သူ့ထံမှ ကျားရိုး ကျားစွယ် ကျားရေခွံများ ဝယ်ယူနေကျ ဖောက်သည်တစ်ဦးက ယခင်တစ်ခေါက်တွင် ဆင်စွယ်နှင့် ဆင်ရိုး၊ ဆင်အံများကို ရတတ်သလောက် စုထားပေးရန် မှာသွားခဲ့သည်။ ထို့ကြောင့် ကချင်၊ ဂျိန်းဖော၊ ကဒူး နှင့် သူတို့ လီဆူ မုဆိုးများ ၁၀ ဦးခန့် စုကာ ဆင်ဖမ်းထွက်ခဲ့ကြသည်။
ဆင်ရိုင်းအုပ်များမှာ သူတို့အနားတစ်ဝိုက်တွင် မရှိ။ တောင်ဘက် အတော်သွားမှ အပူပိုင်းဝင်သည့် တောများတွင် တွေ့ရတတ်သည်။ သူတို့ဒေသမှာ အေးလွန်းသည့်အတွက် ရံဖန်ရံခါမှသာ ဆင်ရိုင်းများ နယ်ကျွံလာလေ့ရှိ၏ ။ ယခု သူတို့ ဆင်ရိုင်းပစ်ရန် ဆင်ပစ်သံလှံတံကြီးများ၊ မီးပေါက်သေနတ်တစ်လက်၊ ဒူးလေးများ ယူဆောင်၍ ဆင်းလာကြသည်မှာ တစ်လခန့် ရှိပြီ။
တောအုပ်တစ်ခုထဲ ဆင်ခြေရာခံနေစဉ် မြန်မာတပ်တစ်တပ်နှင့် တွေ့၏ ။ လူ ၃၀၀ ခန့်ရှိမည့် တပ်ကြီးတစ်တပ် ဖြစ်ပြီး မြင်းအများလည်း ပါသည်။ သူတို့နှင့်တွေ့သောအခါ တရုတ်တို့အကြောင်း မေးမြန်း စုံစမ်းကြ၏ ။ တရုတ်ဟူ၍ ကုန်သည်သာ တွေ့ဖူးသော သူတို့ထံမှ မည်သည့်သတင်းမှ မရကြသောအခါ စိတ်ပျက်သွားကြသည်။
သို့သော် ခေါင်းဆောင်ဖြစ်ဟန်တူသူမှာ စိတ်ပြောင်းသွားပြီး သူတို့နှင့်အတူ ဆင်ဖမ်းမည်ဟု ဆို၏ ။ သူတို့က ဆင်ပစ်ရန် စီစဉ်ထားသည်ကို မပစ်နှင့်၊ အရှင်ဖမ်းကြမည်ဟု ပြောလာသည်။ အချို့ ကချင်များက ဆင်ဖမ်းတတ်သဖြင့် သူတို့ မုဆိုးများ စုဝေးတိုင်ပင်လျက် ဆင်ဖမ်းရန် သဘောတူလိုက်ကြသည်။
ရွာမှ သူနှင့်အတူ ပါလာသည့် လီဆူမုဆိုးမှာ သူ့လိုပင် ကြံ့ခိုင်သူဖြစ်ရာ ဆင်အုပ်နောက် လိုက်မည့် မြင်းတပ်များနှင့် အတူ သူတို့၂ ဦး လိုက်သွားကြသည်။ အခြားသူများက ဆင်ကျုံး ဆောက်ရန် ကျန်ခဲ့ကြ၏ ။ သူတို့သည် ဆင်ရိုင်းအုပ်အား လေညာမှ ပတ်၍ ဖြတ်ကျော်ခဲ့ကြသည်။ ဆင်များမှာ နားပါးလှသောကြောင့် အတော်ဝေးဝေးမှ ရှောင်ကွင်းခဲ့ရ၏ ။ မြန်မာများမှာ မြင်းများနှင့်မို့သာ တော်တော့သည်။ ခြေလျင်သာဆိုလျင် သူတို့ လီဆူခြေတစ်ဝက်ပင် မီမည်မဟုတ်။
သူတို့အဖွဲ့သည် ဆင်အုပ်ကို အသံပေး၍ နောက်သို့ ပြန်မောင်းခဲ့ကြသည်။ မြန်မာတို့တွင် မီးရှူး၊ ယမ်းထုပ်၊ သေနတ်များစွာ ပါလာသဖြင့် ခြောက်ထုတ်ရသည်မှာ လွယ်ကူလှ၏ ။ ကျုံးသွင်းသည့်အချိန်တွင်မူ သူတို့ ကျွမ်းကျင်ရာ မဟုတ်၍ အဝေးမှသာ ကြည့်နေသည်။ မြန်မာတပ်မှ ခေါင်းဆောင်လာသူမှာ အလွန်ရဲရင့်ပြီး ခေါင်ဆင်ကြီးကို တက်စီး၍ ကျုံးသွင်းနေသည်ကို တွေ့ရသည်။ သူတို့ မုဆိုးအဖွဲ့ ခေါင်းဆောင် ကချင်လူမျိုး မဂမ်ကလည်း ဟိုင်းဆင်ကြီးကို နိုင်နင်းစွာ မောင်းသွင်းနေသည်။
ထိုနှစ်ဦး ဆင်ကျော့နေသည်ကို ကြည့်၍ သူတို့ သဘောကျလှသည်။ မဂမ်က သစ်ပင်ထက်မှ ခုန်ဆင်း၍၊ မြန်မာခေါင်းဆောင်က မြင်းနှင့်ကပ်၍ အကြီးဆုံး ဆင်ကြီး နှစ်စီးကို စီးကြသောအခါ သူတို့နှစ်ဦးလည်း သွေးကြွပြီး အစွမ်းပြချင်လာကြသည်။ သူ့ထက်အလျင် သူ့သူငယ်ချင်းက ဆင်အုပ်ဆီ ပြေးသွားပြီး ဆင်ငယ်တစ်ကောင်၏ ကျောမှသည် ခပ်ရွယ်ရွယ် ဆင်တစ်ကောင်ပေါ် ခုန်တက်သွားသည်။ ထို့နောက် ဆင်မတစ်ကောင်ပေါ် တက်ရန်ပြင်စဉ်..
သူတက်နေသော ဆင်ငယ်၏ မိခင် ဆင်မက သားဇောနှင့် လှည့်ပြေးလာပြီး အခြားဆင်ပေါ် ခုန်တက်နေသည့် သူ့ရွာသား၏ ခြေကို နှာမောင်းဖြင့် ဆွဲယူ၍ ပစ်ပေါက်လိုက်သည်။ လီဆူမုဆိုးသည် ဟန်ချက်ပျက်ပြီး ဆင်အုပ်ထဲ ကျသွား၏ ။ လှိမ့်ရှောင်သော်လည်း များပြားလှသော ဆင်တို့၏ ခြေထောက်များစွာကို အလုံးစုံလွတ်အောင် မရှောင်နိုင်ဘဲ အနင်းခံလိုက်ရလေသည်။
သူလည်း ဆင်များထက် တက်မည် ပြင်ပြီးမှ သူငယ်ချင်းဖြစ်သူ၏ အဖြစ်ကို မြင်၍ မလုပ်ဖြစ်။ ရွာခံမုဆိုးဆီသို့သာ ပြေးသွားသည်။ သူ့အဖော်မှာ နားနှာခေါင်းတို့မှ သွေးများ ယိုစီးလျက် အသက်ပျောက်နေပြီ။
အခြားသူများ ဆင်ကျင့်နေကြချိန်တွင် သူသည် တွေဝေငေးမော၍သာ နေ၏ ။ မျက်စိထဲ၌ သူငယ်ချင်း၏ အဖြစ်ကို မြင်ယောင်နေသည်။ မြန်မာတပ်မှူးကတော့ သူ့ကို အထူး ဂရုစိုက်၍ စောင့်ကြည့်ပေးပါသည်။ သူ့တာဝန် မကင်းဟု ဆိုကာ ဆင် ၅ ကောင်နှင့် ရွှေငွေအချို့ ပေးလိုက်မည်ဟု ဆိုနေသည်။
သို့သော် သူသည် ရွာမပြန်လိုတော့၊ မုဆိုးအလုပ်ကိုလည်း ဆက်မလုပ်လိုတော့။ ညတိုင်း ကျားကိုက် ဆင်နင်းခံရသည့် အိပ်မက်များသာ မက်နေသဖြင့် သူ့သူငယ်ချင်းအတွက် ရွှေစအချို့နှင့် ဆင် ၂ ကောင်ကိုသာ ရွာသို့ ဝင်ပေးရန် ဂျိန်းဖောများနှင့် လမ်းကြုံ ထည့်ပေးလိုက်ပြီး သူကမူ မြန်မာတပ်နှင့် လိုက်သွားသည်။
မြန်မာတပ်မှူးက သူ့အား ဆင်တစ်စီး စီးစေ၏ ။ သူက စီးရသည့် ဆင်အမည်ကို နာဂ ဟု ပေးလိုက်သည်။ သူ၏ စွမ်းရည် အရည်အချင်း၊ အပင်ပန်းခံနိုင်ခြင်း၊ မုဆိုးကောင်း ပီသခြင်း၊ တိုက်ရည်ခိုက်ရည် ရှိခြင်း၊ ဉာဏ်လျင်မြန်ခြင်းနှင့် ဆင်အမည်တို့ ပေါင်း၍ နောင်အခါ သူ့အား နာဂသမန်း ဟု ခေါ်ကြလေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
ငလွန်း သည် မုတ္တမကျေး တောင်စွန်းရွာသား၊ ကြီးမောင်က ပုသိမ်သား တလိုင်း၊ ငရွှန်းမှာ ထားဝယ်သား ဖြစ်သည်။ သူတို့ သုံးဦး ဆုံမိပုံကလည်း တစ်မျိုးစီ။
ကြီးမောင်မှာ ဟံသာဝတီ ကျပြီးနောက် မွန်ဧကရာဇ်ထံမှ မြန်မာဘက်သို့ ပြောင်း၍ အမှုထမ်းလာသူဟု သိရသည်။ ငလွန်းကတော့ မုတ္တမမှ ဗညားဒလကို မကြိုက်၍ မြန်မာတပ်များ ဆင်းလာကြသောအခါ နောက်လိုက် လူ ၂၀ နှင့် ပူးပေါင်းခဲ့သူ ဖြစ်သည်။ မင်းကြီး မင်းခေါင်နော်ရထာတပ်၌ အမှုတော်ကို ထမ်းရ၏ ။
ငရွှန်းမှာ ထိုသို့မဟုတ်၊ ထားဝယ်သားတို့နှင့် မြန်မာတပ်များ တိုက်ကြစဉ် စစ်ရှုံးသဖြင့် အသတ်ခံရတော့မည့်ဆဲဆဲ တပ်မှူးတစ်ဦးက ကယ်တင်ခဲ့သဖြင့် အသက်ရှင် ကျန်ရစ်သူ သုံ့ပန်းဖြစ်သည်။ ထိုတပ်မှူးကပင် သူ့တပ်၌ အမှုထမ်းစေခဲ့ပြီး နောက်အခါ ငလွန်း၊ ကြီးမောင်တို့နှင့် ပေါင်းမိခဲ့ခြင်း ဖြစ်၏ ။
သူတို့ ၃ ဦးသည် အယုဒ္ဓယသို့ ချီစဉ်ကလည်း အတူတူ၊ စစ်ဆုတ်လာရာလမ်း၌လည်း အတူတကွ၊ မင်းကြီး မင်းခေါင်နော်ရထာ ပုန်ကန်သောအခါ အဝမြို့မှ ခံရစဉ်လည်း ညီညီညာညာ ရှိခဲ့ကြပြီး အဖမ်းခံရသောအခါ ကြီးမောင်နှင့် ငရွှန်းက နောင်တော်ကြီးမင်း၏ လက်ရများ ဖြစ်သွားပြီး ငလွန်းက တိမ်းရှောင်လျက် မုတ္တမ ပြန်သွားခဲ့သည်။
နောင်အခါ ဆင်ဖြူရှင်မင်းလက်ထက် တရုတ် မြန်မာ စစ်ပွဲများ ဖြစ်ပွားလာသော အခါမှ စစ်မှုပြန်ထမ်းကြရာ ကြီးမောင်နှင့် ငရွှန်းက ဝန်ကြီး မဟာသီဟသူရ၏ တပ်မ၌ သွေးသောက်ကြီးများ ဖြစ်လာပြီး လက်ရုံးသာလွန်သော ငလွန်းမှာမူ တဖန်ပြန်၍ စစ်မှုထမ်းသူ ဖြစ်သောကြောင့် အကြပ်အဖြစ်ဖြင့်သာ တိမ်ကြားမင်းခေါင် တပ်များတွင် ပါသွားသည်။
စစ်အတွင်း သူတို့နှစ်တပ် ဆုံမိတိုင်း မိတ်ဆွေသုံးဦးသားတို့ တွေ့ဖြစ်အောင် တွေ့ကြ၏ ။ တမင်ကြိုးစား၍ လာကြသလို တကူးတက ဆုံဖြစ်ကြသည်လည်း ရှိလေသည်။ သူတို့ သုံးယောက်၏ ရင်းနှီးခင်မင်မှုကို အများက ပြောစမှတ် ပြုကြရသည်ဖြစ်ရာ သူတို့ကလည်း ရှေးကထက် ပို၍သာ စည်းလုံးခဲ့ကြ၏ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခေတ်များ ပြောင်းလဲသွား၏ ။ ထီးနန်းသည်ပင် အကြိမ်ကြိမ် ပြောင်းခဲ့၍ ယခုအခါ ဗဒုံမင်းသည် ဖောင်းကားစားကို လုပ်ကြံ၍ နန်းချပြီးလျင် ရွှေနန်းတက်တော်မူခဲ့ပြီ။ ဗဒုံမင်းသား နိမ့်ပါးစဉ်အခါက ဝင်ထွက်သွားလာခဲ့ဖူးသော ငလွန်းသည် ဘိုးတော်ဘုရား ဖြစ်လာမည့် ဦးဝိုင်းနှင့် စကားကတိ ရှိခဲ့ဖူး၏ ။
ထိုစဉ်က ငလွန်းရောက်သွားသောအခါ မင်းသား ဦးဝိုင်းသည် ရွာတစ်ရွာ၌ မထင်မရှားအသွင်ဖြင့် နေရခိုက် ဖြစ်ရာ အိမ်ရှေ့မန်ကျည်းပင်ကြီးအောက်ရှိ ကွပ်ပျစ်ဝယ် ထိုင်နေခိုက် ဖြစ်၏ ။ အိမ်တော်ပါ ကျွန်များ ဖြစ်ကြသော ကျော်ရွေးနှင့် မြတ်ထင်တို့ လှေလိုက်သွားနေသဖြင့် မရှိကြ။ ပေါ်ဦးသည်လည်း နံနက်စောစောကပင် မန်ကျည်းရွက်များ လှည့်ပတ်ခူး၍ ရောင်းရန်သွားသည်ဟု သိရသည်။ မင်းလွန်းမယ်သာ ခပ်လှန်းလှန်းတွင် ဆန်ပြာတီးလျက် ရှိ၏ ။
ငလွန်းက မင်းသားအား ကွပ်ပျစ်ရှေ့ မြေပြင်၌ ဦးချလိုက်ပြီး မင်းသား၏ ခွင့်ပြုချက်ဖြင့် ကွပ်ပျစ်ပေါ်၌ ဝင်ထိုင်လိုက်သည်။ ထို့နောက်..
"ပေါ်ဦးတို့ မြတ်ထင်တို့ တစ်ယောက်မှလည်း မမြင်ပါလား၊ ဘယ်သွားကြလဲ"
"ပေါ်ဦးကတော့ ဒီချိန် ရွာစဉ်လှည့်တုန်းပ။ မြတ်ထင် မရှိတာ မင်း ကံကောင်းတယ်၊ မဟုတ်ရင် ဝင်လာတာနဲ့ အဆဲခံရမှာ မဟုတ်လားကွဲ့"
မင်းသား၏ အပြောကို ငလွန်း သဘောကျစွာ ရယ်လိုက်သည်။ ငမြတ်ထင်မှာ အလွန်တရာ အဆဲသန်သူလည်း ဖြစ်၏ ။ စိတ်ရင်းကတော့ ကောင်းမွန်ဖြောင့်မတ်ပါပေသည်။ ထို့ကြောင့် ဆဲဆဲဆိုဆိုနှင့်ပင် ခင်စရာကောင်းနေခြင်းလည်း ဖြစ်သည်။
"ကျွန်တော်မျိုးလည်း တပ်မှူးတစ်ဦးအကြောင်း လိုက်လံမေးမြန်း ရှာဖွေစုံစမ်းနေတာနဲ့ သည်ဘက် မရောက်ဖြစ်ဘူး။ အခုတစ်ခေါက်တော့ ရှမ်းပြည်လက်ဆောင်ကလေးများ ပါပါရဲ့။ အဖိုးမတန်လှပေမယ့် တကူးတကနဲ့ ယူလာခဲ့တာ ဖြစ်လို့.."
"အောင်မယ်.. ငလွန်းရဲ့၊ ငါတို့က ပြောရမယ့် လူတွေလား။ ဘာဖြစ်ဖြစ် အမှတ်တရ ပါတယ် ဆိုရုံနဲ့တင် ဝမ်းမြောက်လှပြီ။ မာရော မာရဲ့လားဟဲ့"
ရှင်လွန်းမယ်က ဆန်ပြာနေရာမှ ထလာပြီး ဝင်ပြောလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငလွန်းက မထင်မရှား နိမ့်ပါးသည့်ဘဝ ရောက်နေရှာသော မိဖုရား ရှင်လွန်းမယ်အား စိတ်မကောင်းစွာ ကြည့်လိုက်ပြီး ပြန်လှန် နှုတ်ဆက်နေရသည်။ ဦးဝိုင်းက
"ဒါနဲ့ မောင်လွန်း၊ တပ်မှူးတစ်ယောက်အကြောင်း စုံစမ်းနေတယ် ဆိုတာ ဘယ်သူလဲ၊ ဘာဖြစ်လို့လဲကွဲ့"
"ဟုတ်ကဲ့.. လက်ျာဘီလူး ဆိုတဲ့ တပ်မှူးတစ်ဦး တရုတ်နဲ့ စစ်ပွဲမှာ ကျသွားသလိုလို ပျောက်သွားသလိုလိုနဲ့ စိတ်ထဲ မတင်မကျ ဖြစ်နေလို့၊ တကယ့် သူရဲကောင်း အရှင့်ခမည်းတော်ရဲ့ လူရင်းတစ်ဦးမို့ ရှိများ ရှိသေးရင် ဆိုတဲ့ အတွေးနဲ့ လိုက်လံစုံစမ်းနေကြောင်းပါ"
"လက်ျာဘီလူး၊ အင်း.. သူ့ကို ကိုယ်တော် သိသကွဲ့၊ အလွန် တည်ကြည် ရဲရင့်တဲ့ သူရဲတစ်ဦးကပဲ"
"မှန်ပါ၊ ကျွန်တော်မျိုးနဲ့လည်း မကြာခဏ အတူတွဲ တိုက်ပွဲဝင်ခဲ့ဖူးပါတယ်။ တပ်တော် မတူပေမယ့် တိမ်ကြားမင်းခေါင် လက်အောက်မှာ အတူတကွ အမှုတော်များ ထမ်းခဲ့ဖူးလို့ အမှန်ပင် ထူးချွန်ထက်မြက်လှသူ သူရဲကောင်းအစစ်ဖြစ်ကြောင်း သံတော်ဦး တင်ဝံ့ကြောင်းပါ"
"အိမ်း.. ငါလည်း မုဆိုးဖိုမှာ နေတုန်းက သူရောက်လာတော့ တစ်ခါ သေသေချာချာ တွေ့ဖူးတာပဲ။ အဲဒီတုန်းက ငါက ၈ နှစ်သားပဲ ရှိသေးတယ်။ သူကလည်း ငယ်ငယ်ရွယ်ရွယ် ဘုန်းကြီးကျောင်းသားလူထွက်ကလေးပဲ။ ဒါပေမယ့် ကိုယ်တော် သူ့ကိုတော့ သဘောကျတော်မူတယ် မောင်မင်းရဲ့"
"ဒါဆို တပ်မှူးနဲ့ အရှင့်သားက ၈ နှစ်ပဲ ကွာတာပေါ့။ သူ တပ်ကိုရောက်တော့ ၁၅ နှစ်သားလို့ သိရတယ်။ အယုဒ္ဓယကို ချီချိန်မှာ ၂၃ နှစ်သာ ရှိသေးတယ် လို့လည်း မှတ်သားမိတယ်။ ကျွန်တော်မျိုးတို့နဲ့ ပထမဦးဆုံးအကြိမ် ဆုံခဲ့စဉ်ပေါ့"
"အိမ်း.. အိမ်း.. ဟုတ်လိမ့်မယ်။ အခု ဘယ်လိုတဲ့လဲ၊ သင်း အသက်ရှိသေးသတဲ့လား"
"အခုထိတော့ သူ့သတင်းက စုန်းစုန်းမြုပ်ပြီး လုံးဝ စုံစမ်းမရ ဖြစ်နေပါတယ်။ ချောင်းထဲကျပြီး မျောသွားသလိုလို၊ တရုတ် မော်တုံမော်ကယ်တွေပဲ ယူသွားသလိုလို၊ သူ့ကို မသေစေချင်တဲ့ သူတွေက ယူဆတာ ဆိုတော့လည်း အမှန်ယူလို့တော့ မရပါဘူးလေ။ ကျွန်တော်မျိုးတို့တောင် ပြန်တွေ့ရမလား မျှော်လင့်ချက်နဲ့သာ စုံစမ်းနေတာ အားမရှိလှပါဘူး။ လူအား ငွေအား မတတ်နိုင်တဲ့အခါကျတော့ အဲဒီနယ်ဘက်တောင် အခု တစ်ခေါက်သာ ပြန်ရောက်ခဲ့တယ်"
မင်းသားက တွေးတွေးဆဆဖြင့်
"ငါလည်း တယ် မထင်ဘူး။ သူသာ အသက်ကြွင်းခဲ့ရင် ဘယ်လိုဖြစ်ဖြစ် ပြန်လာမှာ မဟုတ်လား"
"မဟုတ်ဘူး အရှင်၊ သူက လူတစ်မျိုးပဲ။ သူ ပြန်လာလိမ့်မယ်၊ ဒါမှမဟုတ် မပြန်လာဘူး ဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရနိုင်ဘူး။ သူနဲ့ အရင်းနှီးဆုံးသူဖြစ်တဲ့ မင်းကြီး တိမ်ကြားမင်းခေါင်ကို ကျွန်တော်မျိုး မေးဖူးတယ်။ သူလည်း မပြောတတ်ဘူး တဲ့။ တကယ်လို့ သူက ပြန်မလာလိုဘူးဆိုရင် လိုက်မရှာတာ ကောင်းပါတယ် တဲ့။ သူ့အလိုအတိုင်းသာ ရှိပါစေလို့ ပြောပါတယ်"
"ခက်သားပဲ။ သည်အရေးက လွယ်မယောင်နဲ့ အတော် စုံစမ်း ရှာဖွေနိုင်မှ ဖြစ်နိုင်လိမ့်မယ်ကွဲ့။ ကိုယ်တော်လည်း ကိုယ့်ကိုယ်ကိုယ်မှ အနိုင်နိုင်၊ မဟုတ်ရင် သူ့ကို ရှာဖို့ တတ်နိုင်တဲ့ဘက်က ထောက်ပံ့နိုင်လိမ့်မယ် ထင်ပါရဲ့"
No comments:
Post a Comment