Translate

အစောင့် (၆)

ဒီပသည် ငြိမ်သက်စွာ ထိုင်လျက် လက်ျာဘီလူး၏ စိတ်ကို ဖတ်နေသည်။ ညီထွေးသည် သူ့အား လုံးဝ မမှတ်မိ။ အတိတ်ဘဝအကြောင်း ဘာမှ မသိချေ။ ရှေ့တွင် ဒီပ တစ်ကိုယ်လုံးကို မြင်နေသည့်တိုင် အစ်ကိုဟူသည့် အမှတ်သည်းခြေ မရှိမူဘဲ ရန်သူလော မိတ်ဆွေလော ဟုသာ ဆန်းစစ်နေကြောင်း သိရသည်။
ထို့ပြင် ဒီပ မည်သို့ လှုပ်ရှားလာပါက မည်သို့ တုံ့ပြန်မည်ဟူသည်များကို အဆက်မပြတ် တွေးနေရာ ဒီပ ရယ်ချင်လာသည်။ အားမတန်သော်လည်း မာန်မလျှော့ဘဲ သူ၏ လည်စေ့ကို ထိထိမိမိ တိုက်ခိုက်နိုင်လျင် ဤအကောင်ကြီး ခံနိုင်မည်မဟုတ်ဟု အားနည်းချက်ကို ရှာနေလိုက်သေးသည်။ သို့သော် တစ်ချိန်တည်းမှာ သူ့တိုက်ခိုက်မှုများ ထိရောက်မည် မဟုတ်မှန်းလည်း သိလာသဖြင့် လက်ဖျားခြေဖျားများ အေးစက်လျက် ပိုမိုတည်ငြိမ်လာသည်ကို တွေ့ရ၏ ။
သူ့ညီ ဘာဆက်တွေးမလဲ သိချင်၍ ဒီပ မလှုပ်မရှား ငြိမ်နေလိုက်သည်။ အတန်ကြာသည်အထိ ငြိမ်နေသည်ကို ထောက်သော် အန္တရာယ်ပြုချင်ဟန် မတူဟု ညီထွေးက စဉ်းစားလာ၏ ။ ထိုအခါ မည်သူဖြစ်သနည်း၊ ထောင်သားအသစ်လော၊ မိမိအား နှိမ်နင်းမည့်သူလော၊ ယိုးဒယား အာဏာပိုင်တစ်ဦးဦးလော ဟု စစ်ကြောနေပြန်သည်။
ချက်ချင်း ညီထွေး စိတ်ပြောင်းသွား၏ ။ အမြင်ကို တည်၍ အတွေးလမ်းကြောင်း ပြောင်းသွားခြင်းဖြစ်သည်။ ဤမျှ ကြီးမား ဖွံ့ထွားလွန်းသူသည် လူမှ ဟုတ်ပါမည်လား ဟူသည့် လမ်းစပေါ်သို့ ရောက်လာသည်။ သူ့အခန်းထဲ မည်သို့ ရောက်လာသနည်းဟု တွေးတောစ ပြုပြီ။ ညီထွေး၏ ဆင်ခြင်နိုင်စွမ်းကို သိလို၍ ဒီပ စောင့်ကြည့်နေ၏ ။
လူနှစ်ဦးသည် အခန်းတစ်ခုအတွင်း အသက်မရှိသော အရုပ်များ ချထားသကဲ့သို့ တစ်ဦးက တစ်ဦးကို လေ့လာလျက်၊ ကျန်တစ်ဦးက သူ့အား လေ့လာနေသူကို စောင့်ကြည့်လျက် ရှိနေကြသည်။
အခန်းထဲသို့ အစောင့်များက ပို့လွှတ်သည်၊ ထားသွားသည် ဆိုလျင် ယခုရက်ပိုင်းအတွင်း အလွန်နိုးကြား ထက်မြနေသည့် သူ့အာရုံက သိရမည်။ ယခု အစောင့်များလည်း သိဟန်မရှိ။ မည်သူမှလည်း သတိမထားမိဘဲ မည်သူမျှ မနေဝံ့သော မိမိအခန်းသို့ သော့ပိတ်လျက်သား လူတစ်ဦး ရောက်ရှိ ဝင်ထိုင်နေခြင်းမှာ လူမဟုတ်တန်ရာဟု ယူဆရတော့မည်။
ယင်းအတွေးကို ဒီပကလည်း နှစ်ခြိုက်၏ ။ အဖြစ်မှန် ရောက်သည်အထိ တွေးတောစေလို၏ ။ လက်ျာဘီလူးကလည်း ငြိမ်၍ စဉ်းစားနေလေ၏ ။ ထောင်တွင်းမှ ပရလောကသား တစ်ဦးလား၊ အကြောင်းတစ်ခုခုကြောင့် ရောက်လာသူလား။ ယခုချိန်ထိ အေးအေးလူလူ ထိုင်နေပုံထောက်၍ မတော်တဆ လမ်းကြုံဝင်လာခြင်းတော့ မဟုတ်နိုင်ဟု သူ မြင်သည်။
မူလ ရှိခဲ့သူ၊ ထောင်တွင်းသားဆိုပါက အမျှအတန်း လို၍လော၊ တစ်စုံတစ်ရာ သတိပေးလို၍လော စဉ်းစားရပေမည်။ ထိုသူ၏ ဟန်မှာ အမျှအတန်း လိုချင်သည့်ဟန်လည်း မဟုတ်၊ သတိပေးမည်ဆိုလျင် ယခုချိန်ထိ မလှုပ်သေးခြင်းက ထူးခြား၏ ။ ဧကန္တ ဤနေရာသည် သူ့နေရာ၊ ဤအခန်းသည် သူ့အခန်း ဖြစ်လိမ့်မည်ဟု တွေးရ၏ ။
ဒီပက အသံပြုလာသည်။
"သည်မှာ နေရတာ အဆင်ပြေရဲ့လား"
အသံအက်အက်၊ သြသြ၊ သြဇာပါသည်။ အလောင်းမင်းတရား အသံမျိုး ဖြစ်၏ ။ စကားအရ သူ့အခန်း မဟုတ်ကြောင်း သိသာသွားစေ၏ ။ အခန်းတွင်း ရှိနေခဲ့သူ ဆိုလျင် မိမိ အဆင်ပြေ မပြေ သိနေပေလိမ့်မည်။ သို့ဆိုလျင် မည်သူနည်း။ မိမိအား စောင့်ရှောက်နေသည့် အစောင့်အရှောက်များလား။
"မင်း မဆိုးဘူး။ ဉာဏ်ကောင်းတယ်"
အဆက်စပ်မရှိသည့် စကားစကြောင့် လက်ျာဘီလူး လန့်သွားသည်။ သူ့အတွေးကို သိရှိနိုင်သလား ဟုလည်း သံသယ ဖြစ်လာသည်။ ဒီပက ဟက်ခနဲ တစ်ချက်ရယ်လျက် ထ ရပ်လိုက်၏ ။ ထိုအခါမှ အလွန်မြင့်မားသော အရပ်နှင့် ကြီးစွာသော ခန္ဓာကို သေချာမြင်ရသည်။ လူ့ဘီလူးကြီးပါတကား။
"မကြောက်ပါနဲ့။ မင်းကို ဘာမှ မလုပ်ပါဘူး"
'မကြောက်ပါဘူး။ ဘယ်သူလဲ လို့ပါ"
လက်ျာဘီလူး၏ ပထမဆုံးစကား။ အစ်ကိုကို ပြောလိုက်သည့် ဦးဆုံးသော စကားမှာ မသိစိမ်းကားခြင်း ဖြစ်နေ၍ ဒီပ အနည်းငယ်တော့ အောင့်သက်သက် ဖြစ်သွားရသည်။
"ငါ့နာမည် ဒီပ"
"ကျွန်တော်က လက်ျာဘီလူးပါ"
"ငါသိပါတယ် ညီထွေးရယ်.."
ထိုသူ၏ အပြောက ရင်းနှီးကျွမ်းဝင်လိုဟန် ရှိသည်။ ထို့ကြောင့် သတိထား၍ အလိုက်အထိုက်ပင်
"အစ်ကိုက ကျွန်တော်နဲ့ ဘယ်လို ပတ်သက်လဲ"
မေးတော့လည်း တည့်ပါလား ဟု ဒီပ ပြုံးသွားသည်။ ကြောက်စရာ စူးရဲခက်ထန်သည့် အပြုံးဖြစ်၍ လက်ျာဘီလူး ငေးနေ၏ ။ သို့သော် လူညိုထွားကြီးအား ကြောက်ရွံ့ခြင်း မဖြစ်မိ။
"ငါ့ကို အစ်ကိုတစ်ယောက်လိုပဲ သတ်မှတ်ပါ။ မင်းအတွက် သတိပေးဖို့၊ စောင့်ရှောက်ဖို့ လာတာ"
"ဟုတ်ကဲ့၊ ပြောပါ"
"နံနက် မိုးသောက်ရင် ဒီထောင်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်မယ်။ ကြွက်ကြွက်ဆူမယ်။ ကြိမ်မီးအုံးသလို ဖြစ်လိမ့်မယ်"
"မီးလောင်တာလား"
"မီးလောင်တာ ဆိုရင် တော်သေးတာပေါ့ကွာ။ ပြေးနိုင်ရင် လွတ်သေးတာပေါ့။ ခုဟာက လောင်မီးကျမှာ။ ပြေးလည်း မလွတ်ဘူး။ ကိုယ်ပြုတဲ့ကံ ပြန်ခံကြရမှာ။ ငရဲပွက်သလိုဖြစ်မှာ။ လူတွေ အတိဒုက္ခ ရောက်ကြလိမ့်မယ်။ ငါလည်း နောက်ဆို လာနိုင်မှာ မဟုတ်လို့ မင်းကို တစ်ခါတည်း သတိလာပေးတာ"
လက်ျာဘီလူး သိပ်နားမလည်ချေ။ သို့သော် မည်သို့မျှ ပြန်မပြောဘဲ မှတ်သားထားလိုက်သည်။ လာမယ့်ဘေး ပြေးတွေ့ရုံသာဟု သဘောပိုက်ထားလိုက်၏ ။
"သတိပေးမယ် ဆိုတာက အဲဒီဘေးလား"
"မဟုတ်ဘူး။ မင်းရဲ့ နောက်ဆုံးအချိန် ရောက်ရင် ငါ့ကို တောင့်တလိုက်။ စိတ်ထဲက ပြင်းပြင်းပြပြ သတိရရင်ကို ငါ လာမယ်။ လိုအပ်ရင် ငါ့ကို ရည်မှန်းပြီး နာမည် ခေါ်လိုက်ပါ"
"ကျေးဇူးပါပဲ။ မလိုအပ်လောက်ပါဘူး။ ခင်ဗျားက ကျွန်တော့်ရဲ့ အစောင့်လား"
"ဟုတ်တယ်"
"တခြားသူများရော ရှိသေးလား"
"ဘာဖြစ်လို့လဲ"
"တစ်ယောက်တည်းတော့ မဟုတ်နိုင်ဘူးထင်လို့"
"ဟုတ်တယ်၊ တစ်ယောက်တည်း မဟုတ်ဘူး။ မင်း ဘယ်လို သိလဲ"
"ကျွန်တော် ကြုံဖူးတယ်"
"ငါတို့က လေးယောက်"
ဟု ဆို၍ နာမည်တစ်ခု ခေါ်လိုက်သည်။
"ဘမရ"
လက်ျာဘီလူး လန့်သွားပြန်သည်။ သူ့အနားမှာ နောက်ထပ် လူတစ်ဦး ပေါ်လာသောကြောင့် ဖြစ်သည်။ ဒီပထက်ပင် ကြီးမား ထွားကျိုင်းလှ၍ အခန်းနှင့် မလွတ်သဖြင့် ကိုယ်ကို ငုံ့ကိုင်းထားရ၏ ။ ထိုသူကလည်း သူ့ကို စိုက်ကြည့်နေသည်။
"ဝေလုက၊ ဗျဂ္ဂ"
အခန်းကျဉ်းကလေးသည် လူထွားကြီးများနှင့် ပြည့်သွားသည်။ သူတို့သည် ထောင်အခန်းတိုင်း နံရံတိုင်းကို ဝင်ထွက်၍ ရဟန်တူ၏ ။ ပေါ်လာကြပြီးသည်နှင့် ခဏအကြာ ပြန်ပျောက်သွားကြရာ အခန်းထဲ၌ လက်ျာဘီလူးနှင့် ဒီပသာ ရှိတော့သည်။
"ကြောက်စရာကြီးတွေပါလား"
"မင်း ကြောက်လို့လား"
"မဟုတ်ပါဘူး။ ဒီလောက် အစောင့်ကြီးတွေ ရှိနေတာ မသိခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် မလိုအပ်ပါဘူး။ ကိုယ့်အားကိုယ် ကိုးပါရစေ"
"ကိုးရမှာပေါ့။ ငါလာတာ ဒါနောက်ဆုံးပဲလေ။ ရှေ့လျှောက် မင်း ကိုယ့်အားကိုယ် ကိုးရတော့မှာ။ ဒါပေမယ့် ဒီတစ်ခါတော့ မဟုတ်သေးဘူး"

          ဟု ဆိုလျက် ဒီပက လက်ျာဘီလူးထံ လျှောက်လာပြီး သူ့ကိုယ်ထဲ တိုးဝင် ပျောက်ကွယ်သွားတော့သည်။

  (ဆက်ရန်...)  အစောင့်(ဇာတ်သိမ်း)

 Written by သင်္ခရာဇာ

End date: December 8, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...