ထို့နောက် ၂ ကြိမ်တိုင်တိုင် သူ့လက်မှ လွတ်ခဲ့သော ဆံပင်ရှည်နှင့် ဗိုလ်သည် ကျိုင်း ခေါ် သံလုံးတပ် လက်နက်ကြီးတစ်ခု ထမ်းလာပြီး ကိုင်မြှောက် ရိုက်ချလိုက်၏ ။ ပထမအချက်တွင် သူ့မျက်လုံးများ ပြာဝေသွားပြီး ဒုတိယ တတိယ ရိုက်ချက်များကြောင့် သူ မူးမေ့သွားရလေသည်။
သူသည် ရုတ်တရက် အိပ်ပျော်နေရာမှ ထကာ အဆိုပါကျိုင်းကိုင်လူရွယ်ကို ရှာသည်။ မတွေ့သဖြင့် နောက်စေ့ထိပ်၌ ပျော့နေဆဲဖြစ်သော သူ့ခေါင်းကို စမ်းရင်း ငြိမ်သက်စွာ အာရုံစူးစိုက် နားစွင့်နေ၏ ။ လူရွယ်၏ စကားသံက အနောက်မြောက်အရပ်မှ တိုက်ခတ်နေသည့် လေစီးထဲ ပါလာခဲ့သည်။
"ငဘုန်းခေါင်.. လာချေလော့။ ငါ့အား အနိုင်သတ်၍ လွတ်မြောက်မှုကို ရှာဖွေလော့"
သည်မြန်မာဗိုလ် နှောင့်ယှက်လှချည့်ဟု သူ ဒေါသအမျက်ချောင်းချောင်း ထွက်လာသည်။ နောက်တစ်ကြိမ် မလွတ်စေရဟု ဆုံးဖြတ်ချက် ချလိုက်ပြန်သည်။ သူသည် တိတ်ဆိတ်စွာ သွားနေရင်း ချောင်းငယ်တစ်ခုအနီး ရောက်လာ၏ ။ ချောင်း၏ တစ်ဘက်တွင် တဲအိမ် ၃ လုံးခန့် ရှိနေပြီး ခွေးဟောင်သံ ထွက်ပေါ်လာသည်။
သူက သွေးများ ခြောက်ကပ်နေသည့် လက်တို့ကို ချောင်းရေထဲ ဖြန့်ထားလျက် ဖြတ်လာခဲ့ရာ ခွေးများစွာ သူ့ကို ထိုးဟောင်နေကြကြောင်း တွေ့ရ၏ ။ သူသည် အေးဆေးစွာပင် ခွေးများရှိရာသို့ တစ်လှမ်းချင်း တက်လာခဲ့လေသည်။
ထိုအချိန်တွင် လက်ျာဘီလူးသည် အလောင်းမင်းတရားကြီး၏ ရှေ့မှောက်၌ ပျဝပ်ခစားနေ၏ ။ ဘုန်းတော်ကြီးဘုရား အမေးတော်ရှိသည်တို့ကို အပ်ကျမတ်ကျ ဖြေကြားနေရသည်။
"အဲသည့်သူရူး သည်လောက်တောင် စွမ်းနေခဲ့ရင် ဘဇာကြောင့် နာမည်သတင်း မရောက်မပေါက်သလဲ မောင်တို့"
"ယခုဝန်းကျင် အနီးအပါးမှ ဟုတ်ဟန်မတူပါ၊ ရပ်ဝေးမှ လည်လာခြင်း ဖြစ်နိုင်ပါသည်။ ရုပ်သွင် ဟန်ပန်မှာ အထက် ရှမ်းနီနယ်သားအသွင် ရှိကြောင်းပါဘုရား"
"သင်းကို ထိပါး၍မျှ မရနိုင်လျင် မည်သို့ နှိမ်နင်းကြမည်နည်း"
"ကျွန်တော်မျိုး ကြံစည်မိသည်မှာ အမြောက်စိန်ပြောင်းကိုတော့ သည်လူသား ခံနိုင်အံ့မထင်၊ ရေတွင်လည်း အကျွမ်းတဝင် ရှိမရှိ မသိရသောကြောင့် မှိုင်းသဲသဲ လှေတော်ကြီးတွင် ဒေါစွယ်ယစက်ထံမှ ရသည့် ရန်ပုံခွင်းအမြောက်တင်၍ စမ်းသပ်ကြည့်သင့်ကြောင်းပါ"
လက်ျာဘီလူးစကားကြောင့် အလောင်းဘုရား ပြုံးသွားသည်။ ရယ်ရွှင်ဖွယ်စကား ဆိုသည်ဟုလည်း အထင်တော်ရောက်လေ၏ ။
"သည်လူတစ်ယောက်ကို တပ်မကြီးချီ၍ သွားဖမ်းရမည် ဆိုလျင်လည်း ကြားမကောင်း။ ငါ့လူများလည်း မနှိမ်နင်းနိုင်။ ခက်ချေပြီ မောင်မင်းတို့"
"ကျွန်ုပ်ပြောသည့်အတိုင်း မှိုင်းသဲသဲ လှေတော်နှင့် ရန်ပုံခွင်းအမြောက်ကိုသာ ချီးမြှင့်တော်မူပါ"
"ဟဲ့.. လက်ျာဘီလူး၊ နင် တကယ်ပြောနေတာလား"
စည်သာမင်းကြီးတို့ကလည်း ထိုသူသည် လူအားနှင့် ဖိနှိပ်နိုင်မည့် သူမျိုးမဟုတ်ပါ ဟု ဝိုင်းလျှောက်ကြ၏ ။
"လှေတော်ကြီးတော့ မရဘူး။ အမြောက်တင်ဖို့ လွန်းကြင် ကတ္တူတစ်စင်း သနားတော်မူမယ်။ ရန်ပုံခွင်းအမြောက်ကို မဆုံးစေရ။ မီးပေါက်သေနတ် ၁၀၀ ခန့်ရံ၍ ကာကွယ်ရမည်။ စိန် ပြောင်း မြတံပူ အလိုရှိက ယူစေ။ သည်အရေး သည်မျှနှင့် ပြီးပြေပါစေ။ ငါတို့လူများ ထပ်မဆုံးရစေနှင့်"
အလောင်းမင်းတရားလည်း အကြောင်းစုံသိပြီး၍ လိုအပ်သည်တို့ ထောက်ပံ့လိုက်လေပြီ။ လက်ျာဘီလူးတို့ အလုပ်အကြံ ကောင်းရန်သာ ကျန်တော့သည်။ ထိုသူကို မြစ်ကမ်းအရောက် မည်သို့ ခေါ်၍ မည်သို့ သတ်ညှစ်ကြရမည် ဆိုသည်ကိုမူ ဗိုလ်မင်းများနှင့် တိုင်ပင်ရပေဦးမည်။
စစ်ပွဲ အကြိမ်ကြိမ် တိုက်လံရာတွင်ပင် မိမိသဘောနှင့် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြသော ဗိုလ်မှူးများမှာ ဘုန်းခေါင်ဟူသော စိတ်လွတ်နေသူနှင့်ကျမှ ခေါင်းချင်းရိုက် ဆွေးနွေးကြရကုန်၏ ။ သူတို့ အစီအမံများ ချမှတ် ပြင်ဆင်နေကြချိန်တွင် တဲအိမ်သုံးလုံးမှ လူများ ခွေးများ တိရစ္ဆာန်များ အားလုံး၏ သတင်းဆိုးကို ကြားကြရပြန်သည်။
"ဒီကောင်ကတော့ အတော်ဆိုးနေပြီကွ"
ဟု ဗိုလ်တွန် မှတ်ချက်ချသလို လက်ျာဘီလူးကလည်း
"တွေ့သမျှ သတ်နေတာဟာ ဘယ်လောက်တောင် နာကြည်းမုန်းတီးခဲ့ရလို့လဲ မသိဘူး"
ဟု သုံးသပ်လေ၏ ။ ဦးကောင်းကတော့
"သင်းကလေးအကြောင်း စုံစမ်းဖို့ရန်ကလည်း ဝေးဝေးလံလံ လွှတ်ဖို့ မဆိုနဲ့၊ အပြင်ထွက်ကြရမှာတောင် တို့လူတွေ ရွံ့နေကြပြီ။ အတွင်းထဲ နေတော့လည်း အချိန်မရွေး ရောက်လာနိုင်သာပါပဲလေ၊ မြန်မြန် ကိစ္စငြိမ်းမှ အေးမှာပါ"
"တောက်၊ ရန်သူ ကြားဖြတ်အတိုက်ခံရတာကမှ တပ်ကို စုစည်းပြီး ကွပ်ကဲဆုတ်ခွာလို့ ရဦးမယ်။ ဒီကောင် ဝင်သတ်ရင်တော့ မနိုင်လို့ ပြေးကြရရင်တောင် လွတ်ပါ့မလားပဲ"
"မလွတ်ဘူး ဦးတွန်၊ တပ်လာတည်တဲ့ မွန်တွေ ပြေးတဲ့လမ်းတစ်လျှောက်လုံး ပျားခတ်လို့ပါဆို။ တစ်ယောက်မှကို ပြန်မရောက်ဘူးတဲ့"
"အရှင်မိလို့ကတော့လား၊ နုတ်နုတ်စင်းပစ်ရမယ်"
"သူ ပြန်ကြည့်တဲ့ အကြည့်နဲ့တင် နှလုံးခဲသွားနိုင်တယ်နော် ဦးတွန်"
"အေးကွ.. သင်းက အတော်သွေးအေးတာ။ ငါက ဟိတ်.. လက်ချင်းသတ်မလား ဆိုတော့ ဓားကို ချက်ချင်းချပြီး ငါ့လက် လာကိုင်တော့တာပဲ"
"သာနဲ့ပဲ မင်းက သူ့စိတ်ကျေနပ်အောင် ကျွမ်းပစ်ပြီး အပေါက်ခံပေးလိုက်သယ်ပေါ့လေ"
"ဟာ.. ကိုကောင်းကလည်း၊ ပေါက်တုန်းကတော့ ကျုပ်က အရင် ပေါက်လိုက်တာပ။ ဘယ်လိုဖြစ်ပြီး ကျုပ်ပဲ မြေပေါ်ကျကျသွားတယ် မသိဘူး။ အတော်တော့ ဟုတ်တဲ့ကောင်.. ကျုပ်ကိုယ်ကြီးကို မြှောက်ထားပြီး သူ့ဒူးပေါ် လွှတ်ချလိုက်သေးတာ"
"တစ်ခါတည်း ခါးကျိုးမသွားတာ တော်သေးသာပေါ့"
"ဘယ်ကျိုးမလဲ၊ သူ့ကုပ်ကိုင်ပြီး ဆွဲဖက်လိုက်လို့ မြေပေါ် လုံးထွေးသွားကြတယ်"
"သူက အပေါ်က မဟုတ်လား"
ငတွန် ရှက်ရယ် ရယ်လိုက်သည်။
"ခွေးကောင်လေး၊ မရိုမသေနဲ့.. ဟုတ်တယ်ကွ"
"ကြားပြီးပါပြီ၊ ကျွန်တော်သာဆို အဲဒီနေရာမှာ လည်စေ့ထွက်ပြီး သေနေလောက်ပြီ"
"ကိုင်း.. ကိုင်း၊ လုပ်ရေးကြံရေးတွေကလည်း ရှိသေးသယ်။ အရူးတစ်ယောက်နဲ့ အချိန်ကုန်လူကုန် ဖြစ်မနေကြသင့်ဘူး။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သင်းကလေးကို ကွပ်နိုင်ဖို့ ကြံကြပါလေ့။ ကျုပ်လည်း အစွမ်းကုန် ပြင်ဆင်ထားမယ်"
"သြော်.. ဦးကောင်း၊ ရန်ပုံခွင်း အမြောက်ကြီးကို ပစ်ဖို့ သူရိန်ဒေဝတပ်ကို ခန့်စေချင်ပါတယ်။ သူကိုယ်တိုင် ပစ်မယ်ဆို ထိချက်ကောင်းမယ်။ မလွဲလောက်ဘူး ထင်ရတာပ"
"ငါ့တပ်ကို မပူနဲ့၊ မင်းတို့သာ ထောင်ချောက်ကို သေချာလုပ်ကြ။ မင်း စီမံသာ ကောင်းရင် ငါတို့မလိုဘူး ရှင်ညိုသူ"
"မှန်ပါ.. ကြိုးစားပါ့မယ် ဗိုလ်မင်း"
ဦးကောင်း တပ်သားများက ကြီးမားသော အမြောက်ကြီးကို အော်ဟစ်အချက်ပေး၍ တွန်းရွှေ့သွားကြသည်။ ဗိုလ်တွန်၏ လူများသည်လည်း ပတ်ဝန်းကျင်ကို ပြင်ဆင်ထားရန် အလုပ်ရှုပ်နေကြပြီး လက်ျာဘီလူးကတော့ မြေနေရာ စိတ်ကြိုက်ရွေးချယ် ကြည့်ရှုလျက် မြောင်းကြီးတစ်ခု စတင်တူးခိုင်းတော့သည်။
မြောင်းသည် လူနှစ်ရပ်ကျော်၊ ဝါးတစ်ပြန်နီးပါး အနက်ရှိပြီး ဘေးသားနံရံများ ချောမွတ်နေလျက် အောက်ခြေသို့ ကျယ်သွားသည့်
ပုံသဏ္ဍာန် ရှိ၏ ။ လှေကားများ၊ ကြိုးထုံးများဖြင့် တက်လိုက်ဆင်းလိုက် မြေသယ်နေသူများ၊ ကျင်းကို ချဲ့နေသူ၊ ဘေးသို့ ဆက်လက်ဖောက်လုပ်နေသူများနှင့် တပ်သားအားလုံး အလုပ်ရှုပ်နေကြသည်။
ငဘုန်းခေါင် တည်းဟူသော လူဆိုးသွမ်းကြီးအား အဆင့်ဆင့် နှိမ်နင်း ဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေကြရခြင်း ဖြစ်လေသည်။ အရှေ့နှင့် အပေါ်ပိုင်း တာဝန်ယူထားသည့် မုဆိုးခြုံသားများမှာလည်း အပင်များပေါ် လင့်ထိုးသူထိုး၊ ချုံနွယ် လမ်းပေါက် ပြင်သူပြင်နှင့် မည်သူမျှ မအားလပ်ကြ။
သူတို့ လင့်စင်များပေါ်သို့မူ ကြိုးထုံးဖြင့်သာ တက်ကြရပြီး လှေကားမသုံးရ။ အပေါ်၌ သေနတ်သားတစ်ဦး၊ ဒူးလေး သို့မဟုတ် မြားလေးသမား တစ်ဦး ရိက္ခာများနှင့် အသင့်ဖြစ်ကြလျင် ကြိုးကို ဆွဲတင်လိုက်ကြရသည်။ တက်ရလွယ်သည့်၊ အပင်ချင်းနီးသည့် နေရာများတွင်လည်း လင့်မထိုးရ။ အောက်ခြေရှင်း ပင်စည်ဖြောင့်သော သစ်ပင်ကြီးများ၏ အမြင့်တွင်သာ ဝါးလင့်စင်များ ထိုး၍ နေကြလေသည်။
ထိုသို့ ပြင်ဆင်ထားပြီး စောင့်နေသော်လည်း ဘုန်းခေါင်မှာ ပေါ်မလာပြန်။ ၃ ရက်ခန့် ကြာသောအခါ တောနင်းသူများလည်း မတွေ့ကြရသဖြင့် ဤနယ်မှ ထွက်သွားပြီ ဟုသာ ယူဆကြရတော့မည်။ သို့တိုင် ဆက်လက် စောင့်ဆိုင်းနေကြဆဲ၊ အသင့်အနေအထား ရှိနေကြဆဲ ဖြစ်သည်။
ဘုန်းခေါင်ကား ရန်သူများ လိုက်မလာနိုင်သည့် တောနက်ထဲ၌ ရှာဖွေတွေ့ရှိရသမျှ သစ်သီးသစ်ဥတို့ကို စားရင်း ငြိမ်နေသည်။ သူ့ကျောဝယ် ဓားပြတ်ရာတစ်ချက်က မခြောက်တခြောက်၊ တစစ်စစ် ကိုက်နေဆဲ။ ဦးနှောက်ပျက်သည်အထိ ကျိုင်းနှင့် အရိုက်ခံထားရသောကြောင့် ပျော့နေသေးသော ဦးခေါင်းသည်လည်း မခံမရပ်နိုင်အောင် ထိုးကိုက်တတ်သေးသည်။
တစ်ည၊ သူ သစ်ပင်ကြီးတစ်ပင်၏ ကိုင်းဖျားဝယ် မှေးစက်နေစဥ် အိပ်မက်မြင်မက်သည်။ အလွန်တရာ ကြီးမားသော ဘီလူးကြီးတစ်ကောင်က သူအိပ်နေသည့် သစ်ပင်အား ကိုင်လှုပ်ခါယမ်းကာ ကြိမ်းဝါးနေသည်။
"မင်း ပြေးလို့ မလွတ်တော့ဘူး ရာဇဝတ်သား။ မင်းကို အမြောက်နဲ့ ပစ်ပြီး စီရင်ရမယ်၊ လာခဲ့"
သူက အပင်နှင့်ထပ်တူ မြင့်မားသော ဘီလူးအား ဓားလတ်နှင့် ပစ်ပေါက်သည်။ ဘီလူးက လက်ဝဲလက်ဖျံနှင့် ကာထုတ်လျက် ရယ်မောနေပြန်၏ ။
"ဟားဟားဟား၊ ဆင်းခဲ့စမ်း ဓားပြကောင်"
ဘုန်းခေါင် ဘီလူး၏ ဦးခေါင်းပေါ်သို့ ခုန်အုပ်လိုက်သည်။ အေးခနဲ တလှပ်လှပ် ဖြစ်သွားပြီးနောက် သူ သစ်ပင်ပေါ်မှ ကျနေကြောင်း သိလိုက်ရ၏ ။ သစ်ကိုင်းတစ်ခုကို ဆွဲမိ၍ လက်မောင်းများ ပြင်းထန်စွာ နာကျင်သွားသော်လည်း ကိုင်းကျိုးကာ ပြုတ်ကျလာသည်။
သစ်ကိုင်းကို ဖမ်းဆွဲမိစဥ်က လည်ထွက်သွားသောကြောင့် ပက်လက်လန်ကာ ကျောနှင့် ကျ၏ ။ ဒဏ်ရာကို ခိုက်မိသဖြင့် ခေတ္တသတိလစ်သွားလေသည်။
သူ သတိဝင်သောအခါ ဆက်လက်ရှောင်တိမ်းမနေတော့ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ရန်သူအားလုံးတို့ကို အမြစ်ဖြတ် ချေမှုန်းပစ်တော့မည်၊ မည်သူမှ သူ့နောက် လိုက်မလာနိုင်တော့ဘဲ အေးချမ်းသွားသည်အထိ တစ်ယောက်မကျန် ရှင်းပစ်မှ ရာဇဝတ်သားအဖြစ်မှ လွတ်လပ်တော့မည်ဟု တွေးမိလာသည်။
ဤသို့ဖြင့် ဘုန်းခေါင် ဇာတိရပ်ရွာဘက်သို့ ခြေဦးပြန်လှည့်လာခဲ့ပြီ။
(ဆက်ရန်...) စိတ္တဇ (ဇာတ်သိမ်း)
Written by သင်္ခရာဇာ
End date: May 11, 2022
No comments:
Post a Comment