အခြေအနေက ရုတ်ရုတ်သဲသဲ။ မြားများက တဝီဝီ၊ သေနတ်သံ တဖောင်းဖောင်း။ ပြေးလွှားနေကြသည့် မြင်းများကြောင့် ဖုန်များလည်း တလိပ်လိပ် တက်လျက်ရှိ၏ ။ အမိန့်ပေးသံများ၊ ထိုးခုတ် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
တိုက်ပွဲကြီးတစ်ခုကား မဟုတ်၊ သို့သော် တိုက်ပွဲမဟုတ်ဟုလည်း မဆိုသာ။ နှစ်ဖက်လူများ စစ်တိုက်နေကြသည် မဟုတ်ဘဲ မည်သူ့ကို တိုက်နေကြမှန်းမသိ၊ တစ်ဖွဲ့တည်း တိုက်ခိုက်နေကြသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
သေသေချာချာ ကြည့်လျင် သူတို့အလယ်တွင် လူတစ်ယောက်သည် တရိပ်ရိပ် ပြေးလွှားလှုပ်ရှားနေသည်ကို မြင်ရပေလိမ့်မည်။ သတ္တိပြောင်လှသည် ဆိုသော ရွှေဘိုသားများအား သူရဲကောင်းဆန်ဆန် တစ်ယောက်တည်း ဝင်တိုက်နေသူမှာ မောင်မင်းကြီးသား ဘုန်းခေါင်မှလွဲ၍ အခြားသူ ဟုတ်နိုင်ရိုးလား။
သူတို့ ကံဆိုးသွားရသည်မှာ ရှေ့တန်းမှ ခံရသော မုဆိုးခြုံသားအချို့က အစိုးရိမ်လွန်ကာ ခိုင်ခန့်သည့် လွှားများ ကိုင်စွဲထားခဲ့ကြ၏ ။ ထို့ကြောင့် ယခုအခါ သေနတ်သားများ ပစ်သမျှ ကျည်စေ့တို့သည် အုပ်မိုးထားသည့် လွှားနှစ်ချပ်ကိုသာ ထိမှန်နေကြသည်။
လက်ယာဘက် လွှား၏ အောက်ခြေတွင် ထွက်နေသော ဓားဦးချွန်ကလည်း ကုန်းဘောင်သွေးကို အားပါးတရ သုံးဆောင်နေပေပြီ။ တဒုန်းဒုန်း တိုးတိုက်သံနှင့်အတူ တဝုန်းဝုန်း လွင့်ကန်ထွက်လာကြ၏ ။ ဘုန်းခေါင်ကတော့ လွှားများကိုပင် လက်နက်အဖြစ် ကိုင်စွဲကာ တိုက်ပွဲဝင်နေလေသည်။
ဓားမိုးပြေးဝင်လာသူတစ်ယောက်ကို ဘုန်းခေါင်က ပြေးရင်းဝပ်လျက် လွှားဖြင့် ပင့်တင်လိုက်သောကြောင့် လင့်ပေါ်မှ ပစ်လိုက်ကြသော ကျည်စေ့ မြားတံအချို့ ထိုသူ့ကိုယ်ထဲ စိုက်ဝင်သွားကြ၏ ။ ပြန်အကျတွင် လှုပ်ပင် မလှုပ်နိုင်တော့။ လှံကိုင်တစ်ဦး ဆက်သလာသည့် လှံကို လင့်ထက်သို့ လွှတ်လိုက်ရာ ပစ်ရန်ပြင်နေကြသော သေနတ်သမားက ငုံ့ရှောင်လိုက်၍ ခေါင်းပေါ်မှ ကျော်သွားသည်။
ဘီလူးတပ်၏ ထိပ်တွင် နေရာယူထားသော တိုက်မောင်းမှာ လင့်ပေါ်မှ ချိန်ရွယ်ပစ်ရန် အချက်ကောင်းကို စောင့်နေသော်လည်း သူက ပစ်မည်ပြင်လိုက်၊ ဘုန်းခေါင်က လွှားဖြင့် ကွယ်သွားလိုက် ဖြစ်ကာ မပစ်လိုက်ရချေ။ ကျောကို လှမ်းပစ်ရန် ကြိုးစားသေး၏ ။ မြင်းသည်များနှင့် ရှုပ်နေ၍ ပစ်ကွင်းမရလိုက်။
ပြေးရင်းလွှားရင်း လက်ျာဘီလူးကို ဘုန်းခေါင် မြင်သွားသည်။ သူ့ကို ကျိုင်းဖြင့် ထုနှက်ခဲ့သူမှာ ဤဗိုလ်မဟုတ်ဘဲ ကြီးကြမ်းထွားကျိုင်းသူတစ်ဦးဖြစ်မှန်း သတိရလာ၏ ။ သို့ရာတွင် ရှေ့မှ လူသည် သူ့အား အစဥ်တစိုက် လိုက်လံနှောင့်ယှက်နေခဲ့သူသာ ဖြစ်သည်။ ထိုသူ မရှိမှ အေးချမ်းမည်။
ဘုန်းခေါင်လက်ထဲမှ လွတ်လာသော လှံတိုသည် လက်ျာဘီလူးရှေ့တည့်တည့်သို့ ဦးခိုက်ရန်အလို့ငှာ ပျံသန်းလာ၏ ။ ငသူရိန်က ကြားဖြတ်ဖမ်းထားလိုက်သည်။ ဘုန်းခေါင် ငသူရိန်ကိုလည်း မှတ်မိသွားသည်။ သတ်သော်လည်း မသေသည့်သူ၊ ရင်ဆိုင်ရမည့် ရန်သူမှာ ၂ ဦး ရှိလာပြီ။
လက်ျာဘီလူးတို့အား မဲနေခြင်းကြောင့် ဖျာကြမ်းအုပ်၍ သစ်ရွက်မြေသားများ ဖုံးကာထားသည့် ကျင်းနေရာကို သတိမပြုမိဘဲ ခြေချမိသည်။ ဟန်ချက်ပျက်ကာ ကျင်းထဲ ဟပ်ထိုးကျသွားရာ လက်နှစ်ဘက်က လွှားများကို လွှတ်လိုက်ပြီး ကျင်းနှုတ်ခမ်းတစ်ဘက်ကို ဆွဲခိုထားမိ၏ ။ သူ မော့ကြည့်ခိုက် လက်ျာဘီလူးက တုတ်ရှည်ကြီးကိုင်လျက် ပေါ်လာသည်။
ဘုန်းခေါင် ကျင်းထဲ ကျမသွားဘဲ တွဲလွဲဖြစ်နေသဖြင့် တုတ်ချွန်နှင့် ထိုးရနိုး ဖြစ်နေသော လက်ျာဘီလူးက ဘုန်းခေါင် မြင်သာအောင် တုတ်ရှည်ကို မြှောက်မိုးလိုက်၏ ။ ဘုန်းခေါင်၏ လက်ချောင်းများ ဆတ်ခနဲ ကွေးသွားသည်။ ခန္ဓာကိုယ်ကိုလည်း အားယူလိုက်ပြီး ကျင်းနှုတ်ခမ်းသားအား ဆွဲထားသည့် လက်များက သူ့အား ထိုးစိုက်ချလိုက်သည့် တုတ်ရှည်ကို လှမ်းဖမ်းလိုက်လေသည်။
သို့ရာတွင် လက်ျာဘီလူးက ဟန်ပြ ထိုးခြင်းသာ ဖြစ်၍ တကယ် စိုက်ချမလာ။ တုတ်သည် လမ်းတစ်ဝက်၌ ရပ်တန့်နေသဖြင့် ဘုန်းခေါင် လှမ်းဆွဲလိုက်သည့် လက်များက တုတ်ဆီ မရောက်ဘဲ လေကိုသာ ဆုပ်ကိုင်မိကာ လန်ကျသွားသည်။ ကျင်းထဲမှ ဘုန်းခနဲအသံကြီးသည် ရွှေတပ်တော်သား အားလုံးကို ဝမ်းသာအားရ ဖြစ်သွားစေ၏ ။
"မိပြီကွ"
"ဟေး.. နောက်ဆုံးတော့ သင်းကို မိပဟေ့"
လက်ျာဘီလူးတို့ကတော့ မှောင်မည်းသည့် ကျင်းထဲသို့ ငုံ့ကြည့်နေကြသည်။ ဘုန်းခေါင်သည် တော်တော်နှင့် ထမလာနိုင်။ ဒဏ်ရာရထားဟန် ပေါ်လွင်နေသည်။ တဖြည်းဖြည်း အားယူ၍ ထထိုင်သည်။ ထို့နောက် ရပ်ကာ ကျင်းကို လှည့်ပတ် အကဲခတ်နေ၏ ။
ရှည်လျားသော မြောင်းကြီးတစ်လျှောက် တစ်ဖက်မှာ မတ်စောက်ချောမွေ့သော မြေသားနံရံ ဖြစ်ပြီး အခြားတစ်ဘက်က အောက်ခြေကျယ်၍ အပေါ်သို့ စောင်းထားသည့် ပုံသဏ္ဍာန် ရှိရာ သူ မည်သို့မျှ မတက်နိုင်။ ပြေးကန် ကုပ်တက်နိုင်လောက်လည်း မကျဥ်း၊ မည်သည့်အတွက် ဤပုံစံ လုပ်ထားသည်ကိုလည်း သူ မစဥ်းစားချေ။
"မင်း ဘာလို့ လူတွေ လိုက်သတ်နေရတာလဲ"
ပြင်ညီကျင်းဝဘက်၌ ရပ်နေသူ ဆံပင်ရှည်နှင့် ဗိုလ်က မေးလာသည်။ သူ့တွင် အဖြေမရှိ။
"ခင်ဗျား ဘယ်က လာသလဲ"
အရပ်ရှည်ရှည် ကောင်လေးက မေးပြန်သည်။ သူ့တွင် အသံပျောက်ဆုံးနေလေပြီ။ မည်သို့ ဖြေနိုင်သည်ကိုလည်း သူ မသိပြီ၊ စကားလုံးများ မသိသကဲ့သို့ ဖြစ်နေ၏ ။ သူသိသည်မှာ
ညီငယ် ဇေယျာမင်းခေါင် သူ့မျက်စိရှေ့တွင် ခေါင်းဖြတ် ကွပ်မျက်ခံရသည်။ သူ့အား တုပ်နှောင်ပြီး ရိုက်ကြသည်။ ထိုမတိုင်မီကပင် အမှုလာစစ်သော ဗိုလ်က မိမိချစ်သူ ရွှေနှင်းဆီအား ခေါ်ဆောင်သွားခဲ့ကြောင်း ကြားသိရပြီးပြီ။ ရွာမှလူများ၊ ဆွေမျိုးနီးစပ်များက သူနှင့် မိသားစုအား သူခိုးဓားပြဟု ဆဲရေးစွပ်စွဲကာ ဝိုင်းဖမ်းရန် ပြင်ခဲ့ကြသည်။
သူ အသာတကြည် အဖမ်းခံခဲ့သော်လည်း နောက်ကျောမှ ဓားထိုးခံရသည်။ ရွှေနှင်းဆီကိုယ်တိုင် သူ့ဗိုလ်မင်း ခိုင်းသည့်အတိုင်း မိမိပခုံးခွက်ပေါ်သို့ ဓားနှင့် စိုက်ခဲ့သည် ထင်၏ ။ အဆိုးဆုံးမှာ ဇေယျာမင်းခေါင် ကွပ်မျက်ခံရပြီးနောက် အခြေအနေများ ရုတ်ရုတ်သဲသဲ ရှိနေစဥ် ညီဖြစ်သူ၏ ခန္ဓာကိုယ်အား ပြေးဖက်ထားသူ အမျိုးသမီးငယ်လေးကို ဓားများနှင့် ဝိုင်းထိုးသွားကြခြင်း ဖြစ်သည်။
နူးညံ့သိမ်မွေ့လှသော ဖြူဖြူချောချော ပါးလျလျ အပြစ်မဲ့သူကလေးတစ်ဦးသည် မည်သူ့လက်ချက်မှန်းမသိဘဲ သွေးအိုင်ထဲတွင် အသက်ငင်နေသည်။ ဇေယျာမင်းခေါင်၏ လက်မောင်းတစ်ဖက်အား ယှက်နွယ်ထားသည့် လက်ကိုမူ မလွှတ်။ မျက်လုံးများသည် သူ့ကို ကြည့်ရင်း ငြိမ်သက်သွားသည် ထင်ရ၏ ။
သူက နာကျင်စွာ အော်ဟစ်လျက် ရုန်းကန်သောအခါ ကြိုးများ ပြေလုပြေခင်ဝယ် ကြီးမားသော လူထွားကြီးတစ်ဦးသည် အနောက်မှ ကျိုင်းဖြင့် ရောက်လာပြီး ခေါင်းကို လွှဲရိုက်လိုက်သည်။ ခွပ်ခနဲအသံနှင့်အတူ သူ အသိစိတ်များ ခေတ္တ ပျောက်သွားသည်။ နောက်တစ်ချက်၊ ပြင်းထန်စွာ မူးမိုက်သွားပြီးနောက် သုံးချက်မြောက်တွင် ဘာမှ မသိတော့။
စိတ်အစဥ်က အတိတ်၌ တရိပ်ရိပ် ပြေးလွှားဖြတ်သန်းနေသော်လည်း လူကတော့ ကျောက်ရုပ်ပမာ မလှုပ်မယှက်။ လက်ျာဘီလူးသည် ကျင်းဝမှ ခွာ၍ ထွက်သွားစဥ် အနောက်မှ အသံကြားရသည်။
"မင်းလားကွ၊ စိတ္တဇလူသတ်ကောင်။ ဟိတ်.. ခု ဘာတတ်နိုင်သေးလဲကွ.. ဟေ"
လှည့်ကြည့်လိုက်စဥ် တပ်သားတစ်ဦးသည် ကျင်းဝတွင် ထိုင်ကာ အတွင်းသို့ လှံဖြင့် ထိုးလိုက်ကြောင်း တွေ့ရသည်။ လက်ျာဘီလူးက 'မလုပ်နဲ့' ဟု အော်လျက် လှည့်ပြေးသွားသော်လည်း မမီတော့။ တပ်သားသည် အောက်သို့ လှစ်ခနဲ ပြုတ်ကျသွားလေပြီ။
ဘုန်းခေါင်က နံရံကို ကန်လျက် ထိုးဆွလိုက်သည့် လှံကို ချိန်သားကိုက် ဆွဲချလိုက်ရာ ထိုးသူပါ ကျလာ၏ ။ ပြုတ်ကျစဥ် သူ့လှံရိုးနှင့်သူ ထိုးမိ၍ မထနိုင်၊ ဘုန်းခေါင်လည်း ကျင်းတစ်လျှောက် ပြေးသွားပြီး ပြင်ညီမြေသားကို လှံဖြင့် အားကုန် စိုက်လိုက်ကာ စောင်းနေသော နံရံမှ ထိုးထွက်နေသော ကျောက်တုံးတစ်ခုပေါ်သို့ အရိုးကို ခုန်တင်လိုက်သည်။
လက်ျာဘီလူး ထိုနေရာသို့ ရောက်သောအခါ ဘုန်းခေါင်သည် လှံကိုနင်း၍ တစ်ဖက်နှုတ်ခမ်းသားကို ဆုပ်ကိုင်မိနေပြီ။ သူက ဖျတ်ခနဲ လှည့်ကြည့်သည်။ ထိုးရန် ရွယ်ထားသော တုတ်ရှည်ကို ကိုင်လျက် လက်ျာဘီလူး တွေဝေနေ၏ ။ လက်ဖျစ်တတွက် အချိန်ကလေးအတွင်း ဘုန်းခေါင် မြောင်းပေါင်ပေါ် ရောက်သွားသည်။
မဆိုစလောက် နောက်ကျသွားပြီဖြစ်၍ ယခုမှ ထိုးလျင်လည်း မထိရောက်တော့မှန်း သဘောပေါက်သော လက်ျာဘီလူးက ရွယ်ထားရင်း ရပ်နေခိုက် ကျယ်လောင်သော အသံတစ်ချက် ပေါ်လာသည်။
"ဒိန်း"
အသံကြောင့် ဘုန်းခေါင်ကလည်း သူ့ကို ခုန်အုပ်လိုက်၏ ။ နောက်ဆုတ်ကာ ရိုက်လိုက်သဖြင့် မြောင်းနှုတ်ခမ်းပေါ် ရောက်လာသည့် ဘုန်းခေါင်က အနာခံကာ တုတ်ကို ဖမ်းလုသည်။ လက်ျာဘီလူး ဆီးကန်သော်လည်း ဒူးကို မြှောက်လျက် ကာထားပြန်သည်။ တင်ကျည်းတုတ်ရှည်ကို အလယ်ထား၍ နှစ်ဦးသား တိုက်ခိုက်ကန်ကျောက်နေကြ၏ ။
အားသာသော ဘုန်းခေါင်က ဖိတွန်းလာပြီး လူချင်းပူးကာ လက်ျာဘီလူးကို လှဲချလိုက်သည်။ အနောက်မှ တပ်သားတစ်ဦးက အလစ်ဝင်ထိုးရာ ထိုးသူ လွင့်သွားပြီး ဓားမြှောင်တစ်လက် ဘုန်းခေါင်လက်သို့ ရောက်လာလေသည်။ ဘုန်းခေါင်က လျင်မြန်စွာ ဖိစိုက်လာ၍ တင်ကျည်းကိုင်ထားဆဲ ဖြစ်သော လက်ျာဘီလူးက လက်ကောက်ဝတ်အောက်သို့ ကန့်လန့်ခံ တွန်းထားလိုက်ရသည်။
ဓားဦးချွန်သည် လက်ျာဘီလူး၏လည်မြိုသို့ ထောက်မိနေ၏ ။ လူနှင့်ဖိထား၍ သူ့တံတောင်နှင့် လက်ျာဘီလူးရင်ညွန့်အား ထောက်မိနေသည့် ဘုန်းခေါင်က အပေါ်တည့်တည့်မှ ထိုးချနိုင်ရန် ပြန်ထလိုက်သည်။ ထိုအခိုက် မြောင်းတစ်ဖက်သို့ ရောက်လာသော မင်းလှမင်းခေါင်သည် အနီး၌ တွေ့ရသည့် ဝါးဆစ်ပိတ် တုတ်တိုတစ်ချောင်းကို ဆွဲယူ၍ ဘုန်းခေါင်ထံ လွှဲပစ်လိုက်သည်။
"ဟိတ်"
ဝီးခနဲအသံ ရုတ်တရက် ထွက်ပေါ်လာရာသို့ လက်နောက်ပစ် ကာလိုက်သော်လည်း လည်လာသော ဝါးဆစ်တုတ်သည် ဘုန်းခေါင်လက်ကို လှည့်ထွက်ပြီး နားထင်ကို ပြင်းထန်စွာ ထိမှန်သွား၏ ။ ဘုန်းခေါင် ယိုင်ဆင်းသွားသည်။ ငယ်စဥ်က လေးခွနှင့် ချောင်းပစ်ဖူးသော ဖိုးသူတော်ကြီးကို သူ အမှတ်ရလိုက်သည်။
အိပ်နေခိုက်ပင် လောက်စာလုံးကို ကာကွယ်နိုင်စွမ်းရှိသော ဦးသူတော်ကြီး၏ အဆင့်မျိုး မမီသေးကြောင်း သူ့ကိုယ်သူ ထင်မြင်ယူဆမိလေ၏ ။ ထိုအသိကြောင့် သူ အားနည်း ပျော့ကျသွားစဥ် လှိမ့်ထွက်သွားသော လက်ျာဘီလူး၏ ရိုက်ချက်ကို ရှောင်သော်လည်း မလွတ်တော့။ မူးမိုက်ကာ ဟပ်ထိုးလျက် ရှေ့သို့ သုံးလေးလှမ်း ရောက်သွားသည်။
လက်ျာဘီလူးလည်း ခုန်ဝင်၍ ကျောကို အပိုင်ထိုးစိုက်လိုက်၏ ။ သို့ရာတွင် ဘုန်းခေါင် လူကို လှည့်လိုက်ရုံမျှဖြင့် လက်ျာဘီလူး ထိုးသော တုတ်သည် ဘုန်းခေါင်လက်နက် ဖြစ်သွားပြီး သူကမူ အားလွန်ကာ ဘေးသို့ ရောက်သွားရသည်။ ဘုန်းခေါင်လည်း တုတ်ကို ဝှေ့ယမ်းရင်း ခြေဦးတည့်ရာ ပြေးထွက်သွားသည်။
"လိုက်.. နောက်က လိုက်ကြ"
မြင်းများက မြောင်းကျင်းကြီးကို တလွှားလွှားဖြတ်ကျော် ပြေးလိုက်သွားကြ၏ ။ လက်ျာဘီလူးလည်း မြင်းတစ်စီးဆွဲကာ လိုက်သွားသည်။ ဗိုလ်တွန်တို့ အနောက်မှ ပါလာကြောင်း တွေ့ရလေသည်။ ကံကောင်းထောက်မစွာ ဘုန်းခေါင်ပြေးနေသည်က မြစ်ဘက်သို့ ဖြစ်နေ၏ ။
ဟစ်ကြွေးကြေညာ၍ လိုက်သံ၊ မြင်းမောင်းသံ၊ တောတိုးသံများသည် တဝုန်းဝုန်း ဆူညံနေပြီး မဖြစ်စဖူးသော ကြောက်ရွံ့အားငယ်စိတ်များ ပေါ်ပေါက်လာသဖြင့် မူးနောက်နောက်ဖြစ်နေသည့် ဘုန်းခေါင်သည် ရှေ့မှ စွတ်ရွတ်ပြေးနေ၏ ။ သူ့ခေါင်းမှ စီးကျလာသည့် သွေးများကြောင့်လည်း မျက်စိစပ်ကာ အမြင်အာရုံ မရှင်းလင်း။
မြစ်ကမ်းစပ်ဝယ် တိုက်လှေကြီးနှစ်စင်း ရှေ့နောက်ကပ်လျက် ဆိုက်ထား၏ ။ အမြောက်များက ခပ်စောင်းစောင်း အနေအထားမှ သူ့ဘက် တရွေ့ရွေ့ လှည့်လာနေပြီး နီးသော တိုက်လှေကြီးပေါ်မှ မီခိုးများ အူထွက်လာသည်။
"ဒိန်း"
အမြောက်ဆံကြီးတစ်လုံး လျင်မြန်ပြင်းထန်စွာ သူ့ဘယ်ဘက်ဘေးမှ ဖြတ်သွား၏ ။ သူက လက်ယာဘက်သို့ ပိုမိုဝိုက်ပြေးနေချိန် ခပ်ဝေးဝေးမှ မြင်းတစ်စီး သူ့ကို ကျော်ပြေးသွားကြောင်း တွေ့ရလေသည်။
"အမြောက်ဆံ မထည့်နဲ့"
မြင်းပေါ်မှ လူက နောက်လှေအား အော်ဟစ်အမိန့်ပေးလိုက်သည်။ အမြောက်ဆံသွတ်မည့်ဆဲဆဲ မ ထားကြသူများ ဇဝေဇဝါ ဖြစ်သွား၏ ။ ထို အနောက်လှေကြီးပေါ်မှ ပေါ်လာသူက သေနတ်ဗိုလ် သူရိန္ဒေဝ။
"ဘာလို့လဲ ရောင်းရင်း"
"ကျည်စေ့အိတ်သွတ်"
"ဘယ်လို"
"ရန်ပုံခွင်းကို ကျည်စေ့အိတ်သွတ် ပစ်"
ထိုအခါမှ အမြန် ညွှန်ကြားရသည်။ အမြောက်အမှုထမ်းများ ကျည်စေ့အိတ်သွတ်ပြီးချိန်တွင် ဘုန်းခေါင်သည် ရှေ့ဘက် တိုက်လှေကြီးပေါ် တက်တော့မည့်ဆဲဆဲ။ ကုန်းဘောင်ထိုးထားသည့် သစ်သားတံတားအနီးသို့ပင် ရောက်နေပြီဖြစ်ရာ လှေပေါ်မှ သေနတ်သားများ အသင့်ပြင်ထားလိုက်ကြသည်။
"ဖုန်းး"
ကုန်းဘောင်ပေါ် တက်စ ဘုန်းခေါင်ထံ အနီးကပ် တေ့ပစ်လိုက်သော ကျည်စေ့များစွာ ပြေးဝင်သွားကြပြီး အားပြင်းလှသောကြောင့် လွင့်ကျသွားသည်။ မည်သို့မျှ ရှင်နိုင်စရာ မရှိတော့သော်လည်း တစ်စုံတစ်ခု ဝင်ပူးနေဟန်ဖြင့် ဘုန်းခေါင် ရုတ်တရက် ထပြေးသည်။ လှေဦးတည့်တည့် ရေထဲ ပြေးဆင်းသွားရာမှ လဲ၍ မြုပ်သွား၏ ။
လက်ျာဘီလူး လှေပေါ်ရောက်သောအခါ မှောက်လျက် မျောပါသွားသည့် ဘုန်းခေါင်၏ သွေးများယိုစိမ့်နေသော ကျောပြင်ကို မနီးမဝေး ရေစီးထဲတွင် မြင်ရ၏ ။ မည်သူမည်ဝါမှန်း မသိလိုက်ရသော အလွန်အစွမ်းကောင်းသူတစ်ဦး၏ ဇာတ်သိမ်းက ထုံးစံအတိုင်း မလှပ။
အငြိုးတကြီး လိုက်လံသတ်ဖြတ်နေခဲ့သူ ဖြစ်သော်ငြား လူစွမ်းကောင်းမို့ နှမြောလှကြောင်း ပေါ်လွင်နေသည့် ဝမ်းနည်းစကားသံက လှေကြီးထက်မှ ထွက်ပေါ်လာသည်။
"သွားလေဦးတော့ဗျာ.. ဘဝမှာ ရန်ငြိုးအမုန်းတွေကြောင့် ပူလောင်ခဲ့ရသမျှ ချုပ်ငြိမ်း အေးချမ်းပါစေတော့"
Written by သင်္ခရာဇာ
End date: May 13, 2022
No comments:
Post a Comment