မင်းတရားကြီးထံ မဝင်မီကပင် ကြိုတင် အကြောင်းကြားထားခဲ့သဖြင့် ထိုသွေးသောက်ကြီးကလည်း ငလွန်းတို့ကို စောင့်မျှော်နေ၏ ။ ငလွန်းတို့ ရောက်သောအခါ ဝမ်းမြောက်စွာ ကြိုဆိုလေသည်။ ထို့နောက် ခရီးသွားရန်အတွက် ပြင်ဆင်ကြရသည်။ ရိက္ခာ၊ အခြောက်အခြမ်း၊ အဝတ်အစားတို့ကို ထုပ်ပိုး၍ ငလွန်း၊ ကြီးမောင်နှင့် သွေးသောက်ကြီး ငကံတို့ ထွက်ခဲ့ကြသောအခါ ရွာမှ လှည်းများဖြင့် ၃ ရက်ခရီး လိုက်ပို့ပေးခဲ့ကြသေးသည်။
သူတို့သည် ဧရာဝတီ မြစ်ရိုးအတိုင်း အထက်သို့ တက်ခဲ့၏ ။ လှည်းကြုံ၊ လှေကြုံ၊ ခြေလျင် ခရီးများစွာ သွားခဲ့ကြပြီး ဗန်းမော်အလွန်၌ အလွန်ခေါင်သော ရွာတစ်ရွာသို့ ဝင်၍ ငရွှန်း ပြောလိုက်သူကို တွေ့အောင် ရှာရသည်။ ကံကောင်းထောက်မစွာဖြင့် ထိုသူမှာ မကြာမီ တောလည်သွားတော့မည်ဖြစ်ကြောင်း၊ တစ်ကြိမ်သွားလျင် ၂ လ ၃ လခန့် ကြာတတ်ကြောင်း၊ သူတို့ အချိန်မီရုံလေး ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။ သူနှင့်အတူ ရဝမ်အဖိုးကြီးတစ်ဦးကိုလည်း တွေ့ရလေသည်။
ထိုသူကို ငကံက ကောင်းကောင်းသိသည်။ ဆင်ဖမ်းစဉ်က သူတို့တပ်နှင့် လိုက်ပါလာခဲ့သော လီဆူမုဆိုးလေး နာဂသမန်း။ အလွန် အပင်ပန်း အဆင်းရဲ ခံနိုင်၍ တောသဘာဝ၊ သားကောင်သဘာဝများ ကျွမ်းကျင်သူ မုဆိုးကောင်းတစ်ဦး ဖြစ်သည်။ ရဝမ်အဖိုးအိုမှာလည်း မုဆိုးကျော်ကြီး ဖြစ်ခဲ့၍ ယခုအခါ သူတို့နှစ်ဦးသည် သားရိုင်းတောကောင်များ ဖမ်းဆီသတ်ဖြတ် စုဆောင်းခြင်း မပြုကြတော့ဘဲ ဆေးပင်၊ ဆေးမြစ်များ ရှာဖွေရောင်းချနေကြကြောင်း သိရ၏ ။
"နင်တို့ ရောက်လာတာ အချိန်ကောင်းပဲအေး။ တို့က ပန်နန်းဒင်အထက်ထိ တက်ပြီး ဆေးမြစ်တူးသွားကြတော့မလို့။ အဘဖုန်လည်း အသက်ကြီးပြီ ဆိုတော့ ဒီတစ်ခေါက် သွားပြီး အချီကြီး ရရင် နားတော့မယ်လို့ပဲအေး"
"နင်တို့ ဆေးမြစ်တူးစရာ မလိုတော့ဘူး။ တို့ တပ်မှူးကို သွားပြန်ရှာကြမယ်။ ပြီးရင် အပြန်ခရီးစရိတ် ချန်ပြီး ပိုသမျှ အကုန် နင်တို့ ပေးခဲ့မှာပဲ။ ရှမ်းပြည်မှာလည်း ဆေးပင်ဆေးမြစ် ပေါသားပဲ၊ သွားရင်းလာရင်း အဖိုးတန်တာ သယ်ခဲ့ပေါ့။ သစ်ခွတွေလည်း အများကြီး"
"ဒါနဲ့ တပ်မှူးကို တွေ့ပါတော့မလားအေး၊ ငါတော့ မထင်ဘူး။ တပ်မှူးက ရှိနေရင် တစ်နေရာရာမှာတော့ သူ့သတင်း ကြားရမှာပဲ။ လူသာမန်မှ မဟုတ်ဘဲအေး"
"ခုလို မတင်မကျ ချီတုံချတုံ ဖြစ်နေရတာကို သည်းမခံနိုင်တော့လို့ပဲ စုံစမ်းနေတာ ကြာပါပကောလားဟ။ ခက်တာက ငါလည်း နေရာ အတိအကျ မသိတော့ဘူး။ မြေပြင် အနေအထားတွေကအစ ပြောင်းလဲကုန်ပြီ။ ဟိုတစ်ခါ ငလျင် လှုပ်တုန်းက တောင်တွေ ချောင်းတွေ ပုံပြောင်း ပျောက်ကွယ်ကုန်သတဲ့။ ရှမ်းပြည်ကို ငါ တစ်ခေါက် ရောက်သေးတယ်။ မမှတ်မိတော့ဘူး"
ငြိမ်နေသော ငကံက ဝင်ပြောလာသည်။
"အဲဒီနားသာရောက်၊ ကျုပ် မှတ်မိတယ်"
သူ့ကို အားလုံးက ဝိုင်းကြည့်လိုက်ကြသည်။
"ဟုတ်တယ်၊ တပ်မှူး ကျဆုံးတဲ့ နေရာမို့ သေသေချာချာ ကြည့်ထားခဲ့တာ၊ မျက်လုံးထဲကကို မထွက်သေးဘူး။ ၅ နှစ်လောက် အတွင်းမှာ သိပ်အများကြီး ပြောင်းလဲမယ် မထင်ဘူး။ အပင်တွေ ကြီးပြီး တောအုပ် ဖုံးသွားမယ်။ ချောင်းပျောက်ချင် ပျောက်မယ်။ တစ်နေရာမှာတော့ ပြန်ပေါ်လာမှာပဲ။ သိန်းနီ အနီးတစ်ဝိုက် ရောက်ရင် အလိုလို သိလာမှာပါ"
နာဂသမန်းကလည်း
"အဲဒီဝန်းကျင်ရောက်ရင် တောအခြေအနေကို ကြည့်ပြီး သုံးသပ်လို့ ရမယ်။ ဟိုရောက်မှ ဘယ်ဘက်ကို လိုက်ရမယ်၊ ဘယ်လို ဖြစ်သွားတယ်ဆိုတာ ပြောလို့ရမယ်။ အဘဖုန်က ငါ့ထက် ပိုသိတယ်။ အဘဖုန်ပါရင် တပ်မှူး ရောက်နိုင်တဲ့ လမ်းကြောင်းကို ကောင်းကောင်း သိရမှာပဲအေး"
ရဝမ်အဖိုးအိုက ဆေးတံခဲရင်း ခေါင်းတညိတ်ညိတ်။ ကြီးမောင်က တွေးတွေးဆဆနှင့်
"ဘဖုန်က အသက်ကြီးပြီ၊ တောကြမ်း တောင်ကြမ်း ရေမြေကြမ်းရင် ခံနိုင်ပါ့မလား"
နာဂသမန်းနှင့် အဘဖုန်က ပြုံးလိုက်ကြသည်။
"ကြည့်လိုက်ပေါ့အေး"
xxxxxxxxxxxxxxxxxxxxxxxxxxxxx
ငလွန်း၊ ကြီးမောင်၊ ငကံ၊ နာဂသမန်းနှင့် အဘဖုန်တို့ ငါးဦး လက်ျာဘီလူး ရှာပုံတော် ခရီးကို ဗန်းမော်မှ စ၍ ဖွင့်လိုက်ကြသည်။ အရှေ့တောင်စူးစူးသို့ တောတောင် လျှိုမြောင် အထပ်ထပ် ဖြတ်လာခဲ့သည်။ လွင်ပြင်ဟူ၍ မတွေ့ရတော့သလောက်၊ ရက်များစွာ သွားမိတော့မှ ကြီးမောင်မှာ အဘဖုန်ကို မီအောင် မလိုက်နိုင်သည်ကို တွေ့ရလေ၏ ။
မုဆိုးခြေနှင့် ရှေ့က ခုတ်ထွင်သွားကြသော နာဂသမန်းတို့နောက် သူတို့ ဖြည်းဖြည်းမှန်မှန်သာ လိုက်နေရသည်။ မျက်ခြေပြတ်သွားတတ်၍ ဝူး ဟစ်ရသည်လည်း အကြိမ်ကြိမ်၊ တောင်အတက်များတွင် သူတို့ မြေပြန့်သားများ မောဟိုက်နေသော်လည်း ရှေ့မှ သွားသည့် အဘဖုန်တို့က မောပန်းဟန်ပင် မပြ။
"နင်တို့ နောက်ကျတယ်ကော"
"နင်တို့ နှေးတယ်ကော"
ဟုသာ ဆိုလေ့ရှိရာ သဘောရိုးနှင့် ပြောခြင်းဖြစ်သော်လည်း ကြီးမောင်အဖို့ ခံရခက်နေ၏ ။
သွားရင်း သွားရင်း တစ်ပတ်ကျော် အကြာ၌ တရုတ်နယ်ထဲ ရောက်ရှိသွားသေး၏ ။ ရွာများအတွင်း ဝင်လျင် သူ့စကား နားမလည်၊ ကိုယ့်စကား နားမလည် ဖြစ်ကြသောကြောင့် လက်ဟန်ခြေဟန်ဖြင့်ပင် ရိက္ခာဝယ်ယူ၊ မြေပုံထောက်ပြ မေးမြန်းကြရ၏ ။ မဖြေနိုင်ကြသည် များ၍ အဘဖုန်သာ ရမ်းရော်မှန်းဆ လမ်းညွှန်ပြနေရသည်။
မြစ်တစ်ခုကို မြင်လျင် တောင်ဘက် ဆင်းခဲ့ကြပြန်သည်။ ရေစီး အလွန်ကြမ်းသလို ခရီးလည်း အလွန်ဆိုးဝါး၏ ။ တောင်ကမ်းပါးစောက်များ၊ ဝါးတံတား ယိုင်နဲ့နဲ့များနှင့် ဆွေးမြည့်နေသော ကြိုးတံတားအချို့ကို ဖြတ်ကြရရာ အသည်းတအေးအေး။ အချို့နေရာများတွင် လမ်းမရှိသဖြင့် ဖောင်ပန်းပြုလုပ်ကာ မြစ်အကြောင်းအတိုင်း လိုက်ရသည်လည်း ရှိသည်။
သို့နှင့် မြန်မာနယ်ထဲ ပြန်ရောက်လာကြပြန်၏ ။ မေးမြန်းဆက်သွယ်၍ ရလာ၏ ။ တည်နေရာကို မှန်းဆနိုင်သဖြင့် သွားရမည့်လမ်းကြောင်းကို ရွေးချယ်နိုင်လာသည်။ သို့သော် တောင်များစွာကို ဖြတ်ရပေဦးမည်။ လမ်းတွင် လမ်းပြနှင့် အထမ်းသမား နှစ်ယောက် ငှားခဲ့ရသေးသည်။
နာဂသမန်းတို့က လူပို မခေါ်ချင်။ ရိက္ခာများကို သူတို့ သယ်မည် ဆိုနေသည်။ လီဆူတို့သည် အစားအသောက် ခြိုးခြံတတ်ရာ မြေပြန့်သား ၃ ဦး တစ်ရက်စာသည် သူတို့ တစ်ပတ် စားလောက်၏ ။ ကြီးမောင် အတင်းတိုက်တွန်းနေသဖြင့်သာ ငလွန်းက ရွာသားနှစ်ဦး အထမ်းခေါ်ခဲ့ခြင်း ဖြစ်သည်။ ငကံသည်လည်း တောကြမ်း တောင်ကြမ်းများစွာ ဖြတ်ခဲ့ရသဖြင့် ကျန်းမာရေး ယိုယွင်းလာသည်။ ခြေထောက်များ ပေါက်ပြဲနေပြီး သဲဝဲစားသည့်ဒဏ်လည်း ခံနေရ၏ ။
အဆိုးဆုံးမှာ ညဘက်ရောက်လျင် အုံခဲနေတတ်သည့် မှက် ခြင် ဖြုတ်များ၏ ကိုက်ခဲမှု ဖြစ်သည်။ အအိပ်အနေနည်းသော မုဆိုးနှစ်ယောက်မှ လွဲ၍ ကျန်သူအားလုံး ခြင်ကိုက်၍ အိပ်ပျက်သည့် ဒဏ်ကို ခံနေရလေပြီ။ မီးပုံမည်မျှ ဖိုဖို၊ အဝတ်များ မည်မျှဖုံးဖုံး အအေးဓာတ်ထက် ဆိုးရွားသည့် ပိုးမွှားများကိုမူ မနိုင်။ ငကံမှာ ဖျားနေပေပြီ။
တပ်မှူးတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ သိန်းနီရောက်ရန် နောက်ထပ် ခရီးတစ်ပြန်စာ နီးပါး ကျန်သေးသည်။ မတတ်နိုင်၊ အနီးဆုံးရွာ ရှာရတော့သည်။ ငကံနားတွင် ကြီးမောင်နှင့် အထမ်းသမားများကို ထားခဲ့ပြီး ကျန်သုံးဦး လူခွဲ၍ ရှာရာ ငလွန်းနှင့် နာဂသမန်းက မတွေ့၊ အဘဖုန်က နှစ်ရက်ခရီးတွင် ရွာငယ်တစ်ရွာ ရှိမည်ဟု ဆို၏ ။ ထိုရွာသို့ ဦးတည်၍ ထွက်ခဲ့ကြသည်။
တောင်ထိပ်တစ်ခုမှ အဘဖုန်ပြရာသို့ မျှော်ကြည့်ကြလျင် တောင်ယာလှေကားထစ်များကို ပျပျ မြင်ကြရသည်။ ထိုနေရာကို မှတ်သား၍ ပျောက်လိုက်ပေါ်လိုက် ကြည့်ရင်း လျှောက်ခဲ့ကြရာ ၂ ရက်လွန်လျင် အိမ်ခြေ ၁၅ အိမ်ခန့် ရွာတစ်ရွာကို တွေ့ရလေသည်။
ပြတင်းပေါက်မရှိ၊ အမိုးခုံးကြီးများနှင့် ခြေတံရှည်အိမ်ကြီးတစ်အိမ်၏ အလယ် မီးလင်းဖိုရောက်မှ ငကံ နေသာထိုင်သာ ရှိသွားသလို အခြားသူများလည်း သက်ပြင်းချနိုင်ကြသည်။ အဘဖုန်က ရွာသူကြီးနှင့် ခေါင်ရည်သောက်ရင်း လေပေးဖြောင့်နေ၏ ။ နာဂသမန်းသည် ရောက်ရောက်ချင်း ပတ်ဝန်းကျင်အား လေ့လာရန် ပြန်ဆင်းသွားပြီး ငလွန်းနှင့် ကြီးမောင်ကတော့ ခြေပစ်လက်ပစ် လှဲနေလိုက်ကြသည်။ အထမ်းသမား နှစ်ဦးမှာ နေရာယူ ပြင်ဆင်လျက် အိပ်နေကြပြီ။
No comments:
Post a Comment