နာဂသမန်း ပြန်လာတော့ သတင်းကောင်းတစ်ခု ပါလာသည်။ သိန်းနီသို့ အနီးဆုံးလမ်းအား ပြနိုင်မည့်သူတစ်ဦးကို ရွာသားများက ညွှန်လိုက်သဖြင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့သည် ဆို၏ ။ ထို့ကြောင့် နောက်တစ်နေ့ နံနက်တွင် ပါလာသော အထမ်းသမား နှစ်ဦးကို ပြန်လွှတ်လိုက်ပြီး ရိက္ခာများကိုလည်း သိန်းနီအရောက်သာ တွက်ချက်၍ ပိုသည်တို့အား ရွာလူကြီးထံ ပေးထားခဲ့ကြသည်။
ရွာရောက်၍ နွေးနွေးထွေးထွေး အနားရသောအခါ ငကံ သက်သာလာသည်။ သူသည် ယခုထိတိုင် အရက်သေစာကို မသောက်မစား၊ သူ၏ တပ်မှူးကဲ့သို့ နေဆဲဖြစ်သည်။ နာဂသမန်းကတော့ ကြုံလျင် ခေါင်ရည် ဆန်အရက် ကစော် မည်သည်မဆို သောက်လိုက်မြဲ။ ငလွန်းတို့က တစ်ခါတစ်ရံသာ သောက်သည်။ ၃ ရက်ခန့်ရှိလျင် ငကံ ရပြီဆို၍ သူတို့ သိန်းနီသို့ ဆက်ခဲ့ကြ၏ ။
သူတို့သည် တောတောင်ရေမြေ ဆိုးဝါးသည့်ဒဏ်ကို ခံနိုင်စ ပြုလာကြပြီ။ ညဉ့်တွင် ခြင်များကို ပုတ်ရင်း စကားပြောမပျက်တော့သလို နေ့အချိန်များ၌လည်း ခါးတူးနေသည့် ဆေးမြစ်များကို ဝါးရင်း၊ ခြေလက်များကို အုံရင်းဖြင့်ပင် လမ်းသွားမပျက်ချေ။ တက်စရှိ၍ တောင်တို့ အလျှော့ပေးကြရပြီ။ ခရီးပိုတွင်လာသည်။ တောနက်လေ ငကံမှာ စစ်သားကြီးတစ်ဦးအသွင် ပြန်ပေါက်လာလေ ဖြစ်၏ ။
ခရီးတစ်လျှောက် မည်သည့် တောကောင်ကြီးများ၊ သားကောင်ငယ်များကိုမှ မတွေ့ရ။ မိုးကျများသော်လည်း သူတို့ မရပ်မနား ဆက်သွားနေကြသောကြောင့် အချိန်တန်သော် သိန်းနီမြို့သို့ ရောက်ရှိလာကြသည်။ သိန်းနီတွင် တစ်ရက်နားပြီးလျင် တရုတ်တို့ ခံတပ်ကြီး ချခဲ့ရာသို့ သွားကြည့်ကြသည်။
ဒေသခံများက ပြသ၍သာ တပ်ကြီး ချခဲ့ရာဟု သိတော့သည်။ ချုံနွယ် ပေါင်းမြက် အပင်များစွာ ပိတ်ဖုံး၍ လမ်းပင် မရှိတော့အောင် တောကြီးထနေ၏ ။ သို့ရာတွင် မြန်မာတပ်များ တပ်ချခဲ့ရာ နေရာကိုမူ ငကံက ကောင်းစွာ မှတ်မိနေသည်။ သည်နေရာမှာ တပ်မှူးနှင့် သူ နောက်သို့ပို့၍ ဆေးကုခံခဲ့ရာ တဲကြီး၊ သည်နေရာ၌ တပ်မှူး ကြုံးဝါးခဲ့သည်၊ အခြားစစ်သူရဲများ ထ၍ စစ်ပြင်ခဲ့ရာအရပ် ဟု ပြောနေလေသည်။
စကားနည်းသော ငကံက မနားတမ်း ပြောဆို ညွှန်ပြနေ၍ သူတို့ ငကံကို ငေးကြည့်နေမိကြသည်။ နောက်မှ သူတို့ ကြည့်နေသည်ကို ငကံ သတိထားမိပြီး ရပ်သွား၏ ။ သူ့ဘာသာ တစ်ယောက်တည်း ရှေ့မှ ဦးဆောင်သွားသည်။ သိန်းနီမြို့တွင်း ဝင်သွားပြီး အသိစိတ် မဲ့နေသူလို တစ်ဖက်မှ ထွက်သွားသဖြင့် ငလွန်းတို့လည်း ခပ်မဆိတ်ပင် လိုက်သွားကြသည်။
ငကံအား အတိတ်နတ် ဖမ်းစားနေလေပြီ၊ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့မှ တရှူးရှူး သွားနေ၏ ။ အတော်ဝေးဝေးသို့ တိုးဝှေ့သွားပြီးမှ တောစပ်အဆုံး ကျောက်စရစ်ချောင်းကလေးတစ်ခု ကမ်းပါးတွင် လမ်းဆုံးသွားသည်။ ချောင်းမှာ ယခင်က ရေများခဲ့ဖူးလိမ့်မည် ဖြစ်သော်လည်း ယခုအခါ ချောင်းရိုးပြောင်း၍ ရေအနည်းငယ်သာ ရှိတော့၏ ။ ငလျင်ကြောင့် ချောင်းမကြီး ပိတ်ဆို့ပြီး တခြားအရပ်မှ စီးဆင်းလိမ့်မည်ဖြစ်ကြောင်း ဟိမဝန္တာတောင်ရိုးနေ နာဂသမန်းတို့က သိနေသည်။
မြန်မာပြည်မြောက်ဖျားအရပ်သည် အရှေ့အနောက် သွယ်တန်းနေသော ဟိမဝန္တာ ရေခဲတောင်များ၏ အစွန်အဖျား၊ အနောက်မှ လာသော ပြတ်ရွေ့ကြောနှင့် အရှေ့ပိုင်းမူလ ပြတ်ရွေ့ကြောတို့ မကြာခဏ တွန်းတိုက်မိရာမှ ကန့်လန့်တိုးထွက်လာသည့် သက်တမ်းနု တွန့်ခေါက်တောင်တန်းများအကြား တည်ရှိရာ မကြာခဏ ပြတ်ရွေ့ချင်း တွန်းတိုက်သည့်ဒဏ်ကြောင့် ရေခဲတောင်များ ပြိုခြင်း၊ ငလျင်တော်လဲခြင်း၊ မြေပြင်ရေကြောများ ပြောင်းခြင်းတို့ကို ဖြစ်ပေါ်လေ့ရှိ၏ ။
ဤချောင်းသည်လည်း ထိုသဘောအရ နှစ်အနည်းငယ်အတွင်း ကောသွားခဲ့ခြင်း ဖြစ်ပေမည်။ သို့သော် သည်နှစ်ပိုင်းအတွင်း အင်အားပြင်းထန်လှသည့် ငလျင်ကြီး မလှုပ်သေး၍ ဝေးဝေးလံလံမှ စီးဆင်းလိမ့်မည်မဟုတ်။ မြစ်ကြောင်းများလည်း မပြောင်းလဲသေးရာ သည်ချောင်းရိုးလေးအတိုင်း လိုက်လျင် တပ်မှူးအား ပိုမို လွယ်ကူစွာ တွေ့ရနိုင်သည်ဟု သူတို့ တွက်ဆမိကြသည်။
သို့ဖြင့် နောက်တစ်ရက်တွင် သူတို့ အသေအချာ ပြင်ဆင်၍ တပ်မှူး စတင် ပျောက်ဆုံးရာ ချောင်းစပ်မှ အထက်သို့ အနည်းငယ် သွားရောက် လေ့လာကြပြီးနောက် ချောင်းရိုးအတိုင်း ဆင်းလာခဲ့ကြသည်။ အချို့နေရာများတွင် ရေမှာ အိုင်အဖြစ် ပျောက်ဆုံးသွားပြီး ခပ်ဝေးဝေးထိ ပြန်မတွေ့ရဘဲ ရှိ၏ ။ ဤတွင် နာဂသမန်းတို့ မုဆိုးများမှာ အရေးပါလာတော့သည်။ အထူးသဖြင့် အဘဖုန်။
ရေမြေ ကျွမ်းကျင် နားလည်သည့် အဘဖုန်က ဤချောင်းသည် ဤတော၌ ပျောက်ဆုံးသွားလျင် တော၏ မည်သည့်ဘက်တွင် ရေထွက်ပေါက် ရှိ၍ ချောင်းပြန်ပေါ်မည်ကို အလွန်နီးစပ်စွာ တွက်ချက်နိုင်သည်။ တောတောင်နှင့် ရေမြေကို လိုက်၍ ချောင်း၏ မည်သည့်ဘက် မည်သည့်တောင်လွန်လျင် ရွာရှိနိုင်သည်ဟု မှန်းဆတတ်သည်။ သို့သော် ရွာအများစုမှာ အိမ်ခြေ လေးငါးအိမ်မှာ ဆယ်ဂဏန်း အနည်းသာ ရှိတတ်ပြီး ပြောင်းသွားကြသည်က များနေ၏ ။
သူတို့ကလည်း သရောကြီးခိုင်းသည့်ရွာရော၊ ရောဂါကျသည့်ရွာပါမကျန် ရွာဟောင်း ရွာသစ်များသို့ လိုက်၍ မေးမြန်း စုံစမ်းကြလေသည်။ ယခုမှ သူတို့ရည်မှန်းရာ အလုပ်ကို စလုပ်နေရသလို အထူးတက်ကြွနေကြသည်။ ရွာရှိမည် ဆိုလျင် မမောနိုင် မပန်းနိုင် သွားကြသည်။ တောင်ယာကို မြင်လျင် မျှော်လင့်ချက်များ ရှင်သန်လာကြပြန်သည်။ လယ်စောင့်တဲမှ လွန်ခဲ့လျင် စိတ်ပျက် အားလျော့တတ်ကြသော်လည်း မကြာမီ ပြန်လည်အားတင်း၍ တစ်စုံတစ်ရာ သတင်းကြားရမည်ဟု မျှော်လင့်နေကြကုန်၏ ။
ချောင်းအောက်သို့ အလွန်ဝေးဝေး စုန်ခဲ့၍ တစ်နေရာ အရောက်တွင် လမ်းပြလိုက်ပါလာသူ ရွာသားက ရှေ့၌ နယ်မြေအလွန်ကြမ်း၍ ကြတ်ကုန်း၊ ဖုန်းဆိုးတောမြေနှင့် ဘီလူးတောင်များ ရှိသဖြင့် မလိုက်လိုကြောင်း၊ မုဆိုးများပင် ရံဖန်ရံခါ မဝင်မဖြစ်မှသာ ထိုတောသို့ ဝင်တတ်ကြကြောင်း၊ တောကျယ်၍ လမ်းပျောက်တတ်လေ့ရှိကြောင်း၊ ရေမြေအလွန်ကြမ်းကြောင်းများကို ပြောလာသည်။
သူတို့ ရှာဖွေလိုသည်မှာလည်း ထိုသို့ပင် ဖြစ်ရာ ပို၍ စိတ်အားထက်သန်လာကြသည်ကို လမ်းပြသူ အံ့သြနေ၏ ။ အထူးသဖြင့် ဘီလူးတောင်အကြောင်း လူထူးဆန်း ၅ ဦးက မေးမြန်းနေသည်။ ဝေးသေးသော်လည်း ရောက်အောင်သွားကြမည် ဆို၏ ။ မသွားနှင့် ဆိုလေ ပို၍ သွားချင်လေမို့ လမ်းပြသည် သူတို့အား နှုတ်ဆက်ကာ လမ်းခွဲသွားလေပြီ။
လမ်းပြ ထွက်သွားသည်နှင့် သူတို့ ၅ ဦးသား ရေမြေကြမ်းလှသည် ဆိုသည့် တောအုပ်ထဲသို့ သူ့ထက်ငါ အလုအယက် တိုးဝင်သွားကြသည်ကို လမ်းပြခဲ့ရသည့် ရွာသားမှာ ခေါင်းကို ခါရင်းသာ လှည့်ထွက်ခဲ့ရသည်။ လူငါးဦး၏ အသံများမှာ ခဏချင်း ဝေးသွားပြီး ပျောက်ကွယ်သွား၏ ။ သူတို့ ပြန်မှ လာနိုင်ကြပါမည်လား မသိ။
No comments:
Post a Comment