တစ်နေ့သောအခါ ဖခင် ဘီလူးမင်းသည် သားငါးယောက်တို့အား ဆင့်ခေါ်၍
"သားတော်တို့ အပိုင်စားရတဲ့ နယ်တွေမှာ ဘုန်းတန်ခိုး အလွန်ကြီးသူတစ်ဦး ပေါ်ထွန်းလာတယ်။ သူဟာ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ တိုင်းတွေကို စုစည်းပြီး ယခင်လို မပြိုကွဲနိုင်တဲ့ နိုင်ငံတော်ကြီးတစ်ခု တည်ထောင်လိမ့်မယ်။ အဲဒီနိုင်ငံ မပြိုကွဲဖို့ဟာ ပံ့ပိုးမယ့်သူရဲ့ အစွမ်းသတ္တိတွေ အများကြီး လိုနေတယ်။ မဟုတ်ရင် သူတည်ထောင်ခဲ့တဲ့ တိုင်းပြည်ဟာ နှစ်ပေါင်း ၁၀၀ ကျော်ကြာရင် ပြန်ပြိုကွဲမှာပဲ။ ဒါ့ကြောင့် ကုဝေရ နတ်မင်းကြီးရဲ့ အမိန့်အရ သားတော်တို့ရဲ့ နယ်နိမိတ် ပိုင်နက်မှာ ပေါ်ထွန်းလာမယ့် နိုင်ငံတော် တည်မြဲဖို့ သားတော်တို့ထဲက တစ်ဦးဦး စတေးရလိမ့်မယ်"
ညီအစ်ကို ငါးဦး ရှူးရှူးရှားရှား ဖြစ်သွားကြသည်။ အကြီးဆုံးနှင့် အကြမ်းတမ်းဆုံးဖြစ်သည့် ဒီပက ခမည်းတော်ကို ပြန်မေး၏ ။
"သားတော်တို့ အသက်ငယ်ပါသေးတယ်။ မစတေးဘဲ ဒီအတိုင်း ကူညီ စောင့်ရှောက်လို့ မရနိုင်ဘူးတဲ့လား"
"မဟုတ်ဘူး ငါ့သားတို့၊ လူအဖြစ်နဲ့ အလောင်းမင်းကို အနီးကပ် စောင့်ရှောက် ကူညီပေးရမယ်လို့ နတ်မင်းကြီး မိန့်တော်မူတာ။ အဲဒီ ပံ့ပိုးသူရဲ့ အာနုဘော် အဟုန်က အဲသည်နိုင်ငံ ဘယ်လောက်ခိုင်မြဲမယ်ဆိုတာ အဖြေပေးလိမ့်မယ်။ ကူညီသူဟာ လက်ရုံးစွမ်းထက်တာနဲ့အမျှ တိုင်းပြည်ဟာ စစ်အင်အား ထက်မြက်လိမ့်မယ်။ ပံ့ပိုးမယ့်သူက ရဲရင့်ရင် သည်နိုင်ငံမှာ မွေးသမျှ သူရဲကောင်းချည်း များမယ်လို့ ဆိုလိုတယ်"
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဖခင်က သူတို့သဘောကို သိ၏ ။
"သားတော်တို့ တိုင်ပင်စဉ်းစားဖို့ မလိုပါဘူး။ ခမည်းတော် ကြံစည် သုံးသပ်ပြီး ရွေးချယ်ထားပြီးပါပြီ"
ဒီပ ရှေ့သို့ ထွက်လိုက်ကာ..
"မသွားမဖြစ် သွားရမယ်ဆိုရင် သားတော် သွားပါရစေ"
"ဒီပ၊ မင်းက အစွမ်းကြီးတာနဲ့အမျှ သွေးအေးရက်စက်လွန်းတယ်။ မင်းရဲ့ နယ်သားတွေ မင်းလိုကလေးတွေ မွေးစေချင်လို့လား"
ထိုစကားတစ်ခွန်းနှင့်ပင် ဖခင် မည်သူ့ကို ရွေးချယ်ထားသည်ကို သူတို့အားလုံး သဘောပေါက်လိုက်သလို ရှိ၏ ။ သို့သော် ညီလတ်တစ်ဦး၏ အသံ သူ့နောက်မှ ထွက်လာပြန်သည်။
"ဒါဆို ကျွန်တော်မျိုး သွားပါရစေ ခမည်းတော်"
"မဖြစ်ပါဘူး၊ မင်းလည်း သတ္တိကောင်းတာနဲ့အမျှ ရဲဝံ့လွန်းတယ်။ တစ်ယူသန် တစ်ဇွတ်ထိုး လုပ်သူချည်း ဖြစ်ကုန်မယ်၊ ခမည်းတော် မြင်ထားတာတော့ မင်းတို့ ညီထွေးပဲ"
ဒီပတို့ အားလုံး သူတို့၏ ချစ်လှစွာသော ညီထွေးအား လှည့်ကြည့်လိုက်ကြသည်။ ညီထွေးကတော့ သူ့ထုံးစံအတိုင်း မတုန်မလှုပ်၊ တည်ကြည်လျှို့ဝှက်လွန်း၏ ။ ဖခင်၏ စကားသံက ဆက်ထွက်လာသည်။
"သူက မင်းတို့ ညီနောင်ငါးဦးမှာ ဉာဏ်လျင်မြန်မှုနဲ့ မေတ္တာတရား သာတာ မင်းတို့အသိပဲ မဟုတ်လား။ လက်ရုံးထက်မြက်လွန်းရင် မကြာဘူး၊ ပြန်ပြိုကွဲတယ် ဆိုတာ သားတော်တို့ မကြာသေးခင်ကပဲ တွေ့ကြုံခဲ့ကြရပြီးပြီ။ လောကကို အဓွန့်ရှည်စေနိုင်တာက မေတ္တာတရားပဲ။ အဲဒီတရားကလည်း အစ်ကိုတော်တွေမှာ မရှိဘဲ သူ့ဆီမှာပဲ စုပြုံနေတယ်"
ဒီပက ခမည်းတော်ကို တစ်လှည့်၊ ညီထွေးအားတစ်လှည့် ကြည့်နေလေသည်။ သူ့မျက်နှာတွင် နှမြောတသခြင်းနှင့် ဂုဏ်ယူဝံ့ကြွားခြင်းတို့ ရောယှက်ထင်ဟပ်နေ၏ ။
"ငါတို့ ဘီလူးတွေထဲမှာ မေတ္တာအားကြီးတဲ့ နတ်ဘီလူးဟာ ပေါ်ခဲပါတယ်။ ဒါ့ကြောင့် ခမည်းတော်နဲ့ ဝေဿဝဏ်နတ်မင်းကြီးကအစ သူ့ကို နှမြောကြပါတယ် သားတို့...။ ဒါပေမယ့်..."
ဖခမည်းတော်၏ အသံက တိမ်ဝင်သွားသည်။ သူတို့အားလုံးနှင့်တကွ နန်းတစ်ခုလုံးလည်း တိတ်ဆိတ်နေ၏ ။ ထောင့်တစ်နေရာမှ ရှိုက်သံတစ်ချက် ထွက်လာသည်။ ဒီပ ခေါင်းငိုက်စိုက်ကျနေစဉ် ညီထွေးအသံကို စ ကြားရ၏ ။
"ကျွန်တော် သွားပါ့မယ် ခမည်းတော်။ မသွားခင် တောင်းဆိုစရာတစ်ခုတော့ ရှိပါတယ်။ ဖခမည်းတော်က အရှင် ကုဝေရ နတ်မင်းကို တောင်းဆိုပေးစေချင်ပါတယ်။ အမှုတော်ကို ထမ်းပြီးလို့ ဘုန်းကံရှင်မင်းလောင်း ကံကုန်ချိန်၊ တာဝန်ပြီးဆုံးတဲ့ အချိန်မှာ ဟောဒီ စတုမဟာရာဇ် မြောက်ပြင်ရဲ့ ဟောဒီ နန်းတွင်းမှာပဲ ဒီညီအစ်ကိုတွေနဲ့ ပြန်လည်ဆုံတွေ့ခွင့်"
ညီထွေးလည်း ပြောရင်း စကားမဆက်နိုင်တော့။ ခမည်းတော်က ဝမ်းသာအားရဖြင့်
"သားတော် တောင်းတဲ့ဆုကို ဝေဿဝဏ်နတ်မင်းကြီးဆီမှာ ခမည်းတော် ရအောင် တောင်းပေးပါ့မယ်။ သားတော်ကလည်း မမေ့မလျော့ အာရုံပြုပါ။ အချိန်ကျရင် သတိပေးဖို့ သားအစ်ကိုတော်တွေကို လွှတ်လိုက်မယ်။ သူတို့ကိုလည်း အားလပ်ချိန်တွေမှာ ငါ့သားကို စောင့်ရှောက်နိုင်ဖို့ ခွင့်တောင်းပေးမယ်"
သူတို့ ဝမ်းနည်းဝမ်းသာ ဖြစ်သွားကြ၏ ။ ဘဝခြားသွားသော်လည်း ညီအစ်ကိုများ ပြန်ဆုံနိုင်မည့်အပြင် လူဖြစ်သွားသော ညီထွေးအား စောင့်ရှောက်ခွင့် ရကြလိမ့်ဦးမည် မဟုတ်လား။ သူတို့အားလုံးတွင် အနူးညံ့ အသိမ်မွေ့ဆုံးဖြစ်သည့် ညီထွေးအား အစ်ကို လေးဦးလုံးက ချစ်ကြသည်မို့ ညီထွေး တောင်းသောဆုနှင့် ဖခင် ခွင့်ပြုမည့် ဆုတို့မှာ သူတို့အတွက် အဖိုးတန်လှပြီ။
ထိုနေ့မှ စ၍ ညီထွေးသည် ဥပုသ်သီတင်း ဆောက်တည်၏ ။ သီလ သမာဓိ မြဲမြံစေ၏ ။ လိုအပ်သည်တို့ကို ရှာဖွေလေ့လာ မေးမြန်း၏ ။ ကြိုတင်ပြင်ဆင်ကာ အကောင်းဆုံး ဖြစ်စေရသည့်အတွက် သွားရမည့် အချိန်ထက် အနည်းငယ် နောက်ကျသွားသည်သာ ပြောစရာ ရှိသည်။ စတုမဟာရာဇိကအဖြစ်မှ စုတေလျက် သူ၏ ပိုင်နက် တကောင်းအရပ်တွင် ဝင်စားချိန်၌ ဘုန်းရှင်ကံရှင်မှာ အရွယ်ရောက်၍ အိမ်ထောင်ရက်သားပင် ကျနေပေပြီ။
ညီထွေး ဆင်းသွားသောအခါ သူတို့ ၄ ဦးလုံး လိုက်သွားကြသည်။ ရွာထိပ်အရောက် ဒီပက 'သွားပေတော့ ညီထွေး' ဟု နှုတ်ဆက်လိုက်ရာ လျှပ်များပြက်၍ မိုးခြိမ်းသွားသဖြင့် ကျန်ညီများက သတိပေးရသေး၏ ။ သူတို့သည် ညီထွေး၏ လူ့ဘဝ မိခင်ဖခင်တို့ အိမ်ရှေ့အရောက် မြင်းများဖြင့် လိုက်ပို့ခဲ့ကြပြီး ညီထွေး လူဖြစ်သွားတာ သေချာတော့မှ ပြန်ခဲ့ကြသည်။
ထို့နောက်တွင် သူတို့ ညီအစ်ကို လေးဦးသည် တစ်ယောက်တစ်လှည့် အားလပ်ချိန်တိုင်း ညီထွေးကို သွားကြည့်ကြ၏ ။ ညီထွေးမှာ နတ်ဘီလူးဘဝကအတိုင်း ငယ်စဉ်ကပင် တည်ငြိမ်သည်၊ ဉာဏ်ပြေးသည်။ မဟုတ် မမှန်သည်ကို မလုပ်တတ်၊ ညီလတ်က ဝင်ပူး၍ သွေးထိုးသွားသဖြင့် တဇွတ်ထိုး လုပ်တတ်သည့် အကျင့်တော့ ကူးသွားသည်။ နုနယ်အားနည်းလွန်းသည့် ကလေးငယ်အား ထိုသို့ မလုပ်ကြရန် အခြားသူများကို ဒီပ တားမြစ်ထားလိုက်ရသည်။
နောက်တစ်ကြိမ် ဒီပ သွားသည့်အခါ၌ ညီထွေးတွင် ငလက်တို ဟူသည့် ညီတစ်ဦး ရနေလေပြီ။ ညီထွေးကဲ့သို့ပင် မဟုတ်မခံ ဇက်ဇက်ကြဲကလေး ဖြစ်သည်။ သို့သော် သူ့ဇာတာမှာ မကောင်းလှ၊ အသက်တိုမည့်သူ ဖြစ်နေသည်။ ညီထွေးမှာ ဘုန်းကြီးကျောင်း ရောက်သွားသဖြင့် ငလက်တိုနှင့် ကြာရှည် မတွဲလိုက်ရ။ ညီအစ်ကိုနှစ်ဦးမှာ သူတို့နှင့် ညီထွေး ဝေးသလိုပင် ဝေးနေကြလေ၏ ။
ညီထွေး အရွယ်ရလာသောအခါ သူတို့လည်း မကြာမကြာ မရောက်ဖြစ်တော့ပေ။ တစ်ရက်တွင် ဒီပထံသို့ ညီတော် နှစ်ဦး ရေးကြီးသုတ်ပြာ ရောက်လာကြသည်။
"နောင်တော်ရေ.. စံနက်ကျော်တော့ ဒုက္ခတွေ့နေပြီ"
"ဟုတ်လား၊ ဘာဖြစ်လို့လဲ"
စံနက်ကျော် ဆိုသည်မှာ ညီထွေးအား သူတို့ညီနောင်များသာ ခေါ်သည့် နာမတစ်ခုဖြစ်သည်။ ညီထွေး၏ လူ့ဘဝအမည်က ငစံ ဖြစ်၍ နတ်ဘီလူးဘဝက အနက်ရောင်သာ ဝတ်ဆင်လေ့ရှိသည် မဟုတ်ပါလား။
"အောက်ပြည်က တက်လာတဲ့ မွန်တွေနဲ့ ပြဿနာ ဖြစ်ပွားကြသတဲ့။ သူနဲ့ အချင်းများသူဟာ လူစွမ်းကြီးတစ်ဦးလို့ သိရတယ်။ နတ်တွေကို ပင့်နိုင်စွမ်းရှိပြီး ပရလောကသားတွေနဲ့ တိုက်တတ်လေ့ရှိတယ်လို့ ညီထွေးပိုင်နက်ကို စောင့်ရတဲ့ ငသုန်က လျှောက်လာတယ်"
"ဒါဆို သူ မလွယ်ဘူးပေါ့။ သူ့မလည်း လူဖြစ်မယ် မကြံသေးဘူး၊ ထီခနဲ စတာနဲ့ ပွဲကြီးတန်းတွေ့သကိုး။ ငါတို့ လိုက်ကြမှ သင့်မယ်။ ဒါနဲ့ ဟိုနှစ်ကောင်ရော"
"သူတို့ မအားလို့ မလာနိုင်ဘူး။ အရေးရှိလို့ နောင်တော်က ခေါ်ရင်တော့ ချက်ချင်း လာမယ်လို့ ပြောလိုက်တယ်"
"ဟုတ်ပြီလေ၊ ငါတို့ ၃ ဦးပဲ သွားကြစို့"
(ဆက်ရန်...) အစောင့် (၂)
Written by သင်္ခရာဇာ
End date: December 4, 2021
No comments:
Post a Comment