အနားယူ အပန်းဖြေမည် ပြင်နေသည့် စိတ်များ ပြောင်းသွားကာ အရိပ်ထဲ ဝင်ပြီးမှ ချက်ချင်း ပြန်ထွက်လာခဲ့သည်။ နောက်မှ ခြေသံများကို နားစွင့်ထားသလို ရှေ့တွင် ကျလာမည့် အန္တရာယ်အတွက်လည်း အသင့်ဖြစ်နေသည်။
ရုတ်တရက် အရိပ်တစ်ခုက ဝှီးခနဲ ဖြတ်သွားသည်၌ သူ့ခါးကြားမှ ဓားလတ်သည်လည်း ထိုအရိပ်နောက်သို့ ထပ်ချပ် ပျံဝဲလိုက်သွားသည်။
"ဖလပ်.. ဖလပ်.. .. ဖလပ်"
ဓားပြန်ကောက်ရန် သွားရာ တွေ့ရသည့် ငှက်ကို မြင်မှ ဆာလောင်ရမည်ကို သတိရလာ၏ ။ သူက အစာကို ကောက်ယူကာ ဆွဲဝါးလိုက်ပြီး အမွေးများကိုမူ ထွေးထုတ်ပစ်လိုက်သည်။ ထို့နောက် ချုံတစ်ခုထဲသို့ ခပ်သုတ်သုတ် လျှောက်သွားပြီး ဝင်ပုန်းနေ၏ ။ အစာကုန်သည်အထိ ရန်သူများ ရောက်မလာသေးမှ ခုန်ထွက်ကာ ရှေ့သို့ ဆက်ပြေးသွားသည်။
ရန်သူများသည် နေရာတိုင်းတွင် စောင့်ကြိုနေ၏ ။ တောင်ကုန်းများပေါ်မှာ၊ သစ်ပင်များ၏ အနောက်ဘက်မှာ၊ သို့မဟုတ် ပူပြင်းလှသော တောင်ကတုံး လွင်ပြင်များ၏ အဆုံးမှာ သူ့ကို တိုက်ခိုက်ရန် ချောင်းမြောင်းနေကြခြင်း ဖြစ်သည်။
သူသည် ကွဲပြဲစုတ်ပြတ်လျက် ညစ်ပေနေသည့် ဖုန်အထပ်ထပ် ခြေထောက်များ ပူပြင်းလှသည့်ကြားမှ မနေမနား ခရီးဆက်နေဆဲ။ ရုတ်တရက် ဓားတစ်ချောင်းက ရင်ဝသို့ ထိုးသွင်းလိုက်သည်ကို မြင်လိုက်ရသဖြင့် လန့်ကာ ပုတ်ချလိုက်မိသည်။ နောက်မှ သူ့ကို ထိုးသည်မဟုတ်ဘဲ အခြားသူတစ်ဦးအား ထိုးစိုက်လိုက်ခြင်း ဖြစ်ကြောင်း အမှတ်ရလာသည်။
ရင်အုံအတွင်း စိုက်သွင်းခံရသူမှာ သူ၏ ညီတစ်ဦး ဖြစ်သည်။ တစ်ချက်တည်းနှင့် ဒူးထောက် လဲကျသွားသည်ကို သူ ငေးကြည့်နေမိ၏ ။ ဤမြင်ကွင်းမျိုး အကြိမ်ကြိမ် အထပ်ထပ် သူ မြင်ဖူးသည်။ တစ်ရက်လျင် ဆယ်ကြိမ်မက သူ တွေ့ရမြဲ။ ယခုတော့ ထိုအတွက် သူ့မှာ ဝမ်းနည်းရန် ဝေးစွ၊ မည်သည့် ခံစားချက်မျှပင် မရှိတော့။
ဓားထိုးသွင်းလိုက်သည်မှာ အမျိုးသမီးတစ်ဦး ဖြစ်နေသည့်အတွက်တော့ သူ နာလိုခံခက် ဖြစ်နေရဆဲ။ ဦးဆံဖြည်ထားသည့် အခြားမိန်းမငယ်တစ်ဦးလည်း ပြေးဝင်လာရာမှ လှံများဖြင့် အထိုးခံလိုက်ရသည်ကို သူ ကြည့်နေခဲ့ရပြန်သည်။ ထိုအမျိုးသမီး၏ စူးရှသော အော်သံကို ညတိုင်း ကြားရပြီး သူ နိုးလာလေ့ ရှိသည်။ နိုးသည်နှင့် တစ်ပြိုင်နက် လုံခြုံစိတ်ချရမည့် နေရာသို့ ပြောင်းတော့၏ ။
အမျိုးသမီးက မတရားဘူး ဟု အော်သည်။ သူက လူညံ့ ဟု ကြားသည်။ ငါ နောက်ထပ် ညံ့လို့ မဖြစ်ဘူး ဟူသော အသိ ဝင်ရပြန်လေသည်။ သတိရတိုင်း ဝင်နေသော အသိတည်း။ ထိုအခါ ခါးစည်းနှစ်ထပ်ကြား၌ အလွယ်ထိုးထားသော ဓားလတ်ခေါ် ဓားမြှောင်မက ဓားမ မကျ ဓားရိုးပေါ် လက်ရောက်သွား၏ ။
အလေးချိန် ရှိသော်လည်း ပေါ့ပါးသည်နှင့်အမျှ ဓားမ ကဲ့သို့ပါ အသုံးပြုနိုင်သော ထိုဓား သူ့ထံမည်သို့ ရောက်လာသည်ကို သူမသိတော့။ နောက်တစ်နေ့အတွက် အားမွေးရန် လိုသည် ဟုတော့ သူသိသေးသည်။ ထို့ကြောင့် သူသည် ချုံနွယ်ထူထပ်ရာသို့ တိုးဝင်သွားခဲ့သည်။
ညဥ့်သည် မှောင်မိုက်လှ၏ ။ ရုတ်တရက် သူ့ကျောကို တစ်စုံတစ်ဦးက ဓားဦးချွန်ဖြင့် ထိုးလိုက်ရာ သူ ကော့သွား၏ ။ ပြင်းစွာသော နာကျင်ခြင်းနှင့်အတူ ဓားကိုင်ထားသည့် သူငယ်ချင်း ရွာသားတစ်ဦးကို တွေ့လိုက်ရ၍ ပိုနာသလို ခံစားလိုက်ရသည်။ အစ်ကိုဝမ်းကွဲတော်သူ တစ်ယောက်ကလည်း သူ့နံကြားကို ထိုးသွင်းလာပြန်သည်။
သူက သူ့သွေးများ စွန်းနေသည့် ဓားကို လုယူလိုက်ပြီး ထိုသူနှစ်ဦးအား ပြန်ထိုးသည်။ တစ်ယောက်က လည်ကို ကိုင်၍၊ တစ်ဦးက ဝမ်းဗိုက်ကို နှိပ်၍ လဲပြိုသွားချိန်တွင် သူ့ပခုံးညှပ်ရိုးအတွင်းသို့ ဝင်လာသည့် ဓားသွားကို အလွန်မစူးနစ်မီ ဖမ်းဆုပ်ကိုင်လိုက်နိုင်သည်။ အပေါ်မှ မိုးကြည့်နေသူမှာ သူ၏ ချစ်လှစွာသော ရွှေနှင်းဆီ။
မောင်ကြီးကို ကြောက်နေရပြီ ဆိုခဲ့သည့် ရွှေနှင်းဆီ။ အမှုစစ်သည့် ဗိုလ်မင်းနှင့် ပါသွားပြီ ဟူသော ရွှေနှင်းဆီ။ ယခု ထိုရွှေနှင်းဆီကပင် သူ့အား ရက်ရက်စက်စက် ဖိစိုက်ထားပါပကော။
ထိုအချင်းအရာ၏ နောက်တွင်မူ သူ ဘာကိုမှ မမှတ်မိတော့ပြီ။ သူ့မျက်လုံးများ အမှောင်ဖုံးသွားသည်မှာ နောက်ဆုံးသိခြင်း ဖြစ်သည်။ သူ့ကိုယ်သူပင် မသိလိုက်မီ သူသည် တလှစ်လှစ် ပြေးလွှားနေ၏ ။ သူ့လက်ထဲမှ သန်လျက်ငယ်သဏ္ဍာန်ရှိသော မတိုမရှည် ဓားကလည်း တဝှစ်ဝှစ် လည်ပတ်လျက်။
သူက တောတောင်အနှံ့ တုန်လှုပ်သွားစေနိုင်သည့် အသံနက်ကြီးဖြင့် "ဟေး" ဟု သံရှည်ဆွဲ အော်လိုက်သည်။ ဤ "ဟေး" သည် ထိုတစ်နေ့လုံး တစ်ညလုံးအတွက် သူ့နှုတ်မှ ထွက်သမျှ စကားလုံးအားလုံးပေါင်းလည်း ဖြစ်သည်။ တစ်ရက်စာ ခံစားချက်များအားလုံး ဖွင့်ထုတ်လိုက်သည့် အသံလည်း ဖြစ်လေသည်။
ငှက်များ တရုန်းရုန်း ထပျံကြ၏ ။ ကြည်လင်ဝင်းပနေသော လမင်းကြီးကပင် သူ့အား ရန်သူတို့ မြင်သာအောင် ညွှန်ပြနေသကဲ့သို့ ရှိနေပြန်သည်ကို သတိထားမိရာ ချက်ချင်း အမှောင်အုပ်ထဲ ဝင်လာခဲ့၏ ။ သူ့မျက်လုံးများက ကြောင်တစ်ကောင်ကဲ့သို့ စူးပြောင်ကာ ရန်သူ့အရိပ်ကို ရှာဖွေနေမိလေသည်။
နံနက်စောစော၌ ရန်သူနှစ်ဦးသည် ဓားမတိုများကို ထမ်းသူထမ်း၊ ပုဆိုးနောက်၌ လိမ်ထိုးထားသူ ထိုးလျက် သူရှိရာသို့ ရောက်လာကြ၏ ။ သူ့ကို မြင်သောအခါ ကြောင်၍ ရပ်နေကြစဥ် သူက လက်ဦးမှု ယူလိုက်လေသည်။ တစ်ဦးက အော်ဟစ်ကာ နောက်ကြောင်းပြန်လှည့်ပြေးရန် ပြင်သော်လည်း မလွတ်ပြီ။
ရှေ့တွင် နွားနှစ်ကောင်နှင့် လှည်းတစ်စီးကို တွေ့ရပြန်၏ ။ သူက နွားများ၏ လက်ပြင်အနောက်သို့လည်း ဓားတစ်ဆုံး ထိုးထည့်ခဲ့သည်။ နွားများ တဆတ်ဆတ် တွန့်လျက် ကျန်ခဲ့ပြီး ဒူးတုပ်သွားကြ၏ ။ ဘုန်းခနဲ လဲပြိုသံ ကြားရသော်လည်း သူ လှည့်မကြည့်ဖြစ်။ ရန်သူ ရှိသေးသည်။ သူ့အား ရန်သူများ ဝိုင်းနေသည့် ဤအရပ်မှ အမြန်ထွက်ခွာရလိမ့်မည်။
သူ မည်သို့ သွားနေမိသည်မသိ၊ နွားနှစ်ကောင် သေဆုံးနေသည့် အနားသို့ ပြန်ရောက်လာသည်။ သူသတ်ခဲ့သည့် နွားများ ဟုတ်မဟုတ် သေချာစေရန် သွေးသွန်ထားသည့် ဓားထိုးရာ အပေါက်အား ကန့်လန့်ဖြတ် ထပ်ထိုးလိုက်၏ ။
အကယ်၍ နောက်တစ်ကြိမ် ဤနေရာသို့ သူရောက်ခဲ့ပါက နွားများပေါ်မှ ကြက်ခြေခတ်ပုံစံ ဒဏ်ရာကို ကြည့်ခြင်းဖြင့် ဆုံးဖြတ်နိုင်ပေလိမ့်မည်။ အခြားနွားများ ဖြစ်နေလျင် ဓားထိုးရာက တစ်ပေါက်တည်းသာ ဖြစ်မည်ဟု တွေးကာ သူ့စိတ်ကူးသူ သဘောကျသွားလေသည်။
တစ်ဆက်တည်းမှာ သူ၏ ရန်သူများကိုပါ ဤသို့ အမှတ်အသား လုပ်ခဲ့ရန် တွေးမိလာသည်။ ထိုအခိုက် အပင်ပေါ်မှ ငှက်တစ်ကောင်က သူ၏ခေါင်းပေါ်သို့ မစင်စွန့်လိုက်ရာ သူက ဓားသွားဖြင့် အပြားလိုက် ကာထားလိုက်၏ ။ ဓားကို ယူကြည့်ပြီးနောက် သူ ပြုံးသွားသည်။
အပေါ်သို့ မော့မကြည့်ဘဲ အနီးရှိ သစ်ချောင်းတစ်ချောင်းကို ကောက်ယူကာ
ချွန်နေသည်။ ချွန်၍ ပြီးလုပြီးခင်တွင် ငှက်က ထပျံသွားရာ သူက သစ်ချောင်းဖြင့် အလျင်အမြန် ပစ်လိုက်၏ ။ ထို့နောက် ငှက်သေကို ကောက်ယူကာ လျှိုမြောင်ထဲသို့ ချိုးဆင်းသွားလေတော့သည်။
(ဆက်ရန်...) စိတ္တဇ (၅)
Written by သင်္ခရာဇာ
End date: May 6, 2022
No comments:
Post a Comment