Translate

အစောင့် (၄)

ယင်းသို့ ပြုမူခဲ့ကြသည့်အတွက် ခမည်းတော်က သူတို့ ညီနောင်လေးဦးကို ခေါ်ဆူခြင်း ခံလိုက်ရသေးသည်။ နောက်နောင် ထိုသို့ မပြုပါဟူသည့် ကတိလည်း ပေးခဲ့ရ၏ ။ သို့သော် နန်းတော်မှ ပြန်ထွက်လာသည်နှင့် သူ့ညီများက စပ်ဖြဲဖြဲ၊ 'တယ်ပျော်ဖို့ ကောင်းတာဗျ' ဟု ဆိုလိုက်ကြသည်။
ထိုနောက်များတွင် ညီထွေးထံ ဒီပ ကြိုကြား ကြိုကြားသာ ရောက်တော့သည်။ ညီထွေး၏ စွမ်းရည်ကလည်း တက်လာပြီ။ သူတို့ စောင့်ရှောက်နေရန်ပင် မလိုတော့။ မည်သည့် ရန်သူကိုမဆို ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သောကြောင့် လွှတ်ထားလိုက်ကြသည်။
ယခုအခါ ညီထွေးသည် သူ၏ ချစ်လှစွာသော နောင်တော်များအား လုံးဝ မေ့လျော့နေလျက် သူ့အရှင်သခင်သစ်ထံတွင် အမှုတော်ကို စိတ်ရောကိုယ်ပါ ကြိုးစား ထမ်းရွက်ရင်း သူ့တပ်သားများအကြား၌ ပျော်မွေ့နေလေပြီ။ ထို့ကြောင့် ဒီပတို့ အလိုက်သိစွာ ဖဲခွာခဲ့ကြသည်။ ဒီပသည်လည်း သူနေထိုင်ရာ ပဉ္စလရာဇ်နယ်စပ်ရှိ ဘီလူးတောင်တွင် အနေများလာသည်။ တစ်ခါတစ်ရံမှသာ အခြား ညီအစ်ကိုတော်တို့၏ သတင်းကို ကြားရ၏ ။
အဘယ်မျှ ကြာသွားသည်မသိ။ ညီတော် လေးပါးလုံး စုရုံး ရောက်ရှိလာမှသာ ဒီပ ညီထွေးကို သတိရ စိုးထင့်သွားမိသည်။ သူထင်သည့်အတိုင်း သတင်းက မကောင်း။ ညီထွေး၏ အရှင် ဘုန်းကံရှင်အောင်ဇေယျ ကံကုန်သွားပြီ ဖြစ်သလို ညီထွေးသည်လည်း အယုဒ္ဓယ၌ သေလုမျောပါးဖြင့် ကျန်ရစ်ခဲ့သတဲ့။
ထို့ကြောင့် ဒီပ ချက်ချင်း ထ လိုက်သွား၏ ။ အယုဒ္ဓယမြို့ရိုးဆီ ရောက်ချိန်၌ နေဝင်လုဆဲဆဲ။ မြို့တွင်းသို့ ဝင်မရ။ သူတို့၌ ခွင့်ပြုမိန့် မပါခဲ့သဖြင့် မြို့စောင့်နတ်ကြီးများက အဝင်မခံကြချေ။ မြို့ပြင်တွင် နည်းလမ်းရှာကြသည်။ ဝေလုကသည် မြင်းဖြင့် မြို့ကို ပတ်ကြည့်ရင်း မြို့ပြင်တစ်နေရာမှ ဘုန်းကြီးကျောင်းကြီးတစ်ဆောင်ကို တွေ့ခဲ့၏ ။
ယင်းကျောင်းမှာ မင်းဆရာတော် သီတင်းသုံးနေသည့် မင်းကျောင်းကြီးမှန်း အုတ်ရိုးပိတ်လှေကားကို ကြည့်၍ သိရှိသဖြင့် ဒီပတို့အား လာခေါ်လေသည်။ မှန်၏ ။ သီလ အကျင့်စာဂနှင့် ပြည့်စုံသော ဆရာတော်တစ်ပါးသည် တံမြက်လှည်းရင်း တရားတော်များ စီးဖြန်းသရဇ္စျာယ်နေသည်။ မင်းဆရာတော်ကိုသာ ကပ်ကြရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။
ညဉ့်တွင် ဆရာတော် ကျိန်းစက်နေရာသို့ ဝင်၍ အိပ်မက်ပြုကြသည်။ ညီထွေး၏ နတ်ဘီလူးပုံရိပ်နှင့်တကွ ပြကာ ဆရာတော် ကယ်မ စောင့်ရှောက်ပါမည့်အကြောင်း တောင်းပန်ကြရ၏ ။ ဆရာတော်မှာ မမြင်ဖူးသဖြင့် အံ့အားသင့်နေသော်လည်း သူတို့ ပြောသမျှ ပြသမျှကို မှတ်မိနေလေသည်။
ဒီပက နတ်ဆေးတောင့်တစ်တောင့်ကို လည်းကောင်း၊ ဘမရက အသက်ရှည်စေသည့် အင်းတစ်ခုကို လည်းကောင်း၊ ဗျဂ္ဂက နတ်ဘီလူးတို့သာ သိအပ်သော တောသုံးတောင်ကို အစိုးရသည့် မန္တာန်တစ်ခု နှုတ်တိုက်ချပေး၍ လည်းကောင်း၊ ဝေလုကသည် ဆရာတော်၏ ဝါသနာနှင့် အစွမ်းကို လေ့လာမိသည့်အလျောက် ညီထွေးရင်နှင့် ကျောပေါ်မှ ဘီလူးရုပ်များအား ပိုမိုအစွမ်းထက်သည့် အစီအရင် ဆေးများ ညွှန်ပြ၍ လည်းကောင်း၊ ညီထွေးကတော့ ထောင်တွင်း ကျဉ်းကျနေ၍ ယခု ပေးစရာမရှိ၊ ပတ္တမြားကျောက်စီ ဆောင်ဓားမြှောင် ပေးပါလိမ့်မည်ဟုသာ လျှောက်ခဲ့ကြသည်။
ဆရာတော်လည်း ဆန်းကြယ်သည့် အိပ်မက်ကြောင့် နိုးလျင်နိုးချင်း ဒီပ ထားခဲ့သည့် ဆေးတောင့်နှင့်တကွ မြေပေါ်မှ အင်းကို မြင်ရာ အိပ်မက်မှာ အမှန်ဖြစ်သည်ဟု သိရှိသွား၏ ။ မိုးသောက်လျင် နန်းတော်သို့ ဝင်၍ စုံစမ်း၊ သူတို့ ညီထွေးအသက်ကို အလှူခံခဲ့လိုက်သည်။ သို့သော် ညီထွေးသည် ပြင်းထန် များပြားလှသော သေနတ်ဒဏ်၊ မြား လှံတို့ စူးထားသည့် ဒဏ်ရာများဖြင့် ကယ်၍ မရတော့ဟု ထင်ရ၏ ။
ဒီပတို့မှာမူ အချိန်မဆိုင်းဘဲ ဖခင်ထံ ဝင်တွေ့ကြလျက် ညီထွေးအား ပြန်လည် ခေါ်ယူရန် အချိန်ကျရောက်ပြီ ဖြစ်ပါကြောင်း လျှောက်တင်ကြလေသည်။ ခမည်းတော်က
"ကုဝေရ နတ်မင်းကြီးသည် မေ့လျော့နေမည်မဟုတ်။ အကြောင်းရှိ၍သာ ပြန်ခေါ်ရန် မစေသေးသည် ဖြစ်မည်။ ခမည်းတော် အခစားဝင်၍ မေးမြန်းဦးမည်"
ဆိုသဖြင့် သူတို့ ညီနောင်များပါ လိုက်သွားကြ၏ ။
ဝေဿဝဏ်နတ်မင်းမှာ စတုမဟာရာဇ်ဘုံ၌ အကြီးဆုံး ဖြစ်သည့်အလျောက် အားလပ်ချိန် မရှိသလောက် ဖြစ်နေသည်။ သူ့ရှေ့တွင် အခစားဝင်သည့် စတုမဟာရာဇိကာဒေဝ အနွယ်ဝင် နတ်ဘီလူး ရက္ခိုက်များစွာ တွေ့ရသလို ကြီးမားသော ကိုယ်အဆင်းနှင့် ဂုမ္ဘာန်ကြီးများလည်း တလိမ့်လိမ့် တိုးဝှေ့နေကြသည်။ လောကသုံးပါးတွင် အစွမ်းဆုံး လက်နက်တစ်မျိုးဖြစ်သည့် သံတင်းပုတ်ကြီးမှာ နတ်မင်းကြီး ယာဘက်အပါး၌ ထောင်ထား၏ ။
သူတို့အလှည့် ရောက်ရန် အတန်ကြာ စောင့်ပြီးမှ ခမည်းတော် နတ်ဘီလူးမင်းက တင်လျှောက်ခွင့် ရသည်နှင့်
"ကျွန်ုပ်၏ သားတော်အထွေးမှာ တတိယနိုင်ငံတော် ထူထောင်ရန် စေလွှတ်ခံထားရသည့်အလျောက် ယခုအခါ တာဝန်များ ပြီးဆုံးပြီ ဖြစ်ပါ၍ ပြန်လည် ခေါ်ယူခွင့် ပြုပါရန် လျှောက်ထားတောင်းပန်အပ်ပါသည် အရှင်မင်းကြီး"
ကုဝေရနတ်မင်းသည် တစ်ချက်မျှ စောင်းငဲ့ကြည့်ပြီး ခေတ္တ စဉ်းစား၏ ။
"သင့်သား တာဝန် မပြီးသေးဘူး။ မြန်မာပြည်ကြီးကို ကာကွယ်ရန် ကျန်သေးတယ်။ အဲသည်အရေးပြီးမှ သည်နိုင်ငံတော် တည်တံ့မယ်ကွဲ့။ သူ အချိန်မတန်သေးဘူး။ အသက်ဆက်နိုင်အောင် လိုအပ်သည်များကို သားတော်တို့က ဝိုင်းဝန်းကူညီကြစေ"
ဒီပတို့ တပ်ဆုတ် ပြန်ခဲ့ကြရသည်။ သူတို့ လာသည်မှာ ညီထွေးအား ပြန်ခေါ်ရန်၊ ယခုတော့ သူတို့ပင် သွားရောက် ကူညီပေးရဦးမတဲ့။ မည်သို့ဆိုစေ ယခု သူတို့၌ နတ်မင်းကြီး၏ အမိန့်တော် ပါလာခဲ့ပြီ ဖြစ်သည်။
ထိုအမိန့်ဖြင့်ပင် အယုဒ္ဓမြို့တွင်း ဝင်လိုက်ကြသည်။ သူတို့ စတုမဟာရာဇ တိုင်းသားတို့အား လူ့ပြည်မှ ဂန္ဓဗတို့က ရွံ့ကြောက်မြဲဖြစ်ရာ အမိန့်ပါသည် ဆိုသည်နှင့် တံခါးမရှိ အတားမရှိ ဝင်ထွက်ခွင့် ရပေပြီ။ စစ်လားဆေးလား လုပ်နေသော နတ်တစ်ဦးအား အထွားကျိုင်းဆုံးဖြစ်သည့် ဘမရက တိုက်ချလိုက်ပြီး ဝင်သွားရာ အခြား မည်သူမျှ စကားမဟရဲကြတော့။
ဦးစွာ ညီထွေး၏ အသက်ငင်နေသည့် ခန္ဓာသို့ ဘမရ ဝင်နေလိုက်သည်။ ကျန်သူများက ဆရာတော်ကို အားချင်း သွားခေါ်၍ ဆေးတောင့် သန်းခေါင်းမျှ ဖဲ့တိုက်ရန်၊ ဒဏ်ရာများ၌ သွေးလိမ်းပေးရန် တောင်းဆိုကြ၏ ။ ဆရာတော်လည်း နန်းတွင်းထောင်ကြီးသို့ ကြွလာရသည်။

         အယုဒ္ဓမင်းသို့လည်း ခြောက်လှန့်ပူးကပ်၍ ဆရာတော်အား အချိန်မရွေး ဝင်ထွက်ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်စေ၏ ။ ထောင်စောင့််နတ်များမှာကား ဒီပ ကြိမ်းဝါးသံယံသည်၌ ကြောက်လန့် ပြေးလိုက်ကြသည်မှာ အနားပင် မသီရဲ။ သူတို့ လေးဦးသာ ထောင်ကို ကြီးစိုးထားလေသည်။

(ဆက်ရန်...)  အစောင့် (၅)

 Written by သင်္ခရာဇာ

End date: December 7 , 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...