စွမ်းသူများအပေါ် ချီးမြှင့်လေ့ရှိသည် ဆိုသည့်အတိုင်း သတင်းစကားတစ်ခု နေပြည်တော်သို့ ရောက်လာသည်။ လက်ထုပ်နယ်မှာ မြင်းရိုင်းလေးစီး ပေါ်သည် ဆိုသည့် သတင်း။ မည်သူဖမ်းဖမ်း ဖမ်းမရ၊ တစ်ကောင်မျှပင် မဖမ်းနိုင် ဆိုသည့်အခါ သူတို့ ရင်ထဲမှာ အလိုလို သိလိုက်ပြီ။ ဒါ နတ်ဖန်ဆင်းသည့် မြင်းတွေ၊ သူတုိ့အတွက် သက်သက်သာ ဖြစ်ရမည် ဟု။ ကျန်စစ်သားက ဖမ်းခွင့်ပြုပါရန် အရှင် အနုရုဒ္ဓါထံ သံတော်ဦးတင်တော့ သုရှင်က ဝမ်းမြောက်ဝမ်းသာ အခွင့်ပေးလိုက်သည်။
စစ်ကိုင်း၊ ရွှေဘို စသော နာမည်ကျော် မြင်းမွေးသည့် အရပ်မှ ကျွမ်းကျင်လှပါပေ့ ဆိုသော မြင်းဆရာများပင် လက်လျှော့သွားကြရသည့် မြင်းကြီးများ။ သန်မာထွားကျိုင်းသလောက် နက်ပြောင်ချောမောသည့်အကောင်လည်း ပါသည်။ အဖြူ အညိုကျား မြင်းလှလှကြီးလည်း ပါသည်။ မန်ကျည်းစေ့ရောင် မြင်းညိုထွားကြီးလည်း ပါ၏ ။ ခြေလက်နှာယောင် လည်ဆံဖြူသော မြင်းကောင်းတစ်စီးလည်း ပါသေးသည်။ ဘယ်ကဘယ်လို ပေါ်လာသည်မသိ။ အရှင်မရှိ အဖမ်းမခံ လှည့်လည်သွားလာနေကြသည် ဟူ၏ ။ မည်သို့မျှ တက်စီးမရ၊ ခါချသည်ကို မခံနိုင် ရိုင်းလွန်းလှပါသည် ဟုလည်း ဆိုကြလေသည်။
သို့သော် သူတို့ကလည်း သူရဲတွေပဲ။ တကယ့် စစ်သူကြီး လူစွမ်းတွေကပဲ။ မြင်းကပဲ ရမ်းမလား၊ လူကပဲ ကြမ်းနိုင်မလား။ မြင်းကပဲ လည်မလား လူကပဲ ကြွယ်မလား ပြိုင်ကြရတော့မည်။ သတင်းတွေကို ကြားသိပြီးဖြစ်၍ လက်ရဖမ်းမိနိုင်ရန် အစီအစဉ် ဆွဲကြသည်။
ပုဂံသား လူစွမ်းကောင်းများ စီးမရသည့် မြင်းရိုင်း လေးစီးကို ပရိမ္မ မြင်းမူ ပုပ္ပါး ညောင်ဦးနယ်များမှ သူရဲလေးဦးတို့ ရအောင် စီးကြတော့မည်။ သူတို့ လက်ထုပ်နယ်သွား၍ မြင်းများကို ဖမ်းမိနိုင်ရန် ကြိုးစားကြည့်ကြသည်။ မရ။ မြင်းများက ဝိုင်းဝန်းပိတ်ဆို့၍ ဆီးဖမ်း တက်စီးသည့်တိုင် ကန် ကျောက် ခုန် ခါသည်မှာ မရပ်မနား။ ခါမရအောင် မြဲနေပါက လှဲအိပ်ချသည်။ လှိမ့်လျက် သူ့ကိုယ်ကြီးနှင့် တက်ဖိတက်သည်။ ဇွဲကောင်း၊ သက်လုံကောင်း၊ အားကောင်းလှပါသည် ဆိုသည့် စစ်သူကြီးလေးဦးလည်း တစ်နေကုန် ခါချသည့်ဒဏ်ကို မခံနိုင်၍ လက်လွတ်သွားကြသည်သာ ဖြစ်နေသည်။
ထို့ကြောင့် နှလုံးရည်ကောင်းသော မင်းကျန်စစ်နှင့် ကြံရည်ဖန်ရည်ရှိသော ငလုံးတို့က အစီအစဉ် ဆွဲကြသည်။ မြင်းရိုင်းတွေကို ညောင်ဦးဘက်သို့ ချောက်ထုတ် မောင်းသွားကြသည်။ ငဖီး ပြေးဆင်း ပြေးတက်ရာ အကြီးဆုံး ကမ်းပါးစောက်သို့။ မြင်းရိုင်းလေးစီးက တစ်စုတည်း ပြေးကြသည်။ လူနီးလျင် ဒုန်းပြေး၍ လူဝေးသွားလျင် ခပ်အေးအေးသာ သွားကြသဖြင့် တော်တော့သည်။
ညောင်ဦးကမ်းပါး ရောက်သောအခါ လူအင်အားနှင့် သုံးဘက်ပိတ်၍ မြင်းတွေကို ကမ်းပါးဆီ မောင်းချသည်။ မြင်းရိုင်းကြီးများကလည်း မကြောက်မရွံ့ ကမ်းပါးမှ ပြေးဆင်းသွားကြသည်။ ဧရာဝတီမြစ်ပြင်ကျယ်ကြီးကိုမူ ဖြတ်မကူးနိုင်ကြ။ ကမ်းစပ် ကိုယ်တဝက်နစ်ရာမှာ တန့် နေကြသည်ကို သူတို့လေးယောက်သား တက်စီးကြသည်။ ရေထဲမှာမို့ မြင်းများ ရုန်းအားမကောင်း၊ ခုန်အားမရှိ၊ ခါမချနိုင်တော့။ ဤနည်းဖြင့် မြင်းကောင်းလေးစီးကို သူတို့ ရခဲ့သည်။
ကျန်စစ်သားက မင်းမြတ်နော်ရထာ၏ သိကြားပေးသည့်မြင်း 'ကဏ္ဍိကလက်လှ' ကို တုကာ သူ့မြင်းဖောင်းဝတ်ဖြူကို 'နှလုံးခွံကောင်း' ဟု ဘွဲ့မည်တပ်သည်။ ငထွေကလည်း အားကျမခံ မြင်းညိုထွားကြီးကို 'နှလုံးလျင်တိုင်း' ဟု လိုက်မှည့်ခေါ်၏ ။ ညောင်ဦးငဖီးကလည်း သူ့မြင်းညိုကြားအား 'နှလုံးအတုမရှိ' ဟု သမုတ်ပြန်သည်။ ငလုံးကတော့ သူတို့နှင့်မတူ၊ စိတ်ကူးယဉ်သမားပီပီ သူ့မြင်းနက်ကျော် နာမည်က လှလှပပ၊ 'လေမိုးယဉ်ခေါင်' တဲ့။
………………………………………………………
ထိုအချိန်မှာပင် ဥဿာတိုင်းသို့ အရှေ့တောင်အရပ်မှ ခမာ ဂျွမ်းစစ်သည်များ အင်အားကြီးစွာ ကျူးကျော်လာသဖြင့် ပုဂံပြည့်ရှင် အနော်ရထာထံ စစ်ကူတောင်းခံလာသည်။ ဂျွမ်းစစ်သည်များ၏ အင်အားကို ခန့်မှန်းသည်မှာ သုံးသိန်းကျော်ဟု သံတို့က ဆိုကြသဖြင့် အနော်ရထာက ပုဂံမှ စစ်သည် လေးသိန်းခန့် ကူလိုက်မည် ဟု ဆိုလိုက်သည်။ သံတို့လည်း ဝမ်းသာအားရ ပြန်သွားကြသည်။ ပဲခူးမင်း ကြားလျင် အလွန်အားတက် ဝမ်းမြောက်နေလေပြီ။
သို့သော် တကယ်တမ်း ပေါက္ကံရာမမှ ချီသွားသည်မှာ သူတို့ တပ်လေးတပ်၊ လူ ရှစ်ထောင်ကျော်၊ မင်းကျန်စစ်ကို ဗိုလ်ချုပ်ပြု၍ သူတို့ တပ်မင်းကြီး ၃ ယောက်နှင့် ကြည်းကြောင်း ချီသွားကြခြင်းသာ ဖြစ်သည်။ ဥဿာမြို့တွင်း ဝင်စက သောင်းသောင်းဖျဖျ ကြိုဆိုကြသလောက် လူ ၈၀၀၀ ကျော်လုံး ကုန်သွားသောအခါတွင်မူ ဆူညံဆူညံ အသံများ ကြားလာရသည်။ ပဲခူးမင်းလည်း မျက်နှာမကောင်း။ ဗိုလ်မှူးက မေးသောအခါမှ သည်လူနှင့် တောမှ မြက်သစ်ရွက်အလား မွန်ခမာစစ်သည်အင်အားကြီးကို မည်သို့ နိုင်ပါမည်နည်း ဆိုလာသည်။ ကျန်စစ်သား ရယ်လေသည်။
''ကဲ… ရဲဘော်တို့၊ ရောင်းရင်းတို့၊ တပ်မင်းတို့ အစွမ်းအစလေးတွေ ပြလိုက်ကြပါဦး''
ပဲခူးလူထုကြီးသည် မင်းပရိသတ်နှင့်တကွ လူထူးလူဆန်း လေးဦးသားကို ဝိုင်းကြည့်နေကြသည်။ ငယ်ရွယ်ချောမောသော စစ်သေနာပတိတစ်ဦး၊ အသက်ကြီးကြီး ခပ်ရွှင်ရွှင် တပ်မင်းကြီးတစ်ဦး၊ သန်မာကြီးမားသလောက် လက်တစ်ဖက် ကောက်နေသည့် လူထွားကြီးနှင့် ကြွက်သားအပြိုင်းအရိုင်း ကျစ်လျစ်လှသည့် လူငယ်တစ်ဦးတို့အား စိတ်ဝင်စားနေကြပြီ။
ငထွေရူးက ရှေ့ထွက်လာပြီး…
''ပရိသတ်က တောင်းဆိုလာတော့လည်း ပြရသေးတာပေါ့လေ… ကိုင်း… ယာပေါင်တံအထက်က မဟာကြောင်ပျံကို နှက်လိုက်မယ်။ မိုးပျံလရော့ဟယ်''
ဟု ပြောပြီး ပေါင်ကို လှန်ကာ ထိုးကွင်းများထဲမှ ကြောင်ရုပ် လိုက်ရှာနေသဖြင့် အုန်းခနဲ ရယ်ကြရသေးသည်။ သို့သော် ဟာ ကြာပါတယ် ဆိုကာ ပေါင်ကို မရိုက်တော့ဘဲ နန်းတော်တိုင်လုံးကို စွေ့ခနဲ ဖက်တက်သွားသဖြင့် ဝေါခနဲ အာမေဋိတ်သံကြီး ထွက်လာသည်။ သူက နန်းတော် အရှေ့ဘက်မှ တိုင်လုံးကြီးများကို တစ်ခုပြီးတစ်ခု ခုန်ကူးလိုက်တိုင်း ပရိသတ်မှာ ဟာခနဲ ဟင်ခနဲ။ ထိုသို့ နန်းတော်တစ်ခုလုံး ပတ်ပြီးမှ ပြန်ဆင်းလာသည်။ သူတစ်ယောက်နှင့်ပင် လူထုကြီးမှာ သဘောကျလှပြီ။
ငလုံးလက်ဖယ် ညောင်ဦးငဖီးတို့ အစွမ်းများကို မြင်ရသောအခါ၌လည်း သြဘာပေးကြသည်မှာ ဘဝဂ်ညံမတတ်။ ဗိုလ်ချုပ် ကျန်စစ်သား၏ ဓားရေး လှံရေး မြင်းရေးများနှင့် အနော်ရထာမင်း အပ်နှင်းလိုက်သော သီလဝံဓားအစွမ်းတို့ကို မြင်ရသောအချိန်တွင်မူ ပုဂံသားတို့အပေါ် ယုံကြည်ကိုးစားချင်စိတ်များ ဝင်လာကြပြီ။
ပုဂံတပ်များ ရဲရင့်သန်မာပုံ၊ ကြမ်းရိုင်းခက်ထန်ပုံတို့မှာ ဂျွမ်းအရိုင်းအစိုင်းများထက်ပင် ရက်စက်သေးသည်ဟု ပြောစမှတ် ပြုရသည်။ ပုဂံသားတို့ကလည်း ကျွဲနွား အရှင်များကိုပင် ကိုက်ဖဲ့စားသောက်ပြလိုက်သေး၏ ။ ယင်းသတင်းကို ဂျွမ်းစစ်သည်များ ကြားသောအခါ ဘီလူးတစ္ဆေတပ်များဟု ထင်ကြသည်။ ထိုသို့ မြင်အောင်လည်း တမင် လုပ်ပြကြခြင်း ဖြစ်သည်။
မကြာမီ ဇင်းမယ် လင်းဇင်းနယ်များမှ ချီလာသော ဂျွမ်းခမာ စစ်တပ်ကြီးနှင့် ပုဂံစစ်သည်များ ပဲခူးအရှေ့ကွင်းပြင်မှာ တွေ့ကြသည်။ ပုဂံတပ်များက ပဲခူးသားများကို နောက်ချန် နေစေ၍ သူတို့လေးတပ်က စစ်ကြောင်းလေးကြောင်းဖြင့် ရန်သူတပ်ကြီးအား လေးစုခွဲလိုက်သည်။ တစ်စုစီကို ကွပ်ကဲနေသော အကြီးအကဲ ဗိုလ်မှူး တပ်မင်းများအား နတ်မြင်းလေးစင်းနှင့် သူရဲကောင်း လေးဦးက လက်ရဖမ်းလာခဲ့ကြသည်။
ထို တစ်ပွဲတည်းနှင့်ပင် ဥဿာဘက်မှာ နတ်ဘီလူးများ ပါသည် ဟူ၍ ကျူးကျော်သူများ ကြောက်လန့်တကြား တပ်ပျက်ပြေးကြရာ နောက်ထပ် ပြန်မလာဝံ့တော့ချေ။ အောင်ပွဲရ စစ်သူကြီးများအား ဘုရင်မင်းတရားနှင့်တကွ နွဲ့နှောင်းသိမ်မွေ့လှသော သမီးတော် မဏိစန္ဒာပါ ထွက်ကြိုကြလေရာ ခန့်ညားချောမောသော ပုဂံဗိုလ်ချုပ်လေးနှင့် မျက်လုံးချင်း၊ နှလုံးသားချင်း ဆုံမိကြလေပြီ။
ပုဂံသားတို့ကား စစ်တွင်သာမက ချစ်ရေးချစ်ရာ၌ပါ လွှမ်းမိုးအောင်နိုင်ကြသည့် တကယ့် သူရဲသူခက်များပါတကား။ ။
Written by သင်္ခရာဇာ
End date: March 27, 2022