ငကံ စည်းကြပ်ခံရစ အချိန်ကို သတိရမိသည်။ သူသည် လယ်သမားမျိုးရိုး၊ သူရင်းငှားတစ်ဦးသာ ဖြစ်သည့်အလျောက် ပင်ကိုယ် စကားနည်းသူဖြစ်ရာ ဆယ်အိမ်ခေါင်းမင်းမှ အောင်တပ်မတော်အတွက် ရဲမက်စုဆောင်းသည့်အခါ ကျန်ရစ်မည့် မိဘနှစ်ပါးကို စိတ်မချသော်လည်း မငြင်းဆန်နိုင်ခဲ့သလို အိုးစားအဖွဲ့ထဲ သွတ်သွင်းခံရတော့လည်း ထုံထုံအအနှင့် မပြောတတ် မဆိုတတ်သော သူ့အား အားလုံးက နှိမ်ချင်၊ အနိုင်ကျင့်ချင်ကြသည်။
သူက သန်မာကျစ်လျစ်သော်လည်း သူ့အား အနိုင်ကျင့်သူများကို ပြန်လှန်ရန်ပြုလေ့မရှိ။ အမြဲ ခေါင်းငုံ့ခံခဲ့သည်သာ ဖြစ်သည်။ မည်မျှ ပင်ပန်းနေသည်ဖြစ်စေ ခိုင်းသမျှ မညည်းမညူ လုပ်ပေးခဲ့သည်။ အိုးစားကြီးနှင့် အကြပ် သွေးသောက်များသာမက သူနှင့် အဆင့်တူ အိုးစားဖက်များကပါ နှိမ်၍ ခိုင်းစေကြသည်များကိုလည်း သည်းခံခဲ့ရလေသည်။
ရောက်ပြီး မကြာမီ ရွာကို လွမ်းသဖြင့် မျက်ရည်ကျရ၏ ။ ထိုအခါ အိုးစားဖက်တစ်ဦးက သူ့အား မခံနိုင်အောင် စ၍ ယောက်ျားမဟုတ်ဟု ပြောလိုက်သည်။ ထိုစကားကို သူ အလွန် ရှက်သွားပြီး ထရပ်မိ၏ ။ သို့သော် သူ့စိတ်သူ ထိန်းကာ ဘာမှတော့ မလုပ်ခဲ့။ ထိုအိုးစားဖက်ကသာ..
"အောင်မယ်၊ ရောင်းရင်းက ကျုပ် ဘာလုပ်ချင်လို့တုန်း။ စမ်းချင်သပ ဆို ရတယ်နော်။ သို့ပေမယ့် ကျုပ်က ယောက်ျားချင်းသာ လက်ရည်ယှဉ်ချင်တာဗျ.. ဟားဟား"
သူ့အပြောကို ငကံ ခံရခက်လှသော်လည်း မည်သို့မျှ ပြန်မပြောဘဲ လှည့်ထွက်လာခဲ့သည်။ နောက်မှ သျှောင်ကို ဆွဲခြင်း ခံလိုက်ရသဖြင့် ရုတ်တရက် ဒေါသထွက်ကာ လက်ပြန်ရိုက်ချလိုက်ရာ အိုးစားဖက်မှာ ယိုင်၍ လဲကျသွားသည်။
"ဟင်.. မင်း.. မင်းက ငါ့ကို စိန်မခေါ်ဘဲ အလစ် လုပ်တယ်ပေါ့။ မိန်းမလို မိန်းမရ လုပ်တယ် ဟုတ်လား"
ငကံ၏ ပွင့်ထွက်သွားပြီးသော ဒေါသသည် ထိန်းမရတော့၊ ထိုသူအပေါ် ခွလျက် အားပါးတရ ထိုးတော့သည်။ လူများ ဝိုင်းဆွဲကြသဖြင့်သာ အသက်မသေ ရှိသည်။ အိုးစားကြီး ရောက်လာသည့်အခါ ထိုသူက အပြစ်မရှိသလို တိုင်နေ၏ ။ လှည့်ပတ် မပြောတတ်သော ငကံသာ ပြင်းစွာ ဒဏ်ပေးခံရသည်။
တိုင်တွင် ချည်နှောင်၍ ရင်ကို ရိုက်ခြင်းဖြစ်ရာ မခံနိုင်။ ပါးစပ်မှ သွေးပွက်ပွက်ကျ၏ ။ အိုးစားကြီးကလည်း အငြိုးတကြီး ရိုက်နေသည်။ အချင်းချင်း ရန်ဖြစ်လျင် ဤသို့ ဒဏ်ပေးခံရမည်ဟု နမူနာ ပြသောအားဖြင့် ငကံအား တအားရိုက်နေခြင်း ဖြစ်သည်။
ငကံ မခံနိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျလျက် သတိလစ်လုမတတ် ဖြစ်နေချိန်တွင် "အဘယ့်ကြောင့် ဤမျှ ရိုက်နေသလဲ" ဆိုသည့် မေးသံ ကြားရသည်။ အိုးစားကြီး၏ ဖြေသံ "ရန်ဖြစ်ကြလို့ ဆုံးမနေတာပါ ဗိုလ်မင်း" ဟူသော အသံကို ကြားရပြီးလျင် "ဒါဆို ရန်ဖြစ်သည့် နောက်တစ်ယောက်ရော ဘယ်မှာလဲ၊ ညီတူညီမျှ မဆုံးမဘူးလား" ဟု ထပ်မေးလိုက်သံကိုပါ ကြားလိုက်ရသည်။
အိုးစားကြီးအသံ ခေတ္တမျှ တိတ်သွားသည်။ သူ့ထက် ရာထူးကြီးသည့် တစ်ဦးဦး ရောက်လာပုံ ရ၏ ။ ခဏကြာမှ
"တစ်ဖက်သားက အတော် ခံလိုက်ရပါတယ်။ သူကပဲ စထိုးပြီး သတ်တော့ဖြတ်တော့မတတ် အနိုင်အထက် လုပ်နေလို့ သူ့ကို အပြစ်ပေးရတာ"
"ခံလိုက်ရတဲ့သူက မထနိုင်ဘူးလား။ ထနိုင်ရင် ခေါ်လာခဲ့။ မထနိုင်ရင် ငါ့ကို လိုက်ပြစမ်း"
အိုးစားကြီး ဘာပြောရမှန်းမသိ၊ တဟိုဟို ဖြစ်နေသည်။ ထို့နောက် ရန်ဖြစ်သည့် အိုးစားဖက်ကို ခေါ်ချေဟု ခိုင်းလိုက်သည်။ ထိုသူ ရောက်လာလျင် အသံရှင်က
"ကြည့်ရတာတော့ အကောင်းကြီးပဲ။ ပြုတဲ့အပြစ်နဲ့ ပေးတဲ့ဒဏ်က မမျှဘဲ ပြင်းထန်လွန်းနေတယ် ရောင်းရင်း။ ဟိုတပ်သားကို မေးပါရစေဦး၊ ဘယ်လို စ ဖြစ်ကြတာတုန်း"
"သူ.. သူက ရန်စပြီး ထိုးတာပါ အရှင်၊ ပြီးတော့ စိန်မခေါ်ဘဲ အလစ်ကို လှည့်ရိုက်ပါတယ်။ လဲသွားတာနဲ့ သူက အပေါ်က တက်ခွပြီး.."
"နေစမ်းပါဦး၊ သူကပဲ ရန်စပြီး သူကပဲ စလုပ်တယ် ဆိုတော့ အရင်က အချင်းများဖူးလား၊ သူ့ကို မကျေနပ်အောင် ဘာအပြစ်ပြုမိခဲ့သလဲ"
"မရှိပါဘူး အရှင်၊ အချင်းချင်း ကျီစားကြတာမျိုးပဲ ရှိတာပါ။ အရင်ကလည်း ကျီစားနေကျ၊ အခုမှ ထပြီး ကျွန်တော်မျိုးကို.."
"အင်း၊ ထင်သားပဲ။ မင်းက ဘာမှ မလုပ်ဘဲ သူက အလကားနေရင်း မင်းတစ်ယောက်ကိုပဲ ရန်လိုနေတာတော့ မဖြစ်နိုင်ဘူး လို့။ ဆိုပါဦး.. မင်းက ဘယ်လို စလိုက်လို့လဲ.. နေဦး မင်းမပြောနဲ့။ ဟိုဘေးကတစ်ယောက် ပြော၊ မင်းလည်း သိတယ်မလား"
"သိ.. သိပါတယ် ဗိုလ်မင်း၊ သူတို့က ဒီလိုပဲ ကျီစားနေကျပါ။ ဟို ငကံကလည်း ဘယ်လောက်ပြောပြော ခံနေကျပါ။ အခုမှ စိတ်ရူးပေါက်ပြီး ရန်ပြုတာပါ"
"အေး.. ဟုတ်ပြီ။ မင်းတို့က သူ့ကို စနေကျပေါ့။ အခု သူက ဘယ်လို ပြောလိုက်လို့ ဟိုက မခံနိုင်ဖြစ်ပြီး ရန်ပြုရတာလဲ"
"ယောက်ျား မဟုတ်ဘူးလားလို့ မေးလိုက်တာကို အဲဒီတုန်းက ဘာမှ မပြောဘဲ လှည့်ထွက်သွားပါတယ်။ နောက်မှ ရုတ်တရက် လှည့်ပြီး အလစ်ကို ရိုက်တာပါ"
ခေါင်းငိုက်စိုက်ကျ၍ သတိလစ်မတတ် ဖြစ်နေသည့် ငကံထံ လျှောက်လာသံ ကြား၏ ။ ခြေသံက သူ့ရှေ့တွင် အတန်ကြာ ရပ်နေသည်။ ထို့နောက် သူ့နောက်ဘက် ရောက်သွားပြီး စကားသံ ပေါ်လာပြန်သည်။
"သူ့ကို နောက်ကနေ ဆွဲလိုက်သလား"
မည်သူမျှ ပြန်ဖြေသံ မကြားရ။
"အိုးစားကြီး သိသလား"
"မသိ.. မသိပါဘူး"
ရန်စခဲ့သည့် အိုးစားဖက်က
"လက်မောင်းကိုတော့ ဆွဲလိုက်မိပါတယ်"
ယောက်ျားမပီသသည့် ထိုအိုးစားဖက်အား ငကံက ထွီခနဲ တံတွေးထွေးလျက် ရွံရှာစွာ ဂုဏ်ပြုလိုက်သည်။ သွေးများသာ အခဲလိုက် ကျသွား၏ ။
"ဟုတ်သလား"
"......."
"ငါမေးနေတယ်၊ အမှန်တိုင်းဖြေ၊ သျှောင်ကို ဆွဲတယ်မဟုတ်လား"
"......."
"ဟိုကောင် ဖြေစမ်း"
"ဟုတ်၊ ဟုတ်ပါတယ်၊ သျှောင်ကို ဆွဲလိုက်တာပါ ဗိုလ်မင်း"
"အေး၊ သိတယ်။ သူ့သျှောင် ဆွဲခံထားရသလို ပွနေတယ်။ ရှေ့က ဆွဲတာမဟုတ်ဘူး။ ဒူးထောက်နေတုန်း အပြစ်ပေးမယ် ဆိုပြီး အိုးစားကြီးက ဆွဲထားတာလည်း မဟုတ်ဘူး။ နောက်က ဆောင့်ဆွဲလိုက်သလို ပြေနေတယ်"
မည်သူမျှ အသံမထွက်ကြ။ ငကံပင် အံ့သြနေသည်။
"မင်းကို အဲလိုဆွဲရင်ရော ကြိုက်မလား။ မတုံ့ပြန်ဘဲ နေမလား"
"......."
"အိုးစားကြီးကရော အဲဒီအဖြစ်တွေကို သိသလား၊ သူ့ကို အမြဲတမ်း စနေကြတာ၊ ယောက်ျားမဟုတ်ဘူးလား မေးတာ၊ သျှောင်ကို ဆွဲတာတွေ သိသလား"
"မသိပါဘူး ဗိုလ်မင်း၊ ကျွန်တော်မျိုး စစ်မေးတာ လိုသွားပါတယ်"
"အေး၊ မင်း ရိုက်နေတဲ့ ပုံကို မြင်တာနဲ့ တစ်ဖက်သတ် လုပ်တတ်သူမှန်း သိတယ်။ ငါလည်း မင်းလိုလူတွေနဲ့ အများကြီး ကြုံခဲ့ဖူးတယ်။ တစ်ဖက်က သည်းခံလေ မင်းတို့က ရောင့်တက်လေပဲ။ ဒီတစ်ယောက်ဟာ ယောက်ျားပီသတဲ့ စိတ်ဓာတ်ရှိသူ၊ မဟုတ်မခံသမား၊ ဒါပေမယ့် ဗလအားကိုးနဲ့ အနိုင်မကျင့်ဘဲ သည်းခံတတ်တယ်။ ဒါကို မင်းတို့က စကြတယ်။ ခု ဖြစ်တော့ သူ့ကိုပဲ အပြစ်ပေးတယ်။ ဒါ တရားသလား"
"........"
"မေးနေတယ်လေ၊ ဘာလဲ.. မင်းလည်း ယောက်ျားမဟုတ်ဘူးလား။ သူတစ်ပါးကို ရိုက်ရဲပေမယ့် ကိုယ့်အလှည့်မှာ ဝန်မခံရဲဘူးလား ဟေ"
"ကျွန်တော်မျိုး မှားခဲ့ပါတယ် ဗိုလ်မင်း"
"အေး၊ ရပြီ။ အဲလို ဝန်ခံရင် ကျေနပ်ပြီ။ ဒါပေမယ့် မှားတဲ့အတွက်ကိုတော့ အပြစ်ပေးရမယ်။ ဟေ့.. သူ့ကို ကြိုးဖြေပေးလိုက်ကြစမ်း၊ ပြီးရင် အိုးစားကြီး အဲဒီတိုင်ကိုဖက်ထား"
အိုးစားဖက်များ ပြေးလာပြီး ငကံကို ကြိုးဖြေ၍ ချလိုက်ကြသည်။ ငကံက ကြိုးစား၍ မော့ကြည့်ရာ အလွန် အံ့သြသွားသည်။ အသက် ၂၀ ပင် မပြည့်တတ်သေးသော ဆံပင်ဖားလျားနှင့် လူငယ်လေးတစ်ဦး၊ သာမန် ရဲမက်တော်ဝတ် မိန်ညိုကိုသာ ဝတ်ဆင်ထားပြီး ရင်၌ ဘီလူးပုံတစ်ပုံကို တွေ့ရသည်။ သွေးသောက်တစ်ဦး ဖြစ်ပုံရ၏ ။ ငယ်ငယ်ရွယ်ရွယ်နှင့် သွေးသောက်ကြီး ဖြစ်နေသည့် အစွမ်းအစကတော့ သေးအံ့မထင်။
"မင်း ဝန်မခံရင်တော့ ငါ့ဓားနဲ့ စီရင်မလို့ဟာ၊ နောက်တစ်ခါ အကြီးအကဲ မပီမသ စီရင်ဆုံးဖြတ်တာ မရှိရအောင် ခုတစ်ခါတည်း လုပ်ပေးခဲ့မယ်။ မမှန်မကန် လုပ်ရင် ဟောသလို.."
"ဖြောင်း"
"အားးး"
တင်ကျည်းတုတ်တစ်ချောင်းကို ဆွဲယူ၍ အဖျားနှင့် ကျောကို ကန့်လန့်ဖြတ် ရိုက်ပစ်လိုက်ခြင်း ဖြစ်သဖြင့် အိုးစားကြီးမှာ တစ်ချက်တည်းနှင့် ကျောကော့ပြီး ခွေလဲကျသွားသည်။
"ဟုတ်ပါပေ့ကွာ၊ ရင်ကို အချက်ပေါင်းများစွာ ရိုက်နေတဲ့သူက အလှည့်ကျတော့ ကျောတစ်ချက်တည်းနဲ့ ခွေလဲသတဲ့လား။ ဘယ်လိုများ အိုးစားဖြစ်လာသလဲ။ ဒါနဲ့ ဟိုကောင်.."
"ချမ်းသာပေးပါ အရှင်၊ ကျွန်တော်မျိုး နောက်ကို ဆင်ခြင်ပါ့မယ်။ ဘယ်သူ့ကိုမှ မခံနိုင်အောင် မနောက်ပြောင်တော့ပါဘူး"
"သြော၊ သြော.. နောက်ပြောင်တာက ရပါတယ်။ ငါ့တပ်မှာဆို တပ်သားတိုင်းက ငါ့ကို နောက်ပြောင်နေကျပဲ"
"ကျေးဇူးကြီးလှပါတယ် အရှင်"
"ဒါပေမယ့် မိန်းမလို မိန်းမရ ပြောတတ်တာတော့ မရဘူး။ မင်းဟာ စစ်သည်တစ်ဦး၊ ဂုဏ်ယူလောက်စရာ စိတ်ထားနဲ့ ယောက်ျားပီသတဲ့ မာကျောမှု ရှိရမယ့်သူ။ အခု မင်း လုပ်နေ ပြောနေတာတွေက စက်ဆုပ်စရာ ကောင်းလှတယ် ခွေးမသားရဲ့"
"ကျွန်တော်.. ကျွန်တော်မျိုး.."
လူငယ်က ဖျတ်ခနဲ ရန်စသူအနား ရောက်သွားပြီး နောက်မှ ဆံပင်ကို ဆွဲမော့၍ ပွင့်ဟနေသည့် ပါးစပ်ကို ဓားတင်လျက် လှီးချလိုက်ရာ ငကံပင် မကြည့်နိုင်ဘဲ ခေါင်းငုံ့လိုက်ရသည်။ အိုးစားဖက်၏ ညည်းတွားသံ ဝူးဝူးဝါးဝါးသာ ကြားနေရ၏ ။ ပြန်မော့ကြည့်တော့ ပါးနှစ်ဖက်တွင် တစ်မိုက်ခန့် စုတ်ပြဲသွားပြီး သွေးများ ဒလဟောကျနေသည်ကို တွေ့လိုက်ရသည်။
"ဒီကောင့်ကို တပ်ထိပ်ထုတ်ပြီး နေတစ်ရက်လှန်း၊ ပြီးမှ ပြန်ချုပ်ပေးလိုက်ကြ။ ဘယ်သူက ဒီလို လုပ်သွားတာလဲ လို့ မင်းတို့တပ်မှူး ဗိုလ်မှူးတွေက မေးရင် လက်ျာဘီလူး လို့ ပြောလိုက်ကြ၊ ဟုတ်ပြီလား။ ဟိုတပ်သားကို ငါ့ဆီပို့လိုက်။ သူ့အထုပ်အပိုး ပစ္စည်းပစ္စယ အကုန်ပါပစေ။ မင်းတို့တပ်ကို အိုးစားကောင်းတစ်ယောက် ပြန်ပို့ပေးလိုက်မယ်"
ပြောပြောဆိုဆို ထိုလူငယ် ထွက်သွားသည်။ ငကံကို သေသေချာချာ တစ်ချက်ကြည့်သွား၏ ။ ငကံကလည်း ရီဝေဝေမျက်လုံးများဖြင့် လိုက်ကြည့်နေရင်း ရင်ထဲမှ တီးတိုး ရေရွတ်လိုက်မိသည်။
"လက်ျာဘီလူး.. လက်ျာဘီလူး တဲ့"
No comments:
Post a Comment