Translate

Showing posts with label ရာဇဂုမ္ဘာန်. Show all posts
Showing posts with label ရာဇဂုမ္ဘာန်. Show all posts

ရာဇဂုမ္ဘာန် (ဇာတ်သိမ်း)

သူ ဘယ်ရောက်နေသနည်း။ အသံဗလံအားလုံး တိတ်ဆိတ်လှ၏ ။ ကျေးငှက်သာရကာအသံပင် မကြားရ။ တရုတ်စစ်ကြီး ဘယ်ရောက်သွားသနည်း။ သူတို့ မြန်မာတပ်မတော်ရော ဘယ်ရောက်ကုန်သနည်း။ တိတ်ဆိတ်နေလိုက်သည်မှာ လူတစ်ဦးတစ်ယောက်မျှ မရှိတော့သယောင်ထင်ရသည်။ ဒါဆို သူ ငရဲကို ရောက်နေပြီလား။ သူ သတိထားမိတော့ သပ်ရပ်သန့်ရှင်းသော ပျဉ်ထောင်အိမ်ကြီးတစ်လုံး၏ အခန်းထဲရောက်နေခြင်း ဖြစ်သည်။

ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်။ အိပ်ငိုက်နေသော သျှောင်တစောင်းနှင့် အဘိုးအိုတစ်ဦး၊ သူ့ကို စိတ်၀င်တစား ကြည့်နေသော ကောင်လေးတစ်ယောက်၊ ကောင်လေးက ဦးခေါင်းတွင် ပတ်တီးစီးထားသေးသည်။ သူ၏ မျက်လုံးများကို မြင်သော် ရင်မဆိုင်ရဲစွာ မျက်နှာလွှဲသွားသည်။ သို့သော် အံ့သြ၀မ်းသာဟန်ကား ထိန်းမရ။ ချက်ချင်းပင် အခန်းပြင်သို့ ပြေးထွက်သွားသည်။
“သူရဲကောင်းကြီး နိုးလာပြီ.."
“သူရဲကောင်းကြီး နိုးလာပြီ.."
အော်သံကြောင့် လူများရောက်လာကြသည်။ အပြင်တွင် ကောင်လေး၏ အသံကို အတိုင်းသား ကြားနေရဆဲ။
"သူရဲကောင်းကြီး နိုးလာပြီဗျ... မသေတော့ဘူးဗျ”
၀င်လာသူများအားလုံးသည် တောသူတောင်သားများပင် ဖြစ်ရပေမည်။ အ၀တ်အစားနွမ်းနွမ်းများကိုသာ ဆင်ယင်ထားကြသည်။ အားလုံး၏ မျက်နှာတွင် အပြုံးကိုယ်စီနှင့်၊ သူ့အနား ၀င်ထိုင်လိုက်ကြသည်။ အိပ်ငိုက်နေသော အဘိုးအိုလည်း နိုးလာပြီ ဖြစ်သည်။ သူ့အား ဟိုစမ်းသည်စမ်း လုပ်နေသည်။ ဆေးဆရာဖြစ်ပုံရ၏ ။
၀င်လာကြသူများက သူ့ကို ခစားသည့်ပုံ အောက်တွင် ကျုံ့ကျုံ့ကလေး ၀င်ထိုင်ကြသဖြင့် သူ အနေကျုံ့သွားသည်။ နောက်မှ ၀င်လာသော ပတ်တီးနှင့်ကောင်လေးရော၊ အပျိုအရွယ် မိန်းမငယ်လေးတစ်ယောက်ရော ပြုံးရယ်နေကြရာမှ သူ့ကို မြင်သော် ကိုယ်ရှိန်သပ်ပြီး နောက်မှာ ၀င်ထိုင်လိုက်ကြသည်။ သူက ဘုန်းတော်ကြီးလည်းမဟုတ်၊ မင်းအမတ်လည်း မဟုတ်၊ ထို့ကြောင့်
“ဟာဗျာ.. ဘာလုပ်ကြတာလဲ။ အောက်မှာ မထိုင်ကြပါနဲ့။ နေသာသလိုသာ နေကြပါ”
ရွာသားများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ တစ်ယောက်မျှတော့ မလှုပ်။
ထိုစဉ် တံခါး၀မှာ ဗိုလ်ယက္ခ ပေါ်လာသည်။ သူ့ကို မြင်တော့ ပြုံးပြီး အရိုအသေ ပေးသည်။ သူက အောက်မှလူများကို လွပ်လပ်စွာနေကြရန် ပြောနေသည်ကို ဗိုလ်ယက္ခက
“သူတို့ကတော့ ဒီလိုပါပဲ သူရဲကောင်းကြီးရေ..။ ပြောလို့လည်း မရကြဘူးဗျ။ ကျုပ်လည်း ပြောမရလို့ အဲလိုပဲ နေနေရတယ်”
“ပြောမရလည်း အပြင်သာ ခေါ်ထုတ်သွားပါဗျာ။ ကျုပ် မနေတတ်လို့”
ထိုအခါမှ တင်ပလ္လင်ခွေ ထိုင်သူ ထိုင်ကြ၏ ။ ဒူးတုပ်သူ တုပ်ကြ၏ ။ မတ်တပ်ရပ်ကြသူများ ရပ်ကြကုန်၏ ။ သူတို့အချင်းချင်း တီးတိုး ပြောဆိုနေကြသေးသည်။ သူ မနေတတ်ပြန်၊ ဗိုလ်ယက္ခက အကြောင်းစုံပြောပြသည်။
သူရောက်နေသော နေရာကား မြန်မာတပ်မတော်နှင့် နီးသော ရှမ်းပြည်နယ်မှ ရွာလေးတစ်ရွာဟု သိရသည်။ သူကြီး၏ အိမ်တွင် သူ့ကို ထားပြီး ဆေးကုပေးနေသည်ဟု ဆို၏ ။ ဆေးဆရာမှာ ချင်းတွင်းနယ်မှဖြစ်သည်။
စစ်ကြီးထဲတွင် ပါလာသော ဆေးဆရာများ မနိုင်သဖြင့် ဗိုလ်ယက္ခကိုယ်တိုင် ချင်းတွင်းနယ်ထဲအရောက်သွားပြီး စွမ်းသည်ဟု ကျော်သော ဆေးဆရာအဘိုးအိုကို ပင့်လာခြင်းဖြစ်သည်။ အဘိုးအို၏ နေ့ညမအား စောင့်ရှောက်ပေးသော စေတနာ၊ ရွာသူရွာသားများ၏ အလေးထားဂရုစိုက်မှုနှင့်အတူ ဗိုလ်ယက္ခကိုယ်တိုင် မသေစေရဟူသော ဆုံးဖြတ်ချက်ဖြင့် အထူးတလည် စောင့်ကြပ်ကွပ်ကဲပေးသောကြောင့် ဤမျှလျင်မြန်စွာ သူ ပြန်ကောင်းလာရခြင်းဖြစ်ကြောင်း သိရလေသည်။
သူ၏ ဒဏ်ရာမှာ အတော်ကြီးသည်ဟု ဆို၏ ။ ၀မ်းဗိုက်မှ ရင်ဘတ်အထိ ပုဆိန်ချက်မိသွားသောကြောင့် ဟက်တက်ကွဲပြီး ၀မ်းတွင်းမှ ကလီစာများကိုပင် လက်နှစ်ဆစ်ခန့် မြင်နေရသည်ဟု ပြောကြသည်။
သတိလစ်မေ့မြောနေသည့် ရက်များအတွင်း ကယောင်ကတမ်းဖြစ်ရင်း စစ်တိုက်နေသေးသည်ဟု ဗိုလ်ယက္ခက ပြန်ပြောသောအခါ ရွာသူရွာသားများရယ်ကြသည်။ နောက်ဆုံးမှ ကောင်လေးနှင့် ကောင်မလေးလည်း ရယ်နေသည်။ ဗိုလ်ယက္ခက ထိုနှစ်ယောက်ကို လက်ညှိုးညွှန်၍...
“သူတို့နှစ်ယောက်က အနီးကပ် စောင့်ရှောက်ကြသူတွေပေါ့။ လူလေးဆို မောင်ရင် ကိုင်ပေါက်လိုက်တာ နဖူးကွဲပြီး ခုလို မြင်ရတာပါပဲ”
ဟု ပြောသောအခါ ကောင်လေးက နဖူးကိုပွတ်ကာ ရှက်ရယ်ရယ်လေသည်။ သူလည်း ပြုံးရင်း တောင်းပန်သော အကြည့်နှင့် ကြည့်မိသည်။ သူပြုံးတာ မည်သူမျှ မမြင်ဖူးကြ၊ အားလုံးက သူ့အားသာ ငေးနေကြလေသည်။
ထိုအချိန်တွင် သူကြီးမင်း ပြန်ရောက်လာသည်။ မြန်မာတပ်များ တရုတ်တို့နှင့် တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားနေကြပြီဖြစ်ကြောင်း၊ ဆက်လက် ချီတက်ထွက်ခွာနေကြပြီဟု သတင်းရကြောင်းများ ပြောရာ သူနှင့် ဗိုလ်ယက္ခတို့ ငိုင်သွားသည်။ တစ်တပ်တစ်အား ပါ၀င်ရမည့်အချိန်တွင် ယခုလို ရွာငယ်လေးတစ်ရွာမှာ ခိုလှုံနေရသည်မှာ တာ၀န်မကျေရာ ကျနေသည်။ သို့သော် ဒဏ်ရာပျောက်သည်အထိ ဤရွာကလေးမှာပင် နားနေရပေဦးမည်။
တောသူတောင်သားများသာ ဖြစ်သည်မို့ ရွာကလေးက အေးချမ်းလှသည်။ လယ်ယာလုပ်ငန်းခွင် ၀င်သူများ၊ ရေလုပ်ငန်းသမားများနှင့် လည်ပတ်နေသောရွာလေးက ပျော်စရာလည်းကောင်းလှ၏ ။ သူနေသော ရက်များအတွင်း ဧည့်၀တ်ကျေလိုက်ကြသည်မှာ အားနာစရာ။ သူ့အတွက် စားစရာများ၊ ပျားရည်များ၊ နွားနို့များ လာပို့ကြသည်မှာလည်း အလျှံပယ်။
သူ ငြင်းသော်လည်း မရ။ ရွာသူရွာသားများနှင့် သူသည် လျင်မြန်စွာရင်းနှီးသွား၏ ။ သူက သူကြီးအိမ်မှာနေပြီး ဗိုလ်ယက္ခက ရွာထဲရှိ အိမ်တစ်အိမ်တွင် ခေတ္တတည်းခိုရင်း သူ့ကို စောင့်ရှောက်ပေးနေလေသည်။ နဖူးကွဲသွားသည့် ကောင်လေးမှာ သူကြီးသားဖြစ်သည်။ အပျိုအရွယ် ကောင်မလေးသည် တူမဖြစ်၍ အိမ်တွင်ပင် နေသည်ဟု သူကြီးက ပြောပြလေသည်။
နုနယ်ပျိုရွယ်ကြသေးသော အရွယ်လေးများပီပီ သူ့အကြောင်းများကို ဗိုလ်ယက္ခမှတဆင့်ကြားပြီး သူ့ကို အထင်ကြီးလေးစားနေကြလေသည်။ ကောင်လေးဆို တုတ်တစ်ချောင်းကိုအမြဲ ခါးကြားထိုးထားတတ်သည်။ စစ်သည်ကောင်းတစ်ယောက် ဖြစ်လာစေချင်ကြောင်း သူကြီးက ပြောတော့ သူတို့အား ကျေးဇူးဆပ်သင့်ကြောင်း သတိရလေသည်။ နောက်မှ မြန်မာ့သိုင်းပညာ သင်ပေးရဦးမည်ဟု တေးမှတ်ထားလိုက်၏ ။
သူ့အား အနီးကပ်ပြုစုပေးသော သူကြီးတူမလေးမှာ ခုမှ ၁၇ ၁၈ နှစ်အရွယ်၊ ချောမောနုနယ်၍ ကလေးဆန်လှသည်။ တစ်ခါတစ်ရံ သူတစ်ယောက်တည်း စစ်ရေးစစ်ရာများ မြော်မြင်တွေးဆနေတုန်း ရောက်လာတတ်ပြီး ပြောချင်ရာများ လာပြောနေတတ်သေးသည်။
ငယ်စဉ်က ကြားဖူးသော သူရဲကောင်းကြီးများ အကြောင်း၊ အိပ်ရာ၀င်ပုံပြင်များသဖွယ် လေးစားအားကျခဲ့ရသူများ၊ ထိုအထဲမှ နောက်ဆုံးတိုးလာသော သူရဲကောင်းတစ်ယောက်ကို သဘောအကျဆုံးပဲဟု သူ့ကို ကြည့်၍ ပြောလိုက်သေးသည်။
လွတ်လပ်ပွင့်လင်းစွာ ပြောချင်ရာ ပြောနေသော ကောင်မလေးအား ကြည့်ရင်း စစ်ပွဲတွေထဲ ပိတ်မိနေသော သူ့စိတ်များ အေးချမ်းပေါ့ပါးရသည်။ သူရောက်စကလို ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာများလည်း မရှိတော့၊ ရိုသေလေးစားသော အသွင်နှင့် ခင်မင်ရင်းနှီးမှုများဖြင့် ပျော်စရာကောင်းသည့် နေ့ရက်များပဲ ဖြစ်သည်။ သူ့တစ်သက်တာတွင် ငြိမ်းချမ်းမှုအရှိဆုံးကာလများလည်း ဖြစ်၏ ။
ထိုကာလများအတွင်း ရွာသူရွာသားများကလည်း သူ့အား အလွန်ဂရုစိုက်ကြသည်။ တစ်နေ့တစ်နေ့ သူ့အတွက် လာပို့ကြသော ဟင်းခွက်များက မနည်း။ ဘုန်းကြီးကျောင်းပို့သလို ပို့နေကြခြင်းဖြစ်၏ ။ သူ ပျင်းမှာစိုး၍ အနီးအနားတစ်ဝိုက် လိုက်ပို့ပေးကြသည်။ ရွာဦးစေတီလေးနှင့် တောင်ပေါ်သို့ သူ မကြာမကြာသွားလေသည်။ အဖော်အဖြစ် သူကြီးသားလေး ငချွန်နှင့် တူမလေး နှင်းမှုန်တို့ အမြဲပါသည်။ သူတို့နှစ်ယောက်ကတော့ သူဘယ်သွားသွား တကောက်ကောက် လိုက်ကြ၏ ။
ရွာကလည်း လက်ျာဘီလူးအား ထိုနှစ်ယောက်နှင့် အပ်ထားကြ၏ ။ အလွန် အန္တရာယ်ကြီးသည့် ဘီလူးသူရဲကောင်းကြီး၏ လုံခြုံရေးအစောင့်မှာ ဝါးခြမ်းပြားကိုင်ထားသော ငချွန်ဖြစ်၍ ပြုစုစောင့်ရှောက်ရသူမှာ နင်းမှုန်ဖြစ်သည်။ သူကလည်း တတ်နိုင်သမျှ ရွှေနန်းတော်ဗဟုသုတများ၊ အသိပညာ အတတ်ပညာများ ပြောပြ သင်ပေးလေသည်။
သူ ဒဏ်ရာကျက်၍ ပြန်တော့မည်ဆိုသောအခါ ရွာသူရွာသားများ ၀မ်းနည်းကြသည်။ ငချွန်နှင့် နှင်းမှုန်တို့ကိုမူ မတွေ့ရတော့။ လက်ျာဘီလူးလည်း စစ်၀တ်တန်ဆာများ ဆင်ယင်မည်ဟု အခန်းတွင်းသို့ ၀င်လေသော် ငချွန်ကို မှိုင်လျက်မြင်သည်။ သူ့ကို မပြန်စေချင်သဖြင့် ချော့မော့ဖျောင်းဖျရလေသည်။ နှင်းမှုန် ငိုလျက်ရှိသည်ဟု သိရသဖြင့် စိတ်မကောင်းလှ။
စစ်၀တ်တန်ဆာ ၀တ်ဆင်လျက်ရှိစဉ် နှင်းမှုန် ရောက်လာသည်။ မျက်နှာညှိုးငယ်နေ၏ ။ 'နောက် တွေ့ရတော့မှာ မဟုတ်ပါဘူး' ဟု ဆို၍ သူ့အား ချပ်၀တ်ကို ၀တ်ဆင်ပေးသည်။ မျက်ရည်များက တလိမ့်လိမ့် ကျဆင်းလာပြန်သည်။
သူလည်း မနေနိုင်တော့၊ နှင်းမှုန်အား ဆွဲယူပွေ့ဖက်ထားလိုက်လေသည်။ ထိုအခါ သူ၏ ရင်ခွင်ထဲတွင် သည်းထန်စွာငိုလေ၏ ။ သူက အတတ်နိုင်ဆုံး ပြန်လာနိုင်အောင် ပြန်လာပါမည် ဟု ကတိပေးပြောဆိုပြီး ဆင်မြီးဖြင့် ကျစ်သော လည်ဆွဲကို အမှတ်တရအလို့ငှာ ချွတ်ပေးခဲ့သည်။ ငစံအားလည်း ဆောင်မြဲဖြစ်သော ဆင်စွယ်ရိုးတပ်ဓားမြှောင် ပေးခဲ့၏ ။
ဗိုလ်ယက္ခလည်း မျက်နှာမကောင်း။ ရွာသူရွာသားများအားလုံးက ပြန်လာဦးနှော ဟု မှာနေလေသည်။ သူကြီးနှင့်တကွ တစ်ရွာလုံးကို နှုတ်ဆက်လိုက်ပြီး မြင်းပေါ်တက်စဉ် နှင်းမှုန်၏ အငိုမျက်နှာလေးက တံခါး၀မှာ လှစ်ကနဲ ပေါ်လာသည်။
သူ့ရင်တွေ နာကျင်သွားရ၏ ။ မြင်းကို အမြန်လှည့်၍ ဒုန်းစိုင်းစီးရင်း အားလုံးကို ကျောခိုင်းခဲ့လေသည်။ စစ် ဆိုသည်မှာ ကြိုတင်ပြောထား၍ မရစကောင်းသောအရာသာ ဖြစ်ကြောင်း နားလည်ကြမည်ထင်ပါသည်။

ပြီးပါပြီး

Written by သင်္ခရာဇာ


End date: October 25, 2021

ရာဇဂုမ္ဘာန် အပိုင်း(၃)

            တရုတ်စစ်သူကြီး ချူလောင်ပန်းလည်း အကြိမ်တစ်ထောင် မီးဆေးထားသော ပုဆိန်ကြီးကို အထပ်ထပ် အမာတင်၏ ။ ကောင်းစွာ သံမဏိစပ်ထားသော စိန်သွားတပ် ပုဆိန်က လက်နက်ချင်းတွင် မယှဉ်နိုင်အောင် ပြတ်ရှလေ၏ ။ ထိသမျှ ကျိုးပြတ်သောဟူ၏ ။
စပ်ရာမျှမထင်သော သံချပ်ကာ၀တ်စုံကို ဆင်၏ ။ တိုက်ပွဲတိုင်း အဲမောင်းလှံရှည် ခြောက်ချောင်းကို ကျော၌ထိုးကာ ရဲတံခွန်ချည်၍ တိုက်သည်။ မသေသောနတ်စစ်သည်ဟု တရုတ်တို့ ပြောစမှတ်ပြုကြလေသည်။
လက်ျာဘီလူးကား ချပ်၀တ်တန်ဆာမျှ မရှိ၊ သာမန်ရဲမက်တပ်မှူးတို့ ဆင်သော သားရေကိုယ်ကျပ်အင်္ကျီသာရှိသည်။ လက်နက်တွင်လည်း မယှဉ်နိုင်အောင် ကွာခြားလွန်းလှသည်။ ပုဆိန်ကို ဓားဖြင့်ခံရန်မှာ မဖြစ်နိုင်။ ထို့ပြင် မြင်းလည်း စီးခွင့်မရ။ လက်ချင်းသာ ယှဉ်မည် ဆိုလေသည်။ ထို့ကြောင့် လက်ျာဘီလူးအတွက် ရဲမက်လူသူအများ စိုးရိမ်နေကြ၏ ။
မဟာသီဟသူရကိုယ်တိုင် တွေဝေငေးမောကာ ကြံစည်လျက်ရှိသလို လက်ျာဘီလူးလည်း ငြိမ်ချက်သားကောင်းလှသည်။ တိုက်မည့်ညချမ်းသည် လမင်းထိန်ထိန်သာလျက် တစ်လောကလုံး လင်း၀င်းသာယာနေသည်။ သဲသောင်ပြင်အစပ်မှာ ကညင်ဆီမီးများ ထွန်းစိုက်ထားပြီး ဝါကျင်ကျင်အရောင်က ရင်တလှပ်လှပ် ခုန်ချင့်စဖွယ်။
အားလုံးလည်း ရင်ခုန်နေကြရပါသည်။ကွင်းထဲမှ တရုတ်စစ်သူကြီး၏ ထွားကျိုင်းခန့်ညားလှသည့် ဟန်၊ ကြောက်မက်ဖွယ် မျက်နှာထားနှင့် ငွေရောင်သံချပ်၀တ်တန်ဆာကြီးက အရှိန်ကောင်းလှသည်။ လက်ထဲမှ နှစ်ဖက်သွားပုဆိန်ကြီးကလည်း အရောင်တဖိတ်ဖိတ်လက်လျက် အရာအားလုံးကို ဖောက်ထွင်းဝါးမြိုပစ်တော့မည်ကဲ့သို့။
အော်ဟစ်ကြုံးဝါးနေသံက ကြောက်မက်ဖွယ်ကောင်းလှသလို လက်ရေးပြကွက်များလည်း ကျင်လည်လွန်းလှသည်။ ဓား လှံ လေး မြား ကျွမ်းကျင်နိုင်နင်းသလို စစ်ရေးဗျူဟာ ပရိယာယ်ကြွယ်လှသဖြင့် ဘုရင့်သမက်တော်ကိုယ်တိုင် လက်ရုံးခန့်ထားသော အားထားရသည့် စစ်သူကြီးတစ်ဦးဖြစ်သည်။ ရှုံးပွဲမရှိ တိုက်ခိုက်နိုင်သလောက် ယှဉ်လာသူတိုင်း အသက်မကြွင်းသောကြောင့် ခရီးမှပြန်လာရသဖြင့် ခွန်အားမပြည့်ဝသေးသော လက်ျာဘီလူးအတွက် အစိုးရိမ်ပိုနေရ၏ ။
သို့သော် ယခုတိုင်အောင် လက်ျာဘီလူး၏ အရိပ်ရောင်မျှပင် မမြင်ရသေး။ ချပ်၀တ်တန်ဆာ လက်နက် ကိရိယာလည်း နေရာမယွင်း၊ လူလည်း ပေါ်မလာ။ ပရိတ်သတ်များမှာ စိတ်စောလျက်ရှိကြကုန်သည်။
“ဟေး.. ဘယ်မှာလဲ မင်းတို့ သူရဲကောင်း... မလာသေးဘူးလား”
တရုတ်စစ်သူကြီးက အော်ဟစ်မေးလိုက်၏ ။ လူများ တွန့်ဆုတ်သွားစေသည့် အသံ။ အချိန်ကျနေပြီ ဖြစ်သည်။ ဝန်ကြီးက လက်ျာဘီလူး အဘယ်နည်းဟု မေးလိုက်သည်။ သူ၏ တဲသို့လည်း လူစေလိုက်သည်။ စေလွှတ်သူက မတွေ့ကြောင်းသာ အကြောင်းပြန်လာ၏ ။
ထိုစဉ် ပန်းပဲဖိုတစ်ခုတွင်းမှ ချွေးသံရဲရဲနှင့် လက်ျာဘီလူး ထွက်လာလေသည်။ အားလုံးသော မှုးမတ်စစ်သည်များ အံ့အားသင့်ရအောင်ပင် လက်ျာဘီလူးမှာ အင်္ကျီမျှမပါ၊ သျှောင်လည်း မထုံးထား။
ယာလက်တွင် တူကြီးတစ်လက်ကိုင်ထားပြီး လက်ဝဲဘက်တွက်တော့ နှစ်ဖက်သွား သံလျက်ကြီးကို မီးရဲရဲနီလျက် အငွေ့တချောင်းချောင်း ထုတ်လာသည်။ တိုက်မည်ဆိုမှ မီးထဲကထုတ်လာသည့်ဟန်။
လက်ျာဘီလူးကို မြင်သော် ချူလောင်ပန်း မျက်နှာပျက်ယွင်းကာ ရပ်နေရာမှ နောက်ပြန်လှည့်သွားပြီး ဒိုင်းတစ်လက် ရှာလေသည်။ လိုချင်သည့် ဒိုင်းကို မရ။ တိုက်ပွဲ၀င် ဒိုင်းမှန်သမျှ ဤမျှ ပါးလွှာရမည်လော ဆိုကာ အားလုံးကို လွှင့်ပစ်လေ၏ ။ တရုတ်ဘုရင့်သားတော် သမက်တော်တို့လည်း စစ်သူကြီးကို အနားခေါ်၏ ။
“ဤသူကို ကြည့်ရသည်မှာ ပုံမှန်မဟုတ်၊ ဘီလူးသဘက်ကဲ့သို့ စူးရဲခက်ထန်လှသည်။ အရေးမှားချေက အသက်ကြွင်းမည်မဟုတ်။ လက်နက်လည်း ဆန်းကြယ်လှသည်။ သင့်ကိုယ်သင် လုံလှပြီဟု မမှတ်လင့်တော့။ သတိကြီးစွာ ထားပါ” ဟု ဆိုကြ၏ ။ ဘုရင့်သားတော်ကိုင်သော ရွှေဒိုင်းကိုလည်း ပေးသနားလိုက်သည်။
တရုတ်စစ်သူကြီးအား ဘုရင့်သားတော်ကိုယ်တိုင် ရွှေဒိုင်းပေးသည်ကို မြင်သော် မဟာသေနာပတိ ဝန်ကြီး လက်ခုပ်လက်ဝါးတီးကာ ရယ်သည်။ မှုးမတ်စစ်ကဲတို့ ကြည့်ကြသောအခါ
“လက်ျာဘီလူးကား စိတ်ကူးဥာဏ် ကွန့်မြူးထူးကဲလှသည်။ ငါပင် ဤမျှလွယ်ကူစွာ မကြံတတ်လေ”
ဟုချီးမြှောက်ပြောကြားပြီး မတ်တပ်ရပ်လျက် သြဘာပေး၏ ။ ထိုအခါမှ ပရိတ်သတ်အပေါင်းလည်း လိုက်လံ လက်ခုပ်တီး အားပေးကြလေသတည်း။
လက်ျာဘီလူးထွက်ခိုက်နှင့် ချိန်းချက်သောအချိန်သည် တစ်ထပ်တည်းကျ၏ ။ တရုတ်တပ်ဆီမှ မောင်းထုသည်နှင့် မြန်မာတို့ကလည်း အချက်ပေးမောင်း တီးခတ်လေသည်။ မောင်းသံကြားလျင် လက်ျာဘီလူး သောင်ပေါ် ပြေးတက်လာ၏ ။ တရုတ်သူရဲကောင်းဆီသို့ ပြေး၀င်ကာ တရစပ်တိုက်ခိုက်တော့သည်။
ချူလောင်ပန်းမှာ ဒိုင်းရောပုဆိန်ပါ သုံးပြီး ကမန်းကတန်း ခုခံရ၏ ။ ပြန်လှန်တိုက်ခွင့်မသာ၊ ဓားချက် တူချက်များက နေရာအနှံ့မှ ခုတ်ပိုင်း ထုနှက်နေသဖြင့် ရွှေဒိုင်း ကွဲလေသကဲ့သို့ သံချပ်၀တ်စုံလည်း ထိမိသည်။ သံချပ်ကား မပျက်။
လက်ျာဘီလူးတိုက်သည်ကား ဒိုင်းနှင့်ကာလျင် သံလျက်ဖြင့် ခုတ်၏ ။ တူဖြင့် ပုဆိန်နှင့်ချပ်၀တ်အား ထုနှက်လေသည်။ ကြာသော် ချူလောင်ပန်း မခံနိုင်၍ ဒိုင်းကွဲနှင့် ပစ်ပေါက်လေသည်။ နောက်သို့ဆုတ်ရလေ၏ ။ လက်ျာဘီလူး ဟန်ချက်ပျက်သွားသည်တွင် ချူလောင်ပန်းက ချက်ချင်း ဖိတိုက်လာသည်။
လက်ျာဘီလူး မခံနိုင်၊ မကာနိုင်။ ရှောင်တိမ်းကာသာ နေရသည်။ သို့သော် သူက ရှောင်သည်နှင့်တစ်ပါတည်း တူချက်လည်း ၀င်အောင်ထုသည်၊ လူလည်း လွတ်အောင် ထွက်သောကြောင့် မြင်ရသည်မှာ ထိတော့မယောင် ငြိတော့မယောင်၊ နှစ်ဘက်စလုံးမှ အသည်းတယားယားဖြင့် ကြည့်နေကြရသည်။ တရုတ်စစ်သူကြီး အရေးသာလေပြီ။
ပုဆိန်ခုတ်ချက်များမှာ တဖြည်းဖြည်း မြန်ဆန်ပြင်းထန်လာသည်။ လက်ျာဘီလူးက ပြကတေ့ ပုံမှန်အတိုင်းသာ ရှောင်ရှား ပြန်တိုက်နေသည်။ မကြာပါ၊ အားနှင့်ဖိခုတ်လာသောပုဆိန်ချက်ကို ရှောင်လိုက်နိုင်သော်လည်း မထင်မှတ်ဘဲ လျင်မြန်စွာပြန်ပက်လိုက်သော ပုဆိန်အပင့်တွင် ငြိပါမြောက်တက်သွားသည်။ ရင်ဘတ်ပေါ်ရှိ ဘီလူးရုပ်ခံတွင်းမှ သွေးများ စီးကျလာသည်။ နာကျင်ဟန်ကား မပြ။
မတုန်မလှုပ်၊ တစ်ချက် ငြိမ်သွားကာ နောက်တစ်လှမ်းဆုတ်၍ သန်လျက်ကို မြေပြင်ပေါ် ပစ်ပေါက်စိုက်လိုက်သည်။
အသွားများ တွန့်လိပ်ပဲ့ရွဲ့နေပြီဖြစ်သည့် သန်လျက်မည်းကြီးက သဲပြင်ထဲ ရှဲကနဲ နစ်၀င်သွား၏ ။ သူက တူကို လက်နှစ်ဖက်နှင့် ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သဲထဲ ခြေကို ထိုးနှစ်လိုက်သည်။ အရေးသာနေပြီဖြစ်သော ချူလောင်ပန်းက လျှပ်တစ်ပြက် ပုဆိန်ကြီးကို မိုး၍ စလွယ်ခုတ်ပိုင်းချလိုက်သည်။
ပရိတ်သတ်များ၏ အော်ဟစ်သတိပေးသံများ ဆူညံသွားသည်။ လက်ျာဘီလူးက ရှေ့တစ်လှမ်းတိုးကာ ခုတ်ပိုင်းလာသော ပုဆိန်အောက်မှ လက်ကိုင်နေရာအား တူဖြင့် အားကုန် ပင့်ရိုက်ပစ်လိုက်သည်။ အားကနဲ အော်သံနှင့်အတူ တရုတ်စစ်သူကြီး၏ လက်ယာလက်ချောင်းများ ကြေမွသွားလေသည်။ သို့သော် ပုဆိန်ကိုတော့ ဆက်လက် ဆုပ်ကိုင်ထားဆဲ။
လက်ဝဲဘက်နှင့် အားယူ၍ ခုတ်ပိုင်းလာပြန်သည်။ လက်ျာဘီလူးက အလွယ်တကူ တူနှင့်ချိတ်ပြီး ပက်ထုတ်ပစ်လိုက်သည်။ ပုဆိန်လွင့်စင်ပြီး တရုတ်စစ်သူကြီး အကာအကွယ်မဲ့သွားတော့သည်။ လက်ျာဘီလူးလည်း အခ်ျိန်မဆိုင်းဘဲ လေပေါ်ခုန်ဝဲ၍ တူကြီးနှင့် သံချပ်ကာခေါင်းစွပ်အား ထုချေလိုက်လေသည်။
တရုတ်သူရဲကောင်းသည် အလွန်သတိရှိ၏ ။ ခံနိုင်ရည်ကြီးလွန်းသည်။ တစ်ချက်ယိမ်းယိုင်သွားသည်မှအပ မည်သို့မျှမဖြစ်။ မူးဝေသော်လည်း လဲကျခြင်းမရှိ၊ သူရဲကောင်းပီသစွာ မတ်မတ်ရပ်နေနိုင်သည်။ ထိုစက္ကန့်ပိုင်းမျှ အချိန်လေးသည်ပင် အခွင့်ကောင်း ဖြစ်တော့သည်။ မူးဝေယိမ်းယိုင်သည်နှင့်တစ်ဆက်တည်းပင် လက်ျာဘီလူးက ကြိုတင်ကြံစည် လေ့ကျင့်ထားသကဲ့သို့ မြေပြင်မှ သံလျက်အား ဆွဲ၍ အပေါ်မှမိုးကာ ခုတ်ပိုင်းဟန် ပြင်လိုက်သည်။ သတိကြီးသော ချူလောင်ပန်းက လက်ဝဲလက်ဖျံ သံချပ်ဖြင့်ကာ၏ ။
မခုတ်ဘဲ မိုးထားသော လက်ျာဘီလူးက ထိုအချိန်ကျမှ လက်ဝဲလက်ကောက်၀တ်တွင် သံချပ်ချင်းထိစပ်သောနေရာအား အသေအချာ ချိန်ရွယ် ခုတ်ပိုင်းလေသည်။ လက်ကောက်၀တ် ပြတ်၍ မြေသို့ကျလေ၏ ။
လက်နှစ်ဖက်လုံး မသုံးနိုင်တော့သဖြင့် နေရာမှ မရွေ့၊ နောက်ပြန်မဆုတ်လေသော စစ်သူကြီးအား နိဂုံးချုပ်ရန် လက်ျာဘီလူးသည် လွင့်ကျနေသောပုဆိန်ကို ကောက်ယူလျက် တစ်လှမ်းချင်းလှမ်းလာရာ တရုတ်ဘုရင့်သားတော်က တစ်စုံတစ်ရာအော်ဟစ်လေ၏ ။ မြန်မာတို့လည်း အော်ဟစ်ကောင်းချီးပေးသံများ ဆူညံလှသဖြင့် လက်ျာဘီလူး မကြား။
သူ၏ ပုဆိန်ဖြင့်ပင် တရုတ်သူရဲခေါင်းအား ဖြတ်ယူလေသည်။ ဦးခေါင်းအား ကိုင်မြှောက်ပြသပြီးမှ တရုတ်တို့ဘက် ပစ်ပေးလိုက်သည်။
ထို့နောက် မြန်မာတပ်ဘက်သို့ ပြန်ရန်အလှည့်တွင် ပြိုလဲကျကာ သဲပြင်ပေါ် ဒူးထောက်လျက်နေလေသည်။ မြန်မာတို့ မြင်းနှင့်သွားဆွဲ၊ ပြေးပွေ့၍ တပ်တွင်းသို့ ယူဆောင်ခဲ့ကြသည်။ ကောင်းချီးပေးသံ မိုးလုံးညံမျှတည်း။
တရုတ်တို့သည် "တိုက်ပွဲတန်ပြီဟု တားနေပါလျက်နှင့် စစ်သူကြီးအား သတ်ရမည်လော" ဟူ၍ ယခုပင် မြန်မာတပ်အား တိုက်တော့မည် စီရင်သည်။ မြန်မာတို့လည်း ခနချင်းပင် တပ်တွင်းမှ ကြံ့ကြံ့ခံရန် ပြင်ဆင်ပြီးလေသည်။ ထိုအချိန်တွင် တရုတ်တပ် အနောက်ဘက်ဆီမှ ဖရိုဖရဲ ပြိုကွဲသောအသံကြားရ၏ ။
'တိမ်ကြားမင်းခေါင်လာပြီ.. ခံဝံ့သူ ခံကြ' ဟု ဟစ်ကြွေးလျက် ရွှေရောင်ချပ်၀တ်နှင့် လူတစ်ဦးသည် မြင်းဖြူတစ်စင်းပေါ်တွင် လှံရှည်ဝှေ့ယမ်းလျက် အလယ်ကြောင်းမှ ဖောက်ထွက်လာသည်။ တရုတ်တို့ သေနတ်နှင့် ပစ်ဖောက်ဖမ်းဆီးကြသည်။ မရလေ။ လျင်မြန်လှသောကြောင့် မြင်းကျော်သွားပြီးမှ ပစ်ခတ်နိုင်ကြသည်။
တိမ်ကြားမင်းခေါင်အသံကြား၍ မြန်မာတို့ အားတက်ကာ ထွက်တိုက်ကြသည်။ တိမ်ကြားမင်းခေါင်၏ တပ်လည်း သူရဲအများ ပါ၀င်လျက် တိုက်ခိုက်လာသည်။ အကြောက်အရွံ့မရှိ။ ဆင်ကိုပင် တက်၍ခုတ်သောကြောင့် တရုတ်တို့ အင်အားကြီးလှသော်လည်း မကြာမီပင် အပြိုပြိုအကွဲကွဲ တပ်ပျက်လေသည်။

တရုတ်မင်းသား စစ်သူကြီးတို့လည်း စေ့စပ်စွာ ကွပ်ကဲလျက် ဆုတ်ခွာရသည်။ မြင်းတစ်စီးတည်း အလယ်ကြောင်းမှ ဖောက်လာသော တိမ်ကြားမင်းခေါင်လည်း မြန်မာတပ်တွင်းသို့အရောက် အပြင်းတိုး၀င်လေ၏ ။

(ဆက်ရန်...) ရာဇဂုမ္ဘာန် အပိုင်း(၄)

Written by သင်္ခရာဇာ

End date: October 21, 2021

ရာဇဂုမ္ဘာန် အပိုင်း(၂)

ပန်းပွင့်၀တ်လွှာများ တငြိမ့်ငြိမ့်လှုပ်ခတ်အောင် ပျားပိတုန်းတို့ တို့ထိဆော့ကစားနေကြသည်။ ရုတ်တရက်ထွက်ပေါ်လာသော မြင်းခွာသံကြောင့် လိပ်ပြာကလေး မူးယစ်သာယာနေရာမှ လန့်ဖျတ် ပျံတက်သွားရသည်။
မြင်းနီကြီးတစ်စီးပေါ်တွင် စစ်ချပ်၀တ်တန်ဆာ မဆင်သော ရဲမက်တစ်ဦးက မောက်တိုမဆောင်း၊ သျှောင်မထုံးထားဘဲ ဆံပင်ဖားလျား လွင့်ဝဲပြန့်ကျဲလျက် အပြင်းဒုန်းစိုင်းနှင်သွားသည်။ နောက် ခပ်လှမ်းလှမ်းမှ မြင်းခွာသံများလည်း တဖြောင်းဖြောင်း ထွက်ပေါ်လာသည်။ မြင်းတပ်တစ်တပ်၊ တောအုပ်ကလေးကို ထိုးခွဲဖြတ်သန်းသွားကြပုံမှာ ပြိုင်ပွဲတစ်ခုအသွင် လျင်မြန်လွန်းလှလေသည်။
ရှေ့ဆုံးမှ မြင်းနီကြီးက ရှမ်းစော်ဘွား၏ ခံတပ်ရှိရာသို့ တဟုန်တိုးပြေး၀င်သွားပြီး မြို့တံခါးကိုအတင်းဖြတ်ကျော်သွားသည်။ မြို့စောင့်ရှမ်းရဲမက်များ မြင်သော်လည်း တံခါးပိတ်ရန် မမီလိုက်။ တောအုပ်ထဲမှ ထွက်လာကတည်းက မဆုတ်မဆိုင်း အရှိန်ပြင်းစွာ
တိုး၀င်လာမှုကြောင့် မြို့တံခါးပိတ်လိုက်နိုင်ချိန်တွင် မြင်းကြီးနှင့် စစ်သည်တော်က မြို့ရိုးအတွင်း အချိန်မီလေး ရောက်ရှိသွားသည်။
သို့သော် တစ်ဦးတည်း။ အနီးရှိ မြင်မြင်သမျှ ရဲမက်များကို စဉ်းစားချိန်ပင် မရလောက်အောင် မုန်တိုင်းတိုက်သလို ထိုးခွဲတိုက်ခိုက်သွား၏ ။ အတော်ဝေးဝေး ရောက်ရှိသွားမှ မြင်နီကြီးက အောင်မြင်စွာဟီ၍ ပတပ်ရပ်လိုက်သည်။ စစ်သည်က လွယ်ထားသော လေးကြီးကို ဖြုတ်၍ မြားများကို မနားတမ်း ပစ်လွှတ်နေပြန်လေသည်။ အနီးတစ်ဝိုက်သို့ ပြေး၀င်လာကြသော ရဲမက်များ၊ မြို့ရိုးထိပ်မှ မြို့စောင့်ရှမ်းများ အတုံးအရုံး လဲကျကုန်ကြ၏ ။ ခံတပ်အပြင်မှာလည်း မြင်းတပ်တစ်တပ်က ခပ်ခွာခွာအနေအထားမှ မြားများဖြင့် မြို့ရိုးပေါ်သို့ ပစ်ခတ်နေကြပြီဖြစ်သည်။
ရုတ်တရက် ကြွေးကြော်အော်ဟစ်သံများ ထွက်ပေါ်လာပြီး တောအုပ်တွင်းမှ ချပ်၀တ်တန်ဆာ၀တ် စစ်သည်များ၊ အရပ်သား၀တ်စုံဖြင့် လက်နက်မျိုးစုံကိုင်ဆောင်ထားသူများ ပေါ်ထွက်လာကြပြန်သည်။ မြို့ရိုးတွင်းမှ မြင်းနီကြီးကလည်း မြို့တံခါးဘက်ဆီ ပြန်လည် ပြေး၀င်သွားပြီး တရကြမ်းတိုက်ခိုက်နေပြီ။ သူ့ထံ ၀င်လာသော မြားလှံများနှင့် ဓားချက်များစွာကို ဓားတစ်ချောင်းတည်းနှင့် ကျင်လည်စွာ ဝှေ့ယမ်းကာကွယ်သွားသည်။ တိုက်ခိုက်ပုံမှာ ကြမ်းတမ်းလွန်းလှရာ ရှမ်းများ အနီးမကပ်ရဲလောက်အောင် တွန့်ဆုတ်နေရသည်။ သို့သော် ထိုသူကတော့ မဲမဲမြင်ရာ အငြိုးတကြီး လိုက်လံထိုးခုတ်နေ၏ ။
အချို့ကား “မြို့ထဲ ရန်သူ၀င်လာပြီ” ဟု အော်ဟစ်ကာ စော်ဘွားကြီး၏ အိမ်တော်သို့ ထွက်ပြေးကြလေပြီ။ မြို့တံခါးအနီးတွင်လည်း ရှမ်းစစ်သည်များ ကျဲပါးကုန်သည်။ တစ်ဦးတည်းသော သူကား မည်သူ့မျှ ထီမထင်ဟန်ဖြင့် မြို့တံခါးကို ကန့်လန့်ချုပ်ကာထားသော သစ်တုံးကြီးကို ဓားချက်များစွာ ပိုင်းချလိုက်သည်။
ထို့နောက် အသံနက်ကြီးဖြင့် အော်လိုက်ရာ အပြင်မှ မြင်းတပ်က မြို့တံခါးကို အဟုန်ပြင်းပြင်း တို့ဝှေ့ကာ ၀င်လာလေတော့သည်။ မြင်းနီကြီးသည်ကား မြို့ရိုးပေါ် တစ်ထစ်ချင်း တက်သွားပြီဖြစ်၏ ။
မြားပေါင်းများစွာက မိုးရွာသလို တဖွဲဖွဲ ကျနေသည်။ သံချပ်၀တ်မြင်းကြီးနှင့် ချပ်၀တ်မဆင်သော သူရဲမှာ အထိအခိုက်မရှိဟန်ဖြင့် မြို့ရိုးပေါ်၌ ပြေးလွှားနေပြန်သည်။ ထိုတိုက်ပွဲကား အချိန်များမကြာမီပင် ချုပ်ငြိမ်းသွား၏ ။ လက်ျာဘီလူးကိုယ်တွင်လည်း ဒဏ်ရာဒဏ်ချက်မနည်းလှ။
ပုန်ကန်သူ ရှမ်းစော်ဘွားနှင့် အမျိုးအဆွေများကား တောကြီးရာ ရှောင်ခွာနှင့်လေသောကြောင့် မြင်းစစ်သည်များအား လိုက်ထပ်စေသည်။ နေစောင်းသော် အမှုးအမတ်နှင့်တကွ အားလုံးကို မိ၏ ။ ထိုစော်ဘွားကို သစ္စာခံစေကာ တရုတ်စစ်ပွဲအတွက် လိုက်ပါစေလေသည်။
လက်ျာဘီလူး၏ သတင်းသည် ရှမ်းနယ်တစ်ဝိုက် လျင်မြန်စွာ ပြန့်နှံ့သွားသည်။ ဘီလူးတစ်ကောင် ရှမ်းနယ်ထဲ၀င်လာသည်ဟု ပြောနေကြ၏ ။ ပုန်ကန်မိသူများမှာ မအိပ်မစားနိုင်သည်အထိ ရွံ့ကြောက်ကြကုန်၏ ။ တစ်ဦးနှင့်တစ်ဦး သံစေကာ ပူးပေါင်းရန် ပြင်ဆင်ကြသော်လည်း တစ်ရာမျှသော မြင်းတပ်က ခွဲဖြာထားနှင့်ပြီ ဖြစ်သဖြင့် သံတို့လည်း မရောက်။ ရောက်သော်လည်း အချိန်မမီခင် လက်ျာဘီလူး၏တပ်က အပြင်း၀င်ရောက် တိုက်ခိုက်နေရာ ပုန်ကန်သည့် ရှမ်းတပ်များ တစ်တပ်ပြီးတစ်တပ် ကျလျက်ရှိသည်။
လက်ျာဘီလူးကား တိုက်ပွဲအနိုင်ရသော် အောင်ပွဲခံခြင်းမပြုရ၊ ဆုတ်ဆိုင်းခြင်း အလျင်းမရှိစေရ၊ အိုသူများနှင့် လူသစ်အချို့ကိုသာ မြို့စောင့်ထားခဲ့၍ နောက်တစ်နေရာသို့ ချက်ချင်းထွက်ခွာလေ့ရှိသည်။ သတင်းနှင့်အတူ သူတို့သည် ရှေ့နောက်ဆင့် ရောက်လာစမြဲဖြစ်၏ ။
အချို့မှာ ကြောက်လန့်၍ မတိုက်မီကပင် မြို့ရိုးတံခါးကိုဖွင့်ကာ အလံဖြူလွှင့်ထားရသည်။ အကြီးအကဲ ဒလံစော်ဘွားအစရှိသူတို့လည်း အညံ့ခံရန် ပြင်ဆင်ထားကြရလေသည်။ ဤသို့ဖြင့် လက်ျာဘီလူးသည် မြန်မာရှမ်းနယ်စပ်တစ်လွှား ပုန်ကန်သည့် ရှမ်းစော်ဘွားများကို အောင်မြင်စွာ သိမ်းယူခေါ်ဆောင်လေသတည်း။
စစ်သည်အင်အား ငါးထောင်ကျော်မျှ စုစည်းမိသော် သိမ်းပိုက်မိသော ခံတပ်မြို့ရွာများသို့ မြင်းလျင်များစေလျက် မူလလမ်းကြောင်းချီစေလေသည်။ လက်ျာဘီလူးလည်း သူကြီးစော်ဘွားများ ခြံရံလျက် ဆုံမှတ်သို့ရောက်အောင် အပြင်းချီ၏ ။
တပ်စခန်းချ ရပ်တန့်နားနေချိန်မှာ ထက်၀က်မျှလျော့နည်း၏ ။ လမ်းကြောင်းတစ်ကြောင်းလျင် နှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့က နားလျင် တစ်ဖွဲ့က အလျင်သွားနှင့်ရသည်။ စခန်းပြုလုပ် ချက်ပြုတ်ပြင်ဆင်ထားနှင့်ရ၏ ။ ထိုသို့ အလှည့်ကျ ချီစေလေရာ ချိန်းချက်သော အရပ်သို့ တပ်များ အချိန်မီ ရောက်လေသည်။ အခြားတပ်မှူးများထက် အလွန်များပြားစွာ ရမိသော လူသူလက်နက်ကို မြင်လျင် စစ်သူကြီးစစ်ကဲများက လက်ျာဘီလူးအား ချီးကျူးကြလေသည်။
လက်ျာဘီလူးကတော့ ချီးကျူးထောပနာများကို သူ့အတွက်မဟုတ်သည့်အလား၊ တရုတ်တို့နှင့် စစ်ဆိုင်နိုင်သည့် နေရာဒေသတို့ကိုသာ စိတ်၀င်စားစွာ ကြည့်ရှုလေ့လာရင်း ငြိမ်သက်လွန်းလှချေသည်။ စစ်သူကြီး တိမ်ကြားမင်းခေါင်က လက်ျာဘီလူးအား မည်သူ့လက်အောက်တွင်မှ မလိုက်စေဘဲ တရုတ်စစ်အတွက် ရေလမ်းခရီးမှ လက်ယာကြောင်း ချီစေပြန်သည်။ လမ်းကြောင်းသတ်မှတ်၍ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ပေးပြီး ကင်းထောက်ရန် စေလွှတ်လိုက်သည်။ တရုတ်စစ်ဖျား မည်သည့်အရပ်ထိ ရောက်နေပြီကို သိလို၍ ဖြစ်ပေသည်။
လက်ျာဘီလူး၏ လက်ရွေးစင်တပ်သည် သိမ်းဆည်းရမိလာသော ပြည်သူ့စစ်များကို ပင်မတပ်ကြောင်းကြီးတွင် ချန်ရစ်ခဲ့ပြီး တိုက်လှေကြီး နှစ်ဆယ်၊ ရဲလှေငါးဆယ်ခန့်ဖြင့် ရှေးဦးချီနှင့်၏ ။ များမကြာမီ တရုတ်ကင်းထောက်တပ်နှင့် ရှေ့ဖျားချီ ရဲလှေသုံးဆယ်တို့သည် ချောင်းဖျားတစ်ခု၌ ဆုံမိကြသည်။
တရုတ်တို့က အမြောက်များဖြင့် ပစ်ခတ်ကြိုနှင့်သလို ရဲလှေသုံးဆယ်တို့လည်း ဆုတ်ဆိုင်းခြင်း အလျင်းမရှိ၊ မြင်သည်နှင့် တရုတ်တိုက်လှေကြီးများ ရပ်တန့်လျက် ပစ်ခတ်နေရာသို့ စွေ၍ လွှတ်ကြ၏ ။ ရဲဝံ့လွန်းစွာ ၀င်လာသော လှေငယ် အနည်းငယ်မျှကို မြင်သော် တရုတ်တို့ အံ့အားသင့်ကြသည်။ အကြောင်းရှိမည်ဟု တရုတ်စစ်ကဲများ သုံးသပ်ကြကုန်၏ ။
နောက်မှ ပါလာသော တိုက်လှေကြီးများလည်း မီလာရာ ပြောင်းသေနတ် ပစ်ဖောက်လျက် ရွက်ကုန်ဖွင့်ပြီး လိုက်ထပ်လာသည်။ မြန်မာတို့တပ်အင်ကြီးစွာ ပါလာပြီထင်မှတ်၍ တရုတ်ကင်းထောက်တပ်သည် ဆက်လက်မခုခံဝံ့ဘဲ ဆုတ်ခွာကြကုန်၏ ။ သို့သော် လက်ျာဘီလူးက ခွာခွင့်မပေး၊ မီရာလှေပေါ် အတင်းတက်ပြီး ထိုးခုတ်ကြသည်။ ကြာသော် တရုတ်တို့ ထိန်လန့်ပြီး ကိုယ်လွတ်ရုန်းကာ အပြင်းခွာကြတော့သည်။
ရနိုင်သမျှ လိုက်ထပ်လေသောကြောင့် လက်နက်သုံ့ပန်းများစွာ ရလိုက်သည်။ တိုက်လှေကြီးများစွာလည်း အကောင်းအတိုင်းကျန်ရစ်ခဲ့သည်ကို သိမ်းယူ၍ ဒဏ်ရာရသူများနှင့် လူအနည်းငယ်ကို ထည့်၍ ပြန်လွှတ်လိုက်သည်။ သူတို့ကမူ သတ်မှတ်လမ်းကြောင်းအတိုင်း ဆက်လက်ချီတက်ကြလေသည်။
တရုတ်ကင်းထောက်တပ် အကျအဆုံးများသည်ကို တပ်မကြီးက သိလျင် ပြင်းစွာ အမျက်ထွက်၏ ။ လက်တစ်ဆုပ်စာသောရန်သူမျှဖြင့် ကိုယ်လွတ်ခွာခဲ့ရသည်ဟု အကြပ်တပ်မှူးတို့အား ဘုရင့်သမက်ကိုယ်တိုင် ကွပ်လေ၏ ။ ထို့နောက် အင်အားအလုံးအရင်းဖြင့် မြန်မာတပ်ဆီသို့တိုင် ကြည်းကြောင်းရေကြောင်း ချီလာလေသည်။
ထိုအချိန်တွင် မြန်မာတပ်တွင် စစ်သူကြီး တိမ်ကြားမင်းခေါင် မရှိလေ။ လမ်းကြောင်းစုံစမ်း စီစစ်ရန် ချင်းတွင်းကြောင်းထွက်သွားသဖြင့် ဝန်ကြီးနှင့် လူ ငါးသောင်းသာ ကျန်ရစ်လေသည်။
တရုတ်တို့ ချီလာပြီကြားချေသော် ခရီးလွန်လေပြီးသော တိမ်ကြားမင်းခေါင်ထံ မြင်းလျင်စေ၏ ။ မနီးမဝေးသို့ ရောက်နေသော လက်ျာဘီလူးတို့အားလည်း ကုန်းကြောင်းမှ အသင်္ခယာအား လိုက်ခေါ်ရန် စေလွှတ်သည်။ အသင်္ခယာမြင်းလည်း ခြေပေါ့လှသည်။ လက်ျာဘီလူးတို့ ရေတပ်အား နေ့၀က်နှင့် မီလေသည်။
သို့သော် လက်ျာဘီလူးတပ်သည် မြစ်ကျဉ်းတောင်နံရံကြား ဖြတ်နေသော အချိန်ဖြစ်ရကား မမြင်မကြားနိုင်သဖြင့် တောင်ပေါ်တက်လိုက်ရချေ၏ ။ တောင်ပေါ်မှ ကြည့်လတ်သော် မြစ်ပြင်မှ ရေတပ်သည် လှေဦးလှည့်၍ ပြန်နှင့်လေပြီ။ စစ်ချီရင်း လမ်းတစ်၀က်မှလှည့်ပြန်သော လက်ျာဘီလူးအား အသင်္ခယာ စိတ်မှတ်ထားလေသည်။
အပြန်ဝယ် တရုတ်ရေတပ်ကြီးတစ်တပ်သည် မြစ်ကွေ့တစ်ခုတွင် မြစ်လုံးပြည့်မျှ တိုက်လှေကြီးချင်း ကပ်စီပြီး ပိတ်ဆို့ထားလေသည်။ ရဲလှေလောင်းလှေများစွာလည်း မြစ်ပြင်ပြည့် စောင့်ကြပ်နေစေ၏ ။ လက်ျာဘီလူးကား တပ်အလျင် မစုန်စေဘဲ တံငါလှေများကိုသာ ရှေ့ပြေးစုံစမ်းစေသည်။ မြစ်ကွေ့တွင် တရုတ်တို့ အငိုက်ဖမ်း၍ တံငါလှေမျှ မလွတ်စေရ၊ အမြောက်ဖြင့်ချိန်ရွယ်သည် ကြားလေသော် ဤသို့ စီရင်၏ ။
ရွာနီးချုပ်စပ်မှ ဆီအိုးများကို ရသမျှရှာဖွေ၍ ဖောင်ပန်းပြုလုပ် တင်ဆောင်ပြီး အပေါ်မှ အမှိုက်သရိုက်ဒိုက်များ ထိုးနှစ် ဖုံးအုပ်ထား၏ ။ ရေတက်ချိန် လေပြင်းပြင်းတွင် မြစ်ကွေ့မှ မျှောချလိုက်သည်။ ထိုနောက်မှ လှေများက ဝေးဝေးမှ ခွာ၍ လိုက်လေသည်။ အစတွင် မြစ်ရေပြည့်သဖြင့် ပါလာသော အမှိုက်သရိုက်များဟု တရုတ်တို့ ထင်ကုန်၏ ။ အနီးရောက်မှ ဖောင်ပန်းနှင့် ဆီအိုးကို မြင်ကြရသည်။
မြန်မာတပ်လည်း စုန်လာသည်ကို မြင်ရကား အကြံအစည်ရှိပြီဟု သိလျက် တိုက်လှေကြီးများနှင့် လှေငယ်များကို အမြန်ခွာလေသည်။ သို့သော် မြစ်ပြင်ပြည့်မျှဖြစ်ရကား ခဲခက်ချေသည်။ မြန်မာတပ်လည်း အမြောက်တစ်ကမ်း မရောက်မီက မီးမြားဖြင့် ဖောင်သို့ လွှတ်သောကြောင့် ရေစုန်လေစုန်တွင် မီးဖောင်များက လှေကို လျင်မြန်စွာ စွဲကပ်လေသည်။ တရုတ်တို့လည်း လေကြီးသဖြင့် မီးမနိုင်သောကြောင့် ရေသို့ ဆင်းပြေးရကုန်၏ ။
ထိုသို့ ရေတပ်မကြီး ဖရိုဖရဲ ဖြစ်သည်တွင်မှ မြန်မာတပ်လည်း အပြင်းဖောက်ထွက် လွတ်မြောက်လေသတည်း။
ရောက်သော် ဝန်ကြီး မဟာသီဟသူရ တဲသို့ ၀င်၏ ။ ဝန်ကြီးက စစ်မေးသည်။ အသင်္ခယာ အနီးနားရှိ၏ ။
“နင့်အား မည်သူစေ၍ ပြန်ခဲ့သနည်း”
“စစ်သူကြီးမရှိချေသောကြောင့် အရှင်က စေ၍ ကျွန်တော် ပြန်ခဲ့ပါသည်” လျှောက်၏ ။
“နင့်အား မည်သူ ပြောသနည်း” ဆိုပြန်သော်
“မြင်းလျင်တစ်စီး လာသည်။ တောင်နံရံ၀ယ် ပဲ့တင်ထပ်သံသဲ့သဲ့ ကြား၍ သိ၏ ။ တိမ်ကြားမင်းခေါင်ကား ခြေသွက်၏ ။ တိမ်ကြားမင်းခေါင်ရှိသော် ကျွန်ုပ် အလျင်မလိုလေ။ သူ ခရီးလွန်နေသောကြောင့်သာ မြင်းလျင်သံ ကြားရသည်။ အလျင်လိုသည်ကို သိသဖြင့် သူ့စကားမစောင့် ပြန်ခဲ့ပါသည်”
ဟု ဆိုလေသော် ဝန်ကြီးလည်း အသင်္ခယာအား ကြည့်လျက်
“ကဲ၊ သင် ကြားပြီမဟုတ်လော။ လက်ျာဘီလူးကား တပ်မှူးငယ်မျှသာ။ သင်းလောက် ဗိုလ်မှူး တပ်မင်းများ အရိပ်အကဲ မသိတတ်။ လက်ျာဘီလူး ပါးနပ်လိမ္မာသည်ဟု ငါဆိုခဲ့သည်ကို နားလည်ပြီ မဟုတ်လော” ဟု ဆိုလေသည်။
ထို့နောက် လက်ျာဘီလူးဘက် လှည့်၍
“လာရသော လမ်းကား ကြမ်းလှချေသည်၊ တရုတ်ရေတပ်အင်အားကြီးကို ဖောက်ထွက်လာသည်ဟု ကြား၏ ။ အသို့ပြုသနည်း”
ဟု မေးလေရာ လက်ျာဘီလူးလည်း ဖြစ်ကြောင်းကုန်စင် လျှောက်သည်။ အားရလှသောကြောင့် မဟာသီဟသူရ လက်ခမောင်းခတ်၏ ။
“ငါကား အိုပြီ။ ဗျူဟာပရိယာယ်မျှသာ တတ်နိုင်ချေတော့သည်။ တိမ်ကြားမင်းခေါင်လည်း ခရီးအတန်ပင် လွန်လေသည်ရှိသော် ငါ စိုးရိမ်မိသည်။ ဤအကြိမ် မခံနိုင်၍ တပ်ပျက်က တရုတ်တို့ နေပြည်တော်သို့တိုင် အဟန့်အတားမရှိ ပေါက်လေတော့မည်။ ယခုမူကား အလောင်းမင်းကြီးလူ ငါတို့လက်၀ယ် ရှိသောကြောင့် တရုတ်စစ်အား ခံနိုင်တော့မည်” ဆိုလေသည်။
တရုတ်တို့လည်း ဘုရင့်သမက် ချူတာလောရဲ ကိုယ်တိုင်ချီလာသောကြောင့် အင်အားကြီးလှသည်။ ငါးသိန်းကျော်သော အင်အားဖြင့် စစ်ဆိုင်လာသည်။ ဘုရင့်သမက် အမျက်ပြင်းလှသောကြောင့် သံစေရသည်။
“ယခု ငါတို့ တိုက်သော် နိုင်ပြီ။ မြန်မာပြည်ကြီးကို ရလေတော့မည်။ သို့သော် ငါ့လူများ အရှက်ရခဲ့သည်။ မြန်မာတစ်ဦးအား ငါ့လူ အရာအထောင် မနိုင်ဟု ဆိုသည်။ မြန်မာသူရဲကောင်းနှင့် ငါ့ သူရဲကောင်း စစ်ဖက် ချေပါရစေ။ ငါက သူရဲတစ်ဦးစေမည်။ သင်တို့လည်း သူရဲကောင်းဆိုသူ ထွက်လေ။ မဟာသေနာပတိနှင့် ငါ့စစ်သူကြီးတစ်ဦး တွေ့စေလမည်။” စေလာသည်။
ဝန်ကြီးလည်း
“ငါ အိုမင်းမစွမ်း၊ အဘယ်သို့ စီးချင်းဖက်မည်နည်း” ဆို၏ ။ ချူတာလောရဲက
“သို့ ဆိုသော် တိမ်ကြားမင်းခေါင် အသံသည် တရုတ်ပြည်ကပင် ကြားရ၏ ။ သည်သူရဲကောင်း ထွက်ခဲ့လျင် ငါတို့ ကျေနပ်ပြီ” ဟု ဆိုပြန်သည်။ တိမ်ကြားမင်းခေါင် မရှိကြောင်း ပြန်ကြားလိုက်လျင်..
“မြန်မာတို့ အသို့နည်း။ ကြောက်သလော။ ငါ့လူတို့အား မည်သူတိုက်ခိုက်ပြေးသနည်း”
ဟု ကြုံးဝါးသံယံ၏ ။
လက်ျာဘီလူးလည်း “ကျွန်ုပ် ထွက်မည်ဆိုစေ” ဟု ဝန်ကြီးအား ဆို၏ ။
မဟာသေနာပတိ ဝန်ကြီးက “အရေးအကြောင်းရှိလျင် ငါ့တွင် လူများစွာ မရှိ။ သင် ချွတ်ချော်ခဲ့သော် မသင့်တုံလော” ဟု ဆိုသည်။
“တစ်ကြောင်းလည်း ယခုတိုက်မည့် တရုတ်စစ်သူကြီးသည် အချုပ်အစပ်မရှိသော ချပ်၀တ်ကို ဆင်ယင်သည်။ စိန်သွားတပ် ပုဆိန်ကြီးကို ကိုင်သည်။ ရဲစွမ်းဖျတ်လတ်၍ အထိအခိုက်မရှိ၊ နတ်သိကြားကဲ့သို့ တရုတ်တို့ ထင်မှတ်၏ ။
အင်းဝခေတ်က သုရှင်ရာဇာဓိရာဇ်အမတ် သမိန်ဗရမ်းသည် မြင်းရေးပြရင်း ချိုင်းကြားလပ်သည်ကို မြင်လေ၍ ပရိယာယ်ဖြင့် ဂါမဏိကို အောင်လေသည်။ ဟံသာ၀တီ ရှင်စောပုသူရဲကောင်း မင်းညီတုံးလည်း သမိန်ဗရမ်းဘွဲ့ပင်ခံ၍ ဤအတိုင်း အောင်ဖူးလေသည်။ သို့သော် ထိုနှစ်ဦးသားလုံး လက်ဖျံတစ်လုံးတည်း။ လွန်စွာသန်မာသည်ချည်း။ စစ်သူကြီးကို လောက်စာလုံးဖြင့် ပေါင်ကျိုးအောင် ပစ်ခတ်နိုင်စွမ်းသည်။
နင်ကား လူသာမန်မျှသာ။ အကြိမ်တစ်ထောင် အမာတင်သဖြင့် ပြတ်ရာမျှမထင်သော သံချပ်ကာကို နင့်ဓားဆိုးခန့်သည် ခုတ်ဖြတ်နိုင်မည်လော။ ထိုချပ်၀တ်တန်ဆာအား ပြတ်နိုင်သည့်ဓား ဟူ၍ ဤစစ်တွင်း တိမ်ကြားမင်းခေါင်၌သာ ရှိ၏ ။ သူလည်းမရှိ၊ နင် အသို့တိုက်နိုင်မည်နည်း” ဟု မေးသည်ကို လက်ျာဘီလူး လျောက်သည်။
“အင်း၀တွင် တရုတ်စစ်လာစဉ်က ဘုရင်မင်းခေါင်တွင် သူရဲကောင်းဟူသမျှ သုရှင်သားတော် မင်းရဲကျော်စွာနှင့် ပါလေသောကြောင့် မွန်သူရဲအား အငှားတင်ကာ တိုက်ရ၏ ။ မြန်မာတို့နိုင်သော်လည်း မွန်ရာဇ၀င်တွင်သာ တင်ထိုက်သည်ဖြစ်၍ နိုင်တွက်မရှိ။ ယခု သိက္ခာပြန်ဆည်ရန် အခွင့်ရသည် မှတ်ပါသည်။
သမိန်ဗရမ်းလည်း မှူးကြီးမတ်ရာ သူရဲကောင်းစင်စစ် ဖြစ်ပါလျက် မဆင်ခြင်သောကြောင့် တစ္ဆေခေါင်းပြတ်ကိုက်သဖြင့် ဆုံးရှုံးရဖူးသည်။ ထိုထုံးကို နှလုံးမူပါမည်။
ယခုတိုက်ပွဲသည် သူလည်း ဂုဏ်သိက္ခာအတွက်၊ ကျွန်တော်မျိုးလည်း ရာဇ၀င်အတွက် စွန့်၍ တိုက်မည့်ပွဲဖြစ်သည်။ ယခု စစ်သူကြီး ချူလောင်ပန်း သန်စွမ်းမောက်မာလှသည်။ အပြီးအစီးကောင်းသည်ဟု ကျော်စောသမျှ ကျွန်ုပ် ရအောင် ကြိုး၍ ကြံပါမည်။ ကျွန်ုပ် မထွက်ချေက မြန်မာတွင် သူရဲကောင်းမရှိဟု အဆက်ဆက် တွင်ချေတော့မည်ကို”
ဟု ပြန်လည် လျှောက်ထားသဖြင့် တရုတ်ဘုရင့်သမက်အား
“သင့်တပ်ကို နှစ်ကြိမ်တိုင် ဖြိုခွင်းဖောက်ဖျက်သသူ ထွက်ချေမည်”

ဟု ပြန်လိုက်သည်။ ဘုရင့်သမက်တော်လည်း “သို့ဆိုကား ကောင်းပြီ။ ထိုသူလည်း သူရဲကောင်းဧကန် ဖြစ်ချိမ့်မည်။ အကြံအစည် ပရိယာယ်သာမက လက်ရုံးလည်း တောက်လှသည်ကို မြင်ပြီ။ ငါ့စစ်သူကြီးနှင့် နက်ဖြန်ညချမ်း တွေ့စေအံ့” ဟု ဆိုလေသည်။

(ဆက်ရန်...) ရာဇဂုမ္ဘာန် အပိုင်း(၃)

Written by သင်္ခရာဇာ

End date: October 20, 2021

ရာဇဂုမ္ဘာန် အပိုင်း(၁)

အချိန်ကား အလောင်းမင်းတရား၏ သားတော် ဆင်ဖြူရှင် မြေဒူးမင်း အုပ်စိုးတော်မူချိန် ဖြစ်သည်။
မြေဒူးမင်းသည် အလောင်းမင်းတရားကြီးထက်ပင် လက်ရုံးရည်ဘုန်းတန်ခိုး သာလွန်ကဲသော မင်းဖြစ်လေသည်။ အလောင်းဘုရားကိုယ်တော်တိုင် တိုက်သာ တိုက်၍ အနိုင်မရနိုင်ခဲ့သော အယုဒ္ဓယမြို့တော်အား သိမ်းပိုက်နိုင်ခဲ့သည့် ဘုရင်ဖြစ်၏ ။ အမှန်စင်စစ် အယုဒ္ဓယမြို့တော်အား ဖျက်ဆီးနိုင်ခဲ့သူမှာ ဆင်ဖြူရှင်မင်းသာ ဖြစ်လေသည်။
ဆင်ဖြူရှင်သည် မင်းသားငယ်ဘ၀ကပင် တိုက်သည့်တိုက်ပွဲတိုင်း အောင်မြင်၏ ။ နောင်တော် အိမ်ရှေ့မင်း မဟာသတိုးဓမ္မရာဇာနှင့် မုဆိုးဖိုသူရဲကောင်းများ ဆုတ်ခွာပြေးခဲ့ရသော ကွေ့တို့အားလည်း အလွယ်တကူနှိမ်နင်းနိုင်ခဲ့သည်သာမက အင်အားကြီး မွန်တပ်များ၊ ယိုးဒယားတပ်များ၊ တရုတ်တို့၏ ကျူးကျော်စစ်များအား တိုက်စစ်ခံစစ်တိုင်း၌ ရွပ်ရွပ်ချွံချွံအောင်နိုင်တော်မူခဲ့၏ ။
ထိုမျှ လက်ရုံးရည်ပြည့်ဝသော မင်းလက်ထက်တွင် သူရဲကောင်းများစွာလည်း ပေါ်ထွန်းခဲ့သည်။ တရုတ်တို့၏ အင်အားသုံးသိန်းကျော်မျှသော စစ်ကြီးအား စစ်သည်သုံးထောင်မျှဖြင့် မြို့ရိုးမပေါက်အောင် ကာကွယ်နိုင်ခဲ့၍ တရုတ်စစ်သူကြီးများကိုယ်တိုင် အံ့သြချီးကျူးရသူ ဗလမင်းထင်၊ မာကျောမှုတွင် သံတုံးသံခဲအလား ထင်မှတ်မှားခဲ့ရသူ ပြင်စည်မြင်းမှူး မင်းရဲသီဟသူ၊ ရန်သူ့တပ်တွင်း အချိန်မရွေး၀င်နိုင် ထွက်နိုင် လှုပ်ရှားနိုင်၍ လက်ရုံးရည်နှလုံးရည် ပြည့်၀သည့်အပြင် ရုပ်ပြောင်းရုပ်လွှဲပါ နိုင်နင်းသော စစ်သူကြီးတိမ်ကြားမင်းခေါင် အစရှိသူတို့ဖြင့် မြန်မာ့တပ်မတော်သည် အလွန် အင်အားတောင့်တင်းခဲ့၏ ။
ဆင်ဖြူရှင်လက်ထက်တွင် တရုတ်တို့ ကျူးကျော်၀င်ရောက်လာသဖြင့် ဆင်နွှဲရသောစစ်ကြီး ၄ ကြိမ်မျှ ရှိခဲ့သည်။ တရုတ်ကုန်သည်များနှင့် အငြင်းပွားဖွယ် ပြဿနာများပေါ်ပေါက်ခဲ့ရာမှ တရုတ်ဘုရင်၏ စစ်သူကြီး၊ ဘုရင်ခံ၊ သားတော်၊ သမက်တော်များ ကိုယ်တိုင် ပင်လယ်လှိုင်းလုံးများပမာသော အင်အားအလုံးအရင်းဖြင့် မြန်မာနိုင်ငံတွင်းသို့ ချီတက်၀င်ရောက်လာခဲ့သည်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသများကို သိမ်းပိုက်လာသောကြောင့် မြန်မာတို့က ကြည်းကြောင်းရေကြောင်း နှစ်သွယ်ဖြင့် သွားရောက်တိုက်ခိုက်ရန် စီရင်လေသည်။ ရေတပ်တွင် တိမ်ကြားမင်းခေါင်နှင့် စစ်သူကြီးများဦးစီး၍ ကုန်းကြောင်းစေလွှတ်သည့် တပ်များတွင်ကား အင်အားစုဆောင်းနိုင်ရန် တပ်မှူးများ အသီးသီးခွဲကာ လမ်းကြောင်းများစွာ၌ လူသူလက်နက်စုစည်းရင်း စစ်ချီကြရန် အမိန့်တော်ထုတ်ပြန်ထား၏ ။
ထိုအခါ တပ်မှူးများစွာအနက်မှ လက်ျာဘီလူးဘွဲ့ခံ တပ်မှူးတစ်ဦးသည် အများနှင့်မတူဘဲ ချီရမည့် လမ်းကြောင်းပြ မြေပုံများသာမက သူပုန်ထကြွ သောင်းကျန်းလျက်ရှိသော ရှမ်းပြည်နယ်အထိပါ မြေပုံကားလိပ်များ တောင်းယူကြည့်ရှု၏ ။ အပြန်ပြန် အလှန်လှန်လေ့လာဆန်းစစ်၏ ။ “ဆုံမှတ်နေရာသို့ သတ်မှတ်ရက်အတိုင်း အတိအကျရောက်ရေး နယ်မကျူးစေနှင့်၊ ပြည်တွင်းကိစ္စ နောင်မှရှင်းမည်”ဟု ဝန်ကြီးက မှာသော် “ရောက်ရပါမည်” ၀န်ခံလေသည်။
သို့သော် သူ စစ်ချီသောအခါ အုပ်ချုပ်ရသော တပ်ငါးတပ်အား အစီအစဉ်တိုင်းမဟုတ်မူဘဲ လမ်းကြောင်းသစ်ဖြင့် ဖြန့်ကျက်လိုက်သည်။ မူလလမ်းကြောင်း၌ လက်နက်လူသူ စုဆောင်းရန် တပ်သုံးတပ်သာ စေလွှတ်လိုက်ပြီး သူနှင့် တပ်နှစ်တပ်သည် သူပုန်ထကြွလျက်ရှိသော ဓားပြများရှိရာ တောအုပ်အတွင်းလမ်းမှ ချီသွားကြလေသည်။
မြေပုံများတွင် လေ့လာခဲ့သည့်အတိုင်း တောအုပ်တွင်းရှိ ရွာသုံးရွာအနက် ဓားပြစခန်း ဖြစ်နိုင်ချေရှိသော နေရာအရောက် သူ့တပ်များကို အပြင်းနှင်စေ၍ ရွာစည်းရိုးအား ထိုးဖောက်၀င်ရောက်ကာ ရွာသူရွာသားများကို ဖမ်းဆီး၏ ။ အငိုက်မိသွားသောကြောင့် ရွာသားအားလုံး ထင်းခွေရေခပ်သူမကျန် အလွယ်တကူ ဖမ်းဆီးရမိပြီးမှ မြင်းတပ်သားတစ်ဦးက အော်ဟစ်မေးမြန်းလိုက်သည်။
“ဟေ့.. ဒီရွာမှာ အချုပ်၊ ရွာသူကြီး ဘယ်သူလဲ”
ရွာသူရွာသားများက တုပ်တုပ်မျှမလှုပ်၊ ပေ၍သာ ကြည့်နေကြသည်။ မေးမြန်း၍မရ။ ထိုအချိန်တွင် မြင်းတပ်ထဲမှ စစ်သည်တစ်ဦး မြင်းနီကြီးစီး၍ ခပ်လေးလေး ထွက်လာသည်။ ထိုသူ၏ ပြတ်သားသော အသံက ရွာသားများပေါ် လွှမ်းမိုးကျရောက်လာသည်။
“ရွာသူကြီးကလည်း သတ္တိမရှိဘူးလား။ လူရှေ့သူရှေ့ ထွက်မလာရဲဘဲ ရွာကို ဘယ်လိုအုပ်ချုပ်နေသလဲ သိချင်စမ်းတယ်”
ထိုအခါ ဖမ်းဆီးခံထားရသော လူအုပ်ထဲမှ ညိုမောင်းထွားကြိုင်း၍ ခန့်ညားသော လူကြီးတစ်ဦး တိုးထွက်လာပြီး...
“ရွာသူကြီး ငမှတ်ဆိုတာ ကျုပ်ပဲ။ မင်းတို့ ဘာလိုချင်သလဲ”
“ကဲ.. ဒါဖြင့် သူ့ကို အင်္ကျီချွတ်ကြည့်လိုက်”
ထိုလူကြီးအား အင်္ကျီချွတ်ခိုင်းရာ ကျော၌ ဘီလူးကနေသည့်ဟန် လက်ရာမြောက်စွာ ဆေးမင်ထိုးထားသည်ကို တွေ့ရ၏ ။
“အင်း.. ကျုပ်ထင်တဲ့အတိုင်းပါပဲ။ ခင်ဗျားက ဗိုလ်ယက္ခ မဟုတ်လား”
“မောင်ရင်က ကျုပ်အကြောင်း သိထားတာကိုး။ ဟုတ်တယ်။ ကျုပ် ဗိုလ်ယက္ခပဲ”
စစ်သည်က ခေါင်းညိတ်လိုက်သည်။ မြင်းပေါ်မှ လွှားကနဲဆင်းလိုက်ပြီး
“ခင်ဗျားကလည်း ဓားပြဗိုလ် ဗိုလ်ယက္ခ၊
ကျုပ်ကလည်း တပ်မှူး လက်ျာဘီလူးပဲ”
ထိုအမည်ကို ကြားလိုက်ရုံမျှဖြင့် ရွာသူရွာသားများ ရှဲကနဲ နောက်တွန့်သွားကြသည်။ လက်ျာဘီလူးဆိုသည်မှာ အလောင်းမင်းကြီး လက်ထက်က ဒဏ္ဍာရီသဖွယ် ကျော်ကြားသည့် သူရဲကျော်တစ်ဦးမဟုတ်လား။ ကြောက်မက်ဖွယ် နတ်ဘီလူးစစ်သည်ဟု သတင်းကြီးသူဖြစ်ရာ ယခု မြင်နေရသော ဆံပင်ဖားလျားနှင့် စစ်သည်လူရွယ်မှာ ကျော်သည်နှင့်မလိုက်အောင် နုနယ်ပျိုမြစ်နေ၏ ။ 'လက်ျာဘီလူး ဆိုတာ သည်သူငယ် မဖြစ်နိုင်ပါဘူး' ဆိုသည့် စကားများလည်း လူအုပ်အတွင်း တီးတိုးပြောဆိုနေကြသည်။
ဗိုလ်ယက္ခက ပြောလိုက်သည်။
“သြော.. လက်ျာဘီလူးဆိုတာ ခုမှ ဒီအရွယ်ပဲ ရှိသေးသတဲ့လား။ ကျုပ်တို့ရွာကို တရုတ်စစ်ကြီးအတွက် အင်အား လာစုဆောင်းတာပဲ မဟုတ်လား။ ကျုပ်တို့ စစ်ထဲ လိုက်လိုက်၊ မလိုက်လိုက် မင်းပြစ်ဒဏ်သင့်မှာချင်းအတူတူ ကိုယ့်ရပ်ရွာမှာပဲ ခေါင်းချလိုက်ကြဖို့ ဆုံးဖြတ်ထားတယ် မောင်ရင်”
“ခင်ဗျားတို့သူပုန်တွေဆီမှာ လူသူ လက်နက်အင်အား မနည်းတာ ကျုပ်သိတယ်။ ခင်ဗျားတို့သာ ဒီစစ်ကြီးမှာ အသက်ကို အပ်ပြီး ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းမယ်ဆိုရင် ကျုပ် ခင်ဗျားတို့အသက်ကို အာမခံနိုင်တယ်။ ဒီရွာမှာပဲ အေးချမ်းစွာ ပြန်နေနိုင်အောင်၊ နောက် ဓားပြထွက်တိုက်စရာမလိုအောင် မင်းမှုထမ်းနိုင်ဖို့လည်း ဆောင်ရွက်ပေးနိုင်တယ်။ မလိုက်ရင်တော့ ခင်ဗျားတို့ ယောက်ျားသားအားလုံး ဒီနေရာမှာပဲ အကွပ်ခံရမယ်။ စစ်တွင်းကာလ ကျုပ်မှာ စီရင်ခွင့်ရှိတယ်”
“ဟားဟား.. ဒီမယ်မောင်ရင်။ ကျုပ်လိုလူက မောင်ရင့်လက်အောက်မှာ ဘာလို့ အမှုထမ်းရမှာလဲ။ ကျုပ်လည်း အရင်က ဟံသာဝတီပါမင်းရဲ့ သူရဲတော်ပဲ။ မောင်ရင်လည်း ကျုပ်အကြောင်း ကြားဖူးနေတာပဲ။ ကျုပ်က သူငယ်လေးတစ်ယောက်ဆီ အညံ့ခံရမတဲ့လား.. ဟားဟား”
“ဗိုလ်ယက္ခ.. ဗိုလ်ယက္ခ.. ကြားဖူးသည်နှင့် ညီအောင် မာန်ကြီးလှပေတယ်။ ကျုပ်ကလည်း ဒါမျိုးမှ အားရတာ”
လူရွယ်က ပြောရင်း သူ၏ စစ်၀တ်စုံကို ချွတ်လိုက်သည်။ လူအများ ဟင်ခနဲ အာမေဋိတ်ပြုမိသွားကြ၏ ။ ကျစ်လျစ်သော ခန္ဓာကိုယ်ရှေ့ပိုင်းတွင် ဘီလူးခေါင်းပုံကို လှပဆန်းကြယ်စွာ ကနုတ်များစီ၍ ထိုးထားသည်မှာ မြင်ရသူတိုင်းအား နီရဲသော မျက်လုံးအစုံဖြင့် စားတော့ဝါးတော့မတတ် ကြည့်နေသယောင် ရှိ၏ ။
ကြည့်နေကြရင်းကပင် ဒေါသတကြီး ရန်လိုတိုက်ခိုက်တော့မယောင် အငွေ့ချောင်းချောင်းထနေသော မျက်လုံးများဖြင့် ဘီလူးမျက်နှာကြီးသည် ကြွတက်လာ၏ ။ ယခုမှပင် လက်ျာဘီလူး၏ အရယ်အပြုံးမဲ့ အေးစက်စက် ဟန်နှင့် ဘီလူးရုပ်မှာ မည်သည့်မျက်နှာက သက်ရှိ၊ မည်သူက သက်မဲ့လဲ မကွဲပြားတော့သလို။ သို့သော် သက်မဲ့မျက်နှာက လှုပ်ရှားလျက် စကားသံ ထွက်လာသည်။
"ဗိုလ်ယက္ခက စလို့ ကျုပ်ကို ယှဉ်နိုင်သူ ရှိရင် ခင်ဗျားတို့ တစ်ရွာလုံးကို ဘေးမဲ့ပေးမယ်၊ ကျုပ်နဲ့ မတုနိုင်ရင်တော့ ကျုပ်နောက်လိုက်ကြရမယ်၊ ဘယ်လိုလဲ"
လက်ျာဘီလူးက လက်ကမ်းလိုက်သည်။ တပ်သားတစ်ယောက်က လှံတိုတစ်ချောင်း ကမ်းလာသည်။ တစ်ဦးက ရှောက်သီးများ ခူးလာ၍ လေထဲ ပစ်မြှောက်လိုက်ရာ လက်ျာဘီလူးက လှံကို ဝှေ့ယမ်းကာ လေထဲခုန်တက်သွားသည်။ လျင်မြန်လှသော လှံချက်များ ရိပ်ကနဲရိပ်ကနဲ၊ ပြန်ကျလာသောအခါ လှံဖျားတွင် ရှောက်သီးအားလုံး သီတန်းနေ၏ ။
ရွာသားများထံမှ အာမေဋိတ်သံတချို့ ထွက်လာသည်။ သူက လှံကို ရှောက်သီးများ ခါချလျက် မန်ကျည်းပင်ကြီးတစ်ပင်ဆီသို့ လွှဲလွှတ်လိုက်သည်။ လှံသွား တစ်ဝက်ခန့်အထိ မန်ကျည်းပင်စည်ထဲ စူးနစ်သွားရာ သန်မာပုံရသော ရွာသားတစ်ဦးအား လှံကို ပြန်ယူလာရန် ခိုင်းသော်လည်း ဆွဲနှုတ်မရဖြင့် ကြာနေ၏ ။ ထိုသူ နှုတ်မရလေ၊ ကြည့်နေသူများ ကြောက်လာလေ ဖြစ်သည်။
ထို့နောက် ဘီလူးခေါင်းတပ် ဓားကို အိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ အကြိမ်ပေါင်းများစွာ မီးဆေးထားသည့် ဓားက ခိုပြာရောင် စိမ်းညို့မည်းမှောင်နေ၏ ။ ထိုဓားဖြင့် အိမ်တစ်အိမ်၏ အိမ်တိုင်ကို အသွားအပြန် ပိုင်းချလိုက်သည်။ အရာမယွင်း၊ ပြတ်ရှရာမျှ မထင်လေ။ စိတ်၀င်တစားကြည့်နေကြသော မျက်လုံးများက သူ့လှုပ်ရှားမှုကိုသာ အကဲခတ်နေသည်။ သူက ဓားကို အသာအယာပြန်သိမ်းပြီး အိမ်တိုင်ကို ခြေဖြင့် ခတ်လိုက်ရာ အိမ်တိုင်က စဉ့်နှီတုံးသဏ္ဍာန် အလယ်မှ အပိုင်းလိုက် တိတိရိရိ ပြတ်ပြီး ထွက်ကျလာသည်။ ရွာသားများ အံ့သြမင်သက်နေကြပြီးမှ သြဘာပေးကြလေသည်။
“မောင်ရင့် လက်စွမ်းကတော့ မင်းညီမင်းသားများအတိုင်းပါပဲ။ ကျုပ်တို့က အဲဒါတွေ မရပါဘူး။ အဲဒီလို ဓားကောင်းလည်း မရှိပါဘူး။ ဒါပေမယ့် လူချင်း ယှဉ်ပြိုင်တိုက်ခွင့် ရမယ်ဆိုရင်တော့ ကျုပ်တို့အကြောင်းကို သိစေချင်လှတယ်”
“သြော်... အလကားသက်သက် လူမဆုံးရှုံးရအောင် လက်သွေးပြတာပါ။ နောင်ကြီးက ကြည့်ချင်သပဆိုလည်း ကြိုက်သူကို ခေါ်ပါတော့”
လက်ျာဘီလူးက အခွင့်ပေးလိုက်သည်နှင့် ဗိုလ်ယက္ခက သူ့နောက်မှ လူနှစ်ယောက်ကို မျက်ရိပ်ပြလိုက်သည်။ လူထွားကြီးတစ်ယောက်၊ ညိုညိုပုပု လူတစ်ယောက် ထွက်လာသည်။ စစ်သည်တို့က အနှောင်အဖွဲ့များ လွှတ်၍ လက်နက်ရွေးစေသည်။ လူထွားကြီးကား ပုဆိန်ကြီးတစ်လက်ကို ရွေး၏ ။ နောက်တစ်ဦးက ဓားရှည်တစ်ချောင်းကို ဆရင်း စောင့်နေလေသည်။
“တစ်ယောက်ချင်း လုပ်မနေနဲ့။ အချိန်ပုပ်တယ်။ နှစ်ယောက်စလုံး ၀င်ခဲ့”
လူအုပ်အလယ်သို့ လျှောက်လာသော လက်ျာဘီလူးက ပြောလိုက်သည်။ ရွာသားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ရှေ့နောက်ပတ်ကာ နေရာယူလိုက်သည်မို့ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ကြမည်မှန်း လက်ျာဘီလူး ရိပ်မိလိုက်သည်။ သူတို့အဝင်ကို မစောင့်ဘဲ ဓားကိုင်လူ၏ နံဘေးသို့ ရုတ်ခြည်း ခုန်ပြီး ဇက်ကို ပိုင်းချလိုက်သည်။ ဓားကိုင်လူက အမြန်ကာလိုက်သော်လည်း ကာသောဓား ထက်ပိုင်းကျိုးလျက် ထိုသူလည်း ဖင်ထိုင်ကျသွား၏ ။
ထိုစဉ် လူထွားကြီးက ပုဆိန်ကို နောက်သို့ အားယူထားရင်း အလစ် ပြေးဝင်လာသည်။ လက်ျာဘီလူးက အေးဆေးစွာ လှည့်လာပြီး အားနှင့်ပင့်လိုက်သော ပုဆိန်ချက်ကို နောက်ခြေတစ်လှမ်းဆုတ်၍ ဘေးတိုက်ရှောင်ပေးလိုက်သည်။ ပုဆိန်သမားက လွန်သွားသော အားအတိုင်း လူကိုလှည့်၍ နောက်တစ်ကြိမ် ယမ်းလိုက်သောကြောင့် ခါးပေါ်၌ပင် ကိုယ်ကိုညွှတ်၍ ယိမ်းလိုက်ရသည်။
၂ ကြိမ်ဆက်တိုက် ခုတ်ပိုင်းပြီးသောအခါ လူထွားကြီး အနည်းငယ် တုံ့ဆိုင်းလျက် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပုဆိန်ကို အားယူလိုက်စဉ် ဓားဦးက ရင်ညွန့်ကို စူးသွား၏ ။ လက်ျာဘီလူးက ဗိုလ်ယက္ခကို တစ်ချက် ပြုံးကြည့်ပြီး
"နောင်ကြီးကိုယ်တိုင်ရော စမ်းဦးမလား"
ဗိုလ်ယက္ခ ထိုသူငယ်အား မနိုင်နိုင်ကြောင်း သဘောပေါက်လိုက်လေပြီ။ အလွန် မြန်ဆန် သွက်လက်၍ တိကျလှသော လက်ျာဘီလူးနှင့် ယှဉ်ပြိုင်ရန် မကြိုးစားတော့ဘဲ ခေါင်းငိုက်စိုက်ကျ စဉ်းစားနေသည်။ ထို့နောက် ဒူးထောက်လျက်
"ကျုပ် မင်းကို အထင်သေးမိတယ်။ အစကတော့ စည်းကြပ်လာရင် ခံတိုက်မယ်လို့ တိုင်ပင်ထားခဲ့ကြတယ်။ ခု ကျုပ်တို့ တစ်ရွာလုံး ထ တိုက်လည်း မောင်ရင့်ကို နိုင်မှာ မဟုတ်တာ သဘောပေါက်လိုက်ပြီ။ ဒီတော့ အလကား အသေခံမယ့်အစား တရုတ်တွေကို တိုက်ရင်းပဲ အသက်ကို စွန့်တော့မယ် မောင်ရင်။ မင်းလို သူငယ်ဆီမှာ အမှုထမ်းရတာလည်း ဂုဏ်တော့ မငယ်လှပါဘူးလေ"
သူ့နောက်မှ ရွာသားများလည်း အားလုံး ဒူးထောက်လာကြသည်။ သူတို့ရွာသည် အလွန်ညီညွတ်ပုံ ရ၏ ။ သူကြီးဖြစ်သော ဗိုလ်ယက္ခအမိန့်ကို အားလုံးက လိုက်နာကြဟန် ရှိသည်။
“ကဲ.. ကဲ၊ သူတို့အားလုံးကို ကြိုးဖြေပေးလိုက်ကြ။ တိုက်ပွဲဝင်ကြမယ့် သူတွေအတွက် သူတို့သားမယားတွေက ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးကြပါစေ။ ငါတို့ ရဲဘော်သစ်တွေ ခွန်အားမွေးထားကြပါစေ။ သူတို့ကို သစ္စာပေးပြီး သွေးသောက်ကြီး ဗိုလ်ယက္ခအောက်မှာပဲ အမှုတော်ကို ထမ်းကြဖို့ စီစဉ်ပေးလိုက်ပါ"
“ဟေး...”
သူ၏ ရဲမက်များက ဟစ်ကြွေးလိုက်ကြ၏ ။ ရဲဖော်ရဲဖက် ဖြစ်လာမည့် သူများအား ကြိုးဖြည်လျက် ဆွဲထူပေးလိုက်ကြရာ ရွာသားများကလည်း တူညီကြွေးကြော်လိုက်ကြသည်။
"ဟေး"
တစ်ခဏချင်းပင် သူတို့အားလုံး ပေါင်းစည်းသွားသလို ခံစားမိကြလေသည်။

(ဆက်ရန်...) ရာဇဂုမ္ဘာန် အပိုင်း(၂)

Written by သင်္ခရာဇာ

End date: October 19, 2021

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...