Translate

အစောင့် (၂)

သူတို့ ရောက်တော့ ညီထွေးသည် တကောင်း မလည်အရပ်အနီး တောအုပ်ငယ်တစ်ခုအတွင်း ပုန်းအောင်းနေသည်ကို တွေ့ရသည်။ သူတို့ ညီနောင်သုံးဖော်နှင့် ညီထွေးနယ်အား လာစောင့်ရသည့် သုနက တို့သည် တောအုပ်၏ အရပ်လေးမျက်နှာကို ခွဲဖြန့် စောင့်ကြပ်နေလိုက်ကြ၏ ။ ထိုစဉ် ညီထွေး၏ ကြည်လင်သော အသံကို သူတို့အားလုံး ကြားကြရသည်။
''ငါသည် လူမျိုးနှင့် ဘာသာအတွက် အသက်ပေး၍ စောင့်ရှောက်မည်။ ငါ့ဦးတည်ချက် မှန်ခဲ့သော် ယခု လုပ်ကြံမည့်အရေး အောင်မြင်၍ မိစ္ဆာအယူများ ကျဆုံးပါစေ။ သာသနာရောင်ဝါ နေသို့ထွန်းပါစေ"
ဒီပ ကြက်သီးတဖြန်းဖြန်း ထသွားသည်။ ညီတော် ဝေလုက၏
''ကောင်းတယ်.. ကောင်းတယ်.. သိပ်ကောင်းတယ်''
ဆိုသည့် ရေရွတ်သံကြောင့် ကျီးတစ်အုပ် ထပျံသွားကြသည်။ တောအလုံးလည်း ခြောက်ခြား၏ ။ လူသာမန်တို့ မမြင်မတွေ့နိုင်သည်များ ဝရုန်းသုန်းကား ဖြစ်နေကြ၍ ငသုန်မှာ ဟိန်းဟောက်ကာ လိုက်ထိန်းနေရသည်။
ညီထွေးကတော့ လုပ်ချလိုက်ပြီ ဖြစ်သည်။ သူ ပါရမီဖြည့်ရမည့် ဘုန်းကံရှင်က အလွန်အစွမ်းထက်သည့် သစ္စာ မပြုရသေးမီ သူက တစ်သက်လျင် တစ်ကြိမ်သာ သုံးနိုင်သည့် သစ္စာကြီးကို အစဦးမှာပင် အသုံးပြုလိုက်လေပြီ။
သို့သော် ညီထွေး သစ္စာပြုချိန် မှန်သည်ဟု ဒီပ ယူဆသည်။ သူ့အတွက် ဤတစ်ကြိမ်သည် အရေးအပါဆုံး မဟုတ်လား။ ယခု အခက်အခဲမှာ မမျှော်မှန်းနိုင်လောက်အောင် ကြီးမားလွန်းလှသောကြောင့် ဤအရေးကိုသာ မကျော်လွှားနိုင်ပါက ညီထွေး မည်သို့ တာဝန်ထမ်းဆောင်နိုင်ပါမည်နည်း။ စပင် မစရသေးမီ နိဋ္ဌိတံသွားနိုင်သည့် အရေးလည်း ဖြစ်နေသည်။
ဒီပတို့ ကူညီခွင့် ရသည်မှာလည်း ပြောင်ပြောင်တင်းတင်းမဟုတ်။ ညီထွေး တစ်သက်တာတွင် သူတို့က ထိထိရောက်ရောက် တစ်ကြိမ် ကူညီခွင့်ရမည်၊ ပေါ်ပေါ်ထင်ထင် တစ်ခါ စောင့်ရှောက်ခွင့်ရှိသည်။ တစ်ချိန်ချိန်၌ သိသာအောင် သတိပေးခွင့်ကိုမူ ဒီပသာ ရ၏ ။ ယခုအရေးသည် သူတို့ရသည့် အခွင့်အရေးများကိုပါ အသုံးချရမည်ကဲ့သို့ ဖြစ်နေသည်။
ညီထွေးသည် သစ္စာပြု၍ အားရသွားသည်ထင့်၊ တည်ငြိမ်မှု ရသွားပြီး သမာဓိရှိစေရန် တရားထိုင်နေသည်ကို တွေ့ရသည်။ ညရောက်သောအခါ မြစ်ကမ်းသို့ ဆင်းသွားကာ တံငါလှေငယ်တစ်စင်းကို ယူလျက် ထွက်သွားသည်။ မလည်အရပ်သည် သူတို့ စောင့်ရှောက်နေသဖြင့် လှေတက်သံမှတစ်ပါး အခြားအသံ မကြားရလောက်အောင် တိတ်ဆိတ်နေ၏ ။
မလည်ကမ်းပါးထိပ် လွန်သောအခါ ရှေ့တူရူဆီမှ တိုက်လှေကြီးတစ်စင်း စုန်ဆင်းလာသည်ကို တွေ့ရသည်။ လှေပဲ့စင်တွင် လူတစ်ဦးသည် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာ ခန့်ခန့်ညားညား ရပ်နေသည်ကို မြင်သော် ရန်သူကို မြင်လိုက်ရသကဲ့သို့ ဒီပ သွေးများ ဆူဝေသွားသည်။ သို့သော် လျှပ်ပြက်လျင် ညီထွေးကို မြင်မည်စိုး၍ ငြိမ်နေရ၏ ။
ထိုသူသည် ညီထွေးကို တွေ့မြင်လေသည်။ ဂါထာမန္တာန် ရွတ်၍ ပရလောကသားအချို့အား ခေါ်နေသောကြောင့် ဒီပ ခရုသင်းထုတ်၍ မှုတ်ရာ ဒီပ၊ ဝေလုကနှင့် သုနကတို့ ရှိရာသို့ ဘမရ နှင့် ဗျဂ္ဂ ချက်ချင်း ရောက်လာ၏ ။ ပဲ့စင်ပေါ်မှ လူက မလည်ကမ်းပါးထိပ်သို့ လက်ညှိုးညွှန်ရာ ကမ်းပါးထိပ်မှ နတ်စိမ်းအများ မြင်းကိုယ်စီနှင့် ပေါ်လာကြသည်။
ထိုသူများသည် မျက်လုံးနီနီ၊ ရေများ စိုရွှဲလျက် ငစံအား စားတော့ဝါးတော့မတတ် ဝိုင်းကြည့်နေကြသဖြင့် တစ်ဖက်ကမ်းရှိ အမှောင်ရိပ်၌ သူတို့ မြင်းငါးစီး ရပ်နေသည်ကို မမြင်။ ညီထွေးဆီသို့သာ ဇောကပ်လျက် ကမ်းပါးထိပ်မှ ခုန်ဆင်းလာကြသည်။ ညီထွေးကလည်း ထိုသူများကို လှည့်ကြည့်ပြီး လှေကို ကြုံးလှော်နေ၏ ။
သူတို့ နတ်ဘီလူး ငါးဦးက ညီထွေးနှင့် နောက်မှ ရေပြင်ပေါ် ပြေးလိုက်လာသည့် မြင်းအုပ်ကြား ဝင်လိုက်ကြသည်။ ဒီပတို့ကို မြင်၍ နတ်စိမ်းများ ကြောက်လန့်တကြား ရပ်တန့်ကုန်ကြ၏ ။ ခေါင်းဆောင် သူကြီးနတ်အပါအဝင် မည်သူမျှ ရှေ့ဆက်မတိုးဝံ့။ ဒီပက ကြိမ်းလိုက်သည်။
"သယ်.. နင်တို့က ရာရာစစ "
မိုးခြိမ်းသံနှင့်အတူ ဝင်းခနဲ လျှပ်ရောင်များ အောက်ဝယ် မျက်လုံးနီနီ အရိပ်မည်းမည်းများ လွင့်ပါးကုန်သည်။ ဘုန်းတန်ခိုးချင်းမှာ မယှဉ်သာအောင် ကွာခြားနေ၍ တိုက်ရန်မလို။ ဒီပ တစ်ချက်ကြိမ်းရုံနှင့် အားလုံး လွင့်ပျောက်ကုန်ကြ၏ ။ ညီထွေးကတော့ နောက်မလှည့်တမ်း လှော်သွားပြီး တိုက်လှေကြီးပေါ် တစ်ယောက်တည်း တက်တိုက်နေပြီ။
ဗျဂ္ဂက ညီထွေး၏ သတ္တိကို ချီးကျူး၏ ။
"ဒါမှ ငါ့ညီကွ၊ ကြိတ်လိုက်စမ်း စံနက်ကျော်"
သုနကလည်း အံ့သြစွာ ရေရွတ်သည်။
"မဖြစ်နိုင်တာတွေတော့ လုပ်နေပြီ၊ ဒုက္ခပဲ"
တစ်ဦးက ပြန်ပြော၏ ။
"အဲဒါ ငါ့ညီရဲ့ ထုံးစံပဲ ငသုန်ရဲ့။ မင်း ကြည့်နေ၊ မဖြစ်နိုင်ဘူး ဆိုတာတွေကိုချည်း ခေါင်းအေးအေးနဲ့ လုပ်ပြသွားလိမ့်မယ်"
ဒီပကတော့ ညီမောင်၏ ဉာဏ်သွက်လက်မှုကို အံ့အားသင့်နေသည်။ မည်သို့မျှ ဘုန်းချင်း မယှဉ်နိုင်သည့် သူအား ဘုရားတရားနှင့် လောကပါလတရား၊ သစ္စာတရားတို့ အားကိုးဖြင့် တန်းညှိလိုက်ကာ ရန်သူကို ညံ့သွားအောင် စီရင်ခဲ့ပြီးမှ ယခု လက်ရုံးချင်းတွင် တစ်ယောက်ချင်း မနိုင်နိုင်သော်လည်း အများနှင့်တစ်ယောက် တက်တိုက်ကာ ဉာဏ်ကို လွှာသုံးလျက် သူအသာရမည့် ရေထဲ ဆွဲချသွားပုံကို လက်ဖျားခါနေရ၏ ။
ထို့ကြောင့်ပဲ ခမည်းတော်က သူ့အား ယုံကြည်စွာ လွှတ်ခဲ့ခြင်း ဖြစ်မည်။ အခက်အခဲ အကြပ်အတည်းကြားတွင်ပင် အားနည်းချက်၊ အားသာချက်များကို ချက်ချင်း ရှာဖွေမြင်တွေ့နိုင်စွမ်းသူသည် မည်သည့် လောကဓံ တိုက်ပွဲကိုမဆို အောင်နိုင်လိမ့်မည် မဟုတ်ပါလား။ သူတို့သည် ညီထွေးအား ယုံကြည်စွာဖြင့် ကြည့်နေလိုက်ကြသည်။
မကြာမီ ညီထွေး ရေထဲမှ ပြန်တက်လာသည်။ သူ့ဘဝ၏ အကြီးမားဆုံးသော ရန်သူတော်၊ ကနဦး စမ်းသပ်ချက်ကြီးကိုတော့ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပေပြီ။ ဒီပတို့မှာ အားရလှ၍ လက်ခမောင်းပင် ခတ်မိသေးသည်။ မောပန်းနေသည့် ကြားမှ အသက်လုရှူရင်း အော်ဟစ်လိုက်သည့် ညီထွေး၏ အသံက မြစ်ပြင်ပြည့် လွှမ်းမိုးသွား၏ ။
"ဟေး... စည်းဖောက်ရင် အသက်ပျောက်တတ်တယ် ဆိုတာ မင်းတို့တွေ ကြည့်ထားကြ"
သူတို့၏ ဘီလူးစကားကို ညီထွေးက မှတ်မှတ်ရရ ကြုံးဝါးလျက် သူ တွန်းလှန်ရမည့် မွန်များကို ပထမဦးဆုံး စိန်ခေါ်လိုက်ခြင်းပေတည်း။

 (ဆက်ရန်...)  အစောင့် (၃)

 Written by သင်္ခရာဇာ

End date: December 1, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...