လောကတစ်ခွင်လုံးက သဘာဝရဲ့ ရနံ့တွေနဲ့ သင်းပျံ့လတ်ဆတ်နေတယ်။ လောကတစ်ခွင်လုံး ဆိုပေမယ့် တကယ်တော့ သူရောက်နေတဲ့ နေရာလေးကိုပဲ ပြောတာပါ။ အဲဒီမှာ စိမ်းစိုတဲ့ မိုးသစ်တောကြီးရယ်၊ လင်းလဲ့လဲ့ ဖြာကျနေတဲ့ နေခြည်တန်းတွေရယ်၊ ကောင်းကင်ကို ထိတွေ့ချင်တဲ့ အပြာနုရောင်တောင်ကြီးတစ်လုံးရယ်.. ရှိတယ်။
သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ စမ်းရေစီးသံ တဖျောဖျော ကြားရာဘက်ကို တစ်လှမ်းချင်း လျှောက်နေရင်း သူ့အနီးမှာ သက်ရှိဆိုလို့ အစာရှာထွက်လာတဲ့ ပိုးမွှားလေးတွေနဲ့ အိပ်ရာနိုးစ သစ်ပင်တွေပဲ ရှိမှန်း သိသွားတယ်။ ဒါ့ကြောင့် စိတ်လွတ်လက်လွတ် အော်ပစ်လိုက်တယ်။
"ဟေးးးးးးးးးးး"
ရင်ကိုဖွင့်ပြီး မြည်ဟိန်းနေတဲ့အထိ အော်တာဖြစ်လို့ မွန်းကြပ်မှုတွေပါ အသံနဲ့အတူ ထွက်ပါသွားတယ် ထင်မိတယ်။ လေညင်းက သူ့အသံကို သယ်ဆောင်သွားတဲ့အခါ စမ်းရေစီးသံကတောင် ခေတ္တ တိတ်ဆိတ်လို့။ လူသူရောက်ရှိ အခြေချခြင်း မပြုရသေးတဲ့ အသစ်စက်စက် သဘာဝလောကကြီးကို နှုတ်ဆက်လိုက်ကြောင်း သိရှိဟန်နဲ့ တောင်မြင့်ကြီးက ညွှတ်မိုးကြည့်ရှုလို့။
ဘယ်လောက်လှလိုက်တဲ့ မြင်ကွင်းလဲ။ ကျောက်တောင်ကမ်းပါးစောက်ကြီး အောက်မှာ အိုင်ဖွဲ့နေတဲ့ ရေပြင်စိမ်းစိမ်းနဲ့ နောက်ခံကောင်းကင်ကြီးကို တောအုပ်အလယ်မှာ ဘွားခနဲ တွေ့လိုက်ရတာ။ ရေအိုင်ကလေးက ခပ်သေးသေး။ ဆက်လက်စီးဆင်းသွားတဲ့ စီးကြောင်းလေးဟာ ခြေမျက်စိမြုပ်ရုံနဲ့ တစ်တောင်သာသာလောက်ပဲ ကျယ်မယ်။
ဒါပေမယ့် သူကတော့ သဘာဝတရားရဲ့ ရင်ခွင်ထဲကို ဝင်ချင်နေပြီ။ အေးစိမ့်နေတဲ့ အထိအတွေ့က ခြေထောက်တွေကတဆင့် လူကို လန်းဆန်းသွားစေတယ်။ ချက်ချင်း အင်္ကျီကို လွှင့်ပစ်လိုက်ပြီး ရေနက်ရာ ပြေးဆင်းသွားတော့ ခါးလောက်ဟာ အနက်ဆုံးပါပဲ။
သူ လည်ပင်းမြုပ်တဲ့အထိ ထိုင်ချလိုက်တာကို ရေသောက်ဆင်းလာတဲ့ မြင်းနီကြီးက လှမ်းကြည့်လိုက်လို့ သူက ရေနဲ့ လှမ်းပက်လိုက်တယ်။ မြင်းကြီး တိမ်ပျံက နှာမှုတ်ပြီး ခွီးဟီးဟီး လို့ မြည်ရင်း ခေါင်းတစ်ချက် ထောင်ကြည့်လိုက်တယ်။ နားရွက်တွေကိုလည်း ထောင်လိုက်ရော..
"ဆော့စမ်းပါကွ၊ ဒီမှာ ဘာအန္တရာယ်မှ မရှိပါဘူး။ သက်ရှိဆိုလို့ မင်းနဲ့ ငါရယ်.. အဲ၊ ဒီတောကြီးရယ်ပဲ ရှိတာပါ"
ဟုတ်တယ်လေ၊ ရောက်တုန်းရောက်ခိုက်မှာ ဒီဘက်ကို သွားချင်လွန်းလို့ ရောင်နီမကျင်းခင်က ထပြီး ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ထွက်လာခဲ့ရတာ။ ခုလောက်ဆို သူပျောက်နေလို့ တပ်သားတွေ အူကြောင်ကြောင် ဖြစ်နေမလား၊ စိုးရိမ်ပြီး လိုက်ရှာနေမလား၊ ဒီအတိုင်းပဲ စောင့်နေကြမလား တွေးမိပြီး ရယ်လိုက်မိတယ်။
တိမ်ပျံရော ပါသွားတာမို့ ရန်သူဖမ်းသွားတယ်လို့တော့ ထင်ကြမှာ မဟုတ်ပါဘူး။ ဘယ်ထွက်သွားလိုက်မှန်းမသိပဲ ဖြစ်နေကြမှာပါ။ ဆံပင်တွေ ရေထဲမှာ ပြန့်ကားသွားအောင် ရေငုပ်လိုက်ပြီး အသာအယာ ပြန်ထတော့ တိမ်ပျံက တစ်စုံတစ်ခုကို နားစွင့်နေဟန်နဲ့ ငြိမ်သက်လို့။
"ဘာဖြစ်လို့လဲ.. တိမ်ပျံ"
တိမ်ပျံ ကြည့်နေရာဘက်ဆီ အတော်ကြာအောင် သူ အာရုံစိုက်ထားပေမယ့် ဘာသံမှ မကြားရပါဘူး။ တိမ်ပျံကတော့ ဟိုကြည့် ဒီကြည့် ခေါင်းထောင်ကြည့်လိုက် မြက်စားလိုက်နဲ့ တရွေ့ရွေ့ ထွက်သွားတယ်။ စစ်မြင်းဆိုတော့လည်း ဒီလိုပဲပေါ့။
အဲဒီအခိုက်အတန့်လောက်မှာပဲ..
သူမသိတဲ့ တစ်ဘက်မှာ အလွန်ခေါင်ပြီး လျှို့ဝှက်တဲ့ ရွာသေးသေးလေးတစ်ခု ရှိနေတယ်။ အဲဒီက လူသုံးယောက်ဟာ မိုးထိတောင်ကြီးပေါ် အမဲလိုက်ကြဖို့ ပြင်ဆင်နေကြလေရဲ့။ သူတို့ဟာ တစ်ယောက်စီ ခွဲသွားကြပြီး တစ်နေရာစီကနေ တောင်ပေါ်ကို ဖြန့်တက်ကြမှာပါ။ မိသားစုဝင်သုံးယောက်ထဲမှာ အဖေဖြစ်သူနဲ့ သားက တောင်ပေါ် တက်ဖို့ ဖြန့်ထွက်သွားကြပြီ။
နန်းကြာညိုလို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်သာ တည့်တည့်တက်ဖို့ အားယူနေတုန်း အသံတစ်ခု ကြားလိုက်ရတယ်။ အသံက ရင်ထဲက လာပြီး ရင်ထဲကို ရိုက်ခတ်သွားတဲ့ အသံမျိုး။ ဟုတ်မှ ဟုတ်ပါ့မလားလို့ နောက်လှည့်ကြည့်နေပေမယ့် ထပ်မကြားရဘူး။
တောင်ပေါ်ကို မျက်နှာမူလိုက်တော့မှ နောက်ထပ် ထူးခြားတဲ့ အသံတစ်မျိုး ထပ်ကြားလိုက်ရပြန်တယ်။ သားကောင် တစ်ကောင်ကောင်ရဲ့ အသံ၊ သူတို့ မကြားဖူးသေးတဲ့ သားကောင်မျိုး၊ ဒီအရပ်မှာ မမြင်ဖူးသေးတဲ့ တိရစ္ဆာန်ရဲ့ အော်သံ ဖြစ်နိုင်ရဲ့။
ကြည့်ရတာ မုဆိုးတစ်ယောက်ယောက်ဟာ သားကောင်နောက် လိုက်ရင်း သူတို့ဘက်အထိ နယ်ကျွံလာပုံ ရတယ်။ အတော်လောဘတက်နေတဲ့ မုဆိုးမို့ ဘယ်သူမှ ခြေမချရဲကြတဲ့ ဒေသအထိ ကျွံဝင်လာတာပေါ့။ တောင်ကြောပေါ်က မောင်ဖြစ်သူရဲ့ အသံတစ်ချက် ကြားလိုက်ရပေမယ့် ကြာညိုက နောက်ကို ပြန်လှည့်ဆင်းသွားတယ်။
သတိကြီးစွာနဲ့ ထူးခြားတဲ့ အသံတချို့ ထွက်ပေါ်နေရာဘက်ကို လှမ်းလာခဲ့တာ ရေရှင်အိုင် ရောက်တဲ့အထိ။ အဲဒီမှာ တစ်စုံတစ်ခု ရှိနေတယ်။ ဒူးလေးမြားဆံတစ်ချောင်း ပျံဝဲလာနိုင်တာကို သတိပြုရင်း ကြာညို ရေရှင်အိုင်ကို ပတ်သွားတယ်။ (တည့်တည့် မလာဘူး)
မြင်ရတာက တစ်စုံတစ်ယောက်နဲ့ မြင်းကြီးတစ်ကောင်။ မြင်းနီကြီးဟာ ကြာညို ရောက်နေတာကို သိဟန်နဲ့ မကြာခဏ ခေါင်းထောင်ကြည့်ပြီး နားစွင့်ပေမယ့် လှုပ်ရှားမှု မရှိတဲ့၊ သိမ်မွေ့လွန်းတဲ့ ကြာညိုကို မတွေ့ပါဘူး။ သူရနေတဲ့ အနံ့ကိုလည်း မဝေခွဲနိုင် ဖြစ်ပြီး နှာခေါင်းရှုံ့ရှုံ့နေလို့ ပြုံးလိုက်မိတယ်။
ရေထဲက တစ်စုံတစ်ယောက်ကတော့ လုံးဝ မသိဘဲ ခြေထောက်နှစ်ချောင်း ထောင်ပြီး ခေါင်းစိုက်နေလိုက်သေးတယ်။ မုဆိုးတစ်ယောက် မဟုတ်တာ သေချာပေမယ့် ကြာညိုအတွက် အထူးအဆန်း ဖြစ်နေတော့ မျက်လုံးမလွှဲဘဲ ကြည့်နေမိရဲ့။ သူ့ပေါင်မှာ ထိုးကွင်းမရှိပါလား။
ကိုယ်ခန္ဓာ ဖွဲ့စည်းပုံက ကလေးတစ်ယောက်လည်း မဟုတ်ဘဲ၊ သွယ်လျသလောက် ကျစ်လျစ်တဲ့ ကြွက်သားအမြှောင်းတွေဟာ ကြီးမားလုံးဝိုင်းပြီး အဆီတစ်ထပ် ကြွက်သားတစ်ထပ် ခန္ဓာတွေကိုသာ မြင်ဖူးခဲ့တဲ့ နန်းကြာညိုအတွက် ဆန်းနေတယ်။ ပိုပြီး ဆန်းတာက ညစ်ပတ် ညိုမည်းမနေဘဲ သန့်စင်နေတဲ့ အသားအရေနဲ့ ကိုယ်ပေါ်က ရုပ်ပုံကြီးတွေပဲ။
အဲဒီလူကတော့ ဆံပင်တွေကို ဝါး ဝါး နဲ့ လုပ်ရင်း လှန်တင်လိုက်၊ ရေကို လက်သီးနဲ့ ထိုးလိုက်၊ ဟိုကွေ့ ဒီကွေ့ လျှောက်နေလိုက် လုပ်နေတယ်။ သူ့ကို ချောင်းပစ်ရင် ထိပါ့မလား ထင်ရအောင် လှုပ်ရှားနေတာ။ ပြီးတော့ ရေငုပ်ပြီး ဇောက်ထိုးလုပ်နေပြန်ရော။
စိတ်ဝင်တစားနဲ့ ကြည့်နေမိတဲ့ ကြာညိုရဲ့အနောက်ကို ခြေသံဖွဖွ ရောက်လာတာ သိတယ်။ အဘ ဦးဂရန်မှန်းလည်း သိပေမယ့် လှည့်မကြည့်မိဘူး။ လက်ကိုတော့ မြှောက်ပြလိုက်တယ်။ အဘက သတိအနေအထားနဲ့ တစ်လှမ်းချင်း ကပ်လာတယ်။
"ဘာလဲ"
"လူ"
ဆိုပြီး မြင်းကိုပါ မေးငေါ့ပြလိုက်တယ်။ မြင်းကြီးက နားရွက်ထောင်နေပြီ။ အဘ အသံမထွက်တော့ဘူး။ ဒါပေမယ့် မြင်းနီကြီးက တစ်ချက် ဟီလိုက်ပြီး သူ့သခင်ရှိရာဘက် တိုးသွားပြီ။
အဘက လက်ထဲမှာ ဘာမှ မပါဘဲ လေးကိုင်းကို ဆွဲပြီး မြားလွှတ်တဲ့ဟန် လုပ်ပြတယ်။ ကြာညိုက ခေါင်းရမ်းပြလိုက်တယ်။ ဒါနဲ့ အဘလည်း ရေထဲက လူကို စူးစိုက်ကြည့်နေတော့တယ်။
"ဘာဖြစ်လို့လဲ တိမ်ပျံ၊ ဘာတွေ့လာသလဲ"
လူရွယ်က သူတို့နားမလည်တဲ့ စကားတွေပြောရင်း ရေထဲက တက်လာနေပြီ။ အဘက ခေါင်းကို ပခုံးနှစ်ဖက်ကြား ပုပြီး ကိုယ်ကို ကျုံ့ကွေးပြတော့ ကြာညိုက အဘလက်ကို ကိုင်ထားလိုက်တယ်။ သူ့ကို ပြန်ကြည့်နေလို့ ခေါင်းပဲ မသိမသာ ထပ်ရမ်းပြလိုက်မိတယ်။
သေးသွယ်ကျစ်လျစ်တဲ့ လူရွယ်ကတော့ ရေစပ်ကို ရောက်သွားပြီး မြင်းနှာရောင်ကို သပ်ရင်း ဘေးဘီ အကဲခတ်နေရဲ့။ ကျောက်ရုပ်လို ငြိမ်သက်နေတဲ့ သူတို့ကိုတော့ ဘယ်တွေ့မလဲ။ ရေစိုနေတဲ့ ခါးတောင်းကျိုက်ကို ဖြည်တယ်၊ ရေညှစ်တယ်၊ ပြီး ပြန်ကျိုက်လိုက်တယ်။ အင်္ကျီကို လာကောက်တယ်။ ဖြစ်ချင်တော့...
သူ အင်္ကျီပစ်ထားတဲ့ တည့်တည့်မှာ လူနှစ်ယောက် ရှိနေကြတယ်။ သေချာ မမြင်ရပေမယ့် သူ့ဘာသာ သိလိုက်တာပါ။ မုဆိုးတွေလား လူရိုင်းတွေလား မသိပေမယ့် လူနှစ်ယောက် ငြိမ်သက် ရပ်ကြည့်နေကြကြောင်းကိုတော့ သူ သိလိုက်တယ်။ ကောက်မယ့်လက်ဟာ လမ်းတစ်ဝက်မှာ ရပ်နေပြီး ကုန်းရမလို မြင်းဆီ ပြန်ပြေးရမလို ဖြစ်သွားတယ်။
ရန်သူဆိုရင်တော့ ရပ်ကြည့်နေမှာ မဟုတ်လောက်ဘူး လို့ တွေးမိပြီး အကဲခတ်နေကြပုံရတဲ့ လူနှစ်ယောက် ရှိနေရာကို စူးစိုက်ကြည့်လိုက်တယ်။ လိမ္မာတဲ့ တိမ်ပျံဟာ သူ့အနောက် ရောက်လာပြီ။ သူ့ဓားနဲ့ တင်ကျည်းတုတ်တိုနှစ်ချောင်းဟာ လက်တစ်ကမ်းအကွာမှာ။
ဒါပေမယ့် သူက အင်္ကျီကိုပဲ ကောက်တယ်။ ရန်ပြုမယ့်အမူအရာ တစ်ခုမှ မပြဘဲ အေးအေးဆေးဆေး မိန်ညိုကို ဝတ်နေလိုက်တယ်။ သူတို့မိန်ညိုဟာ နောက်ကနေ လွှားပြီး လက်ထိုးထည့်လိုက်ရင် ပြီးတာမျိုး၊ ရင်စေ့ခါးစေ့ပြီးရင် ပြည့်စုံပြီ။ သူကတော့ ရင်မစေ့ဘဲ ဟပြဲနဲ့ပဲ တိမ်ပျံရဲ့ ဇက်ကြိုးကို ကိုင်လိုက်တယ်။
စေးပျစ်ချုံပင်တွေ နောက်ကနေ လူနှစ်ယောက် ပေါ်လာတယ်။ တစ်ယောက်က ကိုယ်လုံးကြီးကြီးပြားပြား မည်းမည်းညစ်ညစ်နဲ့ ဆံပင်စုတ်ဖွား လူကြီးတစ်ယောက်။ နောက်တစ်ယောက်က ဆံပင်ကို ဖရိုဖရဲနဲ့ တိုတိတိဖြစ်အောင် ညှပ်ထားတဲ့ မိန်းကလေးတစ်ယောက်။
သူတို့မှာ ဘာလက်နက်မှ မပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲ အဲဒါကိုပဲ တစ်မျိုးဖြစ်သွားတယ်။ သူတို့လက်သည်းကြီးတွေဟာ မည်းညစ်ပြီး ရှည်နေတယ်။ သူတို့အဆက်အပေါက်က ထွားတယ်။ လူချည်းသက်သက် အန္တရာယ်ပြုနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။
လူကြီးက မျက်လုံးကို မှေးပြီး စူးစူးကြည့်နေတယ်။ သူ့အကြည့်မှာ ဘာခံစားချက်၊ ဘာအနက်အဓိပ္ပါယ်မှ မပါဘူး။ အသားဝါဝင်းပုံ ရပေမယ့် ပေကျံညစ်တူးနေတဲ့ မိန်းမပျိုကလည်း မျက်လုံးကျယ်ကျယ်တွေနဲ့ သူ့ကို စိုက်ကြည့်လို့။
သူက မြင်းဇက်ကြိုးကို ဆွဲတယ်။ တစ်လှမ်းချင်း ရှေ့တိုးရင်း ဖြတ်လျှောက်သွားဖို့ ကြိုးစားတယ်။ သူတို့ရှေ့နားအရောက်မှာ ကိုယ်ကို ကိုင်းရင်း ခေါင်းညွှတ်လို့ အရိုအသေ ပြုမိတယ်။ သူတို့အနောက်ဘက်က ချွတ်ခနဲ အသံကြားလို့ မျှော်ကြည့်လိုက်တော့ ရှေ့က လူတွေလည်း လှည့်ကြည့်လိုက်ကြတယ်။
သန်မာပြီး အားကောင်းပုံရတဲ့ လူငယ်လေးတစ်ယောက်က ဒီဒေသမှာ ပေါများတဲ့ တောင်ဆိတ်နီတစ်ကောင်ကို ထမ်းလာတာ။ သူ့ပခုံးတွေပေါ်မှာ သွေးတွေ ပေလူးလို့။ သူ့မှာလည်း လက်နက် မပါဘူး။ သူကတော့ ရန်လိုနေတဲ့ အသွင်ရှိတယ်။
လူစိမ်းကို မြင်မြင်ချင်း မဂမ်ဟာ သားကောင်ကို ပစ်ချပြီး လက်ချောင်းတွေ ဖြန့်လို့ တိုးကပ်သွားတော့မယ့်ဟန် ပြင်တယ်။ သူ့အဖ ဦးဂရန်က ကျွတ် ကျွတ် ဆိုပြီး လူစိမ်းမကြားအောင် စုတ်သတ်ပြတယ်။ အစ်မဖြစ်သူက မသိမသာ သူ့ရှေ့ ကာရပ်ထားလိုက်လို့ သူ ရှေ့တိုးမရဘူး။
လူစိမ်းကတော့ ခပ်ပြုံးပြုံး မျက်နှာနဲ့ပဲ မြင်းဘေးက လိုက်လျှောက်နေရင်း တုတ်တွေပေါ် လက်တင်ထားတယ်။ အခြေအနေနဲ့ ပုံသဏ္ဍာန်တွေအရ ဒီလူတွေက သာမန်လူတွေတော့ မဟုတ်ဘူး ဆိုတာကို သူ ရိပ်မိနေပါပြီ။ ဒါပေမယ့် သူက ခပ်လှမ်းလှမ်းကနေ ဣန္ဒြေရရ ထိန်းလျှောက်သွားရင်း မြင်းပေါ် တက်တော့မလို့ ပြင်တယ်။
လူသုံးယောက်ကို တစ်ချက် လှည့်ကြည့်တယ်။ အထူးသဖြင့် လူငယ်လေးကို ကြည့်တာပါ။ သူ့လက်ချောင်းတွေ ဖြန့်ထားပြီး လက်သည်းရှည်တွေကို လက်နက်အဖြစ် သုံးလာနိုင်တဲ့ ကောင်လေးရဲ့ ပုံပန်းကို စေ့ငုနေတာ။ သူရောက်နေတာ ထမံသီတောကြီး မဟုတ်ပေမယ့် ဒီလူတွေက...
သူ ကြည့်နေလို့ ကောင်လေးက နှာခေါင်းတစ်ချက် ရှုံ့ပြတယ်။ သူတို့ဟာ ထူးခြားသူတွေဖြစ်ကြောင်း ပိုသေချာသွားစေနိုင်တဲ့ အမှတ်လက္ခဏာအပြည့်နဲ့။ သူကလည်း အကြည့်ရိုင်းတဲ့အထိ မနေဘဲ ချစ်တဲ့ သဘာဝရဲ့ အဆင်းရူပကာကို ဝေ့ကြည့်ပြီး မြင်းပေါ်တက်လိုက်တော့ ကောင်လေးက မာန်ဖီတယ်။
"ဂရီး"
အသံကြောင့် သူ့လက်က တုတ်ချွန်တစ်ချောင်းကို အလိုလို ဆွဲထုတ်လိုက်မိတာဟာ သူတို့ကို စိန်ခေါ်သလိုများ ဖြစ်သွားသလား။ မြင်းကိုနှင်ရင်း အသုံးချနိုင်မယ့် တစ်စုံတစ်ခုကို ရှာကြည့်လိုက်တယ်။ သစ်ပင်တစ်ပင် အဖြတ်မှာ သူ့မျက်လုံးတွေရှေ့ ရောက်လာတာတစ်ခု မြင်လိုက်တော့ ချက်ချင်းပဲ မတ်တပ်ရပ်ပြီး တုတ်ချွန်နဲ့ အားကုန် ထိုးစိုက်ပစ်လိုက်ရော။
သူမြင်တာက သဘာဝအလျောက် ပင်စည်မှာ ဖြစ်ပေါ်နေတဲ့ အပေါက်ငယ်လေးတစ်ခုပါ။ အဲဒီထဲကို ချိန်ရွယ်ပြီး စိုက်ထားခဲ့တော့ တုတ်တိုဟာ အထဲထိ ခိုင်ခိုင်မာမာ နစ်ဝင်ကျန်ခဲ့ရဲ့။ နောက်က တဗြောင်းဗြောင်း လိုက်လာသံကြားလို့ လှည့်ကြည့်တော့ စိုက်ခဲ့တဲ့ တုတ်အနီးမှာ ကောင်လေးကို တွေ့ရတယ်။
သူ့အသွင်က သားရဲတစ်ကောင်လို ဖြစ်နေပြီ။ ဝါတာတာ မျက်လုံးတွေလည်း ကြောင်နေပြီ။ ခန္ဓာကိုယ်နဲ့ လက်ဖျံကြီးတွေဟာ ရှိရင်းစွဲထက် သိသိသာသာ တုတ်ခိုင်နေတာ တွေ့ရတယ်။ ကောင်လေးက တုတ်ကို ကြည့်နေရင်း ဒူးညွှတ်ခါးကုန်းတဲ့ပြီး အားနဲ့ ခုန်လိုက်တယ်။
မြင်းပေါ်ကနေ ထိုးခဲ့တဲ့ တုတ်ကို တွဲလွဲခိုမိသွားတော့ ကိုယ်ကို ယမ်းခါပြီး လှုပ်ချနေလို့ သူ ပြုံးမိတယ်။ နောက်က လိုက်လာတဲ့ နှစ်ယောက်ကလည်း သူတို့နှစ်ဦးကို လှမ်းကြည့်နေတယ်။ ကောင်လေးက လေထဲမှာ တန်းလန်း၊ သူ့အားကြီးနဲ့ ဖြုတ်ချတာတောင် မပြုတ်တဲ့ တုတ်ကို ဒေါသတကြီး ဆွဲခါချနေတုန်း။
ကောင်မလေးကတော့ ဖြူဖွေးတဲ့သွားတွေ မမြင်ဖူးလို့ ငေးကြည့်နေလေရဲ့။ ကွမ်းစားလို့ နီရဲ မည်းညစ်နေတာ မဟုတ်ရင် သွေးသံရဲရဲနဲ့ နီကျင်ကျင်သွားတွေကိုပဲ တွေ့ဖူးတဲ့ နန်းကြာညိုအဖို့ ကိုလူစိမ်းရဲ့ အဖြူရောင်သွားတွေဟာ အမြင်ဆန်းပြီး ကြည့်လို့ကောင်းတယ် ထင်မိတယ်။
မာကြောလှတဲ့ တုတ်ကို အပေါက်ထဲ ထိုးထားခဲ့လို့ လွယ်လွယ်ပြုတ်မှာမဟုတ်မှန်း သိတဲ့ သူကတော့ မြင်းကို ဖနောင့်ဆတ်လိုက်တယ်။ ပြီးတော့ ဟိုင်းယား လို့ အော်ပြီး ပြေးထွက်သွားတယ်။ လက်ကလည်း နောက်တုတ်တိုတစ်ချောင်းကို ကစားသွားတယ်။ ကျန်ရစ်ခဲ့တဲ့ သုံးဦး လိုက်ကြည့်နေပုံဟာ သဘာဝထဲက သက်ရှိပန်းချီတွေအဖြစ်နဲ့။
အတော်ဝေးဝေးရောက်တော့ အနောက်က အသံတစ်ခု ကြားလိုက်ရတယ်။ ဝေါင်း ခနဲ ကျားဟိန်းသံပါ။ သူ့အနောက်က ပါလာလိမ့်မယ်တော့ မထင်ဘူး။
Written by သင်္ခရာဇာ
End date: May 22, 2022