နှစ်ရက်ကြာပြီးနောက် သူတို့ပြန်မလာနိုင်တော့မှန်း သိငြား လက်ျာဘီလူးနှင့် လူ ၅၅ ယောက်တို့သည် ထိုတောအတွင်းသို့ပင် ချဥ်းနင်းဝင်ရောက်ခဲ့ကြရသည်။ သူတို့သည် ကြိုတင်ပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့ပြီး သံချပ်ကာများ စီရင်၍ ဘယ်ဘက်ပခုံးပေါ်မှ သိုင်းကာ တောရှင်းဓားများအပြင် တုတ်ရှည်တစ်ချောင်းစီ၊ ဒိုင်းငယ်တစ်လက်စီပါ ဆောင်ခဲ့ကြ၏ ။
မြင်း ၃၀၊ တင်ကျည်းကိုင် လူ ၂၅ ပါသော လက်ျာဘီလူးတို့သည် လူခွဲဖြန့်ကာ လိုက်ခဲ့ကြသော်လည်း တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် နေကြရသည်။ မမျှော်မှန်းနိုင်သော ရန်သူက အချိန်မရွေး တိုက်ခိုက်လာနိုင်သည်မို့ အမြဲမပြတ် သတိထားလျက် ရှေ့ဆက်လာကြ၏ ။
မြင်း ၃၀ သားကို အိုးစားကြီးတိုက်မောင်း ဦးစီးသော သေနတ်ကိုင် ၁၀၊ သွေးသောက် ငသူရိန်၏ လှံကိုင်တပ်သား ၁၀၊ လက်ျာဘီလူးနှင့် တင်ကျည်း ၁၀ ဟူ၍ ခွဲကာ ခြေလျင်အိုးစားဖက်များကို ခြံရံစောင့်ရှောက်လျက် လိုက်သည်။ လက်ျာဘီလူးနှင့် သူရိန်တို့ မြင်းများက အပြင်မှ ရံသော်လည်း တိုက်မောင်းတို့မှာ ခြေလျင်များအကြား သေနတ်လွယ်လျက် ရှိနေကြရ၏ ။
"ငါတော့ ပခုံးလေးနေပြီကွာ၊ ဘယ်လို ရန်သူမျိုးမို့လို့လဲ။ သံချပ်တွေရော ဒိုင်းတွေရော ပိုးထားရတယ်"
တစ်ဦးက ညည်းလျင် အခြားတစ်ဦးက
"သည်တစ်ကြိမ် ရင်ဆိုင်ရမယ့် ရန်သူတွေက အစွမ်းကောင်းချည်းပဲ လို့ ကြားတယ်။ ရေတပ်သား ၂၀ ကျော် ၃၀ အားလုံးဆုံးရတာပဲ ကြည့်တော့။ ဒါ့ကြောင့် ငါတို့တပ်ကိုတောင် တပ်မှူးက သာမန်ထက်ပိုပြီး ပြင်ဆင်စေတာပေါ့ကွယ်"
ငတိုက်မောင်းက
"သေနတ်တွေ ကျည်ယမ်း အသင့်ထိုးထားရမယ် ဆိုကတည်းက တပ်မှူး ဘယ်လောက် စိုးရိမ်နေတဲ့ ရန်သူလဲ မှန်းကြည့်ကြဟေ့။ သတိမလစ်စေနဲ့၊ လူတွေ့ရင် လက်ဦးဖို့အပြင် ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် စောင့်ရှောက်ကြဖို့လည်း အထူးသတိပေးထားလိုက်ပါရဲ့နော်"
ဟု မြင်းပေါ်မှ လှမ်းပြောရာ အချို့က မဲ့ပြလိုက်ကြသည်။
"အိုးစားကြီးက မြင်းစီးပြီး အကြပ်ငကံက လမ်းလျှောက်နေရတာ ငါ့အမြင်တော့ တစ်မျိုးဖြစ်နေသဟေ့"
"အဲလို ထူးခြားနေတာကိုက ငါတို့ အရေးကြီးနဲ့ ကြုံရတော့မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ လက်ကောင်းတွေချည်း ရွေးခေါ်လာတာ တခြားမဟုတ်ဘူး။ တို့ ဒီတစ်ကြိမ် ပွဲရကြတော့မှာပ"
"ပွဲရမလား ဘဝကူးရမလား မသိနိုင်ဘူး ငါ့လူတို့၊ တပ်မှူးအချက်ပြရင် လူစုတဲ့ဆီ နောက်ဆုံးမှရောက်တဲ့ ကောင်ကတော့ မသက်သာမှာ သေချာတယ်"
ထိုသို့ ပြောဆိုလာကြရင်း မြစ်တစ်ခုအနား ရောက်လာကြသည်။ တပ်မှူးသည် ကမ်းထိပ်မှ မြစ်ပြင်ကို မျှော်ကြည့်ရင်း လေးလေးနက်နက် တွေးတောနေသဖြင့် အားလုံး ငြိမ်သက် စောင့်နေကြ၏ ။
"တပ်မှူး၊ ဟိုး ဒိုက်ပုံမှာ တစ်ခုခု ငြိနေတယ်ထင်တယ်"
"ဟုတ်လား၊ အဘမျှင်ကိုခေါ်ပြီး ကြည့်ချေစမ်းကွာ"
"ကျုပ်တော့ ဟိုသင်းထင်တာပဲ"
"ကျွန်တော်လည်း အဲလိုပဲ ထင်တယ်။ ပါအောင် ဆွဲလာခဲ့ကြဟေ့"
မြစ်ကွေ့ ဝဲတစ်ခု၌ လည်နေသော ဒိုက်ပုံ အမှိုက်များကို ချိတ်နှင့် ပစ်ခတ်ဆွဲယူကြည့်ကြရာ အကောင်တစ်ခု ပါလာ၏ ။
"ဟာ.. အဲဒါ သေနတ်ဝန်တပ်က ဝတ်စုံပဲ"
"ဆွဲလှန်လိုက်"
ပုပ်ပွလျက် ရေများဖြင့် အဝါရောင်ပူဖောင်းကြီးများ ထနေသော အကောင်ကို ပက်လက်လှန်ကာ ရင်အုံနေရာကို ကြည့်ရင်း လက်ျာဘီလူးက
"ဦးကောင်းလူ ငါးယောက်လည်း သွားရှာပြီ"
ဟု ဆိုသည်။ ရန်သူ့လက်ချက်ဖြင့် လှေတပ်တော်သား ၃၀ အထိ ကျဆုံးသွားကြရသဖြင့် အားလုံး မျက်နှာမကောင်းကြ။ ထိုရန်သူများကို ပြေးတိုက် လက်စားချေလိုစိတ်များ ဖြစ်ပေါ်လာကြ၏ ။
"ဘာပဲဖြစ်ဖြစ်လေ၊ ဆက်လိုက်ကြည့်ကြရမှာပဲ"
"တပ်မှူး.. ဟိုဒင်း တစ်ခုလောက် ပြောချင်လို့"
"ပြောပါ အဘမျှင်"
"ကျုပ်တို့ လိုက်သာ လိုက်နေတာ ရန်သူ့ခြေရာလက်ရာ စခန်းရာလည်း မတွေ့ရဘူး။ သွားလာထားခဲ့တာတွေလည်း မရှိတော့ သည်လမ်းက ကိုဟဝှာတွေ ဖြတ်လာတာ ဟုတ်ပါ့မလား"
"ခုပဲ အကောင်တွေ့နေရပြီလေ"
"ကျုပ်ဖြင့် မစဥ်းစားတတ်တော့ပါဘူး။ လိုက်ပြီး အကျိုးမရှိ ဟိုသင်းပြုနေမှာစိုးလို့ပါ"
"တစ်ခုခုတော့ တွေ့ကြရမှာပါ။ ဘာမှ မတွေ့ရတော့လည်း အန္တရာယ်ကင်းကင်းနဲ့ ပြန်ကြရတာပေါ့ဗျာ"
ထိုလမ်းအတိုင်း သူတို့ ဆက်လိုက်ကြသည်။ တစ်နေရာအရောက်
"ဒီမှာ မြွေခေါင်းပြတ်တစ်ခုပါလားဟေ့"
အော်လိုက်သည့် တပ်သားအနီး လူအချို့ ရောက်သွားကြရာ လက်ျာဘီလူးက အဘမျှင်ကို ခေါ်၍
"မြွေခေါင်းဖြတ်ထားရင် သွေးစက် ဘယ်ဘက်ကို ကျသလဲ ရှာကြည့်ပေးပါဦး"
ဟု ခိုင်းပြန်သည်။ ငမျှင် ထိုနေရာတစ်ဝိုက် ပိုက်စိပ်တိုက် ရှာပြီးနောက်
"ဟဝှာတွေ ခြောက်နေတာ အကွက်လိုက် တွေ့တယ်။ အရှေ့တောင်ဘက်ကို သွားနေတာပဲ။ တချို့ အပင်တွေပေါ်မှာလည်း တစ်စက်တစ်စက် ကျထားတာ ရှိတယ်။ ဒါပေမယ့် ကိုယ်လုံးကို ရှာမတွေ့ဘူး။ ဟိုဥစ္စာလုပ်ဖို့ ယူသွားကြသလားပဲ"
"ဟင်းစားလား၊ အင်း.. ခေါင်းကို မမြှုပ်ဘဲ ထားခဲ့တယ်။ ကိုယ်တော့ ရှာမတွေ့ဘူး ဆိုတာ အခြေအနေက ပြောင်းပြန် ဖြစ်နေတာပဲ"
တပ်သားများ ဘယ်လိုတွေးရမည် မသိကြသော်လည်း လက်ျာဘီလူးက တောဝက်နှင့် ယှဥ်တွေးကြည့်ရင်း ခေါင်းနားပန်း ကြီးချင်ချင်။ ငါတို့ ကြုံနေရတာ လူမှ ဟုတ်ပါလေစ ဟု စဥ်းစားနေမိသည်။ ဘီလူးတစ်ကောင်များလား။
"အဲဒီ သွေးစက်တွေဘက် ဆက်သွားကြည့်တာပေါ့"
သူတို့ ဆက်လက် လိုက်ခဲ့ကြသော်လည်း နေဝင်သည်အထိ ဘာမှမတွေ့တော့။ ထို့ကြောင့် နောက်ကြောင်းပြန်ခဲ့ကြပြီး တပ်သို့ပြန်ရောက်မှ တပ်သားတစ်ယောက်အား
"ငါတို့ အခု သွားခဲ့တဲ့လမ်းအတိုင်း အရှေ့တောင်ဘက်ကို ဆက်လိုက်ကြည့်။ လူသေတာ၊ တိရစ္ဆာန်တွေ သေနေတာမျိုး မြင်မှ သေချာ စူးစမ်း မှတ်သားခဲ့ပြီး ပြန်ခဲ့ချေ"
ဟု မှာလိုက်သည်။ နောက်တစ်နေ့ ထိုတပ်သား ထွက်သွား၏ ။ ငါးရက်ခန့်ကြာမှ သူတို့ဆက်ချီသည့်နောက် လိုက်လာပြီး လက်ျာဘီလူးထံ ရောက်၏ ။ ရောက်ရောက်ချင်း
"တပ်မှူး မှာတဲ့အတိုင်းပဲ။ တောင်ယာတဲတစ်ခုမှာ ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်နဲ့ သူငယ်တစ်ဦး သေဆုံးနေကြတာ တွေ့ပါတယ်။ ယောက်ျားက ယာထဲမှာ။ မိန်းမက တဲပေါ်မှာ ရုပ်ပျက်ဆင်းပျက်၊ ကလေးကလည်း တဲအနီး အသတ်ခံထားရတာ မြင်ရက်စရာ မရှိပါဘူး"
"ရုပ်ပျက်ဆင်းပျက်.. ဟုတ်လား။ ဘယ်လိုမျိုးလဲ"
"ဓားအချက်များစွာ ထိထားပြီး
သွေးအလူးလူးနဲ့ပါ။ အဝတ်အစားတွေတော့ စုတ်ပြတ်နေတာမျိုး မရှိပါဘူး။ ကလေးက ဓားဒဏ်ရာ မရှိပေမယ့် ဇက်လည်နေပါတယ်။ ယောက်ျားကိုတော့ ယာကွက်ထဲမှာ မှောက်လျက် အရင်ဆုံး မြင်ရတာပဲ တပ်မှူး"
"မင်း လှန်ကြည့်ခဲ့သေးလား။ ဓားဒဏ်ရာက ရင်ဘတ်မှာ တစ်ချက်တည်းလား"
တပ်သားသည် အံ့သြသွားပြီး
"ဟုတ်ပါတယ်။ ကျွန်တော် သူတို့ကို မြေမြှုပ်ပေးခဲ့ပါတယ်"
လက်ျာဘီလူး ရှုပ်ထွေးသွားလေပြီ။ ထိုသူကို မခန့်မှန်းနိုင်တော့။ မည်သည့်သူမျိုး ဖြစ်လေသနည်း။ အဘယ်ကြောင့် ထိုမျှ သတ်ဖြတ်ခြင်းကို ခုံမင်နေသနည်း။
"ဒီအတိုင်းဆိုရင်တော့ အပြစ်မဲ့သူတွေ အများကြီး ဒုက္ခတွေ့ကြတော့မယ့်ပုံပဲ။ ငါတို့ အမြန်ဆုံး လိုက်ပြီး ဖြေရှင်းရလိမ့်မယ် ထင်ပါရဲ့"
(ဆက်ရန်...) စိတ္တဇ (၄)
Written by သင်္ခရာဇာ
End date: May 4, 2022
No comments:
Post a Comment