အရေးပြီးလျင် ညီထွေး တိမ်းရှောင်သွားသည်။ သုနကအား အစောင့်အရှောက် အပ်ခဲ့၍ ဘုန်းကံရှင် မင်းလောင်းကို ရှာရန်အတွက် ဒီပ ထွက်လာခဲ့သလို ကျန်ညီနောင်များလည်း ပြန်သွားကြသည်။
ဝေးဝေးလံလံတော့ မရှာလိုက်ရ။ ဘုန်းကံရှင်ကြီး နီးပါး ကိုယ်ရောင်ရှိန်ဝါ ခန့်ထည်သူတစ်ဦးအား မလည်အရပ်တွင်ပင် တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ အသက်မကြီးသေး၊ ကိုယ်လုံးကိုယ်ထည် ကျစ်လျစ် တောင့်တင်းလျက် တုတ်တုတ်ခိုင်ခိုင်ရှိသည်။ အရပ်မမြင့်ဘဲ ခပ်ကုပ်ကုပ်သာ ဖြစ်သော်လည်း ဘုန်းတန်ခိုးအာဏာ အလွန်ကြီးမည့်သူမှန်း သိသာနေ၏ ။
ထို့ကြောင့် ထိုသူအနားသို့ ဒီပ ချည်းကပ်စုံစမ်းသည်။ ထိုသူကလည်း ကိုယ်ကာယ ထွားကျိုင်းကြီးမားလှသော ဒီပကို သေချာစူးစိုက် ကြည့်နေသည်။ ဒီပ၏ စူးရဲသော မျက်လုံးဒဏ်ကို ခံ၍ အတန်ကြာ ပြန်ကြည့်နိုင်စွမ်း ရှိသည့် အာဂလူပင်။ သူတို့နှစ်ဦးပုံက ရန်လိုနေသည် မဟုတ်သော်လည်း ဆင်ရိုင်းနှင့်ကျွဲသိုး ထိပ်တိုက်တွေ့ဆုံမိနေသကဲ့သို့ ရှိ၏ ။
"နေပါဦး၊ ကျုပ်ဘယ်သူလဲ မေးမြန်းရအောင် မင်းကရော ဘယ်သူများလဲ။ သည်ရွာမှာ ယခင်က မတွေ့စဖူး"
"ငါက သည်ရွာကမှ မဟုတ်ဘဲ၊ ပဉ္စလရာဇ် တောတွင်းက လာတာ"
"သြော်၊ မင့်ကိုယ်ဟန် ထွားလှတယ်။ မင်းမှုထမ်းပါလား"
"မင်းမှုထမ်းဖို့ လာတာ မဟုတ်ဘူး။ ညီတစ်ယောက်ကို လာစောင့်ရှောက်ပေးနေတာ။ မင်းကိုလည်း သည်နယ်တစ်ကြောမှာ မမြင်ဖူးပါဘူး"
"ကျုပ်လည်း သည်အရပ်က မဟုတ်ဘူး။ ဟိုအထက် မုဆိုးချုံရွာက လာတာ။ သည်နယ်မှာ မင်းမှုထမ်းနိုင်မယ့် လူစွမ်းလူစ ရှိသူကလေးများ တွေ့ရမလား လာရှာတာပဲ ရောင်းရင်း"
"လူစွမ်းတွေက ရှိပါတယ်။ မင်းလိုလူနောက် လိုက်လိမ့်မယ် မဟုတ်ဘူး။ မင်းလောင်းမှန်မှ ခစားမယ့်သူတော့ ရှိတယ်"
"ဆိုပါဦး၊ နင့်လူ ဘယ်လောက်စွမ်းလဲ။ ကျုပ် လူရှာပေးနေတာကတော့ ဦးအောင်ဇေယျဆိုတဲ့ လက်ရုံးက သုံးကြိမ်သုံးခါ မီးတောက်သူ မင်းလောင်းစစ်စစ် နိမိတ်တဘောင်နဲ့ လာသူအတွက် ဖြစ်တယ်"
"မင်း.. ငမင်းသိုက်ဆိုတာ ကြားဖူးလား"
"အရင်က မကြားဖူးဘူး။ သည်နယ်ရောက်မှ ကြားဖူးတယ်။ ခု မရှိတော့ဘူးဆို"
"ဟုတ်တယ်၊ လူတစ်ယောက်က လုပ်ကြံလိုက်တယ်"
"သတင်းတွေကတော့ အမျိုးမျိုးပဲ။ တိုက်လှေကြီး တစ်စင်းပေါ်ကို တစ်ယောက်တည်း တက်တိုက်သွားတယ်လည်း ပြောရဲ့။ ဘိုးမင်းသိုက် ဘယ်လိုမှ သတ်မရဘူးလည်း ဆိုရဲ့၊ ဟော.. ခု မရှိတော့ဘူးလည်း ကြားရပြန်တယ်"
"မင်းကြားတာတွေအကုန် အမှန်ပဲ"
"မဖြစ်နိုင်ပါဘူး။ သည့်ပြင်ဟာ မှန်ချင်မှန်မယ်။ မွန်တပ်တစ်တပ် ပါတဲ့ တိုက်လှေပေါ် ဘယ်သူမှ တစ်ယောက်တည်း တက်မတိုက်နိုင်သလို ရေပေါ်မှာ ဘီလူးတွေ တိုက်ကြတယ် ဆိုတာ သာတောင် မဖြစ်နိုင်သေး"
"မဖြစ်နိုင်ဘူးပဲ ထားပါတော့။ ငမင်းသိုက်တော့ တကယ် သေပြီ။ လုပ်ကြံတဲ့သူကလည်း တခြားမဟုတ်ဘူး။ ငါ့ညီတစ်ဦးပဲ"
"ဟာ.. ဟုတ်ရဲ့လား"
ဟု ဆို၍ ဒီပကို ခြေဆုံးခေါင်းဆုံး ကြည့်နေ၏ ။ ဒီပက ထိုသူ၏ အကြည့်ကို မနှစ်မြို့စွာ ခက်ခက်ထန်ထန် တုံ့ပြန်ကြည့်လိုက်မှ တွေဝေသွားပုံ ရသည်။ မြင့်မားလှသော အရပ်နှင့် သံတုံးသံခဲများအလား ကျစ်လျစ်တုတ်ခိုင်နေသည့် ခန္ဓာကိုယ် ကြွက်သားစိုင်တို့အား ကြည့်ပြီး ဟုတ်ချင်လည်း ဟုတ်မှာပေါ့ ဟု တွေးနေသည်ကို ဒီပ သိသဖြင့်
"ခုတော့ သူလည်း မွန်တွေ လိုက်ဖမ်းလို့ ရှောင်ပုန်းနေရတယ်။ သူ့ကို ရရင် မင်းတို့ ရှင်ဘုရင် အထွဋ်အထိပ် ရောက်ပြီး မင်းတကာတို့ရဲ့မင်း ရာဇာဓိရာဇ ဖြစ်နိုင်တယ်။ ဒါပေမယ့် မင်း ခေါ်လို့တော့ သူ လိုက်မယ်မထင်ဘူး"
"ကျုပ်လည်း ပြန်တော့မှာ၊ နင့်လူ တကယ်စွမ်းသည် မှန်ရင် ဦးအောင်ဇေယျကို ပြောပြီး တစ်ခေါက် ပြန်လာမယ်။ မွန်ကို ခံတိုက်ရဲတာနဲ့တင် ကျုပ်ကတော့ ကြိုက်နေပြီ"
"အေး.. ဒါဆို မြန်မြန်ပြန်လာ၊ မွန်တွေ ဖမ်းမိသွားရင် မတတ်နိုင်ဘူး။ ငါလည်း အလုပ်ရှိသေးတယ်"
"သူက ဘာအလုပ် လုပ်သလဲ"
"ဘာအလုပ်မှ မလုပ်ဘူး၊ ဘုန်းကြီးကျောင်းသား"
မယုံနိုင်သည့် အငွေ့အသက်များ မျက်နှာတွင် ယှက်သန်းသွားသည်။
"ဘုန်းကြီးကျောင်းသားလေးက..၊ ဟုတ်လား"
"မင်း မယုံလည်း မတတ်နိုင်ဘူး။ ငမင်းသိုက်တော့ ဆုံးရှာပြီ။ မင်းတို့ တစ်ရန်အေးတာပေါ့။ သူ့အစွမ်းကလည်း အံ့မခန်းပဲ။ ခုလိုသာ စောစောစီးစီး ဇာတ်မသိမ်းရင် ငချစ်ညိုနဲ့ ပေါင်းမိလို့ကတော့ မင်းတို့ မလွယ်ဘူး"
"လက်ျာပျံချီကိုရော သိသလား၊ ကျုပ်နဲ့ ကျောင်းနေဖက်"
"မသိပါဘူး၊ လက်စွမ်း သိပ်ကောင်းတယ် ကြားဖူးတာ"
"ကျုပ်ကိုရော သိသလား"
"မသိဘူး"
"ကျုပ်နာမည် ငတွန်၊ မုဆိုးချုံရွာက"
"သြော်"
ဟု ဆို၍ ဒီပ စကားဖြတ်လိုက်သည်။
"ကောင်းပါတယ်။ အခါမနှောင်းခင် အချိန်မီရောက်ဖို့ မျှော်လင့်ပါတယ်"
"ကောင်းပြီ၊ ကျုပ်ကို ခွင့်ပြုပါဦး"
ထိုသူ ပြန်သွားသည်။ ငတွန်ဟူသည့် သူ့ဇာတာမှာ ဘုန်းကြီး၍ လက်ရုံးကောင်းလှသူ ဖြစ်လာမည် မုချ။ အညံ့အချို့ ရှိသော်လည်း မင်းဧကရာဇ်အထိ ဖြစ်နိုင်သည့် ဘုန်းလက်ရုံး ရှိသည်။ ဒီပ ငတွန်၏ ဟန်ပန် သတ္တိကို သဘောကျသွားသည်။ အထူးသဖြင့် ဆင်နှင့် ဆိတ်ပမာ ဖြစ်သော်လည်း သူ့အား မကြောက်မရွံ့ ထီမထင်ဟန်ကို သဘောတွေ့ခြင်း ဖြစ်သည်။
မကြာပါ၊ အရပ်ရှည်ရှည် သွယ်လျကျစ်လျစ်သော သက်လတ်ပိုင်း လူတစ်ဦးကို ခေါ်၍ ငတွန် ပြန်ရောက်လာသည်။ မထင်မရှားဟန် ဝတ်ဆင်ထားသော်လည်း ထိုသူမှာ မင်းလောင်းစင်စစ် ဧကန်ဖြစ်သည်ဟု ဒီပ နားလည်လိုက်၏ ။ အနေအထိုင် အပြောအဆို လှုပ်ရှားမှုမှအစ အများနှင့်မတူ ထူးခြားသိမ်မွေ့ကာ တည်ကြည်လေးနက်ခြင်း ရှိသည်။ ငတွန်နှင့် အဖက်ဖြစ်သည်။ မည်သို့ကြည့်ကြည့် ရှင်ဘုရင်ဟန် ပေါ်နေသည့် လူတစ်ဦး။
ထိုသူက ညီထွေးကို ကောင်းမွန်ချေငံစွာ ပြောဆိုလျက် ခေါ်သွားသောအခါ သူတို့ စိတ်အေးကြရပြီ။ ညီထွေးမှာ ငယ်ရွယ်လွန်းနေသော်လည်း သူ့အချိန် ကျရောက်နေပြီ ဖြစ်၏ ။ အမှန်တော့ ညီထွေးက နောက်ကျနေခြင်းသာ၊ အခြားသူများနှင့် အခြေနေ အရပ်ရပ်က အားလုံး အသင့်ဖြစ်နေကြချိန် ညီထွေးမှာ နောက်ကျမှ ရောက်လာသဖြင့် အချိန်အခါသင့်ချိန်တွင် အရွယ်မတန်သေးဘဲ ကျောင်းသားသူငယ် ဖြစ်နေ၏ ။
သူတို့သည် ညီထွေးအား စိတ်ချလက်ချ ထားခဲ့ကြရန် နောက်ဆုံးအနေဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ ပထမဆုံး တိုက်ပွဲတွင် ညီထွေးမှာ ကံကောင်းထောက်မစွာ အသက်ဘေးမှ ပွတ်ကာသီကာ လွတ်ခဲ့ပြီး အနိုင်ရလိုက်သည်၌ စစ်၏ သဘာဝကို နားလည် သဘောပေါက်သွားခဲ့၏ ။ တိုက်ပွဲဝင်လျင် သေနိုင်သည်၊ စစ်ဖြစ်လျင် နိုင်အောင် တိုက်ရမည်၊ လူအနည်းအများသည် အကြောင်းမဟုတ်၊ စီရင်တတ်လျင် နိုင်သည်ဟု သိရှိသွားလေပြီ။
သူတို့ စိုးရိမ်နေရသည့် တိုက်ပွဲကြီးမှာ ယခုမှ အစပြုရန် တာစူနေသည်။ မုဆိုးဖိုရွာ ထန်းလုံးတပ်ကို မွန်အင်အားများစွာ သောင်းသောင်းဖျဖျ လာရောက်ဝန်းရံထားသည်အား သူတို့ ညီအစ်ကို လေးဦး တပ်ထောင့်ကင်းစင်အမိုးများပေါ် ရပ်၍ ကြည့်နေကြ၏ ။ မင်းလောင်း ငအောင်ဇေယျက ထွက်မတိုက်သေးဘဲ တံ့တံ့စားစား ခံပြီးမှ သူရဲအားလုံး ထွက်၍ တညီတည်း ကြွေးကြော် တိုက်စေရာ မွန်တပ်ကြီး မခံနိုင်။ ရဲဝံ့လွန်းသူတို့၏ သတ္တိကြောင့် တပ်ပျက်လေသည်။
မွန်တပ်ကြီး အပျက်ကို ညီထွေးနှင့် ငတွန်တို့ ရှေ့ဆုံးမှ ဦးဆောင်၍ လိုက်ထပ်ကြသည်။ သူတို့ ညီနောင် ၄ ဦးလည်း မြင်းလေးစီးနှင့် တပ်ထောင့်များမှ လိုက်ကြ၏ ။ ညီထွေးက တပ်ပြေးချရပ် နားနေရာသို့ ညဘက်များပါ ဝင်စီးချင်သဖြင့် အရေးတော် လှစေရန် သူတို့က ကူညီ ခြောက်လှန့်ပေးကြသည်မှာ ပျော်စရာကြီး ဖြစ်သည်။
ဘီလူး ကြောက်လှသော မွန်တို့ရှေ့ မြင်းဖြူစီးလျက် ပကတိရုပ်သွင်ကို ပြလိုက်လျင်ပင် မရပ်မနား ပြေးကြသည်မှာ အချို့ အမောဆို့လျက် အသက်ထွက်သည်။ အချို့ မြစ်ကို ကူးပြေးရင်း နစ်မွန်းကုန်၏ ။ နေ့ဘက်များတွင်လည်း ဘုန်းကံနိမ့်သူများက သူတို့လေးဦးသား တပ်ထောင့်များ၌ ပါသည်ကို မြင်ကြ၍ ထိတ်လန့် ဖျားနာကြ၏ ။
ဒီပတို့ လိုက်လံခြောက်လှန့်သည်မှာ ရွှေဘိုမှ စ၍ စစ်ကိုင်းရောက်သည်အထိ။ မြစ်ခြားချောင်းခြား အင်းဝတစ်ဖက်ကမ်းကိုတော့ မြို့သန့်သည်နှင့် မလိုက်။ စစ်ကိုင်းဘက်မှသာ ရပ်ကြည့် ရယ်မော နေခဲ့ကြသည်။
(ဆက်ရန်...) အစောင့် (၃)
Written by သင်္ခရာဇာ
End date: December 6, 2021
No comments:
Post a Comment