ဗဒုံမြို့စား မင်းသားက ထိုသို့ ပြောခဲ့ဖူးသည်ကို အထွဋ်အထိပ် ရောက်သောအခါ မှတ်မိနေဆဲဖြစ်သည့် ငလွန်းက ညီလာခံသိမ်းချိန်၌ ရှေ့တော်သို့ ဖူးမြော်ဝင်ခွင့်ပြုပါရန် ခွင့်တောင်းလျက် မင်း မိဖုရား နှစ်ပါး ရှေ့တော်မှောက်တွင်
ဟု လျှောက်လေသည်။ ထိုအခါ အနားတွင် အယူတော်မင်္ဂလာအမတ်ကြီးလည်း ရောက်နေ၏ ။ သူက စိတ်ဝင်တစား နားစွင့်နေသည်။ မိဖုရားခေါင်ကြီးက
"ဟဲ့.. ငလွန်းငဲ့၊ ဘဇာကို တောင်းသနည်း။ အကြောင်းအရာ စေ့စုံအောင် လျှောက်စမ်းဟဲ့။ နင်လိုအပ်တာကို ငါ ပေးမယ်"
မင်းတရားကြီးက ပြုံးရယ်၍
"မဟုတ်ဘူး.. မယ်လွန်းရဲ့။ ငတို့ နိမ့်ပါးစဉ်အခါက ငလွန်းကို မောင်တော်ဘုရား ကတိပေးဖူးတာ ရှိတယ်။ လက်ျာဘီလူး ဆိုတဲ့ တပ်မှူးတစ်ဦးကို ရှာဖွေဖို့ တတ်နိုင်တဲ့အချိန်မှာ ထောက်ပံ့ပေးမယ်လို့ မိန့်တော်မူထားလို့ အခု သင်းက လာလျှောက်နေတာကွဲ့"
ထိုအခါ အယူတော်မင်္ဂလာအမတ်က
"ထိုသူရဲအကြောင်းကို ငယ်စဉ်က ကြားခဲ့ဖူးပါသည်။ အလွန်ရက်စက်သန်စွမ်းပြီး အမြော်အမြင်နှင့် ပြည့်စုံသော ဟူ၍ ကျွန်တော်မျိုးတို့ ကလေးဘဝက ပုံပြင်များသဖွယ် နားထောင်ခဲ့ရလေ့ ရှိပါ၏ ။ ယခု သူ့ကို ပြန်ရှာမည့် အရေးသည် အလွန်ကြာမှ အစဖော်သည်ဖြစ်၍ ကောင်းသော်လည်း နှောင်းပြီ ထင်ပါသည် ဘုရား"
ဟု လျှောက်လာသည်။ ငလွန်းက ငနိုးကို ကြည့်လိုက်သည်။ ထိုအကြည့်ကို သဘောပေါက်သော ငနိုးက
"သည်လို ကိုလွန်းရဲ့၊ အရှင့်ခမည်းတော် အလောင်းမင်းတရားကြီး နတ်ပြည်စံတော့ သူက အသက် ၂၀ ကျော်ပြီ မဟုတ်လား။ အခု နှစ်ပေါင်း ၂၀ ကျော်အကြာမှာ သူရှိသေးရင်ရော သူက ပြန်ပြီး အမှုတော် ထမ်းပါဦးမလား။ သူ့အကြောင်းလည်း ကျွန်တော်တို့ ကိုလွန်းတို့ သိသားပဲ။ ဘယ်သူမှ မသိတဲ့ နောက်တစ်ကြောင်းလည်း ရှိသေးတယ်"
ငနိုး စကားမှာ စဉ်းစားဖွယ်ရာ။ ထိုသို့ သူ မတွေးခဲ့မိခဲ့။ စစ်သူကြီး တိမ်ကြားမင်းခေါင် ပြောခဲ့သည်နှင့်လည်း တူညီနေသည်။ လက်ျာဘီလူး ရှိသေးလျင်လည်း ပြန်လာလိုသည်မဟုတ်၍သာ မလာခြင်း ဖြစ်မည် တဲ့။ ထို့ပြင်တဝ နောက်တစ်ချက် ရှိသေးသည် ဆိုသည်ကို သူ့အပြင် မင်းတရားကြီးပါ စိတ်ဝင်စားသွားခဲ့၏ ။
"အယူတော် မင်္ဂလာ အမတ်ကြီးပြောတဲ့ နောက်တစ်ကြောင်း ရှိသေးသည် ဆိုတာကို ငါကိုယ်တော်လည်း သိလိုလှတယ် မောင်မင်း"
"မှန်လှပါ၊ အရှင့်ခမည်းတော် အယုဒ္ဓယသို့ စစ်ချီသည့်နှစ်သည် ၁၁၂၂ ခု၊ ထိုမှ နောင်တော်ကြီးမင်း နန်းစံ ၃ နှစ်အတွင်း တပ်မှူး လက်ျာဘီလူးသည် ယိုးဒယားမှ ပြန်လည်လာပြီး စစ်ကိုင်းအရောက် မ, တစ်လုံးကြေ သာသနာပိုင်ဆရာတော်နှင့် ဆုံခဲ့ကြသည်ဟု ဆိုပါသည်ဘုရား"
"ထိုအခါ သာသနာပိုင် ခင်ကြီးဖျော်က မိန့်တော်မူသည်မှာ လက်ျာဘီလူးသည် အရှင့်ခမည်းတော် နိုင်ငံတော် တည်ထောင်ရာတွင် ကူညီအားဖြည့်ရန် စေလွှတ်ခြင်း ခံရသူဟု ဆိုပါသည်။ ထို့နောက် မင်း၃ဆက် အရောက် နတ်အကျော်အမော်က ကူလာရမည် ဆိုသည်မှာလည်း အခြားမဟုတ်၊ မင်းသုံးဆက်သည် အရှင်မင်းကြီးထံတော်တွင် ပြည့်ပြီး ကျွန်တော်မျိုးမှာလည်း နတ်ပုဏ္ဏား ဝင်စားသူဟူ၍ အိပ်မက်တဘောင်နှင့် လာသူဖြစ်သည်။ ဆရာတော် ရည်ညွှန်းသူမှာ ကျွန်တော်မျိုးအပြင် မရှိပါပြီ"
အယူတော်မင်္ဂလာ၏ စကားကို ကြားသော် မင်းတရားကြီးသည် ခုနှစ် သက္ကရာဇ် နိမိတ် တဘောင်များကို ချိန်စက်၍ ကိုက်ညီသည်နှင့် အလွန်ဝမ်းမြောက်တော်မူ၏ ။ ငနိုးကိုလည်း ရှေ့ဆက် တင်လျှောက်စေ၏ ။
"မှန်လှပါ၊ ဆရာတော် အဟောထွက်သည်မှာ အရှင်နှင့်ကျွန် အတူလာသည်ဖြစ်၍ အတူပြန်ရမြဲ၊ ဘုရားကျွန်တော်မျိုးနှင့် ဘုန်းကြီးသည့် အရှင်လည်း ကောင်းတူဆိုးဘက် မျှဝေခံစား အတူသွားရမည့်သူများသာ။ သို့သော် လက်ျာဘီလူးသည် သူ့သခင်နှင့်အတူ မလိုက်မပါ ကျန်ရစ်ခဲ့ရသည်မှာ အမှုတော်ထမ်းရန် အရှင်တစ်ဦး ကျန်ရှိနေသေးသည် ဖြစ်မည်ဟု မိန့်တော်မူခဲ့ပါသည်။"
"ထိုသခင်သည်လည်း အရှင့်နောင်တော် ဆင်ဖြူရှင်တွင် မှန်သည် ဖြစ်၍ လက်ျာဘီလူး၏ သက်တမ်း ကုန်ပြီဟု ယူဆစရာ ဖြစ်နေပါကြောင်း တင်လျှောက်ဝံ့ပါသည်ဘုရား"
ဟောသမျှ တင်သမျှ မှန်ကန်လှသည်ဟု ကျော်ကြားနေသည့် အယူတော်မင်္ဂလာအမတ်က ထိုသို့ တဘောင် အဟောများနှင့် ဆိုသောအခါ ငလွန်း မလျှောက်မတင်တတ် ရှိ၏ ။ ထို့ကြောင့် မယ်တော်ကြီး ရှင်လွန်းမယ်ကပင် ဝင်၍
"သည်လိုဆိုလည်း မောင်နိုးရဲ့၊ သူတို့ကတော့ လူစုပြီးလည်း ဖြစ်နေပြီ။ ငါတို့မင်းမိဖုရားလည်း သူရဲကောင်းမှန်လျင် လိုချင်သည်ချည်း ကွဲ့။ မင့် အစွမ်းအစနဲ့ သူတို့ခရီး အောင်မြင်နိုင်မလား၊ ငလွန်း သူ သိလိုသည်ကို သိရမည်လား ဆိုတာ ကြည့်ပေးစမ်းပါ။ ငါလည်း မင်းပညာကို သဘောကျလွန်းလို့ ခု လက်တွေ့ မြင်ချင်စမ်းလှတယ်"
"မှန်လှပါ၊ အရှင်နှစ်ပါး အလိုကျ ကြည့်ရှုပေးပါမည်ဘုရား"
ဟု ဆို၍ ငနိုးက အတိတ်ကောက်ရန် ဘေးဘီဝဲယာ ကြည့်သည်။ လေသာပြတင်းဝယ် လက်နက်ကိုင်အစောင့်တစ်ဦး ခြေနင်းသံ ကြမ်းကြမ်းနှင့် လျှောက်သွားသည်ကို တိတ်ဆိတ်နေခိုက်မို့ အားလုံး ကြားမြင်လိုက်ကြရသည်။ ခေတ္တစောင့်ဆိုင်းနေစဉ် သစ်သီး လာဆက်သည့် မောင်းမကြီးတစ်ဦး တံခါးအဝင်၌ ခလုတ်တိုက်သွားသည်တွင် ငနိုးက
"လက်နက်ကိုင်အစောင့်ကို မြင်ကြားရသည့် အလိုမှာ ကိုလွန်း သိလိုသည်ကို တိတိကျကျ သိရမည်။ သို့သော် လက်ျာဘီလူးကို မြင်ခွင့်ရမည်မထင်။ သူနှင့် ပတ်သက်သူတစ်ဦးကိုမူ မျက်ဝါးထင်ထင် တွေ့ဆုံရလိမ့်မည်။ ထိုသူမှာ တပ်မှူး၏ အစောင့်အရှောက် ဖြစ်ဟန်ရှိသည်။ ညအခါဝယ် အဖြေပေါ်ပါလိမ့်မည်"
"အပျိုတော်ကြီး ခလုတ်တိုက်ခြင်းမှာမူ မကောင်း၊ အသက်ကြီးသူတစ်ဦး အန္တရာယ်ရှိသည် ဟူလို။ သက်ကြီးပါလျင် တပ်မှူး၏ အစောင့်အရှောက်ဖြစ်သူနှင့် ထိပ်တိုက်မတွေ့စေနှင့်။ အထူးသတိပြုပါ။ အလွန်ထူးခြားမှုများ ကြုံရလိမ့်မည်"
အယူတော်မင်္ဂလာအမတ်၏ အဟောကို ရလျင် မင်းကြီးနှင့် မိဖုရားကြီးတို့က ငလွန်းတို့ အပြန်၌ ဖြစ်ကြာင်းကုန်စင်ကို လာရောက် လျှောက်တင်စေ ဟု အမိန့်တော်နှင့် ရွှေတိုက်တော်မှ ငွေသား ခွက် ၂၀၊ ရွှေစအချို့ ထုတ်ယူခွင့်ပြုလိုက်လေသည်။
စရိတ်ရလျင် ငလွန်း အောက်ပြည်သို့ စုန်၍ ကြီးမောင်နှင့် ငရွှန်းကို ရှာ၏ ။ ကြီးမောင်က ဝမ်းသာအားရ လိုက်ပါလာသည်။ ငရွှန်းအား ထားဝယ်အထိ သွားရောက် ခေါ်ငင်သော်လည်း ကျန်းမာရေး မကောင်းသဖြင့် မလိုက်နိုင်၊ သူသိသူတစ်ဦးကိုမူ ညွှန်လိုက်သည်။ ထိုသူမှာ တပ်မှူး၏ လူတစ်ဦးဖြစ်၍ အလွန်အားကိုးရလိမ့်မည် ဟုလည်း ဆိုသည်။
ငရွှန်းပြောသည့် အရပ်သို့ မသွားမီ သူတို့ ရွာတစ်ရွာသို့ ဦးတည်သွားကြသည်။ ထိုရွာတွင် ရှိနေသူမှာ အနားယူသွားသော သွေးသောက်ကြီးတစ်ဦး ဖြစ်ပြီး တပ်မှူး အားအထားဆုံးသူလည်း ဖြစ်၏ ။ တပ်မှူးနှင့် နောက်ဆုံးအချိန်ထိ အတူရှိနေခဲ့ပြီး လက်ျာဘီလူး ပျောက်ဆုံးသွားခဲ့သည့်အရပ်၊ နေရာများကို လိုက်လံပြသပေးနိုင်မည်ဟု သိထားခဲ့ပြီးပြီ။
No comments:
Post a Comment