"သွေးသောက် ငရွှန်းက ဘီလူးတပ် ရောက်သွားပေမယ့် ကျုပ်တို့နဲ့ ဘယ်တော့မှ အဆက်အသွယ် မပြတ်တာ စစ်ကြီး ပြီးတဲ့အထိပဲ။ ကျုပ်တို့ကလည်း ဘယ်လောက် လူညီသလဲဆို သူပုန်အဖြစ် အဖမ်းခံရတော့တောင် အတူတူဗျ။ ဟိုကောင် ငလွန်းသာ အဖမ်းမခံနိုင်ဘူး ဆိုပြီး ကိုယ်လွတ်ရုန်းသွားတာ"
"ဟာ.. ကြီးမောင်ရာ၊ အဲသည်လို မပြောပါနှင့်ဟ။ ငါလည်း မင်းတို့ကို ဘယ်ထားခဲ့ချင်မတုန်း။ သို့ပေမယ့် မင်းကြီးမှ မရှိတော့ဘဲ ဘာလုပ်ဖို့ အဖမ်းခံပြီး ထောင်ထဲ သွားနေရမလဲ၊ အဓိပ္ပါယ် မရှိလွန်းလို့ အဖမ်းမခံခဲ့တာပဲ။ ပြီးတော့လည်း ငါ့သဘောနဲ့ငါ ပြန်လာတယ် မဟုတ်လား"
"အဲလိုလုပ်လို့ မင်းတစ်ယောက်တည်း ကွဲပြီး ဝန်ကြီးလက်အောက် မရောက်မပေါက်ဘဲ တိမ်ကြားမင်းခေါင်ဆီ ရောက်သွားတာပေါ့ဟ"
"အဲလို ရောက်လို့လည်း မင်းတို့ထက် ပိုပြီး လက်ျာဘီလူးအကြောင်း သိခဲ့တာပေါ့ကွဲ့"
သူတို့နှစ်ဦး စကားနိုင်လုနေစဉ် လက်ျာဘီလူးအကြောင်း ပါလာ၍ ငကံ ခေါင်းထောင်သွားသည်။ ထိုအချိန်၌ တောမှာ ရုတ်တရက် ငြိမ်သွားသည်ကို အဘဖုန် သတိပြုမိလိုက်သည်။ လေလာမှာလား၊ ငလျင်ရှိသလားဟု တွေးနေစဉ် နာဂသမန်းက
"နင်တို့အကြောင်းတွေတော့ သိပြီးပြီ၊ ကိုရင် ငရွှန်းအကြောင်းလည်း ပြောပါဦး၊ သူက ဘယ်လိုလုပ် ဘီလူးတပ်ကို အရင်ရောက်ပြီးမှ မဟာသီဟသူရဆီ ရောက်သွားရတာလဲ"
ကြီးမောင်က ငလွန်းနှင့် ငြင်းခုန်နေရာမှ လက်ဖြင့်ပုတ်ချဟန်ပြု၍ စကားစ ဖြတ်လိုက်ပြီး နာဂသမန်းဘက် လှည့်လာသည်။
"ငရွှန်းက ဒဝယ်သား မောင်ရဲ့၊ တနင်္သာရီ ထားဝယ်ကျေးတွေ ပုန်ကန်တယ်ဆိုလို့ ငါတို့ ကုန်းဘောင်တပ်တွေ အောက်ပြည်ကို စုန်သွားတော့.."
ငလွန်းက ကြားဖြတ်လျက်
"အမယ်.. မယ်၊ ပုသိမ်သားက ဟံသာဝတီက ဖြတ်ဝင်လာပြီး ဘာ ငါတို့ကုန်းဘောင်တပ်လဲ။ တလိုင်းဟာ တလိုင်းပေါ့၊ ရွှေတပ်တော်သားယောင် ဆောင်လို့ ရမလား ကြီးမောင်ရဲ့"
"မင်း နေစမ်းပါကွာ၊ မြန်မာတပ်ကို ဝင်တော့လည်း မြန်မာပဲပေါ့။ မြန်မာဆိုတာ အားလုံးပါတယ်။ ပဲခူး ပုသိမ် မုတ္တမ ရာမည တိုင်းသုံးရပ်လုံး မြန်မာတပ်ချည်း ဖြစ်သွားတာပဲ မဟုတ်လား။ ဒါနဲ့ မင်းကရော၊ မုတ္တမကျေး တောင်စွန်းသားဆိုကွ"
"အေး.. ငါက ဒေါစွယ်ယစက် သစ္စာမရှိလို့ မြန်မာမင်းဆီ တမင်သွားမလို့ ထွက်လာပြီးသား၊ တလိုင်းလည်း မဟုတ်ဘူး ငရွှေမောင်"
"အေး.. နင်တို့ နောက်မှ ငြင်းကြအေး၊ ကိုရင်ငရွှန်းအကြောင်း မဆက်ရင် ငါ တက်အိပ်တော့မယ်"
နာဂသမန်းက ဝင်ပြောယူရသည်။ အမှန်တော့ ငလွန်းတို့နှစ်ဦးမှာ ငြင်းခုန်နေကျ မဟုတ်၊ တစ်ခါတစ်ရံမှသာ ဤသို့ စကားနိုင် ထလုကြလေ့ ရှိ၏ ။ ယခုလည်း ငရွှန်းကို သတိရ၍ သုံးဦးဆုံမိလျင် ပြောမြဲအတိုင်း ပြောနေမိကြခြင်းသာ ဖြစ်သည်။
"ဟုတ်ပါရဲ့၊ ငရွှန်းက ထားဝယ်သားတွေဘက်က တိုက်တော့ မြန်မာတပ်တွေကို ဘယ်ခံနိုင်မလဲကွာ၊ ရှုံးတော့တာပေါ့။ စစ်ရှုံးတော့ စစ်နိုင်တဲ့ တပ်မှူးတစ်ဦးက သူတို့ကို ကွပ်မယ် ပြင်တာပေါ့။ ငရွှန်းကလည်း ငရွှန်းပဲ၊ သေသည်အထိ မာန်မချဘူး။ ထွီလို့ လုပ်သတဲ့။ ဒီတော့ ဟိုတပ်မှူးက သူ့ကို အရင်ကွပ်ဆိုပြီး ဂုတ်ပေါ် ဓားတင်ထားတုန်း"
"မင့်တပ်မှူး မြင်းနဲ့ ရောက်လာရော နာဂသမန်းရဲ့။ ကွပ်မယ့် တပ်မှူးကို လှမ်းမေးတယ်။ သူတို့ကို အကုန်ကွပ်ပြီး နင် မြို့စောင့်နေခဲ့မှာလား တဲ့။ ကွပ်မယ့်သူ ဘာမှတောင် ပြန်မပြောနိုင်ဘူး။ ငါ လက်ျာဘီလူးကို ကြိုက်တာလည်း အဲဒါပဲ။ အပိုမပြောဘူး တစ်ခွန်းပဲ။ အဲဒီတစ်ခွန်းကလည်း ထိရောက်လိုက်သမှ ပြန်ပြောစရာကို မရှိဘူး"
ငလွန်းက ဝင်ပြောသောအခါ ကြီးမောင်ကလည်း
"ဟုတ်တယ်.. စကားတစ်ခွန်း၊ ဓားတစ်ချက်နဲ့ အရေးအောင်တာ သူတစ်ယောက်ပဲ ရှိမယ် ထင်တယ်။ စစ်ကဲဗိုလ်မှူးတွေလည်း သူပြောရင် ပြန်မချေနိုင်တာ များတယ်။ သူကလည်း အဓိက အချက်ကိုပဲ ထောက်လေ့ရှိသတဲ့။ တိုက်တဲ့အခါတိုင်းလည်း ခွဲဖြန့် မတိုက်ဘူး၊ ဘယ်ကို တိုက်ရင် ပျက်မလဲပဲ ရွေးတိုက်သတဲ့"
နာဂသမန်းက
"အဲသည်အချိန်က ရှမ်းပြည်ကို စစ်ချီဖို့ သွားတာ မဟုတ်လား ကိုလွန်း"
"ဟုတ်ပ၊ ဒါ့ကြောင့် သူက နင် မြို့စောင့်နေခဲ့မှာလား မေးတာ။ ထားဝယ်သားတွေကို ထားဝယ်မြို့စောင့် ထားမှ သူ လိုက်လို့ရမှာ ဆိုတော့ ဟိုတပ်မှူးက မကွပ်ရတော့ဘူး။ အဲသည်အချိန်မှာ အမှန်က လက်ျာဘီလူးမှာ ရာထူး မရှိတော့ဘူး။ ငါ့အထင် ရိုးရိုးတပ်သား သာသာပဲဟ။ ဒါပေမယ့် ခပ်တည်တည်နဲ့ တပ်မှူးကို ပြန်ခြောက်သွားတာ၊ ဟိုတပ်မှူးလည်း သူ့အရှိန်အဝါကို ကြောက်ပြီး တကယ် မြို့စောင့် ထားခဲ့မယ် ထင်လို့ ပြန်တောင်းပန်ယူရတယ်.. ဟားဟား"
အဘဖုန် ပြုံးမိသွားသည်။ သူတို့ ရှာနေသော တပ်မှူးမှာ လူငယ်သော်လည်း ကြံရည်ဖန်ရည်နှင့် ဉာဏ်သွက်သည် ဖြစ်မည်။ သူတို့ သူရဲကောင်းများ အားလုံးသည် အမှန်အမှား သင့်မသင့်ကို ဆုံးဖြတ်ရာ၌သာ အားနည်းတတ်ကြပြီး တိုက်ခိုက်လိုစိတ်နှင့် ရဲဝံ့ပုံများကတော့ အတူတူပင် ဖြစ်နေသည်မှာ ချစ်စရာ ကောင်းလှ၏ ။ အယုဒ္ဓယကို မလိုက်ရမည်စိုး၍ ရန်သူကို မကွပ်မျက်ခဲ့သော တပ်မှူးတစ်ဦးနှင့် ရန်သူပင် ဖြစ်စေကာမူ အရှည်ကို တွေးကာ ခွင့်လွှတ်တတ်သူတစ်ဦး။ သူတို့ စစ်သူရဲများအကြောင်းမှာ ထူးခြားပါပေ့။
"အဲဒီတော့ ငရွှန်းက ဘာထပြောသတဲ့လဲ၊ ကြည့်.. သူ့ကို အသက်လွှတ်သူကို ပြောတာက သင်ပြောသလို နေကြမည် ထင်လား၊ ငါတို့မြို့ကို ငါတို့နေရလျင် နောက်တစ်ကြိမ် ဤထက်ပို၍ ခက်ခဲစွာ လုပ်ကြံရမည်မှတ် တဲ့။ ငါသာ အဲ့ဒီနား ရှိရင် ငရွှန်းဆိုတာ သွေးသောက်ကြီး ဘယ်ဖြစ်တော့မတုန်း။ ခုတော့ လက်ျာဘီလူးက ရယ်ပြီး ကောင်းပြီ၊ ဒါဆို မင်းကို မထားခဲ့ဘူး၊ ငါနဲ့လိုက်ခဲ့ဆို သူ့တပ်ကို ခေါ်သွားသတဲ့။ နောက်မှ ငရွှန်းက တပ်မှူးအကြောင်း သိပြီး လက်ျာဘီလူးကို ချစ်လွန်းလို့တဲ့ဟ"
ပြောပြီး ကြီးမောင်တို့ ရယ်လိုက်ကြသည်။ အဘဖုန်လည်း လိုက်ရယ်သည်။ ငရွှန်းကိုရော သူ့တပ်မှူးကိုပါ အဘဖုန် သဘောကျနေပြီ။ နာဂသမန်းက ရယ်ရင်း
"သူက အစည်းအရုံးတော့ အတော်ကောင်းတယ်။ ငါလည်း သိတယ်။ အယုဒ္ဓယကို ချီတော့ အသွားအပြန် အတူတူပဲလားအေး"
"ဘယ်ဟုတ်မလဲ ကောင်လေးရ၊ အသွားတုန်းက မော်လမြိုင် ထားဝယ် မြိတ်ကနေ ပင်လယ်ဘက်ရောက်အောင် ပတ်သွားခဲ့တာ။ အပြန်ကျမှ အမြန်ချီရမှာဖြစ်လို့ အယုဒ္ဓယနေ အနောက်မြောက်ဘက်ကို ထောင်တက်ခဲ့ကြတာပဲ"
"နောက်တစ်ကြိမ် သွားသိမ်းကြတော့ရော နင်တို့တွေ ပါသွားသေးလား"
"မပါတော့ဘူးကွ၊ ငါတို့က ထောင်ကျနေတယ်။ ငလွန်းက ရာဇဝတ်သား ဖြစ်နေတာ။ နောက်မှ တရုတ်စစ်အတွက် ငါတို့ လူဟောင်းတွေကို ထုတ်ပြီး သေနာပတိတပ်တော်မှာ ထည့်လိုက်တာ"
"ငါလည်း မင်းတို့ လာကယ်မလို့ပါပဲကွာ၊ ရွာမှာ သံယောဇဉ်လေးတွေ မပြတ်သေးတာနဲ့ ကြာသွားတယ်"
"ခွေးကောင်၊ ရဲဘော်ရဲဘက် ပီသလိုက်တာ။ အိမ်သူမယား ရနေတုန်း ငါတို့ ကွပ်ခံလိုက်ရရင်တော့ မင့်သားသမီးကို ငါတို့နာမည်တွေ ပေးဖို့သာ ပြင်ထား"
"သားကိုက ဟုတ်ပါပြီ၊ သမီးမွေးရင် ကြီးမောင်တို့ ငရွှန်းတို့ နာမည်ပေးလို့ ဖြစ်မလား အရူးရဲ့"
"မမင်းမောင်တို့ မယ်ရွှန်းတို့ ပေးပေါ့ ငတုံးရ၊ ငါက သေရွာက ထပြီး အကြံပေးနေရဦးမှာလား"
သူတို့ ကျီစယ်နောက်ပြောင်နေကြသည်ကို ငကံတို့က ပြုံးလျက် နားထောင်နေကြသည်။ ပြောပြီးတော့မှ
"ဒါနဲ့ လက်ျာဘီလူးက အယုဒ္ဓယမှာ ဘာ့ကြောင့် တစ်ဦးတည်း ကျန်ခဲ့တာတုန်း"
နာဂသမန်း အမေးကို ကြီးမောင်က ဖြေပေးသည်။
"ရန်သူ့တပ်ထဲ အတင်းဝင်လို့ သေနတ်နဲ့ ဝိုင်းပစ်ပြီး ဖမ်းကြတာလို့ ပြောတာပဲ။ သူတစ်ယောက်တည်း အရှေ့ဘက်ကို စွတ်ဝင်သွားတာလို့ ပြောတယ်"
"မဟုတ်ဘူး။ မင်းတို့ ငတွန် အလိုက်လွန်လို့ သူက နောက်က လိုက်ခေါ်တာ"
ရုတ်တရက် အမှောင်ထဲမှ အသံကြီးတစ်သံက ဝင်ပြောလိုက်သဖြင့် သူတို့အားလုံး ကြောင်သွားပြီး ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ သူတို့ ၅ ဦး၏ အသံမဟုတ်၊ အသံသြဇာနှင့် ပြည့်စုံသည့် အက်အက်ရှရှ အသံသြကြီး ဖြစ်၏ ။ အသံလာရာက ချောင်းထဲမှ ဖြစ်နေသည်။ သူတို့အားလုံး၏ ခေါင်းများသည် မီးပုံဘေးမှ ချောင်းဘက် အမှောင်ထဲသို့ လည်သွားကြသည်။
No comments:
Post a Comment