ခရစ်သက္ကရာဇ် ၁၇၆၇။ ရှေ့တန်းစစ်မျက်နှာ၊ တပို့တွဲလ။ အညာဆောင်း၏ အအေးဓာတ်က ရက်စက် ပြင်းထန်လှသည်။ နှင်းမှုန်ဖြူဖြူများ ဝေ့ဝဲနေသည်ကိုပင် မြင်ရ၏ ။ တပ်မှူးက မီးပုံရှေ့တွင် ထိုင်ရင်း တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးတောနေသည်။ တပ်သားသစ်များထဲမှ ရွှေသာက ကင်းလှည့်တာဝန် ပြီးသွား၍ မအိပ်သေးဘဲ မီးပုံဘေး လာထိုင်ပြီး.. "တပ်မှူး... မအိပ်သေးဘူးလား" "အေး.. ငရွှေသာ၊ မအိပ်သေးပါဘူးကွာ။ စစ်ရေး ဗျူဟာလေးတွေ နည်းနည်း စဉ်းစားနေလို့" သူတို့ ၂ ဦး စကားပြောလျင် နားထောင်ကောင်းလေ့ ရှိသောကြောင့် အနီးအနားမှ တပ်သားတချို့ နားစွင့်သူ စွင့်နေကြသလို အချို့လည်း မီးပုံဘေး ရောက်လာကြသည်။ အချမ်းပြေ မီးလှုံရင်း တပ်မှူး၏ အတွေ့အကြုံများကို နားထောင်ရသည်မှာ သူတို့အဖို့ တစ်ခုတည်းသော ဇိမ်ခံစရာလည်း ဖြစ်နေပေသည်။ "ရှမ်းပြည်ရဲ့ ရေမြေတောတောင် သဘာဝတွေကို ဘယ်လို အသုံးချပြီး တိုက်ရင် ရမလဲ လို့ ကြံစည်နေတာ မဟုတ်လား တပ်မှူးရဲ့" "အဲဒါလည်း ပါတာပေါ့။ အဓိကက ဘယ်လို လွယ်လွယ်နဲ့ နိုင်အောင် တိုက်မလဲ ဆိုတာပေါ့။ ကိုယ့်တပ်သားတွေ မထိခိုက်ဖို့ အကောင်းဆုံးနည်းကို ထပ်ကာ ထပ်ကာ တွေးတော ဖြည့်ဆည်းနေရတယ်" "ကျွန်တော် စကားနည်းနည်း ပြောလို့ ရမလား" တပ်မှူးက ရွှေသာကို ငဲ့စောင်းကြည့်လိုက်ပြီး "အမယ်.. ငရွှေသာ၊ နေ့တိုင်းလည်း ပြောနေတာပဲ။ ခုမှ အချီနဲ့ အချနဲ့ပါလား။ ဆိုစမ်းပါဦး ဘာပြောမလို့လဲ" "မဟုတ်ပါဘူး။ ဒီတစ်ခါ တပ်မှူးပြောတာကို နားထောင်ချင်တာပါ။ တပ်မှူးကို မေးမြန်းကြည့်ချင်တာလေးတွေ ရှိလို့" "ရပါတယ်... ငါ သိသလောက်တော့ ပြောမှာပေါ့" ရွှေသာက ပြုံးလိုက်သည်။ မီးပုံဘေးပတ်လည်မှာ ပြည့်လာသော လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး "ကျွန်တော် သိချင်တာက တပ်မှူးရဲ့ အမှတ်အရဆုံး တိုက်ပွဲအကြောင်း" ..................................................... လက်ျာဘီလူးတို့ တပ်သည် စစ်သူကြီး မင်းခေါင်နော်ရထာ၏ လက်အောက်၌ ညီညွတ်စည်းလုံးစွာ အယုဒ္ဓယ မြို့တော်ကို ဝိုင်းတိုက်နေချိန်က ဖြစ်သည်။ အယုဒ္ဓယ မြို့တွင်းမှ ထွက်လာသော စစ်သူကြီး အမတ်များနှင့် အလောင်းမင်းတရား၏ နာမည်ကျော် ကုန်းဘောင်တပ်မှ ဗိုလ်မင်း တပ်မင်းများ ရင်ဆိုင်နေကြစဉ် လက်ျာဘီလူးသည် သူနှင့် တိုက်ရမည့် အဖက်တန်သူကို ရှာဖွေနေ၏ ။ တွေ့ပေပြီ၊ ဆင်သည်မြင်းသည်တို့ အလယ်တွင် တိုက်ဆင်ပြောင်ကြီး တစ်စီးကို စီးလျက် တိုက်ပွဲဝင်နေသော ယိုးဒယား လူညိုထွားကြီးတစ်ဦး၊ သမိန်ဗရမ်းနှင့် စီးချင်းထိုးခဲ့သော စလုံကျော်ခေါင် ကဲ့သို့ပင် သုံးပိဿာစီး အဲမောင်းကြီးကို ဝှေ့ရမ်းလျက် မြန်မာဆင်သည်မြင်းသည်များကို ထိုးခုတ်ချနေသူ။ သူကိုင်ထားသည့် အဲမောင်းကြီးမှာ ဓားလှံဟုလည်း ခေါ်၍ မြန်မာတို့ကမူ လှံမကြီး ဟု ခေါ်ကြသော အဖျား ဓားသွားတပ် လှံရှည်ကြီးမျိုး ဖြစ်သည်။ ထိုသံလှံမကြီး ဆယ်ပေကျော်ကို အဖျားက ကိုင်၍ အင်အားကြီးစွာ ဝှေ့ရမ်းနေသည်မှာ ကြောက်မက်ဖွယ်ပင်။ ထိုနားတစ်ဝိုက်မှ မြန်မာတပ်တို့ အထိအခိုက်များနေသည်ကို တွေ့သော လက်ျာဘီလူးက မြင်းနီကျော် တိမ်ပျံကို ဇက်လွှတ်၍ ထိုသူကြီးထံ ပြေးဝင်သွားသည်။ မြန်မာတပ်မှ ဗိုလ်တစ်ဦး သူ့ဆီတည့်တည့်ကြီး လာနေသည်ကို မြင်သော ယိုးဒယား သူရဲကြီးကလည်း ဆင်နောက်ထိုင်ထံမှ အဲမောင်းလှံတစ်ချောင်း တောင်းယူပြီး ချိန်ရွယ် ပစ်ခတ်လိုက်သည်။ သူ့ထံ အမြီးရှည်ကြီး တလွန့်လွန့်ဖြင့် ပြေးဝင်လာသည့် လှံရှည်ကြီးကို လက်ျာဘီလူးက ကျင်လည်စွာ ရှောင်တိမ်းလိုက်ပြီး ကျင့်သားရနေသော လက်ဖြင့် ဖမ်းယူထားလိုက်သည်။ လှံကြီးမှာ အားပါလှသောကြောင့် ကိုယ်တစ်ပတ်လှည့်ကာ လက်ထဲမှ လှံကိုလည်း စကြာလှည့် ထိန်းချုပ်လိုက်သည်ကို ယိုးဒယားသူရဲကောင်း မြင်၍ ဤသူကား ခေသူမဟုတ် ဟု ပေါ့ပေါ့တန်တန် ရင်မဆိုင်ဘဲ အသင့်အနေအထားဖြင့် စောင့်နေလေသည်။ အခြားသူဖြစ်လျင် ဆင်ကို ချွန်းဖွင့်၍ ပြေးတိုက်ပေလိမ့်မည်။ သူပစ်သော လှံကို ဖမ်းယူနိုင်သူအား ရှေးက မတွေ့ဖူးသဖြင့်သာ ဆင်ကို ရပ်လျက် စောင့်နေခြင်း ဖြစ်သည်။ ထိုစဉ် အဝေးမှ မြင်၍ ပစ်လွှတ်လိုက်သော မင်းခေါင်နော်ရထာ၏ ဆင်ပစ်လှံတံကြီးကိုလည်း ရှောင်လိုက်ရသေးသည်။ လူကို ပစ်သော ဦးတွန်၏ လှံကို ရှောင်လိုက်နိုင်သော်လည်း ဆင်ကို ချိန်ရွယ်ကာ ပြန်ပစ်လိုက်သော လက်ျာဘီလူးထံမှ အဲမောင်းလှံရှည်ကိုမူ မရှောင်နိုင်၊ ဆင်ခြေဖုံး သူရဲများလည်း မကာကွယ်မိဘဲ ဆင်၏ ရှေ့လက်ပြင်ကို ထိုးမိသည်။ တိုက်ဆင်ကြီး နာကျင်စွာ အော်၍ ဟန်ချက်ပျက်နေစဉ် တဟုန်ထိုး ပြေးဝင်လာသော လက်ျာဘီလူးက ဆင်ဦးကင်းမှ ဦးစီးကို ချွန်းတောင်းနှင့် ချိတ်ကာ ဆွဲချနိုင်ခဲ့၏ ။ ဦးစီး မရှိသော ဆင်ကို သူရဲကြီးကိုယ်တိုင် စီး၍ လက်ျာဘီလူးကို လိုက်တိုက်ရာ ဆင်ဦးစီးလည်ကို ချိတ်၍ မြင်းနှင့် ဆွဲပြေးသော လက်ျာဘီလူးက ဦးစီးခေါင်းပြတ်မှ ပြန်လှည့်တိုက်သည်။ ဆင်နှင့်မြင်း ဖြစ်သော်လည်း သူရဲကျော်များမို့ တိုက်ပွဲက ပြင်းထန်လှ၏ ။ ဆင်ခြေဖုံး မြင်းခြေဖုံးများလည်း ရွေ့ချေသည်။ ဖုန်တထောင်းထောင်းကြား၌ သူတို့ နှစ်ဦးသာ သဲကြီးမဲကြီး တိုက်နေကြသည်။ ယိုးဒယား သူရဲကြီး၏ အဲမောင်းကြီးအတွင်းသို့လည်း မဝင်နိုင်၊ သူ၏ လှံလျင် လှံတိုများကလည်း မထိရောက်သောအခါ ဆင်ကို လှည့်ပတ်၍ ထိုးသည်။ အမြီးဖြတ်သည်။ လေ့ကျင့်ထားသော တိမ်ပျံကလည်း ဆင်နာလောက်မည့် နေရာများကို ပေါက်၏ ။ သို့သော် တစ်ချီတွင်မူ တည်ဆင်ကြီး၏ နှာမောင်းချက်ကို ခံလိုက်ရသဖြင့် မြင်းရော လူပါ လွင့်စင် လဲကျသွားရသည်။ စစ်ဆင်ကြီးက သူတို့အား နင်းသတ်ရန် ပြေးလာသည်။ ထိုစဉ် တိုက်ပွဲထဲ သီရိပျံချီ ဝင်လာပြီး ဆင်ပေါ် ခုန်တက်သွားတာ မြင်ရသည်။ လက်ျာဘီလူး လူးလဲထပြီး ကြည့်လိုက်တော့ ဆင်ပေါ်ခုန်တက်၍ ပွဲရခဲ့ဖူးသောကြောင့် သီရိပျံချီဘွဲ့ ရခဲ့ဖူးသော ငတောမှာ ရန်သူ့ဓားလှံချက် ထိကာ ဆင်ပေါ်မှ ကျသွားသည်ကို မြင်ရ၏ ။ လက်ျာဘီလူးက သူ့အား ဖမ်းဆီးရန် ပြင်နေသော ဆင်နှာမောင်းပေါ် ပြေးတက်ကာ ပင့်ထိုးလိုက်သော အစွယ်တစ်ချောင်းတည်းကို နင်းတက်ပြီး ယိုးဒယား သူရဲကောင်းကို ဓားနှင့် အုပ်မိုး ခုတ်ပိုင်းချလိုက်သည်။ ရှမ်းကြီးက အဲမောင်းနှင့် ရိုက်ဖယ်လိုက်သောကြောင့် လည်ထွက်သွားသည်တွင် တစ်ဆက်တည်း လူပါလှည့်၍ ဘေးမှ ပတ်ပိုင်းလိုက်ပြန်ရာ ရှမ်းကြီး၏ ယာဘက်လက်မောင်းမှာ ပြတ်ကျသွားလေ၏ ။ လက်ျာဘီလူးက ရင်ညွန့်ကို ဓားနှင့် ထိုးထောက်ရင်း ဒေါသဖြင့် ပြောလိုက်သည်။ "ဒါပဲလား.. မင်းတို့ ယိုးဒယားဆိုတာ ဒါပဲလား။ ပြောတော့ ဆင်ကောင်း မြင်းကောင်း လူကောင်းတွေ အများကြီး ရှိတယ်ဆို။ ခုတော့ ဒီလောက်ပဲလားကွ" ရှမ်းကြီးမျက်နှာ တင်းမာခက်ထန်သွားသည်။ ဘယ်လက်ဖြင့် ဓားသွားကို ဆုပ်ဆွဲအားယူ ထလိုက်ပြီး သူ့ရင်ဝကို ကန်ထည့်လိုက်ရာ လက်ျာဘီလူး မြောက်တက်သွားပြီး ဆင်ဦးကင်းပေါ် ပက်လက်ကျသွားသည်။ ရှမ်းကြီးက ချက်ချင်း ခုန်အုပ်လာသဖြင့် ဓားနှင့် ထောက်ပေးလိုက်ရသည်။ သူ တင်းကြပ်စွာ ဆုပ်ကိုင်ထားနိုင်ခဲ့၍သာ ဓားလွတ်မသွားဘဲ ပါလာခဲ့ခြင်း ဖြစ်ပြီး ဓားသွားကို ဆုပ်ကိုင်ခဲ့သော ယိုးဒယားသူရဲ၏ လက်ချောင်းများမှာမူ မရှိတော့ချေ။ ပြေးနေသော ဆင်ဦးကင်းပေါ်မှ ၂ ဦးသား လိမ့်ကျသွားပြီး မြေပြင်တွင် ထပ်လျက်၊ နီရဲသော မျက်လုံးအစုံဖြင့် ယိုးဒယားသူရဲကြီးက သူ့အား အုပ်မိုးကြည့်ပြီး ပြန်ကြုံးဝါး၏ ။ "ယိုးဒယားကွ၊ ဘယ်တော့မှ အရှုံးမပေးဘူး" .................................................. "မျိုးချစ်စိတ် ဆိုတာ အဲဒါပဲကွ... ငရွှေသာရ။ နိုင်ငံကို ကာကွယ်မှ ချစ်ပြမှ မဟုတ်ဘူး။ အမျိုးထိလာရင် မချိအောင် နာတတ်တာကိုက မျိုးချစ်စိတ် ရှိနေတာပဲ။ ရန်သူပေမယ့် သူ့ကိုငါ လေးစားမိတယ်။ သူ့လိုစိတ်မျိုး ငါတို့ အားလုံးမှာ ရှိရင် တို့နိုင်ငံကိုလည်း ဘယ်သူမှ ထိပါး စော်ကားဝံ့မှာ မဟုတ်ဘူး" "အဲဒီလို သူရဲမျိုးနဲ့ ဆုံချင်တာပဗျာ" ထိုအခါ နားထောင်နေသော ငရွဲက ကြားဖြတ်ပြောလိုက်၏ ။ "လှံမကြီးစာ မိသွားမှာပေါ့ ရွှေသာရဲ့" "မိ မိပေါ့ကွ... သေတော့လည်း ဂုဏ်ရှိတာပေါ့" "အချည်းနှီး အသက်စွန့်ရတိုင်းလည်း ဂုဏ်ရှိတာ မဟုတ်ဘူး ငရွှေသာ" တပ်မှူးက ဝင်ပြောလိုက်မှ ငြိမ်သွားကြသည်။ "ဒါနဲ့ တပ်မှူး အလေးစားဆုံးသူက ဘယ်သူလဲ" ယင်းစကားကို သူတို့ အားလုံး မျှော်လင့်ထားသည်က သူ၏ အရှင်သခင် အလောင်းမင်းတရားကြီးပင် ဖြစ်မည် ဟူ၍ လည်းကောင်း၊ လက်တွဲဖော် တိုက်ဖော် တိုက်ဖက် မင်းခေါင်နော်ရထာ ဟူ၍လည်းကောင်း၊ သူ့အကြောင်း သိထားသူ အချို့ကလည်း လက်ျာပျံချီကို သူတို့တပ်မှူး အလွန်လေးစား၏ ဟူ၍လည်းကောင်း၊ ထိုသူများထဲမှသာ ဖြစ်မည် ထင်ကြသည်။ သို့သော် တပ်မှူး ပြောသည်က "မင်းတို့ မကာရ လောပ ဆိုတာ ကြားဖူးလား" တပ်သားတစ်ဦးက "ကြားဖူးတာပေါ့၊ ကျွန်တော်မျိုးတို့ နယ်သားပဲဟာ။ မ တစ်လုံးကြေ ခင်ကြီးဖျော်ကို ပြောတာ မဟုတ်လား" "ဟုတ်တယ်၊ မသိ မတတ်တာ ဘာမှ မရှိဘူး ဆိုတဲ့ဆရာတော် ဦးဉာဏ လင်္ကာရ ကို ပြောတာ။ ငါ အလေးစားဆုံးက သူပဲ" "ဘာဖြစ်လို့လဲ တပ်မှူး" "တကယ်ကို လေးစား အံ့သြစရာကောင်းလွန်းတဲ့ ပါရမီရှင် မို့လို့ပေါ့ကွာ။ ငါ့ရင်ဘတ်က ဘီလူးရုပ်ကို ကြည့်ရုံနဲ့ ဘယ်သူ စီရင်တယ်၊ ဘာဆေးတွေ ပါတယ်၊ ဘယ်လို စွမ်းလိမ့်မယ် ဆိုတာ သိတဲ့အပြင် ငါ့ရှေ့ရေးကိုတောင် အတပ်ဟောလိုက်နိုင်သေးတယ်" "ဘာတွေ ဟောလိုက်သေးလဲ တပ်မင်း၊ ဧကန္တ..." "မဟုတ်ပါဘူး။ မင်းတို့ ဒါပဲ တွေးနေတာပဲ။ သူဟောလိုက်တာ ငါ နောက် ၁ နှစ် ၂ နှစ်ထက် ပိုအသက်မရှည်တော့ဘူး တဲ့ကွ" "ဟာ" သူတို့ အားလုံး အံ့သြသွားကြသည်။ သေမှာကို ကြိုဟောနိုင်သော ဆရာနှင့် သေမှာကို ကြိုသိလျက် မကြောက်မထိတ် တည်တည်ငြိမ်ငြိမ် ရှိလွန်းသော ဒကာ ကို မအံ့သြဘဲ မနေနိုင်။ သူတို့သာဆိုလျင် အနည်းငယ်တော့ စိုးရွံ့ထိတ်လန့်နေမိပေလိမ့်မည်။ စကားဝိုင်းက ရုတ်တရက်ကြီး ငြိမ်ကျသွားသည်။ တဖျစ်ဖျစ် မြည်နေသော မီးတောက်သည် သူတို့တပ်မှူး၏ အသက်ကို လောင်ကျွမ်းနေသည်သို့ ခံစားနေကြရ၏ ။ သူတို့အားလုံး၏ ချစ်လှစွာသော တပ်မှူးသည် မကြာမီ သူတို့အား ထားရစ်ခဲ့ပြီး ခွဲခွာသွားတော့မည် တဲ့။ သူတို့ကရော.. စစ်အတွင်းမှာ ထိုအချိန်ထိမျှ အသက်ရှင်နိုင်ကြပါမည်လားမသိ။ ထိုသို့ တွေးမိကြသောအခါ စိုးရိမ်ထိတ်လန့်စိတ်များ ပေါ်ပေါက်လာကြရပြီ။ ထိုစိတ်များကို ရွှေသာက ဖြိုခွဲပေးလိုက်၏ ။ "တပ်မှူး ကြောက်ခဲ့ရတဲ့ ရန်သူလို့ရော ရှိလား" "အင်း... ကြောက်ခဲ့ရတဲ့.. ကြောက်ခဲ့ရတဲ့ ရန်သူ၊ ကြောက် မကြောက် မသေချာပေမယ့် မတိုက်ခင် စိုးရိမ်ပူပန်ခဲ့ရသူ ၂ ဦးတော့ ရှိတယ်။ တစ်ယောက်က မွန်ဝိဇ္ဇာကြီး ဘိုးမင်းသိုက်တဲ့။ နောက်တစ်ဦးက လက်ျာပျံချီ ဦးချစ်ညို တဲ့" "ငချစ်ညို တော့ ကြားဖူးတယ်ဗျို့။ ဆင်စီးမြင်းစီးရော လက်ရုံးရည်ပါ တယ်ကောင်းဆိုကိုး" "ကောင်းတာလည်း မပြောနဲ့၊ ငယ်ငယ်က အလောင်းဘုရားကိုတောင် နိုင်ဖူးသတဲ့" "တပ်မှူးက ဦးချစ်ညိုနဲ့ တိုက်ဖူးလို့လား" "မတိုက်ဖူးလိုက်ပါဘူးကွာ။ တိုက်ဖူးရင် မင်းတို့ ငါ့ကို ခု ဘယ်မြင်နေရတော့မလဲဟ" ရိုးသားပွင့်လင်းစွာ ပြောလိုက်သော တပ်မှူးကို ရွှေသာက အခြားသူများနှင့် ယှဉ်ကြည့်မိသည်။ တပ်မှူး ဗိုလ်မှူး အများစုသည် ပွဲရသည်ဆိုလျင် သူပစ်သည်၊ ငါထိုးသည် ဟု လုယက်ငြင်းခုန် ပွဲလိုချင်ကြသည်။ နာမည်လိုချင်ကြသည်။ သူ့ထက်ငါ စွမ်းသည် ဟု ကြွားဝါပြောဆိုလိုကြ၏ ။ စစ်သူကြီး ဗလမင်းထင်သည်ပင် မင်းခေါင်နော်ရထာအား တောင်ငူတွင် ဝိုင်းဖမ်းကြရန် ပြင်စဉ်က " သူတည်း မြင်းရည်တက်လော၊ ငါလည်း အလောင်းမင်းတရား၏ မြင်းရည်တက်သူရဲ မဟုတ်တုံလော၊ ငတွန်ကို ငါကိုယ်တိုင် ဖမ်းပြမည်.. ကြည့်နေ" ဟု ဆိုပြီးမှ တကယ်တမ်း ဖမ်းရမည့်အချိန်၌ တင်းတိမ်ထဲမှပင် မထွက်ရဲဘဲ ဒူးတုန်နေခဲ့သေးတုံ၏ ။ ၎င်းတို့နှင့် ယှဉ်လိုက်သောအခါ လက်ျာပျံချီနှင့် တိုက်လျင် မိမိသေလိမ့်မည် ဟု မိမိတပ်သားများအပေါ် ဝန်ခံဝံ့သော တပ်မှူး၏ စိတ်ကို လေးစားအားကျမိသည်။ မိမိကိုယ်ကိုယ် သိခြင်းသည် မင်္ဂလာတစ်ပါး၊ မှန်သည့် အတိုင်း ဝန်ခံရဲခြင်းသည်လည်း ဂုဏ်ကျက်သရေတစ်ပါးပင် ဖြစ်သည်ဟု မိမိတို့ ရွာဦးကျောင်းဆရာတော်က ဆုံးမဖူးသည် မဟုတ်ပါလား။ တစ်လက်စတည်း သူတို့တပ်မှူး၏ အရေးပါသော ဘဝတစ်စိတ်တစ်ပိုင်းကိုလည်း သိလိုလာပြန်သည်။ ထို့ကြောင့်... "တပ်မှူးဘဝမှာ အမှတ်အရဆုံးသူရော ရှိလား" သူ့စကားကို တပ်မှူးသာမက နားထောင်နေကြသည့် သွေးသောက်ညီနောင်များပါ ပြုံးသွားကြသည်။ မည်သည်ကို ရည်ရွယ်သည်ဟု သိကြသောကြောင့် ဖြစ်သည်။ လက်ျာဘီလူး မျက်နှာက နီရဲလာပြီး ရှက်ဟန်တူ၏ ၊ ပြုံးပြုံးကြီး ဖြစ်နေသည်။ မသောက်ဖူးသော ခေါင်ရည်ခွက်ကို ယောင်ယမ်း ကိုင်လိုက်ပြီးမှ "အင်း... ရှိတော့ ရှိမယ် ထင်တာပဲကွ" သူတို့အားလုံး ပွဲကျသွားကြသည်။ အမြဲတမ်း သတိရနေသည့်သူ၊ ရင်ထဲ အမှတ်အရဆုံးသူကို မေးပါသည်ဆိုမှ သူက မရေမရာ ဖြေနေသေးသည်။ "တပ်မှူးက ဘယ်သူ့ကိုမှ သတိရမနေဘူးလား" "တစ်ယောက်တော့ ရှိခဲ့တယ်။ ခုတစ်ခေါက် ယိုးဒယားကို တိုက်တော့ အယုဒ္ဓယမှာ မိဖုရားအဖြစ်နဲ့ တွေ့ခဲ့ရတဲ့ ကသည်းမင်းသမီး စန္ဒဝတီ၊ မြန်မာနာမည်ကတော့ ခင်ဘုန်း တဲ့။ သူ့ကိုတော့ တစ်ခါတစ်ခါ သတိရမိပါတယ်။ ခု သူလည်း မရှိရှာတော့ပါဘူးလေ" ဇာတ်လမ်းက စပင် မစရသေး၊ ဆုံးသွားပြီ။ ဘာမှ ဆက်ပြော၍ မရတော့။ တပ်မှူးအနီးမှ သွေးသောက် ငကံကတော့ ထိုအကြောင်းများကို အလုံးစုံ သိပြီးဖြစ်ရာ တပ်မှူးကို ဆက်မမေးကြရန် မျက်ရိပ်ပြသည်။ တပ်မှူးကတော့ မေးလျင် ဖြေမည်ပဲ ဖြစ်၏ ။ သို့သော် သူတို့ မမေးကြတော့။ တပ်မှူးကလည်း ဆက်မပြောတော့၊ စစ်ရေးစစ်ရာများကိုလည်း မစဉ်းစားနိုင်တော့ဟန်ဖြင့် မီးပုံကို မီးထိုးပေးခဲ့ပြီး သူတို့အားလုံးကို နှုတ်ဆက်ကာ ထ သွားသည်။ နှင်းမြူများကြားထဲ တပ်မှူး ပျောက်သွားပြီး မကြာမီ အရှေ့အရပ်သို့ ထွက်သွားသော မြင်းခွာသံတိုးတိုးကို ကြားလိုက်ကြရသည်။ လက်ျာဘီလူးသည် ရဲတံခွန် ထိုးစိုက်ထားရာ တောင်ကုန်းပေါ် တက်၍ ခင်ဘုန်း ကျဆုံးခဲ့ရာအရပ်ဆီ မှန်းမျှော်ကြည့်နေလိမ့်မည် ထင်ပါသည်။
Written by သင်္ခရာဇာ
End date: November 3, 2024