"ဒါ့ကြောင့် ငတွန်ကိုယ်တိုင် သူ့အမှားကြောင့် ၃ ရက်စောင့်ပြီး လိုက်တောင်းတာပေါ့။ လက်ျာဘီလူး အဖမ်းမခံရရင်လည်း ယိုးဒယားတွေက သူ့ကို ဝိုင်းဖမ်းကြမှာပဲ"
ငလွန်းက ထိတ်လန့်စွာနှင့်
"ခင်ဗျား.. ခင်ဗျားက ဘယ်သူလဲ၊ ဘယ်က ရောက်လာတာလဲ"
"ငါ့နာမည် ဒီပ၊ ဒီတောမှာ နေတာ"
နာဂသမန်းက
"ခင်ဗျားက ဘာလဲ၊ မုဆိုးပဲလား"
ထိုလူကြီးက အကြောက်အလန့် မရှိသော နာဂသမန်းကို သေချာကြည့်နေပြီးမှ
"ဟုတ်တယ်၊ တောမုဆိုးပဲ။ ဟိုဘက်က တောထဲမှာ ငါ့အိမ် ရှိတယ်"
ကြီးမောင်ကတော့ အသံပင် မထွက်နိုင်ဘဲ ပါးစပ်အဟောင်းသားဖြင့် လူညိုထွားကြီးကို ငေးကြည့်နေသည်။ အဘဖုန်သည် စက်ဆုပ် ရွံရှာသည့်စိတ်များ ဖြစ်ပေါ်လာပြီး ယင်းမုဆိုးကြီး ရောက်ရှိလာပုံအား ဘဝင်မကျနိုင် ဖြစ်နေရသည်။ ဖြတ်ထိုးဉာဏ် လျင်မြန်လှသော နာဂသမန်းက ရုတ်တရက် မေးလိုက်၏ ။
"အယုဒ္ဓယက အကြောင်းတွေ ဘယ်လိုသိသလဲ"
မုဆိုးကြီးက အမှောင်ရိပ်၌ ရပ်နေရင်း
"ငါလည်း ပါတာပဲ။ သိတာပေါ့"
တစ်ချိန်လုံး ငြိမ်နေသော ငကံ အသံထွက်လာသည်။
"ကျုပ် ခင်ဗျားကို မမြင်ဖူးပါလား"
"ငါကတော့ မင်းကို သိတယ်။ တပ်မှူး လက်ျာဘီလူးနောက်မှာ အမြဲပါတဲ့ အကြပ် ငကံမဟုတ်လား။ နောက် သွေးသောက်ကြီး ငကံလေ"
ထိုသူက အတိအကျ ပြောနေသဖြင့် သူတို့အားလုံး တွေဝေနေကြသည်။ ဘီလူးတပ်သားများထဲမှတော့ မဟုတ်။ မင်းခေါင်နော်ရထာ၏ တပ်လည်း လူများပြားလှသဖြင့် လူတိုင်းကို သိနိုင်ရန် မလွယ်၊ သို့သော် အယုဒ္ဓယတွင် နောက်ချန်နေခဲ့စဉ်ကမူ လူအနည်းငယ်သာ ဖြစ်သဖြင့် ထိုအထဲ၌ ဤလူကြီး မပါဟု ငကံ ထင်မိသည်။
"ငါ့ကိုရော သိလား အေး"
နာဂသမန်း မေးလျင် အမှောင်ရိပ်မှ လူကြီးက
"မသိဘူး၊ မင်းက နောက်မှ ဝင်တဲ့သူလား"
"ဟုတ်တယ်"
သို့ဆိုလျင် ဤလူကြီးသည် အလောင်းမင်းတရား၏ တပ်သားဟောင်းကြီးတစ်ဦး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မင်းခေါင်နော်ရထာကို ငတွန်ဟု ခေါ်နေခြင်း ဖြစ်မည်။ နာဂသမန်းကို မသိပုံ ထောက်လျင် ဆင်ဖြူရှင်လက်ထက်၌ အမှုထမ်းခဲ့ပုံမရ။ ထိုအကြောင်းကို သိသာစေရန် ငလွန်းက မေးခွန်းမေးလိုက်၏ ။
"မြေဒူးမင်း လက်ထက်မှာ ဘယ်ရောက်နေလဲ"
"ဒီတောထဲ ရောက်နေတယ်၊ ငါ့အလုပ်က အမဲလိုက်တာပဲ"
ဘာပဲပြောပြော ဒီပ ဟူသော လူကြီးအား သူတို့အားလုံး သဘောမကျချေ။ ရောက်လာပုံမှာ ဗြုန်းစားကြီး ဖြစ်ပြီး ကုန်းမှ မလာဘဲ ရေထဲမှ တက်လာသည်မှာလည်း ဆန်းနေ၏ ။ သူတို့အမြင်တွင် သန်မာတောင့်တင့်လွန်းနေပြီး စစ်သည်တော်များအတွင်း သည်ပုံမျိုး မမြင်ဖူးခဲ့ဟု ထင်မိကြသည်။ အဘဖုန်မှာ အဆိုးဆုံး ဖြစ်သည်။
သူက စစ်သည်များကိုလည်း မသိ၊ ဖြစ်ရပ် အကြောင်းအရာများလည်း မသိခဲ့၊ သူသိသည်မှာ မည်သို့ ရေထဲမှလာ၍ မည်သို့ သူတို့အနား ရောက်နေသည်ကို ဘဝင်မကျမိခြင်း ဖြစ်သည်။ ဤမျှ ကြီးမားသော ကိုယ်ကာယကြီးအား အနီးနား ရောက်ရှိနေသည်အထိ သတိမပြုမိသည့် သူ့ကိုယ်သူသာ ကျိန်ဆဲနေမိသည်။
မုဆိုးမျက်စိ မုဆိုးနား ထိုမျှ မွဲသွားသည်မှာ အသက်အရွယ်၊ ပင်ပန်းမှုများနှင့်လည်း ဆိုင်နိုင်ပါသည်။ သို့သော် သူ့ကိုယ်သူ ယုံခဲ့သမျှ ယခု ဤလူနှင့်ကျမှ ပျက်စီးသွားရသည်ကို မကျေမနပ် ခံစားနေရ၏ ။ နာဂသမန်းကတော့ လူငယ်ပီပီ အသင့်အနေအထားဖြင့် ဓားကို လက်တစ်ကမ်း၌ ချထားသည်။ လူစိမ်းက သတိပြုမိဟန် ရှိသော်လည်း ဂရုမစိုက်ဘဲ ကျောက်တုံးကျောက်ခဲ ထူထပ်သော ချောင်းစပ်မှ ကျောက်တုံးကြီးတစ်တုံးပေါ် သွားထိုင်လိုက်ပြီး
"မောင်ရင်တို့ ဒီတောထဲကို ဘာအတွက် လာကြတာလဲ၊ အရင်က ဘယ်သူမှ ဒီလို မလာဖူးပါဘူး"
သူက ပြန်မေးအလှည့် ဖြစ်ရာ ငလွန်းတို့ ဖြေကြရသည်။
"လူတစ်ယောက်ကို လာရှာတာပါ"
"ဒီတောထဲ ဘယ်သူမှ မလာဘူး၊ လာတဲ့သူ ရှိရင်လည်း ဒီမှာ ကြာကြာမနေကြဘဲ ချက်ချင်း ပြန်ထွက်သွားတာချည်းပဲ။ အသက်ရှင်လျက် ရှိနေတဲ့လူ ဘယ်သူမှ ဒီတောမှာ မရှိဘူးဆိုတာ ကျုပ် သိတယ်"
"ကျုပ်တို့လည်း အသက်ရှင်လျက် တွေ့ရလိမ့်မယ် လို့ သိပ်တော့ မမျှော်လင့်ထားပါဘူး"
"ဒါဆို မောင်ရင်တို့က အလောင်းလာကောက်တာလား"
သူ့စကားအဆုံးတွင် ကြီးမောင်က ထရပ်လိုက်သည်။ ငလွန်းက မသိမသာ ဆွဲထားရင်း
"ခင်ဗျားက ဒီတောမှာ နေတာဆိုတော့ နယ်မြေ ကျွမ်းမှာပဲ။ ဘီလူးတောင်ကို လမ်းညွှန်ပေးပါလား"
"ဘီလူးတောင်၊ ဟုတ်လား။ အဲဒီဘက်ကို ဘာသွားလုပ်ကြမှာလဲ။ အပင်လည်း မရှိဘူး။ လူလည်း မရှိဘူး။ သားကောင်လည်း မကျန်တော့ဘူး။ ကျောက်တုံး ကျောက်ခဲတွေပဲ ရှိတယ်"
"ဘာဖြစ်ဖြစ် ကျုပ်တို့ သွားရမှာပဲ။ ကျုပ်တို့ သိချင်တာကို အဲဒီဘက်မှာ သွားရှာရလိမ့်မယ်။ တစ်ခုခုတော့ သိရမှာပဲလို့ ကျုပ်တို့ ထင်နေတယ်"
"ဒါဆိုလည်း မင်းတို့ သိချင်တာကို ငါလိုက်ပြပါ့မယ်။ အခုတော့ မဟုတ်ဘူး။ မနက်ဖြန်ည ငါလာခဲ့မယ်။ အခု အလုပ်ရှိသေးတယ်"
ပြောပြောဆိုဆို ထိုလူကြီးက ခြေသံပြင်းပြင်းနှင့် ထထွက်သွားသည်။ ငလွန်းသည် တစ်စုံတစ်ခုကို သတိရလိုက်မိသလို ရှိ၏ ။ ဘာမှန်းတော့ မသိ။ အခြားသူများကို ကြည့်တော့လည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်၍ ဘယ်လိုသဘောရလဲ ဟု မေးလိုသည့် မျက်လုံးများကိုသာ တွေ့ရသည်။ သူတို့နှင့်စာလျင် မိမိက တစ်ခုခု ပိုသိထားသေးသည် ထင်မိ၏ ။
ထိုည သူတို့ အိပ်မပျော်ကြ။ ကြမ်းတမ်းသည် ဟူသော တောနှင့် ရုတ်တရက် ပေါ်လာသော လူကြီးက သူတို့အတွေးများအား ခြောက်လှန့်နေသည်။ လူကြီးသည် နောက်တစ်ခေါက် ပြန်မလာဟု မဆိုနိုင်၊ အလစ်ချောင်း၍ မတိုက်နိုင်ဟု ပြောမရ။ ဤတောထဲ ဝင်လာသမျှ သူက ရန်ပြုနေသည်လည်း ဖြစ်နိုင်သည်။ သူ့အသွင်၌ ရန်လိုခြင်း၊ မနှစ်မြို့ခြင်းများကို မြင်နေကြရ၏ ။
သူတို့အနီးတွင် မီးတောက်သံ တဖျစ်ဖျစ်မှအပ တောသံတောင်သံ စကားသံများ လုံးဝ တိတ်ဆိတ်နေသည်။ သူတို့အားလုံးလည်း အိပ်မပျော်ဘဲလျက် ငြိမ်သက်နေကြ၏ ။ အဝေးဆီမှ တောပြိုသံအချို့ ကြားနေရသည်။ ထိုလူကြီးသည် ညဘက် အမဲလိုက်နေသလား မသိ။ မီးရောင်ကဲ့သို့သော အလင်းများကိုလည်း တောနက်ထဲဝယ် မြင်ရကဲ့သို့ ရှိသည်။
တစ်ညလုံးလိုလို အိပ်ရေးပျက်ခဲ့ကြသဖြင့် နံနက်တွင် ၅ ဦးစလုံး ငူငူငိုင်ငိုင် ဖြစ်နေကြသည်။ အငွေ့တထောင်းထောင်း ထနေသည့် ချောင်းရေနှင့် မျက်နှာသစ်ကြပြီး မီးပြန်ဖို၍ ရေနွေးကြမ်း သောက်ရင်း ငြိမ်သက် စဉ်းစားနေကြပြန်သည်။ အဘဖုန် စီစဉ်ပေးသည့် ကောက်ညှင်းပေါင်းများကို အသားခြောက်နှင့် စားသောက်ပြီးကြသောအခါ သူတို့သည် ဘီလူးတောင် ရှိမည့်အရပ်သို့ မှန်းဆ ထွက်ခဲ့ကြသည်။
တစ်နေ့လုံး ရှာသော်လည်း လမ်းပြရွာသား ပြောခဲ့သည့် ဘီလူးတောင်ဟု ထင်မြင်ရသော ပုံသဏ္ဍာန်မျိုးကို မတွေ့ခဲ့ရ။ သူတို့ကလည်း ချောင်းစပ်မှ မခွာဘဲ ပူးတုံချည်းတုံပြု၍သာ ရှာနေသောကြောင့် ဖြစ်မည်။ မုဆိုးကြီး၏ အိမ်ကိုလည်း မတွေ့။ ဘီလူးတောင်ဟု ဆိုရမည့် ကျောက်စိုင်ကျောက်သားများ ပြည့်နေသည့် တောင်မျိုးကို မတွေ့ဘဲ တောင်ကတုံးအချို့နှင့် ဖုန်းဆိုးမြေများကိုသာ တွေ့ရတတ်သည်။
သို့သော် မြေပြင်အနေအထားမှာ သူတို့ ရည်မှန်းရာနှင့် နီးစပ်နေပြီဟု စိတ်ထဲမှ အလိုလို သိနေကြသည်။ သူတို့သည် တိုင်ပင်မထားဘဲနှင့် ချောင်းနှင့် ခပ်လှမ်းလှမ်းတွင် စခန်းချလိုက်ကြသည်။ ချောင်းဘေးတစ်လျှောက် ကျယ်ပြန့်လှသော ကျောက်တောကြီး၏ အဆုံး တောင်ကတုံးတစ်ခု၏ အစပ်၌ အိပ်ရန်နေရာများကို စုဝေးပြင်ဆင်ထားကြ၏ ။ နာဂသမန်းတို့ပင် သစ်ခြောက်ပင်အချို့ ရှိလျက်နှင့် တက်မအိပ်တော့ဘဲ ငလွန်းတို့ ၃ ဦးအနီး လာအိပ်ကြလေသည်။
ညဉ့်နက်သည်အထိ လူကြီး ပေါ်မလာ။ သူတို့သည် မီးပုံကြီး လေးပုံကို ထောင့်များ၌ ဖိုထားပြီး အလယ်တွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်ရာ မကြာမီ ငိုက်မြည်းလာကြသည်။ အလွန်လည်း ပင်ပန်းနေကြပြီ။ လသာသော ညဖြစ်၍ ဝန်းကျင်မှာ ပြာလဲ့အေးချမ်းနေ၏ ။ ကြမ်းတမ်းသော ရေစီးသံကြောင့် ကြီးမောင်နှင့် ငကံမှာ မထိန်းချုပ်နိုင်တော့ဘဲ လှဲအိပ်လိုက်ကြပြီ။
အဘဖုန်နှင့် ငလွန်းလည်း အလွန်ငိုက်နေ၏ ။ သို့သော် မုဆိုးကြီး ပေါ်လာလျင် လိုက်ပြပေးလိမ့်မည်ဟူသော အသိကြောင့် သတိဝင်လာတိုင်း ခေါင်းထောင်၍ ရှာမြဲဖြစ်သည်။ နာဂသမန်းက ကျောက်တုံးတစ်တုံးအား ဓားငယ်ကလေးဖြင့် ခြစ်ရင်း စိတ်ရှည်လက်ရှည် ပုံဖော်နေသည်။ ညက တစိမ့်စိမ့် အေးလာ၏ ။
တိမ်အုပ်ထဲ လပျောက်သွားချိန်တွင် လူကြီး ရောက်လာသည်။ ခြေသံပြင်းပြင်းနှင့် ကျောက်ခဲများကို တဂျွမ်းဂျွမ်း နင်းလာသောကြောင့် အဘဖုန်နှင့် ငလွန်းတို့ နိုးသွားကြ၏ ။ ငကံတို့ကတော့ နွမ်းလျစွာ အိပ်မောကျနေကြသည်။ နာဂသမန်းသည် လာနေသော လူကြီးအား မျှော်ကြည့်နေ၏ ။
လူကြီးက သူတို့နှင့် လှမ်းလှမ်းမှ ရပ်၍ "ဘယ်သူလိုက်မှာလဲ" ဟု မေးလိုက်ရာ နာဂသမန်း ဆတ်ခနဲ ဖြစ်သွားသည်။ ငလွန်းက မှုန်ဝါးဝါးဖြင့် ဒယီးဒယိုင် ထရပ်ပြီး တစ်ခုခု ပြောမည်ကြံစဉ် လူကြီးက လေသံတိုးတိုးနှင့်
"အကုန်လုံး မလိုက်နဲ့၊ မင်းတို့တွေ ပင်ပန်းထားကြတယ်မဟုတ်လား။ ၂ ယောက်ပဲ လိုက်ခဲ့။ သိပ်မဝေးဘူး၊ ခဏပဲ လျှောက်ရမှာ"
အဘဖုန်က ငြင်းမည်ကြံသော်လည်း မငြင်းနိုင်၊ အားနည်း၍ အသံမထွက်နိုင် ဖြစ်နေသည်။ နာဂသမန်းလည်း ထရပ်ပြီး သူတို့ လီဆူများလက်စွဲ ဒူးလေးကို လွယ်လိုက်သည်။ သူတို့၏ ဒူးလေးသည် ၄ ပေခန့်ရှည်၍ အခြားဒေသမှ ဒူးလေးများထက် သန်မာအားကောင်းကြသည်။ သစ်မြစ်မှ ထုတ်ယူသည့် အဆိပ်ကလည်း အစွမ်းထက်လှပြီး ရေတွင် ပျော်ဝင်နိုင်သဖြင့် ကျည်တောက်နှင့်ထည့်၍ ဖုံးအုပ်ထားရ၏ ။
သူက ရိုးရိုးသစ်သား မြားတံများကို မယူဘဲ သားကောင်ကြီးပစ်သော သံခေါင်းတပ် မြားတံဘူးကို ယူလာသည်။ ငလွန်းကတော့ ဆောင်ဓားလွယ်လျက် လှံတစ်စင်းနှင့်။ အဘဖုန်သည် တစောင်း လှဲနေရာမှ အားယူ၍ ထလိုက်ပြီး ငကံတို့အား နှိုးမည်ပြင်သည်။ သူ့လက်သည် မလှမ်းနိုင် မရောက်နိုင်၊ သူ့အသံသည် အလွန်အားနည်းနေပြီ ဖြစ်၍ တိုးညှင်းစွာသာ ထွက်နိုင်တော့သည်။
ငလွန်းနှင့် နာဂသမန်းက သူတို့လိုက်သွားကြည့်မည်၊ စိတ်မပူနှင့်။ နံနက်မှ အားလုံးထပ်သွားကြမည် ဟု ဆို၍ လိုက်ရန်ပြင်ကြသည်။ အဘဖုန် အားတင်းထိုင်ပြီး သူတို့အား ကြည့်စဉ် တစ်စုံတစ်ခု တွေ့၍ အလန့်တကြား အသံတစ်ချက် ထွက်လာသည်။
"မလိုက်နဲ့... မလိုက်..."
သူ့အသံက တစ်ချက်သာ ထွက်နိုင်ပြီး လူကြီး လှည့်ကြည့်လိုက်သော အကြည့်အောက်၌ တိုးဝင် ပျောက်ကွယ်သွားသည်။ နှုတ်ဆွံ့သူလို ပါးစပ်တဟဟဖြင့် ပြူးကြည့်နေ၏ ။ လူကြီးကလည်း စူးရဲပြောင်လက်သော မျက်လုံးများဖြင့် အဘဖုန်အား စိုက်ကြည့်နေသည်။ အဘဖုန် ပက်လက်လဲကျသွား၏ ။
ငလွန်းတို့ ပြေးလာပြီး နာဂသမန်းက အဘဖုန်ကို ပွေ့လိုက်သည်။ အဘဖုန်သည် မျက်လုံးများ မှိတ်ထားရင်း ဖိုလှိုက်နေရာမှ လေသံဖြင့် "မလိုက်နဲ့" ဟု တစ်ခွန်းသာ ထပ်ပြောနိုင်ပြီး လက်ကမူ နာဂသမန်း လက်မောင်းကို တင်းတင်းဆုပ်ထားသည်။ ဒီပ ဟူသော မုဆိုးကြီးက
"သူ့လူတွေကို စိတ်မချဖြစ်နေတာပါ။ အဖိုးကြီး စိတ်မပူနဲ့၊ ခင်ဗျားလူတွေ ဘာမှ မဖြစ်ဖို့ ကျုပ်တာဝန်ယူတယ်။ သူ သိပ်အားနည်းနေတယ်။ ဟိုနှစ်ယောက်ကို နှိုးပြီ ပြုစုခိုင်း။ အချိန်မရှိတော့ဘူး။ ငါတို့ သွားမှ ရမယ်"
ငလွန်းက ငကံနှင့် ကြီးမောင်ကို နှိုးလိုက်သည်။ ငကံက ကုန်းထလာသော်လည်း ကြီးမောင်မှာ မျက်လုံး မဖွင့်နိုင်။ ကြောင်စီစီ ဖြစ်နေသည့် ငကံကိုပင် အဘဖုန်အား အပ်လျက် သူတို့ ထွက်လာကြသည်။ ငကံ လိုက်ချင်သော်လည်း မဖြစ်၍ နေခဲ့ရ၏ ။
သူတို့ ထွက်သွား၍ ဝေးဝေးရောက်မှ အဘဖုန် မျက်ရည်များ စီးကျလာပြီး မျက်လုံးပွင့်လာသည်။ ငကံကို ကြည့်လျက် စကားတစ်ခွန်း ဆို၏ ။
"အဲဒါ လူမဟုတ်ဘူး"
No comments:
Post a Comment