မိုးကောင်းနယ်တစ်လွှား၌ ဘုန်းခေါင် ဟူသော အမည်က လူငယ်တို့နှုတ်ဖျား ရေပန်းစားလာနေချိန်။ ပါရမီထူးသည့် လူငယ်လေး ဘုန်းခေါင် ရွာမှ ထွက်သွားပြီး ၉ နှစ်ခန့်ကြာမှ ပြန်ရောက်လာသည့်အတွက် လူပြောများနေခြင်းကား မဟုတ်။ ဘုန်းခေါင်၏ နယ်မရွေး လူမရွေးသော ယှဉ်နိုင်စွမ်းသော ပညာရပ်များအကြောင်းနှင့် ဇေယျာမင်းခေါင် ဟူသော အမည်ကြောင့် ဖြစ်သည်။
ဘုန်းခေါင်သည် လူမှန်းသိတတ်စကပင် အတိုက်အခိုက် ပညာရပ်များကို စိတ်ဝင်စားခဲ့ရာ အသက် ၂၀ ကျော်သည်တွင် မိုးကောင်းနယ်မှ ပျောက်သွားတော့သည်။ ပညာရှာမည် ဟု သူက ဆိုခဲ့သော်လည်း စစ်ထဲ လိုက်ပါသွားသည်ဟု အချို့က ထင်မြင်ကြသလို အချို့ကမူ သေပြီဟုပင် ယူဆခဲ့ကြရသည်။
သူ ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးခဲ့သော သူ၏ ညီငယ် ဇေယျာမင်းခေါင် အပေါ်တွင်သာ အများက မျှော်လင့်ထားခဲ့ကြ၏ ။ အစ်ကိုဖြစ်သူ ဘုန်းခေါင်နှင့်မတူ ရုပ်လက္ခဏာ ချောမောပြေပြစ်လျက် အပေါင်းအသင်း ဝင်ဆံ့သူ ဖြစ်သောကြောင့်လည်း ဘုန်းခေါင်ထက် ဇေယျာမင်းခေါင်က လူသိပိုများခဲ့လေသည်။
ယခုတော့ ဘုန်းခေါင် ပြန်ရောက်လာပြီ။ စိတ်နှလုံးနူးညံ့၍ ရိုးရိုးအေးအေး နေတတ်သော ဘုန်းခေါင်၊ သူ၏ ပညာများကို ညီဖြစ်သူအား အပ်ကျမတ်ကျ သင်ကြားပေးရင်း တစ်ချိန်ချိန်၌ ညီငယ်သည် လူစွမ်းကောင်းတစ်ဦး ဧကန်ဖြစ်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားသည့် ဘုန်းခေါင်၊ ထိုဘုန်းခေါင်တစ်ယောက် နယ်လှည့်ပညာသင်ကြားခဲ့ရာမှ ရွာသို့ ပြန်ရောက်ပေပြီ။
သူရောက်၍မှ မကြာမီ ပညာစမ်းလိုသူများ တဖွဲဖွဲ ပေါ်လာကြသည်။ မေးမြန်းစူးစမ်းကြသည်။ လေ့လာသုံးသပ်ကြသည်။ ထိုအခါ ဘုန်းခေါင်မှာ ရှမ်းကြီးရှမ်းလေး ခေါ် မြတ်စောညီနောင်သိုင်း၊ သိုင်းပြောင်းပြန်၊ ပွဲကျောင်းကိုယ်ခံပညာရပ်များသာမက အိန္ဒိယ၊ စိန့်တိုင်း၊ အာသံ မဏိပူရ ကချာနယ်များအထိ ကိုယ်ခံပညာအမျိုးစုံကို လှည့်လည်လိုက်စားခဲ့ကြောင်း သိလာကြသည်။
ယခင်က ဗန်တိုပညာရပ်တွင် တစ်ဖက်ကမ်းခတ် တတ်မြောက်ခဲ့သော ဘုန်းခေါင်သည် ယခုအခါ သိုင်းပညာ၏ ပင်မဖြစ်သော မိမိကိုယ်ကိုယ် ကာကွယ်ရန်နှင့် ရန်သူ၏ လှုပ်ရှားမှုတိုင်းကို သိမြင်နားလည်နိုင်သူ ဖြစ်လာလေပြီ။ ကိုယ်ခံပညာ အနှစ်ချုပ်ကို သဘောပေါက်လျက် မည်သည့်ပညာရပ်ဟု မခွဲခြားတော့ဘဲ အသုံးပြုတတ်ခဲ့၏ ။
အပြီးအစီး ဆေးမထိုးသော်လည်း ကိုယ်လုံသည်ဟု ဆိုစမှတ်ပြုကြရသည်အထိ ဘုန်းခေါင် တတ်ကျွမ်းခဲ့သည်။ သို့ရာတွင် သူသည် ရိုးရိုးကုပ်ကုပ်သာ နေပြီး ဇေယျာမင်းခေါင်ကို အထူးဂရုပြု သင်ကြားပေးနေခဲ့၏ ။
"ညီလေး.. မင်းမှတ်မိလား။ ငါတို့ ငယ်ငယ်က ရွာဦးကျောင်းမှာ နေသွားတဲ့ မျက်စိတစ်ဖက်လပ်နဲ့ ဦးသူတော်ကြီးလေ"
"သိပ် မမှတ်မိဘူး အစ်ကို"
"အေးပေါ့.. အဲဒီတုန်းမှာ မင်းက သိပ်ငယ်သေးတာပဲ။ သူ့ရဲ့ ကိုယ်ခံပညာဟာ သဘောကျစရာ ကောင်းလွန်းလို့ ငါ ခုလို ရူးခဲ့တာပ"
ဘုန်းခေါင် ရွာပြန်ရောက်ပြီးနောက် တစ်ညသ၌ အိမ်ရှေ့ကွပ်ပျစ်တွင် ညီဖြစ်သူနှင့် စကားစမြည် ပြောဆိုနေကြခြင်း ဖြစ်သည်။ ဇေယျာမင်းခေါင်ကတော့ အစ်ကို၏ စကားထက် တစ်ရွာသူ ခင်သက်ထားကို သတိရနေမိသည်။
"အဲဒီသူတော်ကြီး ဘယ်လောက်စွမ်းသလဲ ဆို သူအိပ်ပျော်နေတုန်း ငါ ချောင်းပစ်လိုက်တဲ့ လောက်စာလုံးကိုတောင် မိအောင်ဖမ်းနိုင်သကွ"
ဘုန်းခေါင် အားတက်သရော ပြောနေသလောက် ဇေယျာမင်းခေါင်၏ စိတ်က အခြားရွာ၏ အိမ်အောက်တွင်သာ တဝဲလည်လည်။ သို့သော် သူသည် အစ်ကိုကြီး၏ ညွှန်ကြားပြသချက်များကိုတော့ တစ်သဝေမတိမ်း ဖြစ်အောင် လိုက်နာကြိုးစားရှာပေသည်။
သူ့အား တစ်နယ်လုံးက မျှော်လင့်ထားကြသည်ကိုလည်း သဘောပေါက်သည်။ အစ်ကိုဘုန်းခေါင်က လက်အနေအထား မြင့်နေသည်မှအစ အသေးစိတ် ထောက်ပြကာ အကောင်းဆုံး ဖြစ်စေရန် သင်ကြားလေ့ကျင့်ပေးသည်ကိုလည်း နားလည်ပါသည်။ ထို့ကြောင့် သူကလည်း သမိုင်းတွင်ကျန်ရစ်စေရမည့် နယ်ကျော်လူစွမ်းကောင်းတစ်ဦး ဖြစ်လာစေရန် အထူးအားထုတ် ကြိုးစားနေ၏ ။
"တကယ်တော့လည်း သိုင်းပညာ ဆိုတာ ငါတို့ အခြေခံလက်ရေး ၆၃ ကွက်ကိုပဲ နေ့စဉ်နဲ့အမျှ ကစားနေရင်တောင် တော်ရုံရန်သူလောက်ကို မှုစရာ မလိုပါဘူး"
"အင်း"
"ငါငယ်ငယ် အချုပ်အဖြည်တွေ မတတ်ခင်က ခုတ်ဖြတ်ဝိုက်ထိုး နဲ့ ခုန်ရှောင်ကန် ၂ မျိုးတည်းနဲ့ ရွာက ကောင်တွေကို အနိုင်ချခဲ့ဖူးတယ်"
"ဟုတ်"
သူ့စကားများကို ညီငယ် အာရုံမဝင်စားမှန်း သိသောအခါ ဘုန်းခေါင် တိတ်ဆိတ်သွားသည်။ လက်ဖက်ခွက်ကိုသာ ဆွဲယူစားနေပြီး တစ်စုံတစ်ခု တွေးနေလေတော့သည်။ ဇေယျာမင်းခေါင်လည်း အစ်ကို ငြိမ်သွားသည်နှင့် ခေတ္တစောင့်ကာ လစ်ထွက်သွားသည်။ ထိုအခါမှ ဘုန်းခေါင်က ရွာအရှေ့ပိုင်းရှိ ငယ်ရဲစား မိရွှေနှင်းဆီ ထံသို့ စိတ်ရောက်သွားလေ၏ ။
"သြော်.. သူလည်း သစ္စာကြီးတဲ့ မိန်းမမြတ်ကလေးပဲ။ ဒီတစ်ခါ သီးနှံပေါ်ရင်တော့ နားဖောက်ပြီး မြန်းထားသင့်နေပါပြီလေ"
ထိုသို့ အေးချမ်းနေခဲ့ကြသော သူတို့အိမ်ရှေ့ဝယ် လူတစ်စု လာရပ်ကြသည်တွင် ကံကြမ္မာက တစ်မျိုးတစ်ဖုံ ဖြစ်လာခဲ့လေသည်။
"ဘုန်းခေါင် ရှိသလားဟေ့"
"ရှိပါတယ်.. ဘယ်သူတွေပါလိမ့်"
"တို့ ဟိုဘက်ရွာကပဲ။ မနေ့က ဓားပြမှုမှာ တစ်ယောက်က ဘုန်းခေါင်တဲ့ဟေ့ လို့ အော်သွားလို့ မင်းကို လာစစ်ကြတာ။ ဒါက မိုးကောင်းစော်ဘွားရဲ့ ရဲမက်တော်တွေပဲ"
ဓားလှံကိုင် အစောင့်များကို မြင်၍ သူတို့မိသားစု အကြောက်အကန် ငြင်းကြသည်။ ထိုအခါ ဗိုလ်တစ်ဦးက
"စိတ်ချပါ၊ အမှုမှန်အတိုင်း ဖြစ်စေရပါမယ်။ တကယ် အပြစ်မရှိဘူး ဆိုရင် ဒီနေ့ပဲ ချက်ချင်း ပြန်လွတ်ရဖို့ ကျုပ် အာမခံတယ်။ ဒါ့ကြောင့် အခုတော့ ကြိုးတုပ် နှောင်တည်းပြီး ခေါ်ဆောင်ရာနောက် အသာတကြည် လိုက်ခဲ့စေချင်တယ် မောင်ရင်။ မသင်္ကာသူတွေကို ခေါ်စစ်ပြီးတဲ့ အခါကျတော့ အပြစ်ရှိသူကိုပဲ အပြစ်ရောက်စေရပါမယ်"
အိမ်နီးချင်းများနှင့်တကွ သူ၏ မိဘများက ကန့်ကွက်နေကြသော်လည်း မည်သည့်အနှောင်အဖွဲ့ကိုမဆို လွတ်အောင် ဖြည်ထွက်နိုင်စွမ်းရှိသော ဘုန်းခေါင်က ပြန်ရောက်မလာသေးသည့် ညီငယ်ပါ အန္တရာယ်ကျရောက်မည် စိုးသဖြင့် သဘောတူလိုက်သည်။ သို့နှင့် လူတစ်စုက ဘုန်းခေါင်ကို တုပ်နှောင်ပြီး ခေါ်ဆောင်သွားကြတော့၏ ။
သူ့အား ဓားပြမှုဖြစ်ပွားသည် ဆိုသော ရွာသို့ ခေါ်သွားကြသည်။ သူကြီးအိမ်သို့ မဟုတ်ဘဲမြေပိုင်ရှင်ကြီးတစ်ဦး၏ မြေကွက် ကောက်ရိုးပုံများအကြား ရောက်လာ၍ ဘုန်းခေါင် မေးမည်ပြုစဉ်
"ဟင်.. မင်းခေါင်၊ ဘယ်လိုဖြစ်တာလဲ"
သူ၏ညီ မင်းခေါင်ကိုပါ ကြိုးတုပ်ထားလျက်သား တွေ့လိုက်ရ၍ အလွန်ဒေါသထွက်သွားရာ အစောင့်များက သူတို့အား လှံဖြင့် ထောက်ထားလိုက်ကြ၏ ။ ဇေယျာမင်းခေါင်နှင့်အတူ ဖမ်းဆီးခံထားရသော သူ့အပေါင်းအသင်းများကတော့ ဘုန်းခေါင် ရောက်လာသောကြောင့် အားတက်သွားကြဟန် တူသည်။
"မဟုတ်ဘူး အစ်ကိုကြီး၊ ကျွန်တော် ရည်းစားသည်ထံ လာတာကို သူ့အဖက ဓားပြလာတိုက်တယ် ဆိုပြီး ဖမ်းထားလိုက်တာဗျ"
မြေရှင်ကြီးက ရယ်လျက်
"ငါ့သမီးဆီ အချိန်မတော် လာတဲ့ကောင်တွေက ပုဆိုးခြုံထဲ ဓားတွေထည့်လာသတဲ့လား။ မင်းတို့ လူရော ပစ္စည်းပါ ယူကြမယ့် လူယုတ်မာတွေ"
"ခင်ဗျား အရမ်းမစွပ်စွဲနဲ့၊ တစ်ရွာက တစ်ရွာ ကူးတာ ဒီလိုပဲ ဆောင်ထား သွားလာနေကြတာ ခုမှမဟုတ်ဘူး။ ဟိုးတုန်းကတည်းကပဲ"
"ဒါဆို ငါတို့ လိုက်တော့ ဘာလို့ ဘုန်းခေါင်ကွ လို့ အော်သွားသလဲ မောင်ရင်လေးရဲ့"
"အဲဒါ ကျုပ်အော်တာ မဟုတ်ဘူး၊ ဒီကောင် ဒီကောင်။ ကျုပ်အစ်ကို အရှိန်အဝါကို သုံးပြီး ခြောက်လိုက်တာနေမှာ"
ဘုန်းခေါင် ဇာတ်ရည်လည်လာသည်။ ဒေါသထွက်ရအခက် ဖြေရှင်းရအခက်လည်း ဖြစ်နေသည်။ စောင့်ကြပ်နေသော ဗိုလ်မင်းက
"မင်းတို့နှစ်ကောင်က မိုးကောင်း မိုးညှင်းနယ်တွေကို ကျော်ပြီး မုဆိုးဘိုမှာ အမှုထမ်းသွားကြမယ် ဆိုတဲ့ ကောင်တွေ ဟုတ်လား"
ဆိုလာရာ ဘုန်းခေါင် ငြင်း၏ ။
"ကျွန်တော် တောင်သူပါ။ မင်းမှုထမ်း မလုပ်ပါဘူး။ ရိုးရိုးသားသား တောင်ယာလယ်လုပ် စားသောက်နေတာပါခင်ဗျာ"
"မင်းနာမည် ဘုန်းခေါင် ဟုတ်စ"
"မှန်ပါတယ်ဘုရား"
"သည်တစ်နယ်လုံးမှာ မင်းကြောက်ရမယ့်သူ တစ်ယောက်မှ မရှိဘူး ကြားတယ်"
ဗိုလ်မင်း၏ သရော်ဟန် မျက်နှာမူရာကြောင့် ဘုန်းခေါင် အံ့သြသွားသည်။
"မဟုတ်တာ ခင်ဗျာ၊ ကျွန်တော်က.."
"တော် မောင်မင်း၊ သည်အမှုကို ငါ စီရင်မယ်။ တရားမျှတစွာ ဆောင်ရွက်ပေးမယ်။ မင်းတို့အားလုံး ငါ ဆုံးဖြတ်တဲ့အတိုင်း လက်ခံကြရမယ်.. ရှင်းသလား"
"ကောင်းလှပါတယ်ဘုရား"
မြေပိုင်ရှင်လူကြီး၏ ဝမ်းသာအားရ ထောက်ခံမှုကြောင့် ဘုန်းခေါင် ရင်လေးစွာ ညီဖြစ်သူကို ကြည့်မိလေသည်။
ထို့နောက် ဗိုလ်မင်း စစ်နေသည့် အသံများကို သူ မကြားလိုတော့။ ဇေယျာမင်းခေါင်တို့ မည်သို့ငြင်းငြင်း မြေပိုင်ရှင်ကြီးနှင့် သူ့ဆွေမျိုးလူတစ်စု၏ အာဃာတဆန်သော စွပ်စွဲချက်များက ဖြေရှင်းမရနိုင်အောင် ပြင်းထန်လှသည်။
သူတို့ဘက်ကလည်း အမှားများစွာကို လွန်ကျူးထားခဲ့ကြသည်။ သူ့အမည်ကို ယူသုံးခဲ့ခြင်းကြောင့် သူပါ အမှုပတ်မလို ဖြစ်နေရ၏ ။ နောက်ကွယ်မှ စေခိုင်းသလိုလို၊ အစီအစဉ် ချပေးသူလိုလို၊ အရှိန်အဝါသုံးလျက် ဓားပြတိုက်နေသူလိုလို အစွပ်စွဲ ခံနေရလေပြီ။
ဇေယျာမင်းခေါင် တွေ့ချင်၍ လာခဲ့သည်ဆိုသော ခင်သက်ထားကိုမူ မတွေ့ရ။ နှစ်ဘက်စလုံးက ထိခိုက်မည်စိုးရိမ်၍ ထိန်ချန်ပြောနေကြဟန် တူ၏ ။ အရေးပါသော သက်သေတစ်ဦး ပျောက်နေသော်လည်း ဘုန်းခေါင်မှာ မပြောဝံ့။ မတော် မိဘအသိုင်းအဝိုင်းကို ကြောက်လန့်ကာ မိမိနှင့် မဆိုင်ပါဟု ထွက်ဆိုလိုက်ပါက သူတို့ ချက်ချင်း ဒုက္ခရောက်သွားရပေလိမ့်မည်။
မကြာမီ ဇေယျာမင်းခေါင်နှင့် အဖော်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သူတို့ကိုမူ သံသယ တရားခံအဖြစ် ခေတ္တ လွှတ်ထားပေးမည် ဆို၏ ။ အားလုံးကို တစ်ပြိုင်တည်း ဖမ်းမသွားတာပဲ ကျေးဇူးတင်ရမလိုလို။ ရွာမှ မထွက်ရ၊ အချိန်မရွေး လာစစ်မည်ဟု ဗိုလ်မင်းက အမိန့်တော် မှတ်သွားလေသည်။
ဘုန်းခေါင်တို့သည် ဝမ်းနည်းခံပြင်းစွာ ပြန်လာကြရင်း ညီအတွက် မည်သို့ ကြိုးစားသင့်သည်ကို တိုင်ပင်လာကြ၏ ။ ဇေယျာမင်းခေါင်အား ကယ်တင်လိုသော်ငြား သူ့အဖော်များမှာ မင်းမှုထမ်းများနှင့် ပြဿနာ မဖြစ်ပွားလို။ ဘုန်းခေါင်ကိုယ်တိုင် မကြောက်သော်လည်း ရာဇဝတ်သား ဖြစ်ရမည်ကိုမူ မလိုလားချေ။
(ဆက်ရန်...) စိတ္တဇ (၃)
Written by သင်္ခရာဇာ
End date: May 4, 2022
No comments:
Post a Comment